ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း (အပိုင်း နှစ်)
ဖောက်ပြန်ပျက်စီးသောလူသည် အဆင့်အတန်း လိုက်စားရသည်ကို နှစ်သက်ပြီး ယင်း၏အကျိုးကျေးဇူးများကို ပျော်မွေ့သည်။ သင်သည် လက်ရှိတွင် အဆင့်အတန်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤအရာသည် မည်သူအတွက်မဆို မှန်ကန်လေသည်။ အဆင့်အတန်းကို စွန့်လွှတ်ရန်နှင့် ယင်း၏ စုံစမ်းသွေးဆောင်မှုများကို ဖယ်ရှားရန် အလွန်တရာ ခက်ခဲသည်။ ဤအရာသည် လူသား၏ဘက်မှ များစွာသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းနှင့် ပြဿနာများ၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခြင်းတို့ ဖြစ်သည်။ ဤအရာများအားဖြင့် လူတစ်ဦးသည် အဆင့်အတန်း၏ စုံစမ်းသွေးဆောင်မှုကို ကျော်လွှားရန် ယုံကြည်ခြင်းရှိလိမ့်မည်။ ထို့အပြင် သင်သည် စုံစမ်းသွေးဆောင်မှုမှ လွတ်မြောက်ဖို့ အားထုတ်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်ရန် ထိရောက်သော နည်းလမ်းများကို သင်စဉ်းစားရမည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများရှိရမည်။ ဤအရာသည် သင့်ကို မှန်ကန်သောလမ်းကြောင်းပေါ်တွင် ထိန်းသိမ်းထားမည်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများမရှိလျှင် သင်သည် စုံစမ်းသွေးဆောင်မှုထဲသို့ မကြာခဏ ကျရောက်လိမ့်မည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်ချင်သော်လည်း မည်မျှကြိုးစားပါစေ၊ သင်၏ ကြိုးစားအားထုတ်မှုများသည် အဆုံးတွင် များစွာ အောင်မြင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သင်တို့ မကြာခဏ ကြုံတွေ့ရသည့် စုံစမ်းသွေးဆောင်မှုများမှာ အဘယ်နည်း။ (ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရာ၌ အောင်မြင်မှုအနည်းငယ် ရရှိပြီး ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားမှုကို ခံရသောအခါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ဤခံစားချက်ကို လွန်စွာ ပျော်မွေ့တတ်သည်။ တစ်ခါတလေ ယင်းကို သတိမထားမိပေ။ တစ်ခါတလေ ဤအခြေအနေကို မှားမှန်းသိသော်လည်း ယင်းကို မပုန်ကန်နိုင်သေးပေ။) ယင်းက စုံစမ်းသွေးဆောင်မှုပင် ဖြစ်၏။ အခြားမည်သူ ပြောဦးမည်နည်း။ (ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ညီအစ်ကိုမောင်နှမများက တစ်ခါတလေ ကျွန်ုပ်ကို အထူးအရေးတယူ ဆက်ဆံကြသည်။) ယင်းသည်လည်း စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်သည်။ သင်ကြုံတွေ့ရသော စုံစမ်းသွေးဆောင်မှုများကို သတိမပြုမိဘဲ ညံ့ဖျင်းစွာ ကိုင်တွယ်ဖြေရှင်းပြီး မှန်ကန်သောရွေးချယ်မှုများ မပြုလုပ်နိုင်ပါက ဤစုံစမ်းသွေးဆောင်မှုများသည် သင့်အား ပူဆွေးမှုနှင့် ဒုက္ခဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှမများ၏ အထူးအရေးတယူဆက်ဆံမှု၌ သင့်အားကျွေးမွေးခြင်း၊ ဝတ်စားဆင်ယင်ပေးခြင်း၊ နေရာထိုင်ခင်း ပြင်ဆင်ပေးခြင်းနှင့် သင်၏ နေ့စဉ်လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းစသည့် အရာဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်များ ပါဝင်သည်ဟု ဆိုပါစို့။ သင် ပျော်မွေ့ခံစားသောအရာသည် သင့်အား ၎င်းတို့ပေးသောအရာထက် ပိုကောင်းပါက သင်သည် ယင်းကို အထင်သေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏လက်ဆောင်များကို ငြင်းပယ်နိုင်သည်။ သို့သော် သင်သည် သူဌေးတစ်ဦးနှင့်တွေ့ပြီး သူမဝတ်ဆင်ဟုဆိုလျက် သင့်အား အကောင်းစားဝတ်စုံများ ပေးခဲ့ပါက ထိုသို့သော စုံစမ်းသွေးဆောင်မှုကို ရင်ဆိုင်ရာတွင် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ သင့်ကိုယ်သင် “သူသည် ချမ်းသာပြီး ဤအဝတ်အစားများက သူ့အတွက် ဘာမျှမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ယင်းတို့ကို မဝတ်ပေ။ သူကျွန်ုပ်ကိုမပေးလျှင် တစ်နေရာရာတွင် သိမ်းထားလိုက်မည်။ ထို့ကြောင့် ကျွန်ုပ် ယင်းတို့ကို ယူထားလိုက်မည်” ဟုဆိုလျက် အခြေအနေအပေါ် သင် တွေးတောဆင်ခြင်မိလိမ့်မည်။ ထိုဆုံးဖြတ်ချက်ကို သင် မည်သို့ထင်မြင်သနည်း။ (၎င်းက အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေပြီဖြစ်သည်။) ဤအရာသည် အဘယ်ကြောင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားခြင်း ဖြစ်ရသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းမွန်သောအရာများကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။) ယင်းမှာ သင့်အားပေးထားသည့် ကောင်းမွန်သောအရာများကို လက်ခံခြင်းသည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေခြင်းသာ ဖြစ်သလော။ အကယ်၍ သင့်အား သာမန်အရာတစ်ခုကို ပေးထားသော်လည်း ယင်းသည် သင်လိုအပ်သည့် အရာသာဖြစ်သောကြောင့် ယင်းကို သင်လက်ခံပါက ဤအရာကိုလည်း အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခြင်းဟု မှတ်ယူ၍ရသလော။ (မှန်ပါသည်။ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးဖို့ အခြားသူတို့ထံမှ အရာများကို လက်ခံသည့်အခါတိုင်း ထိုသို့မှတ်ယူ၍ရပါသည်။) သင်တို့ ဤအရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိပုံရသည်။ ဤအကြောင်းကို သင်စဉ်းစားဖူးသလော။ သင်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သကဲ့သို့ အဆင့်အတန်းမရှိပါက သူသည် ဤလက်ဆောင်ကို ပေးဦးမည်လော။ (ပေးမည်မဟုတ်။) သူသေချာပေါက် ပေးမည်မဟုတ်ချေ။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့်သာ သင့်အား ဤလက်ဆောင်ကို ပေးအပ်ခြင်းဖြစ်သည်။ ထိုအရာ၏ သဘာဝသည် ပြောင်းလဲသွားသည်။ ဤသည်မှာ ပုံမှန် ပေးကမ်းစွန့်ကြဲမှု မဟုတ်၊ ဤတွင် ပြဿနာရှိသည်။ အကယ်၍ သင်သည် သူ့ကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မဟုတ်ခဲ့ဘဲ ရိုးရိုးသာမန် ညီအစ်ကိုမောင်နှမတစ်ဦး ဖြစ်ပါက သင်သည် ကျွန်ုပ်အား ထိုသို့ လက်ဆောင်ပေးမည်လော။ ဤပစ္စည်းကို ညီအစ်ကိုမောင်နှမတစ်ဦး လိုအပ်ခဲ့လျှင် သူတို့ကို သင် ပေးမည်လော” ဟုမေးလျှင် သူက “ကျွန်ုပ် မပေးနိုင်ပါ။ ကျွန်ုပ်သည် မည်သူ့ကိုမျှ လက်ဆောင်များ သာမန်ကာလျှံကာ မပေးနိုင်ပါ။ သင်သည် ကျွန်ုပ်၏ခေါင်းဆောင်ဖြစ်သောကြောင့် သင့်ကို ပေးခြင်းဖြစ်သည်။ အကယ်၍ သင့်ထံတွင် ဤအထူးတလည် အဆင့်အတန်း မရှိခဲ့လျှင် အဘယ်ကြောင့် ထိုသို့သော လက်ဆောင်မျိုးကို ကျွန်ုပ်ပေးရမည်နည်း” ဟု ပြောမည်ဖြစ်သည်။ အခြေအနေကို သင် မည်သို့ နားမလည်ခဲ့သည်ကို ယခုကြည့်လော့။ ထိုဝတ်စုံအကောင်းစားကို သူအသုံးမလိုဟု ပြောသည့်အခါ သင်က သူ့ကိုယုံခဲ့သော်လည်း သင့်ကို လှည့်စားနေခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ လက်ဆောင်ကို သင့်အား လက်ခံစေရန်ဖြစ်ပြီး သို့ဖြစ်၍ နောင်တွင် သင်သည် သူ့အပေါ် ကောင်းပြီး အထူးအရေးတယူ ဆက်ဆံမှုကို ပေးစေရန် ဖြစ်သည်။ ဤသည်မှာ သူ့လက်ဆောင်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ဖြစ်သည်။ အမှန်တွင် သင်သည် အဆင့်အတန်းမရှိလျှင် သူက ထိုသို့သောလက်ဆောင်မျိုးကို မည်သည့်အခါမျှ ပေးမည်မဟုတ်သည်ကို သင်၏စိတ်နှလုံးထဲ၌ သိသော်လည်း ယင်းကို သင် လက်ခံဆဲဖြစ်သည်။ သင့်နှုတ်ဖြင့် “ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ဘုရားသခင်ထံမှ ဤလက်ဆောင်ကို ကျွန်ုပ် ခံယူခဲ့ပြီ၊ ၎င်းသည် ကျွန်ုပ်အတွက် ဘုရားသခင်၏ စေတနာ ဖြစ်သည်” ဟု သင်ပြောလေသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရုံသာမက ယင်းတို့နှင့် သင် ထိုက်တန်သည့်အလား ဘုရားသခင် ရွေးချယ်ထားသော လူများ၏ ဥစ္စာပစ္စည်းများကိုလည်း မွေ့လျော်ပေသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ လူသည် အသိတရားမရှိ အရှက် လုံးလုံးကင်းမဲ့လျှင် ယင်းက ပြဿနာဖြစ်သည်။ ဤသည်မှာ အပြုအမူနှင့်ဆိုင်သော ကိစ္စသာ ဖြစ်သလော။ အခြားသူများထံမှ ပစ္စည်းများကို လက်ခံခြင်းသက်သက်က မှားပြီး ငြင်းဆိုခြင်းသက်သက်က မှန်ကန်သလော။ ထိုအခြေအနေမျိုး သင်တို့ကြုံသည့်အခါ ဘာလုပ်သင့်သနည်း။ ၎င်းတို့ပြုလုပ်သည့်အရာသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို ဤလက်ဆောင်ပေးသူကို သင်မေးရပါမည်။ “ဘုရားနှုတ်ကပတ်တော် သို့မဟုတ် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှ လမ်းညွှန်ချက်ကို ရှာဖွေပြီး သင်လုပ်ဆောင်နေသည့်အရာသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိ ကြည့်ရှုကြစို့။ မကိုက်ညီပါက ထိုလက်ဆောင်မျိုးကို ကျွန်ုပ်လက်မခံနိုင်” ဟု ၎င်းတို့အား ပြောလော့။ ထိုမှီငြမ်းစရာများက ၎င်းတို့၏ လုပ်ဆောင်ချက်မူများသည် စည်းမျဉ်းများကို ချိုးဖောက်ကြောင်း ပေးသောသူကို အသိပေးသော်လည်း သင့်အား လက်ဆောင်ကို ပေးလိုစိတ် ရှိသေးပါက သင်ဘာလုပ်သင့်သနည်း။ သင်သည် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။ သာမန်လူတို့က ယင်းကို မကျော်လွှားနိုင်ကြပေ။ သူတို့သည် အခြားသူများက သူတို့ကို ပို၍ ပေးကမ်းစွန့်ကြဲရန် စိတ်အားထက်သန်စွာ တောင့်တကြပြီး အထူးအရေးတယူ ဆက်ဆံမှုကို ပို၍ခံစားလိုကြသည်။ သင်သည် မှန်ကန်သောလူစားမျိုးဖြစ်ပါက ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းသင့်ကာ “အို ဘုရားသခင်၊ ယနေ့ ကျွန်ုပ် ကြုံတွေ့နေရသောအရာသည် အမှန်ပင် ကိုယ်တော်၏ ကောင်းမွန်သော အလိုတော်၏ နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။ ယင်းသည် ကိုယ်တော် ကျွန်ုပ်အတွက် ချမှတ်ထားသော သင်ခန်းစာတစ်ခုဖြစ်သည်။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန် ဆန္ဒရှိပါ၏” ဟု ပြောလော့။ အဆင့်အတန်းရှိသူများ ရင်ဆိုင်ရသော စုံစမ်းသွေးဆောင်မှုများသည် ကြီးမားလွန်းပြီး စုံစမ်းသွေးဆောင်မှုတစ်ခု ရောက်လာသည်နှင့် ကျော်လွှားရန်မှာ အမှန်ပင် ခက်ခဲသည်။ သင်သည် ဘုရားသခင်၏ အကာအကွယ်နှင့် အကူအညီ လိုအပ်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်၊ ပြီးလျှင် သမ္မာတရားကိုလည်း ရှာဖွေပြီး သင့်ကိုယ်သင် မကြာခဏ ပြန်လည်သုံးသပ်ရမည်။ ဤနည်းအားဖြင့် သင်သည် တည်ငြိမ်ကာ ငြိမ်းချမ်းမှုကို ခံစားရလိမ့်မည်။ သို့သော် သင်သည် ဆုတောင်းဖို့အတွက်ကို ထိုကဲ့သို့သော လက်ဆောင်များ ရရှိသည့်တိုင်အောင် စောင့်မျှော်နေပါက ထိုကဲ့သို့ တည်ငြိမ်ကာ ငြိမ်းချမ်းခြင်းကို သင် ခံစားရဦးမည်လော။ (မခံစားရတော့ပေ။) သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ထင်မည်နည်း။ သင်၏လုပ်ရပ်များအားဖြင့် ဘုရားသခင်က စိတ်ကျေနပ်စေမည်လော သို့မဟုတ် ယင်းတို့ကို အလွန်မုန်းတီးမည်လော။ သင်၏လုပ်ရပ်များကို သူ အလွန်မုန်းတီးလိမ့်မည်။ တစ်စုံတစ်ခုကို လက်ခံခြင်း ရှိမရှိဟူသည့်အရာက တကယ့်ပြဿနာလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ပြဿနာက အဘယ်မှာနည်း။ ပြဿနာသည် ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် သင်လက်ခံကျင့်သုံးသော ခံယူချက်များနှင့် သဘောထားတွင် တည်ရှိသည်။ သင်ကိုယ်တိုင် ဆုံးဖြတ်သလော သို့မဟုတ် သမ္မာတရားကို ရှာဖွေသလော။ သင့်တွင် အသိတရားစံနှုန်းတစ်ခုခု ရှိသလော။ သင့်ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိပါ၏လော။ ထိုအခြေအနေနှင့် ကြုံတွေ့ရတိုင်း ဘုရားသခင်ထံ သင်ဆုတောင်းသလော။ သင်သည် သင့်ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဦးစွာရှာဖွေသလော သို့မဟုတ် သင်သည် ဦးစွာဆုတောင်းပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေသလော။ ဤကိစ္စ၌ သင်သည် ထုတ်ဖော်ခြင်းကို ခံရလေ၏။ ထိုအခြေအနေမျိုးကို မည်သို့ကိုင်တွယ်သင့်သနည်း။ သင်သည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ရှိရမည်။ ပထမဦးစွာ အပြင်ပန်းတွင် သင်သည် ဤအထူးပစ္စည်းဥစ္စာ အဖိုးအခများကို၊ ဤသွေးဆောင်မှုများကို ငြင်းပယ်ရမည်။ သင် အထူးသဖြင့် လိုအင်ဆန္ဒရှိသောအရာ သို့မဟုတ် သင်လိုအပ်သောအရာကို အတိအကျ ကမ်းလှမ်းခံရသောအခါ၌ပင် သင်သည် ထိုသို့ပင် ငြင်းပယ်ရမည်။ ဥစ္စာပစ္စည်းများဟူသည်မှာ အဘယ်နည်း။ အစားအသောက်၊ အဝတ်အထည်၊ အမိုးအကာနှင့် နေ့စဉ်သုံးပစ္စည်းများ အားလုံးပါဝင်သည်။ ဤအထူးပစ္စည်းဥစ္စာ အဖိုးအခများကို ငြင်းဆိုရပါမည်။ အဘယ်ကြောင့် ယင်းတို့ကို သင် ငြင်းဆိုရမည်နည်း။ ထိုသို့ပြုခြင်းသည် သင့်ပြုမူပုံနှင့်ဆိုင်သော ကိစ္စသာလျှင် ဟုတ်သလော။ မဟုတ်ချေ၊ သင်၏ ပူးပေါင်းဆောင်ရွက်သော သဘောထားကိစ္စ ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင်ကို ကျေနပ်စေကာ စုံစမ်းသွေးဆောင်မှုကို ရှောင်ကြဉ်လိုပါက ဤပူးပေါင်းဆောင်ရွက်သော သဘောထား ဦးစွာထားရပါမည်။ ဤသဘောထားဖြင့် သင်သည် စုံစမ်းသွေးဆောင်မှုကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး သင်၏ အသိစိတ်သည် ငြိမ်သက်နေမည်ဖြစ်သည်။ သင်အလိုရှိသောအရာကို ပေးကမ်းခြင်းခံရပြီး သင်လက်ခံပါက သင့်စိတ်နှလုံးသည် လိပ်ပြာမလုံခြင်းကို အတိုင်းအတာတစ်ခုအထိ ခံစားရလိမ့်မည်။ သို့ရာတွင် သင်၏ အကြောင်းပြချက်များနှင့် မိမိကိုယ်ကို မှန်ကန်ကြောင်းပြခြင်းတို့ကြောင့် သင့်ကို ဤအရာအား ပေးအပ်သင့်ကြောင်း၊ ၎င်းသည် သင်နှင့်ထိုက်တန်ကြောင်း သင်ပြောလိမ့်မည်။ ထို့နောက် သင်၏ အပြစ်ရှိသည်ဟုခံစားရမှုများသည် အလွန်တိကျခြင်း သို့မဟုတ် အလွန်ထင်ရှားခြင်း ရှိလိမ့်မည်မဟုတ်။ တစ်ခါတစ်ရံတွင် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အတွေးများနှင့်အမြင်များက သင်၏ အသိစိတ်ကို ယိမ်းယိုင်အောင် လုပ်ကောင်းလုပ်နိုင်သည်။ ဤသို့ဖြင့် အပြစ်ရှိသည်ဟုခံစားရမှုများသည် သိသာထင်ရှားခြင်း မရှိဖြစ်ပေသည်။ ထို့ကြောင့် သင်၏အသိစိတ်သည် ယုံကြည်စိတ်ချရသော စံနှုန်းတစ်ခုလော။ မဟုတ်ချေ။ ဤသည်မှာ လူတို့ကို သတိပေးတတ်သော အချက်ပေး ခေါင်းလောင်းဖြစ်သည်။ ယင်းက မည်သို့သော သတိပေးချက်မျိုး ပေးသနည်း။ အသိစိတ်တစ်ခုတည်း၏ ခံစားချက်များကိုသာ အားကိုးခြင်း၌ လုံခြုံမှုမရှိ၊ သမ္မာတရား စည်းမျဉ်းများကိုလည်း ရှာဖွေရမည်။ ယင်းက စိတ်ချရသောအရာဖြစ်သည်။ ယင်းတို့အား ချုပ်တည်းရန် သမ္မာတရား မရှိလျှင် လူတို့သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများအတွက် သူတို့၏ လောဘကို ကျေနပ်စေမည့် အမျိုးစုံသော အကြောင်းပြချက်များနှင့် ဆင်ခြေများပေးလျက် စုံစမ်းသွေးဆောင်မှုသို့ ကျရောက်နိုင်သေးသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ဤစည်းမျဉ်းတစ်ခုကို စိတ်နှလုံးထဲတွင် လိုက်နာသင့်သည်။ ကျွန်ုပ်သည် အမြဲတမ်းငြင်းဆို၊ အမြဲရှောင်ကြဉ်ပြီး မည်သည့်အထူးအရေးတယူ ဆက်ဆံမှုမျိုးကိုမဆို လုံးဝငြင်းပယ်မည် ဟူ၍ဖြစ်သည်။ အကြွင်းမဲ့ငြင်းဆိုခြင်းသည် မကောင်းမှုကို ရှောင်ကြဉ်ရန် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အကယ်၍ သင်သည် မကောင်းမှုကို ရှောင်ကြဉ်ရန် မရှိမဖြစ် လိုအပ်ချက်ကို ပိုင်ဆိုင်ပါက သင်သည် ဘုရားသခင်၏ အကာအကွယ်အောက်တွင် အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သည်။ အကယ်၍ သင့်တွင် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများရှိပြီး လိုက်နာပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးသားဖြစ်သည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်နေပြီဖြစ်သည်။ သင်သည် မှန်ကန်သောလမ်းကို လျှောက်လှမ်းနေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးဖြစ်သောအခါ သင်၏အသိတရားအား စမ်းသပ်မှု လိုအပ်နေသေးသလော။ စည်းမျဉ်းများနှင့်အညီ ပြုမူနေထိုင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသိတရားစံနှုန်းများထက် ပို၍မြင့်မားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ပူးပေါင်းလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လျှင် ဘုရားသခင်အား ကျေနပ်စေပြီဖြစ်သည်။ ဤသည်မှာ လူသားများအား ဘုရားသခင် တောင်းဆိုသည့် စံနှုန်းဖြစ်သည်။
ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ တစ်စုံတစ်ဦး၏စွမ်းရည်သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကြီးမားသော အတိုင်းအတာတစ်ခုအထိ မူတည်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ပင် အရေးကြီးသည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ သူပိုင်ဆိုင်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့် လက်တွေ့ကျမှုဖြင့် မည်သည့်စုံစမ်းသွေးဆောင်မှုထဲသို့မျှ ကျရောက်မည်ကို မကြောက်ခဲ့ဘဲ ရှိရမည်။ သူသည် စားတော်ပွဲ၏ စားပွဲတစ်ခုတွင် ထိုင်နေပါက စကားလုံး သို့မဟုတ် လုပ်ရပ်တစ်ခုခုအားဖြင့် ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိခဲ့မည်မဟုတ်ပေ။ သို့ဆိုလျှင် ထိုစားတော်ပွဲမျိုး တက်ဖို့ သူ အဘယ့်ကြောင့် ငြင်းဆိုခဲ့သေးသနည်း။ (ယင်းတို့ကို သူမကြိုက်ပါ။) ထိုပွဲမျိုးကို သူ မနှစ်သက်ခဲ့ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်တစ်ခုဖြစ်သည်၊ သို့သော် သင်တို့ မစဉ်းစားထားနိုင်လောက်သည့် လက်တွေ့ကျသော ပြဿနာတစ်ခုလည်း ရှိသည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်။ သူသည် အပြစ်ကျူးလွန်ခြင်း သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်းမှ သတိထားရှောင်လျက် ဘုရားသခင်၏ ကာကွယ်ခြင်းကို ရရှိစေရန် အရေးတယူဆောင်ရွက်ပြီး လက်တွေ့လုပ်ဆောင်မှုကို ကျင့်သုံးခဲ့သည်။ သူသည် လူ၏ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ကျင့်သုံးခဲ့သည်။ ဤသည်မှာ အကြောင်းအရာ၏ တစ်ဖက်ခြမ်းသာ ဖြစ်သည်။ ထို့အပြင် လူသည် သူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ကိုယ်တိုင်မထိန်းချုပ်နိုင်သည့် အခြေအနေအချို့ ရှိသောကြောင့် ယောဘသည် စုံစမ်းသွေးဆောင်ခံရမည့် ပွဲများကို မတက်ရောက်ပေ။ သူသည် ဤနည်းဖြင့် စုံစမ်းသွေးဆောင်မှုကို ရှောင်ရှားခဲ့သည်။ ယောဘက အဘယ့်ကြောင့် ထိုသို့သောစားတော်ပွဲများသို့ မတက်ရောက်သည်ကို ယခု သင်တို့နားလည်သလော။ ယင်းမှာ ထိုပွဲမျိုးသည် လူတိုင်းအတွက် စုံစမ်းသွေးဆောင်မှု ကြီးမားလွန်းမည်ဖြစ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် စုံစမ်းသွေးဆောင်ခြင်း ကြီးမားလွန်းသောအခါ ဘာကိုဆိုလိုသနည်း။ လူများသည် မည်သည့်အချိန်၌မဆို အပြစ်ကျူးလွန်နိုင်ပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားနိုင်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်၏ စိတ်နှလုံး၊ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းနှင့် သင်၏ဆုံးဖြတ်ချက်တို့တစ်ခုတည်းက သင့်အား စုံစမ်းသွေးဆောင်မှုမှ လွတ်မြောက်ဖို့ အားထုတ်ရန် အခွင့်ပေးဖို့ မလုံလောက်ပေ။ စုံစမ်းသွေးဆောင်ခံရသောအခါ ဘုရားသခင်အား ပုန်ကန်ပြစ်မှားခြင်းမှ သင့်ကို မတားဆီးနိုင်ပေ။ သင်နားလည်သလော။ သင်သည် သင့်အား အခြားသူများပေးသော အထူးအရေးတယူ ဆက်ဆံမှုကို လုံးဝငြင်းဆိုရပါမည်။ အချိန်တိုင်း သင် ငြင်းရမည်။ ဤအရာက အမှုအရာများကို မည်သို့လုပ်ဆောင်ပုံမျိုးဖြစ်သနည်း။ ထိုသို့သော စည်းမျဉ်းများနှင့် စည်းမျဉ်းစည်းကမ်းများသည် လူ၏ပြဿနာများကို မည်သည့်နယ်ပယ်တွင် ညွှန်ကြားသနည်း။ (ယင်းတို့သည် လူ၏ လောဘကြီးသော သဘာဝကို ပစ်မှတ်ထားသည်။) လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် စုံစမ်းသွေးဆောင်ခြင်းသို့ ကျရောက်လွယ်တတ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မရှိစေရန် ထိုသို့သော စုံစမ်းသွေးဆောင်မှုများကို ရှောင်ရှားရန် အချို့သော စည်းမျဉ်းများ သို့မဟုတ် နည်းလမ်းများကို ကျင့်သုံးရပါမည်။ ဤသည်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အားကောင်းပြီး ထိရောက်သော နည်းလမ်းတစ်ခုဖြစ်၏။ အကယ်၍ သင်သည် ဤကဲ့သို့လုပ်ဆောင်ရန် ပျက်ကွက်ပါက အခြေအနေကို အကဲဖြတ်ကာ အထူးအရေးတယူ ဆက်ဆံမှုကို တစ်ခါတစ်ရံ လက်ခံပြီး အခြားအချိန်များတွင် ယင်းကို ငြင်းပယ်ပါက သင်သည် ထိုကိစ္စကို ကောင်းစွာ နားလည်သဘောပေါက်၏လော။ (သဘောမပေါက်ချေ။) သင်၏ သဘောပေါက်မှုသည် အဘယ်ကြောင့် ညံ့ဖျင်းရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူသည် စာတန်ဆန်သော သဘာဝရှိပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။) ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသောသူများသည် ထိုသို့သော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ စည်းမျဉ်းများမရှိပေ။ ထိုသူတို့သည် အရာအားလုံးကို လက်ခံပြီး မည်သည့်အရာကိုမျှ မငြင်းဆန်ပေ။ တစ်စုံတစ်ယောက်က ယင်းမှာ ပူဇော်သက္ကာဖြစ်သည်၊ ဘုရားသခင်ထံ ဆက်ကပ်ထားသော အရာဖြစ်သည်ဟု ပြောလျှင်ပင် သူတို့သည် မကြောက်ရွံ့ပေ။ ထိုအရာကို မိမိအိတ်ကပ်ထဲ၌ပင် ထည့်လိုက်ကြသည်။ မိမိကိုယ်ကို အပြစ်တင်ခြင်းပင် စိုးစဉ်းမျှမရှိဘဲ ၎င်းတို့သည် ထိုပူဇော်သက္ကာမျိုးကို လုယက်ပြီး သိမ်းယူဝံ့ကြသည်။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးလုံးလျားလျား မရှိကြောင်း ထင်ရှားပြီး ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ဖြစ်တတ်သည့် သဘောအတိုင်း သဘာဝအလျောက် ကျဆင်းသွားကြလေသည်။ ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်သူများပင် ဟုတ်သလော။ ဤသည်မှာ နှစ်သိမ့်မှုနှင့် သက်သောင့်သက်သာရှိမှုကို ရှာဖွေခြင်းအပြင် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားခြင်း၏ အကျိုးဆက်ဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်မှုထဲသို့ မကြာခဏ ကျရောက်ပြီး ယင်းကို မရှောင်ကြဉ်ပါက သင်သည် ဤလမ်းကြောင်းကို မလွဲမသွေ မသိမသာဖြင့် ဦးတည်သွားလိမ့်မည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မှားယွင်းသော လမ်းကြောင်းကို လျှောက်လှမ်းစေသည်။ ဤပြဿနာကို မဖြေရှင်းဘဲ အရာရာ အဆင်ပြေနိုင်မည်လော။ ထို့ကြောင့် သင်ကြုံတွေ့ရသော ပြဿနာများ မည်သို့ပင်ရှိစေကာမူ အထူးပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အထူးနည်းလမ်းများကို ကျင့်သုံးလျက် သမ္မာတရားစည်းမျဉ်းများကို လိုက်နာသင့်သည်။ စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း လိုက်နာခြင်းသည် နည်းလမ်းမဟုတ်ပေ။ သင့်အား စုံစမ်းသွေးဆောင်မှုအပေါ် အောင်မြင်မှုရရှိခွင့်ပေးသော မည်သည့်နည်းလမ်းမဆိုသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ စုံစမ်းသွေးဆောင်မှုများကို ကျော်လွှားရန် ပိုမိုလွယ်ကူသည်။ သင့်တွင် စားစရာ၊ ဝတ်စရာအဝတ်အထည်နှင့် ကျေနပ်ရောင့်ရဲတတ်သော နှလုံးသားရှိသရွေ့ သင်လုပ်ဆောင်နိုင်သည်။ ထိုအခါ ထိုသို့သော စုံစမ်းသွေးဆောင်မှုများသည် အလွယ်တကူ နှိမ်နှင်းခြင်းခံရသည်။ မည်သို့ပင်ဆိုစေကာမူ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ စုံစမ်းသွေးဆောင်မှုများကို ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သည်။ ဥပမာအားဖြင့် လူနှစ်ယောက် အတူတကွ အလုပ်လုပ်သောအခါ အခြားသူတစ်ဦး၏ အဆင့်အတန်းသည် သင့်ထက်ပိုနိမ့်ပါက၊ သင့်အဆင့်အတန်းသည် သူ့ထက်သာလွန်နေပါက သင်ဝမ်းမြောက်လိမ့်မည်။ သို့သော် သင်၏အဆင့်အတန်းက သူ့ထက်နိမ့်နေလျှင် သင်စိတ်ချမ်းသာမည်မဟုတ်ချေ။ သင့်စိတ်နှလုံးက အောင့်သက်သက်ဖြစ်မည်၊ ဘောင်ခတ်ခြင်းခံရမည်၊ အပျက်သဘောဆောင်ပြီး အားနည်းနေမည်ဖြစ်ကာ သင်ဆုတောင်းမည် မဟုတ်။ ဤပြဿနာကို ဖြေရှင်းရန် လွယ်ကူသလော။ ယင်းက လွယ်ကူသောဖြေရှင်းချက်မရှိပေ။ လူတို့သည် ပစ္စည်းဥစ္စာဆိုင်ရာ သွေးဆောင်မှုများကို ငြင်းပယ်ကာ ရှောင်ကြဉ်နိုင်ပြီး ယင်းတို့၏ ညစ်ညမ်းမှုကို ရှောင်ရှားနိုင်သော်လည်း အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ပကာသနနှင့် ဂုဏ်သတင်းတို့မှာမူ ကျော်လွှားရသည်မှာ အခက်ခဲဆုံးဖြစ်သည်။ ယင်းက မလွယ်ကူသော်လည်း အမှန်တွင် ဖြေရှင်းချက်တစ်ခုရှိသည်။ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ကာ ဘုရားသခင်ထံ ဆုတောင်းပြီး ယင်းတို့၏အနှစ်သာရအထိ ထိုးထွင်းသိမြင်ရန် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့၏ အနှစ်သာရမဲ့ခြင်းကို ရိပ်စားမိသရွေ့ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို စွန့်ပစ်ရန်အတွက် ယုံကြည်စိတ်ချမှု ရှိလိမ့်မည်။ သို့ဖြစ်၍ သင်သည် ယင်းတို့၏ စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်မည်မဟုတ်ပေ။ လူသားများတွင် ဖောက်ပြန်ပျက်စီးသော သဘာဝရှိပြီး ယင်းက သူတို့အား အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြီး အသက်ရှင်နေထိုင်စေသည်။ ဤအရာက သူတို့ကို ဘုရားသခင်အား အတိုက်အခံလုပ်ပြီး ပုန်ကန် စေသည်။ ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာသည် လူသားမဆန်သည့်အပြင် သမ္မာတရားနှင့် မကိုက်ညီပေ။ လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်ဖြစ်စေ၊ သမ္မာတရားကို ဦးညွှတ်ရန် ငြင်းဆန်သည်ဖြစ်စေ၊ လှည့်ဖြားတတ်ကာ ကောက်ကျစ်သော ရည်ရွယ်ချက်ဖြင့် ပြုမူသည်ဖြစ်စေ၊ လောဘကြီးသည်ဖြစ်စေ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ ရှိသည်ဖြစ်စေ ဤဒုစရိုက်များကို ဖြစ်ပေါ်လာစေသည့် အရာကား အဘယ်နည်း။ (စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။) ယင်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ဖြစ်ပေါ်လာပြီး လူသားကို ထိန်းချုပ်သည့် စာတန်ဆန်သော သဘာဝအားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူသား၏ အဆင့်အတန်းရဖို့ ကြိုးပမ်းခြင်းသည် ဤအရာ၏ သရုပ်သကန်တစ်ခုသာ ဖြစ်သည်။ ဤသရုပ်သကန်သည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားကဲ့သို့၊ ဘုရားသခင်အား သူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းကဲ့သို့ သူ၏ စာတန်ဆန်သော သဘာဝမှ ထွက်ပေါ်လာသည်။ ဤသည်ကို ဖြေရှင်းဖို့ မည်သည့်နည်းလမ်းကို အသုံးပြုနိုင်မည်နည်း။ အခြေခံအကျဆုံးနည်းလမ်းကို သင်အသုံးပြုရဦးမည်။ သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ပြီး သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်နေသရွေ့ ဤပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ သင့်တွင် အဆင့်အတန်း မရှိသောအခါ မိမိကိုယ်ကို မကြာခဏ စိစစ်နိုင်ပြီး မိမိကိုယ်ကို သိလာနိုင်သည်။ ဤအရာအားဖြင့် အခြားသူများ အကျိုးရှိနိုင်သည်။ သင့်တွင် အဆင့်အတန်းရှိပြီး မိမိကိုယ်ကို မကြာခဏ စိစစ်ကာ နားလည်နိုင်သေးလျက် သင်သည် သမ္မာတရားကို နားလည်ကြောင်း၊ လက်တွေ့ကျသော အတွေ့အကြုံရှိကြောင်းနှင့် သင်အမှန်တကယ် ပြောင်းလဲကြောင်း သင်၏ အားသာချက်များကို လူတို့အား မြင်တွေ့စေသောအခါ အခြားသူများက ဤအရာအားဖြင့် အကျိုးရှိနိုင်သေးသည် မဟုတ်လော။ သင့်တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိကာ လူတို့အား သင့်အတွေ့ကြုံအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားကို နားလည်စေသရွေ့ ဤအရာသည် လူတို့ကို အကျိုးပြုမည် မဟုတ်လော။ သို့ဆိုလျှင် အဆင့်အတန်းက သင့်အတွက် ဘာကိုဆိုလိုသနည်း။ အမှန်တွင် အဆင့်အတန်းဟူသည် အဝတ်အစားတစ်ထည် သို့မဟုတ် ဦးထုပ်တစ်လုံးကဲ့သို့ အပိုဆောင်း ဖြစ်သော ပစ္စည်းတစ်ခုသာလျှင်ဖြစ်၏။ အဆင်တန်ဆာတစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် အမှန်တကယ် အသုံးဝင်ခြင်း မရှိသည့်အပြင် ယင်း၏တည်ရှိမှုသည် မည်သည့်အရာကိုမျှ အကျိုးမသက်ရောက်စေပေ။ သင့်တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သင်သည် သင်သာလျှင် ဖြစ်နေသေးသည်။ လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရားနှင့် အသက်တို့ကို ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ယင်းမှာ အဆင့်အတန်းနှင့် မသက်ဆိုင်ပေ။ သင်သည် အဆင့်အတန်းကို အလွန်ကြီးကျယ်သော ကိစ္စတစ်ခုအဖြစ် မခံယူသရွေ့ ယင်းသည် သင့်အား ဘောင်မခတ်နိုင်ပေ။ သင်သည် ဂုဏ်အဆင့်အတန်းကို ချစ်ပြီး အထူးအလေးထားကာ အရေးကြီးသောအရာတစ်ခုအဖြစ် အစဉ် မှတ်ယူလျှင် ယင်း၏ ထိန်းချုပ်မှုအောက်သို့ သင်ရောက်ရှိလိမ့်မည်။ သင်သည် သင့်ကိုယ်သင်ဖွင့်ဟပြီး ဖော်ထုတ်ပြလိုခြင်း၊ သင့်ကိုယ်သင်သိခြင်း သို့မဟုတ် အခြားလူတို့နှင့် လုပ်ဆောင်၊ ပြောဆို၊ ဆက်ဆံပြီး သင့်တာဝန်ကို ထမ်းဆောင်ရန်အတွက် သင်၏ ခေါင်းဆောင်နေရာကို ဘေးဖယ်ထားလိုစိတ်ရှိခြင်း ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ ဂုဏ်အဆင့်အတန်း၏ ဘောင်ခတ်ခြင်းခံရသော ကိစ္စတစ်ခု မဟုတ်လော။ သင်သည် အဆင့်အတန်းနေရာမှ ပြောဆိုလုပ်ဆောင်ပြီး မာနကို ခဝါမချနိုင်သောကြောင့် ဤအရာဖြစ်ပျက်ခြင်းဖြစ်သည်။ သင်သည် ဤသို့ပြုခြင်းအားဖြင့် သင့်ကိုယ်သင် ညှဉ်းပန်းနေခြင်းပင် မဟုတ်လော။ သင်သည် သမ္မာတရားကို အမှန်တကယ်နားလည်လျှင်၊ ထို့အပြင် သင်ပြုနေကျအတိုင်း သင့်ကိုယ်သင် ထိန်းချုပ်ခြင်းမရှိဘဲ အဆင့်အတန်းရှိနိုင်သော်လည်း သင်၏ တာဝန်ကို မည်သို့ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကိုသာ အာရုံစိုက်လျက် သင်ပြုသင့်သည့်အရာတိုင်းကို ပြုပြီး သင်လုပ်ဆောင်အပ်သည့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးလျှင်၊ သင့်ကိုယ်သင် သာမန် ညီအစ်ကိုမောင်နှမကဲ့သို့ မြင်လျှင် သင်သည် ဂုဏ်အဆင့်အတန်း၏ ဘောင်ခတ်ခြင်းကို ခံရမည်မဟုတ်လော။ သင်သည် အဆင့်အတန်း ဘောင်ခတ်ခြင်းကို မခံရဘဲ ပုံမှန်အသက်ဝင်ရောက်မှု ရှိသောအခါ သင်သည် အခြားသူများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်နေဦးမည်လော။ အခြားသူတွေက ပိုမြင့်မားသော အဆင့်အတန်း၌ နေရာယူထားသောအခါ သင်သည် ကသိကအောက် ဖြစ်နေသေးသလော။ သင်သည် သမ္မာတရားကို ရှာဖွေပြီး အဆင့်အတန်း၏ ဘောင်ခတ်ခြင်းများသာမက အခြားလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ အားလုံး၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်အောင် အားထုတ်မည်။ မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းထက် ပိုကောင်းသောအရာ ဘာမှမရှိပေ။ သို့မှသာ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သူ ဖြစ်လာမည်ဖြစ်သည်။
ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် တူညီသော ပြဿနာတစ်ခုကို ခံစားနေကြသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိသောအခါ၊ ၎င်းတို့သည် မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် စကားပြောသည့်အခါ မာနကြီးခြင်း မရှိသလို စကားပြောသည့်အခါတွင် ပုံစံ သို့မဟုတ် လေသံတစ်မျိုးဖြင့် ပြောဆိုခြင်း မပြုပေ။ ၎င်းတို့သည် သာမန်၊ ပုံမှန်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြရုပ်တင်ရန် မလိုပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်လင်းစွာနှင့် လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်။ ၎င်းတို့သည် အလွန်ကောင်းသော လူများဖြစ်သည်ဟု အခြားလူတို့ ခံစားရသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိလာသည်နှင့် မာနကြီးလာကြလေသည်၊ သာမန်လူတို့ကို လျစ်လျူရှုကြသည်၊ သူတို့ကို မည်သူမျှ မချဉ်းကပ်နိုင်ကြပေ။ ၎င်းတို့၌ မြင့်မြတ်ခြင်း ရှိသည်ဟု ၎င်းတို့က ထင်မြင်ကြပြီး ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်။ ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး စကားပြောသောအခါ ဆိုက်ဂိုက်ထုတ်ကာ အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယ မဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် ရုပ်သွင်တစ်မျိုးရှိရမည်၊ သာမန်လူတို့ထက် အနည်းငယ် ပိုမြင့်ရမည်၊ ဝိညာဉ်ရင့်ကျက်မှု ပိုရှိပြီး တာဝန်ပို၍ကောင်းစွာ ယူနိုင်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်တို့သည် ပို၍ စိတ်ရှည်ရမည်၊ ပို၍ဒုက္ခခံပြီး အသုံးတော်ခံနိုင်ရမည်၊ စာတန်ထံမှ မည်သည့်သွေးဆောင်မှုကိုမဆို တောင့်ခံနိုင်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ မိဘများ သို့မဟုတ် အခြားမိသားစုဝင်များ သေဆုံးလျှင်ပင် ၎င်းတို့သည် မငိုဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ရှိရမည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အခြားသူများကွယ်ရာ၌ တိတ်တဆိတ် ငိုရမည်၊ သို့မှသာ ၎င်းတို့၏ ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များကို မည်သူမျှ မမြင်နိုင်မည် ဖြစ်သည်။ ခေါင်းဆောင်တို့သည် အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှ သိခွင့်မပေးရ၊ ယင်းအစား ထိုသို့သောအရာများအားလုံးကို ဖုံးကွယ်ထားရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအတိုင်းအတာအထိ ချုပ်တည်းသည့်အခါ ဂုဏ်အဆင့်အတန်းသည် ၎င်းတို့၏ ဘုရား၊ ၎င်းတို့၏ အရှင်သခင် ဖြစ်လာပြီ မဟုတ်သလော။ ဤသို့ဖြစ်သောကြောင့် ၎င်းတို့သည် ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သေးသလော။ ၎င်းတို့၌ ဤစိတ်ကူးများရှိသည့်အခါ၊ ၎င်းတို့သည် ဤကဲ့သို့ မိမိတို့ကိုယ်ကို ကန့်သတ်ချုပ်ချယ်ပြီး ဤအပြုအမူမျိုးဖြင့် ပြုမူသည့်အခါဂုဏ်အဆင့်အတန်းကို မစွဲမက်လာလေသလော။ အခြားလူက သူတို့ထက် ပိုအားသာပြီး ပိုကောင်းသောအခါတိုင်း ဤအရာက သူတို့၏ ပဓာနကျသော အားနည်းချက်ကို ထိခိုက်သည်။ ထိုသူတို့သည် ဇာတိပကတိကို အောင်နိုင်သလော။ အခြားသူကို သင့်လျော်သလို ဆက်ဆံနိုင်သလော။ မုချ မဆက်ဆံနိုင်ပေ။ သင့်အပေါ် ဂုဏ်အဆင့်အတန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် အားထုတ်ဖို့ သင် ဦးစွာ ဘာလုပ်ရမည်နည်း။ ယင်းကို သင်၏ရည်ရွယ်ချက်များ၊ သင်၏အတွေးများနှင့် သင်၏စိတ်နှလုံးတို့မှ ဦးစွာ ဖယ်ထုတ်ပစ်ရမည်။ ဤအရာကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ယခင် သင် ဂုဏ်အဆင့်အတန်း မရှိသည့်အချိန်က၊ သင့်အဖို့ နှစ်သက်ဖွယ်မရှိသည့်သူများကို သင် လျစ်လျူရှုပေသည်။ ယခုအခါ သင်၌ ဂုဏ်အဆင့်အတန်း ရှိသည့်အတွက်၊ ကြည့်မရသောလူတစ်ဦး၊ သို့မဟုတ် ပြဿနာရှိသော လူတစ်ဦးကို သင်တွေ့သည့်အခါ ၎င်းတို့အား ကူညီဖို့အတွက် သင်တာဝန်ရှိသည်ဟု ခံစားရသောကြောင့် သူတို့၌ ရှိသည့် လက်တွေ့ကျသည့် ပြဿနာအချို့ကို ဖြေရှင်းဖို့ ကြိုးစားရင်း ၎င်းတို့နှင့် မိတ်သဟာယပြုဖို့ သင် အချိန်ပိုယူသည်။ ထိုအရာများကို လုပ်ဆောင်သည့်အခါ သင်၏စိတ်နှလုံးထဲ၌ ခံစားချက်မှာ အဘယ်နည်း။ ယင်းမှာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း ခံစားချက် ဖြစ်သည်။ ထို့ကြောင့် သင်သည်လည်း အခက်အခဲကြုံရသည်၊ သို့မဟုတ် ကျရှုံးမှုကို တွေ့ကြုံရသည်ဟု တွေ့ရသည့်အခါ သင်၏ ပြဿနာများနှင့် အားနည်းချက်များ၊ ဘုရားသခင်ကို သင်မည်သို့ ပုန်ကန်ခဲ့ကြောင်းနှင့် ထို့နောက်တွင် သင်သည် ဤအဖြစ်မှ မည်သို့ လွတ်လာကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ အထမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းတို့ကို မိတ်သဟာယပြုရင်း လူများကို အတွင်းရေးပြောပြပြီး သူတို့အား မကြာခဏ ပို၍ ဖွင့်ဟသင့်သည်။ ဤနည်းဖြင့် ၎င်းတို့ကို အတွင်းရေးပြောပြခြင်း၏ အကျိုးမှာ အဘယ်နည်း။ ယင်းမှာ အပြုသဘောဆောင်ခြင်း ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ မည်သူမျှ သင့်အား အထင်သေးမည် မဟုတ်ပေ။ ပြီးလျှင် သူတို့သည် ဤအတွေ့အကြုံများကို ဖြတ်ကျော်နိုင်သော သင်၏အစွမ်းအစကိုပင် အားကျကောင်းအားကျလိမ့်မည်။ လူတို့၌ ဂုဏ်အဆင့်အတန်းရှိသည့်အခါ အရာရှိများကဲ့သို့ ၎င်းတို့ ပို၍ ပြုမူသင့်သည်ဟုလည်းကောင်း၊ အခြားသူများက ၎င်းတို့အား အလေးအနက်ထားပြီး လေးစားရန်အလို့ငှာ ပုံစံတစ်ခုခုဖြင့် စကားပြောသင့်သည်ဟုလည်းကောင်း လူအချို့က အစဉ်သဖြင့် တွေးထင်ကြသည်။ ဤသို့ စဉ်းစားနည်းမှာ မှန်ကန်သလော။ ဤသည်မှာ မှားယွင်းသော တွေးခေါ်ပုံ တွေးခေါ်နည်း ဖြစ်သည်ကို သင်သဘောပေါက်နိုင်လျှင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဇာတိပကတိဆိုင်ရာ အမှုကိစ္စများကို ပုန်ကန်သင့်သည်။ ဆိုက်ဂိုက်မထုတ်နှင့်၊ ထို့အပြင် ကြောင်သူတော်ဆန်သည့် လမ်းကြောင်းကို မလျှောက်နှင့်။ သင်၌ ထိုအတွေးမျိုး ရှိလိုက်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို ရှာဖွေခြင်းဖြင့် ယင်းကို ဖြေရှင်းသင့်သည်။ သမ္မာတရားကို မရှာဖွေပါက ဤအတွေး၊ ဤရှုထောင့်အမြင် ဖြစ်ပေါ်လာပြီး သင်၏စိတ်နှလုံးထဲ၌ အမြစ်တွယ်လာလိမ့်မည်။ ရလဒ်အနေဖြင့် ယင်းက သင့်ကို လွှမ်းမိုးလာမည်ဖြစ်ပြီး သင်သည် သင့်ကိုယ်သင် ဖုံးကွယ်ကာ မည်သူမျှ သင့်ကို မရိပ်စားမိနိုင်သည်အထိ သို့မဟုတ် သင့်အတွေးများကို နားမလည်နိုင်သည်အထိ သင့်ပုံရိပ်ကို ကျွမ်းကျင်စွာ ပုံဖော်ဖန်တီးလိမ့်မည်။ သင်၏ စိတ်နှလုံးအမှန်ကို ၎င်းတို့ထံမှ ဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်ခုမှတစ်ဆင့် စကားပြောသည့်အလား သင်သည် အခြားသူများအား စကားပြောလိမ့်မည်။ သင်သည် သင့်နှလုံးသားကို အခြားသူများအား မြင်တွေ့ခွင့်ပေးရန် သင်ယူရမည်ဖြစ်ပြီး အခြားသူများအား သင့်နှလုံးသားကို ဖွင့်ဟကာ ၎င်းတို့နှင့် ရင်းနှီးစေရန် သင်ယူရမည်ဖြစ်သည်။ သင်သည် မိမိ၏ဇာတိပကတိ၏ နှစ်သက်မှုများကို ပုန်ကန်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ မိမိကိုယ်ကို ကျင့်ကြံရမည်။ ဤနည်းအားဖြင့် သင့်စိတ်နှလုံးသည် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို သိနားလည်မည်ဖြစ်သည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဦးစွာပထမ သင်၏ ကိုယ်ပိုင်အတွေးအမြင်စနစ်ထဲ၌ မည်သည့်ပြဿနာများ ရှိနေသည်ကို ဆင်ခြင်သုံးသပ်လော့။ သင်ကိုယ်တိုင် ပုံရိပ်တစ်ခုကို တည်ဆောက်ပြီး သင့်ကိုယ်သင် ဖုံးကွယ်လိုသေးပါက သင်သည် ဘုရားသခင်ထံ ချက်ချင်း “အို ဘုရားသခင်။ ကျွန်ုပ် ဖုံးကွယ်ထားချင်ပြန်သည်။ လိမ်ညာလှည့်ဖြားခြင်းဖြင့် နောက်တစ်ကြိမ် လျှို့ဝှက်ကြံစည်နေပြန်သည်။ ကျွန်ုပ်သည် နတ်ဆိုးအစစ်အမှန်ပါတကား။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် အမှန်ပင် စက်ဆုပ်စရာ ဖြစ်ပါလိမ့်မည်။ ယခု မိမိကိုယ်မိမိ လုံးဝ ရွံရှာနေပါပြီ။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်မောင်းမဲရန်၊ ဆုံးမပဲ့ပြင်ရန်နှင့် အပြစ်ဒဏ်ပေးပါရန် တောင်းခံပါသည်” ဟု ဆုတောင်းသင့်သည်။ သင်သည် ဆုတောင်းရမည်၊ သင်၏သဘောထားကို အပြင်သို့ဖွင့်ထုတ်ရမည်၊ ထို့ပြင် ယင်းကို ဖော်ထုတ်ရန်၊ ၎င်းကို စိတ်ဖြာလေ့လာဆွေးနွေးရန်၊ ကန့်သတ်ရန် ဘုရားသခင်ကို အားကိုးရမည်။ အကယ်၍ သင်သည် ထိုသို့ ယင်းကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ကန့်သတ်ထားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖိနှိပ်ခြင်းခံရပြီး ယင်းဘာသာ မထုတ်ဖော်သောကြောင့် သင်၏ လုပ်ဆောင်ချက်များသည် ပြဿနာများကို ဖန်တီးမည်မဟုတ်ပေ။ ဤအချိန်တွင် သင့်စိတ်နှလုံးထဲ၌ မည်သည့်ခံစားချက်များ ရှိနေသနည်း။ အနည်းဆုံးအနေဖြင့် လွတ်မြောက်မှုအနည်းငယ်ကို ခံစားရပေမည်။ သင့်စိတ်နှလုံးသည် ဝမ်းမြောက်ပြီး ငြိမ်သက်လိမ့်မည်။ သင့်နာကျင်မှုကို လျော့ပါးစေမည်ဖြစ်ပြီး စစ်ဆေးခြင်းကိုလည်း သင်ခံစားရမည်မဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် သင်သည် ခဏတာ လမ်းပျောက်သွားသကဲ့သို့ အနည်းငယ်ခံစားရပြီး မိမိကိုယ်ကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်၊ အဆင့်အတန်းနှင့် ရပ်တည်မှုရှိသူတစ်ဦးဖြစ်သည်၊ သာမန်လူတို့ကဲ့သို့ ကျွန်ုပ် မည်သို့နေနိုင်မည်နည်း။ သာမန်လူတို့ကို အူလှိုက်သည်းလှိုက်ဖြင့်၊ စစ်မှန်သော၊ ပွင့်လင်းသော နည်းလမ်းဖြင့် ကျွန်ုပ် မည်သို့ပြောဆိုနိုင်မည်နည်း။ ဤအရာက မိမိကိုယ်ကို သိက္ခာချခြင်းမျိုးပင် ဖြစ်ပေမည်” ဟု စဉ်းစားသည့် အချိန်များရှိမည်။ သင်မြင်သည့်အတိုင်း ဤအရာသည် အနည်းငယ် ဒုက္ခပေး၏။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တစ်ကြိမ်တည်းဖြင့် လုံးလုံးလျားလျား ဖယ်ရှား၍မရသကဲ့သို့ အချိန်တိုအတွင်း အလျှင်း ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းမှာ အလွန် ရိုးရှင်းသဖြင့် လူတို့သည် ယင်းကို စိတ်ကူးထားသကဲ့သို့ ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ပြီး သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုလိုက်သည်နှင့် ယင်းကို မဆိုင်းမတွ ဖယ်ရှားနိုင်လိမ့်မည်ဟုလည်းကောင်း သင်တွေးထင်လေသည်။ ယင်းက ထိုမျှရိုးရှင်းသောအရာ မဟုတ်ပေ။ လူက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လုပ်ငန်းစဉ်သည် ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆန့်ကျင်တိုက်ဖျက်သည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ လူသားတစ်ဦးချင်းစီ၏ စိတ်ဆန္ဒ၊ စိတ်ကူးစိတ်သန်းနှင့် လွန်ကဲသော လိုအင်ဆန္ဒများသည် ဆုတောင်းခြင်းမှတစ်ဆင့် ယင်းတို့အား အပြီးအပြတ် ပုန်ကန်ခြင်းနှင့် ကျော်လွှားခြင်းဖြင့် လုံးလုံးလျားလျား မဖြေရှင်းနိုင်ချေ။ ထို့ထက် တိုက်ပွဲများစွာ အကြိမ်ကြိမ်တိုက်ပြီးသည့်နောက်တွင်သာ ယင်းတို့ကို နောက်ဆုံးတွင် စွန့်လွှတ်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မှသာလျှင် ဤလုပ်ငန်းစဉ်သည် အမှန်တကယ် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ အထူးသဖြင့် ပိုကြီးသောအရာများတွင် သင့်စိတ်နှလုံးထဲမှ တိုက်ပွဲသည် တစ်ခါတစ်ရံ တစ်လ သို့မဟုတ် နှစ်လ၊ တစ်ခါတစ်ရံ ခြောက်လ သို့မဟုတ် တစ်နှစ်ပင် ကြာရှည်နိုင်သည့် အဆုံးမရှိသော ချီတုံချတုံဖြစ်ခြင်းဖြင့် ပို၍ပင် ပြင်းထန်လာလိမ့်မည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အတော်ပင် ခေါင်းမာသည်။ သမ္မာတရားအပေါ် မိတ်သဟာယပြုချက် တစ်ခုနှစ်ခုမျှဖြင့် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကိုမျှ မဖြေရှင်းနိုင်ချေ။ ယင်းသည် သင့်အား ထပ်ခါတလဲလဲ ဆန့်ကျင်တိုက်ခိုက်နေမည်ဖြစ်ပြီး သင့်အနေဖြင့် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်ကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စေ့စေ့စပ်စပ်သိပြီး ဇာတိပကတိနှင့် စာတန်ကို စတင်မုန်းတီးသည်အထိ သမ္မာတရားကို ဆက်လက်၍ လိုက်စားရမည်ဖြစ်သည်။ ထို့နောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အတွက် သာမန်ကိစ္စ၊ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး အားထုတ်စရာမလိုသော ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်။ ဤသည်မှာ ဇာတိပကတိကို အနိုင်ယူပြီး စာတန်အပေါ် အောင်ပွဲခံခြင်းဟု ဆိုလိုသည်။ တိုက်ပွဲအတွင်း လူတို့သည် ဘုရားသခင်ထံ အချိန်တိုင်းဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အချိန်ပိုသုံးရမည်ဖြစ်သည်။ သူတို့သည် နည်းလမ်းရှာဖို့အတွက် ဘာသာတရားမရှိသူများ သို့မဟုတ် စာတန်များနှင့် နတ်ဆိုးများထံသို့ မည်သည့်အခါမျှ မသွားရပေ။ သူတို့သည် ဘုရားသခင်ကို အမှီပြုပြီး မျှော်ကိုးရမည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားကို ရှာဖွေကာ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ရမည် ဖြစ်သည်။ သူတို့သည် သမ္မာတရားကို အမှန်တကယ်နားလည်မှသာလျှင် ဇာတိပကတိကို အောင်နိုင်ပြီး စာတန်ကို အောင်နိုင်မည်ဖြစ်သည်။ ဤသည်ကို ဘုရားသခင် မည်သို့မြင်သနည်း။ ဘုရားသခင်သည် သင်၏စိတ်နှလုံးကို မြင်တော်မူ၏။ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးကြောင်း၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြောင်း၊ သင်သည် မဖြောင့်မတ်ခြင်းကို ဖယ်ရှားပြီး မကောင်းမှုကို ရှောင်ကြဉ်ရန် ဆန္ဒရှိကြောင်း သူမြင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်အထဲ၌ အတွေးများ၊ စိတ်ကူးများနှင့် ရည်ရွယ်ချက်များကို ဖြစ်ပေါ်စေသော်လည်း ဤအတွေးများနှင့် ရည်ရွယ်ချက်များသည် သင့်အပြုအမူကို မထိန်းချုပ်နိုင်၊ ယင်းတို့သည် သင်၏ ဆန္ဒကို ဖြိုဖျက်ခြင်းနှင့် နင်းချေခြင်း မပြုပေ။ နောက်ဆုံးတွင် သင်သည် ယင်းတို့အား အနိုင်ယူနိုင်ပြီး ဘုရားသခင်သည် သင့်အား အောက်မေ့မည်ဖြစ်သည်။ ဤအရာကို သင်မကြာခဏ လက်တွေ့လုပ်ဆောင်ပါက သင်၏ အတွင်းစိတ်အခြေအနေ တိုးတက်လာမည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဤသွင်ပြင်လက္ခဏာကို သင်လုံးလုံးလျားလျား အောင်နိုင်ပြီဖြစ်ကြောင်း၊ သင့်စိတ်သဘောထား၏ ဤသွင်ပြင်လက္ခဏာ၌ သင်ပြောင်းလဲလာပြီး သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်ပြီးပြီဖြစ်ကြောင်း မည်သည့်အတိုင်းအတာ၌ ပြောနိုင်မည်နည်း။ ဆိုလိုသည်မှာ မကောင်းသော အကြံအစည်များနှင့် စိတ်ကူးများသည် သင့်စိတ်ထဲသို့ တစ်ခါတစ်ရံ ဝင်လာနေသေးပြီး ယင်းတို့သည် အချို့သော ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများကို ဖြစ်ပေါ်စေသော်လည်း ဤအရာများသည် သင့်စိတ်နှလုံးအပေါ် နောက်ထပ် သြဇာမလွှမ်းမိုးတော့ပေ။ ဤအရာများသည် အရေးမကြီးဟု သင်ခံစားနေပြီဖြစ်ပြီး ယင်းတို့ထွက်ပေါ်လာသည်နှင့် ယင်းတို့ကို သင်သတိပြုမိနိုင်သည်။ သင်သည် ယင်းတို့ကို ဟန်ဆောင်ပန်ဆောင် ချုပ်တည်းပြီး ပုန်ကန်ရန် မလိုသည့်အပြင် သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်၊ ဆုံးမပဲ့ပြင်ရန်နှင့် အပြစ်ဒဏ်ပေးရန် ဘုရားသခင်အား တမင်တကာ တောင်းဆိုဖို့ မလိုအပ်ပေ။ ထိုသို့သောနည်းလမ်းများက သင့်အတွက် မလိုအပ်ပေ။ သင်သည် ယင်းကို အလွယ်တကူ ကျော်လွှားနိုင်ပြီး စွန့်လွှတ်နိုင်သည်။ သင့်စိတ်နှလုံး ကသိကအောက် ဖြစ်ခြင်းမရှိဘဲ ဆုံးရှုံးမှုမရှိသကဲ့သို့ ခံစားရတတ်သည်။ ဤအရာမှာ အဆင်ပြေသည်။ သင်သည် ယခုအခါ ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ထားပြီး စိတ်သဘောထား ပြောင်းလဲနေပြီဖြစ်သည်။ သင်တို့သည် ယခုတွင် ဝင်ရောက်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိပြီးပြီလော။ အတော်ပင် ပြောင်းလဲသွားပြီလော။ (မပြောင်းလဲသေးပါ။) သို့ဖြစ်လျှင် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အမှန်ပင် နုနယ်လွန်းကာ သမ္မာတရားကို လိုက်စားရန်၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန် ကြိုးစားအားထုတ်နေရဆဲ ဖြစ်သည်။ သို့ဖြစ်လျှင် ထိုသို့သော အရာများ သင်၌ နောက်တစ်ဖန်ဖြစ်လာသောအခါ သင်သည် သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ မည်သို့ပြုမူရမည်ကို သိလာလိမ့်မည်။ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာရပ်တည်ရန် သင်ဘာလုပ်ရမည်ကို သိလာလိမ့်မည်။ သို့ဆိုလျှင် သင်သည် ဝိညာဉ်ရင့်ကျက်မှုကို အမှန်တကယ် ပိုင်ဆိုင်လာလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိတို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်သူတို့သာလျှင် သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤသည်ကို လောလောဆယ်တွင် သင်တို့ လုပ်ဆောင်နိုင်စွမ်းမရှိပေ။ သင်တို့သည် စမ်းတဝါးဝါးအဆင့်တွင် ရှိနေသေးသည်။ ဤပကတိအခြေအနေများကို ပြောရလျှင် သင်တို့၌ ဤပြဿနာများအားလုံး ရှိနေသည်ဟု ခံစားရသည့်တိုင်သော်လည်း ယင်းတို့အား ဖြေရှင်းရန် သမ္မာတရားကို သင်တို့ မည်သည့်အခါမှ မရှာဖွေခဲ့ချေ။ ဤသည်မှာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်သည်ဟု ဆိုလိုသလော။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်သေးလျှင် သင်၌ အသက်ရှိနိုင်ပါမည်လော။ သမ္မာတရားကို သင်မရရှိသေးသကဲ့သို့ သင့်တွင် အသက်လည်း မရှိသေးပေ။ သင်သည် ဇာတိပကတိအသက်တာဖြင့်သာ နေထိုင်ပြီး သင်၏ စာတန်ဆန်သော စိတ်သဘောထားဖြင့်သာ အသက်ရှင်ပါက သင်သည် စာတန်၏ အာဏာအောက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးပေ။ စကားလုံးများနှင့် အယူဝါဒများကို လေပန်းနိုင်ပြီး အချို့သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက ကယ်တင်ခြင်းသို့ရောက်မည်ဟု လူတို့ ထင်မြင်သောအခါ သူတို့စိတ်ကူးသလောက် ကယ်တင်ခြင်းက မရိုးရှင်းပေ။ သင်သည် သင့်ကိုယ်သင် အမှန်တကယ် သိနားလည်ရမည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို သင် ဖယ်ရှားနိုင်ရမည်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်း၏ အနှစ်သာရကို ရိပ်စားမိနိုင်ရမည်၊ အဆင့်အတန်းကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ကယ်တင်ခြင်းရရှိသည်။
အမှန်အားဖြင့် အဆင့်အတန်းနှင့်ဆိုင်သော ပြဿနာ၏ ဖြေရှင်းချက်သည် အခြားပြဿနာများ၏ ဖြေရှင်းနည်းနှင့် အတူတူပင်ဖြစ်သည်။ ဤပြဿနာများအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများပင် ဖြစ်သည်။ ယင်းတို့အားလုံးသည် လူသား၏ နှစ်သက်မှုများနှင့် လိုက်စားမှုများပင် ဖြစ်သည်။ ဤအရာ၌ ငါဆိုလိုသော အဓိပ္ပာယ်က အဘယ်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီးမှသာလျှင် အဆင့်အတန်းသည် သင့်အတွက် ပြဿနာဖြစ်မည်မဟုတ်ပေ။ လူတို့က “သင်သည် ယနေ့တွင် ကျွန်ုပ်၏အထက်၌ ရပ်တည်ကောင်း ရပ်တည်နိုင်သော်လည်း မနက်ဖြန်တွင် သင့်အထက်၌ ရှိအောင် ကျွန်ုပ် အားထုတ်မည်” ဟုဆိုလျက် အဆင့်အတန်းအတွက် တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေကြသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ ယင်းသည် အဆင့်အတန်းကြောင့်သာ ဖြစ်ပေါ်လာခြင်းလော။ (မဟုတ်ပါ။) ယင်းကို မည်သည့်အရာက ဖြစ်ပေါ်စေခဲ့သနည်း။ (လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပင်။) ဤသည်မှာ မှန်၏။ ဤပြဿနာသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်လာသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးသည်နှင့် ဤပြဿနာများအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ အဆုံးတွင် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်လိုသူများသည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် အရာခပ်သိမ်း၌ မိမိကိုယ်ကို သိနားလည်ခြင်းအပေါ် အာရုံစိုက်ရမည်ဖြစ်သည်။ သူတို့သည် သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းအပေါ် စတင်မလျှောက်နိုင်မီ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရမည် ဖြစ်သည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ပျက်ကွက်ပါက အခက်အခဲများနှင့် အတားအဆီးများစွာကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ကြသော်လည်း ဟန်ဆောင်လုပ်ပြကြမည်ဖြစ်ကာ ရလဒ်ရှိမည်မဟုတ်ပေ။ ဤပြဿနာများကို ဖြေရှင်းရန်အတွက် သင်သည် သမ္မာတရားကို လိုက်စားရာတွင် အစွမ်းကုန်အားထုတ်ရမည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရန် အစွမ်းကုန် အားထုတ်ပြီး ပြဿနာများကို ဖြေရှင်းရန် အစွမ်းကုန်အားထုတ်ရမည်။ “သမ္မာတရားကို လိုက်စားရန် ပို၍ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပို၍ဖတ်ရှုလျှင် လုံလောက်ပြီ” ဟုသာ မပြောနှင့်။ ဤအရာက ဝိုးတဝါးဖြစ်လွန်းသည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမရှိလျှင် အလုပ်ဖြစ်မည်မဟုတ်။ သတ်သတ်မှတ်မှတ်ရှိသော ပြဿနာများကို သတ်သတ်မှတ်မှတ် ကိုင်တွယ်သင့်သည်။ အလွတ်ကျက်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကိုသာ မသုံးနှင့်။ သမ္မာတရားသည် အသက်ရှင်ပြီး လက်တွေ့ကျကာ စည်းမျဉ်းစည်းကမ်းများကို ဖြစ်ကတတ်ဆန်း အသုံးချခြင်းသည် နည်းလမ်းမကျပေ။ သမ္မာတရားစည်းမျဉ်းနှင့်အညီ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရမည်။ လူတစ်ဦးသည် သမ္မာတရားကို အသုံးပြုခြင်းအားဖြင့် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်လျှင် ထိုလူသည် ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးမပြုနိုင်သူ မည်သူမဆို သမ္မာတရားကို နားလည်သောသူ မဟုတ်ပေ။ သူတို့သည် ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦး ဖြစ်လာနိုင်သော်လည်း ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးချနိုင်မည်မဟုတ်၊ သမ္မာတရားရှိမည် မဟုတ်သည့်အပြင် ၎င်းတို့အနေဖြင့် စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ရန်လည်း မဖြစ်နိုင်ပေ။ ထိုသို့သော ခေါင်းဆောင်နှင့် အမှုဆောင်၌ သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိပေ။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။