အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၈)

၎င်းတို့၏ အသက်များဖြစ်လာနိုင်ရန်အလို့ငှာ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအား မည်သူတို့ကို ပေးရန် ရည်ရွယ်ထားသနည်း။ မည်သူ့အတွက် သမ္မာတရားကို မိတ်သဟာယပြုနေခြင်း ဖြစ်သနည်း။ (သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သော သူတို့အတွက်ဖြစ်သည်။) သမ္မာတရားကို အမှန်တကယ် ချစ်နိုင်ပြီး မိမိတို့ စိတ်နှလုံးများတွင် သမ္မာတရားကို လက်ခံနိုင်သည့်သူများမှာ အဘယ်သူနည်း။ ဤမေးခွန်းကို သင် ရိပ်စားနိုင်ပါက မည်သည့်လူစားမျိုးက ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည်ကို သင် သိလိမ့်မည်။ ပထမဦးစွာ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းနှင့် မိမိတို့ အသိစိတ်နှင့်ဆိုင်သည့် အသိတို့ကို ပိုင်ဆိုင်သူများအတွက် ရည်ရွယ်ထားကြောင်းကို ငါတို့ နားလည်ရပေမည်။ အခြားလူတို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ ထိုသမ္မာတရားကို ကြားပြီးနောက်တွင် မိမိတို့ကိုယ်ကို ပြစ်တင်ဆုံးမခြင်း သို့မဟုတ် မည်သည့်အရာမျှ ခံစားခြင်းမရှိဘဲ ၎င်းတို့ ဂရုမစိုက်သကဲ့သို့ မတုန်မလှုပ်ဘဲ ရှိနေသည်။ ၎င်းတို့ အသက်ရှင်သော်လည်း သေနေကြပြီး အသက်ဝင်ရောက်မှု မရရှိရန် ကံစီမံထားပေသည်။ လူအချို့က “လူအများစုက သမ္မာတရားကို မချစ်ကြသော်လည်း၊ ကောင်းမွန်သည့် လူ့သဘာဝ မပိုင်ဆိုင်ကြသကဲ့သို့ သို့မဟုတ် သမ္မာတရားကို လက်မခံကြသကဲ့သို့ ကယ်တင်ခြင်း ခံရမည့်သူများ မဟုတ်ဘဲ ထိုအစား အစေခံသူများသာ ဖြစ်ကြသော်လည်း ဘုရားသခင်သည် အဘယ်ကြောင့် နှုတ်ကပတ်တော်များစွာ ပြောဆိုရန် အလွန်များသည့် ဆင်းရဲဒုက္ခကို ကျော်ဖြတ်ရသနည်း”ဟု မေးကြလိမ့်မည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ပါ။ လူအများစုက သမ္မာတရားကို လိုက်စားရန် လိုလားနေခြင်း မရှိကြသော်လည်း သေးငယ်သည့် လူစုတစ်စုသည် ထိုသမ္မာတရားကို လိုက်စားရန် လိုလားနေဆဲ ဖြစ်ပြီး ၎င်းတို့တွင် လူ့သဘာဝအချို့ ရှိကြကာ ဘုရားသခင် ကယ်တင်လိုသည်မှာ ဤသေးငယ်သည့် အုပ်စုဖြစ်သည်။) မှန်၏။ ဘုရားနှုတ်ကပတ်တော်များက လူတို့ နားထောင်ရန်ဖြစ်သည်၊ သားရဲတိရစ္ဆာန်များ၊ သို့မဟုတ် နတ်ဆိုးများ နားထောင်ရန် မဟုတ်။ အသင်းတော်အတွင်းတွင် လူသုံးပုံတစ်ပုံ သို့မဟုတ် ငါးပုံတစ်ပုံက သမ္မာတရားကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မည်သို့ပင်ဆိုပါစေ အဆုံးတွင် ကျန်ရှိမည့်သူများမှာ လူနည်းစု ဖြစ်သည်။ ထို့ကြောင့် အဘယ်သူသည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်သူတစ်ဦးဖြစ်ပြီး အဘယ်သူက ကျန်ရှိနိုင်သည်ဆိုသည်ကို ငါတို့ မည်သို့ အကဲဖြတ်သင့်သနည်း။ လူတစ်ဦးက အသိစိတ်ရှိသလော၊ ၎င်းတို့၏ အသိစိတ်က ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်းမှတစ်ဆင့် အသိအချို့ ရရှိခြင်း ရှိမရှိ၊ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ နားလည်နိုင်ခြင်း ရှိမရှိ၊ တရားဒေသနာများကို နားထောင်ခြင်းမှတစ်ဆင့် သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ကာ ထိုသမ္မာတရားကို နားလည်နိုင်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ငါတို့ အကဲဖြတ်၍ရနိုင်သည်။ ဤအရာများအပေါ် အခြေခံ၍ ၎င်းတို့က သမ္မာတရားကို လက်ခံသောလူများနှင့် ဘုရားသခင်၏ သိုးများဖြစ်သလောဆိုသည်ကို ငါတို့ ပိုင်းခြားသိမြင်နိုင်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကို နားထောင်နိုင်ကြသည်၊ သူ၏ အသံကို ကြားပြီးနောက်တွင် တုံ့ပြန်ကာ အသိရှိကြပြီး ဘုရားသခင်နောက် လိုက်ရန် လိုလားနေကြသည်။ ဤလူများသည် ဘုရားသခင်၏ သိုးများ ဖြစ်ကြ၏။ ဤလူများသည် ၎င်းတို့၏ လူ့သဘာဝတွင် မည်သည့်အရာ ပိုင်ဆိုင်ကြသနည်း။ (ဤလူများက အပြုသဘောဆောင်သည့် အရာများကို နှစ်သက်ကြသည်၊ သမ္မာတရားကို လိုက်စားရန် လိုလားနေကြပြီး အသိစိတ်အချို့ ရှိကြသည်။) ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရန် လိုလားနေကြသနည်း။ ၎င်းတို့၏ လူ့သဘာဝတွင် သမ္မာတရားအတွက် ချစ်ခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကိုလည်း နားလည်နိုင်ကြကာ ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ပိုင် အခြေအနေများတွင် အသုံးပြုနိုင်ကြပြီးနောက် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ နေ့စဉ်အစိတ်အပိုင်းအဖြစ်၊ မိမိတို့၏ အသက်များနှင့် မိမိတို့ အပြုအမူ၏ ရည်မှန်းချက်၊ စည်းမျဉ်းနှင့် အခြေခံအုတ်မြစ်အပြင် ၎င်းတို့ ကျင့်ကြံပြုမူပုံအဖြစ်သို့ ပြောင်းလဲနိုင်ကြသည်။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့ ဘဝများ၏ လက်တွေ့အရှိတရားဖြစ်လာပြီး ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြပေသည်။ ဤလူများသည် ဘုရားသခင်၏ သိုးများဖြစ်ကြ၏။ အပြင်ပန်းတွင် အကြည့်ရ မဆိုးသကဲ့သို့ အတော် မာယာကင်းသည့် လူအချို့ ရှိကြသော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီးသည့်နောက်တွင် လက်တွေ့ မလုပ်ဆောင်နိုင်ကြပေ။ ဤလူများသည် ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ အလုပ်လုပ်ပေးသူများထဲတွင် ဘုရားနှုတ်ကပတ်တော်များကို မည်သို့နားထောင်သည်ဖြစ်စေ နားမလည်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို သာ၍ပင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသည့် ထိုသို့သော လူများစွာ ရှိကြ၏။ ၎င်းတို့သည် အသက် ရရှိခြင်းမရှိဘဲ ဘုရားသခင်ကို နှစ်ချီ ယုံကြည်နိုင်ကြသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များဖြင့် မည်သူ အတိအကျ ကယ်တင်ခံရနိုင်သည်ကို လူတို့ နားလည်သင့်သည်။ ဘုရားသခင် ကယ်တင်သည့် လူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ မည်မျှရှိသည်မှာ အရေးမကြီးပေ။ တစ်ဦးကသာ ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်လျှင်ပင် လုပ်သင့်သည့်အလုပ်ကို ဘုရားသခင် လုပ်ဆောင်လိမ့်ဦးမည် ဖြစ်သည်။ လူအများ သိထားကြသည့်အတိုင်း နောဧက သင်္ဘောကို ဆောက်ခဲ့ချိန်တွင် လူရှစ်ဦးသာ ကယ်တင်ခြင်းခံခဲ့ရသည်။ ဓမ္မဟောင်းခေတ်မှသည် မျက်မှောက်အထိ အနည်းငယ်သာ ကယ်တင်ခြင်းခံရပြီး ဖြစ်သည်။ ဘုရားသခင်က ကယ်တင်ခြင်းအမှုကို တရားဝင် မလုပ်ဆောင်သေးသကဲ့သို့ လူသားမျိုးနွယ်ကို သမ္မာတရားဖြင့် မထောက်ပံ့သေးသည့် ပညတ်တော်ခေတ်တွင် လူမည်မျှကို ဘုရားသခင် လက်ခံခဲ့ပါသနည်း။ များစွာရှိခဲ့သလော။ ထိုအချိန်အတောအတွင်းတွင် ဘုရားသခင်၏ လက်ခံမှုကို ရရှိခဲ့သည့်လူများ အလွန် နည်းပါးခဲ့သည်။ နောက်ဆုံးသော ကာလ၏ အမှုတော်ကကော အဘယ်သို့နည်း။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် သမ္မာတရားကို လက်ခံနိုင်သည့် လူအရေအတွက်က အနည်းစုသာ ဖြစ်သော်လည်း ဤအရေအတွက်က ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ ရယူခြင်းခံခဲ့ရသူများထက် များပြားနေဆဲ ဖြစ်သည်။ ယခုတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပေးနိုင်သည့်လူများမှာ အတော်နည်းပါးပြီး မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲပြီးဖြစ်သောသူအချို့ ဧကန်အမှန် ရှိသောကြောင့် ဘုရားသခင်၏ စိတ်နှလုံးသည် ဤအရာမှ နှစ်သိမ့်မှုအချို့ အဘယ်သို့များ မရဘဲရှိနိုင်မည်နည်း။

အသင်းတော်ရှိ လူအများစုသည် ဘုရားသခင်ကို နှစ်အတော်ကြာ ယုံကြည်ပြီးဖြစ်သည့်တိုင် သမ္မာတရားကို မလိုက်စားကြောင်း၊ လုံးဝ မပြောင်းလဲသေးကြောင်းနှင့် ဘာသာတရားမရှိသူများကဲ့သို့ ဖြစ်နေဆဲဖြစ်ကြောင်း မြင်ရသည့်အခါ သင်တို့ အပျက်သဘောဆောင်ကြသလော။ (တစ်ခါတစ်ရံ ကျွန်ုပ် အနည်းငယ် အပျက်သဘောဆောင်သော်လည်း တစ်စုံတစ်ဦးက မည်မျှ ပုန်ကန်တတ်သည်ဖြစ်စေ၊ သူ၏ အစွမ်းအစ မည်မျှညံ့ဖျင်းသည်ဖြစ်စေ၊ သူ၏ စိတ်နှလုံး မှန်ကန်ပြီး သမ္မာတရား လိုက်စားရာတွင် ကြိုးပမ်းရန် လိုလားနေသရွေ့ ဘုရားသခင်က သမ္မာတရားကို နည်းနည်းချင်း ရှင်းလင်းလွယ်ကူစေကာ အသေးစိတ်နိုင်သမျှ စိတ်၍ သူတို့ကို မိတ်သဟာယပြုရင်း အကြီးမားဆုံး သည်းခံခြင်းဖြင့် သူတို့အပေါ် ဆက်လက်၍ အမှုပြုလိမ့်မည် ဖြစ်သည်။ ဘုရားသခင်က အောင်မြင်သည်အထိ လုံးဝ လက်မလျှော့ဘဲ လူသားမျိုးနွယ်ကို စုံလင်စေဖို့ မည်မျှ ပေးဆပ်သည်ကို မြင်သည့်အခါ ကျွန်ုပ် အလွန်အမင်း တို့ထိခံရသည်။ ကျွန်ုပ်၏ အစွမ်းအစ မည်မျှညံ့ဖျင်းသည်ဖြစ်စေ၊ ပိုကောင်းအောင် ကျွန်ုပ် ကြိုးစားရမည်၊ ကျွန်ုပ်၏ လိုက်စားမှုတွင် လုံ့လရှိရမည်ဖြစ်ပြီး စိတ်ပျက်အားလျော့၍ မရဟု ခံစားရပါသည်။) လူတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိသည်မှာ သို့မဟုတ် ပုန်ကန်တတ်သည်မှာ သိထားကြသည့် အမှန်တရားတစ်ခု ဖြစ်သော်လည်း ဤအရာကြောင့် သင်ကယ်တင်ခံရမည် မဟုတ်ဟု ဘုရားသခင်က မည်သည့်အခါတွင်မျှ မပြောခဲ့ပေ။ သူက သင့်ကို ကယ်တင်မည် မဟုတ်ပါက အဘယ်ကြောင့် ဤစကားများကို သင့်ထံ သူ ပြောဆိုသနည်း သို့မဟုတ် ထိုသို့သော အဖိုးအခတစ်ခု ပေးသနည်း။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူသားမျိုးနွယ်ထံ ရှင်းလင်းစွာ ပြောဆိုထားနှင့်ပြီးဖြစ်ကာ တိကျပြတ်သားစွာ သိရှိစေပြီး ဖြစ်သည်။ ထိုအရာသည် လျှို့ဝှက်ချက်မဟုတ်ဘဲ သိထားသည့်အရာဖြစ်ကာ စိတ်နှလုံးနှင့် ဝိညာဉ်ရှိသောသူ မည်သူမဆို နားလည်နိုင်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် မိုက်မဲသူများသာ အပျက်သဘောဆောင်နိုင်ပြီး သမ္မာတရားကို နားမလည်သူများသာ ကယ်တင်ခံရနိုင်စွမ်း မရှိကြောင်း မိမိတို့ကိုယ်ကို ယုံကြည်လျက် စိတ်ပျက်ကာ တုန်လှုပ်ချောက်ချားကြလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် အရေးအကြီးဆုံးသော အရာမှာ သူ ပြောဆိုသည့် ဤစကားများနှင့် သမ္မာတရားများအားလုံးကို သင် ယုံကြည်ရမည်ဖြစ်သည်။ သင့်ထံတွင် သန္နိဌာန်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့ ထိုသမ္မာတရားများက သင်၏ အသက်ဖြစ်လာနိုင်သည်။ သင်၏ ဘဝက အဆုံးတွင် မည်မျှ ရင့်ကျက်သည်မှာ အရေးမကြီးပေ၊ ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို တမင် ချိုးဖောက်ခြင်းမရှိဘဲ အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ လက်တွေ့လုပ်ဆောင်သရွေ့၊ သင် နားလည်သမျှ လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားအတွက် ကြိုးပမ်းကာ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်သရွေ့ ဤသည်မှာ စံမီပေသည်။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မမြင့်မားပေ။ ဘုရားသခင် မိတ်သဟာယပြုသည့် သမ္မာတရားများမှာ ပြည့်စုံပြီး သူ၏ နှုတ်ကပတ်တော်များက အထူးသဖြင့် အသေးစိတ်ကျကာ တိကျပေသည်။ အဘယ်ကြောင့် ဤသို့ ပြောဆိုသနည်း။ ထိုအရာမှာ နည်းပါးသည့် လူတစ်စု သို့မဟုတ် လူနှစ်မျိုးနှစ်စားအတွက်မျှသာ မဟုတ်ဘဲ လူသားမျိုးနွယ်အတွက် ထောက်ပံ့မှုဖြစ်သည်။ လူသားမျိုးနွယ်ထံ ထောက်ပံ့ထားသည့် သမ္မာတရားများ အားလုံးထဲတွင် သင် လက်တွေ့လုပ်ဆောင်နိုင်ပြီး ရရှိနိုင်သည့် အကန့်အသတ်တစ်ခု ရှိသည်။ အကန့်အသတ်တစ်ခုရှိသည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အစွမ်းအစ၊ ထိုးထွင်းအမြင်နှင့် နားလည်နိုင်စွမ်းတို့သည် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ပေးသည့် ပတ်ဝန်းကျင်များနှင့် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များကဲ့သို့ပင် မတူညီသောကြောင့် ဖြစ်သည်။ ဤ“မတူကွဲပြားမှုများ”က လူတစ်ဦးစီအား ဘုရားနှုတ်ကပတ်တော်၏ တစ်စိတ်တစ်ပိုင်းသာ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်နိုင်စေကာ ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့်အရာ သို့မဟုတ် လက်တွ့လုပ်ဆောင်နိုင်သည့်အရာက နည်းပါးသွားပေသည်။ ဥပမာအနေဖြင့် နာမကျန်းမှုနှင့်ဆိုင်သည့် စမ်းသပ်မှုတစ်ခုကို တစ်စုံတစ်ဦး တွေ့ကြုံရလျှင် ထိုစမ်းသပ်မှုက ဘုရားသခင်ထံမှ လာသည်ဟု သဘောပေါက်သော်လည်း ဘုရားသခင်က လူတိုင်းကို နာမကျန်းမှုနှင့်ဆိုင်သည့် စမ်းသပ်မှုတစ်ခု တွေ့ကြုံစေသင့်သည်ဟု တွေးလျှင် သင့်လျော်ပါသလော။ (မသင့်လျော်ပါ။) ဤအရာသည် လူသားအလိုဆန္ဒမှ လုံးဝ လာပေသည်။ ဘုရားသခင်သည် လူတိုင်းပေါ် မတူကွဲပြားစွာ အမှုပြုပြီး ဤစမ်းသပ်မှုက သီးသန့်လူတစ်စုကို ရည်ရွယ်ထားပေသည်။ ဘုရားသခင်သည် ၎င်းတို့အား နာမကျန်းမှုနှင့်ဆိုင်သည့် စမ်းသပ်မှုကို တွေ့ကြုံစေရန် ၎င်းတို့အပေါ် အမှုပြုသည်။ ဘုရားသခင်က လူတစ်စုအား နာမကျန်းမှုနှင့်ဆိုင်သည့် စမ်းသပ်မှုတစ်ခုကို တွေ့ကြုံစေပြီးသည့်နောက်တွင် လူအားလုံးက မည်သည့်အရာကို ရရှိသနည်း။ ယင်းမှာ စမ်းသပ်မှုအတောအတွင်းတွင် လူတို့သည် ဘုရားသခင်အား မည်သို့ ကျိုးနွံနာခံရမည်ကို သင်ယူသင့်သည်၊ မိမိကိုယ်ပိုင် ပုန်ကန်မှုကို သိရှိသင့်သည်၊ အဖန်ဆင်းခံနှင့် ဖန်ဆင်းရှင်တို့ကြား ဆက်နွှယ်မှုကို ပြုပြင်သင့်သည်၊ လူနှင့် ဘုရားကြား ဆက်ဆံရေးကို ပြင်သင့်သည်၊ ဘုရားသခင်၏ စိတ်နှလုံးကို နားလည်နိုင်သင့်သည်၊ သူ့ကို ကျိုးနွံနာခံမှုအား စွမ်းဆောင်ရရှိသင့်ပြီး မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ဘုရားသခင်ကို အထင်မလွဲနှင့် ကျိုးနွံနာခံရုံ ကျိုးနွံနာခံကြလော့။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာမှာ လူတိုင်း ရရှိသင့်သည့်အရာ ဖြစ်သည်။ သင်သည် အခြားတစ်စုံတစ်ဦး၏ အတွေ့အကြုံမှ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ရရှိပါက ဤစမ်းသပ်မှုကို သင်လည်းတွေ့ကြုံရမည် မဟုတ်လော။ တွေ့ကြုံချင်မှ တွေ့ကြုံရပေမည်။ ဤစမ်းသပ်မှုနှင့် ဘုရားသခင်၏ အမှုတော် တစ်စိတ်တစ်ပိုင်းကို တွေ့ကြုံရန် ဘုရားသခင်က သင့်တော်သည့် လူကို ဖြစ်စေ၊ သီးသန့် တစ်စုံတစ်ဦး ဖြစ်ကောင်းဖြစ်စေ မတူကွဲပြားသည့် လူများကို ရွေးချယ်သည်။ ဤသည်မှာ လူတို့ကို ဘုရားသခင် ကတိပြုခဲ့သည့်အရာဖြစ်ပြီး သူ လုပ်ဆောင်မည့်အရာ ဖြစ်သည်။ လူအချို့သည် ချစ်ခင်ရသူများကို ဆုံးရှုံးရသည့် စိတ်ဆင်းရဲမှု တွေ့ကြုံကြရပြီးဖြစ်ကာ ဤဆုံးရှုံးမှုမှ အတွေ့အကြုံနှင့် ဘုရားသခင်အတွက် သက်သေခံချက်၊ ကျိုးနွံနာခံမှုတို့အပြင် စစ်မှန်သည့် အားထားမှုနှင့် ယုံကြည်မှုတို့ ရှိကြလေသည်။ သီးသန့် လူတစ်စုအပေါ် ဘုရားသခင် ပြုသည့်အမှုမှ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် မှန်ကန်ပြီး လူတို့ ရွေးချယ်သင့်သည့်အရာမှာ ကျိုးနွံနာခံမှုဖြစ်ကြောင်း၊ စိစစ်ခြင်း၊ ရှာဖွေခြင်း၊ သို့မဟုတ် သူ့ကို ကျိုးကြောင်းပြပြောဆိုခြင်း၊ သူ့ကို ရှင်းလင်းစွာနှင့် လုံးစေ့ပတ်စေ့ ရှင်းပြခိုင်းခြင်းတို့ မဟုတ်ကြောင်း သက်သေခံချက်ကို မြင်နိုင်ပေသည်။ ၎င်းတို့သည် အကြွင်းမဲ့နှင့် ညည်းညူခြင်းမရှိဘဲ ကျိုးနွံနာခံသင့်သည်။ ထို့အပြင် ဘုရားသခင် လုပ်ဆောင်သမျှ အမှုအားလုံး၏ အဓိပ္ပာယ်နှင့် တန်ဖိုးကို လူတို့ နားလည်ရန် သင်ယူသင့်သည်။ ဘုရားအမှုတော်၏ ဤနည်းလမ်းများနှင့် သူ့နှုတ်ကပတ်တော်များ၏ သွင်ပြင်လက္ခဏာအားလုံးမှ၊ လူတစ်ဦးချင်းစီက တွေ့ကြုံသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များ၏ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ဤသေးငယ်သည့် အစိတ်အပိုင်းအတွင်းတွင် သင်၏ အစွမ်းအစ၊ သင်၏ မိသားစု ပတ်ဝန်းကျင်နှင့် သင် လက်ရှိ ထမ်းဆောင်နေသည့် တာဝန်တို့ပေါ် မူတည်၍ ဘုရားနှုတ်ကပတ်တော်များအပေါ် သင် တွေ့ကြုံသည့်အရာမှာ ထိုနှုတ်ကပတ်တော်များ၏ တစ်သောင်းပုံတစ်ပုံ ဖြစ်သည်၊ သို့မဟုတ် တစ်သောင်းပုံတစ်ပုံသာ ဖြစ်သည်ဟု သင် ဆိုနိုင်သည်။ သင်သည် ဤတစ်သောင်းပုံတစ်ပုံထဲသို့ ဝင်ရောက်ကာ ဘုရားသခင်ကို အကြွင်းမဲ့၊ ပကတိ ကျိုးနွံနာခံမှုကို အမှန်တကယ် စွမ်းဆောင်ရရှိပါက၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် သင့်ကိုယ်သင် ထားရှိပါက၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံကာ သင့်အထဲတွင် ဘုရားသခင် ရရှိလိုသည့် ရလဒ်ကို စွမ်းဆောင်ရရှိပါက သင် ကယ်တင်ခံရလိမ့်မည်။ ဤသည်မှာ နားလည်ရန် လွယ်ပြီး လက်တွေ့အရှိတရားပင် ဖြစ်၏။

သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် အဓိကဖြစ်သည့်အရာမှာ သင်တို့ သစ္စာစောင့်သိခြင်း ဖြစ်သည်။ သစ္စာစောင့်သိမှုဆိုသည်မှာ အဘယ်နည်း။ အလေးအနက်ထားပြီး တာဝန်ယူတတ်ရန်၊ အနည်းငယ်မျှ ဝတ်ကျေတမ်းကျေဖြစ်ခြင်းမရှိဘဲ သင်၏ တာဝန်ကို အပြည့်အဝ ထမ်းဆောင်ရန် ဆိုလိုသည်။ သင်သည် ဝတ်ကျေတမ်းကျေဖြစ်လျှင် တစ်စုံတစ်ရာ မှားယွင်းသည့်အခါ ထိုအရာမှာ အရှက်ရဖွယ် အမှတ်အသားတစ်ခုဖြစ်ပြီး ဤသည်မှာ အသေးအဖွဲကိစ္စတစ်ခု လုံးဝ မဟုတ်ပေ။ ထို့အပြင် ဘုရားအိမ်တော်တွင် သင်တို့ကို တာဝန်ပေးထားသည့် အလုပ်နှင့် စပ်လျဉ်း၍ လူတိုင်းသည် အတူတကွ ပိုမိုမိတ်သဟာယပြုသင့်သည်၊ သမ္မာတရား စည်းမျဉ်းများကို ပိုမို ရှာဖွေသင့်ပြီး မှန်ကန်သည့် စည်းမျဉ်းများကို ရှာတွေ့သင့်ကြသည်။ ပြဿနာများကို ရှာဖွေတွေ့ရှိသည့်အခါ အလျင်အမြန် ဖြေရှင်းသင့်သည်၊ သို့မဟုတ်လျှင် ဖြေရှင်းမရနိုင်သည့် အရာများကို အထက်လူကြီးများထံ ချက်ချင်း အကြောင်းကြားသင့်သည်။ ဘုရားအိမ်တော်၏ အလုပ်က အတားအဆီးများ၊ လွယ်ပေါက်များ သို့မဟုတ် နှောင့်နှေးခြင်းမရှိဘဲ အဆင်ပြေချောမွေ့သည်ကို သေချာစေရန် ကြိုးပမ်းလော့။ သင်၏ အလုပ်ကို ကောင်းစွာ လုပ်ဆောင်လော့၊ ဧဝံဂေလိအလုပ် ဖြန့်ဝေခြင်းကို မြှင့်တင်ကာ ဘုရားသခင်၏ အလိုတော်အား ကမ္ဘာမြေပေါ်တွင် လုံးလုံးလျားလျား ပြည့်စုံစေလော့။ ဤသို့ဖြင့် သင်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်လိမ့်မည်။ အမှန်တွင် တစ်စုံတစ်ဦးက မိမိ၏ တာဝန်ကို ထမ်းဆောင်သည့် နယ်ပယ်အတွင်းတွင် ဤသည်တို့မှာ ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့်၊ စွမ်းဆောင်ရရှိနိုင်ပြီး ကိုင်တွယ်နိုင်သည့် သမ္မာတရား၏ သွင်ပြင်အနည်းငယ် ဖြစ်ကာ ဤသမ္မာတရားများ၏ စစ်မှန်မှုများထဲ ဝင်ရောက်ခြင်းသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံး စံနှုန်းကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ လူအချို့၏ ယုံကြည်ခြင်းသည် အားနည်း၏၊ လူအချို့မှာ သူရဲဘောကြောင်သူများဖြစ်သည်၊ အခြားသူတို့မှာ ညံ့ဖျင်းသည့် အစွမ်းအစရှိကြသည်၊ သို့မဟုတ် သိနားလည်မှုတွင် မမှန်ကန်မှုများရှိကြသည် သို့မဟုတ် မိုက်မဲသည့် အတွေးရှိကြသည်။ ဤအရာများနှင့် သွင်ပြင်လက္ခဏာများအားလုံးရှိ အခြားသော အပျက်သဘောဆောင်ပြီး မတုန်မလှုပ်ဖြစ်သော အရာများသည် လူတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်ကာ မိမိတို့၏ တာဝန်ကို ထိရောက်စွာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ကို ထိခိုက်၏။ ဘုရားသခင်သည် လူတို့အပေါ် သူ၏ တောင်းဆိုချက်များကို ၎င်းတို့၏ အစွမ်းအစ၊ အကျင့်စရိုက်နှင့် သမ္မာတရား သိနားလည်မှု အတိုင်းအတာတို့ပေါ် အခြေခံ၍ ပြုလုပ်သည်။ ဤသတ်မှတ်ချက်အတွက် စံနှုန်းမှာ အဘယ်နည်း။ လူတစ်ဦးက ဘုရားသခင်၌ မိမိ၏ ယုံကြည်ခြင်းတွင် စစ်မှန်ခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သလောဟူသည်တို့ကို ဘုရားသခင် ကြည့်သည်။ ဤသည်တို့မှာ အရေးအကြီးဆုံးသော သတ်မှတ်ချက်နှစ်ခု ဖြစ်သည်။ လူအချို့သည် ပင်ကိုအားဖြင့် မိုက်မဲကြသည်၊ အမှုအရာများအပေါ် ၎င်းတို့၏ သိနားလည်မှုတွင် မမှန်ကန်မှုများရှိသည်၊ ထိုးထွင်းအမြင် ကင်းမဲ့သည်၊ မည်သည့်အရာကိုမဆို သင်ယူမှု နှေးကွေးသည်၊ အခြားသူများက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ နားလည်ပုံမရသကဲ့သို့ သွန်သင်နေချိန်တွင် ၎င်းတို့ကို ကူညီဖေးမလမ်းပြပေးရန် လိုအပ်ကြသည်။ ဤလူများမှာ အလွန်ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူများဖြစ်ပြီး ဤအရာက မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ အခြားသူတို့တွင် ကြွယ်ဝသည့် အသိပညာ ရှိကောင်းရှိနိုင်သည် သို့မဟုတ် အပြင်ပန်းတွင် အလွန်မြော်မြင်တတ်ပုံရလျက် နက်နဲသည့် အသိပညာအပြည့် ရှိသော်လည်း သမ္မာတရားနှင့် ဆက်စပ်သည့် ကိစ္စရပ်များအပေါ် သိနားလည်မှုတွင် မမှန်ကန်မှုများ ရှိတတ်ကြလေသည်။ သမ္မာတရားကို ၎င်းတို့ နားလည်လျှင်ပင် လက်မခံနိုင်ကြသေးဘဲ ဤသည်မှာ ၎င်းတို့၏ ဆိုးရွားသော အားနည်းချက် ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် မိမိတာဝန်ကို ထမ်းဆောင်နေချိန်တွင် အသိပညာနှင့် အယူဝါဒတို့၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံရနိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် သို့မဟုတ် အမှုအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များကို ပြောင်းလဲရန် အခက်တွေ့ကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို အမှန်တကယ် လိုက်စားလိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်ကြသနည်း။ အဓိကအချက်မှာ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သလောဟူသည်ကို ကြည့်ခြင်း ဖြစ်သည်။ ၎င်းတို့ လက်ခံနိုင်ပါက ပြဿနာ အလွယ်တကူ ပြေလည်သွားသော်လည်း ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန် ခေါင်းမာစွာ ငြင်းပါက ဇာတ်သိမ်းပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရာတွင် ပျက်ကွက်လိမ့်မည်သာမက ၎င်းတို့ ကယ်တင်ခံရမည့် နည်းလမ်းလည်း မရှိသည်ကို ငါ စိတ်မကောင်းဖြစ်မိ၏။ မိမိ၏ ပညာရေးဆိုင်ရာ ကြိုးပမ်းအားထုတ်၍ ရရှိသောအရာက အရေးမကြီးသကဲ့သို့ ၎င်းတို့ မည်မျှ နားလည်တတ်သိသည်မှာ အရေးမကြီးပေ၊ အရေးကြီးသည့်အရာမှာ သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ချစ်နိုင်ခြင်း ဖြစ်သည်။ ဘုရားသခင် ကြည့်သည့်အရာမှာ သူ စီစဉ်ပြီးဖြစ်သည့် ပတ်ဝန်းကျင်တွင် သိနားလည်ရန် ဉာဏ်အလင်း ပေးခံရပြီးသည့်နောက်တွင် သမ္မာတရား မည်မျှကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်ဟူသည့်အရာ ဖြစ်သည်။ သူ တောင်းဆိုသည့် အလုပ်များအတွက် သင့်ကိုယ်သင် မည်မျှ ဆက်ကပ်သည်၊ ထိုအလုပ်များကို အစွမ်းခွန်အား သင်မည်မျှပေးသည်၊ အားထုတ်မှု မည်မျှ သင် အသုံးပြုသည်ဟူသည်တို့ကို သူကြည့်သည်။ ဥပမာအနေဖြင့် သင်သည် သာမန် အစွမ်းအစရှိသည်၊ ထိုမျှ ကောင်းကောင်းမွန်မွန် ပညာတတ်ခြင်းမရှိ၊ သင်၏ သဘောပေါက်နိုင်စွမ်းက ညံ့ဖျင်းပြီး အနည်းငယ် လိုရာဆွဲ၍ တွေးလေသည်။ ဤသည်တို့မှာ ဓမ္မဓိဋ္ဌာန်ကျသော အချက်များ ဖြစ်သည်။ သို့တိုင် တစ်စုံတစ်ရာ ဖြစ်ပွားပြီး ထိုအရာ၌ရှိသည့် ပြစ်ချက်များ၊ ထိုအရာနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ရှိကြောင်းနှင့် မည်သူ၏ တာဝန်ဖြစ်ကြောင်းတို့ကို သင့်အား ဘုရားသခင်က မြင်ခွင့်ပေးသည့်အခါ ဤကိစ္စရပ်က စည်းမျဉ်းများကို သင် ထိန်းသိမ်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူ ဟုတ်မဟုတ်ဆိုသည်ကို ထုတ်ဖော်ပြလိမ့်မည်။ သင်သည် သင်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ပြီး ဘုရားသခင်အပေါ် စစ်မှန်ရိုးသားပါက ထိုအရာနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားနှင့် ကိုက်ညီရန်၊ ဘုရားသခင် တောင်းဆိုသည့်အရာကို လုပ်ဆောင်ရန် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အခြေအနေများတွင် သင့်အစွမ်းအစကို သို့မဟုတ် သင် မည်မျှ ပညာတတ်သည် သို့မဟုတ် သူ့ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်ကို ဘုရားသခင် မကြည့်ပေ။ ဖြစ်ပျက်သည့် အရာ၌ သင်၏ ရှုထောင့်အမြင်နှင့် သဘောထား၊ သင် ရိုးသားစစ်မှန်ခြင်း ရှိမရှိဆိုသည်နှင့် ထိုအချိန်တွင် သင်၏ အသိစိတ်ကို အသုံးချခြင်းရှိမရှိဆိုသည်ကို သူ ကြည့်သည်။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်လျှင်၊ တာဝန်သိစိတ် ရှိလိမ့်မည်ဖြစ်ပြီး “ဤအရာ ငါ့အပေါ် မကျရောက်ကောင်း မကျရောက်နိုင်သော်လည်း အသင်းတော်အလုပ်ကို ထိသည်။ ငါ စူးစမ်းမှုများ ပြုကာ ထိုအကြောင်းကို ပိုနားထောင်ရမည်”ဟု တွေးလိမ့်မည်။ ပြီးလျှင် သင်၏ စူးစမ်းလေ့လာမှုများကို ပြုလုပ်ပြီးသည့်နောက်တွင် အထက်လူကြီးက ပျင်းရိပြီး တာဝန်မဲ့ခဲ့ကြောင်း၊ ၎င်းက ကိစ္စရပ်ကို အလေးအနက် သဘောမထားသကဲ့သို့ ကြန့်ကြာစေခဲ့ကြောင်းကို သင် သိကောင်းသိရနိုင်သည်။ ထိုအခါ သင်သည် အထက်လူကြီးကို ရှာဖွေကာ ပြဿနာကို ချက်ချင်း အမှန်ပြင်လျက် သူနှင့် မိတ်သဟာယပြုပေမည်။ သင်သည် အထက်မှ ကူညီလမ်းပြမှုကို တောင်းခံရန် လိုအပ်ခဲ့မည်မဟုတ်ပေ။ ပြဿနာကို သင့်ဘာသာ ဖြေရှင်းပြီးဖြစ်လိမ့်မည်။ သင်သည် သာမန် အစွမ်းအစရှိပြီး အနည်းငယ်သော ချို့တဲ့မှုများနှင့် အပြစ်များရှိသော်လည်း ထိုအရာများက သင်၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို ထိခိုက်လိမ့်မည်လော။ ထိုအရာများက သင်၏ တာဝန် ဖြည့်ဆည်းခြင်း သို့မဟုတ် ဘုရားသခင်အတွက် သင်၏ သစ္စာစောင့်သိမှုကို ထိခိုက်ပြီး ဖြစ်လိမ့်မည်လော။ ထိခိုက်လိမ့်မည် မဟုတ်။ လူအချို့က ၎င်းတို့သည် မိုက်မဲပြီး ၎င်းတို့၏ သိနားလည်မှုတွင် မမှန်ကန်ကြောင်း ပြောကြသည်၊ အချို့က ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း ပြောကြပြီး အခြားသူတို့က ၎င်းတို့က ညံ့ဖျင်းသည့် အစွမ်းအစရှိကာ ပညာမတတ်ကြောင်း ပြောကြသည်။ ထိုသို့ဖြစ်လျှင် တစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါ သမ္မာတရားကို သင် တကယ်ကို လက်တွေ့မလုပ်ဆောင်ဘဲ နေနိုင်သလော။ ဘုရားသခင်သည် လူတို့၏ အစွမ်းအစ သို့မဟုတ် ၎င်းတို့၏ ပညာရေး အတိုင်းအတာကို မကြည့်ပေ။ ဤအရာများသည် သမ္မာတရားနှင့် ထိုမျှ မပတ်သက်ပေ။ ဤလိုအပ်ချက်များနှင့် ချို့တဲ့မှုများသည် သင်၏ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းအပေါ်၊ သို့မဟုတ် ဘုရားသခင်အတွက် သင်၏ သစ္စာစောင့်သိမှုအပေါ် သို့မဟုတ် သင်၏ တာဝန် ထမ်းဆောင်မှုအတွက် သင် ယူသည့် တာဝန်ဝတ္တရားအပေါ် သက်ရောက်မှု မရှိပေ။ သင် ရိုးသားစစ်မှန်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် ကြည့်သည်။ ဤသည်မှာ လက်တွေ့အကျဆုံးသော အရာဖြစ်ပြီး လူတို့ စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ဦးစီနှင့်ပတ်သက်၍ အကဲဖြတ်ရန် လက်တွေ့အကျဆုံးသော နည်းလမ်းကို အသုံးပြုသည်။ လူအချို့က “ကျွန်ုပ်၏ အစွမ်းအစ ညံ့ပါသည်၊ ကျွန်ုပ်သည် မသိနားမလည်ပါ၊ ကျွန်ုပ်တွင် အသိပညာများလွန်းသည်၊ ထိုအရာက သမ္မာတရားအား ကျွန်ုပ် လက်တွေ့လုပ်ဆောင်ခြင်းကို လွှမ်းမိုးသည်”ဟု ဆိုကြသည်။ ဤအရာများက ဆင်ခြေများသာ ဖြစ်ပြီး မခိုင်လုံပေ။ သို့ရာတွင် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လူတို့ကို ဘုရားသခင် အကဲဖြတ်သည့် နည်းလမ်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းမှာ သင်၏ ကိုယ်ပိုင် စံနှုန်းဖြစ်သည်၊ ဘုရားသခင်၏ စံနှုန်း မဟုတ်ပေ။ တစ်စုံတစ်ဦးကို အကဲဖြတ်သည့်အခါ ဘုရားသခင်၏ စံနှုန်းမှာ အဘယ်နည်း။ တစ်စုံတစ်ဦးက သူ့ကို သစ္စာစောင့်သိခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့ စစ်မှန်ရိုးသားခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် ကြည့်သည်။ သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိပါက၊ သင်၏ သိနားလည်မှုက အနည်းငယ် မမှန်ကန်ပါက သို့မဟုတ် ကိုးရိုးကားယားဖြစ်ပါက ကိစ္စမရှိပေ။ လူအချို့က “ကျွန်ုပ်တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိပါ”ဟု ပြောကြသည်။ ကောင်းပြီ၊ သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိသလော။ ထိုသို့ဖြစ်လျှင် သင်၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို ထိခိုက်မည်မဟုတ်။ ဤသည်မှာ အတော်အသင့် ရှင်းလင်းသလော။ သင်သည် ဘုရားသခင်ကို သစ္စာရှိပြီး သင်၏တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်လျှင် သင်သည် ပြုပြင်ခံရသောအခါတွင် အပျက်သဘောဆောင်ပြီး အားနည်းနိုင်သေးသလော။ ဤသို့ဆိုလျှင် သင်သည် အမှန်တကယ် အပျက်သဘောဆောင်ပြီး အားနည်းလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ကို အမှီပြုသင့်သည်။ ဘုရားသခင် တောင်းဆိုသည့်အရာကို ကြိုးစားပြီး စဉ်းစားသင့်သည်။ မည်သည့်အရာကို ကျွန်ုပ်တို့ ချို့တဲ့ကြောင်း၊ မည်သည့်အမှားများကို ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ကြောင်းတို့အပေါ်၊ ကျွန်ုပ်တို့ လဲကျသွားကာ ပြန်ထရပ်ပြီး တွယ်တက်သင့်သည့်နေရာတို့အပေါ် ဆင်ခြင်သုံးသပ်သင့်သည်။) မှန်သည်။ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့သည် ကြီးမားသော ပြဿနာများ မဟုတ်ပေ။ ဘုရားသခင်က ယင်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိချေ။ တစ်စုံတစ်ဦးသည် ၎င်းတို့ လဲကျသည့်နေရာတွင် ပြန်ထနိုင်ပြီး မိမိတို့၏ သင်ခန်းစာကို ယူနိုင်ကာ ၎င်းတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သရွေ့ လုံလောက်ပေသည်။ မည်သူကမျှ သင့်အား အာဃာတထားမည် မဟုတ်သောကြောင့် မပြီးနိုင်မဆုံးနိုင် အပျက်သဘောဆောင်မနေနှင့်။ သင်၏တာဝန်ကို စွန့်ပစ်ပြီး ထွက်ပြေးလျှင် သင်သည် သင့်ကိုယ်သင် လုံးလုံး ပျက်စီးစေပြီးဖြစ်လိမ့်မည်။ လူတိုင်းသည် တစ်ခါတစ်ရံတွင် အပျက်သဘောဆောင်ပြီး အားနည်းကြသည်။ သမ္မာတရားကိုသာ ရှာလော့၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့သည် အလွယ်တကူ ပြေလည်သွားလိမ့်မည်။ လူအချို့၏ အခြေအနေသည် ဘုရားနှုတ်ကပတ်တော် အခန်းတစ်ခန်း ဖတ်ခြင်းအားဖြင့်ဖြစ်စေ၊ ဓမ္မသီချင်း အနည်းငယ် သီဆိုခြင်းအားဖြင့်ဖြစ်စေ လုံးလုံး ပြောင်းလဲကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းခြင်း၌ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟနိုင်ပြီး သူ့ကို ချီးမွမ်းနိုင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ ပြဿနာသည် မပြေလည်သေးသလော။ ပြုပြင်ခံရခြင်းသည် အမှန်တွင် လုံးဝ ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သည်။ သင့်ကို ပြုပြင်သည့် စကားများက အနည်းငယ် ခက်ထန်ကြမ်းတမ်းလျှင်ပင်၊ အနည်းငယ် ရင့်သီးလျှင်ပင် ယင်းမှာ သင်သည် အတော်အတန် အသိစိတ်မရှိဘဲ ပြုမူခဲ့ပြီး စည်းမျဉ်းများကို သတိပင်မမူမိဘဲ ချိုးဖောက်ခဲ့သောကြောင့် ဖြစ်ပေသည်။ ဤသို့သော အခြေအနေများတွင် သင်သည် အဘယ်သို့ ပြုပြင်ခြင်းမခံရဘဲ ရှိနိုင်မည်နည်း။ သင့်ကို ဤနည်းအားဖြင့် ပြုပြင်ခြင်းသည် အမှန်တကယ်တွင် သင့်ကို ကူညီရန်ဖြစ်သည်။ ဤသည်မှာ သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်သည်။ သင်သည် ဤအရာကို နားလည်ပြီး မညည်းညူသင့်ချေ။ သို့ဖြစ်၍ ပြုပြင်ခြင်းက အပျက်သဘောဆောင်ခြင်းနှင့် စောဒကတက်ခြင်းကို ဖြစ်ပေါ်စေပါက ယင်းသည် မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း၊ အသိစိတ်မရှိသည့် လူတစ်ဦး၏ အပြုအမူဖြစ်ပေသည်။

ဘုရားသခင်ကို ယုံကြည်သည့်အခါ အာရုံစိုက်ရန် အရေးကြီးဆုံးသောအရာမှာ အဘယ်နည်း။ တစ်စုံတစ်ဦး၏ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သည့် ပြုပြင်ခြင်းကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ ယနေ့ခေတ်တွင် အရေးကြီးသည့်အရာမှာ အဘယ်နည်း။ ထိုအရာမှာ သမ္မာတရား စစ်မှန်မှုများထဲသို့ သင်တို့ ဝင်ရောက်ပုံဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်အလို့ငှာ တစ်စုံတစ်ဦးတွင် ရှိသင့်သည့် အခြေခံအကျဆုံးသောအရာမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် စစ်မှန်ရိုးသားသော စိတ်နှလုံးတစ်ခု ရှိရမည်။ စစ်မှန်ရိုးသားခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ မယုံရသောသူ မဖြစ်ခြင်း၊ သင်၏ ကိုယ်ကျိုးစီးပွားများကို မစဉ်းစားခြင်း၊ လျှို့ဝှက်အကွက်ချ မကောင်းကြံခြင်းတွင် အခြားသူများနှင့်အတူ မပါဝင်ခြင်းနှင့် ဘုရားသခင်ကို မလှည့်ဖြားခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဘုရားသခင်ကို လိမ်လည်လှည့်စားနိုင်ပြီး သူ့အပေါ် စစ်မှန်ရိုးသားမှု ကင်းမဲ့နိုင်လျှင် သင်သည် လုံးဝ ဇာတ်သိမ်းပြီဖြစ်ပြီး ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။ သို့ဆိုလျှင် သမ္မာတရားကို သိနားလည်ခြင်းအကြောင်းရင်းသည် အဘယ်နည်း။ သင့်အနေဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကောင်းရှိနိုင်သည်၊ ကောင်းမွန်သည့် အစွမ်းအစ ရှိကောင်း ရှိနိုင်သည်၊ အပြောကောင်းနိုင်ပြီး အမှုအရာများကို အလျင်အမြန် နားလည်သဘောပေါက်နိုင်သည်၊ ကောက်ချက်များ ချကောင်းချနိုင်ပြီး ဘုရားသခင် ပြောဆိုသည့်အရာတိုင်းကို နားလည်နိုင်သော်လည်း သင့်အပေါ် အမှုအရာများ ဖြစ်သည့်အခါ ဘုရားသခင်ကို လှည့်စားလျှင် ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်ပြီး အလွန် အန္တရာယ်များပေသည်။ သင်၏ အစွမ်းအစသည် မည်မျှ ကောင်းမွန်သည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ ဘုရားသခင်က သင့်ကို အလိုရှိလိမ့်မည် မဟုတ်။ ဘုရားသခင်က “သင် ကောင်းစွာ စကားပြောသည်၊ အစွမ်းအစကောင်းရှိသည်၊ ဉာဏ်ထက်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်၊ သို့သော် ပြဿနာတစ်ခုသာ ရှိ၏။ သင်သည် သမ္မာတရားကို မချစ်”ဟု ပြောလိမ့်မည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဒုက္ခပေးတတ်ပြီး ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ စိတ်နှလုံးကောင်းမရှိသည့် လူတစ်ဦးသည် ရှင်းထုတ်ပစ်ခြင်း ခံရလိမ့်မည်၊ အပြင်ပန်းတွင် ကောင်းစွာ ထိန်းသိမ်းထားပုံရသော်လည်း မကောင်းသည့် အင်ဂျင်စက်က လုံးဝ ဖယ်ရှားခံရလိမ့်မည်ဖြစ်သော ကားတစ်စီးကဲ့သို့သာ ဖြစ်သည်။ လူတို့သည်လည်း ဤကဲ့သို့ ဖြစ်ကြ၏။ သင်၏အစွမ်းအစ မည်မျှ ကောင်းမွန်ပုံရသည်ဖြစ်စေ၊ သင် မည်မျှ တော်သည်ဖြစ်စေ၊ အပြောကောင်းသည်ဖြစ်စေ၊ တတ်စွမ်းနိုင်သည်ဖြစ်စေ၊ ပြဿနာများကို ကိုင်တွယ်ရာတွင် သင် မည်မျှ တော်သည်ဖြစ်စေ အားလုံး အသုံးမဝင်သကဲ့သို့ ဤသည်မှာ အဓိကအချက် မဟုတ်ပေ။ သို့ဆိုလျှင် အဓိကအချက်မှာ အဘယ်နည်း။ ထိုအရာမှာ တစ်စုံတစ်ဦး၏ စိတ်နှလုံးက သမ္မာတရားကို ချစ်မချစ်ဆိုသည်နှင့် ပတ်သက်ပေသည်။ ၎င်းတို့ မည်သို့ စကားပြောသည်ဆိုသည်ကို နားထောင်ခြင်းအကြောင်း မဟုတ်ဘဲ ၎င်းတို့ မည်သို့ပြုမူဆောင်ရွက်သည်ကို ကြည့်ခြင်း ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် သင်ပြောသည့်အရာ၊ သို့မဟုတ် ကတိပြုသည့်အရာကို သူက မကြည့်ပေ။ သင်လုပ်ဆောင်သည့်အရာသည် သမ္မာတရား စစ်မှန်မှု ရှိမရှိကို သူ ကြည့်သည်။ ထို့ပြင် သင်၏ လုပ်ရပ်များသည် မည်မျှမြင့်သည်၊ နက်နဲသည်၊ သို့မဟုတ် အင်အားကြီးသည်ကို ဘုရားသခင်က ဂရုမစိုက်ပေ။ ပြီးလျှင် သင်သည် သေးငယ်သောအရာတစ်ခုကို လုပ်ဆောင်လျှင်ပင် ဘုရားသခင်က သင်၏ လှုပ်ရှားမှုတိုင်း ရိုးသားစစ်မှန်မှုကို မြင်လျှင် သူက “ဤလူသည် ငါ့အား ရိုးသားစစ်မှန်စွာ ယုံကြည်သည်။ သူသည် မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိ။ သူ၏ အဆင့်အတန်းနှင့်အညီ ပြုမူနေထိုင်သည်။ သူသည် ဘုရားအိမ်တော်အဖို့ ကြီးမားစွာ ပံ့ပိုးခြင်းမလုပ်နိုင်သော်လည်း အစွမ်းအစနည်းပါးနိုင်သော်လည်း သူလုပ်သမျှတွင် တည်ကြည်ခိုင်မာပြီး ရိုးသားစစ်မှန်မှုရှိသည်” ဟု ပြောဆိုလိမ့်မည်။ ဤ “ရိုးသားစစ်မှန်မှု” တွင် မည်သည့်အရာ ပါဝင်သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ကျိုးနွံနာခံခြင်းအပြင် စစ်မှန်သောယုံကြည်ခြင်းနှင့် ချစ်ခြင်းပါဝင်သည်။ ဘုရားသခင်မြင်လိုသော အရာမှန်သမျှ ပါဝင်သည်။ အခြားလူများအဖို့ ဤသို့သောသူများသည် ထူးခြားမှုမရှိ ပုံပေါက်နိုင်ပြီး ၎င်းသည် အစားအစာချက်ပြုတ်သောသူ၊ သို့မဟုတ် သန့်ရှင်းရေးလုပ်သော သူတစ်ယောက်၊ သာမန်တာဝန်တစ်ခုကို ထမ်းဆောင်သော သူတစ်ယောက်လည်း ဖြစ်နိုင်သည်။ ဤသို့သောလူများသည် အခြားလူများအဖို့ ထူးခြားမှုမရှိပေ။ ကြီးမြတ်သည့် မည်သည့်အရာကိုမျှ မဖြစ်မြောက်ခဲ့သလို လေးစားထိုက်သော၊ အထင်ကြီးစရာဖြစ်သော၊ သို့မဟုတ် အားကျစရာ ဖြစ်သောအရာတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သာမန်လူများသာ ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင် တောင်းဆိုသောအရာ အားလုံးကို ၎င်းတို့တွင် တွေ့ရှိရပြီး ၎င်းတို့သည် ထိုအရာအားလုံးနှင့်အညီ အသက်ရှင်နေထိုင်ပြီး ဘုရားသခင်ထံ အရာအားလုံး ပေးအပ်သည်။ ငါ့ကို ပြောလော့။ ဘုရားသခင်က မည်သည့်အရာကို နောက်ထပ် အလိုရှိသနည်း။ သူသည် ၎င်းတို့နှင့်ပတ်သက်၍ စိတ်ကျေနပ်ပေသည်။ ထို့ကြောင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးငယ်သကဲ့သို့ သမ္မာတရားကို သင် နားမလည်ရုံဖြင့် သို့မဟုတ် အခြားသူတို့က ဒုက္ခဆင်းရဲခြင်းများကို ရင်ဆိုင်ကာ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို တွေ့ကြုံသည့်နောက်တွင် စုံလင်ခံရသည့် လမ်းကြောင်း လျှောက်ကြသည်ကို သင် မြင်တွေ့ရုံဖြင့် စိတ်ပျက်အားလျော့ကာ အပျက်သဘောဆောင်လာခြင်း မရှိနှင့်၊ ပြီးလျှင် ဘုရားသခင်က သင့်ကို မချစ်ဟု သို့မဟုတ် သင့်ကို စုံလင်စေရန် လိုလားနေခြင်းမရှိဟု မတွေးထင်လေနှင့်။ အဘယ်ကြောင့် သင် လောနေသနည်း။ လူတစ်ဦးစီကို ဘုရားသခင် ပေးသည့်အရာက မတူသကဲ့သို့ သင့်ကိုယ်သင် အကဲဖြတ်သည့်အခါ သင့်ကို ဘုရားသခင်က မည်သည့်အရာ ပေးထားပြီးဖြစ်သည်ဆိုသည်နှင့် သင်၏ ကိုယ်ပိုင် အခြေအနေများက မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့ကို ဦးစွာ အကဲဖြတ်လော့။ ထို့နောက်တွင် ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းက ကောင်းမြတ်သည်ကို သင် နားလည်နိုင်ပေသည်။ လူတစ်ဦးက “ကျွန်ုပ်၏ အစွမ်းအစ ညံ့ပါသည်။ ဘုရားသခင် ကျွန်ုပ်ကို ပေးသည့်အရာက ကောင်းမြတ်နေဆဲ ဖြစ်သလော”ဟု ပြောကောင်းပြောမည်။ ကောင်းမြတ်ပေသည်။ အခြားတစ်စုံတစ်ဦးက “ကျွန်ုပ် အတော်လေး နုံအပါသည်။ ဘုရားသခင် ကျွန်ုပ်ကို ပေးသည့်အရာ ကောင်းမြတ်နေဆဲ ဖြစ်သလော”ဟု ပြောကောင်းပြောမည်။ ဟုတ်ပေသည်၊ အားလုံး ကောင်းမြတ်၏။ အဘယ်ကြောင့် အားလုံး ကောင်းမြတ်သနည်း။ သင်သည် နုံအခြင်းမရှိခဲ့လျှင် မာနထောင်လွှားလာကာ သင်၏ နေရာကို မေ့လျော့သွားပေမည်။ ထို့ကြောင့် ဤအရာက သင့်ကို ကာကွယ်ပေးသလို ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ သင်တို့အားလုံးတွင် လက်ရှိ သင်တို့ရှိသည်ထက် သာ၍ ကောင်းသည့် အစွမ်းအစနှင့် ကျွမ်းကျင်မှုရှိခဲ့လျှင် အဘယ်သူသည် ဘုရားအိမ်တော်၌ မိမိတာဝန်ကို ထမ်းဆောင်ရန် ဤမျှကောင်းစွာပြုမူကာ ဤမျှလိုလားလျက် ရှိနေနိုင်မည်နည်း။ ဤကဲ့သို့သော လူအချို့ရှိသော်လည်း မများသည်မှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမွန်ပြီး မှန်ကန်၏။ လူတို့က ဤအရာကို ရှင်းလင်းစွာ နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို သာ၍ပေးလေ၊ ၎င်းက သမ္မာတရားကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်လေ ဖြစ်သည့်အလား လူတို့သည် ဘုရားသခင်ထံမှ အမြဲ ထပ်လိုချင်ကြသည်။ သို့သော် အမှန်တွင် ထိုသို့မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို လုံလောက်စွာ ပေးထားပြီးသားဖြစ်သည်။ သူသည် သင့်ကို အရာရာ ပေးထားပြီးဖြစ်ကာ သူ၏ အသက်ကို သင့်အပေါ် ပေးသနားပြီး ဖြစ်သောကြောင့် အခြား မည်သည့်အရာကို သင် အလိုရှိသနည်း။ ဘုရားသခင် ပြောဆိုသည့် စကားများနှင့် သူ ပြုသည့် အမှုအားလုံးသည် ပေါများပြီး လူသားမျိုးနွယ်အတွက် လုံလောက်ပေသည်။ ဘုရားသခင်အပေါ် လူတို့ တောင်းဆိုနိုင်သည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့ ၎င်းတို့က သူနှင့်ပတ်သက်၍ စောဒကတက်ကာ “ဘုရားသခင်က ကျွန်ုပ်ကို ပေးထားသည့် ဤအစွမ်းအစ သို့မဟုတ် ဤမစို့မပို့ ဆုကျေးဇူးများဖြင့် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်နိုင်သနည်း”ဟု မပြောသင့်ကြပေ။ သင် လုပ်ဆောင်နိုင်သည့်အရာ အလွန်များ၏။ ဘုရားသခင် အလိုရှိသည်မှာ သင် စိတ်ကူးသည့်အရာ မဟုတ်။ သူသည် သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေလိုသည်၊ စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ကာ သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့်တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းစေလိုသည်။ သင်သည် သင် လုပ်နိုင်သည့်အရာကို မလုပ်ဘဲ မလုပ်သင့်သည့်အရာကို ကြောင်းကျိုးမမြင် လုပ်ဆောင်သည်။ ဤအရာကို သင်၏ အလုပ်အား လျစ်လျူရှုခြင်းဟု ခေါ်သည်။ သင်သည် အနည်းငယ် အလွန်မြင့်မားစွာ ရည်မှန်းနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် မည်သည့်အရာကို လုပ်ဆောင်လိုကြသနည်း။ အခြားသူများအလယ်တွင် ဂုဏ်သိက္ခာ ထူထောင်ရန်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များ လေးစားခံရကာ အလွန်အရေးထားခံရရန်နှင့် အကြီးအကျယ် ကျော်ကြားရန်ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ထိုလူစားမျိုးဖြစ်လာရန် အလိုမရှိသောကြောင့် ထိုသို့သော အရာမျိုးများကို သင့်အား သူ မပေးပေ။ သင်သည် ထိုလူစားမျိုးဖြစ်လာရန် အခွင့်အရေးရှိလာခဲ့လျှင် ငြင်းပယ်ရန် လိုလားနေမည်လော။ အလွန်လွယ်ကူစွာ လက်လွှတ်နိုင်မည်လော။ ဤအရာ၏ အကျိုးဆက်က အန္တရာယ်များပေသည်။ ထိုအရာများက ကောင်းမွန်သည်ဟု သင် မှတ်ယူခဲ့သလော။ အဘယ်ကြောင့် လူအချို့သည် အန္တိခရစ်များ ဖြစ်လာကြသနည်း။ ၎င်းတို့တွင် ကျွမ်းကျင်မှုအနည်းငယ် ရှိသည်ဟု ၎င်းတို့ တွေးထင်ကာ၊ ထိုသို့ဖြင့် အလွန့်အလွန် မာနထောင်လွှားလာကြသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ထိုလမ်းကြောင်းကို လျှောက်နိုင်ကြသနည်း။ ၎င်းတို့သည် တကယ်ကို ထိုလူစားမျိုးဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် ထိုလမ်းကြောင်းကို အနှေးနှင့်အမြန် လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်သည် ၎င်းတို့ကို သမ္မာတရား ပြောဆိုမည့်၊ ၎င်းတို့ကို ကယ်တင်မည့် အစီအစဉ်များ မရှိပေ။ ထို့ကြောင့် သင့်ကို သူ ပေးသည့်အရာမှာ အခြားသူများကို သူ ပေးသည့်အရာနှင့် မုချကွာခြားပေသည်။ သင်သည် မိမိကိုယ်ကို အခြားသူများနှင့် အမြဲနှိုင်းယှဉ်ကာ ထိုသူတို့တွင် ရှိသည့်အရာနှင့်ထပ်တူ အမြဲ လိုချင်နေပါက ဤသည်မှာ ဖြူစင်သော သဘောပေါက်နားလည်နိုင်စွမ်း ဖြစ်သလော။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ထို့ကြောင့် သင်၏ အစွမ်းအစက ညံ့ဖျင်းကြောင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသကဲ့သို့ လွဲချော်နေသည့် သဘောပေါက်နားလည်မှု ရှိကြောင်း၊ သင်သည် မကြာခဏ အားနည်းကြောင်း သို့မဟုတ် သင့်ထံတွင် ပြဿနာနှင့် အားနည်းချက်များ အလွန်များကြောင်း သင် သဘောပေါက်သည့်အခါ ဘုရားသခင်က အဘယ်ကြောင့် သင့်ကို အထူးဆုကျေးဇူးတစ်ခု မပေးခဲ့သည်ကို ပထမဦးစွာ သင် တွေးဆရမည်။ ဤတွင် သူ၏ စေတနာကောင်း တည်ရှိပေသည်။ ထိုဆုကျေးဇူးရှိပြီး ပါရမီရှိသောလူအများစုက မည်သည့် လမ်းကြောင်းလျှောက်သည်ဆိုသည်နှင့် ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ကို နောက်ထပ်လေ့လာလော့။ ဤကိစ္စရပ်ကို သင် နားလည်သည်နှင့် သင် အပြောချင်ဆုံးသော စာကြောင်းတစ်ကြောင်းမှာ အဘယ်နည်း။ (သူ၏ ကွယ်ကာခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။) မှန်၏၊ သင်သည် ဘုရားသခင်ကို ကျေးဇူးတင်ကာ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အတွက် အလွန်ကောင်းမြတ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို ဆုကျေးဇူးများ သို့မဟုတ် ပါရမီများ မပေးခဲ့သကဲ့သို့ ကျွန်ုပ်ကို မိုက်မဲသူတစ်ဦး၊ လူအတစ်ဦးကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ဤသည်မှာ ကျွန်ုပ်၏ ကောင်းချီးမင်္ဂလာ ဖြစ်ပါသည်။ ကျွန်ုပ်သည် အပျက်သဘောမဆောင်ပါ၊ သို့မဟုတ် ဝမ်းမနည်းပါ။ ယခုတွင် ကျွန်ုပ် ချို့တဲ့သည်မှာ ကိုယ်တော့်အပေါ် စစ်မှန်ရိုးသားမှုနှင့် သစ္စာစောင့်သိမှုဖြစ်သည်။ ကျွန်ုပ်သည် လိမ္မာပါးနပ်ပြီး အပြောကောင်းစေဖို့ သို့မဟုတ် ဆုကျေးဇူးများနှင့် ပါရမီကို တောင်းဆိုနေခြင်း မဟုတ်ပါ။ ကိုယ်တော့်အတွက် ကျွန်ုပ်၏ စစ်မှန်ရိုးသားမှုကိုသာ ပူဇော်ဆက်ကပ်လိုပါသည်။ လူတို့ကြားက ဆုကျေးဇူးများ၊ ပါရမီများနှင့် အသိပညာအပြင် အဆင့်အတန်းနှင့် ကျော်ကြားမှုတို့သည် ကောင်းမွန်သည့် အရာများ မဟုတ်သကဲ့သို့ ယင်းတို့ကို ကျွန်ုပ် မလိုချင်ပါ”ဟု ပြောသင့်သည်။ ဤအရာက ပြောင်းလဲမှုကို ပြသည် မဟုတ်လော။ (ပြပါသည်။) သို့ဆိုလျှင် သင်သည် အလွန်များစွာ ချို့တဲ့သောကြောင့် စိတ်ဆင်းရဲကာ ငိုကြွေးနိုင်ဦးမည်လော။ ဤသို့ သင် နောက်ထပ် လုပ်ဆောင်မည် မဟုတ်တော့သကဲ့သို့ မတရားခံရသည်ဟု ခံစားမည်မဟုတ်ပေ။ သို့မဟုတ်ပါက အခြားသူများက သင့်ကို ပြုပြင်သည့်အခါ သင်က “ကျွန်ုပ် မိုက်မဲပါသည်၊ ကမ္ဘာလောကထဲရှိ လူတိုင်းက ကျွန်ုပ်ကို အထင်သေးပြီး ဘုရားအိမ်တော်တွင် ကျွန်ုပ်သည် မည်သည့်အခါတွင်မျှ ရာထူးတိုးလိမ့်မည်မဟုတ်၊ သို့မဟုတ် အရေးပါသည့် ရာထူးတစ်ခုကို ကိုင်စွဲလိမ့်မည် မဟုတ်ပါ”ဟု တွေးလိမ့်မည်ဖြစ်သည်။ သွယ်ဝိုက်ရည်ညွှန်းသည်မှာ “ဘုရားသခင်သည် ကျွန်ုပ်ကို အလွန်နည်းပါးစွာ ပေးသည်၊ သို့ဆိုလျှင် အခြားသူများကို သူ အဘယ်သို့ အလွန်များစွာ ပေးရသနည်း”ဟူ၍ ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးတွင် အမြဲ စောဒကတက်ပြီး မတရားခံရသည်ဟု ခံစားရသည်။ အမှန်တွင် ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခုသည် သင့်ထံသို့ ရောက်လာပြီးဖြစ်ကာ သင်သည် ထိုအရာကို သိပင်မသိပေ။ ထိုသို့သော အရာတစ်ခု အနာဂတ်တွင် တစ်ဖန် ဖြစ်ပျက်လျှင် သင်၏ ရှုထောင့်အမြင် ကွဲပြားလိမ့်မည်လော။ (ကွဲပြားပါလိမ့်မည်။) လူတို့၏ ရှုထောင့်အမြင် ကွဲပြားသည့်အခါ ၎င်းတို့တွင် မည်သည့်အရာ ပြောင်းလဲလိမ့်မည်နည်း။ (၎င်းတို့သည် မြင့်မားစွာ ရည်မှန်းမည် မဟုတ်သလို ထိုသို့သော မြင့်မားသည့်အရာများကို လိုက်စားလိမ့်မည်မဟုတ်ဘဲ မိမိတို့၏ တာဝန်ကို ကျေးဇူးတင်ရှိသည့် စိတ်နှလုံးနှင့် အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားဖြင့် ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြလိမ့်မည်။) ၎င်းတို့သည် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြ၏၊ စစ်မှန်စွာနှင့် လက်တွေ့ကျကျ အသက်ရှင်နိုင်ကြပြီး မတူကွဲပြားသည့် ရည်မှန်းချက်များကို လိုက်စားနိုင်ကြသည်။ ငါ့ကို ပြောလော့၊ သင် ကယ်တင်ခံရနိုင်ရန်အလို့ငှာ ဘုရားသခင်က သင့်ကို ခိုင်မာပြတ်သားသည့်ပုံစံဖြင့် မိမိတာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်နိုင်သည့် မိုက်မဲသူတစ်ဦးနှင့် လူအတစ်ဦး ဖြစ်စေခြင်းက ပိုကောင်းသလော သို့မဟုတ် သင်သွားသည့်နေရာတိုင်းတွင် လူတို့က သင့်ကို အထင်ကြီးကာ သင်သည် အနူတောတွင် လူချောဖြစ်သည့်နောက် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ရန်အလို့ငှာ သင့်အား မြင့်မားသည့် အစွမ်းအစ၊ မြင့်မားသည့် ပညာအဆင့်၊ ကြည့်ကောင်းခြင်းနှင့် စကားပြောကောင်းခြင်းတို့အပြင် အလုပ်လုပ်နိုင်စွမ်းနှင့် အထူးအစွမ်းအစများပေးခြင်းက သူ့အတွက် ပိုမိုကောင်းမွန်သလော။ မည်သည့်အရာကို သင် ရွေးချယ်မည်နည်း။ (မိုက်မဲသူနှင့် လူအတစ်ဦးဖြစ်ခြင်းက ပိုကောင်းပါသည်။) ဤသို့ ယခု သင် ပြောနိုင်သော်လည်း တစ်စုံတစ်ဦးက သင့်ပို မိုက်မဲသူနှင့် လူအတစ်ဦးအဖြစ် အမှန်တကယ် ခေါ်ခဲ့ပါက ထိုအရာက သင့်ကို စိတ်ဆိုးမိစေမည်ဖြစ်သည်။ ဤကဲ့သို့ သင် စဉ်းစားရမည်။ “ငါ၏ အစွမ်းအစက ညံ့ပြီး မသိနားမလည်သော်လည်း ငါ့တွင် ကယ်တင်ခံရမည့် အခွင့်အရေးတစ်ခု ရှိသေးသောကြောင့် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထက် ငါ ပိုသာသည်”ဟူ၍ ဖြစ်သည်။ သင့်အနေဖြင့် မိမိကိုယ်ကို နှစ်သိမ့်တတ်ရန် သင်ယူရမည်။ (ကျွန်ုပ်နှင့်အတူ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် အခြားသူအနည်းငယ် ရှိခဲ့သည်ကို သတိရသည်။ သူတို့အားလုံးတွင် မြင့်မားသည့် အစွမ်းအစရှိခဲ့ကြပြီး အလွန်ဉာဏ်ထက်ကြသော်လည်း အာဏာနှင့် အကျိုးအမြတ်အတွက် အမြဲ တိုက်ခိုက်ကာ အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့ကြသောကြောင့် ရှင်းလင်းခံရပြီး နှင်ထုတ်ခံခဲ့ရသည်။ ကျွန်ုပ်တွင် ညံ့သည့် အစွမ်းအစရှိသောကြောင့်၊ တုံးအသောကြောင့်၊ ပြီးလျှင် ကောင်းကောင်းမွန်မွန် ပြုမူနိုင်သောကြောင့် ယနေ့ ကျွန်ုပ်ရှိသည့်နေရာကို ကျွန်ုပ် ရောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်ုပ် ခံစားရသည်။ ဤသည်မှာလည်း ဘုရားသခင်၏ ကြီးမားသည့် ကွယ်ကာမှုဖြစ်သည်။) ဘုရားသခင်က အဘယ်ကြောင့် သင့်ကို ကွယ်ကာသနည်း။ ယင်းမှာ သင်သည် နုံအသောကြောင့် ဖြစ်သလော။ သူသည် အားနည်းသူကို စာနာသလော။ မစာနာပေ။ ထိုအရာမှာ ငိုသောကလေးက သကြားလုံးရသည်ဟု ဘာသာတရားမရှိသူများ ပြောသကဲ့သို့ မဟုတ်ပေ။ ထိုသို့ မဟုတ်။ ဤအရာကို ကြည့်ရှုရန် တိကျသည့်နည်းလမ်းမှာ အဘယ်နည်း။ မည်သည့် ကြည့်ရှုပုံနည်းလမ်းသည် သမ္မာတရားနှင့် ကိုက်ညီပါသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့ စိတ်နှလုံးများတွင် သမ္မာတရားကို ရိုးသားစစ်မှန်မှုနှင့် ချစ်ခြင်းမေတ္တာ အနည်းငယ်ဖြင့် ယုံကြည်ကြကာ သမ္မာတရားကို လိုက်စားရန် လိုလားနေကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့သော စိတ်နှလုံးများရှိသည့်သူများကို ကယ်တင်ပြီး ထိုသို့ဖြင့် သူတို့ကို ကာကွယ်ရန် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို စီစဉ်သည်။) မှန်ပေ၏။ သင့်အတွက် ဘုရားသခင်၏ ကွယ်ကာမှုမှာ သူ့အပေါ် သင်၏ ရိုးသားစစ်မှန်မှုအတွက် အတုံ့အလှယ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာသည် တန်ဖိုးအရှိဆုံး ဖြစ်သနည်း။ လူ၏ ရိုးသားစစ်မှန်မှုက တန်ဖိုးအရှိဆုံးဖြစ်သည်။ သင်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဘုရားသခင်အပေါ် စစ်မှန်ရိုးသားမှုအတွက် ချစ်ခြင်းမေတ္တာ အနည်းငယ်ရှိပြီး ဤအရာများကို ဘုရားသခင်၏ ကွယ်ကာမှုနှင့် ကျေးဇူးတော်အတွက် သင် လဲလှယ်သည်။ သင်သည် များစွာ အကျိုးရရှိလေပြီ။ တစ်စုံတစ်ဦးက “ကျွန်ုပ်၏ အစွမ်းအစ ညံ့ပြီး ကျွန်ုပ် အကျိုးများစွာ ရရှိပြီးဖြစ်သော်လည်း မည်သည့်အရာကိုမျှ နားမလည်သေးပါ” ဟု ပြောကောင်းပြောနိုင်သည်။ သင် များစွာ နားမလည်သလော။ ယနေ့ သင်၏ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင်နောက် လိုက်နိုင်စွမ်းသည် သမ္မာတရားအပေါ် သင်၏ သိနားလည်မှုနှင့် ဆက်နွှယ်ပေသည်။ အခြားတစ်စုံတစ်ဦးက “မည်သည့်အရာကို ကျွန်ုပ် နားလည်ပါသနည်း။ ကျွန်ုပ် ရှင်းလင်းစွာ မရှင်းပြနိုင်ပါ”ဟု ပြောကောင်းပြောမည်။ ထိုအရာကို သင် ရှင်းလင်းစွာ ရှင်းပြနိုင်မည်မဟုတ်သော်လည်း ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မဆုတ်မနစ်လုပ်ဆောင်နိုင်ပြီး များစွာ သင် နားလည်သည်။ ဤအရာများအပေါ် သင်၏ သိနားလည်မှုက မည်မျှ နက်ရှိုင်းသည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ ယင်းတို့သည် သမ္မာတရားနှင့် မုချ ဆက်နွှယ်ပြီး ထိုသမ္မာတရားနှင့် နီးစပ်သည်။ ထို့ကြောင့် သင်သည် ယခုထိတိုင် ထောက်ပံ့ခံရကာ သင်၏ တာဝန်ကို အဆက်မပြတ် ထမ်းဆောင်နေခဲ့ခြင်း ဖြစ်သည်။ ဤသို့ ဖြစ်သလော။ (ဟုတ်ပါသည်။) သင်က မိုက်မဲသူတစ်ဦး သို့မဟုတ် လူအတစ်ဦးဟု စဉ်းစားခြင်းက ဆိုးသည့်အရာတစ်ခု မဟုတ်သကဲ့သို့ ယခု ထိုအရာကို ကြည့်သည့်အခါ “မိုက်မဲသူ”နှင့် “လူအ”တို့သည် ချိုးနှိမ်သည့် သို့မဟုတ် သေးသိမ်စေသည့် အဓိပ္ပာယ် တစ်ခုမျှမရှိဘဲ ချစ်စနိုးစနောက်၍ ခေါ်ဝေါ်သော နာမည်များ ဖြစ်သည်။ မိုက်မဲသူတစ်ဦးနှင့် လူအတစ်ဦးအဖြစ် အခေါ်ခံရခြင်းနှင့် အန္တိခရစ်တစ်ဦးအဖြစ် အခေါ်ခံရခြင်းတို့ကို နှိုင်းယှဉ်ကြည့်သည့်အခါ မည်သည့်အရာက သာ၍ ကောင်းသနည်း။ (မိုက်မဲသူနှင့် လူအတစ်ဦးအဖြစ် အခေါ်ခံရခြင်းက ပိုကောင်းပါသည်။) တစ်နေ့တွင် ဘုရားသခင်က “မိုက်မဲသူ၊ ဤနေရာသို့ လာလော့။ လူအ၊ ဤနေရာသို့ လာလော့”ဟု ပြောလျှင် သင်သည် ဝမ်းသာကောင်း ဝမ်းသာမည် မဟုတ်သော်လည်း “သူက ငါ့ကို မိုက်မဲသူဟု ခေါ်ပြီး အန္တိခရစ်ဟု မခေါ်သောကြောင့် ငါ သွားလိုက်မည်”ဟု တွေးလျက် ထိုအရာကို အချိန်ယူစဉ်းစားပေမည်။ ပြီးလျှင် သင်သည် ပျော်ရွှင်စွာ သွားပေမည်။ ထို့နောက် တစ်စုံတစ်ဦးက “သင်သည် မိုက်မဲသူတစ်ဦးအဖြစ် အခေါ်ခံရသည်ကို ဝမ်းသာပျော်ရွှင်သည်မှာ အဘယ်ကြောင့်နည်း”ဟု ပြောသည်။ ပြီးလျှင် သင်က “သူသည် ကျွန်ုပ်ကို မိုက်မဲသူဟုခေါ်ပြီး အန္တိခရစ်တစ်ဦးဖြစ်သည်ဟု၊ သို့မဟုတ် ကျွန်ုပ် ကယ်တင်ခံရနိုင်မည် မဟုတ်ဟု မပြောခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ် ဝမ်းသာပျော်ရွှင်ပါသည်”ဟု ပြော၏။ သင့်ကို မိုက်မဲသူဟု ခေါ်ခြင်းသည် သင့်ကို အပြင်လူတစ်ဦးအဖြစ် ဆက်ဆံနေခြင်း မဟုတ်ဘဲ မိသားစုဝင်တစ်ဦးအဖြစ်၊ ရင်းနှီးသည့် တစ်စုံတစ်ဦးအဖြစ် ဆက်ဆံနေခြင်း ဖြစ်သည်။ ထိုအရာမှာ လူတို့က မိမိတို့၏ သားသမီးများကို “တိရစ္ဆာန်လေးများ”ဟု ခေါ်ဆိုခြင်းကဲ့သို့ ဖြစ်သည်။ အနည်းငယ် ကြမ်းတမ်းပုံရသော်လည်း အမှန်တကယ်တွင် အမှန်တရား ဖြစ်ပြီး အချစ်အကြင်နာစကားနှင့်ဆိုင်သော ဝေါဟာရတစ်ခုသာ ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးအဖြစ် အခေါ်ခံခဲ့ရပါက အဘယ်သို့နည်း။ ထိုသို့ဆိုလျှင် နာမည်ပြောင်းလဲခြင်းသည် ယင်း၏ သဘောသဘာဝ မတူကွဲပြားသကဲ့သို့ သင်၏ အဆုံးသတ်သည်လည်း တူမည်မဟုတ်သည့်သဘော ဖြစ်သည်နှင့်အမျှ သင် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သည့်အရာကို သင်တို့ ရွေးချယ်မည်နည်း။ (မိုက်မဲသူနှင့် လူအတစ်ဦးဟု အခေါ်ခံရဖို့ ရွေးချယ်ပါမည်။) မိုက်မဲသူနှင့် လူအတစ်ဦး အမြဲဖြစ်သည်မှာ မကောင်းပေ။ သင်၏ အစွမ်းအစလည်း အနည်းငယ် တိုးတက်ရမည်။ နှစ်ကာလများအတောအတွင်းတွင် သင်တို့၏ အစွမ်းအစ တိုးတက်လာကြပြီလော။ (အနည်းငယ်မျှ တိုးတက်သော်လည်း သိပ်မများပါ။) အသက်ဝင်ရောက်မှု ကိစ္စရပ်တွင် သင်သည် အမှန်တကယ် ကြိုးစားပြီး ဆက်လက်ကြိုးပမ်းလျှင် မုချ တိုးတက်လိမ့်မည် ဖြစ်သော်လည်း အကြီးစား တိုးတက်မှုများကို တစ်ပြိုင်နက် မြင်ရရန်မှာ မဖြစ်နိုင်ပေ။ ထိုအရာမှာ နှေးကွေးသည့် ကြီးထွားမှုဖြစ်စဉ်ဖြစ်သော်လည်း သင့်ထံတွင် ဝင်ရောက်မှုရှိသရွေ့ ဆုတ်ယုတ်မည် မဟုတ်သကဲ့သို့ သင် လိုက်စားသရွေ့ သင်၏ အသက်ဝင်ရောက်မှုသည်လည်း တဖြည်းဖြည်း နည်းနည်းချင်းဆိုသလို ကြီးထွားလိမ့်မည်။

လူတို့အထဲတွင် သမ္မာတရားကို အမှုပြုရန် ဘုရားသခင်အတွက် လွယ်ကူသည့်အလုပ်တစ်ခု မဟုတ်ပေ။ ထိုအရာမှာ မြေကြီးထဲ စိုက်ပျိုးချိန်တွင် မျိုးစေ့တစ်စေ့က အညှောင့်ပေါက်သည့် အမြန်နှုန်းလောက် မြန်မြန်ဆန်ဆန် မဖြစ်ပေ။ အတော် ကွဲပြားခြားနားပေသည်။ လူ့အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းသည် သူ၏ ဆိုးယုတ်သော စိတ်သဘောထားကို လုံးလုံးလျားလျား သန့်စင်စေခြင်းနှင့် ပြောင်းလဲစေခြင်းအားဖြင့်ဖြစ်ကာ လူကို သူ၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်ခွင့်ပေးခြင်းအားဖြင့်ဖြစ်သော်လည်း ဤအရာများသည် ရိုးရှင်းသည့် ကိစ္စရပ်များ မဟုတ်ပေ။ သင်သည် တရားဒေသနာများကို နားထောင်လျှင်ပင်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှု၍ ဆုတောင်းပြီး နေ့ရက်စဉ်တိုင်း တွေ့ကြုံလျှင်ပင် သင်၏ တိုးတက်မှုက နည်းပါးလိမ့်မည်ဖြစ်ပြီး သင်၏ ဘဝရင့်ကျက်ကြီးထွားမှုက နှေးကွေးလိမ့်မည်။ တစ်စုံတစ်ဦးအတွက် သမ္မာတရားကို နားလည်ရန် ဖြစ်စဉ်များစွာ လိုအပ်သည်။ လူတို့သည် ထပ်တလဲလဲဖြစ်သော အတွေ့အကြုံများစွာ လိုအပ်ပြီး သမ္မာတရားကို သဘောပေါက်ရန် ကြိုးစားရာတွင် ဆက်ကြိုးပမ်းကာ အားထုတ်ဖို့လည်း လိုအပ်ပေသည်။ ထိုအခါတွင်မှ ထိုသမ္မာတရားကို ၎င်းတို့ နားလည်နိုင်သည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က လိုအပ်သည်၊ သို့မဟုတ်လျှင် လူတို့ ရရှိသည့်အရာမှာ သာ၍ပင် နည်းပါးပေမည်။ လူများစွာတို့သည် ဘုရားသခင်ကို အနှစ်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်ကြာ ယုံကြည်ပြီးဖြစ်သော်လည်း မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပြောနိုင်ကြသေးချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ မလိုက်စားခဲ့ကြသောကြောင့် သို့မဟုတ် ဘုရားသခင်ကို ဆယ်စုနှစ်ချီ ယုံကြည်ပြီးသည့်နောက်တွင်ပင် မည်သည့်အရာမျှ မရရှိသည့် အကျိုးဆက်ဖြစ်ပေါ်စေလျက် သမ္မာတရားကို သဘောပေါက်ရန် စူးစိုက်သည့် အားထုတ်မှု မပြုကြသောကြောင့် ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို နားလည်ရန်၊ ထိုသမ္မာတရားကို တွေ့ကြုံပြီး သဘောပေါက်ရန် လိုအပ်ပြီး ၎င်းတို့အနေဖြင့် ဘုရားသခင်က ၎င်းတို့အတွက် ပတ်ဝန်းကျင်များကို စီစဉ်ပေးရန် အထူးသဖြင့် လိုအပ်သည်။ ဤမတူကွဲပြားသည့် သွင်ပြင်လက္ခဏာများ ပေါင်းစပ်ခြင်းက လူတို့ကို အနည်းငယ်သော သိနားလည်မှုနှင့် ဝင်ရောက်မှုတို့ကို ရရှိစေသည်။ ဤအရာ သင့်အထဲတွင် ဖြစ်ပေါ်စေသည်နှင့်တစ်ပြိုင်နက် သင်၏ သတိရှိခြင်းနှင့် အတွေးများကို တိုးတက်စေကာ အနည်းငယ် ပြောင်းလဲခွင့်ပေးလျက် သင့်ကို မတူကွဲပြားသည့် အသိပညာ၊ ခံစားချက်များနှင့် အတွေးများ ပေးလိမ့်မည်။ အပြန်အလှန်အနေဖြင့် ယင်းက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို အနည်းငယ်မျှ အားကောင်းစေလိမ်မ့ည်ဖြစ်ပြီး သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် သင်၏ ကိုယ်ပိုင် အသက်လမ်းကြောင်းတို့ကို အနည်းငယ်မျှ ပြောင်းလဲစေလိမ့်မည်။ ထိုအရာများအားလုံးသည် အနည်းငယ်သော တဒင်္ဂမျှ ပြောင်းလဲမှုများ ဖြစ်သော်လည်း ဤတဒင်္ဂပြောင်းလဲမှုများက ဘဝအပေါ် သင်၏ သဘောထားအမြင်တွင်၊ သင်၏ အတွေးများနှင့် အမြင်များတွင်၊ အမှုအရာများနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားတွင် ကြီးမားသည့် အပြောင်းအလဲ ဖြစ်စေလိမ့်မည်။ ဤသည်မှာ သမ္မာတရားဖြစ်သည့် ဘုရားနှုတ်ကပတ်တော်၏ အစွမ်းတန်ခိုး ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။