အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၅)
ဘုရားသခင်ထံ သင်တို့ ဆုတောင်းချက်များတွင် စည်းမျဉ်းများရှိသလော။ မည်သည့်အခြေအနေများတွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းသနည်း။ သင်၏ ဆုတောင်းချက်များတွင် ပါဝင်သောအကြောင်းအရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ လူအများစုက ၎င်းတို့ ဆင်းရဲဒုက္ခခံရသောအချိန်တွင် “အိုး ဘုရားသခင်၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံနေရပါသည်၊ ကျွန်ုပ်ကို ကူညီဖို့ ကိုယ်တော့်ထံ ကျွန်ုပ် အသနားခံပါ၏” ဟု ဆုတောင်းကြသည်။ ယင်းမှာ ၎င်းတို့ ပထမဆုံး ပြောသောအရာ ဖြစ်သည်။ သင်ဆုတောင်းသောအခါ သင်ဆင်းရဲဒုက္ခခံနေရကြောင်းကို အမြဲတမ်း ပြောသည်မှာ ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ မကောင်းပါက သင်သည် အဘယ်ကြောင့် ထိုနည်းအတိုင်း ဆုတောင်းနေသေးသနည်း။ သင်တို့အနေဖြင့် မည်သို့ဆုတောင်းရမည်ကိုဖြစ်စေ၊ ဘုရားသခင်ရှေ့မှောက်သို့ လာသောအခါ မည်သည့်အရာကို ပြောပြီး ရှာဖွေသင့်သည်ကိုဖြစ်စေ မသိကြောင်း ဤအရာက ပြသည်။ သင်ဆင်းရဲဒုက္ခ အနည်းငယ်ရောက်ပြီး ဝမ်းနည်းနေရသောအခါ “အိုး ဘုရားသခင်၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံနေရပါသည်။ ကျွန်ုပ် အလွန် စိတ်မချမ်းမြေ့ဖြစ်နေပါသည်။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ကူညီပါ” ဟု ပြောရင်း ဘုရားသခင်ထံ ဆုတောင်းဖို့ကိုသာ သင်သိလေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခါစ ဖြစ်သူတစ်ဦး၏ ဆုတောင်းချက် ဖြစ်သည်။ ထိုဆုတောင်းချက်သည် ကလေးငယ်တစ်ဦး၏ ဆုတောင်းချက် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာ ဤနည်းအတိုင်း ဆုတောင်းနေဆဲဖြစ်ပါက ထိုအရာသည် စိုးရိမ်ရသော ပြဿနာတစ်ခုဖြစ်သည်။ ယင်းက ၎င်းတို့သည် ဘဝတွင် အရွယ်မရောက်သေးသော ကလေးငယ်တစ်ဦး ဖြစ်နေဆဲဖြစ်ကြောင်းကို ပြသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏အမှုတော်ကို မည်သို့တွေ့ကြုံခံစားရမည်ကို မသိသောလူအားလုံးသည် ဘဝတွင် မရင့်ကျက်သေးသော၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ ယခုထိတိုင် မဝင်ရောက်ရသေးသောလူများ ဖြစ်ကြသည်။ အကယ်၍ လူတစ်ဦးသည် အမှန်တကယ် စဉ်းစားဆင်ခြင်သည့်လူတစ်ဦးဖြစ်ပါက ၎င်းအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားရန် နည်းလမ်းအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နည်းနှင့် ယင်းတို့ကို တွေ့ကြုံခံစားပြီး လက်တွေ့လုပ်ဆောင်ရမည့်နည်းတို့ကိုပါ သုံးသပ်ဆင်ခြင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်သည့်နေရာကို ညွှန်ကြားသည်ဖြစ်စေ လူတစ်ဦး၏ အတွေ့အကြုံသည်လည်း ထိုနည်းတူပင် လိုက်လျှောက်သင့်ပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ ညွှန်ကြားရာ ထိုနေရာသို့ နောက်ကလိုက်လျှောက်ရမည်။ လူတစ်ဦးသည် ဤနည်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားနိုင်ပါက ၎င်းတို့သည် ပြဿနာပေါင်းများစွာကို ကြုံတွေ့ရလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်ထံမှ သမ္မာတရားကို ၎င်းတို့ ပင်ကိုအားဖြင့် ရှာဖွေကြလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏အခက်အခဲများကို ဤနည်းအတိုင်း ဖြေရှင်းဖို့ ဘုရားသခင်ထံ အမြဲ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေပါက သူသည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံနေခြင်းဖြစ်သည်။ သူ၏ ပြဿနာများကို ဆက်တိုက်ဖြေရှင်းခြင်းဖြင့် သူ၏ အခက်အခဲများသည် နည်းသည်ထက်နည်းလာလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို သူ တဖြည်းဖြည်း နားလည်လာမည်ဖြစ်ကာ ဘုရားသခင်၏အမှုတော်နှင့်ဆိုင်သည့် အသိကို ရရှိလိမ့်မည်။ သူသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်သင့်ပုံအပြင် ဘုရားသခင်၏ အမှုတော်ကို မည်သို့ ကျိုးနွံနာခံရမည်ကိုပါ သိလိမ့်မည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူအချို့သည် သူ့အမှုတော်အား မည်သို့တွေ့ကြုံရမည်ကို မသိကြချေ။ ထိုသူတို့သည် အမြဲပင် နားဝေတိမ်တောင် ဖြစ်နေကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြသော်လည်း ချင့်ချိန်စဉ်းစားခြင်း မရှိကြချေ။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်ကြသော်လည်း မိတ်သဟာယမဖွဲ့ကြချေ။ ထို့ပြင် ၎င်းတို့အပေါ် အမှုအရာများ ဖြစ်လာသောအခါ သမ္မာတရားကို ရှာဖွေရမှန်း မသိကြ၊ သို့မဟုတ် ဘုရားသခင်၏ရည်ရွယ်ချက်များကို မည်သို့ သဘောပေါက်ရမှန်းကို ၎င်းတို့ မသိကြချေ။ ထို့ပြင် ၎င်းတို့ ခံယူသင့်သည့် သဘောထား သို့မဟုတ် ၎င်းတို့ ပူးပေါင်းဆောင်ရွက်သင့်ပုံကို မသိကြပေ။ ဤအရာများကို ၎င်းတို့ နားမလည်ကြပေ။ ဤကိစ္စရပ်များတွင် ၎င်းတို့သည် လူပြိန်းများသာဖြစ်ကြပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ ၎င်းတို့အပေါ် မည်သည့်ပြဿနာများ ကျရောက်သည်ဖြစ်စေ ဘုရားသခင်ထံ ၎င်းတို့ လုံးဝ ဆုမတောင်းကြသကဲ့သို့ သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် ၎င်းတို့သည် စိတ်ထဲတွင် ဘုရားသခင်အပေါ် အမှန်တကယ် မှီခိုခြင်းမရှိပေ၊ သို့မဟုတ် သူ့ကို ကိုးစားခြင်း မရှိပေ။ ၎င်းတို့က “အိုး ဘုရားသခင်၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံနေရပါသည်၊ အိုး ဘုရားသခင်၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံနေရပါသည်” ဟုသာ ပြောကြသည်။ ထိုအသံကို လူများက စိတ်ကုန်လာပြီး စက်ဆုပ်ရွံရှာစေသည်အထိ ဤစကားရပ်ကို ၎င်းတို့ ထပ်တလဲလဲပြောကြသည်။ သင်တို့အများစုသည် ထိုသို့ ဆုတောင်းကြသည် မဟုတ်လော။ (ဆုတောင်းကြပါသည်။) လူများ၏ ဆုတောင်းချက်များမှနေ၍ ၎င်းတို့၏အခြေအနေ မည်မျှသနားစရာကောင်းသည်ကို မြင်နိုင်သည်။ ဆင်းရဲဒုက္ခခံနေရသောအခါမှသာ သင်သည် ဘုရားသခင်ကို ရှာသည်။ သင် ဆင်းရဲဒုက္ခခံမနေရချိန် သို့မဟုတ် မည်သည့်ပြဿနာကိုမျှ ရင်ဆိုင်နေရခြင်း မရှိချိန်တွင် သင်သည် ဘုရားသခင်ကို မလိုအပ်ဟု ခံစားရသည့်အပြင် သူ့အပေါ် မှီခိုအားထားလိုခြင်း မရှိပေ။ သင်သည် သင့်ကိုယ်ပိုင်ဆရာတစ်ဆူသာ ဖြစ်ချင်သည်။ ဤသည်မှာ သင်ဖြစ်နေသည့် အခြေအနေ မဟုတ်လော။ (ဟုတ်ပါသည်။) လူအများစုသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရပြီး ယင်းတို့၏ ပြုပြင်ခြင်းခံရပြီးနောက် မိမိတို့ကိုယ်ကို ပြန်သုံးသပ်ကြပြီး သိရန်ကြိုးစားကြသောအခါ ၎င်းတို့ မည်သို့ဆုတောင်းကြသနည်း။ ၎င်းတို့အားလုံးသည် “အိုး ဘုရားသခင်၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံနေရပါသည်။ အိုး ဘုရားသခင်၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံနေရပါသည်” ဟု စကားတစ်မျိုးတည်းကိုသာ ပြောကြသည်။ ထိုစကားများက သင့်ကို စက်ဆုပ်ရွံရှာစိတ်ဖြစ်စေသည် မဟုတ်လော။ (ဖြစ်စေပါသည်။) လူများသည် စိတ်ထဲတွင် အလွန်ညှိုးငယ်နေကြသည်၊ ၎င်းတို့၏အခြေအနေက သနားစဖွယ်ကောင်းလိုက်လေခြင်းပါတကား။ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းသည့်အချိန်တိုင်းတွင် လှိုက်လှဲသည့် စကားတစ်ခွန်းမျှ မရှိဘဲ မပြောင်းလဲသော၊ ရိုးရှင်းသော စကားရပ်ကို ပြောကြသည်။ သမ္မာတရားကို ၎င်းတို့ မရှာဖွေကြသကဲ့သို့ ၎င်းတို့၏ပြဿနာများကို ဖြေရှင်းဖို့ ဆန္ဒမရှိကြပေ။ ယင်းမှာ မည်သို့သောဆုတောင်းချက်မျိုးဖြစ်သနည်း။ လူတစ်ဦးသည် ဆုတောင်းချက်တွင် လှိုက်လှဲသည့်စကားများကို မပြောနိုင်ဘဲ ၎င်းတို့၏ ချို့တဲ့မှုများက မည်သည့်အရာများဖြစ်သည်ကို မသိသောအခါ ဖြစ်နေသည့်ပြဿနာသည် အဘယ်နည်း။ သင်သည် ဘုရားသခင်၏ရှေ့တော်မှောက်ကို လာသောအခါ ဘုရားသခင်က သင့်အား တစ်ခုတလေနှင့်ပတ်သက်၍ ဉာဏ်အလင်းပေးဖို့ လိုအပ်သည် မဟုတ်လော။ ယုံကြည်ခြင်းကိုဖြစ်စေ၊ ခွန်အားကိုဖြစ်စေ၊ ဘုရားသခင်ကို သင်၏ အကာအကွယ်အဖြစ်ကိုဖြစ်စေ သင်မလိုအပ်သလော။ ဘုရားသခင်က သင် ရှေ့ဆက်လမ်းလျှောက်ဖို့ သင့်ကို ဉာဏ်အလင်းပေးရန်နှင့် လမ်းညွှန်ပေးရန် သင် လိုအပ်သည်မှာ သာ၍ပင် နည်းပါးသလော။ သင့်အထဲတွင် တည်ရှိနေသည့်ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို နားလည်ဖို့ သင်မလိုအပ်သလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ခြင်းကိုဖြစ်စေ၊ သူ၏လမ်းပြချက်ကိုဖြစ်စေ သင်မလိုအပ်သလော။ ဘုရားသခင်ထံမှ သင်လိုအပ်သည့် တစ်ခုတည်းသောအရာမှာ သူက သင်၏ဆင်းရဲဒုက္ခခံရခြင်း ဝေဒနာကို သက်သာလျော့ပါးအောင် လုပ်ပေးရန်အတွက်သာ ဖြစ်သလော။ သင့်တွင် ချို့တဲ့မှုများစွာရှိသည်ဟု သင်စိတ်နှလုံးထဲတွင် အမှန်တကယ် မခံစားရသလော။ မည်သို့ဆုတောင်းရမည်ကို မသိခြင်းက သေးငယ်သော ပြဿနာမဟုတ်ပေ။ ယင်းက ဘုရားသခင်၏အမှုတော်အား သင် မည်သို့ တွေ့ကြုံခံစားရမည်ကို သင်မသိကြောင်း ပြသသည်။ ယင်းက ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့ဘဝထဲသို့ သင်မယူဆောင်ရသေးကြောင်းနှင့် သင့်ဘဝတွင် ဘုရားသခင်နှင့် စစ်မှန်သော အပြန်အလှန်ဆက်ဆံခြင်း တစ်ခုတလေ ရှိခဲလှကြောင်းတို့ကို ပြသည်။ ဘုရားသခင်နှင့် သူ၏ နောက်လိုက်များကြား သို့မဟုတ် ဖန်ဆင်းခံများနှင့် ၎င်းတို့၏ ဖန်ဆင်းရှင်တို့ကြား တည်ရှိသင့်သည့် ဆက်ဆံရေးမျိုးကို သင် ဘုရားသခင်နှင့် အမှန်တကယ်ကို မတည်ဆောက်ရသေးပေ။ ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ သင်သည် သင်၏ ခံစားချက်အရဖြစ်သော လက်ခံမှုများ၊ အယူအဆများ၊ အတွေးအခေါ်များ၊ အသိပညာ၊ ဆုကျေးဇူးနှင့် ပါရမီများ၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဦးဆောင်ခြင်းခံရသည်။ သင်သည် ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်သောကြောင့် သူ့ရှေ့မှောက်သို့ သင် လာချိန်တွင် ယေဘုယျအားဖြင့် သူ့ကို ပြောရန် မည်သည့်အရာမျှ မရှိချေ။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်သော လူများ၏ ဝမ်းနည်းဖွယ် အခြေအနေတစ်ခု ဖြစ်ပေသည်။ အင်မတန် သနားဖွယ်ကောင်းသော အခြေအနေတစ်ခု ဖြစ်သည်တကား။ လူတို့သည် ၎င်းတို့၏ ဝိညာဉ်ထဲတွင် ခြောက်သွေ့ပြီး ထုံထိုင်းကြသည်။ ဘဝတွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့ မည်သည့်အရာမျှ မခံစားရသကဲ့သို့ ယင်းတို့နှင့်ဆိုင်သည့် မည်သည့် နားလည်သဘောပေါက်မှုမျှလည်း မရှိကြချေ။ ပြီးလျှင် ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ လာကြသည့်အခါ ၎င်းတို့ ဘာမျှ ပြောစရာမရှိကြချေ။ သင့်ကိုယ်သင် မည်သည့် အခြေအနေမျိုးတွင် ရှိသည်ကို တွေ့ရပါစေ၊ မည်သည့် အတိဒုက္ခကို သင် ရင်ဆိုင်ရပါစေ၊ ပြီးလျှင် မည်သည့် အခက်အခဲများကို သင် ကြုံရပါစေ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် အာစေးမိနေပါက သူ့အပေါ် သင်၏ ယုံကြည်ခြင်းကို မေးခွန်းထုတ်၍ရနိုင်သည် မဟုတ်လော။ ယင်းသည် လူ၏ သနားဖွယ်ဖြစ်ခြင်းပင် မဟုတ်လော။
လူများသည် ဘုရားသခင်ထံ အဘယ်ကြောင့် ဆုတောင်းရမည်နည်း။ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် ဘုရားသခင်ကို ကိုးစားရန်နှင့် သူ့ကို မှီခိုရန် လူသား၏ တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်။ ဆုတောင်းခြင်းမရှိဘဲ ဤအရာများသည် မဖြစ်နိုင်ပေ။ ဘုရားသခင်ကို မှီခိုခြင်းနှင့် သူ့ကို ကိုးစားခြင်းတို့သည် ဆုတောင်းခြင်းမှတစ်ဆင့် ပြီးမြောက်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးသည် သူ့ထံ ဆုမတောင်းဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့ကို ရနိုင်သလော။ ဘုရားသခင်၏အမှုတော်နှင့် လမ်းပြခြင်းတို့ကို ၎င်းတို့ ရယူနိုင်သလော။ အကယ်၍ သင့်အခက်အခဲများကို ဘုရားသခင်ထံ အပ်နှံခြင်းမရှိသည့်အပြင် သူ့ထံ ဆုမတောင်းဘဲ သမ္မာတရားကို မရှာဖွေပါက ယင်းတို့ကို သူမည်သို့ဖြေရှင်းပေးမည်နည်း။ ရှေ့ဆက်ရမည့်လမ်းတွင် သူ့နောက်လိုက်ဖို့ သင့်ကို သူမည်သို့လမ်းပြမည်နည်း။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ သင့်အား သူမည်သို့ကယ်တင်မည်နည်း။ ဆုမတောင်းဘဲ ဘုရားသခင်ကို ယုံကြည်လက်ခံခြင်းသည် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်လက်ခံခြင်း မဟုတ်ဟု ဆိုနိုင်သည်။ လူသားနှင့် ဘုရားသခင်ကြားရှိ ပုံမှန်ဆက်ဆံရေးတစ်ခုကို ဆုတောင်းခြင်းဖြင့် တည်ဆောက်ရမည်ဖြစ်ပြီး ယင်းကို ဆုတောင်းခြင်းမှတစ်ဆင့် ထိန်းသိမ်းရမည်။ ဆုတောင်းခြင်းသည် ဘုရားသခင်ကို လူ၏ယုံကြည်လက်ခံခြင်း အမှတ်အသားဖြစ်သည်။ လူတစ်ဦးက အမှန်တကယ် ဆုတောင်းခြင်း ရှိမရှိဟူသည်မှာ ဘုရားသခင်နှင့် ထိုလူ၏ဆက်ဆံရေးက ပုံမှန် ဟုတ်မဟုတ်ဆိုသည်ကို စမ်းသပ်ရန်အတွက် တစ်ခုတည်းသောစံနှုန်းဖြစ်သည်။ လူတစ်ဦးသည် လှိုက်လှဲသည့် စကားများနှင့် ဆုတောင်းသရွေ့၊ ထို့အပြင် လူတစ်ဦးသည် ဆုတောင်းခြင်းဖြင့် သမ္မာတရားကို ရှာဖွေနိုင်သရွေ့ သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ကို ရယူနိုင်ပြီး ဤအရာက သူသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုရှိကြောင်းကို ပြသပေသည်။ အကယ်၍ လူတစ်ဦးသည် ဆုတောင်းခဲပြီး လှိုက်လှဲသည့် စကားများကို မပြောနိုင်ပါက၊ အကယ်၍ သူသည် ဘုရားသခင်ကို အမြဲတမ်း သတိထားရှောင်ကြဉ်ပါက ယင်းမှာ ၎င်းတို့၏ဘုရားသခင်နှင့်ဆက်ဆံရေးသည် ပုံမှန်မဟုတ်သည်ကို ပြပေသည်။ ထို့အပြင် အကယ်၍ လူတစ်ဦးသည် လုံးဝ ဆုမတောင်းလျှင် ယင်းက ၎င်းသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု လုံးဝ မရှိကြောင်းကို ပြသည်။ အကယ်၍ လူတစ်ဦးသည် ကောင်းစွာ ဆုတောင်းပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး ထိုသူသည် ဘုရားသခင် ချစ်သောသူဖြစ်သည်။ မကြာခဏ ရိုးသားစစ်မှန်စွာ ဆုတောင်းသူများသည် ရိုးသားသောလူများ ဖြစ်ကြပြီး ဘုရားသခင်အတွက် ရိုးရှင်းသောချစ်ခြင်းရှိကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ထံ ဆုမတောင်းသော သူအားလုံးသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိကြပေ။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဝေးကွာနေကြပြီး သူ့ကို ပုန်ကန်ကာ အတိုက်အခံလုပ်ကြသည်။ ဘုရားသခင်ထံ ဆုမတောင်းသောလူအများစုသည် သမ္မာတရားကို ချစ်သောသူများ သို့မဟုတ် ရှာဖွေသူများ မဟုတ်ကြပေ၊ ထို့အပြင် သမ္မာတရားကို မချစ်သော သို့မဟုတ် မရှာဖွေသောသူများသည် ရိုးသားစစ်မှန်စွာ ဆုမတောင်းနိုင်ကြပေ။ ၎င်းတို့တွင် မည်သည့်အခက်အခဲများရှိသည်ဖြစ်စေ ဆုမတောင်းကြသကဲ့သို့ ၎င်းတို့ ဆုတောင်းကြသောအခါတွင်လည်း ၎င်းတို့၏အခက်အခဲများနှင့် ဆင်းရဲဒုက္ခခံရခြင်းတို့ကို ဖယ်ရှားပေးရန် ဘုရားသခင်ကို အသုံးချဖို့အတွက်သာ ဆန္ဒရှိကြသည်။ ဘုရားသခင်၏ရည်ရွယ်ချက်များကို ၎င်းတို့ ဂရုမစိုက်ကြသကဲ့သို့ ၎င်းတို့၏အခက်အခဲများထဲတွင် ၎င်းတို့ နားလည်သင့်ပြီး ဝင်ရောက်သင့်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာများကို ၎င်းတို့ မရှာဖွေကြချေ။ ထိုကဲ့သို့သောလူများသည် သမ္မာတရားကို မတောင့်တကြဘဲ ဘုရားသခင်ကို စစ်မှန်သောယုံကြည်ခြင်း မရှိကြချေ။ အနှစ်သာရအားဖြင့် ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်ပြီး အရာအားလုံးတွင် သမ္မာတရားကို ရှာဖွေရမည်။ ဆုတောင်းပြီးနောက် ချက်ချင်း သင့်စိတ်နှလုံးက ပိုတောက်ပလာသည် သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းတစ်ခုကို ရလိုက်သည်ဟု သင်ခံစားကောင်းခံစားရလိမ့်မည် မဟုတ်သော်လည်း ဘုရားသခင်ကို စောင့်ဆိုင်းလော့။ ပြီးလျှင် သင်စောင့်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီး သမ္မာတရားကို ရှာဖွေလော့။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ သို့မဟုတ် တရားဒေသနာများနှင့် မိတ်သဟာယကို နားထောင်သည့်အခါ သင့်ပြဿနာများကို ဆင်ခြင်သုံးသပ်ပြီး ရှာဖွေရာတွင် အာရုံစိုက်လော့။ ဤနည်းလမ်းများဖြင့် သင်လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ပါက ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင် ဆင်ခြင်သုံးသပ်နေသောအချိန် သို့မဟုတ် တရားဒေသနာများနှင့် မိတ်သဟာယတို့ကို နားထောင်နေသောအချိန်တွင် ထိုးထွင်းသိမြင်ခြင်းက သင့်ထံ လျှပ်တစ်ပြက် ရောက်ကောင်းရောက်လာနိုင်သည်။ သို့မဟုတ် ပြဿနာတစ်ခုခု သင်ရင်ဆိုင်ကြုံတွေ့ရပြီး ယင်းက သင့်ကို စိတ်လှုံ့ဆော်ပေးကာ သင် ဖြေရှင်းဖို့ ရှာနေသည့် မေးခွန်းအတွက် အဖြေ အတိအကျကို သင်ရှာတွေ့သည်ဟူ၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းပြခြင်းနှင့် သူ့အစီအစဉ် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်ထံ ရိုးသားစစ်မှန်စွာ ဆုတောင်းခြင်းသည် ထိရောက်နိုင်သော်လည်း ဤအကျိုးတရားသည် သင်ဆုတောင်းပြီးနောက် ချက်ချင်း ရနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ယင်းသည် အချိန်ယူရပြီး မိမိ၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် လက်တွေ့လုပ်ဆောင်မှုတို့ လိုအပ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို မည်သည့်အချိန်တွင် ဉာဏ်အလင်းပေးလိမ့်မည်ဆိုသည်နှင့် သင့်ကိုအဖြေပေးလိမ့်မည်ဆိုသည်တို့ကို ပြော၍မရနိုင်ပေ။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းနှင့် ထိုသမ္မာတရားကို နားလည်ခြင်းဖြစ်စဉ်ဖြစ်ပြီး ဘဝတွင် လူသား ကြီးပြင်းလာသည့် လမ်းကြောင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် သင်တို့သည် မည်သို့ဆုတောင်းရမည်ကို အစမှ နောက်တစ်ကြိမ်ထပ်၍ သင်ယူရဆဲဖြစ်သည်။ မည်သို့ ဆုတောင်းရမည်ကို သင် မသိဆဲဖြစ်သကဲ့သို့ ပြဿနာတစ်ခုကို သင် ရင်ဆိုင်ရသည့်အခါတိုင်းတွင် ပေါ်ပင်ရေပန်းစားသော စကားလုံးများကို သင် ဟစ်ကြွေးရုံဟစ်ကြွေးကာ ဆုံးဖြတ်ချက်များ ချသည်၊ သို့မဟုတ် ဘုရားသခင်ကို ညည်းညူပြီး သင် မည်သို့ ဆင်းရဲဒုက္ခခံနေရသည်ကို ပြောရင်း သင်၏ မကျေနပ်ချက်များကို ဖွင့်ဟသည်၊ သို့မဟုတ်ပါက ရှာကြံအကြောင်းပြပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြသည်။ ဤသည်တို့မှာ သင်တို့၏ စိတ်နှလုံးတွင် စွဲကိုင်ထားသည့် အရာများဖြစ်ပြီး သမ္မာတရားထဲသို့ သင်တို့ ဝင်ရောက်ဖို့ အလွန်နှေးကွေးရလေသည်မှာ အံ့ဩစရာ မဟုတ်ပေ။ သင် အာရုံထွေပြားနေသည်။ သမ္မာတရားအား မည်သို့လိုက်စားရမည်ကို သင်မသိသကဲ့သို့ ဤကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်အတွက် ကယ်တင်ခြင်းရရှိရန် လုံလောက်လိမ့်မည်လောဟူသည်ကို ပြောဖို့ ခက်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။