မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄၅)

လူသား၏အတွင်း၌ အချို့သော အပျက်သဘောဆောင်သည့် အခြေအနေများသည် မကြာခဏ ဖြစ်နေကြ၏။ ၎င်းတို့ထဲတွင် အချို့အခြေအနေများမှာ လူတို့ကို လွှမ်းမိုးနိုင်ကြ၏၊ သို့မဟုတ် ဘောင်ခတ်နိုင်ကြ၏။ လူတစ်ဦး တစ်ယောက်အား မှန်သောလမ်းခရီးမှ သွေဖည်စေ၍ လမ်းကြောင်းမှားဆီသို့ပင် ဦးတည်စေနိုင်သော အချို့အခြေအနေများ ရှိ၏။ လူတို့ လိုက်စားသောအရာ၊ ၎င်းတို့ အာရုံစိုက်သော အရာ၊ ၎င်းတို့ လျှောက်လှမ်းရန် ရွေးချယ်သောလမ်းတို့သည် ၎င်းတို့၏ စိတ်အတွင်းပိုင်း အခြေအနေများနှင့် ဆက်နွှယ်နေကြသည်။ လူတို့သည် ပျော့ညံ့သလော၊ သို့မဟုတ် ကြံ့ခိုင်သလောဆိုသည်မှာ ၎င်းတို့၏စိတ်အတွင်းပိုင်း အခြေအနေများနှင့် ပို၍ပင် တိုက်ရိုက် ဆက်စပ်နေလေသည်။ ဥပမာအားဖြင့် လူအများအပြားသည် ယခုအခါ ဘုရားသခင်၏ နေ့ရက်အကြောင်းကို အထူး အလေးထားကြ၏။ ၎င်းတို့အားလုံးတွင် ဤသို့သော အလိုဆန္ဒ ရှိလေသည်၊ ၎င်းတို့အနေဖြင့် ဤသို့သော ဆင်းရဲဒုက္ခ၊ ဤသို့သော ရောဂါဘယများ၊ ဤသို့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားဝေဒနာမျိုးစုံမှ ရုန်းထွက်လွတ်မြောက်နိုင်ရန်အတွက် ဘုရားသခင်၏ နေ့ရက် အလျင်အမြန် ရောက်ရှိလာဖို့ကို တမ်းတခြင်းဖြစ်၏။ လူတို့သည် ဘုရားသခင်၏နေ့ရက် ရောက်ရှိလာသည့်အခါ ၎င်းတို့ ယခု ခံစားရသော ဆင်းရဲဒုက္ခမှ သက်သာရာရလိမ့်မည်ဟုလည်းကောင်း၊ ကြမ်းတမ်းခက်ခဲမှုများကို မည်သည့်အခါမျှ ကြုံရတော့မည် မဟုတ်ဟုလည်းကောင်း၊ ကောင်းချီးများကို ခံစားကြရလိမ့်မည်ဟုလည်းကောင်း ထင်မှတ်ကြ၏။ လူတစ်ဦးတစ်ယောက်သည် ဤသို့သော အခြေအနေမျိုးမှနေ၍ ဘုရားသခင်အား နားလည်ရန်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားရန်ဖြစ်စေ ကြိုးစားသည်ဆိုလျှင် ၎င်းတို့၏ အသက်တိုးတက်မှုမှာ များစွာ နည်းပါးပေလိမ့်မည်။ အဟန့်အတားတစ်ခုခု၊ သို့မဟုတ် မကောင်းသောအရာ တစ်ခုခုက ၎င်းတို့အပေါ် ကျရောက်သည့်အခါ ပျော့ညံ့မှု၊ အပျက်သဘောဆောင်မှုနှင့် ၎င်းတို့အတွင်းမှ ပုန်ကန်မှုများ အားလုံးမှာ ထွက်ပေါ်လာ၏။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်၏ အခြေအနေမှာ ပုံမှန်မဟုတ်လျှင်၊ သို့မဟုတ် မှားနေလျှင် ၎င်းတို့လိုက်စားမှု၏ ပန်းတိုင်သည်လည်း မှားယွင်းမည်ဖြစ်ကာ မုချ သန့်စင်မှု ရှိလိမ့်မည်မဟုတ်။ သင်သည် မမှန်ကန်သော အခြေအနေများအတွင်းမှနေ၍ ဝင်ရောက်မှုအတွက် ကြိုးပမ်းကြသည့်တိုင် သင်၏လိုက်စားမှု၌ သင့်အနေဖြင့် အဆင်ပြေသည်ဟုလည်းကောင်း၊ အမှုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သင် လုပ်ဆောင်နေသည်ဟုလည်းကောင်း၊ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေသည် ဟုလည်းကောင်း ထင်မှတ်လေ၏။ သင်သည် ဘုရားသခင်၏ လိုအင်ဆန္ဒများကို ဆန့်ကျင်သွားခဲ့ပြီဖြစ်ကြောင်း၊ သို့မဟုတ် သူ၏ ရည်ရွယ်ချက်များမှ သွေဖည်ခဲ့ပြီဖြစ်ကြောင်းကိုမူ မယုံကြည်ချေ။ သင်သည်လည်း ထိုနည်းအတိုင်း ခံစားမိနိုင်ကောင်း၏၊ သို့သော် မကောင်းသော ဖြစ်ရပ်တစ်ခု၊ သို့မဟုတ် ပတ်ဝန်းကျင်တစ်ခုက သင့်အား ဆင်းရဲဒုက္ခ ရောက်စေသည့်အခါ၊ သင်၏ပျော့ကွက်များ၊ သင်၏စိတ်နှလုံးအတွင်း၌ သင် သဘောကျ၍ လိုက်စားသော အရာများကို ထိခိုက်စေသောအခါတွင် သင်သည် အပျက်သဘောဆောင်လာလိမ့်မည်။ သင်၏ မျှော်လင့်ချက်များနှင့် အိပ်မက်များသည် အချည်းနှီး ဖြစ်လာလိမ့်မည်။ သင်သည်လည်း သဘာဝအလျောက် ပျော့ညံ့လာပေလိမ့်မည်။ သို့ဖြစ်ရာ ထိုအချိန်အခါမျိုးရှိ သင်၏အခြေအနေသည် သင့်အား ကြံ့ခိုင်သလော၊ သို့မဟုတ် ပျော့ညံ့သလောဟူသည်ကို ဆုံးဖြတ်ပေး၏။ ယခုအခါ၌ မိမိတို့သည် များစွာ ကြံ့ခိုင်သည်ဟုလည်းကောင်း၊ မိမိတို့တွင် ဝိညာဉ်ရင့်သန်မှု အနည်းငယ် ရှိသည် ဟုလည်းကောင်း၊ မိမိတို့တွင် ယခင်ကထက် ယုံကြည်ခြင်း ပို၍ ရှိသည်ဟုလည်းကောင်း ထင်မှတ်ကြသော လူအများအပြား ရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် စတင်ခဲ့ကြပြီ ဖြစ်ကြောင်း၊ ထို့အပြင် အခြားလူများက ၎င်းတို့အား ထိုလမ်းတွင် ဆွဲခေါ်ရန်ဖြစ်စေ တွန်းပို့ရန်ဖြစ်စေ မလိုအပ်ကြောင်း ယူဆကြ၏။ ဤသို့ဆိုလျှင် အချို့သော ပတ်ဝန်းကျင် အခြေအနေများ၊ သို့မဟုတ် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် အပျက်သဘောဆောင်ခြင်း၊ သို့မဟုတ် ပျော့ညံ့ခြင်း ဖြစ်လာကြသနည်း။ အဘယ်ကြောင့် ထိုအချိန်တွင် မကျေမနပ်ဖြစ်ကြကာ ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်ပစ်ခြင်းဖြင့် အဆုံးသတ်ကြသနည်း။ ဤသည်မှာ လူအယောက်တိုင်း၏အတွင်း၌ အပျက်သဘောဆောင်၍ ပုံမှန်မဟုတ်သော အခြေအနေအချို့ ရှိနေသည်ကို ပြ၏။ လူသားအတွင်း၌ ရှိသော မစင်ကြယ်မှုများထဲမှ အချို့မှာ လက်လွှတ်ရန် မလွယ်ကူပေ။ သင်သည် သမ္မာတရားကို လိုက်စားသော လူတစ်ယောက် ဖြစ်လျှင်ပင် ၎င်းအရာများကို လုံးလုံး လက်မလွှတ်နိုင်ချေ။ ဤအမှုအား ဘုရားနှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်းကို အခြေခံကာ လုပ်ဆောင်ရမည်ဖြစ်သည်။ မိမိတို့၏ အခြေအနေများကို ဆင်ခြင်ကာ နားလည်ပြီးသည့်နောက်တွင် လူတို့သည် ၎င်းအခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ကြည့်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းကြရမည်။ ထိုအခါမှသာ ၎င်းတို့၏အခြေအနေများ တဖြည်းဖြည်း ပြောင်းလဲပေလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှု၍ ၎င်းတို့၏ အခြေအနေများကို သိလာသည့်အခါ ၎င်းတို့သည် ယင်းအခြေအနေများကို ချက်ချင်း ပြောင်းလဲနိုင်သည် ဆိုသည်မှာ မဟုတ်ပေ။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခြင်း၊ မိမိတို့၏ အခြေအနေများကို ရှင်းလင်းစွာ မြင်ခြင်း၊ ဘုရားသခင်ဆီ ဆုတောင်းခြင်းနှင့် သမ္မာတရား ရရှိရန် ကြိုးပမ်းခြင်းများ ရှိနေသရွေ့ ၎င်းတို့ထံမှ ဖောက်ပြန်ပျက်စီးမှု တစ်ဖန် ထုတ်ဖော်သည့်အခါတွင်ဖြစ်စေ၊ အနာဂတ်၌ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုတွင် ရှိနေသည့်အခါ ဖြစ်စေ ၎င်းတို့သည် ယင်းအခြေအနေကို အသိအမှတ်ပြုလာနိုင်မည် ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းနိုင်လာမည် ဖြစ်ပြီး ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးပြုနိုင်လာမည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ မှားယွင်းသော အခြေအနေကို ပြန်တည့်နိုင်ကြကာ ၎င်းတို့သည် တဖြည်းဖြည်း ပြောင်းလဲနိုင်ကြ၏။ ဤနည်းလမ်းဖြင့် ၎င်းတို့သည် မစင်ကြယ်မှုများကို လက်လွှတ်နိုင်လာကြလိမ့်မည်၊ ၎င်းတို့အတွင်း၌ သိုလှောင်ထားသော လက်လွှတ်သင့်သည့် အရာများကိုလည်း လက်လွှတ်နိုင်လာကြလိမ့်မည်။ လူတို့သည် အကျိုးရလဒ်များ မရရှိနိုင်သေးမီတွင် အတွေ့အကြုံ အတိုင်းအတာတစ်ခုမျှ ရှိကြရမည် ဖြစ်၏။

ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း စတင်ကတည်းကပင် လူအများအပြားသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံကာ ကောင်းချီးများကို အားထုတ်လိုက်စားကြ၏။ ထို့ကြောင့် ၎င်းတို့၏အယူအဆများနှင့် မကိုက်ညီသော အရာများနှင့် ကြုံရသည့်အခါ အပျက်သဘောဆောင်လာ၍ ပျော့ညံ့လာကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို သံသယရှိလာကြပြီး ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ၊ သို့မဟုတ် လွဲမှားသော စိတ်ကူးများကိုပင် ရရှိလာကြ၏။ ၎င်းတို့အား သမ္မာတရားဖြင့် မိတ်သဟာယ ပြုပေးမည့်သူ မရှိလျှင် ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်သလို ဘုရားသခင်အား အချိန်မရွေး သစ္စာဖောက်နိုင်သေး၏။ သင်တို့အား ဥပမာတစ်ခု ပေးချင်သည်။ လူတစ်ဦးတစ်ယောက် ဘုရားသခင်ကို မိမိယုံကြည်ခြင်း၌ အယူအဆများနှင့် စိတ်ကူးများကို အစဉ်အမြဲ သိုထားခဲ့သည် ဆိုပါစို့။ သူသည် သူ့မိသားစုကို စွန့်လွှတ်ကာ သူ၏တာဝန်ကို ထမ်းဆောင်နေသရွေ့ ဘုရားသခင်က သူ့အား ကာကွယ်ကာ ကောင်းချီးပေးလိမ့်မည်၊ သူ့မိသားစု၏ ဘဝကို စောင့်ရှောက်လိမ့်မည်၊ ဤသည်မှာ ဘုရားသခင် ပြုသင့်သောအရာ ဖြစ်သည်ဟု ဤပုဂ္ဂိုလ်က ယုံကြည်လေ၏။ ထို့နောက် တစ်ရက်တွင် သူ မဖြစ်စေချင်ခဲ့သော အရာတစ်ခုက သူ့အပေါ် ကျရောက်လာ၏၊ သူ မနာမကျန်းဖြစ်ခြင်းပင်။ ဧည့်ခံသော မိသားစုနှင့် နေထိုင်ရခြင်းမှာ သူ၏အိမ်တွင် နေရခြင်းလောက် သက်သောင့်သက်သာ မရှိလှ၊ ၎င်းတို့က သူ့အား ကောင်းကောင်းမွန်မွန် ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်၏။ သူသည် ၎င်းအခြေအနေကို သည်းမခံနိုင်ပေ၊ အချိန်အတော်ကြာအောင် အပျက်သဘောဆောင်လာပြီး စိတ်ပျက်အားလျော့လာ၏။ သူသည် သမ္မာတရားကိုလည်း မလိုက်စားသည့်အပြင် သမ္မာတရားအား အသိအမှတ်ပင် မပြုချေ။ ဤသည်မှာ လူများသည် ၎င်းတို့၏အတွင်း၌ အချို့သော အခြေအနေများ ရှိသည်ဟူသော အဓိပ္ပာယ်ဖြစ်၏။ ၎င်းတို့သည် ဤအခြေအနေများ မှားယွင်းကြောင်းကို အသိအမှတ်မပြု၊ သဘောမပေါက်၊ သတိမထားမိကြလျှင် ၎င်းတို့ထံ၌ စိတ်ထက်သန်ပြင်းပြမှုနှင့် အားထုတ်မှုများစွာ ရှိနေနိုင်ဆဲဖြစ်သည့်တိုင် တစ်ချိန်ချိန်တွင် ၎င်းတို့၏ စိတ်တွင်းအခြေအနေမှန်ကို ထုတ်ဖော်ပြသော၊ ၎င်းတို့အား မှောက်မှားပြီး ကျရှုံးစေသော အခြေအနေတစ်ခုကို ကြုံရပေလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို မဆင်ခြင်နိုင်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို သိမလာခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သမ္မာတရားကို နားမလည်ကြသူ အားလုံးတို့မှာ ဤအတိုင်းသာ ဖြစ်သည်။ မည်သည့်အချိန်၌ ၎င်းတို့ မှောက်မှားပြီး ကျရှုံးလိမ့်မည်၊ မည်သည့်အချိန်၌ ၎င်းတို့ အပျက်သဘောဆောင်ကာ ပျော့ညံ့လာလိမ့်မည်၊ မည်သည့်အချိန်၌ ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်း ရှိတတ်သည် ဆိုသည်တို့ကို လုံးလုံး မသိရပေ။ သမ္မာတရားကို နားမလည်သောသူတို့ ရင်ဆိုင်ရမည့် အန္တရာယ် မည်မျှ များပြားသည်ကို ကြည့်လော့။ သို့သော် သမ္မာတရားကို နားလည်ခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ချေ။ သင့်အနေဖြင့် ရိပ်ခနဲ အလင်းရောင်တစ်ခုကို နောက်ဆုံး၌ ရရှိနိုင်သည်အထိ၊ စစ်မှန်သောအသိ အနည်းငယ်ကို ရနိုင်သည်အထိ၊ သမ္မာတရား အနည်းငယ်ကို နားလည်နိုင်သည်အထိ အချိန်များစွာ ယူရ၏။ အကယ်၍ သင်၏အတွင်းမှ ရည်ရွယ်ချက်များမှာ အလွန်တရာ မသန့်စင်လှ၍ မပြေလည်နိုင်လျှင် ယင်းတို့သည် သင်၏ နားလည်မှု အလင်းရောင်ကလေးအား စဉ်ဆက်မပြတ် ငြှိမ်းသတ်ပစ်လိမ့်မည် ဖြစ်ပြီး သင့်ထံတွင် ရှိသော ယုံကြည်ခြင်း အနည်းငယ်ကလေးကိုပင် တိုက်စားပစ်လိမ့်မည်။ ဤသည်မှာ ဧကန်မုချ အန္တရာယ်များလွန်း၏။ ယခုအချိန်၌ အဓိကကျသော ပြဿနာမှာ လူများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် ပတ်သက်သည့် အချို့သော အယူအဆများနှင့် စိတ်ကူးများ ရှိနေကြခြင်း ဖြစ်သည်။ သို့သော် ၎င်းအရာများ မထုတ်ဖော်မီ၌ လူများသည် ၎င်းအရာများကို အသိအမှတ်ပြု ဝန်ခံခြင်း မရှိကြ။ ၎င်းတို့သည် အတွင်း၌ ပုန်းကွယ်နေပြီး မည်သည့်အချိန်တွင်၊ သို့မဟုတ် မည်သည့် အခြေအနေများအောက်တွင် ပေါ်ထွက်လာကာ လူများအား မှောက်မှားစေလိမ့်မည် ဆိုသည်ကို လုံးလုံး မသိရပေ။ လူအားလုံးတို့သည် ကောင်းသော ရည်မှန်းချက်များ ရှိကြ၍ ယုံကြည်သူကောင်းများ ဖြစ်ချင်ကာ သမ္မာတရားကို ရရှိချင်ကြသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်များမှာ အလွန်ပင် မသန့်စင်လှချေ။ ထို့ပြင် ၎င်းတို့အား သမ္မာတရား လိုက်စားခြင်းနှင့် အသက်ဝင်ရောက်မှု ရရှိခြင်းတွင် ကြီးမားစွာ နှောင့်ယှက်နေသည့် အယူအဆများနှင့် စိတ်ကူးပေါင်း များစွာသည် ၎င်းတို့တွင် ရှိ၏။ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ချင်သော်လည်း မလုပ်နိုင်ကြချေ။ ဥပမာအားဖြင့် လူတို့သည် ပြုပြင်ခံရချိန်တွင် နာခံရန် ခက်ခဲ၏။ စမ်းသပ်ခြင်း၊ သို့မဟုတ် စစ်ဆေးခြင်း ခံရသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်ချင်ကြ၏။ မကျန်းမာသည့်အခါတိုင်း၊ သို့မဟုတ် ကပ်ဘေးတစ်ခုခု ကြုံရသည့်အခါတိုင်းတွင် ၎င်းတို့ကို မကာကွယ်ခြင်းအတွက် ဘုရားသခင်ကို မကျေမနပ်ပြောကြ၏။ ဤသို့သော လူများသည် ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံနိုင်မည်နည်း။ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိခြင်းကိုပင် အနည်းဆုံးအနေဖြင့် မရောက်ကြသောကြောင့် ၎င်းတို့သည် သမ္မာတရားကို မည်သို့ ရနိုင်ကြမည်နည်း။ အချို့သော လူများမှာ သေးဖွဲလွန်းသော ကိစ္စတစ်ခု ၎င်းတို့ စိတ်တိုင်းကျ မဖြစ်သည့်အခါ အပျက်သဘောဆောင်လာကြ၏။ ၎င်းတို့သည် အခြားသော လူများ၏ အကဲဖြတ်ချက်များကြောင့် မှောက်မှားကြကာ ၎င်းတို့ ဖမ်းဆီးခံရချိန်တွင်လည်း ဘုရားသခင်ကို သစ္စာဖောက်၏။ လူတစ်ဦးတစ်ယောက်သည် အနာဂတ်၌ မည်သို့ ဖြစ်မည်၊ ပျော်ရွှင်ခြင်း ဖြစ်မည်လား၊ အတိဒုက္ခရောက်ခြင်း ဖြစ်မည်လား ဆိုသည်ကို ဘယ်သောအခါမျှ မသိ ဟူသည်မှာ အမှန်ပင် ဖြစ်၏။ လူတိုင်းတွင် ၎င်းတို့ လိုက်စားပြီး ရယူချင်သော အရာတစ်ခုခုသည် ၎င်းတို့၏အတွင်း၌ ရှိ၏။ ၎င်းတို့တွင် ၎င်းတို့နှစ်သက်သော အရာများ ရှိကြ၏။ ၎င်းတို့နှစ်သက်သော အရာများကို လိုက်စားခြင်းသည် ၎င်းတို့အပေါ် ကံဆိုးခြင်း ကျရောက်စေနိုင်၏၊ သို့သော် ၎င်းတို့သည် ဤအရာကို သတိမထားမိကြဘဲ ၎င်းတို့ နှစ်သက်၍ ကြိုးပမ်း အားထုတ်သော အရာများသည် မှန်ကန်သည်ဟု လည်းကောင်း၊ ဤအရာများနှင့်ပတ်သက်၍ အမှားတစ်စုံတစ်ရာ မရှိဟုလည်းကောင်း ယုံကြည်နေကြဆဲဖြစ်သည်။ သို့သော် ကံဆိုးခြင်း ကျရောက်သော နေ့တစ်နေ့ ရောက်ရှိလာပြီး ၎င်းတို့ လိုက်စားပြီး နှစ်သက်ကြသော အရာများ ၎င်းတို့ထံမှ ယူဆောင်သွားခြင်း ခံရသည်ဆိုလျှင် ၎င်းတို့သည် အပျက်သဘောဆောင်၍ ပျော့ညံ့လာကြကာ မားမားမတ်မတ် ရပ်တည်၍ မရနိုင်အောင် ဖြစ်လာကြလိမ့်မည်။ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့ သိကြလိမ့်မည်မဟုတ်၊ မမျှတခြင်းအတွက် ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ကြမည် ဖြစ်ကာ ဘုရားသခင်ကို သစ္စာဖောက်သော ၎င်းတို့၏ စိတ်နှလုံးသည် ထွက်ပေါ်လာလိမ့်မည်။ လူတို့သည် မိမိကိုယ်မိမိ မသိကြလျှင် မည်သည့်နေရာ၌ ၎င်းတို့၏ပျော့ကွက် ရှိနေသည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် မည်သည့်နေရာ၌ ကျရှုံးလွယ်သည်၊ သို့မဟုတ် မှောက်မှားလွယ်သည်ကိုလည်းကောင်း သိကြလိမ့်မည် မဟုတ်။ အမှန်တကယ်ပင် သနားစရာကောင်း၏။ ထို့ကြောင့်ပင် လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို မသိလျှင် အချိန်မရွေး မှောက်မှားနိုင်ပြီး၊ သို့မဟုတ် ကျရှုံးနိုင်ပြီး မိမိ၏အဆုံးသတ်ကို မိမိကိုယ်တိုင်ကပင် ဖြစ်ပေါ်စေသည်ဟု ငါတို့ ဆိုကြခြင်းဖြစ်၏။

“ကျွန်ုပ်တို့သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို နားလည်ပါသည်။ သို့သော် ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်တတ်ဘဲ ဖြစ်နေသည်” ဟူ၍ လူအများအပြားက ပြောခဲ့ကြ၏။ ဤသည်မှာ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်သနည်းဟူသော ဇာစ်မြစ်ကို ဖော်ထုတ်ပြ၏။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သည်မှာ မည်သည့် လူအမျိုးအစားများ ဖြစ်သနည်း။ သေချာသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးကြသည့် လူများကသာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏သဘာဝအတွင်းမှ ပြဿနာတစ်ခု ဖြစ်၏။ သမ္မာတရားကို နားမလည်သည့်တိုင် သမ္မာတရားကို ချစ်သော လူများမှာမူ ၎င်းတို့၏ အသိတရားကို အခြေခံကာ ပြုမူကြမည်ဖြစ်ပြီး မကောင်းမှုကိုလည်း ပြုလုပ်ကြလိမ့်မည် မဟုတ်ပေ။ လူတစ်ဦးတစ်ယောက်၏ သဘာဝမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင် ထိုသူသည် သမ္မာတရားကို ဘယ်သောအခါမျှ လက်တွေ့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော လူများသည် ဘုရားသခင်ကို ကောင်းချီးများ ရရှိရန်အတွက် ယုံကြည်ခြင်းသာ ဖြစ်ပြီး သမ္မာတရားကို လိုက်စား၍ ကယ်တင်ခြင်း ရရှိရန်အတွက် မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ကြလျှင်ပင် ယင်းသည် သမ္မာတရားကို ရရှိရန်အတွက် မဟုတ်ဘဲ ကောင်းချီးများကိုသာ လုံးလုံးလျားလျား ရရှိရန်အတွက် ဖြစ်၏။ ဥပမာအားဖြင့် ညှဉ်းပန်းနှိပ်စက်ခံရကာ အိမ်မပြန်နိုင်ကြတော့သည့် လူအချို့က ၎င်းတို့၏ စိတ်နှလုံးများထဲတွင် “ငါသည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက် ခံရပြီး အိမ်ပြန်၍ မရနိုင်ပေ။ တစ်နေ့နေ့တွင် ဘုရားသခင်က ငါ့ကို ပိုကောင်းသော အိမ်တစ်လုံး ပေးလိမ့်မည်။ ဘုရားသခင်သည် ငါ့ကို အချည်းနှီး ဒုက္ခရောက်စေလိမ့်မည် မဟုတ်” ဟူ၍လည်းကောင်း၊ “ငါသည် ဘယ်နေရာကို ရောက်ရောက်၊ ဘုရားသခင်က ငါ့ကို စားဖို့ အစားအစာ ပေးလိမ့်မည်။ ကိုယ်တော်သည် ငါ့အား တစ်ဖက်ပိတ် လမ်းတစ်ခုကို လျှောက်စေလိမ့်မည် မဟုတ်။ ကိုယ်တော်သည် ငါ့အား လမ်းဆုံးတစ်ခုကို လျှောက်စေသည်ဆိုလျှင် သူသည် စစ်မှန်သော ဘုရားသခင် ဖြစ်မည်မဟုတ်။ ဘုရားသခင်သည် ထိုသို့ လုပ်မည်မဟုတ်” ဟူ၍လည်းကောင်း စဉ်းစားကြ၏။ ဤသို့သော အခြင်းအရာများသည် လူသား၏အတွင်း၌ မရှိလေသလော။ “ငါသည် ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံရန် ငါ့မိသားစုကို စွန့်လွှတ်ပြီးပြီ။ ဘုရားသခင်က ငါ့ကို အာဏာရှိသူတို့လက်သို့ မလွှဲအပ်သင့်။ ငါသည် ကြီးမားသော စိတ်အားထက်သန်မှုဖြင့် လိုက်စားပြီးပြီ။ ဘုရားသခင်က ငါ့ကို ကာကွယ်ကာ ကောင်းချီး ပေးသင့်သည်။ ငါတို့သည် ဘုရားသခင်၏နေ့ရက် ရောက်ရှိဖို့ကို အလွန် တမ်းတကြသည်။ ထို့ကြောင့် ဘုရားသခင်၏နေ့ရက်သည် တတ်နိုင်သမျှ မြန်မြန် ရောက်လာသင့်သည်။ ဘုရားသခင်က လူသား၏ ဆန္ဒများကို ဖြည့်ဆည်းပေးသင့်သည်” ဟူ၍ တွေးကြသော လူအချို့လည်း ရှိ၏။ လူအများအပြားသည် ဤနည်းအတိုင်း ထင်တတ်ကြ၏၊ ဤသည်မှာ လူသား၏ တရားလွန် အလိုဆန္ဒ မဟုတ်လော။ လူတို့သည် ဘုရားသခင်အပေါ် လွန်ကဲသော တောင်းဆိုချက်များကို အမြဲတစေ ပြုလုပ်ခဲ့ကြပြီး “ငါတို့သည် ငါတို့တာဝန်များကို ထမ်းဆောင်ရန် ငါတို့မိသားစုများကို စွန့်လွှတ်ခဲ့ပြီးပြီ။ ထို့ကြောင့် ဘုရားသခင်က ငါတို့ကို ကောင်းချီးပေးသင့်သည်။ ငါတို့က ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်ပြီးပြီဖြစ်၍ ဘုရားသခင်က ငါတို့ကို ဆုလာဘ်ပေးသင့်သည်” ဟူ၍ အမြဲပင် တွေးတောနေကြ၏။ လူအများအပြားသည် ဘုရားသခင်ကို ယုံကြည်လင့်ကစား ၎င်းတို့၏ စိတ်နှလုံးများ၌ ဤသို့သော အရာများကို သိုထားကြ၏။ ၎င်းတို့သည် အခြားသူများက ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် မိမိတို့၏မိသားစုများကို ပစ်ခွာ၍ အရာအားလုံးကိုလည်း အလွယ်ကလေးပင် စွန့်လွှတ်နေကြသည်ကို မြင်မိကြပြီး “သူတို့က ကိုယ့်မိသားစုများကို ထိုမျှလောက် အချိန်အကြာကြီး ထားရစ်ခဲ့ကြသည်၊ သူတို့သည် အိမ်ကို မလွမ်းဘဲ မည်သို့များ နေကြသနည်း။ သူတို့သည် ဤအဖြစ်ကို မည်သို့ ကျော်လွှားကြသနည်း။ ငါက ဤအဖြစ်ကို ဘယ်လိုကြောင့် မကျော်လွှားနိုင်ရသနည်း။ ငါသည် ငါ့မိသားစု၊ ခင်ပွန်းသည် (သို့မဟုတ် ဇနီးသည်) နှင့် သားသမီးများကို ဘယ်လိုကြောင့် လက်မလွှတ်နိုင် ဖြစ်ရသနည်း။ ဘုရားသခင်သည် သူတို့အပေါ် ကျေးဇူးပြုပြီး၊ ငါ့အပေါ် ဘယ်လိုကြောင့် ကျေးဇူးမပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘာကြောင့် ငါ့အပေါ် ကျေးဇူးတော် မပေးအပ်သနည်း၊ သို့မဟုတ် ဘာကြောင့် ငါနှင့်အတူ ရှိမနေသနည်း” ဟု စဉ်းစားမိကြ၏။ ဤသည်မှာ မည်သို့သော အခြေအနေ ဖြစ်သနည်း။ လူတို့သည် အသိစိတ် ချို့တဲ့လွန်းလှ၏။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ကြဘဲ ဘုရားသခင်ကို မကျေမနပ် ပြောဆိုကာ ၎င်းတို့ ပြုလုပ်သင့်သော အရာများကို မပြုလုပ်ကြပေ။ လူတို့သည် သမ္မာတရားကို လိုက်စားသော လမ်းအား ရွေးချယ်သင့်၏၊ သို့ရာတွင် ၎င်းတို့မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ ဇာတိပကတိဆိုင်ရာ သာယာမှုများကို မက်မောကြသည်၊ ကောင်းချီးများ ရရှိရန်နှင့် ကျေးဇူးတော်ကို ခံစားရန် အမြဲတစေ ကြိုးပမ်းကြသည်။ တစ်ချိန်တည်းမှာပင် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ လွန်ကဲလွန်းသည် ဟူ၍ ညည်းညူနေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့အပေါ် ကျေးဇူးပြုရန်၊ ၎င်းတို့အပေါ် ပို၍ များပြားသော ကျေးဇူးတော်ကို ပေးအပ်ရန်နှင့် ၎င်းတို့အား သွေးသားသာယာမှုကို ခံစားခွင့်ပေးရန်တို့ကိုသာ တောင်းဆိုနေကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ကြသော လူများ ဟုတ်သလော။ “ငါသည် ငါ့တာဝန်ကို ထမ်းဆောင်ရန် ငါ့မိသားစုကို စွန့်လွှတ်ပြီးပြီ။ ငါသည် အများကြီး ဆင်းရဲဒုက္ခ ခံပြီးပြီ။ ငါ့အနေဖြင့် အိမ်ကို မလွမ်းမိစေရန်၊ စွန့်လွှတ်ဖို့လည်း စိတ်ပိုင်းဖြတ်မှု ရှိစေရန်အတွက် ဘုရားသခင်က ငါ့အပေါ် ကျေးဇူးပြုသင့်သည်။ ကိုယ်တော်က ငါ့ကို ခွန်အား ပေးသင့်သည်၊ သို့မှသာ ငါသည် အပျက်သဘောဆောင်မှု၊ ပျော့ညံ့မှုတို့ ဖြစ်လာမည်မဟုတ်။ အခြားလူတို့မှာ စိတ်ဓာတ် ကြံ့ခိုင်လွန်းလှသည်၊ ဘုရားသခင်က ငါ့ကိုလည်း စိတ်ဓာတ်ကြံ့ခိုင်အောင် ပြုလုပ်ပေးသင့်သည်” ဟူ၍ ၎င်းတို့က တွေးထင်ကြ၏။ လူအများ ပြောဆိုကြသော ဤစကားများမှာ အသိစိတ်နှင့် ယုံကြည်ခြင်း လုံးလုံး ကင်းမဲ့၏။ လူတို့၏ တရားလွန် တောင်းဆိုချက်များသည် မပြည့်စုံသေးသဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မကျေမနပ် ဖြစ်ကြ၍ ထိုစကားများကို ပြောဆိုကြခြင်းသာ ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့၏ စိတ်နှလုံးများထဲမှ ၎င်းတို့ ထုတ်ဖော်သော အရာများ ဖြစ်ပြီး ထိုအရာများသည် လူတို့၏သဘာဝကို လုံးလုံး ကိုယ်စားပြု၏။ ဤအရာများသည် လူတို့၏အတွင်း၌ ရှိနေ၏၊ ၎င်းအရာများကို မဖယ်ရှားလျှင် ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အချိန်မရွေး နေရာမရွေး အထင်လွဲမှားခြင်း၊ မကျေမနပ်ဖြစ်ခြင်းဆီသို့ ဦးတည်စေနိုင်၏။ လူတို့သည် ဘုရားသခင်ကို ပြစ်မှား စော်ကားမိလာနိုင်သလို မှန်သောလမ်းခရီးကိုလည်း အချိန်အခါမရွေး၊ နေရာမရွေး စွန့်ခွာမိနိုင်မည်ဖြစ်၏။ ဤသည်ကား ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ သင်တို့သည် ဤပြဿနာကို ယခု ရှင်းရှင်းလင်းလင်း မြင်ကြသလော။ လူတို့သည် ၎င်းတို့၏သဘာဝမှ ထုတ်ဖော်သော အရာများကို သိကြရမည်။ ဤသည်မှာ ဂရုတစိုက်ဖြင့် ချဉ်းကပ်ရန် လိုအပ်သည့် အလွန်လေးနက်သော အကြောင်းအရာတစ်ခု ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် လူတို့အနေဖြင့် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမရှိဟူသော အချက်ဖြင့်လည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်း၌ ကယ်တင်ခြင်း ရရှိနိုင် မရရှိနိုင်ဟူသော အချက်ဖြင့်လည်းကောင်း ဤအကြောင်းအရာက ဆက်နွှယ်နေခြင်းကြောင့် ဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှ နားလည်ကြသော လူများအတွက်မူ ၎င်းတို့ဆီမှ ဤအရာများ ထုတ်ဖော်နေသည်ကို သဘောပေါက်လျှင်၊ ထို့ပြင် ဤပြဿနာကို တွေ့ရှိသည့်အချိန်၌ ဆန်းစစ်ပြီး နှံ့နှံ့စပ်စပ် ရှာဖွေလေ့လာနိုင်လျှင် ၎င်းတို့သည် ပြဿနာကို ဖြေရှင်းနိုင်ကြလိမ့်မည်။ အကယ်၍ ၎င်းတို့ဆီမှ ဤအရာများ ထုတ်ဖော်ထွက်နေသည်ကို သဘောမပေါက်ကြလျှင် ၎င်းတို့အနေဖြင့် ဤပြဿနာကို ဖြေရှင်းရန် ဘယ်လိုမျှ မဖြစ်နိုင်ဘဲ ဘုရားသခင်၏ ဖော်ထုတ်ခြင်းကိုဖြစ်စေ၊ အဖြစ်မှန်တို့ ထုတ်ဖော်ခြင်းကိုဖြစ်စေ စောင့်ကြရုံသာရှိ၏။ သမ္မာတရားကို မချစ်ကြသော လူများသည် မိမိကိုယ်ကို ဆန်းစစ်ခြင်းကို တန်ဖိုးမထားကြပေ။ ၎င်းတို့သည် ထိုအကြောင်းအရာကို အရေးမပါသော ကိစ္စတစ်ခု ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ကြပြီး “လူတိုင်းသည် ဤသို့ဖြစ်သည်။ အနည်းငယ် ညည်းညူခြင်းက ပြဿနာကြီး မဟုတ်ပါ။ ဘုရားသခင်က ခွင့်လွှတ်လိမ့်မည်၊ ဘုရားသခင်က အမှတ်ထားလိမ့်မည်မဟုတ်” ဟူ၍ စဉ်းစားကာ မိမိကိုယ်ကို အလိုလိုက်ကြလိမ့်မည်။ လူတို့သည် မိမိကိုယ်ကို မည်သို့ ဆင်ခြင်ရမည်၊ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကို မသိကြ၊ ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုတလေကိုပင် လက်တွေ့မလုပ်ဆောင်နိုင်ကြချေ။ ၎င်းတို့သည် ယောင်ချာချာများသာ ဖြစ်ပြီး အထူးသဖြင့် ပျင်းရိကြသည့်အပြင် မှီခိုတတ်သလို စိတ်ကူးယဉ်မှုများကို အရသာတွေ့တတ်သည်။ “တစ်နေ့နေ့တွင် ဘုရားသခင်က ငါတို့အတွင်း၌ အလုံးစုံ ပြောင်းလဲခြင်းတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ ထိုအခါ ငါတို့သည် ယခုကဲ့သို့ ပျင်းရိကြတော့မည်မဟုတ်၊ ငါတို့သည် လုံးဝ သန့်ရှင်းလာကြလိမ့်မည်၊ ဘုရားသခင်၏ တန်ခိုးတော်ကိုလည်း ကြည်ညိုလေးစားကြလိမ့်မည်” ဟူ၍ ၎င်းတို့က တမ်းတကြ၏။ ဤသည်မှာ စိတ်ကူးယဉ်ဆန်ဆန် ထင်မှတ်ခြင်း ဖြစ်သလို တကယ်ပင် လက်တွေ့မကျပေ။ လူတစ်ဦး တစ်ယောက်သည် တရားဒေသနာ အများအပြားကို ကြားနာပြီးသည့်နောက် ဤသို့သော အယူအဆနှင့် စိတ်ကူးစိတ်သန်းမျိုးကို ပြောဆိုနိုင်လျှင် ထိုသူသည် ဘုရားသခင်၏ အမှုတော်ကို သိခြင်း မရှိပေ။ ဘုရားသခင်က လူများကို မည်သို့ ကယ်တင်သည်ကိုလည်း ၎င်းတို့သည် ယနေ့အချိန်ထိ ရှင်းလင်းစွာ မမြင်ကြသေးချေ။ ဤသို့သော လူများသည် အလွန့်အလွန် မသိနားမလည်ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သည် မိမိကိုယ်ကို သိရှိခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားအား သိရှိခြင်း အကြောင်းတို့ကို အဘယ်ကြောင့် အမြဲတစေ မိတ်သဟာယပြုရသနည်း။ ဤသည်ကား လူအယောက်တိုင်းအတွက် အရေးပါလှ၏။ ဘုရားသခင်က လူတို့အား မည်သို့ ကယ်တင်သည်ကို သင့်အနေဖြင့် အမှန်တကယ် ရှင်းလင်းစွာ မြင်နိုင်သည်ဆိုလျှင် သင်သည် မိမိကိုယ်ကို သိရှိခြင်းကို အာရုံစိုက်သင့်သည့်အပြင် မိမိကိုယ်ကို ဆင်ခြင်ခြင်းကိုလည်း ပုံမှန် လုပ်ဆောင်သင့်၏။ သို့မှသာ စစ်မှန်သော အသက်ဝင်ရောက်မှုကို သင်ရရှိပေလိမ့်မည်။ သင့်အနေဖြင့် မိမိသည် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနေသည်ဟု သဘောပေါက်မိသည့်အချိန်တွင် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပါမည်လော။ ဘုရားသခင်ထံ ဆုတောင်းကာ ဇာတိပကတိကို ပုန်ကန်နိုင်မည်လော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်းအတွက် မရှိမဖြစ်သော လိုအပ်ချက်တစ်ခု ဖြစ်၏၊ အရေးပါသော အဆင့်တစ်ခုလည်း ဖြစ်၏။ အကယ်၍ သင့်ထံတွင် ဖြစ်ပျက်သော အရာအားလုံးနှင့် သင် ပြုလုပ်သော အရာအားလုံးတို့၌ သမ္မာတရားနှင့် ကိုက်ညီသော နည်းလမ်းမျိုးဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်က သိနားလည် နိုင်သည်ဆိုလျှင် သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူပေလိမ့်မည်၊ အသက်ဝင်ရောက်မှုကိုလည်း ရရှိပေလိမ့်မည်။ သင်သည် မိမိကိုယ်ကို သိရှိနိုင်စွမ်း မရှိလျှင် သင်၏အသက်သည် မည်သို့ တိုးတက်နိုင်မည်နည်း။ သင်သည် မည်မျှ အပျက်သဘောဆောင်၍ ပျော့ညံ့နေသည်ဖြစ်စေ၊ မိမိကိုယ်ကို ဆင်ခြင်ခြင်း မပြု၊ မိမိကိုယ်ကို သိရှိလာခြင်း မရှိ၊ သို့မဟုတ် ဘုရားသခင်ကို ဆုတောင်းခြင်း မရှိလျှင် သင်သည် သမ္မာတရားကို မချစ်ကြောင်း၊ သင်သည် သမ္မာတရားကို အားထုတ်သော လူတစ်ယောက် မဟုတ်ကြောင်း၊ သမ္မာတရားကို မည်သည့်အခါမှ ရရှိနိုင်လိမ့်မည် မဟုတ်ကြောင်းတို့ကိုသာ ဤအရာက သက်သေပြ၏။

“ငါတို့သည် အဆင်းနီသောနဂါးကြီး၏ မြန်မြန် ကျရှုံးမှုကို တောင့်တကြသည်၊ ဘုရားသခင်၏နေ့ရက် အလျင်အမြန် ရောက်လာဖို့ကိုလည်း မျှော်လင့်ကြသည်။ ဤသည်တို့မှာ သဘာဝကျသော တောင်းဆိုချက်များ မဟုတ်လော။ ဘုရားသခင်၏နေ့ရက် မကြာမီ ရောက်ရှိလာရန် တမ်းတခြင်းသည် ဘုရားသခင်ထံသို့ ဂုဏ်အသရေအား တတ်နိုင်သမျှ အလျင်အမြန် ဆောင်ယူပေးရန် တမ်းတခြင်းနှင့် အတူတူပင် မဟုတ်လော” ဟူ၍ အချို့သောလူများသည် ယခင်က စဉ်းစားခဲ့ကြ၏။ ၎င်းတို့သည် ဤအကြောင်းကို ဖော်ပြရန် ကြားကောင်းသော နည်းလမ်းအချို့ကို ခိုးကြောင်ခိုးဝှက် ရှာဖွေကြ၏၊ အမှန်မှာမူ ၎င်းတို့သည် ဤအရာများကို ၎င်းတို့ကိုယ်တိုင်အတွက် မျှော်လင့်နေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးအတွက် လုပ်ဆောင်နေခြင်း မဟုတ်လျှင် ၎င်းတို့သည် မည်သည့်အရာကို တမ်းတမည်နည်း။ လူတို့ တမ်းတသည့် အရာအားလုံးမှာ ၎င်းတို့၏ စိတ်မချမ်းမြေ့စရာ ပတ်ဝန်းကျင်နှင့် ဤစိတ်ဆင်းရဲစရာ လောကကြီးမှ အလျင်အမြန် လွတ်မြောက်ဖို့သာ ဖြစ်၏။ ဘုရားသခင်၏ သားဦးများကို ဟိုယခင်က ပေးအပ်ခဲ့သည့် ကတိတော်များအား မြင်မိကြသော ထူးထူးထွေထွေ လူအချို့သည် ရှိနေကြပြီး ၎င်းတို့သည် ဤအရာအတွက် အလွန် အာသာဆန္ဒ ရှိကြ၏။ ၎င်းတို့အနေဖြင့် ထိုစာသားများကို ဖတ်မိသည့် အခါတိုင်းသည် တံလျှပ်တစ်ခုကို ကြည့်ရင်း မိမိတို့၏ အာသာဆန္ဒကို ပြေပျောက်အောင် လုပ်နေသကဲ့သို့ပင် ဖြစ်၏။ လူသား၏အတွင်းမှ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများမှာ လုံးလုံးလျားလျား စွန့်လွှတ်ခံရခြင်း မရှိသေးချေ၊ ထို့ကြောင့် သင်သည် သမ္မာတရားကို မည်မျှ လိုက်စားသည်ဖြစ်စေ၊ စိတ်မပါ့တပါ အခြေအနေသာ အစဉ်အမြဲ ရှိနေလိမ့်မည်။ သမ္မာတရားကို မလိုက်စားသော လူအများအပြားသည် ၎င်းတို့၏ ဆင်းရဲဒုက္ခမှ သက်သာရာ ရနိုင်ရန်နှင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို ခံစားနိုင်ရန်အတွက် ဘုရားသခင်၏နေ့ရက် ရောက်ရှိလာဖို့ကို အမြဲတစေ တမ်းတကြ၏။ ရောက်ရှိ မလာသည့်အခါတွင် ၎င်းတို့သည် စိတ်ဆင်းရဲမှုဖြင့် လောင်မြိုက်ကာ အချို့သောလူများက “ဘုရားသခင်၏ နေ့ရက်သည် ဘယ်အချိန်တွင် ရောက်ရှိလာမည်နည်း။ ကျွန်ုပ်တို့သည် အိမ်ထောင် မပြုရသေးပါ။ ဆက်ပြီး မစောင့်နိုင်တော့ပါ။ မိဘများအတွက် သားသမီးတို့၏ ဝတ္တရားကို ပြရပါမည်။ ဆက်ပြီး သည်းမခံနိုင်တော့ပါ။ မိမိတို့ အသက်အရွယ် ကြီးသည့်အခါ မိမိတို့ကို စောင့်ရှောက်နိုင်ရန်အတွက် သားသမီးများ ရှိဖို့ လိုအပ်ပါသေးသည်။ ဘုရားသခင်၏ နေ့ရက်သည် မြန်မြန်ဆန်ဆန် ရောက်လာသင့်သည်။ ထိုအတွက် အားလုံးအတူတူ ဆုတောင်းကြပါစို့” ဟူ၍ ဟစ်အော်ကြ၏။ သမ္မာတရားကို လိုက်စားသော ထိုလူများသည် လမ်းခရီးတစ်လျှောက် ယခုအချိန်ထိ မကျေနပ်ချက် တစ်ခုမျှ မရှိဘဲ မည်သို့များ လျှောက်လှမ်းနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် လမ်းပြခြင်း မခံရလေသလော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ပံ့ပိုးခြင်း မခံရလေသလော။ လူတို့၏အတွင်း၌ မစင်ကြယ်မှု မြောက်များစွာ ရှိ၏၊ ၎င်းတို့အနေဖြင့် စစ်ဆေးခြင်းကို လက်မခံလျှင် အဆင်ပြေနိုင်သလော။ ဆင်းရဲဒုက္ခ မရှိလျှင် ၎င်းတို့ မည်သို့များ ပြောင်းလဲနိုင်သနည်း။ လူတို့သည် အတိုင်းအတာတစ်ခုအထိ စစ်ဆေးခြင်း ခံကြရမည် ဖြစ်ပြီး ဘုရားသခင်က ၎င်းတို့အား စီစဉ်ညွှန်ကြားသည်ကို ခွင့်ပြုရန် မကျေနပ်ချက် စိုးစဉ်းမျှ ရှိမလာတော့ဘဲ လိုလားရမည်။ ၎င်းတို့အနေဖြင့် လုံးလုံး ပြောင်းလဲကြမည်မှာ ထိုအချိန်ပင် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။