ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကို သိခြင်းဖြစ်သည် (အပိုင်း နှစ်)
ဆက်လက်၍ လေးခုမြောက် စိတ်သဘောထားအမျိုးအစားကို ပြောကြစို့။ စုဝေးပွဲများပြုလုပ်စဉ်အချိန်တွင် လူအချို့သည် ၎င်းတို့ကိုယ်တိုင်၏ အခြေအနေများနှင့်ပတ်သက်ပြီး အနည်းငယ် မိတ်သဟာယဖွဲ့နိုင်သော်လည်း၊ ပြဿနာ၏ အနှစ်သာရနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့၏ တစ်ကိုယ်ရေရည်ရွယ်ချက်များ၊ အယူအဆများနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့ ခေါင်းရှောင်လာကြသည်။ လူတို့က ၎င်းတို့ကို ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များရှိသည်ဟု ဖော်ထုတ်သောအခါ ၎င်းတို့က ခေါင်းညိတ်ပြီး ဝန်ခံသည့် ပုံစံရှိသည်။ သို့သော် လူတို့က မည်သည့်အရာကိုဆို ပို၍ နက်နဲစွာ ဖော်ထုတ်ရန်၊ သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးရန် ကြိုးစားသောအခါ ၎င်းတို့က မခံနိုင်ပေ။ ထ၍ ထွက်သွားကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် အရေးပါသောအချိန်တွင် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးကြသနည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ရင်ဆိုင်လိုစိတ်မရှိကြသောကြောင့်ဖြစ်သည်။) ဤသည်မှာ စိတ်သဘောထား၏ ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အတွင်းတွင်ရှိသော ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို ရှာဖွေရန် မလိုလားသောအခါ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို ကြိုက်နှစ်သက်ခြင်းမရှိဟု မဆိုလိုသလော။ အချို့သော ခေါင်းဆောင်များ၊ အမှုဆောင်များသည် မည်သို့သော တရားဒေသနာမျိုးကို ကြားနာလိုစိတ် မရှိဆုံးဖြစ်သနည်း။ (အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်နှင့် သက်ဆိုင်သည့် တရားဒေသနာများဖြစ်သည်။) မှန်သည်။ ၎င်းတို့က “အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်းနှင့် ဖာရိရှဲများအကြောင်း ပြောဆိုခြင်းများအားလုံးကို အဘယ်ကြောင့် ဆက်၍ များစွာပြောဆိုနေသနည်း။ သင့်ကြောင့် ငါစိတ်ဖိစီးသည်” ဟူ၍ စဉ်းစားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များကို ခွဲခြားဖော်ထုတ်ခြင်းအား ဆွေးနွေးပြောဆိုခြင်းရှိမည်ကို ကြားလျှင် ၎င်းတို့သည် ထွက်သွားရန်အတွက် မည်သည့်ဆင်ခြေကိုမဆို ရှာကြသည်။ ဤတွင် “ထွက်သွားရန်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခြင်း၊ ပုန်းကွယ်ခြင်းကို ရည်ညွှန်းသည်။ ၎င်းတို့သည် အဘယ်ကြောင့် ပုန်းကွယ်ဖို့ ကြိုးစားသနည်း။ အခြားလူများက အမှန်တရားများကို ပြောသောအခါ သင်သည် နားထောင်သင့်သည်။ နားထောင်ခြင်းက သင့်အတွက် ကောင်းသည်။ ပြင်းထန်သော၊ သို့မဟုတ် လက်ခံရန် ခက်ခဲသည်ဟု သင်မြင်သောအရာများကို ချရေးပြီး မှတ်သားလော့။ ထို့နောက်တွင် ဤအရာများကို မကြာခဏ စဉ်းစားသင့်သည်။ ဖြည်းဖြည်း လက်ခံပြီး ဖြည်းဖြည်း ပြောင်းလဲသင့်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပုန်းကွယ်ကြသနည်း။ ဤဝေဖန်အပြစ်တင်သည့်စကားများသည် အလွန်ပြင်းထန်သည်၊ နားထောင်ဖို့ မလွယ်ကူဟု ဤသို့သောသူများက ခံစားရသည်။ ထို့ကြောင့် ၎င်းတို့အတွင်းတွင် အာခံခြင်း၊ ရွံမုန်းခြင်းဖြစ်လာသည်။ ၎င်းတို့က “ငါသည် အန္တိခရစ်၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်မဟုတ်ပါ။ အဘယ်ကြောင့် ငါ့အကြောင်းကို ဆက်၍ပြောနေသနည်း။ အခြားလူများအကြောင်းကို အဘယ်ကြောင့်မပြောသနည်း။ ဆိုးယုတ်သောလူများကို ခွဲခြားဖော်ထုတ်ခြင်းအကြောင်းကို တစ်ခုခုပြောပါ။ ငါ့အကြောင်းကို မပြောနှင့်” ဟူ၍ မိမိတို့ဘာသာ ပြောဆိုကြသည်။ ၎င်းတို့သည် ရှောင်လွှဲလာပြီး ဆန့်ကျင်လာသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံလိုစိတ်မရှိလျှင်၊ မိမိတို့ကိုယ်ကို ခုခံကာကွယ်လျက် အစဉ်သဖြင့် ကျိုးကြောင်းပြပြောဆိုပြီး ငြင်းခုံနေလျှင် ဤတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာတစ်ခုမရှိသလော။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းစိတ်သဘောထားဖြစ်သည်။ ခေါင်းဆောင်များ၊ အမှုဆောင်များတွင် ဤအခြေအနေမျိုးရှိသည်။ ဤသို့ဆိုလျှင် သာမန်ညီအစ်ကိုမောင်နှမများတွင် အဘယ်သို့ဖြစ်သနည်း။ (၎င်းတို့တွင်လည်း ဤအခြေအနေမျိုးရှိပါသည်။) လူတိုင်းက ပထမဆုံး တွေ့ဆုံသောအခါတွင် ၎င်းတို့အားလုံးသည် အလွန်ချစ်ခင်တတ်ကြပြီး စကားများနှင့် အယူဝါဒများကို သံယောင်လိုက်ပြီးပြောဖို့ အလွန်နှစ်သက်ကြသည်။ ၎င်းတို့အားလုံးက သမ္မာတရားကို ချစ်သည်ဟု ထင်ရသည်။ သို့သော် တစ်ကိုယ်ရေပြဿနာများ၊ တကယ့်အခက်အခဲများနှင့်ပတ်သက်လာသည့်အခါ၊ လူများစွာက ဆွံ့အသွားကြသည်။ ဥပမာ လူအချို့သည် အိမ်ထောင်အားဖြင့် စဉ်ဆက်မပြတ် ချုပ်ချယ်ခြင်းခံရသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်လိုစိတ်၊ သို့မဟုတ် သမ္မာတရားအား လိုက်စားလိုစိတ်မရှိဖြစ်လာကြသည်။ အိမ်ထောင်သည် ၎င်းတို့၏ အကြီးဆုံး အတားအဆီးနှင့် အကြီးဆုံး ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ စုဝေးပွဲများတွင် လူတိုင်းက ဤအခြေအနေကို မိတ်သဟာယဖွဲ့သောအခါတွင် ၎င်းတို့သည် အခြားလူများ မိတ်သဟာယဖွဲ့သည့် စကားများကို ၎င်းတို့ကိုယ်တိုင်နှင့် ယှဉ်ကြည့်ပြီး ၎င်းတို့အကြောင်းကို ပြောနေသည်ဟု ခံစားကြရသည်။ ၎င်းတို့က “သင်တို့က သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းသည် ကျွန်ုပ်အတွက် ပြဿနာမရှိပါ။ သို့သော် အဘယ်ကြောင့် ကျွန်ုပ်အကြောင်း ထုတ်ပြောသနည်း။ သင်တို့တွင် မည်သည့်ပြဿနာမျှမရှိသလော။ အဘယ်ကြောင့် ကျွန်ုပ်အကြောင်းကိုသာ ပြောသနည်း” ဟူ၍ ဆိုကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ သင်တို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် စုဝေးသောအခါ တကယ့်ပြဿနာများကို ပိုင်းခြားစိစစ်ပြီး လူတိုင်းအား ဤပြဿနာများနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုကို ပြောခွင့်ပြုရမည်။ ထိုအခါမှသာ သင်တို့သည် မိမိကိုယ်ကို သိမြင်ပြီး သင်တို့၏ ပြဿနာများကို ဖြေရှင်းနိုင်သည်။ လူတို့သည် ဤအရာကို အဘယ်ကြောင့် လက်မခံနိုင်သနည်း။ လူတို့သည် ပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းမရှိသကဲ့သို့ သမ္မာတရားကို လက်မခံနိုင်သောအခါ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ သင်တို့သည် ဤအရာကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်သင့်သည် မဟုတ်လော။ ဤအရာအားလုံးသည် သမ္မာတရားအား မနှစ်သက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရဖြစ်သည်။ လူတို့သည် သမ္မာတရားကို မနှစ်သက်သောအခါ၊ သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပြုပြင်၍ ရနိုင်သလော။ (မရနိုင်ပါ။) ဤသို့ဆိုလျှင် ဤသို့သောသူတစ်ယောက်၊ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသောသူတစ်ယောက်သည် သမ္မာတရားကို လက်ခံရရှိနိုင်သလော။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ သမ္မာတရားကို လက်မခံသောသူတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သလော။ လုံးဝ မယုံကြည်ပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့၏ အရေးကြီးဆုံး သွင်ပြင်လက္ခဏာသည် သမ္မာတရားကို လက်ခံနိုင်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်မခံနိုင်သောသူတို့သည် ဘုရားသခင်အား လုံးဝ ရိုးသားစစ်မှန်စွာ မယုံကြည်ပေ။ ထိုသို့သောသူတို့သည် တရားဒေသနာဟောကြားနေစဉ်တွင် ငြိမ်သက်စွာ ထိုင်နိုင်သလော။ ၎င်းတို့သည် တစ်ခုတလေကို ရရှိနိုင်သလော။ မရရှိနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် တရားဒေသနာများသည် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို ဖော်ထုတ်သောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ပိုင်းခြားစိစစ်ခြင်းမှတစ်ဆင့် လူတို့သည် အသိပညာကို ရရှိသည်။ ထို့နောက် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ဆက်လက်၍ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ရရှိသည်။ ဤသို့ဖြင့် အကျိုးသက်ရောက်မှုတစ်ခုကို ရရှိပေသည်။ ထိုသို့သောလူတို့သည် ဖော်ထုတ်ခံရသည့်အခြေအနေက ၎င်းတို့နှင့် ဆက်စပ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများနှင့် ဆက်စပ်ကြောင်းကို ကြားသောအခါတွင် ၎င်းတို့၏ ရှက်ရွံ့မှုသည် ၎င်းတို့အား ဒေါသထွက်စေပြီး စုဝေးပွဲမှပင် ထ၍ ပြန်ကောင်းပြန်နိုင်သည်။ ၎င်းတို့သည် မပြန်လျှင်ပင် စိတ်ထဲတွင် စိတ်တိုလာပြီး မတရားခံရသလို စတင်ခံစားရနိုင်သည်။ ထိုအခြေအနေတွင် ၎င်းတို့အနေဖြင့် စုဝေးပွဲတက်ခြင်း၊ သို့မဟုတ် တရားဒေသနာနားထောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ တရားဒေသနာများအား နားထောင်ရခြင်း၏ ရည်ရွယ်ချက်သည် သမ္မာတရားကို နားလည်ပြီး မိမိ၏ တကယ့်ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန်မဟုတ်သလော။ သင်သည် သင်၏ ကိုယ်ပိုင်ပြဿနာများ ဖော်ထုတ်ခံရမည်ကို အစဉ်ကြောက်နေလျှင်၊ သင့်အကြောင်းထုတ်ပြောခံရမည်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့နေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်နေသေးသနည်း။ သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်လျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ပေ။ သင်သည် ဖော်ထုတ်ခံရမည်ကို အမြဲ ကြောက်နေလျှင် သင်၏ ဖောက်ပြန်ပျက်စီးမှုပြဿနာကို အဘယ်သို့ ဖြေရှင်းနိုင်မည်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးမှု ပြဿနာကို မဖြေရှင်းနိုင်လျှင် ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိဖို့၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖယ်ရှားဖို့၊ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ဖြစ်ပြီး ထိုအရာအားလုံးကို သမ္မာတရားအား လက်ခံခြင်းမှတစ်ဆင့် ရရှိပေသည်။ သင်သည် သမ္မာတရားကို လုံးဝ လက်မခံနိုင်လျှင်၊ သို့မဟုတ် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခံရခြင်းကိုပင် လက်မခံနိုင်လျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ငါ့အား ပြောလော့။ အသင်းတော်အသီးသီးတွင် သမ္မာတရားကို လက်ခံနိုင်သူ မည်မျှရှိသနည်း။ သမ္မာတရားကို လက်မခံနိုင်သူများသည် များပြားသလော၊ နည်းပါးသလော။ (များပြားသည်။) ဤအခြေအနေသည် အသင်းတော်များရှိ ရွေးချယ်ခြင်းခံရသူများကြားတွင် အမှန်တကယ် တည်ရှိသလော။ ဤသည်မှာ တကယ့်ပြဿနာတစ်ခုဖြစ်သလော။ သမ္မာတရားကို လက်မခံနိုင်သူ၊ ပြုပြင်ခြင်းကို လက်မခံနိုင်သူအားလုံးသည် သမ္မာတရားကို မနှစ်သက်ကြပေ။ သမ္မာတရားအား မနှစ်သက်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ဤစိတ်သဘောထားကို မပြောင်းလဲနိုင်လျှင် ၎င်းတို့ ကယ်တင်ခြင်းခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ ယခုအခါတွင် လူများစွာတို့သည် သမ္မာတရားကို လက်ခံရန် အခက်အခဲဖြစ်ကြသည်။ ဤသည်မှာ လွယ်ကူခြင်း လုံးဝမရှိပေ။ ဤအရာကို ဖြေရှင်းရန် လူတစ်ယောက်သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံရမည်။ ဤသို့ဆိုလျှင် သင်တို့ အဘယ်သို့ထင်သနည်း။ လူတို့သည် ပြုပြင်ခြင်းကိုလက်ခံနိုင်စွမ်းမရှိသောအခါတွင်၊ ဘုရားနှုတ်ကပတ်တော်နှင့်၊ သို့မဟုတ် တရားဒေသနာများဟောစဉ်အချိန်အတွင်း ဖော်ထုတ်ခံရသောအခြေအနေများနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ခြင်းမရှိသောအခါတွင် ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားဖြစ်သည်။) ဤသည်မှာ လေးခုမြောက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။ မည်မျှ မနှစ်သက်သနည်း။ (ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရန်၊ သို့မဟုတ် တရားဒေသနာများကို နားထောင်ရန် ဆန္ဒမရှိကြပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ဆန္ဒမရှိကြပေ။) ဤအရာတို့သည် အသိသာဆုံး သရုပ်သကန်များဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်က “သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ တာဝန်ထမ်းဆောင်ရန်အတွက် မိသားစုနှင့် အသက်မွေးအလုပ်ကို ဘေးဖယ်ထားသည်။ ယခင်သုံးလေးနှစ်တွင် များစွာ ဒုက္ခခံခဲ့ပြီး အတော်အတန်ကြီးသော အဖိုးအခကို ပေးဆပ်ခဲ့သည်။ ဘုရားသခင်က ထိုသို့သောသူများကို ကောင်းချီးပေးသည်။ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသူများသည် ကြီးစွာ ကောင်းချီးခံစားရမည်ဟု ဘုရားနှုတ်ကပတ်တော်ကဆိုသည်” ဟူ၍ ပြောသောအခါတွင် သင်က အာမင်ဟု ဆိုပြီး ထိုသို့သောသမ္မာတရားများကို လက်ခံသည်။ သို့ရာတွင် ထိုသူက “သို့သော် သင်သည် သမ္မာတရားအတွက် ဆက်၍ ကြိုးပမ်းရမည်။ လူတို့သည် ၎င်းတို့လုပ်ဆောင်ရာတွင် အစဉ်သဖြင့် ရည်ရွယ်ချက်များရှိလျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း အစဉ်သဖြင့် ထင်ရာစိုင်းလျှင် ၎င်းတို့သည် အနှေးနှင့် အမြန် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်အား စက်ဆုပ်ရွံရှာစေမည်ဖြစ်သည်”ဟု ဆက်၍ ပြောသောအခါတွင်၊ ထိုသူက ဤသို့သောအရာများကို ပြောသောအခါတွင် သင်က လက်မခံနိုင်ပေ။ သမ္မာတရားအား မိတ်သဟာယဖွဲ့သည်ကို သင် ကြားသောအခါတွင် လက်ခံနိုင်စွမ်းမရှိရုံမကဘဲ စိတ်လည်းဆိုးပြီး သင်၏ စိတ်တွင် “သင်တို့သည် တစ်နေကုန် သမ္မာတရားကို မိတ်သဟာယဖွဲ့လျက်ရှိကြသည်။ သို့သော် သင်တို့ထဲမှ မည်သူက ကောင်းကင်ဘုံသို့သွားသည်ကို ငါ မတွေ့ရသေး” ဟူ၍ ခွန်းတုံ့ပြန်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။) အပြောအဆိုများက လက်တွေ့လုပ်ဆောင်မှုအဖြစ် ပြောင်းသွားသောအခါ၊ လူတို့က သင်နှင့်ပတ်သက်၍ အလေးအနက်ထားသောအခါ သင့်တွင် ငြင်းဆန်တွန်းလှန်ခြင်း၊ စိတ်မရှည်ခြင်း၊ အတိုက်အခံပြုခြင်းတို့ ပြသသည်။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သော စိတ်သဘောထားမျိုးသည် အဓိကအားဖြင့် မည်သို့ထင်ရှားသနည်း။ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်ခြင်းတွင် ဖြစ်သည်။ ပြုပြင်ခြင်းကို လက်မခံခြင်းသည် ဤစိတ်သဘောထားမျိုးက ဖော်ပြသည့် အခြေအနေတစ်မျိုးဖြစ်သည်။ ဤလူတို့သည် ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် အထူးပင် အတိုက်အခံဖြစ်သည်။ ၎င်းတို့က “ထိုအရာကို ငါမကြားချင်။ ထိုအရာကို ငါမကြားချင်” သို့မဟုတ် “အခြားလူများကို အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းခြင်း မပြုသနည်း။ အဘယ်ကြောင့် ငါ့ကိုသာ ပြုလုပ်နေသနည်း” ဟု စဉ်းစားကြသည်။ သမ္မာတရားအား မနှစ်သက်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သမ္မာတရားအား မနှစ်သက်ခြင်းသည် လူတစ်ယောက်က အပြုသဘောဆောင်သောအရာများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင် တောင်းဆိုသည့်အရာနှင့်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း သက်ဆိုင်သော မည်သည့်အရာကိုမဆို လုံးဝ စိတ်မဝင်စားသောအခါတွင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာများကို မနှစ်သက်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာတို့ကို ငြင်းဆန်တွန်းလှန်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ရိုသေလေးစားခြင်းမရှိဘဲ ဥပေက္ခာပြုကြပြီး ထိုအရာများကို အရေးမကြီးသောအရာအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ထိုအရာများအပေါ် ရိုးသားစစ်မှန်ခြင်းမရှိဘဲ ပြီးစလွယ်ပြုလုပ်ကြသည်၊ သို့မဟုတ် ထိုအရာများအတွက် တာဝန်ယူခြင်းမရှိကြပေ။ သမ္မာတရားအား မနှစ်သက်ခြင်းကို အဓိက ဖော်ပြခြင်းသည် သမ္မာတရားကို လူတို့ကြားသောအခါတွင် ငြင်းဆန်တွန်းလှန်ခြင်းမျှသာမဟုတ်ပေ။ သမ္မာတရားက ၎င်းတို့နှင့် မဆိုင်သကဲ့သို့ သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ နောက်ဆုတ်ခြင်းတို့လည်း ပါဝင်သည်။ လူအချို့သည် စုဝေးပွဲများပြုလုပ်စဉ်အချိန်တွင် မိတ်သဟာယဖွဲ့သောအခါ အလွန်ပင် တက်ကြွသည့်ပုံရကြသည်။ ၎င်းတို့သည် အခြားလူများကို အမြင်မှားစေပြီး စည်းရုံးနိုင်ရန်အတွက် စကားများနှင့် အယူဝါဒများကို ထပ်ခါထပ်ခါပြောဆိုခြင်း၊ အဆင့်မြင့်သော ပြောဆိုချက်များပြုလုပ်ရခြင်းကို နှစ်သက်သည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါတွင် အားအင်ပြည့်ဝပြီး တက်ကြွနေသည့် ပုံရသည်။ မရပ်မနား ဆက်၍ လုပ်ဆောင်ကြသည်။ ထိုစဉ်တွင် အခြားလူများမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လျက်၊ ဆုတောင်းလျက်၊ ဓမ္မသီချင်းများကို နားထောင်လျက်၊ ရေးမှတ်လျက်ဖြင့် ယုံကြည်ခြင်းနှင့်သက်ဆိုင်သော အကြောင်းကိစ္စများနှင့် မနက်မှ ညအထိ တစ်နေကုန် အလုပ်ရှုပ်နေကြသည်။ ဘုရားသခင်နှင့် အချိန်တစ်ခဏမျှပင် မခွဲခွာနိုင်သကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့သည် အရုဏ်ဦးမှ မှောင်ရိပ်ပျိုးသည်အထိ တာဝန်ထမ်းဆောင်လျက် အလုပ်ရှုပ်နေကြသည်။ ဤလူတို့သည် သမ္မာတရားကို အမှန်တကယ် ချစ်သလော။ ၎င်းတို့တွင် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားမရှိကြလေသလော။ ၎င်းတို့၏ တကယ့်အခြေအနေကို မည်သည့်အချိန်တွင် မြင်နိုင်သနည်း။ (သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်အချိန်ကျသောအခါတွင် ၎င်းတို့ ထွက်ပြေးကြပြီး ပြုပြင်ခြင်းကို လက်ခံလိုစိတ်မရှိကြပေ။) ဤသည်မှာ ၎င်းတို့ကြားသည့်အရာကို နားမလည်သောကြောင့်ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို လက်ခံလိုစိတ်မရှိခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သလော။ အဖြေက ဤအရာတစ်ခုမျှမဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့သဘာဝ၏ အုပ်စိုးခြင်းကို ခံရသည်။ ဤသည်မှာ စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ အပြုသဘောဆောင်သည်ကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းနိုင်စေသည်ကိုလည်းကောင်း ကောင်းစွာသိသည်။ သို့သော် ၎င်းတို့သည် ဤအရာများကို လက်မခံပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပေ။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။ သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားကို မည်သူတို့တွင် သင်တို့ မြင်ရသနည်း။ (မယုံကြည်သူများတွင် ဖြစ်သည်။) မယုံကြည်သူများသည် သမ္မာတရားကို မနှစ်သက်ကြပေ။ ဤသည်မှာ အလွန်ရှင်းလင်းသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်အား ယုံကြည်သူများကြားတွင် သမ္မာတရားအား မနှစ်သက်ခြင်းကို မည်သည့်အမှုကိစ္စများတွင် သင်တို့ မြင်တွေ့ရသနည်း။ သင်သည် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့ ထ၍ မပြန်ကြခြင်း၊ မိတ်သဟာယက ၎င်းတို့၏ ကိုယ်ပိုင်အခက်အခဲများနှင့် ပြဿနာများနှင့် သက်ဆိုင်သောအခါတွင် ၎င်းတို့သည် ထိုအရာများကို မှန်ကန်စွာ ရင်ဆိုင်နိုင်ခြင်း ရှိကောင်းရှိနိုင်သည်။ သို့တိုင်အောင် ၎င်းတို့တွင် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားရှိနေဆဲဖြစ်သည်။ ဤအရာကို မည်သည့်နေရာတွင် တွေ့မြင်နိုင်သနည်း။ (၎င်းတို့သည် တရားဒေသနာများကို မကြာခဏ ကြားနာသော်လည်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမရှိပေ။) သမ္မာတရားအား လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရားအား မနှစ်သက်သည့်စိတ်သဘောထားရှိသည်မှာ မေးစရာမလိုပေ။ လူအချို့သည် သမ္မာတရားအနည်းငယ်ကို ရံဖန်ရံခါ လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့၌ သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားရှိသလော။ ထိုသို့သော စိတ်သဘောထားသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သောသူများတွင်လည်း တွေ့ရသည်။ အတိုင်းအတာ ကွဲပြားခြင်းသာရှိသည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် သင့်တွင် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားမရှိဟု မဆိုလိုပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းက သင်၏ အသက်စိတ်သဘောထား ရုတ်ချည်းပြောင်းလဲသွားသည်ဟု မဆိုလိုပေ။ ထိုသို့မဟုတ်ပေ။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းကို ရယူရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဖြစ်ရပ်တစ်ခုတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်ထံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိတော့ဟု မဆိုလိုပေ။ သင်သည် ကဏ္ဍတစ်ခုတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း အခြားကဏ္ဍများတွင် သင်သည် သမ္မာတရားအား မလွဲမသွေ လက်တွေ့လုပ်ဆောင်နိုင်သည်ဟူ၍ မဟုတ်ပေ။ ပါဝင်သော အခြေအနေ အကြောင်းအရာများနှင့် အကြောင်းရင်းများက မတူပေ။ သို့သော် အရေးကြီးဆုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တည်ရှိနေခြင်းဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ စိတ်သဘောထားက ပြောင်းလဲသည်နှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတွင် ပါဝင်သော သူ၏ အခက်အခဲများ၊ မူမမှန်သော အကြောင်းပြချက်များ၊ ဆင်ခြေများအားလုံးဖြစ်သော ဤပြဿနာများအားလုံး ပြေလည်သွားသည်။ ပြီးလျှင် သူ၏ ပုန်ကန်ခြင်း၊ ချွတ်ယွင်းချက်များ၊ အမှားများအားလုံး ပြေလည်သွားသည်။ လူတို့၏ စိတ်သဘောထား မပြောင်းလဲလျှင် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရာတွင် အမြဲအခက်အခဲရှိလိမ့်မည်။ မူမမှန်သော အကြောင်းပြချက်များ၊ ဆင်ခြေများ အစဉ်သဖြင့် ရှိလိမ့်မည်။ သင်သည် အရာရာ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အား ကျိုးနွံနာခံနိုင်ရန် ဆန္ဒရှိလျှင် ရှေးဦးစွာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုရှိရမည်။ ထိုအခါမှသာ ပြဿနာများကို အရင်းအမြစ်မှနေ၍ သင် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။
သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားသည် အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ရှေးဦးစွာ အခြေအနေအမျိုးအစားတစ်ခုကို ငါတို့ ဆွေးနွေးကြစို့။ လူအချို့သည် တရားဒေသနာများကို နားထောင်ရာ၌ အလွန်စိတ်ပါဝင်စားမှုရှိကြသည်။ သမ္မာတရားနှင့်ပတ်သက်သော မိတ်သဟာယကို ၎င်းတို့ နားထောင်လေလေ၊ ၎င်းတို့၏ စိတ်နှလုံးက လင်းလက်ပြီး ပီတိဖြစ်လေလေဖြစ်သည်။ ၎င်းတို့တွင် အပြုသဘောဆောင်ခြင်း၊ တက်ကြွခြင်းသဘောထားတစ်ခုရှိသည်။ ဤသည်မှာ ၎င်းတို့တွင် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားမရှိဟု သက်သေပြသလော။ (မပြပါ။) ဥပမာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော ကလေးအချို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအကြောင်းကို ကြားသောအခါတွင် စိတ်ဝင်စားကြသည်။ ၎င်းတို့သည် မိဘများနှင့်အတူ အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး စုဝေးပွဲများတက်ကြသည်။ လူအချို့က “ဤကလေးတွင် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားမရှိ။ သူသည် အလွန်လိမ္မာသည်။ သူသည် ဘုရားသခင်အား ယုံကြည်ဖို့ မွေးဖွားလာခြင်းဖြစ်သည်။ သူသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသည်” ဟု ဆိုကြသည်။ သူသည် ဘုရားသခင်က ရွေးချယ်ခြင်းကို ခံရကောင်းခံရနိုင်သော်လည်း၊ ဤစကားများက တစ်ဝက်သာ မှန်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ငယ်ရွယ်သေးပြီး ဘဝတွင် ၎င်းတို့၏ လိုက်စားမှုနှင့် ရည်ရွယ်ချက်များ၏ ဦးတည်ချက်လမ်းကြောင်းသည် ပုံမပေါ်သေးသောကြောင့် ဖြစ်သည်။ ဘဝနှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်းတို့၏ အမြင်များက ပုံစံမပေါ်သေးခင်တွင် ၎င်းတို့၏ ငယ်ရွယ်သော စိတ်ဝိညာဉ်များက အပြုသဘောဆောင်သောအရာများကို ချစ်သည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားမရှိဟု သင် မဆိုနိုင်ပေ။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ ၎င်းတို့သည် ငယ်ရွယ်သည်။ ၎င်းတို့၏ လူ့သဘာဝသည် မရင့်ကျက်သေးပေ။ ၎င်းတို့တွင် မည်သည့်အတွေ့အကြုံမျှမရှိ၊ ၎င်းတို့၏ အသိအမြင်နယ်ပယ်က ကျဉ်းသည်။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ လုံးဝ နားမလည်ပေ။ အပြုသဘောဆောင်သောအရာများကို ၎င်းတို့ နှစ်သက်ခြင်းမျှသာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ဖို့ မဆိုထားနှင့်။ သမ္မာတရားအား ချစ်သည်ဟုပင် မဆိုနိုင်ပေ။ ထို့အပြင် ကလေးများသည် အတွေ့အကြုံမရှိသောကြောင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် မည်သည့်အရာပုန်းကွယ်နေသည်၊ ၎င်းတို့တွင် မည်သို့သောသဘာဝ အနှစ်သာရမျိုးရှိသည်ကို မည်သူမျှ မမြင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင်၊ တရားဒေသနာများနားထောင်ခြင်းတွင် စိတ်ဝင်စားသောကြောင့် သက်သက်ဖြင့် သမ္မာတရားကို ၎င်းတို့ ချစ်သည်ဟု လူတို့က ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ဤသည်မှာ မသိနားမလည်ခြင်း၊ မိုက်မဲခြင်းကို ဖော်ပြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မသိမြင်သောကြောင့် ၎င်းတို့သည် သမ္မာတရားကို နှစ်သက်သလော၊ သမ္မာတရားအား မနှစ်သက်သလောဆိုသည့် အကြောင်းအရာကိုပင် ပြော၍မရသောကြောင့် ဖြစ်သည်။ သမ္မာတရားအား စိတ်ကုန်ခြင်းဆိုသည်မှာ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများအပေါ် စိတ်ဝင်စားမှုကင်းမဲ့ခြင်း၊ ရွံမုန်းခြင်းကို အဓိကအားဖြင့် ရည်ညွှန်းသည်။ သမ္မာတရားအား မနှစ်သက်ခြင်းဆိုသည်မှာ လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး အပြုသဘောဆောင်သောအရာများက မည်သည့်အရာဖြစ်သည်ကို သိနိုင်သော်လည်း သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို အတိုက်အခံဖြစ်သော၊ ဝတ်ကျေတမ်းကျေဆန်သော၊ ရွံမုန်းသော၊ ဝေ့ဝိုက်၍ ပြုလုပ်သော၊ စိတ်မဝင်စားသော သဘောထား၊ အခြေအနေဖြင့် ဆက်ဆံသောအခါတွင်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်း စိတ်သဘောထားဖြစ်သည်။ ဤစိတ်သဘောထားမျိုးသည် လူတိုင်းတွင် တည်ရှိသလော။ လူအချို့က “ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်သိသော်လည်း မနှစ်သက်သေးပါ၊ သို့မဟုတ် လက်မခံသေးပါ၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် လက်မခံနိုင်ပါ” ဟု ဆိုကြသည်။ ဤသည်မှာ မည်သို့ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။ ၎င်းတို့အတွင်းတွင်ရှိသော စိတ်သဘောထားသည် ၎င်းတို့အား သမ္မာတရားကို လက်ခံခွင့်မပြုပေ။ သမ္မာတရားအား လက်မခံခြင်းကို အသေးစိတ်ကျသော သရုပ်သကန်များမှာ အဘယ်နည်း။ လူအချို့က “သမ္မာတရားအားလုံးကို ကျွန်ုပ်နားလည်သည်။ သို့သော် ထိုအရာများကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်” ဟု ဆိုသည်။ ဤအရာက ထိုသူသည် သမ္မာတရားအား မနှစ်သက်သည်ကိုလည်းကောင်း၊ သမ္မာတရားအား မချစ်သည်ကိုလည်းကောင်း၊ ဤအတွက်ကြောင့် မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း ထုတ်ဖော်သည်။ လူအချို့က “ငွေများစွာကို ကျွန်ုပ်ရှာနိုင်ခြင်းသည် ဘုရားသခင် အချုပ်အခြာအာဏာ စွဲကိုင်ထားသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကိုအမှန်တကယ် ကောင်းချီးပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်အပေါ် အလွန်ကောင်းသည်။ ကြီးစွာသော ကြွယ်ဝချမ်းသာမှုများကို ပေးသည်။ ကျွန်ုပ်၏ တစ်မိသားစုလုံးသည် ကောင်းစွာ ဝတ်စားဆင်ယင်ပြီး ကောင်းစွာ စားသောက်ရသည်။ သူတို့သည် အဝတ်အစားများ၊ အစားအစာများကို အလိုမရှိကြပါ” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ကောင်းချီးပေးခြင်းခံရသည်ကို မြင်ပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က အုပ်စိုးသည်ကို သိကြသည်။ ၎င်းတို့သည် ဘုရားသခင်က ကောင်းချီးပေးခြင်းကို မခံခဲ့ရလျှင်၊ ၎င်းတို့၏ ကိုယ်ပိုင် ပင်ကိုစွမ်းရည်များကို အမှီပြုခဲ့ရမည်ဆိုလျှင် ဤငွေအားလုံးကို လုံးဝ ရရှိမည်မဟုတ်သည်ကို သိကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် အမှန်တကယ် စဉ်းစားသည့်အရာ၊ အမှန်တကယ် သိမြင်သည့်အရာဖြစ်ပြီး ဘုရားသခင်အား အမှန်တကယ် ကျေးဇူးတင်ကြသည်။ သို့သော် ၎င်းတို့၏ စီးပွားရေး ကျရှုံးသောနေ့ရက်၊ ၎င်းတို့အတွက် အခက်အခဲဖြစ်ပြီး ဆင်းရဲခြင်းကို ခံစားရသောနေ့ရက် ရောက်လာသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သက်သာခြင်းကို တပ်မက်သည်။ ၎င်းတို့တာဝန်အား မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို မတွေးကြ။ ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျက်၊ ငွေ၏ ကြေးကျွန်ဖြစ်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤအရာသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ထံမှ ဤအရာကို ဖယ်ရှားသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က ၎င်းတို့အား များစွာ ကောင်းချီးပေးခဲ့သည်၊ များစွာ ပေးအပ်ခဲ့သည်ကို ၎င်းတို့သိသည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ရန် ဆန္ဒမရှိကြပေ။ အပြင်ထွက်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိကြသကဲ့သို့ တွန့်ဆုတ်နေပြီး အဖမ်းခံရမည်ကို အစဉ်မပြတ် ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် ဤချမ်းသာကြွယ်ဝမှုများနှင့် သာယာမှုများအားလုံးအား ဆုံးရှုံးရမည်ကို ကြောက်ကြသည်။ ရလဒ်အနေဖြင့် ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ဖယ်ရှားလေသည်။ ၎င်းတို့၏ စိတ်နှလုံးသည် မှန်ကဲ့သို့ ကြည်လင်ပြတ်သားနေသည်။ ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ယူဆောင်သွားသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရသည်ကိုလည်းကောင်း ၎င်းတို့ သိသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အား ဆုတောင်းပြီး “အို ဘုရားသခင် ကိုယ်တော်သည် ကျွန်ုပ်အား တစ်ကြိမ်ကောင်းချီးပေးခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်အား ဒုတိယအကြိမ် ကောင်းချီးပေးနိုင်ပါသည်။ ကိုယ်တော်၏ ဖြစ်တည်မှုက ထာဝရဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏ ကောင်းချီးများသည်လည်း လူသားမျိုးနွယ်နှင့်အတူရှိသည်။ ကိုယ်တော်အား ကျွန်ုပ်ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ ကောင်းချီးများနှင့် ကတိတော်သည် ပြောင်းလဲမည်မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်ထံမှ ယူဆောင်လျှင် ကျွန်ုပ်သည် ကျိုးနွံနာခံဆဲ ဖြစ်ပါလိမ့်မည်” ဟူ၍ ပြောသည်။ သို့သော် “ကျိုးနွံနာခံခြင်း” ဆိုသည့်စကားသည် ၎င်းတို့၏ နှုတ်တွင် အနှစ်မဲ့နေသည်။ ကျိုးနွံနာခံနိုင်သည်ဟု ၎င်းတို့၏ နှုတ်ကဆိုသည်။ သို့သော် ထို့နောက်တွင် ၎င်းတို့သည် ထိုအရာကို စဉ်းစားပြီး တစ်စုံတစ်ခုကို သဘောမကျကြပေ။ “ယခင်က အခြေအနေ အလွန်ကောင်းခဲ့သည်။ အဘယ်ကြောင့် ဘုရားသခင်က အားလုံးကို ယူဆောင်သွားသနည်း။ အိမ်တွင်နေပြီး တာဝန်ထမ်းဆောင်ခြင်းသည် အပြင်ထွက်၍ တာဝန်ထမ်းဆောင်ခြင်းနှင့် မတူညီသလော။ ငါသည် မည်သည့်အရာကို နှောင့်နှေးနေစေသနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် အတိတ်ကို ထပ်တလဲလဲ ပြန်လည်တွေးတောသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သဘောမကျ၊ မကျေမနပ်ဖြစ်သည့် ပုံစံမျိုးရှိသည်။ ပြီးလျှင် စဉ်ဆက်မပြတ် စိတ်ဓာတ်ကျသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသေးသလော။ ၎င်းတို့၏ စိတ်နှလုံး၌ ရှိသောအရာသည် ငွေ၊ ရုပ်ဝတ္ထုဆိုင်ရာ သက်သာမှုများနှင့် ထိုကောင်းစားသောအချိန်များဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က နေရာလုံးဝ မရှိပေ။ ဘုရားသခင်သည် ၎င်းတို့၏ ဘုရားမဟုတ်တော့ပေ။ “ဘုရားသခင်က ပေးအပ်ပြီး ဘုရားသခင်က ယူဆောင်သွားသည်” ဆိုသည်မှာ အမှန်တရားဖြစ်သည်ကို ၎င်းတို့ သိသော်လည်း “ဘုရားသခင်က ပေးအပ်သည်” ဆိုသည့် စကားကို ၎င်းတို့ နှစ်သက်ပြီး “ဘုရားသခင်က ယူဆောင်သွားသည်” ဆိုသည့် စကားကို မနှစ်သက်ကြပေ။ သမ္မာတရားအား ၎င်းတို့ လက်ခံခြင်းသည် ရွေးချယ်လက်ခံခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးသောအခါ ၎င်းတို့က သမ္မာတရားအဖြစ် လက်ခံပြီး ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က လက်မခံနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံမှ ထိုသို့သော အချုပ်အခြာအာဏာကို လက်မခံနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် အတိုက်အခံဖြစ်ပြီး စိတ်မကျေမနပ်ဖြစ်လာကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် စေခိုင်းခြင်းခံရသောအခါ၊ ၎င်းတို့က “ဘုရားသခင်က ကျွန်ုပ်ကိုကောင်းချီးများပေးပြီး ကျေးဇူးတော်ချပေးလျှင် ကျွန်ုပ်ထမ်းဆောင်မည်။ ဘုရားသခင်၏ ကောင်းချီးများမရှိဘဲ ကျွန်ုပ်၏ မိသားစုက ထိုသို့သော ဆင်းရဲသည့်အခြေအနေ၌ ရှိနေစဉ်တွင် ကျွန်ုပ်သည် ကျွန်ုပ်တာဝန်ကို အဘယ်သို့ထမ်းဆောင်ရမည်နည်း။ မထမ်းဆောင်ချင်ပါ”ဟု ဆိုသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ကောင်းချီးများနှင့် ဘုရားသခင်က ၎င်းတို့အား များစွာ ပေးအပ်ခဲ့ပုံကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရသော်လည်း ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သွားသောအခါ လက်ခံလိုစိတ်မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ငွေကြေးနှင့် ၎င်းတို့၏ သက်သာသော ဘဝကို လက်မလွှတ်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို စိတ်ဆိုးလျက် စောဒကတက်ခြင်းမရှိနိုင်သော်လည်း၊ ဘုရားသခင်ထံ လက်ဖြန့်မတောင်းနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အားစိုက်ထုတ်မှုကို အမှီပြုပြီး ၎င်းတို့၏ ယခင်က ပိုင်ဆိုင်သောပစ္စည်းများကို ပြန်လည်ကြိုးပမ်းရယူဖို့ မကြိုးစားကောင်း မကြိုးစားနိုင်သော်လည်း ဘုရားသခင်၏ လုပ်ရပ်များအပေါ် စိတ်ပျက်အားလျော့သွားကြပြီဖြစ်သည်။ ၎င်းတို့သည် လုံးဝ လက်ခံနိုင်စွမ်းမရှိဘဲ “ဘုရားသခင်က ဤသို့ လုပ်ဆောင်ရသည်မှာ အလွန်ပင် ငဲ့ကွက်မှုမရှိခြင်းဖြစ်သည်။ သဘောပေါက်နားလည်၍မရပေ။ ကျွန်ုပ်သည် အဘယ်သို့ ဘုရားသခင်အား ဆက်၍ ယုံကြည်နိုင်မည်နည်း။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်အသိအမှတ်မပြုလိုတော့ပါ။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်အသိအမှတ်မပြုလျှင် သူသည် ဘုရားသခင်မဟုတ်ပါ” ဟူ၍ ပြောသည်။ ဤသည်မှာ စိတ်သဘောထား တစ်မျိုးဖြစ်သလော။ (ဟုတ်ပါသည်။) စာတန်တွင် ဤစိတ်သဘောထားမျိုးရှိသည်။ စာတန်က ဘုရားသခင်အား ဤသို့ ငြင်းဆန်သည်။ ဤစိတ်သဘောထားမျိုးသည် သမ္မာတရားအား မနှစ်သက်ခြင်း၊ သမ္မာတရားအား မုန်းတီးခြင်း စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားအား ဤအတိုင်းအတာအထိ မနှစ်သက်သောအခါ ထိုအရာက ၎င်းတို့အား မည်သည့်အရာကို ဖြစ်စေသနည်း။ ဘုရားသခင်ကို ဆန့်ကျင်စေပြီး အဆုံးတိုင်အောင် ဘုရားသခင်အား ခေါင်းမာစွာဖြင့် ဆန့်ကျင်စေသည်။ ယင်းမှာ ၎င်းတို့အတွက် အရာအားလုံး ပြီးဆုံးသွားပြီဆိုသည့် သဘောဖြစ်သည်။
သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည့် စိတ်သဘောထား၏ သဘောသဘာဝမှာ အဘယ်နည်း။ သမ္မာတရားအား မနှစ်သက်သည့်သူများသည် အပြုသဘောဆောင်သောအရာများ၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်သည့်မည်သည့်အရာကိုမဆို မချစ်မြတ်နိုးကြပေ။ ဥပမာအနေဖြင့် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ကြည့်လော့။ မည်သူကမျှ ဤအမှုတော်ကို လက်မခံလိုကြပေ။ ဘုရားသခင်က လူတို့ကို ဖော်ထုတ်ခြင်း၊ လူတို့ကို ရှုတ်ချခြင်း၊ လူတို့ကို ပြစ်တင်ဆုံးမခြင်း၊ လူတို့ကို စမ်းသပ်ခြင်း၊ လူတို့ကို စစ်ဆေးခြင်း၊ လူတို့ကို ရိုက်နှက်ဆုံးမခြင်း၊ လူတို့ကို ပဲ့ပြင်ဆုံးမခြင်းအကြောင်းဖြစ်သော တရားဒေသနာများကို နားထောင်လိုသည့်သူ အနည်းငယ်သာရှိသည်။ သို့တိုင်အောင် ဘုရားသခင်က လူတို့ကို ကောင်းချီးပေးခြင်း၊ လူတို့ကို တိုက်တွန်းအားပေးခြင်း၊ လူတို့အပေါ် ကတိပြုခြင်းတို့ကိုမူ ကြားချင်ကြသည်။ မည်သူကမျှ ဤအရာများကို မငြင်းပယ်ကြပေ။ ဘုရားသခင်က လူသားအပေါ် ခွင့်လွှတ်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ကောင်းချီးပေးခြင်း၊ ကျေးဇူးတော်ချပေးခြင်း အမှုတို့ကို ပြုသောအချိန်၊ ဖျားနာသူကို ကုသပြီး နတ်ဆိုးများအား နှင်ထုတ်ကာ လူတို့အပေါ် ကတိများပြုခဲ့သည့် အချိန်ဖြစ်သည့် ကျေးဇူးတော်ခေတ်ကာလတုန်းကကဲ့သို့ပင်ဖြစ်သည်။ လူတို့သည် ဤအရာအားလုံးကို လက်ခံလိုစိတ်ရှိကြသည်။ ၎င်းတို့အားလုံးသည် လူသားအပေါ် ယေရှု၏ ကြီးမြတ်သောချစ်ခြင်းကို ချီးမွမ်းကြသည်။ သို့သော် ယခုအခါတွင် နိုင်ငံတော်ခေတ်ရောက်ရှိလာပြီး ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပြုကာ သမ္မာတရားများစွာကို ဖော်ပြသောအခါ မည်သူကမျှ ဂရုမစိုက်ပေ။ ဘုရားသခင်က လူတို့အား မည်မျှ ဖော်ထုတ်ပြီး တရားစီရင်ပါစေ လူတို့က လက်မခံကြပေ။ “ဘုရားသခင်က ဤသို့သောအရာကို လုပ်ဆောင်နိုင်မည်လော။ ဘုရားသခင်က လူသားကို ချစ်သည် မဟုတ်လော” ဟူ၍ပင် ပြောဆိုကြသည်။ ၎င်းတို့သည် ပြုပြင်ခြင်း သို့မဟုတ် ရိုက်နှက်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းကို ခံရလျှင် ပို၍ပင် အယူအဆများရှိကြပြီး “ဤသည်မှာ အဘယ်သို့ ဘုရားသခင်၏ ချစ်ခြင်းဖြစ်သနည်း။ ဤတရားစီရင်ခြင်း၊ ရှုတ်ချခြင်းစကားများသည် လုံးဝ ချစ်ခင်သောအရာမဟုတ်ပေ။ ထိုအရာများကို ငါလက်မခံပါ။ ငါသည် ထိုမျှ မမိုက်မဲပါ” ဟူ၍ မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားဖြစ်သည်။ သမ္မာတရားအား ကြားပြီးနောက်တွင် လူအချို့က “မည်သည့် သမ္မာတရားနည်း။ ဤသည်မှာ သဘောတရားသက်သက်သာဖြစ်သည်။ အလွန် မြင့်မြတ်သည့်၊ အလွန်စွမ်းအားကြီးသည့်၊ အလွန်သန့်ရှင်းသည့်ပုံရှိသည်။ သို့သော် ဤအရာများသည် ကြားကောင်းသော စကားများသာဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားဖြစ်သည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ သင်တို့တွင်ရှိသော စိတ်သဘောထားမျိုး ဟုတ်သလော။ (ဟုတ်ပါသည်။) သင်တို့အနေဖြင့် လွှမ်းမိုးခြင်းခံရဖို့ အများဆုံးဖြစ်သည့်၊ သင်တို့ အများဆုံး တွေ့မြင်သည့်၊ အလေးနက်ဆုံး အသိအမှတ်ပြုသည့် အခြေအနေမှာ မည်သည့်အခြေအနေဖြစ်သည်ဟု ငါ ယခုတင် ပြောခဲ့သနည်း။ (ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်သောအခါ အခက်အခဲကို မကြုံလိုခြင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းကို ခံရန် ဆန္ဒမရှိခြင်း၊ အရာရာတိုင်းကို ချောမွေ့စွာ ဖြတ်သန်းလိုခြင်းတို့ဖြစ်သည်။) ဘုရားသခင်၏ အချုပ်အခြာအာဏာကို ငြင်းဆန်ခြင်း၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုနှင့် ရိုက်နှက်မှုကို ငြင်းဆန်ခြင်း၊ ဤအရာတွင် ဘုရားသခင်က ကောင်းသောအရာ လုပ်ဆောင်နေခြင်းဖြစ်သည်ကို ရှင်းလင်းစွာ သိသော်လည်း မိမိ၏ စိတ်နှလုံးတွင် အတိုက်အခံပြုဆဲဖြစ်ခြင်းတို့သည် သရုပ်သကန် အမျိုးအစားတစ်ခုဖြစ်သည်။ အခြားမည်သည့်အရာရှိသနည်း။ (ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထိရောက်မှုရှိသောအခါ ပျော်ရွှင်ခြင်း၊ ထိရောက်မှုမရှိသောအခါတွင် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ တက်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်းတို့ဖြစ်သည်။) ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုးဖြစ်သနည်း။ (နှလုံးခိုင်မာခြင်းဖြစ်သည်။) သင်တို့သည် ဤအရာနှင့် ပတ်သက်ပြီး တိကျရမည်။ ရှုပ်ထွေးပြီး အခိုင်အမာပြောဆိုခြင်း မပြုနှင့်။ တစ်ခါတစ်ရံတွင် လူတို့၏ အခြေအနေများသည် အလွန်ပင် ရှုပ်ထွေးသည်။ ၎င်းတို့သည် အမျိုးအစားတစ်ခုတည်းသာမဟုတ်ဘဲ နှစ်ခု၊ သုံးခု ရောထွေးနေသည်။ ဤသို့ဆိုလျှင် သင်သည် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ တစ်ခါတစ်ရံတွင် စိတ်သဘောထားတစ်ခုသည် အခြေအနေနှစ်မျိုး၊ တစ်ခါတစ်ရံတွင် အခြေအနေသုံးမျိုးဖြင့် သူ့ဘာသာ ထုတ်ဖော်သည်။ သို့သော် ဤအခြေအနေများက ကွာခြားသော်လည်း နောက်ဆုံးတွင် ဤသည်မှာ စိတ်သဘောထား တစ်မျိုးတည်းဖြစ်ဆဲဖြစ်သည်။ သမ္မာတရားအား မနှစ်သက်သည့် ဤစိတ်သဘောထားကို သင်တို့ နားလည်ရမည်။ သမ္မာတရားအား မနှစ်သက်ခြင်း၏ သရုပ်သကန်များက မည်သည့်အရာဖြစ်သည်ကို သင်တို့ စုံစမ်းစစ်ဆေးသင့်သည်။ ဤနည်းအားဖြင့် သင်တို့သည် သမ္မာတရားအား မနှစ်သက်သည့် ဤစိတ်သဘောထားကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို နှစ်သက်ခြင်းမရှိ။ တစ်စုံတစ်ခုက မှန်ကန်သည်ကို သင်ကောင်းစွာသိသည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများ မလွဲမသွေ ဖြစ်စရာမလိုပေ။ တစ်ခါတစ်ရံတွင် ယင်းသည် အပြုသဘောဆောင်သောအရာများ၊ မှန်ကန်သော အရာများ၊ မှန်ကန်သော စကားများ၊ မှန်ကန်သော အကြံပြုချက်များ ဖြစ်သည်။ သို့တိုင်အောင် သင်က “ဤသည်မှာ သမ္မာတရားမဟုတ်ပါ။ ဤအရာတို့သည် မှန်ကန်သော စကားလုံးများသာဖြစ်သည်။ ငါ နားမထောင်လိုပါ။ လူတို့၏ စကားများကို ငါနားမထောင်ပါ” ဟု ပြောဆဲဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤနေရာတွင် မာနထောင်လွှားခြင်း၊ နှလုံးခိုင်မာခြင်း၊ သမ္မာတရားအား မနှစ်သက်ခြင်းရှိသည်။ ဤစိတ်သဘောထား အမျိုးအစားများအားလုံး ရှိသည်။ စိတ်သဘောထားအမျိုးအစားတစ်ခုစီက အခြေအနေ အမျိုးအစားများစွာကို ဖြစ်ပေါ်စေနိုင်သည်။ အခြေအနေတစ်ခုသည် မတူညီသော စိတ်သဘောထားအချို့နှင့် ဆက်စပ်နိုင်သည်။ ဤအခြေအနေများက မည်သည့်စိတ်သဘောထားအမျိုးအစားများကို ဖြစ်ပေါ်စေသည်ကို သင် ရှင်းလင်းစွာသိရမည်။ ဤနည်းအားဖြင့် သင်သည် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးအစားများကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်။
ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားလေးမျိုးတွင် မည်သည့်အမျိုးအစားမဆိုက လူတို့အား သေခြင်းသို့ စီရင်ရန် လုံလောက်သည်။ ဤသို့ပြောသည်မှာ လွန်ကဲလွန်းသလော။ (မလွန်ကဲပါ။) လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ၎င်းတို့အားလုံးသည် စာတန်ဆီမှလာသည်။ လူတို့သည် စာတန်၊ နတ်ဆိုးများ၊ လူသိများပြီး ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များထံမှဖြစ်သည့် မိစ္ဆာဒိဋ္ဌိများ၊ အတွေးမှားများဖြင့် ပြည့်နေသည်။ ဤသို့ဖြင့် ဤအမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ဖြစ်လာသည်။ ဤစိတ်သဘောထားများသည် အပြုသဘောဆောင်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်ပါသည်။) အပျက်သဘောဆောင်သည်ဟု မည်သည့်အရာအပေါ်တွင် အခြေခံပြီး သင် ပြောသနည်း။ (သမ္မာတရားပေါ်တွင် အခြေခံပါသည်။) ဤစိတ်သဘောထားများသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကို အာခံသောကြောင့်၊ ယင်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအပေါ် ရန်လိုသော ဆန့်ကျင်မှုရှိသောကြောင့် လူတို့တွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအား တွေ့ရလျှင် ထိုသူသည် ဘုရားသခင်ကို အာခံသောသူတစ်ယောက်ဖြစ်လာသည်။ ဤစိတ်သဘောထားလေးမျိုးထဲမှ တစ်ခုမကျန်ကို လူတစ်ယောက်အတွင်း၌ တွေ့ရလျှင် ဤသည်မှာ ဒုက္ခပေးတတ်ပြီး ထိုသူသည် ဘုရားသခင်၏ ရန်သူတစ်ယောက်ဖြစ်လာပြီးဖြစ်သည်။ ထိုသူသည် သေချာပေါက် သေရန် သတ်မှတ်ပြီးဖြစ်သည်။ ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်စေ သမ္မာတရားအား အသုံးပြုပြီး ချိန်ဆကြည့်လျှင် သရုပ်သကန်တစ်ခုစီ၏ အနှစ်သာရသည် ဘုရားသခင်အား ဦးတည်ပြီး ဆန့်ကျင်နေသည်ကိုလည်းကောင်း၊ ဘုရားသခင်အား အာခံနေသည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် ရန်လိုသည်ကိုလည်းကောင်း သင် မြင်ရလိမ့်မည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား မပြောင်းလဲလျှင် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လိမ့်မည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို မုန်းတီးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရန်သူတစ်ယောက်ဖြစ်လိမ့်မည်။
ဆက်လက်၍ငါးခုမြောက်စိတ်သဘောထားအမျိုးအစားကို ပြောကြစို့။ ငါ ဥပမာတစ်ခုပေးမည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးဖြစ်သည်ကို သင်တို့ အဖြေရှာကြည့်နိုင်သည်။ လူနှစ်ယောက် စကားပြောနေသည်ဟု စိတ်ကူးကြည့်လော့။ တစ်ယောက်က သူပြောသည့်အရာတွင် အလွန်အကျွံပင် တဲ့တိုးဆန်သောကြောင့် အခြားလူက စိတ်မကျေမနပ်ဖြစ်သည်။ သူ၏ စိတ်တွင် “သင်သည် အဘယ်ကြောင့် ငါ၏ မာနကို အလွန်ထိခိုက်နေရသနည်း။ ငါသည် လူတို့အား ငါ့အပေါ် အနိုင်ကျင့်ခွင့်ပြုသည်ဟု သင်ထင်သလော” ဟူ၍ စဉ်းစားသည်။ ဤသို့ဖြင့် သူ့အတွင်း၌ မုန်းတီးခြင်း ဖြစ်ပေါ်လာသည်။ အမှန်တွင်၊ ဤပြဿနာက ဖြေရှင်းရန် လွယ်ကူသည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို နာကျင်စေရန် တစ်စုံတစ်ခုပြောခဲ့လျှင် ပြောသူက နားထောင်သူကို တောင်းပန်သရွေ့ အမှုကိစ္စက ပြီးဆုံးသွားမည်။ သို့သော် စိတ်ဆိုးသည့်သူက ဤကိစ္စကို လက်မလွှတ်နိုင်ဘဲ သူ့အတွက် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” ဟူ၍ ဖြစ်လျှင် ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (မလိုမုန်းထားခြင်းဖြစ်သည်။) မှန်သည်။ ဤသည်မှာ မလိုမုန်းထားခြင်းဖြစ်သည်။ ဤသူသည် ဆိုးယုတ်သော စိတ်သဘောထားရှိသူတစ်ဦး ဖြစ်သည်။ အသင်းတော်တွင် လူအချို့သည် ၎င်းတို့၏ တာဝန်ကို မှန်မှန်ကန်ကန် မထမ်းဆောင်သောကြောင့် ပြုပြင်ခြင်းခံရသည်။ လူတစ်ယောက်အား ပြုပြင်သောအခါတွင် ပြောသောအရာများ၌ မကြာခဏပင် ထိုလူကို အပြစ်ဖော်ဆုံးမခြင်းပါဝင်ပြီး ဆူငေါက်ခြင်းပင် ပါဝင်ကောင်းပါဝင်နိုင်သည်။ ဤအရာသည် ၎င်းတို့ကို သေချာပေါက် စိတ်မချမ်းမသာဖြစ်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဆင်ခြေများရှာပြီး ပြန်လည်အဖြေပေးလိုလိမ့်မည်။ ၎င်းတို့က “အကြောင်းအရာများကို ပြော၍ ငါ့အား သင် ကိုင်တွယ်ဖြေရှင်းခြင်းသည် မှန်ကန်သော်လည်း သင်ပြောသည့်အရာအချို့မှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ပြီးလျှင် သင်သည် ငါ့ကို အရှက်ရစေပြီး ငါ၏ ခံစားချက်တို့ကို ထိခိုက်သည်။ ငါသည် ဤနှစ်များအားလုံးတွင် ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး မည်သည့်အခါမျှ ကူညီပံ့ပိုးခြင်းတစ်ခုတလေ မရှိသော်လည်း အလုပ်ကြိုးစားခဲ့သည်။ ငါသည် အဘယ်သို့ ဤသို့ ဆက်ဆံခံရမည်နည်း။ သင်သည် အခြားမည်သူ့ကိုမျှ ပြုပြင်ခြင်း အဘယ်သို့ဖြစ်သနည်း။ ဤအရာကို ငါလက်မခံနိုင်ပါ၊ သည်းမခံနိုင်ပါ” ဆိုသကဲ့သို့သောအရာများကို ပြောသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စောဒကတက်ခြင်း၊ မနာခံခြင်း၊ ရန်ငြိုးထားခြင်းတို့မှတစ်ဆင့်သာ ထင်ရှားသည်။ သို့သော် ထိုစိတ်သဘောထားသည် လက္ခဏာအချို့ ပြနေပြီဖြစ်ပြီး ပေါက်ထွက်တော့မည့် နေရာသို့ စတင်ရောက်ရှိနေပြီဖြစ်သော်လည်း အပြင်းထန်ဆုံး အဆင့်သို့ မရောက်သေးပေ။ အထွတ်အထိပ်သို့ မရောက်သေးပေ။ ဤအရာပြီးသည်နှင့် မရှေးမနှောင်းတွင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း မရှိကြပေ။ စိတ်ဆိုးသည်။ အာခံသည်။ မလိုမုန်းထားစိတ်ဖြင့် စတင် ပြုမူသည်။ စတင်၍ ရှာကြံအကြောင်းပြသည်။ “ခေါင်းဆောင်များ၊ အမှုဆောင်များသည် လူတို့ကို ပြုပြင်သောအခါတွင် အစဉ်သဖြင့် မှန်ကန်ခြင်းမရှိပါ။ ကျန်သည့် သင်တို့တွေက လက်ခံကောင်းလက်ခံနိုင်မည်။ သို့သော် ကျွန်ုပ် လက်မခံနိုင်ပါ။ ဤအရာကို သင်တို့ လက်ခံနိုင်သည်မှာ သင်တို့သည် မိုက်မဲပြီး ပျော့ညံ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ် လက်မခံပါ။ ဤအရာကို ဆွေးနွေးအဖြေရှာပြီး မည်သူက မှန်သည်၊ မှားသည်ကို ကြည့်ကြစို့” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် လူတို့က ၎င်းတို့အား မိတ်သဟာယပြုပြီး “မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပထမဆုံး သင်လုပ်ဆောင်ရမည့်အရာမှာ နာခံခြင်းဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် အနည်းငယ်မျှပင် အစွန်းအထင်းမရှိသည်မှာ ဖြစ်နိုင်သလော။ သင်သည် အရာရာကို မှန်မှန်ကန်ကန်လုပ်ဆောင်သလော။ သင်သည် အရာရာကို မှန်ကန်စွာ လုပ်ဆောင်လျှင်ပင် ပြုပြင်ခံရခြင်းသည် သင့်အတွက် အထောက်အကူဖြစ်သေးသည်။ ကျွန်ုပ်တို့သည် သင်နှင့်အတူ စည်းမျဉ်းများကို အကြိမ်များစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ သို့သော် သင်သည် မည်သည့်အခါမျှ နားမထောင်ဘဲ သင်နှစ်သက်သလိုသာ ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်ရန် ရွေးချယ်သည်။ အသင်းတော်လုပ်အတွက် အဖျက်အမှောင့်များဖြစ်ပြီး ကြီးစွာသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ ဤသို့ဆိုလျှင် ပြုပြင်ခြင်းကိုအဘယ်သို့ မရင်ဆိုင်ရဘဲရှိနိုင်မည်နည်း။ စကားအသုံးအနှုန်းက ကြမ်းကောင်းကြမ်းနိုင်သည်။ နားထောင်ဖို့ ခက်နိုင်သည်။ သို့သော် ဤသည်မှာ ပုံမှန်ဖြစ်သည် မဟုတ်လော။ သင်သည် မည်သည့်အရာကို ငြင်းခုံနေသနည်း။ အခြားလူများကို သင့်အား ပြုပြင်ခွင့်မပြုဘဲ သင့်အား မကောင်းသောအရာများကိုသာ လုပ်ဆောင်ခွင့်ပေးသင့်သလော” ဟူ၍ ပြောသည်။ သို့သော် ၎င်းတို့သည် ဤအရာကို ကြားပြီးနောက်တွင် ပြုပြင်ခြင်းကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဆင်ခြေများပေးခြင်း၊ အတိုက်အခံပြုခြင်းကိုသာ ဆက်လက်လုပ်ဆောင်လိမ့်မည်။ မည်သည့်စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်သနည်း။ နတ်ဆိုးဆန်ခြင်းဖြစ်သည်။ ယင်းသည် ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ အမှန်တကယ်တွင် ယင်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ “လူတို့က ငါ့အား စိတ်ဆိုးအောင်လုပ်ဆောင်ခြင်းကို ငါမခံ။ မည်သူကမျှ ငါ၏ခေါင်းပေါ်က ဆံပင်တစ်ချောင်းကို စမ်းပြီးထိမကြည့်သင့်ပေ။ ငါ့ကို ရန်စဖို့ မလွယ်ကူသည်ကို သင့်အား ငါပြလျှင် နောင်အချိန်တွင် သင်သည် ငါ့အား ပြုပြင်ရဲမည်မဟုတ်။ ဤသို့ဆိုလျှင် ငါ အနိုင်မရရှိသလော” ဟူ၍ ဖြစ်သည်။ အဘယ်သို့နည်း။ စိတ်သဘောထားက ဖော်ထုတ်ခံရပြီးဖြစ်သည်မဟုတ်လော။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားရှိသူများသည် သမ္မာတရားအား မနှစ်သက်ခြင်းသာ မဟုတ်ဘဲ သမ္မာတရားကို မုန်းတီးသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ခံရသောအခါ ထွက်ပြေးရန် ကြိုးစားသည်၊ သို့မဟုတ် လျစ်လျူရှုသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အလွန်အမင်း ရန်လိုကြသည်။ ယင်းမှာ ၎င်းတို့က ဆင်ခြေများ စိတ်ကူးရခြင်း ကိစ္စသက်သက်သာမဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ သဘောထားလုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အလျှော့ပေးခြင်းမရှိဘဲ အတိုက်အခံပြုတတ်သည်။ ရက်စက်ပြီး လောဘကြီးသော အမျိုးသမီးတစ်ဦးဦးကဲ့သို့ပင် ပြန်၍ ငြင်းခုံသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က၊ “သင်သည် ငါ့အား အရှက်ရစေရန်၊ တမင် ကသိကအောက်ဖြစ်ရန် ကြိုးစားနေခြင်းဖြစ်သည်ကို ငါနားလည်သည်။ ငါသည် သင့်အား မျက်နှာချင်းဆိုင်၍ အတိုက်အခံမလုပ်ရဲသော်လည်း လက်စားချေရန် အခွင့်အရေးကို ငါရှာမည်။ သင်သည် ငါ့အား ပြုပြင်ရုံမျှပြုပြင်ပြီး ဩဇာပေးနိုင်မည်ဟု ထင်သလော။ လူတိုင်းကို ငါ့ဘက်သို့ပါအောင် ငါလုပ်မည်။ သင့်ကို တစ်ဦးတည်း သီးခြားဖြစ်စေမည်။ ပြီးလျှင် သင်ကိုယ်တိုင်လုပ်ဆောင်သည့်နည်းအတိုင်း သင့်အပေါ် ငါလုပ်ဆောင်မည်” ဟူ၍ စဉ်းစားသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာဖြစ်သည်။ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားသည် နောက်ဆုံးတွင် သူ့ဘာသာ ထုတ်ဖော်ပြလာသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များကို ရရှိပြီး ၎င်းတို့၏ မလိုမုန်းထားစိတ်ကို ဖွင့်ချရန်အတွက် ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြပြီး လူတိုင်းအား ၎င်းတို့ဘက်သို့ ပါစေမည့် ဆင်ခြေများကို ထုတ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ပျော်ရွှင်ပြီး ဖြေသိမ့်နိုင်ကြသည်။ ဤသည်မှာ မလိုမုန်းထားခြင်းမဟုတ်သလော။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ပြုပြင်ခြင်းမခံရသေးသောအချိန်တွင် ထိုသို့သောသူများသည် သိုးသငယ်များကဲ့သို့ဖြစ်သည်။ ပြုပြင်ခြင်းကိုခံရသောအခါတွင်၊ သို့မဟုတ် ၎င်းတို့၏ သရုပ်မှန် ပေါ်လွင်သွားသောအခါတွင် ၎င်းတို့သည် ချက်ချင်းပင် သိုးသငယ်မှ ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းသွားပြီး ၎င်းတို့၏ ဝံပုလွေဆန်ခြင်း ပေါ်ထွက်လာသည်။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ယင်းသည် အချိန်အများစုတွင် အဘယ်ကြောင့် မမြင်သာသနည်း။ (၎င်းတို့ ဆွပေးခြင်းမခံရသောကြောင့်ဖြစ်သည်။) မှန်သည်။ ၎င်းတို့သည် ဆွပေးခြင်းမခံရသကဲ့သို့ ၎င်းတို့၏ အကျိုးစီးပွားများက အန္တရာယ်မရှိပေ။ ဤသည်မှာ ဝံပုလွေတစ်ကောင်က မဆာလောင်သောအခါတွင် သင့်အား စားမည်မဟုတ်သကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ယင်းသည် ဝံပုလွေမဟုတ်ဟု သင်ဆိုနိုင်သလော။ ယင်းကို ဝံပုလွေဟုခေါ်ဆိုရန်အတွက် သင့်ကို စားရန် ကြိုးစားသည်အထိစောင့်နေလျှင် အလွန်နောက်ကျသွားမည်မဟုတ်လော။ သင့်အား စားရန် မကြိုးစားသေးချိန်တွင်ပင်၊ သင်သည် အချိန်ပြည့် သတိဝီရိယရှိသင့်သည်။ ဝံပုလွေက သင့်အား မစားခြင်းသည် သင့်အား မစားလိုသည့် သဘောမဟုတ်ပေ။ အချိန်မကျသေးခြင်းသာ ဖြစ်သည်။ အချိန်ကျလာသောအခါတွင် သူ၏ ဝံပုလွေသဘာဝက ပြလာသည်။ ပြုပြင်ခြင်းက လူမျိုးစုံကို ထုတ်ဖော်သည်။ လူအချို့က “အဘယ်ကြောင့် ပြုပြင်ခြင်းခံရသည်မှာ ငါတစ်ယောက်တည်းဖြစ်သနည်း။ အဘယ်ကြောင့် ငါသည် အစဉ်အမြဲ အနိုင်ကျင့်ခံရသနည်း။ ငါ့အား လွယ်ကူသော ပစ်မှတ်အဖြစ် မြင်ကြသလော။ ငါသည် သင်တို့ ရန်စ၍ရသည့်သူမျိုးမဟုတ်” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ပြုပြင်ခံရသည်မှာ အဘယ်ကြောင့် ၎င်းတို့သာ ဖြစ်သနည်း။ အမှန်တကယ်တွင် ဤသို့မဟုတ်ပေ။ သင်တို့အထဲတွင် မည်သူက ပြုပြင်ခြင်းကို မခံရဖူးသနည်း။ သင်တို့အားလုံး ခံရဖူးပြီးဖြစ်သည်။ တစ်ခါတစ်ရံတွင် ခေါင်းဆောင်များ၊ အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ထိန်းကျောင်းရခက်ပြီး မဆင်မခြင်လုပ်ဆောင်သည်။ သို့မဟုတ်လျှင် အလုပ်အစီအစဉ်များအတိုင်း မလုပ်ဆောင်ကြပေ။ ၎င်းတို့အများစုသည် ပြုပြင်ခြင်းကို ခံရသည်။ ဤသည်မှာ အသင်းတော်အလုပ်ကို ကာကွယ်ရန်၊ လူများက ထင်ရာစိုင်း၍ လုပ်ဆောင်ခြင်းကို တားဆီးရန် လုပ်ဆောင်ခြင်းဖြစ်သည်။ သီးသန့် ပုဂ္ဂိုလ်တစ်ဦးဦးကို ပစ်မှတ်ထားဖို့ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ၎င်းတို့ပြောသည့်အရာသည် အချက်အလက်များကို သိသာစွာပင် လိုရာဆွဲ၍ မမှန်မကန်ပြောခြင်းဖြစ်သည်။ ဤသည်မှာလည်း ဆိုးယုတ်သော စိတ်သဘောထား၏ သရုပ်သကန် ဖြစ်သည်။
ဆိုးယုတ်သော စိတ်သဘောထားသည် အခြားမည်သည့်ပုံစံဖြင့် ထင်ရှားသနည်း။ ယင်းသည် သမ္မာတရားအား မနှစ်သက်ခြင်းနှင့် မည်သို့ ဆက်စပ်သနည်း။ အမှန်တကယ်တွင် သမ္မာတရားအား မနှစ်သက်ခြင်းသည် အာခံခြင်း၊ ဝေဖန်အပြစ်တင်ခြင်း သဘောထားများဆောင်လျက် ဆိုးရွားသော ပုံစံတစ်ခုဖြင့် ထင်ရှားသည့်အခါ၊ ဤအရာက ဆိုးယုတ်စိတ်သဘောထားကို ထုတ်ဖော်ပြပေသည်။ သမ္မာတရားအား မနှစ်သက်ခြင်းသည် သမ္မာတရားအား စိတ်ဝင်စားမှုကင်းမဲ့ခြင်းမှစ၍ သမ္မာတရားအား မနှစ်သက်ခြင်းအထိ အခြေအနေ များစွာ ပါဝင်သည်။ ယင်းက ဘုရားသခင်အား ဝေဖန်အပြစ်တင်ခြင်း၊ ဘုရားသခင်အား ရှုတ်ချခြင်းအထိ မြင့်တက်သွားသည်။ သမ္မာတရားအား မနှစ်သက်ခြင်းသည် အခြေအနေတစ်ခုသို့ ရောက်ရှိသောအခါ လူတို့သည် ဘုရားသခင်ကို ငြင်းဆန်တတ်သည်။ ဘုရားသခင်ကို မုန်းပြီး ဆန့်ကျင်တတ်သည်။ ဤအခြေအနေအချို့သည် ဆိုးယုတ်သောစိတ်သဘောထားဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် သမ္မာတရားအား မနှစ်သက်သောသူတို့သည် ပို၍ပင် ဆိုးရွားသော အခြေအနေတစ်ခုရှိသည်။ ဤအခြေအနေအတွင်းတွင် စိတ်သဘောထားတစ်မျိုးရှိသည်။ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ဥပမာအနေဖြင့်၊ အရာရာကို ဘုရားသခင်က အုပ်စိုးသည်ဟု လူအချို့က အသိအမှတ်ပြုသည်။ သို့သော် ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သွားပြီး၊ ၎င်းတို့၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းကို ခံရသောအခါ ၎င်းတို့သည် အပြင်ပန်းတွင် ညည်းညူခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မရှိသော်လည်း၊ စိတ်အတွင်းတွင် လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်းမရှိကြပေ။ ၎င်းတို့၏ သဘောထားသည် မလှုပ်မယှက်ဖြင့် ထိုင်နေပြီး ပျက်စီးခြင်းကို စောင့်မျှော်သည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားစွာပင် သမ္မာတရားအား မနှစ်သက်သည့် အခြေအနေဖြစ်သည်။ ပို၍ပင် ဆိုးရွားသော အခြေအနေဖြစ်သည့် အခြားတစ်ခုလည်းရှိသည်။ ၎င်းတို့သည် မလှုပ်မယှက်ဖြင့် ထိုင်ပြီး ပျက်စီးခြင်းကို မစောင့်မျှော်ဘဲ ထိုအစား ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို အာခံကာ ဘုရားသခင်က ၎င်းတို့ထံမှ အမှုအရာများ ယူဆောင်ခြင်းကို အာခံကြလေသည်။ ၎င်းတို့က မည်သို့ အာခံသနည်း။ (အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း၊ သို့မဟုတ် အမှုကိစ္စများကို တမင်ဖျက်ဆီးခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေတည်ထောင်ဖို့ ကြိုးစားခြင်းတို့အားဖြင့် ဖြစ်သည်။) ဤသည်မှာ ပုံစံတစ်ခုဖြစ်သည်။ အသင်းတော်ခေါင်းဆောင်အချို့ လူစားလဲခံရပြီးနောက်တွင် ၎င်းတို့သည် အသင်းတော်အသက်တာကို အသက်ရှင်သည့်အခါ၊ အစဉ်သဖြင့် အမှုကိစ္စများကို နှောင့်ယှက်ပြီး အသင်းတော်ကို အဖျက်အမှောင့်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အသစ်ရွေးချယ်ထားခြင်းခံရသော ခေါင်းဆောင်ပြောသမျှကို အာခံပြီး လိုက်နာခြင်းမရှိသကဲ့သို့ သူ၏ နောက်ကွယ်တွင် သူ့အား သေးသိမ်စေရန် ကြိုးစားသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဆိုးယုတ်သောစိတ်သဘောထားဖြစ်သည်။ ၎င်းတို့အမှန်တကယ် စဉ်းစားသည်မှာ “ငါသည် ခေါင်းဆောင် မဖြစ်နိုင်လျှင် အခြားမည်သူမျှ ဤရာထူးကို ထိန်းသိမ်း၍မရနိုင်။ ၎င်းတို့အားလုံးကို ငါ မောင်းထုတ်ပစ်မည်။ ငါသည် သင်တို့အား အတင်းနှင်ထုတ်လျှင် ယခင်ကကဲ့သို့ ငါဦးဆောင်ရလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်း သက်သက်မဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သည်။ မိမိ၏ ဂုဏ်သတင်း၊ မာနနှင့် အဆင့်အတန်းကို အဖတ်ဆယ်ရန်၊ သို့မဟုတ်လျှင် လက်စားချေဖို့အတွက် မိမိဆန္ဒကို ဖြည့်ဆည်းရန် အဆင့်အတန်းအတွက် ကြိုးစားရုန်းကန်ခြင်း၊ နယ်မြေအတွက် ကြိုးစားရုန်းကန်ခြင်း၊ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် ဂုဏ်သတင်းအတွက် ကြိုးစားရုန်းကန်ခြင်း၊ လက်စားချေရန်အတွက် မည်သို့ဖြစ်စေ မရပ်တန့်ခြင်း၊ တတ်နိုင်သမျှ လုပ်ဆောင်ခြင်း၊ မိမိ၏ကျွမ်းကျင်မှုအားလုံးကို အသုံးချခြင်း၊ မိမိ၏ ရည်ရွယ်ချက်များကို ရရှိရန်အတွက် ဖြစ်နိုင်သမျှတိုင်းကို လုပ်ဆောင်ခြင်းတို့ဖြစ်သော ဤအရာအားလုံးသည် ဆိုးယုတ်မှု၏ သရုပ်သကန်များဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထား၏ အပြုအမူအချို့တွင် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောအရာများစွာကို ပြောဆိုခြင်းပါဝင်သည်။ အချို့မှာ မိမိ၏ ရည်မှန်းချက်များကို ရရှိရန်အတွက် မကောင်းသောအရာများစွာကို လုပ်ဆောင်ခြင်းပါဝင်သည်။ ၎င်းတို့၏ စကားများတွင်ဖြစ်စေ၊ လုပ်ရပ်များတွင်ဖြစ်စေဤသို့သောသူများလုပ်ဆောင်သမျှသည် သမ္မာတရားနှင့် ကွဲလွဲနေပြီးသမ္မာတရားကို ချိုးဖောက်သည်။ အားလုံးမှာ ဆိုးယုတ်သောစိတ်သဘောထား ထုတ်ဖော်ခြင်းဖြစ်သည်။ လူအချို့မှာ ဤအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။ မှားယွင်းနေသော စကား၊ သို့မဟုတ် အပြုအမူက ပေါ်ပေါ်ထင်ထင် မဖြစ်လျှင် ၎င်းတို့က အရှိအတိုင်း မမြင်နိုင်ပေ။ သို့သော် သမ္မာတရားအား နားလည်သူများအတွက်မူ ဆိုးယုတ်သောသူများ ပြောဆို၊ လုပ်ဆောင်သည့်အရာတိုင်းသည် ဆိုးယုတ်ပြီး မှန်ကန်သောအရာ၊ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသောအရာတစ်ခုမျှ လုံးဝ မပါဝင်နိုင်ပေ။ ဤလူများ ပြောသည့်၊ လုပ်ဆောင်သည့်အရာများသည် ၁၀၀ ရာခိုင်နှုန်းဆိုးယုတ်သည်ဟု ဆိုနိုင်ပြီး အပြည့်အဝပင် ဆိုးယုတ်သော စိတ်သဘောထား ထုတ်ဖော်ခြင်းဖြစ်သည်။ ဤဆိုးယုတ်သော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြမီတွင် ဆိုးယုတ်သောလူများ၏ အရင်းခံအကြောင်းရင်းများမှာ အဘယ်နည်း။ မည်သည့်ပန်းတိုင်မျိုးကို ၎င်းတို့ စွမ်းဆောင်ရရှိဖို့ ကြိုးစားနေသနည်း။ ထိုသို့သောအရာများကို ၎င်းတို့ အဘယ်သို့ လုပ်နိုင်သနည်း။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ငါ ဥပမာတစ်ခုပေးမည်။ တစ်စုံတစ်ယောက်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည်။ ထိုအိမ်သည် အဆင်းနီသော နဂါးကြီး၏ စောင့်ကြည့်ခြင်းကို ခံရပြီး သူ အိမ်ပြန်၍မရပေ။ ယင်းကြောင့် သူသည် အလွန်အမင်း နာကျင်ရသည်။ ညီအစ်ကိုမောင်နှမအချို့က သူ့ကို ခေါ်ထားကြသည်။ သူ၏ ဧည့်ခံအိမ်တွင် အရာရာတိုင်းက အလွန်ကောင်းမွန်သည်ကို မြင်ပြီး သူသည် “သင်၏ အိမ်တွင် မည်သည့်အရာမျှ မဖြစ်ပျက်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ငါ၏အိမ်တွင် ဖြစ်ပျက်သည်မှာ အဘယ်သို့ဖြစ်ရသနည်း။ ယင်းမှာ မတရားပါ။ မဖြစ်ချေဘူး။ သင် အိမ်မပြန်နိုင်ရန်အတွက် သင်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ဖို့ နည်းလမ်းကို ငါ စဉ်းစားရမည်။ ငါ ခံရသည့် ဆင်းရဲဒုက္ခအချို့၏ အရသာကို သင့်အား မြည်းစမ်းခိုင်းမည်” ဟူ၍ စဉ်းစားသည်။ သူသည် တစ်ခုတလေကို လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ဤအရာက လက်တွေ့ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ၊ သူ၏ ရည်မှန်းချက်ကို သူ ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ သူ့တွင် ဤကြံရွယ်ချက်မျိုး ရှိနေဆဲဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် ကောင်းမွန်သော ဘဝတစ်ခုကို မရှင်သန်နိုင်လျှင် အခြားလူများကိုလည်း သူရှင်သန်ခွင့် ပေးမည်မဟုတ်ပေ။ ထိုသို့သော စိတ်သဘောထားတစ်ခု၏ သဘာဝမှာ အဘယ်နည်း။ (မလိုမုန်းထားခြင်းဖြစ်သည်။) ဆိုးယုတ်သောစိတ်သဘောထားဖြစ်သည်။ ဤလူသည် မနှစ်မြို့ဖွယ်ဖြစ်သည်။ ဆိုရိုးစကားတစ်ခုအတိုင်းပင် ထိုသူသည် အတွင်းပုပ်ဖြစ်သည်။ ဤသည်မှာ သူ မည်မျှကြမ်းတမ်းသည်ကို ဖော်ပြသည်။ ထိုသို့သော စိတ်သဘောထား၏ သဘောသဘာဝမှာ အဘယ်နည်း။ သူ့တွင် ဤစိတ်သဘောထား ထုတ်ဖော်ပြသောအခါ သူ၏ အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များက မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားစိစစ်ကြည့်လော့။ ဤစိတ်သဘောထားကို သူထုတ်ဖော်ခြင်း၏ စမှတ်သည် မည်သည့် အရာ ဖြစ်သနည်း။ သူသည် မည်သည့်အရာကို စွမ်းဆောင်ရရှိလိုသနည်း။ သူကိုယ်တိုင်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး သူ၏ ဧည့်ခံအိမ်တွင် ကောင်းစွာထောက်ပံ့ပေးခြင်းခံရသည်။ ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ဤအရာကို ဖျက်လိုဖျက်ဆီးလုပ်ချင်သနည်း။ သူသည် သူ့အား ဧည့်ခံသူများကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းကြောင့် ဧည့်ခံသူများ၏အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ဧည့်ခံသူများကလည်း မပြန်နိုင်သောအခါမှသာ ဝမ်းသာလေသလော။ သူသည် သူကိုယ်တိုင်၏ အကျိုးအတွက် ဤနေရာကို ကာကွယ်သင့်သည်။ မည်သည့်အရာမျှ မဖြစ်ရန် တားဆီးသင့်ပြီး သူ့ကို ဧည့်ခံသူများအား ထိခိုက်ခြင်းသည် သူ့ကိုယ်သူ ထိခိုက်စေခြင်းနှင့် တူသဖြင့် ၎င်းတို့ကို မထိခိုက်သင့်ပေ။ ဤသို့ဆိုလျှင် ဤသို့လုပ်ဆောင်လိုခြင်းတွင် သူ၏ ရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ (အကြောင်းကိစ္စများက သူ့အတွက် အဆင်မပြေသောအခါ သူသည် အခြားမည်သူမဆိုအတွက်လည်း အဆင်မပြေစေလိုပေ။) ဤသည်မှာ ကြမ်းတမ်းခြင်းဟု ခေါ်သည်။ ထိုသူ စဉ်းစားသည်မှာ “ငါ၏ အိမ်သည် အဆင်းနီသောနဂါးကြီးကြောင့် ပျက်စီးသွားပြီး ယခုတွင် ငါ့၌ အိမ်မရှိပါ။ သို့သော် သင်သည် သင်ပြန်နိုင်သည့် ကောင်းမွန်သော၊ နွေးထွေးသောအိမ်တစ်လုံးရှိသေးသည်။ ဤသည်မှာ မတရားပါ။ သင်သည် အိမ်သို့ပြန်နိုင်သည်ကို ငါ ကြည့်မနေနိုင်ပါ။ သင့်အား ငါ သင်ခန်းစာတစ်ခုပေးမည်။ သင်အိမ်ပြန်၍မရဘဲ ငါကဲ့သို့ပင်ဖြစ်ရန် ငါ လုပ်ဆောင်မည်။ ဤက မျှတသည်ဟု ခံစားရစေလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မလိုမုန်းထားခြင်း၊ မကောင်းသော ရည်ရွယ်ချက်ရှိခြင်းမဟုတ်လော။ ဤသည်မှာ မည်သည့်အရာ၏ သဘောသဘာဝဖြစ်သနည်း။ (ကြမ်းတမ်းခြင်းဖြစ်သည်။) ဆိုးယုတ်သောလူများက ပြောသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် ရည်ရွယ်ချက်တစ်ခုကို စွမ်းဆောင်ရရှိရန် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာမျိုးကို လုပ်ဆောင်လေ့ရှိသနည်း။ ဆိုးယုတ်သော စိတ်သဘောထားများရှိသောသူများက အများဆုံး လုပ်ဆောင်လေ့ရှိသောအရာမှာ အဘယ်နည်း။ (အသင်းတော်အလုပ်ကို နှောင့်ယှက်သည်။ အဖျက်အမှောင့်လုပ်ပြီး ဖျက်ဆီးသည်။) (၎င်းတို့သည် လူများနှင့် မျက်နှာချင်းဆိုင်ရှိသောအခါတွင် မျက်နှာလိုမျက်နှာရလုပ်ဖို့ ကြိုးစားသည်။ သို့သော် လူတို့နောက်ကွယ်တွင် ၎င်းတို့အား သေးသိမ်စေရန် ကြိုးစားကြသည်။) (၎င်းတို့သည် လူတို့ကို တိုက်ခိုက်သည်။ အငြိုးကြီးပြီး လူတို့အား မလိုမုန်းထားစွာဖြင့် ဒေါသတကြီးရမ်းသည်။) (ကောလာဟလများ၊ အသရေဖျက်မှုများကို ဖြန့်သည်။) (အခြားလူများကို မကောင်းပြောသည်။ ဝေဖန်အပြစ်တင်သည်။ ရှုတ်ချသည်။) ဤလုပ်ရပ်များ၏ သဘာဝမှာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ဖျက်ဆီးရန်ဖြစ်သည်။ ထိုအရာအားလုံးသည် ဘုရားသခင်အား အာခံခြင်း၊ တိုက်ခိုက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ အားလုံးက ဆိုးယုတ်သောစိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သည်။ ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် ဆိုးယုတ်သောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ပြီးလျှင် ဆိုးယုတ်သောစိတ်သဘောထား၏ သရုပ်သကန်အချို့ကို ပိုင်ဆိုင်သောသူတို့အားလုံးအား ဆိုးယုတ်သောသူများအဖြစ် သတ်မှတ်နိုင်သည်။ ဆိုးယုတ်သူတစ်ယောက်၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် နတ်ဆိုး၊ စာတန်၏ အနှစ်သာရဖြစ်သည်။ ဤသည်မှာ ချဲ့ကားပြောခြင်းမဟုတ်ပေ။ ဤလုပ်ရပ်များကို သင်တို့ လုပ်ဆောင်နိုင်စွမ်းရှိကြသလော။ ဤလုပ်ရပ်များထဲတွင် မည်သည့်အရာကို သင်တို့ လုပ်ဆောင်နိုင်သနည်း။ (ဝေဖန်အပြစ်တင်ခြင်းဖြစ်သည်။) ဤသို့ဆိုလျှင် သင်တို့သည် လူတို့အား တိုက်ခိုက်ဝံ့သလော၊ သို့မဟုတ် လက်စားချေဝံ့သလော။ (တစ်ခါတစ်ရံတွင် ကျွန်ုပ်၌ ဤသို့သောအတွေးများ အမှန်ပင်ရှိသော်လည်း၊ မလုပ်ဆောင်ရဲပါ။) သင်တို့သည် ဤအတွေးများသာရှိသော်လည်း မလုပ်ဆောင်ရဲပေ။ အဆင့်နိမ့်သောသူတစ်ယောက်က သင့်အား ထိခိုက်စေလျှင် သင်သည် ပြန်လည်ဒဏ်ခတ်မည်လော။ (တစ်ခါတစ်ရံတွင် ဒဏ်ခတ်မည်။ ဤသို့သောအရာများကို ကျွန်ုပ် လုပ်ဆောင်နိုင်စွမ်းရှိသည်။) ဤလူသည် အမှန်ပင် အထင်ကြီးစဖွယ်ဖြစ်လျှင်၊ သူသည် အလွန်ပင် ရှင်းလင်းစွာ ပြောဆိုတတ်ပြီး သင့်အား ထိခိုက်လျှင် သင်သည် ပြန်လည်ဒဏ်ခတ်ဝံ့မည်လော။ လူအနည်းငယ်သာ ဤသို့လုပ်ဆောင်ရန် ကြောက်ရွံ့မည်မဟုတ်ပေ။ အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူကို ကြောက်သည့် ဤသို့သောသူများသည် ဆိုးယုတ်သောစိတ်သဘောထားရှိသလော။ (ရှိပါသည်။) ယင်းသည် မည်သည့်အပြုအမူမျိုးဖြစ်စေ၊ မည်သူ့ကို ရည်ရွယ်သည်ဖြစ်စေ၊ သင်သည် အခြားညီအစ်ကိုမောင်နှမများကို လက်တုံ့ပြန်သည့် မကောင်းမှုကို စွမ်းဆောင်နိုင်စွမ်းရှိလျှင် သင့်အတွင်း၌ ဆိုးယုတ်သောစိတ်သဘောထားရှိသည်ကို သက်သေပြသည်။ ဤဆိုးယုတ်သော စိတ်သဘောထားသည် အပြင်ပန်းတွင် အလွန်ထူးခြားသည့် ပုံစံမရှိပေ။ သို့သော် သင်သည် ယင်းကို ခွဲခြားသိမြင်နိုင်ရမည် ဖြစ်ပြီးမည်သူ့ကို သင် ပစ်မှတ်ထားနေသည်ကို ခွဲခြားသိမြင်နိုင်ရမည်။ သင်သည် စာတန်အပေါ် ကြမ်းကြုတ်ပြီး စာတန်အား နှိမ်နင်းကာ အရှက်ရစေနိုင်လျှင် ဆိုးယုတ်သော စိတ်သဘောထားအဖြစ် သတ်မှတ်သလော။ မသတ်မှတ်ပေ။ ဤသည်မှာ မှန်ကန်သည့်အရာအတွက် ရပ်တည်ခြင်းဖြစ်ပြီး မိမိ ရန်သူကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှုမရှိခြင်းဖြစ်သည်။ ဤသည်မှာ တရားမျှတမှု အသိစိတ်ရှိခြင်းဖြစ်သည်။ မည်သည့် အခြေအနေများတွင် ဤအရာကို ဆိုးယုတ်သော စိတ်သဘောထားအဖြစ် သတ်မှတ်မည်နည်း။ သင်သည် လူကောင်းများ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို အနိုင်ကျင့်လျှင်၊ စော်ကားလျှင်၊ အရှက်ရစေလျှင် ယင်းသည် ဆိုးယုတ်သောစိတ်သဘောထားဖြစ်လိမ့်မည်။ ထို့ကြောင့် သင်သည် အသိတရားနှင့် အသိစိတ် ပိုင်ဆိုင်ရမည်။ လူများ၊ အမှုအရာများကို စည်းမျဉ်းဖြင့် ချဉ်းကပ်ရမည်။ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများကို ပိုင်းခြားသိမြင်နိုင်ရမည်။ တရားမျှတသော အသိစိတ်ရှိရမည်။ ဘုရားသခင်ရွေးချယ်ထားသောသူများနှင့် ညီအစ်ကိုမောင်နှမများအပေါ် သည်းခံပြီး စိတ်ရှည်ရမည်ဖြစ်ပြီး သမ္မာတရားနှင့် အညီ လက်တွေ့လုပ်ဆောင်ရမည်။ ဤသည်မှာ လုံးဝ မှန်ကန်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီသည်။ ဆိုးယုတ်သောစိတ်သဘောထားရှိသူများသည် ဤကဲ့သို့ စည်းမျဉ်းနှင့်အညီ လူတို့ကို မဆက်ဆံပေ။ လူတစ်ယောက်သည် မည်သူဖြစ်စေ ၎င်းတို့အား ထိခိုက်သည့်အရာတစ်ခုကို လုပ်ဆောင်မိလျှင် ၎င်းတို့သည် လက်စားချေဖို့ ကြိုးစားလိမ့်မည်။ ဤသည်မှာ ကြမ်းတမ်းခြင်းဖြစ်သည်။ ဆိုးယုတ်သောလူများ ပြုမူသည့်ပုံစံတွင် စည်းမျဉ်းမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေပေ။ မိမိကိုယ်တိုင်၏ မလိုမုန်းထားစိတ်ကြောင့် လုပ်ဆောင်သည်ဖြစ်စေ၊ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့ခြင်းဖြစ်စေ၊ မည်သူကိုမဆို လက်စားချေရဲခြင်းဖြစ်စေ ဤအရာအားလုံးသည် ဆိုးယုတ်သော စိတ်သဘောထားနှင့် သက်ဆိုင်သည်။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤအရာနှင့်သက်ဆိုင်၍ သံသယရှိစရာမလိုပေ။
ဆိုးယုတ်သော စိတ်သဘောထားရှိသူတစ်ယောက်၏ အသိသာဆုံး သရုပ်သကန်မှာ အဘယ်နည်း။ အနိုင်ကျင့်ရန် လွယ်ကူသော ရိုးသားဖြောင့်မတ်သူတစ်ယောက်ကို ကြုံတွေ့ပြီး ထိုသူအား စတင် အနိုင်ကျင့်ကာ ဆော့ကစားသောအချိန်တွင်ဖြစ်သည်။ ဤသည်မှာ အဖြစ်များသော ဖြစ်ရပ်ဖြစ်သည်။ အတော်အတန် ကြင်နာတတ်သောသူတစ်ယောက်သည် ရိုးသားဖြောင့်မတ်ပြီး၊ ကြောက်တတ်သောသူတစ်ယောက်ကို မြင်သောအခါ ထိုသူအပေါ် သနားကရုဏာစိတ်ကို ခံစားရလိမ့်မည်။ သူသည် မကူညီနိုင်လျှင်ပင် ထိုသူအား အနိုင်ကျင့်မည်မဟုတ်ပေ။ သင်၏ ညီအစ်ကိုမောင်နှမတစ်ယောက်က ရိုးသားဖြောင့်မတ်သည်ကို သင်မြင်သောအခါ မည်သို့ဆက်ဆံသနည်း။ သူ့အား အနိုင်ကျင့်သလော၊ သို့မဟုတ် စနောက်သလော။ (ကျွန်ုပ်သည် ထိုသူအား အထင်သေးဖို့များပါသည်။) လူတို့ကို အထင်သေးခြင်းသည် ၎င်းတို့အား မြင်သည့်၊ ရှုမြင်သည့် ပုံစံတစ်ခုဖြစ်ပြီး စိတ်နေစိတ်ထားတစ်မျိုးဖြစ်သည်။ သို့သော် ၎င်းတို့အပေါ် သင်ပြုမူပြောဆိုသည့်ပုံစံတွင် သင်၏ စိတ်သဘောထားပါဝင်သည်။ ငါ့အား ပြောလော့။ သင်တို့သည် တွန့်ဆုတ်ပြီး ကြောက်တတ်သောသူတို့အပေါ် မည်သို့ ပြုမူသနည်း။ (ကျွန်ုပ်သည် သူတို့အား အမိန့်ပေးပြီး အနိုင်ကျင့်သည်။) (သူတို့၏ တာဝန်အား တလွဲလုပ်ဆောင်နေသည်ကို ကျွန်ုပ်မြင်သောအခါ သူတို့ကို ခွဲခြားဆက်ဆံပြီး ဖယ်ကြဉ်သည်။) သင်တို့ပြောသည့် ဤအရာများသည် ဆိုးယုတ်သောစိတ်သဘောထားတစ်ခု၏ သရုပ်သကန်များဖြစ်ပြီး၊ လူတို့၏ စိတ်သဘောထားများနှင့် ဆက်စပ်သည်။ ဤအရာများသည် နောက်ထပ် များစွာ ရှိသေးသည်။ ထို့ကြောင့် ထိုအရာများနှင့်ပတ်သက်ပြီး အသေးစိတ်ပြောဖို့မလိုပေ။ သင်တို့သည် မိမိအား စိတ်မကျေမနပ်ဖြစ်စေသော မည်သူကိုမဆို သေစေဖို့ ဆန္ဒရှိသူ၊ ၎င်းတို့အား စီရင်ရန်၊ ကမ္ဘာမြေ၏ မျက်နှာပြင်မှ အပြတ်ရှင်းပစ်ရန် ဘုရားသခင်ထံပင် ဆုတောင်းသောသူမျိုးကို သင်တို့ ကြုံဖူးသလော။ မည်သူကမျှ ထိုသို့သော အစွမ်းတန်ခိုးမရှိသော်လည်း ထိုသို့အစွမ်းတန်ခိုးရှိလျှင်၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းပြီး ထိုသို့လုပ်ဆောင်ရန် ဘုရားသခင်အား တောင်းဆိုနိုင်လျှင် မည်မျှကောင်းမည်နည်းဟု ၎င်းတို့၏ စိတ်နှလုံးတွင် တွေးကြသည်။ သင်တို့၏ စိတ်နှလုံးတွင် ထိုသို့သော အတွေးမျိုးရှိသလော။ (ကျွန်ုပ်တို့သည် ဧဝံဂေလိဖြန့်ဝေပြီး ကျွန်ုပ်တို့ကို တိုက်ခိုက်ကာ ရဲသို့တိုင်ကြားသော မကောင်းသည့်သူများကို ကြုံရသောအခါ ၎င်းတို့အပေါ် မုန်းတီးပြီး “သင်သည် ဘုရားသခင်က အပြစ်ဒဏ်ပေးခြင်းခံရမည့်အချိန်သို့ ရောက်လာမည်” ဟူသော အတွေးမျိုးရှိပါသည်။) ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော ဖြစ်ရပ်ဖြစ်သည်။ သင်သည် တိုက်ခိုက်ခြင်းခံရသည်။ ဆင်းရဲဒုက္ခခံရသည်။ နာကျင်ရသည်။ သင်၏ ကိုယ်ပိုင်သိက္ခာနှင့် မိမိကိုယ်ကိုလေးစားမှုတို့သည် လုံးလုံး နင်းချေခြင်းခံရသည်။ ဤသို့သော အခြေအနေမျိုးတွင် လူအများစုသည် ပြီးပြီးပျောက်ပျောက် သဘောထားနိုင်ရန် ခက်ခဲလိမ့်မည်။ (လူအချို့သည် အွန်လိုင်းတွင် ကျွန်ုပ်တို့၏ အသင်းတော်အကြောင်း ကောလာဟလများကို ဖြန့်သည်။ စွပ်စွဲမှုများစွာ ပြုလုပ်သည်။ ထိုအရာများကို ကျွန်ုပ်ဖတ်သောအခါ အလွန်စိတ်ဆိုးသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် မုန်းတီးခြင်းများစွာရှိသည်။) ဤသည်မှာ ကြမ်းတမ်းခြင်းဖြစ်သလော၊ သို့မဟုတ် တဇောက်ကန်းခြင်းဖြစ်သလော၊ သို့မဟုတ် ဤသည်မှာ ပုံမှန်လူ့သဘာဝဖြစ်သလော။ (ပုံမှန်လူ့သဘာဝဖြစ်သည်။ မကောင်းဆိုးဝါးများနှင့် ဘုရားသခင်၏ ရန်သူတို့ကို မမုန်းတီးခြင်းသည်ပုံမှန် လူ့သဘာဝ မဟုတ်ပါ။) မှန်သည်။ ယင်းမှာ သာမန်လူ့သဘာဝ၏ ထုတ်ဖော်ပြခြင်း၊ သရုပ်သကန်နှင့် တုံ့ပြန်ခြင်းဖြစ်သည်။ လူတို့သည် အပျက်သဘောဆောင်သောအရာများကို မမုန်းတီးလျှင်၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို မချစ်လျှင် ၎င်းတို့တွင် အသိတရား၏ စံနှုန်းများမရှိလျှင် လူမဟုတ်ပေ။ ဤအခြေအနေများအောက်တွင် လူတစ်ယောက်သည် ဆိုးယုတ်သောစိတ်သဘောထားရှိလာရန်အတွက် မည်သည့်လုပ်ရပ်ကို လုပ်ဆောင်နိုင်သနည်း။ ဤမုန်းတီးခြင်း၊ စက်ဆုပ်ခြင်းသည် အပြုအမူတစ်မျိုးမျိုးအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားလျှင်၊ သင်သည် အသိစိတ်အားလုံး ဆုံးရှုံးသွားပြီး သင်၏ လုပ်ရပ်များသည် လူ့သဘာဝအတွက် တားမြစ်ထားသော စည်းဘောင်တစ်ခုခုကို ကျော်သွားလျှင်၊ သင်သည် ၎င်းတို့ကို သတ်ပြီး ဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ဖွယ်ရှိလျှင် ဤသည်မှာ ကြမ်းတမ်းခြင်းဖြစ်သည်။ တဇောက်ကန်း လုပ်ဆောင်ခြင်းဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်သောအခါ၊ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နိုင်ပြီး၊ ကောက်ကျစ်ဆိုးယုတ်မှုကို မုန်းတီးသောအခါ ဤသည်မှာ ပုံမှန်လူ့သဘာဝဖြစ်သည်။ သို့သော် လူတို့သည် တဇောက်ကန်းပုံစံဖြင့် အမှုအရာများကို ကိုင်တွယ်လျှင် ၎င်းတို့သည် စည်းမျဉ်းမရှိဘဲ ပြုမူလုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ မကောင်းမှုကျူးလွန်ခြင်းနှင့် ကွာခြားမှုတစ်ခုခုရှိသလော။ (ရှိပါသည်။) ကွာခြားမှုတစ်ခုရှိသည်။ လူတစ်ယောက်သည် အလွန့်အလွန် ဆိုးဝါးလျှင်လည်းကောင်း၊ အလွန့်အလွန် ကြမ်းတမ်းလျှင်လည်းကောင်း၊ အလွန့်အလွန် ဆိုးယုတ်လျှင်လည်းကောင်း၊ အလွန့်အလွန် အကျင့်ပျက်ပြီး သင်သည် ထိုသူ့အပေါ် အလွန်ပင် ရွံမုန်းမှုဖြစ်ကာ ဤရွံမုန်းမှုကြောင့် သင်သည် ဘုရားသခင်အား ၎င်းတို့ကို ကျိန်ဆဲရန် တောင်းဆိုသည်အထိဖြစ်လျှင်လည်းကောင်း ဤသည်မှာ ပြဿနာမရှိပေ။ သို့သော် သင်သည် နှစ်ကြိမ်၊ သုံးကြိမ်ဆုတောင်းပြီး ဘုရားသခင်က မလုပ်ဆောင်ဘဲ သင့်ဘာသာလုပ်ဆောင်လျှင် အဆင်ပြေသလော။ (အဆင်မပြေပါ။) သင်သည် ဘုရားသခင်ကို ဆုတောင်းပြီး သင်၏ အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်သည်။ ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်သည်။ ဤသို့ဆိုလျှင် သင်သည် အမှုအရာများကို မှန်ကန်စွာ ကိုင်တွယ်နိုင်လိမ့်မည်။ သို့သော် သင်သည် သင်၏ တဇောက်ကန်းလုပ်ဆောင်တတ်ခြင်းဖြင့် မိုက်မဲသောအရာများကို လုပ်ဆောင်စေဖို့ မဆိုထားနှင့်။ သင့်ကိုယ်စား လက်စားချေရန်အတွက် ဘုရားသခင်အား တောင်းဆိုခြင်း၊ သို့မဟုတ် အတင်းခိုင်းစေဖို့ ကြိုးစားခြင်းပင် မပြုသင့်ပေ။ သင်သည် ဆင်ခြင်တုံတရားရှိရှိဖြင့် ချဉ်းကပ်သင့်သည်။ စိတ်ရှည်သင့်သည်။ ဘုရားသခင်၏ အချိန်ကို စောင့်သင့်သည်။ ဘုရားသခင်ထံ ဆုတောင်းလျက် အချိန်ပို၍ ကုန်ဆုံးသင့်သည်။ ဘုရားသခင်သည် စာတန်နှင့် နတ်ဆိုးများအပေါ်တွင် ဉာဏ်ပညာဖြင့် မည်သို့ပြုမူသည်ကို ကြည့်လော့။ ဤနည်းအားဖြင့် သင်သည် စိတ်ရှည်နိုင်သည်။ ဆင်ခြင်တုံတရားရှိခြင်းဆိုသည်မှာ ဤအရာအားလုံးကို ဘုရားသခင်ထံ အပ်နှံပြီး ဘုရားသခင်အား ဆောင်ရွက်ခွင့်ပေးခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ တဇောက်ကန်းဖြစ်ခြင်းဖြင့် မလုပ်ဆောင်နှင့်။ တဇွတ်ထိုးလုပ်ဆောင်ခြင်းသည် ဘုရားသခင်အတွက် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ဘုရားသခင်က ရှုတ်ချသည်။ ထိုသို့သော အချိန်များတွင် လူတို့၌ ထုတ်ဖော်ပြသော စိတ်သဘောထားမှာ လူသား၏ အားနည်းချက်၊ သို့မဟုတ် ခဏတာဖြစ်သော ဒေါသမဟုတ်ဘဲ ဆိုးယုတ်သောစိတ်သဘောထားဖြစ်သည်။ ဆိုးယုတ်သောစိတ်သဘောထားအဖြစ် သတ်မှတ်သည်နှင့် တစ်ပြိုင်နက် သင်သည် ဒုက္ခရောက်ပြီဖြစ်ပြီး သင် ကယ်တင်ခြင်းခံရဖို့ ဖြစ်နိုင်ခြေမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတို့တွင် ဆိုးယုတ်သောစိတ်သဘောထားများရှိသောအခါ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ချိုးဖောက်ပြီး ပြုမူတတ်ကြကာ ဥပဒေကို ချိုးဖောက်ရန်၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရန် အလွန်ပင် ဆန္ဒရှိလာကြသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ရှောင်ကြဉ်နိုင်မည်နည်း။ အနည်းဆုံးအနေဖြင့် မကျော်ရမည့် တားမြစ်ထားသော စည်းသုံးခုရှိသည်။ ပထမတစ်ခုမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ချိုးဖောက်သည့်အရာများအား မလုပ်ဆောင်ခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ဥပဒေကို မချိုးဖောက်ခြင်းဖြစ်သည်။ တတိယတစ်ခုမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ခြင်းဖြစ်သည်။ ထပ်၍ဖြည့်စွက်ရလျှင် အလွန်အကျွံဖြစ်သည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် အသင်းတော်အလုပ်အား အဖျက်အမှောင့်ပြုသည့် မည်သည့်အရာကိုမဆို မပြုလုပ်နှင့်။ ဤစည်းမျဉ်းများကို သင်လိုက်နာလျှင် အနည်းဆုံးအနေဖြင့် သင်၏ ဘေးကင်းလုံခြုံမှုက စိတ်ချရလိမ့်မည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်မဟုတ်ပေ။ သင်သည် မကောင်းမှုမျိုးစုံကို ကျူးလွန်သောကြောင့် ပြုပြင်ခြင်းကို ခံရသောအခါတွင် ကြမ်းတမ်းစွာ ခုခံလျှင် ဤသည်မှာ ပို၍ပင် အန္တရာယ်ရှိသည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားမိပြီး အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရဖို့ များသည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းအတွက် အပြစ်ဒဏ်ပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းထက် အလွန်ပင်ပို၍ ပြင်းထန်သည်။ ယင်းသည် သေခြင်းထက်ပို၍ ဆိုးသော ကံကြမ္မာဖြစ်သည်။ ဥပဒေကို ချိုးဖောက်ခြင်းက အများဆုံးအနေဖြင့် ထောင်ဒဏ်ကျခံရစေသည်။ ခက်ခဲသော နှစ်ကာလအနည်းငယ်ပြီးနောက်တွင် ပြန်ထွက်ရသည်။ ထိုမျှသာဖြစ်သည်။ သို့သော် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလျှင် သင်သည် ထာဝရပြစ်ဒဏ်ကို ခံရလိမ့်မည်။ ထို့ကြောင့် ဆိုးယုတ်သော စိတ်သဘောထားရှိသူများသည် ဆင်ခြင်တုံတရားမရှိလျှင် အလွန့်အလွန်ပင် အန္တရာယ်ရှိသည်။ ၎င်းတို့သည် မကောင်းမှုကို ကျူးလွန်ဖွယ်ရှိသည်။ အပြစ်ဒဏ်ခံရပြီး ပြန်လည်ပေးဆပ်ခံရဖို့ သေချာသည်။ လူတို့သည် ဆင်ခြင်တုံတရားအနည်းငယ်ရှိလျှင်၊ သမ္မာတရားအား ရှာဖွေနိုင်ပြီး ကျိုးနွံနာခံနိုင်ကာ မကောင်းမှုများစွာကို ကျူးလွန်ခြင်းအား ရှောင်ကြဉ်နိုင်လျှင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် လုံးဝ ရှိသည်။ လူတစ်ယောက်အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိရန် အလွန်အရေးကြီးသည်။ အသိစိတ်ရှိသောသူသည် သမ္မာတရားကို လက်ခံပြီး ပြုပြင်ခြင်းကို မှန်ကန်သောနည်းဖြင့် ကိုင်တွယ်နိုင်ဖို့ အလားအလာများသည်။ အသိစိတ်မရှိသောသူသည် ပြုပြင်ခြင်း ခံရသောအခါ အန္တရာယ်ရှိသည်။ ဥပမာ ဆိုကြပါစို့။ လူတစ်ယောက်သည် ခေါင်းဆောင်တစ်ယောက်၏ ပြုပြင်ခြင်းကို ခံရပြီးနောက်တွင် အလွန်စိတ်ဆိုးသည်။ သူသည် ကောလာဟလများဖြန့်ပြီး ခေါင်းဆောင်ကို တိုက်ခိုက်ချင်သည်။ သို့သော် ပြဿနာများဖြစ်မည်စိုးသောကြောင့် မလုပ်ဆောင်ရဲပေ။ သို့ရာတွင် သူ၏ စိတ်နှလုံး၌ ထိုသို့သော စိတ်သဘောထားရှိနှင့်နေပြီဖြစ်သည်။ သူသည် ထိုသို့ အမှန်တကယ်လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို ပြောဖို့ခက်သည်။ လူတစ်ယောက်၏ စိတ်နှလုံးတွင် ဤစိတ်သဘောထားမျိုးရှိသရွေ့၊ ဤအတွေးများ ရှိနေသရွေ့ သူသည် အမှန်တကယ် မလုပ်ဆောင်သော်လည်း အန္တရာယ်ရှိနှင့်နေပြီဖြစ်သည်။ အခြေအနေများက ခွင့်ပြုသောအခါ၊ ၎င်းတို့ အခွင့်အရေးရသောအခါ အမှန်တကယ် လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်ပေသည်။ သူ၏ ဆိုးယုတ်သော စိတ်သဘောထား တည်ရှိနေသရွေ့ ယင်းကို ဖြေရှင်းခြင်းမရှိလျှင် ဤလူသည် အနှေးနှင့်အမြန် မကောင်းမှုကျူးလွန်လိမ့်မည်။ ဤသို့ဆိုလျှင် လူတစ်ယောက်က ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသည့် အခြားမည်သည့်အခြေအနေများ ရှိသေးသနည်း။ ငါ့အား ပြောလော့။ (ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်တွင် ဝတ်ကျေတမ်းကျေပြုပြီး မည်သည့်ရလဒ်မျှမရပါ။ ထို့နောက်တွင် ကျွန်ုပ်သည် ခေါင်းဆောင်၏ စည်းမျဉ်းများနှင့်အညီ လူစားထိုးခြင်းကို ခံရပြီး အတော်အတန် အတိုက်အခံဖြစ်လာသည်။ ထို့နောက်တွင် ထိုခေါင်းဆောင်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအား ထုတ်ဖော်သည်ကို ကျွန်ုပ်မြင်သောအခါ သူ့အား တိုင်ကြားရန် စာတစ်စောင်ရေးဖို့ တွေးမိသည်။) ဤစိတ်ကူးသည် အလိုအလျောက် ဖြစ်ပေါ်လာသလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ သင်၏ သဘာဝက ဖြစ်ပေါ်စေခြင်းဖြစ်သည်။ လူတို့၏ သဘာဝအတွင်းတွင်ရှိသောအရာများသည် အနှေးနှင့် အမြန် ပေါ်လွင်လာသည်။ ၎င်းတို့သည် မည်သည့်ဖြစ်ရပ်၊ သို့မဟုတ် အခြေအနေတွင် ပေါ်လွင်ပြီး ပြုမူဆောင်ရွက်လိမ့်မည်ဆိုသည်ကို မသိရပေ။ တစ်ခါတစ်ရံတွင် လူတို့သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်သော်လည်း ယင်းမှာ အခြေအနေမပေးသောကြောင့်ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူဖြစ်လျှင် ဤအရာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ သမ္မာတရားကို မလိုက်စားသောသူဖြစ်လျှင် ၎င်းတို့သည် ၎င်းတို့နှစ်သက်သည့်အတိုင်း လုပ်ဆောင်ကြလိမ့်မည်။ အခြေအနေပေးသည်နှင့် တစ်ပြိုင်နက် မကောင်းမှုကျူးလွန်လိမ့်မည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းလျှင် လူတို့သည် မိမိတို့ကိုယ်ကို ဒုက္ခရောက်စေမည်မှာ အလွန့်အလွန်ပင် ဖြစ်နိုင်ခြေများသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မိမိတို့ စိုက်သည့်အတိုင်း ရိတ်သိမ်းရမည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် စဉ်ဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရသောအခါ လက်မခံကြပေ။ မည်သည့်အခါမျှ နောင်တမရပေ။ နောက်ဆုံးတွင် ၎င်းတို့သည် ဆင်ခြင်သုံးသပ်စေရန် ရည်ရွယ်ချက်ဖြင့် ဖယ်ကြဉ်ထားခြင်းခံရသည်။ လူအချို့သည် အသင်းတော်အသက်တာကို စဉ်ဆက်မပြတ် အဖျက်အမှောင့်လုပ်ကာ အကျင့်ပျက်သူများဖြစ်လာသောကြောင့် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းခံရသည်။ လူအချို့သည် မကောင်းမှုမျိုးစုံကို လုပ်ဆောင်သောကြောင့် နှင်ထုတ်ခြင်းခံရသည်။ ထို့ကြောင့် လူတစ်ယောက်သည် မည်သို့သောလူစားမျိုးဖြစ်စေ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကြိမ်ဖန်များစွာ ထုတ်ဖော်ပြပြီး ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေလျှင် ထိုသူသည် မကောင်းမှုကို ကျူးလွန်ဖွယ်ရှိသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မာနထောင်လွှားခြင်းတစ်ခုသာ ပါဝင်သည်မဟုတ်ဘဲ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ကြမ်းတမ်းမှုလည်း ပါဝင်သည်။ မာနထောင်လွှားခြင်းနှင့် ကြမ်းတမ်းခြင်းသည် အတွေ့ရများသော အချက်များသာဖြစ်သည်။
ဤသို့ဆိုလျှင် ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို သတိပြုရမည်။ လူအချို့၏ စိတ်သဘောထားသည် အထူးပင် ကြမ်းတမ်းသည်။ မလိုမုန်းထားသည်။ မာနထောင်လွှားသည်။ ပြီးလျှင် ၎င်းတို့သည် လုံးဝပင် မရိုးမဖြောင့်ပေ။ ဤသည်မှာ ဆိုးယုတ်သူ၏ သဘာဝဖြစ်ပြီး ဤလူတို့သည် အားလုံးထဲတွင် အန္တရာယ်အရှိဆုံးဖြစ်သည်။ ထိုသို့သောသူများက အာဏာကိုင်စွဲသောအခါတွင် နတ်ဆိုးများက အာဏာကိုင်စွဲခြင်း ဖြစ်သည်။ စာတန်များက အာဏာကိုင်စွဲခြင်း ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ဆိုးယုတ်သူအားလုံးသည် မကောင်းသော လုပ်ရပ်မျိုးစုံကို လုပ်ဆောင်သောကြောင့် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ သင်သည် ဆိုးယုတ်သူများကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ဖို့ သင် ကြိုးစားသောအခါ ၎င်းတို့က သင့်ကို တိုက်ခိုက်ဖို့၊ ဝေဖန်ဖို့၊ သို့မဟုတ် သင့်အပေါ် လက်စားချေခြင်းပင် ပြုဖို့ အလားအလာများသည်။ ထိုအရာအားလုံးသည် သူ၏ စိတ်သဘောထားများက အလွန် မလိုမုန်းထားခြင်းကြောင့်ဖြစ်သော အကျိုးဆက်များဖြစ်သည်။ ဤသည်မှာ အမှန်တကယ်တွင် အလွန် အဖြစ်များသည်။ ဥပမာအနေဖြင့်၊ အလွန်ပင် အဆင်ပြေသော၊ တစ်ယောက်နှင့်တစ်ယောက် အလွန်ပင် ထောက်ထားပြီး နားလည်မှုရှိသောသူနှစ်ယောက်ရှိနိုင်သော်လည်း ၎င်းတို့၏ အကျိုးစီးပွားနှင့်ပတ်သက်သည့် တစ်ခုတည်းသော ကိစ္စကြောင့် အဆုံးတွင် ကွဲကွာသွားပြီး တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ဖြတ်ကြလေသည်။ လူအချို့သည် ရန်သူများပင် ဖြစ်လာပြီး တစ်ယောက်နှင့်တစ်ယောက် လက်စားချေဖို့ ကြိုးစားသည်။ ၎င်းတို့အားလုံးသည် အလွန်ဆိုးယုတ်ကြသည်။ လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါတွင် ၎င်းတို့တွင် ထင်ရှားကာ ပေါ်လွင်သော မည်သည့်အရာများက ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤအရာများသည် အသေအချာပင် တည်ရှိပြီး ထိုအရာများကို သင် အမြစ်ပါမကျန် ဖယ်ရှားပစ်ရမည်။ ဤသို့ဆိုလျှင် ဤအရာများကို သင်တို့ ပိုင်းခြားသိမြင်ပြီး သတိပြုမိဖို့ အထောက်အကူဖြစ်လိမ့်မည်။ သင်တို့သည် ထိုအရာများကို မည်သို့ အမြစ်ပါမကျန် ဖယ်ရှားပြီး ပိုင်းခြားသိမြင်ရမည်ကို မသိလျှင် သင်တို့သည် မကောင်းသောသူတို့ကို မည်သည့်အခါမျှ ပိုင်းခြားသိမြင်နိုင်လိမ့်မည်မဟုတ်ပေ။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ပြီးနောက်တွင် လူအချို့၏ ဘဝများက ထိခိုက်နစ်နာကြရသည်။ ထိုနောက်မှသာ အန္တိခရစ်တစ်ဦးက အဘယ်အရာဖြစ်သည်၊ ဆိုးယုတ်သော စိတ်သဘောထားဆိုသည်မှာ အဘယ်အရာဖြစ်သည်ဆိုသည်ကို ၎င်းတို့ သိကြလေသည်။ သမ္မာတရားအပေါ် သင်တို့၏ သိနားလည်မှုသည် အလွန်အပေါ်ယံဆန်လွန်းသည်။ သမ္မာတရားအများစုအပေါ် သင်တို့၏ သိနားလည်မှုသည် စကားပြောသည့်အဆင့်၊ သို့မဟုတ် စာရေးသည့်အဆင့်တွင် ရပ်တန့်သွားသည်။ သို့မဟုတ် စကားများနှင့် အယူဝါဒများကိုသာ နားလည်ပြီး ဤအရာများသည် လက်တွေ့အရှိတရားနှင့် လုံးဝ ထပ်တူမကျပေ။ တရားဒေသနာများစွာကို ကြားနာပြီးနောက်တွင် သင်တို့၏ စိတ်နှလုံး၌ သိနားလည်ခြင်း၊ ဉာဏ်အလင်းပွင့်ခြင်းရှိပုံရသည်။ သို့သော် လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် အမှုအရာများကို အရှိအတိုင်း အမှန်တကယ် ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သေးပေ။ သဘောတရားအရ ပြောရလျှင် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များက မည်သည့်အရာ ဖြစ်သည်ကို သင်တို့အားလုံး သိကြသည်။ သို့သော် အန္တိခရစ်စစ်စစ်တစ်ယောက်ကို သင်တို့ တွေ့မြင်သောအခါ ထိုသူအား အန္တိခရစ်အဖြစ် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပေ။ ဤသည်မှာ သင့်တွင် အတွေ့အကြုံအလွန်နည်းပါးသောကြောင့်ဖြစ်သည်။ သင်တို့သည် ပို၍ တွေ့ကြုံရသောအခါတွင်၊ အန္တိခရစ်များ၏ ထိခိုက်စေခြင်းကို လုံလောက်စွာ ခံရပြီးသည့်အခါတွင် ၎င်းတို့ကို အရှိအတိုင်း အပြည့်အဝ ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်သည်။ ယခုအခါတွင် လူအများစုသည် စုဝေးပွဲများ၌ တရားဒေသနာများကို တာဝန်သိစွာဖြင့် နားထောင်ကြပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုသော်လည်း ၎င်းတို့သည် တရားဒေသနာကို ကြားနာပြီးသည်နှင့် တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်ကြသည်။ သဘောတရားအဆင့်ထက် မည်သို့မျှ ပို၍ နားမလည်ကြပေ။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့ကျသော ဘက်ခြမ်းကို တွေ့ကြုံခံစားနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ၎င်းတို့၏ ဝင်ရောက်မှုသည် အလွန်အပေါ်ယံဆန်သည်။ ယင်းမှာ ၎င်းတို့သည် ဆိုးယုတ်သောသူများနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်ဟု ဆိုလိုသည်။ အန္တိခရစ်များတွင် မကောင်းမှုပြုသူများ၏ အနှစ်သာရရှိသော်လည်း၊ အန္တိခရစ်များနှင့် မကောင်းမှုပြုသူများအပြင် အခြားလူများက ဆိုးယုတ်သော စိတ်သဘောထားမရှိကြသလော။ လက်တွေ့တွင် ကောင်းသောသူများ မရှိပေ။ မည်သည့်အရာမျှ တလွဲတချော်မဖြစ်လျှင် ၎င်းတို့အားလုံး ပြုံးပျော်လျက်ရှိကြသည်။ သို့သော် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိခိုက်သည့် တစ်စုံတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့ ကြောက်မက်ဖွယ်ကောင်းလာကြသည်။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ဤဆိုးယုတ်သော စိတ်သဘောထားသည် အချိန်မရွေး ပေါ်လာနိုင်သည်။ ယင်းသည် တမင်ရည်ရွယ်ပြီး ဖြစ်ပေါ်ခြင်းမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤနေရာ၌ မည်သည့်အရာ အတိအကျ ဖြစ်ပျက်နေသနည်း။ ဝိညာဉ်ဆိုးများက ဝင်ပူးခြင်းနှင့် သက်ဆိုင်သလော။ မကောင်းဆိုးဝါး ဝင်စားခြင်းနှင့် သက်ဆိုင်သလော။ ဤနှစ်ခုထဲမှ တစ်ခုဖြစ်လျှင် ထိုသူသည် ဆိုးယုတ်သူတစ်ယောက်၏ အနှစ်သာရရှိပြီး ကူညီ၍ မရတော့ပေ။ သူ၏ အနှစ်သာရသည် ဆိုးယုတ်သူ၏ အနှစ်သာရမဟုတ်လျှင်၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသာဖြစ်လျှင် သူ၏ အခြေအနေသည် ပြုပြင်၍မရနိုင်သော အခြေအနေမဟုတ်ပေ။ သူသည် သမ္မာတရားအား လက်ခံနိုင်လျှင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသေးသည်။ ဤသို့ဆိုလျှင် ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ဖြေရှင်းရသနည်း။ ရှေးဦးစွာ သင်သည် အမှုကိစ္စများကို ကြုံတွေ့သောအခါ မကြာခဏဆုတောင်းပြီး သင့်တွင် မည်သည့်အရင်းခံအကြောင်းများနှင့် အလိုဆန္ဒများရှိသည်ကို ဆင်ခြင်သုံးသပ်ရမည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံပြီး သင်၏ အပြုအမူကို ထိန်းချုပ်ရမည်။ ထို့အပြင် မည်သည့် မကောင်းသောစကား၊ သို့မဟုတ် အပြုအမူကိုမဆို မထုတ်ဖော်ရပေ။ လူတစ်ယောက်သည် သူ၏ စိတ်နှလုံးတွင် မမှန်ကန်သော ရည်ရွယ်ချက်များနှင့် မလိုမုန်းထားမှုများရှိကာ မကောင်းသောအရာများအား လုပ်ဆောင်လိုသည်ကို မိမိဘာသာ တွေ့ရှိလျှင် ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ဤကိစ္စရပ်ကို နားလည်ပြီး ဖြေရှင်းရန်အတွက် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေရမည်။ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်၏ ကွယ်ကာမှုကို တောင်းခံရမည်။ ဘုရားသခင်ထံ ကျိန်ဆိုရမည်။ ပြီးလျှင် သူသည် သမ္မာတရားကို လက်မခံဘဲ မကောင်းမှုကျူးလွန်သောအခါတွင် မိမိကိုယ်ကို ကျိန်ဆဲရမည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် ကွယ်ကာမှုကို ရရှိစေပြီး လူတစ်ယောက်အား မကောင်းမှုပြုလုပ်ခြင်းမှ တားဆီးပေးသည်။ လူတစ်ဦးထံ တစ်စုံတစ်ခုဖြစ်ပျက်ပြီး မကောင်းသော ရည်ရွယ်ချက်များ ထွက်ပေါ်လာသော်လည်း ထိုသူသည် ထိုအရာကို အရေးမစိုက်သကဲ့သို့ အမှုအရာများကို သူ့ဘာသာ ဖြစ်ပျက်စေလျှင်၊ သို့မဟုတ် ဤသည်မှာ သူပြုမူလုပ်ဆောင်သင့်သည့် ပုံစံဖြစ်သည်ဟု သတ်မှတ်လျှင် ထိုသူသည် မကောင်းသောလူတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ကာ သမ္မာတရားကို ချစ်သောသူမဟုတ်ပေ။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်လိုဆဲဖြစ်သည်။ ကောင်းချီးခံစားပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုဆဲဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်သလော။ သူသည် အိပ်မက်မက်နေခြင်းဖြစ်သည်။ ငါးခုမြောက် စိတ်သဘောထားမှာ ဆိုးယုတ်ခြင်းဖြစ်သည်။ ဤသည်မှာလည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်နွှယ်သော အရေးကိစ္စတစ်ခု ဖြစ်သည်။ ဤအကြောင်းအရာအတွက် ဤမျှခန့်သာ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။