မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း (အပိုင်း တစ်)
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် အဘယ်နည်း။ လူအများစုက ဤအရာကို အတော်လေး နားမလည်ကြပေ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် ဘုရားသခင်ကို ယုံကြည်သူများအတွက် အဓိကကျသော ရူပါရုံဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စမဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို မခံရသည့် မကြာခင်က ဖန်ဆင်းထားသော လူသားများကို ကယ်တင်နေခြင်းမဟုတ်ဘဲ၊ စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့်၊ စာတန်ဆန်သော အဆိပ်များနှင့် စာတန်ဆန်သော စိတ်သဘောထားများဖြင့် ပြည့်သည့်လူသားတစ်စု၊ စာတန်နှင့်ပင်တူပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်သည့်လူသားတစ်စုကို ကယ်တင်သောကြောင့်ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲစေခြင်းသည် ကင်ဆာရောဂါရှိသည့် လူတစ်ဦးကို ကုသခြင်းနှင့်တူသည်။ ယင်းမှာ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည် မဟုတ်လော။ ထိုအရာက ခွဲစိတ်ခြင်း၊ ရေရှည် ဓာတုကုထုံးနှင့် အချိန်ကာလတစ်ခုကြာပြီးနောက် ပြန်လည်ဆေးစစ်ခြင်းတို့ လိုအပ်သည်။ လုပ်ငန်းစဉ်မှာ အမှန်တကယ် ရှုပ်ထွေး၏။ ထို့ကြောင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရိုးရှင်းသည့် ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ ထိုအရာသည် လူတို့ စိတ်ကူးသည့် အပြုအမူ သို့မဟုတ် အကျင့်စရိုက်တွင် ပြောင်းလဲခြင်း မဟုတ်ပေ။ လူတို့ စွမ်းဆောင်ရရှိလိုသောကြောင့်သက်သက်ဖြင့် စွမ်းဆောင်ရရှိသည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များ၌ အလွန်ရှင်းလင်းစွာ ရှင်းပြထားသည့် လုပ်ငန်းစဉ်များဖြစ်သည့် စိတ်သဘောထားပြောင်းလဲမှုတွင် ပါဝင်သော လုပ်ငန်းစဉ်များစွာရှိသည်။ ထို့ကြောင့် ဘုရားသခင်ကို သင် ယုံကြည်လာသည့် ပထမဆုံးနေ့မှစ၍၊ ဘုရားသခင်က လူတို့ကို ကယ်တင်ပုံနှင့် ၎င်းတို့ကို ကယ်တင်ခြင်းအားဖြင့် သူ စွမ်းဆောင်ရရှိလိုသည့် အကျိုးတရားတို့ကို သင် နားလည်ရမည်။ သင်သည် သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိလိုလျှင်၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ မှားယွင်းသည့် အမြင်များကို သင် ပြောင်းလဲရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်အား ကောင်းမွန်စွာ ပြုမူရန်၊ လူကောင်းတစ်ဦး သို့မဟုတ် ဥပဒေလိုက်နာသောလူတစ်ဦးဖြစ်ရန် သို့မဟုတ် အခြားသူတို့၏ လက်ခံမှုကို ရရှိသည့် ကောင်းမွန်သော လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ရန် မတောင်းဆိုပေ။ အတိတ်ကာလတွင်၊ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို လိုက်စားခြင်းက လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း၊ အပြင်ပန်းတွင် လူသားပုံသဏ္ဌာန်အချို့၊ ယဉ်ကျေးမှုအချို့၊ စိတ်ရှည်ခြင်းအချို့ရှိခြင်း၊ သို့မဟုတ်လျှင် အပေါ်ယံ ဘာသာတရားကိုင်းရှိုင်းမှုနှင့် အခြားလူတို့အတွက် ချစ်ခြင်းမေတ္တာရှိခြင်း၊ အခြားသူတို့ကို ကူညီပြီး၊ ပေးကမ်းစွန့်ကြဲခြင်းကို ဆိုလိုသည်ဟု တွေးထင်ခဲ့ကြသည်။ တစ်နည်းအားဖြင့်၊ လူသား အယူအဆများနှင့် စိတ်ကူးများအတွင်းတွင် လူကောင်းတစ်ဦးဟု ယူဆသည့်အရာဖြစ်ရန် ဖြစ်သည်။ လူတိုင်းတွင် ထိုသို့သော အယူအဆများနှင့် အမှုအရာများ ၎င်းတို့၏ စိတ်နှလုံးများ၌ ရှိကြသည်။ ဤသည်မှာစာတန်ဆန်သော အဆိပ်များနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ယခင်က၊ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် မည်သူကမျှ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းပြဿနာကို မရှင်းပြနိုင်ခဲ့ကြပေ။ ၎င်းတို့သည် ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် အကျွမ်းမဝင်ခဲ့ကြ။ ထိုအရာသည် ၎င်းတို့ ပင်ကိုအားဖြင့် နားလည်သည့်အရာ သို့မဟုတ် ခရစ်ယာန်ဘာသာတွင် နှစ်အနည်းငယ် ယုံကြည်ပြီးနောက် နားလည်နိုင်သည့်အရာတစ်ခု မဟုတ်ခဲ့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အမှုတော်၏ ဤကဏ္ဍကို မဆောင်ရွက်သေးသောကြောင့် ဖြစ်သကဲ့သို့ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို မိတ်သဟာယဖွဲ့ခြင်းမရှိသေးသောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် လူများစွာတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍၊ ယုံကြည်ခြင်းအား ၎င်းတို့၏ အပေါ်ယံ အပြုအမူများနှင့် ကျင့်ကြံမှုများကို အပြောင်းအလဲအချို့ ပြုလုပ်ခြင်းနှင့် ၎င်းတို့၏ သိသိသာသာ မှားယွင်းသည့် ရှုထောင့်အချို့ကို ပြောင်းလဲခြင်းနှင့်ဆိုင်သည့် ကိစ္စတစ်ခုဖြစ်သည်ဟု ယူဆခဲ့ကြခြင်းဖြစ်သည်။ ယုံကြည်ခြင်းရှိခြင်းသည် သာ၍ ကြီးမားသည့် အခက်အခဲများကို ခါးစည်းခံခြင်းအကြောင်းဖြစ်သည်၊ အစားအစာကောင်း စားခြင်း သို့မဟုတ် ဆန်းပြားသော အဝတ်အစားများကို ဝတ်ဆင်ခြင်း မဟုတ်ဟုပင် လူအချို့က ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက မိမိတို့ဘဝတွင် အခက်အခဲကို ပိုမို သည်းညည်းခံခြင်းနှင့် ကောင်းမွန်သည့်အရာများကို ပို၍နည်းပါးစွာ မွေ့လျော်ခံစားခြင်း၊ ငွေရှိသည့်အခါ ဆင်းရဲသားကို ပေးရန်၊ သို့မဟုတ် ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ပိုမိုလုပ်ဆောင်ပြီး အခြားသူများကို ကူညီရန်သာဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည့် အနောက်တိုင်းနိုင်ငံများရှိ ကက်သလစ် သီလရှင်များကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့ ဘဝများတစ်လျှောက်လုံးတွင်၊ ဆင်းရဲဒုက္ခခံခြင်းအပေါ် အလေးထားခဲ့ကြသည်။ ကောင်းမွန်သည့် မည်သည့်အစားအစာကိုမျှ ၎င်းတို့ မစားခဲ့ကြ။ မည်သည့် အဝတ်အစားကောင်းမျှ မဝတ်ဆင်ခဲ့ကြပေ။ ၎င်းတို့ သေဆုံးသည့်အခါ၊ ၎င်းတို့၏ အဝတ်အစားများသည် ဒေါ်လာအနည်းငယ်သာ တန်ဖိုးရှိခဲ့သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ကမ္ဘာအနှံ့ သတင်းများတွင် အစီရင်ခံကောင်းအစီရင်ခံပြီး ဖြစ်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့၏ စိတ်များတွင် ဤကဲ့သို့သော လူများသာ ကောင်းမြတ်ပြီး၊ အကျင့်သီလကောင်းကြောင်း၊ ဤလူများသာ ကောင်းမွန်သည့်အရာများနှင့် ကောင်းမွန်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ပြီးဖြစ်သည်ဟု ဘာသာရေးလောကက ယူဆထားကြောင်း၊ ၎င်းတို့သည်သာ ပြောင်းလဲခြင်း ကြုံရပြီးဖြစ်ကာ ခံယူချက် အမှန်တကယ် ရှိကြကြောင်း ဆိုလိုပေသည်။ ထို့ကြောင့် သင်တို့အားလုံးလည်း ခြွင်းချက်မရှိနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းက လူကောင်းတစ်ဦး၊ အခြားသူတို့ကို မရိုက်နှက် သို့မဟုတ် မစော်ကားသည့်သူတစ်ဦး၊ မကောင်းသည့် စကားမသုံးသောသူ သို့မဟုတ် မကောင်းသည့်အရာများကို မလုပ်ဆောင်သောသူတစ်ဦး၊ အပြင်ပန်းတွင် လူတို့က ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေသူတစ်ဦးအဖြစ် မြင်နိုင်သောသူတစ်ဦးဖြစ်ခြင်းကို ဆိုလိုရမည်ဟု သင်တို့လည်း ယုံကြည်ကောင်းယုံကြည်နေနိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို စတင်ယုံကြည်ရုံသာရှိသေးသည့်သူများ ပိုင်ဆိုင်သော စိတ်အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့က ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်းနှင့် ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေသည့်လူစားမျိုးဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလော။ မိမိတို့၏ ယုံကြည်ခြင်းတွင် စတင်ရုံသာရှိသေးသည့် လူများတွင်သာ ထိုသို့သော နုံအသည့် အတွေးများရှိကြသည်။ အကြင်သူသည် သမ္မာတရားအချို့ကို နားလည်ပြီးဖြစ်သည်နှင့်၊ ဤအတွေးမျိုးများက မကြာခင် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ ဤရှုထောင့်အမြင်က သင်၏ စိတ်နှလုံးတွင် ယခင်က မည်မျှ နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည်ဖြစ်စေ၊ ထိုအရာ၏ အမှားများနှင့် သွေဖည်မှုများကို သင်တို့ မဖော်ထုတ်ရသေးပေ။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးသည်ဖြစ်စေ၊ ဤမှားယွင်းသော ရှုထောင့်များကို လုံးလုံးလျားလျား မဖြေရှင်းရသေးပေ။ ဤအရာမှ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို လူအနည်းငယ်ကသာ အမှန်တကယ် နားလည်ကြသကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းက မည်သည့်အရာဆိုလိုသည်၊ စစ်မှန်သည့် လူတစ်ဦး မည်သို့ဖြစ်ရမည်၊ မည်သည့်လူစားမျိုးက ဘုရားသခင်ကို ကျေနပ်စေသည် သို့မဟုတ် မည်သည့်လူစားမျိုးကို ဘုရားသခင်က လက်ခံနိုင်ဖွယ်အဖြစ် မြင်ပြီး၊ မည်သည့် လူစားမျိုးကို သူ ရရှိလိုသည်တို့ကို ၎င်းတို့ နားမလည်ကြသည်မှာ သိသာထင်ရှားပေသည်။ ဤအရာများကို သင် နားမလည်လျှင်၊ သင်သည် မှန်ကန်သည့် လမ်းခရီးအပေါ် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု မချခင်းရသေးကြောင်းကို ပြပေသည်။ ထိုလူသားအယူအဆများ၊ စိတ်ကူးများနှင့် ဘက်လိုက်သော အတွေးများသည် သင်၏ တွေးခေါ်မှုနှင့် သင်၏ ရှုထောင့်များကို စိုးမိုးထားဆဲဖြစ်သည်။
လူအချို့က၊ “ကျွန်မ မပြောင်းလဲသေးကြောင်း ခံစားရသည်။ ကျွန်မ၏ ကလေးက မနာခံလျှင် သို့မဟုတ် ကျွန်မ၏ ယောက်ျားက ကျွန်မ မနှစ်သက်သည့်အရာတစ်ခုကို လုပ်လျှင် ကျွန်မ ဒေါသထွက်သည်။ ဘာသာတရားမရှိသူများက ဘုရားသခင်အား မယုံကြည်ကြသည်ကို ကျွန်မ မြင်သည့်အခါ၊ သူတို့ကို ကျွန်မ မုန်းတီးသည်။ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြမှုများနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ကင်းမဲ့ခြင်း ဖြစ်နေသေးသည် မဟုတ်လော”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ပါ။) ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ မှားနေသနည်း။ ထိုအရာက အပြင်ပန်း အပြုအမူကိုသာ အာရုံစိုက်ပေသည်။ ငါ့ကို ပြောလော့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအကြောင်းကို ဘုရားသခင် ပြောဆိုသည့်အခါ၊ လူတစ်ဦး၏ အကျင့်စရိုက် သို့မဟုတ် စိတ်နေသဘောထားရှိ ပြောင်းလဲမှုတစ်ခုကို သူ ဆိုလိုသလော။ လုံးဝ မဟုတ်ပေ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းမှာ အကျင့်စရိုက်တွင် ပြောင်းလဲခြင်းသာဖြစ်သည်ဟု လူအချို့က ယုံကြည်ပြီး၊ အထူးသဖြင့် စိတ်ရှည်ကာ ဒေါသမထွက်ဖူးခြင်းက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဖြစ်သည်ဟု တွေးထင်ကြသော်လည်း ဤသည်မှာ ကြီးလေးသည့် အမှားတစ်ခုဖြစ်သည်။ လူအများစုသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း ကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် သာ၍ ရင်းနှီးကာ အချို့သော နယ်ပယ်များတွင် သူနှင့် သဟဇာတဖြစ်နိုင်ကြကြောင်းနှင့် မိမိတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီသည့်အရာများကို ကြုံရသည့်အခါ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြသကဲ့သို့ ဒေါသထွက်ကြသော်လည်း၊ နောက်ပိုင်းတွင် ဤအရာကို ၎င်းတို့ ဆင်ခြင်သုံးသပ်နိုင်သည်နှင့်အမျှ၊ ထိုအရာကို သိရှိလာကာ ဘုရားသခင်ထံ ဆုတောင်းကာ နောင်တရနိုင်ကြသည်နှင့်အမျှ၊ ဤသည်မှာ ၎င်းတို့ ပြောင်းလဲပြီးဖြစ်ကြောင်းဆိုလိုသည်ဟု တွေးထင်ကြသည်။ ဤအပြောင်းအလဲမျိုးက စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ကိုယ်စားပြုသည်ဟု သင်တို့ ထင်ကြသလော။ ဤအခြေအနေမျိုးကို သင်တို့ မည်သို့ ပိုင်းခြားသိမြင်ကြမည်နည်း။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတွင် မည်သည့်အရာ လိုအပ်သနည်း။ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသူတစ်ဦးတွင် မည်သည့် အခြေအနေများနှင့် သရုပ်သကန်များ ဖြစ်ပွားသနည်း။ (စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုမှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်း၊ ကျွန်ုပ်တို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိလာခြင်း၊ အမှုအရာများအပေါ် ကျွန်ုပ်တို့၏ အမြင်များကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို တဖြည်းဖြည်း စွမ်းဆောင်ရရှိခြင်းဖြစ်ပါသည်။ ထိုအရာမှာ မည်သည့်အခါတွင်မျှ ဒေါသမထွက်လာခြင်း သို့မဟုတ် မကြာခဏ ဒေါသထွက်မှု လျော့နည်းသွားရန်အလို့ငှာ မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်ခြင်း မဟုတ်ပါ။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ဘာမျှပတ်သက်ခြင်း မရှိပါ။) ဤသည်မှာ အတော်အတန် ဖြူစင်သည့် သိနားလည်မှုတစ်ခု ဖြစ်သည်။ သင်တို့ကို ငါ ပထမဆုံး မေးခွန်းတစ်ခု မေးမည်ဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ သင်တို့ တွေးဆနိုင်သည်။ သင်၏ စိတ်သဘောထားသည် ပြောင်းလဲပြီးဖြစ်ကာ သမ္မာတရားကို သင်နားလည်ပါက၊ အမှုအရာများအပေါ် သင်၏ အမြင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လိမ့်မည်။ အမှုအရာများအပေါ် သင်၏ အမြင်သည်ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့်အခါ၊ သင်သည် ဖောက်ပြန်ပျက်စီးသည့်လူ့သဘာဝနှင့် သဟဇာတဖြစ်ဦးမည်လော။ သင် သဟဇာတဖြစ်မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် စာတန်များနှင့် နတ်ဆိုးများကို သင် မုန်းတီး နိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်သည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ခြင်း၊ အလွန်အမင်းမနှစ်မြို့ခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ခံစားရလိမ့်မည်။ သင်သည် အပျက်သဘောဆောင်သည့် အရာမျိုးစုံကို စက်ဆုပ်နိုင်လိမ့်မည်၊ နတ်ဆိုးများနှင့် သက်ဆိုင်သောသူများကို အပေါင်းအသင်းလုပ်ဖို့ သင် သာ၍ပင် လိုလားလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင် ချစ်သည့်အရာကို ချစ်ကာ ဘုရားသခင် မုန်းသည့်အရာကို မုန်းနိုင်လိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို သိနားလည်ခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် ရလဒ်များ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိနိုင်ပြီး၊ သင်၏ ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ရိပ်စားမိနိုင်လျှင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘုံအနှစ်သာရကို သင် ရိပ်စားမိနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ထိုဖောက်ပြန်ပျက်စီးသော လူသားများကို အလိုအလျောက် စက်ဆုပ်နိုင်လိမ့်မည်။ ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များကို သင် မြင်သည့်အခါ၊ ၎င်းတို့နှင့် အပေါင်းအသင်းလုပ်ရန် သင် လိုလားလိမ့်မည်မဟုတ်ဘဲ ၎င်းတို့ကို စက်ဆုပ်ကာ ငြင်းပယ်မိလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံယူခြင်းအပေါ် ဘာသာရေးလောက၏ အရူးအမူး ရှုတ်ချခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ အစွန်းရောက်သော မုန်းတီးခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို သင် မြင်သည့်အခါ၊ ဤအန္တိခရစ် အင်အားစုများကို သင် အလိုအလျောက် စက်ဆုပ်ကာ လုံးဝ ငြင်းပယ်လိမ့်မည်။ သင်သည် သမ္မာတရားကို အစစ်အမှန် သိနားလည်ပြီး ဘုရားသခင်ကို သိရှိလျှင်၊ ဘုရားသခင်ကို ရန်လိုသောသူများ၊ ဘုရားသခင်ကို ပုန်ကန်၊ စွန့်ပယ်ပြီး သစ္စာဖောက်သောသူများကို သင် အလိုအလျောက် စက်ဆုပ်လိမ့်မည်။ ထိုလူများနှင့် သင် အဘယ်သို့ သဟဇာတဖြစ်နိုင်ဦးမည်နည်း။ ထို့ကြောင့် သင်၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်လျှင်၊ အထူးသဖြင့် ဘာသာတရားမရှိသူများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်သူအားလုံးကို သင် ရွံရှာကာ စက်ဆုပ်မိလိမ့်မည်။ သို့ရာတွင် ငါတို့သည် လတ်တလောတွင် ဖောက်ပြန်ပျက်စီးသော လူသားများကြား အသက်ရှင်ကြသောကြောင့်၊ သည်းညည်းခံကာ ဉာဏ်ပညာကို အခြေပြု၍ အသက်ရှင်ရုံသာတတ်နိုင်သည်။ သမ္မာတရားကို ငါတို့ နားလည်ကာ ငါတို့၏ စိတ်သဘောထားများ ပြောင်းလဲသောကြောင့်သက်သက်ဖြင့် ၎င်းတို့ကို ငါတို့ ပစ်ပယ်ကာ ခပ်ကင်းကင်း နေ၍မရ၊ ၎င်းတို့ကို လျစ်လျူရှု၍မရ သို့မဟုတ် ခိုက်ရန်ဖြစ်ပွား၍မရပေ။ ဤအရာများကို ငါတို့ မလုပ်ဆောင်ရ၊ ငါတို့ အမြော်အမြင်ရှိရမည်။ သင်တို့ အတော်လေး နားမလည်သေးသည့် နောက်ထပ် ကိစ္စတစ်ခု ရှိသေး၏။ သင်တို့ထဲမှ အချို့က စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကိုလည်းကောင်း၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကိုလည်းကောင်း ဒေါသစိတ် လုံးဝမရှိခြင်းနှင့် နတ်ဆိုးများနှင့် စာတန်များအပေါ်ပင်လျှင် နူးညံ့သိမ်မွေ့ကာ ကြင်နာပြီး ဖော်ရွေစွာပြုံးပြခြင်းဖြစ်ကြောင်း၊ ဤသည်မှာ စိတ်သဘောထား၌ ပြောင်းလဲခြင်းတစ်ခုဖြစ်ကြောင်း တွေးထင်ကြသည်။ ဤသည်မှာ မှန်ကန်သော သိနားလည်မှု ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ဆိုးရွားသော သိနားလည်မှုတစ်ခု ဖြစ်သည်။ သို့သော် အဘယ်ကြောင့် မမှန်သနည်း။ ဘုရားသခင်က လူတို့ကို ကယ်တင်လိုပြီး၊ နှုတ်ကပတ်တော်များစွာ ပြောဆိုကာ အမှုများစွာ လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သူသည် လူတို့အား မည်သည့် လူစားမျိုး ဖြစ်လာစေချင်သနည်း။ သူသည် လူတို့အား မိမိ၏ အတွေးများက သမ္မာတရား၏ ဦးဆောင်လမ်းပြခြင်းခံရသည့်၊ ဘဝတွင် သမ္မာတရားကို မိမိတို့၏ ဆောင်ပုဒ်အဖြစ် ယူသည့်သူများ ဖြစ်လာစေချင်သည်။ သူသည် ၎င်းတို့အား လေဖြတ်သည့် အခြေအနေတွင်ရှိသော လူတစ်ဦးကဲ့သို့ ဒေါသစိတ် သို့မဟုတ် ပုံမှန် စိတ်ခံစားမှုများ မရှိစေရန် အလိုရှိဖို့မဆိုထားနှင့်၊ နုံအသော လူတစ်ဦးကဲ့သို့ အတွေးကင်းမဲ့မည်ကိုပင် အလိုမရှိပေ။ သူသည် ၎င်းတို့အား သမ္မာတရားကို နားလည်ပြီး သူ၏ နှုတ်ကပတ်တော်များကို နားထောင်ကာ သူ့ကို ကျိုးနွံနာခံနိုင်သည့် လူတစ်ဦး၊ သူ ချစ်သည့်အရာကို ချစ်ပြီး သူ မုန်းသည့်အရာကို မုန်းသည့်၊ သူ နှစ်သက်သည့်အရာကို နှစ်သက်ပြီး၊ သူ စက်ဆုပ်သည့်အရာကို စက်ဆုပ်ကာ ငြင်းပယ်သည့် ပုံမှန်လူတစ်ဦး ဖြစ်လာစေချင်သည်။ ယခုတွင် လူတို့၏ စိတ်သဘောထားများ၌ ဘုရားသခင် ပြောင်းလဲစေချင်သည့်အရာကို သင်တို့ ရှင်းလင်းသင့်ပေသည်။ ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုပြီး အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီးဖြစ်သည်။ သူသည် သူ၏ နှုတ်ကပတ်တော်များဖြင့် လူတို့ကို ကယ်တင်ကာ လူတိုင်းကို ပြောင်းလဲချင်သည်။ ဘုရားသခင်က သူ စုံလင်စေသည့်လူများအား မည်သည့် ပုံသဏ္ဌာန် ရှိစေလိုသည့်အကြောင်းကို သင်တို့ တွေးဖူးကြသလော။ ညီအစ်ကို မောင်နှမများစွာက၊ “အချိန်ကာလအတော်ကြာ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီးဖြစ်သော်လည်း၊ အပြင်ပန်း ကိစ္စရပ်များ၏ ဘောင်ခတ်ခြင်းကို ကျွန်ုပ် ခံနေရဆဲဖြစ်သည်”ဟု ပြောသည်ကို ငါ ကြားသည်။ ညီအစ်မအချို့က၊ “ဘာသာတရားမရှိသူများ ဝတ်ဆင်နေသည်ကို ငါ မြင်ရသည့် အဝတ်အစားများကို ငါ ဝတ်ဆင်လိုပြီး လှပစွာ ဝတ်စားဆင်ယင်သည်ကို ငါ မြင်ရသူတိုင်းအား နောက်ထပ် အနည်းငယ် ကြည့်ချင်သည်”ဟု ပြောကြသည်။ ညီအစ်ကို အချို့က၊ “ကြွယ်ဝသော၊ ချမ်းသာသော မိသားစုများကို ကျွန်ုပ်မြင်ပြီး၊ ကျွန်ုပ်လည်း ငွေရှာချင်သည်။ လှပသည့် မိန်းကလေးတစ်ဦးကို ကျွန်ုပ်မြင်သည့်အခါ၊ သူ့ကို နောက်ထပ် ကြည့်ချင်ပြီး၊ ကျွန်ုပ်ကို သဘောမကျစေသည့် မည်သည့်အရာကိုမဆို မြင်သည့်အခါတိုင်း ဒေါသထွက်ချင်သည်။ ကျွန်ုပ်၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မပြောင်းလဲသေးသကဲ့သို့ အမှုအရာများ ကျွန်ုပ်အပေါ် ကျရောက်သည့်အခါ၊ ကျွန်ုပ်၏ စိတ်ကူးကို အမြဲ အထိန်းအကွပ်မဲ့စေသည်။ ဤအရာများကို ကျွန်ုပ် အဘယ်သို့ ထိန်းချုပ်နိုင်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ် ပြောင်းလဲနိုင်လိမ့်မည်နည်း”ဟု ပြောကြသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင်တို့ နားမလည်ကြကြောင်း ငါ့ကို ပြောစေသည်မှာ ဤအယူအဆများဖြစ်သည်။ သင်တို့သည် သင်တို့၏ အပြုအမူ၊ သင်တို့၏ အပြင်ပန်း လုပ်ရပ်များနှင့် သင်တို့ ဒေါသစိတ်၊ အကျင့်စရိုက်တို့အရသာ သင်တို့ကိုယ်သင်တို့ ချုပ်ထိန်းနေကြသည်။ ဤသို့ဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် မဖြစ်နိုင်ပေ။ သင်တို့ လွတ်လပ်စွာ စကားမပြောသင့် သို့မဟုတ် သင်တို့၏ စိတ်ခံစားမှုများ ပြချင်သည့်အခါ မပြသင့် သို့မဟုတ် ဒေါသမထွက်သင့်၊ စသဖြင့် မည်သည့် ဘုရားနှုတ်ကပတ်တော်များက ပြောသနည်း။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော် ပြောသည့်အရာ ဖြစ်သလော။ သူ၏ နှုတ်ကပတ်တော်များက လူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအကြောင်း များစွာ ထုတ်ဖော်ပြပြီး၊ လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့သတိပြုမည်၊ ယင်းတို့ကို မည်သို့စွန့်ပယ်ကာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရမည်၊ စာတန်၏စွမ်းအားအောက်မှ လွတ်လာပြီးနောက် ဘုရားသခင်၏ သတ်မှတ်ချက်များကို အခြေခံ၍ ပြုမူဆောင်ရွက်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကာ ထိုအလိုတော်ကို ဖြည့်ဆည်းသည့် တစ်စုံတစ်ဦး မည်သို့ဖြစ်လာရမည်ကိုသာ ပြောပြပေသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုက မည်သည့်အရာဖြစ်သည်ဟူသည့် ကိစ္စကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဤအပြင်ပန်းလုပ်ရပ်များအပေါ် သင် ရေးကြီးခွင့်ကျယ်လုပ်လိမ့်ဦးမည်လော။ ဤအပြင်ပန်း အရေးကိစ္စအားလုံးနှင့် သင် ငြိတွယ်နေလိမ့်ဦးမည်လော။ (ငြိတွယ်မည်မဟုတ်ပါ။) စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင် နားမလည်လျှင်၊ ထိုအရာ၏ အနှစ်သာရကို သင် မည်သည့်အခါတွင်မျှ သဘောပေါက်လိမ့်မည်မဟုတ်၊ သို့မဟုတ် ထိုအရာကို စွမ်းဆောင်ရရှိလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့်၊ ဘာသာတရားမှ ပြောင်းလဲပြီးဖြစ်သည်မှာ မကြာသေးသည့်သူတို့ထဲမှ အချို့အတွက်၊ ဘုရားသခင်၌ ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်များသည် ဘာသာတရားနှင့်ဆိုင်သည့် စိတ်ကူးများနှင့် အယူအဆများမှ မပြောင်းလဲသေးပေ။ ၎င်းတို့သည် ဝိညာဉ်ရေးပြည့်ဝသည့်၊ ဘုရားတရားကိုင်းရှိုင်းသည့်၊ နှိမ့်ချပြီး၊ စိတ်ရှည်သည့် လူတစ်ဦး၊ ချစ်ခင်ဖွယ်ရာ လူ့အကြိုက်လိုက်သူတစ်ဦးနှင့် ကောင်းသော ရှမာရိတစ်ဦးဖြစ်ရန် ကြိုးစားနေကြဆဲဖြစ်သော်လည်း၊ ဤသည်မှာ ဆိုးရွားသည့် အမှားတစ်ခု ဖြစ်သည်။ သင်သည် ဤဝိညာဉ်ရေးရာပြည့်ဝသည့် လူစားမျိုးနှင့် လူ့အကြိုက်လိုက်သူဖြစ်ရန် ကြိုးစားလျှင်၊ ဝိညာဉ်ရေး သိနားလည်မှုမရှိသည့်သူတစ်ဦး ဖြစ်သည်။ လူ့အကြိုက်လိုက်သူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်သလော။ ၎င်းတို့သည် မိမိကိုယ်ကို သိသည့်အသိ စွမ်းဆောင်ရရှိပြီး၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်သလော။ သေချာပေါက် မလုပ်နိုင်ပေ။ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ရန် ကြိုးစားသည့်လူများသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည်မဟုတ်၊ မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ သိရှိကာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ အသိအမှတ်ပြုမှုကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို သင် စွမ်းဆောင်ရရှိလိုလျှင်၊ ပထမဦးစွာ ထိုအရာက မည်သည့်အရာဖြစ်ပြီး၊ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုနှင့် ကျိုးနွံနာခံခြင်းတို့က မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်။ ထို့နောက်တွင်မှ သမ္မာတရား လိုက်စားသည့် လမ်းကြောင်းပေါ် သင် အစပြုနိုင်လိမ့်မည် ဖြစ်သည်။
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ဘာသာဓလေ့များ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှုများတွင် မတည်ရှိသကဲ့သို့ မိမိ၏ အပြင်ပန်း သွင်ပြင် သို့မဟုတ် အပြင်ပန်း အပြုအမူ၊ အကျင့်စရိုက် သို့မဟုတ် စိတ်တို့ ပြောင်းလဲမှုများတွင် သာ၍ မတည်ပေ။ ထိုအရာသည် ထိုင်းသော ပင်ကိုစရိုက်မှ ဉာဏ်သွက်သော ပင်ကိုစရိုက် သို့မဟုတ် အပြန်အလှန် ပြောင်းလဲစေခြင်းအကြောင်း မဟုတ်သကဲ့သို့၊ အနေအေးသူတစ်ဦးကို အနေသွက်သူတစ်ဦးအဖြစ်သို့ သို့မဟုတ် စကားများသူတစ်ဦးကို စကားနည်းသောသူတစ်ဦးအဖြစ်သို့ ပြောင်းလဲစေခြင်းအကြောင်း မဟုတ်ပေ။ ဤသည်မှာ နည်းလမ်းမဟုတ်။ ဤသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များမှ အလွန် ခြားနားကာ အလွန် အလှမ်းဝေးနေပေသည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို စတင် ယုံကြည်သည့်အခါ၊ သမ္မာတရားကို နားမလည်သောကြောင့်၊ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အမှုအရာများကို အမြဲ လုပ်ဆောင်ကြသည်။ ဤအရာက ၎င်းတို့တွင် မှန်သည့်လမ်းကြောင်းမှ လမ်းလွဲခြင်းနှင့် စစ်မှန်သည့် မည်သည့်အရာမျှ မရရှိဘဲ မိမိတို့အချိန်၏ အချို့သော နှစ်ကာလများကို ဖြုန်းတီးမိသည့် အကျိုးဆက်ဖြစ်ပေါ်သည်။ ထိုအချိန်တွင်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု၌ သမ္မာတရား လိုက်စားသည့် လမ်းကြောင်း လျှောက်သင့်ကြောင်း ၎င်းတို့ မသိကြပေ။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၌ အရေးအကြီးဆုံးက ကယ်တင်ခြင်း ရရှိရန် သမ္မာတရား သိနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် ဤသည်မှာ အရေးအပါဆုံးသောအရာဖြစ်ကြောင်း ၎င်းတို့ သဘောမပေါက်မီတွင် နှစ်အချို့ကြာ မှားယွင်းသည့်လမ်းချိုးများကို လျှောက်ကြသည်။ ထို့နောက်တွင်မှ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် အပြင်ပန်း အပြုအမူ ပြောင်းလဲခြင်းများကို မရည်ညွှန်းကြောင်းနှင့် ထိုအစား ဘုရားသခင်က လူတို့အား မိမိတို့ကိုယ်ကိုနှင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့ကို သိနားလည်ရန်၊ လူ၏ သဘာဝ အနှစ်သာရကို သိနားလည်ခြင်းနှင့် စပ်လျဉ်း၍ အားထုတ်ကာ ဖြစ်ကြောင်းရင်းမြစ်ကို ရှာရန်အပြင်၊ ထို့နောက်တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပယ်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်ရန် တောင်းဆိုသည်။ ဤသည်မှာ မိမိ၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ယခုတွင် သင်တို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတစ်ခုမျှမရှိဘဲ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ခဲ့ရသည့် အကြောင်းရင်းနောက်ကွယ်ရှိ ဖြစ်ကြောင်းရင်းမြစ်ကို သင်တို့ သိကြပြီလော။ ယင်းမှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင် နားမလည်သကဲ့သို့ လူတို့ကို ကယ်တင်ခြင်းအားဖြင့် မည်သည့် ရလဒ်များနှင့် စံနှုန်းများအား ဘုရားသခင် စွမ်းဆောင်ရရှိလိုသည်ကို သင် မသိသောကြောင့် ဖြစ်သည်။ လူအချို့က သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို လက်ခံမည်မဟုတ်ဘဲ၊ “စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာ ဖြစ်သည်ကို ကျွန်ုပ် သိသော်လည်း၊ မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းသာ ဖြစ်သည်။ ကျွန်ုပ် လုပ်ဆောင်လိုသည့်အရာများနှင့် မှန်သည်ဟု ထင်သည့်အရာများကို ကျွန်ုပ် အမြဲ လုပ်ဆောင်သည်”ဟု ပြောကောင်းပြောနိုင်သည်။ ယေဘုယျအားဖြင့် သင် မည်သို့ ဖွဲ့ဆိုသည်ဖြစ်စေ၊ ဤသို့ စကားပြောဆိုပုံပြောဆိုနည်းက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင် နားမလည်သေးကြောင်း သက်သေပြပေသည်။ ထို့ကြောင့် သင်သည် အယူအဆနှင့် စိတ်ကူးမျိုးစုံ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို သာ၍ ပြောဆိုလေ၊ ထိုအရာက သင်နှင့် အလှမ်းဝေးလေဖြစ်သည်၊ ထိုအရာက သင်နှင့် အလှမ်းဝေးသည်ဟု ခံစားရလေဖြစ်ပြီး ထိုအရာကို သင် သာ၍ စံမီပုံမရလေ ဖြစ်သည်။ ထိုစိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် လူသားမျိုးနွယ်၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်ပြခြင်းတို့အား သာ၍ ဆွေးနွေးလေ၊ သင်၏ စိတ်သဘောထားက လုံးဝ မပြောင်းလဲသေးသကဲ့သို့ သင် ဆက်ကြိုးစားရမည်ဖြစ်ကြောင်း သာ၍ပင် သင်တို့ မခံစားရသလော။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအကြောင်းကို သင်တို့အား ငါ အဘယ်ကြောင့် မေးသနည်း။ အမှန်တွင်၊ သင်တို့ မဖြေနိုင်မည်ကို ငါ သိ၏။ လူအချို့က၊ “အို ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် အမှုအရာများကို ခက်ခဲအောင် လုပ်နေခြင်းသာ မဟုတ်လော။ ကျွန်ုပ်တို့ မဖြေနိုင်သည်ကို ကိုယ်တော်သိလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ကို မေးသနည်း”ဟု ပြောကြလိမ့်မည်။ ငါသည် သင်တို့အတွက် အမှုအရာများကို ခက်အောင် လုပ်နေခြင်းမဟုတ်။ ငါ မေးသည့် မေးခွန်းတိုင်းနှင့်ပတ်သက်၍ သင်တို့ နှလုံးသွင်းလိမ့်မည်ဟု ငါ မျှော်လင့်သည်။ ငါ မိတ်သဟာယပြုသည့် စာကြောင်း သို့မဟုတ် အကြောင်းအရာတိုင်းကို တွေးရုံမျှမတွေးဘဲ ယင်းတို့ကို သင် နားလည်ပုံရသည်နှင့် ထိုကိစ္စရပ်ကို သေချာချင့်ချိန်စဉ်းစားကြလော့။ ယခုတွင် ငါ မိတ်သဟာယပြုသည့် စာကြောင်းတိုင်းနှင့် အကြောင်းအရာကဏ္ဍတိုင်းသည် အနာဂတ်တွင် သင် ဖြတ်သန်းရမည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထိုအရာ၏ မည်သည့်အစိတ်အပိုင်းကိုမျှ ချန်လှပ်ထား၍ မရသကဲ့သို့၊ ဤသည်တို့မှာ သင်တို့ အခြေခံအားဖြင့် မပိုင်ဆိုင်ကြသည့်အရာများသာ ဖြစ်သည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကို သုံးသပ်ကာ သင်တို့ စိတ်နှလုံးများတွင် လူ့အယူအဆများနှင့် စိတ်ကူးများ တစ်ခုတလေ ရှိမရှိဟူသည်ကို ဆန်းစစ်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် သင်တို့ကို ငါ တောင်းဆို၏။ ဘုရားသခင်ကို ယုံကြည်မှုအား သင်၏ချဉ်းကပ်နည်းတွင် လူသား အယူအဆတစ်ခုတလေ သို့မဟုတ် မှားယွင်းသည့် အတွေးများနှင့် စိတ်ကူးများ တစ်ခုတလေ ရှိမရှိကို သင် သေချာစွာ သုံးသပ်သင့်သည်။ အမှန်တွင်၊ လူတို့အားလုံး၌ မိမိတို့ကိုယ်ပိုင် စိတ်များနှင့် အတွေးများရှိပြီး၊ ဘုရားသခင်ကို ယုံကြည်မှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များက ခြွင်းချက်မဟုတ်ပေ။ ထို့ကြောင့် ဤအတွေးများနှင့် အယူအဆများ၏ အနှစ်သာရကို သင် ဆန်းစစ်ရမည်။ ယခု၊ ငါတို့၏ စုဝေးပွဲများတွင် ဘာသာရေးလောက၌ လူတို့ လုပ်ဆောင်သကဲ့သို့ လုပ်ရိုးလုပ်စဉ်များကို ငါတို့ မဖြတ်သန်းကြပေ။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ တရားဒေသနာများကို နားထောင်ခြင်းနှင့် ထိုမျှသာဖြစ်သည်။ ထိုအရာမှာ ထိုမျှရိုးရှင်းနိုင်သလော။ မရိုးရှင်းနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ငါတို့ ယခု ဆွေးနွေးကြသည့် အကြောင်းအရာများသည် လူသား အကြောင်းအရာများအားလုံးထဲတွင် အမြင့်မားဆုံးဖြစ်ပြီး၊ အခြားမည်သည့်အရာမဆိုထက် သာ၍ အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ငါတို့ ယခု ပြောဆိုသည့် အကြောင်းအရာများသည် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်နှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသော ဘုရားသခင်က လူအတွက် ရှိထားသည့် သတ်မှတ်ချက်များနှင့် သက်ဆိုင်သောကြောင့်ဖြစ်သည်။ ဤအကြောင်းအရာ အမျိုးအစားများကို ငါတို့ လေ့လာစူးစမ်းကြပြီး ထိုအရာများနှင့်ပတ်သက်၍ နေ့စဉ် မိတ်သဟာယပြုကြသော်လည်း၊ ယခုတွင်ပင် ယင်းတို့ကို အလွန်ပင် နားမလည်သည့်သူများ ရှိကောင်းရှိနိုင်သည်။ ဤအကြောင်းအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း ငါတို့ မပြီးသေးသကဲ့သို့ ယင်းတို့ထဲမှ တစ်ခုကိုမျှ အပြည့်အဝ မဖော်ပြ သို့မဟုတ် ရှင်းပြ၍မရနိုင်ပေ။ ထို့ကြောင့် ဘဝနှင့်ဆိုင်သည့် ကိစ္စရပ်များက လူတို့ စိတ်ကူးသလောက် မရိုးရှင်းပေ။ ထိုအရာမှာ ပိုများသည့် တရားဒေသနာများကို နားထောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ပိုဖတ်ရှုခြင်း၊ မှတ်စုများ ပိုမိုပြုလုပ်ခြင်းနှင့် ထို့နောက်တွင် ကျော်ကြားသည့် စကားရပ်အချို့ကို အလွတ်ကျက်မှတ်ခြင်းနှင့် ထိုအရာများကို စုဝေးပွဲများ၌ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုရန် အသုံးပြုခြင်း ကိစ္စမျှသာ မဟုတ်ပေ။ ထိုမျှ မရိုးရှင်းပေ။ သင်သည် ဘုရားသခင် ပြောဆိုသည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို အာရုံစိုက်ရမည်၊ နားလည်ရမည်ဖြစ်ပြီး၊ ဤသည်တို့မှာ ကယ်တင်ခြင်း ရရှိရန် ကြိုးစားသူတိုင်း မိမိတို့ကိုယ်ကို ပြင်ဆင်ရမည့် သမ္မာတရားများလည်း ဖြစ်ပေသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် ဘုရားသခင်က လူတို့အား အဘယ်ကြောင့် တောင်းဆိုသည်ကို သင် နားလည်လျှင်၊ ဤအရာကို သင်၏ စိတ်နှလုံးတွင် အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် ကြိုးပမ်းလိမ့်မည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင် ရှင်းလင်းစွာ မမြင်နိုင်လျှင်၊ သင်သည် သမ္မာတရားကို ချစ်လိမ့်မည်မဟုတ်၊ အာရုံစိုက်လိမ့်မည်မဟုတ်။ ပြောင်းပြန်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို စိတ်ဝင်စားမှုရှိလိမ့်မည် မဟုတ်။ ထို့ကြောင့် ထိုသမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရားအတွက် ဆာငတ်သူများကို ဘုရားသခင် ဉာဏ်အလင်းပေးပြီး၊ ထိုသမ္မာတရားကို မလိုက်စားသောသူတို့ထံမှ သူ ပုန်းကွယ်သည်။ သင့်ထံတွင် တောင့်တ၊ ရှာဖွေသည့် စိတ်နှလုံးရှိလျှင်၊ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်၊ သင့်အပေါ် အမှုပြုလိမ့်မည်ဖြစ်ပြီး ဖြည်းဖြည်းချင်း၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို ရှင်းလင်းစွာ နားလည်စေလိမ့်မည်ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့်ဆိုင်သည့် အကြောင်းအရာက အရေးကြီးသည်ဟု သင်တို့ ထင်ကြသလော။ (အရေးကြီးပါသည်။) မုချ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယခု သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားလည်ရန် အရေးပေါ် လိုအပ်သောကြောင့် ဖြစ်သည်။ သင်တို့တွင် သမ္မာတရား မရှိမည်ကို၊ သင်တို့ မပြောင်းလဲသေးမည်ကိုလည်းကောင်း၊ ကပ်ဘေးများ ရိုက်ခတ်သည့်အခါ စွန့်ပစ်ခံရမည်ကိုလည်းကောင်း သင်တို့ ကြောက်ရွံ့ကြပြီး၊ ကပ်ဘေးများထဲသို့ ကျရောက်ပြီး ထိုအထဲတွင် ဆင်းရဲဒုက္ခခံရမည်ကို သင်တို့ ကြောက်ရွံ့ကြသည်။ လူအချို့သည် ယခု အလွန်နည်းပါးသည့် သမ္မာတရားကို နားလည်ပြီး၊ အနာဂတ်တွင် ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးသည့်အခါ ၎င်းတို့သည် ထစ်ငေါ့ကာ ခိုင်မာစွာ မရပ်တည်နိုင်ဘဲ ၎င်းတို့၏ ယခင်အားထုတ်မှုများအားလုံး အချည်းနှီးဖြစ်မည်ကို ကြောက်ရွံ့ကြသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင့်အမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်သောကြောင့်၊ ဤအဆင့်တွင် လူတို့ ကယ်တင်ခြင်း မရနိုင်ပါက၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက လုံးဝ ကျရှုံးပြီးဖြစ်လိမ့်မည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းအသက်တာက ဇာတ်သိမ်းသွားလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့ ဖျက်ဆီးခံရကြလိမ့်မည်ဖြစ်သည်။
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို သင် စွမ်းဆောင်ရရှိလိုလျှင်၊ ပထမဦးစွာ ထိုအရာက မည်သည့်အရာဖြစ်သည်ကို သင် နားလည်ရမည်။ လူအချို့က ၎င်းတို့၏ အယူအဆများဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်မည်ကို စိတ်ကူးသည့်အကြောင်းအား ယခုတင် ငါ ပြောဆိုခဲ့ပြီး၊ ဤလူများ၏ ပြောဆိုချက်များနှင့် အမြင်များက မမှန်ကန်ကြောင်း၊ မှားယွင်းပြီး၊ ဘုရားသခင် တောင်းဆိုသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် သဟဇာတမဖြစ်ကြောင်းကို သင်တို့အားလုံး သဘောတူခဲ့ကြသည်။ ဤသို့ဆိုလျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို သင်တို့ မည်သို့ နားလည်သင့်ကြသနည်း။ ထိုအရာကို မည်သို့ ရရှိသင့်ကြသနည်း။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စမဟုတ်ပေ။ သင်သည် ပထမဆုံး ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး သဘောပေါက်နားလည်နိုင်သည့်အစွမ်းကို ပိုင်ဆိုင်ရမည်။ ဤအစွမ်းအစကို သင်မပိုင်ဆိုင်လျှင်၊ သမ္မာတရားကို သင် နားလည်နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် မိမိကိုယ်ကို သိရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော ပြောင်းလဲမှုတစ်ခုကို သင် စွမ်းဆောင်ရရှိလိုလျှင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် အသိရှိရမည်ဖြစ်ပြီး၊ သင်၏ အမျိုးမျိုးသော မှားယွင်းပြီးအဓိပ္ပာယ်မဲ့သည့် အတွေးများ၊ ရှုထောင့်အမြင်များ၊ အပြုအမူများနှင့် သရုပ်သကန်များကို ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ သိမြင်ရမည်။ သင်၏ အခြေအနေကို ဘုရားနှုတ်ကပတ်တော်နှင့် ယှဉ်ကြည့်ရမည်ဖြစ်ပြီး၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်လာရမည်ဖြစ်ပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သစ္စာဖောက်သည့်အရာတစ်ခုဖြစ်ကာ သူ ရွံရှာသည့် အရာတစ်ခုဖြစ်သည်ကို သင် ရှင်းလင်းစွာ မြင်နိုင်ရမည်။ ဤသို့ဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖယ်ရှားနိုင်လိမ့်မည်ဖြစ်ကာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို တဖြည်းဖြည်း စွမ်းဆောင်ရရှိနိုင်လိမ့်မည်။ ငါ့ကို ပြောလော့၊ လူသားမျိုးနွယ်သည် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးပြီးဖြစ်သည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို လက်မခံလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်နိုင်ကြလိမ့်မည်လော။ လူသားမျိုးနွယ်၏ နက်နဲသော ဖောက်ပြန်ပျက်စီးခြင်း၏ စစ်မှန်မှုကို ၎င်းတို့ မြင်နိုင်ကြလိမ့်မည်လော။ ဖောက်ပြန်ပျက်စီးသော လူအားလုံးသည် ပညာရေးကို ထောက်ခံကြသည်၊ ၎င်းတို့အားလုံးက အသိပညာကို လက်ခံကာ ပြိုင်ဆိုင်ကြသည့်တိုင်၊ လူ့လောကသည် တရွေ့ရွေ့ ပိုမိုမှောင်မိုက်ပြီး ပိုမိုဆိုးယုတ်နေသည်။ ဤအမှောင်၏ စွမ်းအားမှ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သူမှာ အဘယ်သူနည်း။ ထို့ကြောင့် သင်သည် ဘုရားနှုတ်ကပတ်တော်ကို စွန့်ပြီး၊ သူ၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းတို့ကို လက်မခံလျှင်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန်နှင့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ လူအချို့က၊ “လူတို့ကို တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းအကြောင်း ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် မဖတ်ချင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို ဖတ်ရှုခြင်းက စိတ်နှလုံးကို နာကျင်စေပြီး မသက်မသာဖြစ်စေသည်”ဟု ပြောကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ဤသို့ ချဉ်းကပ်ခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြလိမ့်မည်လော။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်လော။ လူသားမျိုးနွယ်ကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည့် ဘုရားနှုတ်ကပတ်တော်များကို သင် မဖတ်လိုလျှင် ကိစ္စမရှိပေ။ ဘုရားအိမ်တော်တွင် သင့်အတွက် ကြည့်ရှုကာ သင်ယူရန် ဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းများအပြင်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများရှိသောကြောင့် ဖြစ်သည်။ ထိုဓမ္မတေးသီးချင်းများကို သင်ယူပြီး အလွတ်ကျက်မှတ်ရန် လွယ်ကူစေသည့် တေးသွားများဖြင့် ပြင်ဆင်ထားသောကြောင့် ထိုဓမ္မတေးများကို သာ၍ သီဆိုလော့။ ဤဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းများကို ဤသို့ သီဆိုရန် သင်ယူခြင်းက ရလဒ်များ ဖြစ်စေလိမ့်မည်ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်အချို့ကို မှတ်မိရန် သင့်အတွက် လွယ်ကူလိမ့်မည်။ ဤနှုတ်ကပတ်တော်များဖြင့် သင်၏ သမ္မာတရား စိတ်ဝင်စားမှုကို လှုံ့ဆော်လော့။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင်ပင် လူတို့၏ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန် လိုအပ်နေသည်။ ငါ့ကို ပြောလော့၊ လူတို့က မိမိတို့၏ စိတ်ဝင်စားမှုကို ဓမ္မတေးသီချင်းများမှတစ်ဆင့် လှုံ့ဆော်ပေးရမည်ဖြစ်သည်မှာ လူသားမျိုးနွယ်က ဘုရားသခင်၏ သတ်မှတ်ချက်များမှ မည်မျှ ခြားနားနေလေသနည်း။ ဤအရာက လူသားမျိုးနွယ်သည် သမ္မာတရားကို အမှန်တကယ် မချစ်ကြောင်း သက်သေပြသည်။ ဘုရားနှုတ်ကပတ်တော်များကို အလွန် ကောင်းမွန်စွာ ပြောဆိုထားပြီး၊ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို မိတ်သဟာယပြုနေသည်ဖြစ်စေ၊ ယင်းတို့သည် အစမှ အဆုံးထိ လူအတွက် အကျိုးရှိသော်လည်း လူတို့သည် ယင်းတို့ကို မစားမသောက်လိုဘဲရှိကြဆဲဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ သတ်မှတ်ချက်များမှ အမှန်တကယ် အလွန် ခြားနားလွန်းလှပေသည်။ ဤသို့ဆိုလျှင် ဤအခြေအနေနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ပထမဆုံးအနေဖြင့်၊ သင်သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်အချိန်တိုင်း ဘုရားသခင်ထံ ဆုတောင်းကာ “အို ဘုရားသခင်၊ ကပ်ဘေးများထဲ ကျရောက်ခြင်းကို ကျွန်ုပ် ကြောက်ရွံ့သောကြောင့် စိတ်သဘောထားပြောင်းလဲခြင်းအတွက် ကျွန်ုပ် ကြိုးပမ်းပြီး ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို ရရှိလိုပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကိုလည်း ပိုမို စားသောက်ချင်သော်လည်း လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် ထိုနှုတ်ကပတ်တော်များမှာ အလွန် ပြင်းထန်သည်။ ကျွန်ုပ်ကို စိတ်နှလုံး နာကျင်စေသောကြောင့် ယင်းတို့ကို ကျွန်ုပ် ဖတ်ရှုရန် လိုလားနေခြင်း မရှိပါ။ ကျေးဇူးပြုပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နားလည်ရန်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ဘဝ လိုအပ်သည့်အရာအားလုံးဖြစ်ကြောင်းနှင့် ကျွန်ုပ် ရရှိသင့်သည့် အသက်ဖြစ်ကြောင်းကို မြင်ရန် ကျွန်ုပ်ကို ဉာဏ်အလင်းပေးပါ၊ မစပါ၊ တတ်စွမ်းနိုင်စေပါ”ဟု ဆိုရမည်။ ဤသို့ စစ်မှန်ရိုးသားစွာ သင် ဆုတောင်းလျက်၊ သင် မသိလိုက်ဘဲနှင့်ပင် သင့်အထဲတွင် ဘုရားသခင် အမှုပြုလိမ့်မည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သာ၍ နားလည်ရန် ပို၍ နက်နဲသည့် နည်းလမ်းတစ်ခုဖြင့် သင့်ကို သူ တဖြည်းဖြည်း ဦးဆောင်လမ်းပြလိမ့်မည်။ လူအချို့က၊ “ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် အလွန်တရာ စားသောက်ချင်ပြီး၊ အစမှ အဆုံးထိ ဖတ်ရှုပြီးဖြစ်သော်လည်း မည်သည့် သမ္မာတရားက နားလည်ရန် အရေးကြီးဆုံးဖြစ်ပြီး မည်သည့် သမ္မာတရား စစ်မှန်မှုများက ဝင်ရောက်ရန် အရေးအကြီးဆုံးဖြစ်သည် သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် မည်သို့ လိုက်စားသင့်သည်ကို ကျွန်ုပ် မသိပါ”ဟု ပြောကြသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်း၍ရနိုင်သနည်း။ ပထမဆုံးအနေဖြင့်၊ သင်သည် ဘုရားနှုတ်ကပတ်တော်များကို များစွာ ပိုမိုအားထုတ်ရမည်။ ယင်းတို့ကို အကြိမ်အနည်းငယ်မျှ ဖတ်ရှုခြင်းမျှက မလုံလောက်ပေ။ သင့်အနေဖြင့် လက်တွေ့ အတွေ့အကြုံရှိသည်အထိ ယင်းတို့ကို သေချာစွာ အကြိမ်များစွာ ဖတ်ရှုရမည်၊ ယင်းတို့ကို မကြာခဏ တွေးဆကာ မိတ်သဟာယပြုရမည်။ သင်၏ အသက်တာတွင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရမည်။ ထို့နောက်တွင်မှ သမ္မာတရားကို သင် နားလည်နိုင်ပေသည်။ ထို့အပြင်၊ အချို့သော အကြောင်းအရာများနှင့်ပတ်သက်၍ သင် ရှင်းလင်းစွာ မိတ်သဟာယမပြုနိုင်လျှင်၊ သင် မိတ်သဟာယပြုနိုင်သည့် မည်သည့်အတိုင်းအတာထိမဆိုသာ မိတ်သဟာယပြုလော့။ ယခုအချိန်တွင် သင် ရှင်းလင်းစွာ အမှန်တကယ် မိတ်သဟာယမပြုနိုင်သည့် အကြောင်းအရာများကို ဘေးဖယ်ထားလော့။ ပထမဆုံးအနေဖြင့် ပေါ့တန်သည့်အရာမှသည် နက်နဲသည့်အရာ၊ သင်တို့အတွက် နားလည်ရန် လွယ်ကူသည့် အရာများနှင့် သင်တို့၏ လက်ရှိ အတွေ့အကြုံအဆင့်က လက်လှမ်းမီနိုင်သည့် အရာများကို မိတ်သဟာယပြုရန် ရွေးချယ်လော့။ အသက်ဝင်ရောက်မှုသည် ရိုးရှင်းသည့် ကိစ္စတစ်ခုမဟုတ်သကဲ့သို့ သုံးနှစ် သို့မဟုတ် ငါးနှစ်မျှသာ ယုံကြည်ပြီးနောက် နက်ရှိုင်းစွာ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ ထိုအရာမှာ အရွယ်ရောက်သူတစ်ဦး ဖြစ်လာသည့် ဖြစ်စဉ်နှင့် အတူတူပင် ဖြစ်သည်။ ကလေးဘဝမှ တစ်စတစ်စ အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာပြီးနောက် လူကြီးတစ်ဦး ဖြစ်လာသည်အထိ တဖြည်းဖြည်း ကြီးထွားခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း ဤသို့ နှစ်ပေါင်းများစွာ တွေ့ကြုံခြင်း လိုအပ်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ချစ်ခြင်းအကြောင်း သမ္မာတရားများအတွက်မူ၊ ယင်းတို့ကို တွေ့ကြုံရန် တစ်ဘဝလုံး အချိန်ကြာတတ်ပေသည်။ လူအချို့က၊ “ဘုရားနှုတ်ကပတ်တော်များကို ဤသို့ ကျွန်ုပ် စားသောက်သော်လည်း၊ ကျွန်ုပ်၏ စိတ်သဘောထားအတွက် ပြောင်းလဲမှုတစ်ခုခု ပြုလုပ်ပြီးပြီလောဟူသည်ကို ကျွန်ုပ် မည်သို့ အတိအကျ အကဲဖြတ်၍ရပါသနည်း”ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများစွာတို့သည် ဤမေးခွန်းနှင့်ပတ်သက်၍ ပူပန်ကြသည်။ ငါ့ကိုပြောလော့၊ ကလေးငယ်တစ်ဦးသည် မွေးဖွားသည်မှာ မကြာသေးဘဲ သူ၏ မိခင်က နို့တိုက်ကျွေးကာ စောင့်ရှောက်သည့်အချိန်တွင်၊ ထိုကလေးက သူ မည်သည့်အချိန်တွင် လူကြီးတစ်ဦးအဖြစ်သို့ ကြီးထွားလိမ့်မည်ကို ဂရုစိုက်သလော။ ဂရုမစိုက်သည်မှာ အမှန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ နားမလည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤမေးခွန်းကို သင် မေးရန်မလိုပေ။ ဝိညာဉ်ရင့်ကျက်မှုအရ သင် ကြီးထွားသည်အထိသာ စောင့်ဆိုင်းလော့။ ထို့နောက်တွင် သင် အလိုအလျောက် နားလည်လိမ့်မည်ဖြစ်ပြီး၊ သင် ပြောင်းလဲသင့်သည့်အချိန် ရောက်လာသည့်အခါ၊ အလိုအလျောက် ထိုသို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သင်ခန်းစာများကို သင့်အား သင်ယူစေရန် အချို့သော ပတ်ဝန်းကျင်များ သို့မဟုတ် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်လျက်၊ သင် ဖြတ်သန်းရသည့် အဆင့်တိုင်းနှင့် ကာလတိုင်းတွင် တစ်စုံတစ်ရာကို လုပ်ဆောင်လိမ့်မည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုအား အစမှ ယခုထိတိုင်၊ ပြန်စဉ်းစားလော့။ ဘုရားသခင်ကို သင် စတင်ယုံကြည်ခဲ့ချိန်က ရှိခဲ့သည့် အမြင်အမျိုးအစားများနှင့် ယခု သင်၏ အမြင်များကို နှိုင်းယှဉ်လော့။ ပြီးလျှင် သင် ပြောင်းလဲပြီးပြီလောဟူသည်ကို သင် သိရှိရလိမ့်မည်။ ယခုတွင်၊ သင်တို့အနေဖြင့် လုပ်ဆောင်ရန် အရေးအကြီးဆုံးသောအရာမှာ ဘုရားနှုတ်ကပတ်တော်များကို ပိုမို စားသောက်ရန်၊ ပိုမို မိတ်သဟာယပြုရန်၊ တရားဒေသနာများကို ပိုမို နားထောင်ရန်နှင့် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သာ၍ ကြိုးစားလုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ အလွန် အရေးပါပြီး၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းအတွက် အဓိက သတ်မှတ်ချက်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို မည်သို့ ခံစားရမည်၊ စိတ်ဝိညာဉ်အတွင်း မည်သို့ အသက်ရှင်ပြီး ဝိညာဉ်ရေးရာ ပြည့်ဝရမည်ဟူသည်တို့ကိုသာ အာရုံစိုက်လျှင် ရလဒ်များကို စွမ်းဆောင်ရရှိနိုင်သလော။ ဤအရာများအားလုံးက အဓိကမဟုတ်သောကြောင့် ယင်းတို့ကို အမြဲ အာရုံစိုက်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ သို့ဆိုလျှင် အရေးအကြီးဆုံးသောအရာမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များကို ပိုမို စားသောက်ခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင် သေချာစွာ စားသောက်ခြင်းမရှိလျှင်၊ နေ့စဉ် သင် စုဝေးလျှင်ပင် သို့မဟုတ် ဘာသာရေး အခမ်းအနားများကို ကောင်းစွာ ဦးစီးဦးရွက်ပြုလျှင်ပင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့် ထိုသမ္မာတရားကို နားလည်နိုင်မည်ပင် မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားအားလုံးက ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် ပါရှိပြီး၊ သူ၏ နှုတ်ကပတ်တော်များကို မစားသောက်လျှင် ထိုသမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သမ္မာတရားအားလုံးက ဘုရားနှုတ်ကပတ်တော်များမှလာပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင် စွန့်ခွာလျှင်၊ ဘုရားသခင်ကို စွန့်ခွာသည့်သဘောသက်ရောက်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းမှ သွေဖည်လျှင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်နေခြင်းမဟုတ်သကဲ့သို့ ဘာသာတရားမရှိသူများထဲမှ တစ်ဦးဖြစ်သည်။ ထိုအခါ၊ သင်၏ အပြုအမူက မည်မျှ ကောင်းမွန်နိုင်သည်ဖြစ်စေ၊ ကယ်တင်ခြင်းကို မည်သည့်အခါတွင်မျှ စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့်၊ ဘုရားသခင်ကို ယုံကြည်သောသူတို့အတွက်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင် ကြိုးစားလုပ်ဆောင်လျှင်၊ သင် အားထုတ်သမျှလောက် ရရှိလိမ့်မည်။ ဤအကျိုးတရားများ အတိအကျ မည်မျှ ကြီးမားသည်ကို ဂရုစိုက်ရန်မဆိုထားနှင့်၊ စစ်ဆေးရန်၊ ချိန်ဆရန်ပင် သင့်အတွက် မလိုအပ်ပေ။ ဤသည်မှာ သင်၏ တာဝန် မဟုတ်။ ဘုရားသခင်က သူ၏ အမှုကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က သင့်ကို ရှင်းပြချက်တစ်ခု ပေးလိမ့်မည်၊ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ပြီး သိခွင့်ပေးလိမ့်မည်။ ထို့ကြောင့်၊ အနာဂတ်တွင် တစ်စုံတစ်ဦးက၊ “မည်သည့် အချိန်တွင် ဘုရားသခင်က ကျွန်ုပ်ကို စစ်ဆေးလိမ့်မည်နည်း။ ကျွန်ုပ် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်လော။ ကျွန်ုပ်၏ စိတ်သဘောထားသည် အမှန်တကယ် မည်မျှ ပြောင်းလဲပြီးပြီနည်း။ ဘုရားသခင်က သေချာတိကျသည့် အဖြေတစ်ခု ကျွန်ုပ်ကို မပေးနိုင်သလော”ဟု တစ်ဖန် မေးလျှင်၊ ဤသည်မှာ တရားလွန်ဖြစ်ပြီး အကျိုးသင့်အကြောင်းသင့် မဟုတ်ပေ။ ထိုသို့သော အရာများကို စိတ်ဝင်စားရန် သင့်အတွက် မလိုအပ်ပေ။ တစ်နေ့ သင့်တွင် ဝိညာဉ်ရင့်ကျက်မှု ရှိပြီး၊ သင်၏ စိတ်သဘောထား အမှန်တကယ် ပြောင်းလဲပြီးဖြစ်သည့်အခါ၊ ဘုရားသခင် တောင်းဆိုသည့် နည်းစနစ်များကို အသုံးပြုလျက် သင့်အပေါ် ကျရောက်သည့် အခြေအနေတစ်ခုကို သင် အောင်မြင်ကျော်လွှားနိုင်လိမ့်မည်ဖြစ်ပြီး မှန်ကန်စွာ ကိုင်တွယ်နိုင်လိမ့်မည်။ ထို့နောက်တွင် သင် ပြောင်းလဲပြီးဖြစ်သည်ကို သင် သိရှိလိမ့်မည်။ ဤသည်မှာ အပြင်ပန်း ပြောင်းလဲမှုတစ်ခု မဟုတ်ဘဲ အတွင်းပိုင်း ပြောင်းလဲမှုဖြစ်ပြီး စိတ်သဘောထားနှင့် အနှစ်သာရတွင် ပြောင်းလဲခြင်းတစ်ခု ဖြစ်သည်။
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် ညတွင်းချင်း ဖြစ်ပျက်သည့်အရာတစ်ခု သို့မဟုတ် နှစ်အချို့ကြာ တွေ့ကြုံပြီးနောက် စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ လူအချို့သည် မိမိတို့၏ မကောင်းသည့် အကျင့်များကို ပြောင်းလဲရန် စတင်ချိန်တွင် မကြာခဏ ကျရှုံးပြီး ခလုတ်တိုက်ကြကာ၊ “ငါတော့ သွားပြီ။ မျှော်လင့်ချက်မဲ့ပြီ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ငါ့အတွက် မဟုတ်ပါ။ ပြောင်းလဲရန် ငါ့အတွက် မဖြစ်နိုင်ပါ။ ဤသေးငယ်သည့် အပြစ်အနာအဆာများ သို့မဟုတ် မကောင်းသည့် အကျင့်များကိုပင် ပြောင်းလဲရန် ငါ့အတွက် အလွန် ခက်ခဲလျှင်၊ ငါ၏ စိတ်သဘောထားကို ပြောင်းလဲရန် မုချ သာ၍ပင် ခက်ခဲလိမ့်မည်”ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်လာကြသည်၊ မျှော်လင့်ချက်မရှိသကဲ့သို့ ခံစားကြပြီး၊ ဘုရားနှုတ်ကပတ်တော်များကို အချိန်အတော်ကြာ စားသောက်ရန် မလိုမလားဖြစ်နေကြသည်။ တစ်ဦးတလေက ၎င်းတို့ကို ပြုပြင်သည့်အခါတိုင်းတွင်၊ ၎င်းတို့ အနှောင့်အယှက်ဖြစ်ကာ အပျက်သဘောဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မလိုမလားဖြစ်နေကြပြီး၊ သမ္မာတရားကို လုံးဝ စိတ်မဝင်စားကြပေ။ ဤသည်မှာ မည်သည့် အခြေအနေဖြစ်သနည်း။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ဤအတွေ့အကြုံမျိုး သင်တို့ထံတွင် ရှိဖူးသလော။ သင်တို့၏ အသက်အတွေ့အကြုံ ဖြစ်စဉ်တွင်၊ သင်တို့ အမြဲ အပျက်သဘောဆောင်၊ အားနည်း၊ ကျရှုံးပြီး ခလုတ်တိုက်နေမည်ကို သင်တို့ စိုးရွံ့ကြသလော။ သင် စိုးရွံ့သည်ဖြစ်စေ၊ မစိုးရွံ့သည်ဖြစ်စေ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ညတွင်းချင်း မဖြစ်သည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝ၏ တကယ့် ရင်းမြစ်မှ အစပြုကာ ထိုအရာသည် လုံးလုံးလျားလျား၊ အပြည့်အဝ ပြောင်းလဲခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးက ကင်ဆာရောဂါရပြီး အကျိတ်ဖြစ်သည့်အချိန်ကဲ့သို့ ဖြစ်သည်။ အကျိတ်ကို ဖယ်ရှားရန် ထိုသူကို ခွဲစိတ်ရမည်။ ဆင်းရဲဒုက္ခများစွာကို သည်းညည်းခံရမည်ဖြစ်ပြီး ထိုအရာသည် အလွန် ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း ဖြစ်စဉ်တွင်၊ သမ္မာတရား အနည်းငယ်ကို သိနားလည်ခြင်း သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ သွင်ပြင်လက္ခဏာတစ်ခုကို စွမ်းဆောင်ရရှိခြင်း မရှိမီ အမှုအရာများစွာကို သင် ဖြတ်သန်းကောင်းဖြတ်သန်းရနိုင်သည် သို့မဟုတ် နောက်ဆုံးတွင် အပြောင်းအလဲ အနည်းငယ် မရရှိမီ သင်သည် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် မတူကွဲပြားသော ပတ်ဝန်းကျင် များစွာကို တွေ့ကြုံကောင်းတွေ့ကြုံနိုင်ပြီး မှားယွင်းသည့် လမ်းချိုးများစွာကို ပြုလုပ်ကောင်းပြုလုပ်နေနိုင်သည်။ ဤပြောင်းလဲခြင်းသည် မည်မျှ ကြီးမားသည်ဖြစ်စေ တန်ဖိုးရှိပြီး၊ ထိုအတွက် သင်က များစွာ ဆင်းရဲဒုက္ခခံခဲ့ရပြီး ကြီးမားသည့် အဖိုးအခပေးခဲ့သောကြောင့် ဘုရားသခင်၏ အမြင်တွင် ထိုအရာသည် မြတ်နိုးတန်ဖိုးထားခံရကာ ဂုဏ်ပြုခြင်းခံရလေသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံး အတွင်းပိုင်းနေရာများကို စိစစ်သည်၊ ၎င်းတို့၏ အတွေးများနှင့် ဆန္ဒများအပြင် ၎င်းတို့၏ အားနည်းချက်များကိုလည်း သိရှိသည်။ သို့သော် အားလုံးထဲတွင် ၎င်းတို့ လိုအပ်သည့်အရာကို ဘုရားသခင် အသိဆုံးဖြစ်သည်။ လက်တွေ့ကျသည့် ဘုရားသခင်နောက်လိုက်ရန် ငါတို့တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိရမည်။ မည်မျှ ကြီးမားသည့် ပတ်ဝန်းကျင်များကို ငါတို့ ကြုံရသည်ဖြစ်စေ၊ မည်သည့် အခက်အခဲမျိုးများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ငါတို့ မည်မျှ အားနည်း၊ အပျက်သဘောဆောင်ကြသည်ဖြစ်စေ၊ ငါတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များတွင် ငါတို့ ယုံကြည်ခြင်း ပျောက်ဆုံး၍မရပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ ကတိတစ်ခုကို ပြုပြီးဖြစ်ကာ လူတို့အနေဖြင့် ထိုအရာကို သယ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက်၊ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လတို့ လိုအပ်သည်။ ဘုရားသခင်သည် သူရဲဘောနည်းသူများကို မနှစ်သက်ပေ။ စိတ်ပိုင်းဖြတ်ချက်ရှိသည့်လူများကို သူ နှစ်သက်သည်။ သင်သည် ဖောက်ပြန်ပျက်စီးမှုများစွာ ထုတ်ဖော်ပြပြီးလျှင်ပင်၊ မှားယွင်းသည့် လမ်းကြောင်းကို ကြိမ်ဖန်များစွာ လျှောက်ပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ပြစ်မှားမှုများစွာ ကျူးလွန်ပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ဘာသာတရားအတွင်းမှ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီးဖြစ်လျှင်ပင် သို့မဟုတ် သင်၏ စိတ်နှလုံးတွင် သူ့အပေါ် ပြစ်မှားစော်ကားမှု စသည်ဖြင့် သိုထားပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်က ထိုအရာအားလုံးတို့ကို လုံးဝ မကြည့်ပေ။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုသည်နှင့် တစ်နေ့တွင် ထိုသူသည် ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်ကိုသာ ဘုရားသခင် ကြည့်သည်။ သမ္မာကျမ်းစာတွင် ပျောက်သောသား ပြန်လာခြင်း အကြောင်း ဇာတ်လမ်းတစ်ခု ပါရှိသည်။ သခင်ယေရှုက ဤပုံဥပမာကို အဘယ့်ကြောင့် အသုံးပြုခဲ့သနည်း။ ယင်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ရိုးသားသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် လူများအား နောင်တရပြီးပြောင်းလဲဖို့ အခွင့်အရေး ပေးသည်ကိုလည်းကောင်း လူတို့နားလည်စေရန် ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် ဘုရားသခင်သည် လူများကို နားလည်ပြီး၊ ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာတို့ကို ကောင်းစွာသိသည်။ လူတို့သည် လဲကျပြီး ရှုံးနိမ့်မည်ကို သူသိထားသည်။ လမ်းလျှောက်သင်နေသည့် ကလေးကဲ့သို့ ဖြစ်သည်။ သူသည် ခန္ဓာကိုယ် မည်မျှသန်စွမ်းပါစေ၊ လဲကျပြီး ယိမ်းယိုင်သည့်အချိန်များ၊ အရာဝတ္ထုများကို တိုက်မိပြီး လဲသည့်အချိန်များ ရှိပေလိမ့်မည်။ မိခင်တစ်ဦးက သူ၏ ကလေးကို နားလည်သည့်ပုံစံအတိုင်း လူတိုင်းကို ဘုရားသခင် နားလည်သည်။ လူတစ်ဦးစီ၏ အခက်အခဲများ၊ ၎င်းတို့၏ အားနည်းချက်များနှင့် လိုအပ်ချက်များကို သူနားလည်သည်။ ထိုထက်သာ၍ပင်၊ လူတို့က ၎င်းတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်တွင် မည်သည့် အခက်အခဲများ၊ အားနည်းချက်များနှင့် ကျရှုံးမှုများ ရင်ဆိုင်ရလိမ့်မည်ကို ဘုရားသခင် နားလည်သည်။ ဤသည်တို့မှာ ဘုရားသခင်က အကောင်းဆုံး နားလည်သည့်အရာများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့ စိတ်နှလုံးများ၏ အတွင်းပိုင်းနေရာများကို စိစစ်သည်ဟု ဆိုလိုပေသည်။ သင် မည်မျှ အားနည်းသည်ဖြစ်စေ၊ ဘုရားသခင်၏ နာမကို သင် မစွန့်ပယ်သရွေ့၊ သို့မဟုတ် သူနှင့် ဤလမ်းခရီးတို့ကို မစွန့်ခွာသရွေ့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် သင့်တွင် အခွင့်အရေး အမြဲ ရှိလိမ့်မည်။ သင့်ထံတွင် ဤအခွင့်အရေးရှိလျှင်၊ ရှင်သန်ရဖို့ မျှော်လင့်ချက်ရှိပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် ရှိပေသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်ပြီး၊ ထိုအတွက် မည်သည့် ဖြစ်စဉ်မျိုး လိုအပ်သည်ကို ငါတို့ နားလည်သည့်အခါ၊ ငါတို့ မကြောက်ရွံ့သင့်ဘဲ ယုံကြည်ခြင်းရှိသင့်ကာ ဘုရားသခင်ရှေ့မှောက်တွင်၊ “အို ဘုရားသခင်။ ကျွန်ုပ် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးပါသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို မဆိုထားနှင့်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကိုပင် ကျွန်ုပ် မသိပါ။ ကိုယ်တော်၏ ကယ်တင်ခြင်းကို ကျွန်ုပ် အမှန်တကယ် လိုအပ်ပါသည်၊ ပြီးလျှင် ကျွန်ုပ် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မည်သို့ နားလည်ကာ လက်တွေ့လုပ်ဆောင်ရမည်၊ ထိုနှုတ်ကပတ်တော်များမှ အသိပညာနှင့် အတွေ့အကြုံကို မည်သို့ ရရှိကာ ထိုသို့ဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်၏ ဘဝထဲသို့ မည်သို့ ယူဆောင်ရမည်ဆိုသည်နှင့် ကျွန်ုပ်၏ စကားနှင့် လုပ်ရပ်တိုင်း၊ ကျွန်ုပ်၏ လှုပ်ရှားမှုတစ်ခုစီတိုင်းတွင်၊ ကျွန်ုပ်၏ ရည်ရွယ်ချက်အားလုံးနှင့် ကျွန်ုပ် လုပ်ဆောင်သမျှတိုင်းတွင် ကိုယ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို မည်သို့ ရှိရမည်ဟူသည်တို့ကို သိရှိကောင်းသိရှိနိုင်ရန်အလို့ငှာ ကိုယ်တော် ကျွန်ုပ်ကို ကူညီကာ ထောက်ပံ့ပေးရန်အတွက် ကျွန်ုပ် အမှန်တကယ် လိုအပ်ပါသည်။ ဤအရာအတွက် ကျွန်ုပ် မျှော်လင့်ပါသည်၊ ဤအရာအတွက် ကျွန်ုပ် ဆာငတ်ပါသည်။ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ပုံမှန်လူ့သဘာဝနှင့် စစ်မှန်သော လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ ကျွန်ုပ် တောင့်တပါသည်။ သို့ရာတွင် ဤအရာကို ကျွန်ုပ် မစွမ်းဆောင်မရရှိနိုင်သေးပါ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အလွန်ကြီးမားနေသေးသည်မှာ ထိုအရာကို ကျွန်ုပ်ဘာသာပင်လျှင် နားလည်သဘောပေါက်ခြင်း မရှိပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ထုတ်ဖော်ပါ၊ ကျွန်ုပ်အတွက် ကူညီမစပြီး ထောက်ပံ့ပေးတော်မူပါ။ ဤသည်မှာ ယခု ကျွန်ုပ် လိုအပ်သည့်အရာ ဖြစ်ပါသည်”ဟု ဆုတောင်းသင့်သည်။ သင်သည် ဤဆုတောင်းခြင်းမျိုးနှင့် ဤစိတ်ပိုင်းဖြတ်ချက်မျိုး ရှိသင့်သည်။ ဤကဲ့သို့ ဆုတောင်းပြီးနောက်တွင်၊ သင်၏ စိတ်နှလုံးနှင့် သင်၏ ဘဝသည် သင် သိပင်မသိလိုက်ဘဲ ပြောင်းလဲသွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သင် ဆုတောင်းပြီး ရှာဖွေပုံက သင်၏ စိတ်ပိုင်းဖြတ်ချက်တွင်လည်းကောင်း၊ သင်၏ စိတ်ပိုင်းဖြတ်ချက်ကို ဘုရားသခင် ဖြည့်ဆည်းပုံတွင်လည်းကောင်း ထင်ဟပ်နေသောကြောင့် ဖြစ်သည်။ ကျရှုံးမှုကို သင် အမြဲ ကြောက်ရွံ့နေလျှင် အဆင်ပြေမည်မဟုတ်။ မည်သည့်အရာမဆို သင့်ထံ အမှန်တကယ် မဖြစ်ပျက်မီတွင် ကြောက်ရွံ့တတ်လာခြင်းက သင်သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ပတ်သက်လာသည့်အခါ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်း ကင်းမဲ့သည်ကိုသာ သက်သေပြပေသည်။ ပထမဆုံးအနေဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ညတွင်းချင်း မဖြစ်သည်ကို သင် နားလည်ရမည်။ လူသားမျိုးနွယ်သည် ညတွင်းချင်း စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည်ဟု သင် ထင်သလော။ မဟုတ်ပေ၊ လူတို့သည် ထောင်စုနှစ်များကြာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်။ ၎င်းတို့၏ စာတန်ဆန်သော သဘာဝသည် လုံးလုံးလျားလျား ဖော်ထုတ်ခံရနှင့်ပြီးဖြစ်ကာ ၎င်းတို့ မထိန်းချုပ်နိုင်သည့်အဆင့်သို့လည်းကောင်း၊ ၎င်းတို့၏ ပင်ကို ထုတ်ဖော်မှုများက စာတန်၏ ထုတ်ဖော်မှုများထက် ပိုလွန်သည့်အဆင့်သို့လည်းကောင်း တိုးပွားလာပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်သည့် အဆင့်နှင့် တစ်စုံတစ်ရာက သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်ထံမှ လာသောအရာ ဖြစ်ကြောင်း ၎င်းတို့ ကြားသည့်အခါတိုင်းတွင် စိတ်မဝင်စား၊ ပစ်ပစ်ခါခါငြင်းပြီး စက်ဆုပ်သည့်အဆင့်ထိ ရောက်ရှိပြီးဖြစ်သည်။ လူတို့သည် ထိုသို့သော အတိုင်းအတာတစ်ခုထိ ဖောက်ပြန်ပျက်စီးကာ ထုံထိုင်းကြသည်။ ထို့ကြောင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် မဆိုထားနှင့်၊ သမ္မာတရားကို နားလည်ရန်ပင် ၎င်းတို့ အတွက် မလွယ်ကူပေ။ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် မိမိ၏ အပြုအမူကို ပြောင်းလဲခြင်းလောက် မရိုးရှင်းပေ။ ထို့ကြောင့် ငါတို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့်ဆိုင်သည့် ဤကိစ္စရပ်အပေါ် မှန်ကန်သည့် သိနားလည်မှု ရှိရမည်ဖြစ်ပြီး၊ မှန်ကန်သည့် သဘောထားဖြင့် ချဉ်းကပ်ရမည်ဖြစ်သည်။ အထိန်းအကွပ်မဲ့သည့် ထွေရာစိတ်ကူးများတွင် ငါတို့ မွေ့လျော်၍ မရသကဲ့သို့၊ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို တစ်လျှောက်လုံး စားသောက်နေခဲ့သည်။ ဘုရားသခင်က နောက်ထပ် အမှုအနည်းငယ်မျှသာ ပြုပြီး၊ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာအချို့ကို ပြုမည်ဆိုလျှင် ကျွန်ုပ် ပြောင်းလဲသွားမည် မဟုတ်လော”ဟု ပြော၍ မရပေ။ ဤသည်မှာ လက်တွေ့မကျသည့် အမြင်ဖြစ်ပြီး၊ လူသား စိတ်ကူးတစ်ခု ဖြစ်သည်။ ငါတို့သည် လူသား အယူအဆများနှင့် စိတ်ကူးများနောက် လိုက်လျှင်၊ လူတို့ကို စမ်းသပ်ကာ စစ်ဆေးရန်မဆိုထားနှင့်၊ သူ၏ တရားစီရင်ခြင်းအမှုပြုရန် ဘုရားသခင်အတွက် လိုအပ်မည်မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပြသည့် အလွန်များသော နှုတ်ကပတ်တော်များကို ဖော်ပြရန် သူ့အတွက် လိုအပ်မည် မဟုတ်ပေ။ ငါ့ကို ပြောလော့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင်၊ စာတန်ကို အနိုင်ယူရန်အလို့ငှာ သူသည် လူသားမျိုးနွယ်ကို ကယ်တင်သလော သို့မဟုတ် လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ စာတန်ကို သူ တိုက်ခိုက်သလော။ (လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ စာတန်ကို သူ တိုက်ခိုက်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏။ ငါတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အပေါ် မှန်ကန်တိကျသည့် သိနားလည်မှု ရှိရမည်ဖြစ်သည်။ ထို့ကြောင့်၊ အနာဂတ်တွင်၊ “ဘုရားသခင်က အဘယ်ကြောင့် စာတန်ကို မဖျက်စီးလိုက်သနည်း”ဟူသော မိုက်မဲသည့် ပြောဆိုချက်ကို မမြွက်ဆိုနှင့်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ၊ ငါတို့ကို ကယ်တင်ရန်အလို့ငှာ ဘုရားသခင်က အလွန်များသည့် သမ္မာတရားများကို ဖော်ပြမည်လော။ ယခု အလွန်များသည့် သမ္မာတရားများကို ငါတို့ ရရှိပြီးဖြစ်မည်လော။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်သည် မည်သည့်အခါတွင်မျှ ထွက်ပေါ်မည်မဟုတ်သကဲ့သို့၊ နောက်ဆုံးသော ကာလရှိ ဤလူတစ်စုကို ကျန်ရှိသည့်သူများဖြစ်လာရန် စုံလင်စေဖို့ ဘုရားသခင် စီစဉ်ခဲ့မည်မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ပြီး လူတစ်စုကို ရရှိရန်အတွက် စာတန်ကို တိုက်ပွဲဝင်သည်။ စာတန်ကို တိုက်ခိုက်ရန် ဘုရားသခင်က လူ့ဇာတိခံယူခြင်းသည် ငါတို့ လူစုကို စုံလင်စေခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ပန်းတိုင်နှင့် အဓိကအချက်မှာ စစ်မှန်သည့် လူတစ်စုကို ရရှိရန်ဖြစ်သည်ကို ငါတို့ မြင်ကြပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် မိမိ၏ ယုံကြည်မှုတွင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန်နှင့် ဘုရားသခင် ချစ်ပြီး၊ ရရှိရန် ဆန္ဒရှိသည့် စစ်မှန်သော လူတစ်ဦး အပြည့်အဝ ဖြစ်လာနိုင်ရန် မည်မျှ အရေးကြီးသည်ကို ငါတို့ မြင်နိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။