ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည် (အပိုင်း နှစ်)

ယောဘဝတ္ထုကို သင်တို့ ဖတ်ပြီးသလော။ ဖတ်နေသောအချိန်တွင် တို့ထိခြင်းခံစားရသလော။ ယောဘကဲ့သို့သောသူဖြစ်လိုသော တောင့်တမှုမျိုးကို တွေ့ကြုံခံစားရသလော။ (ခံစားရပါသည်။) ဤအခြေအနေနှင့် စိတ်ခံစားမှုမျိုးက မည်မျှကြာရှည်စွာ ဖြစ်ပေါ်နိုင်သနည်း။ တစ်ရက်၊ နှစ်ရက်လော၊ တစ်လ၊ နှစ်လလော၊ သို့မဟုတ် တစ်နှစ်၊ နှစ်နှစ် ဖြစ်နိုင်သလော။ (နှစ်ရက်၊ သုံးရက်ဖြစ်ပေါ်နိုင်သည်။) သို့ဆိုလျှင် ဤအခြေအနေနှင့် စိတ်ခံစားမှုမျိုးသည် နှစ်ရက်၊ သုံးရက်ကြာပြီးနောက်တွင် ပျောက်ကွယ်မည်လော။ သင်သည် တို့ထိခြင်းခံစားရသောအခါတွင် ဆုတောင်းပြီး၊ သင်သည် ယောဘကဲ့သို့သောသူဖြစ်လိုသည်ဟုလည်းကောင်း၊ သမ္မာတရားကို နားလည်လိုသည်ဟုလည်းကောင်း၊ ဘုရားသခင်အား သိမြင်မှုကို ရရှိလိုသည်ဟုလည်းကောင်း၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်လိုသည်ဟုလည်းကောင်း ဘုရားသခင်အား ပြောလော့။ သင်သည် ဘုရားသခင်အား သင့်တွင် ဤသို့ဖြစ်စေရန် အနူးအညွတ်တောင်းပန်ရမည်။ သင့်အား လမ်းပြရန်၊ သင့်တော်သော ပတ်ဝန်းကျင်များကို ပေးရန်၊ သင့်အား ခွန်အားပေးရန်၊ သင့်အား ကွယ်ကာရန် အနူးအညွတ်တောင်းပန်ရမည်။ သို့မှသာ သင်ကြုံတွေ့သော အခြေအနေတိုင်းတွင် ခိုင်မာစွာ ရပ်တည်နိုင်မည်။ ဘုရားကို အာခံမည်မဟုတ်။ ထိုအစား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လုပ်ရပ်များကို လုပ်ဆောင်နိုင်မည်ဖြစ်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ သင်သည် ဤပန်းတိုင်အတွက်လည်းကောင်း၊ သင်ရရှိရန် မျှော်လင့်သောအရာများအတွက်လည်းကောင်း ဘုရားသခင်ထံ အစဉ်အမြဲ ဆုတောင်းပြီး အသနားခံရမည်။ ဘုရားသခင်က သင်၏ စစ်မှန်သော စိတ်နှလုံးကို မြင်သောအခါ သူသည် အလုပ်လုပ်လိမ့်မည်။ ဘုရားသခင်က အလုပ်လုပ်သောအခါ မကြောက်နှင့်။ ဘုရားသခင်က ယောဘကို စမ်းသပ်စဉ်ကကဲ့သို့ သင့်ခန္ဓာကိုယ်တွင် အနာစိမ်းများ ပြည့်စေပြီး သင့်၌ ရှိသမျှကို ဖယ်ရှားခြင်းကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ဘုရားသခင်က ဤသို့ လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ သူသည် သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သင့်အပေါ်သို့ တဖြည်းဖြည်းချင်း ပို၍ ချပေးမည်ဖြစ်သည်။ သင်သည် ဘုရားသခင်အား အလေးအနက် ဆုတောင်းရမည်။ ယောဘဝတ္ထုကို သင်ဖတ်ပြီးနောက် နှစ်ရက်ကြာ တို့ထိခြင်းခံရဆဲဖြစ်ချိန်တွင် သူ့ကို ဆုတောင်းရုံဆုတောင်းကာ ထို့နောက်သင် မဖတ်တော့သည့် တတိယနေ့တွင် မေ့လျော့သွားပြီး သင်၏ စိတ်နှလုံးတွင် မရှိတော့ခြင်း မဖြစ်နှင့်။ ဤသို့ ဖြစ်လျှင် သင့်အတွက် ပြဿနာရှိသည်။ သင်သည် ယောဘကဲ့သို့သောသူများကို လေးစားလျှင်၊ ထိုကဲ့သို့သောသူမျိုး ဖြစ်လိုလျှင် ထိုကဲ့သို့သောလူမျိုး မည်သို့ဖြစ်လာရမည်ဆိုသည်နှင့်ပတ်သက်ပြီး လမ်းကြောင်းတစ်ခုရှိရမည်။ ဘုရားရှေ့တွင် သင်၏ စိတ်နှလုံးကို ချထားပြီးနောက် ဤအရာအတွက် မကြာခဏ ဆုတောင်းရမည်။ မကြာခဏ တွေးတောရမည်။ ထို့နောက်တွင် ယောဘနှင့်ပတ်သက်ပြီး ဘုရားသခင် ပြောထားသော နှုတ်ကပတ်တော်များကို စားသောက်ရမည်။ ထိုနှုတ်ကပတ်တော်များကို အဆက်မပြတ်၊ ထပ်ခါထပ်ခါ ချင့်ချိန်စဉ်းစားရမည်။ ထို့နောက်တွင် ဤအရာမျိုးအပေါ် အတွေ့အကြုံနှင့် အသိအမြင်ရှိသောသူများနှင့် မိတ်သဟာယဖွဲ့ရမည်။ ဤပန်းတိုင်အတွက် ကြိုးစားရမည်။ မည်သို့ကြိုးစားသင့်သနည်း။ သင်က ထိုင်ကြည့်ပြီး စောင့်ဆိုင်းနေရုံမျှသာဆိုလျှင် ကြိုးစားခြင်းမဟုတ်ပေ။ သင်သည် လက်တွေ့လုပ်ဆောင်ရမည်။ အားထည့်ရမည်။ တစ်ချိန်တည်းတွင် ဒုက္ခကို ကြံ့ကြံ့ခံရန် စိတ်ပြတ်သားမှုနှင့် တောင့်တသည့် စိတ်နှလုံးကို ထားရှိရမည်။ ထို့နောက်တွင် ဤအရာအတွက် ဆုတောင်းပြီး ဘုရားသခင်အား အလုပ်လုပ်ရန် တောင်းလျှောက်ရမည်။ ဘုရားသခင်က အလုပ်လုပ်ခြင်းမရှိလျှင် လူတို့၌ စိတ်ပြင်းပြမှုမည်မျှရှိပါစေ အချည်းနှီးဖြစ်လိမ့်မည်။ ဘုရားသခင်က မည်သို့ အလုပ်လုပ်မည်နည်း။ ဘုရားသခင်သည် သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သင့်လျော်သည့်အတိုင်း ပတ်ဝန်းကျင်များကို စတင်စီစဉ်ညွှန်ကြားပြီး စီစဉ်လိမ့်မည်။ သင်သည် သင်၏ ယုံကြည်ခြင်းတွင် မည်သည့်ပန်းတိုင်ကို ရရှိလိုသည်၊ သင့်တွင် မည်သို့သော စိတ်ဆုံးဖြတ်ချက်မျိုးရှိသည်ဆိုသည်ကို ဘုရားသခင်အား ပြောပြရမည်။ သင်သည် ဤအရာအတွက် ဘုရားသခင်ထံ ဆုတောင်းပြီး အသနားခံခဲ့ဖူးသလော။ သင်သည် ဘုရားသခင်ထံ မည်မျှကြာရှည်စွာဆုတောင်းပြီး အသနားခံခဲ့သနည်း။ သင်သည် တစ်ခါတစ်ရံသာ အနည်းငယ်မျှ ဆုတောင်းလျှင်၊ ဘုရားသခင်က အလုပ်လုပ်ခြင်းမရှိသည်ကို သင် မြင်သောအခါ သင်က “ရှိပါစေတော့။ ထားလိုက်တော့မည်။ ဖြစ်ချင်သည့်အရာ ဖြစ်စေတော့။ အလိုက်သင့်သာ နေလိုက်မည်။ ငါ့အပေါ် မည်သည့်အရာကျရောက်သည်ကို ဂရုမစိုက်” ဟု စဉ်းစားသောအခါတွင် ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ ပြီးလျှင် သင်သည် ရိုးသားစစ်မှန်ခြင်းမရှိပေ။ သင့်တွင် ရှိသမျှမှာ နှစ်မိနစ်မျှစိတ်အားထက်သန်ခြင်းဖြစ်သည်ဆိုလျှင် ဘုရားသခင်က သင့်အတွက် အရေးယူဆောင်ရွက်ပြီး၊ သင့်အတွက် ပတ်ဝန်းကျင်များကို ကူညီစီစဉ်ပေးနိုင်သလော။ ဘုရားသခင်က ဤသို့ လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်က သင်၏ ရိုးသားစစ်မှန်မှုကို မြင်လိုသည်။ သင်၏ ရိုးသားစစ်မှန်မှုနှင့် ဇွဲလုံ့လက မည်မျှ ထိန်းထားနိုင်မည်ကို မြင်လိုသည်။ သင်၏ စိတ်နှလုံးက စစ်မှန်သလော၊ မစစ်မှန်သလောဆိုသည်ကို မြင်လိုသည်။ ဘုရားသခင်က စောင့်ဆိုင်းလိမ့်မည်။ သင်၏ ဆုတောင်းချက်များနှင့် အသနားခံချက်များကို သူ ကြားသည်။ သူ့အား သင် ဖွင့်ပြောသည့် ဆုံးဖြတ်ချက်နှင့် ဆန္ဒများကို သူ ကြားသည်။ သို့သော် ဒုက္ခခံရန် သင်၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို သူ မမြင်ရမချင်း သူသည် အရေးယူဆောင်ရွက်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်အား ဆုတောင်းပြီးနောက်တွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပဲ ပျောက်သွားလျှင် ဘုရားသခင်က ဤအခြေအနေများအောက်တွင် အရေးယူဆောင်ရွက်မည်လော။ မဆောင်ရွက်မည်မှာ အသေချာဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်အားပို၍ ဆုတောင်းပြီး အသနားခံရမည်။ ဤအရာအပေါ်တွင် အားထည့်ပြီး တွေးတောရမည်။ ထို့နောက်တွင် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ပတ်ဝန်းကျင်များကို အသေးစိတ် မြည်းစမ်းကြည့်ရမည်။ ထိုပတ်ဝန်းကျင်များသည် သင့်အပေါ်သို့ အနည်းငယ်ချင်းဖြင့် ကျရောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က စတင် အရေးယူဆောင်ရွက်လိမ့်မည်။ သင့်တွင် စစ်မှန်သော စိတ်နှလုံးမရှိလျှင် ဤအရာသည် အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်က “ယောဘကို ငါ အလွန်လေးစားအားကျသည်။ ပေတရုကို အလွန်လေးစားအားကျသည်” ဟု ဆိုနိုင်သည်။ သို့သော် သင်၏ လေးစားအားကျမှုက အဘယ်ကောင်းကျိုးရှိသနည်း။ သင်သည် ၎င်းတို့ကို သင်နှစ်သက်သလို လေးစားအားကျနိုင်သည်။ သို့သော် သင်သည် ၎င်းတို့ကဲ့သို့မဟုတ်ပေ။ သင်၏ လေးစားမှုအားလုံးကြောင့် ဘုရားသခင်က ၎င်းတို့အပေါ် သူလုပ်ဆောင်ခဲ့သည့်အတိုင်း တူညီသောအမှုကို သင့်အပေါ်တွင် လုပ်ဆောင်မည်မဟုတ်ပေ။ သင်က ၎င်းတို့နှင့် တူညီသော လူစားမျိုး မဟုတ်သောကြောင့်ဖြစ်သည်။ သင်သည် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကိုဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝကိုဖြစ်စေ၊ သမ္မာတရားကို တောင့်တပြီး လိုက်စားသည့် ၎င်းတို့၏ စိတ်နှလုံးတို့ကိုဖြစ်စေ မပိုင်ဆိုင်ပေ။ ဤအရာများကို သင်ပိုင်ဆိုင်သည့်အခါမှသာ ဘုရားသခင်က သင့်အား ပို၍ ပေးအပ်လိမ့်မည်။

သင်တို့သည် ယခုတွင် သမ္မာတရားကို လိုက်စားရန်၊ သမ္မာတရားကို ရရှိရန်၊ ကယ်တင်ခြင်းရရှိပြီး ဘုရားသခင်၏ စုံလင်ခြင်းကို ခံရရန် စိတ်ပိုင်းဖြတ်ချက်ရှိသလော။ (ရှိသည်။) သင်၏ စိတ်ပိုင်းဖြတ်ချက်က မည်မျှ ကြီးမားသနည်း။ ထိုစိတ်ပိုင်းဖြတ်ချက်ကို မည်မျှကြာရှည်စွာ ထိန်းသိမ်းထားနိုင်သနည်း။ (ကျွန်ုပ်သည် ကောင်းသောအခြေအနေတွင် ရှိနေသောအခါ စိတ်ပိုင်းဖြတ်ချက်ရှိသည်။ သို့သော် ကျွန်ုပ်၏ အယူအဆများ၊ သို့မဟုတ် ကျွန်ုပ်၏ ဇာတိပကတိ အကျိုးစီးပွားများနှင့် မကိုက်ညီသည့် အရာများကို ကြုံရသောအခါ၊ သို့မဟုတ် စစ်ဆေးခြင်းအချို့ကို ကြုံရသောအခါ၊ သို့မဟုတ် အခက်အခဲအချို့ရှိသောအခါ အပျက်သဘောဆောင်သော အခြေအနေတွင် ပိတ်မိနေပြီး အစပိုင်းတွင် ကျွန်ုပ်၌ရှိခဲ့သော ယုံကြည်ခြင်းနှင့် စိတ်ပိုင်းဖြတ်ချက်တို့ တဖြည်းဖြည်း စတင်ပျောက်ကွယ်သွားသည်။) ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် အားနည်းလွန်း၏။ မည်သည့်အခြေအနေများကို သင်ကြုံရသည်ဖြစ်စေ ထိုအခြေအနေများက သင်၏ စိတ်ပိုင်းဖြတ်ချက်ကို မပြောင်းလဲနိုင်သည့် အဆင့်သို့ သင်ရောက်ရှိရမည်။ ထိုအခါမှသာ သင်သည် သမ္မာတရားကို အမှန်တကယ် ချစ်ပြီး လိုက်စားသည့်သူတစ်ယောက် ဖြစ်လိမ့်မည်။ တစ်စုံတစ်ခုက သင့်အပေါ်သို့ ကျရောက်ပြီး သင်သည် အခက်အခဲ အနည်းငယ် ကြုံရသောအခါ နောက်ဆုတ်လျှင်၊ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျလျှင်၊ သင်၏ စိတ်ပိုင်းဖြတ်ချက်ကို လက်လွှတ်လျှင် ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် မိမိ၏ အသက်ကို စွန့်စားပြီး “မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ငါသေလျှင်ပင် သမ္မာတရားကို၊ သို့မဟုတ် သမ္မာတရားအား လိုက်စားရန် ငါ၏ ပန်းတိုင်ကို စွန့်ပစ်မည်မဟုတ်” ဟု ပြောသောသူ၏ ခွန်အားမျိုးရှိရမည်။ ဤသို့ဆိုလျှင် မည်သည့်အရာကမျှ သင့်အား တားဆီးနိုင်မည်မဟုတ်ပေ။ သင်သည် အမှန်ပင် အခက်အခဲများကို ကြုံရလျှင်၊ သင်သည် ထွက်ပေါက်မရှိသည့်နေရာသို့ တွန်းပို့ခံရလျှင် ဘုရားသခင်က အရေးယူဆောင်ရွက်လိမ့်မည်။ ထို့အပြင် သင့်ထံတွင် ဤနားလည်မှုရှိရမည်။ “ငါသည် မည်သည့်အရာကို ကြုံရပါစေ ထိုအရာများအားလုံးသည် သမ္မာတရားအား လိုက်စားရာ၌ ငါသင်ယူရမည့် သင်ခန်းစာများဖြစ်သည်။ ထိုအရာများကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ငါသည် အားနည်းနိုင်သည်။ သို့သော် အပျက်သဘောမဆောင်ပေ။ ဤသင်ခန်းစာများကို သင်ယူရန် အခွင့်အရေးကို ငါ့အားပေးသည့်အတွက် ဘုရားသခင်အား ငါ ကျေးဇူးတင်သည်။ ငါ့အတွက် ဤအခြေအနေကို ပြင်ဆင်ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ဘုရားသခင်နောက်သို့လိုက်ပြီး သမ္မာတရားကို ရရှိရန် ငါ၏ စိတ်ပိုင်းဖြတ်ချက်ကို လက်လွှတ်၍ မဖြစ်ပါ။ ငါသည် လက်လျှော့လျှင်၊ ရှုံးနိမ့်ကြောင်းကို စာတန်အား ဝန်ခံခြင်း၊ မိမိကိုယ်ကို ဖျက်ဆီးပြီး ဘုရားသခင်အား သစ္စာဖောက်ခြင်းနှင့် အလားတူပင်ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင့်တွင်ရှိရမည့် စိတ်ပိုင်းဖြတ်ချက်မျိုးဖြစ်သည်။ မည်သည့်အသေးအဖွဲကိစ္စများကို သင် ကြုံရပါစေ ၎င်းတို့အားလုံးသည် သင်၏ အသက်တာဖွံ့ဖြိုးတိုးတက်မှုတွင် ဖြစ်ရပ်ငယ်များဖြစ်သည်။ ထိုအရာများကို သင်၏ တိုးတက်မှုဦးတည်ချက်အား ပိတ်ဆို့ခွင့် မပြုရပေ။ အခက်အခဲများနှင့် သင် ကြုံတွေ့ရသောအခါ သင်သည် ရှာဖွေပြီး စောင့်ဆိုင်းနိုင်သည်။ သို့သော် သင်၏ တိုးတက်မှု ဦးတည်ချက်သည် မပြောင်းလဲရပေ။ ဤသည်မှာ မမှန်ကန်သလော။ (မှန်သည်။) အခြားလူများက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ဘုရားသခင်က သင့်အား မည်သို့ဆက်ဆံသည်ဖြစ်စေ သင်၏ စိတ်ပိုင်းဖြတ်ချက်သည် မပြောင်းလဲရပေ။ ဘုရားသခင်က “သင်သည် သမ္မာတရားကို လုံးဝ လက်မခံပါ။ ငါသည် သင့်အား ရွံ့မုန်းသည်” ဟုဆိုပြီး သင်က “ဘုရားသခင် ငါ့ကို ရွံ့မုန်းသည်။ ဤသို့ဆိုလျှင် ငါ၏ ဘဝသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ငါသည် သေပြီး ထိုအတိုင်းပြီးဆုံးလိုက်သည်က ကောင်းသည်” ဟု ဆိုလျှင် သင်သည် ဘုရားသခင်ကို နားလည်မှုလွဲခြင်း ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား ရွံ့မုန်းသည်မှာ မှန်သည်။ သို့သော် သင်က ဆက်လက်ကြိုးစားသင့်သည်။ သမ္မာတရားကို လက်ခံသင့်ပြီး၊ သင်၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသို့ဆိုလျှင် သင်သည် အချည်းနှီးလူမဖြစ်ဘဲ ဘုရားသခင်က သင့်အား ပစ်ပယ်မည် မဟုတ်ပေ။ ယခုအချိန်တွင် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ပြီး ဘုရားသခင်က သင်တို့အား စမ်းသပ်ရန် လိုအပ်သည့်စံနှုန်းများကို သင်တို့ မရရှိသေးပေ။ သင်တို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ ဆုတောင်းရမည်။ “ဘုရားသခင် ကိုယ်တော်၏ အလိုတော်ကို နားလည်စေရန်အတွက်၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ရန် ယုံကြည်ခြင်းနှင့် ဇွဲလုံ့လရှိစေရန်အတွက်၊ ဤသို့ဖြင့် ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ရန်အတွက် ကျွန်ုပ်အား လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြတော်မူပါ။ ကျွန်ုပ်သည် အားနည်းပြီး ဝိညာဉ်ရင့်ကျက်မှုက မရင့်ကျက်သေးသော်လည်း ကိုယ်တော့်နောက်သို့ အဆုံးထိလိုက်နိုင်ရန်အတွက် ကျွန်ုပ်အားခွန်အားပေးပြီး ကာကွယ်ရန် တောင်းလျှောက်ပါသည်” ဟူ၍ ဖြစ်သည်။ သင်သည် ဆုတောင်းရန်အတွက် ဘုရားရှေ့သို့ မကြာခဏလာရမည်။ အခြားလူများသည် လောကီအရာများကို မက်မောနိုင်သည်။ ၎င်းတို့၏ ဇာတိပကတိကို အလိုလိုက်ပြီး လောကီရေပန်းစားသော အရာများနောက်သို့ လိုက်နိုင်သည်။ သို့သော် သင်သည် ၎င်းတို့နောက်သို့ မလိုက်ရပေ။ သင်၏ ကိုယ်ပိုင်တာဝန်အား ထမ်းဆောင်ခြင်းကိုသာ အာရုံစိုက်ရမည်။ အခြားလူများက အပျက်သဘောဆောင်ပြီး ၎င်းတို့၏ တာဝန်များကို မထမ်းဆောင်သောအခါ သင်က စိတ်ကျဉ်းကျပ်ခြင်းမရှိရပေ။ ၎င်းတို့ကို ကူညီရန် သမ္မာတရားကို ရှာဖွေသင့်သည်။ အခြားလူများက သက်သာမှုတွင် ပျော်မွေ့သောအခါ သင်က ၎င်းတို့ကို အားမကျရပေ။ သင်သည် ဘုရားသခင်ရှေ့တွင် အသက်ရှင်ရန် အလေးထားရမည်။ အခြားလူများက ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို လိုက်စားသောအခါ သင်သည် ၎င်းတို့အတွက် ဆုတောင်းပြီး ကူညီပေးသင့်သည်။ ဘုရားသခင်ရှေ့တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေပြီး ဤအရာများကို သင့်အား လွှမ်းမိုးခွင့်မပြုရပေ။ သင့်အနီးတွင် မည်သည့်အရာဖြစ်ပျက်ပါစေ သင်သည် အရာအားလုံးနှင့်ပတ်သက်ပြီး ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ သမ္မာတရားကို အစဉ် ရှာဖွေသင့်သည်။ သင့်ကိုယ်သင် ချုပ်တည်းသင့်သည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေခြင်းဖြစ်ကြောင်း သေချာအောင်လုပ်ရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသင့်သည်။ ဘုရားသခင်က လူတို့အား အချိန်ပြည့်စိစစ်နေသည်။ သန့်ရှင်းသောဝိညာဉ်တော်က ဤလူအမျိုးအစားများတွင် အလုပ်လုပ်သည်။ ဘုရားသခင်က လူတစ်ယောက်၏ စိတ်နှလုံးကို မည်သို့ စိစစ်သနည်း။ သူသည် သူ၏ မျက်လုံးဖြင့် ကြည့်ရုံသာမကဘဲ သင့်အတွက် ပတ်ဝန်းကျင်များကို ပြင်ဆင်ပြီး သင်၏ စိတ်နှလုံးအား သူ၏ လက်ဖြင့် တို့ထိသည်။ ဤအရာကို ငါ အဘယ်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်သောအခါ ထိုပတ်ဝန်းကျင်ကို သင် မကျေမနပ်ဖြစ်သလော၊ မုန်းတီးသလော၊ သို့မဟုတ် နှစ်သက်ပြီး နာခံသလော၊ သင်သည် မလှုပ်မယှက်ဖြင့် စောင့်ဆိုင်းသလော၊ သမ္မာတရားအား တက်ကြွစွာ ရှာဖွေသလောဆိုသည်တို့ကို ဘုရားသခင် မြင်သောကြောင့် ဖြစ်သည်။ သင်၏ စိတ်နှလုံးနှင့်အတွေးများက မည်သို့ပြောင်းလဲသည်၊ မည်သည့်ဘက်သို့ ဦးတည်ပြီး ကြီးထွားလာသည်ဆိုသည်ကို ဘုရားသခင်က စောင့်ကြည့်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသော အခြေအနေသည် တစ်ခါတစ်ရံတွင် အပြုသဘောဆောင်ပြီး တစ်ခါတစ်ရံတွင် အပျက်သဘောဆောင်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်လျှင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ဘုရားသခင်ထံမှနေ၍ လက်ခံနိုင်လိမ့်မည်။ ပြီးလျှင် သင်သည် ထိုအရာများကို မှန်ကန်စွာ ချဉ်းကပ်နိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ချင့်ချိန်စဉ်းစားခြင်းမှတစ်ဆင့် သင်၏ အတွေးများ၊ အယူအဆများအားလုံး၊ သင်၏ ထင်မြင်ချက်များအားလုံး၊ သင်၏ စိတ်ခံစားချက်များအားလုံးသည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ပြောင်းလဲလိမ့်မည်။ သင်သည် ဤအရာနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ သိလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို စိစစ်ခြင်းလည်း ပြုလုပ်လိမ့်မည်။ သင်သည် မည်သူ့ကိုမျှ ပြောရသေးမည်မဟုတ်သော်လည်း၊ ဆုတောင်းပြီးမည်မဟုတ်သော်လည်း၊ သင်၏ စိတ်နှလုံးနှင့် သင်၏ ကိုယ်ပိုင် ကမ္ဘာအတွင်း၌သာ ဤအရာကို စဉ်းစားလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်၏ အမြင်တွင် ယင်းသည် အလွန်ပင် ရှင်းလင်းပြီးဖြစ်လိမ့်မည်။ သူ့အတွက် သိသာနေလိမ့်မည်။ လူတို့က သင့်အား ၎င်းတို့၏ မျက်လုံးဖြင့် ကြည့်သည်။ သို့သော် ဘုရားသခင်က သင်၏ စိတ်နှလုံးကို သူ၏ လက်ဖြင့် တို့ထိသည်။ ဤသည်မှာ သူသည် သင်နှင့် မည်မျှနီးစပ်သည်ဆိုသည့်အရာပင်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စိစစ်မှုကို ခံစားရနိုင်လျှင် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေခြင်းဖြစ်သည်။ သင်သည် သူ၏ စိစစ်မှုကို လုံးဝ မခံစားရနိုင်လျှင် သင်၏ကိုယ်ပိုင်ကမ္ဘာထဲတွင် သင် အသက်ရှင်နေခြင်းဖြစ်သည်။ သင်၏ကိုယ်ပိုင်ခံစားချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင် အသက်ရှင်နေခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်လျှင် သင်နှင့် ဘုရားသခင်ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခုရှိပြီး ဘုရားသခင်နှင့် သင် အလှမ်းဝေးသည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်သို့မျှ ထည့်စဉ်းစားခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိစစ်မှုကို လက်မခံလျှင် ဘုရားသခင်က ဤအရာအားလုံးကို သိမြင်လိမ့်မည်။ ဤအရာကို သိမြင်ရန် သူ့အတွက် အလွန်လွယ်ကူလိမ့်မည်။ ထို့ကြောင့် သင်သည် စိတ်ပိုင်းဖြတ်ချက်နှင့် ပန်းတိုင်တစ်ခုရှိသောအခါတွင်လည်းကောင်း၊ ဘုရားသခင်က စုံလင်ပေးခြင်းကို သင် ခံယူလိုစိတ်ရှိသောအခါတွင်လည်းကောင်း၊ ဘုရားအလိုတော်ကို လိုက်လျှောက်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သောသူတစ်ယောက် ဖြစ်လိုစိတ်ရှိသောအခါတွင်လည်းကောင်း၊ သင့်တွင် ဤစိတ်ပိုင်းဖြတ်ချက်ရှိသောအခါတွင်၊ ဤအရာများအတွက် မကြာခဏဆုတောင်းပြီး အသနားခံနိုင်သောအခါတွင်လည်းကောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်ပြီး၊ ဘုရားသခင်ထံမှ သင့်ကိုယ်သင် လုံးဝ မဝေးကွာစေသောအခါတွင်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်ကို မစွန့်ခွာသောအခါတွင်လည်းကောင်း သင်သည် ဤအရာများကို ရှင်းလင်းစွာ သိသည်။ ဘုရားသခင်သည်လည်း သိသည်။ လူအချို့က “ငါသည် ဤအရာနှင့်ပတ်သက်ပြီး မိမိဘာသာ ရှင်းလင်းသည်။ သို့သော် ဘုရားသခင်က သိသလော၊ မသိသလော” ဟု ဆိုကြသည်။ ဤမေးခွန်းမှာ မခိုင်လုံပေ။ သင်သည် ဤသို့ပြောလျှင် သင်သည် ဘုရားသခင်နှင့် လုံးဝ ဆက်သွယ်ပြောဆိုခြင်းမရှိ၊ သင်နှင့် ဘုရားသခင်ကြားတွင် ဆက်နွှယ်မှု လုံးဝ မရှိဆိုသည်ကို သက်သေပြသည်။ သင်နှင့် ဘုရားသခင်ကြားတွင် ဆက်နွှယ်မှုမရှိဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ သင်သည် ဘုရားရှေ့တွင် အသက်မရှင်ခဲ့သောကြောင့် သူသည် သင်နှင့်အတူရှိသည်၊ မရှိသည်ကိုလည်းကောင်း၊ သူသည် သင့်အား လမ်းပြခြင်းရှိမရှိကိုလည်းကောင်း၊ သင့်အား ကာကွယ်ခြင်းရှိမရှိကိုလည်းကောင်း၊ သင်သည် မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်သောအခါ သူသည် သင့်အား အပြစ်တင်ခြင်းရှိမရှိကိုလည်းကောင်း သင် မခံစားမိနိုင်ပေ။ သင်သည် ဤအရာများကို မခံစားမိလျှင် ဘုရားရှေ့တွင် အသက်မရှင်နိုင်ပေ။ သင်သည် ဤအရာကို စိတ်ကူးထင်မြင်နေပြီး သင့်ကိုယ်သင် ပျော်မွေ့နေခြင်းသာဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်ကမ္ဘာထဲတွင် အသက်ရှင်ခြင်းဖြစ်ပြီး ဘုရားရှေ့တွင် အသက်ရှင်ခြင်း မဟုတ်ပေ။ သင်နှင့် ဘုရားကြားတွင် ဆက်နွှယ်မှု လုံးဝ မရှိပေ။

လူတို့သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို မည်သို့ ထိန်းသိမ်းနိုင်သနည်း။ ယင်းကို ထိန်းသိမ်းခြင်းသည် မည်သည့်အရာအပေါ်တွင် မူတည်သနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် အသနားခံခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်နှင့် အပြန်အလှန်ဆက်ဆံခြင်းတို့အပေါ်တွင်မူတည်သည်။ ဤဆက်ဆံရေးမျိုးသည် လူတို့အား ဘုရားသခင်ရှေ့တွင် အစဉ် အသက်ရှင်စေသည်။ ထို့ကြောင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တည်ဆောက်ရန်အတွက် လူတို့သည် ရှေးဦးစွာ ငြိမ်သက်ခြင်းရှိရမည်။ လူအချို့သည် ပြင်ပတွင် အမှုအရာများကို အစဉ်သဖြင့် လုပ်ဆောင်နေကြသည်။ ပြင်ပအရေးကိစ္စများနှင့်သာ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့သည် တစ်ရက်၊ နှစ်ရက်ကြာအထိ ဝိညာဉ်ရေးနှင့်ဆိုင်သောအသက်တာ လုံးဝ မရှိလျှင် ၎င်းတို့က ယင်းကို သတိပြုမိမည်မဟုတ်ပေ။ သုံးရက်၊ လေးရက်အထိ၊ သို့မဟုတ် တစ်လ၊ နှစ်လကြာသည်အထိပင် သတိပြုမိဦးမည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သည် ဆုမတောင်းသောကြောင့်၊ သို့မဟုတ် အသနားမခံသောကြောင့်၊ သို့မဟုတ် ဘုရားသခင်နှင့် မိတ်သဟာယမပြုသောကြောင့် ဖြစ်သည်။ အသနားခံခြင်းဆိုသည်မှာ သင့်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး သင်သည် ဘုရားသခင်အား သင့်ကို ကူညီစေလိုသောအခါတွင်လည်းကောင်း၊ သင့်အား လမ်းပြစေလိုပြီး သင့်အတွက် ထောက်ပံ့ပေးစေလိုသောအခါတွင်လည်းကောင်း၊ သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး သူ၏ ရည်ရွယ်ချက်ကို နားလည်စေရန်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သိရန်၊ သမ္မာတရားစည်မျဉ်းများက မည်သည့်အရာများဖြစ်သည်ကို နားလည်ရန်၊ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိရန် လုပ်ဆောင်ပေးစေလိုသောအခါတွင်လည်းကောင်းဖြစ်သည်။ ဤသည်မှာ ဘုရားရည်ရွယ်ချက်နှင့်ညီသော အသနားခံခြင်းမျိုးဖြစ်သည်။ ဆုတောင်းခြင်းတွင် အတော်အတန် ကျယ်ပြန့်သော အတိုင်းအတာထိ ပါဝင်သည်။ တစ်ခါတစ်ရံတွင် သင်၏ စိတ်နှလုံးတွင်ရှိသော အရာများကို သင်ပြောဆိုနိုင်သည်။ အခက်အခဲများ ကြုံရသောအခါ၊ သို့မဟုတ် အပျက်သဘောဆောင်ပြီး အားနည်းသောအခါ သင်၏ စိတ်နှလုံးထဲမှနေ၍ ဤအရာများကို ဘုရားသခင်အား ပြောဆိုနိုင်သည်။ သင်သည် ပုန်ကန်နေသောအခါတွင်လည်း ဘုရားသခင်ထံ ရံဖန်ရံခါ ဆုတောင်းနိုင်သည်၊ သို့မဟုတ် သင့်အပေါ်သို့ နေ့စဉ် ကျရောက်သော အမှုအရာများအကြောင်းကို ဘုရားသခင်အား ပြောဆိုနိုင်သည်။ သင်သိမြင်နိုင်သောအရာ၊ မသိမြင်နိုင်သောအရာနှစ်ခုလုံးကို ပြောဆိုနိုင်သည်။ ဤအရာကို ဆုတောင်းခြင်းဟု ခေါ်သည်။ ဆုတောင်းခြင်းဆိုသည်မှာ သင်၏ စိတ်နှလုံးတွင်ရှိသောအရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သို့မဟုတ် ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆုတောင်းခြင်းကို သတ်မှတ်ထားသော အချိန်တွင် လုပ်ဆောင်သည်။ တစ်ခါတစ်ရံတွင် အချိန်သတ်မှတ်ခြင်းမရှိပေ။ သင်သည် အချိန်မရွေး၊ နေရာမရွေး ဆုတောင်းနိုင်သည်။ စိတ်ဝိညာဉ်ဖြင့် မိတ်သဟာယပြုခြင်းသည် သီးသန့်ပုံစံတစ်ခုခုမရှိပေ။ သင့်အား စိတ်အနှောင့်အယှက်ဖြစ်စေသည့် အရာတစ်ခုရှိနိုင်သည်၊ သို့မဟုတ် မရှိနိုင်ပေ။ သင့်တွင် ပြောဆိုသည့်အရာတစ်ခုခုရှိနိုင်သည်၊ သို့မဟုတ် မရှိနိုင်ပေ။ တစ်စုံတစ်ခုက သင့်အား စိတ်အနှောင့်အယှက်ဖြစ်နေစေလျှင် ထိုအကြောင်းကို ဘုရားသခင်အား ပြောပြီး ဆုတောင်းသင့်သည်။ သာမန်အားဖြင့် သင်သည် ဘုရားသခင်က လူသားအား မည်သို့ချစ်သည်၊ လူသားအား မည်သို့ စိတ်ပူသည်၊ သူသည် လူသားကို အဘယ်ကြောင့် ပြုပြင်သည်၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်းက အမှန်တကယ် မည်သည့်အရာကို ဆိုလိုသည် စသည်ကဲ့သို့သော မေးခွန်းများကို ချင့်ချိန်စဉ်းစားရန် ကြိုးစားသင့်သည်။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုပြီး ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ ရှာဖွေသင့်သည်။ ဤသည်မှာ စိတ်ဝိညာဉ်ဖြင့် မိတ်သဟာယပြုခြင်းဖြစ်သည်၊ သို့မဟုတ် အတိုချုပ်အနေဖြင့် “ဝိညာဉ်မိတ်သဟာယ” ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် လမ်းပေါ်တွင်ရှိနေစဉ် သင့်အား အလွန်စိတ်မချမ်းမသာဖြစ်စေသည့် အရာတစ်ခုကို တွေးမိနိုင်သည်။ သင်သည် ဒူးထောက်ရန်၊ သို့မဟုတ် မျက်လုံးမှိတ်ရန် မလိုပေ။ သင်၏ စိတ်နှလုံးတွင်သာ ဘုရားသခင်ကို ပြောဆိုနိုင်သည်။ “ဘုရားသခင် ဤအရာသည် ကျွန်ုပ်အပေါ်သို့ ကျရောက်ပြီး ဤအရာကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သောနည်းလမ်းကို ကျွန်ုပ်မသိပါ။ ထို့ကြောင့် ဤအမှုကိစ္စတွင် ကိုယ်တော်၏ လမ်းပြမှုကို တောင်းခံပါသည်” ဟူ၍ ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် လှုပ်ရှားမှုတစ်ခုကို သင်ခံစားရသောအခါ၊ ထိုအရာနှင့်ပတ်သက်၍ ဘုရားသခင်အား စိတ်နှလုံးအတွင်းမှလာသော စကားအနည်းငယ်ကို ပြောဆိုသောအခါတွင် ဘုရားသခင်က သိလိမ့်မည်။ တစ်ခါတစ်ရံတွင် သင်သည် အိမ်လွမ်းခြင်းကို ခံစားရနိုင်ပြီး “ဘုရားသခင်၊ ကျွန်ုပ်သည် အိမ်ကို အရမ်းလွမ်းမိပါသည်” ဟု ပြောသည်။ သင်သည် မည်သူ့ကိုလွမ်းနေသည်ဟု အသေးစိတ်မပြောပေ။ သင်သည် ဝမ်းနည်းပြီး ဤအကြောင်းကို ဘုရားသခင်အား ပြောပြခြင်းသာဖြစ်သည်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး သင်၏ စိတ်နှလုံးတွင်ရှိသည့်အရာကို ပြောမှသာ သင်၏ ပြဿနာများကို ဖြေရှင်း၍ရနိုင်သည်။ အခြားလူတစ်ယောက်ကို ပြောခြင်းအားဖြင့် သင်၏ ပြဿနာများကို ဖြေရှင်းနိုင်သလော။ သမ္မာတရားကို နားလည်သူတစ်ယောက်နှင့်တွေ့လျှင် အလွန်ဆိုးရွားမည်မဟုတ်ပေ။ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်မည်သာမက သင်သည် ထိုအရာမှ အကျိုးအမြတ်ရရှိလိမ့်မည်။ သို့သော် သမ္မာတရားကို နားမလည်သူတစ်ယောက်နှင့် သင်တွေ့လျှင် သင်၏ ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ပြဿနာများက ထိုသူအပေါ်သို့လည်း သက်ရောက်နိုင်သည်။ သင်သည် ဘုရားသခင်ကို စကားပြောပါက၊ ဘုရားသခင်က သင့်ကို နှစ်သိမ့်လိမ့်မည်၊ ပြီးလျှင် သင့်ကို တို့ထိလိမ့်မည်။ သင်သည် ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေနိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက် ချင့်ချိန်စဉ်းစားပြီး ဆုတောင်းနိုင်လျှင် သမ္မာတရားကို နားလည်ပြီး သင့်ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက သင့်အခက်အခဲများကို ကျော်လွှားရန် လမ်းကြောင်းတစ်ခုကို ရှာတွေ့ဖို့ သင့်အား ကူညီပေးလိမ့်မည်။ ပြီးလျှင် သင်သည် ဤသေးငယ်သော အကျပ်အတည်းကို ဖြတ်ကျော်သောအခါ ခလုတ်တိုက် လဲကျမည်မဟုတ်။ ယင်းသည် သင့်အား ချုပ်ချယ်မည်မဟုတ်သကဲ့သို့ သင်၏ တာဝန်ထမ်းဆောင်ခြင်းကိုလည်း လွှမ်းမိုးမည်မဟုတ်ပေ။ သင်သည် ရုတ်ချည်း စိတ်ဓာတ်ကျဆင်းပြီး အနည်းငယ် မှောင်မိုက်သောအချိန်များ ရှိလိမ့်မည်။ ဤသို့ ဖြစ်ပျက်သောအခါ သင်သည် ဘုရားသခင်ကို ချက်ချင်း ဆုတောင်းသင့်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်သင့်သည်။ ဆိုလိုသည်မှာ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်အား သင်၏ စိတ်နှလုံးထဲ၌ရှိသောအရာကို ပြောဆိုပြီး ရင်ဖွင့်ခြင်းဖြစ်သည်။ ဤသို့ဖြင့် သင်၏ စိတ်အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်။ သင့်တွင် ယုံကြည်ခြင်းရှိရမည်။ “ဘုရားသခင်သည် ငါ့နံဘေးတွင် အချိန်တိုင်းရှိသည်။ ငါ့ထံမှ မည်သည့်အခါမျှ ထွက်ခွာမသွားပေ။ ဤအရာကို ငါ ခံစားရနိုင်သည်။ ငါသည် မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ စုဝေးပွဲတစ်ခုတွင်ရှိသည်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ ဘုရားသခင်သည် ငါ့လက်ကိုဆွဲ၍ ဦးဆောင်နေသည်ကို၊ ငါ့ထံမှ မည်သည့်အခါမျှ မထွက်ခွာသည်ကို ငါ၏စိတ်နှလုံးထဲ၌ ငါသိသည်” ဟူ၍ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် နှစ်ကာလများတစ်လျှောက်တွင် နေ့စဉ် ဤသို့ကုန်ဆုံးခဲ့ပုံကို ပြန်အမှတ်ရသောအခါ သင်၏ ဝိညာဉ်ရင့်ကျက်မှုက ကြီးထွားလာသည်ကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား လမ်းပြပေးနေသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်ခြင်းက သင့်အား အစဉ်သဖြင့် ကာကွယ်ပေးနေသည်ကိုလည်းကောင်း ခံစားရလိမ့်မည်။ သင်သည် ဤအရာများကို စဉ်းစားလျက်ဖြင့် သင်၏ စိတ်နှလုံးတွင် ဆုတောင်းပြီး “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် အလွန်အမင်း အားနည်း၊ တွန့်ဆုတ်ပြီး အလွန် အကြီးအကျယ် ဖောက်ပြန်ပျက်စီးပါသည်။ ကိုယ်တော်က ဤသို့လမ်းပြခြင်းမရှိလျှင် ကျွန်ုပ်သည် မိမိဘာသာ ယနေ့အထိ ရောက်ရှိလာနိုင်ဖို့ မဖြစ်နိုင်ပါ” ဟူ၍ ဘုရားသခင်အား ကျေးဇူးတင်လိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရေးရာ မိတ်သဟာယ မဟုတ်လော။ လူတို့သည် ဤနည်းဖြင့် ဘုရားသခင်နှင့် မကြာခဏ မိတ်သဟာယဖွဲ့နိုင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ပြောစရာ များစွာရှိလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ပြောစရာတစ်ခုမျှ မရှိဘဲ၊ ၎င်းတို့သည် ရက်များစွာ အသက်ရှင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်ပြောစရာ တစ်ခုမျှ မရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် မရှိပေ။ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိပြီး သင်သည် ဘုရားသခင်အား ယုံကြည်ပါက၊ သင်သည် သင်၏လူယုံတော်များကို ပြောမည့် ထိုအမှုအရာများ အပါအဝင်၊ သင်၏စိတ်နှလုံးထဲမှ စကားများအားလုံးကို သူ့အား ပြောနိုင်ပေလိမ့်မည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အနီးစပ်ဆုံး လူယုံတော် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ အနီးစပ်ဆုံး လူယုံတော်အဖြစ်၊ သင်အမှီခိုဆုံးသော မိသားစုအဖြစ်၊ မှီခို၍ အရနိုင်ဆုံး၊ အယုံကြည်ထိုက်ဆုံး၊ သင်နှင့် အရင်းနှီးဆုံးဟု သင်မြင်သော မိသားစုအဖြစ်ဆက်ဆံလျှင် သင်၌ ဘုရားသခင်ကို ပြောစရာစကား တစ်ခုမျှ မရှိသည်မှာ မဖြစ်နိုင်ပေ။ သင်၌ ဘုရားသခင်ကို ပြောစရာတစ်စုံတစ်ခု အစဉ်ရှိပါက၊ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အမြဲ အသက်ရှင်မည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အမြဲ အသက်ရှင်နိုင်ပါက၊ ဘုရားသခင်က သင့်ကို မည်သို့ ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြသည်၊ သင့်ကို မည်သို့ စောင့်ရှောက်ပြီး ကွယ်ကာသည်၊ သင့်ထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သူမည်သို့ ဆောင်ကြဉ်းသည်၊ သင့်ကို သူမည်သို့ ကောင်းချီးပေးသည်၊ ပြီးလျှင် သင့်ကို သူ မည်သို့ ပြစ်တင်မောင်းမဲသည်၊ သင့်ကို မည်သို့ ဆုံးမပဲ့ပြင်သည်၊ သင့်ကို မည်သို့ရိုက်နှက်သည်၊ ပြီးလျှင် သင့်ကို မည်သို့ စီရင်ပြီး ပြစ်တင်ဆုံးမသည်တို့ကို အခိုက်အတန့်တိုင်းတွင် သင်ခံစားနိုင်လိမ့်မည်။ ဤအရာအားလုံးသည် သင့်အဖို့ ရှင်းလင်းပြီး သိသာထင်ရှားလိမ့်မည်။ သင်သည် နေ့စဉ် ဖြစ်သလိုသာ လုပ်ဆောင်ပြီး ဘုရားသခင်အား နှုတ်ဖြင့်သာ ယုံကြည်ကာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိလျှင်၊ သင်သည် အပေါ်ယံအဆင့်ဖြင့်သာ တာဝန်ထမ်းဆောင်ပြီး စုဝေးပွဲများကိုတက်လျှင်၊ နေ့စဉ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ဆုတောင်းလျှင်၊ ဤအရာများကို အပေါ်ယံသဘောဖြင့် လုပ်ဆောင်လျှင်၊ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းမဟုတ်ပေ။ သင်လိုက်နာသည့် ဤဘာသာရေးဓလေ့များထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် ဆက်စပ်မှု လုံးဝမရှိပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် နေ့စဉ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သေသေချာချာဖတ်သင့်သည်။ ဤနှုတ်ကပတ်တော်များအတွင်းတွင် ဆုတောင်းပြီး မိတ်သဟာယပြုသင့်သည်။ ၎င်းတို့သည် နေ့စဉ် ဘုရားနှုတ်ကပတ်တော်များထံမှ အလင်းပေးခြင်း အနည်းငယ်ကို ရရှိသင့်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်သင့်သည်။ အထူးသဖြင့် ၎င်းတို့သည် တာဝန်များထမ်းဆောင်စဉ်တွင် စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို ရှာဖွေနိုင်ပြီး အမှုကိစ္စများကို ကိုင်တွယ်နိုင်သင့်သည်။ နေ့စဉ် ဘဝအတွေ့အကြုံကို ရရှိပြီး ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားနိုင်သင့်သည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်သူတစ်ဦးနှင့် ဘုရားသခင်နောက်သို့လိုက်သောသူတစ်ဦး ဖြစ်သည်။

ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် မည်သည့်ပြဿနာက အရေးကြီးဆုံးဖြစ်ပြီး ဖြေရှင်းချက် အလိုအပ်ဆုံးဖြစ်သနည်း။ ဘုရားသခင်နှင့် သင်၏ ပုံမှန်ဆက်ဆံရေး ပြဿနာဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်၏ စိတ်နှလုံးတွင် သူမရှိလျှင်၊ သူနှင့် သင်၏ ဆက်ဆံရေးကို သင်အဆက်ဖြတ်ခဲ့လျှင်၊ ဘုရားသခင်အား သင်၏ အရင်းနှီးဆုံး၊ အယုံကြည်ဆုံး၊ အနီးကပ်ဆုံးမိသားစုဝင်နှင့် ရင်ဖွင့်သူအဖြစ် မဆက်ဆံလျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ အချိန်ကာလတစ်ခုအထိ ငါ၏ စကားများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး သင်တို့၏ အတွင်းပိုင်း အခြေအနေက ပြောင်းလဲခြင်းရှိမရှိကို မြင်အောင် ကြည့်လော့။ ငါ၏ စကားများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေကြောင်း၊ သင့်တွင် ပုံမှန်အနေအထားနှင့် ပုံမှန်အခြေအနေရှိကြောင်းကို သင်သေချာနိုင်သည်။ လူတစ်ယောက်၏ အခြေအနေက ပုံမှန်ဖြစ်သောအခါတွင်လည်းကောင်း၊ သူ၏ ဘဝအတွေ့အကြုံ၏ အဆင့်များအားလုံးတွင် သူ့အပေါ်သို့ ကျရောက်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၊ သိုမဟုတ် မတူညီသောပတ်ဝန်းကျင်များအားလုံး၏ လွှမ်းမိုးမှုကို မခံရသောအခါတွင်လည်းကောင်း၊ သူ၏ တာဝန်ကို ပုံမှန်အဆက်မပြတ် ထမ်းဆောင်နိုင်သောအခါတွင်လည်းကောင်း သူသည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်သောသူဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။