အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၉၁)

ဓမ္မဟောင်းကျမ်းတွင် ယောဘအား ဘုရားသခင်၏ အကဲဖြတ်ချက်ကို မှတ်တမ်းတင်ထားသည်၊ “မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏” (ယောဘ ၁:၈) ဟူ၍ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ပေတရုက သူ့ကို အမှန်တကယ်ချစ်ခဲ့သည် ဟူသည့် အချက်ကိုသာမက ယောဘသည် သူ့အား စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့သောလူတစ်ဦး ဖြစ်ခဲ့သည်ဆိုသည့်အချက်ကိုပါ သက်သေခံခဲ့သည်။ ပြီးလျှင် ဘုရားသခင်က သူရွေးချယ်ထားသောလူများသည် နောက်ဆုံးအချိန်အထိ သူ၏နောက်ကို လိုက်မည်ဆိုပါက ၎င်းတို့တွင် အနည်းဆုံးအနေဖြင့် ယောဘ၏ယုံကြည်ခြင်းမျိုးရှိဖို့ တောင်းဆိုသည်။ သင်တို့၏ စိတ်ကူးများထဲတွင်လည်းကောင်း၊ သင်တို့ နားလည်သည့် နည်းပါးသော စာသားများ၏ ဘောင်အတွင်းတွင်လည်းကောင်း ယောဘသည် မည်ကဲ့သို့သောလူစားမျိုး ဖြစ်သနည်း။ သူသည် လူကောင်းတစ်ဦးဖြစ်ခဲ့သလော။ (ဖြစ်ခဲ့ပါသည်။) ဤသည်မှာ အဓိကအားဖြင့် မည်သည့်နည်းလမ်းများဖြင့် ပေါ်လွင်ထင်ရှားခဲ့သနည်း။ ပထမအနေဖြင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့သောလူတစ်ဦးဖြစ်ပြီး မကောင်းမှုကို မည်သည့်အခါမျှ မလုပ်ခဲ့ပေ။ ဤသည်မှာ လူကောင်းတစ်ဦး ဖြစ်ကြောင်း အဓိက သရုပ်သကန်နှင့် အမှတ်အသားဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်ကြံပြုမူခြင်းတွင် စည်းမျဉ်းနှင့်ညီသကဲ့သို့ သူ၏သားသမီးများနှင့် မိသားစုကို သူဆက်ဆံပုံသည် စည်းမျဉ်းနှင့်ညီသည်။ သူသည် သူ၏သားသမီးများ၏အမှားများကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့သကဲ့သို့ ဘုရားသခင်ထံ ဆုတောင်းခဲ့ပြီး သူ၏သားသမီးများကို အပ်နှံခဲ့သည်၊ ယင်းက သူ၏သားသမီးများနှင့်ပတ်သက်သည့် သူ၏သဘောထားသည် လုံးဝ မှန်ကန်ပြီး ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီဖြစ်ကြောင်း လူများကို ပြပေသည်။ သားသမီးအနေဖြင့် ထိုကဲ့သို့သောဖခင်တစ်ဦးကို ရထားခြင်းမှာ မည်သည့်အရာနှင့်တူမည်ဟု သင်တို့ ထင်သနည်း။ ယင်းက သင့်ကို ပျော်ရွှင်စေသလော။ သို့သော် ယောဘ၏မိတ်ဆွေများမှာ မည်သည့်အရာနှင့် တူသနည်း။ စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ယောဘ ရင်ဆိုင်ကြုံတွေ့နေခဲ့ရချိန်တွင် သူ၏မိတ်ဆွေများက သူ့ကို မည်သို့ဆက်ဆံခဲ့ကြသနည်း။ ၎င်းတို့အထဲမှ တစ်ယောက်မျှ သူ့ကို နားမလည်နိုင်ခဲ့ကြသည့်အပြင် ၎င်းတို့က “သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခဲ့သည်၊ သူက သင့်ကို ကျိန်ဆဲခဲ့ပြီ။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းက သင့်ကို မည်သည့်အခြေအနေသို့ ရောက်စေခဲ့ပြီ ဖြစ်သည်ကို ကြည့်ပါဦး။ သနားဖွယ်ကောင်းလိုက်လေခြင်း” ဟု သူ့ကို အပြစ်တင်ဝေဖန်ခဲ့ကြသည်။ ယောဘ၏ဇနီးကပင်လျှင် “သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့” (ယောဘ ၂:၉) ဟု ဆို၏။ ဤအလွန်အမင်း ဆင်းရဲဒုက္ခခံနေရချိန်အတောအတွင်းတွင် ယင်းမှာ ယောဘ၏ မိတ်ဆွေများနှင့် ဇနီးက သူ့ကို ဆက်ဆံပုံဖြစ်သည်၊ ယင်းက သူ့ကို အလွန့်အလွန် ထိခိုက်နစ်နာစေပြီး နာကျင်စေခဲ့သည်။ သို့သော် ယောဘကို နားလည်ခဲ့သောလူ အနည်းအကျဉ်းမျှရှိခဲ့သည်၊ ဤသည်မှာ မှန်ကန်သည်။ ယခု ယောဘ၏ဘဝဇာတ်ကြောင်းကို ငါတို့ ဖတ်ကြသောအခါ အမှန်အားဖြင့် အားအထားရဆုံးနှင့် ယုံကြည်စိတ်အချရဆုံးသော ယောဘကဲ့သို့သော လူများနှင့် ဤသို့သော လူစားမျိုးတို့သည် လူကောင်းစစ်စစ်တစ်ဦးဖြစ်သည်ဟု ငါတို့ ခံစားကြရသည်။ ၎င်းတို့သည် သင့်ကို မည်သည့်အခါမျှ လှည့်ဖြားမည်မဟုတ် သို့မဟုတ် ဒုက္ခပေးမည် မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ဆက်ဆံသည့်နည်းတွင် စည်းမျဉ်းများကို အစဉ်သဖြင့် လိုက်နာစောင့်ထိန်းကြလိမ့်မည်။ အကယ်၍ သင်သည် မှန်ကန်သည့်လူတစ်ဦးဖြစ်ပါက ဆိုးသည့်ကိစ္စတစ်ခုကို သင်လုပ်ရုံမျှဖြင့်ဖြစ်စေ၊ အခြားလူများက သင်၏အကြောင်း သားပုပ်လေလွင့် ပြောရုံမျှဖြင့်ဖြစ်စေ ၎င်းတို့က သင့်ကို ရှုတ်ချလိမ့်မည်မဟုတ်ပါ၊ သို့မဟုတ် သင်၏အကြောင်း မနှစ်မြို့ဖွယ်ရာများကို ပြောကြလိမ့်မည်မဟုတ်ပေ။ လူများကို မှားယွင်းစွာစွပ်စွဲဖို့ အမှန်တရားနှင့်ဆန့်ကျင်ပြီး ကလိမ်ကကျစ်နည်းလမ်းဖြင့် ၎င်းတို့ စကားပြောလိမ့်မည်မဟုတ်ပေ။ ချစ်ခင်ခြင်းများ သို့မဟုတ် နှစ်သက်မှုများက ၎င်းတို့၏ စကားကို စေစားခြင်းအား ၎င်းတို့ ခွင့်ပြုမည်မဟုတ်။ အချိန်ကြာလာသည်နှင့်အမျှ “ကိုင်း၊ ဤသည်မှာ လူကောင်းတစ်ယောက် ဖြစ်သည်။ ကျွန်ုပ်တို့ အခက်အခဲအနည်းငယ်မျှ ကြုံလာသည့်အချိန်တိုင်း ကျွန်ုပ်တို့၏ တာဝန်များကို ကျွန်ုပ်တို့ ဘေးဖယ်ထားလိုက်ကြသော်လည်း မည်မျှကြီးကျယ်သော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ရပါစေ ၎င်းသည် ဘုရားသခင်၏နာမတော်ကို မည်သည့်အခါမျှ မစွန့်ပယ်ခဲ့ပေ။ ဘုရားသခင်သည် ဤလူစားမျိုးကို နှစ်သက်သည်မှာ အံ့ဩဖွယ်မဟုတ်ပေ။ ကျွန်ုပ်၏ဘေးတွင် ဤကဲ့သို့သော လူတစ်ဦးရှိခဲ့ပါက ကျွန်ုပ်အပေါ် မည်သည့်ဖျားနာခြင်း သို့မဟုတ် အတိဒုက္ခမျိုးတို့ ကျရောက်ပါစေ ၎င်းသည် ယခင်ကကဲ့သို့ ကူညီခြင်း၊ ထောက်ပံ့ကူညီခြင်း၊ စောင့်ရှောက်ခြင်းနှင့် ကျွန်ုပ်ကို သည်းခံခြင်းတို့ကို ဆက်၍ လုပ်ပေးနိုင်လိမ့်မည်။ ဤကဲ့သို့သောလူစားမျိုးသည် အံ့ဩဖွယ်ကောင်းသည်။ တစ်ခါတစ်ရံ ၎င်းက ကျွန်ုပ်ကို စိတ်ကသိကအောက်ဖြစ်စေခဲ့လျှင်ပင် သို့မဟုတ် ကျွန်ုပ်တို့ အမြဲတမ်း မတည့်ခဲ့လျှင်ပင် စာတန်များနှင့် နတ်ဆိုးများထဲမှ တစ်ကောင်နှင့်စာလျှင် ၎င်းကို ကျွန်ုပ်၏ဘေးတွင် ရှိနေစေချင်ပါသည်” ဟူ၍ သင်မြင်လိမ့်မည်။ “သင်က အလွန်တော်သည်။ ကျွန်ုပ်သည် သင့်ကို ချစ်ပြီး သင့်ကို အလွန်ဂရုစိုက်သည်” ဟု စာတန်များနှင့် နတ်ဆိုးများက ထုံးစံအတိုင်း အပေါ်ယံပြောကြလိမ့်မည်။ သို့သော် သင်ဒုက္ခအချို့ ကြုံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သင့်ကို လျစ်လျူရှုကြလိမ့်မည်။ ထိုအချိန်သည် လူကောင်းတစ်ယောက်ဟူသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် ယုံကြည်အားထားရသော လူတစ်ယောက်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်းတို့ကို သင်သဘောပေါက်မည့်အချိန်ဖြစ်သည်။ ယုံကြည်စိတ်ချရသည့်သူများနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်သူများသာလျှင် လူကောင်းအစစ်အမှန်များ ဖြစ်ကြပြီး လူကောင်းများသည် အလွန်အဖိုးတန်သည်။ ယောဘကဲ့သို့သောလူများ တစ်ဒါဇင်ခန့် သင်၏ဘေးတွင် ရှိခဲ့လျှင် အံ့ဩဖွယ်ကောင်းလိမ့်မည်၊ သို့သော် ယခုအခါတွင် သင့်ထံ၌ မည်သူမျှမရှိပါ။ ဤအချိန်တွင် လူကောင်းတစ်ယောက် မည်မျှပင်ရှားပါးသည်ကို သင်ခံစားမိလိမ့်မည်။ လူတိုင်း ဤကဲ့သို့သော လူကောင်းတစ်ယောက်ကို လိုအပ်သည်။ ဖြောင့်မတ်ပြီး စေတနာကောင်းသောလူများ၊ စည်းမျဉ်းနှင့်ညီသော ပုံစံဖြင့် ပြုမူဆောင်ရွက်သည့် ကြင်နာသောစိတ်နှလုံး ရှိသည့်လူများ၊ တရားမျှတစိတ်ရှိသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သူနှင့် ယုံကြည်ဖို့ ထိုက်တန်သူကို လူတိုင်း နှစ်သက်ကြသည်။

သင့်ကို အတိဒုက္ခများနှင့် နာမကျန်းဖြစ်ခြင်းတို့က ဖိစီးနေသောအခါ၊ သင်၏စိတ်နှလုံးက ဒုက္ခအများဆုံး ခံစားရသောအခါ သင်၏ဘေးတွင် မည်သည့်လူစားမျိုးကို သင်လိုအပ်သနည်း။ ချိုသာသောအလိမ်စကားများကို ပြောသည့်တစ်စုံတစ်ဦးကို သင်လိုအပ်သလော။ သင့်ကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချပြီး အပြစ်ရှာသည့် တစ်စုံတစ်ယောက်ကို သင်လိုအပ်သလော။ (မလိုအပ်ပါ။) သို့ဆိုလျှင် မည်သို့သောလူမျိုးကို သင်အလိုအပ်ဆုံးနည်း။ သင်၏အခက်အခဲများအတွက် စာနာစိတ်ကို ပြနိုင်ပြီး သင့်ကို နှစ်သိမ့်ပေးနိုင်သောသူ၊ သင်၏စိတ်နှလုံးထဲက နာကျင်မှုအကြောင်း သင်ပြောသည်ကို နားထောင်ပေးနိုင်ပြီး သင်၏အဆိုးမြင်စိတ်၊ အားနည်းချက်နှင့် ဆင်းရဲဒုက္ခခံနေရခြင်းတို့မှ ရုန်းထွက်နိုင်အောင် ကူညီနိုင်သောလူတစ်ဦးကို သင်လိုအပ်သည်။ ဤလူသည် သင့်ကို ကူညီနိုင်သည်၊ ၎င်းတို့သည် သင်နိမ့်ကျသောအခါ သင့်ကို ရယ်မောမည် သို့မဟုတ် ကန်ချမည်မဟုတ်ပါ၊ ပြီးလျှင် သင်၏အခက်အခဲများကို ၎င်းတို့ မျက်ကွယ်ပြုလိမ့်မည်မဟုတ်ပါ။ ဆိုလိုသည်မှာ သင့်ကိုနှစ်သိမ့်မှုပေးဖို့ ၎င်းတို့ကို သင်လိုအပ်ပြီး သင့်တွင် အခက်အခဲများ၊ အားနည်းသည့် အချိန်များနှင့် ပုဂ္ဂိုလ်ရေးပြဿနာများရှိနေပါက ဤအရာများကို ၎င်းတို့နှင့် သင်ဝေမျှနိုင်ပြီး ၎င်းတို့သည် သင်၏နောက်ကွယ်တွင် ယင်းတို့ကို လျှောက်ဖြန့်မည်မဟုတ်၊ သင့်ကို လှောင်ပြောင်မည်မဟုတ်၊ ပြက်ရယ်ပြုမည် မဟုတ်၊ သို့မဟုတ် သင်၏ကိုယ်ရေးကိုယ်တာကိစ္စများကို ရှုပ်ထွေးစေမည် မဟုတ်ပေ။ ၎င်းတို့သည် သင်၏အခက်အခဲများ၊ အားနည်းချက်၊ အဆိုးမြင်စိတ်နှင့် သင့်လူ့သဘာဝ၏ အားနည်းသည့်အပိုင်းများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ဤအရာများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းသည် စည်းမျဉ်းနှင့်အညီ ဖြစ်ခြင်း မဟုတ်လော။ ဤအရာများသည် လူကောင်းတစ်ဦး၏ သရုပ်သကန်များ မဟုတ်လော။ ဤကဲ့သို့သောလူမျိုးသည် သင့်ကို နားလည်နိုင်သည်၊ သည်းခံနိုင်ပြီး သင့်ကို ဂရုစိုက်ပေးနိုင်သည်။ ၎င်းတို့သည် သင့်ကို ဝိုင်းဝန်းကူညီပေးနိုင်သည်၊ သင့်ကို စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနိုင်ပြီး သင်၏နာကျင်မှုနှင့် အားနည်းချက်တို့မှနေ၍ ရုန်းထွက်ဖို့ သင်ကြိုးစားရာတွင် သင့်ကို ကူညီပေးနိုင်သည်။ ၎င်းတို့သည် သင့်ကို ထိုကဲ့သို့ကြီးကျယ်သော အထောက်အပံ့ပေးသည်။ ဤကဲ့သို့သော လူတစ်ယောက်သည် အလွန်အမင်း အဖိုးတန်သည်။ ဤသည်မှာ လူကောင်းတစ်ယောက်ဖြစ်သည်။ သင့်တွင် ပြဿနာတက်နေသည်ကို လူတစ်ဦးက မြင်သောအခါ သူသည် သင့်ကို လျစ်လျူရှုသည်၊ လှောင်ပြောင်သရော်ပြီး ပြက်ရယ်ပင်ပြုသည်ဟု ဆိုကြပါစို့။ သင်က သူ့ကို တစ်စုံတစ်ခုနှင့်ပတ်သက်၍ အတွင်းစကား ပြောလိုသော်ငြားလည်း “ကျွန်ုပ် သူ့ကို ပြောလို့မဖြစ်ပေ။ ပြောလိုက်လျှင် ဂယက်ရိုက်မှုများ ရှိနိုင်သည်။ ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအကြောင်းကို ကျွန်ုပ်၏နောက်ကွယ်တွင် သူက လျှောက်ပြောနိုင်သည်။ ထိုအခါ လူတိုင်းက ကျွန်ုပ်ကို လှောင်ပြောင်ရယ်မောကြလိမ့်မည်၊ ပြီးလျှင် ကျွန်ုပ်ကို အသရေပျက်အောင် လုပ်ကြံပြောဆိုဖို့ မည်သည့်ဇာတ်လမ်းများကို သူဖန်တီးမည်ကို မည်သူသိနိုင်မည်နည်း” ဟု သင့်ကိုယ်သင် တွေးမိသည်။ ထိုသို့သောလူတစ်ဦးနှင့် သင်စကားပြောရဲသလော။ သူ မည်သည့်အရာကို လုပ်နိုင်စွမ်းရှိသည်ကို အတိအကျ သင်မသိနိုင်ပေ။ သူသည် သင့်ကို မကူညီနိုင်ရုံ သို့မဟုတ် မထောက်ပံ့နိုင်ရုံသာမက သင်၏ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရှုပ်ထွေးအောင် လုပ်နိုင်သည့်အပြင် သင့်ကို လိမ်လည်လှည့်ဖြားပြီး ထိခိုက်နစ်နာအောင် လုပ်နိုင်သည်။ သူ့ကို သင် အတွင်းစကားပြောရဲသလော။ ဤအချိန်တွင် လူကောင်းများသည် မည်မျှအရေးကြီးပြီး အဖိုးထိုက်ကာ တန်ဖိုးရှိကြောင်းနှင့် အခြားလူစားတစ်မျိုးမျိုး ဖြစ်ခြင်းထက် လူကောင်းတစ်ယောက် ဖြစ်ခြင်းသည် ပိုတန်ဖိုးရှိကြောင်းကို သင်သဘောပေါက်သည်။ သင်ဆင်းရဲဒုက္ခခံနေရပြီး နာကျင်နေရချိန်တွင် သင်၏အခက်အခဲများနှင့် လိုအပ်ချက်များကို သင်၏မိဘများပင်လျှင် အမှန်တကယ် နားမလည်နိုင်သည်လည်း ဖြစ်နိုင်ကောင်းသည်။ ထို့ပြင် ၎င်းတို့ သင့်ကို နှစ်သိမ့်ပေးနိုင်မည် မဟုတ်ပေ။ အလုပ်ကြိုးစားပြီး အိမ်အပြင်ထွက်၍ အလုပ်လုပ်သော သားသမီးအချို့ရှိကြသည်၊ အထူးသဖြင့် အမျိုးသမီးအချို့သည် ၎င်းတို့၏အလုပ်ရှင်များကို မျက်နှာလိုမျက်နှာရ လုပ်ကြရသည် သို့မဟုတ် ငွေမဖြစ်စလောက်ရဖို့အတွက် ၎င်းတို့၏ ခန္ဓာကိုယ်များကိုပင်လျှင် ရောင်းစားရသည်၊ ထို့အပြင် ၎င်းတို့၏ မိဘများက ၎င်းတို့၏သားသမီးများ အိမ်အပြင်ထွက်၍ အလုပ်လုပ်ရသည်မှာ မည်မျှခက်ခဲပင်ပန်းသည် သို့မဟုတ် ငွေရှာရသည်မှာ ၎င်းတို့အတွက် မည်မျှခဲယဉ်းသည်ဆိုသည့်အကြောင်းကို မည်သည့်အခါမျှ မမေးကြပေ။ ၎င်းတို့၏သားသမီးများက အိမ်သို့ ငွေအများကြီး မပါလာလျှင် မကျေမနပ်ပင် ညည်းညူပြီး အခြားသားသမီးများနှင့် နှိုင်းယှဉ်ကြသည်။ ဤသည်က ၎င်းတို့၏သားသမီးများကို မည်သို့ခံစားရစေသနည်း။ (ဝမ်းနည်းစေသည်၊ စိတ်မချမ်းမြေ့ဖြစ်စေသည်။) ၎င်းတို့ စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။ ကမ္ဘာကြီးသည် ထိုမျှမှောင်မိုက်သောနေရာတစ်ခုဖြစ်ပြီး ၎င်းတို့၏ မိဘများကပင်လျှင် ဤပုံစံမျိုးဖြစ်နေကြသည်ဟု ၎င်းတို့ ခံစားကြရပြီး ၎င်းတို့ မည်သို့ဆက်လက် အသက်ရှင်သွားရမည်ကို စဉ်းစားမိကြသည်။ ထိုအကြောင်းကြောင့် သင်သည် လူကောင်းတစ်ယောက်ဖြစ်ရမည်။ လူကောင်းတစ်ယောက်ကို လူတိုင်း လိုအပ်သည်။ ထို့ပြင် လူကောင်းများ မည်သို့ဖြစ်လာသနည်း။ ကောင်းကင်ပေါ်မှ ၎င်းတို့ ပြုတ်ကျလာသလော။ မြေကြီးထဲမှ ၎င်းတို့ ထွက်လာကြသလော။ တိရစ္ဆာန်အချို့မှနေ၍ ၎င်းတို့ ဆင့်ကဲပြောင်းလဲလာကြသလော။ ၎င်းတို့သည် အဆင့်မြင့်ကျောင်းများ၏ ပညာရေးထုတ်ကုန်များလော။ သို့မဟုတ် ခြိုးခြံသောအကျင့်ရှိသော ဘာသာရေးကျင့်သုံးမှု၏ ထုတ်ကုန်များလော။ မဟုတ်ပေ၊ ဤရှင်းပြချက်များထဲက တစ်ခုမှ မမှန်ကန်ပေ။ ယင်းတို့အားလုံးသည် လုံးဝ မဖြစ်နိုင်ပေ။ ဘုရားသခင်နောက်သို့ လိုက်ခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ခံယူခြင်းတို့ဖြင့်သာ လူတစ်ဦးသည် လူကောင်းတစ်ယောက်ဖြစ်လာနိုင်သည်။ လူကောင်းများသည် ဖောက်ပြန်ပျက်စီးသောလူသားများ ရုတ်တရက် အသွင်ပြောင်းသွားရာမှတစ်ဆင့် ထွက်ပေါ်လာခြင်းမဟုတ်ပေ၊ လူများသည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံရမည်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရမည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရယူရမည်ဖြစ်ပြီး လူကောင်းများဖြစ်လာဖို့အလို့ငှာ စုံလင်စေခြင်းကို ခံရမည်။ လူတိုင်း ၎င်းတို့၏ဘေးတွင် သူငယ်ချင်းတစ်ဦးနှင့် လူယုံတစ်ဦးအဖြစ် လူကောင်းတစ်ယောက်ကို လိုအပ်သည်။ ငါ့ကိုပြောလော့၊ ၎င်းတို့ကို ဘုရားသခင်ကလည်း လိုအပ်သလော။ (လိုအပ်ပါသည်။) ဘုရားသခင်သည် လူကောင်းများကို လိုအပ်ပါသည်၊ ထို့ပြင် လူများကလည်း လူကောင်းများကို လိုအပ်ပါသည်။ ဤကိစ္စကို နားလည်ခြင်းက သင့်အပေါ် မည်သည့်အကျိုးသက်ရောက်မှု ရှိလိမ့်မည်နည်း။ လူကောင်းတစ်ယောက်ဖြစ်လာဖို့ ကြိုးပမ်းရန် သင့်တွင် ဤသန္နိဋ္ဌာန်နှင့် ဤလိုအင်ဆန္ဒ ရှိရမည်။ “လူကောင်းတစ်ယောက်ဖြစ်လာခြင်းက ခက်ခဲပင်ပန်းသော်လည်း လူကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုးပမ်းဖို့ ကျွန်ုပ် သန္နိဋ္ဌာန်ရှိရမည်။ လူများသည် လူကောင်းများကို အသည်းအသန် လိုအပ်သည်၊ ထို့ပြင် ကျွန်ုပ်သည်လည်း လူကောင်းများကို လိုအပ်သည်။ ထို့ကြောင့် ဘုရားသခင်က လူကောင်းများကို ပိုရအောင် ကူညီဖို့ ကြိုးစားအားထုတ်ရင်း ကျွန်ုပ်သည် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် လူကောင်းတစ်ယောက်ဖြစ်လာအောင်လုပ်ပြီး အခြားလူများကို ကူညီကာ ထောက်ပံ့ပေးမည်” ဟု သင်ဆိုလျှင် ထိုအခါ ဤသည်က မှန်ကန်သည်။ အကယ်၍ လူတိုင်း လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းလျှင် ထိုအခါ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိလာလိမ့်မည်။ “လူ့သဘာဝသည် အလွန်ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သည်။ ဘုရားသခင်ကို ယုံကြည်သူ အနည်းငယ်မျှက လူကောင်းများဖြစ်ရုံနှင့် အကျိုးမရှိချေ။ ဆိုးယုတ်သောလူများ များပြားလွန်းသောကြောင့် လူကောင်းများသည် ဩဇာပေးခံရဆဲပင် ဖြစ်နေဦးမည်” ဟု သင်ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ မိုက်မဲသော စကားတစ်ခု ဖြစ်၏။ ကယ်တင်ခြင်းကို ရရှိဖို့ ဘုရားသခင်ကို သင်ယုံကြည်သည်။ သင်သည် ကောင်းပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်လာပါက ဘုရားသခင်က သင့်ကို ကောင်းချီးပေးလိမ့်မည်။ လူသားများသည် မည်မျှဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးနေပါစေ၊ ဘုရားသခင်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းများစွာရှိပါသည်။ လူများသည် ဤအကြောင်းနှင့်ပတ်သက်ပြီး မိမိတို့ကိုယ်ကို စိုးရိမ်ဖို့ မလိုအပ်ပေ။ သမ္မာတရားလိုက်စားခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းတို့အပေါ်တွင်သာ သင်အာရုံစိုက်ရန်လိုသည်။ ဤသည်မှာ သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သည့်အရာ ဖြစ်သည်။ နောဧက လှေကြီးကို တည်ဆောက်သောအခါ နောက်ဆုံးတွင် လူရှစ်ယောက်သာ ကယ်တင်ခြင်းခံခဲ့ရသည်။ ဘုရားနှုတ်ကပတ်တော်များကို မယုံကြည်ခဲ့သောသူများနှင့် မှန်ကန်သောလမ်းကြောင်းကို မလျှောက်ခဲ့သူများအားလုံးသည် ဘုရားသခင်၏ရေလွှမ်းမိုးခြင်းကြောင့် နောက်ဆုံးတွင် ဖျက်ဆီးခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ အများလက်ခံထားပြီးသော အချက်တစ်ခုဖြစ်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို အဘယ်ကြောင့် သင်အသိအမှတ်မပြုနိုင်ရသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သောဘုရားသခင်တစ်ပါးဖြစ်သည်ကို သင်အဘယ်ကြောင့် အသိအမှတ်မပြုနိုင်ရသနည်း။ ဘုရားသခင်က သူ၏အမှုတော်ကို အဆုံးသတ်သောအခါ လူမည်မျှများများ ကယ်တင်ခြင်းကို ရရှိပါစေ ဤခေတ်သည် အဆုံးသို့ရောက်ရမည်။ ကြီးစွာသောကပ်ဘေးများ ကျရောက်ရမည်၊ ပြီးလျှင် ဘုရားသခင်သည် ဤပြဿနာများအားလုံးကို ဖြေရှင်းပေးလိမ့်မည်။ သင်သည် သင်၏ကိုယ်ကျိုးအတွက် သမ္မာတရားကို လိုက်စားပြီး ဖြောင့်မတ်သောလူတစ်ဦး ဖြစ်လာသည်၊ ယင်းက သင့်ကို ကောင်းကျိုးပြုသည်၊ ပြီးလျှင် ယင်းက အခြားလူများကို ကောင်းကျိုးပြုသည်။ “လူကောင်းများသည် ၎င်းတို့နှင့် ထိုက်တန်သောအရာကို မရကြ” ဟု လူအချို့က ပြောကြသော်လည်း ဤသည်မှာ မှားသည်။ သမ္မာတရားကို လိုက်စားသောသူများသည် နောက်ဆုံးတွင် ကောင်းကင်နိုင်ငံတော်၌ ၎င်းတို့၏နေရာကို ရကြလိမ့်မည်။ ပြီးလျှင် ကမ္ဘာမြေကြီးပေါ်တွင် ဆိုးယုတ်သူများက မည်မျှကြီးပွားချမ်းသာပါစေ၊ နောက်ဆုံးတွင် ၎င်းတို့အားလုံးကို ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး ငရဲသို့ ပစ်ချခြင်းခံကြရလိမ့်မည်။ ထို့ကြောင့် ကောင်းမြတ်သောလူများရော၊ ဆိုးယုတ်သောလူများပါ ၎င်းတို့နှင့်ထိုက်တန်ရာကို ရကြသည် မဟုတ်လော။ သမ္မာကျမ်းစာတွင် မည်သည့်အရာကို ပြောထားသနည်း။ “ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။” (ဗျာဒိတ်ကျမ်း ၂၂:၁၂)

ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင်ထားသော ယောဘလုပ်ခဲ့သော အရာများသည် အကယ်စင်စစ် နေရာအနည်းငယ်သာယူထားသည်။ ၎င်းတို့သည် အလွန်ရိုးရှင်းပြီး များစွာလည်း မရှိပေ။ သို့သော် ယောဘ၏လုပ်ရပ်များအတွင်းတွင် သဲလွန်စများကို သင်ရှာနိုင်အပ်ပြီး လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ယောဘ၏စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို ရှာတွေ့နိုင်သည်။ ပထမဆုံးအနေဖြင့် သူ၏သားသမီးများနှင့် သူနှင့်အရင်းနှီးဆုံးသောသူများကို သူ၏ဆက်ဆံပုံနှင့်စပ်လျဉ်း၍ ယောဘ၏စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ သူ၏ချစ်ခင်တွယ်တာမှုများအပေါ် မူမတည်ဘဲ စည်းမျဉ်းများအတိုင်း စောင့်ထိန်းလိုက်နာရန်ဖြစ်သည်။ သူသည် ဖြစ်ပျက်ခဲ့သောအရာများကြောင့် ဘုရားသခင်ကို ပြစ်မှားရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ ဤသည်မှာ သူ၏ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ ပထမစံနှုန်းဖြစ်ခဲ့သည်။ ယင်းမှာ သူ၏မိသားစုဝင် အရင်းအချာများအပေါ် သူ၏ဆက်ဆံပုံနှင့် စတင်ခဲ့သည်။ ဒုတိယအနေဖြင့် သူ၏ပိုင်ဆိုင်မှုများအပေါ် သူ၏ဆက်ဆံပုံဖြစ်သည်။ သူ၏ပိုင်ဆိုင်မှုများသည် လောကီပိုင်ဆိုင်မှုများသာ ဖြစ်သော်လည်း ယင်းတို့သည် ဘုရားသခင်ထံမှ လာကြောင်း၊ ဘုရားသခင်က သူ့ထံ အပ်နှင်းထားသောအရာများ ဖြစ်ကြောင်းနှင့် ယင်းတို့ဖြင့် ဘုရားသခင်က သူ့ကို ကောင်းချီးပေးခဲ့ကြောင်းတို့ကို ယောဘ သိခဲ့သည်။ လူများသည် ဤအရာများကို ဂရုတစိုက်နှင့် ကောင်းစွာ စီမံခန့်ခွဲပြီး စောင့်ရှောက်သင့်သည်။ ယင်းတို့ကို ကောင်းစွာ စောင့်ရှောက်ခြင်းဆိုရာတွင် ယင်းတို့ကို လောဘတကြီး ဖက်တွယ်ထားခြင်း သို့မဟုတ် ၎င်းတို့အပေါ် သာယာကြည်နူးနေခြင်းကို မဆိုလိုပါ၊ ပြီးလျှင် ဤအရာများအတွက် ရှင်သန်နေထိုင်ခြင်းကို မဆိုလိုပေ။ ဆိုလိုသည်မှာ ယင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ခြင်း၊ ယင်းတို့အတွင်းရှိ ဘုရားလက်တော်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် သူ၏အချုပ်အခြာအာဏာတို့ကို မြင်ခြင်းနှင့် ဤအရာများမှတစ်ဆင့် ဘုရားသခင်ကို သိခြင်းဖြစ်သည်။ လူများ ဘုရားသခင်ကို သိသောအခါ ၎င်းတို့သည် ထိုအခါတွင် သူ၏အချုပ်အခြာအာဏာကို ကျိုးနွံနာခံနိုင်ပြီး ဤသည်မှာ လူကောင်းတစ်ယောက် ဖြစ်ခြင်းအတွက် အမှန်တကယ် အရေးအပါဆုံး စံနှုန်းဖြစ်သည်။ အခြားလူများကို ကိုင်တွယ်ဖြေရှင်းသောအခါ သင်သည် စည်းမျဉ်းများအတိုင်း လိုက်နာစောင့်ထိန်းနိုင်သော်လည်း ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းမရှိပါက သင်သည် လူကောင်းတစ်ယောက် အမှန်တကယ် ဖြစ်ခြင်းဖြစ်သလော။ မဟုတ်ပေ၊ သင်သည် လူကောင်းတစ်ဦးမဖြစ်ပေ။ ထို့အပြင် ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် သူ၏ဆက်ဆံပုံတွင် ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားလုံးကို ယောဘသည် ကျိုးနွံနာခံနိုင်ခဲ့သည်။ ဘုရားသခင်၏ အစီအစဉ်များတွင် သူ၏ပိတ်ပင်ခြင်းနှင့် သူ၏စမ်းသပ်ခြင်းများ ပါဝင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် ပိတ်ပင်သည်၊ တစ်ခါတစ်ရံတွင် သူစမ်းသပ်သည်။ သူ၏စမ်းသပ်ခြင်းများတွင် မည်သည့်အရာပါဝင်သနည်း။ တစ်ခါတစ်ရံတွင် သူသည် သင့်ကို ဖျားနာအောင် လုပ်ကောင်းလုပ်နိုင်သည်၊ သို့မဟုတ် သင်၏မိသားစုအတွင်း ဘေးဖြစ်စေတတ်သော အခြေအနေအချို့ကို ဖြစ်အောင် လုပ်ကောင်းလုပ်နိုင်သည်၊ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်ခြင်း တစ်လျှောက်တွင် သင့်အား အခက်အခဲအချို့နှင့် ပြုပြင်ခြင်းများကိုလည်းကောင်း၊ သူ၏ ရိုက်နှက်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းတို့ကိုလည်းကောင်း ကြုံတွေ့ရစေဖို့ သူဖြစ်ကောင်းဖြစ်စေနိုင်သည်။ ဤအရာများသည် ဘုရားသခင်၏ အစီအစဉ်များသာဖြစ်ကြသည်။ ပြီးလျှင် ၎င်းတို့ကို သင်မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် ၎င်းတို့ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသည့်အပြင် ၎င်းတို့ထံမှ အစဉ်သဖြင့် ထွက်ပြေးချင်နေပါက သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံနေခြင်း မဟုတ်ပေ။ ထို့အပြင် လူများသည် ၎င်းတို့၏တာဝန်များကို ကိုင်တွယ်ရာတွင် သစ္စာစောင့်သိရမည်။ ၎င်းတို့၏ သစ္စာစောင့်သိမှုကို ၎င်းတို့ ဖော်ပြရမည်။ ဤနေရာတွင် သစ္စာစောင့်သိမှု ဆိုသည်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ ၎င်းတို့တတ်နိုင်စွမ်းရှိသမျှအားလုံးနှင့် ပိုင်ဆိုင်သမျှအားလုံးတို့ကို ဆက်ကပ်ခြင်းဖြစ်သည်။ ထိုသည်မှာ သစ္စာစောင့်သိမှုဖြစ်သည်။ ဤသည်မှာ လူကောင်းတစ်ယောက်ဖြစ်ခြင်းအတွက် စံသတ်မှတ်ချက်ဖြစ်သည်။ အကယ်၍ ယခု သင်တို့အကြားတွင် ယောဘကဲ့သို့သောလူတစ်ဦးသာရှိကာ နောက်ထပ်မလိုအပ်ဘဲ တစ်ယောက်သာ လိုအပ်လျှင် သင်တို့အကြားတွင် ထောက်တိုင်တစ်ခုရှိပေပြီ။ သင့်ထံ တစ်စုံတစ်ခု ဖြစ်လာသောအခါ တစ်ချိန်လုံး သင်၏စံပြပုဂ္ဂိုလ်အနေဖြင့် ၎င်းတို့သည် အသုံးခံလိမ့်မည်။ ၎င်းတို့လုပ်ခဲ့သကဲ့သို့ သင်တို့ လိုက်လုပ်ရုံသာဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ သင်တို့သည် ပြောင်းလဲလာလိမ့်မည်။ သင်၏အတွေးများမှစပြီး သင်၏လုပ်ရပ်များအထိ၊ သမ္မာတရားကို ရှာဖွေခြင်းမှစပြီး ၎င်းကို လက်တွေ့လုပ်ဆောင်ခြင်းအထိ သင်သည် ဆက်တိုက် တိုးတက်နေလိမ့်မည်။ အပြုသဘောဆောင်သော ဦးတည်ရာတစ်ခုဆီသို့ ရွေ့လျားရင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်တွင် သင့်ကို စတင်ဖို့ ခွင့်ပြုပေးရင်း သင်၏အနေအထားသည် တောက်လျှောက် တက်လာလိမ့်မည်။ ဤနည်းဖြင့် ဘုရားသခင်၏အမှုတော်ကို နှစ်ပေါင်းအနည်းငယ်ကြာအောင် တွေ့ကြုံခံစားပြီးနောက်တွင် သင်တို့သည်လည်း ယောဘကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လိမ့်မည်ဖြစ်ကာ စုံလင်အောင်ပြုခြင်းခံရသောလူတစ်ဦးဖြစ်လာလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။