လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)

ယုဒပြည်၌ ယေရှုအမှုထမ်းခဲ့ချိန်တွင် ပွင့်လင်းစွာ သူပြုခဲ့သည်၊ သို့သော် ယခုမူ ငါသည် သင်တို့ကြားထဲတွင် လျှို့ဝှက်စွာ အလုပ်လုပ်၍ စကားပြောသည်။ မယုံကြည်သူများသည် ၎င်းကို လုံးလုံးသတိမထားမိပါ။ သင်တို့ကြားထဲတွင် ငါလုပ်သောအလုပ်သည် အပြင်ဘက်၌ရှိသောသူများအတွက် ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့ကသာ သိကြပြီး အခြားသောသူများက မသိကြပါ။ ဤအမှုအလုံးစုံတို့ကို သင်တို့အလယ်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး သင်တို့အတွက်သာ ဖွင့်ထားလျက်ရှိသည်၊ အချိန်မကျသေးသောကြောင့် ၎င်းကို မယုံကြည်သူမည်သူမျှ မသိကြ။ ဤနေရာ၌ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းများကို ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်သည်၊ သို့သော် ၎င်းကို အပြင်လူများက မသိပါ။ ဤအမှုသည် အလွန်လျှို့ဝှက်သည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူ၏ဟူသည်မှာ သူတို့အတွက် ဖုံးကွယ်ထားလျက်ရှိသည်၊ သို့သော် ဤရေစီးကြောင်းအတွင်း၌ရှိသောသူများအတွက်မူ သူသည်ဖွင့်ထားလျက်ရှိသည်ဟု ပြော၍ရသည်။ ဘုရားသခင်၌ အရာအားလုံးသည် ဖွင့်ထားလျက်၊ ထုတ်ဖော်ထားလျက်၊ လွတ်လပ်လျက် ရှိကြသော်လည်း၊ သူ့ကိုယုံကြည်သောသူများအတွက်သာ ဤအရာမှန်ကန်သည်၊ ကျန်သောသူများဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်၍ မည်သည့်အရာမျှ သိစေခြင်းမရှိပါ။ ဤနေရာတွင် ယခုလုပ်ဆောင်နေသောအလုပ်သည် သူတို့မသိနိုင်အောင် တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအလုပ်ကို သူတို့သတိထားမိခဲ့ပါလျှင်လည်း ၎င်းကို ပြစ်တင်ရှုတ်ချခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းအောက် အပ်နှံခြင်းကိုသာ သူတို့ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းကို သူတို့ယုံကြည်ကြမည် မဟုတ်ပါ။ ခေတ်နောက်ပြန်ဆုံးနေရာဖြစ်သော အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ ဤအလုပ်ကို လူမြင်ကွင်းတွင် ထားမည်ဆိုပါက ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ဤအလုပ်အဆင့်ကို ဤနေရာတွင် အကယ်ပင် လုပ်ဆောင်၍မရပေ။ ဤအလုပ်ကို လူမြင်ကွင်းတွင် လုပ်ဆောင်မည်ဆိုပါက ၎င်းကို ရှေ့ဆက်လုပ်ဆောင်ရန် သူတို့မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအလုပ်ကို ပိုကြီးမားသည့်အန္တရာယ်အောက်သို့ ပို့မည်မဟုတ်လော။ ဤအလုပ်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ မကျန်းမာသူများကို ခမ်းနားကြီးကျယ်စွာ ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏ခေတ်ကာလကဲ့သို့ လုပ်ဆောင်မည်ဆိုလျှင် ဤအလုပ်သည် နတ်ဆိုးများ၏ "အကျဉ်းသား" ဖြစ်ခဲ့သည်မှာ ကြာညောင်းခဲ့ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ ဘုရားသခင်၏တည်ရှိမှုကို သူတို့သည်းခံနိုင်ပါမည်လော။ ယခုတွင် တရားဟောရန်နှင့် သွန်သင်ပြသရန် ခန်းမကြီးထဲသို့ ငါဝင်ခဲ့ပါက ငါသည် အစိတ်စိတ်အမြွှာအမြွှာဖြစ်ခဲ့မည်မှာ ကြာညောင်းခဲ့ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ ဤကဲ့သို့ဖြစ်ခဲ့ပါက ငါ့အလုပ်ကို မည်သို့ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ မပေါ်လွင်စေရခြင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအတွက် ငါ့အလုပ်သည် မြင်၍မရ၊ သိ၍မရ၊ ရှာဖွေတွေ့ရှိ၍လည်း မရပေ။ ဤအလုပ်အဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်မည်ဆိုပါလျှင် ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့အကျိုးအတွက်နှင့် ယေဘုယျအားဖြင့် အလုပ်အကျိုးအတွက်လည်း ဖြစ်သည်။ လောကတွင် ဘုရားသခင်၏အလုပ် အဆုံးသတ်သည့်အခါ၊ တစ်နည်းအားဖြင့် ဤလျှို့ဝှက်သောအလုပ် နိဂုံးချုပ်သည့် အချိန်တွင်၊ ဤအလုပ်သည် လူမြင်ကွင်းသို့ ပွင့်ထွက်သွားမည် ဖြစ်သည်။ တရုတ်ပြည်တွင် အောင်မြင်သူလူတစ်စုရှိကြောင်းကို အားလုံးသိကြမည် ဖြစ်သည်၊ ဘုရားသခင်သည် တရုတ်ပြည်တွင် လူ့ဇာတိခံယူကြောင်းကို အားလုံးက သိကြမည်ဖြစ်ပြီး သူ၏အလုပ်သည် ဆုံးခန်းတိုင်သို့ ရောက်ကြောင်းကိုလည်း သိကြမည် ဖြစ်သည်။ ထိုအခါမှသာ တရုတ်ပြည်က အဘယ်ကြောင့် ကျဆုံးခြင်း၊ သို့မဟုတ် ပြိုလဲခြင်း မရှိသေးသည့်အကြောင်းကို လူသားတို့ သဘောပေါက်လာမည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို တရုတ်ပြည်တွင် ကိုယ်တိုင်လုပ်ဆောင်လျက်ရှိနေပြီး လူတစ်စုကို အောင်မြင်သူများအဖြစ် စုံလင်စေခဲ့ခြင်းဖြစ်သည်။

မိမိ၏အလုပ်ကို မိမိကိုယ်တိုင်လုပ်ဆောင်နေချိန် ဤကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့နောက်ကို လိုက်သောသူများအဖွဲ့ထံသို့သာ မိမိကိုယ်မိမိ ထင်ရှားစေပြီး ဖန်ဆင်းခံ သတ္တဝါအားလုံးထံသို့ ထင်ရှားစေမည် မဟုတ်ပါ။ သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို စုံလင်စေရန်သာ သူသည် လူ့ဇာတိကိုခံယူခဲ့ခြင်းဖြစ်ပြီး မိမိ၏ပုံသဏ္ဌာန်ကို လူသားထံပြရန် မဟုတ်ပါ။ သို့သော်လည်း၊ သူ၏အလုပ်ကို သူကိုယ်တိုင် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ဇာတိခန္ဓာဖြင့် ပြုလုပ်ရန် လိုအပ်သည်။ ဤအလုပ်အဆုံးသတ်သည့်အခါ လူ့လောကမှ သူထွက်ခွာသွားမည်ဖြစ်သည်၊ နောင်လာမည့်အလုပ်ကို အတားအဆီးဖြစ်မည်စိုးသောကြောင့် သူသည် လူသားကြားထဲတွင် ရေရှည်ကျန်နေခဲ့၍ မရပါ။ လူအစုအဝေးထံ သူပေါ်လွင်စေခဲ့သည့်အရာသည် သူ၏ဖြောင့်မတ်သောစိတ်နေသဘောထားနှင့် သူ၏လုပ်ဆောင်မှုများသာဖြစ်ပြီး၊ လူ့ဇာတိနှစ်ကြိမ်ခံယူစဉ်က သူ့ခန္ဓာကိုယ်၏ပုံသဏ္ဌာန်မဟုတ်ပေ၊ အကြောင်းမှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို သူ၏စိတ်နေသဘောထားဖြင့်သာ ပေါ်လွင်စေနိုင်ပြီး လူ့ဇာတိခံယူထားသည့် သူ့ဇာတိခန္ဓာ၏ ပုံသဏ္ဌာန်က အစားထိုး၍ မရနိုင်သောကြောင့်ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ပုံသဏ္ဌာန်သည် ကန့်သတ်ထားသည့်လူအချို့ဖြစ်သော လူ့ဇာတိ၌သူအလုပ်လုပ်နေစဉ် သူ့နောက်ကိုလိုက်သော သူများထံသို့သာ ပြခဲ့သည်။ ယခုလုပ်နေသောအလုပ်ကို လျှို့ဝှက်စွာလုပ်နေရခြင်းမှာ ဤအရာကြောင့် ဖြစ်သည်။ ထိုနည်းတူ ယေရှုသည်လည်း သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ အခြားလူမျိုးများထံသို့ မိမိကိုယ်မိမိ လူသိရှင်ကြား လုံးဝမပြဘဲ ဂျူးလူမျိုးများထံသို့သာ ပြခဲ့သည်။ ထို့ကြောင့်၊ သူ၏အလုပ်ကို ပြီးမြောက်သည့်အခါ လူ့ထံမှ ချက်ချင်းထွက်ခွာပြီး ကျန်ရှိမနေခဲ့ပါ။ ထို့နောက်မှ၊ လူသားထံ မိမိကိုယ်မိမိ ပြခဲ့သူမှာ လူ့ပုံသဏ္ဌာန်ဖြစ်သောသူမဟုတ်တော့ဘဲ အလုပ်ကို တိုက်ရိုက်လုပ်ဆောင်ခဲ့သော သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။ လူ့ဇာတိခံယူသောဘုရားသခင်၏အလုပ်သည် လုံးလုံးပြီးဆုံးသည်နှင့်တစ်ပြိုင်နက် သေမျိုးဖြစ်သောကမ္ဘာမှ သူထွက်ခွာပြီး လူ့ဇာတိ၌ရှိစဉ် လုပ်ခဲ့သည့်အရာနှင့်တူညီသည့် အလုပ်ကို မလုပ်တော့ပါ။ ဤအရာပြီးနောက်၊ အလုပ်အားလုံးကို သန့်ရှင်းသောဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်သည်။ ဤကာလတွင် လူသားသည် သူ့အသွေးအသား ခန္ဓာကိုယ်၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ပါ။ သူသည် လူသားထံသို့ မိမိကိုယ်မိမိ လုံးဝမပြဘဲ ထာဝရလျှို့ဝှက်လျက်ရှိသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်အတွက် အချိန်သည် အကန့်အသတ်ရှိသည်။ ထိုအလုပ်ကို တိကျသောခေတ်၊ ကာလ၊ တိုင်းနိုင်ငံနှင့် တိကျသောလူများကြားထဲတွင် လုပ်ဆောင်ခဲ့သည်။ ဤအလုပ်သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကာလအတောအတွင်းရှိ အလုပ်ကိုသာ ကိုယ်စားပြုပြီး ထိုခေတ်အတွက် ထူးခြားသည်။ ၎င်းက သီးခြားသောခေတ်တစ်ခုရှိ ဘုရားသခင်၏ ဝိညာဉ်တော်၏အလုပ်ကို ကိုယ်စားပြုပြီး သူ၏အလုပ်အလုံးစုံကို ကိုယ်စားမပြုပါ။ ထို့ကြောင့်၊ လူ့ဇာတိခံယူသောဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူသားအားလုံးထံ ဖော်ပြမည် မဟုတ်ပါ။ လူအစုအဝေးထံသို့ ဖော်ပြသည့်အရာမှာ လူ့ဇာတိနှစ်ကြိမ် ခံယူစဉ်က သူ၏ပုံသဏ္ဌာန် မဟုတ်ဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် သူ၏ စိတ်နေသဘောထားအလုံးစုံဖြစ်သည်။ လူ့ထံသို့ဖော်ပြသည့်အရာမှာ ပုံသဏ္ဌာန်တစ်ခုမဟုတ်သကဲ့သို့ နှစ်ခုလုံးပေါင်းစည်းသည့် ပုံသဏ္ဌာန်များလည်း မဟုတ်။ ထို့ကြောင့်၊ ဘုရားသခင်သည် လူများထံသို့ မိမိ၏ပုံသဏ္ဌာန်ကိုပြရန် ဆင်းသက်လာခြင်း မဟုတ်ဘဲ မိမိလုပ်ရမည့်အလုပ်ကိုလုပ်ရန် ဆင်းသက်လာခြင်းဖြစ်သောကြောင့် ဘုရားသခင်၏လူ့ဇာတိခံယူသော ဇာတိခန္ဓာသည် မိမိလုပ်ရမည့်အလုပ်ကို ပြီးဆုံးသည့်အချိန်တွင် ကမ္ဘာပေါ်မှ ထွက်ခွာရမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကိုနှစ်ကြိမ်ခံယူခြင်းဖြင့် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေပြီးဖြစ်သော်လည်း သူ့ကိုမမြင်ဖူးသောလူမျိုးထံသို့ မိမိကိုယ်မိမိ ပွင့်လင်းစွာ ပေါ်လွင်စေဦးမည် မဟုတ်ပါ။ ယေရှုသည် ဖြောင့်မတ်ခြင်းနေမင်းအဖြစ် မိမိကိုယ်မိမိ ဂျူးလူမျိုးများထံသို့ မည်သည့်အခါမျှ ဖော်ပြမည်မဟုတ်တော့ပါ။ သံလွင်တောင်ပေါ်သို့တက်ပြီး လူမျိုးအားလုံးထံသို့ ပေါ်ထွန်းလာမည်လည်း မဟုတ်ပါ။ ဂျူးလူမျိုးများတွေ့ခဲ့သော အရာအားလုံးသည် ယုဒပြည်တွင် အသက်ရှင်ခဲ့စဉ် ယေရှု၏ပုံတူပန်းချီကားသာ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ယေရှု၏လူ့ဇာတိခံယူခြင်းတွင်ရှိသည့် ယေရှု၏အလုပ်သည် လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်ကတည်းက အဆုံးသတ်ခဲ့သောကြောင့် ဖြစ်သည်။ ယုဒပြည်တွင်နေထိုင်ခဲ့စဉ်က မိမိ၏ပုံသဏ္ဌာန်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံသို့ ပြဖို့မဆိုလေနှင့်၊ ဂျူးလူမျိုးတစ်ယောက်၏ ပုံသဏ္ဌာန်နှင့် ယုဒပြည်သို့ပင် ပြန်လာမည် မဟုတ်ပါ။ အကြောင်းမှာ လူ့ဇာတိခံယူသောယေရှု၏ပုံသဏ္ဌာန်သည် ဂျူးလူမျိုးတစ်ယောက်၏ ပုံသဏ္ဌာန်မျှသာဖြစ်ပြီး ယောဟန်မြင်တွေ့ခဲ့သည့် လူသား၏ ပုံသဏ္ဌာန် မဟုတ်သောကြောင့်ဖြစ်သည်။ နောက်တစ်ဖန် ပြန်လာမည်ဟု မိမိ၏နောက်လိုက်များထံ ယေရှုကတိပေးခဲ့သော်လည်း၊ ဂျူးလူမျိုးတစ်ယောက်၏ပုံသဏ္ဌာန်ဖြင့် ထိုတစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံးထံ မိမိကိုယ်မိမိ ထင်ရှားစေမည် မဟုတ်ပါ။ လူ့ဇာတိခံယူသောဘုရားသခင်၏အလုပ်သည် ခေတ်တစ်ခုကို ဖွင့်ဖို့ဖြစ်ကြောင်းကို သင်တို့သိသင့်သည်။ ဤအလုပ်ကို နှစ်အနည်းငယ်အတွင်း ကန့်သတ်ထားပြီး၊ ဘုရားသခင့်ဝိညာဉ်တော်၏ အလုပ်အားလုံးကို ပြီးစီးအောင် သူမလုပ်နိုင်ပါ။ ထိုနည်း၎င်းပင်၊ ဂျူးလူမျိုးတစ်ယောက်အဖြစ် ယေရှု၏ပုံသဏ္ဌာန်သည် ယုဒပြည်တွင် အလုပ်လုပ်ခဲ့သည့် ဘုရားသခင်၏ပုံသဏ္ဌာန်ကိုသာ ကိုယ်စားပြုနိုင်ပြီး ကားတိုင်တွင်အသေခံခြင်းအမှုကိုသာ လုပ်ဆောင်နိုင်သည်။ ယေရှုသည် လူ့ဇာတိအဖြစ်၌ ရှိခဲ့စဉ်က ခေတ်ကိုအဆုံးသတ်ခြင်းအလုပ်၊ သို့မဟုတ် လူသားတို့အား ဖျက်ဆီးခြင်းအလုပ်ကို သူမလုပ်နိုင်ခဲ့ပါ။ ထို့ကြောင့်၊ ကားတိုင်တွင်တင်သတ်ခြင်းခံ၍ သူ၏အလုပ်ကို အဆုံးသတ်ပြီးနောက်တွင် အထက်အရပ်သို့ တက်သွားပြီး လူသားထံမှ မိမိကိုယ်မိမိ ထာဝရ ဖုံးကွယ်ထားသည်။ ထိုအချိန်မှစ၍ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ သစ္စာရှိသော ထိုယုံကြည်သူများသည် သခင်ယေရှု၏ပေါ်လွင်ထင်ရှားခြင်းကို မတွေ့မြင်နိုင်ကြဘဲ နံရံပေါ်တွင်ကပ်ထားသော သူ၏ရုပ်ပုံပန်းချီကားကိုသာ တွေ့မြင်နိုင်ကြသည်။ ထိုရုပ်ပုံပန်းချီကားသည် လူသားထံသို့ ပြခဲ့သော ဘုရားသခင်ကိုယ်တော်တိုင်၏ ပုံသဏ္ဌာန်မဟုတ်ဘဲ လူဆွဲထားသည့်အရာသာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိနှစ်ကြိမ်ခံယူစဉ် သူ၏ပုံသဏ္ဌာန်ကို လူအမြောက်အမြားထံသို့ မိမိကိုယ်မိမိ ပွင့်လင်းစွာ ဖော်ပြမည်မဟုတ်ပါ။ လူသားတို့ကြားထဲတွင် သူပြုလုပ်သောအလုပ်သည် သူ၏စိတ်နေသဘောထားကို လူသားတို့အား နားလည်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာအားလုံးကို မတူညီသောခေတ်များ၏ အလုပ်များအားဖြင့် လူသားထံသို့ ဖော်ပြပေးသည်။ ၎င်းကို ယေရှု၏ ပေါ်လွင်ထင်ရှားခြင်းဖြင့် မဖော်ပြဘဲ၊ သူပြုလုပ်ခဲ့သည့်အလုပ်နှင့် သူဖော်ပြခဲ့သည့် သူ၏စိတ်နေသဘောထားဖြင့် ပြီးမြောက်စေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ပုံသဏ္ဌာန်အားဖြင့် ဘုရားသခင်၏ပုံသဏ္ဌာန်ကို ဖော်ပြခြင်းမရှိဘဲ ပုံသဏ္ဌာန်နှင့် သွင်ပြင်နှစ်ခုလုံးရှိသော လူ့ဇာတိခံယူသည့်ဘုရားသခင် လုပ်ဆောင်သည့် အလုပ်အားဖြင့် ဖော်ပြခြင်းဖြစ်သည်။ သူ၏အလုပ်အားဖြင့် သူ၏ပုံသဏ္ဌာန်ကို ဖော်ပြပြီး သူ၏စိတ်နေသဘောထားကို ထင်ရှားစေသည်။ ၎င်းသည် ဇာတိခန္ဓာဖြင့် သူလုပ်လိုသည့်အလုပ်၏ အရေးပါပုံဖြစ်သည်။

လူ့ဇာတိနှစ်ကြိမ်ခံယူသည့် ဘုရားသခင်၏အလုပ် ဆုံးခန်းရောက်သည့်အခါ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံးထံသို့ သူ၏ဖြောင့်မတ်သောစိတ်နေသဘောထားကို စတင်ဖော်ပြမည်ဖြစ်ပြီး၊ သူ၏ပုံသဏ္ဌာန်ကို လူအမြောက်အမြားအား မြင်ခွင့်ပေးမည် ဖြစ်သည်။ သူ၏စိတ်နေသဘောထားကို ပေါ်လွင်ထင်ရှားစေပြီး ဤနည်းလမ်းဖြင့် လူသား၏ မတူညီသောအမျိုးအစားများ၏အဆုံးကို ရှင်းလင်းစေပြီး၊ ထိုသို့ဖြင့် ခေတ်ဟောင်းကို လုံးလုံးအဆုံးသတ်စေမည် ဖြစ်သည်။ လူ့ဇာတိရှိ သူ၏အလုပ်ကို ပို၍ကျယ်ပြန့်အောင် (ယေရှုသည် ယုဒပြည်၌သာ အလုပ်လုပ်ခဲ့သကဲ့သို့၊ ယနေ့တွင် ငါသည်လည်း သင်တို့ကြားထဲ၌သာ အလုပ်လုပ်သည်) မတိုးချဲ့ရခြင်းအကြောင်းအရင်းမှာ လူ့ဇာတိ၌သူ၏အလုပ်တွင် နယ်နိမိတ်များနှင့် အကန့်အသတ်များ ရှိသောကြောင့်ဖြစ်သည်။ သူသည် ရိုးရိုးသာမန်လူ့ဇာတိပုံသဏ္ဌာန်ဖြင့် တိုတောင်းသောအလုပ်ကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။ သူသည် ထာဝရအလုပ်၊ သို့မဟုတ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံသို့ ပေါ်ထွန်းခြင်းအလုပ်ကိုလုပ်ရန် လူ့ဇာတိခံယူသော ဤဇာတိခန္ဓာကို အသုံးပြုနေခြင်းမဟုတ်ပါ။ လူ့ဇာတိဖြင့်လုပ်သောအလုပ်သည် နယ်ပယ်အတိုင်းအတာဖြင့်သာ ကန့်သတ်ထားနိုင်ပြီး (ဥပမာ ယုဒပြည်၌သာ လုပ်ဆောင်ခြင်း၊ သို့မဟုတ် သင်တို့ကြားထဲ၌သာ လုပ်ဆောင်ခြင်း) ဤနယ်နိမိတ်အတိုင်းအတာများအတွင်း၌ လုပ်ဆောင်သောအလုပ်အားဖြင့် ၎င်း၏နယ်ပယ်ကို တိုးချဲ့၍ရသည်။ တိုးချဲ့ခြင်းအလုပ်ကို သူ၏ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုအခါတွင် လူ့ဇာတိခံယူသော သူ့ဇာတိခန္ဓာ၏အလုပ်မဟုတ်တော့မည်မှာ မှန်ပါသည်။ အကြောင်းမှာ လူ့ဇာတိဖြင့်လုပ်သောအလုပ်သည် နယ်နိမိတ်များရှိပြီး စကြဝဠာတစ်ခုလုံး၏ အရပ်မျက်နှာတိုင်းသို့ တိုးချဲ့၍ မရသောကြောင့်ဖြစ်သည်။ ၎င်းကို ပြီးမြောက်အောင်လုပ်၍ မရပါ။ လူ့ဇာတိဖြင့်လုပ်သောအလုပ်အားဖြင့် နောက်လာမည့်အလုပ်ကို သူ၏ဝိညာဉ်တော်က ဆက်လက်လုပ်ဆောင်သည်။ ထို့ကြောင့်၊ လူ့ဇာတိဖြင့်လုပ်သောအလုပ်သည် နယ်နိမိတ်များကြားထဲတွင် လုပ်ဆောင်ရသော အလုပ်ဖြစ်ပြီး ၎င်းက အစပြုသည့်သဘောဆောင်သည်။ ထို့နောက်၊ သူ၏ဝိညာဉ်တော်က ဤအလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ၎င်းကို ကျယ်ပြန့်သောအတိုင်းအတာဖြင့် လုပ်ဆောင်သည်။

ဤကမ္ဘာပေါ် ဆင်းသက်ပြီး ဘုရားသခင်လုပ်ဆောင်သည့်အလုပ်သည် ခေတ်ကို လမ်းပြရန်သာဖြစ်ပြီး ခေတ်သစ်ကို ဖွင့်ကာ ခေတ်ဟောင်းကို အဆုံးသတ်ရန် ဖြစ်သည်။ ဤကမ္ဘာတွင် လူ့ဘဝ၏သက်တမ်းတစ်ခုလုံးကို အသက်ရှင်နေထိုင်ရန်၊ လူတစ်ယောက်အဖြစ် ဘဝ၏ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကို သူကိုယ်တိုင်တွေ့ကြုံခံစားရန်၊ သို့မဟုတ် သူ၏လက်တော်ဖြင့် ပုဂ္ဂိုလ်တစ်ပါးပါးကို စုံလင်စေရန်၊ သို့မဟုတ် လူတစ်ယောက်၏ကြီးထွားခြင်းကို စောင့်ကြည့်ရန် ဆင်းသက်လာခြင်း မဟုတ်ပါ။ ၎င်းသည် သူ၏အလုပ်မဟုတ်ပါ။ သူ၏အလုပ်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပြီး ခေတ်ဟောင်းကို အဆုံးသတ်ရန်သာ ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူကိုယ်တိုင် ခေတ်တစ်ခုကို ဖွင့်လှစ်ကာ သူကိုယ်တိုင်အခြားသောခေတ်ကို အဆုံးသတ်ပြီး သူကိုယ်တိုင် သူ၏အလုပ်ကို လုပ်ခြင်းဖြင့် စာတန်ကို အနိုင်ယူမည်ဖြစ်သည်။ သူကိုယ်တိုင် သူ၏အလုပ်ကို လုပ်သည့်အချိန်တိုင်း စစ်မြေပြင်တွင် ခြေချသကဲ့သို့ ဖြစ်သည်။ ပထမတွင်၊ သူသည် လောကကိုနှိမ်နှင်းပြီး လူ့ဇာတိဖြင့် စာတန်ကို အနိုင်ယူသည်။ ဘုန်းတော်အားလုံးကို သူပိုင်ဆိုင်ပြီး နှစ်ပေါင်းနှစ်ထောင်အလုပ်အားလုံးအပေါ် ကန့်လန့်ကာကို မတင်သည်။ ထိုသို့အားဖြင့် ကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံး လျှောက်နင်းရန် မှန်ကန်သောလမ်းနှင့် ငြိမ်သက်သောဘဝနှင့် အသက်ရှင်ခြင်း ပျော်ရွှင်မှုကို ရရှိစေနိုင်ရန် ဖြစ်သည်။ သို့သော်၊ ဘုရားသခင်သည် ကမ္ဘာပေါ်တွင် လူသားနှင့် ကြာမြင့်စွာ နေ၍မရပါ။ အကြောင်းမှာ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍ လူသားကဲ့သို့ မဟုတ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သာမန်လူ၏သက်တမ်းအတိုင်း အသက်ရှင်၍ မရပါ။ ဆိုလိုသည်မှာ၊ သာမန်မဟုတ်သောလူကဲ့သို့ ကမ္ဘာပေါ်တွင် မနေထိုင်နိုင်ပါ။ အကြောင်းမှာ၊ သူ၏လူ့ဘဝကို အားဖြည့်ရန် ပုံမှန်ပုဂ္ဂိုလ်၌ရှိသော သာမန်လူ့သဘာဝ၏ အနည်းငယ်သောအပိုင်းသာ သူ့တွင် ရှိသောကြာင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော်၊ ဘုရားသခင်သည် ကမ္ဘာပေါ်တွင် မိသားစုတစ်ခု၊ လုပ်ငန်းတစ်ခုနှင့် ကလေးများပြုစုပျိုးထောင်ခြင်းကို မည်သို့လုပ်ဆောင်နိုင်မည်နည်း။ ၎င်းသည် သူ့အတွက် ရှက်ဖွယ်ဖြစ်မည်မဟုတ်လော။ သူ့အနေဖြင့် သာမန်လူ့သဘာဝ အပ်နှင်းခံထားရခြင်းသည် သာမန်နည်းဖြင့် အလုပ်ကို လုပ်ဆောင်ရန်အတွက်သာဖြစ်ပြီး ပုံမှန်ပုဂ္ဂိုလ်ကဲ့သို့ မိသားစုတည်ထောင်ကာ လုပ်ငန်းတစ်ခုရှိရန် မဟုတ်ပေ။ သူ၏ ပုံမှန်အသိစိတ်၊ ပုံမှန်စိတ်နှင့် သူ့ဇာတိခန္ဓာ၏ ပုံမှန်အစာ၊ အဝတ်အစားတို့သည် သူ့တွင် သာမန်လူ့သဘာဝရှိကြောင်းကို သက်သေပြရန် လုံလောက်သည်။ သူ့တွင်သာမန်လူ့သဘာဝရှိကြောင်းကို သက်သေပြရန် မိသားစုတစ်ခုရှိဖို့၊ လုပ်ငန်းတစ်ခုရဖို့ မလိုအပ်ပါ။ ၎င်းသည် လုံးဝမလိုအပ်သည့်အရာ ဖြစ်သည်။ ကမ္ဘာပေါ်သို့ ဘုရားသခင်ဆင်းသက်လာခြင်းသည် နှုတ်ကပတ်တော် လူ့ဇာတိကို ခံယူခြင်းဖြစ်သည်။ သူ၏နှုတ်ကပတ်တော်ကို နားလည်ရန်နှင့် မြင်ရန် လူသားကို သူခွင့်ပြုနေခြင်းသာဖြစ်သည်။ ဆိုလိုသည်မှာ၊ လူ့ဇာတိလုပ်ဆောင်သည့်အလုပ်ကို လူသားအား တွေ့မြင်ခွင့်ပေးခြင်းဖြစ်သည်။ သူ၏လူ့ဇာတိကို လူများအနေဖြင့် တစ်မူထူးခြားစွာဆက်ဆံရန်မှာ သူ၏ရည်ရွယ်ချက် မဟုတ်ဘဲ နောက်ဆုံးအချိန်ထိ လူများနာခံသောသူဖြစ်ရန် ဖြစ်သည်။ သူ၏နှုတ်မှ ထွက်လာသည့် နှုတ်ကပတ်တော်အားလုံးကို နာခံရန်နှင့် သူလုပ်ဆောင်သည့်အလုပ်အားလုံးကို နာခံရန် ဖြစ်သည်။ သူသည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေခြင်းသာဖြစ်သည်၊ သူ့ဇာတိခန္ဓာ၏ကြီးမြတ်မှုနှင့် သန့်ရှင်းမှုတို့ကို ချီးမြှောက်ရန် လူသားကို တမင်တကာ တောင်းဆိုနေခြင်း မဟုတ်ဘဲ သူ့အလုပ်၏ဉာဏ်ပညာနှင့် သူစွဲကိုင်သည့် အာဏာအားလုံးကို လူသားထံ ပြသခြင်းသာ ဖြစ်သည်။ ထို့ကြောင့်၊ သူ့တွင် ထူးချွန်ပြောင်မြောက်သော လူ့သဘာဝရှိသော်လည်း သူသည် ကြေငြာခြင်းများ မလုပ်ဘဲ သူလုပ်သင့်သည့်အလုပ်အပေါ်သာ အာရုံစိုက်သည်။ ဘုရားသခင်သည် လူ့ဇာတိကိုခံယူပြီး သူ၏သာမန်လူ့သဘာဝကို မကြေငြာသက်သေမခံဘဲနေ၍ သူလုပ်လိုသည့်အလုပ်ကိုသာ လုပ်ဆောင်ခဲ့သည့်အကြောင်းအရင်းကို သင်တို့သိသင့်ပါသည်။ ထို့ကြောင့်၊ လူ့ဇာတိခံယူသောဘုရားသခင်မှ သင်တို့တွေ့မြင်သော အရာအားလုံးသည် သူ၏ဘုရားသဘောသဘာဝဖြစ်ခြင်းဖြစ်သည်၊ အကြောင်းမှာ သူ၏လူ့သဘာဝဖြစ်ခြင်းကို လူများအတုယူရန် မည်သည့်အခါမျှ သူထုတ်ဖော်မပြောသောကြောင့် ဖြစ်သည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ဦးဆောင်သည့်အခါမှသာ သူ၏လူ့သဘာဝဖြစ်ခြင်းကို ပြောတတ်သည်။ သူတို့၏လေးစားခြင်းနှင့် အပ်နှံခြင်းကို ပို၍ရရှိခြင်းဖြင့် သူတစ်ပါး၏ခေါင်းဆောင်မှုကို ရရှိသည်။ သို့သော်၊ ဘုရားသခင်သည် သူ၏အလုပ်တစ်ခုဖြင့်သာ (လူနားမလည်နိုင်သောအလုပ်) လူကိုသိမ်းပိုက်သည်။ သူ၏ဖြစ်ခြင်းအား လူက လေးစားခြင်း၊ သို့မဟုတ် သူ့ကိုမြတ်နိုးကြည်ညိုစေခြင်းနှင့် ပတ်သက်၍ မေးခွန်းမရှိပါ။ သူလုပ်သည့်အရာမှာ သူ့အပေါ် ရိုသေလေးမြတ်သည့်ခံစားချက်၊ သို့မဟုတ် သူ၏ဉာဏ်မမီနိုင်ခြင်းသဘောကို လူ့အထဲ၌ သွတ်သွင်းခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် လူကို အထင်ကြီးစေရန် မလိုပါ။ သူ၏စိတ်နေသဘောထားကို သင်တို့သက်သေခံပြီးသည့်အခါ သူ့ကို ရိုသေလေးမြတ်ရန်ကိုသာ သူလိုအပ်သည်။ ဘုရားသခင်လုပ်သည့်အလုပ်သည် သူ၏ကိုယ်ပိုင်ဖြစ်သည်။ သူ၏နေရာတွင် လူသားကဝင်လုပ်၍မရပါ။ လူသား ကြိုးစားလုပ်၍လည်း မရနိုင်ပါ။ သူ၏အလုပ်ကို ဘုရားသခင်ကိုယ်တော်တိုင်ကသာ လုပ်ဆောင်နိုင်ပြီး၊ ဘဝသစ်များဆီသို့ လူကိုဦးဆောင်သွားရန် ခေတ်သစ်ကို ဖွင့်လှစ်ပေးသည်။ သူလုပ်ဆောင်သည့်အလုပ်သည် လူသားက ဘဝအသစ်ကိုပိုင်ဆိုင်ပြီး ခေတ်သစ်သို့ ဝင်ရောက်ရန်ဖြစ်သည်။ ကျန်သောအလုပ်များကို သာမန်လူ့သဘာဝရှိပြီး သူတစ်ပါး၏လေးစားခြင်းကို ခံရသောသူများထံ လွှဲပြောင်းပေးခဲ့သည်။ ထို့ကြောင့်၊ ကျေးဇူးတော်ခေတ်တွင် နှစ်ပေါင်းနှစ်ထောင် ကြာရမည့်အလုပ်ကို လူ့ဇာတိဖြင့် နှစ်ပေါင်း ၃၃ နှစ်ထဲမှ သုံးနှစ်ခွဲအတွင်း ပြီးဆုံအောင်ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် သူ၏အလုပ်ကိုလုပ်ဆောင်ရန် ကမ္ဘာပေါ်သို့ ဆင်းကြွသည့်အခါ နှစ်ပေါင်းနှစ်ထောင် သို့မဟုတ် ခေတ်တစ်ခေတ်လုံး ကြာရမည့်အလုပ်ကို နှစ်အနည်းငယ်အတွင်း ပြီးဆုံးအောင် အမြဲပြုလုပ်သည်။ သူသည် အချိန်မဆွဲပါ။ တန့်နေသည်လည်း မရှိပါ။ နှစ်ပေါင်းများစွာ လုပ်ရမည့်အလုပ်ကို တိုတောင်းသောနှစ်အနည်းငယ်အတွင်း ပြီးဆုံးနိုင်အောင် ထိုအလုပ်ကို သူအကျဉ်းချုံးသည်။ အကြောင်းမူကား သူကိုယ်တိုင်လုပ်ဆောင်သည့်အလုပ်သည် ထွက်မြောက်ရာလမ်းအသစ်ကို ဖွင့်ရန်နှင့် ခေတ်သစ်တစ်ခုကို ဦးဆောင်ရန်အတွက်သာ ဖြစ်သောကြောင့်တည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။