သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃)

အရေအတွက် များပြားလှစွာသော ယုံကြည်သူများသည် အသက်စိတ်သဘောထား ပြောင်းလဲခြင်းအပေါ် အရေးထားဖို့ ပျက်ကွက်ကြသည်။ ယင်းအစား ၎င်းတို့အပေါ်ထားသည့် ဘုရားသခင်၏ သဘောထားအပေါ်ကိုလည်းကောင်း၊ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့နေရာတစ်ခု ယူထားခြင်း ရှိမရှိဆိုသည့်အပေါ်ကိုလည်းကောင်း ၎င်းတို့ အာရုံစိုက်ပြီး စိုးရိမ်ပူပန်ကြသည်။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ မည်သို့ပုံပေါက်သည်နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့ နေရာတစ်ခုကို ယူထားမထားဆိုသည်နှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် အစဉ်သဖြင့် ခန့်မှန်းဖို့ ကြိုးစားနေကြသည်။ လူများစွာတို့သည် ဤအတွေးမျိုးကို စိတ်ထဲတွင် သိုထားကြသည်။ ပြီးလျှင် အကယ်၍ ဘုရားသခင်နှင့် ၎င်းတို့ မျက်နှာချင်းဆိုင် အမှန်တကယ် တွေ့လာရပါက ဘုရားသခင်က ၎င်းတို့ကို စကားပြောသောအခါ သူသည် ပျော်ရွှင်နေသလော သို့မဟုတ် စိတ်ဆိုးနေသလောဆိုသည်ကို ၎င်းတို့ အစဉ်သဖြင့် စောင့်ကြည့်လေ့လာကြသည်။ ထို့နောက်တွင် “ဘုရားသခင်က ကျွန်တော့်ရဲ့ အခက်အခဲတွေကို ပြောခဲ့သေးသလား။ အဲဒီအပြင် ကျွန်တော့်ကို သူဘယ်လိုထင်သလဲ။ ကျွန်တော့်အတွက် သူစိုးရိမ်ပူပန်မှု တစ်ခုခုကို ပြသေးသလား” ဟူ၍ အခြားသူများအား အစဉ်သဖြင့် မေးမြန်းစုံစမ်းနေသူများ ရှိကြသည်။ အချို့တွင် ပို၍ပင် ပြင်းထန်သော ပြဿနာများ ရှိကြသည်။ အကယ်၍ ဘုရားသခင်က ၎င်းတို့ကို ဖျတ်ခနဲကြည့်လိုက်လျှင်ပင် ၎င်းတို့သည် ပြဿနာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ဘိသကဲ့သို့ ဖြစ်သည်။ “အိုး သွားပြီ၊ ဘုရားသခင်က အခုပဲ ကျွန်တော့်ကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်တယ်။ ပြီးတော့ သူ့မျက်လုံးထဲက အကြည့်တွေက အရမ်း ပျော်ရွှင်တဲ့ပုံ မပေါက်ဘူး။ ဒါဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး” ဟူ၍ဖြစ်သည်။ လူများသည် ထိုကဲ့သို့သော အရာများအပေါ် အလွန့်အလွန် အရေးထားကြသည်။ အချို့လူများက “ကျွန်တော်တို့ ယုံကြည်တဲ့ ဘုရားသခင်က လူ့ဇာတိခံ ဘုရားသခင်ပဲ။ ဒီတော့ တကယ်လို့များ သူက ကျွန်တော်တို့ကို အာရုံမစိုက်ဘူးဆိုရင် ဒါဟာ ကျွန်တော်တို့အတွက် ဇာတ်သိမ်းသွားပြီ မဟုတ်လား” ဟု ပြောကြသည်။ ဤအရာအားဖြင့် ၎င်းတို့ ဆိုလိုသည်မှာ “တကယ်လို့များ ဘုရားသခင်ရဲ့ စိတ်နှလုံးထဲမှာ ကျွန်တော်တို့အတွက် နေရာမရှိရင် ကျွန်တော်တို့က ဘာလို့များ ဒုက္ခခံ ယုံကြည်သင့်လဲ။ ယုံကြည်တာကို ကျွန်တော်တို့ ရပ်လိုက်သင့်တယ်” ဟူ၍ဖြစ်သည်။ ဤသည်မှာ အသိစိတ် ကင်းမဲ့ခြင်း မဟုတ်လော။ လူများသည် ဘုရားသခင်အပေါ် အဘယ်ကြောင့် ယုံကြည်သင့်သည်ကို သင်သိပါသလား။ ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခုရှိမရှိကို လူများသည် မည်သည့်အခါမျှ မဆင်ခြင်ကြသည့်တိုင် ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင်မူ ၎င်းတို့အတွက် နေရာတစ်ခုကို လိုချင်ကြသည်။ ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်လိုက်လေခြင်းပါတကား။ ဤသည်မှာ ၎င်းတို့၏ အသိစိတ် အကင်းမဲ့ဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ဘုရားသခင်က အခြားသူတစ်ဦးဦးကို သာကြောင်းမာကြောင်း မေးမြန်းပြီး ၎င်းတို့၏ အမည်ကို မမေးမခေါ်သောအခါ သို့မဟုတ် ၎င်းတို့ထက် အခြားသူများကို စိုးရိမ်ပူပန်ကြောင်းနှင့် ဂရုစိုက်ကြောင်းတို့ကို ပြသသောအခါ ၎င်းတို့သည် မကျေမနပ်ခံစားကြရပြီး ဘုရားသခင်သည် မဖြောင့်မတ်ကြောင်းနှင့် တရားမမျှတသည့်အပြင် ကျိုးကြောင်းမသင့်ကြောင်းတို့ကို ပြောရင်း ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ပြီး ညည်းညူကာ စောဒကတက် စပြုလာကြသည်အထိ အသိစိတ် အလွန်ကင်းမဲ့သော သူများပင် ရှိလေသည်။ ဤသည်မှာ ၎င်းတို့၏ အသိစိတ်နှင့်ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာအရလည်း အတော်အတန် မူမမှန်ကြပေ။ ပုံမှန်အခြေအနေများတွင် ဘုရားသခင်၏ ကြိုတင်စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားခြင်းများကို ၎င်းတို့ ကျိုးနွံနာခံမည်ဖြစ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ဆက်ဆံပါစေ ၎င်းတို့သည် မည်သည့်အခါမျှ စောဒကတက်မည် မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ ၎င်းတို့အပေါ် ပြုပြင်ခြင်း၊ တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကိုလည်း ၎င်းတို့ အဆင်ပြေပါသည်ဟု လူများက အစဉ်သဖြင့် အခိုင်အမာဆိုကြသည်။ သို့သော် လက်တွေ့ဘဝတွင် ထိုကဲ့သို့သောကိစ္စများကို ၎င်းတို့ ရင်ဆိုင်တွေ့ကြုံသောအခါ ၎င်းတို့ကို ၎င်းတို့ လက်မခံကြချေ။ လူများတွင် အသိစိတ်ရှိကြသလော။ လူများသည် မိမိတို့ကိုယ်ကို အလွန်အထင်ကြီးကြပြီး မိမိတို့ကိုယ်ကို အလွန် အရေးပါသည်ဟု ယုံကြည်ကြသဖြင့် ဘုရားသခင်ကသာ ၎င်းတို့ကို အမှန်တကယ် ပြုပြင်ခဲ့လျှင်ကို မဆိုထားဘိ၊ ဘုရားသခင်က ၎င်းတို့အပေါ် မကျေနပ်သည့်ပုံဖြင့် ကြည့်လိုက်သည်ဟု မြင်လျှင်ပင် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိဖို့ မျှော်လင့်ချက်မရှိဟု ခံစားရသည်။ သို့မဟုတ် အကယ်၍ ဘုရားသခင်က ၎င်းတို့ကို ပို၍ပြင်းထန်သော အသံနေအသံထားတစ်ခုဖြင့် စကားပြောမိ၍ ယင်းက ၎င်းတို့၏ စိတ်နှလုံးများကို ထိုးဖောက်သွားပါက ၎င်းတို့သည် အပျက်သဘောဆောင်လာကြပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် အဓိပ္ပါယ်မဲ့သည်ဟု တွေးစပြုလာကြသည်။ “ဘုရားသခင်က ကျွန်တော့်ကို လျစ်လျူရှုနေရင် သူ့ကို ကျွန်တော်က ဘယ်လိုဆက်ပြီး ယုံကြည်နိုင်မှာလဲ” ဟု ၎င်းတို့ တွေးကြသည်။ အချို့သည် ဤကဲ့သို့သောလူမျိုးကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိဘဲ “ဘုရားသခင်အပေါ် သူတို့ရဲ့ ယုံကြည်ခြင်းက ဘယ်လောက် စစ်မှန်လိုက်လဲဆိုတာကို ကြည့်ကြပါ။ ဘုရားသခင်က သူတို့အတွက် အရမ်းကို အရေးပါတယ်။ အကြည့်တစ်ချက်ကနေ သူတို့က ဘုရားသခင်ရဲ့ ဆိုလိုရင်းကိုတောင် အဓိပ္ပာယ် ကောက်နိုင်ကြတယ်။ သူတို့က ဘုရားသခင်ကို ပြင်းပြင်းထန်ထန် သစ္စာစောင့်သိကြတယ်။ သူတို့က ကမ္ဘာမြေပေါ်က ဘုရားသခင်ကို ကောင်းကင်ဘုံက ဘုရားသခင်အနေနဲ့ အမှန်တကယ်ကို မြင်ကြတယ်” ဟု ထင်ကြသည်။ ထိုသို့ပင် ဖြစ်သလော။ ဤလူများသည် အလွန် နားဝေတိမ်တောင် ဖြစ်နေကြသောကြောင့် ကိစ္စရပ်များအားလုံးတွင် ထိုးထွင်းအမြင် ကင်းမဲ့နေကြသည်။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုမှာ အလွန် သေးနုပ်ပြီး ၎င်းတို့သည် အကျည်းတန်ခြင်း အမျိုးအစားအားလုံးကို အမှန်တကယ်ပင် ထုတ်ဖော်ပြနေကြသည်။ လူများတွင် ထိုကဲ့သို့သော ညံ့ဖျင်းသည့် အသိစိတ် ရှိကြသည်။ ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ အလွန် များပြားသော တောင်းဆိုချက်များ ရှိကြပြီး သူ့ထံမှ အလွန်အမင်း တောင်းဆိုကြသည်။ ၎င်းတို့တွင် အသိစိတ် စိုးစဉ်းမျှပင် မရှိကြချေ။ လူများသည် ဘုရားသခင်က ဤသည်ကို သို့မဟုတ် ထိုသည်ကို လုပ်ပေးပါရန် အစဉ်သဖြင့် တောင်းဆိုနေကြသော်လည်း သူ့ထံ အပြည့်အဝ ကျိုးနွံနာခံဖို့ကိုဖြစ်စေ၊ သူ့ကို ကိုးကွယ်ဖို့ကိုဖြစ်စေ ၎င်းတို့ မတတ်နိုင်ကြပေ။ ထိုအစား ၎င်းတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများအပေါ် မူတည်၍ ယုတ္တိမတန်သော တောင်းဆိုချက်များကို ၎င်းတို့ ပြုလုပ်ကြသည်။ ဘုရားသခင်သည် အလွန် သဘောထားကြီးဖို့ကိုလည်းကောင်း၊ မည်သည့်အရာကြောင့်မျှ သူသည် မည်သည့်အခါမျှ စိတ်မဆိုးဖို့ကိုလည်းကောင်း၊ လူများကို သူမြင်သည့်အချိန်တိုင်း သူသည် အစဉ်သဖြင့် ပြုံးနေသင့်ပြီး ၎င်းတို့ကို အစဉ်သဖြင့် စကားပြောပေးနေသင့်သည်ဟုလည်းကောင်း၊ ၎င်းတို့ကို သမ္မာတရားဖြင့် ပံ့ပိုးပေးသင့်ပြီး ၎င်းတို့ကို သမ္မာတရားဖြင့် မိတ်သဟာယ ဖွဲ့ပေးသင့်ဟုလည်းကောင်း တောင်းဆိုကြသည်။ သူက အစဉ်သဖြင့် စိတ်ရှည်ဖို့နှင့် ၎င်းတို့အနားတွင် ရှိနေစဉ် သူသည် ယဉ်ကျေးဖော်ရွေသော မျက်နှာအမူအရာ ထားဖို့ကိုလည်း ၎င်းတို့ တောင်းဆိုကြသေးသည်။ လူများတွင် တောင်းဆိုချက်များ အလွန်ပင် များပြားလှသည်။ ၎င်းတို့သည် ဇီဇာကြောင်လွန်းသည်။ ဤကိစ္စရပ်များကို သင်တို့ ဆန်းစစ်သင့်သည်။ လူသား၏ အသိစိတ်သည် အလွန်ညံ့ဖျင်းသည်၊ ဟုတ်သည်မဟုတ်လော။ လူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များထံ အပြည့်အဝ ကျိုးနွံနာခံဖို့ သို့မဟုတ် ဘုရားသခင်ထံမှလာသမျှကို လက်ခံဖို့ မတတ်နိုင်ရုံသာမက ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ထပ်တိုး တောင်းဆိုချက်များ ချမှတ်ကြသည်။ ထိုကဲ့သို့သော တောင်းဆိုချက်များနှင့် လူများသည် ဘုရားသခင်အပေါ် မည်သို့ သစ္စာရှိနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အစီအစဉ်များကို မည်ကဲ့သို့ ကျိုးနွံနာခံနိုင်မည်နည်း။ ဘုရားသခင်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူများအားလုံးတွင် ဘုရားသခင်က ၎င်းတို့ကို မည်သို့ ချစ်သင့်ကြောင်း၊ သည်းခံသင့်ကြောင်း၊ စောင့်ကြပ်သင့်ကြောင်း၊ ကာကွယ်ပေးသင့်ကြောင်းနှင့် စောင့်ရှောက်ပေးသင့်ကြောင်း တောင်းဆိုချက်များ ရှိကြသည်။ သို့တိုင်အောင် ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်ကို မည်သို့ ချစ်သင့်ကြောင်း၊ ဘုရားသခင်အကြောင်းကို တွေးသင့်ကြောင်း၊ ဘုရားသခင်ကို အလေးထားသင့်ကြောင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဆောင်သင့်ကြောင်း၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ထားရှိသင့်ကြောင်းနှင့် ပြီးလျှင် ဘုရားသခင်ကို ကိုးကွယ်သင့်ကြောင်း ဆိုသည်တို့အတွက်မူ သတ်မှတ်ချက်တစ်စုံတစ်ရာ မရှိပေ။ လူများ၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိသလော။ ဤသည်တို့မှာ လူများက ပြီးမြောက်သင့်သည့်အရာများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများတွင် လုံ့လဝီရိယရှိရှိဖြင့် ရှေ့သို့ ဆက်၍ မတိုးကြသနည်း။ လူအချို့သည် အချိန်ကာလတစ်ခုကြာအောင် စိတ်အားထက်သန်တက်ကြွနိုင်ကြပြီး အရာများကို အတော်အတန် စွန့်လွှတ်နိုင်ကြကာ မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြသည်။ သို့သော် ယင်းမှာ ကြာရှည်မခံပါ။ အနည်းငယ်သော ဆုတ်ဆိုင်းမှုတစ်ခုကို ကြုံကြိုက်ရခြင်းဖြင့် ၎င်းတို့ကို စိတ်ပျက်အားလျော့လာစေနိုင်သည်၊ မျှော်လင့်ချက် ပျက်သုန်းသွားပြီး စောဒကတက်လာစေနိုင်သည်။ လူများတွင် အခက်အခဲပေါင်း မြောက်မြားစွာ ရှိကြသည်။ ပြီးလျှင် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ချစ်ဖို့နှင့် စိတ်ကျေနပ်အောင်လုပ်ဖို့ အားထုတ်သော လူများမှာ နည်းပါးလွန်းလှသည်။ လူသားများသည် အသိစိတ် လုံးလုံး ကင်းမဲ့ကြသည်။ ၎င်းတို့သည် မှားသည့်နေရာတွင် ရပ်တည်ကြပြီး မိမိတို့ကိုယ်ကို ထူးထူးခြားခြား တန်ဖိုးကြီးသူများအဖြစ် ရှုမြင်ကြသည်။ “ဘုရားသခင်က ကျွန်တော်တို့ကို သူ့ရဲ့အသည်းကြော်တွေအနေနဲ့ ရှုမြင်တယ်။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့အတွက် သူ့ရဲ့ တစ်ပါးတည်းသော သားတော်ကို လက်ဝါးကပ်တိုင်မှာ သံမှိုစွဲခွင့်ပြုဖို့တောင် သူ မတွေဝေနေခဲ့ဘူး။ ဘုရားသခင်က ကျွန်‌တော်တို့ကို ပြန်ဝယ်ဖို့ အဖိုးအခကြီးကြီး ပေးဆပ်ခဲ့ပါတယ်။ ကျွန်တော်တို့က အရမ်းကို အဖိုးထိုက်ပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးထဲမှာ အားလုံးက နေရာတစ်ခု ယူထားကြတယ်။ ကျွန်တော်တို့က အထူးသီးသန့်လူတစ်စုဖြစ်ကြပြီး ဘာသာတရားမရှိသူတွေထက် အများကြီး ပိုမြင့်မားတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ကြတယ်။ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ရဲ့ လူတွေပဲ” ဟု ပြောသောသူများလည်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသည်ဟု ထင်ကြသည်။ ရာထူးတိုးပြီးသည့်နောက်တွင် ဘုရားသခင့်အိမ်တော်၌ ၎င်းတို့တွင် အချို့သောအဆင့်အတန်းနှင့် ရာထူးနေရာတစ်ခု ရှိခဲ့သည်ဟု ယုံကြည်ရင်း အတိတ်တွင် ခေါင်းဆောင်များစွာတို့သည် ဤစိတ်နေသဘောထားမျိုး ရှိခဲ့ကြသည်။ “ဘုရားသခင်က ကျွန်တော့်ကို လေးစားမှုအများကြီး ရှိပြီး အကောင်းမြင်တယ်။ အဲဒီအပြင် သူက ကျွန်တော့်ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစေခံဖို့ ခွင့်ပြုခဲ့တယ်။ ကျွန်တော်လည်း သူ့အတွက် အစွမ်းကုန် လှည့်လည်သွားလာပြီး အလုပ်လုပ်ပေးရမယ်” ဟု ၎င်းတို့ ထင်ခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ကျေနပ်အားရနေခဲ့ကြသည်။ သို့ရာတွင် အချိန်ကာလ အပိုင်းအခြားတစ်ခုခန့် ကြာပြီးနောက်တွင် ၎င်းတို့သည် ဆိုးရွားသောအရာတစ်ခုကို လုပ်ခဲ့ကြကာ ၎င်းတို့၏စရိုက်မှန်များ ပေါ်လာခဲ့ကြပြီးနောက် ၎င်းတို့ကို အစားထိုးခံခဲ့ကြရသည်၊ ထို့နောက်တွင် ၎င်းတို့သည် စိတ်မချမ်းမြေ့ဘဲ စိတ်ပျက်အားလျော့ခဲ့ကြသည်။ ၎င်းတို့၏မလျော်ကန်သော အပြုအမူသည် ဖော်ထုတ်ခံရပြီး ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့သည် ပို၍ပင် အပျက်သဘောဆောင်လာကြပြီး ဆက်၍ယုံကြည်ဖို့ကို မတတ်နိုင်ကြတော့ပေ။ “ဘုရားသခင်က ကျွန်တော့်ရဲ့ခံစားချက်တွေကို သိပ်မငဲ့ကွက်ဘူး။ သူက ကျွန်တော့်ဂုဏ်သိက္ခာကို ဆယ်ဖို့ လုံးဝကို ဂရုမစိုက်တာပါ။ လူတွေရဲ့ အားနည်းချက်တွေကို ဘုရားသခင်က စာနာတယ်လို့ ပြောကြတယ်။ ဒါဆိုရင် ပြစ်မှားမှု အသေးအဖွဲတချို့ကို ကျူးလွန်မိပြီးတဲ့နောက်မှာ ကျွန်တော်က ဘာဖြစ်လို့ ဖယ်ရှားခံရတာလဲ” ဟု မိမိတို့ဘာသာ တွေးခဲ့ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် စိတ်ပျက်အားလျော့လာခဲ့ကြပြီး ၎င်းတို့၏ယုံကြည်ခြင်းကို စွန့်ပစ်ဖို့ လိုလားခဲ့ကြသည်။ ထိုကဲ့သို့သောလူများတွင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိသလော။ အကယ်၍ ၎င်းတို့သည် ပြုပြင်ခြင်းကိုပင် လက်မခံနိုင်ပါက ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးနုပ်လွန်းလှသည်။ ထို့ပြင် အနာဂတ်တွင် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်မှာလည်း မသေချာပါ။ ထိုကဲ့သို့သော လူများသည် အန္တရာယ်ရှိနေပြီဖြစ်သည်။

လူများသည် မိမိတို့ကိုယ်ကို ကြီးမားသော တောင်းဆိုချက်များကို မတောင်းဆိုကြသော်လည်း ဘုရားသခင်ကိုမူ ကြီးမားသော တောင်းဆိုချက်များကို ပြုကြသည်။ ၎င်းတို့သည် ၎င်းတို့အား အထူးကြင်နာခြင်းကို ပြသဖို့၊ ၎င်းတို့ကို စိတ်ရှည်ဖို့နှင့် လိုက်လျောဖို့၊ ၎င်းတို့ကို ချစ်ခင်မြတ်နိုးဖို့၊ ၎င်းတို့အတွက် ထောက်ပံ့ဖို့နှင့် ၎င်းတို့ကို ပြုံးပြဖို့၊ ၎င်းတို့ကို သည်းခံဖို့၊ ၎င်းတို့အတွက် ကင်းလွတ်သက်ညှာခွင့်များ ပေးဖို့နှင့် ၎င်းတို့ကို နည်းလမ်းများစွာဖြင့် စောင့်ရှောက်ဖို့ သူ့ကို တောင်းဆိုကြသည်။ သူသည် ၎င်းတို့ကို လုံးဝ စည်းကမ်းမတင်းကျပ်ဖို့ သို့မဟုတ် ၎င်းတို့ကို စိတ်ပျက်စေသည့် မည်သည့်အရာကိုမျှ စိုးစဉ်းမျှ မလုပ်ဖို့ ၎င်းတို့ မျှော်လင့်ကြသည်။ ပြီးလျှင် နေ့တိုင်း ၎င်းတို့ကို သူက ချော့မော့သည့်စကားများကို ပြောနေပါမှ ၎င်းတို့ စိတ်ကျေနပ်သည်။ လူသားများတွင် ထိုကဲ့သို့သော ညံ့ဖျင်းသည့် အသိစိတ်ရှိကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်သင့်ကြောင်း၊ ၎င်းတို့ မည်သည်ကို ပြီးမြောက်သင့်ကြောင်း၊ ၎င်းတို့တွင် မည်သည့်ထင်မြင်ချက်များရှိသင့်ကြောင်း၊ ဘုရားသခင်ကို အစေခံဖို့ မည်သည့်နေရာတွင် ၎င်းတို့ ရပ်တည်သင့်ကြောင်းနှင့် ၎င်းတို့ နေရာယူဖို့ မည်သည့်နေရာက သင့်တော်သည်ဆိုသည်တို့အပေါ်တွင် ၎င်းတို့သည် မရှင်းလင်း ဖြစ်နေသည်။ အဆင့်အတန်းအနည်းငယ် ရှိသောလူများသည် မိမိတို့ကိုယ်ကို အလွန် အထင်ကြီးကြသည်။ ထို့ပြင် အဆင့်အတန်း မရှိသောသူများသည်လည်း မိမိတို့ကိုယ်ကို အတော်အတန် အထင်ကြီးကြသည်။ လူသားများသည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မသိကြပေ။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် သူက သင့်ကို မည်သို့စကားပြောသည်ဖြစ်စေ၊ သူက သင့်ကို မည်မျှစည်းကမ်းတင်းကျပ်သည်ဖြစ်စေ၊ ပြီးလျှင် သူက သင့်ကို မည်မျှလျစ်လျူရှုထားနိုင်သည်ဖြစ်စေ၊ စောဒကတက်ခြင်း မရှိဘဲ သင်သည် ဆက်၍ ယုံကြည်နိုင်ပြီး သင့်တာဝန်ကို ထုံးစံအတိုင်း ဆက်၍ လုပ်နိုင်သည့်နေရာကို ရောက်ရမည်။ ထိုအခါတွင် သင်သည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူတစ်ဦးဖြစ်လာလိမ့်မည်၊ ပြီးလျှင် သင့်တွင် ဝိညာဉ်ရင့်ကျက်မှုအချို့နှင့် သာမန်လူတစ်ဦး၏ အသိစိတ်အနည်းငယ်ကို အမှန်တကယ် ရရှိလာလိမ့်မည်။ သင်သည် ဘုရားသခင်ထံတွင် တောင်းဆိုမှုများ လုပ်မည် မဟုတ်ပေ။ သင့်တွင် လွန်ကဲသော လိုအင်ဆန္ဒများ ရှိတော့မည် မဟုတ်ပေ။ ပြီးလျှင် သင်၏ တစ်ကိုယ်ရေ နှစ်သက်မှုများအပေါ် မူတည်၍ အခြားသူများထံမှ သို့မဟုတ် ဘုရားသခင်ထံမှနေ၍ တောင်းဆိုမှုများကို သင် လုပ်တော့မည် မဟုတ်ပေ။ ဤသည်က လူသားပုံသဏ္ဌာန်ကို သင်အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ကြောင်းကို ပြလိမ့်မည်။ လောလောဆယ် သင်တို့တွင် တောင်းဆိုချက်များ မြောက်မြားစွာရှိကြသည်။ ဤတောင်းဆိုချက်များသည် အလွန်အကျွံ ဖြစ်လွန်းပြီး သင့်တွင် များပြားလွန်းသည့် လူ့ရည်ရွယ်ချက်များ ရှိသည်။ ဤသည်က သင်သည် မှန်ကန်သောနေရာတွင် မရပ်တည်နေခြင်းကို သက်သေပြသည်။ သင်ရပ်တည်နေသည့်နေရာသည် မြင့်လွန်းပြီး သင်သည် သင့်ကိုယ်သင် အလွန်ပင် ဂုဏ်အသရေ ရှိလွန်းသူအဖြစ် မြင်သည်။ ဘုရားသခင်အောက် များစွာ မနိမ့်ကျသောနေရာတွင် သင်ရှိဘိသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သင်သည် ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသည်။ ပြီးလျှင် ဤသည်မှာ စာတန်၏သဘောသဘာဝ အတိအကျပင်ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သောအခြေအနေများ သင့်အတွင်းတွင် တည်ရှိပါက သင်သည် ဧကန်မုချ ပို၍ မကြာခဏ အပျက်သဘောဆောင်လာလိမ့်မည်၊ ထို့ပြင် ပုံမှန်ဖြစ်သည့် အကြိမ်ရေပိုနည်းသွားလိမ့်မည်၊ ထို့ကြောင့် သင့်အသက်တာတိုးတက်မှုသည် နှေးကွေးသွားလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် စိတ်နှလုံးဖြူစင်ပြီး ဇီဇာကြောင်ခြင်း နည်းပါးသောသူတို့သည် သမ္မာတရားကို အလွယ်တကူ လက်ခံကြလိမ့်မည်ဖြစ်ပြီး ပို၍မြန်မြန် တိုးတက်လာလိမ့်မည်။ စိတ်နှလုံးဖြူစင်သူများသည် ဆင်းရဲဒုက္ခများစွာကို မတွေ့ကြုံမခံစားရသော်လည်း သင့်တွင် အလွန်ပြင်းထန်သော ခံစားချက်များရှိကြသည်၊ သင်သည် ဇီဇာကြောင်လွန်းသည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို အစဉ်သဖြင့် တောင်းဆိုချက်များ ပြုသည်၊ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်ခံရာတွင် ကြီးမားသော ခလုတ်တံသင်းများကို ရင်ဆိုင်ကြုံတွေ့ရပြီး သင်၏ အသက်တာ တိုးတက်မှုသည် နှေးကွေးစွာ ရှေ့ဆက်သည်။ လူအချို့သည် အခြားသူများက ၎င်းတို့ကို မည်သို့ တိုက်ခိုက်ပြီး ဖယ်ကြဉ်ထားပါစေ ၎င်းတို့က မပြောင်းလဲဘဲ လိုက်စားကြပြီး ထိုအရာကြောင့် စိုးစဉ်းမျှပင် မထိခိုက်ပေ။ ဤကဲ့သို့သော လူများသည် စိတ်ထားမြင့်မြတ်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ဆင်းရဲဒုက္ခခံစားရခြင်း အနည်းငယ်ပို၍ နည်းပါးပြီး ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် အနည်းငယ် ပို၍နည်းပါးသော အတားအဆီးများကို ရင်ဆိုင်ကြုံတွေ့ကြသည်။ သင်သည် ဇီဇာကြောင်ပြီး တစ်ခုမဟုတ် တစ်ခုကြောင့် အမြဲတစေ ထိခိုက်ခြင်းခံရလေသည်။ လူတစ်ဦးက သင့်ကို မနှစ်သက်သည့်ပုံစံဖြင့် ကြည့်သည်ဖြစ်စေ၊ သင့်ကို အထင်သေးသည်ဖြစ်စေ၊ လျစ်လျူရှုသည် ဖြစ်စေ၊ ဘုရားသခင် ပြောသည့်အရာက သင်၏ ဒဏ်ရာဟောင်းကို ပိုမိုပြင်းထန်စေသည်ဖြစ်စေ၊ ဘုရားသခင်ပြောသည့် မည်သည့်စကားက သင်၏ စိတ်နှလုံးကို ထိုးဖောက်ပြီး သင်၏ မိမိကိုယ်ကို လေးစားမှုအား ထိခိုက်စေသည်ဖြစ်စေ၊ ဘုရားသခင်က မည်သည့်ကောင်းသောအရာများကို အခြားသူတစ်ဦးကို ပေးပြီး သင့်ကိုမပေးသည်ဖြစ်စေ သင်သည် အပျက်သဘောဆောင်လာပြီး ဘုရားသခင်ကိုပင် အထင်လွဲနိုင်သည်။ ဤကဲ့သို့သောလူများသည် ဇီဇာကြောင်ပြီး အနည်းငယ် အသိခေါက်ခက် အဝင်နက်လေ၏။ လူတစ်ဦးက ၎င်းတို့အပေါ် သမ္မာတရားအား မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် လက်ကို မခံကြဘဲ ၎င်းတို့၏ ပြဿနာများသည် ဖြေရှင်းမရဘဲ ဖြစ်သွားလိမ့်မည်။ ဤကဲ့သို့သောလူများသည် ကိုင်တွယ်ဖြေရှင်းဖို့ အခက်ခဲဆုံးဖြစ်ကြသည်။

“ကျွန်တော် တစ်ခုခုလုပ်ရင်းနဲ့ အမှားလုပ်ခဲ့မိတယ်။ နောက်ပိုင်းမှာ ဆင်းရဲဒုက္ခတချို့ကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ နားလည်မှုနည်းနည်းကို ကျွန်တော် ရလာခဲ့တယ်” ဟူ၍ ဤနည်းဖြင့် သင်တို့ မိတ်သဟာယဖွဲ့ကြသည်ကို ငါ မကြာခဏ ကြားရသည်။ လူအများစုတွင် ဤကဲ့သို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးကြသည်၊ ဤအတွေ့အကြုံသည် အလွန်ပေါ့တန်သည်။ ဤအနည်းငယ်သောနားလည်မှုသည် နှစ်ပေါင်းများစွာ ကြာအောင် အတွေ့အကြုံများကို ကြုံတွေ့ခံစားရပြီးသည့်နောက်ပိုင်းတွင် ရောက်လာနိုင်သည်။ ပြီးလျှင် လူများသည် ဆင်းရဲဒုက္ခများစွာကို တွေ့ကြုံရနိုင်ပြီး ဤအနည်းငယ်မျှသော နားလည်မှုနှင့် ပြောင်းလဲခြင်းကို ရဖို့အတွက်သက်သက်ဖြင့် ခက်ခဲကြမ်းတမ်းပြီး မနှစ်မြို့ဖွယ်ကောင်းသော အတွေ့အကြုံကို ဖြတ်သန်းခဲ့ရသည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သနားဖွယ် ကောင်းလိုက်လေခြင်းပါတကား။ လူများ၏ယုံကြည်မှုထဲတွင် မစင်ကြယ်မှုများစွာရှိကြသည်။ ဘုရားသခင်အပေါ် ယုံကြည်ဖို့ ၎င်းတို့အတွက် ကြိုးပမ်းအားထုတ်မှုများစွာ အလွန်လိုအပ်သည်။ ယနေ့ခေတ်အထိ လူတိုင်း၏အတွင်းတွင် မစင်ကြယ်မှုများစွာ ရှိနေဆဲပင်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို တောင်းဆိုမှုများစွာ ပြုလုပ်နေကြဆဲဖြစ်သည်။ ဤသည်မှာ လူသား၏မစင်ကြယ်မှုများအားလုံးဖြစ်ကြသည်။ ထိုကဲ့သို့သော မစင်ကြယ်မှုများကို ပိုင်ဆိုင်ခြင်းသည် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိကြောင်း သက်သေဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြခြင်းတစ်ခုဖြစ်သည်။ လူသားက ဘုရားသခင်ကို ပြုသော တောင်းဆိုချက်များအနက် သင့်တော်သောတောင်းဆိုချက်များနှင့် မသင့်တော်သော တောင်းဆိုချက်များအကြားတွင် ကွာခြားချက်တစ်ခုရှိသည်။ ဤသည်ကို ရှင်းလင်းပြတ်သားစွာ ပိုင်းခြားသိမြင်ရမည်။ မည်သည့်နေရာတွင် လူသားက ရပ်တည်သင့်ပြီး မည်သည့်အသိစိတ်ကို လူသားက ပိုင်ဆိုင်သင့်သည်ဆိုသည်ကို လူတစ်ဦးသည် ရှင်းရှင်းလင်းလင်း သိရမည်။ လူအချို့သည် လူများရှေ့တွင် ငါ၌ မည်သည့်မျက်နှာအမူအရာမျိုး ရှိသည်ဆိုသည်ကို အစဉ်သဖြင့် အာရုံစိုက်နေကြောင်းနှင့် မည်သူ့ကို ဘုရားသခင်က ကောင်းစွာ ဆက်ဆံပြီး မည်သူ့ကို ဆိုးရွားစွာ ဆက်ဆံသည်ကို အစဉ်သဖြင့် လေ့လာနေကြောင်းကို ငါသတိထားမိပြီးဖြစ်သည်။ အကယ်၍ ၎င်းတို့ကို ဘုရားသခင်က အပျက်သဘောဆောင်သော မျက်နှာအမူအရာတစ်ခုဖြင့် ကြည့်နေသည်ကို ၎င်းတို့ မြင်ပါက သို့မဟုတ် ၎င်းတို့ကို သူက ဖော်ထုတ်‌သည်ကိုဖြစ်စေ၊ ပြစ်တင်ရှုတ်ချသည်ကိုဖြစ်စေ ကြားပါက၊ ၎င်းတို့သည် ယင်းကို လက်မလွှတ်နိုင်ကြပါ။ ၎င်းတို့နှင့် သင်မည်မျှမိတ်သဟာယပြုပါစေ အလုပ်မဖြစ်သကဲ့သို့ အချိန်မည်မျှများများ ကုန်လွန်သွားပါစေ ၎င်းတို့သည် နောက်ပြန် မလှည့်နိုင်တော့ပေ။ ထိုပြောပြီးသွားသော စကားတစ်ခွန်းကို ဖက်တွယ်ထားပြီး ၎င်းတို့အပေါ် ဘုရားသခင်၏သဘောထားကို ဆုံးဖြတ်ဖို့ ထိုစကားကို သုံးခြင်းဖြင့် မိမိတို့ကိုယ်ကိုအပေါ် စီရင်ချက်ချသည်။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းတွင် သာယာနေပြီး တစ်စုံတစ်ယောက်က ၎င်းတို့အပေါ် သမ္မာတရားကို မည်မျှမိတ်သဟာယပြုပါစေ လက်ခံဖို့ ၎င်းတို့ ဆန္ဒမရှိကြပေ။ ဤသည်မှာ ယုတ္တိမတန်ပေ။ လူသားသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ပတ်သက်၍ သိမြင်မှု စိုးစဉ်းမျှပင် မရှိကြောင်းနှင့် လုံးဝ နားမလည်ကြောင်း သိသာထင်ရှားသည်။ လူများသည် နောင်တရဖို့နှင့် ပြောင်းလဲဖို့ တတ်နိုင်သရွေ့ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားသည်လည်း ပြောင်းလဲလိမ့်မည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏သဘောထားက မပြောင်းလဲပါက သင့်အပေါ် ဘုရားသခင်၏သဘောထားကရော ပြောင်းလဲနိုင်မည်လော။ အကယ်၍ သင်ပြောင်းလဲပါက သင့်ကို ဘုရားသခင်ဆက်ဆံသည့်နည်းလမ်းသည် ပြောင်းလဲလိမ့်မည်၊ သို့သော် အကယ်၍ သင်မပြောင်းလဲပါက သင့်အပေါ် ဘုရားသခင်၏ဆက်ဆံပုံကလည်း ပြောင်းလဲမည် မဟုတ်ပေ။ လူအချို့တွင် ဘုရားသခင် မုန်းတီးသည့်အရာ၊ သူနှစ်သက်သည့်အရာ၊ သူ၏ဝမ်းမြောက်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှု၊ သူ၏အနန္တတန်ခိုးနှင့် ပြီးလျှင် သူ၏ ဉာဏ်ပညာတို့အကြောင်း သိမြင်မှု မရှိကြသေးပါ။ ထို့ပြင် ၎င်းတို့သည် သိမြင်နားလည်နိုင်သော အသိပညာအချို့နှင့်ပတ်သက်၍ပင် မပြောနိုင်ကြပါ။ ဤသည်မှာ လူသားကို ကိုင်တွယ်ဖို့ အလွန်ခက်ခဲအောင် လုပ်သည့်အရာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို ပြောသည့် ရည်ရွယ်ချက်ကောင်း ရှိသော စကားများအားလုံးကို လူသားသည် မေ့လျော့သော်လည်း အကယ်၍ ဘုရားသခင်သည် ကြမ်းတမ်းခက်ထန်သော မှတ်ချက်တစ်ခု ပေးလိုက်ရုံမျှဖြင့် သို့မဟုတ် ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းနှင့်ဆိုင်သော ဝါကျတစ်ကြောင်းကို ပြောလိုက်ရုံမျှဖြင့် ထိုအရာက လူသား၏စိတ်နှလုံးကို ထိုးဖောက်လေသည်။ လူများသည် စိတ်ပျက်ဝမ်းနည်းလာစဉ်၊ အပျက်သဘောဆောင်လာစဉ်နှင့် တရားစီရင်ခြင်း၊ ပြုပြင်ခြင်းနှင့်ပတ်သက်သော စကားများကို ကြားရာတွင် ဣန္ဒြေမဆည်နိုင်ဖြစ်လာသော်လည်း အပြုသဘောဆောင်သည့် လမ်းညွှန်သောစကားများကိုမူ အဘယ်ကြောင့် အလေးအနက် မခံယူကြသနည်း။ နောက်ဆုံးတွင် ၎င်းတို့ မပြောင်းလဲမီ လေးလေးနက်နက် ဆင်ခြင်ကြည့်ရှုဖို့ အချိန်အကြာကြီး ကြာကောင်းကြာနိုင်သည်။ ပြီးလျှင် ဘုရားသခင်၏နှစ်သိမ့်မှုပေးသော စကားလုံးအချို့နှင့် ဤသည်ကို ပေါင်းစပ်ပြီးနောက်တွင်မှ ၎င်းတို့ အသိတရား ရလာလိမ့်မည်။ ထိုနှစ်သိမ့်မှုပေးသောစကားလုံးများ မပါဘဲ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းမှ ရုန်းထွက်လာနိုင်မည် မဟုတ်ချေ။ လူများသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခါစရှိသေးသောအခါ ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ မှားယွင်းသော သိမြင်မှုနှင့် အထင်လွဲခြင်းများစွာ ရှိကြသည်။ ၎င်းတို့ မှန်ကန်သည်ဟု ၎င်းတို့သည် အစဉ်သဖြင့် ယုံကြည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများကို အစဉ်သဖြင့် တွယ်ဖက်ထားသည်။ ပြီးလျှင် အခြားလူများပြောသည့်အရာများကို ၎င်းတို့ လက်မခံကြပါ။ အတွေ့အကြုံ သုံးနှစ်မှ ငါးနှစ်အထိ ရှိပြီးသည့်နောက်မှသာ ၎င်းတို့သည် တဖြည်းဖြည်း နားလည်စပြုလာသည်၊ ထိုးထွင်းအမြင်ရစပြုလာသည်၊ ၎င်းတို့ မှားနေကြောင်းကို သတိပြုမိစပြုလာပြီး ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ မည်မျှခက်ခဲကြောင်း သိမြင်စပြုလာသည်။ ထိုအခါမှသာ ၎င်းတို့သည် အရွယ်ရောက်ဘိသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် အတွေ့အကြုံပိုရလာသောကြောင့် ဘုရားသခင်ကို ၎င်းတို့ နားလည်လာသည်။ ထို့ပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏အထင်လွဲခြင်းများလည်း လျော့ပါးသွားသည်၊ ၎င်းတို့သည် စောဒကမတက်တော့ပါ။ ထို့ပြင် ၎င်းတို့တွင် ဘုရားသခင်အပေါ် သာမန်ယုံကြည်ခြင်း ရှိစပြုလာသည်။ အတိတ်ကာလနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အရွယ်ရောက်သူတစ်ယောက်နှင့် ပို၍တူလာသည်။ ၎င်းတို့သည် ကလေးများကဲ့သို့ ဖြစ်လေ့ရှိခဲ့သည်။ စိတ်ကောက်တတ်သည်၊ အပျက်သဘောဆောင်တတ်သည်၊ ပြီးလျှင် အချို့အချိန်များတွင် ဘုရားသခင်နှင့် ခပ်ခွာခွာနေကြသည်။ ထိုထိုသောအချို့ကိစ္စများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် စောဒကတက်ကောင်း တက်နိုင်သည်။ ဘုရားသခင်၏ အချို့သောနှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသစ်ဆုံးသော အယူအဆနှင့်ဆိုင်သောအကြောင်းအရာ ဖြစ်လာနိုင်သည်။ ထို့ပြင် အချို့အချိန်များတွင် ဘုရားသခင်ကို ၎င်းတို့ သံသယဝင်စပြုမိနိုင်သည်။ ဤသည်မှာ လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှု နည်းပါးလွန်းသောအခါ ဖြစ်တတ်ပုံဖြစ်သည်။ ယခုတွင် ၎င်းတို့သည် အတွေ့အကြုံများစွာ ရခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခဲ့ကြသည်။ ၎င်းတို့သည် တိုးတက်မှုရှိလာပြီး ယခင်ကထက် များစွာ ပို၍တည်ငြိမ်လာခဲ့ကြသည်။ ဤအရာအားလုံးမှာ သမ္မာတရားကို နားလည်ခြင်း၏ ရလဒ်ပင်ဖြစ်သည်။ ယင်းမှာ ၎င်းတို့အတွင်းတွင် သမ္မာတရားက အကျိုးသက်ရောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လူများ နားလည်ပြီး ၎င်းကို လက်ခံနိုင်သရွေ့ ၎င်းတို့ မဖြေရှင်းနိုင်သောအခက်အခဲဟူ၍ မရှိပေ။ ပြီးလျှင် ၎င်းတို့ မည်မျှကြာအောင် တွေ့ကြုံရပါစေ တစ်ခုခုကို ၎င်းတို့ အစဉ်သဖြင့် ရနေလိမ့်မည်။ အကယ်၍ ၎င်းတို့သည် လုံလောက်သည့်အချိန်တစ်ခု ကြာသည့်တိုင်အောင် အတွေ့အကြုံ မရှိပါက မဖြစ်သည်မှာ အမှန်ပေ။ သို့သော် ၎င်းတို့၏ အတွေ့အကြုံတစ်ခုချင်းစီမှနေ၍ အကျိုးကျေးဇူးကို ခံစားရသရွေ့ ၎င်းတို့သည် အသက်တာတွင် လျင်မြန်စွာ ကြီးထွားလာလိမ့်မည်။

ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ကြီးကြပ်သူတစ်ဦး ဖြစ်လာဖို့ သို့မဟုတ် အရေးကြီးသောတာဝန်များကို ထမ်းဆောင်ရန် ယခု သင်တို့သည် ပျိုးထောင်ခံနေရခြင်း ဖြစ်သည်ဟူသည့်အချက်က သင်တို့တွင် ပို၍ကြီးသော ဝိညာဉ်ရင့်ကျက်မှုတစ်ခုရှိသည်ဟု သက်သေပြနေခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ သင်တို့သည် သာမန်လူထက် အနည်းငယ် ပို၍ကောင်းသော အစွမ်းအစရှိကြကြောင်း၊ သင်၏လိုက်စားခြင်းတွင် သင်သည် အနည်းငယ် ပို၍ စိတ်ထက်သန်ကြောင်းနှင့် သင့်ကို ပျိုးထောင်ရာတွင် တန်ဖိုးအနည်းငယ် ပို၍ရှိကြောင်းတို့ဖြစ်သည်။ ယင်းက သင်တို့သည် ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ကြောင်း သို့မဟုတ် ဘုရားစီစဉ်ညွှန်ကြားမှုများ၏ ပြုသမျှကိုခံနိုင်ကြောင်း သေချာပေါက် မဆိုလိုပေ။ ထို့ပြင် ၎င်းက သင်တို့သည် သင်တို့၏ ရှေ့ရေးများနှင့် မျှော်လင့်ချက်များကို ဘေးသို့ဖယ်ထားပြီဟု မဆိုလိုပေ။ လူများတွင် ယခုထက်ထိတိုင် ဤကဲ့သို့သော အသိစိတ်မျိုး မရှိကြသေးပေ။ သင်တို့သည် အလုပ်လုပ်နေစဉ်အတွင်း ကောင်းချီးများရဖို့ ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒများနှင့် လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများပင်လျှင်အပါအဝင် အပျက်သဘောဆောင်ခြင်း အချို့ကို သင်တို့နှင့်အတူ သယ်ဆောင်နေကြသေးသည်။ တစ်ချိန်တည်းတွင် သင်၏ အလုပ်ကို လုပ်ဆောင်ရာတွင် ရွှင်ပျသော လိုလားမှုကြောင့် လုပ်ရမည့်အစား အတိတ်မှ အပြစ်များကို ကောင်းမှုများမှတစ်ဆင့် သင်သည် အပြစ်ဖြေနေသည့်အလား သင့်အလုပ်ကို လုပ်နေစဉ်အတွင်း အချို့သော စိတ်ခံစားချက်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို သင် သယ်ဆောင်သည်။ ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံသည်ဖြစ်စေ သူ၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များနှင့်အညီ ပြုမူဆောင်ရွက်ဖို့ကိုသာ အလေးထားသည့်နေရာသို့လည်း သင်လည်း မရောက်ရှိသေးပေ။ ဤသည်ကို သင်တို့ စွမ်းဆောင်ရယူနိုင်သလော။ လူများတွင် ဤအသိစိတ် မရှိကြပေ။ “ကျွန်တော့်အပေါ်ကို ဘုရားသခင်က ဘယ်လိုသဘောထားမျိုး အတိအကျ ထားရှိသလဲ။ ဘုရားသခင်အတွက် အစေခံမှုပေးဖို့ သူက ကျွန်တော့်ကို အသုံးချနေတာလား၊ ဒါမှမဟုတ် ကျွန်တော့်ကို ကယ်တင်နေပြီး စုံလင်စေအောင် လုပ်နေတာလား” ဟု တွေးရင်း ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်ဖို့ ကြိုးစားချင်ကြသည်။ ဤနည်းအတိုင်း ၎င်းတို့အားလုံးသည် အဓိပ္ပာယ်ကောက်ဖို့ ကြိုးစားချင်ကြသည်။ ပြောဖို့ ၎င်းတို့ မဝံ့ရဲရုံသာဖြစ်သည်။ ပြောဖို့ ၎င်းတို့ မဝံ့ရဲဟူသောအချက်က ၎င်းတို့ကို စိုးမိုးခြယ်လှယ်နေသော စိတ်ကူးတစ်ခု ရှိနေသေးကြောင်းကို သက်သေပြသည်။ “အဲဒီအကြောင်းကို ပြောရတာက အဓိပ္ပာယ်မရှိဘူး။ အဲဒါက ကျွန်တော့်ရဲ့ သဘာဝပဲ။ အဲဒါကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။ ဆိုးတဲ့အရာတစ်ခုခုကို လုပ်တာက ရှောင်နိုင်သရွေ့ လုံလောက်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ မတောင်းဆိုဘူး” ဟူ၍ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင် ဝတ်ကျေတမ်းကျေ ဖြစ်သော တွေးခေါ်ပုံတစ်ခုကိုလည်း ထားရှိစဉ် နိမ့်နိုင်သမျှအနိမ့်ဆုံးနေရာအထိ မိမိတို့ကိုယ်ကို ဘောင်ခတ်ထားကြကာ နောက်ဆုံးတွင် အဆုံးသတ်ရောက်ရာ၌ တိုးတက်မှုမရှိချေ။ အကြိမ်အနည်းငယ်မျှ မိတ်သဟာယ ပြုပြီးသည့်နောက်ပိုင်းတွင်မှသာ သင်တို့အားလုံးသည် သမ္မာတရား အနည်းငယ်ကို နားလည်စပြုကြပြီး သမ္မာတရားစစ်မှန်မှုနှင့်ပတ်သက်၍ အနည်းငယ်ကို သိလာကြသည်။ သင်အသုံးချခံရသည်ဖြစ်စေ၊ အသုံးချမခံရသည်ဖြစ်စေ၊ သင့်အပေါ် ဘုရားသခင်က မည်သည့်သဘောထားရှိသည်ဖြစ်စေ ဤအရာများသည် အရေးမကြီးချေ။ သင်၏ တက်ကြွသော အားထုတ်မှုများ၊ သင်လျှောက်ဖို့ ရွေးချယ်လိုက်သည့်လမ်းကြောင်းနှင့် သင်သည် နောက်ဆုံးတွင် ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်တို့အပေါ်တွင် အဓိက မူတည်နေသည်။ ဤအရာများသည် အရေးအကြီးဆုံးသော အချက်များဖြစ်ကြသည်။ သင့်အပေါ်တွင် ဘုရားသခင်က မည်မျှကောင်းသောသဘောထားတစ်ခုကို ထားရှိသည်ဖြစ်စေ သင် မပြောင်းလဲလျှင် အလုပ်မဖြစ်ပါ။ အကယ်၍ သင်တစ်ခုခုကို ကြုံလာသောအချိန်တိုင်းတွင် မှောက်မှားမိပါက၊ သင်သည် စိုးစဉ်းမျှပင် သစ္စာမရှိပါက သင့်အပေါ်တွင် ဘုရားသခင်က မည်မျှကောင်းသော သဘောထားတစ်ခုကို ထားရှိသည်ဖြစ်စေ ၎င်းက အသုံးဝင်မည်မဟုတ်ပါ။ အရေးကြီးသည့်အရာမှာ သင်လျှောက်ဖို့ ရွေးချယ်သည့် လမ်းကြောင်းဖြစ်သည်။ အတိတ်တွင် ဘုရားသခင်က သင့်ကို ကျိန်ဆဲကောင်း ကျိန်ဆဲနိုင်ပြီး အမုန်းစကားများကို ပြောမိကာ စက်ဆုပ်ခဲ့နိုင်သော်လည်း ယခုတွင် သင်သည် ပြောင်းလဲခဲ့ပြီဖြစ်ပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားသည်လည်း ပြောင်းလဲသွားလိမ့်မည်။ လူများသည် အစဉ်သဖြင့် ကြောက်ရွံ့နေကြသည်၊ စိတ်တထင့်ထင့် ဖြစ်နေကြသည်၊ ပြီးလျှင် စစ်မှန်သောယုံကြည်ခြင်း ကင်းမဲ့နေကြသည်။ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြောင်းကို ပြသသည်။ ယခု သင်တို့တွင် နားလည်ခြင်းအချို့ ရှိပြီဖြစ်သဖြင့် အနာဂတ်တွင် သင့်ထံ ကိစ္စများ ဖြစ်လာသောအခါ သင်သည် အပျက်သဘောဆောင်လာပြီး အားနည်းနေဦးမည်လော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ပြီး သင်၏ သက်သေခံချက်အတွက် ခိုင်မြဲစွာ ရပ်တည်နေနိုင်ဦးမည်လော။ ဘုရားသခင်ထံ သင်သည် စစ်မှန်စွာ ကျိုးနွံနာခံနိုင်မည်လော။ အကယ်၍ ဤအရာများကို သင် စွမ်းဆောင်ရယူနိုင်ပါက သင့်တွင် သာမန်လူ့သဘာဝ၏ အသိစိတ်ရှိလိမ့်မည်။ သင်တို့တွင် ယခု လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ရည်ရွယ်ချက်တို့အကြောင်း သိမြင်မှု မရှိသလော။ အနည်းဆုံးအနေဖြင့် သင့်တွင် အကြမ်းဖျင်းစိတ်ကူးတစ်ခု ရှိသည်။ တစ်နေ့တွင် သမ္မာတရား၏ သွင်ပြင်လက္ခဏာများ အားလုံး၏စစ်မှန်မှုများအချို့ဆီသို့ သင်ဝင်ရောက်နိုင်သောအခါ သင်သည် သာမန်လူ့သဘာဝအတိုင်း လုံးလုံးလျားလျား အသက်ရှင်နေထိုင်နိုင်လိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။