တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၀)

တာဝန်တစ်ခုဟူသည်မှာ အဘယ်နည်း။ လူကို ဘုရားသခင် ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်သည် လူက ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်၏။ သူက သင့်ကို ပေးအပ်သည့် မည်သည့်အရာမဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်အနေဖြင့် အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားရှိကာ သင် သဘောမပေါက်နိုင်သည့်အရာကို မကြိုးစားရန် သင်ယူရမည်။ အသစ်အဆန်းကို မျက်စိကျပြီး သင့်အတွက် မသင့်တော်သည့်အရာကို မရမက မလုပ်ဆောင်နှင့်။ လူအချို့သည် ဧည့်ခံခြင်းအတွက် သင့်တော်သော်လည်း ခေါင်းဆောင် ဖြစ်ရန် မလျှော့တမ်း ပြောကြသည်။ အခြားသူတို့မှာ သရုပ်ဆောင်များဖြစ်ရန် သင့်တော်သော်လည်း ဒါရိုက်တာများ ဖြစ်ချင်ကြသည်။ ပိုမြင့်မားသည့် ရာထူးများအတွက် အမြဲ ကြိုးပမ်းရန် မကောင်းပေ။ အကြင်သူသည် မိမိကိုယ်ပိုင် အခန်းကဏ္ဍနှင့် ရာထူးကို ရှာဖွေကာ အတိအကျ ဖော်ထုတ်ရမည်ဖြစ်သည်။ ယင်းမှာ အသိစိတ်ရှိသည့်လူတစ်ဦး လုပ်ဆောင်သည့်အရာ ဖြစ်၏။ ထို့နောက် ၎င်းတို့သည် ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ကာ သူ့ကို စိတ်ကျေနပ်စေရန် မိမိတို့တာဝန်ကို ခိုင်မာတည်ကြည်သည့် သဘောထားဖြင့် ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ အကြင်သူသည် မိမိတာဝန်ကို ထမ်းဆောင်နေစဉ် ဤသဘောထားမျိုးရှိလျှင် ၎င်းတို့၏ စိတ်နှလုံး တည်ငြိမ်ကာ အေးချမ်းလိမ့်မည်။ မိမိတို့တာဝန်တွင် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ၎င်းတို့၏ တာဝန်ကို တဖြည်းဖြည်း ထမ်းဆောင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်လိမ့်မည်၊ ဘုရားသခင်၏ အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံမှုကို ရရှိမည့် နည်းလမ်းဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံနိုင်ပြီး သင်၏ တာဝန်ကို မှန်ကန်သည့် စိတ်ဓာတ်၊ သူ့ကို ချစ်ခင်ပြီး စိတ်ကျေနပ်အောင် လုပ်သည့် စိတ်ဓာတ်ဖြင့် ထမ်းဆောင်နိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်ခြင်းနှင့် လမ်းပြခြင်းကို ခံရလိမ့်မည်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများနှင့်အညီ ပြုမူရန် လိုလားနေလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်လူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤနည်းဖြင့် သင်သည် လူသားပုံသဏ္ဌာန်ကို အပြည့်အဝ အသက်ရှင်လိမ့်မည်။ လူတို့၏ ဘဝများသည် မိမိတို့တာဝန်များကို ထမ်းဆောင်သည်နှင့်အမျှ တဖြည်းဖြည်း ကြီးထွား၏။ တာဝန်များကို မထမ်းဆောင်သူများသည် နှစ်ပေါင်းမည်မျှ ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်၏ ကောင်းချီး ကင်းမဲ့သောကြောင့် သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ကြပေ။ ဘုရားသခင်သည် သူ့အတွက် အမှန်တကယ် အသုံးခံပြီး မိမိတို့တာဝန်များကို အစွမ်းကုန် ထမ်းဆောင်ကြသူများကိုသာ ကောင်းချီးပေးသည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ သင်၏ ဝတ္တရားနှင့် တာဝန်အဖြစ် ယူဆလော့။ ထိုအရာကို လက်ခံပြီး ကောင်းစွာ လုပ်ဆောင်လော့။ မည်သို့ ကောင်းစွာ လုပ်ဆောင်သနည်း။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း အတိအကျ လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ဖြစ်သည်။ သင်သည် ဤစကားများကို ချင့်ချိန်စဉ်းစားကာ သင်၏ တာဝန်ကို သင့်စိတ်နှလုံးအကြွင်းမဲ့ဖြင့် မည်သို့ ထမ်းဆောင်နိုင်သည်ကို စဉ်းစားသင့်သည်။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးက စည်းမျဉ်းများမရှိဘဲ မိမိတို့တာဝန်ကို ထမ်းဆောင်နေသည်ကိုလည်းကောင်း၊ ပေါ့ဆစွာနှင့် မိမိတို့ အလိုဆန္ဒအတိုင်း လုပ်ဆောင်နေသည်ကိုလည်းကောင်း သင် မြင်ပြီး “ငါ ဂရုမစိုက်ပါ၊ ငါ့တာဝန် မဟုတ်ပါ”ဟု မိမိဘာသာ တွေးလျှင် ဤသည်မှာ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်းဖြစ်သလော။ မဟုတ်ပေ၊ တာဝန်မဲ့ခြင်း ဖြစ်သည်။ သင်သည် တာဝန်သိတတ်သည့် လူတစ်ဦးဖြစ်လျှင် ထိုသို့သော အခြေအနေတစ်ခု သင့်အပေါ် ကျရောက်သည့်အခါ သင်က “ဤအရာ အဆင်ပြေမည်မဟုတ်ပါ။ ယင်းသည် ကျွန်ုပ်၏ ကြီးကြပ်မှု နယ်ပယ်အောက်တွင် ရှိကောင်းရှိမည် မဟုတ်သော်လည်း ဤကိစ္စကို ခေါင်းဆောင်ထံ တိုင်ကြားပြီး စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခိုင်း၍ရနိုင်သည်” ဟု ပြောလိမ့်မည်။ ထိုသို့လုပ်ဆောင်သည့်နောက်တွင် ထိုအရာမှာ သင့်တော်သည်ကို လူတိုင်း မြင်လိမ့်မည် သင်၏ စိတ်နှလုံး အေးချမ်းသွားလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထို့နောက်တွင် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် လုပ်ဆောင်ပြီးဖြစ်လိမ့်မည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ အမြဲ ဂရုမထားဘဲ ရှိနေပြီး “ဤအလုပ်ကို ရိုးရှင်းပြီး ပြီးစလွယ်ပုံစံဖြင့် လုပ်ဆောင်လျှင် ဖြစ်သလိုလုပ်ခြင်းမျှဖြင့် ကျွန်ုပ် အဆင်ပြေနိုင်သည်။ နောက်ဆုံးတွင် မည်သူကမျှ စစ်ဆေးလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တွင်ရှိသည့် နည်းပါးသော အစွမ်းအစများနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် တတ်နိုင်သမျှ အကောင်းဆုံး ကျွန်ုပ်လုပ်ဆောင်ပြီးလေပြီ။ အဆင်ပြေရုံမျှက တော်လောက်ပေသည်။ ထို့အပြင် ထိုအကြောင်းကို မည်သူမျှ မေးလိမ့်မည်မဟုတ်၊ သို့မဟုတ် ကျွန်ုပ်နှင့်ပတ်သက်၍ အလေးအနက်ထားလိမ့်မည် မဟုတ်ပါ၊ ထိုမျှ အရေးမကြီးပါ”ဟု ပြောပါက ဤကြံရွယ်ချက်နှင့် ဤစိတ်ဓာတ်တို့သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ခြင်း ဖြစ်သလော။ မဟုတ်ပေ၊ ဤသည်မှာ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းဖြစ်ကာ သင်၏ ဆိုးယုတ်သည့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားအပေါ် မှီခိုခြင်းအားဖြင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ သင် ထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်ပေ။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်။ ထို့ကြောင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ သင်က “အထက်က ဤအလုပ်အကြောင်းကို မမေးမြန်းသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်အားလုံးထဲတွင် အလွန်အရေးကြီးပုံမရသော်လည်း ကျွန်ုပ် ကောင်းစွာ လုပ်ဦးမည်။ ထိုအရာမှာ ကျွန်ုပ်၏ တာဝန်ဖြစ်သည်။ ထိုအလုပ် အရေးကြီးခြင်း ရှိမရှိက တစ်ကြောင်းဖြစ်သည်။ ထိုအလုပ်ကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိက နောက်တစ်ကြောင်းဖြစ်သည်”ဟု ပြောလိမ့်မည်။ မည်သည့်အရာ အရေးကြီးသနည်း။ သင်၏ တာဝန်ကို ကောင်းမွန်စွာ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် ထမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် စည်းမျဉ်းများကို သင် လိုက်နာစောင့်ထိန်းကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အရာ ဖြစ်၏။ သင်သည် စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ အမှုအရာများကို လုပ်ဆောင်နိုင်ပါက သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် အမှန်တကယ် ထမ်းဆောင်နေခြင်း ဖြစ်သည်။ သင်သည် တာဝန်တစ်မျိုးကို ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သော်လည်း စိတ်ကျေနပ်ခြင်း မရှိသေးသကဲ့သို့ သာ၍ပင် အရေးပါသည့် တာဝန်တစ်မျိုးကို ထမ်းဆောင်ရန် ဆန္ဒရှိကာ ထိုအရာကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်းရှိပါက ဤသည်မှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သာ၍ပင် ကြီးမားသော အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင်လုပ်ဆောင်နိုင်ပါက ဤအရာက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ တစ်နည်းအားဖြင့် သင်၏ တာဝန်ကို ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။ နောက်တစ်နည်းအားဖြင့် ဘုရားသခင်၏ စိစစ်မှုကို သင် လက်ခံပြီးဖြစ်ကာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိသည်ကို ဆိုလို၏။ သင်သည် သင်၏ တာဝန်ကို ပြစားဖို့ဖြစ်စေ၊ သင် နှစ်ခြိုက်သည့် မည်သည့်ပုံစံဖြင့်မဆိုဖြစ်စေ၊ သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်းဖြစ်စေ လုပ်ဆောင်ခြင်း မဟုတ်။ ထိုအစား သင်သည် ထိုအရာကို ဘုရားသခင်က သင့်ထံ ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်တစ်ခုအဖြစ် မှတ်ယူကာ ထိုသို့သော တာဝန်နှင့် စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်းမဟုတ်ဘဲ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားသည်။ ဤသည်မှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ခြင်း ဖြစ်သည်။ လူအချို့သည် တာဝန်များ ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားများအကြောင်းကို နားမလည်ကြချေ။ အချို့သော အခက်အခဲများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ညည်းညူကြပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများ၊ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများအကြောင်းကို အမြဲ ရေးကြီးခွင့်ကျယ်လုပ်ကြသည်။ ၎င်းတို့က “ခေါင်းဆောင်က ငါ့ကို ပေးထားသည့် အလုပ်ကို ငါ ကောင်းစွာ ထမ်းဆောင်လျှင် ထိုအရာက သူတို့ကို ဂုဏ်အသရေနှင့် ဘုန်းအသရေကို ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်သော်လည်း မည်သူက ငါ့ကို သတိရလိမ့်မည်နည်း။ ငါ အလုပ်လုပ်သည်ကို မည်သူမျှ သိလိမ့်မည် မဟုတ်သကဲ့သို့ ခေါင်းဆောင်က ထိုအတွက် ချီးကျူးမှုအားလုံး ရလိမ့်မည်။ ငါ့တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် အခြားသူများကို အစေခံခြင်း မဟုတ်သလော”ဟု တွေးသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ပုန်ကန်မှုဖြစ်သည်။ ဤလူများသည် အဓိပ္ပာယ်မရှိသည့် လူစားမျိုးများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မှန်ကန်သည့်နည်းဖြင့် နားမလည်ကြ။ ၎င်းတို့သည် ဩဇာအာဏာရှိသည့် ရာထူးများတွင် အမြဲ ရှိချင်ကြသည်။ ချီးကျူးမှုကို အမြဲလိုချင်ကြပြီး ဆုလာဘ် ချီးမြှင့်ခံချင်ကြကာ မိမိတို့ကို အကောင်းမြင်ကြစေရန် လုပ်ဆောင်ချင်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အမြဲ အာရုံစိုက်ကြသနည်း။ ထိုအရာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ၎င်းတို့၏ စိတ်ဆန္ဒက အလွန် အားကောင်းကြောင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းဖြစ်ကြောင်း၊ သို့မဟုတ် လူတိုင်း၏ စိတ်နှလုံး အတွင်းနက်နက်နေရာများကို ဘုရားသခင် စိစစ်ကြောင်းကို ၎င်းတို့ နားမလည်သည်ကို ပြသပေသည်။ ဤလူများသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ကြသောကြောင့် မိမိတို့ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့် အချက်များကို အခြေခံ၍ ထင်မြင်ချက်များ ပေးကြသည်။ ယင်းက ၎င်းတို့ကို မှားယွင်းသော အမြင်များ ဖြစ်ပေါ်စေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အလုပ်တွင် အပျက်သဘောဆောင်ကာ မတက်မကြွဖြစ်လာကြပြီး ၎င်းတို့၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းရှိသမျှဖြင့် မထမ်းဆောင်နိုင်ကြချေ။ ၎င်းတို့တွင် စစ်မှန်သည့် ယုံကြည်ခြင်း ကင်းမဲ့ကာ ဘုရားသခင်က လူတို့၏ စိတ်နှလုံးအတွင်းနက်နက်များအား စိစစ်သည်ကို မသိကြသောကြောင့် အခြားသူများမြင်ရန် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းအပေါ်တွင်လည်းကောင်း၊ ၎င်းတို့ ခါးစည်းခံရသော ဆင်းရဲဒုက္ခများနှင့် အခက်အခဲများကို အခြားသူများအား သိရှိစေခြင်းအပေါ်တွင်လည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ချီးမွမ်းခြင်းနှင့် ထောက်ခံခြင်းတို့ကို ရှာဖွေခြင်းအပေါ်တွင်လည်းကောင်း အာရုံစိုက်ကြလေသည်။ ၎င်းတို့အနေဖြင့် ဤသို့လုပ်ဆောင်မှသာ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက လုပ်ဆောင်ရကျိုးနပ်ပြီး ၎င်းတို့ လုပ်ဆောင်သည်ကို လူတိုင်း မြင်မှသာ ဂုဏ်ဝင့်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ မသတီစရာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ယုံကြည်ခြင်းမရှိရုံမက သမ္မာတရားကိုလည်း မည်သည့်အတိုင်းအတာထိမျှ လက်ခံခြင်း သို့မဟုတ် နားလည်ခြင်း မရှိကြချေ။ ဤကဲ့သို့သော လူများသည် တာဝန်တစ်ခုကို အဘယ်သို့ ကောင်းစွာ ထမ်းဆောင်နိုင်ကြသနည်း။ ၎င်းတို့ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခု မရှိသလော။ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း မိတ်သဟာယပြုရန် သင် ကြိုးစားပြီး ထိုသမ္မာတရားကို ၎င်းတို့ လက်မခံကြသေးပါက ၎င်းတို့တွင် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို အာရုံစိုက်လုပ်ဆောင်ရန် ပျက်ကွက်ကြပြီး မိမိတို့၏တာဝန်များကို မထိန်းသိမ်းကြချေ။ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ တာဝန်များကို ထမ်းဆောင်သည့်သူများသည် သာမန်လူ့သဘာဝရှိသူများ ဖြစ်ရမည်။ ၎င်းတို့တွင် ကောင်းမွန်သည့် အကြောင်းပြချက်များ ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများအားလုံးကို ကျိုးနွံနာခံနိုင်ရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးတို့ကို တစ်မူထူးသော အစွမ်းအစများနှင့် ဆုကျေးဇူးများ ပေးသနားသကဲ့သို့ တစ်မူထူးသောလူများသည်လည်း ကွဲပြားသော တာဝန်များကို ထမ်းဆောင်ရန် အသင့်တော်ဆုံး ဖြစ်လေသည်။ သင့်အနေဖြင့် သင်၏ ကိုယ်ပိုင် အလိုဆန္ဒများနှင့် ကိုက်ညီသည့် သက်သောင့်သက်သာရှိသော လွယ်ကူသည့် တာဝန်များကိုသာ ထမ်းဆောင်ရန် ရွေးချယ်ရင်း သင်၏ နှစ်သက်မှုများကို အခြေခံ၍ ကြေးမများရပေ။ ဤသည်မှာ မှားယွင်းပေသည်။ ဤသည်မှာ တာဝန်တစ်ခုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ ဤသည်မှာ တာဝန်တစ်ခု ထမ်းဆောင်ခြင်း မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အလို့ငှာ သင် လုပ်ဆောင်ရမည့် ပထမဆုံးသောအရာမှာ ထိုတာဝန်ထဲသို့ သင်၏ စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားရန် ဖြစ်သည်။ ဆက်လက်၍ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကြီးမားသည့် အလုပ်တာဝန်တစ်ခုဖြစ်စေ၊ သေးငယ်သည့် အလုပ်တာဝန်တစ်ခုဖြစ်စေ၊ ညစ်ပတ်သည့်အရာတစ်ခုဖြစ်စေ မောပန်းစရာအလုပ်တစ်ခုဖြစ်စေ၊ အခြားလူများရှေ့တွင် လုပ်ရသည့် အလုပ်တာဝန်တစ်ခုဖြစ်စေ၊ မျက်ကွယ်တွင် လုပ်ရသည်ဖြစ်စေ၊ အရေးပါသည့် အလုပ်တာဝန်တစ်ခုဖြစ်စေ၊ အရေးမပါသည့်တစ်ခု ဖြစ်စေ ထိုအလုပ်အားလုံးကို သင်၏ တာဝန်အဖြစ် မှတ်ယူကာ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် လုပ်ဆောင်ခြင်း စည်းမျဉ်းကို လိုက်နာစောင့်ထိန်းသင့်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ပြီးသည့်နောက် သင် လုပ်ဆောင်ပြီးသည့် အလုပ်အချို့နှင့် စပ်လျဉ်း၍ သင်သည် လုံးလုံးလျားလျား လိပ်ပြာမလုံသည်ကိုလည်းကောင်း၊ ထိုတာဝန်ထဲသို့ သင်၏ စိတ်နှလုံးအကြွင်းမဲ့နှစ်ထားသော်လည်း၊ သင်၏ အလုပ်အချို့သည် ကောင်းစွာ လုပ်ဆောင်ထားခြင်းမရှိသကဲ့သို့ သင်၏ အားထုတ်မှု ရလဒ်များမှာ သိပ်မကောင်းသည်ကိုလည်းကောင်း ခံစားရခြင်းဖြင့် သင် အဆုံးသတ်လျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ လူအချို့က “ကောင်းပြီ၊ ငါ့တာဝန်ကို ငါ စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားသော်လည်း ရလဒ်များက သိပ်မကောင်းပါ။ ထိုအရာမှာ ငါ၏ ပြဿနာမဟုတ်။ ယင်းသည် ယခုအခါတွင် ဘုရားလက်ထဲတွင် ရှိသည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ မည်သည့်အမြင်မျိုး ဖြစ်သနည်း။ မှန်ကန်သည့် အမြင်ဖြစ်သလော။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေဖို့ လိုလားနေခြင်း မရှိကြသောကြောင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံကြခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလားနေကြခြင်းမရှိသကဲ့သို့ မိမိတို့တာဝန်နှင့်ပတ်သက်၍ ဝတ်ကျေတမ်းကျေဖြစ်သော ရှုထောင့်အမြင်တစ်ခု ရှိကြဆဲဖြစ်သည်။ ဤလူစားမျိုးများသည် နှလုံးသား မရှိကြသည့်ပုံရလေသည်။ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်းကို ငါတို့ ပြောသည့်အခါ သင်၏ စိတ်နှလုံးတစ်ခုလုံးကို အသုံးပြုခြင်းအား ဆိုလိုပေသည်။ သင်သည် အလုပ်တာဝန်များ ကောင်းစွာ လုပ်ဆောင်ထားသည်ကို သေချာစေရန် တာဝန်ယူသည့် သဘောထားတစ်ခု ခံယူလျက်၊ သင် စွမ်းဆောင်ရရှိသင့်သည့် ရလဒ်များကို စွမ်းဆောင်ရရှိလျက် သင့်ကိုယ်သင် ဆက်ကပ်ကာ အာရုံစူးစိုက်၍ သင်၏တာဝန်ကို ထမ်း‌ဆောင်ပြီး သင်၏သစ္စာစောင့်သိမှုကို ပြသင့်သည်။ သင်၏ တာဝန်ကို စိတ်မပါ့တပါ လုပ်ဆောင်၍ မရနိုင်ပေ။ ထိုအခါမှသာ ဤအရာကို မိမိစိတ်နှလုံးအကြွင်းမဲ့ဖြင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းဟု ခေါ်နိုင်ပေသည်။ သင့်အလုပ်၏ ရလဒ်များက သိပ်မကောင်းသည်ကို မြင်ပြီး သင်က “ငါ အကောင်းဆုံး လုပ်ဆောင်ပြီးဖြစ်သည်။ အိပ်ရေးပျက်ပြီး အစားအစာများကို မစားဖြစ်ဘဲ ညနက်သည်အထိ နေခဲ့သည်၊ တစ်ခါတစ်ရံ အခြားသူများ အနားယူပြီး အေးအေးလူလူ လမ်းလျှောက်သွားကြစဉ် နောက်ချန်နေရစ်ခဲ့သည်။ ငါသည် အခက်အခဲများကို ခါးစည်းခံကာ လူ့ဇာတိ၏ ကိုယ်စိတ်ချမ်းသာခြင်းများကို မမက်မောလေပြီ။ ယင်းမှာ ငါ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ငါ လုပ်ဆောင်ပြီးဖြစ်ကြောင်း ဆိုလိုသည်”ဟု မိမိဘာသာ စဉ်းစားလျှင် ဤအမြင်သည် မှန်ကန်သလော။ သင်သည် သင်၏ အချိန်ကို ရင်းနှီးကာ အားထုတ်ပြီးဖြစ်သည်။ အပေါ်ယံအနေဖြင့် သင်သည် ဤအဖြစ်အားလုံးကို ဖြတ်သန်းရပြီးဖြစ်ပုံရသော်လည်း သင် ရရှိသည့် ရလဒ်များက မကောင်းသကဲ့သို့ ဤအတွက် တာဝန်ကို သင် လက်ခံခြင်းမရှိ၊ ဂရုစိုက်ခြင်း မရှိပေ။ ဤသည်မှာ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ လူတစ်ဦးက တစ်စုံတစ်ရာကို မိမိ၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်း ရှိမရှိဟူသည်ကို ဘုရားသခင် ဆုံးဖြတ်သည့်အခါ မည်သည့်အရာကို သူ ကြည့်သနည်း။ တစ်နည်းအားဖြင့် ထိုအရာကို တာဝန်သိတတ်ပြီး တာဝန်ယူသော သဘောထားဖြင့် သင် ချဉ်းကပ်ခြင်း ရှိမရှိဟူသည်ကို သူ ကြည့်သည်။ နောက်တစ်နည်းအားဖြင့် ထိုအရာကို လုပ်ဆောင်နေစဉ် မည်သည့်အရာ သင် စဉ်းစားနေသည်၊ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို သင် အာရုံစူးစိုက်စွာ ထမ်းဆောင်ခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထိုအရာကို သင် တစ်သမတ်တည်း လုပ်ဆောင်ခြင်း ရှိမရှိ၊ ပြီးလျှင် အခက်အခဲများ သင့်အပေါ် ကျရောက်သည့်အခါ သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်နိုင်ရန်အလို့ငှာ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို စူးစူးစိုက်စိုက် ရှာဖွေခြင်း ရှိမရှိဆိုသည်တို့ကို သူကြည့်သည်။ လူသားများက အမှုအရာများကို လုပ်ဆောင်ကြသည်နှင့်အမျှ ဘုရားသခင်က စောင့်ကြည့်ကာ စိစစ်သည်။ သူသည် ၎င်းတို့၏ စိတ်နှလုံးများထဲသို့ တစ်ချိန်လုံး စောင့်ကြည့်လေ့လာနေသည်။ ထိုအရာကို လူတို့က မသိကြသော်လည်း သူ၏ စိစစ်မှုကို တစ်ခါတစ်ရံ ခံစားနိုင်ကြသည်။ လူအချို့သည် မိမိတို့တာဝန်များတွင် အမြဲ ဝတ်ကျေတမ်းကျေ ဖြစ်ကြပြီး နောက်ဆုံးတွင် ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ရန် ပတ်ဝန်းကျင်တစ်ခု စီစဉ်သည်။ ထိုအချိန်တွင် သူ၏ စွန့်ပစ်မှုကို ၎င်းတို့ ခံစားရပြီး ၎င်းတို့က ဘာသာတရားမရှိသူများနှင့် မတူကြောင်း၊ မယုံကြည်သူများ၊ နတ်ဆိုးများ၊ စာတန်များနှင့် တူကြောင်း လူတိုင်း မြင်ကြသည်။ ဤလူစားမျိုးများသည် မိမိတို့တာဝန်များကို ထမ်းဆောင်သည့်အတောအတွင်း ဖယ်ရှားရှင်းလင်းခြင်းခံရကြ၏။ လူအချို့သည် တာဝန်များကို ထမ်းဆောင်နေစဉ် မိမိတို့ကိုယ်ကို မကြာခဏ သုံးသပ်ဆင်ခြင်ကြသည်။ တစ်ခါတစ်ရံ ၎င်းတို့ ရရှိသည့် ရလဒ်များက မကောင်းပေ၊ သို့မဟုတ် ပြဿနာတစ်ခု ပေါ်ပေါက်ပြီး ထိုအရာကို ၎င်းတို့ စိတ်နှလုံးများတွင် ခံစားနိုင်ကာ “ငါသည် တစ်ဖန် ဝတ်ကျေတမ်းကျေဖြစ်နေသလော”ဟု စဉ်းစားကြသည်။ ၎င်းတို့ အပြစ်တင်ခံရသည်ကို ခံစားမိကြသည်။ ဤအရာ အဘယ်သို့ ဖြစ်လာသနည်း။ ဘုရားသခင်က ဖြစ်စေခြင်းဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်က သင့်ကို အဘယ်ကြောင့် ဉာဏ်အလင်းပေးနေသနည်း။ မည်သည့်အရာကို အခြေပြု၍ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း ပေးနေသနည်း။ မည်သည့် ဆက်စပ်အခြေအနေအတွင်းတွင် သူက သင့်ကို အပြစ်တင်နေသနည်း။ သင့်အနေဖြင့် မှန်ကန်သည့် စိတ်ဓာတ်ရှိကာ “ငါ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ငါ လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းက သမ္မာတရားနှင့်အညီ လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ငါ့တာဝန်ကို ငါ အမှန်တကယ် စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ပြီးပြီလော”ဟု ပြောရမည်။ ဤအရာကို သင် အမြဲ တွေးဆလျှင် ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးကာ “ထိုအလုပ်တာဝန်ကို ငါ စိတ်နှလုံးအကြွင်းမဲ့ဖြင့် မလုပ်ဆောင်ခဲ့ပါ။ ငါ အတော်လေး အဆင်ပြေနေခဲ့သည်၊ ကိုယ့်ကိုယ်ကိုယ် ၁၀၀ ထဲမှ ၉၉ မှတ် ရခဲ့မည်ဟု တွေးခဲ့သည်။ သို့သော် ယခုတွင် ထိုသို့ အမှန်တကယ် မဟုတ်သည်ကို ငါ မြင်ရသည်။ ငါသည် အမှန်တကယ် ပြည့်မီရုံမျှသာ ဖြစ်ခဲ့သည်”ဟု သင့်ကို နားလည်စေလိမ့်မည်။ ထိုအခါတွင်မှ ဘုရားသခင်၏ စိတ်မကျေနပ်မှုကို သင်တွေ့ရှိလိမ့်မည်။ ဤသည်မှာ သင့်ကို ဘုရားသခင်က ဉာဏ်အလင်းပေးခြင်းနှင့် သင်၏ တာဝန်ကို သင် မည်မျှကောင်းစွာ ထမ်းဆောင်သည်ဆိုသည်နှင့် သူ၏ သတ်မှတ်ချက်များနှင့် သင် မည်မျှ အလှမ်းဝေးနေဆဲ ဖြစ်သည်ဆိုသည်တို့ကို သင့်အား နားလည်ခွင့်ပေးနေခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိတာဝန် ထမ်းဆောင်မှုတွင် အနိမ့်ဆုံး စံနှုန်းများအောက်တွင် ရှိပါက ၎င်းကို ဘုရားသခင်က ဉာဏ်အလင်းပေးလိမ့်ဦးမည်လော။ မဖြစ်နိုင်ပေ။ မည်သူ့ကို ဘုရားသခင်က ဉာဏ်အလင်းပေးသနည်း။ ဦးစွာပထမ သမ္မာတရားအား ချစ်သောသူတို့ကို ဖြစ်သည်။ ဒုတိယအနေဖြင့် ကျိုးနွံနာခံမှု သဘောထားရှိသည့်သူများကို ဖြစ်သည်။ တတိယအနေဖြင့် သမ္မာတရားကို တောင့်တသူများဖြစ်ပြီး စတုတ္ထအနေဖြင့် ကဏ္ဍအားလုံးတွင် မိမိတို့ကိုယ်ကို ဆန်းစစ်ကာ သုံးသပ်သောသူများကို ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိနိုင်သည့် လူစားမျိုးများဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခြင်းအားဖြင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သင်၏ ကိုယ်ပိုင် အတွေ့အကြုံ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာနှင့် ဤစစ်မှန်မှု သွင်ပြင်လက္ခဏာတို့သည် ယခင်ကထက် သာ၍ ကြီးမားစွာ ကြီးထွားလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် မည်သည့်လူတို့က မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ကြပြီး မည်သည့်လူတို့က မလုပ်ဆောင်ကြသည်ဆိုသည်နှင့် တာဝန်များ ထမ်းဆောင်ခြင်းအပေါ် အမျိုးမျိုးသော လူတစ်ဦးချင်းစီ၏ သဘောထားများနှင့် အပြုအမူများအပေါ် ရှင်းလင်းလာလိမ့်မည်။ သင်သည် မိမိကိုယ်ကို သိရှိသည့်အခါ အခြားသူများကိုလည်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်တွင် ပိုပိုပြီး စေ့စပ်တိကျလာလိမ့်မည်။ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့်ဆိုင်သည့် အသေးဆုံးသော ဖြစ်ရပ်ကို သင် သတိမထားမိဘဲ နေလိမ့်မည်မဟုတ်သကဲ့သို့ ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို သင် ရှာဖွေနိုင်လိမ့်မည်။ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်သည် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်နိုင်လိမ့်မည်၊ သမ္မာတရားကို ပိုပိုပြီး လက်တွေ့လုပ်ဆောင်နေလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံး တည်ငြိမ်ကာ အေးချမ်းလိမ့်မည်။ တာဝန်တစ်ခုကို သင် ကောင်းစွာ မထမ်းဆောင်ခဲ့မှန်း တစ်နေ့ သင် သိရှိလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ထိုအရာနှင့်ပတ်သက်၍ သင် တွေးဆရမည်၊ သတင်းအချက်အလက် ရှာရမည်ဖြစ်ပြီး အခြားသူများထံမှ အကြံတောင်းရမည်၊ ထို့နောက်တွင် သင် မသိလိုက်မီတွင် ထိုကိစ္စရပ်နှင့်ဆိုင်သည့် သိနားလည်မှုတစ်ခုကို သင် ရရှိလိမ့်မည်ဖြစ်သည်။ ဤအရာက သင်၏ တာဝန် ထမ်းဆောင်ရာတွင် အထောက်အကူ ပြုစေလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာက အထောက်အကူ ဖြစ်လိမ့်မည်။ မည်သည့် တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ ဤအရာ မှန်ကန်လိမ့်မည်။ လူတို့က မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်သရွေ့၊ သမ္မာတရားကို ရှာဖွေကာ မိမိတို့ အားထုတ်မှုများတွင် မဆုတ်မနစ်လုံ့လထုတ်သရွေ့ နောက်ဆုံးတွင် ရလဒ်များ ရရှိကြလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။