မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄၇)

မည်သို့ ဘုရားသခင်နောက်လိုက်ကာ သမ္မာတရား လိုက်စားသည့် လမ်းကြောင်းအား မည်သို့ လျှောက်ရမည်ကို သင်တို့ ယခု ရှင်းလင်းစွာ မြင်ကြသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက် လိုက်ခြင်းဟူသည်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ အနည်းငယ်သော အမှုအရာများကို စွန့်လွှတ်ခြင်း၊ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံနိုင်ကာ ဆင်းရဲဒုက္ခအနည်းငယ် သည်းညည်းခံနိုင်ခြင်းနှင့် လမ်းဆုံးထိတိုင် ဘုရားသခင်နောက်သို့ လိုက်ခြင်းအကြောင်းဖြစ်ပြီး ထိုမျှသာဖြစ်သလော။ ဘုရားသခင်နောက်သို့ ဤသို့လိုက်လျှောက်ခြင်းဖြင့် သမ္မာတရားကို ရရှိနိုင်သလော။ ကယ်တင်ခြင်းကို ရရှိနိုင်သလော။ သင်တို့၏ စိတ်နှလုံးများတွင် ဤအရာများနှင့်ပတ်သက်၍ ရှင်းလင်းကြသလော။ လူအချို့က လူတစ်ဦးအနေဖြင့် တရားစီရင်၊ ပြစ်တင်ဆုံးမခြင်းခံရကာ ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့၏ စစ်မှန်သော စရိုက်များ ထုတ်ဖော်ခံရပြီးနောက်တွင် ၎င်းတို့၏ အဆုံးသတ် ချမှတ်ခြင်းခံရကာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိရန် သေချာသည်ဟု တွေးထင်ကြသည်။ လူအများစုက ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြချေ။ ၎င်းတို့သည် ရှေ့တွင်ရှိသည့် လမ်းကြောင်းအား မည်သို့လျှောက်ရမည်ကို မသိဘဲ လမ်းဆုံတွင် ချီတုံချတုံဖြစ်နေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အမှုတော်အပေါ် စစ်မှန်သည့် အသိ ကင်းမဲ့သေးသည်ဟု ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်နှင့် လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းအကြောင်း သံသယများ အမြဲရှိသူတို့သည် စစ်မှန်သည့် ယုံကြည်ခြင်း တစ်ခုတလေ လုံးဝ ရှိကြသလော။ သာမန်အားဖြင့် လူအချို့သည် ပြုပြင်ခြင်းကို မခံရသေးဘဲ ဆုတ်ဆိုင်းမှု တစ်စုံတစ်ခုမျှ မခံစားရသည့်အခါ ၎င်းတို့သည် မိမိတို့၏ယုံကြည်မှုတွင် သမ္မာတရားကို လိုက်စားသင့်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်သင့်သည်ဟု ခံစားကြရသည်။ သို့သော် ၎င်းတို့သည် ဒုက္ခခံစားရပြီးသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သစ္စာဖောက်သော သဘာဝက ပေါ်ထွက်လာသည်။ ယင်းကို မြင်ရသည်မှာ အော့နှလုံးနာစရာ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အော့နှလုံးနာစရာ ဖြစ်သည်ဟု ခံစားကြရပြီး နောက်ဆုံးတွင် “ငါတော့ ပွဲသိမ်းသွားပြီ။ ငါက ဒီလိုအရာတွေကို လုပ်နိုင်စွမ်းရှိရင် ငါ့ဘဝ ဇတ်သိမ်းပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား။ ဘုရားသခင်က ငါ့ကို ဘယ်တော့မှ ကယ်တင်မှာ မဟုတ်ဘူး” ဟု ပြောလျက် ၎င်းတို့၏ ကိုယ်ပိုင် အဆုံးသတ်ကို စီရင်ချက်ချကြသည်။ လူများစွာတို့သည် ဤအခြေအနေတွင် ရှိကြသည်။ လူတိုင်းသည် ဤကဲ့သို့ ဖြစ်သည်ဟုပင် ဆိုနိုင်သည်။ လူများသည် အဘယ့်ကြောင့် မိမိတို့ကိုယ်ကို ထိုသို့ စီရင်ချက်ချကြသနည်း။ ယင်းက ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်သေးဟု သက်သေပြနေသည်။ တစ်ကြိမ်တစ်ခါ ပြုပြင်ခံရခြင်းက သင်သည် ရုန်းထွက်ရန် အားထုတ်နိုင်ခြင်း မရှိဘဲ သင်၏ တာဝန်ကို စွန့်လွှတ်ကောင်း စွန့်လွှတ်လိုက်နိုင်သည့်အတိုင်းအတာထိတိုင်အောင် အချိန်ကာလကြာမြင့်စွာ အပျက်သဘောဆောင်ခြင်းထဲသို့ သင့်အား ကျဆင်းစေနိုင်သည်။ သေးငယ်သည့် အခြေအနေတစ်ခုသည်ပင်လျှင် သင့်ကို သမ္မာတရား မလိုက်စားတော့ဘဲ ပိတ်မိသွားစေနိုင်သည့်အဖြစ်သို့ ခြောက်လှန့်နိုင်သည်။ ယင်းမှာ လူတို့သည် မိမိတို့က အပြစ်အနာအဆာကင်းပြီး အပြစ်တင်စရာ မရှိကြောင်း ခံစားရသည့်အခါတွင်သာ ၎င်းတို့၏ လိုက်စားမှုတွင် စိတ်ထက်သန်ကြသည့်တိုင် ၎င်းတို့ အလွန်အကျွံ ဖောက်ပြန်ပျက်စီးသည်ကို သိရှိလိုက်ရသည့်အခါ ၎င်းတို့ သမ္မာတရား ဆက်လက်လိုက်စားရန် စိတ်မပါကြသည့်အလား ဖြစ်သည်။ များစွာသောလူတို့သည် “ကျွန်ုပ်အတွက် သေချာပေါက် ဇာတ်သိမ်းသွားပေပြီ။ ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်လိမ့်မည် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ခွင့်လွှတ်လျှင်ပင် ကျွန်ုပ်ကိုယ်ကျွန်ုပ် မခွင့်လွှတ်နိုင်ပါ။ ကျွန်ုပ် လုံးဝ မပြောင်းလဲနိုင်ပါ”ဟူသကဲ့သို့သော အားမလိုအားမရဖြစ်ကာ အပျက်သဘောဆောင်သည့် စကားများ ပြောဆိုကြပြီးဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူတို့ နားမလည်ကြပေ။ ယင်းက သူ၏ အမှုတော်ကို ၎င်းတို့ နားမလည်ကြကြောင်းကို ပြသသည်။ အမှန်တွင် လူတို့အတွက် ၎င်းတို့၏ အတွေ့အကြုံများတစ်လျှောက်တွင် တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်ခြင်း သို့မဟုတ် မသမာသောပုံစံဖြင့် သို့မဟုတ် တာဝန်မဲ့စွာ သို့မဟုတ် ဝတ်ကျေတမ်းကျေနှင့် သစ္စာစောင့်သိမှုမရှိဘဲ ပြုမူဆောင်ရွက်ခြင်းက သဘာဝအလျောက်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲမရသော နိယာမဖြစ်သည်။ ဤထုတ်ဖော်မှုများကြောင့်သာ မဟုတ်လျှင် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားများဟု အဘယ်ကြောင့် ခေါ်မည်နည်း။ လူသားများ ဖောက်ပြန်ပျက်စီးခြင်းမရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်သည် အဓိပ္ပာယ်မဲ့သွားပေမည်။ ယခုတွင် ပြဿနာမှာ လူတို့သည် သမ္မာတရားကို နားမလည်ကြသောကြောင့် သို့မဟုတ် မိမိတို့ကိုယ်ကို နားမလည်ကြသောကြောင့်လည်းကောင်း၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေများကို ရှင်းလင်းစွာ မမြင်နိုင်သောကြောင့်လည်းကောင်း အလင်းကို မြင်ရန်အလို့ငှာ ဘုရားသခင်က သူ၏ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ဖော်ပြရန် ၎င်းတို့ လိုအပ်ကြခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့သည် နုံအကာ ဉာဏ်ထိုင်းနေကြမည်ဖြစ်သည်။ ဘုရားသခင်သည် ဤနည်းဖြင့် အမှုမပြုလျှင် လူတို့ လုံးဝ ပြောင်းလဲကြမည် မဟုတ်။ အဆင့်တိုင်းတွင် သင်တို့အပေါ် ကျရောက်သည့် အခက်အခဲများရှိလင့်ကစား ငါသည် ရှင်းလင်းမှုနှင့် လမ်းပြမှုတို့ကို ပေးလျက် သင်တို့နှင့်အတူ သမ္မာတရားအကြောင်းကို မိတ်သဟာယပြုမည်ဖြစ်ပြီး သင်တို့အနေဖြင့် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ဝင်ရောက်နိုင်သရွေ့ ယင်းမှာ လုံလောက်ပေသည်။ သို့မဟုတ်လျှင် လူတို့သည် အစွန်းရောက်သည်အထိ အစဉ်သဖြင့် လွဲချော်ကြလိမ့်မည်။ ၎င်းတို့သည် ရှေ့ဆက်ရမည့်လမ်းမရှိဘဲနှင့် လျှောက်လှမ်းရင်း မိမိတို့ကိုယ်ကို ထင်မြင်ချက်များပေးလျက် တစ်ဖက်ပိတ်လမ်းကြောင်းများကို အမြဲ လျှောက်လှမ်းသွားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန် အစပြုရုံရှိနေချိန်တွင် မိမိတို့ကိုယ်ကို နားမလည်ကြသေးပေ။ အကြိမ်အတော်များများ ကျရှုံးကာ ထုတ်ဖော်ခံရပြီးနောက်တွင် နောက်ဆုံး၌ မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ ထင်မြင်ချက် ပေးကြလေသည်။ ၎င်းတို့က “ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ကျွန်ုပ်သည် စာတန်တစ်ကောင် ဖြစ်သည်။ ကျွန်ုပ်အတွက် အားလုံး အဆုံးသတ်ပြီဖြစ်သည်။ ကျွန်ုပ်သည် မည်သည့်အခါတွင်မျှ ကယ်တင်ခံရမည့် အခွင့်အရေးမရှိပါ။ ကျွန်ုပ်သည် ကယ်တင်၍ မရနိုင်လောက်အောင်ပင်ဖြစ်သည်”ဟု ပြောကြသည်။ လူတို့သည် ဧကန်အမှန် အလွန် နုနယ်ကြပြီး ဆက်ဆံရန် အတော်လေး ခက်ခဲကြကာ လမ်းလျှောက်ရင်း အစွန်းရောက်သည်အထိ လမ်းလွဲကြလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုသည် အလွန် နက်ရှိုင်းသည်ကိုလည်းကောင်း၊ ၎င်းတို့ နတ်ဆိုးများဖြစ်သည်ကိုလည်းကောင်း လူတို့ မမြင်နိုင်သည့်အခါ ၎င်းတို့ မာနထောင်လွှားလာကြပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်လာကြသည်။ ၎င်းတို့အနေဖြင့် မရေမတွက်နိုင်သည့် အခက်အခဲများကို ခါးစီးခံရပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်သောလူများ ဖြစ်ကြောင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီကြကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ သို့သော် လူတို့သည် ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်း၏ အတိမ်အနက်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့အနေဖြင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ခြင်း မရှိခဲ့ကြဘဲ နတ်ဆိုးများနှင့် စာတန်များဖြစ်ကြောင်းကို သဘောပေါက်ကြသည့်အခါ ၎င်းတို့သည် မျှော်လင့်ချက်ပျက်သုဉ်းသော ခံစားမှု၏ လွှမ်းမိုးခြင်းခံကြရပြီး ၎င်းတို့ကို မျှော်လင့်၍မရနိုင်တော့သည့်အလား ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ရှုတ်ချခြင်းခံကြရမည်ဖြစ်ကာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံကြရမည်ဟု ခံစားကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကို နားမလည်ကြသည့်အခါ မာနထောင်လွှားပြီး မိမိတို့ကိုယ်ကို မှန်သည်ဟု ယူမှတ်ကြသည်။ မိမိတို့ကိုယ်ကို နားလည်ကြသည့်အခါ မျှော်လင့်ချက်ပျက်သုဉ်းသော ခံစားမှု၏ လွှမ်းမိုးခြင်းခံကြရလေသည်။ ဤသည်မှာ လူတို့အနေဖြင့် ဒုက္ခပေးတတ်ပြီး ခက်ခဲကြသည့်ပုံစံ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်လျှင်၊ တစ်နေ့တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ အမှန်တကယ် နားလည်လာသည့်အခါ ၎င်းတို့က “ဤတစ်ချိန်လုံးတွင် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းက ဤမျှနက်ရှိုင်းခဲ့သည်ကို နောက်ဆုံးတွင် ကျွန်ုပ် သတိပြုမိလေပြီ။ ကံအားလျော်စွာ ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်ပြီး ယခု ထူးခြားပြောင်မြောက်သော ဘဝတစ်ခုကို ကျွန်ုပ် မြင်နိုင်ကာ ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်နိုင်သည်။ ဘုရားသခင်အား မည်သို့ ကျေးဇူးတင်ရမည်ကို ကျွန်ုပ် မသိပါ”ဟု ပြောကြလိမ့်မည်။ ထိုအရာသည် အိမ်မက်တစ်ခုမှ နိုးထခြင်းနှင့် အလင်းကို မြင်ရခြင်းကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိလေပြီ မဟုတ်လော။ ဘုရားသခင်ကို ၎င်းတို့ မချီးမွမ်းသင့်သလော။ လူအချို့သည် သေဆုံးခါနီးချိန်တွင်ပင် မိမိတို့ကိုယ်ကို နားမလည်ကြပေ။ ၎င်းတို့သည် မာနထောင်လွှားကြဆဲဖြစ်ကာ အမှန်တရားများ၏ ထုတ်ဖော်ပြချက်ကို လက်မခံနိုင်ကြပေ။ ၎င်းတို့ အတော်လေး ကောင်းမြတ်သည်ဟု ခံစားကြသည်။ “ငါသည် လူကောင်းတစ်ဦးဖြစ်သည်။ ယင်းကို အဘယ်သို့ဖြစ်ပြီး ငါ လုပ်ဆောင်နိုင်မည်နည်း”ဟူ၍ ဖြစ်သည်။ ယင်းမှာ ၎င်းတို့အနေဖြင့် မတရားသဖြင့် စွပ်စွဲခံရပြီးသည့်အလား ထင်ရသည်။ လူအချို့သည် ဘုရားသခင်၏ အမှုပြုသည့် နှစ်ကာလများကို ဖြတ်သန်းရပြီး အဆုံးတွင် ၎င်းတို့၏ သဘာဝများကို ၎င်းတို့ နားမလည်ကြသေးချေ။ ၎င်းတို့သည် လူကောင်းများဖြစ်ကြောင်းနှင့် စိတ်ရှုပ်ထွေးသည့် အခိုက်အတန့်တွင် အမှားတစ်ခု ပြုခဲ့ခြင်းဖြစ်သည်ဟု အမြဲ တွေးကြသည်။ ပြီးလျှင် ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အချိန် ယနေ့အထိတိုင် ကျိုးနွံနာခံခြင်း မရှိကြပေ။ ဤလူစားမျိုးသည် အလွန် မာနထောင်လွှားပြီး မသိနားမလည်ဖြစ်ကာ သမ္မာတရားကို တကယ်ပင် လက်ခံခြင်း မရှိကြပေ။ ၎င်းတို့သည် လုံးဝ ပြောင်းလဲကာ လူသားများ ဖြစ်လာကြနိုင်လိမ့်မည် မဟုတ်ပေ။ ဤအရာမှနေ၍ လူတို့၏ သဘာဝများသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်ကြသော်လည်း ၎င်းတို့၏ သဘာဝများတွင် ကွဲပြားမှုများရှိသည်ကို သင်တို့ တွေ့ရှိရနိုင်သည်။ ဤအရာသည် လူတို့၏ သဘာဝများကို သာ၍ နက်ရှိုင်းသည့် သိနားလည်မှု လိုအပ်ပေသည်။

လူတို့၏ သဘာဝများတွင် နားလည်ရမည့် တွေ့နေကျ လက္ခဏာအချို့ ရှိသည်။ လူအားလုံးသည် ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ တွေ့နေကျ လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော် လူတစ်ဦးစီသည် ၎င်းတို့ ကိုယ်ပိုင် အလွန်အရေးပါသော အားနည်းချက် ရှိသည်။ လူအချို့သည် တန်ခိုးအာဏာကို ချစ်သည်။ အခြားသူတို့က အဆင့်အတန်းကို ချစ်သည်။ အချို့က ငွေကို ကိုးကွယ်ကြစဉ်တွင် အခြားသူတို့က ရုပ်ဝတ္ထုဆိုင်ရာ ပျော်ရွှင်မှုများကို ကိုးကွယ်ကြသည်။ ဤသည်တို့မှာ လူတို့၏ သဘာဝများတွင်ရှိသည့် ကွဲပြားချက်များ ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် အခက်အခဲများစွာ ခါးစီးခံရသော်လည်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြစဉ်တွင် အခြားသူတို့မှာ အခက်အခဲအနည်းငယ် ရင်ဆိုင်ရသည့်အခါ အပျက်သဘောဆောင်လာသည်၊ ညည်းညူပြီး ခိုင်ခိုင်မာမာ ရပ်တည်ရန် ပျက်ကွက်ကြသည်။ သို့ဆိုလျှင် နှစ်ဦးလုံးက ဘုရားသခင်ကို ယုံကြည်ပြီး နှစ်ဦးလုံးက ဘုရားနှုတ်ကပတ်တော်ကို စားသောက်သော်လည်း အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့ တုံ့ပြန်ချက်များက အဘယ်ကြောင့် ခြားနားရသနည်း။ ဤအရာက အလွန်အမင်း ဖောက်ပြန်ပျက်စီးသည့် လူသားများအားလုံးသည် စာတန်၏ သဘာဝရှိကြသော်လည်း ၎င်းတို့ လူ့သဘာဝ၏ အရည်အသွေး ခြားနားကြောင်းကို ဖော်ပြပေသည်။ လူအချို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ မုန်းတီးကြစဉ်တွင် အခြားသူတို့မှာ ထိုသမ္မာတရားကို ချစ်ပြီး လက်ခံကြသည်။ လူအချို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြသမှုများသည် ပိုမို ပြင်းထန်စဉ်တွင် အခြားသူတို့မှာ ထိုသို့ပြသခြင်းက လျော့နည်းလေသည်။ လူအချို့သည် အနည်းငယ် ပို၍ ကြင်နာသော စိတ်နှလုံးရှိကြစဉ်တွင် အခြားသူတို့မှာ အလွန် ရက်စက်ကြလေသည်။ ၎င်းတို့၏ စကားလုံးများ၊ အပြုအမူနှင့် သရုပ်သကန်များက ကွဲပြားကောင်းကွဲပြားနိုင်သော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်ကြသည့် ဖောက်ပြန်ပျက်စီးသော လူသားများချည်းသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကြားတွင်ရှိသည့် တွေ့ရလေ့ရှိသော လက္ခဏာတစ်ခု ဖြစ်သည်။ လူတစ်ဦး၏ သဘာဝက ၎င်းတို့ မည်သူဖြစ်သည်ကို သတ်မှတ်သည်။ ၎င်းတို့၏ သဘာဝအရ လူတစ်ဦးနှင့်တစ်ဦး တူညီမှုများရှိသော်လည်း လူတစ်ဦးစီသည် မိမိတို့၏ အနှစ်သာရအတိုင်း မတူကွဲပြားစွာ ဆက်ဆံခြင်း ခံရမည်ဖြစ်သည်။ ဥပမာအနေဖြင့် ဆိုးယုတ်သော တပ်မက်မှုများသည် လူအားလုံး တူညီသည့် တွေ့နေကျလက္ခဏာတစ်ခု ဖြစ်သည်။ လူတိုင်းသည် ဤအရာများကို ပိုင်ဆိုင်ပြီး ယင်းတို့ကို အလွယ်တကူ အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိကြပေ။ သို့သော် လူအချို့တွင် ဤအရာနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြင်းထန်သော အထုံဝါသနာရှိကြသည်။ ဤကဲ့သို့သော လူများသည် ဆန့်ကျင်ဘက်လိင် ပါဝင်သည့် စုံစမ်းသွေးဆောင်မှုများ ကြုံရသည့်အခါတိုင်းတွင် ယင်းတို့ကို မလွန်ဆန်နိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် လွှမ်းမိုးခြင်းခံရကာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျဆင်းသွားကြသည်။ ၎င်းတို့သည် အခြားလူတစ်ဦးနှင့် အချိန်မရွေး လစ်ပြေးပြီး ဘုရားသခင်ကို သစ္စာဖောက်ရန် အသင့်ဖြစ်ကြသည်။ ထိုသို့ဖြင့် ဤလူများတွင် ဆိုးယုတ်သော သဘာဝများရှိသည်ဟု ဆိုနိုင်သည်။ လူအချို့သည် ဤအရာမျိုးနှင့် ရင်ဆိုင်ရသည့်အခါ အားနည်းချက်အနည်းငယ်ကို ၎င်းတို့ ဖော်ပြလျှင်ပင် သို့မဟုတ် ဆိုးယုတ်သော တပ်မက်မှုအချို့ကို ထုတ်ဖော်ပြလျှင်ပင် ၎င်းတို့ မသင့်လျော်သော အရာတစ်ခုမျှ လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဤအခြေအနေမျိုးကို ချုပ်ထိန်းကာ ရှောင်ကြဉ်ခြင်းကို ကျင့်ကြံနိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် ဇာတိပကတိကို ပုန်ကန်ကာ စုံစမ်းသွေးဆောင်ခြင်းကို ရှောင်ရှားနိုင်သည်။ ထိုသို့ဖြင့် ၎င်းတို့၏ သဘာဝက ဆိုးယုတ်သည်ဟု ပြော၍ မရပေ။ လူသားများသည် ဇာတိပကတိဖြင့် အသက်ရှင်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် ဆိုးယုတ်သော တပ်မက်မှုများ ရှိကြသည်။ သို့သော် လူအချို့သည် ထင်ရာမြင်ရာလုပ်ပြီး သောင်းကျန်းကြသည်။ ၎င်းတို့သည် ၎င်းတို့၏ တပ်မက်မှုတွင် စိတ်အလိုလိုက်ကာ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်အရာများကိုပင် လုပ်ဆောင်ကြသည်။ သို့သော် လူအချို့သည် ဤကဲ့သို့ မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားကာ ထိုသမ္မာတရားအတိုင်း ပြုမူဆောင်ရွက်နိုင်ကြပြီး ဇာတိပကတိကို ပုန်ကန်နိုင်ကြသည်။ လူအားလုံးတွင် ဇာတိပကတိနှင့်ဆိုင်သော တပ်မက်မှုများ ရှိကြသော်လည်း ၎င်းတို့သည် တစ်ပုံစံတည်း ပြုမူကြခြင်း မရှိပေ။ ဤသည်မှာ လူတို့၏ သဘာဝ အနှစ်သာရများ ကွဲပြားကြပုံ ဖြစ်သည်။ လူအချို့သည် ငွေအတွက် လောဘကြီးကြသည်။ ငွေ သို့မဟုတ် ပစ္စည်းကောင်းများကို မြင်သည့်အခါတိုင်းတွင် မိမိတို့အတွက် ရယူချင်ကြသည်။ ၎င်းတို့တွင် အထူးသဖြင့် ဤအရာများကို ရယူရန် ပြင်းထန်သည့် လိုအင်ဆန္ဒရှိကြသည်။ ဤလူများသည် သဘာဝအားဖြင့် လောဘကြီးကြသည်။ ၎င်းတို့ မြင်သည့် မည်သည့်ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းဥစ္စာများကိုမဆို ၎င်းတို့ တပ်မက်လိုချင်ကြပြီး ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကိုပင် ခိုးယူခြင်းဖြစ်စေ၊ အလွဲသုံးစားပြုခြင်းဖြစ်စေ လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် ယွမ်ငွေပေါင်းထောင်ချီ၊ သောင်းချီ ပမာဏများကိုပင် ထိဝံ့ကြသည်။ ငွေပိုများလေ၊ ၎င်းတို့ ပိုသတ္တိရှိလာလေ ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး လုံးဝ ကင်းမဲ့ကြသည်။ ဤသည်မှာ လောဘကြီးသော သဘာဝ ဖြစ်သည်။ လူအချို့သည် ယွမ်ငွေအနည်းငယ် သို့မဟုတ် အသင်းတော်ငွေနှင့်ဆိုင်သည့် ယွမ်ငွေဆယ်ဂဏန်းမျှကို သုံးပြီးနောက်တွင် အသိစိတ်များ၌ လိပ်ပြာမသန့်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ ခွင့်လွှတ်မှုကို တောင်းခံလျက် နောင်တမျက်ရည်များဖြင့် ဘုရားသခင်ရှေ့မှောက်တွင် အမြန် ဒူးထောက်ဆုတောင်းကြသည်။ ဤကဲ့သို့သော လူများသည် ငွေအတွက် လောဘကြီးကြသည်ဟု ငါတို့ ပြော၍မရပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အားနည်းချက်များ ရှိကြပြီး ဤလူများ၏ အမှန်တကယ် နောင်တရနိုင်စွမ်းက ၎င်းတို့၏ လုပ်ရပ်များသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ချက်တစ်ခုမျှသာ ဖြစ်သည်ကို သက်သေပြ၏။ လူအချို့သည် အခြားသူများအပေါ် ဝေဖန်သုံးသပ်တတ်ကြသည်။ ၎င်းတို့က “ဤလူသည် ဤတစ်ကြိမ်တွင် အသင်းတော်ငွေနှင့်ဆိုင်သော ယွမ်အနည်းငယ်ကို သုံးခဲ့သည့်အတွက် နောက်တစ်ကြိမ်တွင် ယွမ်ဆယ်ဂဏန်းမျှ ဖြစ်နိုင်သည်။ သူတို့သည် သေချာပေါက် လှူဖွယ်ပစ္စည်းများကို ခိုးယူသည့် လူဖြစ်ပြီး ရှင်းလင်းပစ်ခံရသင့်သည်”ဟူ၍ ပြောကြလိမ့်မည်။ ဤပုံစံဖြင့် စကားပြောခြင်းတွင် ထိုအရာကို ဝေဖန်သုံးသပ်သော သဘာဝ အနည်းငယ် ရှိသည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ မုချ ထုတ်ဖော်ပြလိမ့်မည်ဖြစ်ကာ မကောင်းသည့်အရာများစွာကို လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ ပုံမှန်ဖြစ်သော်လည်း လူတစ်ဦးက မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခြင်းသည် တစ်စုံတစ်ဦးက ဆိုးယုတ်သော လူတစ်ဦး၏ သဘာဝကို ရှိခြင်းနှင့် မတူပေ။ ဤလူနှစ်မျိုးနှစ်စားသည် တစ်ပုံစံတည်းသော အမှုအရာအချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ကြသော်လည်း ၎င်းတို့သည် သဘာဝအားဖြင့် မတူပေ။ ဥပမာအနေဖြင့် လူတစ်ဦးသည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ရန် ကြိုးစားသော်လည်း ၎င်းတို့သည် အလိမ်အညာများ၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်လှည့်စားမှုများကို မကြာခဏဆိုသလို မလွဲမသွေ ထုတ်ဖော်လိမ့်မည်။ လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်းတို့သည် နတ်ဆိုးတစ်ကောင်၏ သဘာဝ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းကမူ တစ်ချိန်လုံး အရာရာနှင့်ပတ်သက်၍ လိမ်ညာလိမ့်မည် ဖြစ်သည်။ နှစ်ဦးလုံးက လိမ်ညာသည့် အပြုအမူကို ပြကောင်းပြသနိုင်သော်လည်း နတ်ဆိုးတစ်ကောင်၏ အနှစ်သာရနှင့် သမ္မာတရားကို လိုက်စားသော တစ်စုံတစ်ဦး၏ အနှစ်သာရတို့သည် အခြေခံအားဖြင့် ကွဲပြား၏။ သို့ဆိုလျှင် ရိုးသားရန် ကြိုးစားသောလူများကို ခဏတာ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းသက်သက်ကြောင့် နတ်ဆိုးများနှင့် စာတန်များအဖြစ် အမည်တပ်ရန် သင့်တော်သလော။ အခြားသူများကို လိမ်ညာခြင်း သို့မဟုတ် လိမ်လည်လှည့်စားခြင်းနှင့်ဆိုင်သည့် ပြစ်မှားမှုကို ကျူးလွန်ခြင်းသည် ၎င်းတို့အနေဖြင့် အမြဲ အခြားသူများကို အမြဲ လိမ်ညာပြီး လိမ်လည်လှည့်စားသည့် နတ်ဆိုးများဖြစ်သည်ဟု မဆိုလိုပေ။ လူတို့၏ သဘာဝ အနှစ်သာရသည် မတူသောကြောင့် ငါတို့သည် ၎င်းတို့ကို အတူတကွ ရောထွေးစုပြုံလိုက်၍ မရပေ။ ခဏတာ ပြစ်မှားမှုတစ်ခု ကျူးလွန်မိသည့် တစ်စုံတစ်ဦးကို နတ်ဆိုးနှင့်အတူ ယှဉ်ကြည့်ခြင်းသည် ထင်ရာမြင်ရာ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းပုံစံတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတို့ကို အထိခိုက်စေဆုံးသောအရာ ဖြစ်သည်။ သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး အမှုအရာများကို ရှင်းလင်းစွာ မမြင်နိုင်လျှင် ကြောင်းကျိုးမမြင်ဘဲ စကားမပြောရ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို လက်လွတ်စပယ် မကျင့်သုံးရပေ။ သို့မဟုတ်လျှင် သင်က အခြားသူများကို ထိခိုက်နစ်နာစေလိမ့်မည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းလိုသောလူများသည် အခြားသူများကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချဖို့ အလားအလာအများဆုံး ဖြစ်သည်။ သမ္မာတရားကို နားမလည်သောလူတို့သည် စည်းမျဉ်းများမရှိဘဲ စကားပြောကာ ပြုမူဆောင်ရွက်သည်။ ပြီးလျှင် အခြားသူများကို လက်လွတ်စပယ် စကားပြော၍ ထင်ရာမြင်ရာ ဝေဖန်ကာ ပြစ်တင်ရှုတ်ချသောလူများသည် ၎င်းတို့ကိုယ်တိုင်သာမက အခြားသူများကိုပါ အကျိုးမရှိစေပေ။

လူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်ရန်အလို့ငှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် မည်သည့် ရည်မှန်းချက်ပန်းတိုင်ကို အလှမ်းမီရမည်ဟူသည်ကို သင်တို့၏ စိတ်နှလုံးများတွင် သိကြသလော။ အလွန်နည်းပါးသော လူတို့သည် ဘုရားသခင်ကို သူ၏ သတ်မှတ်ချက်များနှင့်အညီ လုံးဝ ယုံကြည်နိုင်ကြသည်။ သင်တို့အတွင်းတွင် ပြဿနာများ အလွန်များပြီး ယင်းတို့ကို သင်တို့ သဘောမပေါက်သေးခြင်း ဖြစ်နိုင်ကာ မရှင်းလင်းသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအရာက သင်တို့သည် သမ္မာတရားကို နားမလည်သေးကြောင်း၊ သင်တို့ကိုယ်သင်တို့ ပြန်လည်မသုံးသပ်နိုင်သေးကြောင်းနှင့် သင့်အတွင်းတွင် တည်ရှိသည့် အမျိုးမျိုးသော သင်၏ အတွေးများနှင့် သင်၏ သဘာဝနှင့်ဆိုင်သော သွင်ပြင်လက္ခဏာများကို သင် မဖော်ထုတ်ရသေးသည့်အပြင် စိစစ်နိုင်ခြင်း မရှိသေးကြောင်းတို့ကို ပြသပေသည်။ တစ်နေ့နေ့တွင် တရားဒေသနာများစွာ သင်တို့ ကြားပြီးဖြစ်ကာ အတွေ့အကြုံရှိသည့်အခါ သမ္မာတရားကို နားလည်ကြလိမ့်မည်။ ထိုအခါတွင်မှ သင်တို့သည် မိမိကိုယ်ကို အစစ်အမှန် သိနိုင်စွမ်း ရှိကြလိမ့်မည်။ သင်တို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသော်လည်း သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖယ်ရှားကြသေးကြသကဲ့သို့ သင်တို့၏ သဘာဝအတွင်းတွင် အပေါ်ယံဖြစ်သော အမှုအရာများစွာ ရှိနေဆဲဖြစ်သည်။ သင်တို့သည် အဝတ်အစားကောင်းများကို ဝတ်ဆင်လိုဆဲဖြစ်ကာ ကောင်းမွန်သည့် အရာများကို မွေ့လျော်ခံစားလိုကြဆဲ ဖြစ်သည်။ လူအချို့က အဝတ်အစားကောင်းများ ဝတ်ဆင်သည့်အခါ၊ သို့မဟုတ် ဖုန်းအကောင်းစားတစ်ခု ရသည့်အခါ ၎င်းတို့၏ လေသံ ပြောင်းလဲသွားသည်။ အမျိုးသမီးအချို့သည် ဒေါက်မြင့်များကို စီးသည့်အခါ ၎င်းတို့ လမ်းလျှောက်ပုံ ပြောင်းလဲသွားပြီး ၎င်းတို့ အဘယ်သူဖြစ်သည်ကို မသိကြတော့ချေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့်အရာများကို ထားရှိပြီး ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော၊ အကျည်းတန်ပြီး အပေါ်ယံဆန်သော အရာများကို မည်သည့် သဘာဝက ထုတ်ဖော်စေသည်ဟူသည်တို့နှင့် ပတ်သက်လာသည့်အခါ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့ ကိုယ်ပိုင် သဘာဝအတွင်းရှိ အမှုအရာများကို သိရှိလာရန် လိုအပ်သည်။ လူတို့အနေဖြင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခံစားနိုင်ကြသော်လည်း မဖြေရှင်းနိုင်ကြချေ။ ၎င်းတို့သည် ယင်းတို့ကို ချုပ်ထိန်းရန်နှင့် ယင်းတို့အား အပြင်ပန်းတွင် ထုတ်ဖော်ခြင်းမရှိဖို့ တားဆီးရန် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒကိုသာ မှီခိုအားကိုးနိုင်ကြသည်။ ၎င်းတို့၏ အတွေ့အကြုံများ နက်သည်ထက်နက်လာသည်နှင့်အမျှ ၎င်းတို့၏ သဘာဝနှင့်လည်းကောင်း၊ သမ္မာတရား သွင်ပြင်လက္ခဏာများအားလုံးနှင့်လည်းကောင်း သက်ဆိုင်သော သိမြင်မှု နက်သည်ထက်နက်လာသည်နှင့်အမျှ၊ ပြီးလျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ တဖြည်းဖြည်း နားလည်ကာ ဝင်ရောက်သည်နှင့်အမျှ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ သဘာဝနှင့်ဆိုင်သော သွင်ပြင်လက္ခဏာများက တဖြည်းဖြည်း စတင်ပြောင်းလဲလေသည်။ အစပထမတွင် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုသည် အလွန် ပေါ့တန်သည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ အသိအမှတ်ပြုနိုင်သော်လည်း သမ္မာတရားကို မရှာဖွေနိုင်သကဲ့သို့ မိမိတို့ ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို သိမလာနိုင်ကြပေ။ ၎င်းတို့အနေဖြင့် သိမြင်မှုအနည်းငယ်ကို ဆည်းပူရရှိသည့်အခါ မိမိတို့ကိုယ်ကို ချုပ်ထိန်းလိုကြပြီး ကြိုးစားလုပ်ဆောင်ခြင်းမှတစ်ဆင့် ဇာတိပကတိကို ပုန်ကန်ကာ ရလဒ်များ စွမ်းဆောင် ရရှိလိုကြသည်။ သို့သော် ၎င်းတို့၏ အားထုတ်မှုများက အချည်းနှီးဖြစ်ပြီး ပြဿနာ၏ ရင်းမြစ်ကို ၎င်းတို့ မရိပ်စားမိနိုင်ကြသေးပေ။ နောက်ပိုင်းတွင် သမ္မာတရားကို ၎င်းတို့ အမှန်တကယ် နားလည်လာကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အကုန်အစင် သိရှိကြသည့်အခါ မိမိတို့ကိုယ်ကို စတင် မုန်းတီးကြသည်။ ထိုအချိန်တွင် ၎င်းတို့သည် ဇာတိပတိကို ပုန်ကန်ရာတွင် များစွာ အားထုတ်ရန် မလိုအပ်ကြပေ။ ၎င်းတို့အနေဖြင့် သမ္မာတရားကို တက်ကြွစွာ လက်တွေ့လုပ်ဆောင်နိုင်ကြပြီး စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ကြသည်။ တစ်ခါတစ်ရံ သမ္မာတရားကို ၎င်းတို့ အပြည့်အဝ နားမလည်ကြသော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့၏ အသိတရားနှင့် အသိစိတ်ပေါ် အခြေခံ၍ ၎င်းတို့ ပြုမူဆောင်ရွက်နိုင်ကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပထမဆုံး စတင်တွေ့ကြုံကြချိန်တွင် အခက်အခဲများကို အားလုံးက ကြုံရသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြသကဲ့သို့ စည်းမျဉ်းများကို ၎င်းတို့၏ အခြေခံအကြောင်းရင်းအဖြစ် သဘောထားရန် မသိကြသောကြောင့် ဤအမှုအရာ သို့မဟုတ် ထိုအမှုအရာအား မည်သို့ လုပ်ဆောင်ရမည်ကို ၎င်းတို့ အမြဲ မေးမြန်းကြပြီး စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်နာနိုင်ကြသည်။ ထို့အပြင် လူတို့သည် အပျက်သဘောဆောင်သော အခြေအနေများကြောင့် အမြဲ နှောင့်ယှက်ခြင်းခံရပြီး တစ်ခါတစ်ရံ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ အပျက်သဘောဆောင်သည့် အခြေအနေများနှင့် ပတ်သက်လာသည့်အခါ လူတို့သည် မိတ်သဟာယမှတစ်ဆင့် ဖြေရှင်း၍ရသည့်အရာများကို မိတ်သဟာယမှတစ်ဆင့် ဖြေရှင်းသင့်သည်။ မိတ်သဟာယမှတစ်ဆင့် ဖြေရှင်း၍မရသည့် အရာများကိုမူ သင် လျစ်လျူရှုနိုင်သည်။ ထိုအစား သင်သည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်းအပေါ် ပုံမှန်အတိုင်း အာရုံစိုက်သင့်ပြီး သမ္မာတရားနှင့်ပတ်သက်၍ ပိုမို မိတ်သဟာယပြုသင့်ပေသည်။ တစ်နေ့ သမ္မာတရားကို သင် ရှင်းလင်းစွာ နားလည်ပြီး၊ အမှုအရာများစွာကို ရိပ်စားမိသည့်အချိန်တွင် သင်၏ အပျက်သဘောဆောင်သော အခြေအနေများ အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်။ ယခုတွင် သင်တို့၏ အိုဟောင်းသည့်၊ အပျက်သဘောဆောင်သော အခြေအနေများ ပျောက်ကွယ်နှင့်လေပြီ မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်တို့သည် ထိုအရာများကို တွေ့ကြုံခံစားရသည်မှာ ယခင်ကထက် နည်းပါးလေသည်။ သမ္မာတရား လိုက်စားခြင်းကို ကြိုးစားလုပ်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လော့။ ပြီးလျှင် သင်၏ ပြဿနာများအားလုံးကို သင် ဖြေရှင်းနိုင်လိမ့်မည်။ သင်၏ ကိုယ်ပိုင် ပြဿနာများကို သင် ဖြေရှင်းနိုင်သည့်အခါ တိုးတက်မှု သင် ပြုလုပ်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင် ကြီးထွားရင့်ကျက်ပြီးဖြစ်လိမ့်မည်။ လူတို့သည် ၎င်းတို့၏ဘဝအပေါ် အမြင်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်နှင့် အခြေခံအကြောင်းရင်းတို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည့်နေ့အထိ တွေ့ကြုံရသောအခါ၊ ၎င်းတို့၏အရိုးထဲအထိ ပြောင်းလဲသွားပြီး အခြားလူတစ်ဦး ဖြစ်သွားသောအခါ ဤအရာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသောပြောင်းလဲမှုတစ်ခု၊ ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သင်သည် လောကကြီး၏ ကျော်ကြားခြင်း၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေး၊ အပျော်အပါး၊ တန်ခိုးအာဏာနှင့် ဂုဏ်အသရေတို့ကို စိတ်ဝင်စားခြင်းမရှိတော့သကဲ့သို့ ၎င်းတို့ကို အလွယ်တကူ စွန့်လွှတ်နိုင်သောအခါမှသာ သင်၌ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိလိမ့်မည်။ အဆုံးတွင် ဘုရားသခင်၏ စုံလင်စေခြင်းခံရမည့် သူများမှာ ဤကဲ့သို့သော လူစုတစ်စု ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားအတွက် အသက်ရှင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ကြပြီး၊ တရားမျှတသောအရာအတွက် အသက်ရှင်ကြ၏။ ဤသည်မှာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။

လူအချို့က “လူသားတစ်ဦးသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း”ဟု မေးလိမ့်မည်။ ယနေ့ခေတ်လူများထဲမှ တစ်ဦးမျှ လူသားများ မဟုတ်ပေ။ ၎င်းတို့ လူသားများ မဟုတ်လျှင် မည်သည့်အရာ ဖြစ်ကြသနည်း။ ၎င်းတို့သည် တိရစ္ဆာန်များ၊ သားရဲများ၊ စာတန်များ သို့မဟုတ် နတ်ဆိုးများ ဖြစ်သည်ဟု သင် ပြောနိုင်သည်။ မည်သို့ဆိုစေ ၎င်းတို့သည် လူသားအရေခွံကို ခြုံရုံမျှခြုံထားသော်လည်း လူသားများဟု ခေါ်ဆို၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပုံမှန် လူ့သဘာဝ မပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို တိရစ္ဆာန်များအဖြစ် ခေါ်ခြင်းက အနည်းငယ် နီးစပ်လာသည်။ သို့သော် လူတို့သည် ဘာသာစကား၊ အသိဉာဏ်များနှင့် အတွေးများကို ပိုင်ဆိုင်ကြပြီး သိပ္ပံအတတ်နှင့် ကုန်ထုတ်လုပ်ခြင်းတွင် ပါဝင်လုပ်ဆောင်နိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို သာ၍အဆင့်မြင့်သည့် တိရစ္ဆာန်များအဖြစ်သာ သတ်မှတ်၍ရသည်။ သို့သော် လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို အလွန်နက်ရှိုင်းစွာ ခံရပြီးဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ အသိတရားနှင့် အသိစိတ်တို့ကို ဆုံးရှုံးရပြီးဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း လုံးဝ မရှိကြချေ။ ၎င်းတို့ကို နတ်ဆိုးများနှင့် စာတန်များအဖြစ် ခေါ်ဆိုခြင်းက လုံးဝ သင့်တော်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်ပြီး စာတန်ဆန်သော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ကာ စာတန်ဆန်သော အမြင်များကို ဖော်ပြကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို နတ်ဆိုးများနှင့် စာတန်များအဖြစ် ခေါ်ခြင်းက သာ၍ သင့်တော်သည်။ လူတို့သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ဖျက်ဆီးခြင်းခံရပြီးဖြစ်ကာ ၎င်းတို့တွင် လူသားပုံသဏ္ဌာန် များစွာ မရှိကြချေ။ ၎င်းတို့သည် သားရဲများနှင့် တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြသည်။ နတ်ဆိုးများ ဖြစ်ကြသည်။ ယခုအခါတွင် လူတို့သည် တစ်ခု သို့မဟုတ် အခြားတစ်ခု မဟုတ်။ ၎င်းတို့သည် လူသားများနှင့်လည်းကောင်း၊ မကောင်းဆိုးဝါးများနှင့်လည်းကောင်း မဆင်တူကြသကဲ့သို့ စစ်မှန်သည့် လူသားပုံသဏ္ဌာန်လည်း မပိုင်ဆိုင်ကြပေ။ နှစ်များစွာ တွေ့ကြုံပြီးနောက် ရေရှည်ယုံကြည်ခဲ့သူအချို့သည် ဘုရားသခင်နှင့် အကျွမ်းဝင်မှုအနည်းငယ် ရရှိကြပြီး ဘုရားသခင်ကို အနည်းနှင့်အများဆိုသလို အနည်းငယ် နားလည်နိုင်ကြပြီး ဘုရားသခင် စိုးရိမ်သည့် အရာများကို အနည်းနှင့်အများဆိုသလို စိုးရိမ်ကြကာ ဘုရားသခင် စဉ်းစားသည့်အရာများကို အနည်းနှင့်အများဆိုသလို စဉ်းစားကြလေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် လူသား အသွင်အပြင် အနည်းငယ်ရှိကြကာ တစ်ဝက်တစ်ပျက် ပုံပေါ်သည်ဟု ဆိုလိုသည်။ ယုံကြည်သူသစ်များသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် ပြုပြင်ခြင်းများစွာကို မတွေ့ကြုံကြသေးပေ။ ၎င်းတို့သည် သမ္မာတရားများစွာကိုလည်း မကြားရသေးပေ။ ဘုရားနှုတ်ကပတ်တော်များကိုသာ ၎င်းတို့ ဖတ်ရှုသော်လည်း စစ်မှန်သည့် အတွေ့အကြုံ မပိုင်ဆိုင်ကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့ အလွန် စံမမီပေ။ လူတစ်ဦး၏ အတွေ့အကြုံ အတိမ်အနက်က ၎င်းတို့ မည်မျှ ပြောင်းလဲသည်ကို ဆုံးဖြတ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင် တွေ့ကြုံမှုနည်းပါးလေ သမ္မာတရားကို နားလည်မှု နည်းပါးလေ ဖြစ်လိမ့်မည်။ သင့်ထံတွင် အတွေ့အကြုံ လုံးဝ မရှိလျှင် သင်သည် ပကတိအတိုင်း၊ အသက်ရှင်သော စာတန်ဖြစ်ပြီး နတ်ဆိုးတစ်ကောင် စစ်စစ် ဖြစ်သည်။ ဤအရာကို သင် ယုံကြည်သလော။ ထိုစကားများကို တစ်နေ့တွင် သင် နားလည်လိမ့်မည်။ ယခုတွင် လူကောင်းတစ်ဦးတလေ ရှိသလော။ လူတို့တွင် လူသားပုံသဏ္ဌာန် မရှိလျှင် ၎င်းတို့ကို လူသားများဟု ငါတို့ အဘယ်သို့ ခေါ်နိုင်သနည်း။ ၎င်းတို့ကို လူကောင်းများအဖြစ် ခေါ်ခြင်းသည် သာ၍ပင် စဉ်းစားစရာ မလိုပေ။ ၎င်းတို့တွင် လူသား ကိုယ်ထည်ခွံသာရှိသော်လည်း လူသား အနှစ်သာရ မရှိကြပေ။ ၎င်းတို့ကို လူအရေခြုံထားသည့် သားရဲများဟု ခေါ်ခြင်းက ချဲ့ကားခြင်း ဖြစ်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှတစ်ဆင့် လူသားပုံသဏ္ဌာန်ရှိသည့် လူတစ်ဦးဖြစ်လာလိုလျှင် ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ဖြတ်သန်းရမည်။ ထိုအခါတွင်မှ နောက်ဆုံးတွင် ပြောင်းလဲမှုကို ၎င်းတို့ ရရှိကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ လမ်းကြောင်းဖြစ်၏။ ဘုရားသခင်က ဤအရာကို မလုပ်ဆောင်လျှင် လူတို့က ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့ နည်းနည်းချင်း ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ လူတို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အဆက်မပြတ် ပြုပြင်ခြင်းတို့ကို တွေ့ကြုံရမည်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ၎င်းတို့ ထုတ်ဖော်သည့် နည်းလမ်းများကို ဖော်ထုတ်ရမည်ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားကို နားလည်သည့်အခါမှသာ လမ်းကြောင်းမှန်ပေါ် အစပြုနိုင်သည်။ လူတို့က ခိုင်မာစွာ ရပ်တည်နိုင်ခြင်းငှာ သေချာမှုအချို့ ရှိကြသည်မှာ အတွေ့အကြုံနှင့် သမ္မာတရားအချို့ကို နားလည်လာသည့် အချိန်ကာလတစ်ခုနောက်တွင်သာ ဖြစ်သည်။ သင်တို့အားလုံးသည် ဝိညာဉ်ရင့်ကျက်မှုတွင် အလွန် သေးငယ်နေဆဲဖြစ်သည်ကို ငါ မြင်ရသည်။ သင်တို့သည် အလွန်နည်းပါးသည့် သမ္မာတရားကို သိနားလည်ကြပြီး သင်တို့၏ တာဝန်များကို လုံလောက်စွာ မထမ်းဆောင်နိုင်ကြပေ။ သင်တို့၏ တာဝန်များတွင် သင်တို့သည် မိမိတို့ကိုယ်ကို အလွန်တက်ကြွစွာ အလုပ်များစေပုံရကြသော်လည်း အမှန်တွင် သင်တို့အားလုံးသည် အန္တရာယ်ရောက်တော့မည့်ဆဲဆဲတွင် ရှိကြသည်။ သင်တို့အနေဖြင့် သမ္မာတရား စစ်မှန်မှုများတစ်ခုမျှ ပိုင်ဆိုင်သည်ကို ငါ မမြင်နိုင်သကဲ့သို့ သမ္မာတရားကို လိုက်စားသောလူများ ဟုတ်မဟုတ်ဟူသည်ကို ပြောရန် ခက်ခဲသည်။ ဤအရာက သင့်ကို ကြီးမားသည့် အန္တရာယ်တွင် ရှိစေသည်။ ငါသည် ဤကဲ့သို့သော စကားများကို အကြိမ်များစွာ ပြောဆိုပြီးဖြစ်သော်လည်း ထိုစကားများက မည်သည့်အရာ ဆိုလိုသည်ကို လူများစွာက နားမလည်ကြပေ။ လူအချို့က “ကျွန်ုပ်သည် ယခု ဘုရားသခင်ကို ကျွန်ုပ်၏ ယုံကြည်မှုတွင် စိတ်ထက်သန်မှုများစွာရှိသည်။ ကျွန်ုပ် မှောက်မှားမည်မဟုတ်၊ သို့မဟုတ် လမ်းပျောက်မည် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို များစွာသော ကျေးဇူးတော်ဖြင့် ဆက်ဆံသည်၊ ကျွန်ုပ် မည်သည့်အန္တရာယ်မျှ မရှိပါ”ဟု ပြောကြသည်။ ဘုရားသခင်က လူတိုင်းကို ကျေးဇူးတော်ဖြင့် ဆက်ဆံပြီး ၎င်းတို့ကို ကွယ်ကာသည်။ သို့သော် သင်သည် သမ္မာတရား စစ်မှန်မှုများထဲသို့ မဝင်ရောက်သေးသောကြောင့် သင်သည် ပင်ကိုအားဖြင့် အန္တရာယ်ရှိပေသည်။ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ သင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်ဟု သင် အာမခံနိုင်သလော။ မည်သည့် လူကမျှ ဤအာမခံမှုမျိုးကို မပေးဝံ့ပေ။ လူများစွာတို့သည် စကားများနှင့် အယူဝါဒအချို့ကိုသာ ပြောဆိုနိုင်ကြသည်။ ဤအရာက ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်သည်ဟု မဆိုလိုသကဲ့သို့ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု သေချာပေါက် မဆိုလိုသည့်တိုင် ၎င်းတို့ ရှိလုနီးပါးဖြစ်ပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ လူတစ်ဦးသည် ထိုသို့သောအရာကို ပြောဆိုနိုင်လျှင် ၎င်းတို့ အလွန်စံမမီကြောင်းကို ပြပေသည်။ သမ္မာတရား စစ်မှန်မှုများကို မပိုင်ဆိုင်သည့် လူတိုင်းသည် အန္တရာယ်ချောက်ကမ်းပါးစွန်းတွင် အသက်ရှင်နေပေသည်။ ဤသည်မှာ လုံးဝ မှန်ကန်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။