ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားကို သိခြင်းနှင့်သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၂၃)
ဘုရားသခင်သည် လူသားအတွက် မေတ္တာထားပြီး သနားကရုဏာ ထားသည်ဟူသည်မှာ သမ္မာတရားဖြစ်သလော၊ ငါ့အားပြောလော့။ (ယင်းသည် သမ္မာတရား ဖြစ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်သည် လူသားကို မေတ္တာမထားဘဲ ဆဲရေးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းပင် ပြုလုပ်သည်ဟူသည်မှာ သမ္မာတရားဖြစ်သလော။ (ဤသည်မှာလည်း သမ္မာတရားဖြစ်ပါသည်။) အမှန်တွင် ဤဝါကျနှစ်ခုလုံးသည် သမ္မာတရားဖြစ်ပြီး အကြွင်းမဲ့ မှန်ကန်သည်။ သို့သော် “ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားဟူသည်မှာလည်း သမ္မာတရားဖြစ်သည်” ဟု ပြောဆိုရန် လွယ်ကူသည့်ကိစ္စ မဟုတ်သလို လူတို့အနေဖြင့် ဤသို့သော စကားများကို ပြောဆိုရန် ခက်ခဲသည်။ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားအကြောင်း သိမြင်မှု ရှိမှသာ ယင်းကို ပြောဆိုနိုင်မည်။ ဘုရားသခင်သည် ချစ်ခင်ကြင်နာသော အရာတစ်ခုကို ပြုလုပ်လိုက်ကြောင်း မြင်တွေ့သည့်အခါ သင်သည် “ဘုရားသခင်က လူသားကို အမှန်ပင်မေတ္တာထားသည်။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်” ဟု ပြောသည်။ သို့တိုင်အောင် ဘုရားသခင်က ကြောင်သူတော်ဆန်သော ဖာရိရှဲများ သို့မဟုတ် အန္တိခရစ်များအပေါ် စိတ်ဆိုးခြင်းနှင့် ၎င်းတို့ကို ကျိန်ဆဲခြင်းကဲ့သို့ လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသည့် တစ်စုံတစ်ရာကို ပြုလုပ်လိုက်ကြောင်း မြင်တွေ့သည့်အခါ သင်သည် “ဘုရားသခင်က လူသားအပေါ် မေတ္တာမထား။ သူသည် လူသားကိုမုန်းသည်” ဟု တွေးတောသည်။ ထိုအခါ သင့်တွင် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ရှိနေပြီး သူ့ကို ငြင်းပယ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤဖြစ်ရပ်နှစ်ခုအနက် မည်သည်က သမ္မာတရားဖြစ်သနည်း။ ဤအရာကို ရှင်းလင်းစွာ ရှင်းမပြနိုင်သူများ ရှိကြသည်။ လူများ၏ စိတ်နှလုံးတွင် ဘုရားသခင်က လူသားအပေါ် မေတ္တာထားခြင်းက ပိုကောင်းသလော၊ သို့မဟုတ် သူက လူသားကို မေတ္တာမထားခြင်းက ပိုကောင်းသလော။ လူများအားလုံးသည် ဘုရားသခင်က လူသားအပေါ် မေတ္တာထားခြင်းအား သေချာပေါက် နှစ်သက်ကြပြီး ၎င်းတို့က ဘုရားသခင် လူသားအပေါ် မေတ္တာထားခြင်းသည် သမ္မာတရား ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းကို ၎င်းတို့ မနှစ်သက်ကြ။ ထို့ကြောင့် ၎င်းတို့က ဘုရားသခင် လူသားအပေါ် မေတ္တာမထားခြင်းမှာ သမ္မာတရား မဟုတ်ဟု ပြောကြသည့်အပြင် “ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားဟူသည်မှာလည်း သမ္မာတရားဖြစ်သည်” ဟူသော ပြောဆိုချက်ကို ငြင်းပယ်ကြသည်။ သို့ဆိုလျှင် ဘုရားသခင်က လုပ်ဆောင်သည့်အရာသည် သမ္မာတရား ဟုတ်မဟုတ်ကို လူသား၏ သတ်မှတ်ချက်အတွက် အခြေခံအကြောင်းရင်းမှာ မည်သည့်အရာနည်း။ ယင်းသည် လူသား၏ အယူအဆများနှင့် စိတ်ကူးများအပေါ် လုံးဝဥဿုံ အခြေပြုထားသည်။ ဘုရားသခင်သည် အမှုကိစ္စများအား လူသားက သူ့ကို လုပ်ဆောင်စေလိုသည့်ပုံစံအတိုင်း လုပ်ဆောင်သင့်ပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူသား၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပါက ယင်းမှာ သမ္မာတရားမဟုတ်။ အကယ်၍ လူသားသည် ဘုရားသခင် လုပ်ဆောင်သည့်အရာကို မနှစ်သက်ပါက ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ သမ္မာတရား မဟုတ်ဟူ၍ ဖြစ်သည်။ ထိုသို့သောနည်းလမ်းဖြင့် သမ္မာတရားကို သတ်မှတ်ကြသူများသည် သမ္မာတရားနှင့်ပတ်သက်သော သိမြင်မှု ရှိကြသလော။ (၎င်းတို့ မသိရှိကြပါ။) ဘုရားသခင်အပေါ် လူသား၏ အယူအဆများအရ အမြဲအဓိပ္ပာယ်ဖွင့်ဆိုနေခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ယင်းက ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသို့ ဦးတည်စေမည်လော၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းသို့ ဦးတည်စေမည်လော။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသို့ ဦးမတည်ဘဲ ဆန့်ကျင်ခြင်းသို့သာ ဦးတည်စေမည်မှာ အသေအချာပင်ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်အား ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံလျက် အစဉ် သဘောထားနေကြသူများသည် ဘုရားသခင်ကို ကျိုးနွံနာခံသူများ ဖြစ်သလော။ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ခုခံသူများ ဖြစ်သလော။ (၎င်းတို့သည် ဘုရားသခင်ကို ခုခံသူများ ဖြစ်သည်။) ဤအချက်မှာ သေချာကြောင်း ပြသနိုင်ပြီး ယင်းကို ဤနည်းဖြင့် ပိုင်းခြားသိမြင်သည်မှာ မှန်ကန်သည်။ လူများက ဘုရားသခင် လူသားအပေါ် ထားရှိသည့် မေတ္တာတရားသည် သိုးငယ်ကို ပွတ်သပ်ပေးခြင်းဖြင့် ယင်းကို အနွေးဓာတ်နှင့် သာယာကြည်နူးမှုကိုပေးသည့် သိုးထိန်းတစ်ဦးနှင့် တူညီရမည်ဖြစ်ကြောင်း၊ ထိုမေတ္တာတရားသည် ၎င်းတို့၏ ခံစားမှုဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း ထင်မြင်ကြသည်။ သို့ဖြစ်၍ ဤသည်မှာ ဘုရားသခင်၏ မေတ္တာဖြစ်သည်ဟု ခံစားကြရသည်မဟုတ်လော။ (၎င်းတို့ ခံစားကြရသည်။ သို့သော် အမှန်တွင် ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့က လူများ၏ ဘဝများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေပါသည်။) ဤသည်မှာလည်း လူသားအတွက် ဘုရားသခင်၏ မေတ္တာတရားပင်ဖြစ်သည်။ ဤမျှပြောပြစေကာမူ သင်သည် ဘုရားသခင် လူသားအပေါ် မေတ္တာထားခြင်းကို သမ္မာတရားဟုလည်းကောင်း၊ သူ လူသားအပေါ် မေတ္တာမထားခြင်းကို သမ္မာတရားမဟုတ်ဟု လည်းကောင်း ခံစားနေရဆဲ ဖြစ်သည် မဟုတ်လော။ (ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားဟူသည်မှာလည်း သမ္မာတရားဖြစ်သည်။) ယင်းသို့ဆိုလျှင် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် မည်သို့ဖြစ်ရသနည်း။ မေတ္တာမထားခြင်းမှာ မည်သည့်အရာနည်း။ ဘုရားသခင်က လူသားအပေါ် မေတ္တာထားကြောင်း ငါတို့အားလုံး သိကြသည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ သူ၏ ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အားလုံးသည် မေတ္တာတရား၏ နယ်ပယ်တွင် အကျုံးဝင်သည်။ သို့ဆိုလျှင် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားပါက ယင်းမှာ အဘယ်ကြောင့် ဖြစ်မည်နည်း။ (သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့်ဖြစ်သည်။) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ထိုဖြောင့်မတ်သော စိတ်သဘောထားကြောင့် ဖြစ်ရသလော။ (ဟုတ်ပါသည်။) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ဖြောင့်မတ်သော စိတ်သဘောထားကြောင့် ဖြစ်ရသည်ဆိုလျှင် ဘုရားသခင်က လူသားအပေါ် ထားရှိသည့် ဖြောင့်မတ်သော စိတ်သဘောထားသည် မေတ္တာထားခြင်းလော၊ မေတ္တာမထားခြင်းလော။ (ယင်းမှာ မေတ္တာထားခြင်း ဖြစ်သည်။) ဘုရားသခင် လူသားအပေါ် ထားရှိသည့် မေတ္တာတရားသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ကြောင်း သင်တို့ နားလည်သွားကြပြီဖြစ်သည်။ သို့သော် လူသားအပေါ် မေတ္တာမထားခြင်းသည် ယင်းစိတ်သဘောထားကြောင့် ဖြစ်သလော။ (ယင်းကြောင့်ဖြစ်သည်။) ဘုရားသခင်က လူသားအပေါ် မေတ္တာမထားသည့်တိုင် ဖြောင့်မတ်သော စိတ်သဘောထား မည်သို့များ ရှိနိုင်သနည်း။ သင်တို့ကို ငါ မေးခွန်းတစ်ခု ထပ်မေးမည်။ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားရန် ဖြစ်နိုင်သည်ဟု သင်တို့ ထင်ကြသလော။ ယင်းသို့သော ဖြစ်ရပ်မျိုး ရှိနိုင်သလော။ (လူသားသည် မကောင်းမှု မှန်သမျှကို ကျူးလွန်ပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေသည့်အခါ ဘုရားသခင်သည် လူသားအပေါ် မေတ္တာ မထားရှိပေ။) သင်ပြောဆိုနေသည့်အရာသည် အခြေအနေပေါ် မူတည်ပြီး မရှိမဖြစ် ရှိထားရမည့် သတ်မှတ်ချက်များအပေါ်၌ အခြေပြုထားခြင်းဖြစ်ကာ ငါမေးမြန်းနေသည့်အရာသည် ကြိုတင်ကောက်ချက်ချထားခြင်းအပေါ် အခြေမခံသည့် အရာဖြစ်သည်။ ဘုရားသခင် လူသားအပေါ် ထားရှိသည့် မေတ္တာတရားသည် အသေအချာပင် သမ္မာတရားဖြစ်ပြီး လူတိုင်း ဤအရာကို နားလည်ကြသည်။ သို့သော် ဘုရားသခင်က လူသားအပေါ် မေတ္တာ မထားခြင်းသည် သမ္မာတရား ဟုတ်မဟုတ်နှင့် စပ်လျဉ်း၍မူ လူများက သံသယကိုယ်စီရှိကြသည်။ အကယ်၍ သင်သည် ဤကိစ္စရပ်ကို ကျော်လွှားနိုင်လျှင် ဘုရားသခင် လုပ်ဆောင်သည့် အရာအများစုကိုလည်း ကျော်လွှားနိုင်မည်ဖြစ်ပြီး သင့်တွင် ယူဆချက်များ ပေါ်ထွက်တော့မည် မဟုတ်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ လူသားအပေါ် သူ၏မေတ္တာ မထားရှိခြင်းအတွက် သရုပ်သကန်အချို့မှာ အဘယ်နည်း။ (ငါတို့သည် ဤကဏ္ဍကို သတိမပြုမိကြသေးပေ။) သင်တို့သည် ယင်းကို ခံစားခဲ့ဖူးခြင်း မရှိသည့်အပြင် သင်တို့သည် ယင်းကို တွေ့ကြုံဖူးခြင်းမရှိ။ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းကို ရှင်းပြနိုင်မည့် ငါတို့ သိထားသမျှ စကားလုံးများမှာ အဘယ်နည်း။ ရွံရှာခြင်း၊ မနှစ်မြို့ခြင်း၊ မုန်းတီးခြင်း၊ စက်ဆုပ်ခြင်း ထို့ပြင် စွန့်ပစ်ခြင်းနှင့် ပစ်ပယ်ခြင်းတို့ဖြစ်သည်။ ယင်းတို့မှာ အခြေခံအားဖြင့် ထိုကဲ့သို့သော စကားလုံးများ ဖြစ်ကြသည်။ လူတိုင်း ယင်းစကားလုံးများကို နားလည်ကြသည့်အတွက် ယင်းတို့ကို မေတ္တာမထားခြင်းနှင့် ထပ်တူပြုနိုင်သလော။ (ပြုနိုင်ပါသည်။) ယင်းတို့သည် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်း၏ သရုပ်သကန်တွင် ပင်ကိုအားဖြင့် ပါဝင်နေခြင်းကြောင့် ယင်းတို့သည် သမ္မာတရားဖြစ်သည်ဟု သင်တို့ထင်သလော။ (ထင်ပါသည်၊ ယင်းတို့မှာ သမ္မာတရားဖြစ်သည်။) သင်တို့၏အမြင်တွင် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် အကြောင်းပြချက်တစ်ရပ် လိုအပ်နေသည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားသည့် အရာများကို လူသားအပေါ် မေတ္တာထားသည့် ဆက်စပ်အခြေအနေတွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ဤအကြောင်းပြချက်တွင် မေတ္တာတရား၏ အင်္ဂါရပ်တစ်ခုဖြစ်စေ၊ အခြေခံတစ်ရပ်ဖြစ်စေ မပါရှိဟု ယူဆပါက ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားသည့် အရာများကို လူသားအပေါ် မေတ္တာမထားသည့် သရုပ်သကန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ သင်တို့သည် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် သမ္မာတရားဟုတ်မဟုတ် သေချာအောင် စိစစ်နိုင်မည် မဟုတ်သကဲ့သို့ ယင်းအရာများကို အပြည့်အဝ နားလည်ရန်လည်း ဖြစ်နိုင်မည်မဟုတ်ချေ။ ဤနေရာတွင် ဤကိစ္စရပ်၏ အရေးအကြီးဆုံးအရာ ပါဝင်နေသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် ငါတို့သည် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြရမည်။
သင်တို့သည် ဖန်ဆင်းခံများအားလုံး၏ သခင်ဖြစ်သည့် ဘုရားသခင်က ဤလူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ယင်းသို့ ဖန်တီးခဲ့သည့်အတွက် သူသည် လူတို့ကို စောင့်ရှောက်ရသည်၊ ၎င်းတို့ စားသောက်သည့် အရာများကို စီမံခန့်ခွဲရသည်၊ ၎င်းတို့၏ ဘဝတစ်ခုလုံးနှင့် ကံကြမ္မာများကို ထိန်းကျောင်းကွပ်ကဲရသည်ဟု ထင်ကြသလော။ (သူထိုသို့ မပြု။) ဆိုလိုသည်မှာ အကယ်၍ သူအလိုရှိလျှင် သင့်အား စောင့်ရှောက်ရန်၊ သူက သင့်အား စောင့်ရှောက်ရန် အလိုမရှိလျှင် သင့်အား လူအုပ်များအတွင်းသို့ဖြစ်စေ၊ တစ်စုံတစ်ခုသော ပတ်ဝန်းကျင်သို့ဖြစ်စေ ပစ်ထည့်လိုက်ပြီး သင့်အား နစ်မြုပ်သွားစေရန် သို့မဟုတ် ရုန်းကန်နေစေရန် ဘုရားသခင်၌ တန်ခိုး ရှိသလော။ (ရှိပါသည်။) ယင်းသည် ဘုရားသခင်၏ တန်ခိုးအတွင်း၌ ရှိသဖြင့် ဘုရားသခင်သည် လူသားနှင့် ပတ်သက်၍ ဂရုမစိုက်ဟု ဆိုခြင်းမှာ သမ္မာတရား မဟုတ်သလော။ (ဟုတ်သည်။) ယင်းသည် သမ္မာတရားနှင့် အညီဖြစ်သည်။ ယင်းသည် မည်သည့်အတွက်ကြောင့် သမ္မာတရားဟု ဆိုနိုင်သနည်း။ (ဘုရားသခင်သည် ဖန်ဆင်းခြင်းတစ်ခုလုံး၏ သခင်ဖြစ်သည်။) ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းအရ၊ ထို့ပြင် ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့အကြား ခြားနားချက်အရ ဘုရားသခင်သည် သူဆန္ဒရှိပါက သင့်ကို စောင့်ရှောက်မည်ဖြစ်ပြီး သင့်ကို စောင့်ရှောက်ရန် ဆန္ဒမရှိပါက သူ စောင့်ရှောက်မည်မဟုတ်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သင့်ကို စောင့်ရှောက်လိုလျှင် စောင့်ရှောက်ရန် သင့်လျော်ပြီး ထိုသို့ပြုရန် သူမလိုလားလျှင်လည်း ကြောင်းကျိုးဆီလျော်မှု ရှိသည်။ ယင်းမှာ မည်သည့်အပေါ်တွင် မူတည်သနည်း။ ယင်းမှာ ဘုရားသခင် လိုလားမှု ရှိမရှိအပေါ် မူတည်ပြီး ယင်းမှာ သမ္မာတရားဖြစ်သည်။ “မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်ကို ဖန်ဆင်းခဲ့သည့်အတွက် ကျွန်ုပ် စားသောက်သည့်အရာကို ကိုယ်တော် တာဝန်ယူရမည်၊ ကျွန်ုပ်၏ ကျန်ဘဝတစ်လျှောက်လုံး ကျွန်ုပ်ကို ကိုယ်တော် စောင့်ရှောက်ရမည်” ဟု ပြောဆိုကြသူများရှိသည်။ ယင်းမှာ သမ္မာတရားနှင့် အညီဖြစ်သလော။ ဤသည်မှာ ကျိုးကြောင်းမသင့်ဘဲ သမ္မာတရားနှင့် ညီညွတ်မှုမရှိ။ အကယ်၍ ဘုရားသခင်က “ငါ သင့်ကို ဖန်ဆင်းပြီးနောက် သင့်ကို ဘေးဖယ်ထားလိုက်ပြီး သင့်ကို စောင့်ရှောက်တော့မည် မဟုတ်” ဟု ပြောခဲ့လျှင် ဤသည်မှာ ဖန်ဆင်းရှင်၏ တန်ခိုးသာဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ဖန်ဆင်းနိုင်သည့်အတွက် သူ့တွင် သင့်အား ကောင်းသည့်နေရာသို့ဖြစ်စေ၊ ဆိုးသည့်နေရာသို့ဖြစ်စေ ဘေးဖယ်ထားရန် တန်ခိုးရှိသည်။ ယင်းမှာ ဘုရားသခင်၏ တန်ခိုးဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း ဖြစ်သည်။ ထို့ကြောင့် သူသည် သင့်ကို စောင့်ရှောက်နိုင်သလို မစောင့်ရှောက်ဘဲလည်း နေနိုင်သည်။ မည်သို့ပြုသည်ဖြစ်စေ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းမှာ သမ္မာတရားဟု အဘယ်ကြောင့် ငါပြောသနည်း။ လူများ နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်သည်။ သင် ယင်းကို နားလည်သွားသည့်အခါ သင်မည်သူမည်ဝါ ဖြစ်သည်၊ သင်ယုံကြည်သည့် ဘုရားသခင်သည် မည်သူဖြစ်သည်၊ သင်နှင့် ဘုရားသခင်အကြား ခြားနားချက်များမှာ မည်သည့်အရာဖြစ်သည်ကို သင်သိလာလိမ့်မည်။ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းနှင့် စပ်လျဉ်းသည့် သွင်ပြင်လက္ခဏာကို ငါတို့ပြန်ဆွေးနွေးကြစို့။ ဘုရားသခင်သည် လူသားအပေါ် မေတ္တာထားရမည်လော။ (သူသည် မေတ္တာထားရန် မလို။) သူသည် ယင်းသို့ပြုရန် မလိုသည့်အတွက် ဘုရားသခင်က လူသားအပေါ် မေတ္တာထားရန် မလိုသဖြင့် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် သမ္မာတရား ဟုတ်သလော။ (ယင်းမှာ သမ္မာတရားဖြစ်သည်။) ယင်းက အမှုကိစ္စများကို ပိုမိုရှင်းလင်းစေခြင်း မရှိသလော။ ယခု ငါတို့ ဤအကြောင်းကို ပြောကြစို့။ လူသားမျိုးနွယ်သည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့ရပြီး စာတန်ကဲ့သို့ ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘောထား ရှိသည့်အတွက် ဘုရားသခင်က လူသားမျိုးနွယ်ကို မကယ်တင်ဘဲ လူသားမျိုးနွယ်ကို သူ့ထံသို့ မခေါ်ဆောင်ပါက လူသားနှင့် ဘုရားသခင်အကြား ဆက်ဆံရေးမှာ မည်သို့ရှိမည်နည်း။ (ဆက်ဆံရေး မရှိပါ။) ယင်းမှာ မမှန်ကန်။ အမှန်အားဖြင့် ဆက်ဆံရေးတစ်ရပ် ရှိသည်။ သို့ဆိုလျှင် ယင်းမှာ မည်သို့သော ဆက်ဆံရေးမျိုး ဖြစ်သနည်း။ ယင်းမှာ ရန်လိုသည့် ဆက်ဆံရေးတစ်ရပ်ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် ရန်လိုပြီး သင်၏ သဘာဝ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရအပေါ် ရန်လိုသည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် မေတ္တာမထားခြင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိသလော။ ဘုရားသခင်သည် သင့်ကို ရွံရှာရန်၊ မုန်းတီးရန်၊ စက်ဆုပ်ရန် ကျိုးကြောင်းဆီလျော်မှု ရှိသလော။ (ယင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။) ယင်းသည် အဘယ်ကြောင့် ကျိုးကြောင်းဆီလျော်မှု ရှိသနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ထံ၌ ဘုရားသခင်၏ မေတ္တာနှင့် ထိုက်တန်သောအရာ မရှိသည့်အပြင် ကျွန်ုပ်တို့၏ စိတ်သဘောထားများသည် အလွန်ဆိုးရွားစွာ ပျက်စီးနေသောကြောင့် ဖြစ်ပါသည်။) ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ သို့သော် ဖန်ဆင်းခံတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်နောက်သို့ လိုက်ပါမှုမရှိခဲ့ သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို မနာခံခဲ့။ ယင်းသို့ ပြုမည့်အစား သင်သည် စာတန်၏နောက်သို့ လိုက်ပါခဲ့ပြီး ဘုရားသခင်၏ ဆန့်ကျင်ဘက်နှင့် ရန်သူဖြစ်လာခဲ့သည်။ ဘုရားသခင်တွင် သနားကရုဏာ၏ အနှစ်သာရ ရှိသောကြောင့် သူက သင့်အပေါ် မေတ္တာထားသည်။ သူသည် သင့်အပေါ် သနားပြီး သင့်ကို ကယ်တင်သည်။ ဘုရားသခင်တွင် ဤအနှစ်သာရရှိသည်။ ဘုရားသခင်သည် သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အပေါ် သနားကရုဏာနှင့် စိုးရိမ်မှုရှိသည်။ သင့်အပေါ်ထားသည့် သူ့မေတ္တာသည် သူ့အနှစ်သာရ ထုတ်ဖော်ပြခြင်းဖြစ်ပြီး ယင်းမှာ သမ္မာတရား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ မေတ္တာနှင့် မထိုက်တန်။ လူသားမျိုးနွယ်သည် မာနထောင်လွှားသည်၊ အပြုသဘောဆောင်သော အရာများကို ရွံရှာသည်၊ ကောက်ကျစ်ဆိုးယုတ်ကာ ရက်စက်ပြီး ဘုရားသခင်အပေါ် မုန်းတီးသည့်အပြင် ဆန့်ကျင်အာခံသည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ်သာရဖြစ်သည့် သူ၏ သန့်ရှင်းမှု၊ ဖြောင့်မတ်မှု၊ သစ္စာရှိမှုနှင့် ယင်းတို့အားလုံးအပြင် ဩဇာအာဏာရှိမှုတို့ကို ထည့်သွင်းစဉ်းစားလျှင် သူသည် ဤကဲ့သို့သော လူသားမျိုးနွယ်တစ်ရပ်အပေါ် မည်သို့ မေတ္တာထားနိုင်မည်နည်း။ ဘုရားသခင်သည် ဤကဲ့သို့သော လူသားမျိုးနွယ်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်ပါမည်လော။ သူသည် ယင်းကို မေတ္တာထားနိုင်မည်လော။ (သူ မထားနိုင်ပါ။) ဘုရားသခင်သည် မေတ္တာ မထားနိုင်သည့်အတွက် လူများနှင့် ဆက်သွယ်မှုပြုပြီး ၎င်းတို့ကို ကယ်တင်လိုသည့်အခါ မည်သည့်အရာကို ဖော်ပြမည်နည်း။ ဘုရားသခင်သည် လူများနှင့် ဆက်သွယ်မှု ပြုလျှင်ပြုခြင်း ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် မုန်းတီးခြင်းတို့ကို ဖော်ပြသည့်အပြင် သူသည် ဆိုးဝါးသည့် မကောင်းမှုကို ပြုသူများအားပစ်ပယ်ခြင်းတို့ကို ပြုသည်။ ဤသည်မှာ မေတ္တာထားခြင်းမဟုတ်။ သို့ဆိုလျှင် ဘုရားသခင်က လူသားအပေါ် မေတ္တာ မထားခြင်းသည် သမ္မာတရား ဖြစ်သလော။ (ဖြစ်ပါသည်။) ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် သမ္မာတရားဖြစ်သည်။ ဘုရားသခင်သည် သူ့ကို ဆန့်ကျင်အာခံသူများအား မေတ္တာမထားဟုဆိုခြင်းသည် မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ မျှတပြီး ကျိုးကြောင်းဆီလျော်ကာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဤနေရာ၌လည်း ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် သမ္မာတရားဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်ကြောင်း မည်သည့်အရာက ဆုံးဖြတ်သနည်း။ ယင်းကို ဘုရားသခင်၏ အနှစ်သာရက ဆုံးဖြတ်သည်။
သို့ဆိုလျှင် နောက်ဆုံး အနှစ်ချုပ်လိုက်သောအခါ ဘုရားသခင်သည် လူသားအပေါ် မေတ္တာထားသလော။ (ထားပါသည်။) အမှန်အားဖြင့် လူသား၏ အနှစ်သာရနှင့် သရုပ်သကန်တို့အရ လူသားသည် ဘုရားသခင်၏ မေတ္တာနှင့် မထိုက်တန်သော်လည်း ဘုရားသခင်သည် လူသားအပေါ် လွန်စွာ မေတ္တာထားနိုင်ဆဲ ဖြစ်သည်။ သင်တို့၏ အမြင်တွင် ဘုရားသခင်သည် သမ္မာတရားဖြစ်သလော။ သူ၏ အနှစ်သာရသည် သန့်ရှင်းသလော။ (သန့်ရှင်းပါသည်။) အခြားတစ်ဖက်တွင်မူ လူသားသည် အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး ၎င်း၏ ဖောက်ပြန်ပျက်စီးမှုသည် လွန်စွာနက်ရှိုင်းသဖြင့် ဘုရားသခင်သည် လူသားအား မုန်းတီးမှု အနည်းငယ်မျှပင်မရှိဘဲ မေတ္တာထားနိုင်သလော။ အကယ်၍ အနည်းငယ်မျှသော မုန်းတီးမှု၊ မနှစ်မြို့မှု သို့မဟုတ် ရွံရှာမှုပင် မရှိပါက ယင်းသည် ဘုရားသခင်၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိ။ ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို မုန်းတီးကာ ရွံရှာပြီး စက်ဆုပ်၍ စိတ်ကုန်နေပြီ ဖြစ်သော်လည်း သူသည် လူများကို ကယ်တယ်နိုင်စွမ်း ရှိဆဲပင်ဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ စစ်မှန်သော မေတ္တာ၊ ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားမှုသည် သူ၏ အနှစ်သာရကြောင့် ဖြစ်ပြီး သူက လူသားအပေါ် မေတ္တာထားနိုင်ဆဲ ဖြစ်ခြင်းသည်လည်း သူ၏ အနှစ်သာရကြောင့်ပင် ဖြစ်သည်။ ယခုအခါ ယင်းကိစ္စသည် ရှင်းလင်းသွားပြီဖြစ်၍ မည်သည်က သမ္မာတရား ဖြစ်သနည်း။ ဘုရားသခင်က လူသားအပေါ် မေတ္တာထားခြင်းလော။ လူသားအပေါ် မေတ္တာမထားခြင်းလော။ (နှစ်ခုလုံးမှာ သမ္မာတရား ဖြစ်သည်။) ယခုအခါ ယင်းမှာ ပြေလည်သွားပေပြီ။ သို့ဆိုလျှင် လူသားသည် ဤအရာကို လုပ်ဆောင်နိုင်သလော။ မည်သည့်လူသားမျှ ဤအရာကို မလုပ်ဆောင်နိုင်။ လုပ်ဆောင်နိုင်သူ တစ်ဦးတစ်ယောက်မျှမရှိ။ လူများသည် မိမိတို့၏ သားသမီးအရင်းများကိုပင် ဤသို့မလုပ်ဆောင်နိုင်။ အကယ်၍ သင်၏ သားသမီးသည် သင့်ကို အစဉ်အမြဲ စိတ်ဆိုးအောင် ပြုပြီး သင့်စိတ်နှလုံးကို ကြေကွဲစေမည်ဆိုပါက သင်သည် ပထမဦးစွာ စိတ်ဆိုးမည်ဖြစ်သည်။ သို့သော် အချိန်ကြာမြင့်လာသည့်အခါ သင့်နှလုံးသားသည် စက်ဆုပ်လာလိမ့်မည်။ ၎င်းက သင့်အား အချိန်အတိုင်းအတာတစ်ခုထက် ကျော်လွန်အောင် စက်ဆုပ်မှု ဖြစ်ပေါ်စေသည်နှင့် သင်သည် လုံးဝလက်လျှော့လိုက်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် သူနှင့် ဆက်ဆံရေးများကို ဖြတ်တောက်ပစ်လိမ့်မည်။ လူသား၏ မေတ္တာမှာ အဘယ်နည်း။ ယင်းသည် ချစ်ခင်နှစ်သက်မှုနှင့် ဇာတိပကတိ၏ သွေးသားတော်စပ်မှုတို့မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းသည် သမ္မာတရားနှင့် မည်သို့မျှမပတ်သက်။ ယင်းမှာ လူသား၏ ဇာတိပကတိနှင့် ချစ်ခင်နှစ်သက်မှုများ၏ လိုအပ်ချက်များမှ ပေါ်ထွက်လာသော မေတ္တာဖြစ်သည်။ ဤမေတ္တာအတွက် အခြေခံမှာ အဘယ်နည်း။ ယင်းသည် ချစ်ခင်နှစ်သက်မှုများ၊ သွေးသားတော်စပ်မှုများနှင့် အကျိုးစီးပွားများအပေါ် အခြေခံပြီး ယင်းတွင် သမ္မာတရား တစ်စက်မျှမပါရှိ။ သို့ဆိုလျှင် လူသား၏ မေတ္တာမထားခြင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ သူ၏ စိတ်နှလုံးကို ကြေကွဲစေခဲ့သည့် တစ်စုံတစ်ဦးကမုန်းတီးအောင်၊ ရွံရှာအောင်၊ စက်ဆုပ်အောင် ပြုမူခဲ့ပြီးသည့်နောက် သူသည် မေတ္တာမထားတော့၊ မေတ္တာထားနိုင်ခြင်းလည်း မရှိတော့။ ဤလူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်နှလုံးကို မည်သည့်အတိုင်းအတာအထိ ကြေကွဲစေခဲ့သည်ဟု သင်တို့ထင်ကြသနည်း။ (ယင်းကို ဖော်ပြခြင်းငှာ မစွမ်းနိုင်။) မှန်သည်၊ ယင်းကို ဖော်ပြခြင်းငှာ မစွမ်းနိုင်။ သို့ဆိုလျှင် ဘုရားသခင်သည် လူသားအပေါ် မေတ္တာထားဆဲ ဖြစ်သလော။ သင်သည် ဘုရားသခင်က လူသားအပေါ် မေတ္တာထားမထား မသိသော်လည်း ယခုအချိန်တွင်ပင် ဘုရားသခင်သည် သင့်ကို ကယ်တင်နေသေးသည်၊ အမြဲအလုပ်လုပ်နေဆဲ၊ သင့်ကို ဦးဆောင်ရန်နှင့် ပံ့ပိုးပေးရန် စကားပြောကြားနေဆဲဖြစ်သည်။ သူသည် လုပ်ငန်းပြီးစီးသွားသည့် နောက်ဆုံးအချိန်အထိ သင့်အပေါ် လက်လျှော့မည်မဟုတ်။ ဤသည်မှာ မေတ္တာမဟုတ်သလော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်တွင် ဤကဲ့သို့သော မေတ္တာမျိုး ရှိသလော။ (မရှိပါ။) လူများ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များ မရှိတော့သည့်အခါ၊ ၎င်းတို့၏ သွေးသားတော်စပ်မှု ပြတ်စဲသွားသောအခါ၊ ထို့ပြင် ၎င်းတို့အကြား အကျိုးစီးပွားအရ မည်သည့်ဆက်စပ်မှုမျှ မရှိတော့သည့်အခါ ၎င်းတို့သည် မေတ္တာမရှိကြတော့ဘဲ ၎င်းတို့၏ မေတ္တာသည် ကုန်ခန်းသွားပြီဖြစ်ကာ ထို့နောက်တွင် ၎င်းတို့သည် စွန့်လွှတ်ရန်၊ “ရင်းနှီးမြှုပ်နှံမှု” မပြုတော့ရန် ရွေးချယ်လိုက်ကြသည်။ ၎င်းတို့သည် လုံးဝ စွန့်လွှတ်လိုက်ကြသည်။ မေတ္တာ၏ မရှိမဖြစ် လိုအပ်သည့် ဖော်ပြချက်မှာ အဘယ်နည်း။ ယင်းမှာ လက်တွေ့ကျသော အရာများကို လုပ်ဆောင်ရန်နှင့် ရလဒ်များ စွမ်းဆောင်ရရှိရန် ဖြစ်သည်။ အကယ်၍ မေတ္တာနှင့် ဆက်စပ်နေသည့် ဤအရာများကို မလုပ်ဆောင်လျှင် မေတ္တာဟူ၍ ရှိမည်မဟုတ်။ အချို့သူများက ဘုရားသခင်သည် လူသားကို မုန်းတီးသည်ဟု ပြောကြသည်။ သို့သော် ယင်းမှာ အပြည့်အဝ မှန်ကန်မှုမရှိ။ ဘုရားသခင်က သင့်ကို မုန်းတီးသည်၊ သို့သော် သူက သင့်အပေါ် စကားနည်းသွားခဲ့သလော။ သူက သင့်အား သမ္မာတရား လျှော့၍ ပေးခဲ့သလော။ သူသည် သင့်အထဲ၌ ပိုမိုနည်းပါးစွာ လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) ထို့ကြောင့် ဘုရားသခင်သည် သင့်အား မုန်းတီးကြောင်း ပြောဆိုခြင်းအားဖြင့် သင်သည် အသိတရား ကင်းမဲ့ပြီး သင့်စကားလုံးများသည် ကျိုးကြောင်းဆီလျော်မှု မရှိချေ။ ဘုရားသခင်က သင့်အား မုန်းတီးခြင်းမှာ မမှားသော်လည်း သူသည် သင့်အပေါ် မေတ္တာထားမြဲဖြစ်ပြီး သူသည် သင်ထံ၌ များစွာလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က သင့်ကို မုန်းတီးသည်မှာ အမှန်ဖြစ်သည်။ သို့သော် အဘယ်ကြောင့်နည်း။ အကယ်၍ သင်သည် ကဏ္ဍအသီးသီးတွင် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ယောဘကဲ့သို့ ဖြစ်မည်ဆိုလျှင် ဘုရားသခင်သည် သင့်အား မုန်းတီးနေဆဲ ဖြစ်မည်လော။ သူသည် သင့်အား မုန်းတီးတော့မည်မဟုတ်။ သူ့ထံတွင် သင့်အတွက် မေတ္တာသာ ရှိမည်ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာသည် သူ့ဘာသာသူ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ယင်းသည် တစ်စုံတစ်ဦးအား ချည်မွေးပွဖြင့် ရစ်ပတ်ထားသကဲ့သို့ဖြစ်သည့် လူသား၏ မေတ္တာနှင့် မတူညီ။ ဘုရားသခင်က လူများအပေါ် ဤနည်းဖြင့် မေတ္တာထားခြင်း မဟုတ်။ သူက သင့်အား ဖန်ဆင်းခံ လူသားမျိုးနွယ်၏ သာမန်ဘဝကို ရရှိစေသည်။ ဘုရားသခင်က သင့်အား မည်သို့နေထိုင်မည်၊ မည်သို့ရှင်သန်မည်၊ သူ့ကို မည်သို့ ဝတ်ပြုကိုးကွယ်မည်ကိုလည်းကောင်း၊ အားလုံးအကြား ဆရာတစ်ဆူဖြစ်ပြီး အဓိပ္ပာယ်ရှိသောဘဝကို မည်သို့နေထိုင်မည်၊ ထို့ပြင် အဓိပ္ပာယ်မဲ့သော အရာများကို မလုပ်သကဲ့သို့ စာတန်နောက်ကိုလည်း လိုက်ပါခြင်း မပြုရန် မည်သို့ပြုမည်တို့ကို သိရှိလာစေသည်။ ဘုရားသခင်၏ မေတ္တာ၏ အဓိပ္ပာယ်မှာ ရေရှည်တည်တံ့မှုနှင့် ကျယ်ပြောခြင်း မရှိသလော။ ယင်းမှာ အလွန်ကျယ်ပြောပြီး ဘုရားသခင် ဤအရာများကို ပြုလုပ်ခြင်း၏ နောက်ဆက်တွဲသက်ရောက်မှုများသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် လွန်စွာ ကြီးမားသည့် အရေးပါမှုနှင့် အကျယ်ပြောဆုံး တန်ဖိုးဖြစ်သည်။ ဤအရာသည် မည်သည့်လူသားတစ်ဦးမျှ မလုပ်နိုင်သည့် အရာဖြစ်သည်။ ယင်းတွင် ခန့်မှန်း၍ မရနိုင်သည့် တန်ဖိုးရှိပြီး ယင်းကို လူသားက ငွေကြေးဖြင့်ဖြစ်စေ၊ အခြားမည်သည့် ရုပ်ဝတ္ထုပစ္စည်းမဆိုဖြင့်ဖြစ်စေ ဖလှယ်၍မရနိုင်။ လူတို့သည် ယနေ့ခေတ်တွင် သမ္မာတရားအချို့ကို နားလည်ကြကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ဝတ်ပြု ကိုးကွယ်ရမည်ဖြစ်ကြောင်း သင်တွေ့မြင်သည်။ သို့သော် ၎င်းတို့သည် ယင်းတို့အနက် တစ်စုံတစ်ရာကို လွန်ခဲ့သည့် အနှစ် ၂၀ သို့မဟုတ် ၃၀ က သိရှိခဲ့ကြသလော။ (မသိရှိခဲ့ပါ။) ၎င်းတို့သည် သမ္မာကျမ်းစာ မည်သို့ပေါ်ပေါက်လာကြောင်း မသိရှိခဲ့ကြ။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်မှာ မည်သည့်အရာဖြစ်ကြောင်း မသိရှိခဲ့ကြ။ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ဝတ်ပြုကိုးကွယ်မည်၊ အရည်အချင်းပြည့်ဝသော ဖန်ဆင်းခံတစ်ဦးဖြစ်ရန် မည်သို့နေထိုင်ရမည်ကို မသိရှိခဲ့ကြ။ ၎င်းတို့သည် အဆိုပါအရာများအနက် မည်သည့်အရာကိုမျှ မသိရှိခဲ့ကြ။ ထို့ကြောင့် သင်သည် ယခုအချိန်မှ အနှစ်နှစ်ဆယ် ရှေ့သို့ မျှော်ကြည့်လိုက်လျှင် ထိုကာလရှိ လူသားမျိုးနွယ်သည် ယခုခေတ် သင်တို့ထက် များစွာသာလွန်မည် မဟုတ်လော။ (သာလွန်မည် ဖြစ်ပါသည်။) မည်သို့ဖြစ်လာမည်နည်း။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်နှင့် လူသားအပေါ် သူ၏ အနန္တမေတ္တာကြောင့် ဖြစ်သည်။ ယင်းမှာ သူ့တွင် လူသားအပေါ် ထိုသို့သော စိတ်ရှည်မှု၊ သည်းခံမှုနှင့် သနားကရုဏာတို့ ရှိပြီး လူသားသည် အလွန်များပြားသော အရာတို့ကို ရရှိထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်တွင် ကြီးမားသော မေတ္တာတရားကြောင့်သာ မဟုတ်လျှင် လူသားသည် မည်သည့်အရာကိုမျှ ရရှိလိမ့်မည်မဟုတ်။
သင်တို့သည် ဘုရားသခင်က လူသားအပေါ် မေတ္တာထားသည်ဟု ထင်ကြသလော။ (မေတ္တာထားပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်သည် လူသားအပေါ် မုန်းတီးသလော။ (သူ မုန်းတီးပါသည်။) မည်သည့်နည်းဖြင့် မုန်းတီးသနည်း။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် လူသားကြောင့် ရွံရှာမှုဖြစ်ပြီး လူသား၏ သဘာဝ အနှစ်သာရကို ရွံရှာလေသည်။ လူတစ်ဦးချင်းစီက သူ့အား စက်ဆုပ်မှု ဖြစ်စေသည့်အတွက် သူသည် လူသားအပေါ် မည်သို့ အလုပ် လုပ်နိုင်ဆဲဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူ့တွင် မေတ္တာတရားရှိပြီး သူသည် ဤသူများကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူများကို ကယ်တင်သည့်အခါ ၎င်းတို့ကို မုန်းတီးခြင်း မရှိသလော။ သူ မုန်းတီးသည်။ မုန်းတီးခြင်းနှင့် မေတ္တာထားခြင်းတို့သည် တစ်ပြိုင်နက်တည်း အတူတကွ တည်ရှိကြသည်။ သူ မုန်းတီးသည်၊ သူ စက်ဆုပ်သည်၊ သူ ရွံရှာသည်၊ သို့သော်ငြားလည်း တစ်ချိန်တည်းတွင်ပင် သူသည် လူသားအား ကယ်တင်ရန် လုပ်ဆောင်သည်။ မည်သူသည် ယင်းကို လုပ်နိုင်မည်ဟု သင်တို့ထင်သနည်း။ မည်သူမျှ ယင်းကို မလုပ်နိုင်။ လူများသည် ၎င်းတို့ ရွံရှာပြီး စက်ဆုပ်သည့် တစ်စုံတစ်ဦးကို တွေ့မြင်သည့်အခါ ၎င်းတို့သည် ထိုသူအား ဆက်မကြည့်လိုတော့။ ပြီးလျှင် ထိုသူနှင့် စကားတစ်ခွန်းမျှ ပြောဆိုခြင်းသည်ပင် များလွန်းနေသည်။ သို့မဟုတ် “ရပ်တည်ချက် မတူလျှင် စကားတစ်လုံးပင် လေကုန်သည်” ဟု ဘာသာတရားမရှိသူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်သည် လူသားအား စကားလုံးမည်မျှ ပြောဆိုခဲ့သနည်း။ အလွန်များပြားသည်။ ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားဟု သင်ပြောနိုင်သလော။ သို့မဟုတ် သူသည် လူသားကို မုန်းတီးခြင်းမရှိဟု သင်ပြောနိုင်သလော။ (ကျွန်ုပ်တို့ မပြောနိုင်ပါ။) မုန်းတီးခြင်းသည် မေတ္တာတရားကဲ့သို့ပင် အမှန်တရားတစ်ခု ဖြစ်သည်။ “ဘုရားသခင်က ကျွန်ုပ်တို့ကို မုန်းတီးသည်။ သူ့အနားမကပ်ကြစို့။ သူ့ကို တစ်ချိန်လုံး စိတ်အနှောင့်အယှက် ဖြစ်နေစေရန် ကျွန်ုပ်တို့အား ဘုရားသခင် ကယ်တင်ခွင့် မပြုကြစို့” ဟု ပြောသည်ဆိုပါစို့။ ယင်းမှာ အစီအစဉ်တကျ ဖြစ်သလော။ (မဖြစ်ပါ။) သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားခြင်း မရှိသလို သူ့ကို နားလည်ခြင်းလည်းမရှိသကဲ့သို့ သိရှိခြင်းလည်း မရှိ။ ယင်းအစား ဤသို့ပြောခြင်းဖြင့် သင်သည် ဘုရားသခင်အား ပုန်ကန်နေခြင်းဖြစ်ပြီး သူ၏စိတ်နှလုံးကို ကြေကွဲစေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်က လူသားကို အဘယ်ကြောင့် မုန်းတီးကြောင်းနှင့် သူသည် လူသားအပေါ် မည်သို့မေတ္တာထားကြောင်း နားလည်ရမည်။ ဘုရားသခင်၏ မေတ္တာတရားနှင့် မုန်းတီးခြင်းတို့အတွက် အကြောင်းတရားများ ရှိပြီး အကြောင်းတရား တစ်ခုစီတွင် ယင်း၏ နောက်ခံနှင့် စည်းမျဉ်းများ ရှိသည်။ အကယ်၍ သင်က “ဘုရားသခင်သည် ကျွန်ုပ်ကို ကယ်တင်သောကြောင့် ကျွန်ုပ်ကို ချစ်ကိုချစ်ရမည်။ ကျွန်ုပ်ကို သူ မမုန်းတီးနိုင်ပါ” ဟု ပြောလျှင် ဤသည်မှာ ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ ဘုရားသခင်သည် သင့်ကို မုန်းတီးသည်ပင်ဖြစ်စေ သူသည် သင့်ကိုကယ်တင်ရာတွင် နှောင့်နှေးခြင်းမရှိဘဲ သင့်အား နောင်တရစေမည့် အခွင့်အလမ်းကို ပေးဆဲဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်မှုအပေါ်၌ဖြစ်စေ၊ သင့်တာဝန်ကို သင်ထမ်းဆောင်ခြင်း အပေါ်၌ဖြစ်စေ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက်ခံစားသည်။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဆက်လက်ငြင်းခုံနေသနည်း။ ဘုရားသခင် သင့်ကို မုန်းတီးခြင်းသည် ဖြစ်သင့်သည့်အတိုင်းပင်ဖြစ်သည်။ ယင်းကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပြီး သူသည် သင့်ကို ကယ်တင်ရာ၌ နှောင့်နှေးမှု မရှိခဲ့။ လူများသည် ဤကိစ္စအကြောင်း ဗဟုသုတအချို့ မရှိသင့်သလော။ (ရှိသင့်ပါသည်။) ၎င်းတို့ မည်သည့်အကြောင်းကို သိသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ သန့်ရှင်းခြင်းအကြောင်းကို သိရမည်။ ၎င်းတို့ကို သိရှိရန် မည်သို့လုပ်သင့်သနည်း။ ဘုရားသခင်က ဤလူသားမျိုးနွယ်ကို မုန်းတီးသော်လည်း ၎င်းကို ကယ်တင်နိုင်သေးသည့်အခါတွင် ယင်းကို မည်သို့ခေါ်သနည်း။ ပေါလျှံသော သနားကရုဏာဟု ခေါ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအတွင်း၌ တည်ရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်သာ ဤအရာကို လုပ်နိုင်သည်။ စာတန်က ဤအရာကို လုပ်မည်မဟုတ်။ ယင်းက သင့်ကို မုန်းတီးခြင်း မရှိသော်လည်း သင့်အပေါ် နင်းချေသည်။ အကယ်၍ ယင်းက သင့်ကို မုန်းတီးခဲ့လျှင် ယင်းသည် သင့်ကို တစ်နေ့လုံး အပြင်းအထန် နှိပ်စက်မည်ဖြစ်ပြီး သင့်အား တစ်ဖန်ပြန်လည်လူဝင်စားခြင်းကို အမြဲတစေ ပိတ်ပင်ကာ သင့်ကို ငရဲ၏ တစ်ဆယ့်ရှစ်ခုမြောက် အထပ်အတွင်း ကျဆင်းစေမည်ဖြစ်သည်။ ယင်းမှာ စာတန်ပြုလုပ်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် ဘုရားသခင်က လူများအား ဤနည်းဖြင့် ဆက်ဆံသလော။ လုံးဝမဆက်ဆံ။ ဘုရားသခင်က လူများအား နောင်တရရန် လုံလောက်သည့် အခွင့်အလမ်း ပေးသည်။ ထို့ကြောင့် ဘုရားသခင်က သင့်အား မုန်းတီးသည်ကို ကြောက်ရန်မလို။ သူက သင့်အပေါ် မုန်းတီးသည်ကို သူ၏ အနှစ်သာရက သတ်မှတ်သည်။ ဘုရားသခင်က သင့်ကို မုန်းတီးခြင်းကြောင့် “ငါသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရဖို့ မထိုက်တန်သောကြောင့် ဘုရားသခင်သည် ငါ့ကို ကယ်တင်ဖို့ မလိုအပ်။ သူ့ကို စိတ်ပူအောင် မလုပ်မိစေနှင့်” ဟု တွေးလျက် ဘုရားသခင်ထံမှ လှည့်ထွက်သွားပြီးနောက် ဘုရားသခင်ကို စွန့်ခွာခြင်း မပြုနှင့်။ ဤသို့လုပ်ခြင်းက ဘုရားသခင်အား သင့်ကို သာ၍ပင် မုန်းတီးစေမည်ဖြစ်သည်။ အကြောင်းမှာ သင်သည် သူ့အား သစ္စာဖောက်ကာ အရှက်ရစေခဲ့ပြီး စာတန်က သင့်အား ရယ်မောစေရန် ခွင့်ပြုခဲ့၍ဖြစ်သည်။ ဤအရာသည် အမှန်အတိုင်း ဖြစ်သည်ဟုသင်တို့ ထင်ကြသလော။ (တစ်ခါတစ်ရံတွင် ထုတ်ပယ်ခံရခြင်း သို့မဟုတ် အချို့သော အဟန့်အတားများနှင့် ကျရှုံးခြင်းများကို တွေ့ကြုံရသည့်အခါတွင် ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲအောင် လုပ်လိုက်ပြီးဖြစ်သည်ဟုလည်းကောင်း၊ သူသည် ကျွန်ုပ်ကို ကယ်တင်တော့မည် မဟုတ်ဟုလည်းကောင်း ကျွန်ုပ် ခံစားရသည်။ ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရှောင်ကြဉ်ခြင်း အခြေအနေတွင် တည်ရှိနေသည်။) ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေသော သင်၏လုပ်ဆောင်ချက်သည် ယာယီကိစ္စမဟုတ်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို ရှေးယခင်ကလည်း တစ်ကြိမ်မက ကြေကွဲစေခဲ့သည်။ သို့သော် သင့်ကိုယ်သင် အမှန်တကယ် စွန့်လွှတ်လိုက်ခြင်းသည် ဘုရားသခင်ကို သင့်အား လုံးလုံးလျားလျား လက်လျှော့ရန်နှင့် သင့်ကို မကယ်တင်ရန် ခွင့်ပြုသည့်သဘောသက်ရောက်ပြီး ထိုအချိန်တွင် ဘုရားသခင်၏ စိတ်နှလုံးသည် အမှန်တကယ် ကြေကွဲလိမ့်မည်။ ဘုရားသခင်သည် လူများ၏ ခဏတာ အပြုအမူကြောင့်ဖြစ်စေ၊ အချိန်ကာလတစ်ခုကြာ အပြုအမူကြောင့်ဖြစ်စေ ၎င်းတို့ကို သေဒဏ် စီရင်မည် မဟုတ်သလို ၎င်းတို့နှင့် ပတ်သက်၍ ကောက်ချက်ချမှုများ ပြုမည်မဟုတ်။ သူသည် ထိုသို့ ပြုမည်မဟုတ်။ ယင်းသို့ဆိုလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့သိသင့်သနည်း။ လူသား၏ အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို မည်သို့ ပြင်ဆင်နိုင်မည်နည်း။ ဘုရားသခင်သည် များပြားသောအရာများနှင့် ပတ်သက်၍ မည်သို့စဉ်းစားကြောင်း၊ သို့မဟုတ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ သန့်ရှင်းသော အနှစ်သာရတို့နှင့် ကိုက်ညီစေရန် ယင်းတို့ကို မည်သို့ပြုရမည်ဖြစ်ကြောင်း သင်မသိ။ သင်နားမလည်။ သို့သော် သင်သတိရရမည့် အရာတစ်ခုရှိသည်။ ယင်းမှာ ဘုရားသခင်က မည်သည့်အရာကို ပြုသည်ဖြစ်စေ လူသားက ကျိုးနွံနာခံရမည်၊ လူသားသည် ရွှံ့ဖြင့် ပြုလုပ်ထားသည့် ဖန်ဆင်းခံ တစ်ဦးဖြစ်ပြီး ၎င်းသည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ လူသား၏ တာဝန်၊ ဝတ္တရားနှင့် တာဝန်ရှိမှုဖြစ်သည်။ ဤသည်မှာ လူများရှိသင့်သည့် သဘောထားဖြစ်သည်။ လူများတွင် ဤသဘောထား ရှိသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင် ပြုလုပ်သည့် အရာများအပေါ် မည်သို့ ပြုမူသင့်သနည်း။ မည်သည့်အခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားမိလိမ့်မည်။ အကယ်၍ သင့်ထံတွင် အယူအဆများ ရှိလျှင် ယင်းတို့ကို ပြင်ဆင်လော့။ သို့သော် ဘုရားသခင်ကိုဖြစ်စေ၊ သူပြုထားသည့် အရာများကိုဖြစ်စေ ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ သင် ယင်းတို့ကို ပြစ်တင်ရှုတ်ချသည့်အခါ သင်သည် ဇာတ်လမ်းဆုံးပြီဖြစ်သည်။ ယင်းမှာ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်းနှင့် တူညီပြီး ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေးမရှိ။ သင်က “ကျွန်ုပ်သည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေခြင်း မဟုတ်ပါ။ သို့သော်လည်း ဘုရားသခင်ကို အထင်လွဲမိသည်” သို့မဟုတ် “ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ သံသယအနည်းငယ် ရှိသည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းသည် သေးနုပ်ပြီး ကျွန်ုပ်တွင် အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းများ ရှိသည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာများအားလုံးကို စီမံခန့်ခွဲ၍ရနိုင်သည်၊ သမ္မာတရားကို ရှာဖွေခြင်းဖြင့် ၎င်းတို့ကို ပြင်ဆင်နိုင်သည်၊ သို့သော် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ အကယ်၍ သင်က “ဘုရားသခင် ပြုလုပ်ပြီးသည့်အရာသည် မမှန်ကန်။ ယင်းသည် သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ကျွန်ုပ်တွင် သံသယဖြစ်စရာ၊ မေးခွန်းထုတ်စရာနှင့် စွပ်စွဲစရာ အကြောင်းပြချက် ရှိသည်။ ဤသည်ကို နေရာအနှံ့ လျှောက်ဖြန့်မည် ဖြစ်ပြီး သူ့ကို မေးခွန်းထုတ်ခြင်းဖြင့် လူများကို စည်းရုံးမည်”ဟု ပြောလျှင် ဤအရာသည် ဒုက္ခဖြစ်စေလိမ့်မည်။ သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ပြောင်းလဲသွားမည်ဖြစ်ပြီး အကယ်၍ သင်သည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပါက သင်သည် လုံးဝ ဇာတ်သိမ်းသွားလိမ့်မည်။ ဘုရားသခင်က သင့်အား လက်တုံ့ပြန်နိုင်သည့် နည်းလမ်းများစွာ ရှိသည်။ ထို့ကြောင့် လူများသည် ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်မှု မပြုသင့်။ အကယ်၍ သင်သည် သူ့ကို ဆန့်ကျင်ရန် တစ်စုံတစ်ရာကို မရည်ရွယ်ဘဲ ပြုလုပ်မိလျှင် ယင်းမှာ ကြီးမားသည့် ပြဿနာမဟုတ်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် တမင်သက်သက် သို့မဟုတ် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းမဟုတ်၍ ဘုရားသခင်က သင့်အား နောင်တရရန် အခွင့်အရေးတစ်ရပ်ကို ပေးသည်။ အကယ်၍ သင်သည် တစ်စုံတစ်ရာမှာ ဘုရားသခင်၏ လုပ်ဆောင်မှုမှန်း သိငြားလည်း ယင်းကို ရည်ရွယ်ချက်ဖြင့် ပြစ်တင်ရှုတ်ချပြီး လူတိုင်းကိုလည်း တစ်စုတစ်စည်းတည်း ပုန်ကန်ကြရန် လှုံ့ဆော်သည်ဆိုပါက ယင်းမှာ ဒုက္ခဖြစ်စေသည်။ အကျိုးရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် မောရှေကို ဆန့်ကျင်ခဲ့သည့် အကြီးအကဲ နှစ်ရာ့ငါးဆယ်ကဲ့သို့ အဆုံးသတ်လိမ့်မည်။ ယင်းမှာ ဘုရားသခင် ဖြစ်ကြောင်း သိရှိလျက် သင်သည် သူ့ကို ဆန့်ကျင်ကန့်ကွက်ဝံ့သေးသည်။ ဘုရားသခင်သည် သင်နှင့် အချေအတင် ပြောဆိုမှုမပြု။ သူသည် ဩဇာအာဏာဖြစ်သည်။ သူသည် ကမ္ဘာကို နှစ်ခြမ်းခွဲလိုက်ပြီး သင့်ကို တိုက်ရိုက်ဝါးမျိုသွားအောင် ပြုသည်။ ဤမျှသာဖြစ်သည်။ သူသည် သင့်ကို မည်သည့်အခါမျှ တွေ့မြင်တော့မည် မဟုတ်ပေ၊ သို့မဟုတ် သင့်အကြောင်းပြချက်ကို နားထောင်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ အထင်အရှားပြနေသည့် ဘုရားသခင်၏ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ အမျက်ဒေါသဖြစ်သည်။ ထို့ကြောင့် လူများသည် ဘုရားသခင်ကို မည်သည့်နည်းနှင့်မျှ ဆန့်ကျင်ကန့်ကွက်ခြင်း သို့မဟုတ် သူ၏ အမျက်ဒေါသကို နှိုးဆွခြင်း မပြုသင့်။ တစ်စုံတစ်ရာက ဘုရားသခင်ကို ထိပါးနှောင့်ယှက်ပါက အကျိုးရလဒ်မှာ ထာဝရပျက်စီးခြင်း ရောက်ရလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။