မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄၃)
စုဝေးပွဲများသည် သမ္မာတရားအပေါ် မကြာခဏ မိတ်သဟာယဖွဲ့ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိစစ်သော်လည်း မိမိကိုယ်ကို သိမြင်ခြင်းအကြောင်းပြောပြီး လူတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် အပြုအမူများအကြောင်းကို ဆွေးနွေးသော်လည်း ယခုတွင် မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မသိသောလူများစွာ ရှိသေးသည်။ လူအချို့သည် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ကိုသာ အသိအမှတ်ပြုသော်လည်း ယင်းကို ၎င်းတို့ ထုတ်ဖော်သောအခါ မသိကြပေ။ လူအချို့တွင် သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်သောအခါ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး ဘုရားပြောသည့်အရာက လက်တွေ့ကျသည်ကို အသိအမှတ်ပြုကြသည်။ သို့ရာတွင် ၎င်းတို့အပေါ်သို့ အမှုအရာများကျရောက်သောအခါ ၎င်းတို့၏ နားလည်မှုက အပေါ်ယံဆန်လာသည်။ ၎င်းတို့သည် အဆင်ပြေနေသေးသည်ဟုလည်းကောင်း၊ လူကောင်းဖြစ်နေဆဲ ဖြစ်သည်ဟုလည်းကောင်း အစဉ်ယုံကြည်ကြပြီး ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအနည်းငယ်ရှိသည်ဟု ယုံကြည်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို လူကောင်းအုပ်စုထဲ ထည့်ထားကြဆဲဖြစ်၏။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သဘာဝကို မသိပေ၊ သို့မဟုတ် ယင်းက မည်သည့်အကျိုးဆက်များ ဖြစ်စေမည်ကို မသိပေ။ ဤသည်မှာ မိမိကိုယ်ကိုသိမြင်ခြင်း အမှန်တကယ် ဖြစ်သလော။ လူတို့သည် ဘုရားသခင်ကို နှစ်အနည်းငယ်ကြာ ယုံကြည်ပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ တရားဒေသနာများနှင့် မိတ်သဟာယကို နားထောင်ခြင်း၊ ထို့အပြင် ပြုပြင်ခံရခြင်းတို့မှတစ်ဆင့် ၎င်းတို့အများစုမှာ နောက်ဆုံးတွင် ၎င်းတို့၏ လူ့သဘာဝက မကောင်းသည်ကိုလည်းကောင်း၊ ၎င်းတို့တွင် အမှန်ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားကို ချိုးဖောက်ကာ ဘုရားသခင်ကို ဆန့်ကျင်သောအရာများအား လုပ်ဆောင်နိုင်သည်ကိုလည်းကောင်း ရှင်းလင်းစွာ မြင်ကြသည်။ သို့ရာတွင် လူများစွာတို့က ဤအရာကို အမှန်တကယ် မသိမြင်ကြပေ။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်သည်ဟုလည်းကောင်း၊ စာတန်များ ဖြစ်သည်ဟုလည်းကောင်း၊ ကျိန်ဆဲခြင်းခံရသင့်သည်ဟုလည်းကောင်း နှုတ်အားဖြင့် အသိအမှတ်ပြုခြင်းသာ ဖြစ်သည်။ ဤနားလည်မှုမျိုးက လက်တွေ့ကျသလော၊ သို့မဟုတ် လက်တွေ့မကျသလော။ ယင်းသည် စိတ်နှလုံးမှလာသောအရာတစ်ခု ဖြစ်သလော။ ယင်းသည် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးခြင်းကြောင့် ပြောသောအရာတစ်ခု ဖြစ်သလော။ ဥပမာ တကယ့်အလုပ်ကို မလုပ်ခြင်းကြောင့် အထုတ်ခံရသော ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးရှိပြီး ထိုသူသည် သူ၏ “နောင်တ”ကို လူတိုင်းအား ပြရန်အတွက် နောင်တရသည့်စာကို ရေးသည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို စိတ်ပျက်စေပြီး ဘုရားသခင်အပေါ် အကြွေးတင်သည်။ ကျွန်ုပ်သည် သူ၏ ကယ်တင်ခြင်း၊ သို့မဟုတ် သူ၏ အပင်ပန်းခံသော စောင့်ရှောက်မှု၊ အားထုတ်မှုတို့နှင့် မထိုက်တန်ပါ။ ကျွန်ုပ်သည် မကောင်းဆိုးဝါးဖြစ်သည်။ စာတန်ဖြစ်သည်။ ကျွန်ုပ်၏ လူ့သဘာဝသည် ဆိုးသည်။ ကျိန်ဆဲခြင်းခံရသင့်သည်။ ငရဲသို့သွားပြီး ပျက်စီးသင့်သည်” ဟူ၍ ဖြစ်သည်။ ဤနောင်တစာတွင် စာကြောင်းတိုင်း၌ မိမိကိုယ်ကို ငြင်းဆန်ပြီး ရှုတ်ချသည်။ ဘာသာတရားမရှိသူတစ်ယောက်က လုံးဝ ပြောမည်မဟုတ်သည့် စကားများကို ပြောသည်။ သူသည် မကောင်းဆိုးဝါးနှင့် စာတန်ဖြစ်သည်ဟု အသိအမှတ်ပြုသော်လည်း ဤစကားတစ်ခုတလေက မှန်ကန်သလော။ (မမှန်ကန်ပါ။ မည်သည့်ဖောက်ပြန်ပျက်စီးမှုများအား ထုတ်ဖော်ခဲ့သည်ကိုလည်းကောင်း၊ မည်သည့်မကောင်းသောအရာများအား လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ သို့မဟုတ် အသင်းတော်၏ အလုပ်အပေါ် မည်သည့်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်ကိုလည်းကောင်း ထုတ်မပြောပါ။) အမှန်တကယ် ဖြစ်သောအခြေအနေ၊ သို့မဟုတ် သူ၏ စိတ်နှလုံး၌ မည်သည့်အရာ ရှိသည်ဆိုသည်ကို ရှင်းပြသည့် စာကြောင်းတစ်ခုပင်မရှိ။ ယင်းတို့အားလုံးက အနှစ်မရှိသော စကားများဖြစ်သည်။ ဤသည်မှာ မှန်ကန်သော နားလည်မှု ဟုတ်သလော။ (မဟုတ်ပါ။) မှန်ကန်သော နားလည်မှုမဟုတ်လျှင် သူသည် ဖောက်ပြန်ပျက်စီးသည်ကို အသိအမှတ်ပြုသလော။ (မပြုပါ။) ထိုသူအတွက် အဓိပ္ပာယ်သတ်မှတ်ကြစို့။ ဤလူသည် သူ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်မပြု။ နောင်တရသည့်စာကိုရေးပြီး အပေါ်ယံတွင် သူသည် မိမိကိုယ်ကိုသိပြီး မိမိ၏ ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်ပြုသည့်ပုံစံရှိသည်။ ထိုအချိန်မှစပြီး သူသည် နေ့စဉ်အသက်တာ၌ မည်သို့ပြုမူသည်၊ နောက်ကွယ်ရှိ သူ၏ တကယ့်အပြုအမူက ပြောင်းလဲပြီးခြင်း ရှိမရှိတို့ကို သင်ကြည့်သင့်သည်။ ထိုအခါမှသာ တိကျမှန်ကန်သောကောက်ချက်ကို သင်ချနိုင်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုအား အမှန်တကယ် အသိအမှတ်ပြုသည်ဆိုသည်ကိုလည်းကောင်း၊ မိမိကိုယ်ကို အမှန်တကယ် သိသည်ဆိုသည်ကိုလည်းကောင်း မည်သည့်အပြုအမူများမှ ငါတို့ မြင်နိုင်သနည်း။ (လူတစ်ဦးသည် မိမိကိုယ်ကို အမှန်တကယ် နားလည်ပြီးနောက်တွင် အမှန်တကယ် ပြောင်းလဲမှုများ ရှိလိမ့်မည်။) ဤသည်မှာ မှန်ကန်သည်။ လူတစ်ဦးတွင် အမှန်တကယ်ပြောင်းလဲမှု ရှိမရှိကို ဘုရားသခင် ကြည့်သည်။ လူတစ်ဦးသည် နောင်တရသည့်စာကို ရေးပြီး သူ၏စကားများက စစ်မှန်သည့်ပုံစံရှိကာ သူသည် စစ်မှန်သောနားလည်မှုရှိသည့်ပုံစံရှိလျှင် သူသည် အမှန်တကယ် နောင်တရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သူသည် အမှန်တကယ် နောင်တရပြီးဖြစ်သည်ဟု သက်သေပြနိုင်သလော။ မပြနိုင်ပေ။ ထိုသူတွင် စစ်မှန်သောပြောင်းလဲမှုရှိမရှိကို ကြည့်ရမည်။ ဤသည်မှာ အရေးပါဆုံးသော ကဏ္ဍဖြစ်သည်။ သို့သော် ထိုသူသည် အထုတ်ခံရပြီးနောက်တွင် ညီအစ်ကိုမောင်နှမများရှေ့၌ မကြာခဏ မိမိကိုယ်ကို မှန်ကန်ကြောင်းပြဆိုပြီး ခုခံသည်။ ဤသည်မှာ သူ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်မပြုသေးခြင်း၊ မိမိကိုယ်ကို အမှန်တကယ်နားလည်မှုမရှိခြင်းနှင့် ညီမျှသည်။ နောက်ကွယ်တွင် သူ၏ အာခံမှု၊ မိမိကိုယ်ကို ခုခံမှု၊ မှန်ကန်ကြောင်းပြဆိုမှုတို့က ဤအချက်ကို အတည်ပြုပြီး ဖြစ်သည်။ ထို့အပြင် အထက်က သူ၏လုပ်ရပ်များကို စိစစ်ပြီး သူသည် အန္တိခရစ်ဖြစ်သည်၊ အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်၊ အမှန်တကယ်ဖြစ်သော အလုပ်ကို မလုပ်သူဖြစ်သည်ဟု ဆိုသောအခါ၌ အထက်က ဖော်ထုတ်သည်ကို ခံရခြင်းအပေါ် သူ၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ သူသည် အကြောင်းပြသည်။ မိမိကိုယ်ကို ခုခံပြီး မှန်ကန်ကြောင်းပြဆိုသည်။ ဤအမှုကိစ္စများကို နေရာတိုင်း၌ ရှင်းလင်းပြသည်။ အမှန်တကယ်ဖြစ်သော အလုပ်ကို မလုပ်သည်ကိုလည်းကောင်း၊ အစွမ်းအစ ချို့တဲ့သည်ကိုလည်းကောင်း၊ သမ္မာတရားအား နားမလည်သည်ကိုလည်းကောင်း၊ အယောင်ဆောင်ခေါင်းဆောင် ဖြစ်သည်ကိုလည်းကောင်း အသိအမှတ်မပြုပေ။ ဤအသိအမှတ်မပြုခြင်းနှင့် မိမိကိုယ်ကို ခုခံခြင်းနောက်ကွယ်တွင် မည်သည့် စိတ်သဘောထားမျိုးရှိသနည်း။ ဤသည်မှာ စိတ်နှလုံးခိုင်မာပြီး မာနထောင်လွှားသော စိတ်သဘောထားမျိုး၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သော စိတ်သဘောထားဖြစ်သည်။ သူ၏နောင်တရသည့်စာကို ရေးသောအခါတွင် သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်နှင့် မထိုက်တန်ဘဲ ဘုရားသခင်အပေါ် အကြွေးတင်သည်ဟုလည်းကောင်း၊ သူ၏ လူ့သဘာဝက မကောင်းဟုလည်းကောင်းဆိုသော်လည်း ဤအရာကို အသိအမှတ်ပြုပြီးပြီးချင်းတွင် သူ၏ ပုံစံဟောင်းများဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ဤတွင် မည်သည့်အရာ ဖြစ်နေသနည်း။ (သူ၏ အသိအမှတ်ပြုခြင်းက မမှန်ကန်ပါ။) မည်သည့်အရာက သူ၏ အမှန်တကယ် ရပ်တည်ချက်ဖြစ်သနည်း။ သူ၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုက အဘယ်နည်း။ (မိမိကိုယ်ကို ခုခံခြင်းနှင့် မှန်ကန်ကြောင်းပြဆိုခြင်း ဖြစ်သည်။) သူ၏ နောက်ကွယ်တွင် မှန်ကန်ကြောင်းပြဆိုခြင်းနှင့် မိမိကိုယ်ကို ခုခံခြင်း၊ သူ၏ နေရာတကာတွင် မိမိကိုယ်ကို ရှင်းပြခြင်းသည် သူ၏ အမှန်တကယ် ရပ်တည်ချက်ဖြစ်သည်။ ဤသည်မှာ သူသည် အမှန်တကယ်ဖြစ်သော အလုပ်ကို မလုပ်နိုင်သည်ကိုလည်းကောင်း၊ သမ္မာတရားစစ်မှန်မှုမရှိသည်ကိုလည်းကောင်း အသိအမှတ်မပြုကြောင်းကို သက်သေမပြသလော။ သူသည် လုံးဝ အသိအမှတ်မပြုပေ။ ထိုသူသည် ဤအရာကိုပင် အသိအမှတ်မပြုလျှင် မိမိကိုယ်ကို အမှန်တကယ်သိသလော။ မိမိကိုယ်ကို မသိလျှင် သူ့ကိုယ်သူ နတ်ဆိုးတစ်ကောင်နှင့် စာတန်အဖြစ် သရုပ်ဖော်ပြခြင်းသည် လူတို့ကို အထင်အမြင်မှားစေခြင်း မဟုတ်သလော။ ဤသို့ဆိုလျှင် သူ့ကိုယ်သူသိခြင်းနှင့်ပတ်သက်ပြီး သူပြောသမျှတိုင်းသည် မုသားဖြစ်သည်။ အားလုံးက လှည့်ဖြားခြင်းဖြစ်သည်။ သူသည် အလုပ်ကို မလုပ်နိုင်သည်ကိုလည်းကောင်း၊ သူ၏ လူ့သဘာဝက မကောင်းသည်ကိုလည်းကောင်း အသိအမှတ်မပြုပေ။ ဤသို့ဆိုလျှင် မိမိကိုယ်ကို ရှုတ်ချသည့် ထိုစကားများကို အဘယ်ကြောင့် ပြောသေးသနည်း။ ယင်းသည် မတွေးတတ်အောင် နက်နဲသည်။ သူသည် မိမိကိုယ်ကို မသိလျှင် အဘယ်ကြောင့်သိသည်ဟု ဟန်ဆောင်ဆဲဖြစ်သနည်း။ ယင်းမှာ လူတို့ကို လိမ်ညာရန် ဖြစ်သည်။ ငါတို့ရှေ့ရှိ အချက်အလက်များက သူသည် ကြောင်သူတော်တစ်ဦးဖြစ်သည်ဆိုသည်ကို သက်သေပြပြီး ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို အသိအမှတ်ပြုသလော။ (အသိအမှတ်မပြုပါ။) အသိအမှတ်ပြုရန် ငြင်းဆိုသည်။ သူလုပ်ဆောင်ခဲ့သည့် ဤအရာများသည် မမှားယွင်းသည်ကို သက်သေပြရန် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များအား ရှာရန်ပင် အထူးအားစိုက်ထုတ်သည်။ သူသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်သည်၊ အထက်က မရှုတ်ချသင့်၊ သို့မဟုတ် မစိစစ်သင့်ဟု ယုံကြည်သည်။ သူသည် အထုတ်ခံရခြင်းကို လက်ခံနိုင်သော်လည်း ဤအရာများကြောင့် မမျှတစွာ ဆက်ဆံခံရခြင်းကို လက်မခံနိုင်။ သူ၏ အထုတ်ခံရခြင်းအတွက် အကြောင်းပြချက်က မည်သို့ဖြစ်စေ သူသည် ယင်းကို ကျိုးနွံနာခံနိုင်ပြီး လက်ခံနိုင်သည်။ သူလုပ်ဆောင်ခဲ့သည့် ဤသီးသန့်အရာများအတွက် အထုတ်ခံရခြင်းကြောင့်သာ လက်မခံနိုင်ခြင်း၊ သို့မဟုတ် မကျိုးနွံမနာခံနိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ မှန်ကန်ကြောင်းပြဆိုမှုများနှင့် မိမိကိုယ်ကို ခုခံမှု၏ အရင်းအမြစ်မဟုတ်လော။ ဤသို့သောသူတစ်ဦးသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်ခြင်းအကြောင်း ပြောဆိုသည်။ သူသည် ကျိန်ဆဲခံရသင့်ပြီး ငရဲသို့ပို့ခံရသင့်သည်ဟု ဆိုသည်။ ပြီးလျှင် ဆက်လက်၍ ငြင်းခုန်ပြီး မှန်ကန်ကြောင်းပြဆိုစဉ်တွင် ဤဆောင်ပုဒ်များကို ထပ်ခါထပ်ခါ အော်ဟစ်သည်။ သူသည် မိမိကိုယ်ကို အမှန်တကယ်သိသလော။ (မသိပါ။) ၎င်းတို့သည် နတ်ဆိုးများ၊ စာတန်များဖြစ်သည်ဟု ထပ်ခါထပ်ခါအော်ဟစ်သည်။ သို့တိုင်အောင် ၎င်းတို့၏ မှားယွင်းသောလုပ်ဆောင်မှုတစ်ခုတလေကို အသိအမှတ်မပြုကြပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကို ၎င်းတို့ အသိအမှတ်ပြုကြသလော။ (မပြုကြပါ။) ၎င်းတို့က အသိအမှတ်မပြုဟု အဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များဖြစ်ကြောင်းကို ၎င်းတို့အားလုံး အသိအမှတ်ပြုကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်းကို အဘယ်ကြောင့် ၎င်းတို့ အသိအမှတ်မပြုကြသနည်း။ မိမိတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို အသိအမှတ်ပြုခြင်း၊ သို့မဟုတ် မိမိသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ခြင်းတွင် မည်သည့်အကျိုးဆက်က ပို၍ပြင်းထန်သနည်း။ အမှန်တကယ်တွင် ၎င်းတို့သည် စာတန်များနှင့် နတ်ဆိုးများဖြစ်သည်ဟု အသိအမှတ်ပြုခြင်းသည် အခြားလူများကို အထင်အမြင်မှားစေနိုင်ပြီး ရလဒ်ကောင်းတစ်ခု ရနိုင်သည်ကိုလည်းကောင်း၊ လူတို့က ၎င်းတို့အပေါ် မည်သည့်အရာကိုမျှ ပြုလုပ်မည်မဟုတ်သည်ကိုလည်းကောင်း ၎င်းတို့နားလည်ကြသည်။ သို့ရာတွင် ၎င်းတို့သည် ၎င်းတို့၏ မှားယွင်းသောလုပ်ဆောင်မှုများကို၊ သို့မဟုတ် ၎င်းတို့၌ လူ့သဘာဝမရှိသည်ကို အသိအမှတ်ပြုလျှင် လူတို့သည် ၎င်းတို့အား ရှောင်ဖယ်ပြီး မုန်းတီးလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် လူတိုင်းကို အထင်အမြင်မှားစေပြီး အမှုအရာများကို ရှင်းလင်းပြပေးရန် ပိုစတာတွင်ရေးသားရန် ထိုက်တန်သော ဆောင်ပုဒ်တစ်ခုကို ရွေးချယ်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့သော စကားလုံးများနှင့် ဆောင်ပုဒ်များကို အော်ဟစ်ကြသနည်း။ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (၎င်းတို့က မိမိတို့ကိုယ်ကို မည်မျှသိသည်ကို လူတို့က မြင်လိမ့်မည်ဖြစ်ခြင်း ဖြစ်သည်။) တစ်ဖက်တွင် ၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်ရေးရာကို ကြွားလုံးထုတ်ကြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့က “လူတိုင်းက သူတို့သည် နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ဟု ပြောသည်။ ငါက နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သည်ဟု ဆိုလျှင် မည်သည့်အကျိုးဆက်ကိုမျှ ခံရမည်မဟုတ်ဘဲ လူတိုင်း၏ အသိအမှတ်ပြုခြင်းကိုပင် ရရှိနိုင်သည်။ အဘယ်ကြောင့် ဤသို့မလုပ်ရမည်နည်း။” ဟု တွေးသည်။ ဤသည်မှာ အဓိကမဟုတ်လော။ ဤသို့ မိမိကိုယ်ကို သိမြင်ခြင်းမျိုးသည် အလွန်ဉာဏ်မများသလော။ (ဟုတ်သည်။ ယင်းသည် အထင်အမြင်မှားစေသည်။) ဤသည်မှာ သဘောသဘာဝအားဖြင့် အထင်အမြင်မှားစေခြင်းနှင့် လိမ်ညာခြင်း ဖြစ်သည်။ ဘာသာရေးလူလိမ်တစ်ယောက်၏ လက္ခဏာများရှိသည်။ ဘာသာရေးလူလိမ်များက မည်သည့်အရာကို ပြောသနည်း။ “ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများဖြစ်သည်။ ကျွန်ုပ်တို့အားလုံး အပြစ်ပြုပြီးဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က မည်သို့မကောင်းသည်ကိုဖြစ်စေ၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့် မကောင်းသောအရာများကိုဖြစ်စေ မပြောပေ။ ၎င်းတို့က “ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများဖြစ်ပြီး နောင်တရရမည်။ သခင်ယေရှုက ကျွန်ုပ်တို့အတွက် အဖိုးတန်သောသွေးတော် မည်မျှကျခဲ့ရသည်ကို ကြည့်ပါ” ဟူ၍လည်း ဆိုသည်။ ၎င်းတို့သည် ဤစကားများဖြင့် မည်သည့်ပန်းတိုင်ကို ရလိုသနည်း။ ယင်းမှာ သူတို့ကိုယ်သူတို့ ဝိညာဉ်ရေးရာပြည့်ဝသည့် ပုံစံပေါ်စေရန် ဖြစ်သည်။ ၎င်းတို့သည် နှလုံးသားများနှင့် စိတ်များကို စည်းရုံးရန်ဖြစ်သည့် ၎င်းတို့၏ပန်းတိုင်ကို ရရှိရန် ကြွားဝါနေပြီး အခြားလူများကို ၎င်းတို့အား အထင်ကြီးစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ကို အသိအမှတ်ပြုသည်ဟု အခိုင်အမာဆိုသည့် ထိုလူများသည်လည်း ဤရလဒ်ကို ရရှိလိုသလော။ ဤသည်မှာလည်း ၎င်းတို့၏ ရည်ရွယ်ချက်မဟုတ်သလော။ ပထမတစ်ချက်ကြည့်လျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို သိမြင်သည့်ပုံစံရှိသည်။ ၎င်းတို့သည် စစ်မှန်စွာ နောင်တရသည့်လူများဖြစ်ပုံပေါ်ပြီး မိမိတို့ကိုယ်ကို နတ်ဆိုးများနှင့် စာတန်များဖြစ်သည်၊ ငရဲ၏ သားသမီးများဖြစ်သည်၊ သေခြင်းနှင့် ထိုက်တန်သည်ဟု ထုတ်ဖော်ပြောသည်။ ၎င်းတို့စကားများက လေးနက်လိုက်လေခြင်းပါတကား။ သို့သော် ၎င်းတို့က အလွန်လေးနက်စွာပြောဆိုစဉ်တွင် နောက်ကွယ်၌ ၎င်းတို့အမှန်တကယ် လုပ်ဆောင်သောအရာသည် ဤကဲ့သို့ လေးနက်သလော။ လုံးဝ မလေးနက်ပေ။ ၎င်းတို့က ဘက်နှစ်ဖက် ရှိသည့်နည်းကို အသုံးချသည်။ တစ်ဖက်တွင် ၎င်းတို့က နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ဟု လူအများရှေ့တွင် အသိအမှတ်ပြုသည်။ သို့သော် အခြားတစ်ဖက်တွင် ၎င်းတို့သည် လှည့်လည်သွားလာ၍ မည်သည့်အမှားအယွင်းမှ မလုပ်ဆောင်ခဲ့ကြောင်း ရှင်းပြလျက် မိမိတို့ကိုယ်ကို ခုခံကာ မှန်ကန်ကြောင်းပြလေသည်။ ၎င်းတို့သည် အထက်မှ တရားမမျှတစွာ ဆက်ဆံသည်ကို ခံရသည်ဟုလည်းကောင်း၊ အထက်သည် တကယ့်အခြေအနေကို သတိမပြုမိဟုလည်းကောင်း၊ ဤအရာများကို လုပ်ဆောင်ရာ၌ ၎င်းတို့သည် ကြီးမားသော ဆင်းရဲဒုက္ခနှင့် နစ်နာမှုကို တောင့်ခံကာ ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ပြီးဖြစ်၍ ဤသို့ ဆက်ဆံခြင်း မခံရသင့်ဟုလည်းကောင်း ဆိုသည်။ ကရုဏာကို ပိုမိုရရှိရန်အတွက်၊ ၎င်းတို့က မိမိတို့ကိုယ်ကို နတ်ဆိုးများနှင့် စာတန်များအဖြစ် အသိအမှတ်ပြုသည်ကိုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိမြင်သည်ကိုလည်းကောင်း၊ အထက်က ၎င်းတို့အပေါ် မမျှတသည်ကိုလည်းကောင်း၊ ၎င်းတို့သည် အသေးအဖွဲကိစ္စတစ်ခုကြောင့် အထုတ်ခံရသည်ဟုလည်းကောင်း လူတို့က မှားယွင်းစွာယုံကြည်စေရန် လုပ်ဆောင်ဖို့အတွက် ဤအရာများကို ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသိပြီး ခေါင်းဆောင်များ ဖြစ်ထိုက်သည်ဟု ထင်မြင်အောင် လုပ်ဆောင်သည်။ ၎င်းတို့သည် အမှန်တကယ်တွင် မိမိတို့ကိုယ်ကို အင်တိုက်အားတိုက် ခုခံပြီး မှန်ကန်ကြောင်းပြဆိုကြသည်။ အယောင်ဆောင်ခြင်း၊ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြဆိုခြင်း၊ ဝိညာဉ်ရေးရာ ဆောင်ပုဒ်များကို အော်ဟစ်ခြင်း၌ ကျွမ်းကျင်သောဤလူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိနိုင်သလော။ (မသိနိုင်ပါ။) ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုဆိုသည့်အရာမှာ ဖြစ်သလိုလုပ်ခြင်း၊ အခြားလူများကို လိမ်ညာခြင်း၊ အခြားလူများ အကောင်းမြင်စေရန်သက်သက်ဖြင့် ဟန်လုပ်ခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် နောင်တရပြီး မိမိတို့အပြစ်ကို ဝန်ခံရန်အတွက် ဘုရားသခင်ရှေ့မှောက်သို့ စစ်မှန်စွာ မလာကြပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား ပြုပြင်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း၊ သို့မဟုတ် ထုတ်ပယ်ခြင်းကိုပင် လက်မခံကြပေ။ ၎င်းတို့တွင် ဤသို့သော သဘောထားတစ်ခု မရှိခြင်းသာ ဖြစ်သည်။
ယခုခေတ်ကာလတွင် လူအများစု၏ အတွေ့အကြုံသည် ပေါ့တန်လွန်းပြီး ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုက နည်းပါးလွန်းသည်။ လူများစွာတို့က ၎င်းတို့၏နည်းလမ်းများနှင့် ကိုယ်ပိုင်အမှားများရှိ မှားယွင်းမှုများကိုသာ အသိအမှတ်ပြုကြပြီး အနည်းငယ်သောလူတို့သာ ၎င်းတို့၏ ညံ့ဖျင်းသောအစွမ်းအစ၊ လွဲချော်သော သဘောပေါက်နားလည်မှု၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ချို့တဲ့ခြင်းနှင့် လူ့သဘာဝ ချို့တဲ့ခြင်းတို့ကို အသိအမှတ်ပြုသည်။ ဤထက် ပို၍ပင် နည်းပါးသောလူတို့က ဘုရားသခင်၏ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များသည် အကြွင်းမဲ့ အမှန်တရားများ ဖြစ်သည်ကိုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များက ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လုံးဝ တိကျမှန်ကန်ပြီး မည်သည့်အမှားအယွင်းမျှ မရှိသည်ကိုလည်းကောင်း အသိအမှတ်ပြုဖြစ်သည်။ ဤသည်မှာ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် မသိသေးကြောင်း သက်သေဖြစ်သည်။ ၎င်းတို့က စာတန်ဆန်သော စိတ်သဘောထားများနှင့် စာတန်ဆန်သော သဘာဝတို့နှင့်အညီ နေထိုင်သည်ကို အသိအမှတ်မပြုခြင်းသည် ၎င်းတို့က မိမိတို့ကိုယ်ကို အမှန်တကယ် မသိခြင်းကို ဆိုလိုသည်။ ၎င်းတို့က မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည်ဖြစ်စေ ယင်းတို့ကို ၎င်းတို့အသိအမှတ်ပြုပေ။ ၎င်းတို့သည် ယင်းတို့ကို လျှို့ဝှက်ဖုန်းကွယ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို အခြားလူများမမြင်စေရန် တားဆီးသည်။ ဤသို့သောလူတို့သည် မိမိတို့ကိုယ်ကို အယောင်ဆောင်ရာတွင် အလွန်တော်ပြီး ကြောင်သူတော်များဖြစ်သည်။ ယခုအချိန်ကာလတွင် လူအများစုသည် သမ္မာတရားအပေါ် ယိမ်းယိုင်လာကြပြီး ၎င်းတို့၏ အခြေအနေမှာ အတော်အတန် တိုးတက်ခဲ့ကြသည်။ သို့သော် မိမိတို့ကိုယ်ကို အမှန်တကယ် မသိမြင်သေးပေ။ လူများစွာတို့သည် ထိုဖြစ်ရပ်တွင် ၎င်းတို့မှားယွင်းသည်ဟု အသိအမှတ်ပြုရုံဖြင့်သာ အမှားတစ်ခုလုပ်ဆောင်ခြင်းကို တစ်သမတ်တည်းဖြစ်သောပုံစံဖြင့် တုံ့ပြန်ကြသည်။ သင်က ၎င်းတို့အား “ဤကိစ္စတွင် အတိအကျ မည်သည့်နေရာ၌ မှားယွင်းခဲ့သနည်း။ မည်သည့်သမ္မာတရား စည်းမျဉ်းများအား သင်ချိုးဖောက်ခဲ့သနည်း။ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ခဲ့သနည်း” ဟု မေးလျှင် ၎င်းတို့က “ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်ခြင်းမရှိ။ ခဏတာ သတိလစ်ဟင်းမှုသာဖြစ်သည်။ ယင်းကို ကျွန်ုပ်သေချာမစဉ်းစားဘဲ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့သည်။ ဤသို့ ကျွန်ုပ် မရည်ရွယ်ပါ” ဟု ဖြေဆိုလိမ့်မည်။ ၎င်းတို့၏ မရည်ရွယ်သော လုပ်ဆောင်မှုများနှင့် အမှားများသည် ၎င်းတို့ ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးခြင်းအတွက် အကာအကွယ်များနှင့် ဆင်ခြေများ ဖြစ်လာခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုအပေါ် အမှန်တကယ် အသိအမှတ်ပြုခြင်း ဟုတ်သလော။ မဟုတ်ပေ။ သင်သည် သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက် မကြာခဏ ဆင်ခြေများပြုလုပ်လျှင်၊ သို့မဟုတ် အကြောင်းပြချက်များရှာလျှင် သင်သည် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်တကယ် ရင်မဆိုင်နိုင်သကဲ့သို့ ယင်းတို့ကို သင်အသိအမှတ်မပြုနိုင်၊ သို့မဟုတ် နားမလည်နိုင်ပေ။ ဥပမာ လူတစ်ဦးသည် သူ၏တာဝန်များကို အချိန်ကာလတစ်ခုကြာ ကောင်းစွာ ထမ်းဆောင်သည်။ သူ၏ အခြေအနေက တည်ငြိမ်သည်။ သူလုပ်ဆောင်သမျှသည် ချောမွေ့ပြီး အခက်အခဲမရှိ။ ပြီးလျှင် သူသည် အပြုသဘောဆောင်သောရလဒ်အချို့ကို ရရှိပြီး အခြားလူများက ချီးမွမ်းခြင်းကို ရရှိသည်။ သူသည် အလွန်ကူညီထောက်ပံ့ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်က သူ့အပေါ် ဆုလာဘ်များပေးအပ်သင့်သည်ဟုလည်းကောင်း ခံစားရသည်။ ရလဒ်အနေဖြင့် သူသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်လေသည်။ သူသည် မိမိကိုယ်ကို သူတစ်ပါးတို့ထက်သာသည်ဟု ယုံကြည်သည်။ မည်သူ့ကိုမဆို နားထောင်ရန် ငြင်းဆန်ကာ မည်သူ့နှင့်မျှ သဟဇာတဖြစ်စွာ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ မကြာခင်တွင် သူသည် တာဝန်များထမ်းဆောင်ရာတွင် အမှားများပြုလုပ်သည်။ ပြီးလျှင် သူ၏ ညီအစ်ကိုမောင်နှမများက သူ့အား မာနထောင်လွှားလွန်းသည်ဟု ပြောဆိုလျက် ပြုပြင်ကာ ဖော်ထုတ်သည်။ သူသည် ဤအချက်ကို လက်ခံရန် အခက်အခဲဖြစ်ပြီး ဤကိစ္စအပေါ် မရပ်မနား ချင့်ချိန်တွေးတောသည်။ “ကျွန်ုပ်သည် မာနထောင်လွှားသလော။ ဤသို့ မထင်ပါ။ မည်သည့်အရာကိုမျှ ကျွန်ုပ် ကြွားဝါပြီးမပြောဆိုခဲ့။ ထို့ကြောင့် ကျွန်ုပ်သည် အဘယ်သို့ မာနထောင်လွှားလာနိုင်ပါသနည်း” ဟူ၍ ဖြစ်သည်။ သူသည် “မာနထောင်လွှား” ဟူသည့်စကားတွင် ပိတ်မိနေပြီး မကျော်နိုင်ပေ။ ဤစကားလုံးကို သူလက်ခံနိုင်စွမ်းမရှိခြင်းက သူသည် အသိစိတ်မရှိသည်ကို ပြသည်။ မိမိကိုယ်ကို လုံးဝ မသိပေ။ မိမိ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကို အသိအမှတ်မပြုပေ။ တစ်စုံတစ်ခုက သင့်အပေါ် ကျရောက်ကာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်သောအခါ တစ်စုံတစ်ယောက်က သင့်ကို ဝေဖန်လျှင်၊ သို့မဟုတ် ပြုပြင်လျှင်၊ သင်လုပ်ဆောင်ခဲ့သည့်အရာက သမ္မာတရားစည်းမျဉ်းများအား ချိုးဖောက်သည်ဟု ပြောသည့်တိုင်အောင် သင်က ထိုသီးသန့်အမှုကိစ္စတစ်ခုရှိ သင်၏အမှားကိုသာ အသိအမှတ်ပြုလျှင်၊ ဤသည်မှာ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကြောင့်ဖြစ်သည့် အကျိုးဆက်တစ်ခုဖြစ်သည်ဟု ဝန်ခံလိုစိတ်မရှိလျှင်၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်ပြသည့်အချက်အား လုံးဝ လက်ခံခြင်းမရှိဘဲသာ အမှားကို ပြုပြင်လိုစိတ်ရှိလျှင် သင်သည် သင့်ကိုယ်သင် အမှန်တကယ်မသိပေ။ အမှားများကို အသိအမှတ်ပြုခြင်းသည် မိမိကိုယ်ကို သိမြင်မှုကို သူ့ဘာသာ ကိုယ်စားပြုနိုင်သလော။ မိမိကိုယ်ကိုသိမြင်မှုသည် မိမိအမှားများ၏ အရင်းခံအကြောင်းကို ခွဲခြားသိမြင်ခြင်းနှင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား သိမြင်ခြင်းကို ရည်ညွှန်းသည်။ သင်သည် မှားယွင်းသောအရာတစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု အသိအမှတ်ပြုလျှင်၊ ထို့နောက်တွင် သင်၏အပြုအမူက ပြောင်းလဲသွားသည့်အတွက် သင်သည် တစ်ပုံစံတည်းသော အမှားတစ်ခုကို မပြုလုပ်တော့သည့်ပုံစံ ရှိသော်လည်း သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားရသေးဘဲ အမှား၏ အရင်းခံအကြောင်းကို မဖြေရှင်းရသေးလျှင် အကျိုးဆက်က မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို မလွှဲမရှောင်သာ ထုတ်ဖော်ပြဦးမည်ဖြစ်ပြီး ဘုရားသခင်ကို ပုန်ကန်ကာ ဆန့်ကျင်ဦးမည်ဖြစ်သည်။ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအနည်းငယ်က သင့်စိတ်သဘောထားရှိ ပြောင်းလဲမှုနှင့် ညီမျှသည်ဟု မယူဆနှင့်။ မိမိကိုယ်ကိုသိမြင်ခြင်းသည် အဆုံးမရှိသော အမှုကိစ္စတစ်ခုဖြစ်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းခံအကြောင်းကို၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် အကြောင်းရင်းက မည်သည့်နေရာ၌ တည်ရှိသည်ကို မသိနိုင်လျှင် သူသည် သူ၏ စိတ်သဘောထားတွင် ပြောင်းလဲမှုကို မရရှိနိုင်ပေ။ ဤသည်မှာ မိမိ၏ စိတ်သဘောထားပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး ခက်ခဲသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများစွာတို့သည် အဘယ်ကြောင့် မိမိအပြုအမူကိုသာ ပြောင်းလဲပြီး ၎င်းတို့၏ အသက်စိတ်သဘောထားကို မပြောင်းလဲသနည်း။ ဤသည်မှာ ပြဿနာတည်ရှိသည့်နေရာဖြစ်သည်။ သင်ထုတ်ဖော်သည့်အရာက သင့်အား သင်ကျေနပ်သလိုလုပ်ဆောင်စေခဲ့သော၊ ထင်ရာမြင်ရာ ဆုံးဖြတ်ချက်များချစေခဲ့သော၊ အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းမလုပ်ဆောင်စေသော၊ အခြားလူတို့၏အထက်တွင် မိမိကိုယ်ကိုထားရှိစေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ဖြစ်သည်ဟု အသိအမှတ်ပြုလျှင်၊ ထို့နောက် ဤအရာများကို အသိအမှတ်ပြုပြီးနောက်တွင် ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကြောင့်ဖြစ်သည်ဆိုသည်ကို သင်က ထပ်၍ အသိအမှတ်ပြုလျှင် ယင်းက သင့်အတွက် မည်သည့်အကျိုးများ ဖြစ်စေမည်နည်း။ ထိုအခါမှသာ သင်က ဤအမှုကိစ္စများအပေါ် အမှန်တကယ် ဆင်ခြင်သုံးသပ်လိမ့်မည်။ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက ဘုရားသခင်ကို ဆန့်ကျင်သည့် အရင်းအမြစ်ဖြစ်သည်၊ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖျက်ဆီးခြင်း၏ ခိုင်မာသောသက်သေ ဖြစ်သည်ဆိုသည်ကို သိမြင်လိမ့်မည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားလျှင် ထိုသူသည် လူသားဟုခေါ်ဆိုခံရဖို့ မထိုက်တန်ဘဲ ဘုရားသခင်ရှေ့တွင် အသက်ရှင်နေထိုင်ရန် မထိုက်တန်သည်ကို သိမြင်လိမ့်မည်။ သို့ရာတွင် သင်က တစ်စုံတစ်ခုကို မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်ကိုသာ အသိအမှတ်ပြုလျှင် အကျိုးဆက်က မည်သည့်အရာ ဖြစ်မည်နည်း။ အမှုအရာများကို သင်လုပ်ဆောင်သည့်ပုံစံနှင့် ယင်းတို့အား ပြုပြင်ခြင်း၊ အပြင်ပန်းတွင် သင့်လျော်သည့်ပုံစံပေါ်စေရန် အမှုအရာများအား မည်သို့လုပ်ဆောင်ရမည်၊ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းအား မည်သို့ ဖုံးကွယ်ရမည်ဆိုသည်တို့အပေါ်ကိုသာ အာရုံစိုက်ပြီး အားထည့်လိမ့်မည်။ သင်သည် ပိုပို၍ လှည့်ဖြားလာလိမ့်မည်ဖြစ်ပြီး အခြားလူတို့ကို သင်လိမ်ညာရန် အသုံးပြုသည့် နည်းလမ်းများက ပိုပို၍ ဆန်းပြားလာလိမ့်မည်။ သင်က “ဤတစ်ကြိမ်တွင် ငါ အမှားတစ်ခုပြုလုပ်ခဲ့ပြီဖြစ်သည်။ ငါ ဂရုမစိုက်ခဲ့သည့်အတွက် လူတိုင်းက မြင်သည်။ ငါသည် နောက်တစ်ကြိမ်တွင် ဤသို့ဖြစ်မည်မဟုတ်” ဟု တွေးလိမ့်မည်။ ရလဒ်မှာ အပေါ်ယံ၌ အမှုအရာများအား သင်လုပ်ဆောင်သည့်ပုံစံက ပြောင်းလဲပြီးဖြစ်ကာ အခြားလူများက မည်သည့်ပြဿနာကိုမျှ မမြင်ရသော်လည်း သင်က သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖုံးကွယ်ထားပြီး ဖြစ်သည်။ သင်သည် မည်သည့်အရာ ဖြစ်လာခဲ့သနည်း။ သင်သည် ပို၍ လှည့်ဖြားတတ်ကာ ကြောင်သူတော်ဆန်လာသည်။ အပေါ်ယံတွင် မည်သူကမျှ မည်သည့်ပြဿနာကိုမျှ မမြင်နိုင်စေရန်၊ သို့မဟုတ် အမှားမရှာနိုင်ဘဲ မိမိ၏ လုပ်ရပ်များက အပြစ်အနာအဆာမရှိသည့် ပုံစံရှိစေရန်အတွက် မိမိပြောဆိုပြုမူသည့်ပုံစံအပေါ် အာရုံစိုက်ကာ အားထည့်သော်လည်း မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စိုးစဉ်းမျှ မပြောင်းလဲလျှင် ထိုသူသည် ဖာရိရှဲဖြစ်လာသည် မဟုတ်လော။ ကြောင်သူတော်ဆန်စွာ လုပ်ဆောင်ခြင်းက လူတို့ကို လှည့်စားကောင်းလှည့်စားနိုင်သော်လည်း ဘုရားသခင်ကို လှည့်စားနိုင်သလော။ သမ္မာတရားအား လိုက်စားခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ အဓိကအားဖြင့် ယင်းသည် မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုအား လိုက်စားခြင်းကို ရည်ညွှန်းသည်။ မိမိ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ မသိလျှင် မိမိ၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းတစ်ခုရှိရန် မဖြစ်နိုင်ပေ။ ထိုသူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို အသိအမှတ်ပြုသည့် တစ်ချိန်တည်းတွင် သူသည် သမ္မာတရားကိုလည်း လက်ခံရမည်။ သူသည် အတိအကျမည်သည့်နေရာ၌ မှားယွင်းနေသည်၊ မည်သည့်နေရာ၌ ကျရှုံးသည်ကို ဆင်ခြင်သုံးသပ်ရမည်။ ထို့နောက် သူ၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်။ ဤနည်းအားဖြင့်သာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်းချင်း ဖယ်ရှားနိုင်သည်။ သူ၏ တာဝန်ထမ်းဆောင်ခြင်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ပြီးလျှင် စည်းမျဉ်းများဖြင့် လုပ်ဆောင်နိုင်သည်။ ဤသို့ လုပ်ဆောင်ရာ၌ သူသည် သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်လိမ့်မည်။ သမ္မာတရားကို ရှာဖွေနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သူတို့ကသာ သမ္မာတရားကို လိုက်စားသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်ခြင်းအပေါ် အဆက်မပြတ် အားစိုက်ထုတ်နိုင်သော၊ ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်သုံးသပ်နိုင်ပြီး သင်ခန်းစာယူနိုင်သောသူများ ဖြစ်ကြသည်။ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သည်နှင့်၊ မိမိ၏ လုပ်ရပ်များ၌ စည်းမျဉ်းများရှိပြီး အမှားများပြုလုပ်မှု ပိုမိုနည်းပါးသည်နှင့် ၎င်းတို့သည် တဖြည်းဖြည်းချင်းဖြင့် ဘုရားသခင်က အသုံးပြုခြင်းကို ခံရဖို့အတွက် သင့်တော်လာလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားအား လိုက်စားသူမဟုတ်လျှင် ထိုသူသည် မိမိကိုယ်ကို သိမြင်ခြင်းနှင့်ပတ်သက်ပြီး အနှစ်မဲ့စွာပြောဆိုရာ၌ မည်သို့မွေ့လျော်ပါစေ၊ မိမိကိုယ်ကို နတ်ဆိုးတစ်ကောင်နှင့် စာတန်အဖြစ် မည်သို့သရုပ်ဖော်ပါစေ အဆုံး၌ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဦးမည်မဟုတ်။ ဤသို့ဆိုလျှင် ဤနှစ်ဦးကြား ကွာခြားချက်မှာ အဘယ်နည်း။ တစ်ဦးသည် သူ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုသည်။ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေသည်။ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်သည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်း ဖြစ်သည်။ အခြားတစ်ဦးမှာ သူ့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို အသိအမှတ်မပြုသကဲ့သို့ သူ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သော အမှန်တရားကို လက်မခံပေ။ ထိုအစား အမှုအရာများကို သူလုပ်ဆောင်သည့်အပေါ် အားစိုက်ထုတ်သည်။ သို့ရာတွင် ဤသည်မှာ သူ၏ အပြင်ပန်းအပြုအမူကိုသာ ပြောင်းလဲသည်။ ပြီးလျှင် သူ၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုမရှိ။ ဤအတွက်ကြောင့် သူ၏ အပြုအမူသည် ပို၍ လိမ်ညာခြင်းဖြစ်သည်။ ဤလူအမျိုးအစားများက လက်တွေ့လုပ်ဆောင်သည့်အရာသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသလော။ ယင်းမှာ လုံးဝပင် စံမမီဘဲ အနည်းငယ်မျှပင် မနီးစပ်ပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာမှာ အယောင်ဆောင်ခြင်း၊ ဟန်ဆောင်ခြင်းနှင့် လိမ်ညာခြင်းဖြစ်သည်။ ၎င်းတို့၏ ပန်းတိုင်သည် ဘုရားသခင် ရွေးချယ်သောလူများကို လိမ်ညာရန် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော်လည်း အသင်းတော်၌ အဆင့်အတန်းရှိနိုင်ရန်အတွက် လူတိုင်းအား ၎င်းတို့ကို ချီးမွမ်းစေလိုပြီး အသိအမှတ်ပြုစေလိုဆဲ၊ ထောက်ခံချက်ပေးစေလိုဆဲ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခြင်းနှင့် လိမ်ညာခြင်းတို့၏ သရုပ်သကန်မဟုတ်သလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အယောင်ဆောင်ဖုံးကွယ်ကာ အခြားလူများ၏ မျက်နှာသာပေးခြင်းအား မည်သို့ရယူရမည်ကို အာရုံစိုက်သည်။ အမှုအရာများအား ဤသို့လုပ်ဆောင်သည့်ပုံစံတွင် သမ္မာတရားစည်းမျဉ်းတစ်ခုခု ရှိသလော။ လုံးဝ မရှိ။ ယင်းသည် လူသားစိတ်၏ စိတ်ကူးထင်မြင်မှုများ၊ လူသားနည်းလမ်းများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူသားအတွေးအခေါ်များအပေါ် လုံးဝ အခြေခံပြီး စာတန်ဆန်သော စိတ်သဘောထားနှင့်အညီ အသက်ရှင်နေထိုင်ဆဲ ဖြစ်သည်။ ဤ ကြောင်သူတော်ဆန်ခြင်းအား ကျင့်သုံးမှုသည် အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝခြင်းနှင့် သက်ဆိုင်သည်။ ဤသည်မှာ လူတို့ကို လိမ်ညာခြင်းဖြစ်ပြီး သမ္မာတရားစစ်မှန်မှု စိုးစဉ်းမျှပင် မရှိ။
အခြားသောလူများကဲ့သို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပုံရသော လူအချို့သည် ရုတ်တရက် မျှော်လင့်မထားဘဲ ကြီးမားသောဆိုးယုတ်မှုကို ကျူးလွန်ခြင်းအားဖြင့် အဆုံး၌ လူတို့ကို အံ့အားသင့်သွားစေရသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့သောအရာတစ်ခု ဖြစ်ပွားခြင်းသည် တစ်ရက်မျှ၊ သို့မဟုတ် နှစ်ရက်မျှဖြင့် ဖြစ်ပေါ်နိုင်သလော။ လုံးဝ မဖြစ်ပေါ်နိုင်ပေ။ သုံးပေရှိသောရေခဲသည် တစ်ရက်တည်းဖြင့် မအေးခဲနိုင်ပေ။ အပြင်ပန်းတွင် ၎င်းတို့သည် ကောင်းစွာပြုမူနေထိုင်ပြီး ရိုးရှင်းသည်။ မည်သူကမျှ ၎င်းတို့ကို အမှားမရှာနိုင်ပေ။ အဆုံးတွင် ၎င်းတို့လုပ်ဆောင်သည့် မကောင်းသောအရာများမှာ အခြားမည်သူမဆိုက လုပ်ဆောင်သော အရာများထက် ပို၍ အလွန်အကျူးဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းသည်။ ဤအရာများကို “ကောင်းစွာပြုမူနေထိုင်”သူများဆိုသော သူတို့က လုပ်ဆောင်ကြသည်။ ဤလူစားမျိုးတို့တွင် မည်သည့် အတွေ့ရများသည့် စရိုက်လက္ခဏာများရှိသည်ကို သင်တို့ သိသလော။ (၎င်းတို့သည် ကောင်းသောအပြုအမူရှိပုံပေါ်ပြီး ပုံမှန်အားဖြင့် အလွန်ပင် ယဉ်ကျေးသည်။) ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရတွင် ကွဲပြားသော စရိုက်လက္ခဏာနှစ်ခုရှိသည်။ ဤအဓိကအချက်များကို သင်တို့ သဘောပေါက်နိုင်သလော။ (၎င်းတို့သည် သမ္မာတရားကို မချစ်၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်မပြု။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းပြောသောအခါ အယောင်ဆောင်ပြီး ကြောင်သူတော်ဆန်စွာ ပြုမူကြသည်။) ကြောင်သူတော်ဆန်စွာ ပြုမူခြင်းသည် ဤအရာ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ဤလူတို့သည် ကြောင်သူတော်ဖြစ်သည်ကို မည်သို့ရှာဖွေတွေ့ရှိပြီး အတည်ပြုနိုင်သနည်း။ ၎င်းတို့ အသက်ရှင်နေထိုင်နေသည့် ဤအပြုအမူကောင်းများသည် အယောင်ဆောင်ခြင်းသာဖြစ်သည်ဆိုသည်ကို မည်သို့ အတည်ပြုနိုင်သနည်း။ (အပေါ်ယံတွင် ၎င်းတို့သည် အလွန်ကောင်းစွာ ပြောဆိုသည်။ သို့သော် ၎င်းတို့၏ အမှန်တကယ် လုပ်ရပ်များတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးမထားဘဲ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်သည်။) ဤသည်မှာ ကြောင်သူတော်ဆန်စွာ လုပ်ဆောင်ခြင်း၏ တိကျသော သရုပ်သကန်ဖြစ်သည်။ ဤကြောင်သူတော်ဆန်သော လူတို့သည် ကောင်းစွာ စကားပြောဆိုသော်လည်း အမှန်တကယ်တွင် လူတို့အား လိမ်ညာပြီး အထင်အမြင်မှားစေနေခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ကိုယ့်အကျိုးစီးပွားများကိုသာ ကာကွယ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးမထားဘဲ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ယုတ်ညံ့မှုကို ဖော်ထုတ်သည်။ ၎င်းတို့သည် ပြည့်တန်ဆာကဲ့သို့ အသက်ရှင်နေထိုင်လိုသော်လည်း ၎င်းတို့၏ မေထုန်မမှီဝဲခြင်းအတွက် ဂုဏ်ပြုမော်ကွန်းတိုင်ကို မျှော်လင့်နေဆဲဖြစ်သည်။ ဤအရာအားလုံးက ၎င်းတို့၏ သဘာဝအနှစ်သာရကို ကိုယ်စားပြုသည်။ မည်သည့်လူ့သဘာဝမျှမရှိ။ ၎င်းတို့၏ သဘာဝအနှစ်သာရတွင် ကွဲပြားသော စရိုက်လက္ခဏာနှစ်ခုရှိသည်ဟု ယခုပင် ငါပြောခဲ့သည်။ ပထမ စရိုက်လက္ခဏာမှာ ဤလူစားမျိုးတို့သည် အလွန်အမင်း ဝိညာဉ်ရေးရာပြည့်ဝနေသည့်အလား ဆောင်ပုဒ်များကို မကြာခဏအော်ဟစ်ကာ အယူဝါဒများကို ပြောဆိုကြသည်။ သို့သော် အမှန်တွင် သမ္မာတရားကို အနည်းငယ်မျှမချစ်။ သမ္မာတရားအပေါ် ချစ်ခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ဤအချက်ကို အခြေခံလျှင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ အလေးထားသည်ဟု အစောပိုင်းက သင်တို့ပြောဆိုခဲ့သောအရာသည် ဤသရုပ်သကန်များထဲမှ တစ်ခုမဟုတ်လော။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို အဘယ်ကြောင့် အလေးထားသနည်း။ သမ္မာတရားကို ၎င်းတို့ ချစ်သလော။ (သမ္မာတရားကို ၎င်းတို့ မချစ်ပါ။ အကျိုးစီးပွားများကိုသာ နှစ်သက်သည်။) ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ကာကွယ်ပြီး ဘုရားအိမ်တော်၏၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို လုံးဝ အလေးမထားပေ။ ဤသည်မှာ သမ္မာတရားကို စိုးစဉ်းမျှပင် မချစ်ခြင်း၏ အပြုအမူမဟုတ်လော။ လူအချို့က “၎င်းတို့က သမ္မာတရားကို မချစ်လျှင် သမ္မာတရားနှင့် ဆက်စပ်သည့် အရာများကို ၎င်းတို့ အဘယ်ကြောင့် အစဉ် မိတ်သဟာယဖွဲ့သနည်း” ဟု ဆိုသည်။ ဤအရာကို သင်တို့ မည်သို့ရှင်းမည်နည်း။ (အခြားလူများ အထင်ကြီးစေရန်၊ မိမိတို့ကိုယ်ကို အယောင်ဆောင်ရန်နှင့် ဟန်ဆောင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။) ဤသည်မှာ ဤအရာ၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ သို့သော် ဤအရာအပြင် ၎င်းတို့သည် သမ္မာတရားအကြောင်းကို အမှန်တကယ် မိတ်သဟာယဖွဲ့နေခြင်းဖြစ်သလော။ ယင်းသည် သမ္မာတရား လုံးဝ မဟုတ်။ စကားများနှင့် အယူဝါဒများသာဖြစ်သည်။ ယင်းသည် ရှင်းလင်းစွာပင် စကားများနှင့် အယူဝါဒများသာ ဖြစ်လျှင် သမ္မာတရားဟု အဘယ်သို့ ခေါ်ဆိုနိုင်သနည်း။ သူရူးများသည်သာ စကားများ၊ အယူဝါဒများကို သမ္မာတရားနှင့် တန်းတူထားရှိမည်ဖြစ်သည်။ နတ်ဆိုးများသည် လူတို့ကို အထင်အမြင်မှားစေရန်အတွက် စကားများနှင့် အယူဝါဒများအား ပြောဆိုရာတွင် အလွန်ပင် ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် အခြားလူများနှင့် ဘုရားသခင်ကို လိမ်ညာရန်အတွက်လည်း သမ္မာတရားရှိသည့်လူများအဖြစ် ဟန်ဆောင်လိုကြသည်။ ၎င်းတို့ပြောဆိုသည့် စကားများနှင့် အယူဝါဒများသည် မည်မျှအဆင့်မြင့်ပါစေ သမ္မာတရားမဟုတ်။ ဘုရားသခင်ပြောဆိုသည့် စကားများသည်သာ သမ္မာတရား ဖြစ်သည်။ လူသားများက ပြောဆိုသောစကားများနှင့် အယူဝါဒများကို သမ္မာတရားနှင့် တန်းတူညီသကဲ့သို့ အဘယ်သို့ ပြောဆိုနိုင်သနည်း။ ယင်းတို့သည် မတူညီသော အရာနှစ်ခု ဖြစ်သည်။ ဤလူတို့တွင် သမ္မာတရားအပေါ် ချစ်ခြင်းလုံးဝမရှိသည်မှာ ဤအရာက ပထမသွင်ပြင်လက္ခဏာဖြစ်သည်။ ဤသွင်ပြင်လက္ခဏာသည် ၎င်းတို့၏ သဘာဝအနှစ်သာရ ဖြစ်သလော။ (ဟုတ်ပါသည်။) ယင်းသည် ၎င်းတို့၏ သဘာဝအနှစ်သာရဖြစ်ပြီး ယာယီထုတ်ဖော်ခြင်း၊ သို့မဟုတ် အပြုအမူတစ်ခုသာ ဖြစ်ခြင်းမဟုတ်ဟု ငါတို့ အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ထုတ်ဖော်ခြင်းများနှင့် အပြုအမူများအားလုံးကို ငါတို့ကြည့်သောအခါ ၎င်းတို့၏ လူ့သဘာဝအနှစ်သာရမှာ သမ္မာတရားကို ၎င်းတို့ လုံးဝ မချစ်ခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်သောကြောင့် ဖြစ်သည်။ ဤအမျိုးမျိုးသော အပြုအမူများကြောင့် ၎င်းတို့သည် သမ္မာတရားကို မချစ်သောသူများဖြစ်သည်ဟု အဆုံးအဖြတ်ပေးနိုင်သည်။ ဤသည်မှာ ပထမ စရိုက်လက္ခဏာဖြစ်သည်။ ယခုတွင် ဒုတိယစရိုက်လက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ ဤလူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ အသိအမှတ်မပြုခြင်း ဖြစ်သည်။ ၎င်းတို့က လုံးဝ အသိအမှတ်မပြုဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်မပြုဟု ဆိုလျှင် မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းကို ၎င်းတို့ အဘယ်ကြောင့် အစဉ်ပြောဆိုသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းကို ပြောဆိုရုံသာမက အခြားလူများကိုလည်း မိမိတို့ကိုယ်ကို သိမြင်စေရန် အရှက်မဲ့စွာ ကူညီသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည်မှာ မလုံလောက်ဟုလည်းကောင်း၊ ဘုရားသခင်အပေါ် အကြွေးတင်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များဖြစ်ပြီး ကျိန်ဆဲခြင်းခံရထိုက်သည်ဟုလည်းကောင်း မကြာခဏပြောဆိုကြသည်။ ဤအရာကို မည်သို့ရှင်းပြနိုင်သနည်း။ (၎င်းတို့က မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းပြောဆိုသောအခါ စစ်မှန်သော အကြောင်းအရာ၊ သို့မဟုတ် အသေးစိတ်အချက်မရှိ။ ဥပမာ မည်သည့်ဖောက်ပြန်ပျက်စီးမှုများကို ၎င်းတို့ ထုတ်ဖော်ပြသည်၊ မည်သည့်မှားယွင်းသော ရည်ရွယ်ချက်များကို ၎င်းတို့ စိတ်တွင်ထားရှိသည်၊ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ၎င်းတို့ ခံရသည်၊ ၎င်းတို့တွင် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော သရုပ်သကန်များရှိသည်၊ မည်သည့် သဘာဝအနှစ်သာရနှင့် ၎င်းတို့ သက်ဆိုင်သည် စသဖြင့်တို့နှင့်ပတ်သက်၍ လက်တွေ့ကျသော အကြောင်းအရာမရှိ။ ၎င်းတို့သည် စစ်မှန်သောခံစားချက်များနှင့် နားလည်မှုကို မဖော်ပြဘဲ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ဟု မရေရာစွာ ဖော်ပြရုံသာဖြစ်သည်။) (မိမိကိုယ်ကို အမှန်တကယ်သိမြင်ခြင်း၏ ရလဒ်တစ်ခုမှာ မိမိကိုယ်ကို အမှန်တကယ် မုန်းတီးနိုင်ခြင်း ဖြစ်သည်။ ဤလူစားမျိုးတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို နှုတ်အားဖြင့် အသိအမှတ်ပြုသော်လည်း ၎င်းတို့၏ စိတ်နှလုံး၌ မိမိတို့ကိုယ်ကို လုံးဝ မမုန်းတီးကြပေ။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ခုခံပြီး မှန်ကန်ကြောင်းပြရန် အကြောင်းပြချက်မျိုးစုံကိုလည်း ရှာဖွေကြသည်။ တစ်ခါတစ်ရံတွင် အပြင်ပန်း၌ မိမိတို့ကိုယ်ကို ရှင်းမပြသော်လည်း စိတ်အတွင်းတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို လက်ခံခြင်း၊ အသိအမှတ်ပြုခြင်း မရှိကြပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံနိုင်သကဲ့သို့ လုံးဝ မပြောင်းလဲနိုင်ပေ။) ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်မပြုကြပေ။ ဤအရာကို မည်သို့ရှင်းနိုင်သနည်း။ (၎င်းတို့အပေါ်သို့ တစ်စုံတစ်ခုကျရောက်ပြီး ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် ဤသို့သောအရာကို လုပ်ဆောင်နိုင်စွမ်း မရှိဟု ခံစားရသည်။ ထို့ကြောင့် ၎င်းတို့တွင် ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးရှိသည်ကို အသိအမှတ်မပြုကြပေ။) ဤလူစားမျိုးတို့သည် မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းကို အစဉ်ပြောဆိုကြသည်။ သို့သော် အတိအကျမည်သည့်အရာကို ၎င်းတို့ သိသနည်း။ ၎င်းတို့၏ အပြုအမူနှင့် သရုပ်သကန်များကို သိသလော၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိသလော။ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ မှားယွင်းလုပ်ဆောင်ခဲ့သည်ကိုသာ သိသလော။ ဤအသိပညာ အမျိုးအစားများကြားတွင် ကြီးမားသောကွာခြားချက်ရှိသည်။ အချို့သော အသိပညာအမျိုးအစားများမှာ မှန်ကန်သော အသိပညာဖြစ်ပြီး အချို့မှာမူ အပေါ်ယံဆန်ပြီး အနှစ်သာရကင်းမဲ့သည်။ လူအချို့၏ အသိပညာမှာ ပို၍ပင် တိမ်သည်။ ၎င်းတို့ မည်သည့်အရာကို မှားယွင်းလုပ်ဆောင်ခဲ့သည်ကိုသာ သိသည်၊ သို့မဟုတ် ကိုယ်ကျင့်တရား၊ သို့မဟုတ် ဥပဒေကို ဆန့်ကျင်သည့် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာများကိုသာ အသိအမှတ်ပြုသည်။ ဤသည်မှာ ဘာသာရေးသမားများက ၎င်းတို့၏ အပြစ်ကို သခင့်ထံသို့ ဝန်ခံခြင်းနှင့် ကွာခြားခြင်းမရှိ။ ယင်းသည် စစ်မှန်သောနောင်တဆီသို့ ဦးမတည်ပေ။ မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းကို ပြောဆိုသောအခါ၌ အယူဝါဒအချို့ကိုသာ ပြောသော၊ သို့မဟုတ် မိမိကိုယ်ကို သိမြင်မှုနှင့်ပတ်သက်၍ အခြားလူများကပြောသည့်အရာကို အတုခိုးသော လူအချို့လည်းရှိသည်။ ဤသည်မှာ ပို၍ပင် ကြီးမားသော ဟန်ဆောင်၊ လိမ်ညာမှုပုံစံဖြစ်သည်။ ဤလူတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို အမှန်တကယ် မသိမြင်ကြသနည်း။ အရေးပါဆုံးသော အကြောင်းပြချက်မှာ သမ္မာတရားကို ၎င်းတို့ လုံးဝ လက်မခံခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်များ၊ အပြုအမူများအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများ၊ ကိုယ်ပိုင်စာတန်ဆန်သော အတွေးအခေါ်၊ ကိုယ်ပိုင်အကျိုးစီးပွားများ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများအပေါ် လုံးလုံး အခြေခံသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖောက်ပြန်ပျက်စီးသည်ဟု မမြင်ပေ။ ၎င်းတို့လိုအပ်သည့် မည်သည့်အရာမဆိုသည် ဖောက်ပြန်ပျက်စီးခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို၊ ၎င်းတို့နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ၎င်းတို့လုပ်ရပ်များ၏ စမှတ်မှနေ၍ ဤအရာကို အကဲဖြတ်လျှင် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုများကို ၎င်းတို့ အသိအမှတ်ပြုကြသလော။ (အသိအမှတ်မပြုကြပါ။) မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုများကို အသိအမှတ်ပြုသောလူတို့သည် မည်သို့ပြုမူလုပ်ဆောင်ကြသနည်း။ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းအားဖြင့် လုပ်ဆောင်ကြသလော၊ သို့မဟုတ် ဆုတောင်းခြင်း၊ ချင့်ချိန်စဉ်းစားခြင်း၊ ၎င်းတို့စိတ်ထဲတွင် ထင်မြင်သည့်အရာအတိုင်း လုပ်ဆောင်ခြင်းတို့ကိုသာ ပြုလုပ်သလော။ ဤအရာများထဲမှ မည်သည့်အရာကို ၎င်းတို့ လိုက်လျှောက်သနည်း။ (သမ္မာတရားစည်းမျဉ်းများကို ၎င်းတို့ ရှာဖွေသည်။) ဤသို့ဆိုလျှင် အထက်တွင်ဆိုခဲ့ပြီးဖြစ်သော ထိုလူစားမျိုးတို့၏ လုပ်ရပ်များကို ကြည့်ခြင်းဖြင့် ၎င်းတို့သည် ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို အစဉ်လုပ်ဆောင်သည်ဆိုသည်မှာ ထင်ရှားသည်။ ဘုရားနှုတ်ကပတ်တော်များသည် အခြားလူများအတွက် ရည်ရွယ်သည်ဟု ၎င်းတို့ ယုံကြည်ပြီး ၎င်းတို့နားလည်သည့် အယူဝါဒများအား အခြားလူတို့ကို ပေးသည်။ ဤသည်မှာ ၎င်းတို့သည် အခြားလူများအား ဘုရားနှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်စေသည်ဟုဆိုလိုပြီး “သင်တို့အားလုံးက ဖောက်ပြန်ပျက်စီးမှုများကို ထုတ်ဖော်သော်လည်း ကျွန်ုပ်က ကျွန်ုပ်လုပ်ဆောင်သမျှတိုင်း၌ သမ္မာတရားကို ရှာဖွေပြီး မည်သည့်ဖောက်ပြန်ပျက်စီးမှုကိုမျှ မထုတ်ဖော်သလောက်ဖြစ်သည်” ဟု သွယ်ဝိုက်ညွှန်းဆိုသည်။ ဤလူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိသောလူများဖြစ်သလော။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်ပြုရဲပေ။ ဤသည်မှာ ဤကိစ္စ၏ အမှန်တရားဖြစ်သည်။ ၎င်းတို့က ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် အဖိုးအခပေးဆပ်ခြင်း၊ ထို့အပြင် အနည်းငယ်ပို၍ စကားပြောဆိုခြင်း၊ အနည်းငယ်ပို၍ ဒုက္ခခံခြင်း၊ သို့မဟုတ် စွန့်ပစ်ခြင်းနှင့် မိမိတို့ကိုယ်ကို အသုံးခံခြင်းတို့အားလုံးသည် သမ္မာတရားနှင့်ညီပြီး မှန်ကန်သည်ဟု ယုံကြည်ကြသည်။ သင်က ၎င်းတို့အား “လူသားအားလုံး၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသည့်အတွက် ဤသို့စဉ်းစားကြည့်သောအခါ မှားယွင်းမည်ကို သင်မကြောက်သလော” ဟု မေးလျှင် ၎င်းတို့က “ကိစ္စမရှိ။ ကျွန်ုပ်မကြောက်ပါ။ ကျွန်ုပ်၏ ရည်ရွယ်ချက်များက မှန်ကန်သည်” ဟု ဆိုလိမ့်မည်။ ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ရည်ရွယ်ချက်များအား အပြုသဘောဆောင်သောအရာတစ်ခုအဖြစ် မှတ်ယူပုံကို ကြည့်လော့။ ဤလူစားမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုများကို အသိအမှတ်ပြုကြသလော။ (အသိအမှတ်မပြုကြပါ။) ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုများကို အသိအမှတ်မပြုခြင်းသာ ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်မပြုသူသည် စစ်မှန်စွာ နောင်တရနိုင်သလော။ (မရနိုင်ပါ။) ၎င်းတို့သည် လုံးဝ နောင်တရမည်မဟုတ်။ မည်သည့်အခါမျှ နောင်တရမည် မဟုတ်ပေ။ ၎င်းတို့၌ စစ်မှန်သော ကျိုးနွံနာခံမှုရှိသလော။ (မရှိပါ။) ဤသည်မှာ ပို၍ပင် နည်းပါးသည်။ ၎င်းတို့သည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကိုပင်မသိသောကြောင့် မည်သို့ကျိုးနွံနာခံနိုင်မည်နည်း။ ၎င်းတို့ကျိုးနွံနာခံသမျှမှာ ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စအားလုံးကို ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနှင့်အညီ လက်ခံဆောင်ရွက်ခြင်းအားဖြင့်သာ ၎င်းတို့၏ ဘဝများကို နေထိုင်သည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေဘဲ ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒကိုသာ အခြေခံပြီး စကားပြောသည်၊ ပြုမူဆောင်ရွက်သည်၊ ၎င်းတို့၏ လမ်းကြောင်းကို ရွေးချယ်သည်။ လူအချို့က “သမ္မာတရားကို ၎င်းတို့ လုံးဝ မရှာဖွေကြသောကြောင့် တရားဒေသနာများကို ၎င်းတို့ အဘယ်ကြောင့်နားထောင်ကြသနည်း” ဟု ဆိုသည်။ တရားဒေသနာများအား နားထောင်ခြင်းသည် သမ္မာတရားကို ၎င်းတို့ ရှာဖွေနိုင်သည်ဟု မလွဲဧကန် ဆိုလိုခြင်းမရှိ။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း၏ သွင်ပြင်လက္ခဏာတစ်ခုသာ ဖြစ်သည်။ ၎င်းတို့က တရားဒေသနာများအား နားမထောင်လျှင်၊ သို့မဟုတ် စုဝေးပွဲများအား မတက်ရောက်လျှင် ထုတ်ဖော်ခံရမည် မဟုတ်လော။ ထို့ကြောင့် ဤဖြစ်စဉ်သည် ၎င်းတို့ ဖြတ်သန်းရန် လိုအပ်သည်။ သို့သော် တရားဒေသနာများအား နားထောင်ခြင်းအားဖြင့် ၎င်းတို့က သမ္မာတရားကို လက်ခံသောသူ၊ သို့မဟုတ် မိမိ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်ပြုသူဟု မဆိုလိုပေ။ ဤသို့ ကောက်ချက်မချနိုင်ပေ။ မိမိတွင် ဖောက်ပြန်ပျက်စီးမှုရှိသည်ဟု အသိအမှတ်ပြုခြင်းသည် လွယ်ကူသောအရာမဟုတ်။ ပြီးလျှင် သမ္မာတရားကို မချစ်သောသူတို့အနေဖြင့် ဤသို့လုပ်ဆောင်ရန် ခက်ခဲသည်။
မိမိတို့ကိုယ်ကိုမသိသောသူတို့တွင် ကွဲပြားသော စရိုက်လက္ခဏာနှစ်ခုရှိသည်ဟု ငါတို့ ယခုတင်ပြောခဲ့သည်။ တစ်ခုမှာ အခြေခံအားဖြင့် သမ္မာတရားကို ၎င်းတို့ မချစ်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကို လုံးဝ အသိအမှတ်မပြုခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည် သင်တို့ကိုယ်သင်တို့ သိမြင်ခြင်းမှ မည်မျှအလှမ်းဝေးနေသနည်း။ (ယခုတွင် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို မသိသေးပါ။ ပြီးလျှင် မိမိတို့ကိုယ်ကို မုန်းတီးသည့် အဆင့်သို့ မရောက်သေးပါ။) သင်တို့သည် အလွန်အလှမ်းဝေးသည်။ မိမိကိုယ်ကိုသိမြင်ခြင်းသည် အဓိကအားဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ မိမိ၏ နှစ်သက်မှုများ၊ မိမိ၏ မှားယွင်းသောအမြင်များနှင့် အပြုအမူများကို သိမြင်ခြင်းအား ဆိုလိုသည်။ ဤသည်မှာ အဓိကသော့ချက်ဖြစ်သည်။ အခြားသော မိမိကိုယ်ကိုသိမြင်မှု ရှုထောင့်များက အဓိကမဟုတ်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က လူတို့တွင် အလင်းယူဆောင်ပေးသော ဖောက်ပြန်ပျက်စီးမှုများ၏ သဘာဝအနှစ်သာရများနှင့် ထုတ်ဖော်ခြင်းမျိုးစုံတို့သည် သင့်၌ ရှိသည်ကိုလည်းကောင်း သင်အသိအမှတ်ပြုသောအခါ၊ ပြီးလျှင် သင်သည် ယင်းတို့ကို တိတိကျကျစာရင်းပြုစုနိုင်ပြီး ဤတိကျသော အချက်များ၊ အပြုအမူများ၊ ထုတ်ဖော်ခြင်းများအားလုံးသည် သမ္မာတရားနှင့် မညီသည်ကိုလည်းကောင်း၊ ယင်းတို့အားလုံးက ဘုရားသခင်ကို ဆန့်ကျင်သည်ကိုလည်းကောင်း၊ ယင်းတို့အားလုံးကို ဘုရားသခင်က အလွန်မုန်းတီးသည်ကိုလည်းကောင်း အသိအမှတ်ပြုနိုင်သောအခါတွင်သာ သင်သည် သမ္မာတရားကို သင်အမှန်တကယ် လက်ခံနိုင်ပြီး စစ်မှန်သောနောင်တကို ဖြစ်ပေါ်စေနိုင်သည်။ ယခုခေတ်ကာလတွင် လူတို့သည် သမ္မာတရားကို လက်ခံသည်ဟု အခိုင်အမာဆိုသောအခါ ၎င်းတို့က သမ္မာတရားကို အယူဝါဒ၌သာ အသိအမှတ်ပြုပြီး ၎င်းတို့အပြုအမူများကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲခြင်းသာ ဖြစ်သည်။ သို့သော် ထို့နောက်တွင် ၎င်းတို့သည် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် အသက်ရှင်နေထိုင်ဆဲဖြစ်ပြီး စာတန်၏ အတွေးအခေါ်အတိုင်း နေထိုင်ဆဲ ဖြစ်သည်။ လုံးဝ မပြောင်းလဲပေ။ အပြုအမူ၌ ပြောင်းလဲခြင်းများသည် စိတ်သဘောထား၌ ပြောင်းလဲခြင်းများကို ကိုယ်စားမပြု။ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲရန်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝအနှစ်သာရနှင့် ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သိရမည်။ ဤသည်မှာ စတင်သည့်အဆင့်ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်လုပ်ရပ်များက ပြဿနာဖြစ်စေတတ်သည်ကို၊ မိမိသည် လူကောင်းတစ်ယောက်မဟုတ်သည်ကို၊ သို့မဟုတ် မိမိသည် နတ်ဆိုးဖြစ်သည်၊ စာတန်ဖြစ်သည်ကိုသာ သိမြင်သူသည် မိမိ၏ သဘာဝအနှစ်သာရကိုသိမြင်ခြင်း၊ မိမိစိတ်သဘောထားအား ပြောင်းလဲခြင်းတို့နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။