အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၀)

ဘုရားသခင်သည် လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်၊ ထို့ပြင် လူတစ်ဦး၏ တစ်ဘဝလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု လူတိုင်းက အသိအမှတ်ပြုကြသည်။ သို့သော် လူတစ်ဦးဘဝ၏ အချိန်တိုင်းနှင့် ကာလအပိုင်းအခြားတိုင်းရှိ ကြီးမားသော အဖြစ်အပျက်အားလုံးကို ဘုရားသခင်က အုပ်စိုးပြီး စီစဉ်ထားကြောင်းနှင့် ထိုသူ၏ ကိုယ်ပိုင်အစီအစဉ်များနှင့် ကြိုတင်စီစဉ်မှုများအတိုင်း မဟုတ်ကြောင်းကို သင်အမှန်တကယ် တွေ့ကြုံနိုင်လျှင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို သို့မဟုတ် ၎င်းတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရမည့် မည်သည့် ဆင်းရဲဒုက္ခမဆိုကို မကျော်လွှားနိုင်ကြောင်း သင်မြင်နိုင်လျှင်၊ ဤအရာများကို သင်တွေ့ကြုံခံစားနိုင်သောအခါ ဤသည်မှာ စစ်မှန်သော ယုံကြည်မှုရှိခြင်းပင် ဖြစ်သည်။ “ဘုရားသခင်သည် လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်။ ထို့ပြင် အရာရာတိုင်းသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိသည်” ဟု သင်ပြောသောအခါ ထိုအချက်က များစွာ ပို၍ လက်တွေ့ကျစေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာအပြင် သူ၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားခြင်းများကို တွေ့ကြုံရခြင်းသည် သိမ်မွေ့သောအရာ ဖြစ်သည်။ ယင်းသည် တွေ့ကြုံခံစားရသည့် အရာဖြစ်ပြီး မဖြတ်သန်းဖူးလျှင် ရှင်းပြ၍ မရနိုင်သည့် အရာဖြစ်သည်။ သို့သော် ပို၍ တွေ့ကြုံခံစားရပြီး ပို၍ ဖြတ်သန်းဖူးလေလေ ပို၍ ကောင်းကောင်း ရှင်းပြနိုင်လေလေ ဖြစ်သည်။ “အသက် ၅၀ အရွယ်တွင် ကိုယ့်ကံကြမ္မာကို ကိုယ်နားလည်လာသည်” ဟူသည့် ဆိုရိုးစကားတစ်ခု ရှိသည်။ ကိုယ့်ကံကြမ္မာကို ကိုယ်နားလည်လာသည် ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ အသက်နှစ်ဆယ်ကျော် လူများသည် လောကကြီးကို ရင်ဆိုင်တွေ့ဖူးခါစသာ ရှိသေးသည်။ သူတို့သည် ငယ်ရွယ်ပြီး အဆင်အခြင်မဲ့ကာ ဘာကိုမျှ မသိကြပေ။ ထို့ပြင် ဤလူ့ဘဝသည် ဘုရားသခင်၏ လက်ထဲတွင် လုံးဝ ရှိသည်ကို သူတို့ နားမလည်နိုင်ကြ။ သူတို့သည် သူတို့၏ ကံကြမ္မာကို ဆက်လက် တွန်းလှန်ရုန်းကန်လိုကြပြီး သူတို့တွင် အရည်အချင်းနှင့် ကျွမ်းကျင်မှု ရှိသည်ဟု ဆက်လက် ထင်နေကြသည်။ ထို့ပြင် နာမည်တစ်လုံး ရရန်၊ စည်းစိမ်ဥစ္စာနှင့် ရာထူးနေရာတို့ကို ရရန် သူတို့နည်း သူတို့ဟန်ဖြင့် ဆက်လက်၍ ကြိုးပမ်းနေကြသည်။ ရှုံးနိမ့်သွားသည့်အခါတွင်ပင်လျှင် နောက်တစ်ကြိမ် ကြိုးပမ်းခွင့် ရရန် အမြဲ ဆက်လက် ကြိုးစားကြသည်။ ထို့နောက် အသက် ၅၀ ကျော်အရွယ်တွင် သူတို့သည် ပြန်လည်တွေးတောကြည့်ကြကာ “အလိုလေး၊ ကမ္ဘာမြေကြီးပေါ်တွင် ဤနှစ်ပေါင်းသုံးဆယ်ဝန်းကျင်လုံးလုံး ပြေးလွှားလှုပ်ရှားပြီး အလုအယက် တိုးဝှေ့ကြိုးပမ်းလုပ်ရခြင်း အားလုံးက အကယ်ပင် ခက်ခဲလှချေတော့သည်။ ငါအိမ်ထောင်ပြုခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုကို တည်ဆောက်ခြင်း၊ ကလေးယူခြင်းတို့၏ မည်သည့်အဆင့်တစ်ဆင့်ကမျှ ငါ့ကိုယ်ပိုင် အစီအမံများနှင့် အတွက်အချက်များအတိုင်း ဖြစ်မလာခဲ့။ အားလုံးက ကံကြမ္မာအတိုင်းသာ ဖြစ်နေချေသည်” ဟု တွေးမိကြသည်။ ဤသည်မှာ မိမိကံကြမ္မာကို နားလည်ခြင်း ဖြစ်သည်။ ကံကြမ္မာကို ထပ်၍ မတိုက်ခိုက်ကြတော့ပေ။ အသက် ၅၀ အရွယ်တွင် မိမိ၏ကံကြမ္မာကို နားလည်လာခြင်းဟူသည်မှာ အမှန်တွင်တော့ ဘဝ၌ လိမ့်လည်းဆုတ်ယုတ်မှုပေါင်း များစွာကို ကြုံရပြီးနောက်တွင် လူများ အသက် ၅၀ အရွယ်သို့ ရောက်ပြီး ကံကြမ္မာနှင့် ငြိမ်းချမ်းရေးယူတတ်သွားကြခြင်းသာ ဖြစ်သည်။ လူများသည် သူတို့၏ ကံကြမ္မာကို နားလည်သွားသောအခါ ၎င်းကို မတိုက်ခိုက်တော့ဘဲ ရပ်လိုက်ကြ၏။ လူ့ဘဝဆိုသည်မှာ အဘယ်အရာ ဖြစ်သည်၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာဆိုသည်မှာ အဘယ်အရာ ဖြစ်သည်၊ လူတို့အနေဖြင့် အတိအကျ အဘယ်အရာအတွက် အသက်ရှင်နေထိုင်သင့်ပြီး မည်ကဲ့သို့ အသက်ရှင်နေထိုင်သင့်သည် ဆိုသည့်အရာများအတွက်မူ လူတို့သည် ၎င်းတို့ကို လုံးဝ နားလည်ကြသလော။ ဘာသာတရားမရှိသူများသည် ဤအရာများကို နားမလည်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်ကို မယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့ အလုပ်နိုင်ဆုံးသောအရာသည် သူတို့၏ ကံကြမ္မာကို လက်ခံရန်နှင့် ၎င်းကို ခုခံခြင်းသည် အသုံးမဝင်ကြောင်း နားလည်ရန်သာ ဖြစ်သည်။ ထို့နောက် သူတို့၏ သားသမီးမြေးမြစ်များက ကံကြမ္မာကို တိုက်ခိုက်နေခြင်းကို သူတို့ မြင်ပြီး “သဘာဝအတိုင်းသာ ဖြစ်ပါစေလေ။ မျိုးဆက်အသီးသီးတွင် သူ့ကိုယ်ပိုင်ကောင်းချီးများ ရှိသည်ပင်။ ထားလိုက်ပါလေ။ သူတို့ အသက် ၅၀ ရောက်လာသည့်အခါ ကံကြမ္မာကို တိုက်ခိုက်နေခြင်းကို ရပ်ပစ်လိုက်ကြလိမ့်မည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဤအတိုင်းသာ ဖြစ်သည်။ သူတို့ အသက်ကြီးလာပြီး မတိုက်နိုင်တော့သည့်အချိန်အထိ ကံကြမ္မာကို သူတို့အားလုံး တိုက်ခိုက်ကြသည်ချည်းပင်။ သူတို့၏ ကံကြမ္မာကို သူတို့ လက်ခံပြီး သင်ခန်းစာယူကြလိမ့်မည်။ အလွန်အမင်း ပမာမခန့်လုပ်ပြီး မောက်မာထောင်လွှားခြင်း ရှိတော့မည် မဟုတ်ဘဲ ပိုပြီး အခြေကျလာကြလိမ့်မည်” ဟု ပြောကြသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ မြင်နိုင်သလောက် အစွမ်းကုန်သာ ဖြစ်သည်။ သို့သော် သူတို့သည် သမ္မာတရားကို နားလည်နိုင်သလော။ ကျိန်းသေ နားမလည်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သူတို့ မယုံကြည်ဘဲ ဘုရား၏ နှုတ်ကပတ်တော်များကို သူတို့ မဖတ်သောကြောင့် ဖြစ်သည်။ သူတို့သည် သမ္မာတရားကို မည်သို့နားလည်နိုင်ပါမည်နည်း။ အသက် ၅၀ အရွယ်တွင် မိမိကံကြမ္မာကို သိခြင်းသည် သမ္မာတရားကို နားလည်ခြင်း ဖြစ်သည်ဟု ဆိုလိုသလော။ “လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်” ဟု လူတို့ ယုံကြည်ကြသည်။ ဤသည်က သူတို့သည် ကောင်းကင်ဘုံ၏ အလိုတော်ကို ကျိုးနွံနာခံသည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဤသည်ကို ယုံကြည်ရုံမျှဖြင့် အလုပ်မဖြစ်ပေ။ ဤအရာများကို သိခြင်းက ကံကြမ္မာကို တွန်းလှန်ရုန်းကန်မှု မပြုခြင်းသက်သက်သာ ဖြစ်၏။ သမ္မာတရားကို နားလည်ခြင်းကား မဟုတ်သေး။ လူတို့သည် သမ္မာတရားကို နားလည်လိုလျှင် ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာပြီး သူ၏ ကယ်တင်ခြင်းကို လက်ခံရမည်၊ သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံရမည်၊ ပြီးလျှင် သူ့ထံမှလာသော သမ္မာတရားနှင့် အသက်တို့ဖြင့် ထောက်ပံ့ပေးခြင်းအား လက်ခံရမည်။ သို့မှသာလျှင် ၎င်းတို့သည် ဆန်းကြယ်နက်နဲမှုအားလုံးကို နားလည်မည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူတို့သည် အသက် ၇၀၊ ၈၀ သို့မဟုတ် တစ်ရာအထိ အသက်ရှင်ရလျှင်ပင် လူ့ဘဝက အဘယ်အရာ ဖြစ်သည်၊ လူတို့ အဘယ်ကြောင့် အသက်ရှင်နေထိုင်ကြပြီး အဘယ်ကြောင့် သေကြသည်တို့ကို သိကြလိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ခဏတာမျှသာ ခရီးနှင်၍ လူ့ဘဝက အဘယ်အရာ ဖြစ်သည်ကို သဘောမပေါက်ဘဲ ဆယ်စုနှစ်အချို့ကြာ အသက်ရှင်နေထိုင်ပြီးနောက် ဘဝကုန်ဆုံးသွားကြသည်။ သေသည့်အခါ သူတို့သည် စိတ်ကျေနပ်ခြင်းမရှိဘဲ ထိုထိုဤဤတို့ကို ဆက်၍ တနုံ့နုံ့တွေးနေကြကာ နောက်ဆုံးတွင် နောင်တကို ရင်ဝယ်ပိုက်ရင်း ဤကမ္ဘာမှ ထွက်သွားရပြီး ဘာမျှ မရလိုက်ကြပေ။ နောက်ဘဝတွင် သူတို့ တစ်ဖန် ပြန်လည်မွေးဖွားပြီး ဤကဲ့သို့ ဆက်၍ အသက်ရှင်နေထိုင်လျှင် ဝမ်းနည်းဖွယ် ကောင်းနေမည် မဟုတ်လော။ (ဟုတ်ပါသည်။) မျိုးဆက်အသီးသီးမှ လူများသည် တစ်ယောက်ပြီးတစ်ယောက် ဝမ်းနည်းကြေကွဲဖွယ်ကောင်းစွာ လာပြီး ပြန်ထွက်သွားကြသည်။ ရှင်ကျန်နေသူများက ထွက်ခွာသွားသူများကို လိုက်ပို့ကြသည်။ ပြီးနောက် သူတို့ကိုလည်း နောက်မျိုးဆက်က လိုက်ပို့ကြရပြန်သည်။ သူတို့သည် ဘာကိုမျှ နားမလည်ဘဲ ကြောင်တက်တက် နေထိုင်ရင်း ဤအတိုင်း စက်ဝိုင်းတစ်ခုလို သံသရာလည်ကာ ဆက်သွားနေကြသည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးသော သင်တို့အတွက်မူ မတူပေ။ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဤအဖိုးထိုက်၍ ရတောင့်ရခဲ ရှားပါးသော အခွင့်အရေးကို သင်တို့ အမိအရ ဖမ်းယူထားသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိနိုင်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ သိုးထိန်းခြင်းနှင့် ဦးဆောင်ခြင်းကို ရရှိနိုင်ကြသည်။ ဆန်းကြယ်နက်နဲမှုများစွာနှင့် သမ္မာတရား အမြောက်အမြားကို သင်တို့ နားလည်ကြပြီး ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်ကြသည်။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သန့်စင်ခြင်းခံရနိုင်ပြီး ပြောင်းလဲ၍ ရနိုင်သည်။ အတိတ်က သန့်ရှင်းသူများ၏ မျိုးဆက်များထက် ပို၍ မြောက်မြားစွာ သင်တို့ ရရှိထားကြသည်။ ဤသည်မှာ မင်္ဂလာအရှိဆုံးသောအရာ ဖြစ်သည်မဟုတ်လော။ သင်တို့သည် အားလုံးထဲတွင် မင်္ဂလာအရှိဆုံးသောသူများ ဖြစ်ကြသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ၎င်းတို့၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို နှစ်များစွာ တွေ့ကြုံပြီးနောက်တွင် လူသားမျိုးနွယ်ကို ဘုရားသခင် စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်ကို ဘုရား စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းတို့၏ ဆန်းကြယ်နက်နဲမှုတို့ကို သင်တို့သည် တဖြည်းဖြည်း နားလည်လာပြီဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာပြီး သူ၏ အချုပ်အခြာအာဏာကို သိလာပြီဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံရန် မိမိစိတ်နှလုံးထဲတွင် ဆန္ဒရှိနေပြီး ဘုရားကို ကျိုးနွံနာခံနိုင်စွမ်းလည်း ရှိနေသည်။ အသက်ရှင်နေထိုင်ရခြင်းက လုံခြုံပြီး ပြည့်စုံသည်ဟု ခံစားရသည်။ သင့်ကို ဘုရားသခင်က အသက်ရှင်နေထိုင်ခွင့် ပေး၍ သင်သည် ဘုရားသခင်အတွက် အသက်ရှင်နေထိုင်ပြီး သင့်တာဝန်ကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် ထမ်းဆောင်ရန် အသက်ရှင်နေထိုင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသော ရှင်သန်နေထိုင်နည်း ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို လက်ခံခြင်း သို့မဟုတ် နားလည်ခြင်း မရှိဘဲ အသက်ရှင်နေထိုင်ပြီး ဇာတိပကတိအတွက်သက်သက်သာ အသက်ရှင်နေထိုင်ပါက ထိုသို့နေထိုင်ခြင်းတွင် တန်ဖိုး လုံးဝ မရှိပေ။ ယခု သင်တို့အားလုံးသည် သမ္မာတရားဆီသို့ ကြိုးပမ်းနေကြပြီး ပို၍ပို၍ အသိတရားရှိရှိ၊ အသိစိတ်ရှိရှိဖြင့် ရှင်သန်နေထိုင်နေကြသည်။ သင်သည် လူသားတစ်ယောက် ဖြစ်သင့်သည့်အရာ ပို၍ ပို၍ ဖြစ်လာပြီး သမ္မာတရားကို ပို၍ ပို၍ နားလည်လာသည်။ ဘုရားသခင်ကို ကျိုးနွံနာခံရန် ပို၍ ပို၍ သိလာပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ကာ ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ ဤကဲ့သို့ ရှင်သန်နေထိုင်ခြင်းသည် သင့်နှလုံးသားကို ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်လာစေလိမ့်မည်။ ထို့ပြင် ဤသည်မှာ အဓိပ္ပာယ်အရှိဆုံး ဘဝလည်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးအထဲ၌ သင်တို့သာလျှင် ရထားသော ကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်။ ဤကျယ်ပြောလှသော ကမ္ဘာကြီးထဲနှင့် လူသားမျိုးနွယ်အားလုံးထဲတွင် ဘုရားသခင်သည် သင်တို့ လူနည်းစုကိုသာလျှင် ရွေးချယ်ခဲ့ပြီး ဤနောက်ဆုံးခေတ်အတွင်း၊ အဆင်းနီသော နဂါးကြီး၏ နိုင်ငံအတွင်းတွင် သင်တို့ကို မွေးဖွားလာစေခဲ့သည်။ သင်တို့သည် ဘုရား၏ တာဝန်ပေး စေခိုင်းခြင်းကို လက်ခံရရှိနိုင်ကြပြီး မိမိတာဝန်ကို ထမ်းဆောင်နိုင်ကြ၏။ ဘုရားအတွက် အသုံးတော်ခံနိုင်ကြ၏။ သင်တို့သည် ဘုရားသခင်၏ မျက်နှာသာပေးခြင်းနှင့် ရွေးချယ်ခြင်းကို ခံထားရသည့်သူများ ဖြစ်ကြသည်။ ဤအရာသည် မင်္ဂလာအရှိဆုံးသောအရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အင်မတန် မင်္ဂလာရှိလှသောအရာ ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ကြသော်လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် အရာအားလုံးကို ဘေးဖယ်မထားနိုင်သည့် လူများရှိကြသည်။ ဤသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ သမ္မာတရားကို နားမလည်သော လူများလည်း ရှိကြ၏။ ထိုသူတို့အနေနှင့် သူတို့၏ တာဝန်ကို ထမ်းဆောင်ကြလျှင်ပင် ဘုရားသခင်အတွက် အလုပ်လုပ်ပေးနေသည်ဟုသာ ဆိုနိုင်သည်။ သူတို့သည် မိမိတို့၌ ရှိသော အင်အားကို ပေးကြသော်လည်း သူတို့၏ နှလုံးသားထဲတွင်မူ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးပမ်းပြီး ကောင်းချီးမင်္ဂလာများ ရရန် မျှော်လင့်နေကြသည်။ တစ်နေ့ သမ္မာတရားကို နားလည်လာသောအချိန်တွင် သူတို့သည် စိတ်အေးတည်ငြိမ်နိုင်လာပြီး သူတို့၏ တာဝန်ကို လိုလိုလားလား ဖြည့်ဆည်းနိုင်လာလိမ့်မည်။ သင်တို့၏ ယခု အသက်တာအပြင် ဘုရားသခင်ကို သက်သေခံပြီး ဘုရားနိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန် သင်တို့ နေ့တိုင်း အသက်ရှင်နေထိုင်ခြင်းသည် ဘုရားလိုလားသဘောကျသည့် အသက်ရှင်နေထိုင်နည်း ဖြစ်သည်။ ရိုးရှင်းအောင် ပြောရလျှင် ဘုရားသခင်က သင်တို့အား ဤကဲ့သို့ အသက်ရှင်နေထိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။ ဤအခွင့်အရေးကို သင်တို့အား ပေးထားသည်မှာ ဘုရားသခင်ပင်ဖြစ်သည်။ ဘုရားသခင်က သင့်အား ဤအခွင့်အရေးကို ပေးထားပြီး သင့်တာဝန်အား ထမ်းဆောင်စေကာ သူ့အတွက် အသုံးတော်ခံစေရင်း သင့်အား အသက်ရှင်နေထိုင်စေခဲ့သည်။ ဤသည်မှာ အဓိပ္ပာယ်အရှိဆုံးအရာ ဖြစ်သည်။ သင်တို့သည် အားရကျေနပ်ပြီး ဂုဏ်ယူသင့်ကာ ဤအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားသင့်သည်။ သင်တို့သည် အလွန် ငယ်ရွယ်ကြ၍ ဘေးဒုက္ခကြားတွင်၊ ဤကဲ့သို့ ရန်လိုသော ပတ်ဝန်းကျင်များနှင့် အခြေအနေများကြားတွင် မိမိတို့တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားနောက်တော်ကို လိုက်ရန်နှင့် ဘုရားကို သက်သေခံရန်တို့မှာ မည်မျှရှားပါးလှသည့် အခွင့်အရေးမျိုးနည်း။ လူသားမျိုးနွယ်သည် သမ္မာတရားကို ရပြီး သန့်စင်ခြင်းခံရနိုင်စေရန်အလို့ငှာ လူသားမျိုးနွယ်ကို လုံးဝ ကယ်တင်ရန် နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် သမ္မာတရား များစွာကို ဖော်ပြခြင်းသည် အရှားပါးဆုံးသော အခွင့်အရေးဖြစ်သည်။ အချိန်ကား သိပ်မရှိဘဲ မျက်စိတစ်မှိတ်အတွင်းတွင် ကုန်သွားတတ်သည်။ သင်တို့သည် ဤအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး ရသင့်သော သမ္မာတရားအားလုံးကို ရယူသင့်သည်။ ဤသည်မှာ အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာဖြစ်ပြီး အတိတ်ခေတ်က သန့်ရှင်းသူအားလုံး၏ ကောင်းချီးများထက် ပို၍ ကြီးမြတ်သော ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။