အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၉၅)

သင်၏တာဝန်ကို လုပ်ဆောင်နေသည့်အခါတွင် အလုပ်ကြိုးစားခြင်းသည် မလုံလောက်။ သင်၏ စိတ်ကိုလည်းနှစ်ထားရမည်။ သင်၏ အားထုတ်မှု အပြည့်ပေးရန် တစ်ခုတည်းသော နည်းလမ်းမှာ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ စိတ်နှလုံးကို မနှစ်ထားပါက သင်သည် အားထုတ်မှု အပြည့်မပေးရသေးပေ။ သင်၏ စွမ်းအားကိုသာ အကြွင်းမဲ့ပေးပြီး သင်၏ စိတ်နှလုံး အကြွင်းမဲ့ မပေးပါက သင်သည် စိတ်မနှစ်ဘဲ အလုပ်ကြိုးစားနေခြင်းသာ ဖြစ်၏။ မိမိ၏တာဝန်ကို ဤနည်းအားဖြင့် ထမ်းဆောင်ခြင်းသည် ဘုရားသခင်အတွက် လက်ခံနိုင်ဖွယ်မရှိ။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားသခင် စိတ်ကျေနပ်မှုရစေရန် သင်၏စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှနှင့် ဉာဏ်ရှိသမျှဖြင့် အချိန်ပြည့် အစွမ်းကုန် ဆောင်ရွက်သင့်သည်။ အကယ်၍ သင်၏ အစွမ်းတစ်ဝက်မျှသာ ပေးပြီး “ငါအပင်ပန်း မခံလိုပါ။ ငါပင်ပန်းနွမ်းနယ်သွားသည့်နောက်တွင် ငါ့ကို မည်သူက ထောက်ပံ့မည်နည်း” ဟု တွေးလျက် ကျန်သည့်တစ်ဝက်ကို ထိန်ချန်ထားလျှင် ဤသည်မှာ မှန်ကန်သည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ဤစိတ်နေစိတ်ထားမျိုးဖြင့် သင်၏တာဝန်ကို ဆောင်ရွက်လျှင် သင်ဆုံးရှုံးမှု ခံစားရမည်လော။ (ခံစားရပါမည်။) မည်သည့် ဆုံးရှုံးမှုမျိုးနည်း။ (ဘုရားသခင်သည် ကျွန်ုပ်ကို ရွံရှာမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်ုပ် ဖြည်းဖြည်းချင်း ဆုံးရှုံးလိမ့်မည်။) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိခြင်းသည် ဆုံးရှုံးမှုဖြစ်၏။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပါဘဲ ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်လျှင် ၎င်းတို့၏ ဆုံးရှုံးမှုသည် ကြီးမားလွန်းသဖြင့် ၎င်းတို့သည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်။ ၎င်းတို့သည် အချည်းနှီး ယုံကြည်နေခဲ့သည့်အလား ဖြစ်လိမ့်မည်။ သမ္မာတရားကို မလိုက်စားဘဲ နှစ်အနည်းငယ် ယုံကြည်ပြီးသည့်နောက် ဖယ်ရှားရှင်းလင်းခံရသည့် လူများစွာ ရှိကြသည်။ ဆိုလိုသည်မှာ သင်၏တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သင်မည်မျှ လုံ့လစိုက်ထုတ်ပါစေ သင်၏စိတ်နှလုံးကို မနှစ်ထားပါက သမ္မာတရားကို သင်ရရှိနိုင်မည် မဟုတ်။ ဤသည်မှာ ဆုံးရှုံးမှုဖြစ်သလော။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုဖြစ်သည်ကို သင်တို့ နားလည်သလော။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်သောသူတစ်ဦး ဖြစ်လျှင် ဤဆုံးရှုံးမှုသည် အလွန်ကြီးမားသည်ကို သင်တွေ့မြင်နိုင်သည်။ ဘုရားသခင်ကို ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သည့် လူများထဲတွင် အချို့သည် သမ္မာတရား စစ်မှန်မှုကို ရရှိသော်လည်း အခြားလူများမှာမူ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောပြောနေဆဲ ဖြစ်လေသည်။ ဤသည်မှာ ကြီးမားသော ကွဲပြားခြားနားချက် ဖြစ်သလော။ (ဟုတ်ပါသည်။) သမ္မာတရား စစ်မှန်မှု ရရှိပြီးသည့်သူများသည် ဤအရာကို မည်သို့ စွမ်းဆောင်ရရှိလေသနည်း။ ယင်းက အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်မှုတို့မှ လာသည်။ အဆိုပါအရာကို ဘုရားသခင် ပေးသလော။ (ဟုတ်ပါသည်။) သမ္မာတရား စစ်မှန်မှု မရရှိသေးဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောကြားနေဆဲ ဖြစ်သည့်သူများသည် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်သည့်တိုင် သမ္မာတရားကို မလိုက်စားဘဲ မိမိတို့၏ တာဝန်ကို စိတ်နှလုံးဖြင့် မဟုတ်ဘဲ စွမ်းအားဖြင့်သာ ထမ်း‌ဆောင်ကြသောကြောင့် ၎င်းတို့သည် သမ္မာတရားကို မရရှိပေ။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရား မရရှိခြင်းသည် ကောင်းချီးဖြစ်သလော၊ သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်း ဖြစ်သလော။ (ကံမကောင်း အကြောင်းမလှခြင်း ဖြစ်ပါသည်။) ယင်းသည် အဘယ်ကြောင့် ကံမကောင်း အကြောင်းမလှခြင်း ဖြစ်ရသနည်း။ ဤအရာကို သင်ရိပ်စားမိနိုင်သလော။ သင် သမ္မာတရားကို မရရှိသေးသည့်အချက်က ကြီးမားသော ပြဿနာတစ်ခု ဖြစ်သလော၊ သို့မဟုတ်‌ သေးငယ်သော ပြဿနာတစ်ခုဖြစ်သလော။ (ကြီးမားသော ပြဿနာဖြစ်ပါသည်။) ဤကြီးမားသော ပြဿနာသည် မည်သည့်အရာနှင့် ဆက်နွှယ်နေသနည်း။ ယင်းက ကယ်တင်ခြင်းနှင့် တစ်စုံတစ်ရာ ပတ်သက်နေသလော။ (ပတ်သက်နေပါသည်။) သင်သည် တစ်နေ့တာလုံး စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောနေသည့်အခါတွင် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက ကယ်တင်ခံရခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပြီး စွမ်းဆောင်ရရှိဖို့ ခက်ခဲစေသည်။ လူအချို့သည် ဘုရားသခင်ကို ဆယ်နှစ်တာ ယုံကြည်ခဲ့ပြီး နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောကြားနေဆဲဖြစ်သည်။ အခြားလူများသည် နှစ်ပေါင်းနှစ်ဆယ်ကြာ ယုံကြည်ပြီးဖြစ်ကာ သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်ရသေးသလို သမ္မာတရား စစ်မှန်မှုသည် မည်သည်ကို ဆိုလိုကြောင်းကိုလည်း မသိကြသေးပေ။ ဤလူများသည် အန္တရာယ်ထဲ ကျရောက်နေသည် လော။ သူတို့ ကယ်တင် ခံရခြင်း ရှိနိုင်မည် မရှိနိုင်မည်မှာ မရှင်းလင်းသလော။ (မရှင်းလင်းပါ။) ငါ့ကိုပြောလော့။ ထိုကဲ့သို့ နှစ်အရေအတွက် တူတူကြာအောင် ယုံကြည်ခဲ့သူများထဲမှ မည်သည့်လူစားမျိုးသည် ကယ်တင်ခြင်းနှင့် ပတ်သက်ပြီး ပို၍ ကြီးမားသော အခွင့်အရေးနှင့် မျှော်လင့်ချက် ရှိသနည်း။ ယင်းမှာ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောကြားသည့် လူများဖြစ်သလော။ သို့မဟုတ် သမ္မာတရား စစ်မှန်မှု ရှိသောလူများဖြစ်သလော။ (သမ္မာတရား စစ်မှန်မှု ရှိသောလူများဖြစ်ပါသည်။) ဤသည်မှာ သိသာထင်ရှား၏။ သို့ဆိုလျှင် သင်တို့သည် အဘယ်လူစားမျိုး ဖြစ်လိုသနည်း။ (သမ္မာတရား စစ်မှန်မှု ရှိသည့်လူစားမျိုး ဖြစ်လိုပါသည်။) လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှု ရှိသည့်သူ မည်သို့ဖြစ်နိုင်သနည်း။ (ဘုရားနှုတ်ကပတ်တော်အတိုင်း အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်ပါသည်။) (ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ မိမိ၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ စွမ်းအားနှင့် ဉာဏ်အကြွင်းမဲ့တို့ဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အစွမ်းကုန် လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်ပါသည်။) မှန်ပေ၏။ ဘုရားသခင် တောင်းဆိုသည့် အဘယ်အရာကိုမဆို သင်လုပ်ဆောင်လျှင် သမ္မာတရားကို ရရှိလိမ့်မည်။ ဤအရာသည် အဘယ်အရာနှင့် ဆက်နွှယ်နေသနည်း။ ယင်းက လူတစ်ဦး၏ အဆုံးသတ်၊ ခရီးပန်းတိုင်တို့နှင့် ဆက်နွှယ်နေသည်။ လူအချို့က မိုက်မဲပြီး မိမိကိုယ်ကို ဟုတ်လှပြီဟု ဘဝင်ခိုက်နေကြသည်။ ၎င်းတို့ မည်မျှ ဆုံးရှုံးပြီးသည်ကိုဖြစ်စေ၊ ၎င်းတို့ မည်မျှ ထိခိုက်ခံရပြီး ဖြစ်ကြောင်းကိုဖြစ်စေ သိပင်မသိကြပေ။ ၎င်းတို့သည် ထိုင်၍ လေကျယ်ပြီး စကားလုံးများနှင့် အယူဝါဒများကို ဟောပြောကာ အန္တရာယ်ကျရောက်လုနီး ဖြစ်နေသည်ကို မသိကြသေးပေ။ ကယ်တင်မခံရနိုင်သည့်သူတို့၏ အဆုံးသတ်မှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်ဖြစ်ပြီး ရှေ့ဆက်ကြည့်လိုက်လျှင် ၎င်းတို့၏ အဆုံးသတ်မှာ အဘယ်နည်း။ (ပျက်စီးခြင်းနှင့် ပျက်စီးရာပျက်စီးကြောင်းတို့ ဖြစ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ အဆုံးသတ်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်။ လူများသည် ဘုရားသခင်ကို ယုံကြည်ပြီး ဤကဲ့သို့ အဆုံးသတ်လျှင် ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ နဂိုမူလ ရည်ရွယ်ချက် ဖြစ်သလော။ (မဟုတ်ပါ။) မည်သူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့ အဆုံးမသတ်လိုပါ။ ထိုသို့သော အဆုံးသတ်ကို မလိုလားလျှင် ထိုလမ်းကြောင်းကို မလိုက်နှင့်။ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို သင်လိုက်လျှောက်သင့်သည်။ ထိုအခါမှသာလျှင် သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည်။

လူများသည် နောက်ဆုံးသောကာလ အမှုကို လက်မခံနိုင်ပါက ၎င်းတို့သည် လုံးလုံးလျားလျား ဇာတ်သိမ်းသွားမည်ဖြစ်ပြီး နောက်ထပ် အခွင့်အရေး ရမည်မဟုတ်။ ယင်းမှာ လူတို့ လက်မခံပါက မည်သည့်နိုင်ငံတွင် မွေးဖွားပါစေ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို လက်ခံဖို့ အခွင့်အရေးကို စောင့်နိုင်ဆဲဖြစ်သည့် ကျေးဇူးတော်ခေတ်၏ အမှုကဲ့သို့ မဟုတ်ပါ။ နောက်ဆုံးသောကာလတွင် ဘုရားအမှု၏ အဆုံးသတ်သည် သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆုံးသတ်ဖြစ်ပြီး ထိုအဆုံးသတ်သည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သူသည် လူတစ်ဦးချင်းစီ၏ အဆုံးသတ်ကို ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်းနှင့် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်တို့၏ အဆုံးသတ်သည် နီးလာပြီဖြစ်ကြောင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ အမှုသည် ဤအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး လူများက မိမိတို့၏ စိတ်နှလုံးထဲတွင် ဤရူပါရုံမရှိလျှင်လည်းကောင်း၊ ၎င်းတို့သည် အစဉ်သဖြင့် မရှင်းမလင်းဖြစ်နေပြီး မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေနည်းလမ်းဖြင့် ဆောင်ရွက်လျှင်လည်းကောင်း၊ ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းကို လေးနက်စွာ ခံယူရန် ပျက်ကွက်ပြီး ၎င်းတို့ ယုံကြည်သမျှကာလပတ်လုံး ၎င်းတို့သည် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်လျှင်လည်းကောင်း ကယ်တင်ခြင်းအတွက် သူတို့၏နောက်ဆုံး အခွင့်အရေးနှင့် ၎င်းတို့ လွဲချော်ရလိမ့်မည်။ ကြီးစွာသော ဘေးဒုက္ခများကျရောက်ပြီး အမှုက လုံးလုံးလျားလျား ပြီးဆုံးသွားသည့်တစ်နေ့တွင် ဘုရားသခင်သည် လူများကို သမ္မာတရားဖြင့် ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့ကို နောက်ထပ်လုပ်ဆောင်တော့မည် မဟုတ်။ ဘုရားသခင်သည် ထိုအချိန်တွင် လူသားမျိုးနွယ်ကို အဘယ်စိတ်သဘောထားမျိုးဖြင့် ရင်ဆိုင်မည်ကို သင်သိသလော။ သူ၏အမျက်ဒေါသသည် ကြီးမားပြီး သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ယခင်က တစ်ခါမျှ မပြဖူးသည့် ပုံစံဖြင့် ထုတ်ဖော်ပြလိမ့်မည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် နောက်ဆုံးပိတ် ကြီးမားသော ကပ်ဘေးကြီးဖြစ်လိမ့်မည်။ ယခုအချိန်ကာလသည် ဘုရားသခင်က လူများကို ကယ်တင်ရန် အမှုပြုနေသည့်အခါသမယ ဖြစ်၏။ သူသည် စိတ်ရှည်ကာ သည်းခံပြီး စောင့်ဆိုင်းနေခဲ့သည်။ အဘယ်အရာအတွက် စောင့်ဆိုင်းနေသနည်း။ သူ ကြိုတင်ပြဋ္ဌာန်းထားသော လူများအတွက်၊ သူရွေးချယ်ထားသော လူများအတွက်၊ သူကယ်တင်လိုသည့်သူများ သူ့ရှေ့မှောက်သို့ ရောက်လာရန်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်၊ ပြီးလျှင် သူ၏ ကယ်တင်ခြင်းကို လက်ခံရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထိုလူများ စုံလင်စေခြင်း ခံရပြီးသည့်အခါတွင် ဘုရားသခင်၏ ကြီးမားသော အမှုသည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုကို နောက်ထပ် ပြုလိမ့်မည်မဟုတ်။ ဤသည်မှာ နောဧ၏ အချိန်မဟုတ်သကဲ့သို့ သောဒုံ၏ ပျက်စီးခြင်းအချိန်လည်း မဟုတ်၊ သို့မဟုတ် ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းအချိန်လည်း မဟုတ်ပေ။ ထိုအစား ယင်းမှာ ကမ္ဘာကြီး၏ ဆုံးခန်းတိုင်ချိန် ဖြစ်သည်။ လူအချို့သည် အိပ်မက်မက်နေကြဆဲ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုသည် မည်သည့်အဆင့်ကို ရောက်ပြီးဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတို့ကို လက်ခံရရှိပြီး ဖြစ်သော်ငြားလည်း အဆောတလျင် မလုပ်ဆောင်သေးဘဲ မရှင်းမလင်း ဖြစ်နေဆဲဖြစ်ကာ အလေးအနက် သဘောမထားပေ။ အမှု၏ဤအဆင့် ပြီးသည်နှင့် လူတစ်ဦး၏ အဆုံးသတ်သည် အရှိအတိုင်းသာ ဖြစ်မည်ဖြစ်ပြီး ပြောင်းလဲမည် မဟုတ်။ လူသားသည် မိုက်မဲပြီး “အဆင်ပြေပါသည်။ ဘုရားသခင်က ငါတို့ကို အခွင့်အရေး ထပ်ပေးမည် ဖြစ်သည်” ဟု တွေးနေဆဲဖြစ်သည်။ ဘုရားအမှု၏ ကာလအတွင်းတွင် အခွင့်အရေးများ ပေးလေသည်။ အဆိုပါခေတ်ကုန်သွားသည့်အချိန်တွင် အခွင့်အရေးနောက်တစ်ခုက မည်သို့များ ရှိနိုင်မည်နည်း။ ယင်းက အိပ်မက်တစ်ခုသာ မဟုတ်လော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။