အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည် (အပိုင်း နှစ်)
သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ လုပ်ဆောင်ရန်အလို့ငှာ သင်သည် ပထမဦးစွာ မှန်ကန်သည့် စိတ်နေစိတ်ထားရှိရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်သည့်အခါ သင်၏ ကိုယ်ပိုင်အခြေအနေကိုလည်း ပြုပြင်ရမည်။ သင်၏တာဝန်ကို မှန်ကန်စွာ သင်ကိုင်တွယ်သဘောထားနိုင်သည့်အခါ လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ဘောင်ခတ်ခြင်းများနှင့် လွှမ်းမိုးမှုများကို သင် ခါချပြီးသည့်အခါ၊ ဘုရားသခင်ထံ လုံးဝ သင် ကျိုးနွံနာခံနိုင်သည့်အခါ သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် လျှို့ဝှက်ချက်မှာ သင်၏ တာဝန်နှင့် ဝတ္တရားကို အမြဲ ဦးစားပေးရန် ဖြစ်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်လုပ်ငန်းစဉ်တွင် သင့်ကိုယ်သင် အမြဲ ဤသို့ ဆန်းစစ်ရမည်။ “ကျွန်ုပ်သည် မိမိ၏ တာဝန်လုပ်ဆောင်ခြင်းအပေါ် ဝတ်ကျေတမ်းကျေ သဘောထားတစ်ခု ရှိသလော။ မည်သည့်အရာက ကျွန်ုပ်ကို နှောင့်ယှက်ပြီး မိမိ၏ တာဝန်ကို လုပ်ဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်စေသနည်း။ ကျွန်ုပ်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှဖြင့် ကျွန်ုပ် လုပ်ဆောင်နေပါသလော။ ဤသို့ ပြုမူခြင်းသည် ဘုရားသခင်အား ကျွန်ုပ်ကို ယုံကြည်စေဖို့ အထောက်အကူပြုမည်လော။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ကျွန်ုပ် လုံးဝ ကျိုးနွံနာခံပြီးပြီလော။ ကျွန်ုပ်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် အညီဖြစ်ပါသလော။ ကျွန်ုပ်၏ တာဝန်များကို ဤသို့လုပ်ဆောင်ခြင်းသည် အကောင်းဆုံး ရလဒ်များကို စွမ်းဆာင်ရရှိမည်လော”ဟူ၍ ဖြစ်သည်။ ဤမေးခွန်းများနှင့် ပတ်သက်၍ မကြာခဏ သင် သုံးသပ်ဆင်ခြင်သင့်သည်။ ပြဿနာများကို သင် ရှာတွေ့ပါက သမ္မာတရားကို တက်ကြွစွာ ရှာဖွေပြီး ယင်းတို့ကို ဖြေရှင်းရန် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ရှာသင့်သည်။ ထိုသို့ဖြင့် သင်သည် မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိလိမ့်မည်။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါတွင် ပြဿနာများက မကြာခဏ ထွက်ပေါ်ပါက အများစုသည် သင်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်သည့် ပြဿနာများမှ လာပေသည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာများ ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်သည့်အခါ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် ပြဿနာများ ရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အခြေအနေသည် မူမမှန်ဖြစ်လိမ့်မည်၊ ယင်းသည် ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်နိုင်စွမ်းအား တိုက်ရိုက် လွှမ်းမိုးလိမ့်မည်။ အကြင်သူ၏ တာဝန်လုပ်နိုင်စွမ်းကို လွှမ်းမိုးသည့် ပြဿနာများသည် ကြီးမား၊ ဆိုးရွားသည့် ပြဿနာများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို တိုက်ရိုက် လွှမ်းမိုးနိုင်သည်။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့၏ မိသားစုများထံ ဘေးဒုက္ခများ ကျရောက်သည့်အခါ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများ ဖြစ်ပေါ်ကြသည်။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် ဆင်းရဲဒုက္ခခံစားရပြီး မည်သူမျှ မမြင်သည့်အခါ၊ သို့မဟုတ် မချီးမွမ်းကြသည့်အခါ အပျက်သဘောဆောင်လာကြသည်။ လူအချို့မှာ မိမိတို့၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းမရှိ၊ အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး ပြုပြင်ခြင်းခံရသည့်အခါ ဘုရားသခင်ကို စောဒကတက်ကြသည်။ လူအချို့သည် ထွက်ပေါက်တစ်ခုကို အမြဲတစေ စဉ်းစားကြသောကြောင့် မိမိတို့၏တာဝန်ကို လုပ်ဆောင်ရန် လိုလားနေကြခြင်း မရှိချေ။ ဤပြဿနာအားလုံးက ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တိုက်ရိုက် လွှမ်းမိုးသည်။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာများ ဖြစ်သည်။ ယင်းတို့အားလုံးမှာ ဘုရားသခင်ကို လူတို့ မသိရှိသည့်အချက်၊ ၎င်းတို့သည် မိမိတို့အတွက် အမြဲလျှို့ဝှက်ကြံစည်ပြီး အမြဲစဉ်းစားကြသည့်အချက်မှ အရင်းခံသည်။ ယင်းက ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းမရှိရန် သို့မဟုတ် ဘုရားသခင်၏ အစီအစဉ်များအား ကျိုးနွံနာခံခြင်းမရှိရန် ၎င်းတို့ကို တားမြစ်သည်။ ဤအရာက အပျက်သဘောဆောင်သော ခံစားချက်မျိုးစုံကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားကြသည့်လူများ ဖြစ်ပျက်ကြသည့်ပုံစံသာ ဖြစ်သည်။ သေးငယ်သည့် ပြဿနာများ ၎င်းတို့အပေါ် ရောက်လာသည့်အခါ ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာကြသည်၊ မိမိတို့တာဝန် ထမ်းဆောင်ခြင်းအပေါ် စိတ်ပျက်မှုကိုဖွင့်ပြကြသည်။ ဘုရားသခင်ကို ပုန်ကန်သကဲ့သို့ အတိုက်အခံလုပ်ကြပြီး မိမိတို့ တာဝန်များအပေါ် လက်လျှော့ကာ ဘုရားသခင်ကို သစ္စာဖောက်ချင်ကြလေသည်။ ဤအရာအားလုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အချယ်များက ဖြစ်စေသည့် အမျိုးမျိုးသောအကျိုးဆက်များ ဖြစ်သည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် မိမိတို့၏ကိုယ်ပိုင်ဘဝ၊ အနာဂတ်နှင့် ကံကြမ္မာတို့ကို ဘေးဖယ်ထားနိုင်ပြီး သမ္မာတရားကိုသာ လိုက်စားကာ ရရှိလိုကြသည်။ အချိန်မလောက်ဟု ၎င်းတို့ တွေးထင်ကြသည်၊ မိမိတို့၏တာဝန် ကောင်းစွာ မထမ်းဆောင်နိုင်မည်ကိုလည်းကောင်း၊ စုံလင်အောင်ပြုခြင်း မခံရနိုင်မည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ ထို့ကြောင့် အရာရာကို ဘေးဖယ်ထားနိုင်ကြလေသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ ဘုရားသခင်ထံ လှည့်ကာ ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် အခက်အခဲကိုမျှ မဖြုံသကဲ့သို့ အပျက်သဘောဆောင်ပါက၊ သို့မဟုတ် အားနည်းပါက ဘုရားနှုတ်ကပတ်တော်များမှ စာပိုဒ်အနည်းငယ်ကို ဖတ်ခြင်းအားဖြင် အလိုအလျောက်ဖြေရှင်းကြသည်။ သမ္မာတရားကို မလိုက်စားသော လူတို့သည် ပြဿနာဝိုင်းနေကြပြီး သမ္မာတရားနှင့် ပတ်သက်၍ သူတို့နှင့် သင်မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ မိမိတို့၏ ပြဿနာများကို အပြည့်အဝ မဖြေရှင်းနိုင်ကြချေ။ ခဏတဖြုတ် စိတ်ပြောင်းသွားကြပြီး သမ္မာတရားကို လက်ခံနိုင်ကြလျှင်ပင် မည်သို့ပင်ဖြစ်လင့်ကစား နောက်ပိုင်းတွင် စိတ်ပြန်ပြောင်းကြဦးမည် ဖြစ်သည်။ ထို့ကြောင့် ဤလူစားမျိုးကို ကိုင်တွယ်ရန် အလွန်ခက်၏။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့်ဆိုင်သည့် မည်သည့်အရာကိုမျှ နားမလည်ခြင်းမဟုတ်၊ မိမိတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို တန်ဖိုးမထားကြခြင်း၊ သို့မဟုတ် လက်မခံကြခြင်း ဖြစ်သည်။ အဆုံးတွင် ဤအရာက ၎င်းတို့အား မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒ၊ တစ်ကိုယ်ကောင်းဆန်မှု၊ အနာဂတ်၊ ကံကြမ္မာနှင့် ခရီးပန်းတိုင်တို့ကို ဘေးမဖယ်နိုင်အောင် ဖြစ်စေသည်။ ထို့နောက် ယင်းက ၎င်းတို့ကို နှောင့်ယှက်ရန် အမြဲ ထွက်ပေါ်လေသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပါက သမ္မာတရားကို ၎င်းတို့ နားလည်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထိုအရာများအားလုံး အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ ရှိကြလိမ့်မည်။ ၎င်းတို့သည် မသိနားမလည်သည့် ကလေးတစ်ဦး ဖြစ်တော့မည် မဟုတ်။ လူတစ်ဦးသည် ဝိညာဉ်ရင့်ကျက်မှုရှိသည့်အခါ ၎င်းတို့သည် အမှုအရာများကို တိုး၍ သိနားလည်နိုင်လိမ့်မည်ဖြစ်ပြီး လူမျိုးစုံတို့ကြား ပိုပို၍ ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ကာ လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာတစ်ခုတလေဖြင့်မျှ ဘောင်ခတ်ခံရလိမ့်မည်မဟုတ်ချေ။ ၎င်းတို့သည် မည်သူ ပြောသည့်အရာ၊ သို့မဟုတ် လုပ်ဆောင်သည့် အရာ တစ်ခုတလေအားဖြင့်မျှ လွှမ်းမိုးခံရလိမ့်မည် မဟုတ်။ စာတန်၏ ဆိုးယုတ်သည့် အင်အားစုများထံမှ ဝင်ရောက်စွက်ဖက်ခြင်းကိုဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အထင်အမြင်မှားအောင်လုပ်ခံရခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခံခြင်းကိုဖြစ်စေ ခံရလိမ့်မည်မဟုတ်ချေ။ ဤသို့ဖြစ်ပျက်ပါက လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုသည် တဖြည်းဖြည်း ကြီးထွားလိမ့်မည် မဟုတ်လော။ လူတစ်ဦးသည် သမ္မာတရားကို နားလည်လေ၊ ၎င်းတို့၏ အသက်တာ တိုးတက်မှု မြန်ဆန်လေ ဖြစ်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို အောင်မြင်စွာလုပ်ဆောင်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ သင်သည် အသက်ဝင်ရောက်မှုရှိပြီး သင်၏ အသက်တာက တဖြည်းဖြည်း ကြီးထွားသည့်အခါတွင် သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင့်ကို တစ်ချိန်က နှောင့်ယှက်ကာ ဘောင်ခတ်နိုင်ခဲ့သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများသည် သင့်အတွက် ပြဿနာတစ်ခု ဖြစ်တော့မည် မဟုတ်ချေ။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် နောက်ထပ် အခက်အခဲများ ရှိလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်။ ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်ကို သင် သိသည့်အခါ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ရှာဖွေရမည်ကို သင် သိသည့်အခါ၊ သင်သည် ကိုယ့်နေရာကိုယ် သိသည့်အခါ လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာ၊ ပြီးလျှင် မည်သည့် ကိစ္စရပ်များက တာဝန်ယူရန် လိုအပ်သည်၊ မလိုအပ်သည်ကို သင် သိသောအခါ သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည် မဟုတ်လော။ ဤသို့ အသက်ရှင်လျှင် သင်ပင်ပန်းမည် မဟုတ်ချေ၊ ဟုတ်သည်မဟုတ်လော။ သင်သည် ပင်ပန်းလိမ့်မည် မဟုတ်သည်သာမက သင်သည် အထူးသဖြင့် သက်သောင့်သက်သာဖြစ်ပြီး ပျော်ရွှင်လိမ့်မည်။ အကျိုးဆက်အနေဖြင့် သင်၏ စိတ်နှလုံးသည် ဉာဏ်အလင်းနှင့် ပြည့်လိမ့်မည် မဟုတ်လော။ သင်၏ စိတ်နေစိတ်ထားသည် ပုံမှန်ဖြစ်လိမ့်မည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းများသည် လျော့နည်းလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တော်တွင် သင် အသက်ရှင်နိုင်လိမ့်မည်၊ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ လူတို့က သင်၏ စိတ်ပိုင်းဆိုင်ရာ သဘောထားကို မြင်သည့်အခါ သင့်အထဲတွင် ကြီးမားသည့် ပြောင်းလဲမှု ရှိပြီးဖြစ်ကြောင်း ၎င်းတို့ စဉ်းစားမိကြလိမ့်မည်။ သင်နှင့် အတူ ၎င်းတို့သည် မိတ်သဟာယပြုရန် လိုလားနေကြလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်ပြီး အကျိုးကျေးဇူးလည်း ခံစားရလိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားသည်နှင့်အမျှ သင်၏ စကားနှင့် လုပ်ရပ်များသည် ပို၍ သင့်လျော်ကာ စည်းကမ်းရှိလာလိမ့်မည်။ အားနည်းပြီး အပျက်သဘောဆောင်သောလူများကို သင် မြင်သည့်အခါ ၎င်းတို့ကို ဘောင်ခတ်ခြင်းဖြစ်စေ၊ ဩဝါဒပေးခြင်းဖြစ်စေ ရှိရမည့်အစား ၎င်းတို့ကို ကူညီကာ အကျိုးပြုရန် သင်၏ ကိုယ်ပိုင် စစ်မှန်သည့် အတွေ့အကြုံများကို အသုံးပြုလျက် ကုံလုံထိရောက်သော အကူအညီကို သင် ပေးနိုင်လိမ့်မည်။ ဤသို့ဖြင့် သင်သည် ဘုရားအိမ်တော်တွင် အားထုတ်ကြိုးပမ်းရုံ ဖြစ်လိမ့်မည်မဟုတ်၊ အသုံးဝင်သော လူတစ်ဦးဖြစ်လိမ့်မည်၊ သင့်ဘာသာ တာဝန်ယူနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားအိမ်တော်တွင် သာ၍ အဓိပ္ပာယ်ရှိသောအရာများကို လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှစ်သက်သော လူစားမျိုး ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင် နှစ်သက်သော လူတစ်ဦးဖြစ်ပါက လူတိုင်းကလည်း သင့်ကို နှစ်သက်ကြမည် မဟုတ်လော။ (နှစ်သက်ကြပါလိမ့်မည်။) ဘုရားသခင်သည် အဘယ်ကြောင့် ဤလူစားမျိုးကို ကျေနပ်အားရပါသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လက်တွေ့ကျသည့် အရာများကို သူ့ရှေ့မှောက်တွင် လုပ်နိုင်ကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် မြှောက်ပင့်တတ်လေ့မရှိ၊ လက်တွေ့ကျသည့် ကိစ္စရပ်များကို ကိုင်တွယ်လုပ်ကိုင်ပြီး မိမိတို့၏ စစ်မှန်သည့် အတွေ့အကြုံများအကြောင်း ပြောဆိုခြင်းအားဖြင့် အခြားသူများကို ကူညီကာ ဦးဆောင်နိုင်ကြသည်။ အခြားသူများအတွက် မည်သည့်ပြဿနာကိုမဆို ကူညီဖြေရှင်းပေးနိုင်ကြပြီး အသင်းတော် အလုပ်တွင် အခက်အခဲများရှိသည့်အခါ ပြဿနာများကို တက်ကြွစွာ ဖြေရှင်းလျက် ရှေ့ဆက်လမ်းကို ဦးဆောင်နိုင်ကြသည်။ ဤသည်မှာ မိမိတို့တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်ခြင်းဟူ၍ ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကို မောင်နှမများ၏ ပြဿနာများကို ကူဖြေရှင်းပေးနိုင်ကြသည်။ ယင်းက ၎င်းတို့တွင် အသက်ဝင်ရောက်မှုရှိကြောင်း သက်သေပြပေသည်။ လက်တွေ့ကျသည့် အမှုအရာများစွာကို ၎င်းတို့ လုပ်နိုင်သည့် အချက်က သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြကြောင်းနှင့် ဘုရားသခင်၏ မျက်မှောက်တွင် ၎င်းတို့ အသက်ရှင်ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှု ရှိကြသောကြောင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် အခြားသူများကိုလည်း ဦးဆောင်နိုင်ကြသည်။ သင်သည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ပါက၊ သို့မဟုတ် စစ်မှန်သော အတွေ့အကြုံမရှိပါက ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ အခြားသူများကို သင် ဦးဆောင်နိုင်သလော။ ဘုရားသခင်၏ မျက်မှောက်တော်တွင် သင် ကိုယ်တိုင် အသက်မရှင်ပါက အခြားသူများကို သူ၏ မျက်မှောက်တော်ထဲသို့ သင် မဦးဆောင်နိုင်။ သင်သည် သမ္မာတရား စည်းမျဉ်းများကို လုံးဝ မရှာဖွေဘဲ မိမိ၏တာဝန်ကို လုပ်ဆောင်ရာတွင် အားထုတ်ခြင်းသာရှိပြီး ဘုရားသခင်ကို စိတ်ဖြည့်ဆည်းပေးရန် ဆန္ဒမရှိပါက သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေခြင်း မရှိပေ။ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်သော သူတို့သည် သူ၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်ကြသလော။ ဘုရားသခင်၏ စစ်ဆေးမှုများကို ၎င်းတို့ ခံနိုင်ကြသလော။ စမ်းသပ်မှုများအလယ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြသလော။ (မရပ်တည်နိုင်ကြပါ။) ဤလူစားမျိုးသည် ဘုရားသခင်ကို သက်သေခံနိုင်သလော။ သူနှင့်ပတ်သက်၍ သက်သေခံနိုင်သလော။ (သက်သေမခံနိုင်ပါ။) မည်သည့်လူစားမျိုးသည် ဘုရားသခင်ကို သက်သေမခံနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောတစ်စုံတစ်ဦး ဖြစ်သလော။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ ပြင်ပတွင် ရှိနေကြဆဲ ဖြစ်သည်။ မည်သည့် အသက်ဝင်ရောက်မှုမျှမရှိဘဲ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးသူ၊ ဘုရားသခင်ကို သက်သေခံဖို့မဆိုထားနှင့်၊ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း မပြောနိုင်သူ၊ မည်သူ့ကိုမျှ ဧဝံဂေလိကို အောင်မြင်စွာ မဖြန့်ဝေနိုင်သူတစ်ဦးသည် ဘုရားသခင်ကို သက်သေခံသူတစ်ဦးဟု အခေါ်မခံထိုက်ပေ။ ထို့ကြောင့် မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုရှိပြီး အသက်ဝင်ရောက်မှု မရှိသူတစ်ဦးသည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ သက်သေမခံနိုင်ပေ။ မပြောထားသည့် သွယ်ဝိုက်သော ဆိုလိုရင်းမှာ ဤလူစားမျိုးသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်ပေ။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်ပါက၊ အသက်ဝင်ရောက်မှုမရှိသကဲ့သို့ ဘုရားသခင်၏ သက်သေခံ မဟုတ်ပါက သူသည် သင့်ကို သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်လော။ အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင်၏ တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေး ပေးပြီးဖြစ်ကာ သင်သည် ထိုတာဝန်ကို လုပ်ဆောင်ရန် လိုလားနေသော်လည်း အချိန်ကြာမြင့်စွာ သူ့ကို ယုံကြည်ပြီးနောက်တွင်ပင် သင်သည် သူ့ကို သက်သေမခံနိုင်ကြောင်းကို သင်၏ အပြုအမူမှတစ်ဆင့် သူ မြင်ပြီးဖြစ်သည်။ သင်သည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာမရှိရုံမက သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်းလည်း အသက်ရှင်သည်။ သင်သည် သမ္မာတရား စစ်မှန်မှု မရှိသကဲ့သို့ ဘုရားသခင်၏ မျက်မှောက်တွင် အသက်မရှင်ပေ။ ဘုရားသခင်က သင့်ကို စမ်းသပ်မှုတစ်ခု ပေးပါက သင်သည် သည်းမခံနိုင်ပေ။ သူသည် သင့်ကို ပြုပြင်ပါက သင် မခံနိုင်ပေ။ သင့်ကို သူ တရားစီရင်ကာ ပြစ်တင်ဆုံးမပါက မိမိတာဝန်များအပေါ် သင် လက်လျှော့လိုက်ပြီး စိတ်တိုသည်။ သူက “ဤလူသည် မည်သူမျှ မထိဝံ့သည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်သည်။ ငါ၏ အလုပ်ကိုလုပ်ရန် ငါ သွားသည့်နေရာတိုင်း၊ ငါ စကားပြောသည့်နေရာတိုင်းတွင် ဤလူသည် နောက်လိုက်ရန် မထိုက်တန်၊ ငါနှင့် အတူရှိရန် မထိုက်တန်”ဟု တွေးလိမ့်မည်။ အဘယ်ကြောင့် ဤသို့ သူပြောမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဤလူစားမျိုးသည် သမ္မာတရားကို နားမလည်သောကြောင့်၊ သဘောပေါက်နားလည်မှုစစ်စစ် မရှိသောကြောင့်၊ စစ်မှန်သည့် အတွေ့အကြုံများမရှိသလို ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ပါက သူနှင့် သဟဇာတဖြစ်နိုင်သလော။ သူ၏ ရည်ရွယ်ချက်များကို နားမလည်ပါက ယင်းကို သဘောပေါက်နားလည်နိုင်သလော။ သမ္မာတရားကို လက်ခံနိုင်သလော။ ပြောရန် ခက်၏။ ပြီးလျှင် ဤအရာများသည် မသိရသည့် အရေအတွက်များသာ ဖြစ်သည်။ ထို့ကြောင့် ဤလူစားမျိုးသည် ဘုရားသခင်နှင့်အတူ ရှိပါက ဘုရားသခင်နှင့် ပတ်သက်၍ အရာရာ၌ သံသယရှိလိမ့်မည်ဖြစ်ပြီး သူ့ကို သဘောပေါက်မည်မဟုတ်၊ ထိုအခါ ယင်းက အချိန်တိုင်းတွင် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုမျိုးစုံ၊ မကျေနပ်မှုမျိုးစုံနှင့် ဝေဖန်သုံးသပ်မှုမျိုးစုံတို့ကို ဖြစ်စေမည် ဖြစ်သည်။ အဆုံးတွင် ဤအရာက သစ္စာဖောက်ခြင်းကို ဖြစ်စေမည်။ ဘုရားသခင်သည် သူ့ကို သစ္စာဖောက်သည့် တစ်စုံတစ်ဦးကို လိုချင်နိုင်မည်လော။ ၎င်းတို့ကို ဘုရားသခင်က သူ၏ နောက်လိုက်များ ဖြစ်ခွင့်ပေးနိုင်မည်လော။ ပေးနိုင်မည်မဟုတ်။ သင့်ကို သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် ဘုရားသခင် လက်ခံသည်ကို သင်လိုချင်ပါက ပထမဦးစွာ အသက်ဝင်ရောက်မှုကို သင် အာရုံစိုက်ရမည်။ မိမိကိုယ်ကို သိနားလည်ခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်ခြင်း၊ သင်၏ တာဝန်ကို ထိန်းသိမ်းနိုင်စွမ်း ရရှိခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအားဖြင့် အစပြုရမည်။ ယင်းမှာ ပထမအချက် ဖြစ်သည်။ အသက်ဝင်ရောက်မှုကို အာရုံစိုက်ခြင်းသည် သင်၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက်ဖြစ်သည်။ ယင်းမှာ ဤအရာနှင့်ပတ်သက်သည့် အခြေခံအကြောင်းအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းမှ အသက်ဝင်ရောက်မှုကို စတင်လိုက်စားသင့်ပြီး အသက်ဝင်ရောက်မှုမှ သင်၏အသက်တာ တဖြည်းဖြည်း ကြီးထွားပြီး သမ္မာတရားနှင့် ပတ်သက်၍ စစ်မှန်သည့် အတွေ့အကြုံရှိသည့်၊ ဝိညာဉ်ရင့်ကျက်မှု ရှိသည့်အဆင့်တစ်ခုထိ သင် ရောက်သည်အထိ သမ္မာတရားကို နည်းနည်းချင်း နားလည်ကာ ရရှိသင့်သည်။ ထို့နောက် သင်သည် မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာဖြင့်မျှ ဘောင်ခတ်ခံရခြင်း၊ သို့မဟုတ် နှောင့်ယှက်ခံရခြင်း မရှိဘဲ မိမိတာဝန်ကို လုပ်ဆောင်နိုင်ရန်အလို့ငှာ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမျိုးစုံကို သင် ကျွမ်းကျင်ပိုင်နိုင်သင့်သည်။ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ မျက်မှောက်တွင် တဖြည်းဖြည်း အသက်ရှင်လိမ့်မည်။ သင်သည် မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာမျှဖြင့် နှောင့်ယှက်ခံရလိမ့်မည် မဟုတ်ဘဲ သမ္မာတရားနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိလိမ့်မည်။ သင်၏ အတွေ့အကြုံ သာ၍ အလျှံပယ် ဖြစ်လာသည်နှင့်အမျှ သင်သည် ဘုရားသခင်ကို သာ၍ သက်သေခံနိုင်လေဖြစ်မည်ဖြစ်ပြီး ဘုရားသခင်ကို သင် သာ၍ သက်သေခံနိုင်သည်နှင့်အမျှ သင်သည် တဖြည်းဖြည်း အသုံးဝင်သော လူတစ်ဦး ဖြစ်လာလိမ့်မည်။ သင်သည် အသုံးဝင်သော လူတစ်ဦး ဖြစ်လာသည့်အခါ ဘုရားအိမ်တော်၌ လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ မိမိ၏တာဝန်ကို လုပ်ဆောင်နိုင်လိမ့်မည်၊ အဖန်ဆင်းခံတစ်ဦးနေရာတွင် ရပ်တည်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားချက်များကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်။ ဤလူစားမျိုးသည်သာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းခံရသည့် လက်ခံနိုင်ဖွယ် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ထို့နောက်တွင် သင့်ကို ဘုရားပေးထားသမျှအားလုံးနှင့် သင် ထိုက်တန်လိမ့်မည်။
သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အဓိကအချက်မှာ အဘယ်နည်း။ သင်သည် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ စည်းမျဉ်းနှင့်ညီသော နည်းလမ်းဖြင့် ကိစ္စရပ်များအား မည်သို့ ကိုင်တွယ်ရမည်ကိုလည်းကောင်း သင်ယူရမည်။ ကျမ်းသစ္စာ အမြဲ ကျိန်ဆိုပြီး မိမိ၏အလိုဆန္ဒကို ဖော်ပြခြင်းသည် အဘယ်အသုံးဝင်သနည်း။ သင်သည် အမြဲ ကျမ်းသစ္စာ ကျိန်ဆိုပြီး သင်၏ အလိုဆန္ဒကို ဖော်ပြသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဆဲဖြစ်ပါက ယင်းသည် လုံးဝ အသုံးမဝင်ပေ။ အရေးအပါဆုံး၊ အစစ်မှန်ဆုံးသော အရာမှာ သင်၏ တာဝန်ကို လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်တွင် သင်၏ တာဝန်ကို လုပ်ဆောင်သည့်အချိန်၌ သင့်ထံ ပေါ်လာသည့် ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန်နှင့် သင်၏ တာဝန်အပေါ် သင်၏ မှားယွင်းသည့် သဘောထားများကို ပြောင်းလဲပစ်ရန် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိဖို့ ဖြစ်သည်။ အသက်ဝင်ရောက်မှုရှိသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသက်ဝင်ရောက်မှုရှိခြင်းသည် သမ္မာတရားနှင့် ပတ်သက်၍ အတွေ့အကြုံနှင့် အသိပညာတို့ ရှိခြင်းနှင့် ထိုသမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သင်တို့အားလုံး အသက်ဝင်ရောက်မှု ရှိကြသလော။ ဘုရားသခင်ကို သင်တို့ သက်သေခံနိုင်ကြသလော။ အချိန်အများစုတွင် အယူဝါဒအပေါ် ဖက်တွယ်ထားကြသေးသည် မဟုတ်လော။ သမ္မာတရားနှင့် ပတ်သက်၍ အသိပညာ၊ သို့မဟုတ် အတွေ့အကြုံ တကယ်မရှိဘဲ အယူဝါဒတွင် သင်တို့ ရပ်တန့်နေကြသည် မဟုတ်လော။ သင်သည် သမ္မာတရားနှင့် သက်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံနှင့် အသိပညာတို့ မရရှိနိုင်ပါက ဘုရားသခင်ကို သက်သေမခံနိုင်ပေ။ အချိန်အများစုတွင် သင်၏ အသိပညာသည် အာရုံအသိသာဖြစ်သည်။ ဘုရားသခင်က တစ်ခုသောအရာကို ပြောချိန်တွင် ယင်းက သင့်အဖို့ သမ္မာတရားဖြစ်သည့်အလားဖြစ်ကာ သူက အခြားအရာတစ်ခု ပြောသည့်အခါ ယင်းသည်လည်း သမ္မာတရား ဖြစ်သည့်အလား ဤအရာရော၊ အခြားအရာပါ နှစ်ခုလုံး မှန်သည်ဟု ခံစားလျက် သင်သည် မတင်မကျဖြစ်နေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံး သမ္မာတရားဖြစ်သည့်အလား သင် ခံစားရပြီး ယင်းတို့ကို အာမင်ထူးကာ ချီးမွမ်းသော်လည်း မိမိကိုယ်ကို ထိုနှုတ်ကပတ်တော်များနှင့်ယှဉ်၍ ချိန်ဆအကဲဖြတ်နိုင်ခြင်း မရှိချေ။ အမှုအရာများကို လုပ်ဆောင်သည့်အခါ သင်သည် ရှုပ်ထွေးဆဲဖြစ်ပြီး သင်၏ ပြဿနာများကို ဖြေရှင်းရန် မည်သည့် သမ္မာတရားများ အသုံးပြုရမည်ကို မသိချေ။ သင်တို့အများစုသည် ဤအခြေအနေတွင် ရှိကြသည် မဟုတ်လော။ သင်တို့သည် အယူဝါဒအကြောင်း များစွာ နားလည်ပြီး များစွာ ပြောနိုင်သော်လည်း သင်တို့၏ လက်တွေ့ဘဝများတွင် ယင်းကို အသုံးမပြုနိုင်ချေ။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်တို့ မသိကြသေးသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို သင်တို့၏ လက်တွေ့ဘဝများတွင် မည်သို့ ကျင့်သုံးရမည်ကို မသိကြချေ။ ပြီးလျှင် သင်တို့ကို မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ သင်တို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိချေ။ ဤသည်မှာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များအား သင်တို့၏ လက်တွေ့ဘဝများတွင် မည်သို့ တွေ့ကြုံကာ လက်တွေ့လုပ်ဆောင်ပြီး ကျင့်သုံးရမည်ကို သိသည့်အခါ၊ တစ်စုံတစ်ရာ သင်တို့ထံ ကျရောက်ပြီးသည့်နောက်တွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ဆိုသည်ကို သင်တို့ သိသည့်အခါ သင်တို့၏ အသက်တာများ ကြီးထွားလာလိမ့်မည်။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိခြင်းသည် သင်၏ အသက်တာ ကြီးထွားနေသည့် လက္ခဏာဖြစ်သည်။ တစ်နေ့နေ့တွင် ပြဿနာများကို သမ္မာတရားဖြင့် သင် ဖြေရှင်းနိုင်သည့်အခါ၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိအချို့ သင်ရှိသည့်အခါ ဘုရားသခင်နှင့်ဆိုင်သည့် သင်၏ စစ်မှန်သော သိမြင်မှုကို မျှဝေခြင်းမှတစ်ဆင့် သူ၏ အမှုတော်၊ သူ၏ သန့်ရှင်းကာ ဖြောင့်မတ်သည့် စိတ်သဘောထား၊ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို သင် သက်သေခံနိုင်သည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် အရည်အချင်း ပြည့်မီလိမ့်မည်။ သင်သည် အယူဝါဒအကြောင်း များစွာနားလည်ပြီး တစ်နေ့လုံး ပြောနိုင်သော်လည်း သင်၏ ကိုယ်ပိုင် ပြဿနာများနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမျှ သင် မဖြေရှင်းနိုင်ပါက၊ သို့မဟုတ် ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိပါက ယင်းက သင်နားလည်သည့် အရာများသည် သမ္မာတရား မဟုတ်ကြောင်း၊ ယင်းတို့သည် စကားများနှင့် အယူဝါဒများသာဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် အချို့သော အယူဝါဒကို အလွန်လက်တွေ့ကျစွာ ပြောဆိုနိုင်လျှင်ပင် အမှန်တွင် ဤသည်မှာ အာရုံအသိဖြစ်သော အသိပညာသာ ဖြစ်သည်။ ယင်းသည် ဆင်ခြင်တုံတရားကို မရရှိသေးချေ။ လူတို့သည် သင်ကဲ့သို့ တူညီသည့် ခံစားချက်များ ရှိလျက် သင့်ကို နားထောင်ပြီးနောက် တည်ဆောက်ခြင်းခံရကာ ၎င်းတို့နှင့်ပတ်သက်၍ သင်၏ အသိပညာသည် အချို့သော ရလဒ်များကိုပင် စွမ်းဆောင်ရရှိနိုင်သော်လည်း သင်သည် ထိုအရာနှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာ မပြောနိုင်သေးသကဲ့သို့ ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ချေ။ ဤအရာက သင်ပြောဆိုပြီးဖြစ်သည့် အယူဝါဒများသည် အာရုံအသိဖြစ်သော အသိပညာမျှသာ ဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးရန် မဆိုထားနှင့် ယင်းတို့သည် သမ္မာတရား စစ်မှန်မှုဖြစ်သည်ဟု သင် ပြော၍ မရပေ။ ယခုတွင် စကားများနှင့် အယူဝါဒများအကြောင်း ပြောဆိုခြင်း ပြဿနာကို သင်မည်သို့ဖြေရှင်းရမည်နည်း။ ယင်းမှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်သည့်အခါတွင် သင့်အထဲတွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးမှု အမျိုးမျိုးနှင့် ပတ်သက်၍ သုံးသပ်ရန်၊ သင် ကြုံရသည့် ပြဿနာတိုင်း၏ ဇာစ်မြစ်များအပေါ် သုံးသပ်ပြီးနောက် သမ္မာတရားကို ရှာဖွေရန်နှင့် သင် ထုတ်ဖော်ပြပြီးဖြစ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးလုံးလျားလျား ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုဖို့ လိုအပ်ပေသည်။ သင့်ထံမှ ထုတ်ဖော်သည့်အရာများသည် မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း ဖြစ်သည်ဖြစ်စေ၊ မလိမ့်တပတ်လုပ်ခြင်းနှင့် လှည့်ဖြားခြင်းတို့ ဖြစ်သည်ဖြစ်စေ၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်း ဖြစ်သည်ဖြစ်စေ၊ ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ဘုရားသခင်ကို လိမ်ညာခြင်းဖြစ်သည်ဖြစ်စေ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ သင် မြင်သည်အထိ သုံးသပ်ရမည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို သင် လုပ်ဆောင်သည့်အခါတွင် မည်သည့် ပြဿနာများ တည်ရှိသည်ကိုလည်းကောင်း ကယ်တင်ခြင်းကို ရရှိခြင်းမှ သင် မည်မျှအလှမ်းဝေးသည်ကိုလည်းကောင်း သင်သိလိမ့်မည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ရှင်းလင်းစွာ မြင်နိုင်သည့်အခါမှသာ သင်၏ တာဝန်တွင် အခက်အခဲများနှင့် အတားအဆီးများ မည်သည့်နေရာတွင် တည်ရှိသည်ကို သင် သိနိုင်လိမ့်မည်။ ထိုအခါမှသာ ပြဿနာများကို ယင်းတို့၏ အရင်းအမြစ်အထိ သင် ဖြေရှင်းနိုင်လိမ့်မည်။ ဥပမာအားဖြင့် သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် သင် တာဝန်ယူရမည့်အစား သင်၏ အလုပ်တွင် ဆုံးရှုံးမှုများ ဖြစ်စေလျက် အမြဲ ဝတ်ကျေတမ်းကျေပြုမူသော်လည်း သင်၏ သိက္ခာကိုမူ သင် ဂရုစိုက်သောကြောင့် သင်သည် သင်၏ အခြေအနေနှင့် အခက်အခဲများအကြောင်းကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုရန် သို့မဟုတ် မိမိကိုယ်ကို စိတ်ဖြာလေ့လာခြင်းနှင့် မိမိကိုယ်ကို သိခြင်းအား လက်တွေ့လုပ်ဆောင်ရန် လိုလားရမည့်အစား အမှုအရာများကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းရန် ဆင်ခြေများအမြဲ ရှာနေသည်ဆိုပါစို့။ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ ဘုရားသခင်ထံ ဆုတောင်းပြီး “အို ဘုရားသခင်၊ ကျွန်ုပ် ထိုသို့စကားပြောဆိုပါက ကျွန်ုပ်သည် ကိုယ့်သိက္ခာကိုယ် ကာကွယ်ဖို့သာ ဖြစ်ပါသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက စကားပြောနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ် ထိုသို့ စကားမပြောသင့်ပါ။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟရမည်၊ ကိုယ့်ကိုယ်ကိုယ် ဖွင့်ချရမည်ဖြစ်ပြီး ကျွန်ုပ် စိတ်နှလုံး၏ မှန်ကန်သော အတွေးများကို ထုတ်ပြောရပါမည်။ ကျွန်ုပ်သည် ကိုယ့်ဝင့်ဝါမှုကိုယ် ဖြည့်ဆည်းခြင်းထက် အရှက်တရားနှင့် သိက္ခာဆုံးရှုံးခြင်းတို့ကို ခံလိုက်ချင်ပါသည်။ ဘုရားသခင်ကိုသာ ကျွန်ုပ် စိတ်ကျေနပ်စေချင်ပါသည်”ဟု ပြောဆိုလျက် မိမိကိုယ်ကို သုံးသပ်ရမည်။ ဤသို့ဖြင့် သင့်ကိုယ်သင် ပုန်ကန်ကာ သင့်စိတ်နှလုံး၏ စစ်မှန်သော အတွေးများကို ထုတ်ပြောသည့်အခါ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နေသည့်အပြင် သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူနေခြင်း သို့မဟုတ် သင်၏ သိက္ခာကို ကာကွယ်နေခြင်း မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ မိမိတာဝန်ကို စိတ်ထက်သန်စွာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းနိုင်ပြီး သင်၏ တာဝန်များကို လုံးဝ ဖြည့်ဆည်းနိုင်ပေသည်။ ထိုသို့ဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နေသည်သာမက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း ထိန်းသိမ်းနေခြင်းဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံးသည် ကျေနပ်အားရလေသည်။ ဤသည်မှာ တရားမျှတပြီး ဂုဏ်ယူဖွယ် အသက်ရှင်နည်းဖြစ်သည်၊ ဘုရားသခင်ရှေ့ရော၊ လူတို့ရှေ့ပါ ယူဆောင်ထိုက်ပေသည်။ ဤသည်မှာ အလွန်ကောင်းပေ၏။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းသည် အနည်းငယ် ခက်ခဲသော်လည်း သင်၏ အားထုတ်မှုများနှင့် လက်တွေ့လုပ်ဆောင်မှုသည် ဤဦးတည်ရာကို ရည်ရွယ်ပါက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သင် ကျရှုံးလျှင်ပင် ဧကန်မုချ အောင်မြင်လိမ့်မည်။ ပြီးလျှင် သင့်အဖို့ အောင်မြင်မှုက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ စာတန်၏ချည်နှောင်မှုများမှ သင့်ကိုလွတ်မြောက်စေကာ သင့်ကိုယ်သင် ပုန်ကန်စေသည့် ခြေလှမ်းတစ်ခုဖြစ်သည့် ဤခြေလှမ်းကို သင်လျှောက်နိုင်ကြောင်းကို ဆိုလိုသည်။ ယင်းက သင်သည် ဝင့်ဝါမှုနှင့် ဂုဏ်သိက္ခာကို ဘေးဖယ်နိုင်ကြောင်း၊ သင်၏ ကိုယ်ကျိုးရှာခြင်းကို ရပ်တန့်နိုင်ကြောင်းနှင့် အတ္တကြီးပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်ခြင်းမှ ရပ်တန့်နိုင်ကြောင်းကို ဆိုလိုသည်။ ဤသည်ကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် သမ္မာတရားကို ချစ်သည့်သူတစ်ဦး၊ သမ္မာတရားကို တမ်းတသူတစ်ဦး၊ တရားမျှတခြင်းနှင့် အလင်းတို့ကို တမ်းတသည့်သူတစ်ဦး ဖြစ်ကြောင်း လူတို့အား ပြသသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင် စွမ်းဆောင်ရရှိသည့် ရလဒ်ဖြစ်၏။ တစ်ချိန်တည်းမှာပင် သင်သည် စာတန်ကိုလည်း အရှက်ရစေသည်။ စာတန်က သင့်ကို ဖောက်ပြန်ပျက်စီးစေခဲ့သည်၊ ၎င်းက သင့်ကို သင့်ကိုယ်ကျိုးအတွက်သာ ကြည့်စေသည်၊ ၎င်းက သင့်ကို တစ်ကိုယ်ကောင်းဆန်စေသည်၊ ၎င်းက သင့်ကို သင်၏ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် စဉ်းစားစေသည်။ သို့သော် ယခုတွင်မူ ဤဆိုးယုတ်သော အမှုအရာများသည် သင့်ကို မချည်နှောင်နိုင်တော့ပေ၊ သင်သည် ယင်းတို့မှ လွတ်မြောက်ပြီးဖြစ်သည်၊ သင်သည် ဝင့်ဝါခြင်း၊ ဂုဏ်သိက္ခာ၊ သို့မဟုတ် သင့်ကိုယ်ပိုင် အကျိုးစီးပွားတို့၏ ထိန်းချုပ်ခြင်းကို မခံရတော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်၏၊ ထို့ကြောင့် စာတန်သည် လုံးလုံးလျားလျား အရှက်ကွဲပြီး ၎င်း လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ သို့ဆိုလျှင် သင်သည် အောင်နိုင်ပြီမဟုတ်လော။ သင်အောင်နိုင်သည့်အခါတွင် သင်သည် ဘုရားသခင်အဖို့ သင်၏ သက်သေခံချက်၌ ခိုင်မာစွာ မရပ်တည်သလော။ သင်သည် ကောင်းစွာသော တိုက်လှန်ခြင်းကို မပြုသလော။ ကောင်းစွာသော တိုက်လှန်ခြင်းကို သင်ပြုပြီးသည့်အခါ သင်သည် သင်၏စိတ်နှလုံးထဲတွင် ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်းအေးခြင်းအသိ ရှိလေသည်။ သင်၏ အသက်တာ၌ စွပ်စွဲသည့်အသိစိတ် မကြာခဏရှိပါက သင်၏ စိတ်နှလုံးသည် အနားမရနိုင်ပါက၊ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပါက၊ ပြီးလျှင် ကိစ္စအမျိုးစုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သောကရောက်ခြင်းတို့၏ မကြာခဏ ဖိစီးခြင်းခံရပါက ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း၊ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်ကြောင်းကို ဖော်ပြရုံမျှသာတည်း။ သင်သည် စာတန်၏ စိတ်သဘောထား အလယ်တွင် အသက်ရှင်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြာခဏ ပျက်ကွက်နိုင်ခြေရှိပြီး သမ္မာတရားကို သစ္စာဖောက်ဖို့၊ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ဖို့ ဖြစ်နိုင်ခြေရှိလေသည်။ သင်သည် သင်၏ပုံရိပ်၊ သင်၏နာမည်နှင့် ဂုဏ်အဆင့်အတန်း၊ ပြီးလျှင် သင်၏အကျိုးစီးပွားများကိုသာ ထိန်းသိမ်းသည်။ သင့်အတွက်သာ သင် အစဉ်သဖြင့် အသက်ရှင်ခြင်းက သင့်အား အစဉ် ကြီးစွာသော နာကျင်မှု ဖြစ်စေသည်။ သင်သည် အလွန်များစွာသော တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများ၊ အနှောင်အဖွဲ့များ၊ သံယောဇဉ်များ၊ ဒွိဟများနှင့် စိတ်အနှောင့်အယှက်များစွာတို့ သင့်ထံတွင် ရှိသည်မှာ သင်၌ အနည်းဆုံးသော ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းတို့မရှိချေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခခံစားရခြင်း ဖြစ်လေသည်။ သမ္မာတရားကို လိုက်စားသောသူတို့မှာ မတူပေ။ သမ္မာတရားကို ၎င်းတို့ သာ၍ နားလည်လေ၊ သာ၍ လွတ်လပ်ကာ လွတ်မြောက်လေ ဖြစ်လာကြသည်။ သမ္မာတရားကို ၎င်းတို့ သာ၍ လက်တွေ့လုပ်ဆောင်လေ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း သာ၍ ရှိလေဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ ရရှိကြသည့်အခါ အလင်းတွင် ၎င်းတို့ လုံးဝ အသက်ရှင်ကြလိမ့်မည်၊ ဘုရားသခင်၏ ကောင်းချီးများကို မွေ့လျော်ကာ မည်သည့် စိတ်ဆင်းရဲမှုကိုမျှ ရှိကြလိမ့်မည် မဟုတ်။
ယခုတွင် သင်တို့အားလုံးသည် မည်သည့် အခြေအနေတွင် အများစု အသက်ရှင်ကြသနည်း။ သင်တို့သည် အချိန်အများစုတွင် အပြုသဘောဆောင်သော အခြေအနေတွင် အသက်ရှင်ကြသလော၊ အပျက်သဘောဆောင်သော အခြေအနေတွင် အသက်ရှင်ကြသလော။ (အချိန်အများစုတွင် အပျက်သဘောဆောင်သော အခြေအနေ၌ ကျွန်ုပ်တို့ အသက်ရှင်ကြပါသည်။) အပျက်သဘောဆောင်သော အခြေအနေတွင် အမြဲ အသက်ရှင်သောသူတစ်ဦးအတွက် မိမိတို့၏ဝတ္တရားများကို လက်လျှော့ခြင်းမရှိဘဲ မိမိတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် မဆုတ်မနစ်ကြိုးပမ်းခြင်းသည် ရိုးရှင်းသော အရာတစ်ခု မဟုတ်ချေ။ သင်တို့အားလုံးသည် မကြာခဏ အပျက်သဘောဆောင်ကြသော်လည်း၊ ဤအရာကို မည်သို့ ဖြေရှင်းရမည်ကို မသိကြချေ။ တစ်ခါတစ်ရံတွင် သင်၏ အပျက်သဘောဆောင်သော အခြေအနေများကို ဖြေရှင်းရန် သင့်အတွက် အားထုတ်မှုများစွာ လိုအပ်ပြီး အမှုအရာများက သင်၏သဘောအတိုင်း မဖြစ်သည့်အခါ တစ်ဖန် သင်သည် အပျက်သဘောဆောင်လာသည်။ သင်၏ အပျက်သဘောဆောင်ခြင်းတွင် သင်သည် အမြဲ လူးလှိမ့်နေပြီး ကြံကြံ့ခံ ရပ်တည်လိုလျှင်ပင် မရပ်တည်နိုင်ပေ။ မည်သည့်တာဝန်ကိုမျှ ကောင်းစွာ သင် မလုပ်ဆောင်နိုင်သကဲ့သို့ သင်သည် အလွန် အရည်အချင်းမပြည့်မီသည်မှာ မည်သူကမျှ သင့်ကို မကူညီနိုင်ပေ။ ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းစရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အပျက်သဘောဆောင်ခြင်း ပြဿနာကို သင် မည်သို့ အပြည့်အဝ ဖြေရှင်းရမည်နည်း။ သမ္မာတရား အချို့ကို သင် လုံးဝ နားလည်ရမည်။ သင် ပြောဆိုနိုင်သည့် အယူဝါဒ ပမာဏက သင်၏ ပြဿနာများကို ဖြေရှင်းပေးလိမ့်မည် မဟုတ်။ လူတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် မိမိကြုံရသည့် မည်သည့် အပျက်သဘောဆောင်ခြင်းကိုဖြစ်စေ၊ အခက်အခဲများကိုဖြစ်စေ ဖြေရှင်းနိုင်သည်နှင့် တစ်ပြိုင်နက် ထိုသူအတွက် မိမိ၏တာဝန်ကို ထမ်းဆောင်ရန် အလွန် ခက်ခဲပင်ပန်းမည် မဟုတ်ချေ။ သမ္မာတရားကို ရရှိခြင်းအားဖြင့်သာ တစ်စုံတစ်ဦးသည် လွတ်လပ်ကာ လွတ်မြောက်နိုင်ပေသည်။ ယခုအခါတွင် သင်တို့အားလုံး အချို့တဲ့ဆုံးသော အရာမှာ သမ္မာတရားဖြစ်၏။ သို့သော် သမ္မာတရားကို ရရှိခြင်းသည် ညတွင်းချင်း လုပ်ဆောင်၍ရနိုင်သည့် တစ်စုံတစ်ခုသောအရာ မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရှိရမည်ဖြစ်ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ မြင်နိုင်ရမည်။ ဤသည်မှာ အချိန်လိုအပ်ပြီး ထိုအရာကို နားလည်ရန် သမ္မာတရားကို သင် ရှာဖွေရမည်။ သင်တို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ရခြင်းနှင့်ပတ်သက်သော စိတ်ဆင်းရဲမှုကို ခံစားနိုင်သည်၊ သင်တို့သည် ထိုအရာအပေါ် နက်ရှိုင်းသည့် သိနားလည်မှု ရှိကြသည်။ သမ္မာတရားကို နားလည်ပြီးသည့်နောက်တွင် သမ္မာတရားကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများကို လိုက်နာနိုင်သည့်အခါ သင်တို့ စိတ်နှလုံး၌ ဖြစ်ပေါ်သည့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို သင်တို့ တွေ့ကြုံပြီးပြီလော။ ထိုသို့သော အတွေ့အကြုံများစွာ သင့်ထံတွင် ရှိသလော။ ဤအတွေ့အကြုံများက အမှန်ပင် အလျှံပယ်ဖြစ်ပါက ယင်းမှာ သင်သည် သမ္မာတရား စစ်မှန်မှုကို လုံးဝ ပိုင်ဆိုင်ကြောင်း ဆိုလိုပေသည်။ သင်သည် အလင်းနှင့် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်ရသည့် ခံစားချက်ရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း အနည်းငယ်ကို ရံဖန်ရံခါ မွေ့လျော်ခံစားပါက၊ သင် အလွန် ကျေနပ်အားရလိမ့်မည်။ သင်သည် လူတို့ကို မှီခိုသည့်အစား ဘုရားသခင်အပေါ် ရံဖန်ရံခါ မှီခိုပြီး ဘုရားသခင်က သင့်ကို အလင်း အနည်းငယ်၊ သင် မတွေးခဲ့မိသည့် ရှေ့ဆက်လမ်းတစ်ခု ပေးပြီး ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းထားပါက သင်သည် အလွန် ကျေနပ်အားရလိမ့်မည်။ ဤအတွေ့အကြုံငယ်လေးများ မကြာခဏ ရှိခြင်းမှာ မလုံလောက်ချေ။ သမ္မာတရားအတွက် သင် ဆက်လက် အားထုတ်ရဦးမည်ဖြစ်သည်။ တစ်ဖက်တွင် ရူပါရုံများနှင့် ပတ်သက်သည့် သမ္မာတရားများကို သင် နားလည်ရမည်၊ ဘုရားသခင်၏ အမှုတော်အပေါ် လုံးဝ ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် အသိပညာတစ်ခု အမှန်တကယ် ရှိရမည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို သင် လုပ်ဆောင်သည့်အခါတွင် အခက်အခဲများကို တစ်ဖန် ကြုံရသည့်အခါ အနည်းဆုံးအနေဖြင့် ထိုအရာက အယူအဆများ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်သကဲ့သို့ ပုန်ကန်ခြင်းကိုလည်း ဖြစ်စေလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အမှုအရာများ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် အသက်ဝင်ရောက်မှုအတွက် သင် အားထုတ်ရမည်။ သင့်ကိုယ်သင် သိရှိလာခြင်း၊ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူခြင်း၊ ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်၊ သင်၏ တာဝန်ကို မည်သို့ သစ္စာစောင့်သိရမည်၊ လူမျိုးစုံတို့ကြား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ စာတန်ကို သင် ဆက်ဆံသင့်သည့်ပုံစံ၊ မည်သည့် ဉာဏ်ပညာကို သင် ပိုင်ဆိုင်သင့်သည်၊ စသည်တို့ကဲ့သို့သော လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမည့် သမ္မာတရားများကို အနှစ်ချုပ်ရမည်။ သမ္မာတရား၏ ဤမတူကွဲပြားသော သွင်ပြင်လက္ခဏာများကို တွေ့ကြုံကာ ဝင်ရောက်ခြင်းအားဖြင့်သာ ဘုရားသခင်ကို သင်ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကာ စုံလင်သော လူတစ်ဦး ဖြစ်လာနိုင်သည်။ သို့ဆိုလျှင် သမ္မာတရား စစ်မှန်မှု၏ သွင်ပြင်လက္ခဏာ မည်မျှထဲသို့ သင်တို့ ဝင်ရောက်ပြီးပြီနည်း။ သမ္မာတရား စစ်မှန်မှု၏ မည်သည့် သွင်ပြင်လက္ခဏာများထဲသို့ သင်တို့ မဝင်ရောက်ရသေးသနည်း။ သင်၏ စိတ်နှလုံးတွင် ဤဖြစ်စဉ်မှတ်တမ်းကို သင် မျက်ခြည်မပြတ် သိထားရမည်။ လက်တွေ့လုပ်ဆောင်မှုနှင့် ဆက်နွှယ်သည့် သမ္မာတရား များစွာထဲသို့ သင် ဝင်ရောက်ပြီးသည့်အခါ သင်၏ အသက်တာကြီးထွားနှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ သင်သည် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အဆင့်တစ်ခုထိ ကြီးထွားပြီးသည့်အခါ ဘုရားသခင်၏ စုံလင်စေခြင်းခံရသည့် လမ်းပေါ် သင် ဝင်ရောက်နိုင်လိမ့်မည်ဖြစ်ပြီး စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်။ ဤသည်မှာ လော၍ရသည့် ကိစ္စရပ်တစ်ခု မဟုတ်၊ တစ်ကိုက်တည်းဖြင့် ဆင်တစ်ကောင်လုံးကို သင် စား၍မရနိုင်ပေ။ ယခုတွင် သင်ဖြေရှင်းရန် လိုအပ်သည့် အရေးအပါဆုံးနှင့် အရေးအကြီးဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ သင်၏ တာဝန်ကို သင် ကောင်းစွာလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏ တာဝန်ကို သင် လုပ်ဆောင်သည့်အခါတွင် အသက်ဝင်ရောက်မှု ရှိရမည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဓိက အချက်ဖြစ်သည်။ သင်သည် အားထုတ်မှုကို သုံးစွဲရုံသုံးစွဲ၍မရ၊ ထိုအရာကို စိတ်နှစ်ထားရမည်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်လုပ်ဆောင်သည့်အခါတွင် ဘုရားသခင်သည် သင့်အား မိမိ၏ ခွန်အားစိုက်ထုတ်မှုကို ရောင်းစားခြင်းမျိုး မလုပ်စေချင်ပေ။ ထိုအစား သင်၏ ရိုးသားစစ်မှန်မှုကို သူ့အား ဆက်ကပ်စေချင်သည်။ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည့်အခါတွင် သင်သည် အသက်ဝင်ရောက်မှု ရှိရမည်။ သင်သည် အသက်ဝင်ရောက်မှု ရှိသည့်အခါမှသာ အသက်ရှိမည်၊ အသက်ရှိသည့်အခါမှသာ ကြီးထွားနိုင်ပြီး အသက်ရှိသောသူတို့သာ သမ္မာတရား ရှိပေသည်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။