အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၉၃)
သမ္မာတရားကို နားမလည်သူများသည် အမှုကိစ္စများပြုလုပ်ပါက မည်သည့်အပေါ် အားကိုးအားထားပြုကြသနည်း။ လူသားနည်းစနစ်များ၊ လူသားအသိဉာဏ်နှင့် လူသားကြံရည်ဖန်ရည် အနည်းငယ်တို့အပေါ် အားကိုးအားထားပြုကြသည်။ ယင်းတို့ကို အသုံးပြု၍ ကိစ္စများ ပြည့်စုံ ပြီးမြောက်လာသည့်အခါ လူသားတို့သည် မာနထောင်လွှားလာကြသည်။ သူတို့တွင် လုပ်နိုင်စွမ်းရှိသည်၊ သူတို့၏ သာလွန်ကောင်းမွန်မှုကို ဝင့်ဝါပလွှားပြီး ကြွားလုံးထုတ်နိုင်ကြသည်ဟု ခံစားလာကြသည်။ ယင်းကို အသိစိတ် ကင်းမဲ့သည်ဟု ခေါ်၏။ အမှန်မှာမူ သူတို့လုပ်ဆောင်ခဲ့သည့်အရာက ဘုရားသခင်၏ အလိုတော်နှင့် အမှန်တကယ် ညီမညီကို သူတို့ မသိကြပေ။ သူတို့သည် နားမလည်ကြ။ သူတို့တွင် ထိုးထွင်းသိမြင်မှု ကင်းမဲ့နေကြသည်။ ထို့ကြောင့် ထိုသို့သော လူတို့သည် သူတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်လာသည့်အခါ ဇီဇာချဲ့တတ်ကြသည်။ သူတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အမှားများလုပ်မိ၍ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ သူတို့သည် ထိုထိုဤဤကို ယိုးမယ်ဖွဲ့ အပြစ်တင်ကြကာ ပြင်ပ ဆင်ခြေများကို ရှာဖွေကြသည်။ ညံ့ဖျင်းသော အခြေအနေများကို အပြစ်တင်ကြသည်။ ထိုအချိန်က သေသေချာချာ မတွေးခဲ့မိလေခြင်းဟု သူတို့ကိုယ်သူတို့ အပြစ်တင်ကြသည်။ သူတို့သည် ပြင်ပ ဆင်ခြေများသာ ရှာဖွေကြ၏။ သမ္မာတရားကို သူတို့နားမလည်ကြောင်း သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို သူတို့သဘောမပေါက်ထားကြောင်းတို့ကိုမူ အသိအမှတ် မပြုကြပေ။ သူတို့ စိတ်နှလုံးမှာ အပျက်သဘောဆောင်လျက် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများနှင့် ပြည့်နှက်နေသည်။ ထို့အပြင် ဘုရားသခင်သည် သူတို့ကို လှစ်ဟဖော်ထုတ်ခဲ့သည်ဟု သူတို့ ယုံကြည်ကြသည်။ ယင်းသည် အမှန်တကယ် ဟုတ်ပါ၏လော။ သူတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သူတို့သည် ဖောက်ပြန်ပျက်စီးနေသော မိမိတို့စိတ်သဘောထားကို ဖော်ပြကြသည်။ မည်သည့်စည်းမျဉ်းမျှ မရှိဘဲ၊ သမ္မာတရားနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိဘဲ အမှုကိစ္စများကို လုပ်ဆောင်ကြသည်။ သူတို့သည် သနားစရာကောင်းပေစွ။ ထိုသို့သော လူတို့သည် နာခံမှု မရှိဘဲ သူတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ သူတို့တွင် သစ္စာရှိမှု သို့မဟုတ် ဆည်းကပ်မှု တစ်စုံတစ်ရာ ရှိသည်ဟု ပြော၍ မရနိုင်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသော အကျင့်ကို ရှောင်ဖို့မှာမူ သာ၍ မဖြစ်နိုင်ပေ။ သူတို့သည် အမှုကိစ္စများဆောင်ရွက်ရန် လူသားနည်းစနစ်များအပေါ်သာ အမြဲ တစ်သမတ်တည်း အားကိုးအားထားပြုကြသည်။ အပြင်ပန်းသာ ပြုမူ၍ အားထုတ်ကြသည်။ သို့သော် အဆုံးစွန်တွင် သူတို့သည် သမ္မာတရားကို နားလည်ရန် ပျက်ကွက်နေကြဆဲဖြစ်သည်။ ဤလူတို့၏ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိလေသလော။ ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေးသည် ပုံမှန်ဟုတ်သလော။ ဘုရားသခင်အပေါ် သူတို့၏ ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ရိုသေခြင်းတို့က တိုးတက်မှု တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) သူတို့၏ ဘဝက တိုးတက်မှုမရှိ။ သူတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားက ပြောင်းလဲမှုမရှိ။ သူတို့သည် မရိုးသားသော နည်းလမ်းများကို ပိုမို အသုံးချပြီး တိုး၍ မာနထောင်လွှားလာလျက် ပို၍သာ ကောက်ကျစ် စဉ်းလဲလာကြသည်။ သူတို့သည် မည်သည့်ကိစ္စများနှင့် ကြုံရသည်ဖြစ်စေ မိမိတို့ လဲကျရှုံးနိမ့်ခဲ့သည့် နေရာများကိုရော နောက်ထပ် မလဲကျမရှုံးနိမ့်စေရန်အတွက် မိမိတို့ သင်ယူရရှိသင့်သည့် သင်ခန်းစာများကိုပါ မှတ်သားလျက် သူတို့၏ အတွေ့အကြုံများနှင့် ရရှိခဲ့သော သင်ခန်းစာများကို အစဉ်အမြဲ အနှစ်ချုပ်နေကာ စာတန်၏ အတွေးအမြင်များအတိုင်း နေထိုင်နေကြဆဲပင် ဖြစ်သည်။ သူတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေဘဲ သူတို့၏ အတွေ့အကြုံနှင့် သင်ခန်းစာများကိုသာ ဤသို့ အစဉ်အမြဲ အနှစ်ချုပ်ကြသည်။ လူတစ်ယောက်သည် စာတန်၏ အတွေးအမြင်အတိုင်း နေထိုင်နေစဉ်တွင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်လွှတ်နိုင်မည်လော။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မစွန့်လွှတ်နိုင်လျှင် သူသည် ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ဤကိစ္စရပ်များကို နားလည်ရန် ပျက်ကွက်ခြင်းသည် အန္တရာယ်ကြီးပြီး ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်သို့ ဝင်ရောက်ရန် နည်းလမ်းလည်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်ကို ဤသို့ ယောင်ချာချာ ပုံစံဖြင့် နှစ်ပေါင်းများစွာ ယုံကြည်လာပြီးချိန်တွင် ထိုသူသည် သမ္မာတရားကို ရရှိနိုင်ပါမည်လော။ သူ၏ အသိတရားနှင့် အသိစိတ်က ပုံမှန်ပိုဖြစ်လာနိုင်ဦးမည်လော။ သာမန် လူ့သဘာဝကို သူအသက်ရှင်နေထိုင်နိုင်ခြင်း ရှိသလော။ (မရှိပါ။) အတွေ့အကြုံနှင့် သင်ခန်းစာများကို ဤသို့ အနှစ်ချုပ်ကာ မိမိ၏ အပြုအမူကို ပြောင်းလဲခြင်းသည် အမှားများကို လျှော့ချကောင်း လျှော့ချပေးနိုင်သော်လည်း ဤသည်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မည်သလော။ (မမည်ပါ။) ဤသူသည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်လော။ (မဝင်ရောက်နိုင်ပါ။) ထိုသို့သောသူ၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာရှိသလော။ (မရှိပါ။) သမ္မာတရားအပေါ် သို့မဟုတ် ဘုရားသခင်အပေါ် အလေးထားမှုမရှိဘဲ ပြုမူကြသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရနိုင်သော မယုံကြည်ကြသူများပင် ဖြစ်သည်။ သင်တို့သည် ထိုကဲ့သို့သော လူများကို ပိုင်းခြားသိမြင်နိုင်ကြသလော။
တစ်စုံတစ်ယောက်သည် သူ၏တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ၊ သူ၏ တစ်ကိုယ်ရေ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ တစ်စုံတစ်ခုကို သူလုပ်ဆောင်သည့်အခါ သူ၏ အာရုံစူးစိုက်မှုသည် အဘယ်သို့ ဦးတည်နေသည်ကို ဂရုထားကြည့်လော့။ ထိုသူသည် နေထိုင်မှုဆိုင်ရာ အတွေးအမြင်များကို အာရုံစူးစိုက်နေပါက သမ္မာတရားကို သူမချစ်မြတ်နိုးကြောင်း သို့မဟုတ် မလိုက်စားကြောင်း ပြသသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ့ထံ မည်သည့်အရာ ဖြစ်ပျက်လာပါစေ သမ္မာတရားဆီသို့ ကြိုးပမ်းလေလျှင်လည်းကောင်း၊ “ဤအရာကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါ့မည်လော။ ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်အပေါ် အပြစ်ပြုခြင်းလော။ ဘုရား၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရာ ကျနေမည်လော။ ဘုရားသခင်ကို စိတ်ထိခိုက်စေမည်လော။ ဤအရာကို ဘုရားသခင်က စက်ဆုပ်မည်လော။ ဤအရာကို လုပ်ဆောင်ခြင်းက ယုတ္တိရှိသလော။ ဤအရာက အသင်းတော်၏ အလုပ်ကို နှောင့်ယှက်မည်လော သို့မဟုတ် ပျက်ပြားစေမည်လော။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေမည်လော။ ဘုရားသခင်၏ နာမတော်ကို အရှက်ရစေမည်လော။ ဤသည်က သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းလော။ မကောင်းမှု လုပ်ဆောင်ခြင်းလေလော။ ဘုရားသခင်က မည်သို့သဘောထားလိမ့်မည်နည်း” ဟုတွေးတောကာ ဆင်ခြင်သုံးသပ်ရာတွင် သမ္မာတရားဆီသို့ အမြဲ လက်လှမ်းလေလျှင်လည်းကောင်း၊ ထိုမေးခွန်းများအပေါ် အမြဲ တွေးဆဆင်ခြင်လေလျှင်လည်းကောင်း ဤကား မည်သည့် အမှတ်လက္ခဏာပေနည်း။ (သမ္မာတရားကို သူရှာဖွေလိုက်စားကြောင်း နိမိတ်လက္ခဏာပင် ဖြစ်ပါသည်။) မှန်ပေသည်။ ဤကား ထိုသူသည် သမ္မာတရားကို ရှာဖွေကြောင်း၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် ကိန်းအောင်းနေကြောင်း နိမိတ်လက္ခဏာပင် ဖြစ်သည်။ စိတ်နှလုံးတွင် ဘုရားသခင် မကိန်းအောင်းနေသူတို့သည် သူတို့ထံ ဖြစ်ပျက်လာသော အရာများကို မည်သို့ကိုင်တွယ်ဖြေရှင်းကြသနည်း။ (သူတို့သည် ဘုရားသခင်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘဲ သူတို့၏ ကိုယ်ပိုင် အသိဉာဏ်၊ ဆုကျေးဇူးတို့အပေါ်တွင် အခြေခံကာ ပြုမူကြပါသည်။ ထို့အပြင် သူတို့၏ လုပ်ဆောင်မှုများသည် သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အထူးပင် ရောပြွမ်းလျက် ရှိပါသည်။) သူတို့သည် သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ရောပြွမ်းရုံသာမက သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း ပြုမူကြသောအခါ သူတို့ကိုယ်သူတို့ ဆန်းစစ်ခြင်း သို့မဟုတ် သုံးသပ်ဆင်ခြင်ခြင်းလည်း အလျှင်းမရှိပေ။ သူတို့သည် အလျှော့ပေးလိုက်လျောခြင်း မရှိဘဲ သူတို့၏ ကိုယ်ပိုင် နည်းလမ်းများကိုသာ ခေါင်းမာမာနှင့် ဆွဲကိုင်ကြလေသည်။ သူတို့သည် မိမိတို့စိတ်ကြိုက် လုပ်ဆောင်ကြသည်။ ဘုရားသခင်ကို ဆုမတောင်း၊ သမ္မာတရားကို မရှာကြချေ။ သူတို့သည် ဘုရားသခင်နှင့် လားလားမျှ မသက်ဆိုင်ကြ။ ထိုသို့သော လူတို့အဖို့ အမှားလုပ်ရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် မလွယ်ကူသလော။ ဤကား အလွန်တရာ အန္တရာယ်မများသလော။ သမ္မာတရားကို မလိုက်စားသူတို့သည် ကျင့်ကြံပြုမူပုံပိုင်းအရရော သူတို့ ဖော်ပြသည့် စိတ်သဘောထားပိုင်းအရပါ သူတို့၏ နေ့စဉ်ဘဝတွင် မည်သည့် ဝိသေသလက္ခဏာတို့ကို ဖော်ထုတ်ပြသသနည်း။ (သူတို့သည် အချုပ်အတည်းမရှိဘဲ မိုက်မိုက်ကန်းကန်း ပြုမူကြပါသည်။ သူတစ်ပါးကို အထင်အမြင်သေးကြပါသည်။ အထူးသဖြင့် မာနထောင်လွှားကာ အကျင့်ပျက်ကြပါသည်။ ဆုံးဖြတ်ချက်များကို တစ်ဖက်သတ်ချကြပါသည်။) အဓိကအားဖြင့် ဤဝိသေသလက္ခဏာများ ဖြစ်သည်။ ထိုသူတို့သည် မာနထောင်လွှားကြသည်။ ဘဝင်မြင့်ကြသည်။ အကြောင်းမဲ့ မိုက်ကန်းကြသည်။ အကျင့်ပျက်ကြသည်။ အချုပ်အတည်းမရှိကြ။ သူတို့သည် အကြောင်းမဲ့ လုပ်ဆောင်ကြသည်။ သူတို့စိတ်ကြိုက် လုပ်ဆောင်ကြသည်။ အစဉ်အမြဲ ရိုင်းစိုင်း၍ လိမ်ကောက်ကြသည်။ ပြုပြင်ပေးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း မရှိလျှင် သူတို့သည် ရန်ဆောင်လာကြသည်။ ပြုပြင်ပေးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ကြုံရလေလျှင် သူတို့သည် အပျက်သဘောဆောင်ကြသည်၊ ရန်လိုကြသည်၊ အာခံဖီဆန်ကြသည်၊ ပုန်ကန်လိုကြသည်။ ထို့အပြင် သူတို့၏ နတ်ဆိုးသဘာဝသည် အလုံးစုံ မြင်သာလာသည်။ သမ္မာတရားကို မလိုက်စားသော ဤလူတို့သည် မည်သည့်အရာကိုမျှ မလုပ်သည့်အခါတွင်ဖြစ်စေ၊ မည်သည့်အရာကိုမျှ မပြောသည့်အခါတွင်ဖြစ်စေ သူတို့သည် ပုံမှန်လူများကဲ့သို့ပင် ထင်ရသည်။ သို့သော် သူတို့ တစ်ခုခု လုပ်လျှင်လုပ်ချင်းပင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပေါ်ထွက်လာကာ ယင်းသည် ရိုင်းစိုင်းပြီး သားရဲဆန်ပေသည်။ ထိုသို့သော လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် မည်သို့ဖော်ညွှန်းထားသနည်း။ (“သင်တို့အထဲ၌ ထုတ်ဖော်ပြသည့်အရာမှာ ၎င်းတို့၏ မိဘများထံမှ လမ်းလွဲသွားကြသည့် ကလေးသူငယ်များ၏ ကျီစယ်တတ်ခြင်း မဟုတ်ဘဲ၊ ၎င်းတို့သခင်၏ ကျာပွတ်များ လက်လှမ်းမမီနိုင်သည့် တိရစ္ဆာန်များမှ ပေါက်ထွက်လာသော ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း)) ထိုသို့သောလူတို့ လှစ်ဟပြသော စိတ်သဘောထားကို သားရဲဆန်သည်ဟု ဖော်ပြနိုင်သည်။ ထို့အပြင် သူတို့သည် သာမန် လူ့သဘာဝ ကင်းမဲ့နေ၏။ လူအုပ်ထဲ၌ ထိုသို့သော လူများရှိပါက သင်တို့သည် သူတို့ကို ခွဲခြားသိနိုင်ပေမည်လော။ (အနည်းငယ်မျှ ခွဲခြားသိနိုင်ပါမည်။) သမ္မာတရားကို ရှာဖွေသူများနှင့် မရှာဖွေသူများသည် ပြုမူကြသည့် နည်းလမ်းတွင်ရော ဖော်ပြကြသည့် အရာများတွင်ပါ လုံးလုံးလျားလျား ကွာခြားကြပေသည်။ သမ္မာတရားကို မရှာဖွေသူတို့၏ ရှင်းလင်းသော သရုပ်သကန်များမှာ အသိစိတ် ကင်းမဲ့ခြင်း၊ အသိတရား ကင်းမဲ့ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို အလေးထားမှုမရှိဘဲ ပြုမူကြခြင်းတို့ ဖြစ်ကြသည်။ သူတို့သည် အကြောင်းမဲ့စွာနှင့် အရမ်းကာရော ပြုမူကြသည်။ အစွန်းရောက်သည်အထိ မထီရဲတင်းကြသည်။ သမ္မာတရားကို မလိုက်စားသူတို့သည် သနားစရာကောင်းသကဲ့သို့ ရွံမုန်းဖွယ်ရာလည်း ကောင်းသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အရူးလုပ်ကြကာ အခြားသူများကို မည်သည့်ကောင်းကျိုးမျှ မပေးကြပေ။ သူတို့သည် အခြားသူများကို ကောင်းကျိုးမပေးပါက ဘုရားသခင်သည် သူတို့ကို စက်ဆုပ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့ကိုယ်တိုင်က ဤသည်ကို သတိထားမိကြသလော။ (သတိမထားမိကြပါ။) အဘယ်ကြောင့် သူတို့သည် သနားစရာကောင်းသည်ဟု ငါပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤသို့ဖြစ်နေပါလျက် ကိုယ်တိုင်ကမူ ယင်းကို သဘောပေါက်ခြင်းပင် မရှိကြသောကြောင့် ဖြစ်သည်။ သူတို့သည် လူသားပုံသဏ္ဌာန်နှင့် အသွင်တူခြင်းစိုးစဉ်းမျှ မရှိပါဘဲလျက် မိမိတို့ အဆင်ပြေနေသည်ဟု တွေးထင်ကြဆဲ ဖြစ်ကာ စိတ်လိုက်မာန်ပါ အရမ်းကာရော ပြုမူဝံ့ကြဆဲ ဖြစ်သည်။ ဤကား သနားစရာကောင်းသည်ပင် မဟုတ်ပေလော။ လူတို့ကို ပိုင်းခြားသိမြင်ရာတွင် အဓိကကျသည့် အရာမှာ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကို လက်ခံခြင်းတို့ ရှိမရှိကို ပိုင်းခြားသိမြင်ဖို့ပင် ဖြစ်သည်။ ယင်းမှာ သူတို့ကို မှန်မှန်ကန်ကန် ပိုင်းခြားသိမြင်ကာ လူအမျိုးအစား အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နည်းပင်ဖြစ်သည်။
သင်တို့သည် သမ္မာတရားကို လိုက်စားသူများ ဖြစ်ကြသလော။ (ကျွန်ုပ်တို့ ယခင်က သမ္မာတရားကို မလိုက်စားခဲ့ပါ။ သို့သော် ယခုမူ သမ္မာတရားကို ရဖို့ ကြိုးပမ်းအားထုတ်နေပါသည်။) ငါယခုလေးတင် ထုတ်ဖော်ပြောပြခဲ့သော အပြုအမူများကို သင်တို့သည် သမ္မာတရားကို မလိုက်စားမီအချိန် လွန်ခဲ့သော နှစ်အနည်းငယ်က ထုတ်ဖော်ပြခဲ့သလော။ (ဟုတ်ပါသည်။ ထုတ်ဖော်ပြခဲ့ပါသည်။) သင်တို့ ထိုအပြုအမူများကို ဖော်ပြခဲ့စဉ်က ထိုကဲ့သို့ အခြေအနေမျိုးတွင် ရှင်သန်နေထိုင်ရခြင်းသည် သင်တို့စိတ်နှလုံးကို မနာကျင်စေခဲ့သလော။ (ဟုတ်ပါသည်။ ကျွန်ုပ်တို့သည် ဒုက္ခခံစားနေခဲ့ရပါ၏။ သို့သော် သဘောမပေါက်ခဲ့ကြပါ။) ယင်းကို သဘောမပေါက်ခြင်းမှာ အင်မတန်ပင် သနားဖွယ်ကောင်းပေစွ။ လူတစ်ယောက်သည် သမ္မာတရားကို နားမလည်၊ သမ္မာတရား စစ်မှန်မှုလည်း မရှိလျှင် သနားဖွယ် အကောင်းဆုံးနှင့် ဝမ်းနည်းကြေကွဲဖွယ် အကောင်းဆုံးပေတည်း။ ယင်းသမ္မာတရားတို့ကို ကိုင်ဆွဲထားကာ ဒေသနာတို့ကို မကြာခဏ ကြားနာသော်လည်း မည်သည်ကိုမျှ မရရှိဘဲ စာတန်၏ ချုပ်နှောင်မှုများထဲတွင် နေထိုင်နေသေးကာ အကြောင်းမဲ့ လုပ်ဆောင်ပြောဆို၍ လူ့သဘာဝ ထင်ထင်ရှားရှား ကင်းမဲ့နေခြင်းသည် အင်မတန်မှပင် သနားဖွယ်ကောင်းပေစွ။ ထို့ကြောင့် သမ္မာတရားကို လိုက်စားခြင်းသည် အရေးအကြီးဆုံးပင် ဖြစ်သည်။ ဤအရာကို သင်တို့ ယခု သဘောပေါက်ကြပြီ မဟုတ်လော။ (ဟုတ်ပါသည်။ သဘောပေါက်ပါပြီ။) သင်တို့ သဘောပေါက်သည်မှာ ကောင်းပေသည်။ စိုးရိမ်ဖွယ်ကောင်းသည်မှာကား လူတို့သည် စိတ်မပါဘဲ တုံးအကာ ယင်းကို သဘောမပေါက်နိုင်ချိန်တွင် ဖြစ်သည်။ အကြင်သူသည် သမ္မာတရားကို မလိုက်စားကာ သတိလည်း မထားမိပါက ကြီးမားသော ပြဿနာမဟုတ်ပေ။ စိုးရိမ်ဖွယ် အကောင်းဆုံးမှာကား အကြင်သူသည် သမ္မာတရားကို သဘောပေါက်နေပါလျက် သမ္မာတရားကို မလိုက်စားဘဲ လုံးဝ နောင်တမရသည့်အဖြစ်ပင်။ ယင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြစ်မှားခြင်းပင် ဖြစ်သည်။ သိလျက်နှင့် ပြစ်မှားကာ သမ္မာတရားကို လက်ခံရန် လုံးဝဥဿုံ ငြင်းပယ်သူများသည် သူတို့စိတ်နှလုံးတွင် မလိုက်လျောမှုနှင့် မလိုမုန်းထားမှုတို့ ရှိနေကြပြီး သမ္မာတရားကို စိတ်ကုန်နေကြပေသည်။ မလိုက်လျောသူများသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေနိုင်သလော။ သူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ မရိုသေပါက ဘုရားသခင်နှင့် သဟဇာတဖြစ်မှုကို ရနိုင်မည်လော။ (မရနိုင်ပါ။) မလိုက်လျောသော စိတ်နှလုံးရှိသူတို့သည် ဘုရားသခင်အပေါ် မည်သည့်စိတ်ထားရှိသနည်း။ သူတို့သည် အတိုက်အခံလုပ်သည်၊ မနာခံကြ၊ နောင်တမရကြပေ။ ထို့အပြင် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကိုလည်း လုံးဝဥဿုံ အသိအမှတ်မပြုကြပေ။ သူတို့သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို အဆုံးစွန်ထိ ဆန့်ကျင်ကြသည်။ ထိုသို့သော လူတို့၏ အဆုံးသတ်သည်ကား အဘယ်နည်း။ (သူတို့သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရပါမည်။) ဘုရားသခင်က ထိုသူတို့ကို မကယ်တင်ပေ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ခေါင်းဆောင်အယောက် ၂၅၀ သည် မလိုက်လျောသူ၊ ပုန်ကန်သူများ ဖြစ်သလော။ အဆုံးတွင် ထိုသူတို့ မည်သို့ဖြစ်သွားကြသနည်း။ (သူတို့ မြေမျိုခံလိုက်ရပါသည်။) ဤသည်ကား အဆုံးသတ်ရလဒ်ပင် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဘုရားသခင်အပေါ် မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ သမ္မာတရားကို လိုက်စားခြင်း၏ အရေးပါမှုကို မသိလေလျှင်လည်းကောင်း၊ သမ္မာတရားကို စိတ်ကုန်ခြင်း၏ ရွံရှာဖွယ်ကောင်းမှုနှင့် အကျိုးဆက်များကို နားမလည်လေလျှင်လည်းကောင်း သူ၏ အဆုံးသတ်ရလဒ်သည်ကား အဘယ်သို့ ဖြစ်မည်နည်း။ သူသည် မလွဲဧကန် ဖယ်ရှားခံရမည်သာ။ ယုံကြည်သူ အသစ်တို့သည် သင့်လျော်သော အလုပ်တာဝန်များ လုပ်ဆောင်နည်းကိုဖြစ်စေ၊ မှန်ကန်သော လျှောက်ရာလမ်းကြောင်းကိုဖြစ်စေ မသိကြသေးဘဲ မိုက်မဲကာ ပညာမဲ့ကြသည်။ ဤကား လူသားတို့၏ သနားစဖွယ်ကောင်းသော သွင်ပြင်လက္ခဏာပင် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီး မိမိတာဝန်ကို ထမ်းဆောင်နိုင်ပါလျက် သမ္မာတရားကို မလိုက်စားလျှင် ယင်းမှာ အစေခံနေခြင်းမျှသာ ဖြစ်သည်။ အကယ်၍ သင်သည် မိမိတာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်နိုင်ပါက၊ လိုလားစွာ အစေခံပါက၊ မကောင်းမှုကို မပြုပါက၊ ပျက်ပြားမှုများ သို့မဟုတ် အနှောင့်အယှက်များ မဖြစ်စေပါက သမ္မာတရားကို လိုက်စားခြင်း မရှိလျှင်ပင် သင့်တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်နိုင်သောကြောင့် ဘုရားသခင်က သင့်ကို ရှုတ်ချဦးမည် မဟုတ်။ သို့သော် အကြင်သူသည် သမ္မာတရားတချို့တစ်ဝက်ကို နားလည်ကာ သမ္မာတရား လိုက်စားခြင်း၏ အရေးပါပုံကို သဘောပေါက်သော်လည်း သမ္မာတရားကို မလိုက်စားဆဲပင် ဖြစ်နေပါက ကယ်တင်ခြင်းသည် ထိုသူအတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။ အလွန်ဆုံး သူသည် စိတ်နှလုံးနှစ်မြှုပ်ထားသော အစေခံသူတစ်ယောက်အဖြစ် ဆက်တည်ရှိနေနိုင်သည်။ အစေခံလိုစိတ် မရှိသူ၊ အာဏာနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်သူ၊ အသင်းတော်၏ ဘဝနှင့် အလုပ်ကို နှောင့်ယှက်သူတို့အတွက်မူ သူတို့၏ အဆုံးသတ်ရလဒ်ကား သေချာနေပေပြီ။ သူတို့သည် ဘေးအန္တရာယ်တွင်းသို့ ကျရောက်သွားကြပြီးဖြစ်ကာ သေခြင်းကိုသာ စောင့်ကြိုနေကြသည်။ သူတို့သည် ရောက်ရှိလာမည့် အရာအတွက် ပြင်ဆင်ထားသင့်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။