တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄၀)

အမှုအရာများဖြစ်ပျက်သောအခါ လူတိုင်းသည် အတူတကွ ဆုတောင်းသင့်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်သည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ် အမှီပြုပြီး ထင်ရာမြင်ရာ လုပ်ဆောင်ခြင်း လုံးဝမပြုသင့်ပေ။ ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတွင် လူတို့စိတ်နှလုံး တစ်လုံးတစ်ဝတည်း ရှိသရွေ့ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို ရရှိနိုင်လိမ့်မည်။ ဘုရားသခင်၏ ကောင်းချီးများကို ရရှိနိုင်လိမ့်မည်။ သခင်ယေရှုက မည်သို့ပြောသနည်း။ (မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။ (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀)) ဤသည်မှာ မည်သည့်ပြဿနာကို ပုံဆောင်ပြသနည်း။ လူသားက ဘုရားသခင်ထံမှ မခွဲခွာနိုင်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်အပေါ် အမှီပြုရမည်ကိုလည်းကောင်း၊ လူသားသည် မိမိဘာသာ မလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း၊ မိမိသဘောအတိုင်း လုပ်ဆောင်ခြင်းက လက်မခံနိုင်ဖွယ်ဖြစ်သည်ကိုလည်းကောင်း ပြသည်။ လူသားသည် မိမိဘာသာ မလုပ်ဆောင်နိုင်ဟု ဆိုရာတွင် မည်သည်ကို ဆိုလိုသနည်း။ ဤသည်မှာ လူတို့သည် လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ရမည်၊ အမှုအရာများကို စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် လုပ်ဆောင်ရမည်၊ တူညီသောပန်းတိုင် ရှိရမည်ဟု ဆိုလိုသည်။ အရပ်သုံးစကားအားဖြင့်ဆိုလျှင် “စည်းထားသည့် ထင်းချောင်းများကို ချိုး၍မရ” ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် သင်တို့သည် မည်သို့ ထင်းစည်းဖြစ်နိုင်မည်နည်း။ သင်တို့သည် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်။ သဘောတူညီမှုရှိရမည်။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်လိမ့်မည်။ လူတစ်ဦးစီက မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားအကြောင်းကို တွေးလျက် မိမိတို့ကိုယ်ပိုင် လျှို့ဝှက်ချက်များကို ဖုံးကွယ်နေကြကာ၊ မည်သူကမျှ အသင်းတော်အလုပ်အတွက် တာဝန်ယူခြင်းမရှိလျှင်၊ လူတိုင်းက ထိုအလုပ်ကို လက်ရှောင်လိုကြလျှင်၊ မည်သူကမျှ ထိုအတွက် ဦးဆောင်တာဝန်ယူလိုခြင်း၊ အားထုတ်လိုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခခံလိုခြင်းနှင့် အဖိုးအခပေးလိုခြင်းမရှိလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သူ၏ အလုပ်ကို လုပ်ဆောင်လိမ့်မည်လော။ (လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။) အဘယ်ကြောင့် မလုပ်ဆောင်သနည်း။ လူတို့သည် မမှန်ကန်သော အခြေအနေတွင် နေထိုင်သောအခါ၊ ဘုရားသခင်အား ဆုမတောင်းသောအခါ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို စွန့်ပစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က အတူရှိနေလိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို အလွန်မုန်းတီးသည်။ ထို့ကြောင့် ဘုရားသခင်၏ မျက်နှာသည် ၎င်းတို့ထံမှ ပုန်းကွယ်နေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထံမှ ကွယ်ဝှက်နေလိမ့်မည်။ ဘုရားသခင်က အလုပ်မလုပ်တော့သောအခါ သင်သည် သင်ကျေနပ်သလို လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် သင့်အား ဘေးဖယ်ထားလိုက်သည်နှင့် သင်သည် ဇာတ်သိမ်းသွားပြီမဟုတ်လော။ သင်သည် မည်သည့်အရာကိုမျှ ဖြစ်မြောက်မည်မဟုတ်ပေ။ ဘာသာတရားမရှိသူများသည် အမှုအရာများကို လုပ်ဆောင်ဖို့ အဘယ်ကြောင့် အလွန် အခက်အခဲဖြစ်ကြသနည်း။ ၎င်းတို့တစ်ဦးချင်းစီက ကိုယ်ပိုင်အကြံများကို မပြောဘဲ ရေငုံနှုတ်ပိတ်နေနေကြ၍ ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကိုယ်ပိုင်အကြံများကို ရေငုံနှုတ်ပိတ်နေနေကြ၍ မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ကြ။ အရာရာတိုင်းကို အလွန် အားစိုက်လုပ်ဆောင်ရ၏။ အရိုးရှင်းဆုံး ကိစ္စများကိုပင် ထို့အတူ လုပ်ဆောင်ရသည်။ ဤသည်မှာ စာတန်၏ အာဏာအောက်တွင်ရှိသော အသက်တာဖြစ်သည်။ သင်တို့သည် ဘာသာတရားမရှိသူများ လုပ်ဆောင်သကဲ့သို့ လုပ်ဆောင်လျှင် ၎င်းတို့နှင့် မည်သို့ကွာခြားသေးသနည်း။ ကွာခြားမှု လုံးဝ မရှိပေ။ သမ္မာတရားမရှိသူများက အသင်းတော်ရှိ တန်ခိုးအာဏာကို ကိုင်စွဲလျှင်၊ စာတန်ဆန်သော စိတ်သဘောထားများဖြင့် ပြည့်နေသောသူများက တန်ခိုးအာဏာကို ကိုင်စွဲလျှင် စင်စစ်အားဖြင့် တန်ခိုးအာဏာကို ကိုင်စွဲသည်မှာ စာတန်မဟုတ်လော။ အသင်းတော်တွင် တန်ခိုးအာဏာကိုင်စွဲသော လူများ၏လုပ်ရပ်များအားလုံးသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ရပ်တန့်သွားသည်။ ဘုရားသခင်သည် ၎င်းတို့ကို စာတန်ဆီသို့ လွှဲပြောင်းပေးလိုက်သည်။ စာတန်၏ လက်ထဲသို့ ရောက်သည်နှင့် အကျည်းတန်သည့် ပုံစံအားလုံးတို့ဖြစ်သည့် ဥပမာအားဖြင့် မနာလိုဖြစ်ခြင်း၊ အငြင်းပွားခြင်းတို့သည် လူတို့ကြားတွင် ထွက်ပေါ်လာသည်။ ဤဖြစ်ရပ်သည် မည်သည့်အရာကို ပုံဖော်ပြသသနည်း။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ရပ်တန့်သွားကြောင်း၊ သူသည် ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် ဘုရားသခင်က အလုပ်လုပ်ခြင်း မရှိတော့ကြောင်းတို့ကို ပုံဖော်ပြသသည်။ ဘုရားသခင်၏ လုပ်ဆောင်ခြင်းမရှိလျှင် လူက နားလည်သည့် စကားများ၊ အယူဝါဒများသက်သက်က မည်သို့ အသုံးဝင်သနည်း။ အသုံးမဝင်ပေ။ လူတစ်ယောက်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းမရှိလျှင် အထဲ၌ ဗလာဖြစ်နေသည်။ မည်သည့်အရာကိုမျှ ခံစား၍မရနိုင်တော့ပေ။ သူသည် လူသေကဲ့သို့ဖြစ်သည်။ ဤအခြေအနေတွင် သူသည် အံ့ဩမှင်တက်နေလိမ့်မည်။ လူသားမျိုးနွယ်တွင်ရှိသော လှုံ့ဆော်မှု၊ ဉာဏ်ပညာ၊ အသိဉာဏ်၊ အသိအမြင်နှင့် ဉာဏ်အလင်းပွင့်လင်းမှုတို့အားလုံးသည် ဘုရားသခင်ထံမှလာသည်။ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်။ ကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေသည့်အခါ၊ သိနားလည်မှုတစ်ခုကို ရုတ်တရက် ရကာ နည်းလမ်းတစ်ခု ရရှိသည့်အခါ၊ ဤအလင်းပေးခြင်းသည် မည်သည့်နေရာမှ လာသနည်း။ အားလုံးက ဘုရားသခင်ထံမှ လာပေသည်။ လူတို့က သမ္မာတရားအကြောင်းကို မိတ်သဟာယပြုကြသည့်အခါကဲ့သို့ပင်ဖြစ်သည်။ ကနဦးတွင် ၎င်းတို့၌ သိနားလည်မှုမရှိသော်လည်း၊ ၎င်းတို့ မိတ်သဟာယပြုကြသည်နှင့်အမျှ၊ အလင်းပေးခံရပြီးနောက် သိနားလည်မှု အချို့နှင့်ပတ်သက်၍ ပြောဆိုနိုင်ကြလေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လုပ်ဆောင်မှု ဖြစ်သည်။ မည်သည့်အချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က အများအားဖြင့် အလုပ်လုပ်သနည်း။ ဘုရားသခင်ရွေးချယ်ထားသော လူတို့က သမ္မာတရားအကြောင်း မိတ်သဟာယပြုကြသည့်အချိန်၊ ဘုရားသခင်ထံ လူတို့ ဆုတောင်းကြသည့်အချိန်နှင့် လူတို့က စည်းလုံးသော နှလုံးသားများ၊ စိတ်များဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည့်အချိန်တွင် ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စိတ်နှလုံး အကျေနပ်ဆုံးသော အချိန်ကာလများ ဖြစ်သည်။ ထို့ကြောင့် သင်တို့၏တာဝန်ကို အတူတကွထမ်းဆောင်နေသောသူ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ၊ မည်သည့်အချိန်တွင် ဖြစ်စေ ဤအရာတစ်ခုကို မမေ့နှင့်။ သဘောထားတညီတညွတ်တည်းရှိရန်ဖြစ်သည်။ ဤအခြေအနေအတွင်းတွင် အသက်ရှင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သင်ရရှိလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။