တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၈)
လူတချို့သည် သူတို့၏ တာဝန်များကို ထမ်းဆောင်ရန် အတတ်ပညာဆိုင်ရာ အသိပညာဗဟုသုတ ကင်းမဲ့လွန်းနေပြီး တစ်ခုခုကို သင်ယူလေ့လာရန် သူတို့အတွက် အလွန်ခက်ခဲနေသည့်အခါ အဘယ်အရာ ဖြစ်ပျက်နေခြင်း ဖြစ်သနည်း။ ယင်းမှာ သူတို့သည် အစွမ်းအစညံ့နေသောကြောင့် ဖြစ်သည်။ သမ္မာတရားသည် အလွန်အကျွံ အစွမ်းအစနည်းသော လူများအတွက် မမီမကမ်းဖြစ်ပြီး သူတို့သည် အလွယ်တကူ မသင်ယူတတ်ကြပေ။ သူတို့ထဲမှ အများစုတွင် ဆိုးဆိုးဝါးဝါး ချို့ယွင်းချက်များ ရှိနေ၏။ သူတို့တွင် ဆင်ခြင်တုံတရား သို့မဟုတ် အသိစိတ်တစ်ခု မရှိရုံသာမက သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခုလည်း မရှိကြချေ။ သူတို့၏ မျက်လုံးများသည် အသက်မဲ့နေပြီး အရောင်မှေးမှိန်နေကြသည်။ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ မိန်းမောတွေဝေနေကြ၏။ သူတို့သည် မည်သို့စားမည်၊ သောက်မည်၊ ပျော်ပါးမည်တို့ကိုသာ သိကြပြီး ပညာမသင်ယူကြ သို့မဟုတ် မည်သည့်ကျွမ်းကျင်မှုမျှ မရှိကြ။ သူတို့သည် အကြောင်းအရာများကို သာမန်ကာလျှံကာ အဆင့်သာ သင်ယူလေ့လာကြ၏။ ထို့ပြင် အပေါ်ယံလေးကိုသာ လေ့လာသိရှိထားသော်လည်း နားလည်သွားပြီဟု သူတို့ကိုယ်သူတို့ ထင်ကြသည်။ အခြားလူများက ပိုရှင်းပြရန် ကြိုးစားသောအခါ မလိုအပ်ဟု ယုံကြည်လျက် နားထောင်ရန် သူတို့ငြင်းဆန်ကြသည်။ သူတို့သည် အခြားလူများက ပြောသော မည်သည့်အရာကိုမဆို နားမထောင်ကြ သို့မဟုတ် လက်မခံကြ။ ရလဒ်အနေဖြင့် သူတို့သည် အဘယ်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲ အရင်းခံအားဖြင့် အသုံးမကျကြပေ။ အစွမ်းအစညံ့ခြင်းတစ်ခုတည်းကပင် ဆိုးရွားနေပေပြီ။ အကယ်၍ လူတစ်ဦးတွင် မကောင်းသော စိတ်သဘောထားတစ်ခုလည်း ရှိပြီး ကိုယ်ကျင့်တရားကင်းမဲ့၍ အကြံဉာဏ်ကိုလည်း နားမထောင်၊ အပြုသဘောဆောင်သော အရာများကိုလည်း လက်မခံနိုင်သည့်အပြင် အသစ်သော အရာများကို သင်ယူလေ့လာရန်နှင့် လက်ခံယုံကြည်ရန် လိုလားစိတ်လည်း မရှိလျှင် ထိုကဲ့သို့သော လူတစ်ဦးသည် အသုံးမကျပေ။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော သူများသည် ဆင်ခြင်တုံတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ရမည်။ မိမိတို့၏ ကိုယ်ပိုင်အတိုင်းအတာနှင့် မိမိတို့၏ ကိုယ်ပိုင်ချို့ယွင်းချက်များကို သိရမည်။ မိမိတို့ချို့တဲ့သည့်အရာနှင့် တိုးတက်အောင်လုပ်ရန် လိုသည့်အရာတို့ကို နားလည်ရပေမည်။ သူတို့သည် မိမိတို့တွင် ချို့တဲ့နေသည့်အရာ များလွန်းလှကြောင်း၊ မိမိတို့သည် အသစ်သော အရာများကို မလေ့လာ၊ လက်မခံပါက ဖယ်ရှားရှင်းလင်းခြင်းကို ခံကောင်းခံရနိုင်ကြောင်း အမြဲတမ်း ခံစားမိရမည်။ ဖြစ်လာမည့် အကျပ်အတည်းကို သူတို့၏ စိတ်နှလုံးထဲတွင် သိနားလည်မှုရှိထားလျှင် ယင်းက သူတို့အား အကြောင်းအရာများ သင်ယူလေ့လာရန် စိတ်ဓာတ်လှုံ့ဆော်မှုနှင့် လိုလားစိတ်တစ်ခုတို့ကို ပေးသည်။ တစ်ဖက်တွင် လူတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် သမ္မာတရားများဖြင့် ပြင်ဆင်ထားသင့်ပြီး အခြားတစ်ဖက်တွင် မိမိ၏ တာဝန်များကို ထမ်းဆောင်ရေးနှင့် ဆက်စပ်နေသော အတတ်ပညာဆိုင်ရာ အသိပညာဗဟုသုတကို ဆည်းပူးသင့်သည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ထိုသူသည် တိုးတက်လာနိုင်ပြီး သူ၏တာဝန်များကို ထမ်းဆောင်ရာတွင်လည်း ရလဒ်ကောင်းများ ဖြစ်ထွန်းလိမ့်မည်။ မိမိ၏တာဝန်များကို ကောင်းစွာ လုပ်ဆောင်ပြီး လူသားမျိုးနွယ်၏ အသွင်သဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်မှသာ လူတစ်ဦး၏ ဘဝတွင် တန်ဖိုးရှိနိုင်သည်။ ထို့ကြောင့် မိမိ၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် အဓိပ္ပာယ်အရှိဆုံးအရာ ဖြစ်သည်။ လူတချို့သည် မကောင်းသော စိတ်သဘောထားတစ်ခု ရှိကြပြီး အသိဉာဏ်ပညာမဲ့ရုံသာမက မာနလည်း ထောင်လွှားကြသည်။ အရာခပ်သိမ်းနှင့်ပတ်သက်၍ ရှာဖွေခြင်း၊ အခြားလူများကို အမြဲတမ်း နားထောင်ခြင်းတို့သည် အခြားလူများကို သူတို့အပေါ် အထင်သေးစေလိမ့်မည်ဖြစ်ပြီး သူတို့ကို မျက်နှာပျက်စေမည်ဖြစ်သည်၊ ထို့ပြင် ဤနည်းအတိုင်း ပြုမူကျင့်ကြံခြင်းသည် ဂုဏ်သိက္ခာကင်းမဲ့သည်ဟု သူတို့ အမြဲ ထင်ကြသည်။ အမှန်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ အဘယ်အရာကိုမျှ မသင်ယူခြင်း၊ အရာရာတွင် နောက်ကျကျန်ရစ်နေခြင်းနှင့် ခေတ်နောက်ကျနေခြင်းအပြင် အသိပညာဗဟုသုတ၊ ထိုးထွင်းအမြင်၊ စိတ်ကူးအကြံအစည်များ ကင်းမဲ့ခြင်းတို့သည်သာ အမှန်တကယ် ရှက်စရာကောင်းသည့်အရာ ဖြစ်ပြီး ဤသည်မှာ သမာဓိနှင့် ဂုဏ်သိက္ခာတို့ကို လူတစ်ဦး ဆုံးရှုံးရသည့် အချိန်အခါပင် ဖြစ်သည်။ လူတချို့သည် အဘယ်အရာကိုမျှ ကောင်းစွာ မလုပ်နိုင်ကြဘဲ သူတို့သင်ယူလေ့လာသမျှ အရာတိုင်းနှင့် ပတ်သက်၍လည်း အခြေခံမျှဖြစ်သော နားလည်မှုသာ ရှိကြကာ အယူဝါဒအနည်းငယ်မျှကို နားလည်ခြင်းဖြင့် ကျေနပ်နေကြပြီး သူတို့ကိုယ်သူတို့ ကျွမ်းကျင်သွားပြီဟု ထင်ကြသည်။ သို့သော် သူတို့သည် မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်နိုင်ကြဆဲပင် ဖြစ်ပြီး သူတို့တွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များလည်း မရှိ။ အဘယ်အရာကိုမျှ သူတို့နားမလည်ကြောင်း၊ အဘယ်အရာကိုမျှ ဖြစ်မြောက်အောင် သူတို့လုပ်ထားခြင်း မရှိကြောင်း သူတို့ကို သင်ပြောပါက သူတို့သည် လက်ခံယုံကြည်ခြင်း မရှိဘဲ သူတို့၏ လိုရင်းကို တစာစာ ငြင်းခုံပြောသည်။ သို့သော် အမှုအရာများကို သူတို့လုပ်သောအခါ၌မူ ညံ့ဖျင်းစွာ လုပ်ပြီး တစ်ဝက်တစ်ပျက် လုပ်ကြလေသည်။ လူတစ်ဦးသည် မည်သည့်လုပ်ငန်းတာဝန်ကိုမဆို ကောင်းစွာ မကိုင်တွယ်နိုင်ပါက အသုံးမကျဘဲ ဖြစ်နေသည် မဟုတ်လော။ ဆန်ကုန်မြေလေး ဖြစ်နေသည် မဟုတ်လော။ အစွမ်းအစ အလွန်အကျွံနည်းသော လူများသည် အရိုးရှင်းဆုံး လုပ်ငန်းတာဝန်များကိုပင် မကိုင်တွယ်နိုင်ချေ။ သူတို့သည် ဆန်ကုန်မြေလေးများ ဖြစ်ကြပြီး သူတို့၏ ဘဝသည်လည်း တန်ဖိုးမရှိ။ “ကျွန်ုပ်သည် ပညာရေးသော်လည်းကောင်း၊ ဗဟုသုတသော်လည်းကောင်း မရှိဘဲ ကျေးလက်ဒေသတွင် ကြီးပြင်းလာခြင်း ဖြစ်၍ ကျွန်ုပ်၏ အစွမ်းအစက ညံ့ပါသည်။ မြို့ပေါ်တွင်နေကာ ပညာတတ်ပြီး ဗဟုသုတ အကြားအမြင်များသည့် သင်တို့ကဲ့သို့သော လူများနှင့် မတူပါ။ ထို့ကြောင့် သင်တို့သည် အရာရာ ထူးချွန်နိုင်ကြခြင်း ဖြစ်ပါသည်” ဟု လူတချို့က ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းနှင့်ပတ်သက်၍ မည်သည်က မမှန်ကန်သနည်း။ (လူတစ်ဦးသည် အမှုကိစ္စများကို စွမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုသည်က သူ၏ပတ်ဝန်းကျင်နှင့် လုံးဝ မဆိုင်ပါ။ လူတစ်ဦးက သင်ယူလေ့လာရန်နှင့် မိမိကိုယ်ကို တိုးတက်အောင်လုပ်ရန် အားထုတ်ခြင်း ပြုမပြုဆိုသည့်အပေါ်တွင် အဓိကအားဖြင့် မူတည်ပါသည်။) လူများကို ဘုရားသခင် ဆက်ဆံပုံမှာ သူတို့ မည်မျှပညာတတ်သည် သို့မဟုတ် သူတို့ မည်သည့်ပတ်ဝန်းကျင်မျိုးတွင် မွေးဖွားလာသည် သို့မဟုတ် သူတို့တွင် ပင်ကိုစွမ်းရည် မည်မျှရှိသည် ဆိုသည်တို့အပေါ်တွင် မတည်ချေ။ ထိုအစား သူသည် လူများကို သမ္မာတရားအပေါ် ထားရှိသည့် သူတို့၏ သဘောထားအပေါ်တွင် အခြေခံ၍ ဆက်ဆံ၏။ ဤသဘောထားသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ သူတို့၏ လူ့သဘာဝနှင့် သက်ဆိုင်ပြီး သူတို့၏ စိတ်သဘောထားများနှင့်လည်း သက်ဆိုင်သည်။ ဘုရားသခင်ကို သင်ယုံကြည်ပါက သမ္မာတရားကို မှန်ကန်စွာ ကိုင်တွယ်နိုင်ရမည်။ အကယ်၍ သင့်တွင် နှိမ့်ချသော စိတ်ထားနှင့် သမ္မာတရားကို လက်ခံသော စိတ်ထားတစ်ခု ရှိပါက သင့်အနေဖြင့် အနည်းငယ် အစွမ်းအစညံ့နေလျှင်ပင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းဖွင့်ပေးပြီး တစ်ခုခုရဖို့ ခွင့်ပြုနေဦးမည် ဖြစ်သည်။ သင်သည် အရည်အချင်းကောင်း ပိုင်ဆိုင်သော်လည်း အမြဲ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေလျှင်၊ သင်ပြောသမျှသည် မှန်ပြီး အခြားသူများ ပြောသမျှသည် မှားသည်ဟု ထင်မြင်နေလျှင်၊ အခြားလူများက မည်သည့်အကြံများကို အဆိုပြုသည်ဖြစ်စေ ငြင်းဆန်ပြီး သမ္မာတရားကိုပင် မည်သို့မိတ်သဟာယဖွဲ့ပါစေ လက်မခံဘဲ အစဉ်အတိုက်အခံပြုနေလျှင် သင်ကဲ့သို့သောသူသည် ဘုရားသခင်၏ နှစ်သက်သဘောကျခြင်းကို ရရှိနိုင်သလော။ သင်ကဲ့သို့သော ထိုသူတွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်လော။ အလုပ်လုပ်မည်မဟုတ်ပေ။ ဘုရားသခင်က သင်သည် မကောင်းသော စိတ်သဘောထားတစ်ခုရှိပြီး၊ သူ၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိဖို့ ထိုက်တန်ခြင်းမရှိဟု ပြောလိမ့်မည်ဖြစ်သကဲ့သို့ သင်နောင်တမရလျှင် တစ်ချိန်က သင်ရှိခဲ့သည့်အရာကိုပင် ဘုရားသခင် ယူငင်သွားလိမ့်မည်။ ဤသည်မှာ ထုတ်ဖော်ခံရခြင်းဖြစ်သည်။ ဤသို့သော လူများသည် သနားစဖွယ် ဘဝကို ရှင်သန်နေထိုင်ကြသည်။ သူတို့သည် အဖြစ်မရှိကြသည့်အပြင် အရာရာတိုင်းတွင် အသုံးမကျသည်မှာ သိသာထင်ရှားပေသည်။ သို့တိုင်အောင် သူတို့ကိုယ်သူတို့ အတော်အတန် တော်သည်၊ အဘက်ဘက်တွင် အခြားလူတိုင်းထက် သာလွန်သည်ဟု ထင်နေကြဆဲဖြစ်သည်။ အခြားလူတို့ရှေ့တွင် သူတို့၏ ချို့ယွင်းချက်များ သို့မဟုတ် အားနည်းချက်များကိုဖြစ်စေ၊ သူတို့၏ အားနည်းချက်များနှင့် အပျက်သဘောဆောင်မှုတို့ကိုဖြစ်စေ မည်သည့်အခါမျှ မဆွေးနွေးကြပေ။ သူတို့သည် အစဉ်သဖြင့် ကျွမ်းကျင်မှုရှိဟန်ဆောင်ပြီး အခြားလူများအား မှားယွင်းစွာ ထင်မြင်စေသည်။ သူတို့သည် အရာရာတိုင်းတွင် ကျွမ်းကျင်ကြောင်း၊ အားနည်းချက် မရှိကြောင်း၊ မည်သည့်အကူအညီမျှ မလိုကြောင်း၊ အခြားလူများ၏ ထင်မြင်ချက်တို့ကို နားထောင်ဖို့ မလိုကြောင်း၊ သူတို့၏ အားနည်းချက်များကို ဖာထေးရန် အခြားလူတို့၏ အားသာချက်များမှ သင်ယူဖို့ မလိုကြောင်း၊ ထို့အပြင် သူတို့သည် ကျန်လူတိုင်းထက် အမြဲတမ်း သာနေလိမ့်မည်ဖြစ်ကြောင်း အခြားသူတို့ ထင်မြင်အောင် လုပ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးနည်း။ (မာနထောင်လွှားမှု ဖြစ်ပါသည်။) အင်မတန် မာနထောင်လွှားမှုပင် ဖြစ်၏။ ဤသို့သော လူများသည် သနားစဖွယ် ဘဝများကို ရှင်သန်နေထိုင်ကြပေတော့သည်။ သူတို့သည် အမှန်တကယ် တတ်စွမ်းနိုင်သလော။ အမှုကိစ္စများကို အမှန်တကယ် ဖြစ်မြောက်အောင် လုပ်နိုင်သလော။ သူတို့သည် အတိတ်တွင် ကိစ္စများစွာကို ရှုပ်ထွေးစေခဲ့ကြသည်။ သို့တိုင် ဤသို့သော လူများသည် အဘယ်အရာကိုမဆို သူတို့လုပ်နိုင်သည်ဟု ထင်နေကြဆဲ ဖြစ်သည်။ ၎င်းသည် အလွန် ယုတ္တိမတန်သည် မဟုတ်လော။ ထိုမျှအတိုင်းအတာအထိ လူများ ဆင်ခြင်တုံတရား ကင်းမဲ့သောအခါ သူတို့သည် နားဝေတိမ်တောင်ဖြစ်သော လူများဖြစ်ကြသည်။ ထိုကဲ့သို့သော လူများသည် အသစ်သော အရာများကို မသင်ယူကြပေ သို့မဟုတ် လက်မခံကြပေ။ အတွင်းပိုင်းတွင် သူတို့သည် ခန်းခြောက်၍ အမြင်ကျဉ်းမြောင်းပြီး မွဲပြာကျနေသည်။ မည်သည့်အခြေအနေပင်ဖြစ်ဖြစ် သူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ရန် သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ပျက်ကွက်ကြ၍ စည်းမျဉ်းစည်းကမ်းများကို ဆုပ်ကိုင်ထားရန်သာ သိကြပြီး စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောကြကာ အခြားလူများရှေ့တွင် ကြွားကြသည်။ ရလဒ်အနေဖြင့် သူတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြဘဲ သမ္မာတရားစစ်မှန်မှု အနည်းငယ်မျှပင် မရှိကြ။ သို့တိုင်အောင် သူတို့သည် အလွန် မာနထောင်လွှားနေဆဲဖြစ်သည်။ သူတို့သည် တကယ့်ကို နားဝေတိမ်တောင်ဖြစ်သော လူများဖြစ်ကြပြီး ကျိုးကြောင်းဆင်ခြင်ပြ၍ လုံးဝ မရသဖြင့် သူတို့ကို ဖယ်ရှားရှင်းလင်းရုံသာ တတ်နိုင်တော့သည်။
သင်တို့သည် မိမိ၏ တာဝန်များကို ထမ်းဆောင်ရန် အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ၊ မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ သင်သည် အခြားလူများကို စကားပြောခွင့်ပေးနိုင်သလော။ (အနည်းငယ် ပေးနိုင်ပါသည်။ ယခင်က အချိန်အများစုတွင် ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို ကျွန်ုပ် နားမထောင်ခဲ့သကဲ့သို့၊ အမှုကိစ္စများကို မိမိ၏သဘောကျ လုပ်ဆောင်ဖို့ မရမကပြောခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်ုပ်မှားကြောင်း အချက်အလက်များက သက်သေပြသည့်အခါမှသာ ၎င်းတို့၏ အကြံပြုချက်အများစုသည် မှန်ကန်နေခဲ့ကြောင်း၊ လူတိုင်းဆွေးနွေးထားသည့် ဆုံးဖြတ်ချက်သည်သာ အမှန်တကယ် သင့်တော်ကြောင်း၊ ထို့ပြင် မိမိ၏ အမြင်များကို အားထားခဲ့၍ ကျွန်ုပ်သည် အမှုကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ဘဲ ချို့တဲ့နေခဲ့ကြောင်း ကျွန်ုပ်မြင်ခဲ့ရပါသည်။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်တွင် သဟဇာတဖြစ်သည့် ပူးပေါင်းလုပ်ဆောင်ခြင်းက မည်မျှအရေးကြီးသည်ကို ကျွန်ုပ် သဘောပေါက်ခဲ့ပါသည်။) ပြီးလျှင် ဤအရာမှ အဘယ်အရာကို တွေ့မြင်နိုင်သနည်း။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်၊ အကျိုးကျေးဇူးအချို့ကို လက်ခံရရှိပြီး သမ္မာတရားကို နားလည်ခဲ့သလော။ မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်ပြီး မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ သို့မဟုတ် ချို့ယွင်းချက်များကို မှန်ကန်စွာ ကိုင်တွယ်ချဉ်းကပ်ဖို့ လူတို့တွင် ရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှု၏ ဤသွင်ပြင်လက္ခဏာကို ဝင်ရောက်နိုင်လျှင် သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ဖာထေးရန် မိမိညီအစ်ကိုမောင်နှမများ၏ အားသာချက်များကို အသုံးပြုရင်း သူတို့နှင့် သဟဇာတရှိရှိ အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။ သင်သည် အတော်အတန်တော်ပြီး အခြားသူတို့သည် သင်နှင့်ယှဉ်လျှင် ညံ့သည်ဟု အစဉ် ထင်မြင်ပြီးလျှင်၊ သင်သည် အစဉ်သဖြင့် အဆုံးအဖြတ်ပေးသောသူဖြစ်လိုလျှင် ဤသည်မှာ ဒုက္ခပေးလိမ့်မည်။ ဤသည်မှာ စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာဖြစ်သည်။ ထိုသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသည် မဟုတ်လော။ တစ်စုံတစ်ယောက်က သင့်ကို အကြံကောင်းပေးသည်ဟု စိတ်ကူးကြည့်လော့။ သို့သော် ယင်းကို သင်လက်ခံလိုက်လျှင် ထိုသူက သင့်ကို အထင်သေးကောင်းသေးနိုင်ပြီး သူ့လောက် မတော်ဟု ထင်သွားနိုင်ကြောင်း သင်တွေးသည်။ ထို့ကြောင့် သူ့ကို နားမထောင်ဖို့ သင်ဆုံးဖြတ်လိုက်သည်။ ထိုအစား သင့်ကို သူအထင်ကြီးလေးစားလာစေရန် ဟိတ်ဟန်ကြီး၍ ကိန်းကြီးခန်းကြီးနိုင်သော စကားလုံးများဖြင့် သူ့ကို လွှမ်းမိုးဖို့ သင်ကြိုးစားသည်။ သင်သည် လူများကို ဤနည်းဖြင့် အမြဲတမ်း ဆက်ဆံလျှင် သူတို့နှင့် သဟဇာတကျကျ သင်ပူးပေါင်း ဆောင်ရွက်နိုင်မည်လော။ သဟဇာတဖြစ်အောင် စွမ်းဆောင်ဖို့ ပျက်ကွက်ရုံသာမက အပျက်သဘောဆောင်သော အကျိုးဆက်များလည်း ရှိလာလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက သင့်ကို လှည့်ဖြားပြီး ကလိမ်ကျလွန်းသည့်၊ သူတို့နားလည်ရခက်သည့် တစ်စုံတစ်ယောက်အဖြစ် မြင်လာကြလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်သည့်အပြင် ရိုးသားသော လူတစ်ဦးလည်း မဟုတ်သည်ဖြစ်ရာ အခြားလူများက သင့်ကို အော့ကြောလန်သည်။ အကယ်၍ လူတိုင်းက သင့်ကို အော့ကြောလန်လျှင် ဤသည်မှာ သင်သည် အငြင်းပယ်ခံရသည်ဟု ဆိုလိုခြင်း မဟုတ်လော။ ငါ့ကို ပြောလော့။ လူတိုင်းက ငြင်းပယ်ထားသော တစ်စုံတစ်ယောက်ကို ဘုရားသခင်က မည်သို့ဆက်ဆံမည်နည်း။ ထိုကဲ့သို့သော လူတစ်ယောက်ကို ဘုရားသခင်ကလည်း ရွံရှာမုန်းတီးပေလိမ့်မည်။ ဤကဲ့သို့သော လူများကို ဘုရားသခင်က အဘယ်ကြောင့် ရွံရှာမုန်းတီးသနည်း။ သူတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သူတို့၏ ရည်ရွယ်ချက်များမှာ စစ်မှန်သော်လည်း သူတို့၏ နည်းလမ်းများကမူ ဘုရားသခင် ရွံရှာမုန်းတီးသောအရာ ဖြစ်သည်။ သူတို့ထုတ်ဖော်ပြသော စိတ်သဘောထားနှင့် သူတို့၏ အတွေးတိုင်း၊ စိတ်ကူးအကြံအစည်နှင့် ရည်ရွယ်ချက်တိုင်းသည် ဘုရားသခင်၏ မျက်လုံးများထဲတွင် ကောက်ကျစ်ဆိုးယုတ်နေပြီး ဘုရားသခင် ရွံရှာမုန်းတီးသော အရာများနှင့် စက်ဆုပ်ရွံရှာသည့် အရာများ ဖြစ်ကြသည်။ မိမိတို့ကို အခြားလူများ အထင်ကြီးလေးစားစေရန် ရည်ရွယ်၍ မိမိတို့၏ စကားလုံးများနှင့် လုပ်ရပ်များတွင် စက်ဆုပ်ဖွယ်ကောင်းသော နည်းပရိယာယ်များကို လူများက အမြဲတမ်း အသုံးပြုသောအခါ ဤအပြုအမူကို ဘုရားသခင်က ရွံရှာမုန်းတီးသည်။
လူများသည် ဘုရားသခင်ရှေ့မှောက်၌ သူတို့၏ တာဝန်ကို သို့မဟုတ် မည်သည့်အလုပ်မဆိုကို လုပ်သောအခါ သူတို့၏ စိတ်နှလုံးသည် သန့်စင်ရမည်။ ရေချိုရေသန့် ထည့်ထားသည့် ပန်းကန်လုံးတစ်လုံးကဲ့သို့ ကြည်စင်၍ အညစ်အကြေးကင်းရမည်။ သို့ဆိုလျှင် မည်သည့်သဘောထားမျိုးသည် မှန်ကန်သနည်း။ မည်သည့်အရာကို သင်လုပ်နေသည်ဖြစ်စေ သင့်စိတ်နှလုံးထဲတွင် ရှိလေသမျှကို၊ သင့်တွင် ရှိနေနိုင်သည့် စိတ်ကူးမှန်သမျှကို အခြားလူများနှင့် သင် မိတ်သဟာယဖွဲ့နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကိစ္စများကို သင်လုပ်သည့် နည်းလမ်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု ပြောလာပြီး နောက်ထပ်စိတ်ကူးတစ်ခုကို အဆိုပြုပါက၊ ထိုစိတ်ကူးမှာ အတော်ကောင်းသော စိတ်ကူးတစ်ခုဖြစ်သည်ဟု သင်ခံစားရပါက သင့်ကိုယ်ပိုင်နည်းလမ်းကို လက်လျှော့ပြီး သူတို့တွေးသည့်အတိုင်း ကိစ္စများကို သင်လုပ်တော့သည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် အခြားလူများ၏ အကြံပြုချက်များကို လက်ခံနိုင်သည်၊ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်သည်၊ စည်းမျဉ်းများအတိုင်းအပြင် ပွင့်လင်းမြင်သာစွာနှင့် ရှင်းလင်းစွာ လုပ်ဆောင်နိုင်သည်ဟု လူတိုင်းက မြင်တွေ့မည်ဖြစ်သည်။ သင့်စိတ်နှလုံးတွင် မှောင်မိုက်မှု မရှိ၊ သင်က ရိုးသားခြင်းသဘောထားတစ်ခုကို အမှီပြုလျက် စိတ်ရင်းအတိုင်း ပြုမူပြောဆိုသည်ကို လူတိုင်းက တွေ့မြင်လိမ့်မည်။ သင်သည် စိတ်ထဲရှိသည်ကို မကွယ်မဝှက် ပြောသည်။ ဟုတ်လျှင် ဟုတ်သည်၊ မဟုတ်လျှင် မဟုတ်ဟု ပြောသည်။ မည်သည့် လှည့်စားမှုများ၊ လျှို့ဝှက်ချက်များမျှ မရှိဘဲ၊ အလွန် ရိုးစင်းသော လူတစ်ယောက်သာ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု မဟုတ်သလော။ ဤအရာမှာ လူများ၊ အဖြစ်အပျက်များ၊ အမှုကိစ္စများအပေါ် ထားရှိသည့် သဘောထားဖြစ်ပြီး လူတစ်ဦး၏ စိတ်သဘောထားကို ထင်ဟပ်သည်။ သို့ရာတွင် တစ်စုံတစ်ယောက်က ၎င်းတို့တွေးသည့်အရာကို အခြားသူများအား မည်သည့်အခါမျှ ရင်မဖွင့်ဘဲ၊ ဆွေးနွေးပြောဆိုခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ၎င်းတို့လုပ်သမျှတွင် ၎င်းတို့သည် အခြားသူများကို မည်သည့်အခါမျှ မတိုင်ပင်ဘဲ ထိုအစား ၎င်းတို့၏ စိတ်နှလုံးကို အခြားသူများအတွက် ပိတ်မြဲ ပိတ်ထားပြီး အချိန်တိုင်းတွင် အခြားသူများကို အမြဲတစေ သတိထားနေပုံရကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် ကွယ်ဝှက်ထားသည်။ ဤသည်မှာ လှည့်ဖြားသော လူတစ်ယောက် မဟုတ်လော။ ဥပမာအားဖြင့် ၎င်းတို့က တီထွင်ဉာဏ် ကောင်းသည်ဟု ထင်ထားသည့် အကြံဉာဏ်တစ်ခု ရှိပြီး “ယခုလောလောဆယ် ငါ့စိတ်ထဲ၌သာ ထားလိုက်မည်။ ငါဝေမျှလိုက်လျှင် သင်တို့ယူသုံးပြီး ငါချီးကျူးခံရမည့် အရေးကို လုသွားနိုင်၏။ ဤသည်မှာ လုံးဝ အဆင်မပြေ။ ငါမပြောသေးဘဲ နေလိုက်မည်” ဟု တွေးကြသည်။ သို့မဟုတ် ၎င်းတို့ အပြည့်အဝ နားမလည်သည့်အရာ တစ်စုံတစ်ခု ရှိပါက ၎င်းတို့တွေးကြမည်မှာ “ငါယခု ထုတ်မပြောသေးဘဲ နေမည်။ ငါထုတ်ပြောလိုက်ပြီး တစ်ယောက်ယောက်က ပိုကောင်းသည့်အရာ တစ်ခုခုကို ပြောလာလျှင် ငါသည် လူနုံလူအတစ်ဦးပုံစံ ပေါက်နေမည် မဟုတ်လော။ လူတိုင်းက ဤအဖြစ်တွင် ငါ့ကို ရိပ်စားမိသွားမည်၊ ငါ့အားနည်းချက်ကို မြင်သွားကြမည်။ ငါတစ်ခုမျှ မပြောသင့်” ဟု ဖြစ်သည်။ သုံးသပ်ဆင်ခြင်ချက်များက မည်သို့ရှိပါစေ၊ အရင်းခံ ရည်ရွယ်ချက်က မည်သို့ရှိပါစေ သူတို့သည် လူတိုင်းက သူတို့အပေါ် ရိပ်စားမိမည်ကို စိုးရွံ့နေကြသည်။ ၎င်းတို့က ၎င်းတို့၏ကိုယ်ပိုင်တာဝန်၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဤအမြင်ရှုထောင့်မျိုးနှင့် သဘောထားမျိုးတို့ဖြင့် အမြဲတစေ ချဉ်းကပ်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်သော၊ လှည့်စားသော၊ ပြီးလျှင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား တစ်ခု ဖြစ်လေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ၎င်းတို့ပြောနိုင်သမျှ အရာရာတိုင်းကို သူတစ်ပါးတို့အား ပြောဆိုပြီးဖြစ်သည်ဟု ထင်မြင်ရသည်။ သို့သော် အပေါ်ယံ၏အောက်တွင် ၎င်းတို့သည် အချို့ကိစ္စများကို ထိမ်ချန်ထား၏။ မည်သည့်အရာများကို ထိမ်ချန်ထားကြသနည်း။ ၎င်းတို့၏ ဂုဏ်သတင်း၊ အကျိုးစီးပွားတို့နှင့် ပတ်သက်နေသည့် အရာများကို မည်သည့်အခါမျှ ၎င်းတို့မပြောချေ။ ထိုအရာများမှာ အတွင်းရေးဖြစ်သည်ဟု ၎င်းတို့တွေးကြ၍ မည်သူ့ကိုမျှမပြော၊ ၎င်းတို့၏ မိဘများကိုပင် မပြောပေ။ ၎င်းတို့သည် ဤအရာတို့ကို လုံးဝ မပြောပေ။ ဤသည်မှာ ပြဿနာ ဖြစ်သည်။ ဤအရာများကို သင်မပြောလျှင် ဘုရားသခင်က သိမည်မဟုတ်ဟု သင်ထင်သလော။ လူများက ဘုရားသခင်သိသည်ဟု ပြောကြသည်။ သို့သော် ဘုရားသခင်သိကြောင်းကို သူတို့၏ စိတ်နှလုံးထဲတွင် သေချာနိုင်သလော။ “ဘုရားသခင်က အရာအားလုံးကို သိတော်မူ၏။ စိတ်နှလုံးထဲတွင် ငါစဉ်းစားသည့်အရာကို ထုတ်ဖော်မပြထားလျှင်ပင် ဘုရားသခင် လျှို့ဝှက်စွာ စိစစ်၏၊ ဘုရားသခင် လုံးဝ သိတော်မူ၏။ ဘုရားသခင်ထံမှ အဘယ်အရာကိုမျှ ငါဖုံးကွယ်ထား၍ မရ။ ထို့ကြောင့် ငါထုတ်ပြောမှ ရမည်။ ငါ့ညီအစ်ကိုမောင်နှမများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုမှ ရမည်။ ငါ့အတွေးများနှင့် စိတ်ကူးများက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထိုအရာများကို ငါဟုတ်မှန်စွာ မိတ်သဟာယဖွဲ့ရမည်။ ငါသည် ကလိမ်ကကျစ်လုပ်၍ မဖြစ်၊ လိမ်လည်လှည့်ဖြား၍ မဖြစ်၊ တကိုယ်ကောင်းဆန်၍ မဖြစ်၊ သို့မဟုတ် စက်ဆုပ်စရာကောင်း၍လည်း မဖြစ်။ ရိုးသားသည့် လူတစ်ယောက် ဖြစ်ရမည်” ဟူသည်ကို လူများသည် ဘယ်သောအခါမျှ သဘောမပေါက်ကြချေ။ အကယ်၍ လူများသည် ဤနည်းအတိုင်း စဉ်းစားနိုင်လျှင် ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။ ထင်ပေါ်သည့်အရာ မှန်သမျှဆီသို့ ၎င်းတို့က အပြေးအလွှားသွားကြပြီး ၎င်းတို့က ထိုအရာနှင့်သက်ဆိုင်သည်ကို လူတိုင်းအား သိစေကြသည်။ အမှန်တကယ်တွင် ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ အနောက်တွင် မကျန်ရစ်ခဲ့လိုပေ။ ၎င်းတို့ကို အခြားလူများက အထင်သေးကြမည်ကို အစဉ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အချည်းနှီးဖြစ်သည်၊ မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိ၊ မည်သည့်ကျွမ်းကျင်မှုမျှမရှိဟု အခြားလူတို့က ပြောမည်ကို ၎င်းတို့က အစဉ်သဖြင့် ကြောက်ရွံ့ကြသည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ညွှန်ကြားထားသည် မဟုတ်သလော။ သင်သည် သိက္ခာနှင့် အဆင့်အတန်းတို့ကဲ့သို့ အရာများကို စွန့်လွှတ်နိုင်သည့်အခါ ပို၍ သက်သောင့်သက်သာရှိပြီး လွတ်လပ်လိမ့်မည်။ သင်သည် ရိုးသားခြင်းသို့ ဦးတည်သည့်လမ်းကြောင်းပေါ်တွင် ခြေချမိလိမ့်မည်။ သို့သော် လူများစွာအတွက် ဤသည်မှာ ရရှိရန် မလွယ်ကူပေ။ ဥပမာအားဖြင့် ကင်မရာပေါ်လာသောအခါတွင် လူတို့သည် အရှေ့သို့ အလုအယက်တိုးဝှေ့ကြသည်။ ကင်မရာရှေ့တွင် ၎င်းတို့၏မျက်နှာ ထားရသည်ကို နှစ်သက်ကြသည်။ ပို၍ပါဝင်လေလေ ကောင်းလေလေဖြစ်သည်။ လုံလောက်စွာ ပါဝင်ခြင်းမရှိမည်ကို ကြောက်ရွံ့ကြပြီး ပါဝင်ရရန် အခွင့်အရေးအတွက် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားက ညွှန်ကြားသည်မဟုတ်သလော။ ဤအရာတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ပါဝင်ရသည်။ ပြီးနောက်တွင် ဘာဖြစ်သနည်း။ လူတို့သည် သင့်ကို အထင်ကြီးကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ၎င်းတို့က သင့်ကို ကြည်ညိုကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ဤအရာတစ်ခုတလေက သင့်ထံ၌ သမ္မာတရား စစ်မှန်မှု ရှိသည်ဟု သက်သေပြသလော။ ဤအရာထဲမှ မည်သည့်အရာကမျှ တန်ဖိုးတစ်ခုတစ်လေ မရှိပေ။ ဤအရာတို့ကို သင်ကျော်လွှားနိုင်သောအခါ၊ ယင်းတို့ကို သင်စိတ်မဝင်စားသောအခါ၊ အရေးကြီးသည်ဟု မခံစားရတော့သောအခါ၊ သိက္ခာ၊ မာန၊ အဆင့်အတန်းနှင့် လူတို့၏ လေးစားအားကျခြင်းတို့က သင်၏တာဝန်ကို သင်ထမ်းဆောင်ပုံကိုမဆိုထားနှင့်၊ သင်၏ အတွေးများနှင့် အပြုအမူကိုပင် ထိန်းချုပ်မှုမရှိသောအခါတွင် သင်၏တာဝန်အပေါ် သင်၏ စွမ်းဆောင်မှုသည် အစဉ်ပို၍ ထိရောက်လိမ့်မည်ဖြစ်ပြီး အစဉ်ပို၍ ဖြူစင်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။