ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်

p>သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်သည် နေ့စဉ်နေ့တိုင်း ပြောင်းလဲနေပြီး အလုပ်အဆင့် တစ်ခုစီတိုင်းသည် သာ၍ အဆင့်မြင့်လာလေ့ရှိသည်။ မနက်ဖြန်နေ့၌ ဖော်ပြမည့် ဖွင့်ပြမှုသည် ယနေ့ ဖော်ပြသော ဖွင့်ပြမှုထက်ပို၍ အဆင့်မြင့်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ပို၍ အဆင့်မြင့်လာလေသည်။ ဘုရားသခင်သည် လူကို ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် စုံလင်စေလေ့ရှိသည်။ လူက အမီ မလိုက်နိုင်လျှင် အချိန်မရွေး နောက်ချန်ထားခြင်း ခံရနိုင်သည်။ လူသည် နာခံတတ်သော နှလုံးသား မရှိလျှင် အဆုံးသို့ ရောက်သည်အထိ လိုက်နိုင်မည် မဟုတ်။ အတိတ်ခေတ်သည် ကျန်ခဲ့ပြီ ဖြစ်သည်။ ယနေ့ ခေတ်သည် ခေတ်သစ် ဖြစ်သည်။ ခေတ်သစ်၌ အလုပ်သစ်ကို လုပ်ရမည်။ အထူးသဖြင့် လူကို စုံလင်စေမည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် အလုပ်သစ်ကို သာ၍လျှင်မြန်စွာ လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ နှလုံးသားထဲ၌ နာခံခြင်း မရှိလျှင် ဘုရားသခင်၏ ခြေရာကို လိုက်လျှောက်နိုင်ဖို့ ခက်မည်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့် စည်းမျဉ်း၊ စည်းကမ်းများ အတိုင်းနှင့်မျှ မလုပ်ဆောင်ပါ၊ သူလုပ်ဆောင်သည့် အလုပ်၏ အဆင့်တိုင်းကိုလည်း မပြောင်းလဲသည့် အလုပ်များအဖြစ် မသတ်မှတ်ပေ။ ထိုအစား သူလုပ်သော အလုပ်သည် အမြဲအသစ်ဖြစ်နေလေ့ရှိပြီး၊ အမြဲအဆင့်မြင့်နေလေ့ ရှိသည်။ အဆင့်တိုင်း အဆင့်တိုင်းတွင် သူလုပ်သော အလုပ်သည် ပိုပို၍ လက်တွေ့ကျလာပြီး၊ လူ၏ လိုအပ်ချက်များနှင့်လည်း ပို၍ ကိုက်ညီလာလေ့ရှိသည်။ လူသည် ထိုသို့သော အလုပ်မျိုးကို ကိုယ်တိုင် ကြုံတွေ့ခံစားဖူးမှသာ သူ၏ စိတ်သဘောထား နောက်ဆုံးပြောင်းလဲမှုကို ရရှိနိုင်သည်။ ဘဝနှင့် ပတ်သက်သော လူ၏အသိသည် ပိုပိုများလာသလို၊ ထိုနည်းတူစွာပင် ဘုရားသခင်၏ အလုပ်သည်လည်း ပိုပို၍ အဆင့်မြင့် လာလေ့ရှိသည်။ ထိုနည်းလမ်းအားဖြင့်သာ လူကို စုံလင်အောင် ပြုလုပ်နိုင်ပြီး၊ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သောသူ ဖြစ်နိုင်သည်။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အလုပ်လုပ်သည်မှာ တစ်ဖက်၌ လူ၏အယူအဆများကို တုံ့ပြန်ရန်၊ လူ၏ အယူအဆများကို ပြောင်းပြန် ဖြစ်စေရန်အတွက် ဖြစ်ပြီး၊ တစ်ဖက်၌မူ လူကို ပို၍ အဆင့်မြင့်သော၊ ပို၍ လက်တွေ့ကျသော အခြေအနေသို့ ရောက်အောင်၊ အဆင့်အမြင့်ဆုံး ယုံကြည်ခြင်းရှိရာဘုံသို့ ဦးဆောင်ပြီး ခေါ်ရန်အတွက်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်သည်မှာ အဆုံး၌ ဘုရားသခင်၏ အလိုကို ပြည့်စုံနိုင်စေရန်အတွက် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်လေ့ရှိသည့် မနာခံတတ်သော စိတ်သဘောထား ရှိသူအားလုံးသည် အလျှင်အမြန် တဟုန်ထိုး တိုးတက်နေသည့် အဆင့်၌ ရောက်နေသော ဘုရားသခင်၏ လုပ်ငန်းတွင် နောက်ကျ ကျန်နေခဲ့ကြလိမ့်မည်။ ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ နာခံသူများနှင့် မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချမှုရှိသည့် သူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်ပါသည်။ ဘုရားသခင်၏ လုပ်ငန်း၌ သင်တို့အားလုံးသည် ဘုရားသခင်၏ အလိုကို မည်သို့ နာခံသင့်ကြောင်း၊ မိမိတို့၏ အယူအဆများကို မည်သို့ ဘေးဖယ်ထားသင့်ကြောင်းတို့ကို သင်ယူသင့်သည်။ သင်သည် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းသင့်သည်။ သတိမထားလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပစ်ခါခါ ငြင်းပယ်ခြင်းကို ခံရသူ၊ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သူ ဧကန်အမှန် ဖြစ်လိမ့်မည်။ ထိုအဆင့်၌ ဖြတ်သန်းနေသည့် အချိန်မရာက်မီတွင် လူ၏ စည်းမျဉ်းများနှင့် ဥပဒေအဟောင်းများသည် မရေတွက်နိုင်လောက်အောင် အလွန်များလှသောကြောင့် သူသည် ကိုယ့်ကိုယ်ကို သတိမထားမိတော့ဘဲ စိတ်ကြီးဝင်သွားကာ သူ့ဘဝကိုသူ မေ့သွားလေ့ရှိသည်။ ထိုအခြင်းအရာများ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်မှုအသစ်ကို လူလက်မခံအောင် တားဆီးသည့် အရာများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား သိလာခြင်း မရှိအောင် လုပ်ဆောင်သည့် ရန်ဘက်များ ဖြစ်လာလေ့ရှိသည်။ လူတစ်ယောက်သည် သူ့နှလုံးသားထဲ၌ နာခံခြင်းလည်း မရှိ၊ သမ္မာတရားကို တောင့်တသည့် စိတ်လည်း မရှိလျှင် သူသည် ဘေးအန္တရာယ်နှင့် တွေ့ကြုံလိမ့်မည်။ သင်သည် ရိုးရှင်းသည့် အလုပ်နှင့် ရိုးရှင်းသည့် စကားလုံးများကိုသာ နာခံပါက သင်သည် နက်နဲသည့်အရာ တစ်ခုကိုမျှ လက်မခံနိုင်သောသူ၊ နည်းလမ်း အဟောင်းများကိုသာ စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီ မလိုက်နိုင်သောသူ ဖြစ်သည်။ အချိန်ကာလတစ်ခု၌ ဘုရားသခင်လုပ်သော အလုပ်သည် အခြား အချိန်ကာလတစ်ခု၌ လုပ်သော အလုပ်နှင့် မတူပေ။ အကယ်၍ သင်သည် အချိန်ကာလတစ်ခု၌ အလွန်နာခံသော်လည်း နောက်အချိန်ကာလ တစ်ခု၌မူ နာခံမှု အလွန်နည်းလျှင် သို့မဟုတ် နာခံခြင်း လုံးဝ မရှိလျှင် ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည် ဖြစ်သည်။ ဘုရားသခင် အဆင့် တစ်ဆင့်သို့ တက်သောအခါ၌ သင်မီအောင် လိုက်လျှင် နောက်အဆင့် တစ်ဆင့်သို့ တက်သောအခါတွင်လည်း သင်ဆက်ပြီး မီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ သင်သည် တစ်သမတ်တည်း နာခံရမည်။ စိတ်ပါလျှင် နာခံလိုက်၊ စိတ်မပါလျှင် မနာခံဘဲနေလိုက် မလုပ်ရ။ ထိုသို့သော နာခံမှုသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရမည်မဟုတ်။ သင်သည် ငါပြုသော မိတ်ဿဟာရ အမှုသစ်ကို မီအောင် မလိုက်နိုင်ဘဲ အရင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင် သင့်အသက်တာ၌ တိုးတက်မှု မည်သို့ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ အလုပ်မှာ သူ၏ နှုတ်ကပတ်တော်များဖြင့် သင့်ကို ကူညီထောက်ပံ့ဖို့ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင်လက်ခံသောအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် ဧကန်အမှန် အလုပ်လုပ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်နည်းအတိုင်း တသွေမတိမ်း အလုပ်လုပ်သည်။ ငါပြောခဲ့သည့်အတိုင်း လုပ်ဆောင်ပါ။ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်း အလုပ်လုပ်လိမ့်မည်။ သင်တို့ မြင်နိုင်ဖို့အတွက် အလင်းသစ်ကို ငါပေးပြီး ပစ္စုပ္ပန်အချိန်၌ရှိသော အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေသည်။ ထိုအလင်းထဲသို့ သင်ဝင်လာသောအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်း အလုပ်လုပ် လိမ့်မည်။ “ငါကတော့ သင်ပြောတဲ့အတိုင်း လုပ်မှာ မဟုတ်ဘူး” ဟု ပြောပြီး၊ ဆိုဆုံးမရ ခက်ကောင်း ခက်နိုင်သည့် သူအချို့ရှိသည်။ ထိုသို့ဖြစ်လျှင် ငါက သင့်ကို သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေသည်၊ သင့်မှာ အသက်မရှိတော့ ဟု ပြောလိုသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို ကြုံတွေ့ခံစားရသောအခါ၌ ပစ္စုပ္ပန်ကာလ၌ ရှိသောအလင်းကို မီအောင်လိုက်ဖို့သည် အရေးအကြီးဆုံးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည် မဟုတ်၊ အသင်းတော်၌ သာ၍ပင် အလုပ်လုပ်သည်။ သူသည် မည်သူ့ အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို သင်ခံစားရပြီးသောအခါ၌ သူသည် အခြားလူ တစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်း လုပ်နိုင်သည်။ မြန်မြန်လိုက်ပါ၊ ပစ္စုပ္ပန်ကာလ၌ ရှိသော အလင်းနောက်သို့ သာ၍ နီးနီးကပ်ကပ် သင်လိုက်လေလေ၊ သင်၏ အသက်တာ ပိုပြီး ရင့်ကျက် ကြီးထွားနိုင်လေလေ ဖြစ်သည်။ သူ့မှာ မည်သည့် ဟန်အမူအရာ၊ အကျင့်အကြံမျိုး ရှိသည်ဖြစ်စေ၊ သူ့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသမျှ ကာလပတ်လုံး သူ့နောက်သို့ လိုက်လျှောက်ကြောင်း သေချာပါစေ။ သင့်အတွေ့အကြုံအပေါ်၌ အခြေခံပြီး သူ့အတွေ့အကြုံကို သုံးသပ်ပါ။ ထိုအခါ သင်သည် သာ၍ အဆင့်မြင့်သော အရာများကိုပင် ရရှိလိမ့်မည်။ ထိုသို့ လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျှင်မြန်စွာ တိုးတက်လာ လိမ့်မည်။ ဤသည်မှာ စုံလင်သောသူ ဖြစ်ရန်အတွက် လူက လျှောက်လှမ်းရမည့်လမ်းဖြစ်ပြီး ထိုလမ်းမှတစ်ဆင့် အသက်တာ ကြီးထွားမည်ဖြစ်သည်။ စုံလင်သောသူ ဖြစ်စေသည်ကို ခံရဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို သင်နာခံဖို့ လိုသည်။ သင့်ကို စုံလင်သောသူ ဖြစ်စေရန်အတွက် ဘုရားသခင်သည် ဘယ်လိုလူအားဖြင့် အလုပ်လုပ်မည်ကို သင်မသိနိုင်၊ ဘယ်လိုလူ၊ ဘယ်လို အဖြစ်အပျက် (သို့မဟုတ်) ဘယ်လိုအရာအားဖြင့် သူက သင့်ကို ပိုင်ဆိုင်ခွင့်ပေးမည်၊ ထိုးထွင်းနားလည်မှုပေးမည်ကို သင် မသိနိုင်။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင် ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံရဖို့ မျှော်လင့်ချက် သင့်မှာ ကောင်းကောင်းရှိသည်။ သို့သော် သင်သည် လမ်းမှန်ပေါ်၌ မလျှောက်လှမ်းနိုင်လျှင် သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင် မရှိသော အနာဂတ်ဖြစ်သည်။ လမ်းမှန်ပေါ်သို့ ရောက်လျှင် သင်သည် အရာရာ၌ ဖွင့်ပြမှုကို လက်ခံရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာကို ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ အသိအပေါ်၌ အခြေခံပြီး ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် လုပ်ဆောင်လျှင် သင်၏ အတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ ထိုအတွေ့အကြုံကြောင့် သင်သည် အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ အလွတ်ရွတ်ကာ အခြားသူများကို ကူညီထောက်ပံ့သော လူများသည် မည်သည့် အတွေ့အကြုံမျှ မရှိသူများဖြစ်သည်။ သင်၏ကိုယ်ပိုင် အတွေ့အကြုံနှင့် ဗဟုသုတ အကြောင်းကို စမပြောနိုင်သေးခင်တွင် အခြားသူတို့၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့ လုပ်ဆောင်နည်းကို သင်တွေ့ရှိဖို့ သင်ယူရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သင့်အသက်တာအတွက် သာ၍ကြီးမားသော အကျိုးကျေးဇူးများ ဖြစ်စေလိမ့်မည်။ ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို နာခံပြီး သင်သည် ထိုသို့ ကြုံတွေ့ ခံစားသင့်သည်။ သင်၏ အသက်တာ ရင့်ကျက်ပြီး ကြီးထွားနိုင်စေဖို့အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ အလိုကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို လေ့လာသင့်သည်။ ထိုသို့သော အလေ့အထမျိုးသည် အလျှင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်စေသည့် အလေ့အထမျိုး ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ လက်တွေ့ အတွေ့အကြုံများအားဖြင့် သင့်ကို ဉာဏ်အလင်းပေးပြီး သင်၏ ယုံကြည်ခြင်းအားဖြင့် သင့်ကို စုံလင်စေသည်။ သင်သည် စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံဖို့ အမှန်တကယ် လိုလိုလားလား ရှိပါသလား။ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံဖို့ သင် အမှန်တကယ် လိုလိုလားလားရှိလျှင် သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်၊ မလှုပ်မယှက် ဖြစ်နေမည် မဟုတ်၊ အားနည်းနေမည် မဟုတ်။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်၊ လူရှေ့ သူရှေ့၌သော် လည်းကောင်း၊ သင်တစ်ဦးတည်းရှိသည့် အချိန်၌သော်လည်းကောင်း၊ သင်ပြုသော အပြုအမူများ အားလုံးသည်လည်း ဘုရားသခင် နှစ်သက်ဖွယ် ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး၊ အရာရာ၌ သမ္မာတရားကို ကျင့်ကြံလျှင် စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူများနောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သော လိမ်လည် လှည့်ဖြား သူများသည် စုံလင်အောင် ပြုလုပ်ပေးသည်ကို မခံလိုသောသူများ ဖြစ်သည်။ သူတို့သည် ထာဝရ ပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏ သားများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် ဆိုင်သောသူများ မဟုတ်၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင် ရွေးချယ်သည့် လူမျိုးမဟုတ်။ အကယ်၍ သင့်အပြုအမူများနှင့် အမူအကျင့်များသည် ဘုရားသခင်၏ရှေ့၌ တင်ပြနိုင်သော အရာများ မဟုတ်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော် ကြည့်နိုင်သောအရာများ မဟုတ်လျှင် သင်၌ တစ်ခုခု မှားနေကြောင်းကို ထိုအခြင်းအရာက သက်သေပြနေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို သင်လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲဖို့ အလွန်အရေးကြီးသည်ဟု သတ်မှတ်မှသာ သင်သည် စုံလင်စေခြင်း ခံရမည့်လမ်းပေါ်၌ ရှိနေနိုင်မည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံဖို့၊ ဘုရားသခင်၏ အလိုအတိုင်း လုပ်ဆောင်ဖို့ သင်အမှန်တကယ် လိုလိုလားလားရှိလျှင် ငြီးတွားသည့်စကား တစ်ခွန်းမျှ မဟဘဲ၊ ဘုရားသခင် လုပ်သည့် အလုပ်ကို သုံးသပ်ရလောက်အောင် သို့မဟုတ် အကဲဖြတ်ရလောက်အောင် မရဲတင်းဘဲ၊ ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးကို သင်နာခံသင့်သည်။ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံဖို့အတွက် အနည်းဆုံး ထိုအချက်များကို လုပ်ဆောင်ဖို့လိုပါသည်။ ဘုရားသခင်မှ စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသောသူတို့ လုပ်ဖို့လိုသော လိုအပ်ချက်တစ်ခု ရှိသည်။ ထိုလိုအပ်ချက်မှာ “ဘုရားသခင်ကို ချစ်သော နှလုံးသားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါ” ဟူသည့် အချက် ဖြစ်သည်။ “ဘုရားသခင်ကို ချစ်သော နှလုံးသားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါ” ဟူသည့် စကား၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ အဘယ်နည်း။ ထိုစကား၏ ဆိုလိုရင်းမှာ “သင်၏ အပြုအမူများနှင့် အမူအကျင့်များ အားလုံးသည် ဘုရားသခင်၏ ရှေ့၌ တင်ပြနိုင်သော အရာများ ဖြစ်သည်” ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များသည် ဖြောင့်မှန်လျှင် သင်၏ အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်၏ အပြုအမူများကို ဘုရားသခင်၏ ရှေ့၌ (သို့မဟုတ်) သင်၏ ညီအစ်ကို မောင်နှမများရှေ့၌ ဖော်ပြဖို့ မကြောက်ရွံ့၊ သင်သည် ဘုရားသခင်၏ ရှေ့၌ သစ္စာဆိုရဲသည်။ သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်း၊ အယူအဆ အခုစီတိုင်းသည် ဘုရားသခင်၏ ရှေ့၌ စစ်ဆေးဖို့ လျော်ကန်သော အရာများ ဖြစ်လျှင်၊ သင်သည် ထိုသို့ လက်တွေ့ လုပ်ဆောင်ပြီး ထိုလမ်းကြောင်း ပေါ်၌ နေနိုင်လျှင် သင်၏ အသက်တာ တိုးတက်မှုသည် မြန်လိမ့်မည်။

သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူလုပ်ဆောင်သည့် အလုပ်အားလုံးကို သင်ယုံကြည်ရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်ကို နာခံရမည်။ မနာခံနိုင်လျှင် ဘုရားသခင်ကို သင်ယုံသည်၊ မယုံဘူးဟူသည့် အချက်သည် အရေးမကြီးတော့။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို တစ်ခါမျှ မနာခံဘူးလျှင် (သို့မဟုတ်) သူ၏ နှုတ်ကပတ်တော် အားလုံးကို လက်မခံဖူးဘူးဆိုလျှင်၊ ထိုအစား ဘုရားသခင်အား သင်၏ အကြံအစည်များအတိုင်း ပြုမှုရန်နှင့် သင့်ကို လိုက်လျောရန် တောင်းဆိုမည်ဆိုလျှင် သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ ဖြစ်သည်၊ သင်သည် မယုံကြည်သူ တစ်ဦးပင်ဖြစ်သည်။ ထိုသို့သော သူတစ်ဦးက လူတို့၏ အယူအဆနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်သနည်း။ အပုန်ကန်ဆုံး သူသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်၊ အာခံသူ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူ၊ အန္တိခရစ် ဖြစ်သည်။ ထိုသို့သော သူသည် ဘုရားသခင် လုပ်ဆောင်သော အလုပ်သစ်ကို အမြဲတမ်း အပြင်းအထန် ဆန့်ကျင်လိုသော သဘောရှိပြီး နာခံလိုသည့်သဘော နည်းနည်းလေးမျှမရှိ၊ နာခံလိုစိတ်ကို လိုလိုလားလား တစ်ခါမျှ မပြဖူး သို့မဟုတ် ကိုယ့်ကိုယ်ကို တစ်ခါမျှ မနှိမ့်ချဖူးပေ။ သူသည် အခြားလူများ ရှေ့၌ ကိုယ့်ကိုယ်ကို ချီးမြှောက်လေ့ရှိပြီး ဘယ်သူ့ကိုမျှ မနာခံဖူးပေ။ ဘုရားသခင်၏ ရှေ့၌ သူသည် သူ့ကိုယ်သူ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟောကြားရာ၌ အကျွမ်းကျင်ဆုံးသူ၊ အခြားသူများကို ပြုပြင်ရာတွင် အကျွမ်း ကျင်ဆုံးသူအဖြစ် သတ်မှတ်လေ့ရှိသည်။ သူသည် လက်ဝယ် ပိုင်ဆိုင်ထားပြီးသော အဖိုးတန် ရတနာများကို ဘယ်တော့မှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများအကြောင်း တရားဟောရန်နှင့် သူ့ကို ဘုရားလို ကိုးကွယ်ကြသော အရူးများကို သင်ကြားပို့ချရန်အတွက် ထိုပစ္စည်းများကို ဘိုးဘွားပိုင် ပစ္စည်းများအဖြစ် သတ်မှတ်အသုံးပြုသည်။ အသင်းတော်၌ ထိုသို့သောသူများ အရေအတွက် အတိုင်းအတာ တစ်ခုအထိ ရှိပါသည်။ သူတို့ကို ဘုရားသခင်၏ အိမ်တော်၌ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ယာယီနေထိုင်သည့် “နှိမ်နင်းလို့ မရသည့် သူရဲကောင်းကြီးများ” ဟု ခေါ် နိုင်ပါသည်။ သူတို့သည် ဘာသာရေးဆိုင်ရာ အယူဝါဒအား ဟောပြောခြင်းကို ၎င်းတို့၏ အရေးအကြီးဆုံး တာဝန်အဖြစ် ယူဆကြသည်။ တစ်နှစ်ပြီး တစ်နှစ်၊ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သူတို့ “အလေးအမြတ်ထားပြီး မချိုးဖောက်အပ်သော” တာဝန်ကို အခြားသူများ လိုက်နာ လုပ်ဆောင်အောင် သူတို့သည် အားသွန်ခွန်စိုက် လုပ်နေကြသည်။ ဘယ်သူကမျှ သူတို့ကို မထိရဲ၊ တစ်စုံတစ်ဦး တစ်ယောက်တလေကမျှ သူတို့ကို ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရဲပေ။ သူတို့သည် ဘုရားသခင်၏ အိမ်တော်၌ ခေတ်တစ်ခေတ်ပြီး တစ်ခေတ် အခြားသူများကို အာဏာရှင်တစ်ဦးကဲ့သို့ ဆက်ဆံပြီး ဘုရားသခင်၏ အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်မိစ္ဆာအဖွဲ့သည် အချင်းချင်းလက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်၊ အသက်ရှင်နေသော ထိုနတ်မိစ္ဆာများကို အဘယ်သို့ ငါ့မျက်စိရှေ့၌ ဆက်လက်နေထိုင်ခွင့် ပေးနိုင်မည်နည်း။ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးရောက်သည်အထိ မလျှောက်လှမ်းနိုင်လျှင် နှလုံးသားထဲ၌ နာခံမှု အနည်းငယ်မျှပင် မရှိသော ထိုအာဏာရှင်များသည် သိပ်ဝေးဝေး လျှောက်လှမ်းနိုင်မည် မဟုတ်။ ဘုရားသခင်၏ အလုပ်ကို လူက အလွယ်တကူ မရရှိနိုင်။ ရှိသမျှ ခွန်အား အားလုံး သုံးလျှင်တောင်မှ လူသည် တစ်စိတ် တစ်ဒေသကိုသာ ရရှိနိုင်မည်ဖြစ်ပြီး အဆုံးရောက်မှ စုံလင်မှုကို ရရှိမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏ အလုပ်ကို ဖျက်ဆီးဖို့ ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ ဖြစ်လိမ့်မည်နည်း။ ဘုရားသခင် ပိုင်သော သူများဖြစ်ဖို့ မျှော်လင့်ချက်သည် သူတို့၌ သာ၍ပင် နည်းသည် မဟုတ်လော။ အောင်နိုင်ဖို့ လုပ်ဆောင်သည့် ငါ၏ ရည်ရွယ်ချက်မှာ အောင်နိုင်ဖို့ သက်သက်အတွက် မဟုတ်၊ ဖြောင့်မတ်မှုနှင့် မတရားမှုကို ဖော်ပြဖို့၊ လူကို အပြစ်ပေးဖို့ရန်အတွက် သက်သေရအောင် လုပ်ဖို့၊ မတရားသောသူများကို စီရင်ချက်ချဖို့၊ အထူးသဖြင့် ငါ့ကို ရည်ရွယ်ချက်ရှိရှိ နာခံသူများကို စုံလင်စေဖို့အတွက် ဖြစ်သည်။ အဆုံး၌ အားလုံးသည် အမျိုးအစားအလိုက် ခွဲခြားခြင်း ခံရလိမ့်မည်၊ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရသူအားလုံး၏ အတွေးအခေါ်၊ အယူအဆများ အားလုံးသည် နာခံမှုနှင့် ပြည့်နေလိမ့်မည်။ ယင်းသည် အဆုံး၌ ပြီးပြည့်စုံမည့် အလုပ်ဖြစ်သည်။ သို့သော် အတွင်း၌ ပုန်ကန်တတ်သော နည်းလမ်းများနှင့် ပြည့်နေသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်၊ မီးထဲ၌ လောင်ကျွမ်းဖို့ ပို့ခြင်းခံရမည်၊ ထာဝရ ကျိန်ခြင်းကို ခံရဖို့ ဖြစ်လိမ့်မည်။ ထိုအချိန်ရောက်လျှင် အတိတ်ခေတ် အဆက်ဆက်မှ “ကြီးမြတ်ပြီး နှိမ်နင်းလို့ မရသည့် သူရဲကောင်းကြီးများ” ဟု သူတို့ကို ခေါ်နိုင်သူများသည် အယုတ်ညံ့ဆုံး၊ အပယ်ခံရဆုံး “အားနည်းပြီး ထိရောက်စွာ မစွမ်းဆောင်နိုင်သည့် ငကြောက်များ” ဖြစ်နေလိမ့်မည်။ ထိုအခြေအနေကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရှုထောင့်တိုင်းမှ သရုပ်ဖော်ပြနိုင်ပြီး၊ လူထံမှ မည်သည့် စော်ကားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပါသည်။ ထိုအခြေအနေကသာလျှင် ငါ့နှလုံးသားထဲမှ အမုန်းကို ဖြေဖျောက် တင်းတိမ်စေနိုင်သည်။ ဒါလုံးဝ ဖြစ်သင့်သည်ဟု သင်တို့ လက်မခံကြဘူးလား။

သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို ကြုံတွေ့ခံစားဖူးသူတိုင်း အသက်ကို ရနိုင်သည် မဟုတ်၊ ထိုစမ်းရေအတွင်း၌ ရှိသော လူများအားလုံး အသက်ကို ရနိုင်သည်မဟုတ်။ အသက်ဆိုသည်မှာ လူသား အားလုံးနှင့်ဆိုင်သော ဘုံပိုင်ပစ္စည်းတစ်ခု မဟုတ်၊ စိတ်သဘောထား ပြောင်းလဲခြင်းသည်လည်း အားလုံး စွမ်းဆောင်နိုင်သည့် အရာတစ်ခုမဟုတ်။ ဘုရားသခင် လုပ်သည့် အလုပ်ကို နာခံခြင်းသည် မြင်နိုင်၊ ထိတွေ့နိုင်သည့် လုပ်ဆောင်မှုဖြစ်ရမည်၊ အသက်တာ၌ လက်တွေ့ လုပ်ဆောင်ရမည့် အရာဖြစ်သည်။ အပေါ်ယံ၌သာ နာခံခြင်းဖြင့် ဘုရားသခင် သဘောကျသည်ကို မခံရနိုင်ပါ၊ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ မကြိုးစားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အပေါ်ယံ၌သာ နာခံရုံဖြင့် ဘုရားသခင်၏ စိတ်ကျေနပ်အောင် လုပ်နိုင်မည် မဟုတ်။ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို နာခံခြင်းသည်၊ တစ်ခုတည်း၊ အတူတူပင် ဖြစ်သည်။ ဘုရားသခင်ကိုသာ နာခံပြီး ဘုရားသခင်လုပ်သည့် အလုပ်ကို မနာခံသူများကို နာခံတတ်သောသူများဟု မမှတ်ယူနိုင်ပါ၊ အပေါ်ယံ၌ ဖားတတ်သော်လည်း အမှန်တကယ် မနာခံသူများကို နာခံတတ်သော သူများဟု ပို၍ပင် မမှတ်ယူနိုင်ပါ။ ဘုရားသခင်ကို အမှန်တကယ် နာခံသူများသည် ဘုရားသခင်၏အလုပ်မှ အကျိုးရရှိနိုင်စွမ်းရှိပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အလုပ်ကို နားလည်နိုင်စွမ်း ရှိသည်။ ထိုသို့သော လူများသာ ဘုရားသခင်ကို အမှန်တကယ် နာခံကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်သစ်မှ အသိဉာဏ်အသစ်ကို ရရှိနိုင်စွမ်းရှိသည်၊ ထိုအလုပ်မှ အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့ခံစားနိုင်စွမ်းရှိသည်။ ထိုသို့သော လူများသည်သာ ဘုရားသခင် သဘောကျသူများ ဖြစ်သည်။ ထိုသို့သော လူသည်သာ စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးသူ၊ မိမိ၏ စိတ်သဘောထား ပြောင်းလဲသွားသူ ဖြစ်သည်။ ဘုရားသခင်ထံမှ လက်ခံမှုကို ရရှိသူများသည် ဘုရားသခင်ကိုသာမက ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ အလုပ်ကိုလည်း ၀မ်းမြောက်စွာနာခံသူများဖြစ်သည်။ ထိုသို့သော လူသာလျှင် အမှန်တရား၌ တည်သူဖြစ်သည်။ ထိုသို့သော လူသာလျှင် ဘုရားသခင်ကို စိတ်ရင်းဖြင့် နှစ်သက်သူ၊ ဘုရားသခင်ကို စိတ်ရင်းဖြင့် ရှာဖွေသူ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု နှုတ်ဖြင့်ပြောပြီး လက်တွေ့တွင် ဘုရားသခင်ကို ကျိန်ဆဲသူများသည် ကိုယ့်မျက်နှာကိုကိုယ် မျက်နှာဖုံး စွပ်ထားသူများ၊ မြွေဆိုးများ၏ အဆိပ်ရှိသူများ၊ သစ္စာမရှိဆုံး လူများဖြစ်သည်။ ထိုလူလိမ် လူညစ်များသည် အနှေးနှင့်အမြန် ၎င်းတို့၏ မသတီစရာ မျက်နှာဖုံးများ ဖယ်ရှားခြင်း ခံရလိမ့်မည်။ ယနေ့ လုပ်ဆောင်လျက်ရှိသော အလုပ်သည် ထိုအလုပ် မဟုတ်ပါလော။ မတရားသော လူများသည် အစဉ် မတရားသောသူများ ဖြစ်နေမည်ဖြစ်ပြီး၊ အပြစ်ဒဏ်ပေးသည့် နေ့နှင့် ဘယ်တော့မှ လွတ်မည် မဟုတ်။ လူကောင်းများသည် အစဉ် လူကောင်းများ ဖြစ်နေမည်ဖြစ်ပြီး၊ အလုပ်ပြီးသောအခါ၌ ဖော်ပြခြင်းခံရမည့် သူများ ဖြစ်သည်။ မတရားသောသူ တစ်ယောက်မျှ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်၊ ဖြောင့်မတ်သောသူ တစ်ယောက်မျှ မတရားသောသူဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်။ ငါသည် လူတစ်ယောက်ကိုမျှ မတရား စွပ်စွဲခြင်း ခံစေမည် မဟုတ်။

သင်သည် အသက်တာ၌ ဆက်လက် လျှောက်လှမ်းသောအခါ အသစ်သော နေရာသို့ ဝင်ရောက်ပြီး၊ ခြေလှမ်းတိုင်း၌ ပို၍ နက်ရှိုင်းစွာ ကြီးထွားတတ်သည့် သာ၍ အဆင့်မြင့်သော ထိုးထွင်း နားလည်မှုအသစ်ကို အမြဲ ရရမည်။ ဤအဆင့်သည် လူသားအားလုံး ဝင်ရောက်သင့်သည့် အဆင့်ဖြစ်သည်။ ရင်းနှီးစွာ ဆက်ဆံခြင်း၊ တရားဒေသနာ ကြားနာခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း (သို့မဟုတ်) ကိစ္စတစ်ခုကို ကိုင်တွယ် ဖြေရှင်းခြင်းအားဖြင့် သင်သည် ထိုးထွင်းနားလည် နိုင်စွမ်းအသစ်နှင့် ဉာဏ်အလင်း အသစ်တို့ကို ရလိမ့်မည်။ စည်းကမ်းအဟောင်းများနှင့် အတိတ်က စည်းကမ်းများထဲ၌ သင်နေလိမ့်မည် မဟုတ်။ သင်သည် အလင်းသစ်ထဲ၌ အမြဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သွေဖည်သွားလိမ့်မည် မဟုတ်။ ထိုသို့ဖြစ်ခြင်းကို မှန်သောလမ်းပေါ်၌ နေခြင်းဟု ခေါ်သည်။ အပေါ်ယံ၌ အဖိုးအခပေးရုံဖြင့် လုံလောက် လိမ့်မည်မဟုတ်။ တစ်နေ့ပြီး တစ်နေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သာ၍မြင့်သောဘုံသို့ ဝင်ရောက်နေပြီး အသစ်သော အရာများလည်း နေ့တိုင်း ဖြစ်ပေါ်လေ့ရှိသည်။ လူသည်လည်း နေ့တိုင်း နေရာအသစ်တစ်ခုသို့ ဝင်ရောက်ဖို့လိုသည်။ ဘုရားသခင် စကားပြောသောအခါ၌ သူသည် အရင်က ပြောခဲ့သမျှ အားလုံးကို အကောင်အထည်ဖော်သည်၊ သင်သည် အမီ မလိုက်နိုင်လျှင် နောက်၌ ကျန်ခဲ့မည် ဖြစ်သည်။ သင်၏ ဆုတောင်းချက်များသည် သာ၍နက်ရှိုင်းစွာ ထိုးဖောက်ရမည်၊ သင်သည် ဘုရားသခင်၏ နှုတ်ထွက်စကားကို သာ၍များများ မှီဝဲသုံးဆောင်ရမည်၊ သင်လက်ခံရရှိသော ဖွင့်ပြမှု ပိုများလာအောင် လုပ်ရမည်၊ အပျက်သဘောဆောင်သော အရာများကို နည်းအောင် လုပ်ရမည်။ စိတ်ထဲ၌ ရှိသောအရာကို နားလည်ခြင်းအားဖြင့် သင်၏ သုံးသပ် အကဲဖြတ်နိုင်စွမ်းကိုလည်း ပိုပြီး အားကောင်းအောင် လုပ်ရမည်။ အရာအားလုံးကို ထိုးထွင်း နားလည်နိုင်စွမ်းရှိဖို့၊ အပြင်ပန်းရှိ အရာများကို ထိုးထွင်းနားလည်ပြီး ဘယ်ကိစ္စ၌မဆို အဓိကအချက်ကို နားလည်နိုင်ဖို့အတွက် သင်သည် မိမိခန္ဓာကိုယ်၌ ထိုအရာများ ယူတင် ဝတ်ဆောင်ထားခြင်း မရှိပါက အသင်းတော်ကို သင်မည်သို့ ဦးဆောင် နိုင်မည်နည်း။ သင်သည် စစ်မှန်မှု တစ်ခုမျှ မရှိဘဲနှင့်၊ လက်တွေ့ လုပ်ဆောင်နည်း တစ်နည်းမျှမပါဘဲနှင့် စကားလုံးများနှင့် ဘာသာရေး အယူဝါဒများကိုသာ ပြောဆိုလျှင် အချိန်ခဏသာ ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်။ ယင်းသည် ယုံကြည်သူအသစ်များကို စကားပြောသောအခါ၌ အနည်းငယ် လက်ခံနိုင်သောအရာ ဖြစ်သော်လည်း အချိန်အတိုင်းအတာ တစ်ခုသို့ ရောက်လျှင်၊ ယုံကြည်သူအသစ်များ တကယ့် အတွေ့အကြုံအချို့ ရှိလာသောအခါ၊ သင်သည် သူတို့ကို ကူညီထောက်ပံ့ နိုင်တော့မည်မဟုတ်။ ထိုအခါ သင်သည် ဘုရားသခင် အသုံးပြုသည်ကို ခံဖို့အတွက် သင့်တော်သောသူ မည်သို့ ဖြစ်မည်နည်း။ ဉာဏ်အလင်းအသစ် မရရှိလျှင် သင်သည် အလုပ်မလုပ်နိုင်ပါ။ ဉာဏ်အလင်းအသစ် မရရှိသူများသည် မည်သို့ အတွေ့အကြုံရအောင် လုပ်ရမည်ကို မသိသူများဖြစ်သည်၊ ထိုသို့သော လူများသည် အသိဉာဏ်အသစ် (သို့မဟုတ်) အတွေ့အကြုံအသစ်ကို ဘယ်တော့မျှ မရပေ။ အသက်ကိုပေးသည့် ကိစ္စတွင်လည်း သူတို့သည် သူတို့၏ အလုပ်ကို ဘယ်တော့မျှ မလုပ်နိုင်ကြ၊ ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သော သူများ မဖြစ်နိုင်ကြ။ ထိုသို့သော လူသည် ဘာအတွက်မျှ အသုံးမဝင်သောသူ ဖြစ်သည်၊ အလဟဿ ဖြုန်းတီးတတ်သူ တစ်ဦးသာ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်အတွက် သူတို့ လုပ်ရမည့်ကဏ္ဍကို လုပ်နိုင်စွမ်းမရှိ၊ ဘာအတွက်မျှ အသုံးမဝင်သောသူများဖြစ်သည်။ သူတို့သည် သူတို့၏ အလုပ်ကိုလုပ်ရန် ပျက်ကွက်သည့် အပြင် တကယ့် တကယ်တမ်းတွင် သူတို့သည် အသင်းတော်ကို မလိုအပ်ဘဲ ဝန်ပိုစေသည်။ “ကြည်ညို လေးမြတ်ဖွယ်ရာ ထိုလူဟောင်းများ” ကို အသင်းတော်မှ မြန်မြန် ထွက်ခွာဖို့ ငါတိုက်တွန်းပါသည်၊ သို့မှသာ အခြားသောသူများက သူတို့အား ဆက်လက်ကြည့်ရှုရန် လိုအပ်တော့မည်မဟုတ်ပါ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်သစ်ကို လုံးဝ နားမလည်၊ အဆုံး မရှိသော အယူအဆများနှင့်သာ ပြည့်နေသူများ ဖြစ်သည်။ အသင်းတော်၌ သူတို့သည် ဘာအလုပ်မျှ မလုပ်ဘဲ ထိခိုက်နစ်နာမှုများ ဖြစ်စေကာ နေရာအနှံ့ အပျက်သဘောဆောင်သော သဘောထားများ ပျံ့နှံ့စေသည်၊ အသင်းတော်၌ လက်မခံနိုင်သော အပြုအမူနှင့် အနှောင့်အယှက်မျိုးစုံကိုပင် ဖြစ်စေပြီး အဆိုးနှင့် အကောင်း ခွဲခြားနိုင်စွမ်း မရှိသူများကို ဇဝေဇဝါ၊ ဖရိုဖရဲ ဖြစ်စေသည်။ အသက်ရှင်လျက်ရှိသော ထိုနတ်မိစ္ဆာများ၊ ထိုနတ်ဆိုးများသည် ဖြစ်နိုင်သမျှ မြန်မြန် အသင်းတော်မှ ထွက်သွားသင့်သည်။ သို့မဟုတ်လျှင် သင့်ကြောင့် အသင်းတော် တိုးပွားမှု တန့်မှာကို စိုးရိမ်ရသည်။ သင်သည် ယနေ့ လုပ်သောအလုပ်ကို ကြောက်ရွံ့ချင်မှ ကြောက်ရွံ့မည်ဖြစ်သော်လည်း နက်ဖြန်နေ့၌ ရောက်လာမည့် တရားသော အပြစ်ပေးခြင်းကို သင်မကြောက်ရွံ့ဘူးလား။ အသင်းတော်၌ သူများ၏ စေတနာပေါ် အခွင့်ကောင်း ယူတတ်သောသူများ အမြောက်အများရှိသည်၊ ဘုရားသခင် ပုံမှန်လုပ်နေသည့် အလုပ်ကို နှောင့်ယှက်တားဆီးဖို့ ကြိုးစားသော ဝံပုလွေများလည်း များစွာရှိသည်။ ထိုအရာများအားလုံးသည် မာရ်နတ် စေလွှတ်လိုက်သော နတ်ဆိုးများ၊ ရိုးသားသည့် သိုးများကို ဝါးမျိုရန် ရှာဖွေနေသည့် ဆိုးယုတ်သော ဝံပုလွေများ ဖြစ်ကြသည်။ “လူ” ဟုခေါ်ကြသော ထိုသူတို့ကို မနှင်ထုတ်လျှင် သူတို့သည် အသင်းတော်အပေါ်၌ ကပ်ပါးကောင်များ၊ ပေးလှူထားသော အရာများကို အငမ်းမရ ဝါးမျိုသူများ ဖြစ်လာလေ့ရှိသည်။ အထင်သေးစရာ ကောင်းသော၊ ပညာမဲ့သော၊ ယုတ်ညံ့သော၊ ရွံရှာဖွယ်ကောင်းသော ထိုလောက်ကောင်များသည် တစ်နေ့ အပြစ်ပေးခြင်း ခံရပေလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။