တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄၁)
ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားကို လိုက်စားသူအားလုံးသည် ဘုရားရှေ့တွင် ပေါင်းစည်းကြသည်။ ကွဲပြားခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် တူညီသောပန်းတိုင်ဆီသို့ဦးတည်ပြီး အလုပ်လုပ်ကြကာ ၎င်းတို့တာဝန်ကို ထမ်းဆောင်သည်။ ၎င်းတို့အပေါ် ကျရောက်သော အလုပ်ကို လုပ်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်သည်။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပြီး သူ၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်သည်။ သင်၏ ပန်းတိုင်သည် ဤအတွက်မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက်ဖြစ်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန်အတွက်ဖြစ်လျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်တွင် တာဝန်များကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ပြီး ဘာသာတရားမရှိသူများ၏ လုပ်ရပ်များမှာမူ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ချုပ်ကိုင်သည်။ ဤသည်တို့မှာ အလွန်ကွဲပြားခြားနားသည့် လမ်းကြောင်းနှစ်ခုဖြစ်၏။ ဘာသာတရားမရှိသူများသည် မိမိတို့၏ကိုယ်ပိုင် အကြံဉာဏ်ကို ထိန်းသိမ်းထားသည်၊ အသီးသီး၌ မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် အစီအစဉ်များရှိသည်၊ လူတိုင်းသည် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ရှင်သန်ကြသည်။ ထိုအတွက်ကြောင့် ၎င်းတို့အားလုံးသည် မိမိတို့အကျိုးအမြတ်အတွက် အလုအယက်ကြိုးပမ်းကြပြီး ၎င်းတို့ရရှိသည့်အရာကို စိုးစဉ်းမျှ စွန့်လွှတ်လိုစိတ်မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် ကွဲပြားနေကြသည်။ စည်းလုံးခြင်းမရှိပေ။ အကြောင်းမှာ ၎င်းတို့သည် တူညီသောပန်းတိုင်အတွက် လုပ်ဆောင်နေကြခြင်းမဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့်အရာနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် သဘောသဘာဝသည် တူညီသည်။ မိမိတို့ကိုယ်ကိုအတွက်သာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ယင်းတွင် စိုးမိုးသော သမ္မာတရားမရှိပေ။ ယင်းတွင် စိုးမိုးပြီး ဦးဆောင်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရပြီး မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ ထို့ကြောင့် အပြစ်ထဲသို့ ပိုပို၍ နက်ရှိုင်းစွာ ကျရောက်ကြသည်။ ဘုရားအိမ်တော်တွင် သင်တို့ လုပ်ရပ်များ၏ စည်းမျဉ်းများ၊ နည်းလမ်းများ၊ အရင်းခံအကြောင်းနှင့် စမှတ်တို့သည် ဘာသာတရားမရှိသူများနှင့် ခြားနားခြင်းမရှိလျှင်လည်းကောင်း၊ သင်တို့သည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၏ ခြယ်လှယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကြိုးကိုင်ညွှန်ကြားခြင်းကိုလည်း ခံရလျှင်လည်းကောင်း၊ သင်တို့ လုပ်ရပ်များ၏ စမှတ်သည် သင်တို့၏ကိုယ်ပိုင် အကျိုးစီးပွား၊ ဂုဏ်သတင်း၊ ဝင့်ဝါမှု၊ အဆင့်အတန်းတို့ဖြစ်လျှင်လည်းကောင်း သင်တို့သည် ဘာသာတရားမရှိသူများက အမှုအရာများကို လုပ်ဆောင်သည့်နည်းလမ်းနှင့် ကွာခြားခြင်းမရှိဘဲ သင်တို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည်။ သင်တို့သည် သမ္မာတရားအား လိုက်စားလျှင် အမှုအရာများအား သင်တို့ လုပ်ဆောင်သည့် ပုံစံကို ပြောင်းလဲသင့်သည်။ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ တစ်ကိုယ်ရေရည်ရွယ်ချက်များနှင့် ဆန္ဒများကို စွန့်လွှတ်သင့်သည်။ အမှုအရာများကို လုပ်ဆောင်သည့်အခါ သမ္မာတရားကို အတူတကွ ဦးစွာ မိတ်သဟာယပြုသင့်သည်။ ပြီးလျှင် မည်သူက မည်သည့်နေရာတွင် တော်ပြီး မည်သည့်နေရာတွင် ညံ့သည်ဆိုသည့် အမြင်ဖြင့် သင်တို့ကြား အလုပ်ကို မခွဲခြားမီတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို နားလည်သင့်သည်။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာကို တာဝန်ယူလုပ်ဆောင်သင့်ပြီး သင်တို့၏တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းသင့်သည်။ အမှုအရာများ၌ ရုန်းကန်ခြင်း၊ သို့မဟုတ် အလုအယက်ကြိုးပမ်းခြင်း မပြုနှင့်။ အလျှော့ပေးပြီး သည်းခံတတ်ရန် သင်ယူရမည်။ တစ်စုံတစ်ယောက်သည် တာဝန်ကို စတင်လုပ်ဆောင်သည်မှာ မကြာသေးဘဲ၊ သို့မဟုတ် နယ်ပယ်တစ်ခုအတွက် ကျွမ်းကျင်မှုများကို တတ်မြောက်သည်မှာ မကြာသေးဘဲ အလုပ်အချို့ကို မလုပ်နိုင်လျှင် သင်သည် ထိုသူအား အတင်းအဓမ္မမခိုင်းရ။ သင်သည် ထိုသူအား အနည်းငယ်ပို၍ လွယ်ကူသောအလုပ်များကို ချပေးရမည်။ ဤသည်မှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်များကို ရရှိစေရန် ၎င်းတို့အတွက် ပို၍ လွယ်ကူစေသည်။ ဤသည်မှာ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ မူရှိခြင်းပင်ဖြစ်သည်။ သာမန်လူ့သဘာဝက ရှိသင့်သည့် အရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့်အရာဖြစ်ပြီး လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ သင်သည် နယ်ပယ်တစ်ခုခုတွင် အတော်အတန် ကျွမ်းကျင်မှုရှိပြီး ထိုနယ်ပယ်၌ လူအများစုထက်ပို၍ ကြာရှည်စွာ လုပ်ဆောင်နေပြီးဖြစ်လျှင် သင့်အား ပို၍ခက်ခဲသောအလုပ်ကို ချပေးသင့်သည်။ သင်သည် ဤအရာကို ဘုရားသခင်ထံမှ လက်ခံသင့်ပြီး ကျိုးနွံနာခံသင့်သည်။ “အဘယ်ကြောင့် ကျွန်ုပ်သည် သူများ မလုပ်ချင်သည့်အရာကို အခိုင်းခံရပါသနည်း။ အခြားလူများအား လွယ်ကူသောအလုပ်များကိုပေးပြီး ကျွန်ုပ်အား ခက်ခဲသောအလုပ်များကိုပေးသည်၊ ကျွန်ုပ်အတွက် ဘဝကို ခက်ခဲစေဖို့ ကြိုးစားနေခြင်းဖြစ်သလော” ဟု ပြောလျက် ဇီဇာကြောင်ခြင်း၊ စောဒကတက်ခြင်းမပြုလုပ်နှင့်။ “သင့်အတွက် ဘဝကို ခက်ခဲစေရန် ကြိုးစားနေခြင်း” ဆိုသည်မှာ မည်သည့်အရာကို သင် ဆိုလိုသနည်း။ အလုပ်အစီအစဉ်များကို လူတစ်ဦးချင်းစီအား အံဝင်ခွင်ကျ စီမံပေးထားသည်။ ပို၍လုပ်ဆောင်နိုင်သူများသည် ပို၍ လုပ်ဆောင်ရသည်။ သင်သည် များစွာ သင်ယူတတ်မြောက်ခဲ့ပြီး ဘုရားသခင်က များစွာပေးထားလျှင်၊ သင့်အား ပို၍ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကို ပေးသင့်သည်။ သင့်အတွက် ဘဝကို ခက်ခဲစေရန်မဟုတ်ဘဲ ဤသည်မှာ သင့်အတွက် အတိအကျပင် သင့်တော်သောကြောင့်ဖြစ်သည်။ ထိုအရာသည် သင်၏တာဝန်ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်ရန်၊ သို့မဟုတ် ငြင်းဆန်ရန် မကြိုးစားနှင့်၊ သို့မဟုတ် လွတ်မြောက်ရန် မကြိုးစားနှင့်။ ဤသည်မှာ ခက်ခဲသည်ဟု သင် အဘယ်ကြောင့် ထင်သနည်း။ အမှန်မှာ သင်သည် အနည်းငယ် စိတ်နှစ်မြုပ်လုပ်ကိုင်လျှင် အလုပ်ကို လုံးလုံးပင် လုပ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ခက်ခဲသည်ဟုလည်းကောင်း၊ ဘက်လိုက်သော ဆက်ဆံခြင်းဖြစ်သည်ဟုလည်းကောင်း၊ သင်သည် တမင်သက်သက် မတရားသဖြင့် ဆက်ဆံခံရသည်ဟုလည်းကောင်း သင်ထင်နေခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ရန် ငြင်းဆန်ခြင်း၊ ဘုရားသခင်ထံမှ လက်မခံခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ သင်က တာဝန်ထမ်းဆောင်ရာတွင် ရွေးချယ်လုပ်ဆောင်ပြီး လွယ်ကူပေါ့ပါးသောအရာမှန်သမျှကို လုပ်ဆောင်လျှင်၊ သင့်အား အမြင်ကောင်းစေသည့်အရာကိုသာ လုပ်ဆောင်လျှင် ယင်းသည် ဖောက်ပြန်ပျက်စီး၊ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ သင့်တာဝန်ကို သင်လက်မခံနိုင်ခြင်း၊ မနာခံနိုင်ခြင်းသည် သင်က ဘုရားသခင်ကို ပုန်ကန်နေဆဲဖြစ်သည်ကိုလည်းကောင်း၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်နေခြင်း၊ ငြင်းဆန်ခြင်း၊ ရှောင်ကြဉ်ခြင်းဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်ကို သင်သိလာသောအခါတွင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူတစ်ပါးတို့အား ပေးသော အလုပ်များသည် အလွယ်တကူပြီးမြောက်နိုင်ပြီး သင့်အား ပေးသောအလုပ်များကမူ သင့်ကို အချိန်ကြာမြှင့်စွာ အလုပ်ရှုပ်စေပြီး ရှာဖွေလေ့လာရန်အတွက် ပို၍ အားစိုက်ထုတ်ဖို့လိုအပ်စေလျှင်၊ ဤအတွက်ကြောင့် သင်က မပျော်ရွှင်လျှင် သင်မပျော်မရွှင်ဖြစ်ခြင်းသည် တရားနည်းလမ်းကျပါသလော။ အသေအချာပင် တရားနည်းလမ်းမကျပေ။ ဤသို့ဆိုလျှင် ဤသည်မှာ တရားနည်းလမ်းမကျသည်ကို သင်ခံစားမိလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် အတိုက်အခံပြုပြီး “အလုပ်များကို ၎င်းတို့ ချပေးသည့်အချိန်တိုင်းတွင် ခက်ခဲသော၊ ညစ်ပေသော၊ အလွန်အားထုတ်ဖို့လိုအပ်သောအလုပ်များအား ကျွန်ုပ်ကိုပေးပြီး သူတစ်ပါးတို့ကို ပေါ့ပါး၊ ရိုးရှင်းပြီး အဆင့်မြင့်သောအလုပ်များကို ပေးသည်၊ ကျွန်ုပ်ကို ၎င်းတို့က ဩဇာပေး၍ရသော သူတစ်ယောက်ဟု ၎င်းတို့ ထင်သလော၊ ဤသို့ အလုပ်များကို ဖြန့်ဝေပေးခြင်းသည် မျှတသောနည်းလမ်းမဟုတ်”ဟု ပြောလျှင်၊ ဤသည်မှာ သင်၏ စဉ်းစားတွေးခေါ်မှုဖြစ်လျှင် မှားယွင်းသည်။ အလုပ် ဖြန့်ဝေခြင်းတွင် လမ်းလွဲမှုတစ်ခုခုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျိုးကြောင်းသင့်စွာ ဖြန့်ဝေပေးခြင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုရားသခင်က မည်သည့်အရာကို စိစစ်သနည်း။ သူစိစစ်သည့်အရာမှာ လူတစ်ဦး၏ စိတ်နှလုံးဖြစ်သည်။ လူတစ်ဦးက သူ၏ စိတ်နှလုံးတွင် ကျိုးနွံနာခံခြင်းရှိမရှိ၊ ဘုရားသခင်အတွက် ဝန်ထုပ်ဝန်ပိုးအချို့ကို တာဝန်ယူလုပ်ဆောင်နိုင်သလောဆိုသည်ကိုလည်းကောင်း၊ ဘုရားသခင်အား ချစ်မြတ်နိုးသူများဖြစ်သလောဆိုသည်ကိုလည်းကောင်း ကြည့်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များဖြင့် တိုင်းတာသည်နှင့်အမျှ၊ သင်၏ ဆင်ခြေများက မခိုင်လုံပေ။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံမမီသကဲ့သို့၊ သင့်တွင် သမ္မာတရား စစ်မှန်မှုကင်းမဲ့သည်။ သင့်၌ ကျိုးနွံနာခံခြင်းလုံးဝ မရှိသကဲ့သို့၊ အားစိုက်ထုတ်ရသော၊ သို့မဟုတ် ညစ်ပေသောအလုပ်အနည်းငယ်ကို သင်လုပ်ဆောင်ရသောအခါတွင် ညည်းညူသည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ပထမဦးစွာ သင်၏ စိတ်နေစိတ်ထားသည် မှားယွင်းသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ တာဝန်အပေါ် သင်၏ သဘောထားသည် မှားယွင်းသည်ဟု ဆိုလိုသည်။ သင်သည် သင်၏ကိုယ်ပိုင်ဝင့်ဝါမှုနှင့် အကျိုးစီးပွားများကို အစဉ် စဉ်းစားနေပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားသကဲ့သို့၊ လုံးဝ ကျိုးနွံနာခံခြင်းမရှိလျှင်၊ ဤသည်မှာ သင့်တာဝန်အပေါ် ရှိသင့်သော မှန်ကန်သော သဘောထားမဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံပြီး ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိလျှင် ညစ်ပေသော၊ အားစိုက်ထုတ်ရသော၊ ခက်ခဲသောအလုပ်များကို သင် မည်သို့ကိုင်တွယ်မည်နည်း။ သင်၏ စိတ်နေစိတ်ထားက မတူကွဲပြားဖြစ်လိမ့်မည်။ သင်သည် ခက်ခဲသည့်အရာမှန်သမျှကို လုပ်ဆောင်ရန် ရွေးချယ်ပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်ရန် ရှာဖွေလိမ့်မည်။ အခြားသောလူများက မလုပ်ဆောင်လိုသည့်အရာကို သင် တာဝန်ယူဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်အား ချစ်မြတ်နိုးကာ ဘုရားသခင်အား ကျေနပ်စေရန်အတွက် သက်သက်ဖြင့် ထိုအရာကို လုပ်ဆောင်လိမ့်မည်။ သင်သည် ညည်းညူခြင်း အရိပ်အယောင်တစ်ခုမျှမရှိဘဲ ဤသို့လုပ်ဆောင်ရသည်ကို ဝမ်းမြောက်မှုနှင့် ပြည့်နေလိမ့်မည်။ ညစ်ပေသော၊ အားစိုက်ထုတ်ရသော၊ ခက်ခဲသောအလုပ်များသည် လူတို့အား အရှိအတိုင်း ဖော်ပြသည်။ သင်သည် ပေါ့ပါးပြီး အဆင့်မြင့်သော အလုပ်များကိုသာ တာဝန်ယူဆောင်ရွက်သည့်လူများနှင့် မည်သို့ ကွဲပြားသနည်း။ သင်သည် ၎င်းတို့ထက် များစွာ သာ၍ တော်ခြင်းတတ်ခြင်း မရှိပေ။ ထိုသို့မဟုတ်သလော။ ဤသည်မှာ ဤအရာများကို သင်မြင်ရမည့်ပုံစံဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့အား အရှိအတိုင်း အထုတ်ဖော်ဆုံးသောအရာသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ လူအချို့သည် ဘုရားသခင်အား ချစ်ပြီး ကျိုးနွံနာခံလိုစိတ်ရှိသည်ဟု အခိုင်အမာဆိုလျက်၊ အချိန်အများစုတွင် အလွန်ကောင်းသောအရာများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲတစ်ခုကို အမှတ်မထင် ကြုံရသည့်အခါ၌ ညည်းညူခြင်းနှင့် အပျက်သဘောဆောင်သော စကားမျိုးစုံကို ထုတ်ပြောကြသည်။ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်မှာ သိသာသည်။ တစ်စုံတစ်ယောက်သည် သမ္မာတရားအား ချစ်မြတ်နိုးသူဖြစ်လျှင် မိမိတို့တာဝန်ထမ်းဆောင်ရာ၌ အခက်အခဲတစ်ခုကို ရင်ဆိုင်ရသောအခါ သူ၏တာဝန်သည် သင့်လျော်စွာ စီစဉ်ထားခြင်းမရှိလျှင်ပင် ထိုတာဝန်ကို အလေးအနက် သဘောထားလျက်ဖြင့် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေလိမ့်မည်။ လေးလံသော၊ ညစ်ပေသော၊ ခက်ခဲသောအလုပ်များကို ရင်ဆိုင်ရလျှင်ပင် ညည်းညူမည်မဟုတ်ဘဲ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သူ၏ အလုပ်များကို ကောင်းစွာ လုပ်ပြီး တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သည်။ သူသည် ထိုသို့လုပ်ဆောင်ရာတွင် အလွန်ဝမ်းမြောက်ခြင်းရှိပြီး ဘုရားသခင်က ယင်းကို မြင်ရသည်မှာ စိတ်သက်သာရာရသည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံမှု ပြည့်မီသော သူမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်သည် ညစ်ပေသော၊ ခက်ခဲသော၊ အားစိုက်ထုတ်ရသောအလုပ်များကို ကြုံရသည်နှင့်တစ်ပြိုင်နက် စိတ်တိုပြီး ဒေါသထွက်လျှင် သူ့အား မည်သို့ကိုမျှ ဝေဖန်ခွင့်မပြုလျှင် ထိုသို့သောသူသည် ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံသည့်သူတစ်ယောက်မဟုတ်ပေ။ သူသည် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ သင်တို့တွင် ဤအခြေအနေများရှိသော ပုံမှန်ဖြစ်ရပ်များ၌ ဤပြဿနာ၏ ကြီးလေးမှုကို သင်တို့ သိမြင်နိုင်သလော။ (အချို့ကို သိမြင်နိုင်သည်။) အချို့ကို သိမြင်နိုင်လျှင် ယင်းကို သင်၏ကိုယ်ပိုင်အားအင်၊ ကိုယ်ပိုင်ယုံကြည်မှုနှင့် ကိုယ်ပိုင်ဝိညာဉ်ရင့်ကျက်မှုအပေါ်သို့ ပြောင်းလဲပစ်နိုင်သလော။ ဤသဘောထားကို သင် ပြောင်းလဲဖို့လိုသည်။ သင်သည် ရှေးဦးစွာ “ဤသဘောထားသည် မှားသည်၊ ဤသည်မှာ ငါ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကိုယ်နှစ်သက်ရာကို ရွေးချယ်ထမ်းဆောင်နေခြင်းမဟုတ်လော၊ ဤသည်မှာ ကျိုးနွံနာခံခြင်းမဟုတ်၊ ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ပျော်ရွှင်သောအရာတစ်ခု ဖြစ်သင့်သည်၊ လိုလိုလားလားနှင့် ဝမ်းမြောက်စွာ ပြုလုပ်သင့်သည်၊ ငါသည် အဘယ်ကြောင့် မပျော်ရွှင်သနည်း၊ အဘယ်ကြောင့် စိတ်မချမ်းမသာဖြစ်သနည်း၊ ငါ၏တာဝန်က မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ယင်းသည် ငါလုပ်ဆောင်သင့်သည့်အရာဖြစ်သည်ဆိုသည်ကို ငါကောင်းစွာသိသည်။ အဘယ်ကြောင့် ငါ မနာခံနိုင်သနည်း၊ ငါသည် ဘုရားရှေ့ကိုလာပြီး ဆုတောင်းရမည်၊ ငါ၏ စိတ်နှလုံးအတွင်း၌ရှိသော ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ထုတ်ဖော်ခြင်းကို သိမြင်လာရမည်” ဟူ၍ စဉ်းစားဖို့ လိုအပ်သည်။ ထို့နောက်တွင် ဤသို့လုပ်ဆောင်သောအခါတွင် သင်သည် “ဘုရားသခင် ကျွန်ုပ်သည် တစ်ဇွတ်ထိုးလုပ်ဆောင်တတ်လေ့ရှိခဲ့သည်၊ မည်သူ့ကိုမျှ နားမထောင်ပါ၊ ကျွန်ုပ်၏ သဘောထားသည် မှားယွင်းပြီး၊ ကျွန်ုပ်တွင် ကျိုးနွံနာခံခြင်းမရှိပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမ၍ ကျိုးနွံနာခံအောင် လုပ်ဆောင်တော်မူပါ၊ ကျွန်ုပ် စိတ်မချမ်းမသာ မဖြစ်လိုပါ၊ ကိုယ်တော်ကို ဆန့်ကျင်၍ မပုန်ကန်လိုတော့ပါ၊ ကျေးဇူးပြု၍ ကျွန်ုပ်ကို တို့ထိပြီး ဤတာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ရန် ပြုလုပ်တော်မူပါ၊ ကျွန်ုပ်သည် စာတန်အတွက် အသက်ရှင်သန်လိုစိတ်မရှိပါ၊ သမ္မာတရားအတွက် အသက်ရှင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိပါသည်” ဟူ၍ ဆုတောင်းသင့်သည်။ သင်သည် ဤသို့ဆုတောင်းသောအခါ သင့်အတွင်းတွင်ရှိသော အခြေအနေသည် တိုးတက်လိမ့်မည်ဖြစ်ပြီး၊ ထိုအခြေအနေ တိုးတက်လာသောအခါ သင်သည် နာခံနိုင်လိမ့်မည်။ သင်က “ဤသည်မှာ အမှန်တွင် မပြောပလောက်ပါ။ အခြားသူများက အနည်းငယ်သာလုပ်ဆောင်ပြီး ငါက ပို၍လုပ်ဆောင်ခြင်း၊ ၎င်းတို့က လုပ်ဆောင်သောအခါ ပျော်ရွှင်မှုမရှိခြင်း၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သောအခါ အလဟဿ စကားပြောဆိုနေခြင်း မရှိခြင်းသာဖြစ်သည်၊ ဘုရားသခင်က ငါ့အား အပိုဝန်ထုပ်ဝန်ပိုးတစ်ခု၊ လေးလံသော ဝန်တစ်ခုကို ပေးခဲ့သည်၊ ဤသည်မှာ ငါ့ကို သူ အထင်ကြီးခြင်း ဖြစ်သည်။ ငါ့အတွက် သူ၏ မျက်နှာသာပေးမှုဖြစ်သည်၊ ဤသည်မှာ ငါသည် ဤလေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နိုင်သည်ဆိုသည်ကို သက်သေပြသည်၊ ဘုရားသခင်သည် ငါ့အပေါ် အလွန်ကောင်းသည်၊ ငါသည် ကျိုးနွံနာခံသင့်သည်” ဟု တွေးလိမ့်မည်။ ပြီးလျှင် သင်၏ သဘောထားသည် သင်ကိုယ်တိုင် သတိမထားမိဘဲ ပြောင်းလဲသွားလိမ့်မည်။ သင့်တာဝန်ကို စလက်ခံခဲ့သောအချိန်တွင် သင်၌ မကောင်းသော သဘောထားရှိသည်။ သင်သည် ကျိုးနွံနာခံနိုင်ခြင်းမရှိပေ။ သို့သော်လည်း သင်သည် ယင်းကို ရုတ်ချည်းပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ စိစစ်မှုနှင့် ပဲ့ပြင်ဆုံးမမှုကို ရုတ်ချည်းလက်ခံနိုင်ခဲ့သည်။ သင်သည် ဘုရားသခင်ထံမှ သင်၏တာဝန်ကို အလုံးစုံလက်ခံနိုင်ပြီး စိတ်နှလုံးအပြည့်အဝဖြင့် ထမ်းဆောင်နိုင်မှု မရှိမချင်း ဘုရားသခင်ရှေ့သို့ နာခံသော သဘောထားနှင့်၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်သော သဘောထားနှင့် ရုတ်ချည်းလာနိုင်ခဲ့သည်။ ဤတွင် ရုန်းကန်ရသည့် ဖြစ်စဉ်တစ်ခုရှိသည်။ ထိုရုန်းကန်ရသည့် ဖြစ်စဉ်သည် သင်၏ ပြောင်းလဲခြင်းဖြစ်စဉ်၊ သမ္မာတရားအား သင်လက်ခံခြင်း ဖြစ်စဉ်ဖြစ်သည်။ အကြောင်းမှာ လူတို့သည် မေးခွန်းမထုတ်ဘဲ ၎င်းတို့ဆီသို့ မည်သည့်အရာလာသည်ဖြစ်စေ လိုလားမှုရှိပြီး ဝမ်းမြောက်ရန်၊ ကျိုးနွံနာခံရန်မှာ ဖြစ်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။ လူတို့သည် ယင်းကို လုပ်ဆောင်နိုင်လျှင် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိသည့် အဓိပ္ပာယ်ဖြစ်သည်။ ၎င်းတို့ကို ကယ်တင်ရန်အတွက် သမ္မာတရားကို ဖော်ပြဖို့ ဘုရားသခင်ကို ၎င်းတို့ လိုအပ်မည်မဟုတ်ပေ။ လူတို့တွင် အယူအဆများဖြစ်ပေါ်ကြသည်။ မှားယွင်းသော သဘောထားများရှိကြသည်။ မှားယွင်းသော၊ အပျက်သဘောဆောင်သော အခြေအနေများရှိကြသည်။ ဤအရာအားလုံးသည် တကယ့် ပြဿနာများဖြစ်ပြီး တည်ရှိကြသည်။ သို့သော် ဤအပျက်သဘောဆောင်သော၊ ကောင်းကျိုးမပြုသော အခြေအနေများ၊ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဦးဆောင်ပြီး သင်၏အပြုအမူ၊ သင်၏အတွေး၊ သင်၏ သဘောထားတို့ကို ထိန်းချုပ်သောအခါတွင် သင်လုပ်ဆောင်သည့်အရာ၊ သင်လက်တွေ့လုပ်ဆောင်သည့် နည်းလမ်း၊ မည်သည့်လမ်းကြောင်းကို သင်ဆက်လက်ရွေးချယ်သည်ဆိုသည်တို့သည် သမ္မာတရားအပေါ် သင်၏ သဘောထားအပေါ်တွင် မူတည်လိမ့်မည်။ သင်သည် စိတ်ခံစားချက်များ ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် အပျက်သဘောဆောင်သော၊ ပုန်ကန်သော အခြေအနေတွင် ရှိနိုင်သည်။ သို့သော် သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်အတွင်းတွင် ဤအရာများ ဖြစ်ပေါ်သောအခါ၌ ယင်းတို့သည် အခက်အခဲမရှိ ပြောင်းလဲသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင်ရှာဖွေသောကြောင့်ဖြစ်ပြီး သင်၏ သဘောထားသည် သမ္မာတရားအား ကျိုးနွံနာခံခြင်း၊ လက်ခံခြင်းနှင့်သက်ဆိုင်သော သဘောထားဖြစ်သောကြောင့်ဖြစ်သည်။ ထို့နောက်တွင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရာတွင် ပြဿနာရှိမည်မဟုတ်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားက သင့်အပေါ်တွင်ရှိသော ဆုပ်ကိုင်မှု၊ ဘောင်ခတ်ခြင်းကို အနိုင်ယူနိုင်စွမ်းရှိလိမ့်မည်။ အဆုံးတွင် သင်သည် တာဝန်ထမ်းဆောင်ရာတွင် အောင်မြင်လိမ့်မည်။ ဘုရားသခင်၏ စေခိုင်းချက်ကို ဖြည့်ဆည်းလိမ့်မည်။ သမ္မာတရားနှင့် အသက်ကို ရယူနိုင်လိမ့်မည်။ လူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား ရရှိခြင်း ဖြစ်စဉ်သည်လည်း စိတ်သဘောထား ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည်။ လူတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို လက်ခံရရှိသည်မှာ၊ သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုသို့ ဝင်ရောက်သည့်အရာအားလုံးမှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် ဖြစ်သည်။ ၎င်းတို့သည် ဆုတောင်းရန်၊ ရှာဖွေရန်၊ အခက်အခဲများကို ဖြေရှင်းရန်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီး ဤသို့ဖြင့် ၎င်းတို့တာဝန်ကို ပုံမှန် လုပ်ဆောင်နိုင်ရန်အတွက် ဘုရားသခင်ရှေ့သို့ မကြာခဏလာရောက်ကြခြင်းတို့အားလုံးမှာလည်း ၎င်းတို့၏ တာဝန်ထမ်းဆောင်ရာတွင် ထိုအခက်အခဲများရှိသောအခါ၌ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် အသက်ရှင်ကာ တဖြည်းဖြည်းချင်းဖြင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်တတ်ရန် သင်ယူပြီး ၎င်းတို့တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်လာကြခြင်းတို့အားလုံးမှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားက ဦးဆောင်ပြီး သင်၏ စိတ်နှလုံးကို စိုးမိုးနေခြင်းဖြစ်သည်။
လူအချို့အတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံကောင်း တွေ့ကြုံကြပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အတွေးများ၊ အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနေကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို အမြဲ ထိန်းချုပ်နေ၏။ ၎င်းတို့သည် ၎င်းတို့တာဝန်များကို အစဉ်ထမ်းဆောင်သည့်ပုံစံ ပေါ်ကောင်းပေါ်နိုင်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်၊ အမှုအရာများကို သမ္မာတရားစည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်၊ အဆုံးတွင် သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ပေ။ နာမည်နှင့် ထိုက်တန်သည့် အလုပ်လုပ်ပေးသူများ ဖြစ်လာကြသည်။ ထို့ကြောင့် ထိုသို့သော လူတို့သည် မိမိတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် မည်သည့်အရာများအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို မှီခိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ အချုပ်အခြာအာဏာ မရယူထားပေ။ ၎င်းတို့သည် ဤတာဝန်များကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များအပေါ်၊ ၎င်းတို့ရရှိထားသည့် မည်သည့် အသိပညာမဆိုအပြင် ၎င်းတို့၏ ကိုယ်ပိုင်စိတ်စွမ်းအား၊ သို့မဟုတ် ကောင်းသောရည်ရွယ်ချက်များအပေါ်တွင်ပါ အမှီပြုကြသည်။ ဤသည်မှာ မှန်ကန်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်နိုင်မည်လော။ လူတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ သဘောသဘာဝ၊ အယူအဆများ၊ စိတ်ကူးများ၊ ကျွမ်းကျင်မှုများ၊ သင်ယူမှုများတို့ကို အားကိုးသောအခါ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေပြီး မကောင်းမှုကို မကျူးလွန်သည့်ပုံစံပေါ်နိုင်သော်လည်း ၎င်းတို့က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေကြပေ။ ဘုရားသခင်အတွက် ကျေနပ်ဖွယ်ရာဖြစ်သည့်အရာတစ်ခုမျှ မလုပ်ဆောင်ထားကြပေ။ လျစ်လျူရှု၍မရသည့် အခြားပြဿနာတစ်ခုလည်းရှိသည်။ သင်၏တာဝန်ကို ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊ အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်အလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ ပြီးလျှင် သင်၏လှုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် အသက်ဝင်ရောက်မှု ရှိမည်မဟုတ်ပေ။ သင်သည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤနည်းအားဖြင့် သခင်ယေရှု၏ စကားများကို ပြည့်စုံစေလိမ့်မည်။ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဘုရားသခင်သည် လုံ့လဝီရိယကို အသုံးပြုပြီး အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်သော ဤလူတို့အား မကောင်းမှုပြုသူများဟု အဘယ့်ကြောင့် ခေါ်သနည်း။ ငါတို့တွင် သေချာနိုင်သော အချက်တစ်ချက်ရှိသည်၊ ယင်းမှာ မည်သည့် တာဝန်များ သို့မဟုတ် အလုပ်ကို ဤလူတို့က လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ အရင်းခံအကြောင်းရင်းများ၊ တွန်းအား၊ ရည်ရွယ်ချက်များနှင့် အတွေးများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ၊ ယင်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ရှေ့ရေးများကို ကာကွယ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်မာန၊ ပကာသနနှင့် အဆင့်အတန်းကို ဖြည့်ဆည်းရန် လုံးလုံးလျားလျား ဖြစ်သည်။ အားလုံးသည် ဤစဉ်းစားတွက်ချက်မှုများအနီးတွင် ဗဟိုပြုသည်။ ၎င်းတို့ စိတ်နှလုံးတွင် သမ္မာတရားမရှိပေ။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသော စိတ်နှလုံးမရှိကြပေ။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ယခုအခါတွင် သင့်တို့အတွက် လိုက်စားရန် အရေးပါသောအရာမှာ မည်သည့်အရာဖြစ်သနည်း။ အရာအားလုံးတွင် သင်တို့သည် သမ္မာတရားကို ရှာဖွေရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားသခင်တောင်းဆိုသည့်အတိုင်း မိမိတာဝန်ကို ကောင်းမွန်စွာထမ်းဆောင်ရမည်။ ဤသို့လုပ်ဆောင်လျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင် ရရှိလိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်တောင်းဆိုသည့်အတိုင်း သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အသေးစိတ် မည်သည့်အရာပါဝင်သနည်း။ သင်လုပ်ဆောင်သမျှတွင် ဘုရားသခင်ကို ဆုတောင်းရန် သင်ယူရမည်။ သင့်တွင် မည်သည့်ရည်ရွယ်ချက်များရှိသည်၊ မည်သည့်အတွေးများရှိသည်၊ ဤရည်ရွယ်ချက်များနှင့် အတွေးများက သမ္မာတရားနှင့် ညီခြင်းရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ရမည်။ မညီလျှင် ထိုအရာများကို ဘေးဖယ်ထားသင့်သည်။ ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင် လုပ်ဆောင်ပြီး ဘုရားသခင်၏ စိစစ်မှုကို လက်ခံသင့်သည်။ ဤသည်မှာ သင့်ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သေချာစေသည်။ သင့်တွင် သင်၏ကိုယ်ပိုင် ဦးတည်ချက်များနှင့် ရည်ရွယ်ချက်များရှိလျှင်၊ ထိုအရာများသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကွဲလွဲသည်ကို သင်ကောင်းစွာသိသော်ငြားလည်း၊ ဖြေရှင်းချက်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခြင်းမပြုသေးလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင့်အတွက် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်သောအရာများကို လုပ်ဆောင်ရန် လွယ်ကူသည်။ သင်သည် မကောင်းမှုကို တစ်ကြိမ်၊ နှစ်ကြိမ်ကျူးလွန်ပြီး နောင်တရလျှင် သင့်၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသည်။ သင်သည် မကောင်းမှုကို ဆက်၍ ကျူးလွန်နေလျှင်၊ သင်သည် မကောင်းမှုမျိုးစုံ ပြုလုပ်သူဖြစ်သည်။ ဤအခြေအနေတွင် သင် နောင်တမရနိုင်သေးလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဘေးတစ်ဖက်သို့ ဖယ်ထားလိမ့်မည်၊ သို့မဟုတ် စွန့်ပစ်လိမ့်မည်။ ဤသည်မှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိနေသည့် သဘောဖြစ်သည်။ ဆိုးယုတ်မှုမျိုးစုံ ကျူးလွန်သောသူများသည် သေချာပေါက် အပြစ်ဒဏ်ပေးခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။