လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏ (အပိုင်း တစ်)

လူသားမျိုးနွယ်သည် စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့်အတွက်ကြောင့် ၎င်းတို့အားလုံးတွင် စာတန်ဆန်သော သဘာဝနှင့် မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြလေသည်။ မိုက်မဲသူများနှင့် နုံအသူများပင်လျှင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အခြားလူများထက် ပိုတော်သည်ဟု တွေးထင်ကာ ထိုသူတို့ကို နာခံရန် ငြင်းပယ်ကြသည်။ လူသားမျိုးနွယ်က အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြောင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲကြောင်း သိမြင်ဖို့ သိသာထင်ရှားပေသည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုတို့ကြောင့် လူတို့သည် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့လာနေကြပြီဖြစ်သည်။ ၎င်းတို့က မည်သူ့ကိုမျှ နာခံမည်မဟုတ်၊ အခြားလူများ ပြောသည့်အရာသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်ပင် ၎င်းတို့က နာခံကြမည်မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို ဝေဖန်၊ ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်ဝံ့ကြသည်မှာ မာနထောင်လွှားမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းနိုင်သနည်း။ လူသား၏ ချုပ်တည်းမှုကို အမှီပြုခြင်းအားဖြင့် ဖြေရှင်းနိုင်သလော။ ထိုအရာကို သတိပြုကာ အသိအမှတ်ပြုခြင်းမျှဖြင့် ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပေ။ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းသာ ရှိပြီး ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူတို့သာ မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားနိုင်ကြသည်။ သမ္မာတရားကို လက်မခံသောသူတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို မည်သည့်အခါတွင်မျှ ဖြေရှင်းနိုင်ကြလိမ့်မည်မဟုတ်။ များစွာသောလူတို့သည် မိမိတို့တာဝန်တွင် ပါရမီအချို့ပြသည့်အခါ အလွန် မော်ကြွားကြသည်ကို ငါ မြင်သည်။ စွမ်းရည်အချို့ရှိသည်ကို ပြသည့်အခါ ၎င်းတို့ အလွန်အထင်ကြီးလောက်စရာ ဖြစ်သည်ဟု တွေးထင်ကြပြီးနောက် ဤစွမ်းရည်များအပေါ် မှီခိုနေထိုင်ပြီး နောက်ထပ် မိမိတို့ကိုယ်ကို တွန်းအားမပေးကြတော့ချေ။ ၎င်းတို့ပိုင်ဆိုင်သော ဤအသေးအမွှားအရာများက သမ္မာတရားဖြစ်ကြောင်းနှင့် ၎င်းတို့ အထွတ်အထိပ်ဖြစ်သည်ဟု တွေးထင်လျက် အခြားသူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ နားမထောင်ကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်၏။ ၎င်းတို့သည် ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လွန်းကြ၏။ မာနထောင်လွှားသော စိတ်သဘောထားရှိသည့်အခါ လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ ၎င်းသည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး တကယ့်အဆုံးထိတိုင် ဘုရားသခင်နောက် လိုက်နိုင်သလော။ ဤသည်မှာ သာ၍ပင် ခက်ခဲ၏။ မာနထောင်လွှားသော စိတ်သဘောထားကို ပြုပြင်ရန် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် ဘုရားသခင်၏ အမှုတော်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့တွေ့ကြုံရမည်ဟူသည်ကို သင်ယူရမည်။ ဤနည်းဖြင့်သာ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ခြင်း၊ သင်၏ မာနထောင်လွှားမှု ရင်းမြစ်ကို ရှင်းလင်းစွာ သိမြင်ခြင်းနှင့် ထို့နောက်တွင် ထိုအရာကို ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့်သာ သင်၏ သဘာဝအနှစ်သာရကို သင် အမှန်တကယ် သိရှိနိုင်သည်။ သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးသော အရာများအားလုံးကို သင် ဖော်ထုတ်ရမည်ဖြစ်ပြီး ယင်းတို့ကို သမ္မာတရားကို အခြေခံ၍ နှိုင်းယှဉ်ချိန်ဆကာ သိရှိလာရမည်ဖြစ်၍ ထို့နောက်တွင် သင်သည် မည်သည့်အရာဖြစ်သည်ကို သင် သိရှိလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်ရုံမက၊ ဆင်ခြင်တုံတရားနှင့် ကျိုးနွံနာခံမှုကင်းမဲ့ရုံမက သင်သည် အမှုအရာများစွာ၌ ချို့တဲ့နေကြောင်း၊ သင့်ထံတွင် သမ္မာတရားလက်တွေ့ကျမှု မရှိကြောင်းနှင့် မည်မျှသနားဖွယ်ဖြစ်ကြောင်းကိုလည်း တွေ့ရှိရလိမ့်မည်။ ထို့နောက် သင်သည် မာနထောင်လွှားနိုင်စွမ်း ရှိလိမ့်မည်မဟုတ်။ သင့်အနေဖြင့် ဤသို့ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်းမရှိလျှင် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ စကြဝဠာရှိ သင်၏နေရာကို သင် လုံးဝ သိရှိလိမ့်မည်မဟုတ်။ သင်သည် အဘက်ဘက်က ထူးချွန်ကြောင်း၊ အခြားသူများနှင့် ပတ်သက်သမျှ အရာရာက မကောင်းကြောင်းနှင့် သင်သာ အကောင်းဆုံးဖြစ်ကြောင်း သင် တွေးထင်လိမ့်မည်။ ထို့နောက် အခြားသူများက သင့်အား အထင်ကြီးကာ ကိုးကွယ်ကြစေရန်အလို့ငှာ သင်သည် လူတိုင်းကို တစ်ချိန်လုံး ကြွားလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို သိသည့်အသိ လုံးဝ ကင်းမဲ့ခြင်းဖြစ်၏။ လူအချို့က အမြဲ ကြွားနေကြသည်။ အခြားသူများက ထိုအရာကို မနှစ်မြို့စရာအဖြစ် မြင်သည့်အခါ ၎င်းတို့က ထိုလူတို့ကို မာနထောင်လွှားနေခြင်းအဖြစ် ဝေဖန်ကြသည်။ သို့ရာတွင် ထိုအရာကို ထိုသူတို့က လက်မခံကြ။ ၎င်းတို့သည် ပါရမီရှိကာ ကျွမ်းကျင်သည်ဟု တွေးထင်ကြဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားနည်း။ ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြ၏။ ဤသို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောလူတို့သည် သမ္မာတရားကို ဆာငတ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ ၎င်းတို့သည် မိမိကိုယ်ကို မည်သည့်အခါတွင်မျှ မသိနိုင်ကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားကြလျှင် ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ မုချ မထမ်းဆောင်နိုင်ကြပေ။

များစွာသောလူတို့သည် ၎င်းတို့၏တာဝန်ကို ၎င်းတို့နှစ်သက်သည့် မည်သည့်ပုံစံဖြင့်မဆို ထမ်းဆောင်ကြပြီး အခြားသူများ၏ အကြံပြုချက်များကို လုံးဝ နားမထောင်ကြချေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို အစီအစဉ်တစ်ခုပေးလျှင် ထိုအချိန်၌ ချရေးလိုက်ကြပြီး လုပ်ဆောင်ရန် သဘောတူကြသော်လည်း နောက်ပိုင်းတွင် လျစ်လျူရှုထားလိုက်ပြီး မိမိတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို ဆက်လက်လုပ်ဆောင်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပြီး မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်သည်။) ဤတွင် စိတ်နှလုံးမာကျောခြင်း တစ်ခုခု ရှိသလော။ (ရှိပါသည်။) စိတ်နှလုံးမာကျောခြင်းနှင့် မာနထောင်လွှားမှုတို့ကို လူတိုင်းတွင် တွေ့ရှိနိုင်သည်။ လူတို့သည် အခြားတစ်စုံတစ်ဦးက မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်သည့် တစ်စုံတစ်ရာ ပြောဆိုသည်ကို ကြားသည့်အခါ ထိုကိစ္စရပ်ကို အသိတရားနှင့် ဆင်ခြင်တုံတရားတို့ဖြင့် ၎င်းတို့ ချဉ်းကပ်ရမည်ဆိုလျှင် ထိုအရာကို လက်ခံသင့်သည်ဟု ၎င်းတို့ တွေးထင်မည်ဖြစ်သော်လည်း ဤသည်ကို လက်တွေ့လုပ်ဆောင်နိုင်ကြမည်လော။ (လက်တွေ့လုပ်ဆောင်နိုင်ချင်မှ လုပ်ဆောင်နိုင်ပါမည်။) ထိုအရာကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် မည်သည့်သဘောထားမျိုး လိုအပ်သနည်း။ ဦးစွာပထမ ၎င်းတို့တွင် မှန်ကန်သည့် သဘောထားရှိရမည်။ မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများ၊ အကဲဖြတ်မှုများ သို့မဟုတ် မှားယွင်းပြီးအဓိပ္ပာယ်မဲ့သော သိနားလည်မှုများကို လက်လွှတ်ကာ ထို့နောက်တွင် ထိုလူ၏ ကောင်းမွန်သောအကြံပြုချက်ကို တွေးဆ၍ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး ထိုလူ၏အကြံပြုချက် မှန်ကန်ကာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု ၎င်းတို့ ဆုံးဖြတ်လျှင် ယင်းကိုလက်ခံကာ နာခံသင့်ကြလေသည်။ ဤသည်မှာ ၎င်းတို့တွင် ရှိသင့်သည့်သဘောထား မဟုတ်လော။ ဤသဘောထားတွင် မာနထောင်လွှားခြင်း တစ်ခုတလေ ရှိသလော။ ယင်းတွင် မာနထောင်လွှားခြင်း တစ်စက်မျှ မရှိပေ။ ထိုအရာမှာ လေးနက်သည့်၊ တာဝန်ယူတတ်သည့် သဘောထားတစ်ခု၊ သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခု၊ ပြီးလျှင် အပြုသဘောဆောင်သောအရာများကို ချစ်ခင်နှစ်သက်သည့် သဘောထားတစ်ခုဖြစ်သည်။ အခြားတစ်စုံတစ်ဦးက ကောင်းမွန်သည့်အကြံပြုချက်၊ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု သင်ထင်သည့် အကြံပြုချက်တစ်ခု ပေးသည်ကို သင် ကြားသည့်အခါ သိက္ခာဆည်ရန်အလို့ငှာဖြစ်စေ၊ ခဏတာဖြစ်သော သိနားလည်မှုဖြင့်ဖြစ်စေ သင်လက်ခံကြောင်း ပြောသော်လည်း တစ်စုံတစ်ရာကို လုပ်ဆောင်ရန် အချိန်ကျလာသည့်အခါ သင်၏ကိုယ်ပိုင် အလိုဆန္ဒကို အခြေခံ၍သာ သင် ပြုမူဆောင်ရွက်လျှင်၊ သင်အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး သင်၏စိတ်နှလုံးက မှန်ကန်သည်ဟု အသိအမှတ်ပြုခဲ့သည့် ထိုအကြံပြုချက်ကို ဘေးဖယ်ထားလိုက်လျှင် သင်သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခုလော။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားမှုနှင့် ပုန်ကန်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမဟုတ်။ မိမိကိုယ်ပိုင် အလိုဆန္ဒကို ဦးစားပေးခြင်းနှင့် မိမိကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအား စိုးမိုးခွင့်ပေးကာ သမ္မာတရားစည်းမျဉ်းများ၊ အပြုသဘောဆောင်သော အရာများနှင့် ဘုရားနှုတ်ကပတ်တော်ကို လျစ်လျူရှုလိုက်ခြင်းဖြစ်သည်။ ကိုယ်တိုင်က ကောင်းမွန်သည့်ကတိများ ‌ပေးသော်လည်း တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုကတိများကို ဆောင်ရွက်ရန် လိုလားခြင်းမရှိကြသကဲ့သို့ မိမိတို့ကိုယ်ပိုင် အပိုင်ကြံခြင်းများ ပြုလုပ်ကြသည့် အခြားသောလူများရှိကြ၏။ “ဤအရာကို စည်းမျဉ်းများအတိုင်း ငါလုပ်ဆောင်လျှင် သမ္မာတရားကို ရှင်းလင်းစွာ ငါ မိတ်သဟာယပြုရမည်ဖြစ်ပြီး လူတို့၏အယူအဆများကို ငါ ပြောင်းပြန်လှန်ပစ်ရမည်ဖြစ်ကာ ယင်းက အလွန်ခက်ခဲပေမည်။ ငါ့အနေဖြင့် စကားများစွာ ပြောရမည်ဖြစ်ပြီး ငါ ရှင်းလင်းစွာ စကားမပြောနိုင်မည်ကို ငါ စိုးရိမ်မိသည်။ ယင်းက အချိန်နှင့် စွမ်းအားတို့ကို ဖြုန်းခြင်းဖြစ်ပြီး အလွန် ဒုက္ခပေးလိမ့်မည်။ ဒုက္ခသက်သာစေရန်အလို့ငှာ ထိုအရာကို ငါသည် ဤသို့ လုပ်ဆောင်ရမည်ဖြစ်ပြီး လူတိုင်းက သဘောမတူလျှင်ပင် ငါ့စကားကို နားထောင်ရမည်၊ ဤအရာနှင့်ပတ်သက်၍ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုးနည်း။ ဤသည်မှာ စဉ်းလဲသော သဘောထားတစ်ခုဖြစ်သည်။ ၎င်းတို့ကတိများပေးချိန်တွင် ရိုးသားစစ်မှန်၊ သစ္စာရှိ၊ နာခံပြီး ဘုရားတရားကိုင်းရှိုင်းပုံရကာ အခြားသူတို့၏ ယူဆချက်များနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိပုံရသော်လည်း ပြုမူဆောင်ရွက်ရမည့်အချိန် ရောက်လာသည့်အခါ ၎င်းတို့ လုံးဝကွဲပြားသွားပြီး ၎င်းတို့၏သဘောထား ပြောင်းလဲလေသည်။ အဘယ်ကြောင့် ပြောင်းလဲသနည်း။ ၎င်းတို့၏သဘောထားသည် အဘယ်ကြောင့် လုံးဝဥဿုံ ပြောင်းလဲသွားရသနည်း။ မည်သည့်အရာက ဤအရာကို ဖြစ်စေသနည်း။ ဤသို့ပြုမူဆောင်ရွက်ခြင်းက ရုပ်ပိုင်းအရ ခက်ခဲပင်ပန်းလွန်းပြီး ဒုက္ခပေးလွန်းသည်ဟု ၎င်းတို့ခံစားရသောကြောင့် ထိုအခက်အခဲကို ဒုက္ခခံရန် ၎င်းတို့ဝန်လေးပြီး လိုလားခြင်း မရှိကြချေ။ ယခင်က ၎င်းတို့ပြုခဲ့သည့် သစ္စာဆိုခြင်းများက သို့မဟုတ် ကတိများက ၎င်းတို့အတွက် အရေးမကြီးတော့သကဲ့သို့ အမှုအရာများကိုလည်း သမ္မာတရားစည်းမျဉ်းများအတိုင်း မကိုင်တွယ်ကြချေ။ ၎င်းတို့အတွက် အရေးအကြီးဆုံးသောအရာမှာ မိမိတို့၏ဇာတိပကတိကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ယင်းမှာ ဦးစားပေးဖြစ်ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို နောက်ပို့ထားကာ အလေးအနက်မထားကြချေ။ ဤသည်မှာ တာဝန်သိတတ်သော လူတစ်ဦးဖြစ်သလော။ ဤသည်မှာ တည်ကြည်မှုရှိသော လူတစ်ဦးဖြစ်သလော။ သမ္မာတရားကိုချစ်သော လူတစ်ဦး ဖြစ်သလော။ မဟုတ်ပေ။ မျက်နှာချင်းဆိုင်ရှိချိန်တွင် ကိစ္စရပ်တစ်ခုကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်မည်ဖြစ်ကြောင်း အခြားသူများကို ကတိပေးကာ ထိုသူတို့ကို လုံးလုံးလျားလျား စိတ်အေးလက်အေး ဖြစ်စေသော်လည်း ထိုအရာကို ကိုင်တွယ်သည့်ဖြစ်စဉ်တွင် အခက်အခဲများ ကြုံရသည့်အခါ ထိုအရာကို ဘေးဖယ်ထားကာ လက်လျှော့လိုက်ကြသည့် လူများလည်း ရှိသည်။ ဤသည်မှာ ယုံကြည်စိတ်ချရသော လူတစ်ဦးဟုတ်သလော။ ဤသည်မှာ အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်သလော။ အထူးသဖြင့် ဘုရားအိမ်တော်အတွက် မိမိတာဝန်ကို ထမ်းဆောင်ပြီး အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ၎င်းတို့အနေဖြင့် သမ္မာတရားစည်းမျဉ်းများကို ပို၍ပင် လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး တစ်ခါတစ်ရံ ဆုံးရှုံးခြင်းနှင့်အရှက်ရခြင်းတို့ကို ခံစားရမည့်သဘောဖြစ်လျှင်ပင် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို ကာကွယ်ရမည်ဖြစ်ကာ အသင်းတော်အလုပ်ကို မည်သည့်အခါတွင်မျှ ထိခိုက်စေခွင့် မပေးရပေ။ ဤအရာလုပ်ဆောင်သည့် လူများသည် ရိုးသားကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားကြပြီး ဘုရားအိမ်တော်အကြောင်းကို အချိန်တိုင်း စဉ်းစားကြသည်။ လှည့်ဖြားတတ်သောသူတို့မှာမူ မိမိတို့တာဝန်ကို ထမ်းဆောင်နေစဉ်တွင် မိမိတို့၏ကိုယ်ပိုင်အကျိုးစီးပွားကို စဉ်ဆက်မပြတ်စဉ်းစားပြီး မိမိတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို ဆုံးရှုံးမှု အနည်းငယ်မျှခံစားရန် လုံးဝ လိုလားခြင်းမရှိကြချေ။ မိမိတို့ကိုယ်တိုင် ထိခိုက်နစ်နာစေဖို့ထက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေချင်ကြသည်။ လူတစ်ဦးက မိမိတာဝန်အား သမ္မာတရားစည်းမျဉ်းများနှင့်အညီ ထမ်းဆောင်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင်က သိသည်။ လူတို့၏ အတွေးများနှင့် စိတ်ကူးများကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ လူတစ်ဦး၏စိတ်နှလုံးက လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း၊ မိမိတို့၏ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားအတွက် လောဘဖြင့် ပြုမူဆောင်ရွက်တတ်ကြောင်း၊ သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း ဘုရားသခင်သတိပြုမိပါက ထိုအရာများကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်နှင့် ထိုလူအပေါ် သူ လက်လျှော့လိမ့်မည်။ ထို့ကြောင့် ထိုလူကိုယ်တိုင်သည် ဤအရာအားလုံးကို သတိပြုမိနိုင်လိမ့်မည်လော။ (သတိပြုမိနိုင်လိမ့်မည် မဟုတ်ပါ။) အဘယ်ကြောင့် သတိပြုနိုင်မည် မဟုတ်သနည်း။ (အဘယ်ကြောင့်ဆိုသော် လူတစ်ဦး၏သဘာဝက ၎င်း၏လုပ်ရပ်များကို ထိန်းချုပ်သည့်အခါ ၎င်း၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများ ပြည့်ဝသရွေ့ မိမိကိုယ်ကို ဆန်းစစ်မည် မဟုတ်သောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းက သမ္မာတရားနှင့် မကိုက်ညီသည်ကို သူ သတိပြုမိမည်မဟုတ်ပါ။) သို့ဆိုလျှင် အတွင်း၌ ထိုလူသည် မည်သည့်အရာအပေါ် ရှင်သန်သနည်း။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ လူ၏အနှစ်သာရသည် စာတန်၏အနှစ်သာရဖြစ်ပြီး လူသည် မိမိ၏ကိုယ်ပိုင် ဝင့်ဝါမှု၊ ဂုဏ်သိက္ခာနှင့် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကိုသာ ကာကွယ်ရင်း သူ၏ စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်ရှင်လေသည်။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော ဤအတွေးမျိုးက လူတို့၏သဘာဝဖြစ်လာသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ ဘုရားနှုတ်ကပတ်တော်များကို အကြွင်းမဲ့နားထောင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားသခင်၏စံနှုန်းများအတိုင်း ပြုမူဆောင်ရွက်ရန်မှာ အလွန်ပင် ပင်ပန်းပြီး အချိန်ကုန်၍ခက်ခဲသည်ဟု ခံစားကြသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ လူသည် စာတန်ဆန်သော စိတ်သဘောထား၏ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရကာ သူ၏စိတ်နှလုံးထဲတွင် အပျက်သဘောဆောင်သည့်အရာများ များလွန်းသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက အလွန်ခက်ခဲကာ လုံးဝ လွယ်ကူခြင်းမရှိဟု ခံစားရခြင်းဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရကာ သမ္မာတရားကို ၎င်းတို့နားလည်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် မည်သည့်အတားအဆီး သို့မဟုတ် အခက်အခဲမျှ ၎င်းတို့ ရင်ဆိုင်ရလိမ့်မည် မဟုတ်သကဲ့သို့ ထိုအရာက အချိန်ကုန်၍ ခက်ခဲပင်ပန်းသည်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။

လူတစ်ဦးသည် သမ္မာတရားကို လုံးဝမတမ်းတသကဲ့သို့ လက်ခံလိုစိတ်မရှိလျှင် ၎င်းတို့အတွင်းတွင် ကောင်းကျိုးတစ်ခုမျှ မရှိသကဲ့သို့ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အချိန်တိုင်းတွင် အလွန့်အလွန် ဆင်းရဲနုံချာ၊ သနားဖွယ်ဖြစ်ပြီး မျက်ကန်းဖြစ်ပုံရလျက် စာတန်၏ အတွေးအခေါ်များဖြင့်သာ အသက်ရှင်ကြလိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် အလွန်ချွတ်ခြုံကျကာ ၎င်းတို့အတွင်း၌ မည်သည့်အရာမျှ မရှိကြပေ။ အပြစ်ကို ကျော်လွှားအောင်မြင်ရန် တတ်စွမ်းနိုင်ခြင်းမရှိ၊ မိမိတို့၏ကိုယ်ပိုင် ဇာတိပကတိကို ပုန်ကန်ရန် အစွမ်းအစမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်လှုံ့ဆော်မှုမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များကို ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ချက် မရှိသည့်အပြင် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံရန် သန္နိဋ္ဌာန်မရှိကြချေ။ ၎င်းတို့သည် တကယ်ကို ဆင်းရဲနုံချာ၊ သနားဖွယ်ဖြစ်ကာ မျက်ကန်းဖြစ်ကြပြီး ဘာမျှ မဟုတ်ကြပေ။ တစ်ဇွတ်ထိုးလျှောက်ရမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့တွင် အားအင်များစွာ ရှိကြသော်လည်း ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်စွမ်း မရှိကြချေ။ ၎င်းတို့၏ပုံစံကို ကြည့်သည့်အခါ ဤလူများထဲမှ အချို့သည် ရှင်းလင်းစွာပြောဆိုနိုင်ကြသည်၊ ပညာတတ်ပြီး ဆုကျေးဇူးနှင့် အစွမ်းအစ အနည်းငယ်ရှိကြကာ တတ်စွမ်းနိုင်သည့်လူများ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့က ဆင်းရဲနုံချာပြီး သနားဖွယ်ဖြစ်သည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ ယင်းကို မည်သို့အကဲဖြတ်သနည်း။ သမ္မာတရားကို လုံးဝ မပိုင်ဆိုင်သည့် တစ်စုံတစ်ဦးသည် ဆင်းရဲနုံချာပြီး သနားဖွယ်ဖြစ်၏။ သမ္မာတရားကို ပညာရေးနှင့် အသိပညာ သို့မဟုတ် ဆုကျေးဇူးများ၊ ပါရမီများဖြင့် အစားထိုး၍ ရနိုင်သလော။ ယင်းတို့က တစ်စုံတစ်ဦးအား သမ္မာတရားကို နားလည်စေပြီး ခက်ခဲသည့် အချိန်ကာလများကို ဖြတ်ကျော်ရန် ကူညီနိုင်သလော။ ထိုအရာများက တစ်စုံတစ်ဦးအား မိမိတို့၏ သက်သေတွင် ခိုင်ခိုင်မာမာ ရပ်တည်စေကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိစေနိုင်သလော။ လုံးဝ မရရှိစေနိုင်ပေ။ လူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မိမိတို့ကိုယ်ပိုင် နှစ်သက်မှုများ၊ လိုအင်ဆန္ဒများ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံ၍ လုပ်ဆောင်လိုကြပြီး ဤအရာနှင့်ပတ်သက်၍ အလွန်ပျော်ရွှင်၊ ကျေနပ်ကာ စိတ်အေးလက်အေးဖြစ်ကြသည်။ သို့တိုင် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံရလျှင် ထိုသို့လုပ်ဆောင်ရန် အစွမ်းမဲ့သလို ခံစားကာ လုံးဝ စိတ်ဝင်စားကြမည်မဟုတ်၊ သို့မဟုတ် အကြောသေသည့်အလားပင် ဖြစ်ကြပေမည်။ မည်သည့်အရာ ဖြစ်နေသနည်း။ ၎င်းတို့၏ စိတ်နှလုံးများက အဘယ်မှာနည်း။ မည်သူ့ကို ၎င်းတို့ အစေခံကြသနည်း။ လူတို့က မိမိတို့၏ ဆုကျေးဇူးများနှင့် အသိပညာတို့ကို အသုံးပြုလျက် ပြီးလျှင် မိမိတို့၏ စေတနာနှင့် နှစ်သက်မှုများအတိုင်း အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့ အလွန်တတ်စွမ်းနိုင်ကြသည်၊ လှည့်ကွက်များစွာ ရှိကြပြီး တကယ်ကို အကန့်အသတ်မဲ့ အားအင် ပိုင်ဆိုင်ကြသော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း အမှုအရာများ လုပ်ဆောင်ရန် စေခိုင်းခံရသည့်အခါ ၎င်းတို့ မည်မျှအရေးပါသည့် ပုဂ္ဂိုလ်ဖြစ်သည်ဖြစ်စေ ကူကယ်ရာမဲ့ကာ အစွမ်းမဲ့လာကြသည်မှာ အဘယ်ကြောင့်နည်း။ ဤအရာ၏ ရင်းမြစ်တွင် မည်သည့်အရာရှိသနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းတွင် လူတို့သည် လူနုံလူအများကဲ့သို့ဖြစ်၍ အလွန်ဆင်းရဲနုံချာကာ သနားဖွယ်ဖြစ်သည့်တိုင် ၎င်းတို့က ကြွားကာ လေလုံးထွားပြီး အခြားလူတိုင်းထက် ၎င်းတို့ ပိုတော်သည်ဟု တွေးထင်ကာ မည်သူ့ကိုမဆို နာခံရန် ငြင်းပယ်ကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ အဘယ်ကြောင့်နည်း။ (လူတို့က မိမိတို့ကိုယ်ကို မသိကြသောကြောင့်ဖြစ်သည်။) မိမိတို့ကိုယ်ကို မသိခြင်းသည် ဤအရာ၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ အဓိကအကြောင်းရင်းမှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြခြင်းဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားမလည်လာမီတွင် ဤသည်မှာ ၎င်းတို့၏ အကျည်းတန်သောအခြေအနေ၊ ၎င်းတို့၏အကျင့်စရိုက်နှင့် ၎င်းတို့၏ သနားဖွယ်သွင်ပြင်ဖြစ်သည်။ ၎င်းတို့က အချည်းနှီးဖြစ်ကြ၏။ သမ္မာတရားကို မပိုင်ဆိုင်သည့်သူများသည် ဤကဲ့သို့သာ ဖြစ်ကြ၏။ ၎င်းတို့၏ အသိပညာ သို့မဟုတ် အဆင့်အတန်းက မည်မျှမြင့်မားသည်ဖြစ်စေ ၎င်းတို့ ပြသသမျှမှာ အကျည်းတန်သည့်အခြေအနေနှင့် ချွတ်ခြုံကျသောသွင်ပြင်တစ်ခု ဖြစ်သည်။ ဘုရားသခင်နှင့် သမ္မာတရား ရှေ့မှောက်တွင် လူသည် ဘာကိုမျှ မပိုင်ဆိုင်သကဲ့သို့ ဘာမျှမဟုတ်ဘဲလျက် ဤသည်မှာ လူ၏ ဆင်းရဲနုံချာကာ သနားဖွယ်ဖြစ်ပုံ ဖြစ်သည်။ လူအချို့နှင့် ငါ ထိတွေ့ဆက်ဆံလာရပြီးဖြစ်ကာ ၎င်းတို့နှင့်အတူ ငါ စကားပြောကာ ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ ၎င်းတို့၏ စိတ်မပါ၊ ဉာဏ်ထိုင်း၊ နုံချာပြီး သနားဖွယ်ဖြစ်သောသွင်ပြင်ကို ငါမြင်သည်။ အပြင်ပန်း အရာနည်းငယ်အကြောင်း ၎င်းတို့ပြောဆိုနိုင်ကြသော်လည်း တစ်စုံတစ်ရာက သမ္မာတရားစည်းမျဉ်းများ ပါဝင်ပတ်သက်သည့်အခါ ၎င်းတို့၏အမြင်များက ဘယ်ဘက်သို့ဖြစ်စေ၊ ညာဘက်သို့ဖြစ်စေ စောင်းသွားသည်၊ သို့မဟုတ် ထိုအရာနှင့်ပတ်သက်၍ လုံးဝ အမြင်မရှိကြချေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်သည့်အချိန်၊ ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးသည့်အချိန်၊ တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတစ်ခုကို အသက်ရှင်ကြသည့်အချိန်တွင် ၎င်းတို့သည် အဘယ်သို့ အလွန် စိတ်မပါ၊ ဉာဏ်ထိုင်း၊ နုံချာကာ သနားစဖွယ် ဖြစ်နိုင်ရသနည်း။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ အဘယ်ကြောင့် မှန်ကန်သည့်ရှုထောင့်အမြင် မရှိကြသနည်း။ အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များက အဘယ်ကြောင့် လုံးဝ မပြောင်းလဲသနည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြပါ။) မှန်ပေ၏။ ၎င်းတို့သည် တရားဒေသနာများစွာ ကြားပြီးဖြစ်သော်လည်း ၎င်းတို့ ကြားပြီးသမျှမှာ အယူဝါဒများသာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော် အတော်များများ ဖတ်ရှုပြီးဖြစ်သော်လည်း ထိုအရာမှ အယူဝါဒများကိုသာ ၎င်းတို့ နားလည်ကြပြီးဖြစ်သည်။ စုဝေးပွဲအတော်များများ သွားကြပြီးဖြစ်သော်လည်း ၎င်းတို့ရရှိပြီးသည့်အရာမှာ အချို့သော ရိုးစင်းသည့် အရာများနှင့် စည်းမျဉ်းစည်းကမ်းများသာ ဖြစ်သည်။ ဤအရာက မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ဤအရာကို ၎င်းတို့ အဘယ်ကြောင့် ရရှိကြသနည်း။ လူကို ဘုရားသခင် ပေးသည့်အရာမှာ သမ္မာတရား၊ အသက်နှင့် သမ္မာတရားလက်တွေ့ကျမှု ဖြစ်သောကြောင့် ယင်းတို့သည် အဘယ်ကြောင့်များ ဤလူများထဲတွင် သီးပွင့်သည့် အသီးအပွင့်များဖြစ်ရသနည်း။ ဤမေးခွန်းကို သင် တွေးဆဖူးသလော။ ဤသည်မှာ ဆိုးရွားသည့်ပြဿနာ၊ ကြီးမားသည့်ပြဿနာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်း၍ရနိုင်သနည်း။ သင့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်ကို စားသောက်ကာ နှလုံးသွင်းရမည်ဖြစ်ပြီး သင်၏ လက်တွေ့အရှိတရား ဖြစ်လာခွင့်ပေးရမည်။ သင်၏ အတွင်းပိုင်း အနေအထားနှင့် အခြေအနေကို သင် ပြောင်းလဲရမည်ဖြစ်ပြီး သင် ကြုံရသည့် အရာရာတိုင်းအပေါ် မှန်ကန်သည့် အမြင်နှင့် မှန်ကန်သည့်သဘောထား ရှိရမည်။ ဤသည်မှာ သင် လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်း မဟုတ်လော။ ဤသည်မှာ သင် ရှာဖွေသင့်သည့် ဦးတည်ချက်မဟုတ်လော။ ထိုအကြောင်းကို တွေးလော့။ ဤလမ်းကြောင်းပေါ် သင်တို့ မည်သို့ အစပြုနိုင်သနည်း။ သင်တို့အားလုံး မည်သည့်အရာကို ထင်ကြသနည်း။ (ဘုရားသခင်၊ အမှုအရာများ ကျွန်ုပ်အပေါ် ကျရောက်သည့်အခါ ကျွန်ုပ်၏ ကိုယ်ပိုင်ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များနှင့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထား ထုတ်ဖော်ခြင်းများကို သုံးသပ်ရမည်ဖြစ်ပြီး ထို့နောက်တွင် ကျွန်ုပ်၏ မှားယွင်းသော ကြံရွယ်ချက်များနှင့်ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို သတိရှိရှိ ပုန်ကန်ကာ ဘုရားနှုတ်ကပတ်တော်ရှိ သမ္မာတရားအတိုင်း ပြုမူဆောင်ရွက်ရပါမည်။) ဤသည်မှာ မှန်ကန်သည့် လမ်းကြောင်း ဖြစ်သော်လည်း ဆောင်ရွက်သည့်ဖြစ်စဉ်တွင် သင်၏ ကိုယ်ပိုင် ပြဿနာများကို သင် ရှာဖွေတွေ့ရှိနိုင်သလော။ (တစ်ခါတစ်ရံ ရှာဖွေတွေ့ရှိနိုင်သော်လည်း တစ်ခါတစ်ရံ ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိပါ။) ဤအရာက ဘုရားသခင်ထံ သင် ဆုတောင်းရန်၊ မိမိကိုယ်ကို သုံးသပ်ပြီး သင်၏ ကိုယ်ပိုင်လုပ်ရပ်များကို မကြာခဏ ဆန်းစစ်ရန် လိုအပ်သည်။ ၎င်းတို့ နားမလည်သည့်အရာများနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ရှိသည်နှင့်တစ်ပြိုင်နက် သင်၏ပြဿနာများ ပြေလည်သွားမည်မဟုတ်လော။ အကြင်သူသည် ဘုရားသခင်အပေါ် အမှီပြုသည့်အခါ ဖြေရှင်း၍မရနိုင်သည့်ပြဿနာ မရှိပေ။

သင်တို့အားလုံး စိစစ်ရန်နှင့် မိမိတို့ကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ရမည်ကို သိရှိကြသည်လောဆိုသည်နှင့် အခြားသူများ၏ ပြဿနာများမှတစ်ဆင့် သင်တို့၏ ကိုယ်ပိုင်ပြဿနာများအား သတိပြုမိနိုင်ကြသလောဟူသည်ကို သင်တို့မြင်ရန် ဥပမာတစ်ခုကို ငါ ပေးမည်။ တစ်ခါက တစ်စုံတစ်ဦးနှင့် ငါ ပေါင်းသင်းဆက်ဆံခဲ့ပြီး တစ်ခုခုလုပ်ဆောင်နေချိန် ငါ၏ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို မေးလျက် အစတွင် သူသည် ဂရုစိုက်ပြီး သတိထားတတ်သကဲ့သို့ မည်သည့်အရာကို ငါပြောသည်ဖြစ်စေ ခေါင်းညိတ်ကာ ဦးညွှတ်ပြီး သေချာနားထောင်လေသည်။ သူ့ထံတွင် အတွင်းပိုင်း စည်းတစ်ခုရှိ၏။ “ကိုယ်တော်က ဘုရားဖြစ်သည်။ ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်ပြစ်မှား၍ မရပါ။ ဤစည်းကို ကျွန်ုပ် ဖြတ်၍မရပါ။ ကိုယ်တော် ပြောသည့်အရာကို ကျွန်ုပ် နားထောင်ပါမည်၊ ကိုယ်တော် ကျွန်ုပ်ကို ခိုင်းသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်ဆောင်ပါမည်”ဟူ၍ ဖြစ်သည်။ အခြေခံအားဖြင့် သူ့အထဲတွင် မည်သည့်ပြဿနာမျှ မမြင်ရပေ။ သို့သော် ငါတို့ အချိန်ပမာဏတစ်ခုမျှ ပေါင်းသင်းဆက်ဆံပြီး အပြန်အလှန် စကားပြောဆိုခြင်းအချို့ ရှိပြီးနောက်တွင် သူသည် ငါ၏ စကားပြောဆိုပုံနှင့်လေသံကို ကျင့်သားရလာသည်။ ဤအရာများက သူ့အတွက် အကျွမ်းတဝင်ရှိလာပြီး သူက “ငါတို့နှစ်ယောက် တန်းတူရည်တူ မဟုတ်ကြသကဲ့သို့ ငါတို့၏ ပင်ကိုလက္ခဏာများနှင့် အဆင့်အတန်းတို့ မတူညီကြသော်လည်း ကိုယ်တော့်ကို ငါ စကားပြောရသည်မှာ သက်သောင့်သက်သာ ရှိသည်။ မည်သည့်အရာကိုမျှ ငါ ဖုံးကွယ်ရန် မလိုပါ၊ ငါ ပြောဆိုလိုသည့် မည်သည့်အရာကိုမဆို ပြောနိုင်သည်”ဟု တွေးလေသည်။ အချိန်ကြာလာသည်နှင့်အမျှ လူနှင့် ဘုရားကြားက ဆက်ဆံရေး ပြိုကွဲသွားပြီး သူက “ကိုယ်တော့်ထံတွင် မည်သည့် စရိုက်လက္ခဏာမျိုးရှိသည်ကို ကျွန်ုပ်သိသည်။ ကိုယ်တော်က မည်သည့်လူစားမျိုးဖြစ်သည်ကို ကျွန်ုပ်သိသည်။ မည်သည့်အရာများသည် ကိုယ်တော့်ကို ဒေါသထွက်အောင် လုပ်မည်မဟုတ်သကဲ့သို့ ကျွန်ုပ်ကို ပြုပြင်အောင် လုပ်မည်မဟုတ်သည်ကို ကျွန်ုပ်သိပြီး ကိုယ်တော် ကျွန်ုပ်ကို ပြုပြင်မည့်အရာများ လုပ်ဆောင်ခြင်းအား ကျွန်ုပ်ရှောင်ရှားမည်။ ထိုအရာများကို ကျွန်ုပ် လုပ်ဆောင်လျှင်ပင် ကိုယ်တော့်ကို မြင်ခွင့်၊ သိခွင့် ပေးမည်မဟုတ်ပါ။ ကိုယ်တော် မသိရှိအောင် တားဆီးရန်အလို့ငှာ ကိုယ်တော့်နောက်ကွယ်တွင် ကျွန်ုပ် မည်သည့်အရာ လုပ်ဆောင်နေသည်ကို ကိုယ်တော်နှင့် ရင်းနှီးသောလူများကိုပင် ကျွန်ုပ်ပြောမည် မဟုတ်ပါ။ ထိုသို့ဖြင့် ထိုအကြောင်း ကိုယ်တော် သိမည်မဟုတ်၊ ဟုတ်ပါသလော။ ထိုအကြောင်းကို ကိုယ်တော်မသိလျှင် ကိုယ်တော် ကျွန်ုပ်ကို ပြုပြင်လိမ့်မည်မဟုတ်၊ ဟုတ်ပါသလော။ ကျွန်ုပ်အနေဖြင့် ထိုအတွက် သိက္ခာကျပြီး ဆင်းရဲဒုက္ခခံရန် လိုမည်မဟုတ်ပါ၊ ဟုတ်ပါသလော။ သိပ်ကောင်းသည်။ ကျွန်ုပ်ကို ကိုယ်တော်ခိုင်းသည့် အခြားမည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်ကာ ကျိုးနွံနာခံမည်ဖြစ်သော်လည်း ကျွန်ုပ်သည် အလားတူ လွတ်လပ်မှု ရှိရပါမည်”ဟု တွေးကြသည်။ ဤတွင် ပြဿနာပေါ်ထွက်ပြီ မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်ပြဿနာ ပေါ်ထွက်လာပြီးဖြစ်သနည်း။ ဤတွင် လူ၏ စိတ်နှလုံးလှည့်ဖြားမှု ရှိသည်မဟုတ်လော။ (ရှိပါသည်။) အခြားလူများရှေ့တွင်ဖြစ်စေ၊ ဘုရားသခင်ရှေ့တွင်ဖြစ်စေ လူတို့သည် အခြားသူများကို မပြောလိုသည့်အရာများကို မိမိတို့၏ စိတ်နှလုံးတွင် နက်ရှိုင်းစွာ ကွယ်ဝှက်ရန် အမြဲကြိုးစားကြပြီး ဤစိတ်အခြေအနေနှင့် စိတ်သဘောထားက လူတိုင်းပိုင်ဆိုင်သည့် လှည့်ဖြားခြင်းနှင့် သက်ဆိုင်ပေသည်။ ဤနေရာတွင် နောက်ထပ် စိတ်သဘောထားတစ်ခုရှိ၏၊ မာနထောင်လွှားမှု ဖြစ်သည်။ ဤတွင် မာနထောင်လွှားမှုက မည်သည့်နေရာတွင် ထင်ရှားသနည်း။ ဤလူက “သို့ဆိုလျှင် ကိုယ်တော်သည်လည်း ဤကဲ့သို့ စကားစမြည်ပြောကာ ဆွေးနွေးပြောဆိုသည်။ ကိုယ်တော် စကားပြောပုံနှင့်ပတ်သက်၍ သိပ်အထင်ကြီးလောက်စရာ မည်သည့်အရာမျှမရှိပါ။ ကိုယ်တော်က ဤအရာများကို ဤအတိုင်း ပြောလိုက်နိုင်သည်။ ပြီးလျှင် ကိုယ်တော့်ကို ကျွန်ုပ်ပိုမိုသိကျွမ်းရလျှင် ကိုယ်တော့်ထက် ထိုအရာများကို သာ၍ကောင်းစွာပင် ကျွန်ုပ်ပြောဆိုနိုင်မည်ဖြစ်သည်။ ကိုယ်တော်ဝတ်စားပုံမှာ ထိုသို့ဖြစ်သလော။ ကျွန်ုပ်သည် ကိုယ်တော့်ထက် ပိုကောင်းသည့် အပြင်အဆင် အာရုံခံစားမှုရှိသည်။ ကျွန်ုပ်သည် ကိုယ်တော့်ထက် ပိုမိုလှပသည်။ ကျွန်ုပ်ထက် ကိုယ်တော်က သမ္မာတရားများကိုသာ ပိုမိုပိုင်ဆိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်ကြာလာသည့်အခါ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုသိရှိရသည့်နောက်တွင် ကျွန်ုပ်ပြောလိုသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ရှေ့နောက်မစဉ်းစားဘဲ ပြောချဝံ့ပြီး တလွဲပြောမိမည်မဟုတ်ပါ”ဟု မိမိဘာသာ စဉ်းစားလေသည်။ ဤသည်မှာ မာနထောင်လွှားမှုမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ စိတ်သဘောထားနှစ်ခု ဖြစ်သည်။ ကွယ်ဝှက်ထားသည့် နောက်ထပ်စိတ်သဘောထားတစ်ခု ရှိသည်၊ သင်တို့ ထိုအရာကို ရှာဖွေတွေ့ရှိကြပြီလော။ တစ်စုံတစ်ဦးက မာနထောင်လွှားမှု၊ လှည့်ဖြားမှုနှင့် သူတော်ကောင်းယောင်ဆောင်ခြင်းတို့ကို ဘုရားသခင်ရှေ့မှောက်တွင် ထုတ်ဖော်ပြသည့်အခါ ၎င်းတို့၏ စိတ်နှလုံး နက်နက်တွင် ဤအရာနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှုတစ်ခုတလေ ရှိကြသလော။ (ရှိပါသည်။) ၎င်းတို့တွင် ဤနားလည်သဘောပေါက်မှု ရှိကြသည့်အခါ ယင်းကို မည်သို့အသုံးချသနည်း။ မိမိတို့ကိုယ်ကို ချုပ်ထိန်းကြသလော။ ၎င်းတို့ ရှောင်ကြဉ်ကြသလော။ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကြသလော။ (မသုံးသပ်ကြပါ။) လူတစ်ဦးက မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ထုတ်ဖော်မိပြီးဖြစ်သည်ကို သိသော်လည်း မိမိတို့ကိုယ်ကို ပြန်မသုံးသပ် သို့မဟုတ် သိရှိရန် မကြိုးစားသေးသည့်အခါ၊ ပြီးလျှင် ထိုအရာကို တစ်စုံတစ်ဦးက ထောက်ပြလျှင် ၎င်းတို့က လက်မခံကြသေးဘဲ ထိုအစား မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် ကြိုးစားကြလျှင် ယင်းမှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (စိတ်နှလုံးမာကျောခြင်းဖြစ်သည်။) မှန်၏။ ဤသည်မှာ စိတ်နှလုံးမာကျောခြင်းဖြစ်သည်။ အခြားလူတို့ရှေ့တွင် ဤစိတ်နှလုံးမာကျောသော စိတ်သဘောထားမျိုးက မည်သို့ ထင်ရှားသည်ဖြစ်စေ၊ ထိုသို့သော သဘောထားက မည်သည့်ဆက်စပ်အခြေအနေများတွင် ထုတ်ဖော်သည်ဖြစ်စေ ဤသည်မှာ စိတ်နှလုံးမာကျောသော စိတ်သဘောထားရှိသည့် လူတစ်ဦးဖြစ်သည်။ လူတို့အနေဖြင့် မည်မျှ ဉာဏ်များကာ ဟန်ဆောင်ကြသည်ဖြစ်စေ ဤစိတ်နှလုံးမာကျောသော စိတ်သဘောထားက အလွယ်တကူပေါ်လွင်သည်။ လူတို့အနေဖြင့် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်မရှင်ကြသောကြောင့်၊ ပြီးလျှင် လူတို့ရှေ့တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူအားလုံးက ဘုရားသခင်ရှေ့တွင် အသက်ရှင်ကြပြီး လူတိုင်းသည် ဘုရားသခင်၏ စိစစ်မှုအောက်တွင် ရှိ၏။ တစ်စုံတစ်ဦးက ပုံမှန်အားဖြင့် ဇွတ်တရွတ်နိုင်လျှင်၊ အကျင့်ပျက်၊ အထိန်းအကွပ်မဲ့ကာ ဤစိတ်ထားများနှင့် ဤဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းများရှိလျှင် ဤအရာကို ၎င်းတို့ ခံစားမိသည့်အခါတွင်ပင် ၎င်းတို့ နောက်ပြန်မလှည့်ပါက ပြီးလျှင် ထိုအရာကို ၎င်းတို့ သတိပြုမိသည့်အခါ နောင်တမရပါက၊ မိတ်သဟာယပြုရန် ဖွင့်ဟခြင်းမရှိ သို့မဟုတ် ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းမရှိပါက ဤသည်မှာ စိတ်နှလုံးမာကျောခြင်း ဖြစ်သည်။ စိတ်နှလုံးမာကျောခြင်း၏ သရုပ်သကန်များအရ မတူကွဲပြားသည့် နှစ်မျိုးနှစ်စားရှိသည်။ “ခေါင်းမာခြင်း” နှင့် “ခက်ထန်ခြင်း” ဖြစ်သည်။ “ခေါင်းမာခြင်း”သည် အလွန်ခေါင်းမာခြင်း၊ မိမိလမ်းကြောင်းကို မပြောင်းလဲခြင်းနှင့် မနူးညံ့ခြင်းကို ဆိုလိုသည်။က “ခက်ထန်ခြင်း”ဟူသည်မှာ အခြားလူများက မထိပါးဝံ့သကဲ့သို့ ထိုသို့ထိပါးသောအခါ နာကျင်မှုခံစားရသည်ဟု ဆိုလိုသည်။ ပုံမှန်အားဖြင့် လူတို့သည် ခက်ထန်သည့်အရာများနှင့် မထိတွေ့လိုကြသကဲ့သို့ပင် စိတ်နှလုံးမာကျောသည့် စိတ်သဘောထားရှိသော သူတို့နှင့် ထိတွေ့ဆက်ဆံလိုခြင်းမရှိကြဘဲ ထိုသို့ ထိတွေ့ဆက်ဆံမိသည့်အခါ ကသိကအောက်ဖြစ်ကြရသည်။ လူတို့က နူးညံ့သည့်အရာများကို နှစ်သက်ကြသည်။ နူးညံ့သည့်အရာများ၏ မျက်နှာပြင်အသားက လူတို့ကို သက်သောင့်သက်သာ ခံစားရစေပြီး ၎င်းတို့အတွက် ပျော်ရွှင်မှုဖြစ်စေသော်လည်း စိတ်နှလုံးမာကျောခြင်းက ဆန့်ကျင်ဘက် အတိအကျဖြစ်လေသည်။ စိတ်နှလုံးမာကျောခြင်းက လူတို့အား သဘောထားတစ်ခုကို ပြသစေပြီး ဤသဘောထားက ခေါင်းမာခြင်းနှင့် အလျှော့မပေးခြင်းတို့ဖြစ်သည်။ ဤတွင် မည်သည့်စိတ်သဘောထားက ပါဝင်ပတ်သက်နေသနည်း။ စိတ်နှလုံးမာကျောသည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ လူတစ်ဦးက တစ်စုံတစ်ရာကို ကြုံရသည့်အခါ ၎င်းတို့၏ ဤသဘောထားက မကောင်းသကဲ့သို့ မှန်ကန်ခြင်းမရှိသည်ကို ၎င်းတို့သိသော်လည်း သို့မဟုတ် ခံစားချက်ရေးရေးတစ်ခုရှိသော်လည်း ၎င်းတို့သည် “တစ်စုံတစ်ဦးက သိရှိသွားလျှင်ရော အဘယ်သို့နည်း။ ဤသည်မှာ ငါဖြစ်သည့်ပုံစံဖြစ်သည်”ဟု စဉ်းစားရန် ၎င်းတို့၏ စိတ်နှလုံးမာကျောသည့် စိတ်သဘောထားက လှုံ့ဆော်လေသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့က ပြဿနာကို အလေးအနက် သဘောမထားကြပေ၊ ဤသဘောထားက ဆိုးသည် သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်သည်၊ စာတန်ထံမှလာသည် သို့မဟုတ် စာတန်၏ စိတ်သဘောထား ထုတ်ဖော်ခြင်းတစ်ခုဖြစ်သည်ဟု ၎င်းတို့ မစဉ်းစားကြချေ။ ဘုရားသခင်က ထိုအရာကို မည်သို့မြင်ပြီး မည်မျှစက်ဆုပ်သည်ကို ၎င်းတို့ မခံစားမိ၊ သဘောမပေါက်ကြချေ။ ယင်းမှာ ဤပြဿနာ၏ပြင်းထန်မှု ဖြစ်သည်။ စိတ်နှလုံးမာကျောခြင်း စိတ်သဘောထားက ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုအရာက လူတို့အား သမ္မာတရားကိုလက်ခံရန် ခက်ခဲစေပြီး နောင်တရရန် သာ၍ပင် ခက်ခဲစေသည်။ စာတန်ဆန်သော စိတ်သဘောထားအားလုံးက အပျက်သဘောဆောင်သော အရာများဖြစ်သည်။ ထိုအရာအားလုံးကို ဘုရားသခင်ကမုန်းပြီး ထိုအရာများတစ်ခုမျှ အပြုသဘောဆောင်သောအရာများ မဟုတ်ပေ။

လှည့်ဖြားခြင်း၊ မာနထောင်လွှားခြင်းနှင့် စိတ်နှလုံးမာကျောခြင်းတည်းဟူသော ငါ ယခုတင် ဖော်ပြခဲ့သည့် စိတ်သဘောထား သုံးမျိုးသည် သေစေနိုင်သော အရာများသာ ဖြစ်သည်။ သင့်အနေဖြင့် အခြားလူတို့ထံ မာနထောင်လွှားမှု၊ လှည့်ဖြားခြင်း သို့မဟုတ် စိတ်နှလုံးမာကျောခြင်းကို ထုတ်ဖော်လျှင် သင့်ထံ၌ မကောင်းသည့် စိတ်သဘောထား သို့မဟုတ် ညံ့ဖျင်းသည့် လူ့သဘာဝ ရှိရုံမျှသာဖြစ်ပေသည်။ သင်သည် ဘုရားသခင်ထံ မာနထောင်လွှားမှု၊ လှည့်ဖြားခြင်း သို့မဟုတ် စိတ်နှလုံးမာကျောခြင်းကို ထုတ်ဖော်လျှင်မူ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားဖွယ် ရှိပေသည်။ သင် နောင်တမရလျှင် အလွန် အန္တရာယ်များလိမ့်မည်။ သင်သည် အခြားလူများရှေ့တွင် ဤစိတ်သဘောထားကို ထုတ်ဖော်လျှင် ၎င်းတို့က အလေးအနက် သဘောမထားကြပေ။ သင်သည် ဤစိတ်သဘောထားများကို ဘုရားသခင်ရှေ့တွင် အလားတူ ထုတ်ဖော်လျှင် ဘုရားသခင်ကို သင် အတိုက်အခံလုပ်ကာ သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေမိလိမ့်မည် ဖြစ်သည်။ ထိုအရာက ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း သို့မဟုတ် တမင်သက်သက် လုပ်ဆောင်ခြင်း ဖြစ်လိမ့်မည် မဟုတ်သော်လည်း သင်၏ စာတန်ဆန်သော သဘာဝ၏ စိုးမိုးမှုအောက်တွင် ဤအရာကို သင် အလိုအလျောက် လုပ်ဆောင်မိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်သည့်အခါ သင့်ကိုယ်သင် ပြန်လည်သုံးသပ်နိုင်ခြင်း မရှိသကဲ့သို့ သမ္မာတရားဖြင့် ထိုအရာကို မဖြေရှင်းနိုင်ပါက အနှေးနှင့်အမြန်ဆိုသလို ထိုအရာက ရောဂါတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဤရောဂါဟောင်းက ပြန်ပေါ်သည်နှင့်တစ်ပြိုင်နက် အလွန် ဒုက္ခပေးလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ထပ်တလဲလဲ ပုန်ကန်ပြစ်မှားလျှင် သင် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။

ငါ ယခုတင် ပေးခဲ့သည့် ဥပမာတွင် ထိုလူက မည်သည့် အခြားသော စိတ်သဘောထားကို ပြသသနည်း။ (သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်။) သူက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်ဟု မည်သည့် အပိုင်းက ပြသသနည်း။ အပြင်ပန်းအားဖြင့် သူသည် သမ္မာတရားကို ချစ်၏၊ ဘုရားသခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆို၊ သူ၏ တာဝန်ဖြစ်သည့် မည်သည့်အရာကိုမဆို၊ ပြီးလျှင် အသင်းတော် အလုပ်နှင့်ဆိုင်သည့် နယ်ပယ်အတွင်းတွင် အကျုံးဝင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် သူ့မှာ တာဝန်ရှိသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် သူသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်ဟု အဘယ်သို့ ပြော၍ရနိုင်သနည်း။ (သမ္မာတရားကို သူ မည်သည့်အခါတွင်မျှ မရှာဖွေခဲ့ပါ။) သမ္မာတရားကို မည်သည့်အခါတွင်မျှ သူ မရှာဖွေခဲ့ပေ။ ယင်းမှာ သိသာသည့် သက်သေအထောက်အထား ဖြစ်သည်။ ထို့ကြောင့် အသေးစိတ် အချက်အလက်များအရ သူက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း မည်သည့် သရုပ်သကန်များက ပြသနည်း။ (ဘုရားသခင် တောင်းဆိုသည့်အရာက သူ၏ ကိုယ်ပိုင် အလိုဆန္ဒနှင့် ကွဲလွဲသည့်အခါ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမည့်အစား သူ၏ ကိုယ်ပိုင် အလိုဆန္ဒကို လိုက်လျှောက်ရန် သူ ရွေးချယ်ခဲ့ပါသည်။) ထိုအရာများမှာ အသေးစိတ်အချက်များ ဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားသည် လူတို့တွင် အဓိကအားဖြင့် မည်သို့ ထင်ရှားသနည်း။ အပြုသဘောဆောင်သည့်အရာများကို ၎င်းတို့ မြင်သည့်အခါ သမ္မာတရားဖြင့် အကဲဖြတ်ခြင်း မရှိကြ အကဲဖြတ်ရန် မည်သည့်အရာကို ၎င်းတို့ အသုံးပြုကြသနည်း။ အကဲဖြတ်ရန်နှင့် ဤအရာကို ပုံစံဖြင့် လုပ်ဆောင်ထားသလော၊ ထိုအရာ၏ ပုံစံက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ထိုအရာသည် မည်မျှ အထင်ကြီးလောက်စရာ ဖြစ်သည်ဆိုသည်တို့ကို မြင်ရန် စာတန်၏ တွေးခေါ်မှုအလေ့အထကို အသုံးပြုကြသည်။ ၎င်းတို့သည် လူတို့ကို စာတန်က သုံးသပ်ရန် အသုံးပြုသည့် နည်းစနစ်များဖြင့် အရာရာကို အကဲဖြတ်ကြသည်။ ယင်းမှာ ဘာသာတရားမရှိသူများက လူတို့ကို သုံးသပ်ရန် အသုံးပြုကြသည့် စည်းမျဉ်းများနှင့် နည်းစနစ်များ ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ မရှာဖွေကြသကဲ့သို့ ၎င်းတို့ လုပ်ရပ်အားလုံး၏ စမှတ်မှာ သမ္မာတရားကို ဘေးဖယ်ထားရင်း မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်အမြင်များ၊ ပြီးလျှင် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် ၎င်းတို့ သဘောပေါက်ပြီးဖြစ်သည့် အသိပညာတို့ကို အသုံးပြုလျက် အကဲဖြတ်ရန် ဖြစ်သည်။ ယင်းမှာ အရာရာကို ၎င်းတို့ လုပ်ဆောင်ပုံ ဖြစ်သည်။ မိမိတို့၏ တိုင်းတာသည့်စနစ်အဖြစ် လူသား ရှုထောင့်အမြင်များနှင့် စာတန်၏ တွေးခေါ်မှုအလေ့အထကို အသုံးပြုကြပြီး အကဲဖြတ်ရင်း အကဲဖြတ်ပြီးသည့်နောက်တွင် ၎င်းတို့အမြင်၌ အခြားမည်သူမျှ ၎င်းတို့လောက် မတော်ဟုလည်းကောင်း၊ ၎င်းတို့ အကောင်းဆုံး ဖြစ်သည်ဟုလည်းကောင်းမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ရှိကြသလော။ သမ္မာတရား၏ စည်းမျဉ်းများ တစ်ခုတလေ ရှိသလော။ မရှိ၊ တစ်ခုမျှမရှိပေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ မမြင်ကြ၊ သမ္မာတရားက အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွ့ကျမှုဖြစ်သည်ကို ၎င်းတို့ မမြင်ကြ။ သမ္မာတရားက အရာခပ်သိမ်း အထက်တွင်ရှိသည်ကို မမြင်ကြသောကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို အလိုအလျောက် အထင်သေးကြပြီး ဘုရားသခင် လူ့ဇာတိခံခြင်း၏ ဝတ်စားဆင်ယင်ပုံ၊ စကားနှင့် ကိုယ်ဟန်အမူအရာတို့အကြောင်းကို အယူအဆများ အမြဲရှိကြလေသည်။ ထို့ကြောင့် ကြာမြင့်သောထိတွေ့ဆက်ဆံမှု ပြီးသည့်နောက်တွင် ၎င်းတို့က “ကိုယ်တော်သည် ကျွန်ုပ် စိတ်ကူးသလောက် သိက္ခာမရှိ၊ ဘုန်းအာနုဘော် မရှိသကဲ့သို့ နက်နဲသိမ်မွေ့ခြင်း မရှိပါ။ ကျွန်ုပ်လောက် အဆင့်အတန်းပင် မရှိပါ။ ကျွန်ုပ် ဤနေရာတွင် ရပ်သည့်အခါ ကျွန်ုပ်သည် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး၏ ဟန်ပန်အရှိန်အဝါ ရှိသည် မဟုတ်လော။ ကိုယ်တော်က သမ္မာတရားကို ပြောသော်လည်း ကိုယ်တော်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တူသည့်အရာ တစ်ခုမျှ ကျွန်ုပ် မတွေ့ပါ။ ကိုယ်တော်က သမ္မာတရားအကြောင်း အမြဲ ပြောသည်၊ လက်တွေ့ကျမှုထဲ ဝင်ရောက်မှုအကြောင်း အမြဲ ပြောသည်၊ နက်နဲမှုအချို့ကို အဘယ်ကြောင့် ကိုယ်တော် မဖွင့်ဟသနည်း။ တတိယ ကောင်းကင်နှင့်ဆိုင်သော ဘာသာစကားဖြင့် အဘယ်ကြောင့် အနည်းငယ် စကားမပြောပါသနည်း”ဟု တွေးကြလေသည်။ ဤသည်မှာ အမှုအရာများအပေါ် မည်သည့် တွေးခေါ်မှုအလေ့အထနှင့် ရှုထောင့်အမြင်မျိုး ဖြစ်သနည်း။ (အမှုအရာများအပေါ် စာတန်၏ ရှုထာင့်အမြင်ဖြစ်သည်။) ဤသည်မှာ စာတန်ထံမှ လာ၏။ ဤအရာများကို ငါ မည်သို့ ချဉ်းကပ်သည်ကို သင်တို့ တွေးထင်သနည်း။ (ကိုယ်တော်သည် ဤလူစားမျိုးကို စက်ဆုပ်ပြီး သူတို့နှင့် ကိုယ်တော် ဆက်ဆံရန် မလိုလားပါ။) သင်တို့ မှားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသို့သော လူတစ်ဦးကို ငါကြုံရသည့်အခါ ငါသည် ပုံမှန်အားဖြင့် သူတို့နှင့် ရင်းနှီးအောင်နေကာ မိတ်သဟာယပြုမည်ဖြစ်ပြီး ငါ တတ်နိုင်သည့်အရာကို ထောက်ပံ့ကာ တတ်နိုင်သမျှ ကူညီမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် အလျှော့မပေးတတ်သကဲ့သို့ ခေါင်းမာကြလျှင် ငါသည် ၎င်းတို့နှင့် ပုံမှန်အားဖြင့် သင့်မြတ်အောင် နေနိုင်မည်သာမက ၎င်းတို့နှင့်အတူ အမှုအရာများကိုလည်း ဖြစ်နိုင်သမျှ ဆွေးနွေးမည်ဖြစ်သည်။ ငါက “အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းက အလုပ်ဖြစ်သည်ဟု သင် ထင်သလော။ ဤနည်းစနစ်များထဲမှ သင့်အနေဖြင့် သင့်လျော်သည်ဟု ခံစားရသည့် မည်သည့်အရာကိုမဆို အသုံးပြုလော့၊ ပြီးလျှင် တစ်ခုမျှ မသင့်လျော်ဟု သင် ခံစားရလျှင် ဤပြဿနာကို ဖြေရှင်းရန် သင်၏ ကိုယ်ပိုင် နည်းလမ်းကို စဉ်းစားလော့”ဟု ပြောမည်။ ဤလူစားမျိုးက မိမိကြီးမြတ်သည်ဟု ပိုတွေးထင်လေ ငါသည် ဤပုံစံဖြင့် ၎င်းနှင့် အဆင်ပြေလေဖြစ်သည်။ မည်သူရှေ့တွင်မျှ ငါ ဟိတ်ဟန်ထုတ်မည် မဟုတ်။ တစ်လုံးက ပိုမြင့်ပြီး တစ်လုံးက ပိုနိမ့်သည့် ထိုင်ခုံနှစ်လုံးရှိလျှင် မြင့်သည့်ခုံတွင် ၎င်းတို့ကို ငါ ထိုင်ခွင့်ပေးမည်ဖြစ်ပြီး နိမ့်သည့်ခုံတွင် ငါထိုင်မည်ဖြစ်သည်။ ငါသည် ၎င်းတို့ကို ခေါင်းမော့လျက် စကားပြောမည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့ကို အရှက်ရစေမည်ဖြစ်ကာ ၎င်းတို့ သမ္မာတရားကို မပိုင်ဆိုင်ကြောင်း၊ ၎င်းတို့သည် နုံချာပြီး သနားဖွယ်ဖြစ်ကြောင်း၊ ထုံထိုင်းပြီး ဉာဏ်ထိုင်းကြောင်းကို ဖြည်းဖြည်းချင်း သဘောပေါက်စေမည်။ ဤနည်းစနစ်ကို သင် အဘယ်သို့ တွေးထင်သနည်း။ (ကောင်းပါသည်။) သို့ဆိုလျှင် ငါသည် ၎င်းတို့ကို လက်သင့်မခံဘဲနေမည်ဆိုလျှင် ယင်းမှာ ၎င်းတို့အတွက် ကောင်းမည်လော။ အမှန်တွင် ထိုအရာနှင့်ပတ်သက်၍ ဘာမျှ မမှားသော်လည်း ၎င်းတို့အတွက် မည်သည့်အကျိုးမျှပြုမည် မဟုတ်ပေ။ ဘုရားသခင်ကို စစ်မှန်ရိုးသားမှု အချို့ဖြင့် ၎င်းတို့ ယုံကြည်လျှင် လူ့သဘာဝအချို့ ပိုင်ဆိုင်ပြီး ကယ်တင်ခံရနိုင်လျှင် ၎င်းတို့နှင့် ဆက်ဆံရန် ငါ့အတွက် အဆင်ပြေသည်။ နောက်ဆုံး တစ်နေ့တွင် သမ္မာတရားကို ၎င်းတို့ သိနားလည်ပါက ပိုနိမ့်သည့်ထိုင်ခုံတွင် ထိုင်ရန် ၎င်းတို့ကိုယ်တိုင် ရွေးချယ်ကြလိမ့်မည်ဖြစ်ပြီး မော်ကြွားကြတော့မည် မဟုတ်ချေ။ ၎င်းတို့ကို ငါ ဂရုမစိုက်ဘဲနေလျှင် ၎င်းတို့အနေဖြင့် မိုက်မဲသည့်အရာများကို ပြောဆို၊ လုပ်ဆောင်ရင်း ဤသို့ ထာဝရ မသိနားမလည်ဖြစ်ကာ စဉ်းစားဉာဏ်ကင်းမဲ့ နေကြလိမ့်မည်ဖြစ်ပြီး ချွတ်ခြုံကျကာ သနားဖွယ်ဖြစ်လျက် စဉ်းစားဉာဏ်ကင်းမဲ့သော လူတစ်ဦး အမြဲ ဖြစ်ကြလိမ့်မည်။ ယင်းမှာ သမ္မာတရား မလိုက်စားသည့် လူတို့၏ အကျည်းတန်သော အခြေအနေဖြစ်သည်။ လူတို့သည် အပြုသဘောဆောင်သည့်အရာများကို အထင်သေးကာ စက်ဆုပ်ကြပြီး ရိုးသားသည့်၊ ချစ်ခင်တတ်ပြီး သမ္မာတရားကို အမြဲ လက်တွေ့လုပ်ဆောင်သော်လည်း တစ်ခါတစ်ရံ ဉာဏ်ပညာမဲ့သည့် တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ မိမိတို့ စိတ်နှလုံးထဲမှ ထိုသူကို အဖက်မတန်ဟု သဘောထားကြသည်။ ထိုသို့သော လူတစ်ဦးသည် အချည်းနှီးဖြစ်ပြီး အသုံးမကျသူတစ်ဦးဖြစ်သော်လည်း ၎င်းတို့ ကိုယ်တိုင်ကမူ လိမ္မာပါးနပ်သည်၊ အပိုင်ကြံရာတွင် တော်သည်၊ ပရိယာယ်ဆင်ပြီး ကျိတ်ကြံရာတွင် ကျွမ်းကျင်သည်၊ နည်းဗျူဟာများနှင့် ဆုကျေးဇူးများရှိပြီး တတ်စွမ်းနိုင်ကာ စကားအရာ ချေငံပြေပြစ်သည်ဟု တွေးထင်ကြသည်။ ဤအရာက ၎င်းတို့အား ဘုရားသခင်၏ ကယ်တင်ခြင်း၏ ဦးတည်ရည်မှန်းသောသူ ဖြစ်စေသည်ဟု တွေးထင်ကြသော်လည်း အမှန်တွင် ဆန့်ကျင်ဘက် ဖြစ်၏။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မနှစ်သက်သကဲ့သို့ အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထား ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “မတူညီသည့် အမျိုးအစားနှစ်ခုရှိသည်။ ‘ခေါင်းမာခြင်း’နှင့် ‘ခက်ထန်ခြင်း’” ဆိုသည့် စကားစု မပါဝင်ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။