ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏ (အပိုင်း နှစ်)

သင့်တွင် မည်သည့်အရာ ဖြစ်ပျက်လာပါစေ သင်သည် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ပြီး သမ္မာတရား၏ ရှုထောင့်မှနေ၍ ကိုင်တွယ်ရမည်။ ပြဿနာများကို ဤနည်းဖြင့် ရှာဖွေတွေ့ရှိရန် လွယ်ကူသည်။ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ခြင်းအားဖြင့် သင်သည် အမှုအရာများ၏ အနှစ်သာရကို အလွယ်တကူ ရိပ်စားမိနိုင်လိမ့်မည်။ လူအချို့သည် သင်ယူလေ့လာထားချက်အပေါ် အခြေခံပြီး အမှုအရာများကို အစဉ်သဖြင့် ရှုမြင်၏။ ၎င်းတို့သည် အစဉ်အမြဲပင် ၎င်းတို့ ဦးနှောက်ဖြင့် အမှုအရာများကို လေ့လာပြီး စိစစ်သည် သို့မဟုတ် ၎င်းတို့၏ ဇာတိပကတိ အကြည့်ဖြင့် အမှုအရာများကို ရှုမြင်ပြီး သဘောထားသည်။ ထို့ကြောင့် ၎င်းတို့သည် ပြဿနာများ၏ အနှစ်သာရကို မသိမြင်နိုင်ဘဲ အစဉ်သဖြင့် လမ်းကြောင်းလွဲကြ၏။ ဤသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ဆက်လက် ဖြစ်နေနိုင်သည်။ ၎င်းတို့သည် အမှုအရာများကို ရှင်းလင်းစွာ မမြင်ဘဲ သေဆုံးသွားရနိုင်သည်။ ဥပမာ တစ်ခါတစ်ရံတွင် သင်သည် ဖျားနာခြင်းတစ်ခုကို ရင်ဆိုင်ရပြီး ယင်းသည် အရှိအတိုင်းဖြစ်သော အကြောင်းရင်းများရှိသည့် သာမန် ဖျားနာမှုသက်သက် ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်း မဟုတ်၊ ပြဿနာတစ်ခု မဟုတ်ဟုလည်းကောင်း ထင်မြင်သော်လည်း အမှန်တကယ်တွင်မူ ယင်း၌ ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်။ သင်သည် ဤအမှုကိစ္စတွင် အတွေးအခေါ် ပါးနပ်သိမ်မွေ့ပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ သမ္မာတရားကို ရှာဖွေနိုင်လျှင် တစ်ခါတစ်ရံ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား အဓိပ္ပာယ်တစ်ခု သိရှိစေသောအခါ၌ သင်သည် သင်ကိုယ်တိုင်တွင် ရှိနေသော အားနည်းချက်အချို့ကိုဖြစ်စေ၊ သင်၏ စိတ်သဘောထားတွင် ရှိနေသော ပြဿနာများကိုဖြစ်စေ သိမြင်နိုင်လိမ့်မည်။ ဘုရားသခင်က သင့်အား ဖျားနာခြင်းကို ပေးသည်မှာ သင့်ကို စစ်ဆေးရန်အတွက်၊ ဒုက္ခခံစေရန်အတွက်ဖြစ်ပြီး ဤဖျားနာခြင်းက အတိအကျအားဖြင့် မည်သည့်အရာနှင့် သက်ဆိုင်သည်ကို မြင်ရန် အနီးကပ် ဆန်းစစ်၍ ချင့်ချိန်စဉ်းစားဖို့ ဝိညာဉ်အတွင်းသို့ သင်ပြန်လာအောင် လုပ်ရန်အတွက်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ရန်အတွက် ဝိညာဉ်အတွင်း နက်ရှိုင်းရာသို့ ပြန်လာသောအခါ ပြဿနာ၏ အရင်းအမြစ်ကို မြင်နိုင်ပြီး သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုအပေါ် သိမြင်မှုတချို့ရှိလာနိုင်သည်။ ဒုက္ခအနည်းငယ် မရှိလျှင် သင့်ကိုယ်သင် အလွန်တော်သည်ဟု အစဉ်ထင်မြင်မည် ဖြစ်ပြီး ဤဖောက်ပြန်ပျက်စီးမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်သည် သင်လိုအပ်သော သမ္မာတရားကို နားလည်နိုင်မည် မဟုတ်။ သင်တို့တွင် ဤအတွေ့အကြုံ ရှိခဲ့သလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အရာခပ်သိမ်းကို အလွန် အချိန်သင့်အခါသင့်ဖြစ်သော နည်းဖြင့်လည်းကောင်း၊ အားလုံးကို လူတို့လိုအပ်သည့်အရာနှင့်အညီ၊ အားလုံးကို လူတို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှု၊ လက်ရှိ အခြေအနေနှင့်အညီလည်းကောင်း လုပ်ဆောင်သည်။ ဘုရားအမှုတော်သည် အချိန်မှန်ပြီး ချင့်ချိန်မှုရှိကာ မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ အလွန် အချိန်သင့်အခါသင့် ဖြစ်သည်ဟု ယခင်က ပြောခဲ့သည်။ သင်သည် သင်၏ တကယ့်အတွေ့အကြုံတွင် ဤအရာကို မြင်တွေ့ပြီးဖြစ်သည်။ တစ်စုံတစ်ခုကို သင်ကြုံတွေ့သည့် အချိန်တိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ရုတ်ချည်းတို့ထိပြီး ဉာဏ်အလင်းဖွင့်ပြသည်။ သို့သော် သင်ကမူ ညံ့ဖျင်းစွာ ပူးပေါင်းဆောင်ရွက်၏။ သင်သည် ထုံထိုင်းလွန်းသည်။ တစ်ခါတစ်ရံတွင် သင်သည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ခံစားမိသော်လည်း ယင်းကို ပို၍ လေးနက်စွာ နားလည်ရန် ကြိုးစားခြင်းမရှိဘဲ ထားခဲ့လိုက်သည်။ သင်သည် သိမြင်မှုဆိုင်ရာ နားလည်ခြင်းမျှဖြင့်သာ ကျေနပ်ပြီး ထိုမျှဖြင့် သင်နားလည်သည်ဟု ထင်မြင်သည်။ သို့သော် သင်သည် အမှန်တကယ်တွင် စစ်မှန်သော နားလည်မှုကို မရောက်ပေ။ သင်သည် ရှေ့ဆက်ရန် လမ်းမရှိခင်တွင် သင်၏ သိမြင်မှုဆိုင်ရာ နားလည်ခြင်းကို ယုတ္တိတန်သော နားလည်ခြင်းသို့ မြှင့်တင်ရမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို နောက်တစ်ဖန် တို့ထိသော်လည်း သင်သည် ယင်းကို လျစ်လျူရှုပြီး သင်၏ မှတ်စုစာအုပ်၌ ချမရေးလိုလျှင် မကြာမီ မေ့လျော့သွားမည် ဖြစ်သည်။ ဤအလင်းကို၊ ဤလက်တွေ့ကျသော အရာကို သင်ရရှိလိုက်မည် မဟုတ်ပေ။ ဤသည်မှာ အလွန်ပင် စိတ်မကောင်းစရာ ဖြစ်လိမ့်မည်။ လုံ့လရှိသော သူတို့သည် ၎င်းတို့၏ မှတ်စုစာအုပ်တွင် အကြောင်းအရာများကို ချရေးကြပြီး နောက်ပိုင်း၌ ၎င်းတို့၏ မှတ်စုစာအုပ်ကို တစ်ဖန်ပြန်ကြည့်သောအခါ အလွန်ပျော်ရွှင်မှု ရှိကြသည်။ ဤအခြေခံအုတ်မြစ်အပေါ်တွင် ၎င်းတို့သည် အလင်းအချို့ကို ရရှိနိုင်ကြ၏။ ပေါ့ဆပြီး ဝိညာဉ်ရေးရာနားလည်ခြင်းမရှိသော သူတစ်ယောက်မူကား ဤအလင်းကို မခံစားနိုင်ပေ။ အလင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကိုပင် သူမသိ။ ဤအလင်းသည် ၎င်းတို့အတွင်းတွင် လျှပ်တပြက်လင်းလက်ပြီး ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဤသို့ဖြစ်နေလျှင် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့၌ အလုပ်လုပ်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားကို လိုက်စားရန်အတွက် အာရုံစူးရှပြီး အတွေးအခေါ် ပါးနပ်သိမ်မွေ့ရမည်။ မပျင်းရိရပေ။ သင်သည် မဆိုင်းမတွ ပူးပေါင်းဆောင်ရွက်ခြင်းလည်း ရှိရမည်။ သင်သည် သိမြင်မှုဆိုင်ရာ နားလည်မှုကို ရရှိသောအခါ ကိုင်ဆုပ်ထားသင့်သည်။ အလျင်အမြန် ချင့်ချိန်စဉ်းစားသင့်သည်။ ပြီးလျှင် ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ အဘယ်သို့ ဆုတောင်းသင့်သနည်း။ သင်၏ ဆုတောင်းချက်ကို သင်ရရှိထားသော ဉာဏ်အလင်းဖွင့်ပြမှုအပေါ် ဗဟိုပြုလော့။ တစ်ခါတစ်ရံတွင် ယင်းသည် သင်ကိုယ်တိုင်၏ အတွေးကဲ့သို့ ခံစားရနိုင်၏။ ဤသည်မှာ ပြဿနာမရှိပေ။ ပျော်မွေ့မှုနှင့် ရှင်းလင်းမှုကို ခံစားရသရွေ့ သင်သည် ဆုတောင်းပြီး ရှာဖွေသင့်သည်။ အရေးအကြီးဆုံးမှာ ဤအလင်းသစ်ကို အဖြေရှာပြီး မှန်မှန်ကန်ကန် နားလည်ဖို့ပင် ဖြစ်သည်။ သင်ဆုတောင်းသောအခါတွင် စကားများက အထူးပင် ချောချောမွေ့မွေ့ ထွက်လာလျှင်၊ သင်သည် စိတ်သက်သာလျှင်၊ တစ်ဖန် ဉာဏ်အလင်း ဖွင့်ပြခြင်း ခံရလျှင်၊ သင်၏ စိတ်သည် အလင်းပေးခြင်းခံရလျှင် ဤအလင်းသစ်ကို မှတ်သားသင့်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ သင်သည် ကောင်းသော အခြေအနေ၌ ရှိစဉ်တွင် မှတ်မိနိုင်သော်လည်း မကောင်းသော အခြေအနေတွင်မူ မေ့လျော့သောကြောင့်ဖြစ်၏။ လူတို့သည် ဆောင်းပါးတစ်ပုဒ်ကို ရေးသောအခါ စာမျက်နှာအချို့ကို ရေးသားနိုင်သည်။ သို့သော် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် သို့မဟုတ် ဘုရားသခင်အပေါ် ၎င်းတို့၏ သိမြင်မှုနှင့် ပတ်သက်လျှင်မူ စာလုံးတစ်လုံးကိုမျှ မရေးနိုင်ပေ။ ၎င်းတို့သည် လက်တွေ့အရှိတရား ကင်းမဲ့ဆဲဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုအပေါ် အာရုံစိုက်သည်။ သမ္မာတရားကို မချစ်သောသူတို့မူကား သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို တန်ဖိုးမထားပေ။ ဤသည်မှာ ၎င်းတို့သည် မည်သည့်အရာက အရေးကြီးသည်ကိုဖြစ်စေ၊ မည်သည့်အရာက သာမညသာ ဖြစ်သည်ကိုဖြစ်စေ၊ မည်သည့်အရာက အရေးပါသည်ကိုဖြစ်စေ၊ မည်သည့်အရာကို ၎င်းတို့ရရှိသင့်သည်ကိုဖြစ်စေ မသိကြကြောင်း ပြသည်။ ဤအတွက်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ၎င်းတို့ ဆုံးရှုံးရသည်။ သင်နှင့်အတူ မှတ်စုစာအုပ်ငယ်တစ်အုပ်ကို သယ်ဆောင်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ ဤသို့အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်ပြကာ အလင်းသစ်ကို သင်ရရှိသည့်အချိန်တိုင်းတွင် ချက်ချင်း ကိုင်စွဲပြီး ချ၍ရေးမှတ်နိုင်ရန် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အချိန်မရွေး၊ နေရာမရွေး အလုပ်လုပ်သည်။ လူတစ်ယောက်သည် မည်သည့်အခြေအနေတွင် ရှိနေသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ သန့်ရှင်းသော ဝိညာဉ်တော်က ထိုသူကို ဉာဏ်အလင်းဖွင့်ပြသည်။ သင်သည် အလုပ်ရှုပ်ပြီး အလွန်ပင်ပန်းသည့်အချိန်တွင်ပင် ရှာဖွေပြီး ဆုတောင်းလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းဖွင့်ပြသည်။ ဘုရားနှုတ်ကပတ်တော်များကို သင်ဖတ်သောအခါ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းဖွင့်ပြသည်။ ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သောအခါတွင် သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်ပြသောအခါ ယင်းကို ချရေးပြီး ဆက်လက်၍ ချင့်ချိန်စဉ်းစားလော့။ ထိုအခါ သင်၏ စိတ်နှလုံးသည် ရှင်းလင်းလာလိမ့်မည်။ သမ္မာတရားကို အမှန်တကယ် နားလည်လာသောအခါ သင်သည် လုံးဝ လွတ်မြောက်သွားလိမ့်မည်။ ဘုရားအမှုတော်ကို ဤသို့ ကြုံတွေ့သောအခါတွင် သင်ရိတ်သိမ်းသည့် သီးနှံသည် ပိုပို၍ ကြီးထွားလာလိမ့်မည်။ အမှန်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုများစွာသည် သင်တို့၏ ဖျက်ဆီးခြင်းကို ခံရသည်။ သင်တို့သည် လူချမ်းသာ မိသားစုမှ မိမိတို့၏ အမွေအနှစ်ကို ဖြုန်းတီးပစ်သော သားသမီးများကဲ့သို့ ဖြစ်ပြီး သင်တို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သည့် အမှုအားလုံးကို လွဲချော်ကာ ဘုရားသခင်၏ စုံလင်အောင် ပြုပေးခြင်းကို ခံရရန် အခွင့်အရေးများစွာကိုလည်း ဆုံးရှုံးနေကြလေတော့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်များစွာကို လုပ်ဆောင်ထားပြီ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ယင်းကို ဆုပ်ကိုင်ရန် မတတ်နိုင်ပေ။ ဘုရားသခင်က သင့်အပေါ် ကြင်နာမှုမရှိဟု သင်အမှန်တကယ် ဆိုနိုင်သလော။ အမှန်မှာ ဘုရားသခင်က သင့်အား ကြင်နာမှုကို လုံလောက်စွာ မပြသခြင်းမဟုတ်ဘဲ သင်က ယင်းကို မရယူခြင်းသာ ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုတွင် ပုံစံတစ်ခုရှိပြီး ယင်းကို ကောက်ချက်များချဖို့ လိုအပ်သည်။ အကြင်သူသည် ကောက်ချက်များချရာ၌ ဝါယမစိုက်ထုတ်လျှင် အမှုအရာများစွာကို ကောက်ချက်ချနိုင်လိမ့်မည်။ ယင်းတွင် အသေအချာပင် တစ်စုံတစ်ခုကို ရရန်ရှိသည်။ ဥပမာ ဆုတောင်းခြင်းကို ကြည့်လော့။ ဆုတောင်းခြင်းမှ ဉာဏ်အလင်းဖွင့်ပြမှုများစွာကို သင်ရရှိနိုင်သည့် အချိန်များရှိသည်။ သို့သော် သင်က အာရုံမစိုက်လျှင် သတိပြုမိမည် မဟုတ်ပေ။ ဉာဏ်အလင်းဖွင့်ပြသည့် စကားအချို့သည် သင့်နှုတ်မှ ထွက်လာနိုင်သော်လည်း အာရုံမစိုက်လျှင် သင်သတိပြုမိမည် မဟုတ်ပေ။ အမှန်တကယ်တွင် သင်၏ ဆုတောင်းချက်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းဖွင့်ပြပြီး အလင်းပေးသော စကားများ ရှိနေသော်လည်း သင်ကမူ ကောင်းစွာ ဆုတောင်းခဲ့သည်ကိုသာ သိလိမ့်မည် ဖြစ်သည်။ ဤအရာအားလုံးမှာ အလင်းသစ်ဖြစ်သော်လည်း သင်က ယင်းတို့ကို လွတ်ထွက်သွားစေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုက လူတို့ကို အကူအညီအပေးဆုံးသော နည်းလမ်းမှာ ၎င်းတို့ကို ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်း၊ သမ္မာတရားနှင့် ဘုရားရည်ရွယ်ချက်များကို နားလည်စေခြင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်နိုင်စေခြင်း၊ လမ်းမှန်မှနေ၍ သွေဖည်မသွားစေခြင်းတို့ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ပြုသည့် လူတို့ကို ဉာဏ်အလင်းဖွင့်ပြသော အလုပ်၏ ပန်းတိုင်မှာ အဘယ်နည်း။ တစ်ခါတစ်ရံတွင် ထိုအလုပ်၏ ရည်ရွယ်ချက်မှာ လမ်းကို ညွှန်ပြပေးရန် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုအလုပ်က သင်၌ အသိစိတ်အချို့ရှိဖို့ သတိပေးချက်အဖြစ် လုပ်ဆောင်သည်။ တစ်ခါတစ်ရံတွင် သင့်ကို အလင်းပေးပြီး သမ္မာတရားကို နားလည်စေရန် ကူညီပေး၍ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးသည်။ သင်၏ ကိုယ်ပိုင်လမ်းကြောင်းပေါ်သို့ သင်သွေဖည်သွားသောအခါတွင် သူသည် ချိုင်းထောက်တစ်ခုကဲ့သို့ သင့်ကို ပံ့ပိုး၍ ကူညီပေးကာ သင့်အား လမ်းမှန်ပေါ်သို့ ခေါ်ဆောင်ပြီး လမ်းပြပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အား မည်သည့်အလင်းနှင့် အသိအမြင်ကို ဉာဏ်အလင်းဖွင့်ပြသည်ဖြစ်စေ ယင်းသည် လူတို့၏ တစ်ကိုယ်ရေနောက်ခံများကြောင့် ကွဲပြားကောင်း ကွဲပြားနေနိုင်သော်လည်း သမ္မာတရားနှင့် ဆန့်ကျင်ခြင်း သို့မဟုတ် ကွဲလွဲခြင်းကား လုံးဝ မရှိပေ။ လူတိုင်းက စစ်မှန်သော ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းရှိပြီး စစ်မှန်သော ကျိုးနွံနာခံခြင်းရှိသည့် ပုံစံဖြင့် ကြုံတွေ့ကာ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ၎င်းတို့အား ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြရန်အတွက် အဆက်မပြတ် အလုပ်လုပ်နေလျှင်၊ ထို့ပြင် ၎င်းတို့သည် စူးရှထက်မြက်ပြီး အတွေးအခေါ် ပါးနပ်သိမ်မွေ့ကာ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းဖွင့်ပြသော ထိုအရာများကို လက်တွေ့လုပ်ဆောင်၍ ဝင်ရောက်နိုင်လျှင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်လျင်မြန်စွာ ကြီးထွားလာလိမ့်မည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ထားပြီး ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်ပြုသည့် လုပ်ဆောင်မှု၏ စရိုက်လက္ခဏာတစ်ခုမှာ အလွန်မြန်ဆန်ခြင်း ဖြစ်သည်။ ထိုအလုပ်က လျှပ်တစ်ပြက်အတွင်း ပြီးဆုံးသွားသည်။ အခြားမည်သည့်နည်းလမ်းနှင့်မျှ လူတို့မလုပ်ဆောင်နိုင်တော့သည်အထိ ၎င်းတို့ကို အမှုအရာများ လုပ်ရန် အစဉ်တွန်းအားပေးပြီး ဖိအားပေးနေသည့် ဝိညာဉ်ဆိုးများ၏ အလုပ်ကဲ့သို့ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ အန္တရာယ်ကျရောက်လုနီးနီးတွင် ၎င်းတို့ကို ခံစားချက်တစ်ခုပေးပြီး စိတ်မသက်မသာ ဖြစ်စေကာ အလွန်အမင်း စိတ်သောကရောက်စေခြင်းအားဖြင့် အလုပ်လုပ်သည်။ ယင်းသည် အထူးအခြေအနေများအောက်၌ ဖြစ်ပျက်သည်။ သာမန်အားဖြင့် ဘုရားသခင်ထံ လူတို့တိုးဝင်ချဉ်းကပ်ပြီး သမ္မာတရားကို ရှာဖွေသည့် အချိန်တိုင်းတွင် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို လူတို့ဖတ်ရှုသောအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ခံစားချက်တစ်ခုဖြစ်စေ၊ သိမ်မွေ့သော အတွေး သို့မဟုတ် အယူအဆတစ်ခုဖြစ်စေ ပေးသည်။ သို့တည်းမဟုတ် သူသည် သင့်အား ထုတ်ပြန်ချက်တစ်ခုဖြစ်စေ၊ သတင်းစကားတစ်ခုဖြစ်စေ အသိပေးနိုင်သည်။ ဤသည်မှာ အသံတစ်သံ ရှိနေသကဲ့သို့ဖြစ်သော်လည်း အသံမရှိသကဲ့သို့လည်း ဖြစ်နေပြန်သည်။ ယင်းသည် သတိပေးချက်တစ်ခုကဲ့သို့ဖြစ်ပြီး မည်သည့်အရာ ဆိုလိုသည်ကို သင်နားလည်နိုင်သည်။ သင်သည် ဆက်လက်၍ သင်နားလည်သည့် အဓိပ္ပာယ်ကို ယူပြီး သင့်လျော်သော စကားများဖြင့် ဖော်ပြလျှင် တစ်စုံတစ်ခုကို ရရှိပေမည်။ ပြီးလျှင် သူတစ်ပါးတို့ကိုလည်း တည်ဆောက်စရာ ဖြစ်စေလိမ့်မည်။ လူတို့သည် အစဉ်သဖြင့် ဤသို့တွေ့ကြုံလျှင် သမ္မာတရားများစွာကို တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ လူတို့အနီးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အစဉ်အမြဲ ရှိနေလျှင်၊ ၎င်းတို့ကို ဦးဆောင်နေသည့် အလင်းသစ်တစ်ခု အစဉ်အမြဲ ရှိနေလျှင် ၎င်းတို့သည် စစ်မှန်သော လမ်းမှ မည်သည့်အခါမျှ သွေဖည်မသွားဖို့ သေချာသည်။ မည်သူကမျှ သင်နှင့် လုံးဝ မိတ်သဟာယမဖွဲ့လျှင်ပင်၊ မည်သူကမျှ သင့်ကို လမ်းမပြလျှင်ပင်၊ သင်၌ အလုပ်အစီအစဉ်များ မရှိလျှင်ပင် သင့်အား သန့်ရှင်းသော ဝိညာဉ်တော် ညွှန်ပြသည့် ဦးတည်ရာအတိုင်း လျှောက်ပါက သင်သည် လမ်းမလွဲဖို့ သေချာ၏။ သခင်ယေရှု ရှင်ပြန်ထမြောက်ကာ ကောင်းကင်ဘုံသို့ တက်ကြွသွားပြီးနောက်တွင် ပေတရုက သခင်ယေရှုကို မြင်ခဲ့သော်လည်း အကြိမ်အနည်းငယ်မျှသာ ဖြစ်သည်။ သူသည် လူတို့ထင်မြင်သကဲ့သို့ သခင်ယေရှုကို မကြာခဏ မြင်နိုင်ခဲ့သည်မဟုတ် သို့မဟုတ် သူဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို သခင်ယေရှုကို မြင်နိုင်ခဲ့သည်မဟုတ်။ သူနားမလည်သည့်အရာတစ်ခုခုအကြောင်း ဆုတောင်းသည့်အခါတိုင်းတွင်လည်း သခင်ယေရှုကို မြင်နိုင်ခဲ့သည် မဟုတ်။ ဤကဲ့သို့မဟုတ်ပေ။ ဘုရားသခင်ကို မြင်ရန် ဤမျှ လွယ်ကူသလော။ ဘုရားသခင်က လူတို့ထံသို့ လိုလိုလားလား မပေါ်ထွန်းပေ။ အချိန်အများစုတွင် ဘုရားသခင်သည် ပေတရုအား သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမှတစ်ဆင့် အမှုအရာများကို နားလည်စေခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ပေတရုက စွမ်းဆောင်နိုင်ခဲ့သောအရာကို အဘယ်ကြောင့် မစွမ်းဆောင်နိုင်သနည်း။ နောက်ဆုံး ခြုံငုံကြည့်လိုက်လျှင် ဤသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ သင်တို့၏ အစွမ်းအစသည် မလုံလောက်သည်ကိုလည်းကောင်း၊ သင်တို့တွင် နားလည်နိုင်သည့် စွမ်းအားမရှိသည်ကိုလည်းကောင်း၊ သင်တို့သည် အမှုအရာများကို ချင့်ချိန်စဉ်းစားခြင်းမှတစ်ဆင့် အဖြေမရှာနိုင်သည်ကိုလည်းကောင်း သက်သေပြ၏။ မည်သည့်အရာကို ရင်ဆိုင်ရပါစေ ဘုရားနှုတ်ကပတ်တော်များတွင် ရှိသော သမ္မာတရားနှင့်အညီ ယင်းကို မှတ်ယူရမည်။ လူတို့သည် ၎င်းတို့၌ အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများနှင့် ဦးနှောက်အတွင်းတွင် အစဉ်သဖြင့် နေထိုင်လျှင်၊ ထို့ပြင် ထိုအရာများကို လူသား၏ နည်းလမ်းများဖြင့် ကိုင်တွယ်လျှင် ၎င်းတို့သည် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ ပေတရုသည် သူ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ မည်သည့်အရာကို စဉ်းစားသနည်း။ သူသည် ယင်းကို သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့်အညီ စဉ်းစားပြီး ချင့်ချိန်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အဖြေရှာနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သခင်ယေရှုက ကောင်းကင်ဘုံသို့ တက်ကြွသွားသောအခါ ပေတရုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အဘယ်ကြောင့် အဖြေရှာနိုင်ဆဲ ဖြစ်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းမှတစ်ဆင့် ထိုသို့ သူလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို မခံစားမိနိုင်ခဲ့လျှင်၊ သခင်ယေရှုက ရှင်ပြန်ထမြောက်ကာ ကောင်းကင်ဘုံသို့ တက်ကြွသွားပြီးနောက် သူ့ထံ မပေါ်ထွန်းခဲ့လျှင် ဘုရားရည်ရွယ်ချက်များကို သူအဘယ်သို့ နားလည်နိုင်မည်နည်း။ ဇာတိခန္ဓာတွင် ရှိသော ဘုရားသခင်သည် လူတို့ထင်မြင်သကဲ့သို့ လူတို့ကို စုံလင်အောင် ပြုပေးရန်အတွက် နေ့စဉ် လူတို့ကို ကိုယ်တိုင်ကိုယ်ကျ မရပ်မနား လမ်းပြလျက် အလုပ်လုပ်ခြင်း မရှိပေ။ ဤသို့မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က တွဲဖက်၍ ရှိနေသည်။ ဝိညာဉ်တော်၏ တွဲဖက်အလုပ်က အများစုကို လုပ်ဆောင်ခြင်း ဖြစ်၏။ ဇာတိခန္ဓာက ရှေ့ဆောင်အလုပ်ကို လုပ်သည်။ ထိုအလုပ်ပြီးသွားသောအခါ ကျန်ရှိသော အသေးစား ကိစ္စရပ်များသည် သန့်ရှင်းသော ဝိညာဉ်တော်က လူတို့နားလည်အောင် ဉာဏ်အလင်းဖွင့်ပြသည့် အရာများဖြစ်သည်။ လူတို့သည် ဤအရာကို မဖမ်းဆုပ်ထားနိုင်ဘဲ တစ်စိတ်တစ်ပိုင်းသာ ရနိုင်လျှင် နောက်ထပ် အသေးစိတ် အချက်အလက်များကို ရနိုင်မည်မဟုတ်။ ထိုအရာများကို မရနိုင်လျှင် ၎င်းတို့သည် ပြောင်းလဲမည် မဟုတ်သကဲ့သို့ တိုးတက်မှုရှိမည်လည်း မဟုတ်ပေ။

သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု သို့မဟုတ် ဉာဏ်အလင်းဖွင့်ပြမှုကို မတွေ့ကြုံရသေးသောသူများအတွက် ထိုအရာများကို နားလည်ရန် မလွယ်ကူပေ။ အမှန်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုတွင် ပုံစံတစ်ခုရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုအကြောင်း ပြောသည့်အခါတိုင်း၌ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရရှိနိုင်မီတွင် များစွာ ဒုက္ခခံပြီး ကြီးမားသော အဖိုးအခကို ပေးရမည်ဟု ထင်လျက် အစဉ်သဖြင့် နားလည်မှုလွဲကြ၏။ ဤသည်မှာ လူသား၏ အယူအဆဖြစ်သည် မဟုတ်သလော။ လူတို့သည် ပျင်းရိပြီး ၎င်းတို့၏ စိတ်နှလုံးသည် အလွန်ကြမ်းတမ်းသောကြောင့် ပုံမှန်အားဖြင့် ၎င်းတို့၏ ဝိညာဉ်တွင်ရှိသော ခံစားချက်များကို မည်သည့်အခါမျှ အာရုံမစိုက်ပေ။ ထိုနေရာတွင် အလင်းနှင့် ဉာဏ်အလင်းဖွင့်ပြမှု အနည်းငယ်ရှိလာသောအခါတွင် ၎င်းတို့သည် ထိုအရာကို မည်သည့်အရာမျှ မဟုတ်သကဲ့သို့ သဘောထားကြ၏။ သင်သည် သင်၏ အရေးကိစ္စများ၌ တစ်နေကုန် အသက်ရှင်ပြီး စကားများနှင့် အယူဝါဒများအပြင် စည်းမျဉ်းစည်းကမ်းများကို ဖက်တွယ်ထားကာ ဇာတိပကတိဘဝနှင့် အချစ်ရေးဆန်သော ချစ်ခြင်းဘဝကို အသက်ရှင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမဖွင့်ပေးနိုင်၊ လမ်းပြမပေးနိုင်ပေ။ သူသည် ယင်းကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ သင်သည် ပို၍ ဆုတောင်းရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရှာဖွေရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လက်ခံပြီး လွတ်ထွက်မသွားစေရန် နည်းလမ်းကို ရှာရမည်။ ဘုရားသခင်ထံ ဆုတောင်းလော့။ “အို ဘုရားသခင်၊ ကျွန်ုပ်အပေါ် အလုပ်လုပ်တော်မူပါ။ ကျွန်ုပ်ကို စုံလင်စေပြီး ပြောင်းလဲပေးတော်မူပါ။ အရာရာ၌ ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားလည်စေပြီး ကိုယ်တော်၏ လိုအင်ဆန္ဒများကို နာခံစေပါ။ ကိုယ်တော်၏ ကြီးမြတ်သော ချစ်ခြင်းနှင့် ကိုယ်တော်၏ ရည်ရွယ်ချက်များသည် ကျွန်ုပ်အပေါ် ကိုယ်တော်၏ ကယ်တင်ခြင်းတွင် ရှိပါသည်။ လူတို့သည် ကိုယ်တော့်ကို ပုန်ကန်ပြီး အာခံကြသော်လည်း၊ ၎င်းတို့၏ သဘာဝသည် သစ္စာဖောက်သည့် သဘာဝမျိုးဖြစ်သော်လည်း လူတို့ကို ကယ်တင်ရာတွင် ကိုယ်တော်၏ ရည်ရွယ်ချက်များကို ယခု ကျွန်ုပ်နားလည်ပါပြီ။ ကိုယ်တော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်လိုပါသည်။ ကျွန်ုပ်ကို အခြေအနေများ၊ စမ်းသပ်မှုများ၊ ဆင်းရဲဒုက္ခများ ပို၍ ပေးပြီး ဤဆင်းရဲဒုက္ခများတွင် ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အား မြင်စေပါ။ ကိုယ်တော်၏ လုပ်ဆောင်မှုများကို မြင်စေပါ။ သို့မှသာ ကျွန်ုပ်သည် ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားလည်ပြီး နာခံနိုင်သောသူတစ်ယောက် ဖြစ်နိုင်ပါသည်။ ကျွန်ုပ်ကို ကာမဂုဏ် မလွန်ကျူးစေဘဲ မြေပေါ်တွင် ခြေထောက်ကို မြဲမြံစွာ ချထားသူတစ်ယောက် ဖြစ်စေပါ” ဟူ၍ ဖြစ်သည်။ ဤသို့ ဆုတောင်းလော့။ မကြာခဏ ဤသို့ ဆုတောင်းလော့။ သင့်အပေါ်တွင် အစဉ်သဖြင့် အလုပ်လုပ်ပြီး သင့်အား ဦးဆောင်ပေးပါရန် သန့်ရှင်းသော ဝိညာဉ်တော်ကို တောင်းလျှောက်လော့။ သင်သည် လမ်းမှန်ကို လျှောက်နေပြီး သင်အာရုံစိုက်သင့်သည့်အရာအပေါ် အာရုံစိုက်နေသည်ကို သန့်ရှင်းသော ဝိညာဉ်တော်က မြင်သောအခါ သူသည် သင့်ကို စမ်းသပ်ရန် အခြေအနေအချို့ ရှေးဦးစွာ သင့်အား ပေးပြီး သင်ကျော်လွှားနိုင်ခြင်း ရှိမရှိ ကြည့်ရန် ကြီးလေးသော စမ်းသပ်မှုတစ်ခုကို ပေးသည်။ လူအချို့က ယင်းကို မခံနိုင်ဘဲ ရှိကောင်း ရှိနိုင်သည်။ ၎င်းတို့က “အို ဘုရားသခင်၊ ဤအခြေအနေသည် လွန်ကဲလွန်းသည်။ ကျွန်ုပ်မခံနိုင်ပါ” ဟု ဆိုကြလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် ဤအမှုကိစ္စ၌ ကျရှုံးသွားပြီး ဖြစ်လိမ့်မည်။ သင်ရောက်ရှိနေသည့် အခြေအနေသည် သင့်အတွက် လွန်ကဲလွန်းသည်ဟု အမှန်တကယ် ခံစားရလျှင် ဘုရားသခင်ထံ ဤသို့ ဆုတောင်းလော့။ “အို ဘုရားသခင်၊ ကိုယ်တော်ကျွန်ုပ်ကို ပေးသည့် အခြေအနေသည် လွန်ကဲလွန်းပါ၏။ ကျွန်ုပ်မခံနိုင်ပါ။ သို့သော် ကျွန်ုပ်ကြိုးပမ်းလိုစိတ် ရှိပါသည်။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ကျွန်ုပ်ကို ပံ့ပိုးပေးတော်မူပါ။ ကျွန်ုပ်အနေဖြင့် ပြင်းထန်သော ဒုက္ခကို ဖြတ်သန်းရသည်ဖြစ်စေ၊ ပေါ့ပါးသော ဒုက္ခကို ဖြတ်သန်းရသည်ဖြစ်စေ ကိုယ်တော့်ကို သစ္စာဖောက်ခြင်း သို့မဟုတ် ညည်းညူခြင်း မရှိဘဲ ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားလည်စေတော်မူပါ။ ကိုယ်တော်ကို ကျေနပ်စေသည်အထိ အပြည့်အဝ နာခံနိုင်အောင် လုပ်ပေးတော်မူပါ။ ကျွန်ုပ်သည် ပြင်းထန်သော ဒုက္ခကို ဖြတ်သန်းရသည်ဖြစ်စေ၊ ပေါ့ပါးသော ဒုက္ခကို ဖြတ်သန်းရသည်ဖြစ်စေ ကိုယ်တော်၏ လိုအင်ဆန္ဒများဖြစ်နေသရွေ့ ညည်းညူခြင်း လုံးဝ မရှိဘဲ နာခံလိုစိတ်ရှိပါသည်၊ ကျွန်ုပ်သည် ကိုယ်တော်၏ လိုအင်ဆန္ဒများကို ဆန့်ကျင်လိုစိတ်မရှိပါ၊ ဒုက္ခက မည်မျှပြင်းထန်ပါစေ ကျွန်ုပ် တောင့်ခံနိုင်သရွေ့ ထိုဒုက္ခကို ကျွန်ုပ်အား ပေးရန် ကိုယ်တော်ကို တောင်းဆိုပါသည်” ဟူ၍ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ယုံကြည်မှုရှိစွာ၊ ရဲရင့်စွာ ဆုတောင်းရမည်။ ထွက်မပြေးနှင့်၊ သို့မဟုတ် မတွန့်ဆုတ်နှင့်။ သင်က လမ်းမှန်အား လျှောက်လှမ်းနေသည်ကိုလည်းကောင်း၊ သင်လုပ်ဆောင်ရမည့်အရာကို အလွန်ပင် လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်ပင် အလိုရှိသည်ကိုလည်းကောင်း၊ သမ္မာတရားအား သင်လိုက်စားသည်ကိုလည်းကောင်း သန့်ရှင်းသော ဝိညာဉ်တော် မြင်သောအခါတွင် သူသည် သင့်အား ကြီးလေးသော အခြေအနေတစ်ခုနှင့် ထိုအခြေအနေကို ကျော်လွှားဖို့ ကြီးမားသော ခွန်အားကို ပေးကောင်း ပေးလိမ့်မည်။ ထို့နောက်တွင် သင်သည် အနိုင်ရရှိပြီး ဖြစ်လိမ့်မည်။ သင့်အနေဖြင့် အထူးပင် ကြီးလေးခက်ခဲသော အခြေအနေတစ်ခုကို ကျော်လွှားခြင်းသည် အချို့သော စကားများနှင့် အယူဝါဒများကို နားလည်ခြင်းသက်သက်ထက် အလွန်ပင် ပို၍ အဆင့်မြင့်သည်။ ယင်းသည် သက်သေခံခြင်းနှင့် သက်ဆိုင်သော အမှုကိစ္စဖြစ်၏။

လူတို့သည် နေ့စဉ်ဘဝတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ မျိုးစုံဖြင့် ထိတွေ့ကြသည်။ ၎င်းတို့တွင် သမ္မာတရားမရှိသကဲ့သို့ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းလည်း မရှိလျှင် ၎င်းတို့သည် စုံစမ်းသွေးဆောင်မှုကို ဖယ်ရှားရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်။ ဥပမာ ယောက်ျားနှင့် မိန်းမကြားရှိ ဆက်ဆံမှုများကို ကြည့်လော့။ လူအချို့သည် ဤသို့သော စုံစမ်းသွေးဆောင်မှုများကို မခံနိုင်ပေ။ ဤအခြေအနေမျိုးကို ၎င်းတို့ ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် ကျရှုံးကြသည်။ ဤသည်မှာ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းသည်ကို မပြသလော။ သမ္မာတရားမရှိသောသူတို့သည် ဤသို့ သနားစဖွယ်ဖြစ်ပြီး မည်သည့်သက်သေကိုမျှ လုံးဝ မခံပေ။ လူအချို့သည် ငွေကြေးနှင့် ဆက်နွှယ်သော အခြေအနေများကို ကြုံရသည့်အခါ စုံစမ်းသွေးဆောင်မှုအတွင်းသို့ သက်ဆင်းသွားကြသည်။ ငွေကြေးရှိသော အခြားလူတစ်ယောက်ကို မြင်သောအခါ ၎င်းတို့က “ထိုသူတို့မှာ အလွန်ငွေကြေးရှိပြီး ငါမူကား အလွန်ဆင်းရဲနေသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မျှတမှုမရှိ” ဟု ညည်းညူကြသည်။ ၎င်းတို့တွင် ဤသို့ ဖြစ်ပျက်သောအခါ၌ ညည်းညူကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ လက်ခံနိုင်ခြင်း မရှိကြပေ သို့မဟုတ် သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို မနာခံနိုင်ကြပေ။ ဂုဏ်အဆင့်အတန်းကို အစဉ် အာရုံစိုက်သောသူတချို့လည်း ရှိသည်။ ၎င်းတို့သည် ဤစုံစမ်းသွေးဆောင်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါ မကျော်လွှားနိုင်ကြပေ။ ဥပမာ ဘာသာတရားမရှိသူတစ်ယောက်သည် ၎င်းတို့ကို အရာရှိရာထူးတစ်ခုအတွက် အလုပ်ခန့်အပ်လိုပြီး အကျိုးကျေးဇူးများစွာ ပေးလိုသောအခါ ၎င်းတို့က ခိုင်မာစွာ မရပ်တည်နိုင်ပေ။ “ငါလုပ်သင့်သလော” ဟူ၍ ၎င်းတို့စဉ်းစားကြသည်။ ၎င်းတို့သည် ဆုတောင်း၏။ ချင့်ချိန်စဉ်းစား၏။ ထို့နောက် “ဟုတ်ပြီ၊ ငါလုပ်ရမည်” ဟူ၍ ဖြစ်သွားလေသည်။ ၎င်းတို့စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်ရာ ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုတွင် အဓိပ္ပာယ်မရှိတော့ပေ။ ၎င်းတို့သည် ဤအရာရှိရာထူးကို ယူပြီး ယင်း၏ အကျိုးအမြတ်များကို ယူရန် ရှင်းလင်းစွာ ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင်ရှိသော ကောင်းချီးများအား ဆုံးရှုံးရမည်ကို ကြောက်ရွံ့ပြီး ပြန်လာ၍ ဘုရားသခင်ကိုလည်း ယုံကြည်လိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အား “ဘုရားသခင်၊ ကျွန်ုပ်ကို စမ်းသပ်တော်မူပါ” ဟု ဆုတောင်းကြသည်။ သင့်အား စမ်းသပ်ရန် မည်သည့်အရာ ကျန်ရှိသနည်း။ သင်သည် သင်၏ အရာရှိရာထူးကို ယူရန် ဆုံးဖြတ်နှင့်ပြီးဖြစ်သည်။ သင်သည် ဤအမှုကိစ္စတွင် ခိုင်မာစွာ မရပ်တည်ခဲ့ဘဲ ကျရှုံးခဲ့ပြီးဖြစ်သည်။ သင်သည် စမ်းသပ်ခြင်းခံရဖို့ လိုအပ်သေးသလော။ သင်သည် ဘုရားသခင်၏ စမ်းသပ်ခြင်းနှင့် မထိုက်တန်ပေ။ သင်သည် သင်၏ သနားစဖွယ်ကောင်းလောက်အောင် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် ယင်းကို ခံနိုင်မည်လော။ မိမိတို့မြင်သည့် မည်သည့်အကျိုးအမြတ်ကိုမဆို ယှဉ်ပြိုင်ရယူသော စက်ဆုပ်ဖွယ်လူအချို့ပင် ရှိကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပါးတွင် ရှိနေပြီး မည်သည့်အမြင်များကို ၎င်းတို့ ဖော်ပြသည်၊ ၎င်းတို့၏ သဘောထားက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ကြည့်ရန် ၎င်းတို့ကို စောင့်ကြည့်ပြီး ၎င်းတို့ကို စတင်စမ်းသပ်သည်။ လူတချို့က မိမိတို့ဘာသာ စဉ်းစားကြသည်မှာ “ဤအရာက ငါ့အပေါ် ဘုရားသခင်၏ ကြင်နာမှုဖြစ်လျှင်ပင် ငါအလိုမရှိ။ ငါ့တွင် အလုံအလောက် ရှိနေပြီ ဖြစ်သည်။ ဘုရားသခင်က ငါ့အပေါ် ကြင်နာမှု ပြသလွန်းသည်၊ ကောင်းစွာ စားသောက်ရခြင်း၊ ကောင်းစွာ ဝတ်စားဆင်ယင်ရခြင်းကို ငါ ဂရုမစိုက်၊ သမ္မာတရားအား လိုက်စားခြင်းနှင့် ဘုရားသခင်အား ရယူခြင်းကိုသာ ငါ ဂရုစိုက်သည်၊ ငါ ရရှိခဲ့သော သမ္မာတရားသည် ဘုရားသခင်က ငါ့အား အခမဲ့ပေးခဲ့ခြင်းဖြစ်သည်၊ ဤအရာများဖြင့် ငါ မထိုက်တန်” ဟု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့၏ စိတ်နှလုံးကို စိစစ်ပြီး ၎င်းတို့ကို ပို၍ပင် ဉာဏ်အလင်းဖွင့်ပြကာ ပို၍ နားလည်စေသည်။ ပို၍ ခွန်အားရရှိစေသည်။ ပြီးလျှင် ၎င်းတို့အတွက် သမ္မာတရားကို ပို၍ ပွင့်လင်းမြင်သာစေသည်။ သို့ရာတွင် ထိုစက်ဆုပ်ဖွယ်လူများကမူ ထုတ်ပေးသော အကျိုးအမြတ်ကို မြင်ပြီး “မည်သူကမျှ ရယူရန် မကြိုးပမ်းနိုင်မီတွင် ငါသည် ယင်းကို ရယူရန် ကြိုးပမ်းမည်။ ၎င်းတို့က အခြားတစ်စုံတစ်ယောက်ကို ပေးပြီး ငါ့အား မပေးလျှင် ငါသည် သူတို့ကို ပယ်ပယ်နယ်နယ် ကြိမ်းမောင်းပြီး အခက်တွေ့အောင် လုပ်ပစ်မည်။ ၎င်းတို့ကို ငါ့အကြောင်းပြပစ်မည်။ ပြီးလျှင် နောက်တစ်ခါ၌ မည်သူအား ၎င်းတို့ပေးသည်ကို ကြည့်ကြစို့” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် ဤသို့သော အမျိုးအစားဖြစ်သည်ကို သန့်ရှင်းသော ဝိညာဉ်တော်က မြင်ပြီး ၎င်းတို့ကို ထုတ်ဖော်သည်။ ၎င်းတို့၏ အကျည်းတန်မှုက ဖော်ထုတ်ခြင်းခံရသည်။ ဤလူစားမျိုးသည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ နှစ်ပေါင်းမည်မျှကြာ ၎င်းတို့ယုံကြည်သည်ဖြစ်စေ ၎င်းတို့အတွက် အကျိုးဖြစ်မည်မဟုတ်။ မည်သည့်အရာကိုမျှ ၎င်းတို့ရရှိနိုင်မည် မဟုတ်ပေ။ အကြိမ်များစွာတွင် သန့်ရှင်းသော ဝိညာဉ်တော်က လူတို့အား ကြင်နာမှုပြသောအခါ ၎င်းတို့သည် မမျှော်လင့်သော အချိန်၌ ရရှိကြသည်။ ဘုရားသခင်က သင့်အား ကြင်နာမှုမပြလျှင် သင့်အတွက် အပြစ်ဒဏ်သည်လည်း သင်မမျှော်လင့်သောအချိန်တွင် ဖြစ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူတို့အတွက် မည်မျှအန္တရာယ်ရှိပုံ ဖြစ်သည်။

လူတို့သည် ၎င်းတို့ထံ ဖြစ်ပျက်လာသော အမှုအရာများအပေါ် သိမြင်မှုမရှိဘဲ လုပ်ဆောင်ဖို့ သင့်လျော်သည့် အရာကိုလည်း မသိသောအခါတွင် ၎င်းတို့လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် ရှေးဦးစွာ ဆုတောင်းသင့်သည်။ ဆုတောင်းခြင်းက အဦးဆုံးလာ၏။ ဆုတောင်းခြင်းက မည်သည့်အရာကို ထုတ်ဖော်ပြသသနည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသည်ကိုလည်းကောင်း၊ သင့်ထံ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အသင့် ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်အား ရှာဖွေရမည်ကို သင်သိသည်ကိုလည်းကောင်း ထုတ်ဖော်ပြသည်ဖြစ်ရာ သင်သည် ဘုရားသခင်အား ဦးစားပေးသည်ကို သက်သေပြ၏။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင်ရှိပြီး ဘုရားအတွက် သင်၏ စိတ်နှလုံး၌ နေရာတစ်နေရာ ရှိသောအခါ၊ ဘုရားသခင်ကို သင် ကျိုးနွံနာခံနိုင်သောအခါ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်တစ်ယောက်ဖြစ်သည်။ ပုံမှန်အချိန်နှင့် ပုံမှန်နေရာတွင် ဒူးထောက်၍ ဆုတောင်းသော သက်ကြီးရွယ်အို ယုံကြည်သူများစွာ ရှိသည်။ ၎င်းတို့သည် တစ်ကြိမ်တစ်ကြိမ်တွင် တစ်နာရီ၊ နှစ်နာရီကြာ ဒူးထောက်ကြသည်။ သို့သော် ဤသို့ ၎င်းတို့ဒူးထောက်လာခဲ့သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ ၎င်းတို့၏ အပြစ်နှင့်သက်ဆိုင်သော ပြဿနာများစွာက မပြေလည်သေးဘဲ ဖြစ်နေသည်။ ဤသို့သော ဘာသာရေးဆန်ဆန် ဆုတောင်းချက်သည် အသုံးဝင်ခြင်းရှိမရှိကို ဦးစွာ ဘေးဖယ်ထားကြစို့။ အနည်းဆုံးအနေဖြင့် ဤသက်ကြီးရွယ်အို ညီအစ်ကိုမောင်နှမများသည် အနည်းငယ် ဘုရားတရားကိုင်းရှိုင်းသည်။ ဤနေရာတွင် ၎င်းတို့သည် လူငယ်များထက် အလွန်ပို၍ သာသည်။ သင်သည် ဘုရားရှေ့တွင် အသက်ရှင်လိုပြီး ဘုရားအမှုတော်ကို တွေ့ကြုံလိုလျှင် သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာမှာ ဆုတောင်းခြင်းဖြစ်သည်။ ဆုတောင်းခြင်းဟူသည်မှာ စိတ်တွင် မှတ်သားထားသော စကားစုများကို အကြောင်းမဲ့ ရွတ်ဆိုနေသည့် အမှုကိစ္စသက်သက်မျှ မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သို့မျှ ထူးခြားမည်မဟုတ်။ သင်သည် သင်၏ စိတ်နှလုံးဖြင့် ဆုတောင်းခြင်းကို လေ့ကျင့်ရမည်။ သင်သည် ပြသစရာရလဒ် သိပ်မရှိဘဲ ဤကဲ့သို့ ရှစ်ကြိမ်၊ ကိုးကြိမ်ခန့် ဆုတောင်းကောင်း ဆုတောင်းရလိမ့်မည်။ သို့သော် စိတ်ဓာတ်မကျနှင့်။ သင်သည် ဆက်လက်၍ လေ့ကျင့်ရမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောခါ ဦးစွာ ဆုတောင်းလော့။ ရှေးဦးစွာ ဘုရားသခင်ကို ပြောပြပြီး သူ့ကို ဦးဆောင်စေလော့။ ဘုရားသခင်အား သင့်ကို ကူညီခွင့်ပြုလော့။ သင့်အား ညွှန်ပြပြီး လမ်းပြခွင့်ပေးလော့။ ဤသည်မှာ သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ဘုရားသခင်ကို သင်ဦးစားပေးကြောင်းကို သက်သေပြလိမ့်မည်။ သင်၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သို့မဟုတ် အခက်အခဲတစ်ခုခုကို သင်ကြုံရ၍ အပျက်သဘောဆောင်ကာ စိတ်ဆိုးသောအခါ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့မှု သင့်တွင် ကင်းမဲ့နေခြင်းတို့၏ သရုပ်သကန်ပင် ဖြစ်သည်။ လက်တွေ့ဘဝတွင် မည်သည့်အခက်အခဲကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ လာရမည်။ ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ဒူးထောက်၍ ဆုတောင်းရန်ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးသောအရာဖြစ်သည်။ ဆုတောင်းခြင်းက သင့်စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာရှိသည်ကို ထုတ်ဖော်ပြသည်။ သင်သည် ဒုက္ခရောက်သောအခါ ဘုရားသခင်အား မျှော်ကိုးခြင်း၊ ဘုရားထံ ဆုတောင်းခြင်း၊ ဘုရားသခင်ထံမှ ရှာဖွေခြင်းသည် သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အသင့်ရှိကြောင်း ပြသည်။ ဘုရားသခင်က သင့်စိတ်နှလုံး၌ မရှိလျှင် သင်ဤသို့ လုပ်ဆောင်မည်မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်ဆုတောင်းသော်လည်း ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်မပြသေးပါ” ဟု ဆိုကြသည်။ ဤကဲ့သို့ ပြောဆိုခြင်းက နည်းလမ်းမကျပေ။ သင်သည် သင့်ဆုတောင်းချက်နောက်ကွယ်ရှိ ရည်ရွယ်ချက်က မှန်မမှန်ကို ဦးစွာ ကြည့်ရမည်။ သင်သည် ရိုးသားစစ်မှန်စွာဖြင့် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ထံ မကြာခဏ ဆုတောင်းလျှင် ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး နားလည်စေသည့် အမှုကိစ္စတစ်ခုခု ရှိဖို့များသည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်က သင့်ကို နားလည်စေလိမ့်မည်။ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်မပြလျှင် သင့်ဘာသာ နားလည်နိုင်မည်မဟုတ်ပေ။ သင့်တွင် နားလည်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ လူသား၏ အတွေးဖြင့် မရရှိနိုင်သော အရာအချို့ရှိသည်။ သင်သည် အမှန်ပင် နားလည်သောအခါ၌ ယင်းသည် သင်၏ အတွေးအခေါ်မှ လာသလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သန့်ရှင်းသော ဝိညာဉ်တော်ပြုသည့် လုပ်ဆောင်မှု၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်မပြလျှင် သင်သည် သိမြင်မှုရှိသော တစ်စုံတစ်ယောက်ကို ရှာတွေ့မည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တိုင်က သူဆိုလိုသည့်အရာကို သင့်အား ပြောသည့်အခါမှသာ သင်သိလိမ့်မည်။ ထို့ကြောင့် သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ဆုတောင်းရန်ဖြစ်သည်။ သင်ဆုတောင်းသောအခါ ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထားဖြင့် ဘုရားသခင်အား သင်၏ အတွေး၊ အမြင်၊ သဘောထားတို့ကို ဖော်ပြသင့်ပြီး သူ့ထံမှ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်လျှင် မည်သည့်ရလဒ်ကိုမျှ ရရှိမည်မဟုတ်ပေ။ ဤသို့ဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်ပြခြင်းမရှိဟု မညည်းညူသင့်။ လူတချို့သည် ဘုရားသခင်အပေါ် ၎င်းတို့ယုံကြည်မှုတွင် ဘာသာရေးအခမ်းအနားများသာ ကျင်းပပြီး ဘာသာရေးလှုပ်ရှားမှုများကိုသာ လုပ်ဆောင်ကြသည်ကို ငါတွေ့ရသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သူ့အတွက် နေရာလုံးဝမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုပင် ၎င်းတို့ ငြင်းဆန်ကြသည်။ ၎င်းတို့သည် ဆုတောင်းခြင်း သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း မရှိ။ ၎င်းတို့သည် စုဝေးပွဲကိုသာ သွားသွားတက်နေပြီး ထိုထက်မပိုပေ။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ဖြစ်သလော။ ၎င်းတို့သည် ၎င်းတို့ ယုံကြည်သည့်ပုံစံအတိုင်း ဆက်လက်၍ ယုံကြည်ကြသည်။ သို့တိုင်အောင် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်မရှိပေ။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးတွင် မရှိ၍ ၎င်းတို့သည် ဘုရားသခင်ထံ ဆုမတောင်းလိုတော့ပေ။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုလိုစိတ် မရှိတော့ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘာသာတရားမရှိသူများ ဖြစ်မသွားသလော။ အထွေထွေ အရေးကိစ္စများကို မကြာခဏ ကိုင်တွယ်သော ခေါင်းဆောင်နှင့် အမှုဆောင်အချို့ အထူးသဖြင့် ရှိသည်။ ၎င်းတို့သည် အသက် ဝင်ရောက်မှုကို မည်သည့်အခါမျှ အာရုံမစိုက်သော်လည်း အထွေထွေ အရေးကိစ္စများဆိုင်ရာ အလုပ်ကိုမူ ၎င်းတို့၏ အဓိကအလုပ်အဖြစ် ခံယူသည်။ ၎င်းတို့သည် အလုပ်မန်နေဂျာသက်သက်ထက် မပိုသောသူများ ဖြစ်လာကြပြီး ခေါင်းဆောင်များ၊ အမှုဆောင်များ၏ အဓိကအလုပ် တစ်ခုကိုမျှ မလုပ်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ၎င်းတို့၏ ဘဝအတွေ့အကြုံနှင့်ပတ်သက်ပြီး ပြောစရာစကား မရှိသကဲ့သို့ ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်ခြင်းလည်း မရှိပေ။ အနည်းငယ်သော စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်သည်။ ဤသို့အားဖြင့် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်မလာသလော။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့၏ သင့်လျော်သော တာဝန်များကို အရေးမစိုက်သောကြောင့် သို့မဟုတ် သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်သည်။ အချို့သော စကားများနှင့် အယူဝါဒများကို နားလည်ခြင်းကိုသာ အမှီပြုခြင်းသည် မည်သည့်အရာကိုမျှ ဖြေရှင်းပေးမည် မဟုတ်ပေ။ ၎င်းတို့သည် စမ်းသပ်ခြင်းခံရသည်နှင့် သို့မဟုတ် ဘေးဒုက္ခကို ခံရသည်နှင့် သို့မဟုတ် ဖျားနာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို စောဒကတက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ခြင်း လုံးဝမရှိကြပေ။ ၎င်းတို့တွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်လည်း လုံးဝမရှိပေ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည့် ဤနှစ်များတွင် သမ္မာတရားအား မလိုက်စားခဲ့သည်ကိုလည်းကောင်း၊ ပြင်ပအရာများဖြင့်သာ မိမိတို့ဘာသာမိမိတို့ အလုပ်ရှုပ်နေခဲ့၍ ရလဒ်အနေဖြင့် မိမိတို့ကိုယ်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေခဲ့သည်ကိုလည်းကောင်း ပြသသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ ကျရှုံးခြင်း သို့မဟုတ် မကောင်းမှုကျူးလွန်ခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခံရခြင်းတို့ မရှိဖို့ သေချာအောင် လုပ်ဆောင်မည်ဆိုလျှင် အနည်းဆုံးအနေဖြင့် သမ္မာတရားအချို့ကို နားလည်လာရမည်။ ဤသည်မှာ ၎င်းတို့ ပြင်ဆင်ထားသင့်သည့် အနည်းဆုံးသောအရာဖြစ်သည်။ လူတချို့သည် တရားဒေသနာများကို နားထောင်သောအခါ စိတ်မပါ့တပါ ဖြစ်နေပြီး ဘုရားနှုတ်ကပတ်တော်များကိုလည်း ချင့်ချိန်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၌ မည်သည့်အရာဖြစ်ပျက်ပါစေ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် သမ္မာတရားအား ရရှိပြီးဖြစ်သည်ဟု ယူဆလျက် စကားများနှင့် အယူဝါဒစကားများကို နားလည်ခြင်းဖြင့်သာ ကျေနပ်နေကြသည်။ ထို့နောက် စမ်းသပ်မှုတစ်ခု လာသောအခါ ၎င်းတို့သည် လုံးဝ သိမြင်မှုမရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ကျယ်လောင်စွာ ပြောဆိုလိုသော်လည်း မပြောဆိုရဲသည့် နာကြည်းချက်များ၊ ညည်းညူချက်များဖြင့် ပြည့်နေကြသည်။ ဤသို့သောသူများသည် အလွန်ပင် သနားစဖွယ်သာဖြစ်သည် မဟုတ်လော။ လူများစွာတို့သည် ၎င်းတို့၏ တာဝန်အား ထမ်းဆောင်ရာတွင် အစဉ် ဝတ်ကျေတမ်းကျေဆန်ကြသည်။ ပြုပြင်ခြင်းကို ခံရသောအခါ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် မိမိကိုယ်ကို နားလည်အောင် ကြိုးစားခြင်း မရှိကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် ရှာကြံအကြောင်းရှာနေကြသည်။ ထို့ကြောင့် ၎င်းတို့၏ အကျည်းတန်မှုသည် မတူညီသော ပုံစံများစွာဖြင့် ပေါ်ထွက်ပြီး ၎င်းတို့သည် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခံရသည်။ အဆုံးတိုင်အောင် မိမိတို့ကိုယ်ကို သိနိုင်စွမ်းမရှိကြပေ။ ဤသို့ဆိုလျှင် ထိုအယူဝါဒများကို ၎င်းတို့ နားလည်ခြင်း၌ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ လုံးဝ အဓိပ္ပာယ်မရှိပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ အယူဝါဒကို နားလည်ပြီး ပြောဆိုနိုင်ရုံမျှသည် အသုံးမဝင်ပေ။ ၎င်းတို့သည် သမ္မာတရားကို မရရှိဘဲ လမ်းလွဲသွားကြလေပြီ။ ထို့ကြောင့် သင့်ထံ၌ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သင်က ဘုရားသခင်အား ဆုတောင်းသောအခါ၊ သူ၏ ရည်ရွယ်ချက်များကို ရှာဖွေသောအခါ ပြဿနာကို ဖြေရှင်းဖို့ဆိုလျှင် အဓိကအချက်မှာ သမ္မာတရားကို နားလည်လာရန် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်၏။ သင်သည် ဤသို့သော လက်တွေ့လုပ်ဆောင်မှုကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်သင့်သည်။

၁၉၉၇

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။