တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၄)

မိမိတို့၏တာဝန်များ၌ လုံးဝ ဒုက္ခမခံလိုသော၊ ပြဿနာတစ်ခုကြုံသည့်အခါတိုင်း အစဉ်သဖြင့် ညည်းညူပြီး အဖိုးအခပေးဖို့ ငြင်းဆန်သော လူအချို့ရှိသည်။ ယင်းမှာ အဘယ် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားမျိုးဖြစ်သည်။ သင်သည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ထမ်းဆောင်ပြီး မထီမဲ့မြင် သဘောထားဖြင့် ချဉ်းကပ်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် မိမိ၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း ညံ့ဖျင်းစွာ ထမ်းဆောင်လိမ့်မည်။ သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် အလွန်ပင် ကျေနပ်အားရမှု မရှိဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤနည်းအားဖြင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင်က သင့်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် အမှုကိစ္စများကို သင် ကိုင်တွယ်သောအခါတွင် အရာရာတိုင်းက အဆင်ပြေချောမွေ့လိမ့်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ရရှိလိမ့်မည်။ သင့်အနေဖြင့် ခွန်အားပမာဏများစွာ စိုက်ထုတ်ဖို့ လိုအပ်မည် မဟုတ်ပေ။ သင်သည် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားသည့်အခါတွင် ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်မချရဘဲ အချောင်ခိုပါက၊ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ အာရုံစိုက် ထမ်းဆောင်ခြင်း မရှိဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် သင့်အပေါ် အရေးတယူရှိလိမ့်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က “သင်သည် ညံ့ဖျင်းပေသည်။ သင့်ကို ငါအသုံးမပြုနိုင်။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် အေးဆေးသက်သာ နေရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် အစဉ်ထာဝရ အေးဆေးသက်သာ နေလော့” ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ သင်တို့ မည်သို့သဘောရသနည်း။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုလော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်သောသူတို့နှင့် သမ္မာတရား လိုက်စားသောသူအားလုံးကို မတူကွဲပြားသည့် ပတ်ဝန်းကျင်မျိုးစုံဖြင့် စုံလင်စေသည်။ သူသည် လူတို့အား အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊ သို့မဟုတ် စမ်းသပ်မှုများမှတစ်ဆင့် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံစေဖို့ ထောက်ကူပေးပြီး ထိုသို့ဖြင့် သမ္မာတရားအပေါ် သိနားလည်၍ သူ့အပေါ် စစ်မှန်သည့် အသိကို ရရှိကာ နောက်ဆုံးတွင် သမ္မာတရားကို ရရှိဖို့ ထောက်ကူပေးသည်။ ဘုရားသခင်၏ အမှုတော်ကို ဤပုံစံဖြင့် သင်တွေ့ကြုံလျှင် သင်၏ အသက် စိတ်သဘောထား ပြောင်းလဲလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့် အသက်ကို ရရှိနိုင်လိမ့်မည်။ ဤတွေ့ကြုံသည့်နှစ်ကာလများတစ်လျှောက်တွင် မည်မျှ သင်တို့ ရရှိပြီးပြီနည်း။ (များစွာ ရရှိပြီးဖြစ်သည်။) သို့ဆိုလျှင် သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် ဆင်းရဲဒုက္ခအနည်းငယ် ခါးစည်းခံခြင်းနှင့် အဖိုးအခ အနည်းငယ် ပေးခြင်းသည် လုပ်ရကျိုးမနပ်သလော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကို သင် ရရှိပြီးပြီနည်း။ သင်သည် သမ္မာတရား များစွာကို နားလည်ပြီးလေတကား။ ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်မှုမှတစ်ဆင့် မည်သည့်အရာကို လူတို့ ရရှိချင်ကြသနည်း။ သမ္မာတရားနှင့် အသက်ရရှိရန် ဖြစ်သည် မဟုတ်လော။ ဤပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းမရှိဘဲ သမ္မာတရားကို သင် ရရှိနိုင်သည်ဟု ထင်သလော။ လုံးဝ မရရှိနိုင်။ အထူး အခက်အခဲအချို့ သင့်အပေါ် ကျရောက်သည့်အခါ၊ သို့မဟုတ် သီးခြား ပတ်ဝန်းကျင်အချို့ကို သင် ကြုံရသည့်အခါ သင်၏ သဘောထားသည် အမြဲ ထိုအရာများကို ရှောင်ရှားရန် သို့မဟုတ် ထိုအရာများမှ ထွက်ပြေးရန်၊ ထိုအရာများကို ငြင်းပယ်ပြီး ဖယ်ရှားဖို့ အသည်းအသန် ကြိုးစားရန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ ပြုသည့်အတိုင်း မခံယူလိုလျှင်၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားခြင်း မရှိသကဲ့သို့ သမ္မာတရားအား သင့်အပေါ် ထိန်းချုပ်ခွင့်မပေးလိုလျှင် သင်သည် အမြဲ အဆုံးအဖြတ်ပေးလိုပြီး သင်၏ စာတန်စိတ်သဘောထားအတိုင်း မိမိနှင့်ပတ်သက်သည့် အရာရာကို ထိန်းချုပ်လိုလျှင် အနှေးနှင့်အမြန်ဆိုသလို ဘုရားသခင်က သင့်ကို သေချာပေါက် ဘေးဖယ်ထားမည့် အကျိုးဆက်များ သို့မဟုတ် စာတန်ထံ လွှဲအပ်မည့် အကျိုးဆက်များဖြစ်လိမ့်မည်။ လူတို့သည် ဤကိစ္စရပ်ကို နားလည်လျှင်၊ အမြန် နောက်ပြန်လှည့်ကာ ဘဝတွင် ဘုရားသခင် တောင်းဆိုသည့် မှန်ကန်သော လမ်းကြောင်းအတိုင်း မိမိတို့ လမ်းကို လိုက်လျှောက်ရမည်ဖြစ်သည်။ ဤလမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး လမ်းကြောင်း မှန်ကန်သည့်အခါ ယင်းမှာ ထိုဦးတည်ချက် မှန်ကန်သည်ဟု ဆိုလိုပေသည်။ လမ်းပေါ်တွင် မညီညာသည့် မျက်နှာပြင်များနှင့် ဤကာလအတောအတွင်းတွင် အခက်အခဲများ ရှိကောင်းရှိနိုင်သည်၊ ၎င်းတို့အနေဖြင့် မှောက်မှားနိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ကာ ရက်အတော်ကြာ အပျက်သဘောဆောင်လာနိုင်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် မဆုတ်မနစ်ကြိုးပမ်းနိုင်ကာ အမှုအရာများကို မနှောင့်နှေးစေနိုင်ပါက ဤပြဿနာများအားလုံး သိသာလိမ့်မည်မဟုတ်၊ သို့သော် မိမိတို့ကိုယ်ကို ချက်ချင်း ၎င်းတို့ သုံးသပ်ရမည်၊ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေရမည်ဖြစ်ပြီး လုံးဝ အချိန်မဆွဲရ၊ အရှုံးမပေးရ သို့မဟုတ် မိမိတို့တာဝန်များကို လက်မလျှော့ရပေ။ ဤသည်မှာ အလွန်အရေးကြီး၏။ သင်က “အပျက်သဘောဆောင်ပြီး အားနည်းခြင်းက အရေးမကြီးပါ။ အတွင်းပိုင်း ပြဿနာတစ်ခု ဖြစ်သည်။ ထိုအကြောင်းကို ဘုရားသခင် မသိပါ။ ပြီးလျှင် ယခင်က ငါ ဆင်းရဲဒုက္ခခံခဲ့ရပြီး အဖိုးအခပေးခဲ့ရပုံကို စဉ်းစားသည့်အခါ သူသည် ငါ့အပေါ် မုချ သက်ညှာပေးလိမ့်မည်” ဟု သင့်ဘာသာတွေးကာ ဤအားနည်းချက်နှင့် အပျက်သဘောဆောင်ခြင်း ဆက်လက် ဖြစ်ပေါ်ပြီး သင့်အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားပေးသည့် ပတ်ဝန်းကျင်တွင် သမ္မာတရားကို ရှာဖွေခြင်းမရှိလျှင် သို့မဟုတ် သင်ခန်းစာများ သင်ယူခြင်းမရှိလျှင် သင်၏ အခွင့်အရေးများကို အဖန်ဖန် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် သင့်ကို စုံလင်စေရန် ဘုရားသခင် ရည်ရွယ်သည့် အခွင့်အရေးအားလုံးကို သင် လွဲချော်လိမ့်မည်၊ တမင် ဖျက်ဆီးမိကာ ပျက်စီးစေလိမ့်မည်။ ဤအရာ၏ အကျိုးဆက်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် မျှော်လင့်ချက်မဲ့သည်ထက် မဲ့လာလိမ့်မည်၊ သင်၏ ဆုတောင်းချက်များတွင် ဘုရားသခင်ကို ခံစားရလိမ့်မည် မဟုတ်တော့သကဲ့သို့ သင်၏ အတွေးများက ဆိုးယုတ်မှုနှင့် သစ္စာဖောက်ဖျက်ခြင်းတို့ဖြင့် ပြည့်သည့်အဆင့်ထိ သင် အပျက်သဘောဆောင်လာလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်သည် လုံးဝ အစွမ်းမဲ့ကာ အလွန်အမင်း စိတ်မချမ်းမသာဖြစ်လျက် ပြင်းထန်သော စိတ်ဆင်းရဲခြင်းထဲ ပိတ်မိသွားလိမ့်မည်။ သင့်ထံတွင် လမ်းကြောင်း၊ ဦးတည်ချက်မရှိကြောင်းနှင့် မည်သည့် အလင်းရောင်မျှ မမြင်နိုင်၊ သို့မဟုတ် မည်သည့် မျှော်လင့်ချက်မျှ ရှာမတွေ့နိုင်ကြောင်း သင် ခံစားရလိမ့်မည်။ ဤကဲ့သို့ အသက်ရှင်ခြင်းက ပင်ပန်းစရာ ဖြစ်သလော။ (ပင်ပန်းစရာ ဖြစ်ပါသည်။) သမ္မာတရား လိုက်စားခြင်းနှင့်ဆိုင်သည့် တောက်ပသော လမ်းကြောင်းကို မလျှောက်ကြသူများသည် စာတန်၏ အာဏာအောက်၊ ရာသက်ပန် အပြစ်နှင့် မှောင်မိုက်ထဲတွင် မျှော်လင့်ချက်မရှိဘဲ ထာဝရ အသက်ရှင်ကြလိမ့်မည်။ ဤစကားလုံးများ၏ အဓိပ္ပာယ်ကို သင်တို့ နားလည်နိုင်ကြသလော။ (ကျွန်ုပ်၏ စိတ်နှလုံးနှင့် ဉာဏ်ရှိသမျှဖြင့် သမ္မာတရားကို ကျွန်ုပ် လိုက်စားကာ ကိုယ့်တာဝန်ကို ထမ်းဆောင်ရပါမည်။) တာဝန်တစ်ခုက သင့်အပေါ် ကျရောက်ပြီး ယင်းတာဝန်ကို သင့်ထံ အပ်နှံသောအခါ အခက်အခဲများ ရင်ဆိုင်ရခြင်းကို မည်သို့ရှောင်ရှားရမည်ကို မစဉ်းစားနှင့်။ တစ်စုံတစ်ခုက ကိုင်တွယ်ရန် ခက်ခဲလျှင် ယင်းအား ဘေးသို့ထားလိုက်ပြီး လျစ်လျူရှုခြင်း မပြုနှင့်။ ယင်းကို ထိပ်တိုက်ရင်ဆိုင်ရမည်။ ဘုရားသခင်သည် လူများနှင့်အတူ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၌ အခက်အခဲတစ်ခုတလေ ရှိလျှင် ၎င်းတို့သည် သူ့ထံ ဆုတောင်းပြီး ရှာဖွေဖို့သာ လိုအပ်သည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုလျှင် မည်သည့်အရာကမျှ မခက်ခဲသည်ကိုလည်းကောင်း သင် အချိန်ပြည့် သတိရရမည်။ သင့်တွင် ဤယုံကြည်ခြင်းရှိရမည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်ဖြစ်ကြောင်း သင် ယုံကြည်သည့်အတွက် တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါ သင် အဘယ်ကြောင့် ကြောက်ရွံ့ကာ မှီခိုအားကိုးစရာမရှိဟု ခံစားရဆဲဖြစ်သနည်း။ ဤအရာက သင်သည် ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်း မရှိသည်ကို သက်သေပြ၏။ ဘုရားသခင်ကို သင်၏ အထောက်အပံ့နှင့် သင်၏ ဘုရားအဖြစ် သင် မခံယူလျှင် သူသည် သင်၏ ဘုရားသခင် မဟုတ်။ လက်တွေ့ဘဝတွင် မည်သည့် အခြေအနေများကို သင် ကြုံရသည်ဖြစ်စေ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ သင် လာရမည်။ တစ်ရက်ကို ကိစ္စတစ်ခုတည်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို သင် နားလည်ပြီး တစ်စုံတစ်ရာကို ရရှိလျှင်ပင် အချိန် အချည်းနှီး ဖြစ်ခဲ့လိမ့်မည်မဟုတ်။ ယခုအခါ တစ်နေ့တွင် အချိန်မည်မျှ ဘုရားသခင်ရှေ့မှောက် သင်တို့ လာနိုင်သနည်း။ တစ်နေ့တွင် အကြိမ်မည်မျှ ဘုရားသခင်ရှေ့မှောက်သို့ သင် လာသနည်း။ ရလဒ်များတစ်ခုတလေကို သင် ရရှိပြီးပြီလော။ လူတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်သို့လာခဲလှလျှင် ၎င်းတို့၏ စိတ်ဝိညာဉ် ခမ်းခြောက်ကာ အလွန်မျှော်လင့်ချက်မဲ့လိမ့်မည်။ အားလုံး အဆင်ပြေချိန်တွင် လူတို့သည် ဘုရားသခင်ထံမှ လမ်းလွဲကာ သူ့ကို လျစ်လျူရှုကြသည်။ အခက်အခဲများဖြစ်ပေါ်သည့်အခါတွင်သာ သူ့ကို ရှာဖွေကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သလော။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း ဖြစ်သလော။ ဤသည်တို့မှာ မယုံကြည်သူများ၏ သရုပ်သကန်များ ဖြစ်သည်။ ဘုရားသခင်ကို ဤယုံကြည်မှုမျိုးဖြင့် သမ္မာတရားနှင့် အသက်ကို ရရှိရန် မဖြစ်နိုင်ပေ။

သမ္မာတရားကို လူတို့ နားမလည်သည့်အခါ သို့မဟုတ် လက်တွေ့မလုပ်ဆောင်သည့်အခါ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအလယ်တွင် ၎င်းတို့ မကြာခဏ အသက်ရှင်ကြ၏။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့် အခြားအကျိုးစီးပွားများအကြောင်း တွေးတောပြီး ယင်းတို့နှင့်ပတ်သက်၍ မိမိတို့၏ ဦးနှောက်များခြောက်အောင် စဉ်းစားလျက် ဆိုးယုတ်သော ထောင်ချောက်အမျိုးမျိုးအတွင်းတွင် ၎င်းတို့ အသက်ရှင်နေထိုင်ကြ၏။ သို့သော် သင်သည် သင်၏ တာဝန်တွင်၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လိုက်စားခြင်းတွင် ဤသဘောထားကို အသုံးချလျှင် သမ္မာတရားကို သင်ရရှိနိုင်လိမ့်မည်။ ဥပမာအနေဖြင့် မဖြစ်စလောက် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တစ်ခုအတွက် သင် ဦးနှောက်ခြောက်ခံစဉ်းစားသည်၊ အရာရာကို ပြီးပြည့်စုံအောင် စီစဉ်လျက်၊ ထိုအရာကို အလွန်စဉ်းစားကာ အားထည့်ရင်း သင် သေချာစွာနှင့် စေ့စပ်စွာ တွေးသည်။ သင်သည် အလားတူ အားအင်မျိုးကို သင်၏ တာဝန် ထမ်းဆောင်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေခြင်းတွင် ထားရှိခဲ့မည်ဆိုလျှင် ဘုရားသခင်သည် သင့်အပေါ် မတူကွဲပြားသည့် သဘောထားတစ်ခု ရှိသည်ကို သင် မြင်ရပေမည်။ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ညည်းညူကြသည်။ “ဘုရားသခင်သည် အခြားသူများအပေါ် ကောင်းမြတ်သော်လည်း ကျွန်ုပ်အပေါ် အဘယ်ကြောင့် မကောင်းမြတ်သနည်း။ ဘုရားသခင်သည် ကျွန်ုပ်ကို အဘယ်ကြောင့် ဉာဏ်အလင်းမပေးသနည်း။ ကျွန်ုပ် အဘယ်ကြောင့် အမြဲ အားနည်းသနည်း။ ကျွန်ုပ်သည် သူတို့လောက် အဘယ်ကြောင့် မတော်သနည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် ဘက်လိုက်ခြင်း မရှိပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ မလာဘဲ သင့်အပေါ် ကျရောက်သည့်အရာများကို မိမိသဘောအတိုင်း အမြဲ ဖြေရှင်းချင်လျှင် သူသည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်မဟုတ်။ သင် လာဆုတောင်းကာ သူ့ကို တောင်းလျှောက်သည်အထိ သူ စောင့်ဆိုင်းလိမ့်မည်။ ထို့နောက်တွင် ထိုအရာကို သင့်အား သူ ပေးလိမ့်မည်ဖြစ်သည်။ မည်သည့်လူစားမျိုးများကို ဘုရားသခင် နှစ်သက်သနည်း။ သူ့ထံမှ လူတို့က မည်သည့်အရာ တောင်းလျှောက်ဖို့ကို ဘုရားသခင် စောင့်ဆိုင်းနေသနည်း။ သူသည် ၎င်းတို့အား ငွေ၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ပျော်ရွင်မှုတို့ကို ထိုအရှက်မဲ့သည့်လူများကဲ့သို့ တောင်းဆိုစေချင်သလော။ ထိုသို့သော အရာများကို လူတို့က သူ့ထံ တောင်းလျှောက်သည့်အခါ ဘုရားသခင် မနှစ်သက်ပေ။ ဘုရားသခင်ထံမှ ဤအရာများကို ရှာဖွေသောသူတို့သည် အရှက်မဲ့ကြ၏၊ ၎င်းတို့သည် လူအားလုံးထဲက အနိမ့်ကျဆုံးဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ သူသည် အပြစ်မှ နိုးထနိုင်သည့်လူများနှင့် သူ့ထံမှ သမ္မာတရားကို ရှာဖွေကာ လက်ခံနိုင်သည့်လူများကို အလိုရှိသည်။ ဤသည်တို့မှာ လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သူ မြင်သည့် လူစားမျိုးများ ဖြစ်သည်။ သင့်အနေဖြင့် ဤသို့ ဆုတောင်းသင့်သည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သလို ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအလယ်တွင် ကျွန်ုပ် မကြာခဏ အသက်ရှင်ပါသည်။ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်း၏ အမျိုးမျိုးသော စုံစမ်းသွေးဆောင်မှုများကို ကျွန်ုပ် အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိသကဲ့သို့ ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည် မသိပါ။ သမ္မာတရား စည်းမျဉ်းများနှင့်ဆိုင်သည့် သိနားလည်မှု ကျွန်ုပ် ကင်းမဲ့ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ တောင်းလျှောက် အသနားခံပါ၏”ဟူသည်နှင့် “ကျွန်ုပ်တာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ် လိုလားနေသော်လည်း ကျွန်ုပ် ယုံကြည်မှုနည်းသည်ဟု ခံစားရပါသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပြီး နောက်တစ်နည်းအားဖြင့် ကျွန်ုပ်သည် ဤနယ်ပယ်နှင့်ဆိုင်သည့် သိနားလည်မှု ကင်းမဲ့ပါသည်။ အမှုအရာများကို ကောင်းစွာ မလုပ်ဆောင်မည်ကို ကျွန်ုပ် စိုးရိမ်မိပါသည်။ ကိုယ်တော်၏ လမ်းပြခြင်းနှင့် အကူအညီကို ကျွန်ုပ် တောင်းခံပါသည်”တို့ ဖြစ်သည်။ သမ္မာတရားကို သင် လာရှာရန် ဘုရားသခင် သင့်ကို စောင့်ဆိုင်းနေသည်။ ရိုးသားသည့် စိတ်နှလုံးတစ်ခုဖြင့် ရှာဖွေလျက် ဘုရားသခင်ရှေ့မှောက်သို့ သင်လာသည့်အခါ သူသည် သင့်ကို ဉာဏ်အလင်းပေးကာ အလင်းပြလိမ့်မည်ဖြစ်ပြီး ထိုအခါ သင်သည် လမ်းကြောင်းတစ်ခုရှိကာ သင်၏တာဝန်အား မည်သို့ ထမ်းဆောင်ရမည်ကို သိရှိလိမ့်မည်။ သမ္မာတရားနှင့်စပ်လျဉ်း၍ သင် အမြဲ အားထုတ်ပြီး ဆုတောင်းခြင်းဖြင့် သင်၏ စစ်မှန်သော အခြေအနေကို ဘုရားသခင် ရှေ့မှောက်သို့ ယူဆောင်လာကာ ဘုရားသခင်၏ လမ်းပြမှုနှင့် ကျေးဇူးတော်ကို တောင်းလျှောက်လျှင် သမ္မာတရားကို ဤနည်းဖြင့် သင် တဖြည်းဖြည်း နားလည်လာကာ လက်တွေ့လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် သင်အသက်ရှင်နေထိုင်သည့်အရာသည် လူသားပုံသဏ္ဌာန်နှင့် သာမန်လူ့သဘာဝအပြင် သမ္မာတရား စစ်မှန်မှု ရှိလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားသလို သမ္မာတရားကို မလိုက်စားဘဲ သင်၏ အမျိုးမျိုးသော အကျိုးစီးပွားများအတွက် လိုအပ်သည့်အရာမှန်သမျှကို လုပ်ဆောင်ရင်း မကြာခဏ စီစဉ်ကာ၊ ချင့်ချိန်စဉ်းစား၍ အချိန်ပေးတွေးတောပြီး ကြိုးစားလုပ်ဆောင်သည့်အပြင် သင်၏ဘဝကိုပါ ပေးလျှင် သင်သည် လူတို့၏ ရိုသေမှုကိုရရှိကောင်း ရရှိနိုင်သည့်အပြင် အမျိုးမျိုးသော အကျိုးအမြတ်များနှင့် ဂုဏ်ယူမှုပုံစံများကို ရရှိကောင်းရရှိမည်။ သို့သော် ဤအရာများနှင့် သမ္မာတရားအနက် မည်သည်က ပို၍အရေးကြီးသနည်း။ (သမ္မာတရားက ပို၍အရေးကြီးသည်။) လူတို့သည် ဤအယူဝါဒကို နားလည်ကြသည့်တိုင် သမ္မာတရားကို မလိုက်စားဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားများနှင့် အဆင့်အတန်းကိုသာ တန်ဖိုးထားကြလေသည်။ သို့ဆိုလျှင် ယင်းကို ၎င်းတို့ အမှန်တကယ် နားလည်သလော၊ သို့မဟုတ် ဤသည်မှာ မှားယွင်းသော သိနားလည်မှုလော။ (ယင်းမှာ မှားယွင်းသော သိနားလည်မှုဖြစ်သည်။) အမှန်အားဖြင့် ၎င်းတို့သည် မိုက်မဲကြသည်။ ၎င်းတို့သည် ထိုအရေးကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်ကြပေ။ ၎င်းတို့သည် ဤအရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်းရှိသောအခါ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကို ရရှိပြီးဖြစ်လိမ့်မည်။ ဤအရာက လူတို့အား သမ္မာတရားကိုလိုက်စားရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်ပြီး ကြိုးစားအားထုတ်မှုကို အသုံးခံရန် တောင်းဆိုသည်။ လူတို့သည် နားဝေတိမ်တောင်နှင့် ပေါ့ပေါ့ဆဆလုပ်၍ မရပေ။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်က “ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောဆိုခြင်းကို ပြီးစီးပြီဖြစ်သည်။ ဤလူသားမျိုးနွယ်ကို မည်သည့်အရာမျှ သူထပ်မပြောလိုဘဲ မည်သည့်အရာမျှ ထပ်မလုပ်လိုပေ။ ပြီးလျှင်လူ၏အလုပ်ကို စုံစမ်းဖို့ အချိန်ကျရောက်လာပြီဖြစ်သည်” ဟု ပြောသည့် နေ့ရက်တစ်ရက်သို့ ရောက်လာသောအခါ သင်သည် ဖယ်ရှားရှင်းလင်းခံရဖို့ရန် ကံစီမံပြီဖြစ်သည်။ သင့်ကို ထောက်ပံ့သူများ မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ ဆုကျေးဇူးနှင့် ပါရမီများ မည်မျှ သင် ပိုင်ဆိုင်သည်ဖြစ်စေ၊ သင် မည်မျှ ပညာတတ်သည်ဖြစ်စေ၊ သင် သိက္ခာမည်မျှ ရှိသည်ဖြစ်စေ၊ ဤလောကတွင် သင်၏ ရာထူးက မည်မျှ အရေးပါသည်ဖြစ်စေ ဤအရာတစ်ခုမျှသည် အသုံးဝင်ခြင်းတစ်ခုခု ရှိလိမ့်မည်မဟုတ်။ ထိုအချိန်တွင် သမ္မာတရား၏ တန်ဖိုးရှိခြင်းနှင့် အရေးပါခြင်းကို သင် သဘောပေါက်လိမ့်မည်။ သမ္မာတရားကို သင် မရရှိသေးလျှင် ဘုရားသခင်နှင့် သင် ဘာမျှ မပတ်သက်ကြောင်း သင် နားလည်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်မျှ သနားဖွယ်ဖြစ်ကာ ဝမ်းနည်းစရာဖြစ်သည်ကို သင် သိရှိလိမ့်မည်။ ယနေ့ခေတ်တွင် လူများစွာတို့သည် ၎င်တို့၏ စိတ်နှလုံးထဲ၌ ဤအရာနှင့်ဆိုင်သည့် ခံစားချက်ရေးရေးတစ်ခု ရှိနှင့်ကြသော်လည်း ဤခံစားချက်က သမ္မာတရားကို လိုက်စားရန် ၎င်းတို့ထဲတွင် စိတ်ပိုင်းဖြတ်မှုတစ်ခုအား မလှုံ့ဆော်သေးချေ။ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် သမ္မာတရား၏ တန်ဖိုးရှိခြင်းနှင့် အရေးပါခြင်းတို့ကို နက်နက်ရှိုင်းရှိုင်း မခံစားရသေးချေ။ အနည်းငယ်သော အသိသည် မလုံလောက်။ အကြင်သူသည် ဤကိစ္စရပ်၏ အနှစ်သာရကို အမှန်တကယ် ရှင်းလင်းစွာ သိမြင်ရမည်ဖြစ်သည်။ ထိုသို့ သင် သိမြင်သည့်အခါ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာအား အသုံးပြုရမည်ကို သင် သိရှိလိမ့်မည်။ သမ္မာတရားကသာ လူတို့ ရင်ဆိုင်ရသည့် ပြဿနာမျိုးစုံကို ဖြေရှင်းနိုင်ပြီး ၎င်းတို့၏ အမျိုးမျိုးသော လိုရာဆွဲသည့်အတွေးများ၊ သဘောထား ကျဉ်းမြောင်းသည့် အမြင်များ၊ အကျင့်ပျက်ပြားသော စိတ်သဘောထားများအပြင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပတ်သက်သည့် အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းနိုင်သည်။ သမ္မာတရားကို လိုက်စားပြီး ပြဿနာများကိုဖြေရှင်းရန် သမ္မာတရားကို အဆက်မပြတ် အသုံးပြုရုံမျှဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့ စွန့်ပယ်နိုင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်ကြလိမ့်မည်။ သင်သည် သင့်အပေါ် ကျရောက်သည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းရန် လူသား နည်းစနစ်များနှင့် လူသား ထိန်းချုပ်မှုအပေါ်သာ မှီခိုလျှင် ဤအခက်အခဲများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မည်သည့်အခါတွင်မျှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ပိုမိုဖတ်ရှုကာ နာရီအတော်များများ သုံးကာ ယင်းတို့ကို နေ့စဉ် ဖတ်ရှုလျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ဧကန်မုချ ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်လိမ့်မည်လော”ဟု ပြောကြသည်။ ထိုအရာမှာ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ရှုပုံနှင့် သမ္မာတရားကို သင် နားလည်ကာ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်တို့အပေါ် မူတည်သည်။ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုချိန်တွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး သမ္မာတရားကို မလိုက်စားပါက သမ္မာတရားကို သင် ရရှိလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို မရရှိလျှင် သင်၏ အသက် စိတ်သဘောထား လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ အကျဉ်းချုပ်ပြောရလျှင် အကြင်သူသည် သမ္မာတရားကို လုံးဝ လိုက်စားရမည်ဖြစ်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန်အလို့ငှာ အကြင်သူသည် သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရုံမျှသာ ဖတ်ရှုခြင်းက လုံးဝ အဆင်ပြေလိမ့်မည် မဟုတ်။ အခြားသူများကို ဘုရားနှုတ်ကပတ်တော် ဟောပြောခြင်းနှင့် ထိုနှုတ်ကပတ်တော်အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ပြောဆိုရာတွင် ကျွမ်းကျင်သော်လည်း မိမိတို့ကိုယ်တိုင် ထိုသို့မလုပ်ဆောင်ခဲ့ကြသည့် ဖာရိရှဲများကဲ့သို့ဖြစ်ခြင်းသည် မမှန်ကန်သည့် လမ်းကြောင်းဖြစ်၏။ လူတို့အနေဖြင့် သမ္မာတရားကို သိနားလည်နိုင်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်ရန်အလို့ငှာ သူ၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုဖို့ လူတို့ကို ဘုရားသခင် တောင်းဆို၏။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ရန်နှင့် ဘဝတွင် သမ္မာတရား လိုက်စားခြင်းနှင့်ဆိုင်သော မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရန် လူတို့အား ဘုရားသခင် တောင်းဆိုခြင်းသည် လူတို့အနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြသည့်အချိန်တွင် မိမိတို့၏ စိတ်နှလုံးနှင့် အစွမ်းသတ္တိရှိသမျှကို ပေးအပ်ခြင်းအား လက်တွေ့လုပ်ဆောင်ရန် သူ၏ တောင်းဆိုချက်နှင့် တိုက်ရိုက် ဆက်စပ်လေသည်။ ဘုရားသခင်နောက်လိုက်ရာတွင် လူတို့သည် ကယ်တင်ခြင်း ရရှိကာ စုံလင်စေခြင်းခံရနိုင်ရန်အလို့ငှာ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းမှတစ်ဆင့် သူ၏ အမှုတော်ကို တွေ့ကြုံရမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။