တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၆)

“ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည်အလွန်တရာ ဝမ်းမြောက်ဖွယ်တည်း” ဟူသည့် သီချင်း၏ စာသားများသည် အားလုံး အတော်အသင့် လက်တွေ့ကျကြသဖြင့် စာကြောင်းအချို့ကို မိတ်သဟာယဖွဲ့ရန် ငါ ရွေးထားသည်။ “ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းပြီး ငါ့တွင် ဇာတိပကတိအတွက် စိုးရိမ်စရာမရှိ” ဟူသည့် စာကြောင်းကို ပထမဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ဤသည်က မည်သည့်အခြေအနေနည်း။ မိမိတို့၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းနိုင်သည့်သူတစ်ဦးသည် အဘယ်လူစားမျိုး ဖြစ်သနည်း။ သူတို့တွင် အသိတရား ရှိသလော။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူတို့၏တာဝန်ကို ကျေပွန်ခဲ့ကြပြီလော။ သူတို့သည် ဘုရားသခင်ကို တစ်နည်းနည်းဖြင့် ပြန်ပေးဆပ်ပြီးပြီလော။ (ပြန်ပေးဆပ်ပြီးပါပြီ။) သူတို့၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းထားနိုင်သည်ဟူသည့်အချက်မှာ သူတို့သည် တာဝန်ကို ဝတ်ကျေတမ်းကျေပြုခြင်းမရှိဘဲ၊ မရိုးမသား လှည့်ဖြားခြင်းမရှိဘဲ သို့မဟုတ် အလုပ်နှင့် တာဝန်ကို အချောင်ခိုခြင်း မရှိဘဲ လေးနက်စွာ၊ တာဝန်သိတတ်စွာဖြင့် ယင်းတာဝန်ကို ထမ်းဆောင်ခြင်းကို ဆိုလိုသည်။ သူတို့တွင် သင့်တင့်လျောက်ပတ်သော စိတ်သဘောထားတစ်ခုရှိပြီး သူတို့၏အခြေအနေနှင့် စိတ်နေစိတ်ထားတို့မှာ ပုံမှန်ဖြစ်သည်။ သူတို့တွင် အသိစိတ်နှင့် အသိတရားရှိကြသည်။ သူတို့သည် ဘုရားသခင်ကို အလေးထားသည်။ ပြီးလျှင် သူတို့သည် သစ္စာရှိပြီး သူတို့၏တာဝန်တွင် ဆက်ကပ်လေသည်။ “ဇာတိပကတိအတွက် စိုးရိမ်စရာမရှိ” ခြင်း ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဤနေရာတွင် အခြေအနေအချို့လည်း ရှိသည်။ ယင်းက အဓိကအားဖြင့် သူတို့သည် သူတို့ဇာတိပကတိ၏အနာဂတ်အတွက် စိုးရိမ်မနေဘဲ သူတို့တွင် ဖြစ်လာမည့်အရာအတွက် အစီအစဉ်များ မဆွဲကြခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ သူတို့အသက်ကြီးလာသောအချိန်တွင် သူတို့ နောက်ပိုင်း မည်သည့်အရာကို လုပ်မည်၊ သူတို့ကို မည်သူက ပြုစုစောင့်ရှောက်မည် သို့မဟုတ် ထိုအချိန်တွင် သူတို့ မည်သို့ နေထိုင်မည်တို့ကို ဆင်ခြင်စဉ်းစားခြင်း မရှိကြောင်း ဆိုလိုသည်။ ဤအရာများကို သူတို့ ဆင်ခြင်စဉ်းစားခြင်း မရှိပေ။ ထိုအစား အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်မှုများကို နာခံကြသည်။ သူတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် သူတို့၏ပထမဦးဆုံး လုပ်ငန်းတာဝန် ဖြစ်သည်။ မိမိတို့၏တာဝန်ကို စောင့်ထိန်းခြင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို စောင့်ထိန်းခြင်းတို့သည် အရေးအကြီးဆုံးအရာများ ဖြစ်ကြသည်။ လူများသည် ဖန်ဆင်းခံအနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်သောအခါ သူတို့တွင် လူသားပုံသဏ္ဌာန်အချို့ မရှိသလော။ ဤသည်မှာ လူသားပုံသဏ္ဌာန်ရှိခြင်းဖြစ်သည်။ လူများသည် အနည်းဆုံး သူတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ သစ္စာစောင့်သိပြီး မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် လုပ်ဆောင်ရမည်။ “လူတစ်ဦး၏ တာဝန်ကို စောင့်ထိန်း” ခြင်း ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ လူများသည် မည်သည့်အခက်အခဲပင်ကြုံရပါစေ လက်မလျှော့ခြင်း၊ မိမိတို့၏ တာဝန်ကို စွန့်ပစ်ထွက်ပြေးသူများ ဖြစ်မလာခြင်း သို့မဟုတ် ခေါင်းမရှောင်ခြင်းတို့ဖြစ်သည်။ သူတို့တတ်နိုင်သမျှအားလုံးကို သူတို့ လုပ်ဆောင်သည်။ ယင်းသည် လူတစ်ဦး၏ တာဝန်ကို စောင့်ထိန်းခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် တစ်စုံတစ်ခုကို လုပ်ဖို့ သင့်အတွက် စီမံထားပြီး သင့်ကို စောင့်ကြည့်ရန်၊ သင့်ကို ကြီးကြပ်ပေးရန် သို့မဟုတ် တိုက်တွန်းအားပေးရန် လူတစ်ဦးတစ်ယောက်မျှ ရှိမနေဟု ဆိုကြပါစို့။ သင်၏တာဝန်ကို စောင့်ထိန်းခြင်းဆိုသည်မှာ မည်သည့်အရာနှင့်တူသနည်း။ (ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းနှင့် သူ့မျက်မှောက်တော်တွင် နေထိုင်ခြင်းတို့ ဖြစ်ပါသည်။) ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းသည် ပထမခြေလှမ်းဖြစ်သည်။ ယင်းသည် ၎င်း၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အခြားအပိုင်းမှာ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် လုပ်ဆောင်ရန်ဖြစ်သည်။ ယင်းကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် လုပ်ဆောင်နိုင်ရန်အလို့ငှာ သင်မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည် သမ္မာတရားကို လက်ခံပြီး ယင်းကို လက်တွေ့လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ ဘုရားသခင် တောင်းဆိုသမျှကို သင်သည် လက်ခံပြီး ကျိုးနွံနာခံရမည်။ သင့်ကို စောင့်ကြည့်ရန်၊ သင့်ကို ကြီးကြပ်ရန်၊ သင် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း သေချာစေဖို့ စစ်ဆေးရန်၊ သင့်ကို စိစစ်ရန်၊ သင်လုပ်ဆောင်နေသည့်အရာကို ကွပ်ကဲရန် သို့မဟုတ် သင့်ကို ပြုပြင်ရန်ပင် အခြားမည်သူကိုမျှ မလိုအပ်ဘဲ သင့်ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စများကို ကိုင်တွယ်မည့်အတိုင်း သင့်တာဝန်ကို သင်ကိုင်တွယ်ရမည်။ “ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ငါ၏ဝတ္တရား ဖြစ်သည်။ ဤသည်မှာ ငါ၏အပိုင်းဖြစ်သည်။ ပြီးလျှင် ထိုတာဝန်ကို လုပ်ဆောင်ဖို့ ငါ့ကို ပေးလိုက်ပြီး စည်းမျဉ်းများကို ငါ့ကို ပြောပြသဖြင့် ထိုစည်းမျဉ်းများကို ငါနားလည်သဘောပေါက်ပြီး ဖြစ်သည့်အတွက် ဤအရာကိုသာ ဇောက်ချပြီး ဆက်လုပ်တော့မည်။ ဤတာဝန် ကောင်းကောင်း ပြီးမြောက်သွားသည်ကို မြင်ရဖို့ ငါတတ်နိုင်သမျှအားလုံးကို လုပ်ဆောင်တော့မည်” ဟု သင့်ကိုယ်သင် တွေးရမည်။ ဤတာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အပတ်တကုတ် ကြိုးစားရမည်။ ထို့ပြင် မည်သည့် လူပုဂ္ဂိုလ်၊ ဖြစ်ရပ်၊ သို့မဟုတ် အမှုအရာ၏ ဘောင်ခတ်ခြင်းကိုမျှ မခံရ။ ဤသည်မှာ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ဤသည်မှာ လူများရှိသင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းရန်အလို့ငှာ ၎င်းတို့သည် မည်သည့်အရာဖြင့် ပြင်ဆင်ထားရမည်နည်း။ ပထမဦးစွာ သူတို့တွင် ဖန်ဆင်းခံများရှိသင့်သည့် အသိစိတ်ရှိရမည်။ ယင်းသည် အနည်းဆုံးဖြစ်သည်။ ထိုထက်ပိုပြီးလျှင် သူတို့သည် သစ္စာစောင့်သိရမည်။ လူသားတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် သစ္စာစောင့်သိရမည်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကိုသာ အပြည့်အဝ သစ္စာစောင့်သိရမည်ဖြစ်ပြီး စိတ်မပါ့တပါလုပ်ခြင်း သို့မဟုတ် တာဝန်ယူရန် ပျက်ကွက်ခြင်းတို့ မလုပ်ရပေ။ လူတစ်ဦး၏ ကိုယ်ပိုင် စိတ်ဝင်စားမှုများ သို့မဟုတ် စိတ်ထားများအပေါ် မူတည်၍ ပြုမူခြင်းသည် မှားယွင်းနေသည်၊ ၎င်းသည် သစ္စာစောင့်သိခြင်းမဟုတ်ပေ။ သစ္စာစောင့်သိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်၏ စိတ်ထား၊ ပတ်ဝန်းကျင်၊ သို့မဟုတ် အခြားလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ လွှမ်းမိုးမှုကိုဖြစ်စေ၊ ဘောင်ခတ်မှုကိုဖြစ်စေ မခံရဘဲ သင့်တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်သည်။ “ဘုရားသခင်ထံမှ ဤတာဝန်ပေးစေခိုင်းချက်ကို ငါလက်ခံပြီးပြီဖြစ်သည်။ သူက ငါ့ကို တာဝန်ပေးလိုက်ပြီ ဖြစ်သည်။ ဤသည်မှာ ငါလုပ်ရမည့်အရာပင်ဖြစ်၏။ ထို့ကြောင့် ရလဒ်ကောင်းများ ထွက်မည့် မည်သည့်နည်းဖြင့်မဆို ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဖို့ကို အရေးထားပြီး ကိုယ့်ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်သကဲ့သို့ ယင်းကို ငါလုပ်ဆောင်မည်” ဟု သင့်ကိုယ်သင်တွေးရမည်။ ဤအခြေအနေသို့ သင်ရောက်သောအခါ သင်၏ အသိစိတ်သည် ထိန်းချုပ်မှုအောက်တွင် ရှိနေရုံသာမက သစ္စာစောင့်သိမှုလည်း သင့်ထဲတွင် တည်ရှိနေသည်။ အကယ်၍ သင်သည် လုပ်ငန်းတာဝန်ပြီးမြောက်ရုံဖြင့်သာ ကျေနပ်နေပြီး အကျိုးများရန် သို့မဟုတ် ရလဒ်ကောင်းများ ရရန် ဆန္ဒပြင်းပြခြင်း မရှိဘဲ တာဝန်အတွက် သင်အစွမ်းကုန် အင်အားစိုက်ထုတ်ရုံမျှဖြင့် လုံလောက်ပြီဟု ခံစားရပါက ဤသည်မှာ လူများ၏ အသိစိတ်နှင့်ပတ်သက်သော စံနှုန်းကို ပြည့်မီစေရုံမျှသာဖြစ်ပြီး သစ္စာစောင့်သိခြင်းအဖြစ် ထည့်တွက်၍ မရနိုင်ပေ။ ဘုရားသခင်ထံတွင် သစ္စာစောင့်သိခြင်းသည် အသိစိတ်နှင့်ပတ်သက်သော စံနှုန်းထက် ပို၍ မြင့်မားသော သတ်မှတ်ချက်နှင့် စံနှုန်းဖြစ်လေသည်။ ယင်းသည် သင်အစွမ်းကုန် အင်အားစိုက်ထုတ်ရသည့် ကိစ္စရပ်သာ မဟုတ်ပေ။ သင်သည် သင့်စိတ်နှလုံးတစ်ခုလုံးကိုလည်း ထည့်ထားရမည်။ သင့်စိတ်နှလုံးထဲတွင် အမြဲတမ်း သင့်တာဝန်ကို သင်လုပ်ဆောင်ရမည့်အလုပ်ကဲ့သို့ သတ်မှတ်ထားရမည်၊ ဤလုပ်ငန်းတာဝန်အတွက် ဝန်ထုပ်ဝန်ပိုးများကို ထမ်းရမည်၊ အမှား အနည်းငယ်မျှ သင်လုပ်မိပါက သို့မဟုတ် သင်သည် ဖြစ်ကတတ်ဆန်းနိုင်တတ်သော အခြေအနေတစ်ခုအတွင်း ရောက်နေပါက အပြစ်တင်ခြင်းခံရမည်၊ ပြီးလျှင် ဘုရားသခင်ကို သင်များစွာအကြွေးတင်သလို ဖြစ်စေသောကြောင့် ဤနည်းအတိုင်း ကျင့်ကြံပြုမူ၍ မဖြစ်နိုင်ဟု သင်ခံစားရမည်။ အမှန်တကယ်ပင် အသိတရားနှင့် အသိစိတ် ရှိသည့်လူများသည် လူတစ်ယောက်က သူတို့ကို စောင့်ကြည့်နေသည်ဖြစ်စေ၊ ကြီးကြပ်ပေးနေသည်ဖြစ်စေ သူတို့ လုပ်ဆောင်ရမည့် ကိုယ်ပိုင်အလုပ်ဖြစ်ဘိသကဲ့သို့ သူတို့၏တာဝန်ကို ထမ်းဆောင်ကြသည်။ ဘုရားသခင်သည် သူတို့နှင့်ပတ်သက်၍ ကျေနပ်အားရခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်က သူတို့ကို မည်သို့ဆက်ဆံသည်ဖြစ်စေ သူတို့သည် သူတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်က သူတို့ကို အပ်နှင်းလိုက်သည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန် သူတို့ကိုယ်သူတို့ အမြဲတမ်း အတိအကျ တောင်းဆိုသည်။ ဤသည်ကို သစ္စာစောင့်သိခြင်းဟု ခေါ်သည်။ ဤသည်မှာ အသိစိတ်နှင့် ပတ်သက်သော စံနှုန်းထက် ပိုမြင့်မားသောစံတစ်ခုဖြစ်သည် မဟုတ်လော။ အသိစိတ်နှင့် ပတ်သက်သော စံနှုန်းအတိုင်း ပြုမူသောအခါ လူများသည် ပြင်ပအရာများ၏ လွှမ်းမိုးမှုကို မကြာခဏ ခံရတတ်သည်၊ သို့မဟုတ် သူတို့၏တာဝန်ကို အစွမ်းကုန် အင်အားစိုက်ထုတ်၍ လုပ်ဆောင်ရုံဖြင့် လုံလောက်သည်ဟု လူများက ထင်ကြသည်။ သန့်စင်မှုအဆင့်သည် သိပ်မမြင့်မားလှပေ။ သို့သော် သစ္စာစောင့်သိခြင်းနှင့် လူတစ်ဦး၏တာဝန်ကို သစ္စာစောင့်သိစွာ စောင့်ထိန်းနိုင်ခြင်းတို့အကြောင်း ပြောသည့်အခါတွင် သန့်စင်မှုအဆင့်သည် ပို၍မြင့်မားသည်။ ယင်းသည် အားထုတ်၍ ကြိုးပမ်းရုံမျှသက်သက်ချည်းသာ မဟုတ်ပေ၊ သင်သည် သင့်တာဝန်တွင် သင့်စိတ်နှလုံးတစ်ခုလုံးရော စိတ်ရောကိုယ်ပါ စိုက်ထုတ်ရန်လိုအပ်သည်။ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှု အနည်းငယ်ကို တစ်ခါတစ်ရံ ခါးစည်းခံနိုင်ရမည်။ သင်သည် အဖိုးအခ ပေးဆပ်ရမည်ဖြစ်ပြီး သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သင့်အတွေးများအားလုံးကို ဆက်ကပ်ထားရမည်။ သင်မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့ရပါစေ ၎င်းတို့သည် သင့်တာဝန်ကို မထိခိုက်စေပေ သို့မဟုတ် သင့်တာဝန်ကို ထမ်းဆောင်ခြင်းတွင် မနှောင့်နှေးစေပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ ဤသည်ကို လုပ်ဆောင်ရန် သင်သည် အဖိုးအခ ပေးဆပ်နိုင်ရမည်။ သင့်ဇာတိပကတိမှ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စများနှင့် ကိုယ်ကျိုးစီးပွားတို့ကို သင်စွန့်ပစ်ရမည်။ သင်၏ပကာသန၊ မာန၊ ခံစားချက်များ၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများအပြင် သင့်ပျိုရွယ်ချိန်၏ အကောင်းဆုံးနှစ်များ၊ သင်၏ အိမ်ထောင်၊ သင်၏အနာဂတ်နှင့် သင်၏ကံကြမ္မာတို့ကဲ့သို့ အရာများအားလုံးကို လက်လွှတ်ပြီး စွန့်ပစ်ရမည်။ ထို့ပြင် သင်သည် သင့်တာဝန်ကို ကောင်းစွာ စိတ်လိုလက်ရ ထမ်းဆောင်ရမည်။ ထိုအခါ သင်သည် သစ္စာစောင့်သိခြင်းကို စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ပြီး ဤသို့နေထိုင်ခြင်းဖြင့် လူသားပုံသဏ္ဌာန်ကို ရရှိလိမ့်မည်။ ဤသို့သောလူများတွင် အသိစိတ်တစ်ခုရှိသည်သာမက လူတို့ကို ဘုရားသခင် တောင်းဆိုသည့် သစ္စာစောင့်သိခြင်းကို မိမိတို့ကိုယ်တိုင် စွမ်းဆောင်ရရှိရန် အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသိစိတ်စံနှုန်းကို အသုံးပြုကြသည်။ ပြီးလျှင် မိမိတို့ကိုယ်ကို အကဲဖြတ်ရာတွင်လည်း ဤသစ္စာစောင့်သိခြင်းကိုသုံးကြ၏။ သူတို့သည် ဤရည်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အပတ်တကုတ် ကြိုးစားသည်။ ဤသို့သောလူများသည် ကမ္ဘာမြေကြီးပေါ်တွင် ရှားပါးသည်။ ဘုရားသခင် ရွေးချယ်လိုက်သော လူပေါင်း တစ်ထောင် သို့မဟုတ် တစ်သောင်းတိုင်းတွင် တစ်ယောက်သာပါသည်။ ဤသို့သောလူများသည် တန်ဖိုးရှိသောဘဝများတွင် နေထိုင်ကြသလော။ သူတို့သည် ဘုရားသခင် တန်ဖိုးထားသော လူများဖြစ်ကြသလော။ မှန်ပေသည်၊ သူတို့သည် တန်ဖိုးရှိသောဘဝများတွင် နေထိုင်ကြပြီး ဘုရားသခင် တန်ဖိုးထားသောလူများဖြစ်ကြသည်။

သီချင်းထဲမှ နောက်စာကြောင်းက “ငါ့အစွမ်းအစက နည်းသော်လည်း ငါ့ထံတွင် ရိုးသားသည့် နှလုံးသားတစ်ခု ရှိသည်” ဟု ဆိုသည်။ ဤစကားလုံးများသည် အလွန်စစ်မှန်သည်ဟု ထင်ရပြီး ဘုရားသခင်က လူများကို လုပ်ဆောင်ခိုင်းသည့် သတ်မှတ်ချက်တစ်ခုအကြောင်းကို ပြောသည်။ မည်သည့်လိုအပ်ချက်နည်း။ လူများသည် အစွမ်းအစနည်းပါက ယင်းသည် ကမ္ဘာပျက်သောကိစ္စ မဟုတ်ပေ၊ သို့သော် သူတို့တွင် ရိုးသားသောနှလုံးသားတစ်ခု ပိုင်ဆိုင်ရမည်၊ ထိုသို့ပိုင်ဆိုင်လျှင် သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်လိမ့်မည်။ သင့်အခြေအနေ သို့မဟုတ် နောက်ကြောင်းရာဇဝင်က မည်သို့ပင်ရှိစေ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ ရိုးရိုးသားသား ပြောဆိုရမည်၊ ရိုးရိုးသားသား ပြုမူရမည်၊ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်နိုင်ရမည်၊ သင့်တာဝန်ကို သစ္စာစောင့်သိရမည်၊ ဖြတ်လမ်းမလိုက်ရ၊ စိတ်မချရသော သို့မဟုတ် လိမ်လည်လှည့်ဖြားတတ်သောသူတစ်ဦး မဖြစ်ရ၊ မုသားမပြောရ သို့မဟုတ် မလှည့်စားရ၊ စကားကို ဝေ့လည်ကြောင်ပတ် မပြောရ။ သင်သည် သမ္မာတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး သမ္မာတရားလိုက်စားသော သူတစ်ဦးဖြစ်ရမည်။ လူများစွာက သူတို့သည် အစွမ်းအစညံ့ပြီး သူတို့၏ တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ဟုဖြစ်စေ၊ စံနှုန်းပြည့်မီအောင် မလုပ်ဆောင်ဟုဖြစ်စေ ထင်ကြသည်။ သူတို့ လုပ်ဆောင်သည့်အရာတွင် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း စည်းမျဉ်းများကို သူတို့ မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ကြချေ။ ပြီးလျှင် အလွန်ကောင်းမွန်သော ရလဒ်များရအောင် မလုပ်နိုင်ကြသေးပေ။ နောက်ဆုံးတွင် သူတို့လုပ်နိုင်သမျှအားလုံးမှာ သူတို့သည် အစွမ်းအစ ညံ့လွန်းသည်ဟု မကျေမနပ်ပြောကြပြီး အပျက်သဘောဆောင်လာကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ လူတစ်ယောက်သည် အစွမ်းအစညံ့နေသည့်အခါတွင် ရှေ့ဆက်ရန်လမ်း မရှိတော့သလော။ အစွမ်းအစ ညံ့ခြင်းသည် သေစေနိုင်သောရောဂါတစ်ခု မဟုတ်ပေ၊ သည့်ပြင် ဘုရားသခင်က အစွမ်းအစညံ့သောလူများကို သူမကယ်တင်ပါဟု မည်သည့်အခါကမှ မပြောခဲ့ပေ။ ဘုရားသခင်သည် ရိုးသားသော်လည်း မသိနားမလည်သော သူများကြောင့် သူဝမ်းနည်းကြေကွဲရသည်ဟု ယခင်က ပြောခဲ့သည်။ မသိနားမလည်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ကိစ္စအတော်များများတွင် မသိနားမလည်ခြင်းသည် အစွမ်းအစညံ့ခြင်းမှ လာသည်။ လူများ အစွမ်းအစညံ့သောအခါ သူတို့ သမ္မာတရားအကြောင်း နားလည်ခြင်းသည် ပေါ့တန်လေသည်။ တိကျမှု သို့မဟုတ် လက်တွေ့ကျမှု လုံလုံလောက်လောက် မရှိချေ။ ပြီးလျှင် မကြာခဏ အပေါ်ယံအဆင့် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်သာ နားလည်ခြင်းဖြင့် အကန့်အသတ်ရှိနေသည်၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ နားလည်ခြင်းဖြင့် အကန့်အသတ် ရှိနေသည်။ ထို့ကြောင့်သာ သူတို့သည် ပြဿနာများစွာကို နားမလည်နိုင်ကြဘဲ သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ခြင်း သို့မဟုတ် သူတို့၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် အစွမ်းအစ ညံ့သောလူများကို အလိုမရှိသလော။ (သူအလိုရှိပါသည်။) ဘုရားသခင်က မည်သည့်လမ်းကြောင်းနှင့် ဦးတည်ရာတို့ဆီသို့ လူများကို ညွှန်ပြသနည်း။ (ရိုးသားသောလူတစ်ယောက်ဖြစ်ခြင်းဆီသို့ ညွှန်ပြပါသည်။) ထိုသို့ပြောရုံမျှဖြင့် သင်သည် ရိုးသားသော လူတစ်ယောက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ၊ သင့်တွင် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များ ရှိရမည်။) ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က “ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်” ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် ဒုက္ခခံရမည်ကိုလည်းကောင်း၊ တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။ သင်သိမြင်ပြီး နားလည်သည့်အရာကို မဆောင်ရွက်လျှင် သင်၏ အားထုတ်မှု၏ ၅၀၊ သို့မဟုတ် ၆၀ ရာခိုင်နှုန်းသာ လုပ်ဆောင်လျှင် သင်သည် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် မရိုးသားဘဲ အချောင်ခိုရန် နည်းလမ်းများ ရှာနေခြင်းဖြစ်သည်။ မိမိတို့၏တာဝန်များကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ကြသောသူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသလို လှည့်စားတတ်သည့်သူများကို အသုံးမပြုပေ။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ဘုရားသခင်သည် တာဝန်များကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသည်ပင် ရိုးသားရမည်။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကာ ဉာဏ်များပြီး အချောင်ခိုရန် နည်းလမ်းများကို အမြဲရှာနေသော သူများအားလုံးသည် လှည့်စားတတ်ကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ လူအချို့က “ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် အမှန်တရားကို ပြောပြီး မုသား မပြောခြင်းသာ ဖြစ်သည်။ ရိုးသားသူတစ်ဦး ဖြစ်ရန်မှာ လွယ်ကူပေသည်၊ တကယ်ပင်ဖြစ်သည်” ဟု ထင်ကြသည်။ ဤခံယူချက်ကို သင်မည်သို့ထင်မြင်သနည်း။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် အတိုင်းအတာ အလွန်ပင် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထိုအကြောင်းကြောင့် ရိုးသားသည့်နှလုံးသားတစ်ခုသည် အလွန် အဖိုးတန်လေသည်။ ဤအရာက မည်သည်ကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ရိုးသားသောစိတ်နှလုံးသည် သင်၏ အပြုအမူကို ထိန်းချုပ်နိုင်ပြီး သင်၏အခြေအနေကို ပြောင်းလဲနိုင်သည်ဟုဖြစ်သည်။ ယင်းက သင့်အား မှန်ကန်သော ရွေးချယ်မှုများပြုစေပြီး ဘုရားသခင်ကို နာခံနိုင်စေကာ သူ၏ လက်ခံမှုရစေသည်။ ဤကဲ့သို့သော စိတ်နှလုံးတစ်ခုသည် အမှန်တကယ်ကို အဖိုးတန်လေသည်။ သင့်တွင် ဤကဲ့သို့ရိုးသားသော စိတ်နှလုံးတစ်ခုရှိပါက ဤသည်မှာ သင်နေထိုင်သင့်သည့် အခြေအနေ၊ သင်ပြုမူနေထိုင်သင့်သည့်ပုံနှင့် သင့်ကိုယ်သင် ထုတ်ဖော်ပြသင့်သည့်ပုံ ဖြစ်သည်။ သင်သည် ဤသီချင်းစာသားများကို နှံ့နှံ့စပ်စပ် ချင့်ချိန်စဉ်းစားသင့်သည်။ မည်သည့်စာကြောင်းကမျှ တိုက်ရိုက်အဓိပ္ပာယ်တမျှ မရိုးရှင်းပေ။ သည့်ပြင် ယင်းကို ချင့်ချိန်စဉ်းစားပြီးနောက် သင်အမှန်တကယ် နားလည်သွားပါက တစ်စုံတစ်ခုကို သင်ရပြီးဖြစ်လိမ့်မည်။

သီချင်းစာသားနောက်တစ်ကြောင်းကို ကြည့်ကြစို့။ “အရာခပ်သိမ်း၌ သင်၏အကြွင်းမဲ့ သစ္စာစောင့်သိခြင်းဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလော့”။ ဤစာသားများတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုရှိသည်။ လူအချို့သည် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်း တစ်လျှောက်တွင် အခက်အခဲများကို သူတို့ ရင်ဆိုင်တွေ့ကြုံရသောအခါ အပျက်သဘောဆောင်လာကြသည်။ သည့်ပြင် ယင်းက သူတို့၏တာဝန်ကို လုပ်ဆောင်ဖို့ စိတ်မပါဖြစ်စေသည်။ ဤလူများနှင့်ပတ်သက်၍ တစ်ခုခု မှားနေသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စိတ်ရင်းမှန်ဖြင့် အသုံးခံနေကြခြင်းပင် ဟုတ်ပါ၏လော။ သူတို့သည် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ရသောအခါ အဘယ်ကြောင့် အဆိုးမြင်လာကြကြောင်းနှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အဘယ်ကြောင့် မရှာနိုင်ရကြောင်းတို့အပေါ်တွင် ဆင်ခြင်သုံးသပ်သင့်သည်။ သူတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး သမ္မာတရားကို ရှာနိုင်ပါက သူတို့တွင် ရှိသော ပြဿနာများကို မြင်နိုင်လာလိမ့်မည်။ အကယ်စင်စစ်တွင် လူများအတွက် အကြီးမားဆုံး အခက်အခဲမှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာနိုင်ပါက သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြင်ဖို့ လွယ်လိမ့်မည်။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ပြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရန် အရာခပ်သိမ်း၌ သင်၏သစ္စာစောင့်သိမှုအလုံးစုံကို သင်ပေးနိုင်လိမ့်မည်။ “အရာခပ်သိမ်း” ဆိုသည်မှာ ယင်းသည် မည်သည့်အရာပင်ဖြစ်ပါစေ ဘုရားသခင်က သင့်ကို ပေးခဲ့သောအရာတစ်ခုဖြစ်စေ၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးက သင့်အတွက် စီစဉ်ထားသည့်အရာတစ်ခုဖြစ်စေ၊ သင်မတော်တဆ ကြုံခဲ့ရသည့်အရာတစ်ခုဖြစ်စေ ယင်းက သင်လုပ်ဖို့ ရည်ရွယ်ထားသည့်အရာ ဖြစ်နေပြီး သင်၏တာဝန်ကို သင်ထမ်းဆောင်နိုင်သရွေ့ သင်၏ သစ္စာစောင့်သိမှုအလုံးစုံကို ပေးပြီး သင်လုပ်ဆောင်သင့်သည့် တာဝန်ဝတ္တရားကို ထမ်းဆောင်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းကို သင်၏စည်းမျဉ်း ဖြစ်အောင်လုပ်ခြင်း ဖြစ်လေသည်။ ဤစည်းမျဉ်းသည် အနည်းငယ် ကြီးကျယ်ခမ်းနားပြီး ၎င်းနှင့်အညီ လူများ နေထိုင်ရန်မှာ အနည်းငယ် ခဲယဉ်းသည်ဟု ထင်ရသည်။ ပို၍လက်တွေ့ကျသော ဝေါဟာရများနှင့်ပြောရလျှင် ယင်းသည် သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းကို ဆိုလိုသည်။ သင့်တာဝန်ကို စောင့်ထိန်းခြင်းနှင့် ၎င်းကို ကောင်းစွာ ထမ်းဆောင်ခြင်းတို့သည် လုပ်ဆောင်ဖို့ လွယ်ကူသောအရာများ မဟုတ်ပေ။ ယင်းသည် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ အခြားတာဝန်အချို့ ဖြစ်သည်ဖြစ်စေ သမ္မာတရားအချို့ကို သင်နားလည်ရမည်။ သမ္မာတရားကို နားမလည်ဘဲ သင့်တာဝန်ကို ကောင်းစွာ သင်ထမ်းဆောင်နိုင်သလော။ သမ္မာတရားစည်းမျဉ်းများကို စောင့်ထိန်းခြင်းမရှိဘဲ ယင်းကို သင်ကောင်းစွာ လုပ်ဆောင်နိုင်သလော။ အကယ်၍ သင်သည် သမ္မာတရား၏ ရှုထောင့်အားလုံးကို နားလည်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း သင်လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင့်တာဝန်ကို ကောင်းစွာ လုပ်ပြီးဖြစ်လိမ့်မည်၊ သင့်တာဝန်ကို စောင့်ထိန်းပြီးဖြစ်လိမ့်မည်၊ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်မည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းဖြစ်သည်။ ဤသည်က လုပ်ဆောင်ဖို့ လွယ်ကူသလော။ အကယ်၍ သင် ထမ်းဆောင်ရသည့် တာဝန်သည် သင်ကျွမ်းကျင်ပြီး နှစ်သက်သည့်အရာတစ်ခု ဖြစ်ပါက ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်ကြောင်းနှင့် ယင်းကို လုပ်ဆောင်ခြင်းသည် လုံးလုံးလျားလျား သဘာဝကျပြီး တရားမျှတသည့် အရာတစ်ခုဖြစ်သည်ဟု ခံစားရသည်။ သင်သည် ဝမ်းသာရွှင်ပျခြင်း၊ ပျော်ရွှင်ခြင်းနှင့် အေးဆေးသက်သာ ဖြစ်ခြင်းတို့ကို ခံစားရသည်။ ယင်းသည် သင်လုပ်ဆောင်ဖို့ ဆန္ဒရှိသောအရာတစ်ခုဖြစ်ပြီး ယင်းအတွက် သင်သည် သင်၏သစ္စာစောင့်သိမှုအလုံးစုံကို ပေးနိုင်သည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနေသည်ဟု ခံစားရသည်။ သို့သော် တစ်နေ့တွင် သင်သည် သင်မနှစ်သက်သော သို့မဟုတ် ယခင်က မည်သည့်အခါကမျှ မထမ်းဆောင်ဖူးသော တာဝန်တစ်ခုကို ရင်ဆိုင်ကြုံတွေ့ရသောအခါ ၎င်းကို သင်၏ သစ္စာစောင့်သိမှုအလုံးစုံကို ပေးနိုင်လိမ့်မည်လော။ ဤသည်က သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိကို စမ်းသပ်လိမ့်မည်။ ဥပမာအနေဖြင့် သင်၏တာဝန်သည် ဓမ္မသီချင်းသီဆိုသည့်အဖွဲ့တွင် ဖြစ်ပြီး သင်သည် သီချင်းဆိုနိုင်သည့်အပြင် သီချင်းဆိုခြင်းသည် မွေ့လျော်စရာ လုပ်ဆောင်မှုတစ်ခုဖြစ်လျှင် ဤတာဝန်ကို ထမ်းဆောင်ရန် သင်သည် ဆန္ဒရှိသည်။ အကယ်၍ ဧဝံဂေလိတရားဖြန့်ဝေရန် ပြောထားသည့် အခြားတာဝန်တစ်ခုကို သင့်အား ပေးခဲ့ပြီး အလုပ်သည် အတော်အတန် ခက်ခဲခဲ့ပါက သင်နာခံနိုင်မည်လော။ ယင်းကို သင်ချင့်ချိန်စဉ်းစားပြီး “ငါက သီချင်းဆိုရသည်ကို ကြိုက်နှစ်သက်သည်” ဟု ပြောသည်။ ဤသည်က မည်သည်ကို ဆိုလိုသနည်း။ ယင်းက ဧဝံဂေလိတရားကို သင်မဖြန့်လိုဟု ဆိုလိုသည်။ ဤသည်မှာ ဆိုလိုသည့်အရာဖြစ်သည်မှာ သိသာထင်ရှား၏။ “ငါက သီချင်းဆိုရသည်ကို ကြိုက်သည်” ဟုသာ သင်က တွင်တွင်ပြောနေသည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးက သင့်ကို “ဧဝံဂေလိတရားဖြန့်ဖို့အတွက် လေ့ကျင့်ပြီး သင့်ကိုယ်သင် ပို၍များသော သမ္မာတရားများဖြင့် အဘယ်ကြောင့် မပြင်ဆင်သနည်း။ ယင်းမှာ သင့်ဘဝတိုးတက်ဖို့အတွက် ပို၍ အကျိုးရှိလိမ့်မည်” ဟု ကျိုးကြောင်းပြပြောဆိုလျှင် သင်က “ကျွန်ုပ်က သီချင်းဆိုရသည်ကို ကြိုက်ပြီး ကခုန်ရသည်ကို ကြိုက်သည်” ဟု မလျှော့တမ်း ပြောနေသေးသည်။ သူတို့ မည်သည့်အရာကို ပြောပါစေ သင်သည် ဧဝံဂေလိတရားဖြန့်ဝေဖို့ မသွားလိုပေ။ သင်အဘယ်ကြောင့် မသွားချင်သနည်း။ (စိတ်ဝင်စားမှု မရှိသောကြောင့် ဖြစ်သည်။) သင်စိတ်ဝင်စားမှု မရှိသောကြောင့် သင်မသွားချင်ပေ၊ ဤနေရာတွင် ပြဿနာက မည်သည်နည်း။ ယင်းမှာ သင်၏ ပိုနှစ်သက်မှုများနှင့် ပုဂ္ဂိုလ်ရေးအကြိုက်များအတိုင်း သင့်တာဝန်ကို သင်ရွေးချယ်ခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ကျိုးနွံနာခံခြင်း မရှိပေ။ သင့်တွင် ကျိုးနွံနာခံမှု မရှိပေ၊ ယင်းသည် ပြဿနာဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို သင်မရှာဖွေပါက သင်သည် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ထိုမျှ အမှန်တကယ် ပြနေခြင်း မဟုတ်ချေ။ စစ်မှန်သော ကျိုးနွံနာခံခြင်းကို ပြရန် ဤအခြေအနေတွင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဤသည်မှာ သင်သည် ဤသမ္မာတရား၏ ရှုထောင့်နှင့်ပတ်သက်ပြီး ချင့်ချိန်စဉ်းစား၍ မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည့်အချိန် ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ အရာခပ်သိမ်း၌ သင်၏သစ္စာစောင့်သိမှုအလုံးစုံကို သင်ပေးလိုပါက တာဝန်ဝတ္တရားတစ်ခုကို ထမ်းဆောင်ရုံမျှဖြင့် ယင်းကို သင်မလုပ်နိုင်ပေ၊ သင့်အပေါ် ဘုရားသခင်က အပ်နှင်းထားသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်ကိုမဆို သင်လက်ခံရမည်။ ယင်းက သင့်အကြိုက်များအတိုင်းဖြစ်ပြီး သင့်စိတ်ဝင်စားမှုများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သင်မမွေ့လျော်သည့်အရာတစ်ခုဖြစ်သည်ဖြစ်စေ၊ ယခင်က မည်သည့်အခါကမျှ မလုပ်ဖူးသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ယင်းကို သင်လက်ခံသင့်ပြီး ကျိုးနွံနာခံသင့်သေးသည်။ ယင်းကို သင်လက်ခံရမည်သာမက တွေ့ကြုံနေစဉ်နှင့် ဝင်ရောက်နေစဉ်အတောအတွင်း သင်သည် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းအကြောင်းကို လေ့လာရမည်။ သင်ဆင်းရဲဒုက္ခကို ခံစားနေရလျှင်ပင်၊ ပင်ပန်းနေလျှင်ပင်၊ အရှက်ခွဲခံရလျှင်ပင် သို့မဟုတ် ဝိုင်းကြဉ်ခြင်းကို ခံရလျှင်ပင် ယင်းကို သင်၏ သစ္စာစောင့်သိခြင်းအလုံးစုံကို ပေးနေရဦးမည်ဖြစ်သည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ အရာခပ်သိမ်း၌ သင်၏ သစ္စာစောင့်သိခြင်းအလုံးစုံကို သင်သည် ပေးနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။ ယင်းကို ကိုယ်ရေးကိုယ်တာ စီးပွားရေးအဖြစ် မဟုတ်ဘဲ ထမ်းဆောင်ရမည့် သင်၏ တာဝန်အဖြစ် သင်သတ်မှတ်ရမည်။ တာဝန်ဝတ္တရားများကို သင်မည်သို့ နားလည်သင့်သနည်း။ ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်က တစ်စုံတစ်ဦးကို လုပ်ဆောင်ရန် ပေးသည့်အရာတစ်ခုဖြစ်သောကြောင့် ဤသည်မှာ လူများ၏တာဝန်များ ဖြစ်ပေါ်လာသည့်ပုံ ဖြစ်သည်။ သင့်ကို ဘုရားသခင်က ပေးသည့် တာဝန်ပေးစေခိုင်းချက်မှာ သင်၏တာဝန်ဖြစ်သည်၊ ထို့ပြင် သင်သည် ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် လုံးလုံးလျားလျား သဘာဝကျပြီး တရားမျှတလေသည်။ ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ကြောင်း၊ ဤသည်မှာ မမျှော်လင့်ဘဲ သင်တွေ့ကြုံသည့် ဘုရားသခင်၏ ချစ်ခြင်းနှင့် ဘုရားသခင်၏ကောင်းချီး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပါက သင်သည် ဘုရားသခင်ကို ချစ်သောစိတ်နှလုံးတစ်ခုဖြင့် သင့်တာဝန်ကို လက်ခံနိုင်လိမ့်မည်။ ထို့ပြင် သင့်တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင် ကျေနပ်စေရန် အခက်အခဲများအားလုံးကို သင်ကျော်လွှားနိုင်လိမ့်မည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အစစ်အမှန် အသုံးခံကြသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မည်သည့်အခါမျှ မငြင်းနိုင်ချေ။ သူတို့သည် မည်သည့်တာဝန်ကိုမဆို မည်သည့်အခါမျှ မငြင်းနိုင်ပေ။ ဘုရားသခင်က သင့်အား မည်သည့်တာဝန်ကို အပ်နှံသည်ဖြစ်စေ၊ မည်သည့်အခက်အခဲများ ဖြစ်ပေါ်လာသည်ဖြစ်စေ ယင်းကို သင်သည် မငြင်းသင့်ဘဲ လက်ခံသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေရန်အလို့ငှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည့်၊ အရာခပ်သိမ်း၌ သင်၏သစ္စာစောင့်သိခြင်းအလုံးစုံကို ပေးသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းဖြစ်သည်။ ဤနေရာတွင် အချက်အချာသည် မည်သည်နည်း။ “အရာခပ်သိမ်း၌” ဟူသောစကားလုံးများအပေါ်တွင် ဖြစ်သည်။ “အရာခပ်သိမ်း” ဟူသည်မှာ သင်ရင်းနှီးကျွမ်းဝင်သောအရာများကို မဆိုထားနှင့်၊ သင်နှစ်သက်သော သို့မဟုတ် သင်ကျွမ်းကျင်သော အရာများကို သေချာပေါက် ဆိုလိုခြင်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းတို့သည် သင်မကျွမ်းကျင်သော အရာများ၊ လေ့လာဖို့ လိုအပ်သောအရာများ၊ ခက်ခဲသောအရာများ သို့မဟုတ် သင်ဒုက္ခခံရမည့်အရာများ ဖြစ်လိမ့်မည်။ သို့သော် ယင်းက မည်သည့်အရာဖြစ်စေ၊ ဘုရားသခင်က ယင်းကို သင့်အား အပ်နှံထားသရွေ့ သူ့ထံမှ ယင်းကို သင်လက်ခံရမည်။ ပြီးလျှင် သင်၏သစ္စာစောင့်သိမှု အလုံးစုံကို ပေးအပ်ရင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရင်း ယင်းကို သင်လက်ခံကာ တာဝန်ကို ကောင်းစွာ သင်ထမ်းဆောင်ရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။ မည်သည်တို့ ဖြစ်ပျက်သည်ဖြစ်စေ သင်သည် သမ္မာတရားကို အမြဲတမ်း ရှာဖွေရမည်၊ သည့်ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်သည့် လက်တွေ့လုပ်ဆောင်ခြင်းမျိုးက ကိုက်ညီသည်ကို သင်သေချာသည်နှင့်တစ်ပြိုင်နက် ယင်းသည် သင်လက်တွေ့လုပ်ဆောင်သင့်သည့်နည်းဖြစ်သည်။ ဤသည်ကို လုပ်ခြင်းဖြင့်သာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဤနည်းလမ်းတစ်ခုတည်းဖြင့်သာ သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။

“ငါက ပွင့်လင်းပြီး တည်ကြည်သည်၊ လိမ်လည်လှည့်ဖြားခြင်း မရှိဘဲ အလင်းထဲတွင် နေထိုင်သည်” ဟူ၍ သီချင်းထဲမှ နောက်ထပ် စာတစ်ကြောင်းရှိသည်။ ဤလမ်းကြောင်းကို လူသားအား မည်သူ ပေးသနည်း။ (ဘုရားသခင်က ပေးပါသည်။) တစ်စုံတစ်ဦးသည် ပွင့်လင်းပြီး တည်ကြည်လျှင် သူသည် ရိုးသားသူတစ်ယောက်ဖြစ်သည်။ သူသည် သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားထံ လုံးဝ ဖွင့်ဟပြီးဖြစ်ကာ ဖုံးကွယ်စရာ တစ်ခုမျှ မရှိသလို မည်သည့်အရာထံမှ ပုန်းကွယ်စရာလည်း မလိုချေ။ သူသည် ဘုရားထံသို့ သူ၏ စိတ်နှလုံးကို လွှဲပြောင်းအပ်နှံကာ ဘုရားသခင်ကို ပြသပြီးဖြစ်သည်။ ဤသည်မှာ သူသည် ဘုရားသခင်ထံသို့ သူ၏ အလုံးစုံအား ပေးအပ်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ သို့ဖြစ်၍ သူသည် ဘုရားသခင်နှင့် ဝေးကွာနိုင်ဦးမည်လော။ ဝေးကွာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်အား ကျိုးနွံနာခံရန် သူ့အတွက် လွယ်ကူသည်။ ထိုသူသည် လှည့်စားတတ်သည်ဟု ဘုရားသခင်က ဆိုလျှင် သူ ဝန်ခံသည်။ ထိုသူသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်ဟု ဘုရားသခင်က ဆိုလျှင် သူသည် ဤအရာကိုလည်း ဝန်ခံသည်။ ပြီးလျှင် ထိုသူသည် ဤအရာများကို ဝန်ခံလိုက်ပြီး ဤအတိုင်းထားလိုက်ခြင်း မဟုတ်ပေ။ ထိုသူသည် နောင်တရနိုင်သည်။ သမ္မာတရားစည်းမျဉ်းများကို အားထုတ်နိုင်သည်။ သူမှားသည်ကို သဘောပေါက်သည့်အခါတွင် ပြုပြင်နိုင်သည်။ ပြီးလျှင် သူ၏ အမှားများကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ သတိမထားမိခင်တွင် သူ၏ မှားယွင်းသောနည်းများစွာကို သူပြုပြင်ပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သူသည် မရိုးသားခြင်း၊ လှည့်ဖြားခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်းတို့ ပိုပို၍ လျော့နည်းလာလိမ့်မည်။ ဤသို့ အသက်ရှင်သရွေ့ သူသည် ပို၍ ပွင့်လင်းပြီး ဂုဏ်သရေရှိလာလေလေ ဖြစ်ကာ ရိုးသားသူတစ်ယောက်ဖြစ်လာခြင်း ပန်းတိုင်သို့ နီးကပ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ အလင်းတွင် အသက်ရှင်ခြင်းဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤဂုဏ်ကျက်သရေအားလုံးကို ဘုရားသခင်က ရရှိသည်။ လူတို့က အလင်းတွင် အသက်ရှင်သောအခါ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်။ ယင်းမှာ လူတို့က ကြွားဝါရမည့် အရာတစ်ခုမဟုတ်ပေ။ လူတို့သည် အလင်းတွင် အသက်ရှင်သောအခါ သမ္မာတရားတိုင်းကို နားလည်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြသည်။ ၎င်းတို့ ကြုံရသော ပြဿနာတိုင်းတွင် သမ္မာတရားကို ရှာဖွေရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သိရှိကြပြီး အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့ကို ဖြောင့်မတ်သောလူများဟု မခေါ်နိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် လူသားပုံသဏ္ဌာန်အချို့ရှိပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ဘုရားသခင်ကို တုပယှဉ်ပြိုင်ခြင်း မရှိ။ ၎င်းတို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အတော်အတန် လုံခြုံပြီး စိတ်ချရကာ ဘုရားသခင်ကို သစ္စာဖောက်နိုင်ခြေမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန် အလေးအနက် နားလည်ခြင်းမရှိသော်လည်း လိုက်နာနိုင်ပြီး ကျိုးနွံနာခံနိုင်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြ၏။ ၎င်းတို့ကို အလုပ်၊ သို့မဟုတ် တာဝန်တစ်ခုပေးသောအခါ ၎င်းတို့သည် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသို့သောသူမျိုးသည် ယုံကြည်ထိုက်ပြီး ဘုရားသခင်က ထိုသူကို ယုံကြည်မှုရှိသည်။ ဤသို့သောလူတို့သည် အလင်း၌ အသက်ရှင်သည်။ အလင်းတွင် အသက်ရှင်သူတို့သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သလော။ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဖုံးကွယ်ထားကောင်း ထားနိုင်သေးသလော။ ဘုရားသခင်ကို မပြောပြနိုင်သည့် လျှို့ဝှက်ချက်များ ရှိသေးသလော။ ကလိမ်ကကျစ်ကျကာ လျှို့ဝှက်သောလှည့်ကွက်များ ရှိသေးသလော။ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံသို့ မိမိတို့၏ စိတ်နှလုံးကို အပြည့်အဝ ဖွင့်ဟပြီးဖြစ်ကာ ၎င်းတို့ ဖုံးကွယ်ထားသေးသည့်အရာ တစ်ခုမျှ မရှိချေ၊ သို့မဟုတ် မမြင်အောင် သိမ်းထားသည့်အရာ တစ်ခုမျှ မရှိချေ။ ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း အတွင်းရေး ပြောပြနိုင်သည်။ မည်သည့်အရာကိုမဆို ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်သည်။ အရာရာတိုင်းကို ဘုရားသခင်အား အသိပေးနိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို မပြောပြမည့်အရာ၊ ဘုရားသခင်ကို မပြသမည့်အရာ မရှိပေ။ လူတို့သည် ဤစံနှုန်းပြည့်မီနိုင်သောအခါ ၎င်းတို့၏ အသက်တာများသည် လွယ်ကူ၊ လွတ်လပ်ပြီး လွတ်မြောက်လာကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။