ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည် (အပိုင်း တစ်)
သင်တို့အများစုသည် ဘုရားသခင်အား နှစ်အတန်ကြာ ယုံကြည်ခဲ့ပြီးဖြစ်ကာ အနည်းနှင့် အများ လမ်းမှန်ပေါ်တွင် အခြေခံအုတ်မြစ်တစ်ခု ချပြီးဖြစ်သည်။ ယခုတွင် သင်တို့သည် ဘုရားသခင်၏ နောက်သို့လိုက်ရန်အတွက် မိသားစုနှင့် လောကီတို့၏ အနှောင်အဖွဲ့များကို စွန့်လွှတ်နိုင်ကြသည်။ သင်တို့သည် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် လေ့ကျင့်နေကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံလိုစိတ်ရှိကြပြီး သမ္မာတရားအတွက် ကြိုးပမ်းရန် အသင့်ဖြစ်နေကြသည်။ ဤသည်မှာ အမှုအရာများကို သင်တို့ စတင်နားလည်လာသည်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိသည်ဆိုသည့် သဘောဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း၏ အရေးပါမှုသည် အလွန်ကြီးမားသည်။ တာဝန်တစ်ခုကို သင် ကောင်းစွာထမ်းဆောင်နိုင်ခြင်းရှိမရှိသည် သင်၏ ကယ်တင်ခြင်း၊ စုံလင်ခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ယင်းမှာ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ခြင်းအားဖြင့်သာ အသက်ဝင်ရောက်မှုကို ရယူနိုင်သည်၊ မိမိ၏တာဝန်ကိုကောင်းစွာ ထမ်းဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ကြောင့် သင်တို့၏ တာဝန်များနှင့် ပတ်သက်လာသည့်အခါ သင်တို့အပေါ် အနည်းငယ်ပို၍ တောင်းဆိုခြင်း၊ သင်တို့ကို အနည်းငယ်ပြုပြင်ခြင်းသည် သင်တို့အတွက် အကျိုးရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်တို့သည် အသက်တာတွင် တိုးတက်မှုပို၍ မြန်ဆန်လိမ့်မည်။ သင်တို့အပေါ် တောင်းဆိုမှုများသည် မြင့်မားနေသည်မှာ မကောင်းသောအရာမဟုတ်သကဲ့သို့ သင်တို့အား စမ်းသပ်ရန်အတွက် ခက်ခဲသောပြဿနာကို ရံဖန်ရံခါ ပေးခြင်းသည်လည်း မကောင်းသောအရာမဟုတ်ပေ။ ဤအရာအားလုံးမှာ သင်တို့အနေဖြင့် အသက်တာတွင် ကြီးထွားတိုးတက်ပြီး ဘုရားအလိုတော်ကို လုပ်ဆောင်ဖို့ ကူညီပေးရန် ပြုလုပ်ခြင်းဖြစ်သည်။ ဤသို့ဖြင့် သင်တို့သည် အတတ်ပညာပိုင်းဆိုင်ရာ အသိအမြင်အချို့ကို ပို၍ သဘောပေါက်နားလည်ပြီး သင်တို့၏ တာဝန်တွင် ပို၍ ထိရောက်မှုရှိနိုင်ကြပေသည်။ သင်တို့အပေါ်တွင် ဤတောင်းဆိုမှုများ မပြုလုပ်လျှင် ရလဒ်က အဘယ်အရာဖြစ်မည်နည်း။ သင်တို့သည် အယူဝါဒများကိုသာ ဟောကြားနိုင်ပြီး စည်းကမ်းများကိုသာ လိုက်နာနိုင်လိမ့်မည်ဖြစ်ကာလုံးဝ ပြောင်းလဲခြင်းမရှိဘဲ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ကြလိမ့်မည်။ ထိုသို့ဆိုလျှင် သင်တို့သည် မည်သည့်အချိန်တွင် တိုးတက်နိုင်မည်နည်း။ သင်တို့၏ တာဝန်ကို မည်သို့ ကောင်းစွာထမ်းဆောင်နိုင်မည်နည်း။ သမ္မာတရားနှင့်ပတ်သက်ပြီး တိုးတက်မှုမရှိရုံမကဘဲ သင်တို့၏တာဝန်တွင် လိုအပ်သော အတတ်ပညာပိုင်းဆိုင်ရာ အသိအမြင်တွင်လည်း တိုးတက်မှုရှိမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သင်တို့၏တာဝန်ကို လက်ခံနိုင်ဖွယ်ရှိသော စံနှုန်းအထိ ထမ်းဆောင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်မည်လော။ သင်တို့၏ လက်ရှိဝိညာဉ်ရင့်ကျက်မှုနှင့် ပတ်သက်လျှင် သမ္မာတရားအပေါ် သင်တို့၏ နားလည်မှုက နည်းပါးလွန်းပြီး တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်းမရှိသေးပေ။ သင်တို့သည် သင်တို့၏တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်ခြင်း စံနှုန်းများကို ရောက်ရှိရန်လည်း အလွန်ဝေးကွာနေသည်။ သို့တိုင်အောင် သင်တို့သည် ဤအရာကို သတိမမူမိဘဲ ကောင်းစွာလုပ်ဆောင်နေသည်ဟု ခံစားရသည်။ တစ်ခါတစ်ရံတွင် သင်တို့သည် အလွန်အမင်း မိမိကိုယ်ကိုအမှန်ထင်ပြီး၊ ရဲတင်းလွန်းခြင်းပင်ဖြစ်ကြသည်။ သင်ပြောသည့်စကားများ၊ သို့မဟုတ် သင်လုပ်ဆောင်သည့်အရာများသည် လူအများရှေ့ချပြ၍ မရသကဲ့သို့ သမ္မာတရား စည်းမျဉ်းများနှင့် မညီပေ။ တစ်စုံတစ်ယောက်က သင်၏ ပြဿနာများကို ထောက်ပြသောအခါ သင်သည် လက်မခံနိုင်သကဲ့သို့ သမ္မာတရားကိုလည်း မရှာပေ။ ကိုယ့်ကိုယ်ကိုယ်အတွက် ဆင်ခြေများပင် ပေးသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ သင့်ကိုယ်သင် သင့်လျော်စွာ ကျင့်ကြုံပြုမူရန်အတွက် လိုအပ်သော အခြေခံအကျဆုံး ဆင်ခြင်တုံတရားကိုပင် သင်မပိုင်ဆိုင်ခြင်းဖြစ်သည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် လူအများစုက သင့်လျော်မှုရှိသည်ဟု မှတ်ယူခြင်းရှိရမည်။ လူတိုင်း၏ အကြံပြုချက်များကို သင် နားထောင်ရမည်။ ၎င်းတို့ပြောသည့်အရာက မှန်ကန်လျှင် သင် လက်ခံပြီး သင်၏ အမှားများကို ပြုပြင်ရမည်။ သင်ရရှိသည့် ရလဒ်များက အဆင်ပြေသည်ဟု လူတိုင်းက ထင်မြင်ပြီး လူတိုင်းက လက်ခံလျှင် ထိုအခါမှသာ သင်၏ လုပ်ရပ်များက လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ဤနည်းအားဖြင့် တစ်ဖက်တွင် သင်တို့သည် တာဝန်ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပို၍ ရင့်ကျက်လာကာ ပြဿနာများကို ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိလာမည်။ အခြားတစ်ဖက်တွင် သင်သည် ပို၍ သင်ယူနိုင်မည်ဖြစ်ပြီး၊ တစ်ချိန်တည်းတွင် သမ္မာတရားကို နားလည်လာကာ အသက်ဝင်ရောက်မှု ရှိလာလိမ့်မည်။ ထို့ကြောင့် တစ်စုံတစ်ရာ သင့်အပေါ်သို့ ကျရောက်သောအခါ မိမိကိုယ်ကိုအမှန်ဟု မထင်မြင်ရပေ။ သင်သည် ဘုရားရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်စေပြီး သင်ခန်းစာယူရမည်။ ပို၍ သင်ယူရန်အတွက် သင့်ကိုယ်သင် စွန့်လွှတ်နိုင်ရမည်။ သင်က “ငါသည် ဤနေရာတွင် သင်တို့ထက်ပို၍ ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် ငါသည် ဦးဆောင်သင့်သည်။ သင်တို့အားလုံးက ငါ့အား နားထောင်သင့်သည်” ဟု ထင်မြင်လျှင် ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးဖြစ်သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်ပြီး သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင်ရှိသော အရာတစ်ခုမဟုတ်ပေ။ ဤသို့ဆိုလျှင် မိမိကိုယ်ကို အမှန်ဟု ထင်မြင်မှုမရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ (လူတိုင်း၏ အကြံပြုချက်ကို နားထောင်ခြင်း၊ လူတိုင်းနှင့် ဆွေးနွေးခြင်းကို ဆိုလိုသည်။) သင်ကိုယ်တိုင်၏ အတွေးများ၊ ထင်မြင်ချက်များက မည်သည့်အရာဖြစ်ပါစေ ၎င်းတို့သည် မှန်ကန်သည်၊ လုပ်ဆောင်သင့်သည့် နည်းလမ်းများဖြစ်သည်ဟု သင်က ကြောင်းကျိုးမမြင်ဘဲ ဆုံးဖြတ်လျှင် ဤသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ သင့်တွင် သင်မှန်ကန်သည်ဟု ခံစားရသော အယူအဆများ၊ ထင်မြင်ချက်များရှိသော်လည်း သင့်ကိုယ်သင် အပြည့်အဝ ယုံကြည်ခြင်းမရှိဘဲ ရှာဖွေခြင်းနှင့် မိတ်သဟာယတို့မှတစ်ဆင့် အတည်ပြုနိုင်လျှင် ဤသည်မှာ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှု မရှိခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ မလုပ်ဆောင်မီတွင် လူတိုင်း၏ ပံ့ပိုးခြင်းနှင့် အသိအမှတ်ပြုခြင်းကို စောင့်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာတွင် ကျိုးကြောင်းသင့်သောနည်းလမ်းဖြစ်သည်။ လူတစ်ယောက်က သင်နှင့် သဘောထားမတူလျှင် သင်သည် တာဝန်သိစွာဖြင့် တုံ့ပြန်သင့်ပြီး သင့်အလုပ်၏ အတတ်ပညာပိုင်းကဏ္ဍများနှင့် ပတ်သက်လျှင် တိကျစေ့စပ်သင့်သည်။ သင်က “သင်က ဤအရာကို ငါ့ထက်ပို၍ နားလည်သလော။ ငါသည် ဤအလုပ်နယ်ပယ်တွင် အချိန်အလွန်ကြာမြင့်စွာ လုပ်ကိုင်နေခဲ့ပြီးဖြစ်သည်။ ငါသည် သင့်ထက်ပို၍ နားလည်ခြင်း မရှိသင့်သလော။ သင်သည် ထိုအကြောင်းကို မည်သည့်အရာ သိသနည်း။ သင် နားမလည်ပါ” ဟု ပြောပြီး မျက်ကွယ်မပြုသင့်ပေ။ ဤသည်မှာ ကောင်းသောစိတ်သဘောထားမဟုတ်ပေ။ မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို အမှန်ထင်လွန်းသည်။ သင်နှင့် သဘောထားမတူညီသူက အတွေ့အကြုံနည်းခြင်း၊ ဤအလုပ်နယ်ပယ်တွင် ကောင်းစွာ သိနားလည်မှုမရှိခြင်း ဖြစ်နိုင်သည်။ သင်က မှန်ကန်နိုင်ပြီး သင်သည် အမှုအရာများကို မှန်ကန်စွာ လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သည်။ သို့သော် ပြဿနာက သင်၏ စိတ်သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် ပြုမူဆောင်ရွက်ရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်နိုင်သနည်း။ သင်၏ အယူအဆများကို ဖွင့်ချပြပြီး ၎င်းတို့တွင် ပြဿနာတစ်ခုခုရှိမရှိကို လူတိုင်းအား မြင်စေခြင်းဖြစ်သည်။ လူတစ်ယောက်က အကြံတစ်ခုပေးလျှင် သင်သည် ရှေးဦးစွာ ထိုအကြံကိုလက်ခံရမည်။ ပြီးနောက်တွင် မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို လူတိုင်းအား အတည်ပြုစေရမည်။ ထိုအရာနှင့်ပတ်သက်၍ မည်သူကမျှ မည်သည့်ပြဿနာမျှမရှိလျှင် အသင့်လျော်ဆုံးနည်းလမ်းကို သင် ဆုံးဖြတ်ပြီး ထိုနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။ ပြဿနာတစ်ခုကို ရှာတွေ့လျှင် လူတိုင်း၏ ထင်မြင်ချက်များကို တောင်းခံရမည်။ သင်တို့အားလုံးသည် သမ္မာတရားကို ရှာဖွေသင့်ပြီး အတူတကွ မိတ်သဟာယပြုသင့်သည်။ ဤနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးက အလင်းပေးခြင်းခံရပြီး၊ ပို၍ ကောင်းမွန်သော လမ်းကြောင်းရှိသောအခါ သင်ရရှိသည့် ရလဒ်များသည် ယခင်ကထက် ပို၍ ကောင်းလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းပြမှုမဟုတ်လော။ ယင်းသည် အလွန်ကောင်းသော အရာပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်ထင်မြင်ခြင်းအား ရှောင်ကြဉ်နိုင်လျှင်၊ သင်၏ စိတ်ကူးထင်မြင်မှုများ၊ အယူအဆများကို လက်လွှတ်နိုင်လျှင်၊ အခြားလူများ၏ မှန်ကန်သော ထင်မြင်ချက်များကို နားထောင်နိုင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံရရှိနိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် အလင်းပေးခြင်းခံရမည်ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့နိုင်လိမ့်မည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအရာကို သင် လက်တွေ့လုပ်ဆောင်သောအခါ သေချာပေါက် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလာလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ထိုအလုပ်နယ်ပယ်နှင့်ပတ်သက်ပြီး အသစ်ဖြစ်သောအရာတစ်ခုကို သိလာလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုမဟုတ်လော။ သင့်ထံ အမှုအရာများ ဖြစ်ပျက်သောအခါ မိမိကိုယ်ကို အမှန်ထင်မြင်မှုမရှိရသကဲ့သို့၊ သမ္မာတရားကို ရှာဖွေရမည်ကိုလည်းကောင်း၊ သင်က မိမိကိုယ်ကို အမှန်ထင်မြင်ပြီး သမ္မာတရားကို လက်မခံလျှင် လူတိုင်းက သင့်အား နှစ်သက်လိမ့်မည်မဟုတ်ဘဲ ဘုရားသခင်ကလည်း သင့်ကို သေချာပေါက် ရွံရှာလိမ့်မည်ကိုလည်းကောင်း ဤအရာမှတစ်ဆင့် သင် သဘောပေါက်လိမ့်မည်။ ဤသည်မှာ ရရှိသော သင်ခန်းစာတစ်ခုမဟုတ်လော။ သင်သည် အစဉ်သဖြင့် ဤသို့ လိုက်စားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်လျှင် သင်၏တာဝန်တွင် သင်အသုံးပြုသော အတတ်ပညာပိုင်း ကျွမ်းကျင်မှုများကို ပို၍ တိုးတက်စေလျက်ရှိမည်ဖြစ်ပြီး သင်၏တာဝန်တွင် ရလဒ်များ ပိုပို၍ ကောင်းလာလိမ့်မည်။ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး ကောင်းချီးပေးလိမ့်မည်။ သင့်အား ပို၍ပင် အကျိုးရရှိစေလိမ့်မည်။ ဤအရာတို့အပြင် သင်သည် သမ္မာတရားအား လိုက်စားခြင်းအတွက် လမ်းကြောင်းရှိလိမ့်မည်။ သမ္မာတရားအား မည်သို့လိုက်စားရမည်ကို သင်သိသောအခါ စည်းမျဉ်းများကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လိမ့်မည်။ မည်သည့်လုပ်ရပ်များက ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို ရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ စက်ဆုပ်မှုနှင့် အရေးမထားခြင်းကို ရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ လက်ခံမှုနှင့် ကောင်းချီးများကို ရရှိစေမည်ကိုလည်းကောင်း သင်သိသောအခါတွင် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခုရှိလိမ့်မည်။ ဘုရားသခင်၏ ကောင်းချီးများနှင့် ဉာဏ်အလင်းဖွင့်ပြမှုကို လူတို့ ရရှိသောအခါ ၎င်းတို့၏ အသက်တာတိုးတက်မှုက ပို၍ မြန်ဆန်လိမ့်မည်။ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို နေ့စဉ် ရရှိလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိလိမ့်မည်။ ဤအရာက ၎င်းတို့ကို ဝမ်းမြောက်ခြင်း မဖြစ်စေသလော။ သင်၏ လုပ်ရပ်များကို ဘုရားသခင်ရှေ့တွင် တင်ပြ၍ရသောအခါ၊ ဘုရားသခင်က လက်ခံသောအခါတွင် သင်၏ စိတ်နှလုံး၌ ဝမ်းမြောက်ခြင်းကို ခံစားရမည်။ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိလိမ့်မည်။ ဤငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းသည် ဘုရားသခင်က သင့်အားပေးအပ်သည့် ခံစားချက်များဖြစ်သည်။ ထိုအရာများသည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်က ပေးသနားသည့် ခံစားချက်ဖြစ်သည်။
မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းသည် လူသား၏ အပေါ်လွင်ဆုံး စာတန်ဆန်သော စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားကို လက်မခံလျှင် ထိုစိတ်သဘောထားကို သန့်စင်စေရန် မဖြစ်နိုင်ပေ။ လူအားလုံးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများရှိသည်။ ပြီးလျှင် ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကြီးဝင်ကြသည်။ မည်သည့်အရာကို စဉ်းစားပါစေ၊ မည်သည့်အရာကို ပြောဆိုပါစေ၊ အမှုအရာများကို မည်သို့မြင်ပါစေ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်သဘောထားများက မှန်ကန်သည်၊ အခြားလူများပြောဆိုသည့်အရာက ၎င်းတို့ပြောဆိုသည့်အရာကဲ့သို့ ကောင်းမွန်ခြင်းမရှိ သို့မဟုတ် မှန်ကန်ခြင်းမရှိဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အစဉ် ဖက်တွယ်ထားကြပြီး မည်သူက စကားပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။ အခြားတစ်စုံတစ်ဦး ပြောသည့်အရာမှာ မှန်ကန်လျှင်ပင်၊ သို့မဟုတ် သမ္မာတရားနှင့် ညီလျှင်ပင် ၎င်းတို့က လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က နားထောင်နေသည့်ပုံစံရှိမည်ဖြစ်သော်လည်း ထိုအယူအဆကို အမှန်တကယ် ခံယူမည်မဟုတ်ပေ။ လုပ်ဆောင်ရမည့်အချိန်ရောက်လျှင် ၎င်းတို့ပြောသည့်အရာက မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ဟု အစဉ်ထင်မြင်လျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ သင်ပြောသည့်အရာက အမှန်ပင် မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်မှာ ဖြစ်နိုင်သည် သို့မဟုတ် သင်လုပ်ဆောင်ခဲ့သည့်အရာသည် မှန်ကန်ပြီး အမှားကင်းသည်မှာ ဖြစ်နိုင်သည်။ သို့သော်လည်း မည်သည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသခဲ့သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းမဟုတ်လော။ သင်သည် ဤမာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မစွန့်ပစ်လျှင် ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုအပေါ် သက်ရောက်မည်မဟုတ်လော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းအား ထိခိုက်မည်မဟုတ်လော။ သင်၏ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မဖြေရှင်းလျှင် အနာဂတ်ကာလတွင် သင့်အား အလွန်ပင် အနှောင့်အယှက်ဖြစ်စေမည်မဟုတ်လော။ သင်သည် အသေအချာပင် အနှောင့်အယှက်များကို တွေ့ကြုံရမည် ဖြစ်သည်။ ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည် လူသား၏ ဤသို့သော အပြုအမူကို မြင်နိုင်သလော။ ဘုရားသခင်က မြင်နိုင်သည်ထက်ပိုသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများကို စိစစ်ရုံမကဘဲ အချိန်တိုင်း၊ နေရာတိုင်းတွင် ၎င်းတို့၏ စကားတိုင်း၊ အလုပ်တိုင်းကိုလည်း လေ့လာစောင့်ကြည့်သည်။ ဘုရားသခင်က သင်၏ ဤအပြုအမူကို မြင်သောအခါ မည်သည့်အရာကို ပြောမည်နည်း။ ဘုရားသခင်က “သင်သည် စိတ်နှလုံးခိုင်မာသည်။ သင်က မှားယွင်းသည်ကို မသိသောအခါတွင် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားနိုင်သည်မှာ နားလည်နိုင်ဖွယ်ရှိသော်လည်း သင်သည် မှားယွင်းသည်ကို ရှင်းလင်းစွာသိပြီး သင်၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ နောင်တမရမီ သေလိုက်မည်ဆိုလျှင် သင်သည် ခေါင်းမာသောသူရူးတစ်ယောက်သာဖြစ်ပြီး သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သူက အကြံပေးသည်ဖြစ်စေ သင်က ထိုအကြံအပေါ် အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော သဘောထားကို အစဉ်ခံယူလျှင်၊ သမ္မာတရားအနည်းငယ်မျှကိုပင် လက်မခံလျှင်၊ သင်၏ စိတ်နှလုံးက လုံးဝပင် အတိုက်အခံဖြစ်ပြီး ပိတ်ထားကာ အရေးမထားဘဲနေလျှင် သင်သည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်ဖွယ်ကောင်းသောသူတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်” ဟု ဆိုလိမ့်မည်။ သင်သည် အဘယ်သို့ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသနည်း။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်မှာ အဘယ်ကြောင့်ဆိုသော် သင် ပြသသည့်အရာသည် မှားယွင်းသောနည်းလမ်း၊ သို့မဟုတ် မှားယွင်းသော အပြုအမူမဟုတ်ဘဲ သင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သနည်း။ သမ္မာတရားကို သင် အလွန်အမင်းမနှစ်မြို့သည့် စိတ်သဘောထား၊ သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားဖြစ်သည်။ သင်သည် သမ္မာတရားကို မုန်းတီးသူအဖြစ် ခွဲခြားသတ်မှတ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အမြင်တွင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သူသည် သင့်ကို ပစ်ပယ်ကာ လျစ်လျူရှုလိမ့်မည်။ လူတို့၏ အမြင်တွင် ၎င်းတို့ အလွန်ဆုံး ပြောမည့်အရာမှာ “ဤလူ၏ စိတ်သဘောထားသည် ဆိုးသည်။ အလွန်အမင်း ခေါင်းမာသည်။ စိတ်နှလုံးခိုင်မာသည်။ မာနထောင်လွှားသည်။ ဤလူသည် ပေါင်းသင်းရန် ခက်ခဲပြီး သမ္မာတရားကို မချစ်ပါ။ သမ္မာတရားကို လုံးဝ လက်မခံသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါ” ဟူ၍ ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် လူတိုင်းက သင့်အား ဤအကဲဖြတ်ချက်ကို ပေးလိမ့်မည်။ သို့သော် ဤအကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သလော။ လူတို့က သင့်အားပေးသည့် အကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို မဆုံးဖြတ်နိုင်ပေ။ သို့သော် သင်မမေ့ရမည့် အရာတစ်ခုရှိသည်။ ဘုရားသခင်က လူတို့၏ စိတ်နှလုံးကို စိစစ်ပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင်က လူတို့၏ စကားတိုင်း၊ လုပ်ရပ်တိုင်းကို လေ့လာကြည့်ရှုသည်။ ဘုရားသခင်က သင့်အား ဤသို့ သတ်မှတ်ပြီး သမ္မာတရားကို သင် မုန်းသည်ဟု ပြောလျှင်၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ရှိသည်၊ သို့မဟုတ် အနည်းငယ် နာခံခြင်းမရှိဟုသာ မပြောလျှင် ဤသည်မှာ အလွန်ဆိုးသော ပြဿနာမဟုတ်လော။ (ဆိုးသည်။) ဤသည်မှာ ပြဿနာရှိသည်ဆိုသည့် သဘောဖြစ်သည်။ ဤပြဿနာသည် လူတို့က သင့်အပေါ် မြင်သည့်ပုံစံ၊ သို့မဟုတ် သင့်အား မည်သို့ အကဲဖြတ်သည်ဆိုသည့်အပေါ်တွင် မူတည်ခြင်းမရှိဘဲ ဘုရားသခင်က သမ္မာတရားကို မုန်းတီးသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ရှုမြင်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က အဘယ်သို့ မြင်သနည်း။ သင်သည် သမ္မာတရားအား မုန်းတီးပြီး မချစ်ဟု ဘုရားသခင်က သတ်မှတ်ရုံမျှသတ်မှတ်ပြီး ဤမျှသာ ဖြစ်သလော။ ထိုမျှ ရိုးရှင်းသလော။ သမ္မာတရားက မည်သည့်နေရာမှ လာသနည်း။ သမ္မာတရားက မည်သူကို ကိုယ်စားပြုသနည်း။ (ဘုရားသခင်ကို ကိုယ်စားပြုသည်။) ဤအရာကို ချင့်ချိန်စဉ်းစားလော့။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သူသည် ထိုသူအား မည်သို့ရှုမြင်မည်နည်း။ (သူ၏ ရန်သူအဖြစ် ရှုမြင်မည်။) ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုမဟုတ်လော။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်သည်။ ဘုရားသခင်ကို မုန်းသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ထိုသူသည် ဘုရားသခင်ကို ကျိန်ဆဲသလော။ ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်သလော။ ဘုရားသခင်၏ နောက်ကွယ်တွင် ဘုရားသခင်အား ဝေဖန်အပြစ်တင်သလော၊ ရှုတ်ချသလော။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဤသို့ဆိုလျှင် သမ္မာတရားအား မုန်းတီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ တစ်စိတ်ကို တစ်အိတ် လုပ်နေခြင်း မဟုတ်ပေ။ ယင်းသည် အခြေအနေ၏ လက်တွေ့အရှိတရားဖြစ်သည်။ သမ္မာတရားကို မုန်းတီးသောကြောင့် သခင်ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်ခဲ့သော သူတော်ကောင်း အယောင်ဆောင်သည့် ဖာရိရှဲများကဲ့သို့ဖြစ်သည်။ နောက်တွင် ဆက်၍ဖြစ်သော အကျိုးဆက်များက ဆိုးရွားသည်။ ဤသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားရှိလျှင် ထိုစိတ်သဘောထားသည် အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်ပြသနိုင်သည်ဟု ဆိုလိုသည်။ ထိုသူသည် ထိုစိတ်သဘောထားဖြင့် အသက်ရှင်လျှင် ဘုရားသခင်ကို ဆန့်ကျင်မည်မဟုတ်လော။ သူသည် သမ္မာတရား၊ သို့မဟုတ် ရွေးချယ်မှုပြုရခြင်းပါဝင်သော အရာတစ်ခုဖြင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို လက်မခံနိုင်လျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်လျှင် သူသည် အလိုအလျောက်ပင် ဘုရားသခင်အား ဆန့်ကျင်လိမ့်မည်။ သစ္စာဖောက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဘုရားသခင်ကို မုန်းပြီး သမ္မာတရားကို မုန်းသည့် စိတ်သဘောထားဖြစ်သောကြောင့်ဖြစ်သည်။ သင့်ထံတွင် ဤသို့သော စိတ်သဘောထားရှိလျှင် ဘုရားသခင်ပြောဆိုသော စကားများနှင့်ပတ်သက်လာသည့်အခါတွင်ပင် သင် မေးခွန်းထုတ်မိလိမ့်မည်ဖြစ်ပြီး ထိုစကားများကို ပိုင်းခြားစိစစ်ချင်လိမ့်မည်။ ထို့နောက်တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို သံသယဖြစ်လိမ့်မည်ဖြစ်ပြီး “ဤအရာတို့သည် အမှန်ပင် ဘုရားနှုတ်ကပတ်တော်များဖြစ်သလော။ ငါ့အတွက် သမ္မာတရားနှင့် မတူပါ။ ထိုစကားများအားလုံးသည် ငါ့အတွက် မလွဲမသွေ မှန်ကန်သည့် ပုံစံမရှိပါ” ဟု ဆိုလိမ့်မည်။ ဤသို့ဖြင့် သမ္မာတရားအား မုန်းတီးသည့် သင်၏ စိတ်သဘောထားသည် ထုတ်ဖော်ပြသခြင်းမရှိသလော။ သင်သည် ဤသို့ စဉ်းစားသောအခါ ဘုရားသခင်အား နာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ သင်သည် ဘုရားသခင်ကို မနာခံနိုင်လျှင် သူသည် သင်၏ ဘုရားဖြစ်သေးသလော။ မဖြစ်တော့ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်အတွက် အဘယ်အရာဖြစ်လိမ့်မည်နည်း။ သင်သည် သူ့ကို သုတေသနပြုရမည့် အကြောင်းအရာတစ်ခုအဖြစ်၊ သံသယဖြစ်ရမည့် သူတစ်ယောက်အဖြစ်၊ ရှုတ်ချရမည့်သူတစ်ယောက်အဖြစ် မှတ်ယူလိမ့်မည်။ သင်သည် သူ့အား သာမန်၊ ပုံမှန်လူတစ်ယောက်အဖြစ် မှတ်ယူပြီး ထိုသို့သောသူတစ်ယောက်အဖြစ် ရှုတ်ချလိမ့်မည်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် ဘုရားသခင်ကို အာခံပြီး စော်ကားသောသူတစ်ယောက်ဖြစ်လာလိမ့်မည်။ မည်သို့သော စိတ်သဘောထားမျိုးက ဤအရာကို ဖြစ်စေသနည်း။ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသော မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်သည်။ သင်၏ စာတန်ဆန်သော စိတ်သဘောထားက သင့်ထံမှ ထုတ်ဖော်ပြလာမည်ဖြစ်ရုံမကဘဲ သင်၏ စာတန်ဆန်သော စရိုက်လက္ခဏာသည်လည်း အပြည့်အဝ ဖွင့်ချပြလိမ့်မည်။ ဘုရားသခင်အား အာခံသည့်အဆင့်သို့ ရောက်ရှိသော၊ ဘုရားသခင်ကို ပုန်ကန်မှုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသောသူနှင့် ဘုရားသခင်ကြားတွင်ရှိသော ဆက်ဆံရေးသည် မည်သို့ဖြစ်မည်နည်း။ လူတစ်ယောက်က ဘုရားသခင်ကို မိမိကိုယ်တိုင် ဆန့်ကျင်သည့်နေရာတွင်ထားသည့် မလိုမုန်းထားသော ဆက်ဆံရေး ဖြစ်လာပေသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်၊ မနာခံနိုင်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ သင်သည် သမ္မာတရားကို ငြင်းဆန်ပြီး ငြင်းပယ်လျှင် သင်သည် ဘုရားသခင်ကို အာခံသောသူတစ်ယောက် ဖြစ်လာနှင့်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်နိုင်သေးသလော။ သေချာပေါက် မကယ်တင်နိုင်ပေ။ ဘုရားသခင်က သင့်အား သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေးပေးပြီး သင့်အား ရန်သူအဖြစ် မမြင်သော်လည်း သင်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ဘုရားသခင်အား သင်၏ ဆန့်ကျင်ဘက်တွင်ထားသည်။ ဘုရားသခင်အား သင်၏ သမ္မာတရားအဖြစ်၊ သင်၏ လမ်းကြောင်းအဖြစ် လက်ခံနိုင်စွမ်းမရှိခြင်းက သင့်ကို ဘုရားသခင်အား အာခံသောသူဖြစ်သွားစေသည်။ ဤပြဿနာကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် အမြန် နောင်တရပြီး လမ်းကြောင်းပြောင်းရမည်။ ဥပမာ သင်သည် တာဝန်ထမ်းဆောင်စဉ်တွင် ပြဿနာတစ်ခု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရပြီး မည်သို့ဖြေရှင်းရမည်ကို မသိသောအခါ ထိုအရာနှင့်ပတ်သက်၍ ကြောင်းကျိုးမမြင်ဘဲ တွေးဆခြင်း မပြုရ။ ရှေးဦးစွာ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေရမည်။ ဘုရားသခင်ထံမှ ဆုတောင်းပြီး ရှာဖွေရမည်။ ထိုအရာနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်က ပြောသည့်အရာကို ကြည့်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်အား ဖတ်ပြီးနောက်တွင် နားမလည်သေးလျှင်၊ ဤပြဿနာက မည်သည့်သမ္မာတရားနှင့် သက်ဆိုင်သည်ကို မသိလျှင် သင်သည် စည်းမျဉ်းတစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ ဆိုလိုသည်မှာ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ကိုယ်ပိုင်အယူအဆများ၊ အတွေးများမရှိနှင့်။ ငြိမ်သက်သော စိတ်နှလုံးဖြင့် စောင့်ဆိုင်းပြီး ဘုရားသခင်က မည်သို့ ရည်ရွယ်ပြီး လုပ်ဆောင်လိုသည်ကို ကြည့်လော့။ သမ္မာတရားကို သင်နားမလည်သောအခါ ထိုသမ္မာတရားကို ရှာဖွေသင့်သည်။ ကြောင်းကျိုးမမြင်ဘဲ ပေါ့ဆစွာ လုပ်ဆောင်မည့်အစား ဘုရားသခင်ကို စောင့်ဆိုင်းသင့်သည်။ သမ္မာတရားကို သင်နားမလည်သောအခါ တစ်စုံတစ်ဦးက သင့်အား အကြံပြုချက်ပေးပြီး သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင့်အား ပြောလျှင် သင်သည် ရှေးဦးစွာ လက်ခံသင့်ပြီး လူတိုင်းအား ထိုအရာအပေါ်တွင် မိတ်သဟာယပြုစေသင့်သည်။ ပြီးလျှင် ဤလမ်းကြောင်းက မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားစည်းမျဉ်းများနှင့် ညီခြင်းရှိမရှိကို ကြည့်သင့်သည်။ သမ္မာတရားနှင့် ကိုက်ညီသည်ဟု အတည်ပြုလျှင် ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီဟု သင် ဆုံးဖြတ်လျှင် ထိုနည်းအတိုင်း လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းပေသည်။ သမ္မာတရားကို သင်ရှာဖွေသောအခါ လူများစွာထံမှ ရှာဖွေသင့်သည်။ တစ်ဦးတလေက ပြောစရာတစ်စုံတစ်ခုရှိလျှင် သင် နားထောင်သင့်ပြီး ထိုသူ၏ စကားများအားလုံးကို အလေးအနက်ထားသင့်သည်။ ထိုသူအား လျစ်လျူရှုခြင်း၊ မသိကျိုးကျွန်ပြုခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်၏တာဝန် နယ်ပယ်အတွင်းတွင်ရှိသော အရာများနှင့် သက်ဆိုင်ပြီး ဤအရာကို အလေးအနက် သဘောထားရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထား၊ မှန်ကန်သော စိတ်အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေတွင် ရှိသောအခါ သမ္မာတရားအား အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းမရှိပေ။ ထို့နောက် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစားထိုးပေးလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ မည်သည့် အသီးအပွင့်ကို ရရှိမည်နည်း။ (သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံရမည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြောင်းအရာသည် အလွန်ရိုးရှင်းပြီး သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ အခြားလူများက ၎င်းတို့၏ အကြံများကို သင့်အား ပေးပြီး သင်က နားလည်ပြီးနောက်တွင် သင်သည် အမှုအရာများကို ပြုပြင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု လူတို့က ထင်ကောင်းထင်နိုင်သော်လည်း၊ ဘုရားသခင်အတွက် ကြီးမားသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်အတွက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူ၊ သမ္မာတရားကို ချစ်သောသူ၊ သမ္မာတရားကို မနှစ်မြို့ခြင်း မရှိသောသူဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းသို့ ဘုရားသခင် ကြည့်သောအခါ သူသည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ ကြီးမြတ်သော ကိစ္စဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး ပြုမူဆောင်ရွက်သောအခါ သင်အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့်အရာသည် လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ စစ်မှန်မှုအားလုံးဖြစ်သည်။ သင်လုပ်ဆောင်သမျှတွင် သင်ပိုင်ဆိုင်သော သဘောထားများ၊ အတွေးများ၊ အခြေအနေများသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်ပြီး ဘုရားသခင် စိစစ်သောအရာများဖြစ်သည်။
လူအချို့သည် ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတိုင်းတွင် မလိုအပ်ဘဲ ငြင်းခုံပြီး အကျိုးမရှိသောအရာများကို လုပ်ဆောင်သည်မှာ ဆိုးယုတ်ခြင်းမရှိသလော။ ဤသည်မှာ ကြီးမားသော ပြဿနာဖြစ်သည်။ စိတ်ရှင်းလင်းသောလူတို့သည် ဤအမှားကို ပြုလုပ်မည်မဟုတ်ပေ။ သို့သော် အဓိပ္ပာယ်မရှိသောသူများသည် ဤကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့က အခြားလူများသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင်ပြုလုပ်သည်၊ အခြားလူများသည် ၎င်းတို့ကို တမင်ရည်ရွယ်၍ ခက်ခဲအောင်ပြုလုပ်သည်ဟု အစဉ်သဖြင့် စိတ်ကူးထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများကို အစဉ် ရန်မူကြသည်။ ဤသည်မှာ လမ်းလွဲခြင်းမဟုတ်လော။ ၎င်းတို့သည် သမ္မာတရားနှင့် ပတ်သက်သောအခါတွင် အားစိုက်ထုတ်ခြင်းမရှိ။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အရေးမကြီးသောအရာများကို အငြင်းပွားရန် နှစ်သက်ကြပြီး ရှင်းပြရန် တောင်းဆိုကြသည်။ သိက္ခာဆည်ရန် ကြိုးစားကြသည်။ ပြီးလျှင် ဤကိစ္စရပ်များကို ချဉ်းကပ်ရန်အတွက် လူသား၏ ဖြေရှင်းချက်များကို အစဉ် အသုံးပြုကြသည်။ ဤသည်မှာ အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဤသို့ ယုံကြည်လျှင်၊ သို့မဟုတ် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာရောက်သောကြောင့် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် အရာအားလုံးကို လက်ခံရရှိရန် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာသကဲ့သို့ ဤအရာအားလုံးကို ချဉ်းကပ်ရန်အတွက် သမ္မာတရားကို အသုံးမပြုပေ။ ထိုအစား သင်သည် အမှုအရာများကို ချဉ်းကပ်ရန် လူသား၏ ဖြေရှင်းချက်များကို အသုံးပြုသည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သင်သည် သူ့ထံမှ အလွန်ဝေးကွာသည်အထိ လမ်းလွဲသွားပြီဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံမှ ဝေးကွာသွားရုံမကဘဲ သင်၏ ဖြစ်တည်မှုတစ်ခုလုံးက သူ၏ မျက်မှောက်တော်တွင် အသက်မရှင်ပေ။ ဤသည်မှာ အမှုအရာများကို အစဉ်သဖြင့် အလွန်အကျွံ စိစစ်ပြီး မလိုအပ်ဘဲ ငြင်းခုံမှုများပြုသူတို့ကို ဘုရားသခင် မြင်သည့်ပုံစံဖြစ်သည်။ စကားတတ်သောသူများ၊ အပြောအဆို ပြေပြစ်သောသူများ၊ ဖြတ်ထိုးဉာဏ်ကောင်းပြီး ပါးနပ်သောသူများ၊ “ငါသည် စကားပြောကောင်းသည်။ အခြားလူများက ငါ့ကို အလွန်လေးစားပြီး အထင်ကြီးသည်။ ရိုသေသည်။ လူတို့က ငါ့အား နားထောင်လေ့ရှိသည်”ဟု ထင်သောသူများရှိသည်။ ဤသည်မှာ အသုံးဝင်သလော။ သင်သည် လူတို့ကြားတွင် ဂုဏ်သိက္ခာကို တည်ဆောက်ပြီးဖြစ်သော်လည်း ဘုရားသခင်ရှေ့တွင် သင်ပြုမူသည့်ပုံစံက ဘုရားသခင်ကို မကျေနပ်စေပေ။ သင်သည် ယုံကြည်ခြင်းမရှိသူတစ်ယောက်ဖြစ်သည်၊ သမ္မာတရားကို မုန်းတီးသည်ဟု ဘုရားသခင်က ဆိုသည်။ လူတို့ကြားတွင် သင်သည် ခေတ်ဆန်ပြီး ပြေပြစ်မှုရှိနိုင်သည်။ အမှုအရာများကို အလွန်ကောင်းစွာ ကိုင်တွယ်ကောင်း ကိုင်တွယ်နိုင်သည်။ မည်သူနှင့်မဆို ဆက်ဆံရေး အဆင်ပြေနိုင်သည်။ အခြေအနေက မည်သို့ဖြစ်စေ အမှုအရာများကို ကိုင်တွယ်ပြီး ဖြေရှင်းရန် နည်းလမ်းကို အစဉ်ရှာကောင်းရှာနိုင်သည်။ သို့သော် သင်သည် ပြဿနာများကို ဖြေရှင်းရန်အတွက် ဘုရားသခင်ရှေ့သို့လာပြီး သမ္မာတရားကို မရှာဖွေပေ။ ဤသို့သောသူများသည် အလွန်ပင် ဒုက္ခပေးတတ်သည်။ ဘုရားသခင်က သင်တို့ကဲ့သို့သောသူများကို အကဲဖြတ်ရာတွင် ပြောစရာတစ်ခုတည်းသာရှိသည်။ “သင်သည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်ပြီး ကောင်းချီးများရရန် ဤအခွင့်အလမ်းကို အသုံးချဖို့ သင် ကြိုးစားနေခြင်းဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံသူတစ်ယောက် မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ဤအကဲဖြတ်မှုမျိုးကို သင်မည်သို့ ထင်သနည်း။ ဤသည်မှာ သင်တို့ အလိုရှိသည့်အရာ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ လူအချို့မှာ ဂရုမစိုက်ဘဲ “ဘုရားသခင်က ငါတို့ကို မည်သို့မြင်သည်မှာ အရေးမကြီးပေ။ မည်သို့ဆိုစေ ဘုရားသခင်ကို ငါတို့ မြင်နိုင်သည်လည်း မဟုတ်ပေ။ ငါတို့၏ အနီးကပ်ဆုံးပြဿနာသည် ရှေးဦးစွာ ငါတို့အနီးရှိ လူများနှင့် အဆင်ပြေစေရန်ဖြစ်သည်။ မိမိတို့ကိုယ်တိုင်အတွက် ခိုင်မာသော ခြေကုပ်ကို တည်ဆောက်ပြီးသည်နှင့် လူတိုင်းက ငါတို့ကို အထင်ကြီးရန်အလို့ငှာ ခေါင်းဆောင်များ၊ အမှုဆောင်များကို စည်းရုံးနိုင်သည်” ဟု ဆိုသည်မှာ ဖြစ်နိုင်သည်။ ဤလူသည် မည်သည့် လူစားမျိုးဖြစ်သနည်း။ သူသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ သူသည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အစဉ်အသက်ရှင်ရမည်။ အဆုံးတွင် ဘုရားသခင်က “သင်သည် သမ္မာတရားကို ချစ်သောသူ၊ ဘုရားသခင်ကို ကျေနပ်စေသောသူ၊ ဘုရားသခင်က လက်ခံနိုင်ဖွယ်ရှိသည်ဟု မြင်သောသူတစ်ယောက်ဖြစ်သည်။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို မြင်ပြီးဖြစ်ကာ သင်၏ ကျိုးနွံနာခံခြင်းကိုလည်း တွေ့မြင်ပြီးဖြစ်သည်” ဟု ပြောရန်အလို့ငှာ မည်သည့်ပြဿနာများကို ကြုံတွေ့ပါစေ သမ္မာတရားကို ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့သို့ လာရမည်။ ဤအကဲဖြတ်မှုမျိုးကို သင်တို့ မည်သို့မြင်သနည်း။ ဤသို့သောသူများသာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိနိုင်သည်။ ဤအရာကို သင်တို့ အပြည့်အဝ နားလည်နိုင်သလော။ ငါ သင်တို့ကို ပြောသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ပြင်ပအမှုကိစ္စများကို ကိုင်တွယ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်၊ သို့မဟုတ် ကျွမ်းကျင်မှုနယ်ပယ်များနှင့် ဆက်စပ်သောတာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ ကြိမ်ဖန်များစွာ မလာလျှင်လည်းကောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်လျှင်လည်းကောင်း၊ ဘုရားသခင်၏ စိစစ်မှုကို လက်မခံရဲလျှင်လည်းကောင်း၊ ဘုရားသခင်ထံမှ သမ္မာတရားကို မရှာဖွေလျှင်လည်းကောင်း သူသည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ ၎င်းတို့သည် ဘာသာတရားမရှိသူတစ်ယောက်နှင့် မကွာခြားပေ။ ဤအချက်ကို သင်တို့ နားလည်နိုင်သလော။ မိမိတို့၏ ပတ်ဝန်းကျင်က မသင့်တော်သောကြောင့် တာဝန်ကို မထမ်းဆောင်နိုင်သော သူအချို့ရှိသည်မှာ ဖြစ်နိုင်ခြေရှိသည်။ ၎င်းတို့သည် ဘာသာမဲ့သူများ၏ ပတ်ဝန်းကျင်တွင် နေထိုင်သည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို မကြာခဏ လက်ခံရရှိဆဲဖြစ်သည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ အရေးပါဆုံးသောအရာများမှာ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်နိုင်သည်။ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်သည်။ ဤသည်တို့မှာ လူတစ်ယောက်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အစဉ် နေထိုင်နိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ရန် အဓိကကျသည့် အရာများဖြစ်သည်။ သင်သည် မကြာခဏပင် ဘုရားသခင်ကို မခံစားရဘဲ ကြိမ်ဖန်များစွာ အားနည်းပြီး အပျက်သဘောဆောင်လျှင်၊ သို့မဟုတ် သင်သည် မကြာခဏ အပျော်အပါးမက်လျှင်၊ သို့မဟုတ် သင်၏ တာဝန်တွင် မည်သည့် ဝန်ထုပ်မျှ မထမ်းလျှင်၊ အစဉ်သဖြင့် မရေမရာဖြစ်နေလျှင် ဤသည်မှာ ကောင်းသော အခြေအနေဖြစ်သလော၊ သို့မဟုတ် ဆိုးသော အခြေအနေဖြစ်သလော။ ဘုရားသခင်ရှေ့တွင် နေထိုင်သည့် အခြေအနေဖြစ်သလော။ သို့မဟုတ် ဘုရားသခင်ရှေ့တွင် လုံးဝ မနေထိုင်သည့် အခြေအနေဖြစ်သလော။ (ဘုရားသခင်ရှေ့တွင် မနေထိုင်သည့် အခြေအနေဖြစ်သည်။) ဤသို့ဆိုလျှင် သင်တို့သည် ဤအရာကို တိုင်းတာရမည်။ သင်တို့သည် မကြာခဏ ဘုရားသခင်ရှေ့တွင် အသက်ရှင်သလော၊ အသက်မရှင်သလော။ ဘုရားသခင်ရှေ့တွင် နေထိုင်သည်မှာ အလွန်ရှားပါးသည်ဆိုလျှင်၊ သင်သည် ဆုတောင်းခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းပင် မပြုလျှင် ဤသည်မှာ ပြဿနာဖြစ်စေသည်။ ဤသည်မှာ သင်သည် ဘာသာမဲ့သူတစ်ယောက်ဖြစ်သည်ဟု ဆိုလိုသည်။ လူအချို့သည် သင့်လျော်သော အရေးကိစ္စများအပေါ် ၎င်းတို့၏ စဉ်းစားခြင်းက ရှားပါးသည်။ ၎င်းတို့သည် အပျော်အပါးမက်ပြီး အထိန်းအကွပ်မဲ့သည်။ ၎င်းတို့တွင် အမှုအရာများ ဖြစ်ပျက်သောအခါ အစဉ်သဖြင့် စိတ်ရှုပ်ထွေးပြီး သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မသိပေ။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ရလဒ်များရရှိခြင်း ရှိမရှိကိုပင် မသိကြပေ။ ၎င်းတို့၏ နေ့စဉ် ပြုမူဆောင်ရွက်မှုများတွင် မည်သည့်အရာက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည်၊ မည်သည့်အရာကို ဘုရားသခင်က လက်ခံနိုင်ဖွယ်ရှိသည်ဟု မြင်သည်၊ မည်သည့်အရာကို ဘုရားသခင်က ရွံမုန်းသည်ဆိုသည်တို့ကို မသိပေ။ ၎င်းတို့သည် တစ်ရက်ပြီး တစ်ရက် ဖြစ်သလိုသာ လုပ်ဆောင်ကြသည်။ ဤအခြေအနေကို သင် မည်သို့ထင်မြင်သနည်း။ ဤအခြေအနေမျိုးတွင် နေထိုင်သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများရှိကြသလော။ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းတစ်ခုခုရှိနိုင်သလော။ ကျိုးကြောင်းဆီလျော်သောအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် “ငါသည် ချုပ်တည်းရမည်။ ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ငါ၏ စိတ်နှလုံးရှိသမျှ၊ အစွမ်းရှိသမျှဖြင့် လုပ်ဆောင်ရမည်” ဟု ပြောနိုင်သလော။ ၎င်းတို့သည် သစ္စာစောင့်သိခြင်းကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သို့ဆိုလျှင် ဤသို့သောသူများက မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် အလုပ်ကိုသာ ပင်ပင်ပန်းပန်း လုပ်နေကြသည်။ ဤသို့သောသူများသည် သမ္မာတရားကို ရရှိပြီးဖြစ်သလော။ (မရရှိသေးပါ။) ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။ ဤလူနုံ၊ လူအအုပ်စုသည် သမ္မာတရားကို လိုက်စားရန် မည်သို့ မသိရသနည်း။ ၎င်းတို့သည် ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်ကြာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး တရားဒေသနာများစွာကို ကြားနာခဲ့ပြီးဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် မည်သည့်အရာကို ရရှိရမည်ကိုလည်းကောင်း၊ သမ္မာတရားကို မည်သို့လိုက်စားသင့်သည်ကိုလည်းကောင်း၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ သို့မဟုတ် တာဝန်များကို မည်သို့ထမ်းဆောင်သင့်သည်ကိုလည်းကောင်း မသိကြပေ။ ဤအရေးကြီးသောအရာများကိုပင် ၎င်းတို့ ရှင်းလင်းစွာ မသိလျှင် ၎င်းတို့သည် အနည်းငယ် မိုက်မဲသည် မဟုတ်လော။ ၎င်းတို့သည် အလွန်ပင် တုံးအပြီး ထုံထိုင်းသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် တုံ့ပြန်မှုလုံးဝမရှိပေ။ ဤသည်မှာ အန္တရာယ်ရှိသည်။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် အရေးကြီးဆုံးသောအရာမှာ အဘယ်နည်း။ သမ္မာတရားကို ရရှိရန်ဖြစ်သည်။ လူတစ်ယောက်က သမ္မာတရားကို ရရှိသောအခါ မည်သည့်ပြဿနာများ ပြေလည်သွားလိမ့်မည်နည်း။ အဓိကအားဖြင့် ၎င်းတို့၏ အပြစ်များနှင့် သက်ဆိုင်သော ပြဿနာများ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပြဿနာ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင်ရှိသော အခက်အခဲများအားလုံးနှင့် ၎င်းတို့၏ မှားယွင်းသောအမြင်များ ဖြစ်သည်။ ဤပြဿနာများအားလုံး ပြေလည်နိုင်သည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်ခံရရှိသောအခါ သမ္မာတရားကို မည်သည့်နေရာတွင် အသုံးပြုသင့်သနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင်၊ ဘုရားသခင်အတွက် သက်သေခံခြင်းတွင် အသုံးပြုသင့်သည်။ ဤသည်တို့မှာ အရေးကြီးဆုံးအရာများဖြစ်သည်။ ယခုအချိန်တွင် သင်တို့သည် ဤအရာကို အမှန်တကယ်သိမြင်မှု ကင်းမဲ့နေနိုင်သည်။ သမ္မာတရား၏ တန်ဖိုး၊ သို့မဟုတ် အရေးပါမှုကို အသိအမှတ်ပြုကောင်း မပြုနိုင်သော်လည်း၊ တစ်နေ့တွင် သင်တို့ အသိအမှတ်ပြုလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။