ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (အပိုင်း နှစ်)

အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ အမှုတစ်ရပ်လုံး၏ မှတ်တမ်းတစ်ခုဖြစ်၏။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း မှတ်တမ်းဖြစ်၍ ၎င်းတို့သည် စိတ်ကူးယဉ်မဟုတ်ပေ။ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို သိရှိရန် ကြိုးစားလိုသည့်ဆန္ဒ သင်တို့တွင် အမှန်တကယ် ရှိပါက ဘုရားသခင် အကောင်အထည်ဖော်သည့် အမှုအဆင့်သုံးဆင့်ကို သင်တို့သိရမည် ဖြစ်သည့်အပြင် သင်တို့သည် မည်သည့်အဆင့်ကိုမျှ ချန်မထားရပါ။ ဤသည်မှာ ဘုရားသခင်ကို သိရန်ကြိုးစားသူတို့ ရရှိရမည့် အနည်းဆုံးအရာ ဖြစ်သည်။ လူသားကိုယ်တိုင် ဘုရားသခင်ကို စစ်မှန်စွာသိခြင်းကို မရရှိနိုင်ပေ။ ဤသည်မှာ လူသားကိုယ်တိုင် စိတ်ကူးယဉ်၍ရသောအရာ မဟုတ်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ လူတစ်ဦးအပေါ် အထူးမျက်နှာပေးခြင်းကြောင့် ပေါ်ပေါက်သည့် အကျိုးကျေးဇူးလည်း မဟုတ်ပေ။ ထိုသို့ မဟုတ်ဘဲ ဤသည်မှာ လူသားသည် ဘုရားသခင်၏အမှုနှင့် ကြုံတွေ့ပြီးနောက် ပေါ်ပေါက်လာသည့် အသိဉာဏ်ဖြစ်၍ ဘုရားသခင်အမှု၏ အမှန်တရားများကို ကြုံတွေ့ပြီးနောက်မှသာလျှင် ပေါ်ပေါက်လာသည့် အသိဉာဏ်ဖြစ်၏။ ထိုကဲ့သို့သော အသိဉာဏ်သည် စိတ်ကူးပေါက်သည့်အတိုင်း ရရှိနိုင်သည့်အရာ မဟုတ် သကဲ့သို့ သင်ကြားပေးနိုင်သော အရာလည်းမဟုတ်ပါ။ ဤသည်မှာ ကိုယ်ပိုင် အတွေ့အကြုံနှင့်သာ လုံးဝ သက်ဆိုင်ပါသည်။ လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ဤအမှုအဆင့်သုံးဆင့်၏ ဗဟို အချက်အချာတွင်ရှိသော်လည်း ကယ်တင်ခြင်းအမှုအတွင်းတွင် အမှုဆောင်သည့်နည်းများနှင့် ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ပြသောနည်းများ ပါဝင်ပါသည်။ ဤသည်မှာ လူသားအတွက် ဖော်ထုတ်ရန် အခက်ခဲဆုံးဖြစ်၍ လူသားအတွက် နားလည်ရန်လည်း ခက်ခဲပါသည်။ ခေတ်ကာလများ ပိုင်းခြားခြင်း၊ ဘုရားသခင်၏ အမှုတွင် ပြောင်းလဲခြင်းများ၊ အမှုဆောင်သည့်နေရာ ပြောင်းလဲခြင်းများ၊ ဤအမှုကို လက်ခံရရှိသူများ ပြောင်းလဲခြင်းများ စသည်ဖြင့်— ၎င်းအရာအားလုံးသည် အမှုအဆင့်သုံးဆင့်တွင် ပါဝင် ပါသည်။ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော် အမှုဆောင်နည်း၏ ကွဲပြားချက်နှင့် ဘုရားသခင်၏ စိတ်နေသဘောထား၊ ရုပ်သွင်၊ အမည်၊ မည်သူမည်ဝါဖြစ်ခြင်းတို့ ပြောင်းလဲခြင်း သို့မဟုတ် အခြား ပြောင်းလဲခြင်းများ အားလုံးတို့သည် အမှုအဆင့်သုံးဆင့်၏ တစ်စိတ်တစ်ဒေသဖြစ်၏။ အမှုအဆင့် တစ်ဆင့်သည် အစိတ်အပိုင်းတစ်ရပ်ကိုသာ ကိုယ်စားပြုနိုင်၍ နယ်ပယ်တစ်ရပ်အတွင်း ကန့်သတ်ထား၏။ ၎င်းတွင် အခြားကဏ္ဍများမဆိုထားနှင့် ကာလများ ပိုင်းခြားထားခြင်း သို့မဟုတ် ဘုရားသခင်၏အမှုတော် အပြောင်းအလဲများ မပါဝင်ပါ။ ဤသည်မှာ ရှင်းလင်းစွာ ထင်ရှားသည့် အချက်တစ်ချက် ဖြစ်၏။ အမှုအဆင့် သုံးဆင့်သည် လူသားမျိုးနွယ်ကို ဘုရားသခင်ကယ်တင်ခြင်းအမှု တစ်ရပ်လုံးဖြစ်၏။ လူသားသည် ဘုရားသခင်၏ အမှုနှင့် ကယ်တင်ခြင်းအမှုတွင် ဘုရားသခင်၏ စိတ်သဘောထားကို သိရမည်ဖြစ်၍ ဤအချက်မပါဘဲ ဘုရားသခင်အကြောင်း သင်သိရှိမှုသည် အနှစ်သာရ ကင်းမဲ့သော စကားလုံးများသာ ဖြစ်ကာ လက်တင်ကုလားထိုင်မှ လူတတ်လုပ်နေခြင်းထက် မပိုပေ။ ထိုသို့သော အသိဉာဏ်သည် လူသား အား သိမ်းသွင်းနိုင်ခြင်း မရှိသကဲ့သို့ လူသားအပေါ် အောင်နိုင်ခြင်းလည်း မရှိပေ။ ထိုသို့သောအသိဉာဏ်သည် အမှန်တရားနှင့် ကွဲလွဲနေ၍ သမ္မာတရားမဟုတ်ပေ။ ၎င်းသည် များစွာဖြစ်နိုင်၍ နားဝင်ချိုနိုင်သော်လည်း ဘုရားသခင်၏ အရင်းခံစိတ်နေသဘောထားနှင့် မကိုက်ညီပါက ဘုရားသခင်သည် သင့်ကိုသက်ညှာမည် မဟုတ်ပါ။ သူသည် သင်၏အသိဉာဏ်ကို ချီးကျူးခြင်း မပြုရုံသာမက သူ့ကို ပုတ်ခတ်ပြောဆိုသည့် အပြစ်သားတစ်ဦး ဖြစ်နေခြင်းအတွက် သင့်အပေါ်လက်စားချေခြင်းလည်း ပြုလိမ့်မည်။ ဘုရားသခင်ကို သိခြင်းအကြောင်း စကားလုံးများကို ပေါ့ပေါ့တန်တန် ပြောဆိုကြခြင်း မဟုတ်ပါ။ သင်သည် စကားကို ပေါ့ပေါ့တန်တန် ရွှန်းရွှန်းဝေအောင်ပြောဆို၍ စကားကြွယ်ကာ သေသူကို ရှင်စေနိုင်ပြီး ရှင်သူကို သေစေနိုင်သော်လည်း ဘုရားသခင်ကို သိခြင်းအကြောင်းကိုမူ ပြောနိုင်စွမ်းမရှိသေးပါ။ ဘုရားသခင်သည် သင်မဆင်မခြင် စီရင်နိုင်သူတစ်ဦး၊ သို့မဟုတ် သာမန်ကာလျှံကာ ချီးမွမ်းနိုင်သူတစ်ဦး၊ သို့မဟုတ် အေးဆေးစွာ ဂုဏ်အသရေ ဖျက်နိုင်သူတစ်ဦး မဟုတ်ပါ။ သင်သည် မည်သူ့ကိုမဆိုနှင့် လူတိုင်းကို ချီးမွမ်းသော်လည်း ဘုရားသခင်၏ ကြီးမားသော စာရိတ္တကောင်းမြတ်ခြင်းနှင့် ချစ်ခင်နှစ်သက်ဖွယ် ကောင်းခြင်းတို့ကို ဖော်ပြရန် သင့်တော်သည့် စကားလုံးများအတွက်မူ ရုန်းကန်ရ၏— ဤသည်မှာ အရှုံးသမား တိုင်း သင်ခန်းစာရသည့် အရာဖြစ်၏။ ဘုရားသခင်ကို ဖော်ပြနိုင်သော ဘာသာစကား အထူးပြုပညာရှင် မြောက်မြားစွာရှိသော်လည်း ထိုသူတို့ ဖော်ပြချက်၏ တိကျမှုသည် ဘုရားသခင်နှင့်သက်ဆိုင်၍ ဝေါဟာရ အနည်းအကျဉ်းသာ ရှိသော်လည်း ကြွယ်ဝသော အတွေ့အကြုံရှိသူတို့ ပြောဆိုသော သမ္မာတရား၏ တစ်ရာပုံတစ်ပုံသာရှိ၏။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းသည် တိကျမှုနှင့် အဖြစ်မှန်တို့တွင် ရှိကြောင်းနှင့် ပါးနပ်သည့်စကားလုံးများ အသုံးပြုခြင်း သို့မဟုတ် ကြွယ်ဝသည့် ဝေါဟာရများတွင် မရှိကြောင်း၊ လူသား၏ အသိဉာဏ်နှင့် ဘုရားသခင်၏ အသိဉာဏ်တို့သည် လုံးဝ တခြားစီဖြစ်ကြောင်းကို တွေ့နိုင်သည်။ ဘုရားသခင်ကို သိခြင်း သင်္ခန်းစာသည် လူသားမျိုးနွယ်၏ သဘာဝသိပ္ပံပညာရပ် အားလုံးထက်ပို၍ မြင့်မား၏။ ဤသည်မှာ ဘုရားသခင်ကို သိရန်ကြိုးစားသည့် အလွန်နည်းပါးသော လူဦးရေသာ သင်ယူနိုင်သည့် သင်ခန်းစာ တစ်ရပ်ဖြစ်၍ ပါရမီရှင် မည်သူမဆို ရယူနိုင်သည့်အရာ မဟုတ်ပါ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို သိခြင်းနှင့် သမ္မာတရားနောက် လိုက်ခြင်းတို့ကို သာမန် ကလေးတစ်ဦးက ရယူနိုင်သော အရာများကဲ့သို့ မမြင်ရပါ။ သင်သည် သင်၏မိသားစုဘဝ၊ သို့မဟုတ် သင်၏အသက်မွေးလုပ်ငန်း သို့မဟုတ် သင်၏အိမ်ထောင်ရေးတို့တွင် လုံးဝ အောင်မြင်သူတစ်ဦး ဖြစ်ချင်ဖြစ်ခဲ့မည်။ သို့ရာတွင် သမ္မာတရားနှင့် ပတ်သက်ပါက၊ ထို့အပြင် ဘုရားသခင်ကိုသိခြင်း သင်ခန်းစာနှင့်ပတ်သက်ပါက သင့်တွင် ပြစရာဘာမျှမရှိပါ။ သင်သည် ဘာမျှ အောင်မြင်ပြီးဆုံးထားခြင်း မရှိပါ။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် သင်တို့ အတွက် လွန်စွာခက်ခဲသည်ဟု ဆိုနိုင်၍ ဘုရားသခင်ကို သိခြင်းသည် သာ၍ကြီးမားသော ပြဿနာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ သင်တို့၏ အခက်အခဲဖြစ်၍ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ရင်ဆိုင်ရသည့် အခက်အခဲလည်း ဖြစ်ပါသည်။ ဘုရားသခင်အား သိခြင်းအရေးတွင် အောင်မြင်မှုအချို့ ရရှိခဲ့ပြီးသူ အချို့အကြား အဆင့်အတန်းမီသူ လုံးဝမရှိလုနီးပါးဖြစ်သည်။ ဘုရားသခင်ကို သိခြင်းမှာ မည်သည့်အဓိပ္ပါယ်ရှိကြောင်း၊ သို့မဟုတ် ဘုရားသခင်ကိုသိရန် အဘယ်ကြောင့် လိုအပ်ကြောင်း၊ သို့မဟုတ် မည်သည့်အတိုင်းအတာသည် ဘုရားသခင်ကို သိခြင်းဖြစ်ကြောင်းကို လူသားသည် မသိပါ။ ဤသည်မှာ လူသားအတွက် လွန်စွာ စိတ်ရှုပ်ထွေးစေ၍ အတော်လေး ရိုးရှင်းစွာပြောရလျှင် လူသားမျိုးနွယ် ရင်ဆိုင် ရသည့် အကြီးမားဆုံးသော ပဟေဠိဖြစ်၏— ထို့အပြင် မည်သူမျှ ဤမေးခွန်းကို မဖြေနိုင်ပါ။ မည်သူမျှလည်း ဤမေးခွန်းကို ဖြေလိုသည့်ဆန္ဒမရှိပါ။ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ လူသားများအကြား မည်သူမျှ ဤအမှုကို လေ့လာရာတွင် အောင်မြင်ခဲ့ခြင်း မရှိပါ။ လူသားကို အမှုအဆင့်သုံးဆင့် ပဟေဠိ အသိပေး သည့်အခါ ဘုရားသခင်ကိုသိသူ ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်းပေါ်လာပါလိမ့်မည်။ ဤသို့ ဖြစ်ရန် ငါမျှော်လင့်သည်မှာ အမှန်ပင်ဖြစ်ကာ ထို့ထက်ပို၍ ငါသည် ဤအမှု အကောင်အထည်ဖော်ခြင်းကို လုပ်ဆောင်လျှက်ရှိကာ မကြာမီအနာဂတ်တွင် ပိုမိုများပြားသည့် ထိုကဲ့သို့သော ပါရမီရှင်များ ပေါ်ထွက်လာ သည်ကို တွေ့ရန် မျှော်လင့်သည်။ ထိုသူတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များအတွက် သက်သေခံ သူများ ဖြစ်လာကြမည်ဖြစ်၍ ဤအမှုအဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏အမှု အဆုံးသတ်သည့် နေ့တွင် ဤကဲ့သို့သော ပါရမီရှင်များ မရှိပါက၊ သို့မဟုတ် တစ်ဦးနှစ်ဦးသာရှိပါက၊ ထို့အပြင် ထိုသူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ စုံလင်စေ တော်မူခြင်းကို ကိုယ်တိုင်လက်ခံပြီးပါက၊ ဤအရာထက်သာ၍ စိတ်သောကရောက်စရာ၊ သာ၍နောင်တ ရစရာ မရှိပါ— သို့သော် ဤသည်မှာ အဆိုးဆုံး ဖြစ်နိုင်ခြေသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ အမှန်တကယ် လိုက်လျှောက်သူများသည် ဤကောင်းချီးမင်္ဂလာကို ရနိုင်မည်ဟု ငါမျှော်လင့်နေဆဲဖြစ်၏။ အချိန်ဟူသည် စတင်ကတည်းက ဤကဲ့သို့သောအမှုတစ်ခါမျှ မရှိခဲ့ဖူးပါ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ဤသို့တာဝန်ယူမှု တစ်ခါမျှ မရှိခဲ့ဖူးပါ။ သင်သည် ဘုရားသခင်ကို အရင်ဆုံးသိသူတစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက ဤသည်မှာ သတ္တဝါများအကြားတွင် အမြင့်မြတ်ဆုံးသော ဂုဏ်ပုဒ်တစ်ရပ် မဖြစ်ပေဘူးလော။ လူသားမျိုးနွယ်အကြား ဘုရားသခင်မှ သာ၍ချီးမွမ်းမည့်သတ္တဝါ ရှိဦးမည်လော။ ထိုကဲ့သို့သောအမှုသည် ရယူရန် မလွယ်သော်လည်း အဆုံး၌ ဆုလာဘ်များ ရရှိဦးမည်ဖြစ်သည်။ အမျိုးသား အမျိုးသမီးဖြစ်မှု သို့မဟုတ် နိုင်ငံသားနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်ကို သိနိုင်စွမ်းရှိသူ အားလုံးသည် အဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိ၍ ၎င်းတို့သာလျှင် ဘုရားသခင်၏ အခွင့်အာဏာကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ ယနေ့၏ အမှုဖြစ်၍ အနာဂတ်၏ အမှုလည်းဖြစ်၏။ ဤသည်မှာ အနှစ် ၆၀ဝ၀ အမှုတွင် အောင်မြင်ပြီးဆုံးရမည့် နောက်ဆုံးသောအမှုနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အမျိုးအစား တစ်ရပ်စီကို ဖော်ထုတ်သည့် အမှုဆောင်နည်းဖြစ်၏။ လူသားအား ဘုရားသခင်ကိုသိစေသည့် အမှုမှတစ်ဆင့် လူသား၏ကွဲပြားသည့်အဆင့်များကို ဖော်ထုတ်၏- ဘုရားသခင် ကို သိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမီ၍ ဘုရားသခင်ကို မသိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမမီကြပေ။ ဘုရားသခင်ကို သိသူများသည် ဘုရားသခင်နှင့် ရင်းနှီးသူများဖြစ်၍ ဘုရားသခင်ကို မသိသူများကို ဘုရားသခင်နှင့် ရင်းနှီးသူများဟု ခေါ်၍မရပေ။ ဘုရားသခင်နှင့် ရင်းနှီးသူများသည် ဘုရားသခင်၏ မည်သည့်ကောင်းချီးမင်္ဂလာကိုမဆို လက်ခံရရှိနိုင် သော်လည်း သူနှင့်မရင်းနှီးသူများသည် သူ၏မည်သည့်အမှုနှင့်မျှ မထိုက်တန်ပေ။ ဆင်းရဲဒုက္ခများဖြစ်စေ၊ စစ်ဆေးပြုပြင်ခြင်းဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ အားလုံးသည် အဆုံးတွင် လူသား ဘုရားသခင်ကို သိခွင့်ပေးရန်နှင့် လူသား ဘုရားသခင်ကို နာခံနိုင်ရန်ဖြစ်၏။ ဤသည်မှာ အဆုံးတွင်ရရှိမည့် တစ်ခု တည်းသော သက်ရောက်မှုဖြစ်လိမ့်မည်။ အမှုအဆင့်သုံးဆင့်၏ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိဘဲ ဤသည်မှာ ဘုရားသခင်ကို လူသား၏ သိရှိမှုအတွက် အကျိုးရှိ၍ လူသားမှ ဘုရားသခင်အပေါ် ပိုမိုပြည့်စုံ၍ မခြွင်းမချန်သိစေရန် အထောက်အကူပြုပါသည်။ ဤအမှုအားလုံးသည် လူသားအတွက် အကျိုးရှိ၏။

ဘုရားသခင်ကိုယ်တိုင်၏ အမှုသည် လူသားမှသိရမည့် အမြင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမှုကို လူသားမှ ရယူနိုင်ခြင်းမရှိဘဲ လူသားမှ ပိုင်ဆိုင်ခြင်း မရှိသောကြောင့် ဖြစ်၏။ ဤအမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း တစ်ရပ်လုံးဖြစ်၍ လူသားမှသိသင့်သည့် ဤထက် ကြီးမြတ်သော အမြင်မရှိပါ။ လူသားသည် ဤဘုန်းတန်ခိုးကြီးမားသော အမြင်ကို မသိပါက ဘုရားသခင်ကို သိရန်မလွယ်ပေ။ ဘုရားသခင်၏ အလိုဆန္ဒကို နားလည်ရန်လည်း မလွယ်ကူသည့်အပြင် လူသား လျှောက်လှမ်းသည့် လမ်းကြောင်းသည် ပို၍ခက်ခဲ ကြမ်းတမ်းလာလိမ့်မည်။ အမြင်များမရှိဘဲ လူသားသည် ဤမျှအထိ ရောက်လာနိုင်ခဲ့မည် မဟုတ်ပေ။ လူသားကို ယနေ့တိုင် ကာကွယ်ထားခဲ့၍ အကြီးမားဆုံးသော အကာအကွယ်ပေးခဲ့သည်မှာ ဤအမြင်များဖြစ်၏။ အနာဂတ်တွင် သင်တို့၏ အသိဉာဏ်သည် ပိုမိုနက်နဲ လာရမည်ဖြစ်ကာ သင်တို့သည် သူ၏အလိုဆန္ဒ တစ်ရပ်လုံးနှင့် အမှုအဆင့်သုံးဆင့်ရှိ သူ၏အမြော်အမြင် ရှိသော အနှစ်သာရကို သိလာရမည်ဖြစ်သည်။ ဤသည်သာလျှင် သင်တို့၏ စစ်မှန်သော ဝိညာဉ်အသက်တာ ဖြစ်၏။ အမှု၏ နောက်ဆုံးအဆင့်သည် သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ ယခင်အဆင့် နှစ်ဆင့်နှင့်အတူ ဖွဲ့စည်းထားချက် တစ်ရပ်လုံး၏ တစ်စိတ်တစ်ဒေသဖြစ်၏။ အမှုအဆင့်သုံးဆင့်မှ တစ်ဆင့်ကိုသာ ဆောင်ရွက်ခြင်းဖြင့် ကယ်တင်ခြင်း အမှုတစ်ရပ်လုံးကို ပြီးဆုံးစေရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ အမှု၏ နောက်ဆုံးအဆင့်သည် လူသားကို အပြည့်အဝ ကယ်တင်နိုင်မည် ဖြစ်သော်လည်း ဤအဆင့် တစ်ရပ်တည်းကိုသာ သီးခြားအကောင်အထည်ဖော်ရန်သာ လိုအပ်၍ စာတန်၏ လွှမ်းမိုးမှုမှ လူသားကို ကယ်တင်ရန် ယခင်အမှုအဆင့်နှစ်ဆင့်ကို မလိုအပ်ဟု မဆိုလိုပါ။ ဤအဆင့်သုံးဆင့်မှ မည်သည့်အဆင့် တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ်အားလုံးသိရမည့် တစ်ခုတည်းသော အမြင်ဟု စွဲကိုင်ထား၍မရပါ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်း အမှုတစ်ရပ်လုံးသည် ဤအမှုအဆင့်သုံးရပ်ဖြစ်၏။ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်ပေ။ ကယ်တင်ခြင်းအမှု အောင်မြင်ပြီးဆုံးခြင်း မရှိသေးသမျှ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လုံးဝအဆုံးသတ်ခြင်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ ဖြစ်တည်မှု၊ စိတ်နေ သဘောထားနှင့် ဉာဏ်ပညာအမြော်အမြင်တို့ကို ကယ်တင်ခြင်းအမှု တစ်ရပ်လုံးတွင် ဖော်ပြထား၏။ လူသားကို အစဦးဆုံးတွင် ဖော်ပြထားခြင်း မဟုတ်သော်လည်း ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားခဲ့သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်တစ်ဆင့်စီသည် ဘုရားသခင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်တည်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှုအဆင့်တိုင်းမှ ဘုရား သခင်၏ ဖြစ်တည်မှု တစ်ရပ်လုံးကို တိုက်ရိုက်နှင့် လုံးဝအပြည့်အစုံ ဖော်ပြနိုင်သည် မဟုတ်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းအမှုသည် အမှုအဆင့်သုံးဆင့် ပြီးဆုံးမှသာလျှင် လုံးဝအဆုံးသတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံအပေါ် လူသား၏သိရှိမှုကို ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ အမှုအဆင့်တစ်ရပ်မှ လူသားရရှိသည့် အရာသည် သူ၏အမှု အစိတ်အပိုင်း တစ်ရပ်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်နေသဘောထားသာဖြစ်၏။ ဤသည်မှာ ယခင် သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ဖော်ပြသော စိတ်နေသဘောထားနှင့် ဖြစ်တည်မှုကို ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ကာလတစ်ရပ်အတွင်း သို့မဟုတ် တည်နေရာတစ်ခုတွင် ချက်ချင်း ပြီးဆုံးနိုင်ခြင်း မရှိဘဲ မတူညီသော အချိန်များနှင့် မတူညီသော နေရာများတွင် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နှင့်အညီ တဖြည်းဖြည်း နက်ရှိုင်းလာသောကြောင့် ဖြစ်၏။ ဤသည်မှာ အဆင့်များဖြင့် အကောင်အထည်ဖော်ရသော အမှုဖြစ်၍ အဆင့်တစ်ဆင့်တည်းတွင် ပြီးဆုံးခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ အသိဉာဏ် အမြော်အမြင်တစ်ရပ်လုံးကို သီးခြားအဆင့် တစ်ဆင့်တည်းတွင် မဟုတ်ဘဲ အဆင့်သုံးဆင့်တွင် ပုံဖော်ထား၏။ သူ၏ဖြစ်တည်မှုတစ်ရပ်လုံးနှင့် အသိဉာဏ်အမြော်အမြင် တစ်ရပ်လုံးကို ဤအဆင့်သုံးဆင့်တွင် ချမှတ်ထား၍ အဆင့်တစ်ဆင့်စီတွင် သူ၏ဖြစ်တည်မှု ပါရှိကာ သူ့အမှု၏ အသိဉာဏ် အမြော်အမြင် မှတ်တမ်းဖြစ်၏။ လူသားသည် ဤအဆင့်သုံးဆင့်တွင် ဖော်ပြ ထားသော ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို သိသင့်သည်။ ဘုရားသခင်၏ ဤဖြစ်တည်မှု အားလုံးသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အရေးကြီးဆုံးဖြစ်၍ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့်အခါ ဤအသိဉာဏ် အမြော်အမြင်မရှိပါက ထိုသူတို့သည် ဗုဒ္ဓကို ကိုးကွယ်သူများနှင့် မခြား ဖြစ်သည်။ လူသားတို့အကြား ဘုရားသခင်၏အမှုကို လူသားထံမှ ကွယ်ဝှက်ထားသည် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်ကို ကိုးကွယ်သူအားလုံးမှ သိသင့်သည်။ ဘုရားသခင်သည် လူသားတို့အကြား ကယ်တင်ခြင်း အမှု အဆင့်သုံးဆင့်ကို အကောင်အထည် ဖော်ခဲ့ပြီးဖြစ်သဖြင့် လူသားသည် ဤအမှုအဆင့်သုံးဆင့် ကာလအတွင်း သူ့တွင်ရှိသည့်အရာနှင့် သူမည်သည်ဖြစ်ကြောင်းကို သိသင့်သည်။ ဤသည်မှာ လူသား လုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားမှ ရရှိနိုင်စွမ်းမရှိသော အရာဖြစ်၍ လူသားမသိသင့်သော အရာဖြစ်၏။ သို့ရာတွင် ဘုရားသခင်မှ လူသားအား ပြသည့်အရာမှာ လူသားသိသင့်သည့် အရာဖြစ်၍ လူသား ပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ ဤအမှုအဆင့် သုံးဆင့်၏ တစ်ဆင့်စီကို ယခင်အဆင့်၏ အခြေခံအုတ်မြစ်အပေါ်တွင် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ကယ်တင်ခြင်းအမှုမှ သီးခြား လွတ်လပ်စွာ အကောင်အထည်ဖော်ခြင်း မဟုတ်ပေ။ အကောင်အထည် ဖော်သည့်ခေတ်နှင့် အမှုအမျိုးအစား ကြီးမားစွာ ကွဲပြားသော်လည်း လူသားမျိုးနွယ်၏ ကယ်တင်ခြင်းသည် ၎င်း၏ ဗဟိုအချက်အခြာတွင် ရှိနေဆဲဖြစ်၍၊ ကယ်တင်ခြင်းအမှု၏ အဆင့်တိုင်းသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်း၏။ အမှု၏အဆင့်တစ်ဆင့်စီသည် ဖျက်သိမ်းခြင်းမရှိသည့် ပြီးခဲ့သည့်အဆင့်၏ အခြေခံ အုတ်မြစ်မှ ဆက်လက်လုပ်ဆောင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် အစဉ်သစ်လွင်လျက် မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော သူ၏အမှုတွင် ဘုရားသခင်သည် လူသားတို့ကို ယခင်က ဖော်ပြခဲ့ခြင်းမရှိသော သူ၏စိတ်နေသဘောထားကို စဉ်ဆက်မပြတ် ဖော်ထုတ်နေကာ လူသားအား သူ၏အမှုနှင့် သူ၏ဖြစ်တည်မှု အသစ်ကို အစဉ်ဖော်ထုတ် ပြသနေ၍ ရှေးရိုးစွဲ ဘာသာရေးကိုင်းရှိုင်းသူသည် ဤသည်ကို ခုခံရန် အစွမ်းကုန် ကြိုးစားကာ ထင်ထင်ပေါ်ပေါ် ဆန့်ကျင်သော်လည်း ဘုရားသခင်သည် သူရည်ရွယ်သည့် အမှုအသစ်ကို အစဉ် လုပ်ဆောင်၏။ သူ၏အမှုသည် အစဉ်ပြောင်းလဲနေလျက်၊ ဤသည်အတွက်ကြောင့် လူသား၏ ဆန့်ကျင်မှုနှင့် အစဉ်တွေ့ကြုံနေ၏။ သူ၏ စိတ်နေသဘောထားသည်လည်း အစဉ်ပြောင်းလဲနေကာ၊ သူ့အမှု၏ခေတ်နှင့် လက်ခံရရှိသူတို့သည်လည်း အစဉ်ပြောင်းလဲနေ၏။ ထို့အပြင် သူသည် ယခင်က ပြုလုပ်ခဲ့ဖူးခြင်း မရှိသောအမှုကို အစဉ်ဆောင်ရွက်လျက်ရှိကာ ၎င်းနှင့်ဆန့်ကျင်ရန်အတွက် ယခင်တစ်ခါ ကမျှ မလုပ်ခဲ့ဖူးသောအမှုနှင့် လူသား၏အမြင်တွင် ဆန့်ကျင်ပုံပေါက်သည့် အမှုကိုပင် အကောင်အထည် ဖော်၏။ လူသားသည် အမှုတစ်မျိုးကိုသာ သို့မဟုတ် ကျင့်နည်းတစ်မျိုးကိုသာ လက်ခံနိုင်၏။ လူသား အတွက် ၎င်းတို့နှင့် မကိုက်ညီသော သို့မဟုတ် ၎င်းတို့ထက်အဆင့်မြင့်သော အမှု သို့မဟုတ် ကျင့်နည်းများကို လက်ခံရန် ခက်ခဲသော်လည်း— သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုအသစ်ကို အစဉ် ဆောင်ရွက်နေသဖြင့် ဘုရားသခင်၏ အမှုအသစ်ကို ဆန့်ကျင်သည့် ဘာသာရေး ကျွမ်းကျင်သူများအုပ်စု တစ်စုပြီးတစ်စု ပေါ်ပေါက်၏။ ထိုသူတို့သည် ကျွမ်းကျင်သူများ ဖြစ်လာရခြင်းမှာ အတိအကျအားဖြင့် ဘုရားသခင်သည် အစဉ်အမြဲအသစ်ဖြစ်လျက် မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည်ကို လူသားသည် လုံးဝမသိရှိ သောကြောင့်နှင့် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို လုံးဝမသိသည့်အပြင် ဘုရားသခင်မှ လူသားကို ကယ်တင်သည့် နည်းများစွာကိုလည်း လုံးဝမသိသောကြောင့် ဖြစ်၏။ ထိုသို့ဖြစ်သောကြာင့် အမှုမှာ သန့်ရှင်းသော ဝိညာဉ်တော်မှလာသည့်အမှု သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်ထံမှ လာသည့်အမှု ဟူသည်ကို လူသားမှ လုံးဝဥဿုံ ပြောနိုင်စွမ်းမရှိပါ။ ၎င်းသည် ယခင်က နှုတ်ကပတ်တော်များနှင့် ကိုက်ညီပါက လက်ခံ၍ ယခင်ကအမှုနှင့် ကွဲပြားချက်များရှိပါက ဆန့်ကျင်၍ ငြင်းပယ်သော သဘောထားကို လူအများအပြား ဖက်တွယ်ကြ၏။ ယနေ့ သင်တို့အားလုံးသည် ဤကဲ့သို့သော အခြေခံသဘောတရားများကို လိုက်နာကြသည် မဟုတ်လော။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်သည် သင်တို့အပေါ်တွင် ကြီးမားသည့် သက်ရောက်မှု မရှိခဲ့ဘဲ ယခင်အမှုအဆင့်နှစ်ဆင့်သည် သိရန်မလိုသော ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်သည်ဟု ယူဆသူများရှိ၏။ လူတို့သည် အမှုအဆင့်သုံးဆင့်၏ ယခင်အဆင့်နှစ်ဆင့်ကြောင့် ဝန်ပိမသွားစေရန် ဤအဆင့်များကို လူအုပ်စုကြီးများအား မကြေညာသင့်ဘဲ တတ်နိုင်သရွေ့ အမြန်ဆုံး ပြန်လည်ရုပ်သိမ်း သင့်သည်ဟု ထိုသူများက ယူဆကြသည်။ အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို အသိပေးခြင်းသည် လွန်ကဲ လွန်း၍ ဘုရားသခင်ကို သိရေးတွင် လုံးဝအထောက်အကူမဖြစ်ဟု အများစုက ယုံကြည်ကြ၏— ဤသည်မှာ သင်တို့၏ ထင်မြင်ချက်သာဖြစ်၏။ ယနေ့ ဤသို့ပြုမူခြင်းသည် မှန်သည်ဟု သင်တို့အားလုံး ယုံကြည်ကြသော်လည်း၊ ငါ့အမှု၏ အရေးပါပုံကို သင်တို့သိလာကြမည့်နေ့ ရောက်လာလိမ့်မည်- ငါသည် အရေးမပါသော မည်သည့်အမှုကိုမျှ မလုပ်ကြောင်းကို သိထားပါ။ ငါသည် အမှုအဆင့်သုံးဆင့်ကို သင့်အား ကြေညာနေသည် ဖြစ်သဖြင့် ၎င်းတို့သည် သင့်အတွက် အကျိုးရှိရပေမည်။ ဤအမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ရပ်လုံး၏ ဗဟိုအချက်အခြာတွင် ရှိသဖြင့် ၎င်းတို့သည် စကြဝဠာတစ်ခုလုံးရှိ လူတိုင်း၏ အာရုံပြုရာ ဖြစ်လာရမည်။ တစ်နေ့တွင် သင်တို့အားလုံးသည် ဤအမှု၏ အရေးပါပုံကို သိလာလိမ့်မည်။ သင်တို့သည် ဘုရားသခင်၏အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အတွေးအခေါ်များကို အသုံးပြုခြင်းမှာ သင်တို့သည် ဘုရားသခင်၏ အခြေခံသဘောတရားများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို လုံလောက်စွာ အလေးအနက် သဘောမထား သောကြောင့်ဟူသည်ကို သိထားပါ။ ဘုရားသခင်အပေါ် သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပေါ် သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အတွေးအခေါ်များနှင့် နဂိုဗီဇအရ ဝင့်ဝါမှုကြောင့်ဟူသည်ကို သိထားပါ။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသဖြင့် ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို တွေ့ရှိပြီးနောက် အချို့သူများသည် လူသားမည်သည့်နေရာမှ လာသည်ကိုပင် သေချာစွာ ပြောဆိုနိုင်ခြင်း မရှိသော်လည်း ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု၏ အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင် ပြုကြလျက် ဝေဖန်ခြင်းများ၊ မိမိအလှည့်မရောက်မီ ပြောဆိုခြင်းများ ပြုကြ၏။ ၎င်းတို့၏ လူ့သဘောသဘာဝသည် နိမ့်ကျလွန်း၍ ထိုသူတို့တွင် အသိဉာဏ်အနည်းငယ်မျှပင် မရှိပေ။ ထိုကဲ့သို့သောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမှ ငြင်းပယ်၍ ငရဲ၏မီးများနှင့် လောင်ကျွမ်းခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏အမှုကို မသိသော်လည်း သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင် ကို မည်သို့ အမှုဆောင်ရမည်ကို ညွှန်ကြားရန်လည်း ကြိုးပမ်းကြ၏။ ထိုသို့သော ဆင်ခြင်တုံတရား မရှိသောလူတို့သည် ဘုရားသခင်ကို မည်သို့သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေ၍ တွေ့ကြုံခံစားသည့် လုပ်ငန်းစဉ်အတွင်း သူ့ကိုသိလာခြင်းဖြစ်၏။ စိတ်ကူးပေါက်သည့်အတိုင်း သူ့ကို ဝေဖန်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် လူတို့၏သိခြင်းသည် တိကျလေလေ၊ သူ့အပေါ်ဆန့်ကျင်မှု နည်းလေလေ ဖြစ်၏။ ၎င်းနှင့်ဆန့်ကျင်ဘက်မှာ ဘုရားသခင်အပေါ် လူတို့အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလား အလာ များလေလေဖြစ်၏။ သင့်အတွေးအခေါ်များ၊ သင်၏သဘာဝဟောင်းနှင့် သင်၏ လူ့သဘောသဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သဘောထားအမြင်တို့သည် သင်ဘုရားသခင်အပေါ် ခုခံရာတွင် အသုံးပြုသည့် “ငွေလုံးငွေရင်း” ဖြစ်၍ သင်သည် အကျင့်ပျက်၊ သိက္ခာကျ၍ အောက်တန်းကျလေလေ၊ ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်၏။ အလွန်ဆိုးရွားသော အတွေးအခေါ်များရှိ၍ မိမိကိုယ်ကိုယ် သူတစ်ပါးထက် သာ၍ဖြောင့်မတ်သည်ဟူသော စိတ်နေသဘောထား ရှိသူများသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရန်လိုမှု ပိုခံရလေဖြစ်၍၊ ထိုကဲ့သို့သော သူများသည် အန္တိခရစ်များဖြစ်ကြ၏။ သင်၏ အတွေးအခေါ်များကို ပြုပြင်ပြောင်းလဲခြင်း မရှိပါက ၎င်းတို့သည် ဘုရားသခင်ကို အစဉ်ဆန့်ကျင်နေလိမ့် မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်။ ထို့အပြင် သင်သည် သူ့ထံမှ အစဉ်အမြဲ ဝေးကွာလျက်ရှိလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။