လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ

သင်တို့သည် လမ်း၏ နောက်ဆုံးခရီးတစ်ထောက်တွင် ယခုရှိနေကြပြီး၊ ယင်းသည် လမ်း၏ အလွန်အရေးပါသော အပိုင်းတစ်ခု ဖြစ်သည်။ သင်သည် ဆင်းရဲဒုက္ခကို များစွာ ခံစားရပြီးဖြစ်နိုင်သည်၊ အလုပ်များစွာလုပ်ပြီးဖြစ်နိုင်သည်၊ လမ်းများစွာ သွားပြီးဖြစ်နိုင်သကဲ့သို့၊ တရားဒေသနာ များစွာကို နားထောင်ပြီး ဖြစ်နိုင်သည်။ ယခု သင်ရှိသည့်နေရာသို့ ရောက်ရှိရန် မလွယ်ဟု ဆိုကောင်း ဆိုနိုင်လိမ့်မည်။ လက်ရှိ သင် ရင်ဆိုင်ရသည့် ဆင်းရဲဒုက္ခကို သင် မခံရပ်နိုင်ပါက၊ ပြီးလျှင် အတိတ်တွင် သင်လုပ်ဆောင်ခဲ့သကဲ့သို့ သင်ဆက်လက် လုပ်ဆောင်ပါက၊ သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ ဤနှုတ်ကပတ်တော်များသည် သင့်ကို ခြောက်လှန့်ဖို့ ရည်ရွယ်ခြင်းမဟုတ်- ၎င်းတို့သည် အမှန်တရားဖြစ်သည်။ ပေတရုသည် ဘုရားသခင်၏ အမှုများစွာကို ကြုံခဲ့ရ ပြီးနောက်၊ သူသည် အမှုအရာတစ်ချို့ကို ထိုးထွင်းသိမြင်မှု ရရှိခဲ့ပြီး ချင့်ချိန်နိုင်စွမ်းများစွာလည်း ရရှိခဲ့သည်။ သူသည် အစေခံခြင်း၏ အခြေခံသဘောတရား နှင့် စပ်လျဉ်း၍ အမှုအရာများစွာကို နားလည်လာခဲ့ ပြီးနောက်တွင်၊ သူ့ကို သခင်ယေရှု အပ်နှံခဲ့သည့်အရာအဖို့ မိမိကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်နိုင်ခဲ့သည်။ သူရရှိခဲ့သည့် ကြီးမားသော စစ်ဆေးခြင်းသည် အများအားဖြင့် သူကိုယ်တိုင် လုပ်ခဲ့သောအရာများအတွက် သူသည် ဘုရားသခင်ကို အလွန်အမင်း အကြွေးတင်ပြီး၊ ဘုရားသခင်ကို မည်သည့်အခါမျှ ပြန်ပေးဆပ်နိုင်လိမ့်မည် မဟုတ်ဟု ခံစားခဲ့ရသောကြောင့် ဖြစ်သည်။ လူသားသည် အလွန်ဖောက်ပြန်ပျက်စီးသည်ကိုလည်း ပေတရုက သတိပြုမိခဲ့သည်၊ ယင်းက သူ၏ အသိစိတ်သည် စွဲချက်တင်ခံခဲ့ရပြီဟု သူ့ကို ခံစားစေခဲ့သည်။ ယေရှုသည် ပေတရုကို အကြောင်းအရာများစွာ ပြောခဲ့သော်လည်း၊ ထိုအကြောင်းအရာများကို ပြောခဲ့ချိန်တွင် သူသည် ပမာဏ အနည်းငယ်သာ နားလည်နိုင်စွမ်းရှိကာ ခုခံမှုနှင့် ပုန်ကန်မှုအချို့ကို သူ သိုထားဆဲ ဖြစ်ခဲ့သည်။ လက်ဝါးကားတိုင်ထက် ယေရှု သံမှိုရိုက်နှက် ခံခဲ့ရပြီးနောက်၊ ပေတရုသည် နောက်ဆုံးတွင် နိုးထမှုတစ်ခု တွေ့ကြုံခဲ့ရပြီး မိမိအတွင်းတွင် မိမိကိုယ်ကိုယ်အပေါ် ပြင်းထန်သော ပြစ်တင်မှု ဝေဒနာများကို ခံစားခဲ့ရသည်။ နောက်ဆုံးတွင်၊ သူ့အထဲ၌ မမှန်ကန်သော အတွေးအခေါ်များ တစ်ခုတစ်လေ ရှိခဲ့ပါက လက်မခံနိုင်စရာဖြစ်သည်ဟု ခံစားရသည်အထိ ရောက်ရှိခဲ့သည်။ သူသည် မိမိအခြေအနေကို အလွန်ကောင်းစွာသိခဲ့ပြီး၊ သခင်၏ သန့်ရှင်းခြင်းကိုလည်း ကောင်းစွာ သိရှိခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ သခင့်အတွက် ချစ်ခြင်းနှလုံးသားသည် သူ့အထဲတွင် သာ၍ပင် ကြီးထွားခဲ့ပြီး သူသည် မိမိကိုယ်တိုင်၏ အသက်တာကို ပိုပြီး အာရုံစိုက်လာခဲ့သည်။ ဤအရာကြောင့် သူသည် ကြီးမားသောအခက်အခဲများကို ခံစားခဲ့ရပြီး၊ တစ်ခါတစ်ရံ သူသည် အပြင်းအထန် ဖျားနာပြီး သေဆုံးသွားသည့်အလား ထင်ရသော်လည်း၊ ဤနည်းဖြင့် အကြိမ်ပေါင်းများစွာ စစ်ဆေးခြင်းခံရ ပြီးနောက်တွင်၊ သူသည် မိမိကိုယ်ကိုယ် သိနားလည်မှု ပိုမိုရရှိခဲ့ကာ သခင့်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်ခဲ့သည်။ သူ၏ဘဝတစ်ခုလုံးသည် စစ်ဆေးခြင်း ထဲတွင် ကုန်ဆုံးခဲ့ပြီး၊ ထို့ထက်ပင်ပို၍ ပြစ်တင်ဆုံးမခြင်း ထဲတွင် ကုန်ဆုံးခဲ့သည်ဟု ဆိုနိုင်သည်။ သူ၏ အတွေ့အကြုံသည် အခြားသော မည်သူမဆို၏ အတွေ့အကြုံမှ ကွဲပြားခြားနားခဲ့ပြီး၊ သူ၏ ချစ်ခြင်းမေတ္တာသည် စုံလင်စေခြင်း မခံခဲ့ရသည့် မည်သူမဆို၏ ချစ်ခြင်းမေတ္တာထက် သာလွန်ခဲ့ပေသည်။ သူ့ကို စံပြနမူနာအဖြစ် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ သူသည် သူ့ဘဝ တစ်သက်တာတွင် အပြင်းဆုံးသော မချိတင်ကဲဝေဒနာကို တွေ့ကြုံခဲ့ရပြီး၊ ထိုသို့ တွေ့ကြုံရာတွင် သူသည် အောင်မြင်မှုအရှိဆုံး ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သင်တို့သည် ပေတရုကဲ့သို့ လမ်းကြောင်း၏နောက်ဆုံးခရီးတစ်ထောက်ကို အမှန်တကယ် လျှောက်လှမ်းနိုင်ပါက၊ သင်တို့၏ ကောင်းချီးများကို ယူသွားပစ်လိုက်နိုင်သည့် ဖန်ဆင်းခံသတ္တဝါ တစ်ယောက်တလေမျှ မရှိပေ။

ပေတရုသည် အသိစိတ်ရှိသော လူတစ်ယောက် ဖြစ်သည်၊ သို့သော် ဤလူ့သဘာဝမျိုးရှိသော်လည်း၊ ယေရှုနောက်သို့ သူပထမဆုံး စတင်၍လိုက်ခဲ့ချိန်တွင် ဆန့်ကျင်ပြီး ပုန်ကန်တတ်သည့် စိတ်ကူးများစွာ မလွဲမသွေ ရှိခဲ့ပေသည်။ သို့သော် သူသည် ယေရှုနောက်ကို လိုက်နေစဉ်တွင် ဤသည်မှာ လူတို့ ဖြစ်သင့်သည့် ပုံစံဖြစ်သည်ဟု ယုံကြည်လျက်၊ ဤအရာများကို အလေးအနက်မထားခဲ့ပေ။ ထို့ကြောင့် အစပိုင်းတွင် သူ့ကိုသူ ဦးတည်သည့် မည်သည့်အပြစ်တင်မှုကိုမျှ မခံစားခဲ့ရသကဲ့သို့၊ ကိုင်တွယ်ဖြေရှင်းခြင်းလည်း မခံခဲ့ရပေ။ ယေရှုသည် ပေတရု၏ တုံ့ပြန်မှုများကို အလေးအနက် သဘောမထားခဲ့ပေ။ အမှန်တွင်၊ ထိုအရာများကို သူ မည်သို့မျှ အရေးမစိုက်ခဲ့သော်လည်း၊ သူလုပ်ဆောင်ရမည့် အလုပ်ကို ဆက်လက်၍သာ လုပ်ဆောင်ခဲ့သည်။ ယေရှုသည် ပေတရုနှင့် အခြားသောသူတို့ကို လုံးဝ အပြစ်မရှာခဲ့ပေ။ “ယေရှုသည် ၎င်းတို့၌ ရှိခဲ့သည့် ဤအယူအဆများအကြောင်းကို မသိခဲ့၍များ ဖြစ်နိုင်သလော” ဟု သင်ဆိုကောင်း ဆိုလိမ့်မည်။ လုံးဝမဟုတ်ပေ။ ယင်းမှာ သူသည် ပေတရုကို အမှန်တကယ် နားလည်ခဲ့သောကြောင့် ဖြစ်သည်- စင်စစ်၊ ယေရှုသည် ပေတရုအပေါ် ကြီးမားသည့် နားလည်မှု ရှိခဲ့သည်- ပေတရုအပေါ် မည်သည့် အကဲဖြတ်မှုမျှ သူ မလုပ်ခဲ့ဟု ဆိုနိုင်သည်။ ယေရှုသည် လူသားမျိုးနွယ်ကို မုန်းခဲ့သော်လည်း၊ သူတို့အပေါ် သနားခြင်းလည်း ရှိလေသည်။ သင်တို့အထဲတွင် ပေါလုကဲ့သို့ ခုခံတတ်ပြီး၊ ပေတရုက သခင်ယေရှုအပေါ် ထိုအချိန်က ရှိခဲ့သကဲ့သို့ အယူအဆများစွာရှိသော လူများစွာ ယခုရှိသည် မဟုတ်လော။ သင့်ကို ငါပြော၏၊ စိတ်ချရခြင်း မရှိသကဲ့သို့၊ အချိန်ကြာမြင့်စွာကတည်းက စာတန်၏ ဖျက်ဆီးခြင်းအားဖြင့် လုံးဝ ပျက်စီးခဲ့သော သင်၏ တတိယအာရုံ၊ သင်၏ အသိအမြင် အာရုံဖြင့် လွန်စွာမယုံကြည်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ သင်၏ အသိအမြင်သည် စုံလင်ကာ အပြစ်အနာအဆာမရှိဟု သင်ထင်သလော။ ပေါလုသည် သခင်ယေရှုကို အကြိမ်ပေါင်းများစွာ ခုခံခဲ့သော်လည်း၊ ယေရှုက မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ယင်းမှာ ယေရှုသည် ဖျားနာသူကို ကုသနိုင်ပြီး နတ်ဆိုးများကို နှင်ထုတ်နိုင် ခဲ့သော်လည်း၊ ပေါလုအထဲရှိ “နတ်ဆိုး” ကို မောင်းထုတ်နိုင်ခြင်းမရှိခဲ့၍များ ဖြစ်နိုင်မည်လော။ ယေရှု ရှင်ပြန်ထမြောက်ခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွား ပြီးနောက်မှသာ ယေရှု၏တပည့်တော်များကို ပေါလုက အကြောင်းမဲ့ ဆက်လက် ဖမ်းဆီးစဉ် နောက်ဆုံး၌ ဒမာသက်မြို့သို့သွားရာ လမ်းပေါ်တွင် ပေါလုထံ ယေရှုပေါ်လာခဲ့ပြီး သူ့ကို ဒဏ်ခတ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ သခင်ယေရှုက အလွန်နှေးကွေးစွာ တုံ့ပြန်ခဲ့သောကြောင့်များ ဖြစ်နိုင်မည်လော။ သို့မဟုတ် ယေရှုသည် ဇာတိခန္ဓာ၌ ရှိခဲ့စဉ် မည်သည့်အခွင့်အာဏာမျှ မရှိခဲ့သောကြောင့်လော။ သင်က ငါ့နောက်ကွယ်၌ လျှို့ဝှက်စွာ ဖျက်လိုဖျက်ဆီးလုပ်တတ်ပြီး ခုခံနေချိန်တွင်၊ ငါမသိဟု သင်ထင်လေသလော။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ သင်ရရှိသော ဉာဏ်အလင်းပေးခြင်း အစအနများကို ငါ့အားခုခံဖို့ရန် အသုံးပြု၍ရသည်ဟု သင်ထင်သလော။ ပေတရု မရင့်ကျက်ခဲ့ချိန်တွင်၊ ယေရှုနှင့်စပ်လျဉ်း၍ အယူအဆများစွာ သိုထားခဲ့သည်၊ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် အပြစ်တင် မခံရသနည်း။ ယခုတွင်ပင်၊ လူများစွာသည် အပြစ်တင် ခံရခြင်းမရှိဘဲ အမှုအရာများစွာကို လုပ်ဆောင် နေကြသကဲ့သို့၊ ၎င်းတို့ လုပ်ဆောင်နေသည့်အရာ မှန်ကန်ခြင်းမရှိဟု ရှင်းလင်းစွာ အပြောခံရချိန်တွင်ပင်၊ ၎င်းတို့ နားမထောင် ကြသေးချေ။ ယင်းမှာ လူသား၏ ပုန်ကန်မှုကြောင့် လုံးလုံးလျားလျား မဟုတ်လော။ ယခု ငါသည် များစွာဆိုပြီးဖြစ်သော်လည်း၊ သင်သည် အသိစိတ်နှင့်ဆိုင်သော သိမြင်နားလည်ခြင်း အနည်းငယ်မျှပင် မရှိကြသေးချေ၊ ထို့ကြောင့် သင်သည် လမ်းကြောင်း၏နောက်ဆုံးခရီးတစ်ထောက်ကို လျှောက်လှမ်းဖို့၊ လမ်းကြောင်း အဆုံးထိ ဆက်လျှောက်လှမ်းဖို့ မည်သို့ တတ်နိုင်မည်နည်း။ ဤသည်မှာ အလွန့်အလွန် ကြီးမားသော အတိုင်းအဆနှင့် ဆိုင်သည့် မေးခွန်းဖြစ်သည်ဟု သင်မခံစားရသလော။

လူတို့ သိမ်းပိုက်ခြင်းခံရပြီးနောက်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းကို ၎င်းတို့ နာခံနိုင်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့ ချစ်ကြသည့် ၎င်းတို့၏ယုံကြည်ခြင်းနှင့် အလိုဆန္ဒတို့ နှစ်ခုလုံး ရှိကြပြီး၊ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ရန် ထိုအရာများ အပေါ် အမှီပြုကြသည်။ ထို့ကြောင့် လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို မည်သို့လျှောက်လှမ်း နိုင်သနည်း။ ဆင်းရဲဒုက္ခကို ကြုံတွေ့ရသည့် သင်၏ နေ့ရက်များတွင်၊ သင်သည် အခက်အခဲ အားလုံးကို သည်းခံရမည်ဖြစ်ပြီး၊ ဆင်းရဲဒုက္ခခံရန် ဆန္ဒရှိရမည်။ ဤနည်းအားဖြင့်သာ သင်သည် လမ်းကြောင်း၏ ဤခရီးတစ်ထောက်ကို ကောင်းစွာ လျှောက်လှမ်း နိုင်ပေသည်။ လမ်းကြောင်း၏ ဤခရီးတစ်ထောက်ကို လျှောက်လှမ်းရန်မှာ အလွန်လွယ်ကူသည်ဟု သင်ထင်သလော။ သင်သည် မည်သည့် လုပ်ငန်းတာဝန် ဖြည့်ဆည်းသင့်သည်ကို သိသင့်သည်။ သင်တို့သည် သင်တို့၏ အရည်အချင်းကို မြှင့်တင်ပြီး၊ သင့်တို့ ကိုယ်သင်တို့ လုံလောက်သော သမ္မာတရားဖြင့် ပြင်ဆင် ထားရမည်။ ဤသည်မှာ တစ်ရက်နှစ်ရက် အလုပ် မဟုတ်သကဲ့သို့၊ သင်ထင်သကဲ့သို့ မရိုးရှင်းပေ။ လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို လျှောက်လှမ်းခြင်းသည် သင်၌ အမှန်တကယ်ရှိသည့် ယုံကြည်ခြင်းနှင့် ဆန္ဒမျိုး အပေါ် မူတည်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်နေခြင်းကို သင် မမြင်နိုင် ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် အသင်းတော်ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင် ရှာမတွေ့နိုင် ဖြစ်ကောင်း ဖြစ်မည်၊ ထို့ကြောင့် သင်သည် အဆိုးမြင်ကာ စိတ်ပျက်လက်ပျက်ဖြစ်ရပြီး၊ ရှေ့က လမ်းအတွက် မျှော်လင့်ချက် ပျက်သုဉ်းနေခြင်း ဖြစ်သည်။ အထူးသဖြင့်၊ အတိတ်က ကြီးမြတ်သော စစ်သည်များအားလုံး ပြိုလဲခဲ့ကြလေပြီ- ဤအရာအားလုံးသည် သင့်အဖို့ ထိုးနှက်ချက်တစ်ခု မဟုတ်လော။ ဤအရာများကို သင်အဘယ်သို့ မြင်သင့်သနည်း။ သင်၌ ယုံကြည်ခြင်း ရှိသလော၊ မရှိသလော။ ယနေ့အလုပ်ကို သင်အပြည့်အဝ နားလည်သလော၊ နားမလည်သလော။ ဤအရာများသည် လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်ကောင်းစွာ လျှောက်နိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးနိုင်ပေသည်။

ယခုတွင် သင်တို့သည် လမ်းကြောင်း၏ နောက်ဆုံး ခရီးတစ်ထောက်တွင် ရှိနေသည်ဟု အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့ နားလည်သင့်သည့် အရာတိုင်းကို သင်တို့ နားလည်ကြပြီး ဖြစ်သောကြောင့် ဖြစ်ပြီး၊ လူတို့ရရှိသင့်သည့် အရာတိုင်းကို သင့်တို့အား ငါပြောပြပြီး ဖြစ်သောကြောင့်ဖြစ်သည်။ သင်တို့ကို အပ်နှင်းထားသည့် အရာတိုင်း၏ အကြောင်းကိုလည်း သင်တို့ကို ငါပြောပြပြီး ဖြစ်သည်။ ထို့ကြောင့် သင်တို့ ယခု လျှောက်လှမ်းနေသည်မှာ လူတို့ကို ငါဦးဆောင်နေသော လမ်းကြောင်း၏ နောက်ဆုံးပိုင်း ဖြစ်သည်။ လွတ်လပ်စွာ အသက်ရှင်နိုင်စွမ်းကို သင်တို့ ရရှိဖို့ကိုသာ ငါတောင်းဆို၏။ သင်၌ အစဉ်အမြဲနှင့် အချိန်တိုင်း လျှောက်လှမ်းရန် လမ်းတစ်ခု ရှိလိမ့်မည်၊ သင်၏ အရည်အချင်းကို ယခင်ကဲ့သို့ တိုးပွားစေလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် ဖတ်ရှုကာ၊ ပုံမှန်ဖြစ်သော လူ့အသက်တာတစ်ခုကို အသက်ရှင် နေထိုင်လိမ့်မည်။ ဤနည်းဖြင့် အသက်ရှင်ရန် သင့်ကို ယခု ငါဦးဆောင်နေသော်လည်း၊ အနာဂတ်တွင် ငါသင့်ကို ဦးမဆောင်သည့်အခါ ဤနည်းလမ်းဖြင့် သင် အသက်ရှင်နိုင် လိမ့်ဦးမည်လော။ သင် ဆက်လက် စခန်းသွားနိုင်မည်လော။ ဤသည်မှာ ပေတရု၏ အတွေ့အကြုံဖြစ်သည်- ယေရှုက သူ့ကို ဦးဆောင် နေခဲ့ချိန်တွင်၊ သူသည် သိနားလည်မှု လုံးဝမရှိခဲ့ပေ။ သူသည် ကလေးသူငယ်ကဲ့သို့ အမြဲ အပူအပင်ကင်းမဲ့ခဲ့ပြီး၊ သူလုပ်ခဲ့သောအရာများအပေါ် အလေးအနက် မရှိခဲ့ပေ။ သူ၏ ပုံမှန် အသက်တာကို စတင်ခဲ့သည်မှာ ယေရှု ထွက်ခွာသွားခဲ့ပြီးနောက်တွင်သာ ဖြစ်သည်။ သူ၏ အဓိပ္ပာယ်ရှိသော အသက်တာသည် ယေရှုထွက်ခွာပြီးမှသာ အစပြုခဲ့သည်။ သူသည် ပုံမှန်လူ့သဘာဝ သဘောတရား တချို့နှင့် သာမန်လူတစ်ဦး ပိုင်ဆိုင်သင့်သော အရာတချို့ကို ပိုင်ဆိုင်ခဲ့သော်လည်း၊ သူ၏ စစ်မှန်သော အတွေ့အကြုံနှင့် လိုက်စားမှုတို့က ယေရှု ထွက်ခွာမသွားခင်အထိ အသစ်သော စတင်ခြင်း မရှိခဲ့ပေ။ သင်၏ လက်ရှိ အခြေအနေမှာ အဘယ်နည်း။ ငါသည် သင့်ကို ဤလမ်းဖြင့် ယခုဦးဆောင်နေပြီး၊ ဤအရာ အံ့ဩဖွယ်ကောင်းသည်ဟု သင်ထင်သည်။ သင့်အပေါ်ကျရောက်သည့် ပတ်ဝန်းကျင်များနှင့် စမ်းသပ်ခြင်းများ မရှိသော်လည်း၊ ဤနည်းဖြင့် သင်၌ မည်သည့်ဝိညာဉ်အသက်တာမျိုး အမှန်တကယ် ရှိသည်ကို မမြင်နိုင်သကဲ့သို့၊ သင်သည် သမ္မာတရား လိုက်စားသူတစ်ဦး အမှန်တကယ် ဟုတ် မဟုတ်ဆိုသည်ကို မြင်ရန်လည်း မည့်သည့်နည်းလမ်းမျှ မရှိပေ။ သင်၏ ကိုယ်ပိုင်အနှစ်သာရကို နားလည်သည်ဟု သင့်နှုတ်ဖြင့် ဆိုသော်လည်း ဤအရာများသည် အနှစ်မဲ့သော စကားများဖြစ်သည်။ အနာဂတ်တွင်သာ၊ သင် အမှန်တရားများနှင့် ကြုံရသည့်အခါ၊ သင်၏ သိနားလည်မှုကို အတည်ပြုပေးလိမ့်မည် ဖြစ်သည်။ ယခု သင်၌ ဤသိနားလည်မှုမျိုး ရှိ၏- “ကျွန်ုပ်၏ ဇာတိပကတိသည် အလွန်ဖောက်ပြန်ပျက်စီးပြီး၊ လူတို့၏ ဇာတိပကတိ အနှစ်သာရမှာ ဘုရားသခင်ကို ပုန်ကန်ဖို့နှင့် ခုခံဖို့ဖြစ်သည်ကို ကျွန်ုပ် နားလည်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ခြင်းသည် လူတို့ကို သူ၏မြှင့်တင်ပေးသည့် နည်းလမ်းဖြစ်သည်။ ယခု ထိုအရာကို ကျွန်ုပ် နားလည်ပြီဖြစ်ကာ ဘုရားသခင်၏ချစ်ခြင်းကို ပြန်လည် ပေးဆပ်ရန် ကျွန်ုပ် လိုလားလျက်ရှိပါသည်” ဟူ၍ ဖြစ်သည်။ သို့သော် ဤသည်မှာ ပြောဖို့ လွယ်ကူပေသည်။ နောက်ပိုင်းတွင် ဘေးဒုက္ခ၊ စမ်းသပ်ခြင်းများနှင့် ဆင်းရဲဒုက္ခတို့ သင့်အပေါ် ကျရောက်သောအခါ၊ ဤအရာများကို ခံစားရန် လွယ်ကူလိမ့်မည်မဟုတ်။ ဤလမ်းကို သင်တို့ နေ့စဉ် လိုက်လျှောက်ကြသော်လည်း၊ သင်သည် သင်၏ အတွေ့အကြုံကို ဆက်လက် မလုပ်ဆောင်နိုင်သေးပေ။ ငါသည် သင်တို့ကို လက်လွှတ်ပြီး၊ မည်သို့မျှ အရေးမစိုက်တော့ပါက၊ သာ၍ပင် ဆိုးလိမ့်မည်။ လူအများစုသည် လဲကျကာ အရှက်ရခြင်း သင်္ကေတဖြစ်သည့် ဆားတိုင်အဖြစ် ပြောင်းသွားကြ လိမ့်မည်။ ထိုသို့သော နောက်ဆုံးဖြစ်လာနိုင်ဖွယ် အခြေအနေများသည် အလွန်ဖြစ်နိုင်ပေသည်။ ဤအရာနှင့် ပတ်သက်၍ သင်မစိုးရိမ်သလော၊ သို့မဟုတ် မပူပန်သလော။ ပေတရုသည် ထိုသို့သော ပတ်ဝန်းကျင်မျိုးကို ကြုံခဲ့ရပြီး ထိုသို့သော ဆင်းရဲဒုက္ခမျိုးကို တွေ့ကြုံခဲ့ရသော်လည်း၊ ခိုင်မြဲစွာ ရပ်တည်ဆဲဖြစ်ခဲ့သည်။ သင်သည် ထိုပတ်ဝန်းကျင်ကို ခံစားခဲ့ရပါက၊ ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ မြေကြီးပေါ်ရှိစဉ် ယေရှု ဆိုခဲ့သောအရာများနှင့် သူပြုခဲ့သော အမှုတို့သည် ပေတရုကို အခြေခံအုတ်မြစ် တစ်ခု ပေးခဲ့ပြီး၊ မိမိ၏နောက်ပိုင်းလမ်းကြောင်းကို ပေတရု လျှောက်လှမ်းခဲ့သည်မှာ ဤအခြေခံအုတ်မြစ်ထံမှ ဖြစ်သည်။ သင်တို့သည် ထိုအဆင့်သို့ ရောက်ရှိနိုင်သလော။ သင်လျှောက်လှမ်းခဲ့ပြီးသော လမ်းကြောင်းများနှင့် သင်နားလည်ပြီးဖြစ်သည့် သမ္မာတရားများ- ၎င်းတို့သည် အနာဂတ်တွင် သင် ခိုင်မာစွာ ရပ်တည်နိုင်သည့် သင်၏ အခြေခံအုတ်မြစ် ဖြစ်လာနိုင်သလော။ ဤအရာများသည် နောင်တွင် ခိုင်မြဲစွာ ရပ်တည်ခြင်းအတွက် သင်၏ရူပါရုံ ဖြစ်လာနိုင်သလော။ ငါသည် သင်တို့ကို အမှန်တရား ပြောမည်- လူတို့ လောလောဆယ် နားလည်သည့် အရာအားလုံးသည် အယူဝါဒများဖြစ်သည်ဟု ပြောနိုင်သည်။ ဤသည်မှာ ၎င်းတို့နားလည်သည့်အရာ အားလုံးနှင့် သက်ဆိုင်သော အတွေ့အကြုံ ၎င်းတို့၌ မရှိကြသောကြောင့် ဖြစ်သည်။ ယခုထိတိုင် သင် ဆက်လက် စခန်းသွားနိုင်သည်မှာ အလင်းသစ်၏ လမ်းပြခြင်းကို သင် ခံရသောကြောင့် လုံးလုံးလျားလျား ဖြစ်၏။ သင်၏ ဝိညာဉ်အသက်တာက အဆင့်တစ်ခုခုသို့ ရောက်ရှိခြင်းကြောင့်မဟုတ်ဘဲ၊ ယင်းထက် ငါ၏ နှုတ်ကပတ်တော်များက သင့်ကို မျက်မှောက်ခေတ်ထိ လမ်းပြခဲ့သောကြောင့် ဖြစ်သည်။ သင်၌ ကြီးမားသော ယုံကြည်ခြင်းရှိသောကြောင့် မဟုတ်ဘဲ၊ ယင်းထက် သင့်ကို ယနေ့ထိ လမ်းတစ်လျှောက်လုံး လိုက်သည်မှအပ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်စေသည့် ငါ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာကြောင့် ဖြစ်သည်။ အကယ်၍ ယခု ငါသည် ပြောဆိုဖို့မဟုတ်ပါက၊ ငါ၏အသံကို မြွက်ဆိုဖို့ မဟုတ်ပါက၊ သင်သည် ဆက်လက်သွားနိုင်မည် မဟုတ်သကဲ့သို့၊ ရှေ့သို့ဆက်နေခြင်းသည် ချက်ချင်းရပ်တန့်သွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ သင်တို့၏ ဝိညာဉ်အသက်တာအမှန် မဟုတ်လော။ မည်သည့်ကဏ္ဍများမှ ဝင်ရောက်ရမည် ဆိုသည်နှင့် သင် ချို့တဲ့သောအရာအတွက် မည်သည့် ကဏ္ဍများတွင် ထေမိစေရမည်ဆိုသည်ကို သင်တို့မသိချေ။ အဓိပ္ပာယ်ရှိသော လူ့ဘဝကို မည်သို့အသက်ရှင်နေထိုင် ရမည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်သို့ပြန်လည် ပေးဆပ်ရမည်၊ သို့မဟုတ် အားကောင်းပြီး ထူးကဲသော နည်းလမ်းဖြင့် မည်သို့ သက်သေခံရမည်ကို သင်တို့ နားမလည်ကြပေ။ သင်တို့သည် ဤအရာများကို လုံးဝ ရရှိနိုင်စွမ်း မရှိကြချေ။ သင်တို့သည် ပျင်းရိသကဲ့သို့ မိုက်လည်းမိုက်မဲကြ၏။ သင်တို့လုပ်နိုင်သမျှမှာ အခြား တစ်စုံတစ်ရာအပေါ် မှီခိုဖို့ရန်ဖြစ်ပြီး သင်တို့ မှီခိုသော အရာသည် အလင်းသစ်နှင့် ရှေ့တွင် ရှိ၍ သင်တို့ကို ဦးဆောင်နေသောသူ ဖြစ်သည်။ ယနေ့ထိတိုင် သင်မလျှော့တမ်း လုပ်ဆောင်နိုင်ခဲ့သည်မှာ သင်သည် အလင်းသစ်နှင့် နောက်ဆုံး မိန့်မြွက်ချက်များအပေါ် လုံးဝအားထားခဲ့သောကြောင့် ဖြစ်သည်။ သင်တို့သည် စစ်မှန်သောလမ်းကို လိုက်စားရာတွင် ကျွမ်းကျင်သော ပေတရုနှင့် ဘာတစ်ခုမျှမတူ၊ သို့မဟုတ် ယေဟောဝါကို ဆက်ကပ်အပ်နှံလျက် ကိုးကွယ်နိုင်ပြီး၊ ယေဟောဝါက သူ့ကို မည်သို့စမ်းသပ်စေကာမူ၊ ယေဟောဝါက သူ့ကိုကောင်းချီးပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ၊ ယေဟောဝါသည် ဘုရားသခင် ဖြစ်သည်ဟု ယုံကြည်နိုင်ခဲ့သော ယောဘနှင့် ဘာတစ်ခုမျှမတူပေ။ သင်သည် ထိုအရာကို လုပ်နိုင်သလော။ သင်တို့သည် မည်ကဲ့သို့ သိမ်းပိုက်ခြင်း ခံခဲ့ရသနည်း။ ရှုထောင့်တစ်ခုက တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ ဖြစ်ပြီး၊ အခြားသောရှုထောင့်မှာ သင်တို့ကိုသိမ်းပိုက်သော နက်နဲမှုများ ဖြစ်သည်။ သင်တို့ အားလုံးသည် မြည်းများကဲ့သို့ ဖြစ်ကြ၏။ အကယ်၍ ငါပြောသော အရာသည် သင့်အတွက် ကျေနပ်လောက်အောင် မမြင့်မားပါက၊ မည်သည့်နက်နဲမှုမျှ မရှိပါက၊ သင်တို့သည် သိမ်းပိုက်ခြင်း မခံရနိုင်ပေ။ လူတစ်ဦးက တရားဟောနေခြင်းဖြစ်ပြီး ထိုသူသည် အချိန်ကာလ တစ်ခုကြာ တူညီသော အရာများအကြောင်းကို အမြဲဟောပြောခဲ့ပါက၊ သင်တို့အားလုံး နှစ်နှစ်မပြည့်မီ စွန့်ခွာကာ လူစုကွဲကြလိမ့်မည်ဖြစ်သည်။ သင်တို့ ဆက်စခန်းသွားနိုင်ကြလိမ့်မည် မဟုတ်။ သင်တို့သည် ပိုမိုနက်နဲစွာ မည်သို့သွားရမည်ကို မသိကြသကဲ့သို့ သမ္မာတရား သို့မဟုတ် အသက်လမ်းကို မည်သို့လိုက်စား ရမည်ကိုလည်း နားမလည်ကြ။ သင်တို့နားလည်သမျှမှာ နက်နဲမှုများ သို့မဟုတ် ရူပါရုံများအကြောင်း ကြားခြင်း၊ သို့မဟုတ် ဘုရားသခင် မည်သို့ အလုပ်လုပ်လေ့ရှိသည်၊ သို့မဟုတ် ပေတရု၏ အတွေ့အကြုံများ၊ သို့မဟုတ် ယေရှု၏ ကားစင်တင်ခံရခြင်းနောက်ကြောင်းတို့ကို ကြားခြင်းကဲ့သို့သော သင်တို့အဖို့ ဆန်းသစ်ပုံရသည့် တစ်စုံတစ်ရာကို ရရှိခြင်းသာ ဖြစ်သည်။… သင်တို့သည် ဤအရာများအကြောင်းကို နားထောင်ရန်သာ လိုလားလျက်ရှိကြပြီး သင်တို့ နားထောင်လေလေ တက်ကြွလေလေဖြစ်သည်။ သင်တို့သည် သင်တို့၏ ဝမ်းနည်းမှုနှင့် ပျင်းရိငြီးငွေ့မှုကို ဖယ်ရှားရန် ဤအရာအားလုံးကို နားထောင်နေကြခြင်းသာ ဖြစ်သည်။ သင်တို့၏ဘဝများသည် ဤဆန်းသစ်သော အရာများအားဖြင့်သာ လုံးဝတည်တံ့နေကြသည်။ ယနေ့ သင်ရှိသည့်နေရာသို့ သင်ကိုယ်တိုင်၏ ယုံကြည်ခြင်းဖြင့် ရောက်လာကြသည်ဟု သင်ထင်သလော။ ဤသည်မှာ သင်တို့ပိုင်ဆိုင်သော မဖြစ်စလောက်၊ သနားဖွယ်ရာ ဝိညာဉ်အသက်တာ အနည်းငယ်မျှ ဖြစ်သည် မဟုတ်လော။ သင်တို့၏ ဂုဏ်သိက္ခာမှာ အဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝက အဘယ်မှာနည်း။ လူသားဘဝကို သင်တို့ ပိုင်ဆိုင်သလော။ စုံလင်စေခြင်းခံရခြင်းအတွက် လိုအပ်ချက်မည်မျှကို သင်တို့ ပိုင်ဆိုင်သနည်း။ ငါပြောနေသည့်အရာသည် အမှန်တရား မဟုတ်သလော။ ငါသည် နည်းလမ်းဖြင့် စကားပြောကာ အလုပ်လုပ် သော်လည်း သင်တို့သည် အနည်းငယ်မျှသာ အရေးစိုက်ဆဲဖြစ်၏။ သင်တို့သည် နောက်မှလိုက်စဉ် စောင့်ကြည့်ခြင်းလည်း ပြုကြ၏။ စိတ်မဝင်စားသည့် ပုံပန်းကို သင်တို့အမြဲထားရှိပြီး၊ သင်တို့ အမြဲ နဖားကြိုး တပ်ခံနေရသည်။ ဤသည်မှာ သင်တို့အားလုံး ရှေ့ဆက်သည့် ပုံစံဖြစ်သည်။ ယနေ့ သင်တို့ ရှိသည့်နေရာသို့ သင်တို့ကို ခေါ်ဆောင်ခဲ့သည်မှာ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ဆုံးမခြင်းတို့သာ ဖြစ်သည်။ အသက်တာထဲ ဝင်ရောက်ခြင်းနှင့် ဆိုင်သည့် တရား‌ဒေသနာအချို့ကိုသာ ဟောကြားခဲ့ပါက၊ သင်တို့အားလုံး ကြာမြင့်စွာကတည်းက တစ်စတစ်စ ပျောက်သွားကြမည် မဟုတ်လော။ သင်တို့တစ်ဦးစီသည် နောက်တစ်ဦးထက် သာ၍ အထက်ဖား အောက်ဖိ လုပ်တတ်ကြ သော်လည်း၊ အမှန်စင်စစ် သင်တို့၏ ဝမ်းများသည် ညစ်ညူးသော ရေဖြင့်သာ ပြည့်နေကြသည်။ ယခင်က လူတို့နားမလည်ခဲ့သော အရာအချို့ဖြစ်သည့် နက်နဲရာ အချို့ကို ယခု သင်နားလည်လာပြီ ဖြစ်သောကြောင့် ယခုထိတိုင် လက်မလျှော့ဘဲ နေနိုင်ခြင်း ဖြစ်သည်။ သင်တို့တွင် မလိုက်နာရန် အကြောင်းမရှိ၊ ထို့ကြောင့် သင်တို့သည် မိမိတို့ကိုယ်မိမိ အားတင်းရုံမျှသာ ပြုနိုင်ကြပြီး လူအုပ်နောက်ကို လိုက်ပါကြသည်။ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ရရှိပြီးဖြစ်သော ရလဒ်မျှသာဖြစ်ပြီး၊ ယင်းသည် သင်တို့ ကိုယ်တိုင် ပြီးမြောက်သည့် စွမ်းဆောင်မှုတစ်ခု ဧကန်မုချ မဟုတ်ပေ။ သင်တို့အနေဖြင့် ဝါကြွားစရာ ဘာမျှမရှိ။ ထို့ကြောင့်၊ အမှု၏ဤအဆင့်တွင် သင်တို့သည် အဓိကအားဖြင့် နှုတ်ကပတ်တော်များမှတစ်ဆင့် လက်ရှိနေ့ရက်သို့ ဦးဆောင်ခံခဲ့ရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သင်တို့ထဲမှ မည်သူသည် နာခံနိုင်စွမ်းရှိမည်နည်း။ ယနေ့ထိ မည်သူက လက်မလျှော့ဘဲ နေနိုင်ခဲ့မည်နည်း။ အစအဦးကပင် သင်တို့သည် တတ်နိုင်သမျှ အစောဆုံးအချိန်၌ ထွက်ခွာသွားရန် အလိုရှိခဲ့ကြသော်လည်း၊ သင်တို့ မထွက်ခွာရဲခဲ့ကြပေ။ သင်တို့ သတ္တိမဲ့ခဲ့ကြသည်။ ယနေ့အထိတိုင်၊ သင်တို့သည် စိတ်မပါ့တပါဖြင့် လိုက်လျှောက် နေခဲ့ကြသည်။

ပေတရုသည် မိမိကိုယ်ပိုင်လမ်းကြောင်း၌ စတင်သွား ခဲ့သည်မှာ၊ သူ လျှောက်သင့်သည့် လမ်းကြောင်းကို စတင်လျှောက်ခဲ့သည်မှာ၊ လက်ဝါးကားတိုင်တွင် ယေရှု သံမှိုရိုက်နှက်ခံခဲ့ရကာ ထွက်ခွာသွားပြီးနောက်တွင်သာ ဖြစ်သည်။ သူသည် မိမိကိုယ်တိုင်၏ မပြည့်စုံမှုများနှင့် အားနည်းချက်များကို မြင်တွေ့ခဲ့ရပြီးနောက်မှသာ စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ အလွန်နည်းပါးခဲ့ပြီး ဆင်းရဲဒုက္ခခံလိုသော သူ၏ အလိုဆန္ဒသည် မလုံလောက်ကြောင်း၊ သူသည် မည်သည့်ထိုးထွင်းအမြင်မျှ မရှိခဲ့ကြောင်းနှင့် သူ အသိစိတ် ကင်းမဲ့ကြောင်းတို့ကို တွေ့ရှိခဲ့လေသည်။ မိမိအထဲတွင် ယေရှု၏လိုအင်ဆန္ဒနှင့် မကိုက်ညီသည့် အရာများစွာ ရှိနေခဲ့ကြောင်း၊ ပုန်ကန်တတ်ပြီး ခုခံတတ်သည့် အရာများစွာနှင့် လူသား၏ လိုအင်ဆန္ဒ စွန်းထင်းသော အရာများစွာ ရှိသည်ကို သူမြင်တွေ့ခဲ့သည်။ ရှုထောင့်တိုင်းထဲသို့ ဝင်ရောက်မှုကို သူ ရရှိခဲ့သည်မှာ ဤအရာ နောက်တွင်သာ ဖြစ်သည်။ ယေရှုက သူ့ကို လမ်းပြခဲ့ချိန်တွင် ယေရှုသည် ပေတရု၏အခြေအနေကို ဖော်ထုတ်ခဲ့ပြီး ပေတရုက ယင်းကို အသိအမှတ်ပြုကာ ယေရှုပြောသောအရာကို လက်ခံခဲ့သော်လည်း သူသည် ထိုနောက်ပိုင်းအချိန်အထိ စစ်မှန်သော သိနားလည်မှု မရှိခဲ့ပေ။ ယင်းမှာ ထိုအချိန်က သူ၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာနှင့်ဆိုင်သော အတွေ့အကြုံမရှိသကဲ့သို့ အသိပညာ မရှိခဲ့သောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ငါသည် သင်တို့ကို လမ်းပြဖို့အတွက် ယခု နှုတ်ကပတ်တော်များကိုသာ အသုံးပြုနေပြီး၊ တိုတောင်းသောအချိန်အတောအတွင်း သင်တို့ကို စုံလင်စေဖို့မှာ မဖြစ်နိုင်သကဲ့သို့၊ သင်တို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး သိရှိရန်သာ တတ်နိုင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင်တို့ကို သိမ်းပိုက်ခြင်းနှင့် သင်တို့စိတ်နှလုံးများထဲတွင် သင်တို့ကို ဖျောင်းဖျခြင်းသည် လက်ရှိအမှုဖြစ်ပြီး၊ လူတို့ သိမ်းပိုက်ခံရပြီးနောက်ပိုင်းမှသာ ၎င်းတို့အထဲမှ အချို့သည် စုံလင်စေခြင်းခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ယခု သင်တို့နားလည်သော ရူပါရုံများနှင့် သမ္မာတရားများသည် သင်တို့၏ အနာဂတ်အတွေ့အကြုံများအတွက် အခြေခံ အုတ်မြစ်တစ်ခုကို ခင်းနေပေသည်။ အနာဂတ်အတိဒုက္ခ ထဲတွင် သင်တို့ အားလုံး၌ ဤနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် လက်တွေ့ကျသည့် အတွေ့အကြုံများ ရှိကြရလိမ့်မည်။ နောင်တွင်၊ စမ်းသပ်ခြင်းများ သင်တို့အပေါ် ကျရောက်ပြီး အတိဒုက္ခကို ကြုံရသောအခါ သင်တို့ ယနေ့ ပြောဆိုသော- “မည်သည့် အတိဒုက္ခ၊ စမ်းသပ်မှုများ၊ သို့မဟုတ် ကြီးမားသော ကပ်ဘေးများကို ငါ ကြုံရပါစေ၊ ငါသည် ဘုရားသခင်ကို ကျေနပ်အားရ စေရမည်” ဟူသည့် စကားများကို တွေးမိကြလိမ့်မည်။ ပေတရု၏ အတွေ့အကြုံပြီးနောက် ယောဘ၏ အတွေ့အကြုံကို စဉ်းစားကြည့်လော့- သင်သည် ယနေ့ နှုတ်ကပတ်တော်များအားဖြင့် လှုံ့ဆော် ခံရပေမည်။ ဤနည်းအားဖြင့်သာ သင်တို့၏ယုံကြည်ခြင်းသည် လှုံ့ဆော်ခံနိုင်ပေသည်။ ထိုအချိန်က၊ ပေတရုသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ခံယူခြင်းငှာ မိမိ ထိုက်တန်ခြင်းမရှိဟု ပြောဆိုခဲ့ပြီး၊ သင်သည်လည်း အချိန် ကျလာသည့်အခါ သင်မှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူအပေါင်းတို့ မြင်စေဖို့ လိုလိုလားလား ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အလွယ်တကူ ခံယူပြီး၊ ကိုယ်တော်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းတို့သည် သင်တို့အဖို့ နှစ်သိမ့်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ယခုတွင် သင်တို့အနေဖြင့် သမ္မာတရား မဆင်ယင်ထားရန်မှာ တကယ်ကို လက်မခံနိုင်စရာ ဖြစ်သည်။ ယင်းမရှိဘဲနှင့်၊ သင်တို့သည် အနာဂတ်၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်သည်သာမက၊ လက်ရှိအမှုကို တွေ့ကြုံနိုင်စွမ်းလည်း ရှိကြမည်မဟုတ်ချေ။ ဤသို့ဖြစ်ပါက၊ သင်တို့သည် စွန့်ပစ်ခံရပြီး အပြစ်ဒဏ် ပေးခံရသည့် သူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်လော။ ယခု သင်တို့အပေါ်သို့ ကျရောက်သည့် မည်သည့်အချက်မျှ မရှိသေးသကဲ့သို့ ငါသည် သင်တို့ကို သင်တို့ ချို့တဲ့သည့် မည်သည့်ရှုထောင့်မဆို ထောက်ပံ့ပေးပြီးဖြစ်သည်။ ငါသည် ရှုထောင့်တိုင်းမှ ပြောဆိုနေခြင်းဖြစ်သည်။ သင်တို့သည် ဒုက္ခဆင်းရဲများစွာကို ခံစားရခြင်းမရှိသေးပေ။ သင်တို့သည် ရနိုင်သည့်အရာကို မည်သည့် အဖိုးအခမျိုးမျှ မပေးဘဲ ယူသာယူကြသကဲ့သို့ ထို့ထက်၊ သင်တို့ကိုယ်တိုင်၏ စစ်မှန်သည့် အတွေ့အကြုံများ သို့မဟုတ် ထိုးထွင်းအမြင်များ မရှိကြချေ။ သို့ဖြစ်၍ သင်တို့ သိနားလည်ထားသည်မှာ သင်တို့၏ စစ်မှန်သော ဝိညာဉ်အသက်တာများ မဟုတ်ပေ။ သင်တို့သည် နားလည်ခြင်း၊ သိခြင်းနှင့် မြင်ခြင်းအထိသာ ကန့်သတ်ခံရပြီး အကျိုးကို များစွာ မရိတ်သိမ်းရသေးပေ။ အကယ်၍ ငါသည် သင်တို့အပေါ် ဘယ်သောအခါမျှ အရေးမစိုက်ဘဲ၊ သင်တို့ ကိုယ်ပိုင်အိမ်တွင် အတွေ့အကြုံများ ရရှိစေခဲ့မည်ဆိုပါက၊ သင်တို့သည် ကြာမြင့်စွာကတည်းက ကြီးမား ကျယ်ပြန့်သော ကမ္ဘာကြီးထဲသို့ သုတ်သုတ်ပျာပျာ ပြန်ပြေးသွားကြမည် ဖြစ်သည်။ အနာဂတ်တွင် သင်တို့ လျှောက်လှမ်းသည့် လမ်းသည် ဒုက္ခဆင်းရဲနှင့်ဆိုင်သော လမ်းကြောင်းတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် လမ်းကြောင်း၏ လက်ရှိ ခရီးတစ်ထောက်ကို အောင်အောင်မြင်မြင် လျှောက်လှမ်း ပါက၊ အနာဂတ်တွင် သာ၍ကြီးမားသော အတိဒုက္ခကို သင်ကြုံရသောအခါ သက်သေခံချက် ရှိလိမ့်မည်။ သင်သည် လူ့ဘဝ၏အရေးပါမှုကို သိနားလည်ပြီး လူ့ဘဝ၏ လမ်းကြောင်းမှန်ပေါ် လျှောက်ပြီးပါက၊ အနာဂတ်တွင် ဘုရားသခင်သည် သင့်ကို မည်သို့ဆက်ဆံသည်ဖြစ်စေ မည်သည့်စောဒကတက်မှုများ သို့မဟုတ် ရွေးချယ်မှုများ မရှိဘဲ ကိုယ်တော်၏ အကြံအစည်များကို နာခံပါက၊ သင်သည် ဘုရားသခင်အပေါ် မည်သည့် တောင်းဆိုမှုမျှ မလုပ်ဆောင်ပါက၊ ဤနည်းဖြင့် သင်သည် တန်ဖိုးရှိသောလူတစ်ဦး ဖြစ်လိမ့်မည်။ ယခု သင်သည် အတိဒုက္ခကို မကြုံရသေးပေ၊ ထို့ကြောင့် မည်သည့် အရာကိုမဆို ခွဲခြားခြင်းမရှိဘဲ သင် နာခံနိုင်သည်။ ဘုရားသခင် မည်သို့ပင် ဦးဆောင်သည်ဖြစ်စေ ထိုလမ်းခရီးသည် ကောင်းမွန်ပြီး သူ၏စီစဉ်ညွှန်ကြားမှုများ အားလုံးကို နာခံမည်ဟု သင်ဆို၏။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမသည်ဖြစ်စေ ကျိန်ဆဲသည်ဖြစ်စေ သင့်အနေဖြင့် သူ့ကို စိတ်ကျေနပ်စေရန် လိုလားလျက် ရှိလိမ့်မည်။ ထိုသို့ပြောဆိုထားသည့်အတွက်၊ ယခု သင်ပြောဆိုသည့်အရာသည် သင်၏ ဝိညာဉ်အသက်တာကို ကိုယ်စားမပြုပေ။ ယခု သင်လုပ်ဆောင်လိုသည့်အရာက သင် အဆုံးတိုင်အောင် လိုက်လျှောက်နိုင်စွမ်းရှိသည်ကို ပြသနိုင်ခြင်းမရှိပေ။ သင့်အပေါ် အတိဒုက္ခများ ကျရောက်လာသောအခါ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခြင်း အချို့ သို့မဟုတ် အကျပ်ကိုင်မှု သို့မဟုတ် ပို၍ပင် ကြီးမားသော စမ်းသပ်မှုများကို သင်ကြုံရသောအခါ ထိုစကားများကို သင် ပြောဆိုနိုင်မည်မဟုတ်ချေ။ အကယ်၍ သင်သည် ထိုသို့သော သိရှိနားလည်မှုမျိုး ရှိနိုင်ပြီးနောက် ခိုင်မာစွာရပ်တည်နိုင်ပါက၊ ဤသည်မှာ သင်၏ ဝိညာဉ်အသက်တာ ဖြစ်ပေလိမ့်မည်။ ပေတရုသည် ထိုအချိန်က မည်သည့်အရာနှင့်တူခဲ့သနည်း။ ပေတရုက၊ “သခင်၊ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကျွန်ုပ်၏ အသက်ကို စတေးပါမည်။ ကိုယ်တော်သည် ကျွန်ုပ်ကို သေစေပါက၊ ကျွန်ုပ်သေပါမည်” ဟု ပြောဆိုခဲ့သည်။ ယင်းမှာ ထိုအချိန်က သူဆုတောင်းခဲ့သည့်ပုံစံ ဖြစ်ပြီး၊ သူက “အခြားသူများသည် ကိုယ်တော့်ကို မချစ်ကြလျှင်ပင် ကျွန်ုပ်သည် အဆုံးတိုင်အောင် ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်နောက်တော်သို့ ကျွန်ုပ် တစ်ချိန်လုံး လိုက်ပါမည်” ဟုလည်း ပြောဆိုခဲ့သည်။ ယင်းမှာ ထိုအချိန်က သူပြောဆိုခဲ့သည့်အရာ ဖြစ်သော်လည်း၊ စမ်းသပ်မှုများ သူ့အပေါ်ကျရောက် လာသည်နှင့် တစ်ပြိုင်နက် သူသည် မခံရပ်နိုင်တော့ဘဲ ငိုကြွေး ခဲ့လေသည်။ ပေတရုက သခင့်ကို သုံးကြိမ် ငြင်းပယ်ခဲ့သည်ကို သင်တို့အားလုံး သိကြသည် မဟုတ်လော။ မိမိတို့အပေါ်သို့ စမ်းသပ်မှုများ ရောက်ရှိလာသည့်အခါ ငိုကြွေးပြီး လူ့အားနည်းချက်များကို ဖော်ပြမည့်သူ များစွာရှိ၏။ သင်သည် သင်ကိုယ်တိုင်၏ သခင်မဟုတ်ပေ။ ဤတွင်၊ သင်သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ပေ။ ယနေ့ သင်သည် အမှန်တကယ် ကောင်းမွန်နေနိုင်သည်၊ သို့သော်လည်း ယင်းမှာ သင်၌ သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု ရှိသောကြောင့် ဖြစ်၏။ အကယ်၍ ယင်းက မနက်ဖြန်၌ ပြောင်းလဲသွားပါက၊ သင့်အနေဖြင့် သင်၏ သူရဲဘောကြောင်မှုနှင့် မစွမ်းဆောင်နိုင်မှု၊ သင်၏ စက်ဆုပ်ဖွယ်ကောင်းမှုနှင့် မထိုက်တန်မှုတို့ကို ပြသလိမ့်မည်ဖြစ်၏။ သင်၏ “ယောက်ျားပီသမှု” သည် အချိန်ကြာမြင့်စွာကတည်းက အချည်းနှီးဖြစ်လာပြီးဖြစ်ကာ တစ်ခါတစ်ရံ သင့်အနေဖြင့် သင်၏ အလုပ်ကို ဘေးဖယ်လိုက်ကာ ထွက်သွားမည် ဖြစ်သည်။ ဤအရာက ထိုအချိန် သင် နားလည်ခဲ့သည့် အရာမှာ သင်၏ တကယ့်ဝိညာဉ်အသက်တာ မဟုတ်မှန်းကို ပြသပေသည်။ လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် ချစ်မချစ်၊ ဘုရားသခင်၏ အကြံအစည်ကို ၎င်းတို့ အမှန်တကယ် နာခံနိုင်စွမ်း ရှိမရှိ၊ ဘုရားသခင် တောင်းဆိုသည့်အရာကို ရရှိရန် မိမိ အစွမ်းရှိသမျှကို စိုက်ထုတ်နိုင်ခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းကိုယ်တိုင်၏ဘဝကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် ဘုရားသခင်ကို သစ္စာရှိမြဲ သစ္စာရှိပြီး အရာအားလုံးအနက် အကောင်းဆုံးကို ပေးခြင်းရှိမရှိ ဆိုသည်ကို မြင်ရဖို့ရန် ထိုသူ၏ တကယ့် ဝိညာဉ်အသက်တာကို ကြည့်ရပေမည်။

ဤစကားများသည် ယခုပြောဆိုထားပြီးဖြစ်သည်ကို သင့်အနေဖြင့် မှတ်မိရမည်။ နောင်တွင်၊ သင်သည် သာ၍ကြီးမားသော အတိဒုက္ခနှင့် သာ၍ကြီးမားသော ဒုက္ခဆင်းရဲကို ကြုံရလိမ့်မည်။ စုံလင်ခံရဖို့ဆိုသည်မှာ ရိုးရှင်းသောအရာ သို့မဟုတ် လွယ်ကူသောအရာတစ်ခု မဟုတ်။ အနည်းဆုံးအနေဖြင့်၊ ယောဘ၏ယုံကြည်ခြင်း သို့မဟုတ် သူ၏ယုံကြည်ခြင်းထက် သာ၍ပင် ကြီးမားသည့် ဖြစ်နိုင်သော ယုံကြည်ခြင်းကို သင်ပိုင်ဆိုင်ရမည်။ အနာဂတ်ရှိ စမ်းသပ်မှုများသည် ယောဘ၏ စမ်းသပ်မှုများထက် သာ၍ကြီးမားလိမ့်မည် ဖြစ်ပြီး၊ သင်သည် ရေရှည် ပြစ်တင်ဆုံးမခြင်းနှင့် ကြုံရဦးမည် ဖြစ်သည်ကို သင့်အနေဖြင့် သိသင့်သည်။ ဤသည်မှာ ရိုးရှင်းသည့်အရာတစ်ခုလော။ သင်၏ အရည်အချင်းသည် မတိုးတက်နိုင်ပါက၊ သင်၏ သိနားလည်နိုင်ခြင်း အစွမ်းအစသည် ချို့တဲ့နေပါက၊ ပြီးလျှင် သင်သည် အလွန်နည်းပါးစွာ သိပါက၊ ထိုအချိန်တွင် သင့်အနေဖြင့် မည်သည့်သက်သေမျှ ရှိလိမ့်မည်မဟုတ်ဘဲ ယင်းအစား ရယ်စရာတစ်ခု၊ စာတန်အတွက် ကစားစရာတစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ သင့်အနေဖြင့် ရူပါရုံများကို ယခု မထိန်းသိမ်းနိုင်ပါက၊ သင်သည် အခြေခံအုတ်မြစ် မရှိသကဲ့သို့၊ အနာဂတ်တွင် ဖယ်ရှားခြင်းခံရပေလိမ့်မည်။ လမ်းကြောင်း၏ မည်သည့် ခရီးတစ်ထောက်မျှ လျှောက်လှမ်းဖို့ မလွယ်ကူသောကြောင့်၊ ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားလေနှင့်။ သင့်အနေဖြင့် ဤလမ်းကြောင်း၏ နောက်ဆုံး ခရီးတစ်ထောက်ကို မှန်ကန်စွာ လျှောက်လှမ်းနိုင်ဖို့အလို့ငှာ ဤအရာကို ယခု ဂရုတစိုက်ချိန်ဆလော့။ ဤသည်မှာ အနာဂတ်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်ပြီး လူတိုင်း လျှောက်လှမ်းရမည့် လမ်းကြောင်း ဖြစ်သည်။ သင်သည် ဤအသိပညာကို အလေးဂရုမပြု မဖြစ်စေရ။ သင့်ကို ငါပြောဆိုသမျှသည် လေသာကုန်သည်ဟု မထင်လေနှင့်။ ထိုအရာအားလုံးကို ကောင်းကောင်းအသုံးချရမည့်နေ့ရက် ရောက်ရှိလာလိမ့်မည်- စကားများကို အချည်းနှီး ပြောဆိုထားခြင်း မရှိနိုင်ပေ။ ဤသည်မှာ မိမိကိုယ်ကိုယ် ပြင်ဆင်ရမည့်အချိန်၊ အနာဂတ်အတွက် လမ်းခင်းရမည့် အချိန် ဖြစ်သည်။ နောင်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းကို သင့်အနေဖြင့် ပြင်ဆင်သင့်သည်။ သင့်အနေဖြင့် အနာဂတ်တွင် မည်ကဲ့သို့ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ကို စိုးရိမ်ကာ ပူပန်သင့်ပြီး သင်၏အနာဂတ် လမ်းကြောင်းအတွက် ကောင်းကောင်း ပြင်ဆင်သင့်ပေသည်။ အစားကြူးပြီး ပျင်းရိခြင်း မရှိလေနှင့်။ သင်လိုအပ်သည့်အရာမှန်သမျှကို ရရှိနိုင် ဖို့အလို့ငှာ သင်၏အချိန်ကို အကောင်းဆုံး အသုံးချဖို့ တတ်နိုင်သမျှအရာ အားလုံးကို အပြည့်အဝ လုပ်ဆောင်ရမည်။ သင်နားလည်နိုင်ဖို့အလို့ငှာ ငါသည် သင့်ကို အရာခပ်သိမ်းပေးနေ၏။ သုံးနှစ်အောက် အချိန်ကာလတွင် ငါသည် အမှုအရာများစွာ ပြောဆိုခဲ့ပြီး များစွာသော အမှု ပြုခဲ့သည်ကို သင်တို့အနေဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ကြပြီးဖြစ်၏။ ဤနည်းဖြင့် ငါအလုပ်လုပ်ခြင်း၏ အကြောင်းရင်းတစ်ခုမှာ လူတို့သည် အလွန်ချို့တဲ့ နေကြသောကြောင့် ဖြစ်ပြီး၊ နောက်အကြောင်းရင်းတစ်ခုမှာ အချိန်သည် တိုတောင်းလွန်းသောကြောင့် ဖြစ်သည်။ နောက်ထပ် မည်သို့မျှ အချိန်ဆွဲ၍ မဖြစ်ပေ။ လူတို့အနေဖြင့် သက်သေခံနိုင်ပြီး အသုံးပြုမခံနိုင်ရမီ၊ အတွင်းပိုင်း ပြည့်စုံသည့် ရှင်းလင်းမှုတစ်ခု ဦးစွာ ရရှိရမည်ဟု သင် စိတ်ကူးသည်- သို့သော် ယင်းမှာ နှေးကွေးလွန်းမည် မဟုတ်လော။ သို့ဆိုလျှင် ငါသည် အချိန်မည်မျှကြာ သင့်ကို အဖော်ပြုရမည်နည်း။ သင့်အနေဖြင့် ငါ အိုမင်းပြီး ဆံဖြူသည်အထိ သင့်ကို အဖော်ပြုစေမည်ဆိုပါက၊ ယင်းသည် ဖြစ်နိုင်မည်မဟုတ်။ သာ၍ကြီးမားသော အတိဒုက္ခကို ကြုံခြင်းဖြင့်၊ လူအပေါင်းတို့၏အတွင်းထဲ၌ စစ်မှန်သော သိနားလည်မှုကို ရရှိပေလိမ့်မည်။ ဤသည်တို့မှာ အမှု၏ အဆင့်များ ဖြစ်သည်။ သင်သည် ယနေ့ မိတ်သဟာယပြုသည့် ရူပါရုံများကို အပြည့်အဝ နားလည်ပြီး စစ်မှန်သော ဝိညာဉ်အသက်တာ ရရှိသည်နှင့် တစ်ပြိုင်နက်၊ အနာဂတ်တွင် သင်ကြုံရသည့် မည်သည့် အခက်အခဲမဆိုက သင့်ကို လွှမ်းမိုးလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို သင် ကြံ့ကြံ့ခံနိုင်လိမ့်မည် ဖြစ်သည်။ ငါသည် အမှု၏ ဤနောက်ဆုံးအဆင့်ကို ပြည်စုံစေပြီး၊ နောက်ဆုံး နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီးသောအခါ အနာဂတ်တွင် လူတို့သည် ကိုယ့်လမ်းကြောင်းကို ကိုယ်လျှောက်လှမ်းဖို့ လိုပေလိမ့်မည်။ ဤအချက်သည် ယခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတစ်ဦးစီတိုင်းအတွက် စေခိုင်းချက် တစ်ရပ်နှင့် လူပုဂ္ဂိုလ် တစ်ဦးစီတိုင်းထဲတွင် လုပ်ဆောင်ရမည့် အမှုတစ်ခု ရှိ၏။ အနာဂတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းခံရလျက်၊ အယောက်တိုင်းသည် မိမိတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းကို လျှောက်ကြလိမ့်မည်။ အတိဒုက္ခ ကြုံနေရချိန်တွင်၊ မည်သူသည် အခြားသူများကို ဂရုစိုက်ပေးနိုင်လိမ့်မည်နည်း။ တစ်ဦးချင်းစီတို့သည် မိမိတို့ကိုယ်တိုင်၏ ဒုက္ခဆင်းရဲ ရှိကြပြီး၊ အသီးသီးက မိမိတို့ကိုယ်တိုင်၏ ဝိညာဉ်အသက်တာ ရှိကြ၏။ တစ်ဦး၏ ဝိညာဉ်အသက်တာသည် အခြားမည်သူ၏ ဝိညာဉ် အသက်တာနှင့်မျှ မတူပေ။ ခင်ပွန်းသည်တို့သည် မိမိတို့ ဇနီးသည်များကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်၊ မိဘတို့သည် မိမိတို့သားသမီးများကို ဂရုစိုက်နိုင်မည် မဟုတ်ပေ။ မည်သူမျှ အခြားတစ်ဦးကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းသည် အပြန်အလှန် ဂရုစိုက်မှုနှင့် အားပေးမှု ရှိနိုင်သေးသည့်အချိန်ဖြစ်သည့် ယခုအချိန်နှင့် တူလိမ့်မည် မဟုတ်ပေ။ ယင်းသည် လူအမျိုးအစားတိုင်းကို ဖော်ထုတ်သော အချိန်တစ်ခု ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ၊ သိုးထိန်းများကို ဘုရားသခင်က ရိုက်သတ်လိုက်သောအခါ သိုးစုသည် ကွဲလွင့်ကုန် ကြလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်တို့သည် စစ်မှန်သော ခေါင်းဆောင်တစ်ဦးမျှ ရှိမည်မဟုတ်ပေ။ လူတို့သည် ကွဲပြားကြလိမ့်မည်- ယင်းသည် လူအစုအဝေး အဖြစ် သင်တို့ အတူတကွ စုဝေးလာနိုင်သောအချိန်ဖြစ်သည့် ယခုအချိန်နှင့် တူလိမ့်မည်မဟုတ်။ အနာဂတ်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မရှိသောသူတို့သည် မိမိတို့၏ စရိုက်မှန်ကို ပြသကြလိမ့်မည်။ ခင်ပွန်းသည်တို့သည် မိမိတို့ဇနီးမယားများကို ရောင်းစားကြ လိမ့်မည်၊ ဇနီးသည်များက မိမိတို့ ခင်ပွန်းသည်များကို ရောင်းစားကြလိမ့်မည်၊ သားသမီးများက မိမိတို့မိဘများကို ရောင်းစား ကြလိမ့်မည်ဖြစ်ပြီး မိဘများက မိမိတို့သားသမီးများကို ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်- လူ့စိတ်နှလုံးသည် နားလည် သဘောပေါက်၍ မရနိုင်ပေ။ လုပ်နိုင်သမျှမှာ လူတစ်ဦး အနေဖြင့် မိမိ၌ရှိသောအရာကို ထိန်းသိမ်းဖို့နှင့် လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို မှန်ကန်စွာ လျှောက်လှမ်းဖို့ ဖြစ်သည်။ ယခု၊ သင်တို့သည် ဤအရာကို ရှင်းလင်းစွာ မမြင်ကြ။ သင်တို့အားလုံး ရေရှည်ကို မကြည့်တတ်ကြပေ။ အမှု၏ဤအဆင့်ကို အောင်မြင်စွာ တွေ့ကြုံဖို့မှာ လွယ်ကူသောအရာ မဟုတ်ပေ။

ဘေးဒုက္ခကာလသည် ရှည်ကြာလွန်းမည်မဟုတ်။ အမှန်စင်စစ်၊ တစ်နှစ်ပင်ကြာမည် မဟုတ်ပေ။ အကယ်၍ ယင်းသည် တစ်နှစ် ရှည်ကြာမည်ဆိုပါက၊ အမှု၏ နောက်အဆင့်ကို နှောင့်နှေးစေမည်ဖြစ်ပြီး လူတို့၏ ဝိညာဉ်အသက်တာသည် လုံလောက်လိမ့်မည်မဟုတ်။ အကယ်၍ ယင်းသည် ရှည်ကြာလွန်းမည်ဆိုပါက၊ သူတို့အနေဖြင့် ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်စင်စစ် သူတို့၏ ဝိညာဉ်အသက်တာ၌ အကန့်အသတ်များ ရှိပေသည်။ ငါကိုယ်တိုင်၏အမှု ပြီးဆုံးသွားသည့်နောက်၊ နောက်တစ်ဆင့်သည် လူတို့အနေဖြင့် မိမိတို့ လျှောက်သင့်သည့် လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဖြစ်လိမ့်မည်။ အယောက်တိုင်းသည် မိမိမည်သည့်လမ်းကြောင်း လျှောက်သင့်သည်ကို သိနားလည်ရမည်- ယင်းသည် ဒုက္ခဆင်းရဲနှင့်ဆိုင်သော လမ်းကြောင်းနှင့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန် သင်၏လိုအင်ဆန္ဒကို စစ်ဆေးခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ မည်သည့် သမ္မာတရားထဲသို့ သင်ဝင်ရောက်သင့်သည်၊ မည်သည့် သမ္မာတရားများကို သင်ထပ်ဖြည့်သင့်သည်၊ မည်ကဲ့သို့ သင်တွေ့ကြုံခံစားသင့်သည်၊ ပြီးလျှင် မည်သည့်ရှုထောင့်မှ သင်ဝင်ရောက်သင့်သည်- ဤအရာအားလုံးကို သင်နားလည် ရမည်ဖြစ်၏။ သင့်အနေဖြင့် ယခုအချိန်တွင် မိမိကိုယ်ကိုယ် ပြင်ဆင်ရမည်ဖြစ်သည်။ အကယ်၍ သင့်အပေါ် ဘေးဒုက္ခရောက်လာသည်အထိ စောင့်မည် ဆိုပါက၊ နောက်ကျလွန်းသွားပေလိမ့်မည်။ လူတိုင်းသည် မိမိတို့ကိုယ်တိုင်၏ အသက်တာအတွက် ဝန်ထုပ်တစ်ခု ထမ်းရွက်ရမည်ဖြစ်ပြီး၊ အခြားသူများ၏ သတိပေးခြင်း သို့မဟုတ် သင့်ကို ၎င်းတို့ အမြဲအရိပ်အကဲပြောမည်ကို မစောင့်နှင့်။ ငါသည် များစွာပြောပြီးဖြစ်သော်လည်း သင့်အနေဖြင့် မည့်သည့်သမ္မာတရားထဲသို့ ဝင်ရောက်သင့်သည် သို့မဟုတ် မည်သည့်သမ္မာတရားဖြင့် မိမိကိုယ်ကိုယ် ဆင်ယင်သင့်သည်ကို မသိသေးပေ။ ဤအရာက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အားစိုက်မှုမရှိကြောင်း ပြသ၏။ သင်သည် မိမိကိုယ်တိုင်၏ အသက်တာအတွက် မည်သည့် ဝန်ထုပ်ဝန်ပိုးကိုမျှ ထမ်းရွက်ခြင်း မရှိပေ- ယင်းသည် မည်သို့ လက်ခံနိုင်စရာ ဖြစ်နိုင်သနည်း။ မည်သည့်အရာ အထဲသို့ သင်ဝင်ရောက်သင့်သည်ကို သင်သည် ရှင်းလင်းခြင်း မရှိ၊ နားလည်သင့်သည့်အရာကို သင် နားမလည်သကဲ့သို့ မည်သည့် အနာဂတ်လမ်းကြောင်းကို လျှောက်လှမ်း သင့်သည်နှင့် စပ်လျဉ်း၍ သင်သည် လုံးဝ ဦးနှောက်ရှုပ်လျက် ရှိသေး၏။ သင်သည် လုံးဝ အသုံးမကျသောသူ မဟုတ်ဟု သင် ပြောနိုင်သလော။ သင်သည် အဘယ် အသုံးဝင်မှု ရှိသနည်း။ ယခု သင်တို့လုပ်နေကြသည်မှာ သင်တို့ကိုယ်တိုင်၏လမ်းများကို တည်ဆောက်နေခြင်းနှင့် လမ်းခင်းနေခြင်း ဖြစ်၏။ လူတို့ ရရှိသင့်သည့်အရာကို သင် သိရမည်ဖြစ်ပြီး လူသားမျိုးနွယ် အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် သိရမည်။ သင်၌ အောက်ပါသိနားလည်မှု ရှိရမည်- မည်သို့ပင်ဖြစ်စေ၊ ငါသည် အလွန်အမင်း ဖောက်ပြန်ပျက်စီး သော်လည်း၊ ဘုရားသခင့်ရှေ့မှောက်၌ ဤအပြစ်အနာအဆာများကို ပြုပြင်ရမည်။ ဘုရားသခင် ငါ့ကို မပြောပြမီ၊ ငါသည် သိရှိနားလည်ခြင်းမရှိခဲ့၊ သို့သော် ယခုတွင် သူ ငါ့ကို ပြောပြပြီးဖြစ်သဖြင့် ငါ နားလည်ပေသည်၊ ငါ့အနေဖြင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ဖို့နှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးသည့် ပုံရိပ်တစ်ခုအဖြစ် အသက်ရှင်နေထိုင်ဖို့ အလို့ငှာ ငါ၏ မပြည့်စုံခြင်းကို မြန်မြန်ဆန်ဆန် ပြုပြင်ရမည်။ ငါသည် ပေတရု ပြုလုပ်ဆောင်ခဲ့သည့် အရာအထိ လုပ်ဆောင်နိုင်ခြင်းမရှိသော်လည်း၊ အနည်းဆုံး အနေဖြင့် ပုံမှန်လူ့သဘာဝကို ငါ အသက်ရှင်သင့်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ငါ ကျေနပ်စေနိုင်သည်။

ဤလမ်းကြောင်း၏နောက်ဆုံးခရီးတစ်ထောက်သည် ယခုမှစ၍ အနာဂတ် ဘေးဒုက္ခ၏ ပြီးဆုံးသည်အထိ ရှိလိမ့်မည်။ လမ်း၏ ဤခရီးတစ်ထောက်သည် လူတို့၏ စစ်မှန်သော ဝိညာဉ်အသက်တာ ဖော်ထုတ်ခံရသည့် အချိန်ဖြစ်သည့်အပြင်၊ စစ်မှန်သောယုံကြည်ခြင်း ၎င်းတို့၌ ရှိမရှိဆိုသည်ကို ပြသခံရသည့်အချိန်လည်း ဖြစ်လိမ့်မည်။ လမ်းကြောင်း၏ ဤခရီးတစ်ထောက်သည် ယခင်က လူတို့ လမ်းပြခံရသည့် မည်သည့် လမ်းကြောင်းမဆိုထက် ပိုမိုခက်ခဲကြမ်းတမ်းကာ ပို၍မတည်မငြိမ်ဖြစ်မည် ဖြစ်သောကြောင့်၊ ၎င်းကို “လမ်းကြောင်း၏ နောက်ဆုံး ခရီးတစ်ထောက်” ဟု ခေါ်တွင်ခြင်းဖြစ်သည်။ အမှန်မှာ ယင်းသည် လမ်း၏ တကယ့်နောက်ဆုံးပိုင်း မဟုတ်ပေ။ ဤသည်မှာ ဘေးဒုက္ခကို ကြုံရပြီးနောက်တွင် သင်သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို ကြုံရလိမ့်မည်ဖြစ်ပြီး အသုံးပြုခံရခြင်းအမှုကို ကြုံရမည့် လူတစ်စု ရှိလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ “လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်” သည် လူတို့ကို စစ်ဆေးခြင်း နှင့်ဆိုင်သော ဘေးဒုက္ခနှင့် ကြမ်းတမ်းသော ပတ်ဝန်းကျင်ကိုသာ ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ အတိတ်က လျှောက်ခဲ့သည့် လမ်း၏ ထိုအပိုင်းတွင် ငါသည် သင့်ကို သင်ကြားပေးရန် လက်ဖြင့်ကိုင်ဆွဲရင်း၊ ငါကိုယ်တိုင်၏ ပါးစပ်မှ ခွံ့ကျွေးရင်းဖြင့် ထိုပျော်ရွှင်ဖွယ်သော ခရီးထက်တွင် သင့်ကို ငါကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့သည်။ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကြိမ်ဖန်များစွာ ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း၊ သင်နှင့် ပတ်သက်သရွေ့ ၎င်းတို့သည် ပေါ့ပါးသော ထိုးနှက်မှု တစ်သီတစ်တန်းထက် ဘာမျှမပိုပေ။ ဟုတ်ပေ၏၊ ယင်းက ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်များကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ သင်၏စိတ်သဘောထားကိုလည်း သိသိသာသာ တည်ငြိမ် စေခဲ့သကဲ့သို့၊ ငါနှင့်သက်ဆိုင်သော သိနားလည်မှု ပမာဏ အနည်းငယ်တစ်ချို့ကို သင့်အား ရရှိခွင့် ပေးခဲ့သည်။ သို့သော် ငါ ပြောနေသည်မှာ လူတို့အနေဖြင့် လမ်း၏ ထိုခရီးတစ်ထောက်ကို လျှောက်လှမ်းနေချိန်တွင်၊ လူတို့ ပေးဆပ်ရသည့် အဖိုးအခ သို့မဟုတ် အပတ်တကုတ် ကြိုးပမ်းမှုသည် အတော်အတန် သေးငယ်၏- ယနေ့ သင်ရောက်နေသည့်နေရာသို့ သင့်ကို ပို့ဆောင်ခဲ့သူမှာ ငါဖြစ်၏။ ဤသည်မှာ ငါသည် သင့်ကို တစ်စုံတစ်ရာ လုပ်ဆောင်ရန် မတောင်းဆိုသောကြောင့် ဖြစ်သည်။ အမှန်စင်စစ်၊ သင်နှင့်သက်ဆိုင်သော ငါ၏ သတ်မှတ်ချက်များမှာ လုံးဝမမြင့်မားပေ- ငါသည် သင့်ကို ရှိနေသည့်အရာကို အရယူဖို့ အခွင့်သာ ပေး၏။ ဤအချိန်ကာလ အတွင်းတွင် ငါသည် သင်တို့၏ လိုအပ်ချက်များကို စဉ်ဆက်မပြတ် ထောက်ပံ့ ပေးခဲ့ကာ၊ မည်သည့်အခါမျှ မလျော်ကန်သော တောင်းဆိုမှုများ မပြုဖူးပေ။ သင်တို့သည် ထပ်ခါတလဲလဲ ပြစ်တင်ဆုံးမမှုကို ခံစားရပြီးဖြစ်သော်လည်း၊ ငါ၏ နဂိုမူလ သတ်မှတ်ချက်များကို မစွမ်းဆောင်ကြသေးချေ။ သင်တို့သည် နောက်ဆုတ်ကာ စိတ်ဓာတ်ကျကြသော်လည်း ယခုအချိန်သည် ငါကိုယ်တိုင်၏ အမှုနှင့်ဆိုင်သော အချိန်ကာလဖြစ်သောကြောင့် ဤအရာကို ငါ မထည့်တွက်သကဲ့သို့၊ ငါ့ထံ သင်တို့၏ “ဆက်ကပ်မှု” ကို အလွန်အလေးအနက်မထားပေ။ သို့ရာတွင် ဤနေရာမှစ၍ လမ်းကြောင်းတွင်၊ ငါသည် နောက်ထပ် အမှုပြုခြင်း သို့မဟုတ် စကားပြောဆိုခြင်း ပြုမည်မဟုတ်ပေ၊ ထို့အပြင် အချိန်တန်သည့်အခါတွင် ငါသည် သင်တို့ကို ထိုသို့သော ပျင်းရိဖွယ်ကောင်းသည့် ဟန်ပန်ဖြင့် ဆက်သွား ခိုင်းတော့မည် မဟုတ်ပေ။ ငါသည် သင်တို့ကို ကြီးမားသော သင်ခန်းစာများ သင်ယူခွင့်ပြုမည်ဖြစ်ပြီး ရရှိနိုင်သည့်အရာကို ရယူဖို့ ခွင့်ပြုမည်မဟုတ်ချေ။ ယနေ့ သင်တို့၌ရှိသည့် စစ်မှန်သော ဝိညာဉ်အသက်တာ ဖော်ထုတ်ခံရမည်ဖြစ်၏။ သင်တို့၏ နှစ်ရှည်လများ ကြိုးစားအားထုတ်မှုသည် နောက်ဆုံးတွင် အကျိုးဖြစ်ထွန်းခြင်း ရှိမရှိ ဆိုသည်ကို လမ်း၏ ဤနောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းပုံတွင် မြင်တွေ့ရမည် ဖြစ်သည်။ အတိတ်တွင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အလွန် ရိုးစင်းသည်ဟု သင်တို့ တွေးထင်ခဲ့ကြပြီး၊ ယင်းမှာ ဘုရားသခင်က သင့်ကို တင်းတင်းကျပ်ကျပ် မဆက်ဆံခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုတွင် မည်သို့ရှိပါနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းက ရိုးစင်းသည်ဟု သင်တို့ထင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လမ်းထဲတွင် ကလေးသူငယ်များ ကစားနေသကဲ့သို့ ပျော်စရာကောင်းပြီး အပူအပင်ကင်းသည်ဟု သင်တို့ခံစားရဆဲ ဖြစ်သလော။ သင်တို့သည် သိုးများဖြစ်ကြသည်မှာ မှန်ကန်ပေသည်။ သို့သော် သင်တို့အနေဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်ဖို့နှင့် သင်တို့ယုံကြည်သော ဘုရားသခင်ကို လုံးလုံးလျားလျား ရရှိဖို့အလို့ငှာ သင်တို့ လျှောက်သင့်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်ရမည် ဖြစ်သည်။ မိမိကိုယ်ကိုယ် မလှောင်လေနှင့်၊ ပြီးလျှင် မိမိကိုယ်ကိုယ် အရူးမလုပ်ကြနှင့်။ သင့်အနေဖြင့် လမ်းကြောင်း၏ ဤခရီးတစ်ထောက်ကို မလျှော့တမ်း သွားနိုင်ပါက၊ သင်သည် စကြဝဠာတစ်ခွင်လုံး တစ်လျှောက် ပျံ့နှံ့လျက်ရှိသော ငါ၏ ဧဝံဂေလိ အလုပ်နှင့်ဆိုင်သည့် မကြုံစဖူးသော မြင်ကွင်းကို မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ငါ၏ ရင်းနှီးသော မိတ်ဆွေဖြစ်ဖို့နှင့် စကြဝဠာ တစ်ခွင်လုံး တစ်လျှောက် ငါ၏အမှုကို တိုးချဲ့ရာတွင် သင်၏ အခန်းကဏ္ဍ၌ ပါဝင်ဖို့ အခွင့်အလမ်းကောင်း သင်၌ ရှိလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် မိမိလျှောက်သင့်သော လမ်းကြောင်းကို အလွန်ဝမ်းမြောက် ဝမ်းသာစွာ ဆက်လက် လျှောက်လှမ်းလိမ့်မည်။ အနာဂတ်သည် အတိုင်းမသိ တောက်ပလိမ့်မည်၊ သို့သော် ယခု ပဓာနကျသောအရာမှာ လမ်းကြောင်း၏ ဤနောက်ဆုံးခရီးတစ်ထောက်ကို မှန်ကန်စွာ လျှောက်လှမ်းဖို့ဖြစ်သည်။ ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို သင့်အနေဖြင့် ကြိုးစားကာ ပြင်ဆင် ရမည်ဖြစ်သည်။ ဤသည်မှာ သင်ယခုချက်ချင်း လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ဤသည်မှာ ယခု အရေးတကြီး ကိစ္စတစ်ခု ဖြစ်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။