ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏ (အပိုင်း တစ်)
သင်တို့အားလုံးသည် ယခု သင်၏တာဝန်များကို ထမ်းဆောင်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောရန်နှင့် သက်သေခံရန် လေ့ကျင့်ရင်း နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုတော်ကို လုပ်ဆောင်ရန် အလုပ်များနေသည်။ ဘုရားသခင်အတွက် သက်သေခံရန် ရုပ်ရှင်များဖန်တီးခြင်းဖြစ်စေ၊ ဓမ္မသီချင်းများ သီဆိုခြင်းဖြစ်စေ သင်တို့ထမ်းဆောင်သော တာဝန်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် တန်ဖိုးရှိသလော။ (တန်ဖိုးရှိပါသည်။) ထိုတာဝန်များ၏တန်ဖိုးက အဘယ်မှာနည်း။ ဘုရားသခင်ဖော်ပြသော ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မြင်ပြီးနောက် မှန်ကန်သောလမ်းကြောင်းပေါ်သို့ တက်ရောက်လာစေရန် လူတို့အား ကူညီပေးရာတွင်လည်းကောင်း၊ ထိုသူတို့သည် ဖန်ဆင်းခံအဖွဲ့ဝင်ဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ရောက်ရှိသင့်သည်ဟု လူတို့အား နားလည်စေရန် ကူညီပေးရာတွင်လည်းကောင်း ယင်းတို့၏ တန်ဖိုးရှိလေသည်။ လူမြောက်မြားစွာတို့သည် မိမိတို့ ကြုံတွေ့ရသည့် အမှုအရာများစွာကို ထိုးထွင်းသိမြင်နိုင်စွမ်း၊ သို့မဟုတ် နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အားကိုးရာမဲ့ ခံစားရကာ၊ ဘဝသည် အဓိပ္ပာယ်မဲ့၊ အချည်းနှီးဖြစ်ပြီး ၎င်းတို့တွင် ဝိညာဉ်ရေးအာဟာရ မရှိချေ။ ဤအရာအားလုံး၏ အရင်းအမြစ်က အဘယ်နည်း။ ဤအရာအားလုံးအတွက် အဖြေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ရှိပါသည်။ ဘုရားသခင်ကို သင်တို့ ယုံကြည်သက်ဝင်ခဲ့သော နှစ်များတစ်လျှောက်တွင် သင်တို့အားလုံးသည် သူ၏နှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ပြီးဖြစ်ကာ သမ္မာတရားအချို့ကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ သင်တို့ ထမ်းဆောင်ပေးရမည့်တာဝန်မှာ ထိုသူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို နားလည်ပြီး လောက၏ မှောင်မိုက်မှုနှင့် မကောင်းမှုကို ရိပ်စားမိရန် ထောက်ကူပေးခြင်းအားဖြင့်လည်းကောင်း၊ မှန်သောလမ်းခရီးကို ရှာဖွေရန်၊ ဖန်ဆင်းရှင်ကို ရှာတွေ့ရန်၊ ဘုရားသခင်၏အသံကို ကြားနာရန်နှင့် သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုရန်အတွက် ၎င်းတို့အားကူညီပေးခြင်းအားဖြင့်လည်းကောင်း ၎င်းတို့အား ဉာဏ်အလင်းပေးဖို့နှင့် ၎င်းတို့၏ မှားယွင်းသော အတွေးအမြင်များကို ဖြေရှင်းပေးဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးပြုရန်ဖြစ်သည်။ ဤအရာက သမ္မာတရားအချို့ကို ၎င်းတို့နားလည်ရန်နှင့် ဘုရားသခင် လုပ်ဆောင်နေသည့် ကယ်တင်ခြင်းအမှုကို မြင်တွေ့ရန် အခွင့်ပေးမည်ဖြစ်ပြီး၊ သို့မှသာ ၎င်းတို့သည် သူ့ထံလှည့်၍ သူ၏အလုပ်ကို လက်ခံနိုင်မည်ဖြစ်သည်။ ယင်းမှာ သင်တို့လုပ်ဆောင်ရမည့်တာဝန် အတိအကျပင်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်လာချိန်မှစ၍ သမ္မာတရားမည်မျှကို သင်တို့နားလည်ပြီး ပြဿနာမည်မျှကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း သင်တို့စိတ်နှလုံးထဲ၌ အားလုံးသိကြသည်။ ယခုခေတ်၌ ဘာသာရေးသမားများနှင့် ဘာသာတရားမရှိသူများ နှစ်မျိုးလုံးတွင် မှန်သောလမ်းခရီးကို ရှာဖွေပြီး ကယ်တင်ရှင်ကို ရှာနေကြသောလူများ အများအပြား ရှိကြသည်။ လူတို့ အဘယ်ကြောင့် အသက်ရှင်ပြီး သေဆုံးရကြောင်း၊ လူတစ်ယောက်၏ ဘဝတန်ဖိုးနှင့် အဓိပ္ပာယ်၊ သို့မဟုတ် လူများ မည်သည့်နေရာမှလာပြီး မည်သည့်နေရာကို သွားနေကြကြောင်း အစရှိသည့် အသေးစိတ်ကျသော မေးခွန်းများ၏ အဖြေကို ၎င်းတို့ မသိကြချေ။ သင်တို့အနေဖြင့် ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံရန်နှင့် ဖန်ဆင်းရှင်ရှေ့မှောက်သို့ ၎င်းတို့ကို ပို့ဆောင်ရန်အတွက် ၎င်းတို့စောင့်မျှော်နေသည်။ ထိုအကြောင်းကြောင့် ယခု သင်တို့လုပ်ဆောင်နေသော တာဝန်များသည် အလွန်ပင် အဓိပ္ပာယ်ရှိရခြင်းဖြစ်၏။ တစ်ဖက်တွင် သင်ကိုယ်တိုင်သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံနေရပြီး အခြားတစ်ဖက်တွင် သင်သည် ဘုရားသခင်၏ အလုပ်အကြောင်း အခြားသူများကိုလည်း သက်သေခံနေသည်။ ဤအရာကို သင်တို့ ပို၍တွေ့ကြုံလေလေ၊ သမ္မာတရားများကို နားလည်သဘောပေါက်ပြီး သမ္မာတရားနှင့်ပြင်ဆင်ခြင်း ခံရရန် ပို၍လိုအပ်လေလေဖြစ်ကာ လုပ်ဆောင်ရမည့်အလုပ် ပိုများလေလေ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အနေဖြင့် လူတို့ကို စုံလင်အောင်ပြုရန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သင့်တာဝန်များကို ထမ်းဆောင်ရာတွင် မည်သည့်အခက်အခဲများ ကြုံတွေ့ရပါစေ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်အား ကိုးစားသင့်သည်။ လူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သမ္မာတရားကို အတူတကွ ပို၍ရှာဖွေသောအခါ ဖြေရှင်း၍မရနိုင်သော ပြဿနာမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သင်တို့နားလည်ဖို့ လိုအပ်သော သမ္မာတရားများစွာ ရှိသောကြောင့် ယင်းတို့ကို မကြာခဏ ဆင်ခြင်ပြီး မိတ်သဟာယပြုသင့်သည်၊ ထို့နောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်ကို မှီခိုအားထားခြင်းဖြင့် ဖြေရှင်း၍ မရနိုင်သော ပြဿနာမရှိပါ၊ ဤအရာတွင် သင်တို့သည် ယုံကြည်ခြင်းရှိရမည်။
ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် စီမံခန့်ခွဲမှုအစီအစဉ်ကို ပုံဖော်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်း အနည်းငယ်တွင် ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်အတွက် သက်သေခံရန် မည်သည့် ကြီးကြီးမားမားတာဝန်၊ သို့မဟုတ် စေခိုင်းချက်တာဝန်ကိုမျှ မထမ်းဆောင်ခဲ့ဘဲ လူသားတို့ကြားတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သော အလုပ်သည် အတော်ပင် လျှို့ဝှက်ထားပြီး ရိုးရှင်းသည်။ သို့သော်လည်း နောက်ဆုံးသော ကာလတွင် အမှုအရာများသည် မတူတော့ပေ။ ဖန်ဆင်းရှင်သည် စတင်၍ နှုတ်ကပတ်တော်များကို မိန့်မြွက်လာသည်။ သူသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုများကို ဖွင့်ပြောခဲ့ပြီးဖြစ်သည်၊ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားတို့သည် နုံအပြီး ထုံထိုင်းသည်။ လူတို့၏ နှလုံးသားက ဖယောင်းအတိ မံထားသည့်နှယ် မြင်သော်လည်း မသိကြ၊ ကြားသော်လည်း နားမလည်ကြချေ။ ထို့ကြောင့် သင်တို့အားလုံးသည် ကြီးမားသောတာဝန်ကို ထမ်းဆောင်ကြ၏။ ယင်းနှင့်ပတ်သက်ပြီး ဘာထူးခြားသနည်း။ ဘုရားသခင်ဖော်ပြသော ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို ဖြန့်ဝေခြင်းအပြင် ဖန်ဆင်းခံလူသား တစ်ဦးစီတိုင်းထံ ဖန်ဆင်းရှင်အတွက် သက်သေခံရန်နှင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ကြားဖူးပြီးသော ထိုဖန်ဆင်းခံ လူသားအားလုံးကိုလည်း ဖန်ဆင်းရှင်ထံ ယူဆောင်လာရန် ပို၍ပင် အရေးကြီးနေသေးသည်။ သို့မှသာ ထိုသူတို့သည် လူသားမျိုးနွယ်အား ဘုရားသခင် ဖန်ဆင်းခြင်း၏ အရေးပါမှုကို သဘောပေါက်နိုင်ကာ ၎င်းတို့သည် ဖန်ဆင်းခံလူသားများအနေဖြင့် ဖန်ဆင်းရှင်ရှေ့မှောက်သို့ ပြန်သွားသင့်ကြောင်း၊ သူ၏မိန့်မြွက်ချက်များကို နားထောင်ပြီး သူဖော်ပြခဲ့သော သမ္မာတရားအားလုံးကို လက်ခံသင့်ကြောင်းကို နားလည်နိုင်မည်ဖြစ်သည်။ ဤသည်မှာ လူသားများအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံစေရန် ဖန်တီးနိုင်ပုံဖြစ်သည်။ ဤရလဒ်များကို ရရှိရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျမ်းပိုဒ်အနည်းငယ်မျှကို ဖတ်ရှုခြင်းအားဖြင့် ဖြစ်နိုင်သလော။ သို့မဟုတ် ဓမ္မသီချင်းအနည်းငယ်မျှကို သီဆိုခြင်းအားဖြင့်လော။ သို့မဟုတ် အမှုတော်၏ ကဏ္ဍတစ်ခုတည်းကိုသာ ပြုလုပ်ခြင်းအားဖြင့်လော။ မဟုတ်ချေ။ ထို့ကြောင့် သင်တို့သည် မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်မည်ဆိုပါက ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များနှင့်အတူ သူ၏အချုပ်အခြာအာဏာနှင့် စီစဉ်ဆောင်ရွက်မှုများကို နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး အသုံးပြုရင်းဖြင့် သက်သေခံရပါမည်။ ဤနည်းအားဖြင့် သင်သည် ဖန်ဆင်းရှင်ရှေ့မှောက်သို့ လူများစွာကို ခေါ်ဆောင်လာနိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံကျိုးနွံရန် ကူညီနိုင်မည်ဖြစ်သည်။ ဤသည်မှာ ကြီးမြတ်သော တာဝန်မဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် မိမိ၏တာဝန်များအပေါ် မည်သည့်သဘောထား ရှိသင့်သနည်း။ ယောင်ချာချာဖြစ်သည်မှာ ကောင်းသလော။ အမှုအရာများကို မသိကျိုးကျွန်ပြုသည်မှာ ကောင်းသလော။ စိတ်မပါ့တပါနှင့် ဝတ်ကျေတမ်းကျေ လုပ်သည်မှာ ကောင်းသလော။ အချိန်ဆွဲပြီး ပေါ့ပေါ့ဆဆ လုပ်သည်မှာ ကောင်းသလော။ (မကောင်းပါ။) သို့ဆိုလျှင် ဘာလုပ်သင့်သနည်း။ (စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်သင့်သည်။) သင့်တွင်ရှိသော စွမ်းအား၊ အတွေ့အကြုံနှင့် ထိုးထွင်းဉာဏ် ရှိရှိသမျှကို အသုံးပြုလျက် သင့်ကိုယ်သင် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်သင့်သည်။ ဘာသာတရားမရှိသူများသည် လူတစ်ဦးအနေဖြင့် မိမိ၏ဘဝတွင် လုပ်ဆောင်နိုင်သည့် အဓိပ္ပာယ်အရှိဆုံးအရာကို နားမလည်သော်လည်း ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သင်တို့နားလည်သည် မဟုတ်လော။ (နားလည်ပါသည်။) ဘုရားသခင်က သင့်အား အပ်နှင်းထားသည့်အရာကို လက်ခံခြင်းနှင့် သင့်ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းပေးခြင်းတို့သည် အရေးကြီးဆုံး အရာများဖြစ်သည်။ သင်တို့ ယခုထမ်းဆောင်နေသော တာဝန်များသည် အဖိုးတန်သည်။ သင်သည် ယခုအချိန်တွင် အကျိုးသက်ရောက်မှုများကို မမြင်နိုင်သည့်အပြင် ယင်းတို့ထံမှ ရလဒ်ကောင်းများ ယခုအချိန်တွင် ရရှိနိုင်မည် မဟုတ်သော်လည်း ၎င်းတို့ အသီးသီးသည့်အချိန်သည် ကြာမည်မဟုတ်ပေ။ ရေရှည်တွင် ဤလုပ်ငန်းကို ကောင်းမွန်စွာ ပြီးမြောက်လျှင် ယင်းက လူသားမျိုးနွယ်အတွက် အထောက်အကူပြုသော အကြောင်းအချက်အား တိုင်းတာရန် ငွေလုံလောက်မည် မဟုတ်ပါ။ ထိုကဲ့သို့ စစ်မှန်သော သက်သေခံချက်များသည် အခြားအရာများထက် ပို၍အဖိုးထိုက်ပြီး တန်ဖိုးရှိကာ ၎င်းတို့သည် ထာဝရတည်မြဲမည်ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို လိုက်လျှောက်သူတိုင်း၏ ကောင်းမှုများဖြစ်ပြီး ယင်းတို့သည် အောက်မေ့ဂုဏ်ပြုထိုက်သည့်အရာ ဖြစ်သည်။ လူ့ဘဝတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဖန်ဆင်းခံသတ္တဝါအဖြစ် ၎င်းတို့၏တာဝန်ကို ကျေပွန်ခြင်းမှလွဲ၍ အရာရာသည် အချည်းနှီးဖြစ်ပြီး အောက်မေ့ဂုဏ်ပြုရန် မထိုက်တန်ပါ။ သင်သည် ကမ္ဘာကို အတုန်လှုပ်နိုင်ဆုံးသော စွမ်းဆောင်မှုများကို ပြီးမြောက်ခဲ့လျှင်ပင်၊ လကမ္ဘာဆီရောက်ဖူးပြီး ပြန်လာခဲ့လျှင်ပင်၊ သင်သည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူး၊ သို့မဟုတ် အထောက်အကူ အနည်းငယ် ဖြစ်လာစေသော သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများကို ပြုလုပ်ခဲ့လျှင်ပင် ယင်းသည် အချည်းနှီးဖြစ်ပြီး ယင်းတို့အားလုံးသည် ကွယ်ပျောက်သွားမည်ဖြစ်သည်။ မကွယ်ပျောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်အား သက်သေခံချက်များ၊ ဖန်ဆင်းရှင်အတွက် သက်သေရပ်တည်သော သက်သေခံချက်များ၊ အလုပ်များနှင့် လူတို့၏ ကောင်းမှုများသာလျှင် မကွယ်ပျောက်သွားဘဲ ရှိမည်ဖြစ်သည်။ ဤအရာများသည် ထာဝရ တည်မြဲနေမည်ဖြစ်ပြီး ယင်းတို့သည် အလွန်တန်ဖိုးရှိသည်။ ထို့ကြောင့် သင်တို့၏ ကန့်သတ်ချုပ်ချယ်မှုအားလုံးကို ပယ်ရှား၍ ဤကြီးမြတ်သော အားထုတ်မှုကို လုပ်ဆောင်လော့။ ထို့ပြင် မိမိကိုယ်ကို မည်သည့်လူ၊ အဖြစ်အပျက်နှင့် အမှုအရာတစ်ခုမျှ၏ ချုပ်နှောင်ခြင်းကို မခံနှင့်။ ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံလျက် တာဝန်များကို ထမ်းဆောင်ရာ၌ သင်၏ခွန်အားနှင့် ကြိုးစားမှုအားလုံးကို ပုံအောလော့။ ဤသည်မှာ အများအားဖြင့် ဘုရားသခင်ကောင်းချီးပေးသော အရာဖြစ်ပြီး ယင်းအတွက် မည်သည့်ဆင်းရဲဒုက္ခအတိုင်းအတာကိုမဆို ခံစားထိုက်ပေ၏။
သင်သည် ယခု ဘုရားသခင်နောက်လိုက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ပြီး ဖန်ဆင်းရှင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသည်။ တစ်ခါတစ်ရံ ယင်းက အနည်းငယ်ခက်ခဲပြီး ပင်ပန်းသည်၊ ထို့ပြင် တစ်ခါတစ်ရံ အနည်းငယ် အရှက်တကွဲဖြစ်ခြင်းနှင့် စစ်ဆေးခြင်းကို ခံရသည်။ သို့သော် ဤသည်တို့မှာ ကောင်းသောအရာများဖြစ်ပြီး မကောင်းသောအရာများ မဟုတ်ချေ။ အဆုံးတွင် သင်ရရှိမည့်အရာမှာ အဘယ်အရာနည်း။ သင်ရရှိမည့်အရာမှာ သမ္မာတရားနှင့် အသက်ဖြစ်ပြီး နောက်ဆုံးတွင် ဖန်ဆင်းရှင်၏ ထောက်ခံချက်နှင့် သင့်အား အတည်ပြုချက်ဖြစ်သည်။ ဘုရားသခင်က “သင် ငါ့နောက်သို့လိုက်၏၊ ငါသည် သင့်ကို မျက်နှာသာပေးပြီး သင့်အားဖြင့် ငါကျေနပ်သည်” ဟု ဆိုသည်။ အကယ်၍ ဘုရားသခင်က သင်သည် သူ၏အမြင်၌ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ကြောင်းမှလွဲ၍ အခြားမည်သည့်အရာမျှ မပြောပါက သင်သည် အချည်းနှီးနေထိုင်လာသည် မဟုတ်ဘဲ အသုံးဝင်နေခြင်းဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခံရခြင်းမှာ အံ့ဩဖွယ်ရာဖြစ်ပြီး ယင်းသည် သေးငယ်သော စွမ်းဆောင်မှုမဟုတ်ချေ။ လူတို့သည် စာတန်နောက်သို့ လိုက်လျှင် အဘယ်အရာ ရရှိမည်နည်း။ (ပျက်စီးခြင်းကို ရရှိမည်။) ဖျက်ဆီးခြင်းမခံရမီ ထိုလူတို့သည် အဘယ်အရာဖြစ်လာမည်နည်း။ (၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြလိမ့်မည်။) ထိုလူတို့သည် နတ်ဆိုးများဖြစ်လာလိမ့်မည်။ လူတို့သည် ကျွမ်းကျင်မှု မည်မျှဆည်းပူးသည်၊ ဝင်ငွေမည်မျှ ရှာဖွေရရှိသည်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် မည်မျှရရှိသည်၊ ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ် မည်မျှခံစားသည်၊ သို့မဟုတ် လောကီကမ္ဘာ၌ ၎င်းတို့၏အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ ၎င်းတို့သည် စိတ်အတွင်းထဲ၌ ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာမည်၊ ပို၍ပို၍ ကောက်ကျစ်ဆိုးယုတ်ပြီး ညစ်ညူးလာမည်၊ ပို၍ပို၍ ပုန်ကန်ထကြွလာပြီး သူတော်ကောင်းယောင်ဆောင်လာကာ၊ နောက်ဆုံးတွင် ၎င်းတို့သည် အသက်ရှင်နေသော သရဲတစ္ဆေများ ဖြစ်လာကြလိမ့်မည်။ လူဆန်မည် မဟုတ်တော့ပေ။ သို့ဆိုလျှင် ဖန်ဆင်းရှင်၏အမြင်တွင် ထိုသို့သောလူများကို မည်သို့မြင်သနည်း။ “လူမဆန်” ရုံသာ ဖြစ်သလော။ ထိုသို့သောလူအပေါ် ဖန်ဆင်းရှင်၏အမြင်နှင့် သဘောထားကား အဘယ်နည်း။ ယင်းမှာ မနှစ်သက်ခြင်း၊ စက်ဆုပ်ခြင်း၊ အလွန်မုန်းတီးခြင်း၊ ငြင်းပယ်ခြင်းနှင့် နောက်ဆုံးတွင် ကျိန်ဆဲခြင်း၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်း ဖြစ်၏။ လူတို့သည် မတူညီသောလမ်းကို လျှောက်ကြပြီး မတူညီသည့် ရလဒ်များနှင့် အဆုံးသတ်ကြသည်။ အဘယ်လမ်းကို သင်တို့ရွေးချယ်သနည်း။ (ဘုရားသခင်ကို ယုံကြည်ရန်နှင့် သူ့နောက်လိုက်ရန်ဖြစ်သည်။) ဘုရားသခင်နောက်လိုက်ရန် ရွေးချယ်ခြင်းသည် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ခြင်း ဖြစ်သည်။ ယင်းက အလင်း၏လမ်းကြောင်းပေါ်သို့ စတင်တက်ရောက်ခြင်း ဖြစ်သည်။ လူတို့သည် အကျိုးရှိ၍ အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်လိုပါက ကြည်လင်သော အသိစိတ်ရှိကာ ဖန်ဆင်းရှင်ရှေ့တော်နှင့် သူ၏အပါးသို့ အမှန်တကယ် ပြန်လာလိုပါက ဖန်ဆင်းခံသတ္တဝါများအဖြစ် ၎င်းတို့၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေကာ ဘုန်းတော်ထင်ရှားစေရင်း မိမိတို့ကိုယ်ကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ထားရမည်။ စိတ်မပါ့တပါ လုပ်ဆောင်၍မရချေ။ သင်သည် “ကျွန်ုပ်တစ်သက်တာနှင့် ဤကမ္ဘာကြီးပေါ်တွင် ငွေကြေးချမ်းသာရန်၊ အခြားသူများကြား၌ ပေါ်လွင်ရန်၊ သို့မဟုတ် ကျွန်ုပ်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ရန်၊ ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များကြား၌ အထွတ်အထိပ်ရောက်ရန်၊ သို့မဟုတ် အထင်ကြီးခံရရန် မမျှော်လင့်ပေ။ ဤအရာများအတွက် ကျွန်ုပ်ကြိုးစားမည်မဟုတ်။ ထိုလမ်းကို ကျွန်ုပ်လိုက်မည်မဟုတ်။ ကျွန်ုပ်သည် ဘုရားသခင်နောက်ကိုသာ လိုက်ပြီး ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် ကျွန်ုပ်၏ အသက်၊ ကျွန်ုပ်၏စွမ်းအင်နှင့် ကျွန်ုပ်တွင်ရှိသော အရည်အချင်းများ၊ ဆုကျေးဇူးများနှင့် ပါရမီများကို ရည်စူးအပ်နှံမည်။ ယင်းတို့အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်မည်။ ဤအချိန်အတောအတွင်း ကျွန်ုပ်သည် အခြားသူများ၏ ပစ်ပယ်ခြင်းကို ခံရပြီးလျှင် တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ပြုပြင်ခြင်းခံရလျှင်ပင်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ နားလည်မှုလွဲမှားခြင်း ခံရလျှင်ပင်၊ သို့မဟုတ် ဘုရားသခင်သည် ကျွန်ုပ်ကို စစ်ဆေးစမ်းသပ်ပြီး ကျွန်ုပ်အား များစွာသော ဆင်းရဲဒုက္ခ ဖြစ်စေမည်ဆိုလျှင်၊ သို့မဟုတ် ဤဘဝတွင် ကျွန်ုပ်သည် ဇာတိပကတိ၏ သာယာမှုများမရှိဘဲ တစ်ယောက်တည်းဖြစ်ပြီး ဂရုစိုက်မခံရသည်ကို တွေ့ရလျှင်ပင် ဤအရာများအားလုံးကို ကျွန်ုပ်လက်ခံပြီး ကျွန်ုပ်၏ဖြစ်အင်တစ်ခုလုံးကို ဘုရားသခင်ထံ ရည်စူးအပ်နှံပါသည်” ဟု ပြောသင့်သည်။ ဤသည်မှာ သင်၌ရှိရမည့် စိတ်စွမ်းအားဖြစ်ပေ၏။ ဤသို့သောစိတ်စွမ်းအားဖြင့် ဆင်းရဲဒုက္ခများစွာကို ကြံ့ကြံ့ခံနိုင်သော်လည်း ထိုစိတ်စွမ်းအား မရှိလျှင် လိုအင်၊ သို့မဟုတ် ရုတ်ချည်း ပေါက်ဖွားလာသော စိတ်အားထက်သန်မှုသာ ရှိပါက အလုပ်ဖြစ်မည်မဟုတ်။ စိတ်ဓာတ်လှုံ့ဆော်မှု မရှိချေ။ တာဝန်များနှင့် အလုပ်ရှုပ်သောအခါ အချို့လူများသည် ထမင်းတစ်နပ်စာနှစ်နပ်စာကျော်ပြီး အနည်းငယ် အိပ်ရေးပျက်ကြကာ ၎င်းတို့နေမကောင်းဖြစ်သည်ကို တွေ့ရသည့်အခါ “ယင်းက အလုပ်မဖြစ်။ ကျွန်ုပ် အဘယ်မျှ အလုပ်ရှုပ်ပါစေ အနားယူဖို့လိုသည်။ ကိုယ့်အချိန်မတန်မီ အို၍မဖြစ်သကဲ့သို့ အခက်အခဲပေါင်းများစွာကို မခံနိုင်။ ကျွန်ုပ်၏ ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးသည်” ဟု တွေးကြသည်။ ဤအတွေးများကို သင်မည်သို့ ယူဆသနည်း။ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မထောက်ထားပေ။ ထိုသူတို့သည် မိမိတို့၏တာဝန်နှင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို တန်ဖိုးထားသည်ထက် ဇာတိပကတိကို ပို၍ တန်ဖိုးထားကြသည်။ ဒုက္ခ၏အရသာကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်သည်တွင် ၎င်းတို့သည် စိတ်ဆန္ဒပျောက်ဆုံးလျက် လိပ်ကဲ့သို့ မိမိခေါင်းကို ပြန်သွင်းပြီး စတင်ညည်းတွားတော့သည်။ ၎င်းတို့သည် ဘုရားသခင် စိုးရိမ်သောအရာများကို စိတ်ပူပင်နိုင်စွမ်း မရှိကြသည့်အပြင် ဘုရားသခင်စဉ်းစားသောအရာများကို မစဉ်းစားနိုင်ကြ၊ ၎င်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို မငဲ့ကွက်ကြပေ။ အလုပ်တစ်ခုသည် အလွန်ပင် အရေးတကြီး ဖြစ်သည်ဟု ခေါင်းဆောင်တစ်ဦးက ဆိုလျှင် ဤသို့သောလူများက “ယင်းကို လုံးဝကို ဂရုမစိုက်သည့်အပြင် အဆင်မပြေမှုကို မလိုချင်ပါ။ ကျွန်ုပ် စိတ်မဝင်စားပါ” ဟု ပြန်ပြောကြမည်။ ထိုသို့သောလူတို့ ရှိသလော။ (ရှိပါသည်။) ထိုသို့သောလူတို့မှာ တစ်ကိုယ်ကောင်းဆန်သည်၊ စက်ဆုပ်ဖွယ်ဖြစ်သည်၊ သစ္စာမဲ့သည်။ ၎င်းတို့သည် လှည့်ကွက်များကို ပြုလုပ်ကြသည်၊ ယုံကြည်ထိုက်သူများ မဟုတ်ကြသည့်အပြင်၊ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် လိုလားသူများ မဟုတ်ကြပေ။ သူတို့ကိုယ်သူတို့ ဘုရားသခင်ထံ ဆက်ကပ်ထားကြသည်ဟုလည်း ဆိုကြလိမ့်မည်၊ သို့သော် ဤသည်တို့မှာ စကားလုံးမျှသာဖြစ်သည်။ ဤလူများသည် မည်သည့်လက်တွေ့ကိစ္စကိုမျှ မကိုင်တွယ်၊ စိုးစဉ်းမျှပင် ဆင်းရဲဒုက္ခမခံကြ၊ သို့မဟုတ် အဖိုးအခတစ်စက်မျှ မပေးကြပေ။ ဘုရားသခင်သည် ဤကဲ့သို့သောလူများကို နှစ်သက်တော်မမူဘဲ ၎င်းတို့တွင် သူ၏ကောင်းချီးမရှိပေ။ လူအချို့သည် ၎င်းတို့၏ ဇာတိခန္ဓာ အနည်းငယ်ဒုက္ခခံရသည်နှင့်အမျှ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဆန္ဒမရှိကြတော့ပေ။ အထူးသဖြင့် လူငယ်များသည် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ကို အလွန်ဂရုစိုက်ကြပြီး ၎င်းတို့၏မျက်နှာ ချောင်ကျနေသည်ကို၊ ၎င်းတို့၏အသားအရေ ချောမွေ့မနေတော့သည်ကို၊ သို့မဟုတ် ဆံပင်ဖြူပေါက်နေသည်ကို တွေ့သောအခါ ဝမ်းနည်းလာကြသည်။ ၎င်းတို့သည် အသက်ကြီး၍ ရုပ်ဆိုးလာမည်၊ လက်တွဲဖော် မရှာနိုင်မည်၊ သို့မဟုတ် မိသားစုတစ်ခု မထူထောင်နိုင်မည်ကို အမြဲစိုးရိမ်ကြသည်။ ထိုသို့သောလူများသည် သမ္မာတရားကို ရရှိနိုင်သလော။ လူတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အဖိုးအခပေးနိုင်ခြင်း ရှိမရှိနှင့် မိမိတို့၏ တာဝန်ကို လက်ခံနိုင်စရာစံနှုန်းဖြင့် ထမ်းဆောင်ခြင်းရှိမရှိ ဆုံးဖြတ်ခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းကား အဘယ်နည်း။ ဘုရားသခင်သည် လူတို့၏ရိုးသားမှုကိုသာ မြင်လိုသည်။ တစ်ခါတရံတွင် လူတို့သည် “ကျွန်ုပ်၏စိတ်နှလုံးကိုသာ ဆက်ကပ်လိုက်ပြီး ယင်းက လုံလောက်လိမ့်မည်” ဟု ထင်ကြလင့်ကစား စိုးစဉ်းမျှ မပြောင်းလဲဘဲ ၎င်းတို့ ပုံမှန်လုပ်နေကျအတိုင်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ဤကိစ္စကို ဘုရားသခင် မည်သို့သဘောထားသနည်း။ တစ်ဖက်တွင် ဘုရားသခင်သည် သင်၏ရည်မှန်းချက်ကို ကြည့်ရှုမည်ဖြစ်ပြီး နောက်တစ်ဖက်တွင် သင့်၏ တကယ့်လုပ်ရပ်များကို ကြည့်ရှုမည်ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများကို စိစစ်လိမ့်မည်။ အကယ်၍ သင့်တွင် ရည်မှန်းချက်နှင့် ဆန္ဒရှိပြီး တစ်ချိန်တည်းတွင် အမှန်တကယ် အဖိုးအခပေးနိုင်ပါက၊ သင်သည် တစ်ခါတစ်ရံတွင် အားနည်းနေသော်လည်း သင်၏ စိတ်နှလုံးက အမှန်တကယ် အရှုံးမပေးခဲ့ကြောင်း၊ တိုးတက်ကောင်းမွန်အောင် အားထုတ်နေဆဲဖြစ်ကြောင်း၊ သင်သည် သမ္မာတရား၊ တရားမျှတမှု၊ ဖြောင့်မတ်ခြင်းနှင့် အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးကြောင်းကို ဘုရားသခင် သိမြင်တော်မူမည်ဖြစ်ပြီး သင့်ကို သူစွန့်လွှတ်မည်မဟုတ်ပေ။ လူအချို့သည် အတော်အတန် ကောင်းစွာ ပြောဆိုတတ်သော်လည်း ၎င်းတို့၏စိတ်နှလုံးက တုန်လှုပ်ခြင်းမရှိကြ။ ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှ လက်တွေ့မလုပ်ဆောင်ဘဲ ၎င်းတို့လုပ်သမျှက အခြားသူများကို လှည့်စားဖို့ ကြိုးစားခြင်းသာဖြစ်သည်။ ဤနည်းဖြင့် ပြောဆိုရန်မှတစ်ပါး ရွေးချယ်စရာမရှိ၊ ဤသည်မှာ ၎င်းတို့ ပတ်ဝန်းကျင်ရှိလူများကို ၎င်းတို့ကိုင်တွယ်ပုံဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လေးစားဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ တကယ်လုပ်ဆောင်လိုစိတ် မရှိကြပေ။ တကယ်လုပ်ဆောင်လျှင်ပင် ၎င်းတို့ပြောသည့်အတိုင်း လက်တွေ့မလုပ်ကြပေ။ ထိုအစား ၎င်းတို့လုပ်ချင်သမျှ၊ ၎င်းတို့အတွက် ကောင်းသည့်အရာဟူသမျှ၊ ၎င်းတို့ကို ကာကွယ်ပေးမည့်အရာ မှန်သမျှကို လုပ်ကြသည်။ ၎င်းတို့၏ စကားလုံးများနှင့် လုပ်ရပ်များအကြား ကွာဟချက်ရှိသည် မဟုတ်လော။ ဤကွာဟချက်ကို ဘုရားသခင် မြင်နိုင်သလော။ ဘုရားသခင်သည် စေ့စေ့စပ်စပ် ကြည်ရှုစစ်ဆေးပြီး ယင်းကိုလည်း သူမြင်နိုင်စွမ်းရှိသည်။ အချို့သောလူတို့က လှည့်စားပြီး လှည့်ကွက်လေးများ လုပ်ကြသည်။ ဘုရားသခင်သည် မသိ၊ အရေးလည်းမစိုက်၊ သို့မဟုတ် မြင်လည်းမမြင်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ အမှန်တကယ် ထိုသို့ဖြစ်သလော။ ရိုးသားသူများနှင့် လှည့်ကွက်လေးများ ပြုလုပ်သူတို့ကို ဘုရားသခင် မည်သို့ ကိုင်တွယ်သနည်း။ ဤလူနှစ်မျိုးအပေါ် ဘုရားသခင် ပြုမူဆက်ဆံပုံ၏ ကွာခြားချက်ကို သင်တို့မြင်နိုင်သလော။ (ရိုးသားသူတို့ကို ဘုရားသခင်ကောင်းချီးပေးကာ လှည့်စားသူတို့ကို အလွန်မုန်းတီးသည်။) ရိုးသားသူများကို ဘုရားသခင် မည်သို့ ကောင်းချီးပေးသနည်း။ ဘုရားသခင်၏ ကောင်းချီးကိုရရှိသော ရိုးသားသူများအပေါ် သင်တို့ မည်သို့ထင်မြင်သနည်း။ (ရိုးသားသူများသည် ၎င်းတို့၏တာဝန်များ၌ ရလဒ်များရရှိကြသည်။) (ရိုးသားသူများကို ဘုရားသခင်က ဉာဏ်အလင်းပေး၍ ရိုးသားသူများသည် သမ္မာတရားကို အလွယ်တကူ နားလည်နိုင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။) (ရိုးသားသူများကို ဘုရားသခင်က ချစ်ပြီး ဂရုစိုက်သည်၊ ရိုးသားသူသာလျှင် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်နိုင်သည်။) ဤပြောဆိုချက်များသည် အားလုံးမှန်ကန်ပြီး ၎င်းတို့သည် ရိုးသားသောလူတို့အတွက် ဘုရားသခင်၏ ကောင်းချီးများ ဖြစ်ကြသည်။ မတူညီသောလူများနှင့် မတူညီသောလမ်းကို လျှောက်လှမ်းနေသူများအပေါ် ဘုရားသခင်၏ ဆက်ဆံမှုတွင် သူ၏ သဘောထားနှင့် ခြားနားချက်ကို ယခု သင်တို့ မြင်နိုင်သည် မဟုတ်လော။ ရိုးသားသူများသည် မိုက်မဲသောအရာများကို ပြုလုပ်ကြပြီး အားနည်းချက်ကိုလည်း တွေ့ကြုံရတတ်၏။ သို့သော် ၎င်းတို့တွင် ဘုရားသခင်၏ ဉာဏ်အလင်းနှင့် လမ်းညွှန်မှုရှိသည်၊ ၎င်းတို့သည် သူ၏ ကွယ်ကာမှုကို ခံစားကြပြီး သူ၏ ကောင်းချီးများကို နေရာတိုင်းတွင် တွေ့မြင်နိုင်ကြသည်။ ဘုရားသခင်သည် ၎င်းတို့ကို ပြောင်းလဲစေရန်နှင့် ရင့်ကျက်လာစေရန်အတွက် ၎င်းတို့အား ဆုံးမပဲ့ပြင်ခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ ပြုလုပ်သည်။ အပြောအဆိုနှင် လုပ်ရပ်တို့တွင် လှည့်ကွက်များ အမြဲပြုလုပ်တတ်ပြီး မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အမြဲတမ်း ချွတ်ချော်ကာ အချောင်ခိုသူတို့သည် သမ္မာတရားကို လုံးဝ လက်မခံသူများဖြစ်သည်။ ၎င်းတို့သည် နွံအိုင်ထဲ၊ အမှောင်ထဲတွင် နေထိုင်သကဲ့သို့ပင် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို မရရှိကြပေ။ ၎င်းတို့သည် မည်သို့ပင် စမ်းတဝါးဝါးရှာဖွေပါစေ၊ မည်သို့ပင် ကြိုးစားပါစေ အလင်းကို မမြင်နိုင်သကဲ့သို့ ဦးတည်ရာကို ရှာမတွေ့နိုင်ကြချေ။ ၎င်းတို့သည် စိတ်ဓာတ်လှုံ့ဆော်မှုမရှိဘဲ၊ ဘုရားသခင်၏ လမ်းညွှန်မှုမပါဘဲ မိမိတို့၏တာဝန်များကို လုပ်ဆောင်ကြပြီး အရေးကိစ္စများစွာတွင် ရှေ့မတိုးသာဖြစ်ရကာ အချို့အရာများကို လုပ်ဆောင်ရင်း မတော်တဆ ထုတ်ဖော်ခံရကြသည်။ ၎င်းတို့ကို ထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သို့မှသာ လူတိုင်းက ထိုသူတို့ကို ပိုင်းခြားသိမြင်ပြီး ၎င်းတို့သည် မည်သို့သောလူစားမျိုး ဖြစ်သည်ကို ရိပ်စားမိနိုင်မည် ဖြစ်သည်။ အမှန်တွင် ဤသို့သောလူစားမျိုးသည် အလုပ်လုပ်ပေးသူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးခြင်းကို အပြီးသတ်ပြီးနောက် အမှန်တကယ် မည်သည့်အသွင်ပြောင်းခြင်းမျိုးကိုမျှ မကြုံတွေ့ခဲ့ရဘဲ စတင်၍ ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ မကောင်းမှု အမျိုးမျိုးကို ကျူးလွန်ထားသူများသည် အပြစ်ပေးခံရမည်ဖြစ်ပြီး ဘာသာတရားမရှိသူများကဲ့သို့ပင် ဆိုးရွားလှသော သေခြင်းမျိုးစုံဖြင့်လည်း သေမည်ဖြစ်သည်။ လူအချို့သည် ပြစ်မှားစော်ကားပြီး မောက်မာသော စကားများကို ပြောဆိုခဲ့ကြသည်၊ အကျိုးဆက်အားဖြင့် ဘုရားသခင်သည် ၎င်းတို့ကို အလိုမရှိတော့ဘဲ စာတန်လက်သို့ အပ်လိုက်သည်။ ၎င်းတို့ကို စာတန်ထံ ပေးအပ်ခြင်းသည် ရလဒ်ကောင်းများ ထွက်ပေါ်စေနိုင်သလော။ ဘုရားသခင်၏ အကာအကွယ်မပါသဖြင့် စာတန်သည် ထိုသူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ၎င်းတို့အပေါ် ဩဇာလွှမ်းမိုးလိမ့်မည်။ ၎င်းတို့ကို နတ်ဆိုးစွဲလာကြလိမ့်မည်၊ နတ်ဆိုးတို့၏ အသေနှိပ်စက်ခြင်းကို ခံရသည်အထိ တစ္ဆေသရဲနှင့် တူကြလိမ့်မည်။ ဘုရားသခင်သည် လူအမျိုးမျိုးတို့ကို ပုံစံအမျိုးမျိုးဖြင့် ဆက်ဆံသည်မဟုတ်လော။ ဘုရားသခင်သည် လူတို့အထဲ၌ အမှုပြုသောအခါ သူသည် ၎င်းတို့ကို လှုံ့ဆော်ပေးကာ ၎င်းတို့ကို ဉာဏ်အလင်းနှင့် လမ်းညွှန်မှုပေးပြီး ၎င်းတို့၏ အတွင်းစိတ်အခြေအနေများကို ပြောင်းလဲပေးသည်။ လူကောင်းများသည် ပို၍ပို၍ ရိုးသားလိုကြသည်၊ အဘယ့်ကြောင့်ဆိုသော် ရိုးသားခြင်းဖြင့်သာလျှင် မိမိတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်နိုင်ပြီး သမ္မာတရား လိုက်စားသည့်လမ်းကြောင်းပေါ် တက်ရောက်နိုင်သောကြောင့် ဖြစ်သည်။ ရိုးသားခြင်းဖြင့်သာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ရရှိသည့်အပြင် ဘုရားသခင်ကို ပုန်ကန်ခြင်းမပြုဘဲ ၎င်းတို့အပေါ် ဖြစ်ပျက်သော အရာများ၌ ဘုရားသခင်ကို ကျိုးနွံနာခံကာ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေလျက် သမ္မာတရားအတွက် ကြိုးစားအားထုတ်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို အဆက်မပြတ် ဆင်ခြင်နိုင်မည်ဖြစ်သည်။ ဤသည်မှာ လူတို့ထံမှ ဘုရားသခင် တောင်းဆိုသည့်အရာ အတိအကျဖြစ်ပြီး ၎င်းတို့သည် သူ၏ တောင်းဆိုချက်များနှင့် ပြည့်မီသောအခါတွင် သူသည် ၎င်းတို့၌ အမှုပြုခြင်း၊ ဉာဏ်အလင်းပေးခြင်း၊ အလင်းပေးခြင်း၊ လမ်းပြပေးခြင်း၊ ကောင်းချီးပေးခြင်းတို့ ပြုလုပ်သည်။ ဘုရားသခင်သည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး မုန်းတီးနေသူများကို ဘေးဖယ်သည်။ မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို အဆက်မပြတ် ဖျက်ဆီးနှောင့်ယှက်သော လူဆိုးများနှင့် ဆိုးယုတ်သောလူများကို ဘုရားသခင် မည်သို့ကိုင်တွယ်သနည်း။ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ပြီး စာတန်ထံ အပ်နှံလိမ့်မည်။ ၎င်းတို့သည် ပြဿနာကို စတင်ဖြစ်ပေါ်စေပြီး ၎င်းတို့၏ စရိုက်အမှန်ကို ထုတ်ဖော်လိမ့်မည်၊ ၎င်းတို့သည် အကျိုးယုတ်စေပြီး အပျက်သဘောဆောင်သောအရာများကို အမှုမဲ့အမှတ်မဲ့ ထုတ်ဖော်ပြောဆိုပြီး လူရွှင်တော်များကဲ့သို့ သရုပ်ဆောင်လျက် ရန်တိုက်ပေးကြလိမ့်မည်။ ၎င်းတို့သည် အသင်းတော်အတွင်း အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များကို ဖြစ်ပွားစေမည့် မကောင်းမှုများစွာကို ပြုလုပ်ကြမည်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများသည် သမ္မာတရားကို နားလည်ကာ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ဖော်ထုတ်နိုင်သောအခါတွင် ၎င်းတို့သည် ရှင်းထုတ်ပစ်ခြင်းနှင့် နှင်ထုတ်ခြင်းကို ခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ကိုယ်ပိုင် ရွေးချယ်မှုလော။ (မဟုတ်ပေ။) ဤသည်မှာ သမ္မာတရားကို လက်မခံဘဲ မိမိတို့၏ သင့်လျော်သောတာဝန်များကို အရေးမစိုက်သော လူများအတွက် ဇာတ်သိမ်းသည့်ပုံဖြစ်သည်။ လူတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ကြသောအခါ ဘုရားသခင်သည် ၎င်းတို့အား စာတန်နှင့် ၎င်း၏နတ်ဆိုးလေးများထံ အပ်နှံမည်ဆိုလျှင် ၎င်းတို့သည် လုံးဝပျက်စီးသွားပြီး ပြုပြင်၍မရနိုင်အောင် စွန့်ပစ်ခံရမည်ဖြစ်သည်။ ၎င်းတို့သည် ထုတ်ဖော်ခံရပြီးသည်နှင့် တစ်ပြိုင်နက် “မည်သည့်အရာ ဖြစ်နေပြီနည်း။ ကျွန်ုပ် ဒုက္ခပေးခဲ့မိပြီလော။ အနှောင့်အယှက် ဖြစ်စေခဲ့သလော၊ အာရုံပျက်စေမှုကို ကျွန်ုပ် ဖန်တီးခဲ့သလော။ ယင်းကို ကျွန်ုပ် အဘယ့်ကြောင့် သတိမထားမိခဲ့သနည်း” ဟု တွေးဆကြမည်ဖြစ်သည်။ ဘုရားသခင်သည် အရာရာကို စိစစ်ပြီး ထိုသူတို့အား ထုတ်ဖော်ရန်နှင့် ဖယ်ရှားရှင်းလင်းရန် ပတ်ဝန်းကျင်များကို စီစဉ်ပါက ယင်းသည် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ အဖြစ်အပျက်တစ်ခု၊ သို့မဟုတ် နှစ်ခုပြီးသောအခါ ၎င်းတို့ကို ဆိုးယုတ်သောသူများအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး လိုအပ်သလို ကိုင်တွယ်ခြင်း ခံရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင် စီမံကိုင်တွယ်သည့်အရာအချို့ရှိပြီး နတ်ဆိုးလေးများ၊ စာတန်၊ သို့မဟုတ် ဝိညာဉ်ဆိုးများကို သူ့အတွက် အစေခံပေးရန်အတွက် အသုံးချခြင်းအားဖြင့် သူလုပ်ဆောင်သည့် အခြားအရာများလည်းရှိသည်။ တစ်နည်းအားဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို စုံလင်စေပြီး တည်ဆောက်ပေးသည်၊ နောက်တစ်ဖက်တွင် သူသည် ဆိုးယုတ်သောလူများကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းသည်။ သင်သည် ဤသည်ကို သင်၏ အယူအဆများကို အသုံးပြုလျက် အကဲဖြတ်ပြီးလျှင် ယင်းကို ဘုရားသခင် ပြုလုပ်သောအရာမဟုတ်၊ သူသည် ထိုကဲ့သို့သော အရာများကို မလုပ်၊ ဤအရာတို့ကို သူစီစဉ်ညွှန်ကြားထားခြင်း မဟုတ်ဟု သင်ယူဆလျှင် ယင်းက မမှားသလော။ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်၌ရှိပြီး ယင်းကို တွေ့ကြုံခံစားပြီးသည်နှင့် သင်တို့ သိလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။