သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈)
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွက်ဖက်ပြောင်းလဲခြင်း ပြဿနာ၏ သဘောသဘာဝက မည်သည်နည်း။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောင်းလဲပြီး သူ၏ဟောပြောချက်ကို စွက်ဖက်ပြောင်းလဲပါက ဤသည်မှာ ဘုရားသခင်ကို အပြင်းထန်ဆုံး ဆန့်ကျင်ပြီး ပုတ်ခတ်စော်ကားရာ ရောက်သည်။ စာတန်နှင့်တူသည့် လူစားများသာလျှင် ဤသို့သော ဒုစရိုက်အမှုမျိုးကို ကျူးလွန်ရန် တတ်နိုင်ကြသည်။ ထိုသူတို့သည် ကောင်းကင်တမန်မင်းနှင့် အတူတူပင် ဖြစ်၏။ ကောင်းကင်တမန်မင်းက ပြောသည်မှာ “ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ပြီး နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်များကို လုပ်ဆောင်နိုင်သည်။ ကျွန်ုပ်လည်း ဤသို့ လုပ်ဆောင်နိုင်၏။ ကိုယ်တော်သည် ပလ္လင်ပေါ်သို့ တက်ခဲ့ပြီးပြီ။ ကျွန်ုပ်လည်း ထိုသို့ လုပ်မည်။ ကိုယ်တော်သည် တိုင်းနိုင်ငံအားလုံးအပေါ် အုပ်စိုးသည်။ ကျွန်ုပ်လည်း အုပ်စိုးသည်ပင်။ ကိုယ်တော်သည် လူသားများကို ဖန်ဆင်းခဲ့၏။ ကျွန်ုပ်မူကား သူတို့ကို စီမံခန့်ခွဲသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကောင်းကင်တမန်မင်း မည်မျှမာနထောင်လွှားပုံ ဖြစ်သည်။ သူ့တွင် အသိစိတ်ဟူ၍ စိုးစဉ်းမျှ မရှိချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွက်ဖက်ပြောင်းလဲခြင်း၏ သဘောသဘာဝသည် ကောင်းကင်တမန်မင်း၏ သဘောသဘာဝနှင့် တူသည်။ ဆိုလိုသည်မှာ ယင်းသည် ဘုရားသခင်ကို တိုက်ရိုက် ဆန့်ကျင်ခြင်းနှင့် ဘုရားသခင်ကို ပုတ်ခတ်စော်ကားခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ကြောင်းပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွက်ဖက်ပြောင်းလဲသော လူများသည် ဘုရားကို အဆန့်ကျင်ဆုံးသော လူများဖြစ်ကြသည်။ သူတို့သည် ဘုရား၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားကြ၏။ သူ့နှုတ်ကပတ်တော်များကို စွက်ဖက်ပြောင်းလဲသော လူများထက် ဘုရားသခင် ပိုမုန်းတီးသည့်သူ မရှိချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွက်ဖက်ပြောင်းလဲခြင်းသည် ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်စော်ကားခြင်းဖြစ်ပြီး ခွင့်လွှတ်၍ မရသော အပြစ်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ စွက်ဖက်ပြောင်းလဲခြင်းအပြင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အခြားအရာ ရှိသေးသည်။ ယင်းမှာ လူတို့က အလုပ်အစီအစဉ်များကို အပြောင်းအလဲများ ပေါ့ပေါ့တန်တန် ပြုလုပ်ရဲပြီး ထို့နောက်တွင် ဘုရားသခင်ရွေးချယ်ထားသော သူများကို အထင်အမြင်မှားစေရန် အသင်းတော်သို့ ထိုအလုပ်အစီအစဉ်များကို လက်ဆင့်ကမ်းလွှဲပေး၍ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဖရိုဖရဲဖြစ်စေသည့်အခါတွင် ဖြစ်သည်။ ဤအရာသည်လည်း ဘုရားသခင်ကို တိုက်ရိုက် ဆန့်ကျင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် တစ်စုံတစ်ခု ဖြစ်သည်။ လူတချို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး လုံးဝ မရှိကြ။ အလုပ်အစီအစဉ်များကို လူက ရေးဆွဲထားခြင်း ဖြစ်သည်၊ အလုပ်အစီအစဉ်များသည် လူထံမှ လာခြင်းဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြ၏။ ထို့ပြင် ဤလူများ၏ အယူအဆများနှင့် မကိုက်ညီသည့် နေရာတိုင်းတွင် သူတို့ဆန္ဒအတိုင်း ၎င်းတို့ကို ပြောင်းလဲပစ်ကြသည်။ ဤသည်က ဘုရားသခင်၏ မည်သည့်စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအား ချိုးဖောက်သည်ကို သင်တို့ သိကြသလော။ (၇။ “အသင်းတော်၏အလုပ်နှင့် ကိစ္စရပ်များတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှလွဲ၍ အရာရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူ၏ ညွှန်ကြားချက်များကို လိုက်နာလော့။ အနည်းငယ်မျှသော ချိုးဖောက်မှုကိုပင် လက်ခံ၍မရပေ။ အကြွင်းမဲ့ လေးစားလိုက်နာလော့၊ ပြီးလျှင် အမှန်၊ အမှား မစိစစ်နှင့်။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပေ။ အကြွင်းမဲ့ကျိုးနွံနာခံခြင်းကိုသာ စိတ်ဝင်စားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်)) စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည့် အရာများသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာများ ဖြစ်ကြသည်။ ယင်းကို သင်ရှင်းရှင်းလင်းလင်း မမြင်နိုင်လေသလော။ အထက်၏ အလုပ်အစီအစဉ်များအပေါ် လူတချို့၏ သဘောထားများသည် အလွန်အမင်း ပေါ့ပေါ့တန်တန် ရှိကြ၏။ သူတို့ ယုံကြည်သည်မှာ “အထက်က အလုပ်အစီအစဉ်များကို ဆွဲပြီး ကျွန်ုပ်တို့ကမူ အသင်းတော်တွင် ထိုအလုပ်ကို လုပ်ရသည်။ အချို့စကားများနှင့် ပြုဖွယ်ကိစ္စများကို လိုက်လျောညီထွေစွာ အကောင်အထည်ဖော်၍ ရသည်။ ၎င်းတို့ကို ပြီးစီးအောင် အတိအကျ မည်သို့လုပ်ရမည်မှာ ကျွန်ုပ်တို့အပေါ်တွင် မူတည်သည်။ အထက်က ပြောရုံပြောပြီး အလုပ်အစီအစဉ်များကို ရေးဆွဲပေးရုံသာ ရှိသည်။ တကယ်တမ်း လက်တွေ့လုပ်ရသူများက ကျွန်ုပ်တို့သာ ဖြစ်၏။ ထို့ကြောင့် အထက်က ကျွန်ုပ်တို့လက်ထဲ အလုပ်ကို လွှဲအပ်ပြီးနောက်တွင် ကြိုက်သလို ကျွန်ုပ်တို့ လုပ်နိုင်သည်။ အလုပ်ကို ပြီးအောင် မည်သို့ပင် လုပ်သည်ဖြစ်စေ အဆင်ပြေသည်။ မည်သူကမျှ ဝင်စွက်ဖက်ခွင့် မရှိ” ဟု ဖြစ်သည်။ သူတို့ကျင့်ကြံဆောင်ရွက်သည့် အခြေခံနိယာမများမှာ အောက်ပါအတိုင်းဖြစ်သည်။ မှန်သည်ဟု သူတို့ယုံကြည်သော အရာကို သူတို့နားထောင်ပြီး မှားသည်ဟု သူတို့ယုံကြည်သော အရာကိုကား လျစ်လျူရှုကြသည်။ သူတို့၏ ယုံကြည်ချက်များသည် သမ္မာတရားနှင့် အခြေခံနိယာမများ ဖြစ်သည်ဟု မှတ်ယူကြသည်။ သူတို့၏ဆန္ဒနှင့် မကိုက်ညီသော မည်သည့်အရာကိုမဆို သူတို့ ဆန့်ကျင်ကြပြီး ထိုအရာများနှင့် ပတ်သက်လျှင် သင့်အား သူတို့ အလွန်အမင်း ရန်မူလိုကြသည်။ အထက်၏ စကားများက သူတို့၏ဆန္ဒနှင့် မကိုက်ညီသောအခါ သူတို့သည် ထိုစကားများကို စတင်၍ ပြောင်းလဲပစ်ကြပြီး သူတို့၏ သဘောတူညီချက်အတိုင်း ဖြစ်သွားမှသာ ထိုစကားတို့ကို လက်ဆင့်ကမ်းလွှဲပေးကြသည်။ သူတို့၏ သဘောတူညီချက်မရှိဘဲ ထိုစကားတို့ကို လက်ဆင့်ကမ်းလွှဲပေးရန် သူတို့ ခွင့်မပြုကြချေ။ အခြားဒေသများတွင် အထက်၏ အလုပ်အစီအစဉ်များကို အရှိအတိုင်း လက်ဆင့်ကမ်းလွှဲပေးကြသော်လည်း ဤလူများကမူ သူတို့တာဝန်ယူထားသော အသင်းတော်များထံ သူတို့၏ ပြောင်းလဲထားသော အလုပ်အစီအစဉ်မူကွဲများကို လက်ဆင့်ကမ်း လွှဲပေးကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ဘေးချိတ်ထားရန် အမြဲတမ်း ဆန္ဒရှိနေကြ၏။ လူတိုင်း သူတို့ကို ယုံကြည်လာပြီး သူတို့နောက်လိုက်ကာ သူတို့ကို ကျိုးနွံနာခံလာအောင် လုပ်ဖို့ အလွန် စိတ်ထက်သန်နေကြသည်။ သူတို့စိတ်ထဲတွင် ဘုရားသခင်က သူတို့လောက် မတော်သည့် နယ်ပယ်တချို့ရှိသည်၊ သူတို့ကိုယ်တိုင် ဘုရားသခင် ဖြစ်သင့်ပြီး အခြားလူများက သူတို့ကို ယုံကြည်သင့်သည်ဟူသတတ်။ ယင်းမှာ ၎င်း၏သဘာဝဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ပါက သူတို့ ထုတ်ပယ်ခံရချိန်တွင် သင်တို့ ငိုကြွေးကြဦးမည်လော။ သူတို့အတွက် စိတ်မကောင်း ဖြစ်နေဦးမည်လော။ “အထက်က မတော်မလျော် လုပ်ခဲ့သည်။ လူများကို သူတို့ မတရားဆက်ဆံ၏။ ဤမျှ အလုပ်ကြိုးစားသော လူတစ်ယောက်ကို သူတို့ မည်သို့များ ထုတ်ပယ်ပစ်နိုင်ရသနည်း” ဟု သင်တွေးနေဦးမည်လော။ ဤသို့ပြောသော သူများသည် ပိုင်းခြားသိမြင်ခြင်း မရှိကြပေ။ ထိုသူတို့က မည်သူ့အတွက် အလုပ်ကြိုးစားကြခြင်း ဖြစ်သနည်း။ ဘုရားသခင်အတွက်လော။ အသင်းတော်အလုပ်အတွက်လော။ မိမိတို့၏ ရာထူးအဆင့်အတန်း မြဲစေရန်အလို့ငှာ သူတို့အလုပ်ကြိုးစားကြခြင်း ဖြစ်သည်။ လွတ်လပ်သော နိုင်ငံတော်များ တည်ထောင်ရန်အလို့ငှာ သူတို့အလုပ်ကြိုးစားနေကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို သူတို့အစေခံနေကြသလော။ သူတို့၏တာဝန်များကို သူတို့ထမ်းဆောင်နေကြသလော။ ဘုရားသခင်ကို သူတို့သစ္စာရှိပြီး ကျိုးနွံနာခံကြသလော။ သူတို့သည် စာတန်၏ လက်ပါးစေများသက်သက်သာ ဖြစ်ကြပြီး သူတို့အလုပ်လုပ်သောအခါ စိုးစံနေသူမှာ နတ်ဆိုးပင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ထိခိုက်ပျက်စီးစေပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ သူတို့သည် အန္တိခရစ် အစစ်အမှန်များသာ ဖြစ်ကြလေတော့၏။ “သူတို့ မည်မျှအလုပ်ကြိုးစားနေကြပုံကို ကြည့်ပါလော့။ ထိုအရာအားလုံးကို ရေးပြီး အသင်းတော်များထံ လက်ဆင့်ကမ်းလွှဲပေးဖို့ အတော်ပင် လုံ့လစိုက်ထုတ်ရ၏” ဟု လူတချို့က ပြောကြသည်။ သို့ဆိုလျှင် သင်တို့ကို ငါမေးမည်။ သူတို့ရေးသားသည့် အရာများသည် လူများအတွက် တည်ဆောက်စရာ ဖြစ်စေသလော။ သူတို့စွမ်းဆောင်ရရှိလိုသည့် ပန်းတိုင်အတိအကျက မည်သည်နည်း။ သင်၌ ဤကိစ္စရပ်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသလော။ သူတို့၏ အထင်အမြင်မှားစေခြင်းကို သင်ခံရလျှင် အကျိုးဆက်များက မည်သည်တို့ ဖြစ်လိမ့်မည်နည်း။ ယင်းကို သင်စဉ်းစားကြည့်ပြီးပြီလော။ “သူတို့သည် အလွန် အလုပ်ကြိုးစားကြ၏။ ထိုအရာအားလုံးကို ရေးဖို့ဆိုသည်မှာ လွယ်သည် မဟုတ်။ ထို့ကြောင့် သူတို့ရေးထားသည့်အထဲ၌ သွေဖည်လွဲမှားမှုတချို့ သို့မဟုတ် လွဲချော်နေသော အရာတချို့ ရှိနေခဲ့လျှင် ဘုရားအိမ်တော်က သူတို့ကို ခွင့်လွှတ်ပေးသင့်၏” ဟု ပြောလျက် ဤကဲ့သို့သော လူများအပေါ် တချို့က သနားကြသည်။ ဤသည်ကို ပြောသည့် သူတို့တွင် မည်သည့်ပြဿနာ ရှိသနည်း။ လူတစ်ဦးသည် အလုပ်ကြိုးစားလုပ်ရုံမျှဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို အမှန်တကယ် ရနိုင်သလော။ ထိုလူများသည် မည်သူ့အတွက် အလုပ်ကို ကြိုးစားလုပ်နေကြခြင်း ဖြစ်သနည်း။ သူတို့သည် ဘုရားသခင် စိတ်ကျေနပ်စေရန်နှင့် ဘုန်းတော် ထင်ရှားစေရန် အလုပ်ကြိုးစားခြင်း မဟုတ်ဘဲ ထိုအစား မိမိတို့ ရာထူးအဆင့်အတန်း ရနိုင်ဖို့အတွက် အလုပ်ကြိုးစားနေကြခြင်း ဖြစ်ပါက မည်မျှအလုပ်ကြိုးစားပါစေ အဓိပ္ပာယ်တစ်စုံတစ်ရာ သို့မဟုတ် တန်ဖိုးတစ်စုံတစ်ရာ ရှိသလော။ ဤအလုပ်ကြိုးစားမှုမျိုးသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်၊ ဆိုးညစ်ပြီး အရှက်မဲ့ရာကျသည်။ ဤကဲ့သို့သော အန္တိခရစ်မျိုးကို မထုတ်ပယ်လျှင် အကျိုးဆက်များက မည်သည်တို့ ဖြစ်လိမ့်မည်နည်း။ လူများသည် အသင်းတော်၏ အလုပ်ကို သူတို့စိတ်ကြိုက် နှောင့်ယှက်ကြလိမ့်မည်ဖြစ်ပြီး သူတို့သဘောမပေါက်လိုက်ခင်မှာပင် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်၍ ဖရိုဖရဲဖြစ်စေခြင်း မဟုတ်လော။ သူတို့သည် မိမိတို့၏ ပန်းတိုင်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ အလုပ်ကြိုးစားကြခြင်း ဖြစ်လျှင် ယင်းက သူတို့ကို ဘုရားသခင်အား ဆန့်ကျင်ပိုင်ခွင့် ပေးသလော။ ထိုအခါ သူတို့သည် ဘုရားကို ဆန့်ကျင်ပြီး ပုန်ကန်သင့်သလော။ သူတို့သည် ထင်တိုင်းကြဲပြီး ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ပြုမူ၍ ဘုရားကို ကျိုးနွံနာခံရန် ငြင်းဆန်သင့်သလော။ သူတို့လုပ်လိုရာ မှန်သမျှကို လုပ်နိုင်သလော။ သမ္မာတရားကို မပိုင်ဆိုင်သူများ၊ ဘုရားသခင်ကို မကျိုးနွံမနာခံသူများ၊ သူတို့လုပ်သမျှ အရာတိုင်းက ကျိုးကြောင်းဆီလျော်ပြီး မှန်ကန်သည်ဟု တွေးထင်လျက် ဆင်ကန်းတောတိုးသာ ပြုမူချင်ကြသူများသည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်၍ ဖရိုဖရဲဖြစ်အောင် လုပ်ရန် လာသော နတ်ဆိုးများနှင့် စာတန်၏ လက်ပါးစေစစ်စစ်များ ဖြစ်ကြသည်။ ဤကဲ့သို့သော လူများကို သင်ပိုင်းခြားသိမြင်နိုင်ခြင်း မရှိရုံသာမက သူတို့ကို စာလည်း စာနာ၍ သူတို့အတွက် မျက်ရည်ကျပြီး သူတို့ကို ကာကွယ်ပေးခြင်းပင် ပြုပါက သင်သည်လည်း အသုံးမကျသည့် လူတစ်ဦးဖြစ်သည်။ စိတ်ရှုပ်ထွေးနေသည့် လူတစ်ဦးဖြစ်ပြီး ငတုံးငအတစ်ဦးဖြစ်သည်။ “အထက်က သူ၏ ခံစားချက်များကို ထောက်ထားခြင်း မရှိ။ ထိုလူက အလွန်အလုပ်ကြိုးစားသည်ကို အထက်က မပြောမဆိုနှင့် သူ့အား ဖယ်ထုတ်ပစ်လိုက်သည်” ဟု သင်ထင်ဆဲ ဖြစ်ကောင်းဖြစ်မည်။ အကယ်၍ ဤသို့ သင်ပြောပါက သင်သည်လည်း စာတန်၏ လက်ပါးစေတစ်ဦးဖြစ်ပြီး နတ်ဆိုးနှင့် သက်ဆိုင်သူဖြစ်သည်။ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များကို မည်သည့်အခါမျှ မဖော်ထုတ်ဘဲ သို့မဟုတ် သတင်းမပေးဘဲ စာတန်၏ အတွေးအခေါ်များနှင့်အညီ နေထိုင်သော လူအများအပြား ရှိကြသည်။ တစ်နေ့တွင် အန္တိခရစ်တစ်ယောက်က အလွန်အမင်း ပျက်စီးဆုံးရှုံးစေနိုင်သည့် တစ်စုံတစ်ခုကို ပြုလုပ်လိုက်သည့်အခါမှသာ ဤသည်မှာ အန္တိခရစ်တစ်ယောက်က လူများကို အထင်အမြင်မှားစေနေသည့် အဖြစ်အနေတစ်ခု အမှန်ပင် ဖြစ်ကြောင်းကို နောက်ဆုံးမှ သူတို့ သဘောပေါက်သွားကြသည်။ “ဘုရားသခင်သည် အနန္တတန်ခိုးရှင်ပင်။ သို့ဖြစ်၍ အသင်းတော်၌ အန္တိခရစ် ဘယ်နှဦးရှိကြောင်းကို လူ့ဇာတိခံဘုရားသခင်က သိနေသင့်သည်။ သူတို့အကြောင်းကို ငါတို့သတင်းပေးဖို့ လိုအပ်သလော” ဟု တွေးလျက် ဤကိစ္စနှင့်ပတ်သက်၍ အယူအဆများ လူတချို့တွင် ရှိဆဲဖြစ်သည်။ ဤသို့ ပြောသောလူများသည် အဓိပ္ပာယ်မဲ့သော လူစားမျိုး မဟုတ်လော။ ယခုအချိန်တွင် ဘုရားသခင်သည် လူ့သဘာဝတွင် အလုပ်လုပ်နေခြင်းဖြစ်၍ ဘုရားသခင်၏ အသုံးပြုခြင်းခံရသည့်သူသည် သာမန်လူသားဖြစ်၏။ ထို့ကြောင့် အသင်းတော်၏ ကိစ္စရေးရာများနှင့် သူတိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း မရှိပါက ဤအရာများအကြောင်းကို မည်သို့သိနိုင်မည်နည်း။ အန္တိခရစ်များနှင့်ဆိုင်သည့် ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့သည့် အကြိမ်များစွာတွင် လူတချို့က သူတို့ရှိကြောင်း သတင်းပေး၍ ထုတ်ဖော်ပြီး အထက်က စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်သည့် နောက်မှသာ ပြဿနာများ ပြေလည်သွားခဲ့သည်။ သာမန်လူ့သဘာဝဖြင့် လူများကို ဦးဆောင်ပြီး အလုပ်လုပ်စဉ်တွင် ဘုရားသခင်သည် သဘာဝလွန် လုံးဝ မဟုတ်ဘဲ အလွန်အမင်း လက်တွေ့ကျသည်။ သို့သော် သူသည် စာတန်ကို သိမ်းပိုက်အနိုင်ယူပြီး အရှက်ရစေသည်။ ဤနည်းလမ်းဖြင့်သာ သူ၏ အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာတို့ကို ထုတ်ဖော်နိုင်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုတော် မည်မျှလက်တွေ့ကျပုံ ဖြစ်သည်။ သူရွေးချယ်ထားသော သူများအနေဖြင့် သင်ခန်းစာများ ယူနိုင်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိကာ မိမိတို့၏ အသိပညာများ ကျယ်ပြန့်လာအောင် လုပ်နိုင်ရန်အလို့ငှာ ဤလူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ အားလုံးကို သူစီစဉ်ပေးခြင်း ဖြစ်သည်။ သူရွေးချယ်ထားသော သူများက ပိုင်းခြားသိမြင်နိုင်စွမ်း ရသွားသည့်အခါ ခေါင်းဆောင်အတုအယောင်များ၊ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများသည် “တရားဥပဒေ၏ လက်တံရှည်” မှ လွတ်မြောက်ရန် တတ်နိုင်တော့မည် မဟုတ်ချေ။ ဘုရားသခင်သည် အချက်အလက်အမှန်များကို အသုံးပြုပြီး ထိုသူတို့ကို ထုတ်ဖော်၍ သူရွေးချယ်ထားသော သူများအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်နှင့် နားလည်နိုင်အောင် လုပ်ပေးလိမ့်မည်။ အတိတ်ကာလတွင် မကောင်းသောလူများနှင့် အန္တိခရစ်များ များစွာတို့သည် အထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ကြရသည် မဟုတ်လော။ ဤကိစ္စကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်လေသလော။ ထိုသို့ဖြစ်လျှင် သင်တို့သည် စိတ်ရှုပ်ထွေးလွန်းနေချေပြီ။
လူတချို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များရှိ အချို့အပိုင်းအနည်းငယ်ကို နားမလည်ကြသော်လည်း ဤကဲ့သို့ ပြောကာ ကျိုးနွံနာခံနိုင်ကြဆဲပင် ဖြစ်သည်။ “ဘုရားသခင် ပြုလုပ်တော်မူသမျှမှာ မှန်ကန်ပြီး အဓိပ္ပာယ်ရှိ၏။ ကျွန်ုပ်တို့သည် အလုပ်အစီအစဉ်များကို အပြည့်အဝ နားမလည်လျှင် ဦးစွာ ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ဝေဖန်၍ မရပါ။ အလုပ်အစီအစဉ်များက ကျွန်ုပ်တို့၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင် ၎င်းတို့ကို ကျွန်ုပ်တို့ နားထောင်သင့်ဆဲပင် ဖြစ်၏။ အကြောင်းမှာ ကျွန်ုပ်တို့က လူသားများ ဖြစ်နေ၍ပင်။ ထို့အပြင် လူ့စိတ်ဆိုသည်မှာ အဘယ်အရာကို မြင်နိုင်ပါသနည်း။ ဘုရားသခင်၏ အစီအစဉ်များကို ကျွန်ုပ်တို့ ဤအတိုင်းသာ ကျိုးနွံနာခံသင့်သည်။ ၎င်းတို့ကို ကျွန်ုပ်တို့ နားလည်လာနိုင်သည့် နေ့ရက် ရောက်လာလိမ့်မည်။ အဆိုပါနေ့ရက် ရောက်လာချိန်တွင် ထိုအစီအစဉ်များကို ကျွန်ုပ်တို့ အပြည့်အဝ နားမလည်နိုင်သေးဘဲ ရှိနေလျှင်ပင် လိုလိုလားလား ကျိုးနွံနာခံသင့်ဆဲပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် လူများဖြစ်၍ ဘုရားသခင်ကို ကျိုးနွံနာခံသင့်၏။ ဤသည်မှာ ကျွန်ုပ်တို့ လုပ်သင့်သည့်အရာပင်” ဟူ၍ ဖြစ်သည်။ သို့သော် လူတချို့ကမူ မတူကြချေ။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို သူတို့မြင်သောအခါ “ဤသည်မှာ ဘုရားသခင်ပြောသည့်အရာ ဖြစ်ပြီး ဤအရာများက ဘုရား၏ တောင်းဆိုချက်များ ဖြစ်သည်။ ပထမတစ်ချက်ကား အဆင်ပြေပုံ ရ၏။ သို့သော် ဒုတိယတစ်ချက်ကမူ သိပ်မသင့်တော်လှ။ ယင်းကို ငါပြောင်းပစ်လိုက်တော့မည်” ဟု ပြောလျက် ထိုအစီအစဉ်များကို ဦးစွာ လေ့လာကြည့်ကြပေလိမ့်မည်။ ဤသို့သော လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသလော။ အလုပ်အစီအစဉ်များကို မိမိစိတ်တိုင်းကျ သင်ပြောင်းလဲပစ်လျှင် ဤပြဿနာ၏ သဘောသဘာဝက အဘယ်နည်း။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ခြင်းနှင့် ဖရိုဖရဲဖြစ်စေခြင်း မဟုတ်လော။ သင်ပိုင်ဆိုင်သော အရာများသည် သမ္မာတရားဖြစ်သလော။ သင့်တွင် သမ္မာတရား အမှန်တကယ် ရှိသည်ဆိုပါက အဘယ်ကြောင့် ထိုအရာကို မဖော်ပြသနည်း။ အဘယ်ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ပြောင်းလဲပစ်ရသနည်း။ ဤသို့လုပ်ခြင်းဖြင့် မည်သည့်စိတ်သဘောထားကို သင်ဖော်ထုတ်သနည်း။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား၊ မည်သူ့ကိုမျှ မနာခံသော စိတ်သဘောထား ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်များနှင့်ပတ်သက်လာလျှင် သင်သည် စိတ်ကြိုက်ရွေးချယ်ရဲသည်ဆိုပါက သင့်တွေးခေါ်ပုံနှင့် စိတ်သဘောထားတွင် ဆိုးရွားသော ပြဿနာရှိနေပေပြီ။ ဘုရားသခင်ရွေးချယ်ထားသော သူများသည် ဤကဲ့သို့သော လူများကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသင့်သည်။ ပထမအနေဖြင့် ထိုကဲ့သို့သော လူများသည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယမပြုနိုင်ကြသော်လည်း သမ္မာတရားကို သူတို့နားလည်သည်ဟု ယုံကြည်ကြပြီး မည်သူ့ကိုမျှ နာခံလိမ့်မည် မဟုတ်ချေ။ ဒုတိယအနေဖြင့် အလုပ်အစီအစဉ်များနှင့်ပတ်သက်၍ အယူအဆများ သူတို့တွင် ရှိသောအခါ ဘုရားအိမ်တော်ကို ထိုအယူအဆများအကြောင်း မပြောပြဘဲ ဤအတိုင်း လျှောက်ဖြန့်ကြသည်။ တတိယအနေဖြင့် ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ အလုပ်အကြောင်း သူတို့တွင် အယူအဆများ ရှိသောအခါ သူတို့သည် ထိုအယူအဆများကို မဖြေရှင်းရုံသာမက ဘုရားသခင်ရွေးချယ်ထားသော သူများတွင် ဘုရားနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်လာစေရန်နှင့် ဘုရားကို ထိုသူတို့ ဆန့်ကျင်ပြီး တိုက်ခိုက်ရန် ထိုသူတို့ကို လှုံ့လည်း လှုံ့ဆော်သည်။ ထိုသို့အားဖြင့် သူတို့ဆန္ဒအတိုင်း ဘုရားလုပ်အောင်နှင့် နောက်ဆုံးတွင် ကျိုးနွံနာခံလာအောင် ဘုရားကို အကျပ်ကိုင်ရန် ဖြစ်သည်။ ဤအပြုအမူသုံးခုအပေါ် အခြေခံ၍ ဤလူများသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို လူတစ်ဦးသည် အသေအချာသိနိုင်၏။ သူတို့သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ထံ ကျိုးနွံနာခံသောလူများ ဖြစ်သလော။ လုံးဝ မဟုတ်ချေ။ သူတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် မရှာဖွေကြချေ။ ထို့ပြင် ဘုရားသခင်ကိုလည်း မကျေမနပ် ဖြစ်ကြသေးသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ သူတို့၌ ရှိသည့်အပြင် လူတိုင်းတွင် ဘုရားနှင့်ပတ်သက်သော အယူအဆများ ဖြစ်ပေါ်လာအောင်နှင့် ဘုရားကို လူတိုင်းဆန့်ကျင်ပြီး တိုက်ခိုက်အောင် လုပ်လျက် ထိုအယူအဆများကို သူတို့ဖြန့်ကြသည်။ ဤအချက်အပေါ် အခြေခံပြီး သူတို့ကို လုံးလုံးလျားလျား အန္တိခရစ်အစစ်အမှန်များအဖြစ် အမျိုးအစားသတ်မှတ်နိုင်၏။ ဤကဲ့သို့သော လူများကို မည်သို့ကိုင်တွယ်သင့်သနည်း။ သူတို့ကို မေတ္တာရှေ့ထား၍ ကူညီသင့်သလော။ ဤသည်မှာ အသုံးမဝင်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သမ္မာတရားကို လက်မခံ၍ ဖြစ်သည်။ သူတို့ကို ပြုပြင်လျှင်ရော မည်သို့ရှိမည်နည်း။ သူတို့သည် သမ္မာတရားကို လက်မခံသောကြောင့် ဤသည်ကလည်း အသုံးမဝင်ပေ။ ဘုရားသခင်ကို ယုံကြည်သောသူများက သမ္မာတရားကို လက်မခံနိုင်လျှင် ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုနှင့် ဆိုးရွားသော အရာတစ်ခုပင် ဖြစ်ချေတော့သည်။ သင့်အနေဖြင့် ဤကိစ္စကို ရိုးရှင်းလွန်းစွာ ကြည့်ပြီး ကိစ္စကြီးမဟုတ်ဟု ယုံကြည်လျှင် ဘုရားသခင်ကို သင်ပြစ်မှားမိသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဤကဲ့သို့သော လူတချို့ကို ငါမြင်ဖူး၏။ သူတို့သည် ရှင်းထုတ်ခြင်း မခံရသေးသော်လည်း သူတို့၏ အဆုံးသတ်မှာ အကယ်စင်စစ် ဆုံးဖြတ်ခံထားရပြီးသား ဖြစ်သည်။ သူတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်ပင်။
ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိရမည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူများသည် ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ သူတို့လုပ်လိုသမျှ မည်သည့်အရာမဆိုကို လျှောက်မလုပ်ဘဲ မိမိတို့အတွက် လူးသာလွန့်သာရှိသည့် အနေအထားတစ်ခု ကျန်နေအောင် လုပ်လျက် အရာတိုင်းကို သတိနှင့် ဂရုတစိုက် လုပ်ရမည်။ ဥပမာ ဘုရားအိမ်တော်က ခေါင်းဆောင်အတုအယောင်တချို့ကို နှင်ထုတ်သောအခါ လူတချို့က ပြောကြသည်မှာ “ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်ကား သိပ်မသေချာလှပါ။ သူတို့အတိအကျ အဘယ်အရာ လုပ်ခဲ့ကြောင်း ကျွန်ုပ်တို့ သိသည်မဟုတ်။ သိခဲ့လျှင်ပင် သူတို့လုပ်ခဲ့သည့် အရာများ၏ သဘောသဘာဝကို ကျွန်ုပ်တို့အနေဖြင့် စေ့စေ့စပ်စပ် နားလည်နိုင်သည် မဟုတ်ပါ။ ဘုရားသခင်ပြုသမျှ အရာတိုင်းသည် မှန်ကန်၏။ ထို့ပြင် ကိစ္စများ ရှင်းလင်းသွားအောင် ဘုရားလုပ်ပြီး သူ့ရည်ရွယ်ချက်ကို ငါတို့အား နားလည်ခွင့်ပေးမည့် နေ့တစ်နေ့ကား အမြဲ ရောက်လာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဘုရားအိမ်တော်က ကိစ္စများကို အဘယ်ကြောင့် ဤနည်းလမ်းအတိုင်း လုပ်သည်ကို သင်နားမလည်သော်လည်း ကျိုးနွံနာခံနိုင်သေးလျှင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်မျှ ရှိသည်ဟု ဆိုနိုင်သော အတန်အသင့် ဘုရားတရား ကိုင်းရှိုင်းသူတစ်ဦး ဖြစ်သည်။ သင်သည် နားမလည်သော်လည်း ဘုရားသခင်ကို ဆန့်ကျင်နေသေးပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်နေသေးသည်ဆိုလျှင် ဤသည်မှာ ဒုက္ခရောက်မည့် သဘောပင်။ အသင်းတော်က ခေါင်းဆောင်အတုအယောင်တချို့ကို ထုတ်ပယ်ပြီး အန္တိခရစ်တချို့ကို နှင်ထုတ်သည့်အချိန်တိုင်းတွင် သူတို့၏ အမာခံနောက်လိုက်တချို့က အမြဲတမ်း ရှေ့ထွက်လာ၍ ဘုရားသခင်သည် မဖြောင့်မတ်ဟု ပြောဆိုပြီး သန့်ရှင်းသော ဝိညာဉ်တော်အား ဤကိစ္စကို ထုတ်ဖော်ပေးဖို့ တောင်းဆိုလျက် ထိုကိစ္စကြောင့် ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်ရင်း ထိုသူတို့ကို ကာကွယ်ပေးကြသည်။ ဤသို့သော လူများအနေဖြင့် ဧဝံဂေလိတရား ဖြန့်ဝေရာတွင်၊ သူတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သူမတူအောင် ကောင်းလှသော အစေခံမှုကို ပေးလျှင်ပင် ဘာမျှ အရေးမပါတော့ချေ။ သစ္စာဖောက်မှုတစ်ခုက သင့်ကံကြမ္မာကို ထာဝရ အဆုံးအဖြတ်ပေးလိမ့်မည်။ သင်သည် သစ္စာဖောက်ခြင်း၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်ရမည်။ ကိစ္စကြီးမဟုတ်ဟု မထင်လိုက်လေနှင့်။ သင်တို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြပြီး ပြစ်မှားခဲ့ကြသည်ဟု ဆိုနိုင်၏။ သို့ရာတွင် သင်တို့၏ ဆန့်ကျင်ခြင်းနှင့် ပြစ်မှားခြင်းများ၏ သဘောသဘာဝသည် မတူညီချေ။ ငါယခုတင် ပြောခဲ့သော ကိစ္စ၏ သဘောသဘာဝကမူ အလွန်ကြီးလေးလှပြီး ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့ ပါဝင်သည်။ လူတချို့သည် အသင်းတော်အတွင်း လက်လွတ်စပယ် သူတို့ လျှောက်ဖြန့်ပေးသည့် စာတချို့ ရေးရသည်ကို၊ အချို့အရာများ ရေးသားရသည်ကို အမြဲ နှစ်သက်ကြသည်။ ဤသည်က အခြေခံမူများနှင့် ကိုက်ညီသလော။ သူတို့ရေးသားသော အရာများသည် သက်သေခံချက်အစစ်အမှန် ဖြစ်သလော။ ထိုအရာများသည် ဘဝအတွေ့အကြုံများလော။ ဘုရားသခင်ရွေးချယ်ထားသော လူများအတွက် တည်ဆောက်စရာ ဖြစ်စေသလော။ ထိုကဲ့သို့ မဟုတ်သော်လည်း ဤလူများက ထိုအရာများကို အသင်းတော်အတွင်း လက်လွတ်စပယ် လျှောက်ဖြန့်နေသေးလျှင် သူတို့သည် လူများကို လှည့်စားနေခြင်း ဖြစ်သည်။ အယူလွဲများနှင့် ယုတ္တိအမှားများကို ဖြန့်နေခြင်း ဖြစ်သည်။ အချက်အလက်အမှန်များကို လိုရာဆွဲပြောနေခြင်း ဖြစ်သည်။ အမှန်နှင့် အမှားကို ရှုပ်ထွေးစေခြင်း ဖြစ်သည်။ လုံးဝ အဓိပ္ပာယ်မရှိသော စကားတစ်ပုံတစ်ခေါင်းကို ပြောဆိုနေခြင်း ဖြစ်သည်။ လူတချို့ဆိုလျှင် ကိုယ်ပိုင်စာအုပ်ပင် ရေးလိုကြသည်။ ထို့နောက်တွင်မူ ထိုစာအုပ်ကို အသင်းတော်သို့ ပို့ပြီး နာမည်ကျော်ကြားလာချင်ကြသည်။ လူတို့သည် ပေါလု၏ ဥပမာမှ နက်နဲသော သင်ခန်းစာကို မရလိုက်ကြလေသလော။ သင်သည် စာအုပ်တစ်အုပ် ရေးချင်နေဆဲ၊ “ကျော်ကြားသူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ” တစ်အုပ် ရေးချင်နေဆဲ၊ “သမ္မာတရား အကျဉ်းချုပ်” တစ်အုပ် ရေးချင်နေဆဲ ဖြစ်၏။ သင့်တွင် အသိစိတ်ဟူ၍ စိုးစဉ်းမျှ မရှိပါတကား။ သင်တတ်နိုင်လျှင် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် လေးငါးပုဒ်ခန့် ရေးလော့။ ဘုရားသခင်ကို ယုံကြည်လာခဲ့သည့် ဤနှစ်အနည်းငယ်အတွင်းတွင် သင်ဝေဖန်ခံရပြီး ဒုက္ခခံခဲ့ရသည်တို့မှာ မလုံလောက်လေသလော။ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးသလော။ လူများသည် အဘယ်အရာကို နားလည်ကြသနည်း။ သင်ပြောသည့် စကားများနှင့် အယူဝါဒများသည် သင့်ကိုယ်ပိုင်ပြဿနာများကိုပင် ဖြေရှင်းပေးနိုင်ခြင်း မရှိပါဘဲနှင့် သင်က ထိုအရာတို့ကို အခြားလူများအား ပေးချင်နေသေး၏။ သင့်တွင် ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်း လုံးဝ မရှိပါတကား။ ဘုရားအိမ်တော်က အဘယ်ကြောင့် စာအုပ်များကို တစ်ပုံစံတည်း ပုံနှိပ်ထုတ်ဝေသနည်း။ အကြောင်းမှာ ဤစာအုပ်အများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ကျန်သည့် စာအုပ်များမှာလည်း ဘုရားသခင်ရွေးချယ်ထားသော သူများ၏ အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် အစစ်အမှန်များဖြင့်သာ ပါဝင်ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ ဤအရာများသည် ဘုရားသခင်ရွေးချယ်ထားသော လူများ လိုအပ်သည့် အပြုသဘောဆောင်သော အရာများအားလုံး ဖြစ်၏။ ထို့ကြောင့် ဘုရားအိမ်တော်က တစ်ပုံစံတည်း ထုတ်ဝေသည့် စာအုပ်များ အားလုံးသည် အသင်းတော်၏ အလုပ်အတွက်ရော ဘုရားသခင်ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုအတွက်ပါ လိုအပ်သည်။ ဤလုပ်ဆောင်ပုံ လုပ်ဆောင်နည်းသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဘုရားအိမ်တော်က တစ်ပုံစံတည်း ထုတ်ဝေထားသည့် စာအုပ်များသည် တန်ဖိုးအရှိဆုံး ဖြစ်ပြီး မရှိမဖြစ် အလိုအပ်ဆုံး ဖြစ်ကြောင်းကို သင်တို့အားလုံး နားလည်ကြသည်။ တရားဒေသနာများကို နားထောင်ခြင်းမှ မည်သည့်အကျိုးကျေးဇူးများ ရနိုင်သည်ကို သင်တို့ ကောင်းစွာ သိကြသည်။ ထို့ကြောင့် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များက ဖြန့်သည့်အရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလျှင် သင်တို့သည် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များကို အမှန်တကယ် ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ သို့သော် သင်တို့၏ လက်ရှိဝိညာဉ်ရင့်သန်မှုအရ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် အယူဝါဒများစွာကိုသာ နားလည်ကြပြီး သမ္မာတရားကိုမူ မရှင်းလင်းကြသေးချေ။ သင်တို့အပြည့်အဝ နားမလည်နိုင်သေးသည့်၊ သင်တို့အတွက် မသဲကွဲဘဲ ဝိုးတဝါးဖြစ်နေပုံရသည့် အရေးပါသော ကိစ္စရပ်တချို့ ရှိသည်။ ထို့ကြောင့် သင်တို့တွင် မည်သည့်သမ္မာတရားစစ်မှန်မှုမျှ မရှိသေးဘဲ ပိုင်းခြားသိမြင်နိုင်စွမ်းလည်း သိပ်မရှိကြသေးချေ။ အသင်းတော်ရှိ မည်သူမဆိုက မည်ကဲ့သို့ ပြုမူသည်ဖြစ်စေ၊ ပြောဆိုသည်ဖြစ်စေ သင်တို့တွင် ယင်းကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်စွမ်း မရှိ။ လူတစ်ဦးသည် အာဝဇ္ဇန်းရွှင်ရွှင် စကားပြောသရွေ့ ဘုရားသခင်ကို သက်သေခံနိုင်သည်၊ အာဝဇ္ဇန်းရွှင်ရွှင် စကားမပြောသော သူတို့ကမူ သူတို့တွင် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် ရှိလျှင်ပင် ထိုအကြောင်းကို မပြောနိုင်ဟု လူတချို့က ယုံကြည်ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ သူတို့မှန်သလော။ သူတို့သည် အကြီးအကျယ် အထင်မှားနေကြခြင်း ဖြစ်သည်။ အတွေ့အကြုံကို အခြေခံသော သက်သေခံချက်ကို မည်ကဲ့သို့ပင် ပြောသည်ဖြစ်စေ ထိုသက်သေခံချက်က လက်တွေ့ကျသည်။ အကယ်၍ လူတစ်ဦးတွင် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် မရှိလျှင် အယူဝါဒများအကြောင်းကို မည်မျှကောင်းအောင် သူပြောနိုင်ပါစေ သူပြောသည့်အရာသည် လက်တွေ့မကျချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ စကားများနှင့် အယူဝါဒများအကြောင်းကို ပြောခြင်းသည် သမ္မာတရားစစ်မှန်မှုကို လူတစ်ဦး ပိုင်ဆိုင်ကြောင်း ကိုယ်စားမပြု။ သမ္မာတရားအနည်းငယ်ကို ထိုသူနားလည်လျှင်ပင် ဤနားလည်ခြင်းသည် အတော်အတန် တိမ်ပြီး ကန့်သတ်ချက် ရှိနေဆဲ ဖြစ်သည်။ ထို့ပြင် သူတို့သည် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက်အကြောင်း လုံးဝ မရေးနိုင်ကြပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် မရှိသော်လည်း စကားများနှင့် အယူဝါဒများကို မျက်နှာပြောင်တိုက်ကာ ပြောနေဆဲ ဖြစ်ပြီး လူများကို ဩဝါဒပေးနေဆဲ ဖြစ်လျှင် ထိုသူသည် ကြောင်သူတော် ဖာရိရှဲတစ်ယောက် ဖြစ်လာပေပြီ။ သူသည် လူများကို အထင်အမြင်မှားရန် သက်သေခံချက်အတုကို ထွင်ရုံသာ တတ်နိုင်၏။ ဤသို့ လုပ်သော သူတို့သည် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရပေလိမ့်မည်။ တစ်စုံတစ်ယောက်က စစ်မှန်သော သက်သေကို ခံနိုင်မနိုင်ဆိုသည်မှာ သူ၏ အာဝဇ္ဇန်းရွှင်မှုအပေါ် မမူတည်ချေ။ ပေတရုတွင် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် မည်မျှအထိ ရှိသည်ကို ကြည့်လော့။ သူသည် စာဘယ်နှစောင် ရေးခဲ့သနည်း။ သက်သေခံချက်ဆောင်းပါး ဘယ်နှပုဒ် သူရေးခဲ့သနည်း။ အနည်းငယ်မျှသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်ကမူ ပေတရုကို သူ့အား အသိဆုံးလူနှင့် သူ့အား အစစ်အမှန် ချစ်မြတ်နိုးသူတစ်ဦး ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့၏။ သင့်တွင် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် အမှန်တကယ် ရှိလျှင် သင်သည် ကျိန်းသေ ပြောင်းလဲသွားပြီး အများကြီးပို၍ လိမ္မာရေးခြား ရှိလာပေလိမ့်မည်။ သင်စိတ်အားထက်သန်သော ထိုအရာများ၊ ကောင်းသည်ဟု သင်ထင်ခဲ့သော ထိုအရာများကို လုပ်တော့မည် မဟုတ်။ လူသည် မည်မျှအရေးမပါဘဲ ချွတ်ခြုံကျနေကာ သနားစရာကောင်းကြောင်း သင်အသိအမှတ်ပြုလာသည့်အခါ သင်သည် စိတ်ကူးပေါက်သလို လုပ်ရဲတော့မည် မဟုတ် သို့တည်းမဟုတ် စာအုပ်တစ်အုပ်ဖြစ်စေ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတစ်အုပ်ဖြစ်စေ ရေးရဲတော့မည် မဟုတ်။ စာအုပ်များဖြစ်စေ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများဖြစ်စေ ရေးရန် သို့မဟုတ် ကူညီထောက်ပံ့ပေးမှုတစ်မျိုးမျိုး လုပ်ပေးသည်ဟု ယိုးမယ်ဖွဲ့ပြီး သူတို့၏ နာမည်ဂုဏ်သတင်းကို တည်ဆောက်ရန် ဆန္ဒရှိသောသူများ အားလုံးသည် မိမိတို့ကိုယ်ပိုင် စွမ်းရည်များကို အထင်ကြီးလွန်းသည့်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးကို မပိုင်ဆိုင်သည့်၊ မိမိဆန္ဒအတိုင်း လိုက်လုပ်ရသည်ကို ကြိုက်သည့် မာနထောင်လွှားကာ စိတ်ကြီးဝင်ပြီး ရည်မှန်းချက်ကြီးသော လူများသာ ဖြစ်ကြသည်။ သမ္မာတရားကို အမှန်တကယ် လိုက်စားသော လူများသည် သူတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရေး၊ သမ္မာတရားကို နားလည်ရေး၊ အခြေခံမူများနှင့်အညီ လုပ်ဆောင်ရေးတို့အပေါ်တွင် အားလုံး အာရုံစိုက်ထားကြသည်။ မိမိ၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ စိတ်သဘောထား ပြောင်းလဲခြင်း၊ သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်း၊ အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက်အစစ်အမှန် ရှိခြင်းတို့သည် အခြားအရာများထက် ပိုကောင်းသည်ဟု သူတို့ထင်ကြသည်။ ဤနည်းအတိုင်း လိုက်စားနိုင်သူတို့သည် ဉာဏ်အမြော်အမြင် အရှိဆုံးသော လူများ ဖြစ်ကြပြီး အသိစိတ် အရှိဆုံးသော လူများဖြစ်ကြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။