တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၅)
ယခုတွင် သင့်အယူအဆများနှင့် မကိုက်ညီသော သင့်အပေါ်ကျရောက်သည့် အရာများသည် သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်နိုင်သလော။ ဥပမာအနေဖြင့် တစ်ခါတစ်ရံတွင် အလုပ်သည် ပို၍များများလာပြီး လူတို့သည် ၎င်းတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံပြီး အဖိုးအခအနည်းငယ်ပေးဆပ်ဖို့ လိုသည်။ ထို့နောက်တွင် လူအချို့သည် ၎င်းတို့၏ စိတ်တွင် အယူအဆများဖြစ်ပေါ်လာပြီး ၎င်းတို့၌ အတိုက်အခံ ဖြစ်ပေါ်လာသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏အလုပ်တွင် အပျက်သဘောဆောင်ပြီး အချောင်ခိုလာနိုင်သည်။ တစ်ခါတစ်ရံတွင် အလုပ်မရှုပ်ဘဲ လူတို့၏ တာဝန်များက ထမ်းဆောင်ရန် ပို၍လွယ်ကူလာကာ လူအချို့က ထိုအချိန်တွင် ပျော်ရွှင်ပြီး “ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အစဉ် ဤမျှလွယ်ကူလျှင် အလွန်ကောင်းမည်” ဟု တွေးကြသည်။ ၎င်းတို့သည် မည်သို့သောလူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ဇာတိပကတိ သက်သာမှုများကို အလိုကြီးသော ပျင်းရိသူများဖြစ်ကြသည်။ ဤသို့သောသူတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသလော။ (မစောင့်သိပါ။) ဤသို့သောလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုစိတ်ရှိသည်ဟု အခိုင်အမာဆိုကြသည်။ သို့သော် ၎င်းတို့၏ ကျိုးနွံနာခံခြင်းက သတ်မှတ်ချက်များ ရှိသည်။ အမှုအရာများက ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီရမည်ဖြစ်ပြီး ၎င်းတို့ကျိုးနွံနာခံရန်အတွက် မည်သည့်ဆင်းရဲဒုက္ခကိုမျှ ခံစားရအောင် မလုပ်ရပေ။ ၎င်းတို့သည် အခက်အခဲကို ကြုံရနိုင်ပြီး ဆင်းရဲဒုက္ခကို ခါးစည်းခံရဖို့ လိုအပ်ကောင်း လိုအပ်နိုင်လျှင် ၎င်းတို့သည် များစွာ စောဒကတက်ကောင်း တက်နိုင်ပြီး ဘုရားသခင်ကိုပင် ပုန်ကန်ပြီး ဆန့်ကျင်ကောင်း ဆန့်ကျင်နိုင်ကြသည်။ ၎င်းတို့သည် အဘယ်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောလူများ ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ်များက ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ ဆန္ဒများနှင့် ကိုက်ညီသောအခါ၊ ဆင်းရဲဒုက္ခကို ခါးစည်းခံဖို့ မလိုသောအခါ၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုသောအခါ ၎င်းတို့သည် ကျိုးနွံနာခံနိုင်ကြသည်။ သို့သော် ဘုရားသခင်၏ အမှုတော်က ၎င်းတို့၏ အယူအဆများ၊ သို့မဟုတ် နှစ်သက်မှုများနှင့် မညီလျှင်၊ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးဆပ်ဖို့ လိုအပ်လျှင် ၎င်းတို့သည် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့က ပွင့်လင်းစွာ မဆန့်ကျင်လျှင်ပင် ၎င်းတို့၏ စိတ်နှလုံး၌ အတိုက်အခံဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ ၎င်းတို့သည် ကြီးသော ဆင်းရဲဒုက္ခကို ခါးစည်းခံသည်ဟု မိမိတို့ကိုယ်ကို မြင်ပြီး ၎င်းတို့၏ စိတ်နှလုံး၌ မကျေနပ်ချက်များ ထားရှိကြသည်။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ယင်းသည် သမ္မာတရားကို ၎င်းတို့ မချစ်သည်ကို ပြသည်။ ဆုတောင်းခြင်း၊ သစ္စာဝတ်ပြုခြင်း၊ သို့မဟုတ် စိတ်ပိုင်းဖြတ်ခြင်းတို့သည် ဤပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ဤသို့ဆိုလျှင် ဤပြဿနာကို မည်သို့ဖြေရှင်းသင့်သနည်း။ ဦးစွာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို သင်နားလည်ရမည်။ စစ်မှန်သော ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်။ ပြီးလျှင် ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းက မည်သည့်အရာဖြစ်သည်ကို သင်သိရမည်။ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းအား နှောင့်နှေးစေသည်ကို ဆင်ခြင်သုံးသပ်ရမည်။ ပြီးလျှင် ဤအမှုကိစ္စကို ထိုးထွင်းသိမြင်ရမည်။ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်လျှင် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်။ အထူးသဖြင့် သင်၏ ဇာတိပကတိ နှစ်သက်မှုများကို ပုန်ကန်နိုင်လိမ့်မည်။ ထို့နောက် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့အားဖြင့် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်မှုကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိနိုင်လိမ့်မည်။ သမ္မာတရားကို သင်နားမလည်လျှင် ဤအမှုကိစ္စများကို သင် ထိုးထွင်းသိမြင်နိုင်မည် မဟုတ်။ သင်၏ စိတ်အတွင်းပိုင်းအခြေအနေများကို ပိုင်းခြားသိမြင်နိုင်မည်မဟုတ်။ ပြီးလျှင် မည်သည့်အရာများက ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းအား နှောင့်နှေးစေသည်ကို ထိုးထွင်းသိမြင်နိုင်မည်မဟုတ်။ သို့ဖြစ်၍ ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် ဖြစ်နိုင်မည်မဟုတ်ပေ။ လူတစ်ဦးသည် သူ၏ ဇာတိပကတိနှစ်သက်မှုများကိုပင် မပုန်ကန်နိုင်လျှင် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ သစ္စာစောင့်သိခြင်းအား ရရှိရန် သူ့အတွက် အလွန်ခက်ခဲလိမ့်မည်။ ဤသို့သောလူတို့သည် ဘုရားသခင်အား ကျိုးနွံနာခံနေသည်ဟု သတ်မှတ်နိုင်သလော။ သစ္စာစောင့်သိခြင်းမရှိဘဲ လူတို့သည် ၎င်းတို့၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်သလော။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီနိုင်သလော။ အသေအချာပင် မပြည့်မီနိုင်ပေ။ လူတစ်ဦးသည် သူ၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်လိုလျှင် သူသည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် စစ်မှန်စွာ ကျိုးနွံနာခံနိုင်ရမည်။ လူတစ်ဦးသည် သူ၏ ဇာတိပကတိ နှစ်သက်မှုများကို မပုန်ကန်နိုင်လျှင် သူသည် သမ္မာတရားအား လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း အစဉ်လုပ်ဆောင်လျှင် ဘုရားသခင်အား ကျိုးနွံနာခံသောသူမဟုတ်။ သင်က ဘုရားသခင်အပေါ် ရံဖန်ရံခါ ကျိုးနွံနာခံလျှင်ပင် ယင်းသည် အခြေအနေအရသာ ဖြစ်သည်။ အမှုအရာများက သင်၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသောအခါမှသာ၊ သင် စိတ်ကြည်လင်နေသောအခါမှသာ ကျိုးနွံနာခံနိုင်သည်။ ဘုရားသခင်၏ လုပ်ဆောင်မှုများက သင်၏ အယူအဆများနှင့် မကိုက်ညီလျှင်၊ သင့်အတွက် ဘုရားသခင် စီစဉ်သောတာဝန်နှင့် သူစီစဉ်ညွှန်ကြားသော ပတ်ဝန်းကျင်များက သင့်အား ကြီးမားသောဆင်းရဲဒုက္ခ၊ အရှက်ရမှု၊ သို့မဟုတ် အလွန်အမင်း မကျေနပ်စိတ်ဖြစ်မှုတို့ကို ဖြစ်စေလျှင် သင်သည် ကျိုးနွံနာခံနိုင်ဦးမည်လော။ သင့်အနေဖြင့် ကျိုးနွံနာခံရန် ခက်ခဲလိမ့်မည်။ သင်သည် ဘုရားသခင်ကို ပုန်ကန်ရန်နှင့် ဆန့်ကျင်ရန် အကြောင်းပြချက်များစွာ ရှာတွေ့လိမ့်မည်။ သင်က နောက်ပိုင်းတွင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်လျှင်ပင် ဇာတိပကတိကို ပုန်ကန်ခြင်းသည် ရိုးရှင်းသော အမှုကိစ္စတစ်ခုမဟုတ်သောကြောင့် သင့်အနေဖြင့် ဇာတိပကတိကို ပုန်ကန်ရန် လွယ်ကူမည်မဟုတ်။ ဇာတိပကတိကို မည်သို့ပုန်ကန်သနည်း။ ပင်ကိုအားဖြင့် လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေရမည်။ သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော အကျည်းတန်မှုကိုလည်း သိမြင်ရမည်ဖြစ်ပြီး မိမိကိုယ်ကို မုန်းတီးသော၊ မိမိ၏ ဇာတိပကတိနှစ်သက်မှုများနှင့် ဇာတိပကတိ အနှစ်သာရကို မုန်းတီးသော အခြေအနေသို့ ရောက်ရှိရမည်။ ထိုအခါမှသာ သူသည် ဇာတိပကတိကို ပုန်ကန်လိုစိတ်ရှိလိမ့်မည်။ သူသည် သမ္မာတရားကို နားမလည်လျှင် ဇာတိပကတိနှင့်ဆိုင်သောအရာများကို မုန်းတီးနိုင်မည် မဟုတ်ပေ။ ပြီးလျှင် မုန်းတီးခြင်းမရှိဘဲ ဇာတိပကတိကို ပုန်ကန်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခု ရှိရန်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး ဘုရားသခင်အပေါ် အမှီပြုဖို့ လိုအပ်သည်။ သမ္မာတရားမရှိလျှင် လူတို့သည် ခွန်အားမရှိဘဲ ဆန္ဒရှိလျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိ။ ဘုရားသခင်ကို အပြည့်အဝ ဆုတောင်းပြီး သူ့ကို အမှီပြုရမည်။
လူအချို့သည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် ဇာတိပကတိ သက်သာမှုများကိုသာ အလိုကြီးကြသည်။ သမ္မာတရားကို ရယူခြင်းအတွက် ဆင်းရဲဒုက္ခကို တောင့်ခံလိုစိတ်မရှိကြပေ။ ဆင်းရဲဒုက္ခ အနည်းငယ်ကိုပင်လျှင် ရင်ဆိုင်ရသည့် အခါတိုင်း၌ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်ပြီး အပြစ်တင်ကြသည်။ ပြီးလျှင် ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် ဘုရားသခင်ကိုလည်း ဆုတောင်းပြီး “အို ဘုရားသခင်၊ ကိုယ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရက အလွန်မြင့်မြတ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်အား ချစ်ရန် မထိုက်တန်သော်လည်း ကိုယ်တော့်ကို ကျိုးနွံနာခံလိုစိတ်ရှိပါသည်။ အခြေအနေက မည်သို့ဖြစ်စေ ကိုယ်တော့်ကို ကျိုးနွံနာခံလိုစိတ်ရှိပါသည်။ ကိုယ်တော် ကျွန်ုပ်ကို လမ်းပြတော်မူပါ။ အလင်းပေးတော်မူပါ။ ဉာဏ်အလင်းပွင့်လင်းစေတော်မူပါ။ ကျွန်ုပ်သည် ကိုယ်တော့်ကို စစ်မှန်စွာ ချစ်ပြီး ကျိုးနွံနာခံခြင်း မရှိနိုင်လျှင် ကျွန်ုပ်အား စိစစ်ပြီး အပြစ်ပေးတော်မူပါ။ ကိုယ်တော့်၏ တရားစီရင်ခြင်းအား ကျွန်ုပ်အပေါ် ကျရောက်စေတော်မူပါ” ဟူ၍ ပြောသည်။ ဤသို့ ဆုတောင်းပြီးနောက်တွင် ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ အလွန်စိတ်ကျေနပ်ကြသည်။ သို့သော် ဤသည်မှာ အနှစ်မရှိသော စကားလုံးများသာ ဖြစ်သည်မဟုတ်လော။ အနှစ်မရှိသော စကားလုံးများနှင့် စဉ်ဆက်မပြတ် ဆုတောင်းပြီး အနည်းငယ်သော စကားများနှင့် အယူဝါဒများကို ရွတ်ဖတ်ခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) လူတစ်ဦးသည် အနှစ်မရှိသော စကားများဖြင့် ဆုတောင်းလျှင် ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ယင်းတွင် လှည့်စားသော သဘောသဘာဝ အနည်းငယ် မရှိသလော။ ဘုရားသခင်ရှေ့တွင် ဤသို့ ဆုတောင်းခြင်းသည် အသုံးဝင်သလော။ ဇာတိပကတိ သက်သာမှုများကို အလိုကြီးခြင်း၊ သမ္မာတရားကို သိသော်လည်း ကျိုးနွံနာခံမှုမရှိနိုင်ခြင်း၊ မိမိတာဝန်ကို သိသော်လည်း ထိန်းသိမ်းရန် ပျက်ကွက်ခြင်းတို့ရှိလျက်ဖြင့် ပျင်းရိခြင်း၊ ဒုက္ခကို တောင့်မခံနိုင်ခြင်းသည်လည်းကောင်း၊ မိမိ၏ စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိသမျှကို မပေးရသေးသည်ကို သိလျက်ဖြင့် ဘုရားသခင်အား မည်သို့ ချစ်ရန် ဆန္ဒရှိသည်ကို ပြောဆိုခြင်းသည်လည်းကောင်း ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်လော။ ဘာသာရေး အခမ်းအနားနှင့်ဆိုင်သော ဆုတောင်းချက်များထက် ဘုရားသခင် သာ၍ စက်ဆုပ်ရွံရှာသောအရာ မည်သည့်အရာမျှ မရှိပေ။ ဆုတောင်းချက်များသည် စစ်မှန်ရိုးသားသောအခါမှသာ ဘုရားသခင်က ယင်းတို့ကို လက်ခံပေသည်။ သင့်အနေဖြင့် မည်သည့် ရိုးသားစစ်မှန်သော အရာမျှ ပြောစရာ မရှိပါက တိတ်ဆိတ်စွာ နေလော့။ ဘုရားသခင်ကို လှည့်စားဖို့ ဘုရားသခင်ရှေ့မှောက်သို့ အစဉ်သဖြင့် လာရောက်ကာ မမှန်ကန်သော စကားများကို ပြောခြင်း၊ သို့မဟုတ် ကျမ်းသစ္စာများကို မစဉ်းမစား ပြုခြင်းတို့ကို မလုပ်နှင့်။ ဘုရားသခင်ကို သင် မည်မျှချစ်ကြောင်း၊ သူ့အပေါ် သင်မည်မျှ သစ္စာစောင့်သိရန် ဆန္ဒရှိကြောင်းတို့ကို မပြောနှင့်။ သင်သည် သင်၏ ဆန္ဒများကို ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်စွမ်းမရှိပါက၊ ဤစိတ်ဆုံးဖြတ်ချက်နှင့် ဝိညာဉ်အသက်တာ သင် ကင်းမဲ့ပါက သင်သည် လုံးဝဥဿုံ ဤကဲ့သို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်၍ ဆုမတောင်းရပေ။ ယင်းမှာ ဘုရားသခင်ကို လှောင်ပြောင်သရော်ခြင်း ဖြစ်သည်။ လှောင်ပြောင်သရော်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လှောင်ပြောင်သရော်ခြင်း ဆိုသည်မှာ တစ်စုံတစ်ဦးကို လှောင်ခြင်း၊ ၎င်းတို့အား ဆော့ကစားခြင်းကို ဆိုလိုသည်။ လူတို့သည် ဤစိတ်သဘောထားမျိုးဖြင့် ဘုရားသခင်၏ ရှေ့မှောက် လာရောက် ဆုတောင်းကြသည့်အခါ အနည်းဆုံးအနေဖြင့် ဤသည်မှာ လှည့်ဖြားမှု ဖြစ်၏။ အဆိုးဆုံးအနေဖြင့် ဤအရာကို သင် မကြာခဏ လုပ်ဆောင်ပါက သင်၌ လုံးဝ ယုတ်ညံ့သော အကျင့်စရိုက်ရှိ၏။ ဘုရားသခင်သည် သင့်ကို ရှုတ်ချရမည်ဆိုပါက ဤအရာကို ဘုရားသခင်က ပြစ်မှားစော်ကားခြင်းဟု ခေါ်ပေမည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ၊ ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ရမည်၊ သို့မဟုတ် သူ့ကို မည်သို့ချစ်ပြီး စိတ်ကျေနပ်အောင် လုပ်ရမည်ကို ၎င်းတို့ မသိကြချေ။ သမ္မာတရားသည် သူတို့အဖို့ မရှင်းမလင်းဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပါက ဘုရားသခင်သည် ယင်းကို လျစ်လျူရှုထားလိုက်မည် ဖြစ်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအလယ်တွင် အသက်ရှင်နေထိုင်နေရင်း ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ကာ အခြားသူများအပေါ် လှည့်ဖြားရန်အတွက် ဘာသာတရားမရှိသူများ၏ နည်းစနစ်များကို ဘုရားသခင်အပေါ်တွင် သုံးပြီး ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားရန် ဤစကားများကို သုံးရင်း ဆုတောင်းရာတွင် ဘုရားသခင်ရှေ့မှောက်တွင် “လေးလေးနက်နက်” ဒူးထောက်ကြသည်။ ၎င်းတို့ ဆုတောင်းပြီးသွားသည့်အခါ မိမိကိုယ်ကို ပြစ်တင်ခြင်းကို ၎င်းတို့ မခံစားရသည်သာမက ၎င်းတို့၏ လုပ်ရပ်များနှင့်သက်ဆိုင်သော လေးနက်သည့်အသိစိတ်ကိုလည်း မခံစားကြပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်သည် သူတို့နှင့်အတူ ရှိသလော။ ဘုရားသခင်သည် ၎င်းတို့နှင့် အတူမရှိပေ။ ဘုရားသခင်၏ မျက်မှောက် လုံးဝ မရှိသည့် လူတစ်ဦးသည် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို ရရှိနိုင်သလော။ ၎င်းတို့သည် သမ္မာတရားနှင့်စပ်လျဉ်းသော အလင်းကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ ဒုက္ခရောက်ပေပြီ။ သင်တို့သည် ဤသို့ အကြိမ်များစွာ ဆုတောင်းဖူးသလော။ သင်တို့သည် ထိုသို့ မကြာခဏ လုပ်ဆောင်ကြသည် မဟုတ်သလော။ (လုပ်ဆောင်ကြပါသည်။) လူတို့သည် လောကီတွင် အချိန်အလွန်ကြာမြင့်စွာ ကုန်ဆုံးသောအခါ၌ ၎င်းတို့တွင် လူ့အဖွဲ့အစည်း၏ အနံ့ဆိုးများ နံဟောင်နေသည်။ ၎င်းတို့၏ မသတီစရာ သဘာဝက အလွန်ဆိုးရွားလာပြီး ၎င်းတို့တွင် စာတန်ဆန်သော အဆိပ်များနှင့် အတွေးအခေါ်များဖြင့် ပျံ့နှံ့လာသည်။ ၎င်းတို့နှုတ်မှ ထွက်သောအရာမှာ အယောင်ဆောင်ပြီး လှည့်စားသော စကားများဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဆုတောင်းချက်များသည် အနှစ်မရှိသောစကားများ၊ အယူဝါဒစကားများဖြင့် ပြည့်လျက်ရှိပြီး စိတ်နှလုံးထဲမှလာသော စကားတစ်ခုမျှမရှိ၊ သို့မဟုတ် ၎င်းတို့၏ တကယ့်အခက်အခဲများအကြောင်း ပြောဆိုခြင်း လုံးဝမရှိ။ ၎င်းတို့သည် တစ်ကိုယ်ရေနှစ်သက်မှုများအတွက် ဘုရားသခင်အား အစဉ် အသနားခံပြီး ဘုရားသခင်၏ ကောင်းချီးများကို ရှာဖွေသည်။ သမ္မာတရားကို ရှာဖွေသော စိတ်နှလုံးရှိခြင်းက ရှားပါသည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးကို အခြေခံ၍ ဆုမတောင်းကြပေ။ ဤသို့သော ဆုတောင်းချက်များသည် လှည့်စားခြင်းနှင့် အယောင်ဆောင်ခြင်းတို့ကိုသာ ထုတ်ဖော်ပြသည်။ ဤလူတို့တွင် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့သည် အသက်ရှင်နေသော မကောင်းဆိုးဝါးများသာ ဖြစ်လာကြသည်။ ဘုရားသခင်ရှေ့သို့ လာရောက်ပြီး ဆုတောင်းသောအခါ၌ လူသားစကားများကို မပြောဆိုကြ၊ သို့မဟုတ် စိတ်နှလုံးထဲမှ မပြောဆိုကြပေ။ ဤအစား ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ စာတန်၏ လှည့်စားမှုနှင့် အယောင်ဆောင်မှုတို့ကို သယ်ဆောင်လာသည်။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသလော။ ဘုရားသခင်သည် ဤသို့သော ဆုတောင်းချက်များအား နားထောင်နိုင်သလော။ ဘုရားသခင်သည် ဤသို့သောသူများအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်ပြီး ၎င်းတို့အား ဧကန်မုချ မနှစ်သက်ပေ။ ဘုရားသခင်အား လှည့်စားပြီး အရူးလုပ်ရန် ကြိုးပမ်းဖို့အတွက် ဤသို့သောဆုတောင်းချက်များကို ပြောဆိုနိုင်သည်။ ဤလူတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့ စိတ်နှလုံးထဲမှ ပြောဆိုခြင်း၊ ဘုရားသခင်အား ရင်ဖွင့်ခြင်းလည်း မရှိကြပေ။ ၎င်းတို့၏ ဆုတောင်းချက်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သတ်မှတ်ချက်များနှင့် သဟဇာတမဖြစ်။ အကြောင်းရင်းမှာ ယင်းသည် ဖောက်ပြန်ပျက်စီးမှုကို ခဏတာ ထုတ်ဖော်ခြင်းထက် လူသား၏သဘာဝကြောင့် ဖြစ်ခြင်း ဖြစ်သည်။ ဤလူတို့က “အို ဘုရားသခင်ကို မမြင်ရ၊ သို့မဟုတ် မခံစားရပါ။ ပြီးလျှင် ဘုရားသခင် မည်သည့်နေရာတွင်ရှိသည်ကို ငါမသိပါ။ ကြုံရာကျပန်း စကားအနည်းငယ်ကိုသာ ဘုရားသခင်အား ငါပြောလိုက်မည်။ သူ နားထောင်ခြင်းပင် ရှိမရှိကို မည်သူသိမည်နည်း” ဟု တွေးကြသည်။ ၎င်းတို့သည် သံသယရှိသော စိတ်ဓာတ်ဖြင့်လည်းကောင်း၊ ဘုရားသခင်အား စမ်းသပ်သည့်အနေဖြင့်လည်းကောင်း ဘုရားသခင်ထံ ဆုတောင်းကြသည်။ ဤသို့ ဆုတောင်းပြီးနောက်တွင် ၎င်းတို့၌ မည်သို့သော ခံစားချက်ရှိမည်နည်း။ ယင်းသည် အနှစ်မပါခြင်းပင် မဖြစ်သေးသလော။ မည်သည့်ခံစားချက်မျှ လုံးဝမရှိခြင်းသည် ဒုက္ခမပေးသလော။ ဆုတောင်းခြင်းသည် ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်တွင်တည်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းသည် မိမိ၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြစ်သည်။ စိတ်နှလုံးထဲမှ ဘုရားသခင်အား စကားပြောခြင်း ဖြစ်သည်။ မိမိစိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေခြင်း ဖြစ်သည်။ လူတစ်ဦးသည် ဤနည်းဟန်ဖြင့် ဆုတောင်းသောအခါ ထိုသူ၌ စိတ်အတွင်းတွင် ငြိမ်သက်သောစိတ်ရှိပြီး ဘုရားသခင်၏ မျက်မှောက်တော်ကို သိရှိခံစားရမှု ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို မမြင်ရသော်လည်းဘဲ ဘုရားသခင်က ၎င်းတို့ကို နားထောင်နေခြင်း ဖြစ်သည်။ လူတစ်ယောက်က ဤသို့ဖြင့် စိတ်နှလုံးထဲမှ ဘုရားသခင်ထံ ဆုတောင်းသည့်အခါတိုင်းတွင် ဘုရားသခင်အား မိမိကိုယ်တိုင် ကြုံတွေ့ရသကဲ့သို့ ခံစားရလိမ့်မည်။ သူ၏ ယုံကြည်ခြင်းသည် ပိုမိုခိုင်မာလိမ့်မည်။ ဘုရားသခင်နှင့် သူ၏ ဆက်ဆံရေးသည် ပို၍ ရင်းနှီးလိမ့်မည်။ ပြီးလျှင် ဘုရားသခင်နှင့် တစ်ဆင့်ပို၍ နီးစပ်လိမ့်မည်။ သူသည် ကျေနပ်သည့်စိတ်ကို ခံစားရမည်ဖြစ်ပြီး သူ၏ စိတ်နှလုံးတွင် အထူးတည်ကြည်ခိုင်မာလိမ့်မည်။ ဤသည်တို့မှာ ဆုတောင်းပြီးနောက် ဖြစ်ပေါ်သော စစ်မှန်သော ခံစားချက်များဖြစ်သည်။ ဘာသာရေး ဆုတောင်းချက်များကို ရွတ်ဆိုခြင်းအားဖြင့် လူတို့သည် အပေါ်ယံသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး နေ့စဉ် တူညီသော စကားအနည်းငယ်ကို ထပ်ခါထပ်ခါ ပြောဆိုနေခြင်းဖြစ်သည်မှာ ယင်းတို့ကို ၎င်းတို့ ပြောဆိုရန် ဆန္ဒမရှိတော့သည်အထိပင် ဖြစ်သည်။ ဤသို့ ဆုတောင်းပြီးနောက် ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ပြီးလျှင် မည်သည့်ရလဒ်မျှ လုံးဝ မရရှိပေ။ ဤသို့သောလူတို့သည် စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်သလော။ မဖြစ်နိုင်ပေ။
လူအချို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမရှိကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်၊ သို့မဟုတ် ၎င်းတို့၏တာဝန်များက အလွန်အမင်းခက်ခဲပြီး ပင်ပန်းသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မကျိုးနွံမနာခံလိုပေ။ အစဉ်သဖြင့် တာဝန်များထံမှ လွတ်မြောက်ပြီး ငြင်းဆန်လိုကြသည်။ ပြီးလျှင် ပိုမိုလွယ်ကူသော၊ ရာသီဥတုဒဏ်မခံရသော၊ အန္တရာယ်တစ်ခုခု မရှိသော၊ ၎င်းတို့အား ဇာတိပကတိ သက်သာမှုများ ရှိစေသော တာဝန်များကို အစဉ်ထမ်းဆောင်လိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က ပျင်းရိသည်ကိုလည်းကောင်း၊ ဇာတိပကတိ သက်သာမှုများကို အလိုကြီးသည်ကိုလည်းကောင်း၊ ဆင်းရဲဒုက္ခအား ခါးစီးမခံနိုင်သည်ကိုလည်းကောင်း သိကြသည်။ သို့ရာတွင် ၎င်းတို့သည် အလှောင်ခံရမည်ကို ကြောက်ပြီး ၎င်းတို့၏ အမှန်တကယ် ဖြစ်သော အတွေးများကို မည်သူ့ထံမျှ လုံးဝ မဖော်ပြပေ။ ၎င်းတို့သည် နှုတ်ဖြင့်သာ “ကျွန်ုပ်သည် တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိရမည်” ဟု ဆိုသည်။ ၎င်းတို့က မည်သည့်အရာတစ်ခုကိုမျှ ကောင်းစွာမလုပ်ဆောင်နိုင်သောအခါ “ကျွန်ုပ်သည် တာဝန်ထမ်းဆောင်ရာ၌ လူ့သဘာဝမရှိဘဲ သစ္စာစောင့်သိခြင်းလည်း မရှိပါ” ဟု လူတိုင်းအား ပြောသည်။ သို့ရာတွင် လက်တွေ့၌ ၎င်းတို့က ထိုသို့ လုံးဝ မတွေးပေ။ လူတစ်ဦးသည် ဤသို့သောအခြေအနေ၌ ရှိသောအခါတွင် အသိစိတ်ရှိသော ပုံစံဖြင့် အဘယ်သို့ ဆုတောင်းနိုင်မည်နည်း။ ဘုရားသခင်အား မိမိစိတ်နှလုံးဖြင့်၊ ရိုးသားမှုဖြင့် ကိုးကွယ်ရန် သခင်ယေရှုက ဆိုခဲ့သည်။ သင်သည် ဘုရားရှေ့သို့ လာသောအခါ သင့်စိတ်နှလုံးသည် ရိုးသားရမည်ဖြစ်ပြီး အယောင်ဆောင်မှုမရှိရပေ။ သူတစ်ပါးတို့ရှေ့၌ တစ်မျိုးပြောဆိုပြီး သင့်စိတ်နှလုံးအတွင်း၌မူ တစ်မျိုးတွေးနေခြင်းမပြုနှင့်။ သင်သည် ဘုရားရှေ့သို့လာပြီး ဟန်လုပ်လျှင်၊ စာစီစာကုံးတစ်ခုကို ရေးရန် ကြိုးစားနေသကဲ့သို့ သာယာလှပသော စကားအချို့ကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုလျှင် ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်သလော။ ရလဒ်အနေဖြင့် သင်သည် မိမိစိတ်နှလုံးဖြင့်လည်းကောင်း၊ ရိုးသားမှုဖြင့်လည်းကောင်း ဘုရားသခင်အား ကိုးကွယ်သည့်သူတစ်ဦး မဟုတ်ဆိုသည်ကို ဘုရားသခင်က မြင်လိမ့်မည်။ သင့်စိတ်နှလုံးက မရိုးသားသည်ကိုလည်းကောင်း၊ ဤသည်မှာ အလွန်အမင်း အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး ကောက်ကျစ်ဆိုးယုတ်သည်ကိုလည်းကောင်း၊ ဆိုးယုတ်သော ရည်ရွယ်ချက်များအား သင့်စိတ်ထဲ၌ ထားရှိသည်ကိုလည်းကောင်း ဘုရားသခင်က မြင်လိမ့်မည်ဖြစ်ပြီး သူသည် သင့်အား စွန့်ပစ်လိမ့်မည်။ ဤသို့ဆိုလျှင် လူတို့သည် ၎င်းတို့၏နေ့စဉ်အသက်တာ၌ ၎င်းတို့တွင် ကြိမ်ဖန်များစွာ ဖြစ်ပျက်နေသော အမှုအရာများနှင့် ၎င်းတို့ မကြာခဏ ကြုံတွေ့ရသော ပြဿနာများအကြောင်းကို မည်သို့ ဆုတောင်းသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်အား စိတ်နှလုံးထဲမှ စကားပြောဆိုတတ်ရန် သင်ယူရမည်။ သင်က “အို ဘုရားသခင်၊ ကျွန်ုပ်သည် ဤတာဝန်အား အလွန်ပင်ပန်းဖွယ်ဖြစ်သည်ဟု မြင်ပါသည်။ ကျွန်ုပ်သည် ဇာတိပကတိ သက်သာမှုများကို အလိုကြီးသောသူ၊ ပျင်းရိသောသူ၊ ခက်ခဲသောအလုပ်ကို အလွန်အမင်း မနှစ်မြို့သောသူဖြစ်သည်။ ကိုယ်တော် ကျွန်ုပ်ထံ အပ်နှံခဲ့သော တာဝန်၌ ကျွန်ုပ်၏ သစ္စာစောင့်သိမှုကို မပေးအပ်နိုင်ပါ။ ပြီးလျှင် ကျွန်ုပ်၏ အစွမ်းသတ္တိရှိသမျှဖြင့်ပင် မထမ်းဆောင်နိုင်ပါ။ ကျွန်ုပ်သည် ယင်းထံမှ လွတ်မြောက်လိုပြီး ငြင်းဆန်လိုကာ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်သည်။ ကျွန်ုပ်အား ပဲ့ပြင်ဆုံးမတော်မူပါ” ဟု ဆိုသည်။ ဤသည်တို့မှာ စစ်မှန်သော စကားများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤသို့ စကားပြောရဲသလော။ သင်သည် ဤသို့ပြောဆိုပြီးနောက်တွင် တစ်နေ့၌ ဘုရားသခင်က သင့်အား အမှန်တကယ် ပဲ့ပြင်ဆုံးမခဲ့လျှင် အဘယ်သို့ ဖြစ်ပျက်နိုင်မည်ကို ကြောက်ရွံ့ပြီး ထိတ်လန့်လာသည်။ အစဉ် ရင်တမမဖြစ်နေသည်။ ယုံမှားသံသယလွန်ကဲနေသည်။ လူတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ ဆင်းရဲဒုက္ခကို အစဉ်ရှောင်လိုသည်။ ၎င်းတို့သည် အခက်အခဲအနည်းငယ်ကို ရင်ဆိုင်ရသောအခါ၊ အားထုတ်မှုအချို့ လိုအပ်သောအခါ၊ သို့မဟုတ် အနည်းငယ် မောပန်းသောအခါတွင် ဇာတိပကတိ သက်သာမှုကို အလိုကြီးပြီး နောက်ဆုတ်လိုကြသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် ရွေးနေကြသည်။ ပြီးလျှင် ဆင်းရဲဒုက္ခအနည်းငယ်ကို တွေ့ကြုံရသောအခါ ၎င်းတို့က “ဘုရားသခင်က သိသလော။ အမှတ်ရမည်လော။ အလွန်ကြီးမားသော ဆင်းရဲဒုက္ခကို ခါးစီးခံပြီးနောက်တွင် နောင်အချိန်၌ ဆုလာဘ်တစ်ခုခုကို ငါရရှိမည်လော” ဟု တွေးတောချိန်ဆကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ရလဒ်တစ်ခုကို ရှာကြသည်။ ဤပြဿနာအားလုံးကို ဖြေရှင်းရန် လိုသည်။ ယခင်က ငါသည် လူတစ်ယောက်အား သတင်းစကားတစ်ခု လက်ဆင့်ကမ်းပေးရန် တာဝန်ချပေးခဲ့ပြီး သူက ငါ့ထံသို့ သတင်းပို့ရန် ပြန်လာသောအခါ ရှေးဦးစွာ သူ၏ ကြီးမားသော အောင်မြင်မှုများအကြောင်းကို ပြောဆိုသည်။ ပြဿနာကို မည်သို့ ဖြေရှင်းခဲ့သည်ကို သူ ရှင်းပြသည်။ ယင်းကို သူမည်မျှ စိတ်ပူပန်ပြီး မည်မျှပြောဆိုခဲ့ရကြောင်း၊ ထိုသူက ကိုင်တွယ်ဖို့ မည်မျှခက်ခဲကြောင်း၊ ထိုသူအပေါ် ကြားကောင်းသောစကားမည်မျှကို သူ အသုံးပြုခဲ့ရပြီး နောက်ဆုံး၌ အလုပ်ကို ပြီးအောင်လုပ်ခဲ့ကြောင်းတို့ကို ပြောဆိုသည်။ သူသည် စဉ်ဆက်မပြတ် နာမည်ယူပြီး ဤအကြောင်းကို ဆက်လက် ပြောဆိုနေသည်။ ဤတွင် ဖုံးကွယ်နေသော ရည်ညွှန်းချက်မှာ အဘယ်နည်း။ “ကိုယ်တော်သည် ကျွန်ုပ်ကို ချီးမွမ်းရမည်။ ကတိပေးရမည်။ နောင်အချိန်တွင် မည်သည့်ဆုလာဘ်များအား ကျွန်ုပ်ရမည်ကို ပြောရမည်” ဟူ၍ ဖြစ်သည်။ သူသည် ဆုလာဘ်တစ်ခုကို ပြောင်ပြောင်တင်းတင်း ရှာဖွေနေခြင်းဖြစ်သည်။ ငါ့ကို ပြောလော့။ ဤသေးငယ်သောအလုပ်ကို လုပ်ဆောင်ခြင်းသည် ချီးမွမ်းရန် ထိုက်တန်သလော။ မိမိတာဝန်အနည်းငယ်ကို ထမ်းဆောင်ခြင်းအတွက် ချီးမွမ်းခံရဖို့ အစဉ်ကြိုးစားလျှင် ယင်းသည် မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ စာတန်၏ သဘာဝ မဟုတ်သလော။ သူသည် ဤသေးငယ်သောအလုပ်အတွက် ချီးမွမ်းခြင်းနှင့် ဆုလာဘ်များကို မျှော်လင့်သည်။ ဤသည်မှာ သူသည် အရေးပါသောအလုပ်များကို တာဝန်ယူလုပ်ဆောင်ရလျှင်၊ သို့မဟုတ် ကြီးမားသောအလုပ်ကို ပြီးမြောက်လျှင် သူ၏ အပြုအမူသည် ပို၍ပင်ဆိုးမည်ဆိုသည့် သဘောမဟုတ်သလော။ သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးကို မရနိုင်လျှင် ပုန်ကန်မည်လော။ တတိယကောင်းကင်ဘုံသို့ တက်ပြီး ဘုရားသခင်နှင့် ငြင်းခုံမည်လော။ ဤသို့ဆိုလျှင် သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၌ မည်သည့်လမ်းကြောင်းကို လျှောက်နေခြင်း ဖြစ်သနည်း။ (အန္တိခရစ်တို့၏ လမ်းကြောင်းဖြစ်သည်။) ပေါလုကဲ့သို့ အန္တိခရစ်တို့၏ လမ်းကြောင်းဖြစ်သည်။ ပေါလုသည် အစဉ်သဖြင့် ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် ဂုဏ်အဆင့်အတန်းများကို ရှာဖွေခဲ့သည်။ ဘုရားသခင်က ခွင့်မပြုလျှင် သူသည် အပျက်သဘောဆောင်လာပြီး သူ၏အလုပ်တွင် အချောင်ခိုလိမ့်မည်။ သခင့်ကို ဆန့်ကျင်ပြီး သစ္စာဖောက်လိမ့်မည်။ ငါ့ကိုပြောလော့။ မည်သို့သောသူမျိုးက မိမိတာဝန်၌ ဆင်းရဲဒုက္ခအနည်းငယ်ကို ခါးစီးခံပြီးနောက် ဆုလာဘ်တစ်ခုကို ရလိုသနည်း။ (ဆိုးယုတ်သောသူဖြစ်သည်။) သူ၏ လူ့သဘာဝသည် အလွန်ဆိုးယုတ်သည်။ သာမန်လူတို့အတွင်း၌ ဤအခြေအနေများ ရှိသလော။ လူတိုင်းတွင် ဤအခြေအနေများရှိသည်။ သဘာဝအနှစ်သာရသည် လူတိုင်းတွင် တစ်ပုံစံတည်းဖြစ်သည်။ လူအချို့က ပြင်းထန်စွာ ပြသမှုမရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ပြီး ဤသို့သောလုပ်ရပ်များနှင့် အတွေးများက မှားယွင်းသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်ထံမှ ဆုလာဘ်များကို တောင်းခံ၍မရနိုင်သည်ကိုလည်းကောင်း သိသည်။ သို့သော် ဤသို့သောအခြေအနေနှင့် ပတ်သက်ပြီး မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရား၏ မည်သည့်ကဏ္ဍက ဤအခြေအနေကို ဖြေရှင်းနိုင်သနည်း။ လူတစ်ယောက်အနေဖြင့် သူသည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်နေရာတွင် ရပ်တည်သင့်သည်ကိုလည်းကောင်း၊ မည်သည့်လမ်းကြောင်းကို သူလိုက်စားသင့်သည်ကိုလည်းကောင်း၊ သူသည် မည်သို့သောသူမျိုး ဖြစ်သင့်သည်ကိုလည်းကောင်း သိဖို့ အရေးပါသည်။ ဤသည်တို့မှာ လူတစ်ဦးသိသင့်သည့် အသေးငယ်ဆုံးသောအရာများဖြစ်သည်။ လူတစ်ဦးက ဤအရာများကိုပင် မသိလျှင် ထိုသူသည် သမ္မာတရားအား နားလည်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သို့မဟုတ် ကယ်တင်ခြင်းကို လိုက်စားရန် အလှမ်းဝေးပေသည်။
အချို့သော အထူးတာဝန်များ၊ သို့မဟုတ် ပို၍အားသွန်ခွန်စိုက် လုပ်ရပြီး ပင်ပန်းသောတာဝန်များအား ထမ်းဆောင်ခြင်းနှင့် ပတ်သက်လျှင် တစ်ဖက်၌ လူတို့သည် ထိုတာဝန်များအား မည်သို့ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ မည်သည့်ဆင်းရဲဒုက္ခများကို ခါးစီးခံသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့၏တာဝန်များအား မည်သို့ထိန်းသိမ်းပြီး ကျိုးနွံနာခံသင့်သည်ကိုလည်းကောင်း အစဉ်ချင့်ချိန်စဉ်းစားရမည်။ အခြားတစ်ဖက်၌ လူတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များ၌ မည်သည့်မသန့်စင်မှုများရှိနေသည်ကိုလည်းကောင်း၊ ထိုအရာများက ၎င်းတို့၏တာဝန်ထမ်းဆောင်မှုကို မည်သို့နှောင့်နှေးစေသည်ကိုလည်းကောင်း ဆန်းစစ်ရမည်။ လူတို့သည် ဆင်းရဲဒုက္ခခံစားခြင်းအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဖြင့် မွေးဖွားလာခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ပို၍ဆင်းရဲဒုက္ခခံစားခြင်းမှ စိတ်အားထက်သန်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းကို ပိုမရရှိပေ။ ဤသို့သောလူများ မရှိပေ။ လူတို့အနေဖြင့် ၎င်းတို့၏အသွေးအသားက ဆင်းရဲဒုက္ခကို ခါးစီးခံရသည်နှင့်တစ်ပြိုင်နက် စိတ်ပူခြင်းနှင့် စိတ်သောကရောက်ခြင်းသည် လူ၏ ဇာတိပကတိသဘာဝ ဖြစ်သည်။ သို့သော် ယခုတွင် သင်တို့ထမ်းဆောင်သောတာဝန်၌ ဆင်းရဲဒုက္ခမည်မျှကို သင်တို့ ခါးစီးခံရမည်နည်း။ သင်၏ဇာတိပကတိက အနည်းငယ် ပင်ပန်းခြင်း၊ အနည်းငယ် အားသွန်ခွန်စိုက် လုပ်ရခြင်းတို့ကိုသာ ခါးစီးခံဖို့လိုသည်။ သင်သည် ဤအနည်းငယ်မျှသော ဆင်းရဲဒုက္ခကိုပင် ခါးစီးမခံနိုင်လျှင် စိတ်ဓာတ်ခိုင်မာမှုရှိသည်ဟု သတ်မှတ်နိုင်သလော။ သင့်ကို ဘုရားသခင်အား အမှန်တကယ် ယုံကြည်သည်ဟု သတ်မှတ်၍ရနိုင်သလော။ (သတ်မှတ်၍မရနိုင်ပါ။) ဤသည်မှာ အလုပ်မဖြစ်ပေ။ သင်သည် ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နေသောအခါ မည်သူကမျှ သင့်အား ကြီးကြပ်နေခြင်းမရှိ။ သင့်ဘာသာ စတင်လုပ်ဆောင်ခြင်းအပေါ် လုံးဝ မူတည်သည်။ ဘုရားအိမ်တော်တွင် အလုပ်အစီအစဉ်များနှင့် စနစ်များရှိသည်။ ပြီးလျှင် မိမိ၏ ယုံကြည်ခြင်းအပေါ်၊ မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အမှီပြုရန် တစ်ဦးချင်းစီအပေါ် မူတည်သည်။ သင်သည် သင့်တာဝန်၌ ကောင်းစွာ ထမ်းဆောင်ခြင်းရှိမရှိကို ဘုရားသခင်ကသာ စိစစ်သည်။ လူတို့သည် တာဝန်ထမ်းဆောင်စဉ်တွင်၊ သို့မဟုတ် ၎င်းတို့အနီးရှိ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ထိတွေ့သောအခါတွင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို အစဉ်သတိမထားမိဘဲ အပြစ်ဆိုခြင်းကိုမခံစားရလျှင် ဤသည်မှာ ကောင်းသောအရာဖြစ်သလော၊ ဆိုးသောအရာဖြစ်သလော။ (ဆိုးသောအရာ ဖြစ်ပါသည်။) အဘယ်ကြောင့် ဆိုးသောအရာဟု သတ်မှတ်သနည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတွင် အနည်းဆုံးသော စံနှုန်းတစ်ခုရှိသည်။ သင်၏ အသိစိတ်က သိမြင်မှုလုံးဝမရှိဘဲ ဆိုးသောအရာများ မလုပ်ဆောင်ရန် မတားဆီးနိုင်လျှင်၊ သို့မဟုတ် သင်၏ အပြုအမူကို မထိန်းချုပ်နိုင်လျှင်၊ သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများကို ချိုးဖောက်ပြီး လူ့သဘာဝကင်းမဲ့သည့် ပုံစံနှင့် လုပ်ဆောင်သော်လည်း သင့်စိတ်နှလုံး၌ မိမိကိုယ်ကို အပြစ်တင်ခြင်း ကင်းမဲ့လျှင် ဤသည်မှာ ကိုယ်ကျင့်တရားအခြေခံစည်းမျဉ်း ကင်းမဲ့နေခြင်း မဟုတ်လော။ ဤသည်မှာ သင်၏အသိစိတ်ကို သတိပြုမိမှုမရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သောအခါ၊ သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်သောအခါ၊ သို့မဟုတ် သင့်တာဝန်ကို ထမ်းဆောင်ရာ၌ အချိန်ကြာမြင့်စွာ သစ္စာမစောင့်သိသောအခါတွင် ယင်းကို သတိပြုမိလေ့ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် သင်၏ အသိစိတ်က သင့်အားထိန်းချုပ်ပြီး သင်၏အသိစိတ်၊ ဆင်ခြင်တုံတရားနှင့်အညီ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင့်အား အမှုအရာများကို လုပ်ဆောင်စေနိုင်သလော။ သင်သည် သမ္မာတရားကို နားလည်သောသူတစ်ဦးဖြစ်လျှင် သင်၏အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်ခြင်းမှနေ၍ သမ္မာတရားစည်းမျဉ်းများကို အခြေခံပြီး လုပ်ဆောင်ခြင်းဆီသို့ မြင့်တက်နိုင်သလော။ ထိုသို့လုပ်ဆောင်နိုင်လျှင် သင် ကယ်တင်ခြင်းခံရနိုင်သည်။ မိမိတာဝန်ကို ထမ်းဆောင်ခြင်း၌ ဆင်းရဲဒုက္ခကို ခါးစီးခံနိုင်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ သီးသန့်အလုပ်တစ်မျိုးကို ကောင်းစွာထမ်းဆောင်ရန်လည်း မလွယ်ကူပေ။ ဤအရာများကို လုပ်ဆောင်နိုင်သောလူတို့အတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားက အလုပ်လုပ်နေသည်မှာ သေချာသည်။ ၎င်းတို့က ဆင်းရဲဒုက္ခနှင့် မောပန်းနွမ်းနယ်ခြင်းကို မကြောက်ရွံ့ဘဲ မွေးဖွားလာခြင်းမဟုတ်။ ဤသို့သောသူကို မည်သည့်နေရာ၌ တွေ့နိုင်သနည်း။ ဤလူတို့အားလုံးတွင် တွန်းအားအချို့ရှိသည်။ ပြီးလျှင် ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားအချို့ရှိသည်။ ၎င်းတို့၏ တာဝန်ကို စတင်ထမ်းဆောင်သောအခါတွင် ၎င်းတို့၏အမြင်များနှင့် ရပ်တည်ချက်များက ပြောင်းလဲသည်။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းက ပို၍လွယ်ကူလာပြီး ဇာတိပကတိနှင့်ဆိုင်သော ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုတစ်ခုခုအား တောင့်ခံခြင်းသည် ၎င်းတို့အတွက် အရေးမပါသကဲ့သို့ ခံစားရသည်။ သမ္မာတရားကို နားမလည်သောသူတို့နှင့် အမှုအရာများအပေါ် အမြင်မပြောင်းလဲသောသူတို့သည် လူသားစိတ်ကူးများ၊ အယူအဆများ၊ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများနှင့် တစ်ကိုယ်ရေနှစ်သက်မှုများအတိုင်း အသက်ရှင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန် တွန့်ဆုတ်ပြီး စိတ်မပါကြပေ။ ဥပမာအားဖြင့် ညစ်ပေပြီး ပင်ပန်းသောအလုပ်ကို လုပ်ရခြင်းနှင့်ပတ်သက်လျှင် လူအချို့က “ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျွန်ုပ်နာခံမည်။ အသင်းတော်က ကျွန်ုပ်အတွက် မည်သည့်တာဝန်ကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းတာဝန်က ညစ်ပေသည်ဖြစ်စေ၊ ပင်ပန်းသည်ဖြစ်စေ၊ အထင်မကြီးစရာဖြစ်စေ၊ မထူးခြားသည်ဖြစ်စေ ကျွန်ုပ်ထမ်းဆောင်မည်။ ကျွန်ုပ်တွင် တောင်းဆိုချက်များမရှိ။ ယင်းကို ကျွန်ုပ်၏တာဝန်အဖြစ် လက်ခံမည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ပြီးလျှင် အနည်းငယ်သော ညစ်ပေခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့သည် ကျွန်ုပ် ခါးစီးခံသင့်သော ဆင်းရဲဒုက္ခများဖြစ်သည်” ဟု ဆိုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့အလုပ်၌ ပါဝင်လုပ်ဆောင်သောအခါ ဆင်းရဲဒုက္ခတစ်ခုခုကို ခါးစီးခံနေရသည်ဟု လုံးဝ မခံစားရပေ။ အခြားလူများက ညစ်ပေပြီး မောပန်းသည်ဟု မြင်နိုင်သော်လည်း ၎င်းတို့ကမူ လွယ်ကူသည်ဟု မြင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးက တည်ငြိမ်ပြီး အနှောင့်အယှက်ကင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် ယင်းသည် ခက်ခဲသည်ဟု မခံစားကြရပေ။ လူအချို့က ညစ်ပေသော၊ ပင်ပန်းသော၊ သို့မဟုတ် ထူးခြားမှုမရှိသောအလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ကိုယ်ကျင့်စရိုက်ကို စော်ကားခြင်းဖြစ်သည်ဟု သတ်မှတ်သည်။ အခြားလူများက ၎င်းတို့ကို မလေးစားခြင်း၊ အနိုင်ကျင့်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အထင်သေးခြင်းအဖြစ် မြင်သည်။ ရလဒ်အနေဖြင့် တစ်ပုံစံတည်းသော အလုပ်တာဝန်များနှင့် အလုပ်ပမာဏကို ရင်ဆိုင်ရသောအခါတွင်ပင် ၎င်းတို့က အားသွန်ခွန်စိုက်လုပ်ရသည်ဟု မြင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးတွင် မကျေမနပ်ဖြစ်သည့် ခံစားချက်ကို ထားရှိကြသည်။ အမှုအရာများက ၎င်းတို့ အလိုရှိသည့်ပုံစံအတိုင်းမဖြစ်၊ သို့မဟုတ် ယင်းတို့သည် ကျေနပ်ဖွယ်မရှိဟု ခံစားကြရသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံများဖြင့် ပြည့်နေသည်။ အဘယ်ကြောင့် အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်ကြသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ အများအားဖြင့် ယင်းမှာ တာဝန်ထမ်းဆောင်ခြင်းဖြင့် ၎င်းတို့သည် လစာမရရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ အခမဲ့အလုပ်လုပ်နေသကဲ့သို့ ခံစားရသည်။ ဆုလာဘ်များရှိလျှင် ၎င်းတို့အတွက် လက်ခံနိုင်ဖွယ်ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ဆုလာဘ်များအား ၎င်းတို့ ရမည်မရမည်ကို ၎င်းတို့မသိပေ။ ထို့ကြောင့် တာဝန်ထမ်းဆောင်ခြင်းသည် ထိုက်တန်ခြင်းမရှိဟု လူတို့ခံစားကြရပြီး အလဟဿအလုပ်လုပ်ခြင်းနှင့် တန်းတူထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်လျှင် မကြာခဏဆိုသလို အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်လာကြသည်။ ဤသည်မှာ မမှန်ကန်သလော။ ပွင့်လင်းစွာ ပြောဆိုရလျှင် ဤလူတို့သည် တာဝန်ထမ်းဆောင်လိုစိတ်မရှိကြပေ။ မည်သူကမျှ ၎င်းတို့ကို အတင်းမခိုင်းစေသည့်အတွက် ၎င်းတို့သည် အဘယ်ကြောင့် တာဝန်ထမ်းဆောင်ရန် လာနေကြသေးသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့ကိုယ်ကို အတင်းခိုင်းစေနေသောကြောင့်ဖြစ်သည်။ ကောင်းချီးများရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်လိုသည့် ၎င်းတို့၏ ဆန္ဒကြောင့် ၎င်းတို့သည် တာဝန်များထမ်းဆောင်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ဤသည်မှာ ၎င်းတို့ မည်မျှရွေးချယ်စရာ မရှိကြောင်းနှင့်ပတ်သက်သည့် သရုပ်သကန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ၎င်းတို့ ကြိုးစားခြင်းနောက်ကွယ်ရှိ စိတ်နေစိတ်ထားဖြစ်သည်။ ဤသို့သောလူတို့သည် ၎င်းတို့၏စိတ်နှလုံး၌ အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံရှိခြင်း ပြဿနာကို မည်သို့ဖြေရှင်းနိုင်ကြသနည်းဟု လူအချို့က မေးကြသည်။ ဤပြဿနာကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းဖြင့်သာ ဖြေရှင်းနိုင်သည်။ ၎င်းတို့က သမ္မာတရားကို မချစ်လျှင် ၎င်းတို့နှင့် သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က လက်ခံနိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရပြီး ဖြစ်သည်။ ၎င်းတို့သည် အပေးအယူလုပ်လိုပြီး ၎င်းတို့အတွက် အကျိုးမရှိလျှင် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်သောကြောင့် ဘုရားသခင်က ၎င်းတို့အား ဆုလာဘ်များနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ကို ကတိပေးပြီး အာမခံချက်ကို စာရေးသားပေးလျှင် ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို စိတ်ထက်သန်စွာ သေချာပေါက် ထမ်းဆောင်လိမ့်မည်။ လက်တွေ့တွင် ဘုရားသခင်၏ ကတိတော်သည် ပွင့်လင်းပြီး သမ္မာတရားအား လိုက်စားသူတို့က ရရှိနိုင်သည်။ သို့ရာတွင် သမ္မာတရားအား မလိုက်စားသူတို့မှာမူ မရရှိနိုင်ပေ။ ၎င်းတို့က ဘုရားသခင်၏ ကတိတော်ကို သတိမပြုမိခြင်းမဟုတ်။ ၎င်းတို့၏ စိတ်နှလုံးတွင် လက်ဆုပ်လက်ကိုင်မပြနိုင်သကဲ့သို့ သေချာခြင်းမရှိဟု ခံစားရခြင်းသာ ဖြစ်သည်။ ၎င်းတို့အတွက် ဘုရားသခင်၏ ကတိတော်သည် သုံးစား၍မရသောအရာတစ်ခုကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ယင်းအပေါ် မယုံကြည်နိုင်ပေ။ ပြီးလျှင် ယင်းအပေါ်တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် လက်ဆုပ်လက်ကိုင် ပြနိုင်သောအရာများကို အလိုရှိပြီး သင်က ၎င်းတို့ကို လစာပေးခဲ့လျှင် ၎င်းတို့သည် အသေအချာပင် အားမာန်တက်ကြွလိမ့်မည်။ သို့ရာတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသောသူတို့သည် အသေအချာ အားမာန်တက်ကြွခြင်းမျိုး ဖြစ်ချင်မှ ဖြစ်ပေမည်။ ၎င်းတို့သည် အလွန်စိတ်ပျက်စရာဖြစ်သည်။ ၎င်းတို့သည် လောကီ၌ အလုပ်ခန့်အပ်ခြင်းခံရလျှင် လုံ့လရှိစွာ အလုပ်လုပ်မည်မဟုတ်။ ၎င်းတို့သည် စိတ်မချရဘဲ အချောင်ခိုလိမ့်မည်ဖြစ်ပြီး သေချာပေါက် အလုပ်ထုတ်ခံရမည်။ ဤသည်မှာ ၎င်းတို့၏သဘာဝနှင့်ဆိုင်သော ပြဿနာသာဖြစ်သည်။ တာဝန်ထမ်းဆောင်ရာ၌ စဉ်ဆက်မပြတ် ဝတ်ကျေတမ်းကျေ ဖြစ်သောသူတို့အတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ၎င်းတို့ကို ရှင်းလင်းပစ်ပြီး ဖယ်ရှားရှင်းလင်းရန်ဖြစ်သည်။ သမ္မာတရားအား လက်မခံသောသူတို့အတွက် အခြားသောနည်းလမ်းမရှိ။ ၎င်းတို့၏ ဆင်ခြေများနှင့် ကျိုးကြောင်းပြချက်များအားလုံးက ကျိုးကြောင်းမသင့်ပေ။ ပြီးလျှင် ၎င်းတို့လူ့သဘာဝ၏ အရည်အသွေးနှင့်ပတ်သက်၍ ဆွေးနွေးဖို့ မလိုအပ်ပေ။
ယခုအခါတွင် လူအများစုသည် တာဝန်များကို စတင်ထမ်းဆောင်လာကြသည်။ တာဝန်များသည် မည်သည့်အရာများ ဖြစ်သည်၊ မည်သို့ ဖြစ်ပေါ်လာသည်၊ ယင်းတို့ကို မည်သူကပေးသည်ကို သင်တို့နားလည်ကြသလော။ (တာဝန်များသည် ဘုရားသခင်က လူတို့ကိုပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်များဖြစ်ပါသည်။) မှန်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏အိမ်တော်သို့ လာလျှင်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သင်လက်ခံနိုင်လျှင် သင်သည် ဘုရားအိမ်တော်သားတစ်ဦးဖြစ်သည်။ ဘုရားအိမ်တော်က သင့်အတွက် စီစဉ်ပေးသော တာဝန်များသည်၊ ဘုရားသခင်က သင့်အား လိုက်လျှောက်ရန် ပြောသည့် လမ်းခရီးနှင့် ဘုရားသခင်က သင့်အားပေးအပ်သော တာဝန်ပေးစေခိုင်းချက်တို့သည် သင်၏တာဝန်များ ဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် ဘုရားသခင်က သင့်အား ပေးပြီးဖြစ်သောအရာများဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်စားသောက်သောအခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်နားလည်သောအခါတွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အစီအစဉ်များကို နားထောင်ပြီး နားလည်သောအခါတွင်လည်းကောင်း၊ မည်သည့်တာဝန်ကို သင်ထမ်းဆောင်သင့်သည်၊ မည်သည့်ဝတ္တရားများကို သင်ဖြည့်ဆည်းနိုင်စွမ်းရှိသည်ဆိုသည်ကို သင့်စိတ်နှလုံး၌ သိသောအခါတွင်လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး သင့်တာဝန်ကို စတင်ထမ်းဆောင်သောအခါတွင်လည်းကောင်း သင်သည် ဘုရားအိမ်တော်သားတစ်ဦးဖြစ်လာပြီး ဧဝံဂေလိ ချဲ့ထွင်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ ဘုရားသခင်သည် သင့်အား သူ၏အိမ်တော်သားအဖြစ်၊ သူ၏အမှုတော် ချဲ့ထွင်ခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောထားသည်။ ဤအခြေအနေတွင် သင့်၌ သင်ထမ်းဆောင်သင့်သည့် တာဝန်ရှိသည်။ သင် လုပ်ဆောင်နိုင်စွမ်းရှိသည့် မည်သည့်အရာမဆို၊ သင်စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့် မည်သည့်အရာမဆိုသည် သင်တာဝန်ရှိသောအရာများဖြစ်ပြီး သင်၏ တာဝန်ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သင်၏ အထူးတာဝန်၊ သင်မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သော တာဝန်ဖြစ်သည်ဟု ဆိုနိုင်သည်။ တာဝန်များသည် ဘုရားသခင်ထံမှ လာသည်။ ယင်းတို့သည် ဘုရားသခင်က လူအား ပေးအပ်သော ဝတ္တရားများနှင့် တာဝန်ပေးစေခိုင်းချက်များဖြစ်သည်။ ဤသို့ဆိုလျှင် လူက ယင်းတို့အား မည်သို့နားလည်သင့်သနည်း။ “ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား ပေးအပ်ခဲ့သော ကျွန်ုပ်၏ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်ဖြစ်သောကြောင့် ယင်းသည် ကျွန်ုပ်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ယင်းကို ကျွန်ုပ် မဖြစ်မနေလုပ်ရမည်ဖြစ်သော တာဝန်အဖြစ်လက်ခံမှသာ မှန်ကန်ပေသည်။ ယင်းကို ကျွန်ုပ် ငြင်းဆို၍မရပေ၊ သို့မဟုတ် ငြင်းပယ်၍မရပေ။ ကျွန်ုပ် ရွေး၍မရပေ။ ကျွန်ုပ်အပေါ်သို့ ကျရောက်သောအရာသည် အသေအချာပင် ကျွန်ုပ်လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ကျွန်ုပ်သည် ရွေးချယ်မှုတစ်ခုလုပ်ဆောင်ရန် အခွင့်မရှိခြင်းမဟုတ်။ ရွေးချယ်မှု မပြုလုပ်သင့်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အသိစိတ်ဖြစ်သည်” ဟူ၍တည်း။ ဤသည်မှာ ကျိုးနွံနာခံခြင်း သဘောထားတစ်ခုဖြစ်သည်။ လူအချို့သည် မိမိတို့၏ တာဝန်ထမ်းဆောင်သောအခါတွင် စဉ်ဆက်မပြတ် အကောင်းဆုံးကိုသာ ရွေးယူကြပြီး လွယ်ကူသော၊ ၎င်းတို့ ပျော်မွေ့သော အလုပ်ကို အစဉ်လုပ်လိုကြသည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းကြောင်းနှင့် ပုံမှန်လူသားအသိစိတ်ကို ပိုင်ဆိုင်ခြင်းမရှိကြောင်းကို ပြသည်။ လူငယ်တစ်ယောက်ဖြစ်ပြီး ထိုသူက မည်သည့်ဆင်းရဲဒုက္ခမျှ တွေ့ကြုံရခြင်းမရှိဘဲ အိမ်တွင် အလိုလိုက်ခြင်းခံရကာ ပျက်စီးနေလျှင် သူ့အနေဖြင့် အနည်းငယ်တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းမှာ နားလည်နိုင်ဖွယ် ဖြစ်သည်။ သမ္မာတရားကို သူလက်ခံနိုင်သရွေ့ ဤသည်မှာ တဖြည်းဖြည်းချင်း ပြောင်းလဲလိမ့်မည်။ သို့ရာတွင် အသက်သုံးဆယ်ဝန်းကျင်၊ သို့မဟုတ် လေးဆယ်ဝန်းကျင်ရှိသော အရွယ်ရောက်သူတစ်ယောက်က ဤသို့ ရွံစရာကောင်းသောပုံစံဖြင့် ပြုမူလျှင် ဤသည်မှာ ပျင်းရိခြင်း ပြဿနာဖြစ်သည်။ ပျင်းရိခြင်း ရောဂါသည် မွေးရာပါရောဂါဖြစ်ပြီး ကိုင်တွယ်ရန် အခက်ဆုံးဖြစ်သည်။ ယင်းသည် မိမိ၏သဘာဝနှင့်ဆိုင်သော ပြဿနာဖြစ်ပြီး သီးသန့်ပတ်ဝန်းကျင်၊ သို့မဟုတ် အခြေအနေများတွင် အခြားမည်သည့်ရွေးချယ်မှုမျှမရှိဘဲ ထားရှိခြင်းခံရခြင်းမှတစ်ဆင့်သာ ဤသို့သောလူတို့သည် ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုအနည်းငယ်ကို တောင့်ခံနိုင်ကြသည်။ ဤသည်မှာ သူတောင်းစားအချို့က သူတောင်းစား ဖြစ်ခြင်းသည် အထင်သေးခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းတို့ကို လက်ယပ်ခေါ်ခြင်းဖြစ်သည်ကို ကောင်းစွာသိသော်လည်း ၎င်းတို့က အလုပ်လုပ်ရန် ပျင်းရိခြင်းနှင့် စိတ်မပါခြင်းကြောင့် တောင်းစားခြင်းကို ကျင့်သုံးဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိသကဲ့သို့ ဖြစ်သည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် အစာငတ်ခံရလိမ့်မည်။ အနှစ်ချုပ်လျှင် လူတစ်ယောက်သည် သူ၏တာဝန်ကို ကျေပွန်စွာနှင့် တာဝန်သိစွာ မထမ်းဆောင်နိုင်လျှင် သူသည် အနှေးနှင့် အမြန်ဆိုသလို ဖယ်ရှားရှင်းလင်းခံရမည်။ အကြီးဆုံးသော ပြစ်မှားမှုမှာ ဘုရားသခင်အား ယုံကြည်သော်လည်း ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုမရှိခြင်း ဖြစ်သည်။ သင်သည် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်လျှင်၊ သို့မဟုတ် ဆင်းရဲဒုက္ခများကို တစ်သမတ်တည်း အလွန်အမင်း မနှစ်မြို့ဖြစ်ပြီး အားစိုက်ကြိုးပမ်းရခြင်းကို ကြောက်ရွံ့လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသောသူတစ်ဦး ဖြစ်သည်။ သင်သည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ သင်သည် ထွက်ခွာသွားခွင့် ရှိသည်။ တစ်နေ့တွင် သင့်တာဝန်ကို မထမ်းဆောင်ခြင်းက ဖန်ဆင်းရှင်က သင့်အားပေးအပ်သော တာဝန်ပေးစေခိုင်းချက်ကို ငြင်းဆန်သည့် သဘောသက်ရောက်သည်ကိုလည်းကောင်း၊ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိဘဲ ဘုရားသခင်ကို ပုန်ကန်နေသောသူ ဖြစ်သည်ကိုလည်းကောင်း သင်သဘောပေါက်သောအခါ၊ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ၎င်းတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်သင့်သည်ကိုလည်းကောင်း၊ ယင်းသည် လိုအပ်သည်ကိုလည်းကောင်း သင်သဘောပေါက်သောအခါ သင်သည် ကောင်းစွာပြုမူပြီး သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်သည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းဖြစ်သည်။ လူတစ်ဦးသည် သူ၏တာဝန်တွင် ပုန်ကန်လျှင်၊ သို့မဟုတ် အပျက်သဘောဆောင်လျှင် ဆိုလိုသည်မှာ သူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း လုံးဝမရှိလျှင် ဤသို့သောသူသည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံနေခြင်း မဟုတ်။ မိမိတာဝန်ကို လိုလိုလားလားဖြင့် ကောင်းစွာ ထမ်းဆောင်ခြင်းသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို အနည်းဆုံးဖော်ပြခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် တာဝန်များက မည်သို့ ဖြစ်ပေါ်သနည်း။ (တာဝန်များက ဘုရားသခင်ထံမှ လာသည်။ ယင်းတို့သည် ဘုရားသခင်က လူတို့အားပေးသော တာဝန်ရှိသောအရာများဖြစ်သည်။) တာဝန်များသည် ဘုရားသခင်က လူတို့ကိုပေးသော တာဝန်ရှိသောအရာများဖြစ်သည်။ ထို့ကြောင့် ယုံကြည်ခြင်းမရှိသောသူများ၌ တာဝန်များရှိသလော။ (မရှိပါ။) မရှိဟု အဘယ်ကြောင့်ဆိုသနည်း။ (၎င်းတို့သည် ဘုရားအိမ်တော်၏ လူများမဟုတ်ပါ။) မှန်သည်။ ယုံကြည်ခြင်းမရှိသူများသည် ၎င်းတို့၏ ဇာတိပကတိဘဝများအတွက်သာ မိမိတို့ဘာသာ အလုပ်ရှုပ်နေကြသည်။ ပြီးလျှင် ၎င်းတို့၏ လုပ်ရပ်များသည် တာဝန်များဟု ခေါ်ဖို့ မထိုက်တန်ပေ။ ဘာသာတရားမရှိသူများသည် လောကီနှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း သက်ဆိုင်သည်။ ဘုရားသခင်သည် ၎င်းတို့မွေးဖွားသည့်အချိန်၊ ၎င်းတို့မွေးဖွားသည့် မိသားစု၊ ၎င်းတို့ အရွယ်ရောက်သောအခါ လုပ်သောအလုပ်နှင့် ၎င်းတို့သေသည့်အချိန်တို့ဖြစ်သည့် ၎င်းတို့၏ ဘဝကံကြမ္မာကိုသာ စီစဉ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို မရွေးချယ်သကဲ့သို့ ၎င်းတို့ကို ကယ်တင်ခြင်းလည်းမရှိပေ။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဤသို့မဟုတ်။ အနည်းငယ်သော အတိုင်းအတာဖြင့် ဆိုရလျှင် ဘုရားအိမ်တော်၌ ၎င်းတို့လုပ်သည့် အလုပ်အားလုံးသည် ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ပို၍ကျယ်ပြန့်သော အတိုင်းအတာဖြင့်ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံး အတွင်းတွင် ဖန်ဆင်းခံတိုင်းက ထမ်းဆောင်သောတာဝန်မှာ ဘုရားအမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်အတွက် အစေခံမှု ပေးနေကြခြင်းဖြစ်သည်။ သင်သည် သစ္စာစောင့်သိမှုနှင့် အစေခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဘုရားအလိုတော်ကို လိုက်လျှောက်သောသူဖြစ်ရန် အလှမ်းဝေးသည်။ အမှန်တွင် လူတစ်ဦးသည် သူ၏တာဝန်ကို အမှန်တကယ်ထမ်းဆောင်နိုင်မှသာ၊ ဘုရားသခင်အတွက် သက်သေခံခြင်းရလဒ်ကို ရရှိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိမှသာ ဘုရားသခင်၏ လူများနှင့် ပြည့်စုံလုံလောက်သော ဖန်ဆင်းခံများထဲမှ တစ်ဦးအနေဖြင့် သတ်မှတ်၍ရနိုင်သည်။ သင်သည် ဘုရားသခင်က သင့်အားပေးအပ်သည့် တာဝန်တိုင်းကို ကောင်းစွာ ထမ်းဆောင်လျှင်၊ သတ်မှတ်ထားသော စံနှုန်းများအတိုင်း ပြည့်မီလျှင် သင်သည် ဘုရားအိမ်တော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်က သူ့အိမ်တော်နှင့်သက်ဆိုင်သော လူတစ်ဦးအဖြစ် အသိအမှတ်ပြုသောသူတစ်ဦးဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။