ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း (အပိုင်း တစ်)
သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သမ္မာတရားကို မည်သို့ရှာဖွေပြီး ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရမည်။ သင့်ကို မည်သူက အကြံဉာဏ်ပေးနေသည် ဖြစ်စေ ယင်းမှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီနေလျှင် ယင်းက ကလေးတစ်ဦးထံမှ ဖြစ်လင့်ကစား သင်သည် ယင်းကိုလက်ခံပြီး ယင်းကို ကျိုးနွံနာခံရပေမည်။ လူတစ်ဦးသည် မည်သည့်ပြဿနာ ရှိနေပါစေ သူတို့၏စကားများနှင့် အကြံဉာဏ်က သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝကိုက်ညီနေလျှင် ယင်းတို့ကို သင်လက်ခံသင့်ပြီး ယင်းတို့ကို ကျိုးနွံနာခံသင့်သည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်း၏ ရလဒ်များမှာ ကောင်းမွန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လိမ့်မည်။ အဓိကအချက်မှာ သင်၏ ရည်ရွယ်ချက်များနှင့် အမှုအရာများကို သင်ကိုင်တွယ်သည့် စည်းမျဉ်းနှင့် နည်းစနစ်များကို ကြည့်ဖို့ဖြစ်သည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ စည်းမျဉ်းနှင့် နည်းစနစ်များက လူသား၏အလိုဆန္ဒ၊ လူ့အကြံအစည်များနှင့် အယူအဆများ၊ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များအပေါ် အခြေခံပါက ထိုစည်းမျဉ်းများနှင့် နည်းစနစ်များသည် လက်တွေ့မကျသည့်အပြင် ယင်းတို့က မထိရောက်ဖို့ သေချာပေသည်။ ဤသည်မှာ သင်၏ စည်းမျဉ်းများနှင့် နည်းစနစ်များ၏ အရင်းအမြစ်က မမှန်ကန်ဘဲ၊ သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သင်၏ အမြင်များသည် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံပြီး အမှုအရာများကို သမ္မာတရားစည်းမျဉ်းများအတိုင်း သင်ကိုင်တွယ်ပါက သင်သည် ထိုအရာတို့ကို မှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်မည်မှာ သံသယဖြစ်စရာမလိုပေ။ လတ်တလောတွင် အမှုအရာများအား သင်ကိုင်တွယ်သည့်နည်းလမ်းကို လူအချို့က လက်မခံလျှင်ပင်၊ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ သူတို့၌ အယူအဆများရှိနေလျှင်၊ သို့မဟုတ် ယင်းကို သူတို့အတိုက်အခံလုပ်လျှင် အချိန်အတန်ကြာပြီးနောက် ယင်းသည် အသိအမှတ်ပြုခြင်း ခံရလိမ့်မည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီဖြစ်သော အရာများမှာ အပေါင်းလက္ခဏာဆောင်သော ရလဒ်များကို ပို၍သာ ဖြစ်ထွန်းစေသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် အညီမဟုတ်သော အရာများသည် ထိုအချိန်တွင် လူတို့၏ အယူအဆများနှင့် ကိုက်ညီစေကာမူ အနှုတ်လက္ခဏာဆောင်သော အကျိုးဆက်များဆီသို့ တိုး၍သာ ဦးတည်စေသည်။ လူတို့အားလုံးက ဤအရာ၏ အတည်ပြုချက်ကို ရရှိကြလိမ့်မည်။ သင်လုပ်ဆောင်သည့် အရာရာတိုင်းတွင် လူ၏ ကန့်သတ်ချုပ်ချယ်မှုများ၏ လက်အောက်ခံမဖြစ်ရသည့်အပြင် သင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို မပြုရပေ။ သင်သည် ဘုရားသခင်ထံ ဦးစွာဆုတောင်းပြီး သမ္မာတရားကို ရှာဖွေပြီးလျှင် ထိုကိစ္စနှင့်ပတ်သက်၍ လူတိုင်းနှင့် စူးစမ်းစစ်ဆေးပြီး မိတ်သဟာယပြုသင့်သည်။ မိတ်သဟာယပြုခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အနေဖြင့် အမှုအရာများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အတိအကျ လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်တပြေးညီ ပြုမူနိုင်ရန် ဖြစ်သည် ဤသည်မှာ ယင်းကိုဖော်ပြရန် အတန်ငယ် ကြီးကျယ်ခမ်းနားသော နည်းလမ်းဖြစ်ပြီး လူတွေက ဤအရာကို ပြည့်မီကြမည်မဟုတ်ပေ။ ယင်းကို ပိုမိုခိုင်မာသော ဝေါဟာရများဖြင့် ပြောရလျှင် သင်သည် သမ္မာတရား စည်းမျဉ်းများနှင့် အတိအကျ ကိုက်ညီအောင် အရာရာကို လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ ပို၍ပင် မြင်သာထင်သာရှိသည်။ လူတစ်ဦးသည် ဤစံနှုန်းနှင့် ကိုက်ညီသောအခါ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်နာနေကြခြင်းဖြစ်သည်။ သူတို့၌ သမ္မာတရား စစ်မှန်မှုရှိပြီး မည်သူ့ထံကမျှ ကန့်ကွက်ချက် ရှိမည်မဟုတ်ချေ။
အရေးကိစ္စတစ်ခုကို ရင်ဆိုင်ရသောအခါ ငြင်းခုံနေမည့်အစား သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ချက်များကို ဦးစွာ ဘေးဖယ်ထားသင့်သည်။ ဤသည်မှာ လူတစ်ယောက်၌ ရှိသင့်သည့် ဆင်ခြင်တုံတရားပင်။ ငါ၌ နားမလည်သည့်အရာ တစ်ခုခုရှိပြီး ငါကျွမ်းကျင်သည့် နယ်ပယ်မဟုတ်လျှင် ထိုဘာသာရပ်နှင့် ရင်းနှီးသူကို ငါမေးမြန်းမည်။ သူတို့အား မေးမြန်းပြီးလျှင် ထိုကိစ္စနှင့် ပတ်သက်၍ အခြေခံသဘောတရား ရရှိမည်။ သို့သော်လည်း ထိုကိစ္စကို ငါကိုယ်တိုင် မည်သို့ကိုင်တွယ်ရမည်ကို ရှာဖွေရမည်၊ အခြားသူများပြောသည်ကို လုံးလုံးလျားလျား နားထောင်၍ မဖြစ်သကဲ့သို့ ငါ၏ကိုယ်ပိုင် စိတ်ကူးများကို အခြေခံ၍လည်း ထိုကိစ္စကို အပြည့်အဝ မချဉ်းကပ်သင့်ပေ။ အသင်းတော်၏အလုပ်ကို အကျိုးပြုပြီး သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည့်နည်းဖြင့် မည်သို့ပြုမူရမည်ကို ငါရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ဖြေရှင်းနည်း မဟုတ်သလော။ ယင်းက သာမာန်လူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသိစိတ် မဟုတ်သလော။ ဤနည်းဖြင့် အကြံဉာဏ်ရှာဖွေခြင်းနှင့် တောင်းခံခြင်းသည် မှန်ကန်ပေ၏။ သင်သည် နယ်ပယ်တစ်ခုခု၌ နှံ့စပ်ပြီး ယင်းနှင့်ပတ်သက်၍ သင့်ကို ငါ တိုင်ပင်ဆွေးနွေးသော်လည်း နောက်ပိုင်းတွင် သင်သည် ငါ့အား သင်ပြောထားသည့်အတိုင်း လိုက်နာပြီး သင်၏လုပ်ဆောင်ချက် အစီအစဉ်ကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ ယင်းက မည်သည့်စိတ်ထားမျိုး ဖြစ်သနည်း။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထားပင်။ ယခုတွင် သင်ပြုမူရန် ကျိုးကြောင်းဆီလျော်သော နည်းလမ်းမှာ ဘာဖြစ်မည်နည်း။ သင်ပြောသင့်သည်မှာ “ကျွန်ုပ် ဤနယ်ပယ်တွင် အသိပညာ အနည်းငယ်ရှိသော်လည်း သမ္မာတရားနှင့် မဆိုင်ပါ။ သင်သည် ဤအရာကို ထည့်သွင်းစဉ်းစားဖို့ အကြံပြုချက်တစ်ခုအဖြစ်သာ ခံယူနိုင်သော်လည်း မည်သို့လုပ်ဆောင်ရမည်ကို အတိအကျသိရန် ဘုရားသခင်၏ရည်ရွယ်ချက်များကို ပို၍ရှာဖွေရမည်ဖြစ်သည်” ဟူ၍ပင်။ ငါသည် သင့်ထံမှ အကြံဉာဏ်ရှာဖွေပြီး ဤကိစ္စကို သင်နားလည်သည်ဟု သင်အမှန်တကယ်ထင်ကာ သင့်ကိုယ်သင် သာမန်ထက်ထူးခြားသည်ဟု သတ်မှတ်သည်ဆိုလျှင် ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား တစ်ခုဖြစ်သည်။ မာနထောင်လွှားသော သဘောသဘာဝသည် သင့်အထဲ၌ ဤသို့သော တုံ့ပြန်မှုနှင့် သရုပ်သကန်မျိုးကို ဖြစ်ပေါ်စေနိုင်သည်။ တစ်စုံတစ်ဦးသည် သင့်ထံမှ အကြံဉာဏ်ရှာဖွေသောအခါ သင်သည် သင်၏ ဆင်ခြင်တုံတရားကို ချက်ချင်းဆုံးရှုံးသွားရသည်။ သင်သည် သာမန်လူတစ်ယောက်၏ အသိစိတ်ကို ဆုံးရှုံးပြီး မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိပေ။ တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်သောအခါ သူ၏ အသိဉာဏ်သည် ပုံမှန်မဟုတ်ပေ။ ထို့ကြောင့် သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သင့်အကြံဉာဏ်ကို အခြားသူများက တောင်းခံလျှင်ပင် သင်သည် လူပါးဝ၍မဖြစ်ဘဲ၊ သင်၌ ပုံမှန်အသိစိတ်ကို ပိုင်ဆိုင်ထားရမည်။ ပြုမူရမည့် သာမာန်နည်းလမ်းမှာ အဘယ်နည်း။ ဤအချက်တွင် သင်စဉ်းစားသင့်သည်မှာ “ဤကိစ္စကို ကျွန်ုပ် နားလည်သော်လည်း လူပါးဝ၍မဖြစ်။ သာမာန်လူ့သဘာဝ၏ အသိစိတ်ဖြင့် ကျွန်ုပ်ချဉ်းကပ်ရမည်” ဟူ၍ဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာခြင်းဖြင့် သာမန်လူ့သဘာဝ၏ အသိစိတ်ကို သင်ပိုင်ဆိုင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင်သည် မိမိကိုယ်ကိုကျေနပ်မှုရှိသော ခံစားချက်တစ်ခုခုကို ထုတ်ဖော်ပြသမည် ဖြစ်သော်လည်း သင်၏နှလုံးသားထဲတွင် ချုပ်တည်းမှုရှိလိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပေါ်လွင်မှုများသည် တစ်ဝက်တစ်ပျက် ဖြတ်တောက်ခံရမည်ဖြစ်ပြီး အခြားသူများအပေါ်တွင် အပျက်သဘောဖြင့် လွှမ်းမိုးမှု များစွာလျော့နည်းသွားမည်။ သို့သော်လည်း သင်သည် သင်၏ မာနထောင်လွှားသော စိတ်သဘောထားအတိုင်း ပြုမူလျက် သင်မှန်ကန်သည်ဟု အမြဲယုံကြည်ပြီး အကျိုးဆက်အနေဖြင့် အခြားသူများကို သင့်အား အတင်းအကြပ် နားထောင်စေပါက ယင်းသည် ကြီးမားသော အသိစိတ်ကင်းမဲ့မှုကို ပြသနေသည်။ လူတို့အား သင်ညွှန်ပြသည့် လမ်းကြောင်းမှာ မှန်ကန်နေလျှင် အရာရာ အဆင်ပြေနိုင်ပေမည်၊ သို့သော် ယင်းကမှားနေလျှင် သူတို့ကို နစ်နာစေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုအတွက် သင့်ထံမှ အကြံဉာဏ်တောင်းခံပြီး သင်သည် ထိုသူအား လမ်းမှားပေါ်သို့ ပို့ဆောင်ပါက သင်သည် လူတစ်ဦးတည်းကို ထိခိုက်နစ်နာစေမည် ဖြစ်သည်။ သို့သော် အသင်းတော်၏အလုပ်နှင့်ပတ်သက်သည့် အရေးပါသော ကိစ္စရပ်တစ်ခုအကြောင်းကို သင့်အား ၎င်းတို့က မေးမြန်းပြီး ၎င်းတို့အား မှားယွင်းစွာ ဦးတည်ပေးပါက သင်သည် အသင်းတော်၏အလုပ်ကို ထိခိုက်စေပြီးဖြစ်မည်သာမက ဘုရားအိမ်တော်၏ အကျိုးမှာ ဆုံးရှုံးမှုများ ခံစားရမည်ဖြစ်သည်။ အကယ်၍ ပြဿနာသည် ပြင်းထန်သောသဘောရှိပြီး ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားရာရောက်ပါက အကျိုးဆက်များကို မှန်းဆ၍ရနိုင်မည် မဟုတ်ပေ။
အခြေအနေများ မည်သို့ပင်ရှိစေကာမူ တစ်စုံတစ်ဦး၌ ဖောက်ပြန်ပျက်စီးသော အတွေးများနှင့် စိတ်ကူးများ စတင်ပေါ်ပေါက်လာကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်သည်နှင့် တစ်ပြိုင်နက် ယင်းသည် အသေးအဖွဲကိစ္စ မဟုတ်ပေ။ ထိုသူတို့သည် မိမိတို့၏ယိုယွင်းမှုကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာလျှင် သန့်စင်ဖို့နည်းလမ်း မရှိပေ။ သို့သော် သူတို့သည် သမ္မာတရားကို နှိုင်းနှိုင်းချိန်ချိန် ရှာဖွေကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုလျက် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သည့် မူလဇစ်မြစ်ကို ပိုင်းခြားသိမြင်နိုင်လျှင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပြဿနာကို ဖြေရှင်းရန် လွယ်ကူလိမ့်မည်။ သင်သည် စောင့်ဆိုင်းရန်နှင့် ရှာဖွေရန်အတွက် သင်၏ စိတ်ဝိညာဉ်အတွင်းတွင် လှည့်ပြန်လာလေလေ၊ ပြဿနာ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ဖို့အတွက် ဘုရားသခင်၏ ဆီလျော်သော နှုတ်ကပတ်တော်များကို ရှာဖွေရန် သင့်အတွက် လွယ်ကူလေလေဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြခြင်းများက ပို၍ပို၍ လျော့နည်းလာမည်၊ သင်သည် ဘုရားသခင်အား ကျိုးနွံနာခံနိုင်လိမ့်မည်၊ သင်သည် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံ၍ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်း မရှိတော့ဘဲ သင်၏လူ့သဘာဝက ပို၍ပို၍ ပုံမှန်ဖြစ်လာမည်ဖြစ်သည်။ ပုံမှန်လူ့သဘာဝဟူသည်မှာ အဘယ်နည်း။ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ စံနှုန်းများ၊ အသိတရားနှင့် ဆင်ခြင်တုံတရား၊ သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားသခင် သတ်မှတ်သော စံနှုန်းများနှင့်အညီ ပြောဆိုခြင်းနှင့် ပြုမူခြင်းပင် ဖြစ်သည်။ ယင်းက ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခုပင်။ ထို့ကြောင့် သင်၌ မည်သည့်အရာပေါ်ပေါက်ပါစေ၊ သင်သည် ဦးစွာ စိတ်အေးအေးထားပြီး ဘုရားသခင်ရှေ့မှောက်တွင် သင့်ကိုယ်သင် ငြိမ်သက်စေကာ ထိုကိစ္စတွင် သူ၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ပြုမူရမည်ကို ရှာဖွေလျက် သူ့ထံ ဆုတောင်းသင့်သည်။ ပုံမှန်လူ့သဘာဝရှိသူများသည် ဤဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသည်။ မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်ပြီး ဤအရာကို ရယူနိုင်သည်၊ ယင်းမှာ သင်က ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိမရှိ အပေါ်၌သာ မူတည်သည်။ သင်သည် အမြဲတမ်း ကြွားဝါရန်၊ သင့်ကိုယ်သင် ဂုဏ်ယူဝံ့ကြွားရန်၊ မြင့်မားစွာ ရပ်တည်ရန်နှင့် အခြားသူများ၏ စိတ်နှလုံးတွင် မြတ်နိုးလေးစားသူအဖြစ် သင့်ကိုယ်သင် အခြေကျရန် အမြဲကြိုးစားနေပါက သင်သည် ဘုရားသခင်ထံမှ လမ်းလွဲနေပြီ ဖြစ်သည်။ သင်သည် ကိုယ်တော်၏ရှေ့သို့ ပြန်နိုင်မည်မဟုတ်ဘဲ၊ သင်၏စိတ်နှလုံးတွင် သင်သည် သူ့ကို ဆန့်ကျင်နေပြီဖြစ်သည်။ သင်သည် သင့်ကိုယ်ပိုင်စိတ်ကူးများကို အခြေခံ၍ အမှုအရာများကို အမြဲလုပ်ချင်သည်၊ တစ်ခုခုကို ပြီးမြောက်အောင်မြင်ပြီးလျှင် သင်သည် ကြီးမားသောအောင်မြင်မှု တစ်ခုခုကို ပြီးမြောက်ထားသည့်နှယ် ခံစားရပြီး ကြီးကျယ်ခမ်းနားသော လုပ်ငန်းကြီးတစ်ခု၌ ပါဝင်လုပ်ကိုင်နေသကဲ့သို့လည်းကောင်း၊ သင်သည် သာမန်လူတစ်ယောက်မဟုတ်၊ စွမ်းဆောင်နိုင်သည်ဟု လည်းကောင်း ခံစားရကာ မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန် ကြိုးစားသည်။ ဤကဲ့သို့ ပြုမူနေခြင်းက ဒုက္ခပေးပြီး မှန်ကန်သောလမ်းကြောင်းကို လျှောက်နေခြင်းမဟုတ်ပေ။ သမ္မာတရားကို မလိုက်စားသော သူတို့သည် ဤကဲ့သို့ဖြစ်ကြ၏။ သူတို့သည် ပုံမှန်လူ့သဘာဝ စိုးစဉ်းမျှပင် မရှိဘဲ နတ်ဆိုးသဘာဝနှင့် ပြည့်နှက်နေသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများက သမ္မာတရားကို လက်ခံနိုင်သည်၊ သူတို့သည် ယင်းအတွက် ကြိုးစားလိုစိတ်ရှိပြီး ပုံမှန်လူသားပုံသဏ္ဍာန်အတိုင်း နေထိုင်ခြင်းကို နှစ်သက်ကြသည်။ ဤအရာက သမ္မာတရားကို အားထုတ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခြင်း၊ ယင်းတို့ကို နှလုံးသားထဲသို့ နစ်ဝင်သွားစေရန်နှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်းတို့ လိုအပ်သည်။ သင့်စိတ်နှလုံးသည် အဆက်မပြတ်ငြိမ်းအေးသည့် အခြေအနေတွင် ရှိရမည်ဖြစ်ပြီး သင်၌ အမှုအရာများ ပေါ်ပေါက်လာသောအခါ သင်သည် မဆင်မခြင်ပြုခြင်း၊ မလိုမုန်းထားခြင်း၊ ခေါင်းမာခြင်း၊ အစွန်းရောက်ခြင်း၊ ဟန်ဆောင်ခြင်း သို့မဟုတ် တုပခြင်းတို့ မရှိရပေ၊ သို့မှသာ သင်သည် အသိဉာဏ်နှင့်ယှဉ်၍ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ သင့်တော်သော သရုပ်သကန်ဖြစ်သည်။
ယနေ့ခေတ်တွင် လူအများစုသည် ဆင်ခြင်တုံတရား မရှိနိုင်ကြပေ။ အခြားသူများက သူတို့ကို ချီးမွမ်းစကား အနည်းငယ်ပြောသည့်အခါ အားတက်ကြပြီး သူတို့သည် သာမာန်လူများမဟုတ်ဟု စတင်ယုံကြည်လာကြသည်။ မည်ကဲ့သို့သော စိတ်သဘောထားမျိုးကို သူတို့ ထုတ်ဖော်နေကြသနည်း။ ယင်းက မာနထောင်လွှားသော စိတ်သဘောထားမဟုတ်သလော။ သင့်ကို တစ်စုံတစ်ဦးက အနည်းငယ် ပြုပြင်ပြီးနောက် သင်သည် စိတ်မသက်မသာ ခံစားရပြီး၊ ၎င်းတို့နှင့် ငြင်းခုန်ပြီး သူတို့ပြောခဲ့သည့်အရာကို ချေပလိုစိတ်ရှိပါက သင်သည် မည်သို့သော စိတ်သဘောထားမျိုးကို ထုတ်ဖော်နေသနည်း။ ဤသည်မှာလည်း မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်၏။ ဆိုကြပါစို့၊ သင်လုပ်သမျှအရာတိုင်း တစ်ခဏတာ အဆင်ပြေချောမွေ့သွားပြီး သင့်ကို လူတို့ချီးကျူးကာ သင်က ကောင်းစွာစွမ်းဆောင်ခဲ့ပြီဟု ဆိုလျက် အထင်ကြီးလေးစားသည့် အကြည့်များဖြင့် ကြည့်ကြသောအခါ သင်ဘာမဆို လုပ်နိုင်သည်ဟုလည်းကောင်း၊ အခြားသူများထက် သာလွန်သည်ဟုလည်းကောင်း သင်စတင်ယုံကြည်လာသည်။ သင်သည် ကျေနပ်သွားပြီး လမ်းလျှောက်သည့်အခါ ဝေါစင်တစ်ခုအပေါ် သင့်ကို ထမ်းထားနေသကဲ့သို့ ခံစားရသည်။ သို့ဖြစ်လင့်ကစား သင်လုပ်သည့်အရာများတွင် အနှောင့်အယှက်များ ကြုံတွေ့ရသည့်အခါ သင့်စိတ်ထားက မကြည်မသာဖြစ်ပြီး အခြားသူများနှင့် စကားပြောသည့်အခါ မည်သည့် စိတ်အားထက်သန်မှုကိုမျှ မစေ့ဆော်နိုင်တော့ပေ။ ဤကဲ့သို့သော လူများသည် လွန်စွာ ဇွတ်တရွတ်နိုင်ပြီး မရင့်ကျက်သည့်အပြင် ပုံမှန်လူ့သဘာဝ ကင်းမဲ့ကြသည်။ ပုံမှန်လူ့သဘာဝရှိသော လူတို့က မည်သည့်သရုပ်သကန်များကို ပြသကြသနည်း။ အနှောင့်အယှက်များကို သူတို့ကြုံရသည့်အခါ သို့မဟုတ် ပြုပြင်ခြင်း ခံရသည့်အခါ အဆိုးမြင်စိတ် ဖြစ်မလာဘဲ သူတို့၏ တာဝန်များကို အထိခိုက်မခံကြပေ။ သူတို့သည် တာဝန်များထမ်းဆောင်ရာတွင် ကြီးစွာသောဆင်းရဲဒုက္ခကို တောင့်ခံရလျှင်ပင် သို့မဟုတ် သိသာထင်ရှားသော ရလဒ်များကို ရရှိကြလျှင်ပင် မိမိတို့ကိုယ်ကို ချီးမွမ်းထိုက်သူများဟု မယူဆကြ သို့မဟုတ် ဆုလာဘ်တစ်ခုခုကို မမျှော်လင့်ကြသကဲ့သို့ အခြားသူများ၏ လေးစားမှုကိုလည်း မတောင်းဆိုကြပေ။ ၎င်းတို့သည် ထိုကဲ့သို့သောခံစားမှုများကို လက်သင့်မခံကြပေ။ ၎င်းတို့သည် ဤကိစ္စများကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ပြီး ပုံမှန်လူတစ်ဦး၏ အသိဉာဏ်ကို ပိုင်ဆိုင်ထားကြသည်။ ဤသည်ကို ပုံမှန်လူ့သဘာဝရှိခြင်းဟု ဆိုလိုသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်သောအခါ တစ်ခါတစ်ရံ မာနထောင်လွှားလာပြီး ဘဝင်မြင့်လာကာ ၎င်းတို့၏မာနထဲ၌ နစ်မျောသွားသည့်အပြင် ကျရှုံးမှုများနှင့် အနှောင့်အယှက်များကို ကြုံတွေ့ရသောအခါ စိတ်ပျက်အားငယ်ပြီး ၎င်းတို့၏ အသိစိတ်က မူမမှန်တော့ပေ။ သမ္မာတရားကို နားလည်သဘောပေါက်ပြီး ဖောက်ပြန်သော စိတ်သဘောထားကို ပယ်ရှားကာ ဘဝတွင် ကြီးထွားမှသာလျှင် လူတစ်ဦး၏ လူ့သဘာဝမှာ ရင့်ကျက်လာနိုင်မည်ဖြစ်သည်။ သမ္မာတရားကို နားလည်သဘောပေါက်ပြီး စည်းမျဉ်းများနှင့်အညီ အရေးကိစ္စများကို လုပ်ဆောင်ခြင်းသည် မိမိတို့၏လူ့သဘာဝ ရင့်ကျက်လာစေရန်အတွက် လူတို့ဖြည့်ဆည်းရမည့် မရှိမဖြစ် အခြေအနေများဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်သည့်အပြင် အရေးကိစ္စများကို စည်းမျဉ်းများဖြင့် မဆောင်ရွက်ပါက ခုတစ်မျိုး တော်ကြာတစ်မျိုးနှင့် အစွန်းနှစ်ဖက်ကြား ကူးပြောင်းနေတတ်သည်။ တစ်စုံတစ်ယောက်က သူတို့ကို ချီးမွမ်းသောအခါ မာနထောင်လွှားလာမည်၊ သို့သော် တစ်စုံတစ်ယောက်က သူတို့ကို ပြုပြင်လျှင် အဆိုးမြင်လာမည်။ ဤသည်မှာ မရင့်ကျက်သော လူ့သဘာဝ၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ဤသည်မှာ သင်တို့ရှိနေသော အခြေအနေမဟုတ်လော။ သင်တို့သည် တည်ငြိမ်မှု စိုးစဉ်းမျှမရှိ၊ ပုံမှန်အခြေအနေကို မည်သည့်အခါမျှ ထိန်းမထားနိုင်ဘဲ ခုတစ်မျိုး တော်ကြာတစ်မျိုး အမြဲတမ်းဖြစ်နေသည်။ သင်သည် စိတ်အခြေအနေ ကောင်းမွန်ပြီး ပျော်ရွှင်နေသောအခါ စိတ်အားထက်သန်မှု အပြည့်ရှိပြီး ဘုရားသခင်အတွက် သင်၏အသက်ကိုပင် ပေးလိုသောဆန္ဒရှိလိမ့်မည်။ သို့သော် အနှောင့်အယှက်များ၊ ကျရှုံးမှုများ၊ သို့မဟုတ် ပြုပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသောအခါ သင်သည် ချက်ချင်းပင် အပျက်သဘောဆောင်လာသည်။ သင်သည် လုံးဝပြီးဆုံးသွားပြီဟုလည်းကောင်း၊ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်မရှိဟုလည်းကောင်း ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်မိကာ သင်၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းသည် သင့်အတွက် လုံးဝအသုံးမဝင်ပေ။ ဤသည်မှာ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်သောအခါ ဖြစ်တတ်သည့်အရာ ဖြစ်ပြီး ၎င်းတို့၏ စာတန်ဆန်သောစိတ်သဘောထားများနှင့် အညီသာ အသက်ရှင်နိုင်ပြီး မရည်ရွယ်ဘဲ အပြစ်တရား၌ အသက်ရှင်ကြသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဗဟုသုတနှင့် အသိဉာဏ်ကို မှီခိုအားထားခြင်းဖြင့် မိမိကိုယ်ကို မကယ်တင်နိုင်ပေ။ လူတို့သည် သမ္မာတရားမရှိသောအခါ၌ အသက်ကို မပိုင်ဆိုင်ကြပေ။ သူတို့၌ ဝိညာဉ်မရှိသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကိုရရှိခြင်းက အလွန်တရာ အရေးကြီးသည်။ ယခု သင်တို့သည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရန်၊ အနှောင့်အယှက်များနှင့် ကျရှုံးမှုများကို တွေ့ကြုံခံစားရန် သို့မဟုတ် အခက်အခဲနှင့် ကြုံတွေ့ရန် ဖြစ်သောအခါတွင် သင်တို့သည် အဘယ်သင်ခန်းစာများကို သင်ယူသင့်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကား အဘယ်နည်း။ ကိုယ်တော်သည် သင့်အား အဘယ်အရာကို နားလည်စေလိုသနည်း။ ကိုယ်တော်သည် သင့်အား သမ္မာတရားကို နားလည်ပြီး အသက်ကို ရရှိစေလိုသည်၊ ထိုသို့ဖြင့် သင်၏ပြဿနာအားလုံးကို အခြေခံကျကျ ဖြေရှင်းပေးလိုသည်။ ယခုအချိန်တွင် သင်တို့၏ သမ္မာတရားနားလည်ခြင်းသည် တိမ်လွန်းပြီး ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းသည်။ ရလဒ်အနေဖြင့် သင်သည် သာမန်မဟုတ်သော အခြေအနေတွင် တစ်သမတ်တည်း ရှိနေပြီး သင်၏ စိတ်သဘောထားက မတည်မငြိမ်ဖြစ်နေသည်။ သင်သည် အခြေအနေ ကောင်းသောအခါ ရှေ့သို့ဆက်ပြီး ရှေ့တစ်လှမ်း တိုးနိုင်သော်လည်း အခြေအနေ မကောင်းသောအခါ နောက်နှစ်လှမ်းပြန်ဆုတ်ပြီး ရက်အတော်ကြာ အပျက်သဘော ဆောင်လာတော့သည်။ ဤသည်မှာ သင်၌ ဖြစ်ပေါ်နေသော အခြေအနေဖြစ်သဖြင့် တိုးတက်မှုနှေးကွေးနေခြင်း ဖြစ်သည်။ မကြာခဏ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းသည် အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အတားအဆီးဖြစ်ပြီး၊ လူတစ်ဦးသည် သူ၏ဘဝတွင် တိုးတက်အောင်မြင်စေရန်အတွက် ဤပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ တချို့လူတို့သည် သူတို့၏ တာဝန်များ၌ ရလဒ်အနည်းငယ်မျှသာရပြီးနောက် သူတို့ကိုယ်သူတို့ ကျေနပ်လာပြီး ချီးမွမ်းခံရပြီးနောက် မာနထောင်လွှားလာကာ အခြားသူတွေကို အထင်သေးကြသည်။ ဤလူများသည် အသိစိတ် အကင်းမဲ့ဆုံးဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားစစ်မှန်မှု စိုးစဉ်းမျှ မပိုင်ဆိုင်ကြပေ။ အချို့သောသူများသည် အလုပ်အနည်းငယ်ပြီးမြောက်သည်နှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို စတင်၍ ခံစားလာကြသည်။ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ သူတို့သည် အမြဲတမ်း ချီးကျူးခံချင်ကြပြီး အခြားသူများ၏ ချီးမွမ်းခြင်းကိုမရလျှင် သူတို့၏တာဝန်များကို ထမ်းဆောင်ဖို့ ခွန်အားမရှိကြတော့ပေ။ ၎င်းတို့သည် ဤအရာများကြောင့် အမြဲတစေ ဘောင်ခတ်ခံရပြီး အခြားသူများထက် ထင်ရှားပြီး များစွာချီးမွမ်းခံရမှသာ ကျေနပ်မှုခံစားကြသည်။ တစ်ခုခုကို ကောင်းစွာမလုပ်ပါက သို့မဟုတ် ကျရှုံးခြင်းနှင့် လဲကျခြင်းတို့ကို တွေ့ကြုံရပါက ၎င်းတို့သည် ဖောက်ပြန်ပျက်စီးလွန်းပြီး ရွေးနှုတ်၍ မရတော့သကဲ့သို့ ခံစားရသည်။ သူတို့သည် ဤတစ်ဖက်စွန်းများကြားတွင် အမြဲနေထိုင်ကြသည်။ သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ သို့မဟုတ် သင်တို့၌ မည်သည့်အရာ ဖြစ်ပေါ်သည်ဖြစ်စေ သင်အမြဲတမ်း သင်ခန်းစာယူနိုင်သည်၊ လက်တွေ့လုပ်ဆောင်ရန်စည်းမျဉ်းများကို ရှာဖွေရန် သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သည်၊ သို့ဆိုလျှင် သင်တို့သည် ကြီးထွားရင့်သန်ပြီး အခြားသူများ၏ လမ်းညွှန်မှုနှင့် ဦးဆောင်မှုကို ခံယူစရာမလိုအပ်တော့ပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းနှင့် သင့်အတွက် ဘုရားသခင်စီစဉ်ပေးထားသည့် အချို့သောအရာများနှင့် ပတ်ဝန်းကျင်များကို တွေ့ကြုံခံစားခြင်းအားဖြင့် သင်သည် ဘုရားသခင်၏လက်တော်က သင့်အား ဦးဆောင်နေသည့်နေရာ၊ ဘုရားသခင်က သင့်အား သင်ယူစေလိုသည့်အရာ၊ ပိုင်းခြားသိမြင်မှုကို ရရှိစေလိုသည့် နယ်ပယ်များနှင့် ဤအရာများနှင့် ပတ်ဝန်းကျင်များအားဖြင့် သင့်ကို ရယူစေလိုသော အတွေ့အကြုံဗဟုသုတတို့ကို သိမြင်နိုင်မည်ဖြစ်ပြီး ဤအတွေ့အကြုံတစ်ခုစီမှ တစ်စုံတစ်ခုကို ရရှိနိုင်သည်ဆိုလျှင် သင်ကြီးထွားရင့်သန်လာပြီဖြစ်သည်။ အကယ်၍ သင်သည် ရှေ့သို့တက်လှမ်းရန် အခြားသူများထံမှ ပံ့ပိုးကူညီမှုနှင့် အကူအညီ အမြဲလိုအပ်နေပါက၊ သင်သည် တုံ့ဆိုင်းနေပြီး ရပ်တန့်သွားပါက သို့မဟုတ် တစ်ဖက်စွန်းများကြားတွင် ယိမ်းယိုင်နေကာ သင့်အား တိုက်တွန်းမည့်သူ၊ လမ်းညွှန်မည့်သူ သို့မဟုတ် ပံ့ပိုးကူညီမည့်သူမရှိဘဲ သင်သည် လဲကျသွားနိုင်ဖွယ်ရှိပြီး မည်သည့်အခါတွင်မျှ ပြန်မထနိုင်တော့ပါက ဤအရာများအားလုံးသည် မရင့်ကျက်သေးသော ဝိညာဉ်အသက်တာရှိခြင်း၏ သရုပ်သကန်များဖြစ်သည်။ မရင့်ကျက်သေးသော ဝိညာဉ်အသက်တာ ရှိသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဘာသာ စားသောက်နိုင်ခြင်း မရှိသည့်အပြင် တရားဒေသနာများ သို့မဟုတ် မိတ်သဟာယများကို နားထောင်ခြင်းဖြင့် သမ္မာတရားကို နားမလည်နိုင်ကြပေ။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်းကိုသာ အာရုံစိုက်ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သရွေ့ ကောင်းစွာလုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်။ ထိုသူတို့သည် အရာရာတိုင်းတွင် သူတို့ကို ဦးဆောင်ရန်၊ လမ်းပြရန်သာမက သူတို့အနေဖြင့် နောက်ကလိုက်ရန်အတွက် သူတို့ကို လက်ဆွဲကာ သင်ပြပေးပြီး ဦးဆောင်ရန် တစ်စုံတစ်ယောက်ကို အမြဲလိုအပ်နေပြီး၊ အခြားသူများ၏ အကူအညီနှင့် ပံ့ပိုးမှုမရှိလျှင် သူတို့သည် တုံ့ဆိုင်းကာ အဆိုးမြင်တတ်ပြီး အားနည်းလာကြသည်။ ၎င်းတို့သည် လုံးဝ တန်ဖိုးမရှိဘဲ အနှေးနှင့်အမြန် သေရလိမ့်မည်။ ၎င်းတို့သည် အမှိုက်များဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်စွမ်း မရှိကြပေ။ အချို့က “ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိသလော” ဟု မေးကြသည်။ ယင်းကို ဖြေရှင်းဖို့ နည်းလမ်းရှိပေသည်။ သင်၌ မည်သည့်အရာဖြစ်ပါစေ၊ လေးနက်သည့်ကိစ္စဖြစ်ဖြစ်၊ အသေးအဖွဲကိစ္စဖြစ်ဖြစ်၊ သို့မဟုတ် သင်ထမ်းဆောင်နေသော တာဝန်တစ်ခုဖြစ်ပါက အရာတစ်ခုကို မှတ်သားထားရမည်။ ဇာတိခံစားချက်များ၊ သင့်အယူအဆများနှင့် စိတ်ကူးများ၊ သို့မဟုတ် သင်၏ ကမူးရှူးထိုးစိတ်ကို အမှီမပြုနှင့်၊ ထိုအစား သမ္မာတရားကို မဆိုင်းမတွ ရှာဖွေပြီး ဘုရားသခင်က လူသားအပေါ်ထားသည့် တောင်းဆိုချက်များကို ရှာဖွေလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းဖြင့်သာ ရှေ့ဆက်ရမည့်လမ်းကြောင်းကို သင်တွေ့လိမ့်မည်။
မိမိ၏ ခံစားချက်များကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် မည်သို့ထင်ရှားသနည်း။ အဖြစ်များဆုံး သရုပ်သကန်မှာ လူတို့သည် ၎င်းတို့အပေါ် ကြင်နာဖူးသူ သို့မဟုတ် ၎င်းတို့နှင့်ရင်းနှီးသူ မည်သူ့ကိုမဆို အမြဲတစေ ကာကွယ်ပေးပြီး ရပ်တည်ပေးသည့် အခါမျိုးတွင်ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်၏သူငယ်ချင်းသည် မကောင်းမှုတစ်ခုခု လုပ်မိခြင်းကြောင့် ဖော်ထုတ်ခံရပြီး သင်က “ထိုသို့သော အရာတစ်ခုကို သူလုပ်မည်မဟုတ်ပါ၊ သူသည် လူကောင်းတစ်ယောက်ပင်။ အကွက်ဆင်ခံထားရခြင်း ဖြစ်ရမည်” ဟူ၍ ပြောခြင်းဖြင့် သူ့အား ကာကွယ်ပြောဆိုသည် ဆိုပါစို့။ ဤပြောဆိုချက်သည် တရားမျှတသလော။ (မမျှတပါ။) ဤသည်မှာ ခံစားချက်ကို အခြေခံပြီး ပြုမူပြောဆိုခြင်း ဖြစ်သည်။ အခြားဥပမာတစ်ခုပေးရလျှင်၊ သင်သည် တစ်စုံတစ်ဦးနှင့် အနည်းငယ် သဘောထားကွဲလွဲပြီး သင်က ထိုသူကို မုန်းလာပြီး ထိုသူက မှန်ကန်ပြီး စည်းမျဉ်းများနှင့် ကိုက်ညီသော တစ်စုံတစ်ရာကို ပြောဆိုသောအခါ သင်သည် နားမထောင်ချင်ပါက ဤသည်မှာ မည်သည့်အရာ၏ သရုပ်သကန်နည်း။ (သမ္မာတရားကို လက်မခံခြင်းဖြစ်သည်။) အဘယ်ကြောင့် သမ္မာတရားကို သင်လက်မခံနိုင်ရသနည်း။ သင့်စိတ်ထဲတွင် သူတို့ပြောသည်မှာ မှန်ကြောင်းသိနေသော်လည်း ထိုသူတို့နှင့်ပတ်သက်၍ သင်၌ ဘက်လိုက်မှုရှိသောကြောင့် သူတို့ပြောသည့်အရာ မှန်သည်ဟု သင်သိလင့်ကစား နားမထောင်ချင်ပေ။ ဤသည်မှာ မည်သည့်ပြဿနာနည်း။ (မိမိခံစားချက်များ၏ လွှမ်းမိုးခံရခြင်း ဖြစ်သည်။) ဤသည်မှာ ခံစားချက်များဖြင့် ဖုံးလွှမ်းနေခြင်းပင်။ တစ်ချို့လူတို့သည် မိမိတို့၏ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားမှုများအားဖြင့် အလွယ်တကူ တိမ်းညွတ်ကြသည်။ သူတို့သည် တစ်ယောက်ယောက်နှင့် အဆင်မပြေလျှင် ထိုလူသည် အဘယ်မျှကောင်းစွာ သို့မဟုတ် မှန်ကန်စွာ ပြောဆိုနေပါစေ နားမထောင်တတ်ကြချေ။ တစ်စုံတစ်ဦးနှင့် ကောင်းကောင်းအဆင်ပြေပါက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ သူတို့ပြောသမျှကို နားထောင်လိုစိတ်ရှိကြသည်။ ဤအရာသည် မိမိ၏ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားမှုများကြောင့် အလွယ်တကူ ယိမ်းယိုင်နေခြင်းမဟုတ်လော။ လူတစ်ဦးသည် ထိုသို့သော စိတ်သဘောထားမျိုးဖြင့် နှိုင်းနှိုင်းချိန်ချိန် စကားပြောဆိုပြီး ပြုမူနိုင်သလော။ သမ္မာတရားကို လက်ခံပြီး ကျိုးနွံနာခံနိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့သည် ခံစားချက်များဖြင့် ဘောင်ခတ်ခြင်းခံရပြီး ၎င်းတို့၏ စိတ်ခံစားမှုကြောင့် အလွယ်တကူ တိမ်းညွတ်သွားသောကြောင့် ယင်းသည် ၎င်းတို့၏ လုပ်ရပ်များတွင် သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်းအပေါ် သက်ရောက်မှုရှိသည်။ ယင်းက သမ္မာတရားကို လက်ခံခြင်းနှင့် နာခံခြင်းတို့ အပေါ်၌လည်း အကျိုးသက်ရောက်သည်။ သို့ဆိုလျှင် သူတို့၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းနှင့် ကျိုးနွံနာခံနိုင်စွမ်းကို အဘယ်အရာက ထိခိုက်စေသနည်း။ သူတို့သည် အဘယ်အရာ၏ ဘောင်ခတ်ခြင်း ခံရသနည်း။ သူတို့၏ခံစားချက်နှင့် စိတ်ခံစားမှုပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့အား ချုပ်ချယ်ပြီး ချည်နှောင်ထားခြင်းဖြစ်သည်။ သင်သည် သမ္မာတရားအစား ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးများနှင့် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပါက ခံစားချက်များသည် သမ္မာတရားကို လက်ခံခြင်းမှ သင့်အား အဟန့်အတား ဖြစ်စေပါသည်။ ထို့ကြောင့် သင်သည် ခံစားချက်အပေါ် အခြေခံ၍ ပြုမူပြောဆိုခြင်း မပြုရပေ။ တစ်စုံတစ်ဦးနှင့် သင်၏ဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏စကားများသည် နူးညံ့သည်ဖြစ်စေ တင်းမာသည်ဖြစ်စေ ၎င်းတို့ပြောသည့်အရာက သမ္မာတရားနှင့် ကိုက်ညီနေသရွေ့ သင်သည် ယင်းကို နားထောင်ပြီး လက်ခံသင့်သည်။ ဤသည်မှာ သမ္မာတရားအားလက်ခံခြင်း သဘောထားပင်ဖြစ်၏။ အကယ်၍ သင်က “သူ၏မိတ်သဟာယသည် သမ္မာတရားနှင့် ကိုက်ညီပြီး သူက အတွေ့အကြုံလည်း ရှိသည်၊ သို့သော် သူသည် မထီတရီနှင့် မာနထောင်လွှားလွန်းသဖြင့် ကြည့်ရှုရသည်မှာ ဆိုးဝါးပြီး စိတ်မသက်မသာဖြစ်သည်။ ထို့ကြောင့် သူမှန်နေလျှင်ပင် ငါလက်ခံမည်မဟုတ်” ဟု ဆိုပါက ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ အတိအကျပြောရလျှင် ခံစားချက်တစ်ခုပင်ဖြစ်သည်။ သင်သည် သင့်ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားမှုများအပေါ် အခြေခံ၍ လူတို့နှင့် အရာရာကို ချဉ်းကပ်သောအခါ ဤအရာသည် ခံစားချက်တစ်ခုဖြစ်ပြီး ဤအရာအားလုံးသည် ခံစားချက်အမျိုးအစားထဲတွင် ပါဝင်နေသည်။ ခံစားချက်များနှင့် ပတ်သက်သောအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ခံစားချက်များ ရှိကြပြီး ၎င်းတို့အားလုံးသည် မိမိတို့၏ ခံစားချက်များအားဖြင့် အတိုင်းအတာအမျိုးမျိုးအထိ ဘောင်ခတ်ခံကြရသည်။ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်လျှင် ခံစားချက်ပြဿနာကို ဖြေရှင်းဖို့ ခက်လိမ့်မည်။ လူအချို့သည် အတုအယောင်ခေါင်းဆောင်များကို ကာရံပြီး၊ အန္တိခရစ်များကို ကာကွယ်လျက် ဆိုးယုတ်သောသူများဘက်က ရပ်တည်ကာ ခုခံကာကွယ်ကြသည်။ ဤကိစ္စများအားလုံးတွင် ပါဝင်နေသော ခံစားချက်များရှိလေသည်။ တချို့ကိစ္စများတွင် ထိုလူများက သူတို့၏ ဆိုးယုတ်သောသဘာဝကြောင့် ထိုကဲ့သို့ ပြုမူနေကြသည်မှာ အမှန်ပင်။ ဤပြဿနာများအပေါ် သင်သည် ရှင်းလင်းစွာနားလည်မှု ရရှိနိုင်ရန်အလို့ငှာ မကြာခဏ မိတ်သဟာယပြုပေးဖို့ လိုအပ်သည်။ လူအချို့က “ကျွန်ုပ်၏မိသားစုနှင့် သူငယ်ချင်းများအပေါ် ခံစားချက်အနည်းငယ်ရှိသော်လည်း အခြားမည်သူ့အပေါ်မှာမှ မရှိပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤပြောဆိုချက်သည် မမှန်ကန်ပေ။ အခြားသူများက သင့်အား သေးငယ်သော ကျေးဇူးကို ပြသလျှင်ပင် သင်သည် ၎င်းတို့အပေါ် ခံစားချက်များ ရှိလာလိမ့်မည်။ နီးစပ်မှုနှင့် အတိမ်အနက်မှာ အတိုင်းအဆအမျိုးမျိုး ရှိမည်ဖြစ်သော်လည်း ယင်းတို့သည် မည်သို့ဆိုစေကာမူ ခံစားချက်များပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ခံစားချက်များကို မဖြေရှင်းပါက သူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အား ကျိုးနွံနာခံဖို့ ခက်ခဲပေလိမ့်မည်။
ယခု အယူအဆများနှင့် စိတ်ကူးများအကြောင်း ပြောကြစို့။ အချို့သော အယူအဆများနှင့် စိတ်ကူးများသည် လူတစ်ဦး၏ မိသားစုမှ ကြီးပြင်းလာပုံ မှလာသည်။ အချို့မှာ လူမှုဝန်းကျင်အခြေအနေမှ လာပြီး အခြားတို့မှာ မိမိ၏ ကျောင်းပညာရေးမှ လာသည်။ မိမိ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအရ လူတို့ကို ဆက်ဆံခြင်းနှင့် အရေးကိစ္စများကို လုပ်ဆောင်ခြင်း၏ သရုပ်သကန်များကား အဘယ်နည်း။ ဥပမာတစ်ခု ပေးပါရစေ။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် အရာရာကို စွန့်ပယ်ကာ မိမိ၏တာဝန်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်နိုင်ပြီး နောင်တွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသည့် လူတစ်ဦး၏ ဖြစ်ရပ်ကိုကြည့်လော့။ ဤအနေအထားသစ်ကို ရရှိပြီးနောက် သူသည် သူ၏တာဝန်များကို ထမ်းဆောင်ရန် ပို၍ပင် အားအင်စိုက်ထုတ်ကာ သမ္မာတရားအပေါ် လူတို့နှင့် မိတ်သဟာယပြုရန် မကြာခဏ စုရုံးသည်။ ညီအစ်ကိုမောင်နှမများ ပြဿနာရှိလာသည့်အခါ မဆိုင်းမတွ ဖြေရှင်းပေးပြီး လူတိုင်းက သူ့ကို အထင်ကြီးလေးစားကြသည်။ သို့သော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံပြီးနောက် ဤလူသည် မိမိ၏ အဆင့်အတန်းနှင့် သြဇာအာဏာကို ထိန်းသိမ်းရန် စတင်လုပ်ဆောင်ပြီး အချိန်တိုင်းနေရာတိုင်းတွင် မိမိကိုယ်ကို ထုတ်ဖော်ပြသပြီး ကြွားဝါတော့သည်။ အဆိုးရွားဆုံးမှာမူ သူက ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံရန် ဆိုးယုတ်သောသူများကို မြှင့်တင်ပြီး ပြုစုပျိုးထောင်ပေးသည်။ စက်ဆုပ်ဖွယ်အကောင်းဆုံးမှာ သမ္မာတရားကိုလိုက်စားသော ညီအစ်ကိုမောင်နှမများကို ဖိနှိပ်ပြီး ဖယ်ထုတ်ထားခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူသည် မကောင်းမှုအမြောက်အမြားကို လုပ်ဆောင်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခဲ့သောကြောင့် သူ့ကို အန္တိခရစ်အဖြစ် သတ်မှတ်ကာ နှင်ထုတ်ခြင်းခံရသည်။ လူအချို့က ဤသတင်းကြားရစဉ်တွင် “ယင်းမှာ မဖြစ်နိုင်ပေ။ ကျွန်ုပ်တို့ ပေါင်းသင်းဆက်ဆံရသည်မှာ အရမ်းအဆင်ပြေနေကျဖြစ်သည်။ ကျွန်ုပ်တို့သည် လူအတော်များများထံသို့ ဧဝံဂေလိတရားကို အောင်မြင်စွာ ဝေငှခဲ့ကြသည်။ သူက အဘယ်သို့ အန္တိခရစ် ဖြစ်လာနိုင်သနည်း။” ဟု မဆင်မခြင် ပြောကြသည်။ သူတို့က လူကောင်းတစ်ဦးကို မတရားဆက်ဆံသည်ဟု ယုံကြည်လျက် ဤအခြေအနေကို ဘုရားအိမ်တော်၏ ကိုင်တွယ်ခြင်းအပေါ် အချို့သော အယူအဆများ ဖြစ်ပေါ်လာကြသည်။ သူတို့သည် ဤအန္တိခရစ်ကို အဘယ်ကြောင့် ခုခံကာကွယ်ပြီး သူ့အပေါ် မတရားသဖြင့်ပြုသည်ဟု ယူဆကြသည့်ကိစ္စနှင့် ပတ်သက်၍ မကျေမနပ်ပြောကြသနည်း၊ ငါ့ကိုပြောလော့။ သူတို့က ဧဝံဂေလိတရားကို အတူတကွ ဝေငှခဲ့ကြသည်ဖြစ်၍ သူနှင့်ရင်းနှီးသောကြောင့်ပင် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် သူသည် သူ၏ဇာတိရုပ်ကိုပြသကာ မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ပြီး အန္တိခရစ်ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ခဲ့ပေ။ သူတို့ မထင်မှတ်ခဲ့သည့်အရာကို လက်မခံနိုင်ကြပေ။ ထို့ကြောင့် ဤလူကို သူတို့အယူအဆများနှင့် စိတ်ကူးများကို အခြေခံပြီး ရှုမြင်နေသည်မဟုတ်လော၊ ငါ့ကိုပြောလော့။ အတိတ်က သူ့အပေါ်ထားသည့် မရေရာသော ထင်မြင်ချက်အပေါ် အခြေခံပြီး သူသည် အန္တိခရစ်ဖြစ်မလာနိုင်ဟု ကောက်ချက်ချကြသည်။ ဤသည်မှာ မှန်ကန်သော ရှုထောင့်လော။ သူတို့သည် အဘယ့်ကြောင့် ဤသို့တွေးပြီး ထိုကောက်ချက်မျိုး ချလိုက်ရသနည်း။ အခြေအနေ၏ လက်တွေ့အရှိတရားကို နားမလည်သောအခါတွင် ၎င်းတို့သည် တာဝန်မဲ့သော မှတ်ချက်များနှင့် ပေါ့လျော့သော ဆုံးဖြတ်ချက်များကို အဘယ်ကြောင့် ချမှတ်ကြသနည်း။ ဤသည်မှာ စိတ်သဘောထားတစ်မျိုးပင်။ လူတို့သည် သူတို့၏ စိတ်ကူးစိတ်သန်းများအရ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ချဉ်းကပ်ပြီး ကိုင်တွယ်ကြသည်။ ဤသည်မှာ အဘယ် စိတ်သဘောထားမျိုးနည်း။ ယင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် မာနထောင်လွှားမှုနဲ့ တစ်စိတ်တစ်ပိုင်းက စိတ်နှလုံးခိုင်မာခြင်းဖြစ်သည်။ သင်၏ အတွေးအမြင်များနှင့် ယုံကြည်ချက်များဖြစ်စေ၊ သင့်လုပ်ရပ်များ သို့မဟုတ် သင်၏ အခြားသူများအပေါ် ပြုမူဆက်ဆံမှုတွင် သင်လိုက်နာသည့် စည်းမျဉ်းများဖြစ်စေ သင့်နေ့စဉ်ဘဝတွင် သင်ထုတ်ဖော်သောအရာများဖြစ်သည့် ဤအရာများအားလုံးသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဆင်းသက်လာခြင်းဖြစ်ပြီး သင်သည် ယင်းတို့ကို သမ္မာတရားနှင့် နှိုင်းယှဉ်ကြည့်ရမည်။ အကယ်၍ သင့်အား ဤသို့လုပ်ဆောင်ခိုင်းသောအခါ၊ သင်စိတ်ရှုပ်ထွေးသွားရသည်မှာ ပြဿနာဖြစ်သည်။ ဆိုလိုသည်မှာ သင်၌ သမ္မာတရားကို သိကျွမ်းခြင်းလုံးဝမရှိပေ။ သမ္မာတရား၌ မည်သည့်အကျိုးသက်ရောက်မှု ရှိသနည်း။ (၎င်းသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးနိုင်သည်။) ယင်းတို့ကို မည်သို့ဖြေရှင်းသနည်း။ သင်၏ နေ့စဉ်အတွေးများ၊ ယုံကြည်ချက်များ၊ စကားလုံးများနှင့် လုပ်ရပ်များ၏ လက်တွေ့အရှိတရားကို သမ္မာတရားနှင့် နှိုင်းယှဉ်ကြည့်ရမည်။ ၎င်းတို့နှင့် ကိုက်ညီကြောင်း သင်တွေ့ရှိပြီးသည်နှင့် သင့်ပြဿနာများ မည်သည့်နေရာတွင် ရှိနေသည်ကို သင်ဖော်ထုတ်နိုင်မည် ဖြစ်သည်။ သင်သည် သင့်ပြဿနာများကို မဖော်ထုတ်နိုင်ပါက သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်မခံဘဲ သင့်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေခံ၍ တာဝန်မဲ့သော မှတ်ချက်များချပါက သင့်တွင် မည်သို့သော ပြဿနာရှိသနည်း။ မာနထောင်လွှားမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှုတို့ထဲမှ တစ်ခုဖြစ်ပြီး ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆက်စပ်နေသည်။ သင်သည် အဖြစ်မှန်ကိုမသိဘဲ သင်၏ ကိုယ်ပိုင်စိတ်ကူးများကို အခြေခံ၍ ပေါ့ပေါ့ဆဆ ပြောဆိုရုံသာမက “သင်တို့က သူ့ကို မသိသော်လည်း ကျွန်ုပ်သိသည်။ ကျွန်ုပ်နားလည်သည်” ဟုပင် တွေးသည်။ သင်အမှန်တကယ် ဆိုလိုသည့်အရာမှာ သင်က အခြားသူတိုင်းထက် ပိုမိုရှင်းလင်းစွာ ပိုမိုတိကျစွာမြင်နိုင်သည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားခြင်း မဟုတ်လော။ ဤသည်မှာ မိမိကိုယ်ကိုမှန်ကန်သည် ယူမှတ်ခြင်း မဟုတ်သလော။ ဤစိတ်သဘောထားမျိုးသည် သင့်အထဲတွင် နက်ရှိုင်းစွာ တည်ရှိနေသောကြောင့် သင်သည် ကိုယ်ပိုင်အယူအဆနှင့် စိတ်ကူးစိတ်သန်းတွေကို အခြေခံပြီး အမြဲပြောဆိုလုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာ၊ အသင်းတော်သည် စီမံကိန်းတစ်ခုခုကို အကောင်အထည်ဖော်လိုပြီး ယင်းက မည်မျှကုန်ကျမည်ကို သင့်အားမေးမြန်းသည်ဆိုပါစို့၊ အခြေအနေကို အမှန်တကယ် နားလည်မှုမရှိဘဲ သင်သည် ချက်ချင်းပင် ရှေ့နောက်မစဉ်းစားဘဲ “ယင်းက သင့်ကို အနည်းဆုံး ယွမ်၁၀၀,၀၀၀ ကုန်ကျစေမည်။” ဟု ပြောချလိုက်သည်။ ဤသည်ကို ကြားရသောအခါ လူတိုင်းက ယင်းသည် ထိုမျှလောက် မကုန်ကျနိုင်၊ သင်သည် ချဲ့ကားပြောနေခြင်း ဖြစ်ရမည်ဟု စဉ်းစားလျက် တုန်လှုပ်သွားကြသည်။ ပေါ့ပေါ့ဆဆပြောဆိုပြီး တာဝန်မဲ့သော မှတ်ချက်များချသော သင့်စိတ်သဘောထား၏ ရလဒ်အဖြစ် အသင်းတော်၏အလုပ်သည် မည်သည့် အကျိုးဆက်များ ခံစားရနိုင်သနည်း။ အမှန်တွင် အလုပ်ပြီးမြောက်ဖို့က များစွာကုန်ကျမည် မဟုတ်သည့်တိုင် ယွမ်၁၀၀,၀၀၀ ကုန်ကျမည်ဟု သင်ပြောနေသည်။ ဤသည်မှာ တာဝန်မဲ့စွာ ပြောဆိုနေခြင်း မဟုတ်သလော။ ဤအရာက အသင်းတော်ကို ထိခိုက်သည်မဟုတ်လော။ ဤအရာသည် အရေးကိစ္စများကို ပြောဆိုကိုင်တွယ်ရန် ယုံကြည်စိတ်ချရသော နည်းလမ်းတစ်ခုလော။ မဟုတ်ပေ၊ ယင်းသည် အလွန့်အလွန် စိတ်ချ၍မရနိုင်ပေ။ ဘုရားသခင်၏အိမ်တော်သည် ယင်း၏လုပ်ငန်းတွင် ဤကဲ့သို့သောလူကို လုံးဝအသုံးမပြုနိုင်ပေ။ ဤအခြေအနေမှ သင်ခန်းစာယူစရာရှိသလော။ လူသည် ရိုးသားပြီး မှန်ကန်သောစကားကို ပြောဆိုတတ်ရန် သင်ယူသင့်သည်။ ဤသည်မှာ မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ရန် သော့ချက်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မရိုးမသားဖြစ်ပြီး တာဝန်မဲ့စွာ မှတ်ချက်ချပါက သူသည် တာဝန်များထမ်းဆောင်ရန် မသင့်တော်သကဲ့သို့ ဘုရားသခင်၏ အိမ်တော်၌ တာဝန်များကို ထမ်းဆောင်ရန်လည်း မထိုက်တန်ပေ။ ထို့ကြောင့် မိမိ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့အတွက် ရိုးသားသူတစ်ဦးဖြစ်ရန် သင်ယူရမည်ဖြစ်ပြီး မိမိပြောသမျှကို တာဝန်ယူတတ်ရန်၊ လက်လွှတ်စပယ် တာဝန်မဲ့စွာ ပြောဆိုခြင်းမှ ရှောင်ကြဉ်လျက် မိမိကိုယ်ပိုင်စိတ်ကူးကို အခြေခံ၍ ပြောဆိုခြင်းမှ ရှောင်ကြဉ်ရပါမည်။ လူတစ်ဦးသည် မိမိ၏ပြောပုံဆိုပုံ၌ တိကျသင့်ပြီး မိမိ၏စကားများသည် အဖြစ်မှန်နှင့် ကိုက်ညီသင့်သည်။ ဤသည်မှာ ရိုးသားသူဖြစ်ခြင်း၏ စစ်မှန်မှုလက္ခဏာ တစ်ခုဖြစ်သည်။
သင်တို့၌ မာနထောင်လွှားသော စိတ်သဘောထားရှိသည်ကို သင်တို့အားလုံး သဘောပေါက်ပြီလော။ (သဘောပေါက်ပါပြီ၊ တစ်ခါတစ်ရံတွင် ပုံကြီးချဲ့ပြီး အသိစိတ်ကင်းမဲ့သော အရာများကို ကျွန်ုပ် ပြောတတ်သည်။ ကျွန်ုပ်သည် မာနထောင်လွှားကာ၊ ဤသည်မှာ ကျွန်ုပ်၏ သဘောသဘာဝနှင့် အနှစ်သာရလက္ခဏာတစ်ခုဖြစ်သည်ဟု ခံစားရသည်။) သင်၌ မာနထောင်လွှားသော စိတ်သဘောထားရှိကြောင်း သင်သတိထားမိလိုက်သည်နှင့် ယင်းကို သင် မည်သို့ဖြေရှင်းသင့်သနည်း။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို သတိထားမိပြီး အသိအမှတ်ပြုပြီးရုံနှင့် ယင်းကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် သင်သည် ပထမဆုံး သမ္မာတရားကို လက်ခံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်သည့်အတိုင်း သင်၏ မာနထောင်လွှားသော စိတ်သဘောထားက ပြသသည့် နည်းလမ်းများစွာနှင့် ယင်းတို့ကို မည်သည့်စာတန်ဆန်သောအဆိပ်များက ဖြစ်ပေါ်စေသည်ကို နားလည်လာရမည်ဖြစ်ပြီး အဘယ်နတ်ဆိုးဆန်သောစကားများက သင့်ကိုအထင်အမြင်မှားစေပြီး သင်၏မာနထောင်လွှားသော စိတ်သဘောထားကို ဖြစ်ပေါ်စေသည်ကို နားလည်ရမည်။ ဤသည်တို့မှာ သင်နားလည်လာရမည့် အရာများဖြစ်သည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းသောအခါ ပေါ်လွင်လာသည့်အတိုင်း ဖြေရှင်းလျက် တစ်ကြိမ်လျှင် တစ်ဆင့်ချင်း လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားမှာ တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားဖြင့် နေထိုင်ကြသူများကြားတွင် အတွေ့များဆုံး အခြေအနေမှာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများကို အခြေခံ၍ ချဲ့ကားပြောဆိုတတ်သည့်သဘော ဖြစ်သည်။ ယင်းသည် ချဲ့ကားပြောဆိုမှုများပြုလုပ်သည့် ဤအခြေအနေကို ဦးစွာ ဖြေရှင်းခြင်းအားဖြင့် ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အတန်ငယ် လျော့ပါးစေနိုင်ခြင်း ဖြစ်သည်။ ယခုတွင် လူတစ်ဦး၏ စိတ်ကူးစိတ်သန်းများကို အခြေခံ၍ ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခြင်းပြဿနာကို မည်ကဲ့သို့ ဖြေရှင်းနိုင်မည်နည်း။ မိမိ၏ စိတ်ကူးစိတ်သန်းများအပေါ် အခြေခံ၍ ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခြင်းဟူသည့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ရမည်။ ပထမဦးစွာ တွက်ဆကြည့်ရမည်မှာ “စိတ်ကူးစိတ်သန်းများ အဘယ်သို့ ပေါ်လာသနည်း။ လူတွေ၌ အဘယ့်ကြောင့် စိတ်ကူးစိတ်သန်းများ အမြဲရှိနေရသနည်း။ သူတို့သည် သူတို့၏စိတ်ကူးများကို မည်သည့်အရာအပေါ် အခြေခံထားသနည်း။ ဤစိတ်ကူးများသည် လက်တွေ့အရှိတရားကို ကိုယ်စားပြုသလော။ ဤစိတ်ကူးများသည် သမ္မာတရားနှင့် ကိုက်ညီသလော” ဟူ၍ပင်။ ထို့နောက် ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခြင်းဆိုင်ရာပြဿနာကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ရမည်။ ဤချဲ့ကားပြောဆိုမှုများကို ၎င်းတို့ပြုလုပ်သည့် အကြောင်းရင်းနှင့် မည်သည့်အနေအထားမှ ပြုလုပ်သည်ကိုလည်းကောင်း၊ ၎င်းတို့ရရှိရန် ရည်မှန်းထားသည့် ပန်းတိုင်ကိုလည်းကောင်း ပိုင်းခြားသိမြင်ရမည်ဖြစ်သည်။ ဤမေးခွန်းများအတွက် အဖြေများကို တွေ့ရှိပြီး ပြဿနာကို သမ္မာတရားအတိုင်း ဖြေရှင်းပြီးသည်နှင့် မိမိ၏ကိုယ်ပိုင် စိတ်ကူးများအပေါ် အခြေခံ၍ ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခြင်းဟူသည့် ဤအခြေအနေကို အနည်းငယ် ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ခေါင်းဆောင်တစ်ဦးသည် သင့်အား တစ်စုံတစ်ခုကို ကြည့်ရှုစစ်ဆေးရန် တောင်းဆိုသော်လည်း သင်သည် အခြားအရာတစ်ခုခုနှင့် အလုပ်ရှုပ်နေသောကြောင့် ထိုသို့ပြုလုပ်ရန် မေ့လျော့သွားသည်ဟု ဆိုပါစို့။ နောက်ပိုင်းတွင် ခေါင်းဆောင်က သင့်အား ယင်းနှင့်ပတ်သက်ပြီး မေးမြန်းသောအခါ သင်သည်ပြုပြင်ခြင်းခံရမည်ကို စိုးရိမ်၍ တစ်ခုခုကို လုပ်ကြံဖန်တီးလိုက်သည်။ ဤအရာက မည်သို့သော စိတ်သဘောထားကို ထုတ်ဖော်သနည်း။ ဤတွင် ပါဝင်သည့် အခြေအနေနှစ်မျိုးရှိသည်။ သင်၏စိတ်ကူးများကို အခြေခံ၍ ပေါ့ပေါ့ဆဆ ပြောဆိုခြင်းသည် အခြေအနေတစ်ခုဖြစ်သည်။ အဖြေမထုတ်နိုင်၍ ပြုပြင်ခံရမည်ကို ကြောက်သောကြောင့် တစ်စုံတစ်ခုကို လုပ်ကြံခြင်းက နောက်တစ်ခုဖြစ်၏။ အကယ်၍ သင်သည် ပေါ့ပေါ့ဆဆမပြောလျှင် မုသားပြောနေသည်၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်နေခြင်း မဟုတ်လျှင် လှည့်စားနေခြင်း ဖြစ်သည်။ ဤအရာများအားလုံးသည် ဒုက္ခသဘောသက်ရောက်ပြီး ဆန်းစစ်ရပေမည်။ စကားပြောရာနှင့် ပြုမူရာတွင်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်တော့မည်ကို သင်သဘောပေါက်သည်နှင့် သင့်ကိုယ်သင် ထိန်းကျောင်းပြီး သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရားစည်းမျဉ်းများနှင့်အညီဖြစ်အောင် မည်သို့ ပြုမူသင့်သနည်း။ ဤသည်မှာ လူတစ်ယောက်၏ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်၏။ (ရိုးရိုးသားသားပြောပြီး မိမိတို့သိသောအရာကိုသာ ပြောရမည်။) မှန်ပေ၏။ အဖြေကို သင်မသိပါက “ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်မသိပါ၊ ယင်းကို ကျွန်ုပ်မစစ်ဆေးရသေးပါ” ဟု ပြောသင့်သည်။ သင်သည် “ခေါင်းဆောင်က အဘယ့်ကြောင့် ပြဿနာကို ငါမစစ်ဆေးရသေးသည်ကို မေးပြီးမှ ငါ့အား ပြုပြင်သည်ဆိုလျှင် ငါဘာလုပ်ရတော့မည်နည်း” ဟု မိမိကိုယ်ကို တွေးကြည့်သည်ဆိုပါစို့။ သင်တို့ ဤအခြေအနေ၌ မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ပြဿနာကို မစစ်ဆေးရသေးပါက ထိုအတိုင်းပင် ပြောသင့်သည်။ ပြုပြင်ခံရမည်ကြောက်ရုံဖြင့် ကျွန်ုပ်တို့ မလိမ်သင့်ပါ။) မှန်ပေ၏။ အကယ်၍ သင်သည် ပြုပြင်ခံရမည်ကို ကြောက်ရုံဖြင့် လိမ်လည်ရန်၊ လူတို့ကိုလှည့်ဖြားရန် သို့မဟုတ် အဖြစ်မှန်ကို ဆန့်ကျင်ပြောဆိုရန် ဆန္ဒရှိပါက ဘုရားသခင်ထံ ဆုတောင်းကာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး ရိုးသားသူဖြစ်ခြင်းကို လက်တွေ့ကျင့်သုံးသင့်၏။ ဤနည်းအားဖြင့် သင်၏စိတ်ကူးများကို အခြေခံပြီး စကားပြောဆိုသည့် ပြဿနာက တစ်စတစ်စ လျော့ပါးသွားလိမ့်မည်။ သို့သော် သင့်စိတ်ကူးများကို အခြေခံ၍ စကားပြောခြင်းပြဿနာကို ဖြေရှင်းရုံမျှဖြင့် မလုံလောက်ပေ။ သင့်ကိုယ်သင် ပို၍ပင်နက်ရှိုင်းစွာ နားလည်မှုကို ရရှိရမည်ဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုရမည်သာမက၊ သင်၏ စာတန်ဆန်သောသဘောသဘာဝနှင့် သင်၏မာနထောင်လွှားမှု အရင်းအမြစ်ကိုလည်း နားလည်ရမည်ဖြစ်သည်။ ဤသည်ကို သင်အောင်မြင်နိုင်လျှင် သင်၏မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းဖို့ လမ်းတစ်ဝက်မက ရောက်လိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် မာနမထောင်လွှားတော့ဘဲ သင်၏ပြုမူပုံ၌ ပို၍နှိမ့်ချနေမည်။ သင်သည် နောက်တစ်ဆင့် တက်လှမ်းနိုင်ကာ အခြားသူများအား လိမ်ပြောပြီး လှည့်ဖြားသော ပြဿနာကို ဖြေရှင်းနိုင်လျှင်၊ သမ္မာတရားနှင့် အဖြစ်မှန်အတိုင်း ပြောဆိုနိုင်ပြီး ရိုးသားသောသူဖြစ်ကာ စိတ်ထဲရှိသည်ကို ပြောနိုင်လျှင် သင်သည် လူသားပုံသဏ္ဌာန်ဖြင့် အနည်းနှင့်အများ အသက်ရှင်နေလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် ပို၍ ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် ပြောဆိုပြုမူမည်။ လူတို့သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏အလုပ်ကို ကျိုးနွံနာခံကာ၊ သူ့ထံ ဆုတောင်းလျက် ကိုးစားနေသရွေ့ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အပြည့်အဝ ဖယ်ထုတ်နိုင်စွမ်းရှိကြမည်ဖြစ်ကြောင်း ဤအရာက ဖော်ပြသည်။ မာနထောင်လွှားသော စိတ်သဘောထားရှိသူတို့သည် အခြားသူများထက် မိမိသာလွန်သည်ဟု အမြဲထင်မြင်လျက် ချဲ့ကားပြောဆိုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ သူတို့ကိုယ်သူတို့ မြင့်မြတ်ပြီး ခံ့ညားထည်ဝါသော ပုဂ္ဂိုလ်များဖြစ်ပြီး အခြားလူများအားလုံးက သူတို့အောက်၌ရှိသည်ဟု ယုံကြည်ကာ သူတို့ နှစ်သက်သလို ပြောဆိုပြုမူကြလေသည်။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို ရရှိအောင်မြင်ရန် လိုအပ်သည့် နည်းလမ်းတစ်ခုခုကို အသုံးချနိုင်စွမ်းလည်းရှိပြီး အခြားသူများကို မကြာခဏ လိမ်လည်လှည့်ဖြားရသည်ဆိုပါက ဤသူတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ရုံသာမက လှည့်စားတတ်သော စိတ်သဘောထားလည်း ပိုင်ဆိုင်လေသည်။ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားကို ဖြေရှင်းခြင်းသည် အဓိကအားဖြင့် သင်၏ သဘာဝအနှစ်သာရကို သိရှိလာခြင်းနှင့် ကမ်းကုန်အောင် ဖောက်ပြန်ပျက်စီးလွန်းပြီး နတ်ဆိုးနှင့် စာတန်တစ်ကောင်ကဲ့သို့ နေထိုင်ခြင်းကြောင့် မာနထောင်လွှားပြီး စိတ်ကြီးဝင်လာသည်ကို သိမြင်ခြင်းအပေါ် မူတည်သည်။ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မြင်နိုင်သောအခါ လူတစ်ယောက်သည် ပို၍မာနထောင်လွှားလေ၊ စာတန်နှင့် ပို၍တူလေဖြစ်ကြောင်း သင်ခံစားရလိမ့်မည်။ တစ်နည်းအားဖြင့် ရှုံးနိမ့်မှုများနှင့် အနှောင့်အယှက်များကို ကြုံတွေ့ရခြင်းဖြင့် သင်သည် ပို၍ကောင်းမွန်စွာ ပြုမူနေထိုင်တတ်လာမည် ဖြစ်သည်။ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းဖို့ လွယ်ကူသလော သို့မဟုတ် လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းဖို့ လွယ်ကူသလော။ အမှန်တကယ်တွင် နှစ်ခုလုံးကို ဖြေရှင်းဖို့မလွယ်သော်လည်း လှည့်စားတတ်သောစိတ်နှင့် နှိုင်းယှဉ်ကြည့်သောအခါ မာနထောင်လွှားသောစိတ်ကို ဖြေရှင်းဖို့ အနည်းငယ် ပိုလွယ်သည်။ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းရသည်မှာ များစွာပိုခက်မည်။ ဤသည်မှာ လိမ်လည်လှည့်ဖြားသော ပုဂ္ဂိုလ်များသည် မကောင်းသော စေ့ဆော်မှုများ၊ ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေသဖြင့် ၎င်းတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားက သူတို့ကို မချုပ်တည်းနိုင်ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ သူတို့၏ သဘာဝအနှစ်သာရဆိုင်ရာ ပြဿနာဖြစ်၏။ သို့တိုင် မည်မျှပင်ခက်ခဲစေကာမူ မိမိ၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းလိုပါက ရိုးသားသူဖြစ်ရန် လက်တွေ့ကျင့်သုံးခြင်းဖြင့် စတင်ရပါမည်။ အဆုံးစွန်အားဖြင့် ရိုးသားသူဖြစ်လာရန် လေ့ကျင့်ဖို့ အရိုးရှင်းဆုံးနည်းလမ်းမှာ အရှိအတိုင်း ပြောဆိုခြင်း၊ ရိုးသားသော စကားများကိုပြောခြင်းနှင့် အဖြစ်မှန်အတိုင်းပြောခြင်းပင် ဖြစ်သည်။ သခင်ယေရှု မိန့်တော်မူသည်အတိုင်း၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” (ရှင်မဿဲခရစ်ဝင် ၅:၃၇) ရိုးသားသူတစ်ယောက်ဖြစ်ရန် ဤစည်းမျဉ်းအတိုင်း လေ့ကျင့်ရန် လိုအပ်သည်။ ဤသို့ နှစ်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် သင်တို့သည် ရလဒ်များကို သေချာပေါက် မြင်တွေ့ရမည် ဖြစ်သည်။ ရိုးသားသောလူဖြစ်အောင် ယခု သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်မည်နည်း။ (ကျွန်ုပ်ပြောသည့်အရာကို မကောင်းသောအရာများဖြင့် ရောနှောခြင်းမရှိပါ။ အခြားသူများကို မလှည့်စားပါ။) “မကောင်းသောအရာများဖြင့် ရောနှောခြင်းမရှိ” ဟူသည် ဘာကိုဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်ပြောသော စကားများတွင် အလိမ်အညာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများ ဘာတစ်ခုမျှ မပါဝင်သည်ကို ဆိုလိုသည်။ လှည့်ဖြားမှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သင့်စိတ်နှလုံးအတွင်း သိုလှောင်ထားလျှင် မုသားစကားများသည် သင့်ထံမှ သဘာဝအတိုင်း ပေါက်ဖွားလာမည်ဖြစ်သည်။ သင့်တွင် လှည့်ဖြားမှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ သို့မဟုတ် သင့်စိတ်နှလုံးအတွင်း စေ့ဆော်မှုများ မရှိပါက သင်ပြောသောစကားသည် အညစ်အကြေးကင်းပြီး မုသားများ ပါမည်မဟုတ်။ ဤနည်းဖြင့် သင်၏ ဆက်ဆံရေးတွင် “ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်” ဖြစ်မည်။ အရေးကြီးဆုံးမှာ မိမိ၏စိတ်နှလုံးကို ဦးစွာ သန့်စင်စေဖို့ဖြစ်သည်။ စိတ်နှလုံးကို သန့်စင်ပြီးသည်နှင့် မိမိ၏ မာနထောင်လွှားမှုနှင့် လှည့်ဖြားတတ်ခြင်းက ပြေလည်သွားလိမ့်မည်။ လူတစ်ဦးသည် ရိုးသားသူတစ်ဦးဖြစ်ရန် ဤကဲ့သို့သော မကောင်းသောအရာများ ရောနှောခြင်းများကို ဖြေရှင်းရမည်။ ထိုသို့ပြုပြီးသောအခါ ရိုးသားသောလူဖြစ်လာဖို့ လွယ်ကူလိမ့်မည်။ ရိုးသားသူတစ်ဦးဖြစ်ရန် ရှုပ်ထွေးသလော။ မရှုပ်ထွေးပေ။ သင်၏ အတွင်းစိတ်အခြေအနေသည် မည်သို့ပင် ရှိစေကာမူ သို့မဟုတ် သင့်တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိနိုင်ပါစေ သင်သည် ရိုးသားသူဖြစ်ခြင်း၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးသင့်သည်။ သင်သည် လိမ်ညာပြောဆိုခြင်းပြဿနာကို ဦးစွာဖြေရှင်းရမည်။ ဤအရာက အရေးကြီးဆုံးပင်။ ရှေးဦးစွာ စကားပြောရာတွင် စိတ်ထဲ၌ရှိသောအရာကို ပြောဆိုခြင်း၊ မှန်သောစကားများကို ပြောဆိုခြင်း၊ အရှိအရှိအတိုင်း ပြောဆိုခြင်းကို လက်တွေ့ကျင့်သုံးသင့်ပြီး မုသားပြောခြင်းကို လုံးဝ ရှောင်ကြဉ်သင့်သည်။ မကောင်းသောအရာများရောနှောသည့်စကားများကို ပြောပင် မပြောသင့်ဘဲ တစ်နေ့တာလုံး သင်ပြောသမျှသည် မှန်ကန်ပြီး ရိုးသားကြောင်း သေချာစေသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနေပြီး ရိုးသားသူဖြစ်ရန် လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ မုသားများ သို့မဟုတ် မကောင်းသောအရာများရောနှောသည့်စကားများ သင့်ထံမှ ထွက်လာသည်ကို သင်တွေ့ရှိပါက သင့်ကိုယ်သင် ချက်ချင်းဆင်ခြင်သုံးသပ်ပြီး သင်လိမ်ညာရသည့် အကြောင်းရင်းနှင့် သင့်အားလိမ်ညာရန် စေခိုင်းသည့်အကြောင်းများကို ခွဲခြမ်းစိတ်ဖြာပြီး အသိရှိခြင်းကို ရယူလော့။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ဤအခြေခံဖြစ်သော၊ မရှိမဖြစ်လိုအပ်သော ပြဿနာကို စိစစ်လော့။ သင့်လိမ်ညာမှုများ၏ မူလဇာစ်မြစ်ကို ရှင်းလင်းစွာ သိပြီးသည်နှင့် သင်၏အပြောအဆိုနှင့် လုပ်ရပ်များတွင် ဤစာတန်ဆန်သောစိတ်သဘောထားကို ဆန့်ကျင်ပုန်ကန်နိုင်မည် ဖြစ်သည်။ အလားတူအခြေအနေများနှင့် ရင်ဆိုင်ရသောအခါတွင် သင်သည် လိမ်ညာခြင်းကို မကျင့်သုံးရတော့ဘဲ အဖြစ်မှန်အတိုင်း ပြောဆိုနိုင်မည်ဖြစ်ပြီး လှည့်စားပြောဆိုမှုများတွင် ပါဝင်တော့မည်မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏စိတ်ဝိညာဉ်သည် အချုပ်အချယ်ကင်းပြီး လွတ်မြောက်မည်ဖြစ်ကာ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်နိုင်မည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်လျှင် သင်သည် အလင်းထဲ၌ အသက်ရှင်နေခြင်းဖြစ်သည်။ သို့ရာတွင် သင်သည် လှည့်ဖြားခြင်း၊ လုပ်ကြံခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၌ အမြဲတစေ ပတ်သက်နေကာ အမှောင်ထောင့်များတွင် သူခိုးကဲ့သို့ အမြဲပုန်းအောင်းနေပြီး သင်၏အရေးကိစ္စများကို လျှို့ဝှက်စွာ လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ဝံ့မည် မဟုတ်ပေ။ သင့်တွင် လျှို့ဝှက်ရည်ရွယ်ချက်များ ရှိကာ သင့်ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန် အခြားသူများကို အမြဲလှည့်ဖြားလိုပြီး သင့်စိတ်နှလုံးထဲ၌ ရှက်ဖွယ်ကောင်းသော၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော အရာမြောက်မြားစွာကို သိုလှောင်ထားသောကြောင့် သင်သည် ယင်းတို့ကို ဖုံးကွယ်ဝှက်ထားရန်၊ ယင်းတို့ကို ဟန်လုပ်ကာ အယောင်ဆောင်ထားရန် အမြဲကြိုးစားနေသော်လည်း ဤအရာများကို ထာဝစဉ် ဖုံးကွယ်၍မရနိုင်ပေ။ ယင်းတို့က အနှေးနှင့်အမြန်ဆိုသကဲ့သို့ ပေါ်ထွက်လာလိမ့်မည်။ လျှို့ဝှက်ရည်ရွယ်ချက်ရှိသူသည် အလင်း၌ မနေထိုင်နိုင်ပေ။ ထိုသူတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၊ မိမိကိုယ်ကိုစိစစ်ခြင်းနှင့် မိမိကိုယ်ကို ဖွင့်ချပြခြင်းတို့ကို လက်တွေ့မကျင့်သုံးပါက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်မှုနှင့်ချည်နှောင်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူတို့ကိုယ်သူတို့ မကယ်ထုတ်နိုင်ဘဲ အပြစ်ရှိသောဘဝထဲ၌ ပိတ်မိနေလိမ့်မည်။ အဆုံးစွန်ဆိုရလျှင် သင်သည် မည်သည့်အခြေအနေမျိုး၌မဆို မလိမ်ရပေ။ လိမ်ညာခြင်းသည် မှားယွင်းပြီး သမ္မာတရားနှင့် မကိုက်ညီကြောင်း သင်သိလင့်ကစား သင်သည် လူတို့ကို လှည့်စားရန်အတွက် အဖြစ်မှန်နှင့် အခြေအနေ၏ လက်တွေ့အရှိတရားကို ဖုံးကွယ်ရန် အရာရာကိုပင် လုပ်ကြံဖန်တီးလျက် အခြားသူများကို လိမ်ညာလှည့်ဖြားရန် မရမကပြုနေပါက သင်သည် ဒုစရိုက်မှုတွင် ရည်ရွယ်ချက်ရှိရှိ ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့သောလူသည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို မရရှိနိုင်ပေ။ ဘုရားသခင်သည် လူတို့အပေါ် သမ္မာတရားကို အပ်နှင်းထားသော်လည်း လူတစ်ဦးချင်းစီက သမ္မာတရားကို လက်ခံပြီး လက်တွေ့ကျင့်သုံးနိုင်ခြင်းရှိမရှိက နောက်ဆုံးတွင် ၎င်းတို့၏ကိုယ်ပိုင်ကိစ္စဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူများသည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို ရရှိနိုင်သော်လည်း သမ္မာတရားကို လက်မခံနိုင်ဘဲ သမ္မာတရားကို လက်တွေ့မကျင့်သုံးသူများက မရရှိနိုင်ပေ။ လူများစွာတို့က ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် နေထိုင်ကြသည်ကို သတိပြုမိပြီး စာတန်ဆန်သော စိတ်သဘောထားများနှင့်အညီ နေထိုင်သူများသည် လူသားများနှင့် မတူသကဲ့သို့ နတ်ဆိုးများနှင့်လည်း မတူဘဲ သာမန်လူသားပုံသဏ္ဍာန်အတိုင်း အသက်မရှင်နိုင်ကြသည်ကို အသိအမှတ်ပြုကြသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် ဆန္ဒရှိသော်လည်း စွမ်းအားမရှိဟုသာ ခံစားရပြီး ထိုသို့မလုပ်နိုင်ကြောင်း ကိုယ်တိုင်တွေ့ရှိရသည်။ ထိုသို့သော အခြေအနေမျိုးတွင် လူတစ်ဦးသည် ဘုရားသခင်ကိုသာ ဆုတောင်းပြီး အားကိုးနိုင်သည်။ လူတစ်ဦးချင်းစီက လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ဘုရားသခင်သည် ၎င်းတို့အတွင်း၌ အလုပ်လုပ်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးသူများသည် ၎င်းတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထား၊ တစ်ကိုယ်ရေရည်ရွယ်ချက် အမျိုးမျိုးကိုသာမက မုသားများနှင့် လှည့်ကွက်များကိုပါ မုန်းတီးမည်မှာ အသေအချာပင်။ လိမ်ညာမှုကို ကျင့်သုံးခြင်းထက် ရိုးသားစွာပြောဆိုခြင်းဖြင့် ဆုံးရှုံးမှုများခံစားရန် ပိုနှစ်သက်ကြသည်။ လိမ်ညာပြောဆိုခြင်းဖြင့် ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုကို အချိန်ဆွဲမည့်အစား တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုံ့ချခြင်းဆီသို့ ဦးတည်သွားလျှင်ပင် အမှန်အတိုင်းပြောဆိုရန် ရွေးချယ်ကြမည်ဖြစ်သည်။ ဤနည်းအားဖြင့် စာတန်ဆန်သောစိတ်သဘောထားများကို စက်ဆုပ်ရွံရှာနိုင်သူများသည် ပင်ကိုအားဖြင့် ဇာတိပကတိကို ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ ဆက်လက်၍ ရိုးသားသူများဖြစ်ခြင်း၌ အောင်မြင်နိုင်ကြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။