ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၇

ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီး

ကမ္ဘာဦး ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဖွားလျက် မြေကြီးပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။

နောဧက ဘုရားသခင်၏ညွန်ကြားချက်များကို လက်ခံပြီး သင်္ဘောကိုတည်ဆောက်ကာ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းငှာ ရေလွှမ်းမိုးခြင်းကို ဘုရားသခင်အသုံးပြုသည့်နေ့များကို ဖြတ်သန်းကျော်လွှားခဲ့ပြီး သူ့မိသားစုဝင် ရှစ်ယောက်လုံး အသက်ရှင်ကျန်ရစ်ခဲ့သည်။ နောဧ၏ မိသားစု ရှစ်ယောက်မှလွဲ၍ လူသားမျိုးနွယ်အားလုံး ဖျက်ဆီးခြင်းခံခဲ့ရပြီး ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ဖျက်ဆီးခံခဲ့ရသည်။ နောဧကိုမူ ဘုရားသခင်က ကောင်းချီးပေးပြီး သူ့သားနှင့်သူ့ကို အချို့အရာများပြောခဲ့သည်။ ဤအရာများက ဘုရားသခင်က သူ့ကို ပေးသနားသည့်အရာများဖြစ်ပြီး သူ့အတွက် ဘုရားသခင်၏ကောင်းချီးလည်းဖြစ်သည်။ ဤသည်မှာ သူ့ကို နားထောင်နိုင်ပြီး သူ၏ညွှန်ကြားချက်များကို လက်ခံနိုင်သူကို ဘုရားသခင်ပေးသည့် ကောင်းချီးနှင့် ကတိတို့ဖြစ်ကာ ဘုရားသခင် လူသားများကို ဆုချီးမြှင့်သည့် ပုံစံလည်းဖြစ်သည်။ တစ်နည်းအားဖြင့် နောဧသည် ဘုရားသခင်အမြင်တွင် စုံလင်သောသူဖြစ်ခြင်း သို့မဟုတ် ဖြောင့်မတ်သည့်လူ ဖြစ်ခြင်းတို့နှင့် မသက်ဆိုင်ဘဲ၊ ဘုရားသခင်ကို သူမည်မျှ သိသည်ဆိုသည်နှင့်မသက်ဆိုင်ဘဲ၊ အတိုချုပ်ပြောရလျှင် နောဧနှင့် သူ့သားသုံးယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး ဘုရားသခင်၏အမှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ဘုရားသခင်၏ ညွှန်ကြားချက်များနှင့်အညီ သူတို့လုပ်သင့်သည့်အရာကို လုပ်ခဲ့ ကြသည်။ အကျိုးရလဒ်အနေနှင့် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးခဲ့ပြီးနောက် သက်ရှိသတ္တဝါအမျိုးမျိုးနှင့် လူသားများကို ထိန်းသိမ်းရာတွင် ဘုရားသခင်ကို ကူညီခဲ့ကြပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် နောက်တစ်ဆင့်အတွက် ကြီးမားသည့်အထောက်အပံ့ ဖြစ်စေခဲ့သည်။ နောဧ လုပ်ဆောင်ခဲ့သည့်အရာအားလုံးအတွက် ဘုရားသခင်က သူ့ကို ကောင်းချီးပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်လူများအတွက်မူ နောဧလုပ်ခဲ့သည့်အရာက ထုတ်ဖော်ပြောဆိုရန်ပင် မထိုက်တန်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့က ဤကဲ့သို့ပင် တွေးနိုင်သည်။ နောဧသည် ဘာမျှမလုပ်ခဲ့ပေ။ သူ့ကိုကယ်ဖို့ ဘုရားသခင်က စိတ်ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် သေချာပေါက် ကယ်တင်ခြင်းခံရမှာဖြစ်သည်။ သူအသက်ရှင်ကျန်ရစ်သည်မှာ သူ့ကြောင့်မဟုတ်ပေ။ လူက အားနည်းသည့်အတွက် ဤအရာသည် ဘုရားသခင်က ဖြစ်စေချင်ခဲ့သည့်အရာဖြစ်သည် စသဖြင့်ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင် စဉ်းစားနေခဲ့သည့်အရာ မဟုတ်ပေ။ ဘုရားသခင်အတွက်မူ လူတစ်ယောက်သည် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် အရေးမပါသည်ဖြစ်စေ သူ့နှုတ်ကပတ်တော်ကို နားထောင်နိုင်ကာ သူ၏ညွှန်ကြားချက်များနှင့် သူတာဝန်ပေးစေခိုင်းသည့်အရာကို နာခံနိုင်ပြီး သူ၏အလိုတော်နှင့် သူ၏အစီအစဉ်တို့က ချောမွေ့စွာ ပြီးမြောက်နိုင်ဖို့ သူ၏အမှုတော်၊ သူ၏အလိုတော်နှင့် သူ၏ အစီအစဉ်တို့၌ ပူးပေါင်းဆောင်ရွက်နိုင်သရွေ့ ထိုသူသည် သူ၏ အမှတ်ရခြင်းနှင့် ကောင်းချီးကို လက်ခံရရှိဖို့ ထိုက်တန်သည်။ ဘုရားသခင်သည် ဤသို့သောလူမျိုးများကို တန်ဖိုးထားပြီး သူတို့၏အပြုအမူ၊ ချစ်ခြင်းနှင့် သူ့အပေါ်တွင် ချစ်ခင်မှုများကို နှစ်သက်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် နောဧကို အဘယ်ကြောင့် ကောင်းချီးပေးခဲ့သနည်း။ အဘယ်ကြောင့် ဆိုလျှင် ဤသည်မှာ လူသား၏ထိုသို့သောလုပ်ရပ်များနှင့် နာခံခြင်းအပေါ်တွင် ဘုရားသခင် ပြုမူဆက်ဆံသည့် ပုံစံဖြစ်၍ဖြစ်သည်။

နောဧကို ဘုရားသခင်ကောင်းချီးပေးခြင်းနှင့်ပတ်သက်၍ အချို့လူများက ဤသို့ပြောလိမ့်မည်။ “လူသားက ဘုရားသခင်ကိုနားထောင်ပြီး ဘုရားသခင်ကို ကျေနပ်စေလျှင် ဘုရားသခင်အနေဖြင့် လူသားကို ကောင်းချီးပေးသင့်ပါသည်။ ဤအချက်က ပြောနေရန်ပင် မလိုသည့်အရာမဟုတ်လော။” ငါတို့ ထိုကဲ့သို့ ပြောနိုင်သလော။ “မပြောနိုင်ပါဘူး” ဟု အချို့ကပြောသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ငါတို့မပြောနိုင်ရသနည်း။ အချို့လူများက “လူသားသည် ဘုရားသခင်၏ကောင်းချီးကို မွေ့လျော်ခြင်းငှာ မထိုက်တန်ပါ” ဟုပြောကြသည်။ ၎င်းက လုံးဝဥဿုံ မှန်နေခြင်းမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင်တာဝန်ပေးစေခိုင်းထားသည့် အရာကို လူတစ်ယောက်က လက်ခံလိုက်သည့်အခါ သူ၏လုပ်ရပ်များသည် ကောင်းသလော ဆိုးသလော၊ သူသည် နာခံမှုရှိသလော၊ ထိုသူသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေသလောနှင့် သူတို့၏လုပ်ဆောင်သည့် အရာသည် အဆင့်မီသလော စသည့်အရာတို့ကို စီရင်ဆုံးဖြတ်ရန် ဘုရားသခင်၌ စံသတ်မှတ်ချက်တစ်ခုရှိသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူသား၏နှလုံးသားဖြစ်ပြီး သူတို့၏ အပေါ်ယံလုပ်ရပ်များမဟုတ်ပေ။ လူများက မည်သို့လုပ်ဆောင် သည်နှင့် မဆိုင်ဘဲ သူတို့သည် လုပ်ဆောင်နေသရွေ့ ဘုရားသခင်က ထိုသူကို ကောင်းချီးပေးသင့်သည်ဆိုခြင်းမှာ မမှန်ကန်ပေ။ ဤသည်မှာ လူသားက ဘုရားသခင်ကို နားလည်မှုလွဲခြင်း ဖြစ်သည်။ ဘုရားသခင်သည် အဆုံးသတ်ရလဒ်ကိုသာ ကြည့်ရုံသက်သက်တင်မဟုတ်ဘဲ အကြောင်းကိစ္စများ တိုးတက်ပြောင်းလဲလာစဉ်အတွင်း၌ လူတစ်ဦး၏နှလုံးသားနှင့် ထိုသူ၏သဘောထားက မည်သို့ပုံစံရှိသည်ကို သာ၍အလေးပေးပြီး သူတို့နှလုံးသား၌ နာခံမှု၊ စာနာထောက်ထားမှု၊ ဘုရားသခင်ကို ကျေနပ်စေဖို့ အတွက် ဆန္ဒတို့ ရှိမရှိကိုလည်း ကြည့်ရှုသည်။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်ကို မည်မျှသိခဲ့သနည်း။ ယခု သင်တို့သိသည့် အယူဝါဒများလောက် များသလော။ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် အသိပညာကဲ့သို့သော သမ္မာတရား၏ အချက်အလက်များနှင့် ပတ်သက်လျှင် သူသည် သင်တို့ကဲ့သို့ ရေလောင်းပေးမှုနှင့် ထိန်းကျောင်းပေးမှုများကို ရရှိခဲ့သလော။ မရခဲ့ပေ။ သို့ရာတွင် ငြင်း၍မရသည့် အချက်တစ်ချက်ရှိသည်။ ယနေ့ခေတ်လူတို့၏ သိမှု၊ စိတ်နှင့် နှလုံးသားအတွင်းမှာပင်လျှင် ဘုရားသခင် အပေါ်တွင်ထားသည့် သူတို့၏ သဘောထားနှင့် အယူအဆများက ဝေဝါးပြီး ရှုပ်ထွေးနေသည်။ လူအချို့သည် ဘုရားသခင်၏တည်ရှိမှုအပေါ်တွင် အဆိုးမြင်သည့် သဘောထားကို ကိုင်စွဲထားသည်ဟူ၍ပင် ပြောနိုင်သည်။ သို့ရာတွင် နောဧ၏ နှလုံးသားနှင့် သူ၏အသိစိတ်ထဲတွင်မူ ဘုရားသခင်၏တည်ရှိမှုဟာ အကြွင်းမဲ့ဖြစ်ပြီး ယုံမှားဖွယ်ရာ မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်အပေါ် သူ၏နာခံမှုသည် အစစ်အမှန်ဖြစ်ပြီး စမ်းသပ်မှုကို ခံနိုင်ပေသည်။ ဘုရားသခင်အပေါ်တွင် သူ့နှလုံးသားသည် သန့်စင်ပြီး ပွင့်လင်းသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းကို လိုက်လျှောက်စိမ့်သောငှာ သူ့ကိုယ်သူ ယုံကြည်လက်ခံအောင် ပြုရန် အယူဝါဒများနှင့်ဆိုင်သည့် အသိပညာများစွာကို သူမလိုအပ်ခဲ့သကဲ့သို့ ဘုရားသခင် တာဝန်ပေး စေခိုင်းသည့်အရာကို လက်ခံနိုင်ပြီး ဘုရားသခင်လုပ်ခိုင်းသည့် အရာများကို လုပ်ဆောင်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန် အချက်အလက်များစွာကိုလည်း သူမလိုအပ်ခဲ့ပေ။ ဤသည်မှာ ယနေ့ခေတ်လူများနှင့် နောဧ၏အကြားမှ ပဓာနကျသည့် ကွာခြားချက်ဖြစ်ပြီး ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူ၏ တိကျသည့် အဓိပ္ပာယ်သတ်မှတ်ချက်အမှန်ဖြစ်သည်။ ဘုရားသခင် အလိုရှိသည်မှာ နောဧကဲ့သို့သော လူမျိုးများဖြစ်သည်။ သူသည် ဘုရားသခင်ချီးမွမ်းသည့်လူစားမျိုးဖြစ်ပြီး ဘုရားသခင် ကောင်းချီးပေးသည့်လူစားမျိုး အတိအကျပင်ဖြစ်သည်။ ဤအချက်မှ ဉာဏ်အလင်းတစ်စုံတစ်ရာကို သင်တို့ရကြသလော။ လူများက အခြားလူများကို အပြင်ပန်းမှကြည့်ကြသော်လည်း ဘုရားသခင်ကြည့်သည့် အရာကမူ လူတို့၏နှလုံးသားနှင့် သူတို့၏ အနှစ်သာရကိုဖြစ်သည်။ ဘုရားသခင်သည် လူအားလုံးကို သူ့အပေါ်တွင် စိတ်မပါ့တပါဖြစ်ခြင်း သို့မဟုတ် သံသယများရှိခြင်းတို့ကို ခွင့်မပြုသကဲ့သို့ သူ့ကို လူများက သံသယရှိခြင်း သို့မဟုတ် စမ်းသပ်ခြင်းတို့ကို မည်သို့မျှ ခွင့်မပြုပေ။ ထို့ကြောင့် ယနေ့ခတ်လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျက်နှာချင်းဆိုင်မြင်နေရသော်လည်း သို့မဟုတ် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်၍ပင် စကားပြောဆိုနိုင်သော်လည်း သူတို့နှလုံးသားနက်ရှိုင်းရာထဲမှ တစ်စုံတစ်ခုကြောင့်၊ သူတို့၏ ပျက်စီးသည့် အနှစ်သာရ၏ တည်ရှိခြင်းနှင့် ဘုရားသခင်အပေါ်တွင် သူတို့၏ ရန်လိုသည့် သဘောထားတို့ကြောင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းမှ ပိတ်ဆို့ခံထားရပြီး ဘုရားသခင်အပေါ်တွင် နာခံမှုမရှိစေရန် ပိတ်ကာထားခံရသည်။ ထိုအကြောင်းကြောင့် နောဧအပေါ် ဘုရားသခင်ပေးသနားခဲ့သည့် တူညီသည့် ကောင်းချီးကို လက်ခံရရှိဖို့ရန် သူတို့အတွက် အင်မတန်မှ ခက်ခဲသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၂

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး သူတို့အတွက် နယ်နိမိတ်စည်းများကို တည်ထောင်ခဲ့သည်၊ သူတို့အထဲတွင် သူသည် သက်ရှိအမျိုးအစားအားလုံးကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၄၇

ဖိလဒေလဖိအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။ ၎င်းတို့၏ ဝိညာဉ်ရေးရာ ခရီးပေါ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၅

တိုးတက်မှုအတွက် မကြိုးပမ်းသောသူများသည် အခြားလူများကို သူတို့ကဲ့သို့ပင် အပျက်သဘောဆောင်ဖို့နှင့် ပျင်းရိဖို့ရန် အမြဲ ဆန္ဒရှိကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၈

ယောနဝတ္ထု ၄ သို့သော် ယင်းက ယောနကို အလွန့်အလွန်ဒေါသထွက်စေပြီး သူသည် အလွန်စိတ်ဆိုးလေသည်။ ထို့နောက် အို ယေဟောဝါ၊ ကိုယ်တော့်ကို အကျွန်ုပ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။