စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် အခန်း (၂၈)

လူတို့၏ အခြေအနေမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ နားလည်မှုနည်းလေလေ ၎င်းတို့သည် ဘုရားသခင်၏ လက်ရှိ အမှုပြုပုံပြုနည်းကို ပို၍အယုံအကြည်ကင်းမဲ့ကြလေလေဖြစ်သည်။ သို့သော်လည်း ဤအရာသည် ဘုရားသခင်၏အမှုအပေါ် အကျိုးသက်ရောက်မှု မရှိပေ၊ သူ၏နှုတ်ကပတ်တော်များသည် တိကျသောအမှတ်တစ်ခုသို့ ရောက်သောအခါ လူတို့၏ စိတ်နှလုံးသည် သဘာဝအလျောက် ပြောင်းလဲကြလိမ့်မည်။ အယောက်တိုင်းသည် ၎င်းတို့၏ အသက်တာများထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစွဲအလမ်းကြီးကြပြီး ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စတင်၍ တောင့်တကြသည်၊ ထို့အပြင် ဘုရားသခင်၏ မရပ်မနား ဖော်ထုတ်ခြင်းကြောင့် ၎င်းတို့သည် ၎င်းတို့ကိုယ်ကိုယ် စတင်ကာ စက်ဆုပ်ရွံရှာလာကြသည်။ သို့သော်လည်း ဘုရားသခင်က “ငါ၏ခပ်သိမ်းသောစကားကို သေချာစွာ ဆုပ်ကိုင်ပြီးသည့်အခါတွင် လူသား၏ ဝိညာဉ်အသက်တာသည် ငါ၏အလိုတော်နှင့်ညီပြီး သူ၏ တောင်းပန်ချက်များသည် အချည်းအနှီး သို့မဟုတ် အလဟဿ မဖြစ်ဘဲ အကျိုးရှိပေသည်။ ငါသည် လူသား၏ ဟန်ဆောင်ခြင်း မဟုတ်ဘဲ စစ်မှန်သော တောင်းပန်ချက်များကို ကောင်းချီးပေး၏။” ကဲ့သို့သော နှုတ်ကပတ်တော် များစွာကိုလည်း မြွက်ဆိုခဲ့သည်။ အမှန်အားဖြင့် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား နားလည်သဘောပေါက်နိုင်စွမ်း မရှိကြပေ၊ ၎င်းတို့သည် အပေါ်ယံကိုသာ နားလည်သဘောပေါက်နိုင်ကြသည်။ ဘုရားသခင်သည် ၎င်းတို့ လေ့လာဆည်းပူးရန် ရည်မှန်းချက်တစ်ခုကို ၎င်းတို့အား ပေးရန်နှင့် ဘုရားသခင်သည် အမှုအရာများကို ပေါ့ပေါ့တန်တန် မပြုဘဲ သူ၏အမှု နှင့်ပတ်သက်၍ အလေးအနက် ရှိကြောင်း ခံစားစေရန်သာ ဤနှုတ်ကပတ်တော်များကို အသုံးပြုခြင်း ဖြစ်ပြီး ထိုအခါမှသာ ၎င်းတို့၌ လေ့လာဆည်းပူးရန် ယုံကြည်ခြင်း ရှိမည်ဖြစ်သည်။ ထို့အပြင် လူအပေါင်းတို့သည် ဘုရားသခင်၏ အလိုအတွက် မဟုတ်ဘဲ ၎င်းတို့အဖို့အလို့ငှာသာ အသနား ခံတတ်ကြခြင်းကြောင့် ဖြစ်သည်၊ သို့သော်လည်း ဘုရားသခင်သည် ယခုတစ်မျိုးတော်ကြာတစ်မျိုး သဘောထားပြောင်းခြင်း မပြုပေ၊ သူ၏နှုတ်ကပတ်တော်များသည် လူတို့၏သဘောသဘာဝကို အမြဲရည်ညွှန်းထားခဲ့သည်။ ယနေ့ လူအများစုတို့သည် အသနား ခံကြသော်လည်း ၎င်းတို့မှာ မရိုးသားကြပေ၊ ၎င်းမှာ ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်သည်။ လူအပေါင်း၏ အခြေအနေမှာ ၎င်းတို့သည် “ငါ့နှုတ်ကို ပေါကြွယ်ဝခြင်းအဖြစ် ယူဆကြသည်။ လူအားလုံးသည် ငါ့နှုတ်မှ တစ်ခုခု ရလိုကြ၏။ နိုင်ငံတော်၏ လျှို့ဝှက်ချက်များဖြစ်စေ၊ ကောင်းကင်၏ နက်နဲမှုများဖြစ်စေ၊ ဝိညာဉ်လောက၏ လှုပ်ရှားမှုများဖြစ်စေ၊ လူသား၏ လမ်းဆုံး ပန်းတိုင်ဖြစ်စေ၊ လူအားလုံး ထိုအရာများကို ရလိုကြ၏။” ၎င်းတို့၏ သိလိုစိတ် ပြင်းပြခြင်းကြောင့် လူတို့သည် ဤအရာများကို ရှာဖွေရန် လိုလိုလားလားရှိကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ပေးခြင်း တစ်စုံတစ်ရာကို မရလိုကြပေ။ ထို့ကြောင့် ဘုရားသခင်က “လူသားအထဲတွင် ကင်းမဲ့မှု များလွန်းနေ၏၊ သူသည် “အာဟာရဖြည့်ဆည်းမှုများ” လိုအပ်သည့်အပြင် ‘စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု’ နှင့် “ဝိညာဉ်ရေးရာထောက်ပံ့ရေး” တို့ကို ပို၍လိုအပ်သည်” ဟု ဆိုခြင်းဖြစ်သည်။ ၎င်းမှာ ယနေ့ အပျက်သဘောသို့ ဦးတည် ပေးခဲ့ပြီးသော လူတို့ထဲမှ အယူအဆများ ဖြစ်ပြီး ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ မျက်လုံးများမှာ အလွန် “မြေရှင်ပဒေသရာဇ်” ဆန်သောကြောင့် ၎င်းတို့ပြောသောအရာနှင့် ပြုသောအရာ၌ အားမာန်မရှိကြသည့်အပြင် ၎င်းတို့သည် အရာခပ်သိမ်း၌ ဝတ်ကျေတမ်းကျေနှင့် ဖြစ်ကတတ်ဆန်း လုပ်ကြသည်။ ဤအရာများမှာ လူတို့၏ အခြေအနေများပင် ဖြစ်သည်မဟုတ်လော။ လူတို့သည် ၎င်းတို့ လုပ်ဆောင်နေသည့်အတိုင်း ဆက်လုပ်ခြင်းထက် မြန်မြန်ဆန်ဆန် ဤအရာကို ပြုပြင်သင့်သည် မဟုတ်လော။ အနာဂတ်ကို သိခြင်းသည် လူသားအတွက် မည်သည့်အကျိုးကျေးဇူး ရှိသနည်း။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ရှုပြီးနောက် တုံ့ပြန်မှုတစ်ခု ရှိကြသော်လည်း ကျန်သည့်သူ၏ နှုတ်ကပတ်တော်များမှာ အဘယ်ကြောင့် အကျိုးသက်ရောက်မှု မရှိသနည်း။ ဥပမာအားဖြင့် “ပိုမိုထိရောက်မှုရှိစေရန်အတွက် လူသားတို့၏ အနာရောဂါများကို ငါကုသပေးသည်။ သို့နှင့် သူတို့အားလုံး ပြန်လည်ကျန်းမာလာနိုင်ပြီး ငါ့ကျေးဇူးကိုသိလျက် ပုံမှန်အနေအထားသို့ ပြန်ရောက်ပေမည်၊” ဟု ဘုရားသခင် ပြောသောအခါ၊ ဤနှုတ်ကပတ်တော်များသည် အဘယ်ကြောင့် လူတို့၌ အကျိုးသက်ရောက်မှု မရှိသနည်း။ ဘုရားသခင် ပြုပြီးသော အရာမှန်သမျှသည် လူတို့ ရသင့်သော အရာပင်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၌ လုပ်ဆောင်ရန် အမှုရှိသည်၊ လူတို့၌ အဘယ်ကြောင့် လျှောက်စရာ လမ်းကြောင်းတစ်ခု မရှိသနည်း။ ဤအရာသည် ဘုရားသခင်နှင့်ဆန့်ကျင်နေသည် မဟုတ်လော။ လူတို့ လုပ်ဆောင်သင့်သော အမှုများစွာ အမှန်ပင်ရှိသည်၊ ဥပမာအားဖြင့် “သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်ပင်မုန်းပါသလား” ဟူသော နှုတ်ကပတ်တော်ထဲမှ “အဆင်းနီသောနဂါးကြီး” အကြောင်းကို ထိုသူတို့ မည်မျှသိကြသနည်း။ “ငါသည် အဘယ်ကြောင့် သင်တို့ကို ဤမေးခွန်း ကြိမ်ဖန်များစွာ မေးနေသနည်း” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ လူတို့သည် အဆင်းနီသောနဂါးကြီး၏ သဘောသဘာဝကို မသိနားမလည်ကြသေးကြောင်း၊ ၎င်းတို့သည် ပို၍ နက်နဲစွာ မသိနိုင်ဘဲနေကြကြောင်း ပြသလျက်ရှိသည်။ ဤအရာမှာ လူသား လုပ်သင့်သောအလုပ်ပင် မဟုတ်သလော။ လူသား၌ လုပ်စရာ အလုပ်မရှိဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။ အကယ်၍ ထိုကဲ့သို့ ဖြစ်ပါက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ဘုရားသခင်သည် ဟန်ဆောင်လုပ်ပြရန်အလို့ငှာ ဖြစ်ကတတ်ဆန်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်း ဖြစ်သလော။ အဆင်းနီသောနဂါးကြီးကို ဤနည်းဖြင့် အနိုင်ယူနိုင်သလော။

ဘုရားသခင်က “ငါသည် စတင်လိုက်ပြီဖြစ်ပြီး အဆင်းနီသော နဂါးကြီး နေသည့်နေရာတွင် ငါ၏ဆုံးမသည့်အလုပ် ပထမအဆင့်ကို စတင်မည်” ဟု ဆိုသည်။ ဤနှုတ်ကပတ်တော်များသည် ဘုရား သဘောသဘာဝ၌ ဖြစ်သောအမှုကို ညွှန်ပြခြင်း ဖြစ်သည်၊ ယနေ့ခေတ် လူများသည် ပြစ်တင်ဆုံးမခြင်းသို့ ကြိုတင် ဝင်ရောက်နှင့်ပြီ ဖြစ်သောကြောင့် ဘုရားသခင်က ဤအရာမှာ သူ့အမှု၏ ပထမအဆင့် ဖြစ်ကြောင်း ဆိုခြင်းဖြစ်သည်။ သူသည် လူတို့အား ဘေးဒုက္ခများ၏ ပြစ်တင်ဆုံးမခြင်းကို ခံစားစေခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံစေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သဘောထား ပြောင်းလဲသောအခါ လူတို့သည် လုံးဝ မသိနားမလည် ဖြစ်သွားကြပြီး ထို့နောက်တွင် ၎င်းတို့အားလုံး ပြစ်တင်ဆုံးမခြင်းသို့ ဝင်ရောက်ကြသည်။ ထို့အပြင် ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းကို ခံပြီးသောအခါ ဘုရားသခင် ပြောသကဲ့သို့ပင်က “ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို စနစ်တကျ ထမ်းဆောင်ပြီး အတိုင်းတိုင်းအပြည်ပြည်တွင် ငါ့ကို အစဉ်အမြဲ တရားဝင် ချီးမွမ်းလိမ့်မည်။” ဤအရာမှာ ဘုရားသခင်၏အမှု၏ အဆင့်တစ်ဆင့် ဖြစ်သည်၊ ၎င်းမှာ သူ၏အစီအစဉ် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ ဤလူများသည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခံရသော နည်းလမ်းများကို ကိုယ်တိုင်ကိုယ်ကျ ရှုမြင်ရမည်၊ ထို့ကြောင့် ကပ်ဘေးသည် ၎င်းတို့၏ ပြင်ပကမ္ဘာ၌ တရားဝင် စတင်ခြင်း ဖြစ်သည်။ ဤအရာမှာ လူတို့ကို ဘုရားသခင် ကယ်တင်သော နည်းလမ်းများထဲမှ နည်းလမ်းတစ်ခု ဖြစ်သည်၊ ၎င်းတို့သည် အတွင်း၌ ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီး အပြင်၌ ကပ်ဘေး ကျရောက်ခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကပ်ဘေးထက် ပြစ်တင်ဆုံးမခြင်းကို ခံရန် ပို၍အလိုရှိကြသည်၊ ထို့အပြင် ဤအကြောင်းကြောင့် ၎င်းတို့ ကျန်ရစ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ဤအရာမှာ ဘုရားသခင်၏အမှု ရောက်လာခဲ့ပြီဖြစ်သော အခြေအနေ ဖြစ်သည်၊ အခြားတစ်ဖက်တွင်လည်း ယင်းမှာ လူအပေါင်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို သိနိုင်ကြရန် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က “အဆင်းနီသောနဂါးကြီး ဆုံးမခံရသည့် အချိန်သည် ငါ၏လူများ ငါ၌မွေ့ပျော်ချိန်ဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏လူများကို ထကြွတော်လှန်အောင် ပြုလုပ်ရေးမှာ ငါ၏အစီအစဉ်ဖြစ်ပြီး ငါ၏လူများကို စုံလင်စေသည့် နည်းဖြစ်ကာ ငါ့လူခပ်သိမ်းအနေဖြင့် ဘဝတွင် တိုးတက်မြင့်မား လာရေးအတွက် အခွင့်အရေးကြီးတစ်ရပ် ဖြစ်သည်” ဟု ဆိုခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ပြောသော်လည်း ၎င်းတို့သည် လူတို့၏ အာရုံကို အဘယ်ကြောင့် ဆွဲဆောင်ခြင်း မရှိသနည်း။

ဘုရားသခင်၏ တုတ်သည် ကမ္ဘာမြေကြီးပေါ်၌ ၎င်း၏ အခန်းကဏ္ဍကို စတင် လုပ်ဆောင်နေပြီ ဖြစ်သောကြောင့် တိုင်းနိုင်ငံများသည် အကြီးအကျယ် ဖရိုဖရဲ ဖြစ်ကြသည်။ ဘုရားသခင်၏အမှုကို ကမ္ဘာမြေကြီး၏ အခြေအနေ၌ မြင်နိုင်သည်။ ဘုရားသခင်က “ရေများသည် ဟုန်းဟုန်းမြည်၍၊ တောင်များ လဲပြိုကာ မြစ်ကြီးများပြိုကွဲမည်၊” ဟု ပြောသောအခါ၊ ဤအရာမှာ ကမ္ဘာမြေကြီးပေါ်တွင် ထိုတုတ်၏ ကနဦး အလုပ်ဖြစ်ပြီး ရလဒ်မှာ “မြေကြီးပေါ်ရှိ အိမ်ထောင်စုအပေါင်း တကွဲတပြားစီဖြစ်ပြီး မြေကြီးပေါ်ရှိ နိုင်ငံအားလုံး ပြိုကွဲလိမ့်မည်၊ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစပ်သည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ မည်သည့်အခါမျှ တစ်ဖန် ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးလည်း မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပါ။ မြေကြီးပေါ်တွင် ရှိခဲ့သော အရာခပ်သိမ်းတို့ကို ငါကြေမွစေမည်” ဖြစ်သည်။ ယင်းမှာ ကမ္ဘာမြေကြီးပေါ်မှ မိသားစုများ၏ ယေဘုယျ အခြေအနေ ဖြစ်လိမ့်မည်။ သဘာဝအားဖြင့် ၎င်းသည် ၎င်းတို့အားလုံး၏ အခြေအနေ ဖြစ်နိုင်ခြေ မဟုတ်နိုင်သော်လည်း၊ ၎င်းမှာ ၎င်းတို့အများစု၏ အခြေအနေ ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ ဤရေစီးကြောင်း၏ လူများ အနာဂတ်တွင် တွေ့ကြုံရမည့် အခြေအနေများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရပြီး မယုံကြည်သူများသည် ကပ်ဘေးကို ခံပြီးသည့်အခါ၊ ကမ္ဘာမြေကြီးပေါ်မှ လူတို့အကြားတွင် မိသားစု ဆက်ဆံရေးများ ရှိတော့မည် မဟုတ်ကြောင်း ၎င်းက ကြိုတင်နိမိတ်ဖတ်ခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးသည် သိနိမ်ပြည်မှ လူများ ဖြစ်ကြလိမ့်မည်၊ ထို့အပြင် ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နိုင်ငံတော်၌ သစ္စာရှိသောသူများ ဖြစ်ကြလိမ့်မည်။ ထို့ကြောင့် ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစပ်သည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ မည်သည့်အခါမျှ တစ်ဖန်ပြန် တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးလည်း မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်မှ လူတို့၏ မိသားစုများသည် ဖြိုခွဲခြင်း၊ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ခံရလိမ့်မည်၊ ထို့အပြင် ဤအရာမှာ လူသား၌ ဘုရားသခင် ပြုသော နောက်ဆုံးအမှု ဖြစ်လိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် ဤအမှုကို စကြဝဠာတစ်ခုလုံး၌ ပျံ့နှံ့စေမည် ဖြစ်သောကြောင့် သူသည် “စိတ်ခံစားချက်” ဟူသော စကားလုံးကို လူတို့အား ရှင်းပြရန် ဤအခြေအနေကို အခွင့်အရေးယူသောကြောင့် ဘုရားသခင်၏ အလိုမှာ လူအပေါင်း၏ မိသားစုများကို ဖြိုခွဲရန် ဖြစ်ကြောင်း ၎င်းတို့ကို မြင်စေပြီး ဘုရားသခင်သည် လူသားမျိုးနွယ်အကြားရှိ မိသားစု အငြင်းပွားမှုများ အားလုံးကို ဖြေရှင်းရန် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုကြောင်း ပြသနေခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက၊ ဘုရားသခင်၏အမှု၏ နောက်ဆုံး အပိုင်းကို ကမ္ဘာမြေကြီးပေါ်၌ လုံးလုံးလျားလျား အဆုံးသတ် နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နောက်ဆုံးအပိုင်းမှာ လူသားမျိုးနွယ်၏ အကြီးမားဆုံးသော အားနည်းချက်ကို မြင်သာအောင် ဖော်ထုတ်သည်၊ ၎င်းတို့အားလုံးမှာ စိတ်ခံစားချက်ဖြင့် အသက်ရှင်ကြသည်၊ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးထဲ၌ ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်သည်။ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် စိတ်ခံစားချက်မှ သီးခြားခွဲရန် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း။ ၎င်းသည် အသိစိတ်၏ စံနှုန်းများထက် ပို၍ မြင့်သလော။ အသိစိတ်သည် ဘုရားသခင်၏ အလိုကို ပြီးမြောက်စေနိုင်သလော။ စိတ်ခံစားချက်သည် ဘေးအန္တရာယ်အတွင်း လူတို့ကို မကူနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် စိတ်ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်၊ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ မဖော်ပြခဲ့သလော။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဘုရားသခင် ပြောသကဲ့သို့ပင်” ဆိုသည့် စကားစု မပါဝင်ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။