ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည် (အပိုင်း နှစ်)

ဘုရားသခင်သည် မည်သည့်လူစားမျိုးအပေါ် နောက်ဆုံးတွင် လက်လျှော့သည်ကို သင်တို့ သိပါသလော။ (မရပ်မနား ခေါင်းမာပြီး ဘုရားသခင်ရှေ့တွင် နောင်တမရသောသူများ ဖြစ်ပါသည်။) ဤလူစားမျိုးများ၏ တိကျသည့် အခြေအနေမှာ အဘယ်နည်း။ (မိမိတို့၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် ၎င်းတို့သည် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ဖြေရှင်းချက်တစ်ခုရှာရန် သမ္မာတရားကို မရှာဖွေကြပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်ပုံနှင့်ပတ်သက်၍ ၎င်းတို့ အလေးအနက် မထားကြသကဲ့သို့ အရာရာကို ဖြစ်ကတတ်ဆန်းပုံစံဖြင့် ကိုင်တွယ်ကြသည်။ ဆိုးယုတ်မှု၊ သို့မဟုတ် မကောင်းမှုများကို လုပ်ဆောင်ခြင်းဖြင့်သာ ၎င်းတို့ စိတ်ကျေနပ်ကြပြီး သမ္မာတရားအတွက် မကြိုးပမ်းကြပါ။) ဝတ်ကျေတမ်းကျေဖြစ်သော အပြုအမူသည် အခြေအနေအပေါ် မူတည်၏။ လူအချို့သည် သမ္မာတရားကို နားမလည်သောကြောင့် ထိုသို့လုပ်ဆောင်ကြပြီး ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် ပုံမှန်ဖြစ်သည်ဟုပင် ၎င်းတို့ တွေးထင်ကြသည်။ လူအချို့သည် ထိုသို့သော နည်းလမ်းတစ်ခုဖြင့် ပြုမူရန် တမင်သက်သက် ရွေးချယ်လျက် တမင် ဝတ်ကျေတမ်းကျေဖြစ်ကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သည့်အခါ ဤသို့ ပြုမူကြပြီး ၎င်းတို့ နားလည်သည့်နောက်တွင်ပင် မိမိတို့၏ အပြုအမူကို မတိုးတက်စေကြချေ။ ၎င်းတို့သည် ပြောင်းလဲမှု ပမာဏ စိုးစဉ်းမျှမရှိဘဲ စဉ်ဆက်မပြတ် ဤသို့ ပြုမူလျက် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ တစ်ဦးတလေက ၎င်းတို့ကို ဝေဖန်သည့်အခါ နားမထောင်ကြသကဲ့သို့ ပြုပြင်ခြင်းကို လက်မခံကြချေ။ ထိုအစား ခေါင်းမာမာဖြင့် အဆုံးထိ ရပ်တည်ကြသည်။ ဤအရာကို မည်သို့ခေါ်သနည်း။ ဤအရာကို ခေါင်းမာခြင်းဟု ခေါ်၏။ “ခေါင်းမာခြင်း” သည် အပျက်သဘောဆောင်သော ဝေါဟာရတစ်ခု၊ ယုတ်ညံ့သော ဝေါဟာရတစ်ခုဖြစ်သည်ကို လူတိုင်း သိကြသည်။ ယင်းသည် ကောင်းမွန်သော စကားလုံးတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦးကို “ခေါင်းမာသော” ဟူသည့် ဝေါဟာရဖြင့် အမည်တပ်ပြီး ထိုသူသည် ထိုသရုပ်ဖော်ချက်နှင့် သင့်တော်ပါက ထိုသူ၏ ရလဒ်သည် မည်သည့်အရာ ဖြစ်မည်ဟု သင်တို့ ပြောမည်နည်း။ (၎င်းတို့သည် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဘေးဖယ်ထားခြင်း ခံရကြပါသည်။) သင်တို့ကို ငါ ပြောမည်။ ဘုရားသခင် အစက်ဆုပ်ဆုံးနှင့် လက်အလျှော့ချင်ဆုံးသောအရာမှာ ဤခေါင်းမာသော လူစားမျိုးများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အမှားများကို အပြည့်အဝ သိသော်လည်း နောင်တမရကြ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မခံကြသကဲ့သို့ မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ဆင်ခြေများနှင့် အကြောင်းပြချက်များကို အမြဲ ဖန်တီးကာ အပြစ်တင်မှုကို လွှဲဖည်ကြပြီး အခြားသူများ၏ အမြင်မှ မိမိတို့၏ လုပ်ရပ်များကို ကာရင်းနှင့် မိမိတို့စိတ်နှလုံးများတွင် နောင်တ၊ သို့မဟုတ် ဝန်ခံခြင်း အတိုင်းအတာ အနည်းငယ်မျှမရှိဘဲ မပြတ်သော အမှားများကို ပြုလုပ်ရင်း ပြဿနာကို ကွေ့ဝိုက်လျက် အဆင်ချောပြီး ဝေ့လည်ကြောင်ပတ် နည်းလမ်းများကို ရှာတွေ့ရန် ကြိုးစားကြလေသည်။ ထိုသို့သော လူတစ်ဦးသည် အလွန် ဒုက္ခပေးတတ်ပြီး ကယ်တင်ခြင်း ရရှိရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ၎င်းတို့သည် စင်စစ် ဘုရားသခင် စွန့်ပစ်လိုသည့် လူများ ဖြစ်ကြသည်။ ထိုသို့သော လူတို့ကို အဘယ်ကြောင့် ဘုရားသခင်က စွန့်ပစ်မည်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ ၎င်းတို့၏ အသိစိတ်သည် ထုံထိုင်းလာပြီးဖြစ်သောကြောင့် ဖြစ်သည်။) ထိုသို့သော လူများသည် ကယ်တင်မခံရနိုင်ပေ။ ဘုရားသခင်သည် ဤလူများကို မကယ်တင်ပေ။ ထိုသို့သော အသုံးမကျသည့် အမှုကို သူ မပြုပေ။ အပြင်ပန်းအားဖြင့် ဘုရားသခင်က ၎င်းတို့ကို မကယ်တင်သကဲ့သို့ မလိုချင်သည့်ပုံပေါ်သော်လည်း အမှန်တွင် လက်တွေ့ကျသည့် အကြောင်းရင်းတစ်ခု ရှိ၏။ ယင်းမှာ ဤလူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ငြင်းပယ်ကာ အတိုက်အခံ လုပ်ကြသည်။ ၎င်းတို့က “ကိုယ်တော်ကို ကျိုးနွံနာခံခြင်း၊ သမ္မာတရားကို လက်ခံခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ မည်သည့်အရာကို ကျွန်ုပ် ရရှိသနည်း။ မည်သည့် အကျိုးအမြတ်ရှိပါသနည်း။ ကျွန်ုပ်အတွက် အကျိုးကျေးဇူးတစ်ခု ရှိမှသာ ကျွန်ုပ် လုပ်ဆောင်ပါမည်။ အကျိုးကျေးဇူး မရှိပါက လုပ်မည်မဟုတ်ပါ”ဟု တွေးကြသည်။ ဤလူများသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မိမိကိုယ်ကျိုးစီးပွားဖြင့် စေ့ဆော်ခံရသည့်လူများဖြစ်ပြီး သမ္မာတရားကို မချစ်သောသူများအားလုံးသည် ကိုယ်ကျိုးစီးပွား၏ စေ့ဆော်ခြင်းခံရကြလေသည်။ ကိုယ်ကျိုးစီးပွား၏ စေ့ဆော်ခြင်းခံရသည့် လူများသည် သမ္မာတရားကို လက်မခံနိုင်ကြချေ။ ကိုယ်ကျိုးစီးပွား၏ စေ့ဆော်ခြင်းခံရသော တစ်စုံတစ်ဦးကို မိတ်သဟာယပြုရန် သင် ကြိုးစားပြီး ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိရန်၊ မိမိတို့၏ အမှားများကို ဝန်ခံရန် သင် စေခိုင်းပါက ၎င်းတို့ မည်သို့ တုံ့ပြန်ကြမည်နည်း။ “ကျွန်ုပ်၏ အမှားများကို ဝန်ခံခြင်းမှ မည်သည့် အကျိုးကျေးဇူးများကို ကျွန်ုပ် ရရှိပါသနည်း။ တစ်စုံတစ်ရာ ကျွန်ုပ် အမှားလုပ်ခဲ့သည်ဟု သင် ကျွန်ုပ်ကို ဝန်ခံစေပြီး ကျွန်ုပ်၏ အပြစ်များကို ဝန်ချကာ နောင်တရစေလျှင် မည်သည့် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရလိမ့်မည်နည်း။ ကျွန်ုပ်၏ နာမည်ဂုဏ်သတင်းနှင့် အကျိုးစီးပွားများ ထိခိုက်လိမ့်မည်။ ဆုံးရှုံးမှုများ ကျွန်ုပ် ခံစားရလိမ့်မည်။ မည်သူက ကျွန်ုပ်ကို အလျော်ပေးလိမ့်မည်နည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နေစိတ်ထား ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကိုသာ ၎င်းတို့ ရှာဖွေကြပြီး ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန်အလို့ငှာ နည်းလမ်းတစ်ခုခုဖြင့် ပြုမူခြင်းသည် အလွန်မရေမရာဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ ထိုအရာ ဖြစ်နိုင်သည်ဟု ၎င်းတို့ တကယ်ကို မယုံကြည်ကြချေ။ မိမိတို့ မျက်စိဖြင့်တပ်အပ် မြင်သည့်အရာကိုသာ ယုံကြည်ကြသည်။ ထိုသို့သော လူများသည် ကိုယ်ကျိုးစီးပွား၏ စေ့ဆော်ခြင်းခံရကာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသည့် ဆိုးယုတ်သော အတွေးအခေါ်ဖြင့် အသက်ရှင်ကြ၏။ ယင်းမှာ ၎င်းတို့ သဘာဝ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းနှင့် သမ္မာတရားကို အသိအမှတ်ပြုခြင်းတို့သည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်ဟု ဆိုလိုပေသည်။ မကောင်းမှုကို မလုပ်ဆောင်ခြင်းသည် ၎င်းတို့အဖို့ လက်သင့်ခံဖွယ် ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် အကျိုးအမြတ်များ ရရှိရမည်ဖြစ်ပြီး ဆုံးရှုံးမှုကို လုံးဝ ခံစား၍ မဖြစ်ပေ။ ၎င်းတို့၏ အကျိုးအမြတ်များ မထိခိုက်သည့်အခါမှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်း ပြောဆိုကြလိမ့်မည်။ ၎င်းတို့၏ အကျိုးစီးပွားများ ပျက်စီးပါက သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်နိုင်၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန်၊ ဆင်းရဲဒုက္ခခံရန်၊ သို့မဟုတ် အဖိုးအခပေးရန် တောင်းဆိုခြင်းသည် သာ၍ပင် မဖြစ်နိုင်ပေ။ ဤသို့သော လူများသည် စစ်မှန်သည့် ယုံကြည်သူများ မဟုတ်။ ၎င်းတို့သည် ကောင်းချီးများနှင့် အကျိုးအမြတ်များကိုသာ ရှာလျက် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာ အသက်ရှင်ကြပြီး ဆင်းရဲဒုက္ခကို သည်းညည်းခံရန်၊ သို့မဟုတ် အဖိုးအခပေးရန် လိုလားခြင်းမရှိကြသည့်တိုင် သေခြင်းတရား၏ ရလဒ်ကို ရှောင်ရှားရန် ဘုရားအိမ်တော်တွင် နေရာတစ်ခု လိုချင်ကြဆဲ ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရား အနည်းငယ်မျှ လက်မခံကြသကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်နိုင်သေးသလော။ ဘုရားသခင်သည် ၎င်းတို့ကို မုချ ပစ်ပစ်ခါခါငြင်းကာ ဖယ်ရှားရှင်းလင်းလိမ့်မည်။ ယင်းမှာ ၎င်းတို့ကို ဘုရားသခင် မကယ်တင်ဟု ဆိုလိုသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စွန့်ပစ်ကြပြီး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအတွက် မကြိုးပမ်း၊ ဘုရားသခင်ထံ ဆုမတောင်း၊ သို့မဟုတ် ဘုရားသခင်အပေါ် မမှီခိုကြချေ။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်နိုင်သလော။ တစ်ခုတည်းသော လမ်းကြောင်းမှာ ၎င်းတို့အပေါ် လက်လျှော့ရန်၊ ဘေးဖယ်ထားပြီး မိမိတို့ကိုယ်ကို သုံးသပ်ခွင့်ပေးရန် ဖြစ်သည်။ လူတို့သည် ကယ်တင်ခံရလိုပါက တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန်၊ မိမိတို့ကိုယ်ကို သိရှိရန်၊ နောင်တတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ လက်ခံမှုကို ၎င်းတို့ ရရှိနိုင်ပေသည်။ ဘုရားသခင်ကို ကျိုးနွံနာခံကာ ကြောက်ရွံ့နိုင်ရန်အလို့ငှာ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ရမည်။ ယင်းမှာ ကယ်တင်ခြင်း၏ နောက်ဆုံး ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် လူများတွင် သရုပ်ထင်ရမည်ဖြစ်ကာ ယင်းအားဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်ရမည်ဖြစ်သည်။ သင်သည် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို မလျှောက်လှမ်းပါက သင် ရွေးချယ်နိုင်သည့် ဒုတိယလမ်းကြောင်း မရှိပေ။ လူတစ်ဦးသည် ဤလမ်းကြောင်းကို မလျှောက်ပါက သမ္မာတရားက ၎င်းတို့အား ကယ်တင်နိုင်သည်ကို ၎င်းတို့ မယုံကြည်ဟုသာ ဆိုနိုင်ပေသည်။ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်အားလုံးသည် ၎င်းတို့ကို ပြောင်းလဲစေနိုင်ကာ စစ်မှန်သော လူတစ်ဦးဖြစ်လာနိုင်စေသည်ဟု ၎င်းတို့ မယုံကြည်ကြချေ။ ထို့အပြင် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း အခြေခံအားဖြင့် ၎င်းတို့ မယုံကြည်ကြသကဲ့သို့ သမ္မာတရားက လူတို့ကို ပြောင်းလဲကာ ကယ်တင်နိုင်သည်ဆိုသည့် အချက်ကိုလည်း မယုံကြည်ကြချေ။ ထို့ကြောင့် ထိုအရာကို သင် မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ၊ ထိုသို့သော လူတစ်ဦး၏ စိတ်နှလုံးသည် အလွန် ခေါင်းမာ၏။ ၎င်းတို့သည် မည်သို့ပင်ဆိုစေ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြပြီး ကယ်တင်မခံရနိုင်ကြပေ။

သင်တို့ထဲမှ တစ်ဦးတလေသည် ခေါင်းမာသော အခြေအနေတစ်ခု ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်တို့အားလုံးသည် ခေါင်းမာသော လူများသာ ဖြစ်သလော။ ခေါင်းမာသည့် အခြေအနေတစ်ခု ရှိခြင်းနှင့် ခေါင်းမာသော လူတစ်ဦး ဖြစ်ခြင်းတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ နှစ်ခုသောအရာတို့သည် ကွဲပြားသော ကိစ္စရပ်များ ဖြစ်သည်နှင့်အမျှ ယင်းတို့ကို ပိုင်းခြားသင့်ပေသည်။ ခေါင်းမာသော အခြေအနေတစ်ခု ရှိခြင်းသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ရှိခြင်းဟု ဆိုလိုပေသည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပါက ကယ်တင်ခြင်း ရရှိနိုင်သော်လည်း သင်သည် ခေါင်းမာသော လူတစ်ဦးဖြစ်ပါက ပြဿနာရှိလိမ့်မည်။ ခေါင်းမာသော လူတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြချေ။ ၎င်းတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်ကြချေ။ ယင်းမှာ ဤလူနှစ်မျိုးနှစ်စားကြား ခြားနားချက်ဖြစ်သည်။ ခေါင်းမာသော အခြေအနေတစ်ခု ရှိသူတို့သည် ပုန်ကန်တတ်သော အပြုအမူအချို့ကို ပြပြီး မိမိတို့ကိုယ်၌က ဖောက်ပြန်ပျက်စီးမှုအချို့ကို ထုတ်ဖော်ပြကြသည်။ သို့ရာတွင် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့် ဖြစ်စဉ်အတွင်းတွင် ၎င်းတို့သည် မိမိတို့၏ အပြစ်များကို အဆက်မပြတ် ဝန်ချကာ ဘုရားသခင်ရှေ့တွင် နောင်တရကြပြီး ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို မရပ်မနား လက်ခံကြ၏။ ကျရှုံးမှုကို ၎င်းတို့ မည်မျှ တွေ့ကြုံပါစေ၊ သို့မဟုတ် မည်မျှမှောက်မှားကြပါစေ ၎င်းတို့သည် မိမိတို့ကိုယ်ကို သုံးသပ်နိုင်ကြသည်၊ ပြဿနာများကို ဖြေရှင်းနိုင်ကြသည်၊ ပြန်ထနိုင်ကြပြီး ဘုရားသခင်နောက် ဆက်လိုက်နိုင်ကြသည်။ ဤခရီးမှတစ်ဆင့် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် စစ်မှန်သည့် သိနားလည်မှု ရရှိကြပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းသည် ဧကန်အမှန် ကယ်တင်ခြင်း ပုံစံတစ်ခုဖြစ်ကြောင်း၊ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မရှိဘဲနှင့် ၎င်းတို့ မလုပ်ဆောင်နိုင်ကြောင်းတို့ကို သဘောပေါက်ကြလေသည်။ မပြောင်းလဲသော နောင်တတရား၊ မစဲသော ဝန်ချခြင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မရပ်မနား လက်ခံခြင်းတို့မှတစ်ဆင့်၊ ၎င်းတို့၏ ဘဝများသည် အဆင့်ဆင့် ကြီးထွားကြပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာ အခြေအနေ အဆက်မပြတ် ပြောင်းလဲသည်။ ဤဖြစ်စဉ်တွင် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း ဖယ်ရှားနိုင်သကဲ့သို့ ကြီးထွားမှုနှင့် ပြောင်းလဲမှုကို ၎င်းတို့ တွေ့ကြုံကြသည်။ ၎င်းတို့၏ ပုန်ကန်တတ်သော အပြုအမူမှ အကဲဖြတ်သည့်အခါ ထိုသို့သော လူများသည် အတော်လည်း ခေါင်းမာပုံရနိုင်ပြီး တစ်ခါတစ်ရံ ခေါင်းမာသည့် အခြေအနေတစ်ခု ရှိသော်လည်း ၎င်းတို့သည် ထိုသို့သော လူစားမျိုးမဟုတ်ကြပေ။ ၎င်းတို့သည် ထိုသို့သော လူစားမျိုး မဟုတ်ကြသည့်အတွက် အပြုသဘောဆောင်သော အပြုအမူများနှင့် တိုးတက်မှုကို ဧကန်မုချ ပြကြလေသည်။ ထိုသို့သော လူများသည် ကယ်တင်ခံရနိုင်ပေသည်။ သင်တို့သည် မည်သည့် လူစားမျိုးဖြစ်ကြသနည်း။ (ကျွန်ုပ်တို့ အမှားလုပ်မိသည့်အခါ ကျွန်ုပ်တို့ အသိအမှတ်ပြုကြပြီး ဘုရားသခင်ထံ နောင်တရကာ မိမိတို့အမှားများကို ပြုပြင်ရန် လိုလားနေကြပါသည်။) သင်တို့သည် သင်တို့၏ အမှားများ၊ သင်တို့၏ ပုန်ကန်မှုနှင့် သင်တို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို သတိပြုမိပြီး သင်၏ စိတ်နှလုံးတွင် နောင်တနှင့် ဝမ်းနည်းမှုကို ခံစားရပါက ဤသည်မှာ ကောင်းမွန်ပြီး ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိပေသည်။ သို့ရာတွင် သင်သည် သင်၏ ပုန်ကန်မှု၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းအပေါ် သင်ကိုယ်တိုင်က စိုးစဉ်းမျှ သိမြင်ခြင်း မရှိသကဲ့သို့ တစ်စုံတစ်ဦးက ထိုအရာကို ထောက်ပြသည့်အခါ သင်သည် ခေါင်းမာကာ လက်မခံတတ်မြဲရှိပါက၊ တစ်ပတ်ရိုက်ပြီး မိမိကိုယ်ကို မှန်ကြောင်းပြဖို့ကိုပင် ရွေးချယ်ပါက သင်သည် ဒုက္ခရောက်လိမ့်မည်ဖြစ်ပြီး သင့်အတွက် ကယ်တင်ခံရရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အချိန်မှာ တိုတောင်းကာ သုံးနှစ်မှ ငါးနှစ်တာ ကာလမျှသာ ရှိပြီး ယုံကြည်ခြင်းနှင့်ပတ်သက်၍ များစွာ သင်နားမလည်သေးပါက ယင်းမှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ သို့ရာတွင် သင်သည် ဆယ်နှစ်ကျော် ယုံကြည်သူတစ်ဦး ဖြစ်ပြီးဖြစ်ကာ သင့်ကိုယ်သင် မသိရှိသေးပါက၊ သို့မဟုတ် ပြုပြင်ခြင်းကို လက်မခံသေးပါက သင်သည် ဒုက္ခရောက်ပေပြီ။ ဤသည်မှာ သမ္မာတရားကို လက်ခံရန် ငြင်းပယ်သည့် ခေါင်းမာသော စိတ်သဘောထားရှိသည့် လူတစ်ဦး ဖြစ်သည်။ သမ္မာတရားကို နားမလည်သကဲ့သို့ စစ်မှန်မှု ချို့တဲ့သည့်သူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့အနေဖြင့် မည်သည့် အချိန်တစ်ခုတွင် ရှိကြသည်ကို သင် ကြည့်ရမည်။ လူအချို့သည် ကောင်းမွန်သည့် အစွမ်းအစ ရှိကြသည်၊ သမ္မာတရားထဲသို့ လျင်မြန်စွာ ဝင်ရောက်ပြီး တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်မျှသာ ယုံကြည်ပြီးနောက်တွင် အသက် ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို နားလည်ကြပြီးသားဖြစ်လေသည်။ ၎င်းတို့အနေဖြင့် အသက်ဝင်ရောက်မှုနှင့်ပတ်သက်၍ ကောင်းစွာ လုပ်ဆောင်ခဲ့သည့်၊ သမ္မာတရား၏ စစ်မှန်မှု ရှိကာ သမ္မာတရားများစွာကို နားလည်သည့် လူများနှင့် ထိတွေ့ဆက်ဆံပြီးဖြစ်သည်မှာလည်း ဖြစ်နိုင်ပေသည်။ ယုံကြည်သူသစ်များသည် ဤအရာများကိုလည်း တမ်းတကြသောကြောင့် များစွာ နားထောင်ကြပြီး များစွာ ရရှိကြသဖြင့် အသက်ထဲသို့ လျင်မြန်စွာ ဝင်ရောက်ကြလေသည်။ လူအချို့သည် ညံ့ဖျင်းသည့် အစွမ်းအစရှိကြပြီး ၎င်းတို့အနေဖြင့် ကောင်းမွန်သော အစွမ်းအစရှိသူတို့နှင့် ထိတွေ့ဆက်ဆံရလျှင်ပင် ၎င်းတို့၏ တိုးတက်မှုသည် နှေးကွေး၏။ လူအချို့သည် သမ္မာတရားအပေါ် ရှိရင်းစွဲ မနှစ်သက်မှုတစ်ခု ရှိပြီး နှစ်ပေါင်းမည်မျှ ၎င်းတို့ ယုံကြည်သည်ဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ဘဝတွင် တိုးတက်မှု ဖြစ်စေကြလိမ့်မည် မဟုတ်။ လူအချို့သည် အမှုအရာများကို လုပ်ဆောင်ဖို့ကိုသာ နှစ်သက်ကြပြီး အလွန် စိတ်ထက်သန်ကြသော်လည်း သမ္မာတရားအတွက် ကြိုးပမ်းရန် လိုလားခြင်း မရှိကြချေ။ ၎င်းတို့သည် နေ့စဉ် အလုပ်များကြသော်လည်း ဘဝတွင် တိုးတက်မှု မဖြစ်စေကြ။ ဘုရားသခင်ကို ယုံကြည်သည့်လူများသည် အခြေအနေမျိုးစုံတွင် ရှိနိုင်သည်။ သို့ရာတွင် သမ္မာတရားကို ချစ်သောသူတို့သာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်၊ သမ္မာတရားကို ရရှိနိုင်ကြပြီး ကယ်တင်ခြင်း ရရှိနိုင်ကြသည်။ ယုံကြည်သူများအတွက် အကြီးမားဆုံးသော အလေးထားစရာမှာ ခေါင်းမာသော စိတ်သဘောထားတစ်ခု ရှိခြင်းနှင့် သမ္မာတရားကို လက်မခံခြင်း ဖြစ်သည်။ ထိုသို့သော လူတို့သည် ဒုက္ခအပေးဆုံးဖြစ်ပြီး ယင်းမှာ ၎င်းတို့ သဘာဝနှင့် ပတ်သက်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် အယူဝါဒကို လက်ခံနိုင်သော်လည်း သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြလေသည်။ ဤလူများသည် ကယ်တင်ခြင်းရရှိရန် ဖြစ်နိုင်ဖွယ် အနည်းဆုံးသောလူများ ဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို စိတ်ကုန်သော လူတို့နှင့်ပတ်သက်၍ လုပ်ဆောင်၍ရသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့ကို စွန့်ပစ်ခြင်း ဖြစ်သည်။

လိမ်ညာခြင်းနှင့်ဆိုင်သည့် ဥပမာနှစ်ခု ငါပေးမည်။ လိမ်ညာနိုင်စွမ်းရှိသည့် လူနှစ်မျိုးနှစ်စား ရှိ၏။ မည်သည့် လူများက ခေါင်းမာပြီး ကယ်နုတ်မရနိုင်သည်ကို သင်တို့ ပိုင်းခြားရန် လိုအပ်သည်။ မည်သူကို ကယ်တင်၍ ရနိုင်သည်ကိုလည်း သင် ပိုင်းခြားရန် လိုအပ်သည်။ ကယ်တင်ခံရနိုင်သည့်သူများသည် ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်ပြသော်လည်း သမ္မာတရားကို ၎င်းတို့ လက်ခံပြီး မိမိတို့ကိုယ်ကို သုံးသပ်ကာ သိရှိနိုင်သရွေ့ မျှော်လင့်ချက်ရှိသေး၏။ ပထမဆုံး ဥပမာအနေဖြင့် မကြာခဏ အလိမ်အညာများ ပြောသည့် လူတစ်ဦး ရှိသည်။ သို့ရာတွင် သမ္မာတရားကို သိနားလည်သည့်နောက်တွင် ၎င်းတို့ နောက်တစ်ကြိမ် အလိမ်အညာ ပြောသည့်အခါ၌ ၎င်းတို့၏ တုံ့ပြန်မှုသည် ကွဲပြားသွားသည်။ ၎င်းတို့သည် နက်ရှိုင်းသည့် စိတ်ဆင်းရဲမှုနှင့် ညှဉ်းဆဲမှုကို ခံစားခဲ့ရပြီး “ကျွန်ုပ် ပြန်လိမ်မိခဲ့သည်။ အဘယ်ကြောင့် ကျွန်ုပ် မပြောင်းလဲနိုင်ရသနည်း။ မည်သို့ပင်ဆိုစေ ဤတစ်ကြိမ်တွင် ကျွန်ုပ်သည် မိမိ၏ ဖြစ်တည်မှု အစစ်အမှန်ကို ထုတ်ဖော်ပြကာ စိတ်ဖြာလေ့လာဆွေးနွေးရန် မိမိကိုယ်ကို များစွာ ဖွင့်ချလျက် ဤကိစ္စရပ်ကို ကျွန်ုပ် ဖော်ထုတ်ရမည်။ သိက္ခာဆယ်ရန်အတွက် ကျွန်ုပ် လိမ်ညာနေမိခဲ့သည်ဆိုသည့် အချက်နှင့်ပတ်သက်၍ ကျွန်ုပ် ရှင်းလင်းရန် လိုအပ်သည်”ဟု ၎င်းတို့ တွေးဆခဲ့ကြသည်။ ဖွင့်ဟပြီး မိတ်သဟာယပြုပြီးနောက်တွင် ၎င်းတို့သည် စိတ်အေးလက်အေး ခံစားရပြီး “လက်စသတ်တော့ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းသည် အလွန် သက်သောင့်သက်သာဖြစ်ပြီး ကောင်းသော်ငြားလည်း လိမ်ညာခြင်းသည် အလွန် နာကျင်စရာကောင်းပေသည်။ ဘုရားသခင်က လူတို့ကို ရိုးသားရန် တောင်းဆိုသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် ပုံသဏ္ဌာန်ဖြစ်ပါသည်”ဟု သဘောပေါက်သွားကြသည်။ ဤသုခကို အနည်းငယ် တွေ့ကြုံပြီးနောက်တွင် ထိုအချိန်မှစ၍ ၎င်းတို့သည် လိမ်ညာခြင်းကို လျော့နည်းစေခြင်း၊ တတ်နိုင်သမျှ အလိမ်အညာများ မပြောဆိုခြင်း၊ တစ်စုံတစ်ရာ ပြောစရာရှိသည့်အခါ ပြောဆိုခြင်း၊ ရိုးသားစွာ ပြောဆိုခြင်း၊ ရိုးသားသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းနှင့် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းတို့ကို အလေးဂရုပြုခဲ့ကြသည်။ သို့ရာတွင် မိမိတို့ မာနပါဝင်ပတ်သက်သည့် အခြေအနေတစ်ခုကို ရင်ဆိုင်ရသည့်အခါ အလိုအလျောက် လိမ်ညာကာ နောက်ပိုင်းတွင် ထိုအရာကို နောင်တရကြလေသည်။ ထို့နောက်တွင် မိမိတို့ အကောင်းမြင်ခံရနိုင်မည့် အခြေအနေတစ်ခုတွင် ရှိကြသည်ကို ၎င်းတို့ တွေ့သည့်အခါ တစ်ဖန် လိမ်ညာကြ၏။ ၎င်းတို့သည် “အဘယ်ကြောင့် ငါ၏ နှုတ်ကို ငါ မထိန်းချုပ်နိုင်သနည်း။ ဤသည်မှာ ငါ၏ သဘာဝနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ဖြစ်နိုင်မည်လား။ ငါသည် လှည့်ဖြားတတ်လွန်းသလား”ဟု တွေးလျက် စိတ်ထဲတွင် မိမိတို့ကိုယ်ကို မုန်းတီးကြလေသည်။ ဤပြဿနာအား ဖြေရှင်းရမည်ကို ၎င်းတို့ သဘောပေါက်ကြလေသည်။ သို့မဟုတ်ပါက ဘုရားသခင်သည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းကာ ဖယ်ရှားရှင်းလင်းမည်ဖြစ်သည်။ ၎င်းတို့သည် တစ်ဖန် လိမ်ညာမိပါက ပဲ့ပြင်ဆုံးမရန် တောင်းဆိုလျက် ဘုရားသခင်ထံ ဆုတောင်းကြပြီး အပြစ်ဒဏ်ကို လက်ခံရန် လိုလားလျက်ရှိကြသည်။ စုဝေးပွဲများတွင် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးရန် သတ္တိမွေးကြပြီး “ဤအခြေအနေများတွင် အလိမ်အညာများကို ကျွန်ုပ် ပြောသည့်အခါ ကျွန်ုပ်တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များရှိပြီး ကျွန်ုပ်၏ ကြံရွယ်ချက်များအားဖြင့် ထိန်းချုပ်ခံခဲ့ရသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်ကိုယ်ကျွန်ုပ် သုံးသပ်သည့်အခါ ကျွန်ုပ် လိမ်ညာသည့်အခါတိုင်းတွင် ယင်းမှာ ဝင့်ဝါမှု၊ သို့မဟုတ် ကျွန်ုပ် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် ဖြစ်သည်ကို သဘောပေါက်ခဲ့သည်။ ယခုတွင် ထိုအရာကို ရှင်းလင်းစွာ ကျွန်ုပ် မြင်လေပြီ။ ကျွန်ုပ်သည် ကျွန်ုပ်၏ မာနနှင့် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်များအတွက် အသက်ရှင်ပါသည်။ ထိုအရာမှာ အရာရာနှင့်ပတ်သက်၍ ကျွန်ုပ်ကို တစ်ချိန်လုံး လိမ်ညာစေသောအရာ ဖြစ်သည်”ဟု ပြောကြလေသည်။ မိမိတို့ကိုယ်ပိုင် အလိမ်အညာများကို စိတ်ဖြာလေ့လာ ဆွေးနွေးနေစဉ်တွင် ၎င်းတို့၏ ကြံရွယ်ချက်များကိုလည်း ၎င်းတို့ ဖော်ထုတ်ကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာကို ရှာဖွေတွေ့ရှိကြသည်။ ထိုအရာမှာ နှစ်ဦးနှစ်ဖက် အကျိုးခံစားသည့် အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ကြပြီး တစ်ချိန်တည်းတွင် ဉာဏ်အလင်းပေးမှုကို ရရှိကာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိနိုင်ကြသည်။ ထို့နောက်တွင် ၎င်းတို့က “ငါပြောင်းလဲရန် လိုအပ်သည်။ ဤပြဿနာ ငါ၌ ရှိသည်ကို ငါယခုတင် ရှာဖွေတွေ့ရှိသည်။ ယင်းသည် ဘုရားသခင်ထံမှ စစ်မှန်သော ဉာဏ်အလင်းပေးခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရသည်”ဟု ချင့်ချိန်စဉ်းစားကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ချိုမြိန်သော အရသာအနည်းငယ်ကိုလည်း တွေ့ကြုံကြရသည်။ သို့ရာတွင် တစ်နေ့တွင် ထိုလူသည် အမှတ်တမဲ့ အလိမ်အညာတစ်ခုကို တစ်ဖန် ပြောမိ၏။ ၎င်းတို့သည် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုကို ရှာဖွေလျက် တစ်ဖန် ဘုရားသခင်ထံ ဆုတောင်းကြသည်။ ထို့အပြင် ၎င်းတို့ စကားပြောသည့်အခါ အဘယ်ကြောင့် ကွယ်ဝှက်ထားသည့် ကြံရွယ်ချက်အမြဲရှိကြသည်ဆိုသည်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအစား မိမိတို့ကိုယ်ပိုင် ဝင့်ဝါမှုနှင့် မာနကို အဘယ်ကြောင့် ၎င်းတို့ အမြဲစဉ်းစားကြသည်ဆိုသည်တို့ကို ၎င်းတို့ သုံးသပ်ကြလေသည်။ သုံးသပ်ပြီးနောက်တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် သိနားလည်မှုအချို့ ရရှိကြပြီး မိမိတို့ကိုယ်ကို စတင် စက်ဆုပ်လာကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး ကြိုးပမ်းရန်အတွက် ဤသို့ဆက်လက် လုပ်ဆောင်ကြသည်။ သုံးနှစ်မှ ငါးနှစ်ထိကြာပြီးနောက်တွင် ၎င်းတို့၏ အလိမ်အညာများသည် ဧကန်အမှန် နည်းသည်ထက်နည်းပါးလာပြီး ၎င်းတို့တွေးသည့်အရာကို ၎င်းတို့ ပြောဆိုပြီး ရိုးသားစွာ ပြုမူနေထိုင်သည့် အကြိမ်အရေအတွက် တိုးလာခဲ့သည်။ ၎င်းတို့၏ စိတ်နှလုံးသည် တဖြည်းဖြည်း သာ၍ ဖြူစင်လာကာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း တိုး၍ ပါရှိလာလေသည်။ ဘုရားသခင်၏ မျက်မှောက်တွင် အသက်ရှင်ရင်း အချိန်သာ၍ သာ၍ ကုန်ဆုံးကြပြီး ၎င်းတို့၏ အခြေအနေသည် သာ၍ သာ၍ ပုံမှန် ဖြစ်လာကြသည်။ ဤသည်မှာ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းကို တွေ့ကြုံရသည့်အခါ မကြာခဏ လိမ်ညာသူတစ်ဦး၏ စစ်မှန်သော အခြေအနေ ဖြစ်သည်။ သို့ဆိုလျှင် ဤလူသည် ယခုတွင် လိမ်ညာနေသေးသလော။ ၎င်းတို့သည် လိမ်ညာနိုင်စွမ်း ရှိကြသေးသလော။ ၎င်းတို့သည် ရိုးသားသော လူတစ်ဦး အမှန်တကယ် ဖြစ်ကြသလော။ ရိုးသားသော လူတစ်ဦးဖြစ်သည်ဟု ဆို၍ မရနိုင်ပေ။ ၎င်းတို့သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းအား လက်တွေ့လုပ်ဆောင်သည့် ဖြစ်စဉ်တွင် ရှိကြသော်လည်း ရိုးသားသော လူတစ်ဦးအဖြစ်သို့ လုံးဝ ပြောင်းလဲခြင်း မရှိကြသေးဟုသာ ဆိုနိုင်ပေသည်။ တစ်နည်းအားဖြင့် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသည့် လူတစ်ဦး ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသည့် လူတစ်ဦးကို သမ္မာတရားကို ချစ်သော လူတစ်ဦးအဖြစ် ပြော၍ရနိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြပြီးဖြစ်ကာ အမှန်တရားများ ထုတ်ဖော်ပြခံရပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သမ္မာတရား ချစ်သောလူတစ်ဦးအဖြစ် သတ်မှတ်ရန်မှာ သဘာဝကျသည် မဟုတ်လော။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းအား လက်တွေ့လုပ်ဆောင်နေခဲ့စဉ်တွင် ၎င်းတို့သည် ရိုးသားစစ်မှန်ပြီး ပွင့်လင်းသည့် မိတ်သဟာယကို ချက်ချင်း လက်တွေ့မလုပ်ဆောင်နိုင်ကြပေ၊ သို့မဟုတ် ၎င်းတို့အတွင်းရှိ ကွယ်ဝှက်ထားသည့် အရာရာကို သံသယကင်းမဲ့စွာ မဖော်ထုတ်နိုင်ကြချေ။ ၎င်းတို့သည် အချို့သော အရာများကို ထိန်ချန်ထားကြဆဲဖြစ်ပြီး သတိရှိစွာ ရှေ့ဆက်တိုးရန် ကြိုးစားကြ၏။ သို့ရာတွင် ၎င်းတို့၏ ကြိုးပမ်းမှုများနှင့် အတွေ့အကြုံများမှတစ်ဆင့် ရိုးသားစွာ ၎င်းတို့ အသက်ရှင်လေ၊ ၎င်းတို့ သာ၍ စိတ်ချမ်းသာလေဖြစ်ကြောင်း၊ စိတ်၏ အေးချမ်းမှု ၎င်းတို့ရှိလေဖြစ်ကြောင်း၊ ကြီးမားသည့် အခက်အခဲများ မရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သာ၍ လွယ်ကူလေ ဖြစ်ကြောင်းကို ၎င်းတို့ သဘောပေါက်ကြလေသည်။ ထိုအခါမှသာ ၎င်းတို့သည် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်း၏ ချိုမြိန်မှုကို မြည်းစမ်းရပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်း တိုးပွားခြင်း ဖြစ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက မည်သည့်အရာဖြစ်သည်ကို တွေ့ကြုံခြင်းအားဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ရုံသာမက ၎င်းတို့၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုလည်း တွေ့ကြုံကြလေသည်။ တစ်ချိန်တည်းတွင် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် သာ၍ ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရရှိကြလေသည်။ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းသည် ခက်ခဲလွန်းခြင်း မရှိသည်ကို ၎င်းတို့ ခံစားမိကြသည်။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ ယုတ္တိတန်ပြီး ရယူနိုင်သောအရာဖြစ်သည်ကို ၎င်းတို့ မြင်ကြကာ ဘုရားသခင်၏ အမှုတော်အပေါ် သိနားလည်မှုအချို့ ရရှိကြသည်။ ဤအရာအားလုံးသည် အပို အကျိုးကျေးဇူးတစ်ခု မဟုတ်ဘဲ ထို့ထက် လူတစ်ဦးက ၎င်းတို့၏ အသက်ဝင်ရာက်မှု ခရီးစဉ်တွင် ရရှိသင့်သောအရာတစ်ခု ဖြစ်ပြီး ထိုအရာကို ၎င်းတို့ ရရှိနိုင်စွမ်း ရှိကြလေသည်။

ဒုတိယဥပမာမှာ လိမ်ညာရသည်ကို နှစ်သက်သည့် လူတစ်ဦးအကြောင်း ဖြစ်သည်။ ထိုအရာမှာ ၎င်းတို့၏ သဘာဝတွင် ရှိ၏။ ၎င်းတို့ စကားမပြောသည့်အခါ အဆင်ပြေသော်လည်း ၎င်းတို့၏ နှုတ်ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စကားက မသမာမှုများနှင့် ပြည့်နေ၏။ ဤအရာကို ၎င်းတို့ တမင်တကာ လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ အတိုချုပ်ပြောရလျှင် ၎င်းတို့ ပြောသည့်အရာ အများစုကို ယုံကြည်၍မရပေ။ တစ်နေ့တွင် အလိမ်အညာတစ်ခု ပြောဆိုပြီးနောက် ၎င်းတို့က “အလိမ်အညာပြောဆိုခြင်းသည် မှားယွင်းပြီး ထိုအရာကို ဘုရားသခင် မနှစ်သက်ပါ။ ငါလိမ်သည်ကို လူတို့ သိသွားပါက ငါ သိက္ခာကျမည်။ သို့ရာတွင် တစ်စုံတစ်ဦးက ငါ လိမ်ညာသည်ကို သတိပြုမိခဲ့သည့်အလား ထင်ရသည်။ ကောင်းပြီ၊ ယင်းကို ငါ အလွယ်တကူ စီမံနိုင်သည်။ သူတို့၏ သတိထားမှု လျော့စေရန်၊ သူတို့ကို အထင်အမြင်မှားစေပြီး ငါ၏ အလိမ်အညာများကို မရိပ်စားမိနိုင်စေရန်အလို့ငှာ နောက်ထပ် အကြောင်းအရာတစ်ခုကို ရှာပြီး မတူကွဲပြားသည့် အသုံးအနှုန်းကို သုံးလိုက်မည်။ ယခု ယင်းသည် သာ၍ပင် လိမ္မာပါးနပ်သည် မဟုတ်ပါလား”ဟု တွေးဆကြသည်။ ထို့နောက် ၎င်းတို့၏ ယခင် အလိမ်အညာကို ဖုံးဖိပြီး ဟာကွက်များကို ဖာထေးရန် သာ၍ ကြီးမားသည့် အလိမ်အညာတစ်ခုကို ပြောဆိုကြလေသည်။ ယင်းက လူတို့ကို အောင်မြင်စွာ အထင်အမြင်မှားစေ၏။ ၎င်းတို့က “ငါ တော်လိုက်ပုံများ။ ဟာကွက်တစ်ခုမျှမရှိသည့် အလိမ်အညာတစ်ခု ငါ ပြောခဲ့ပြီး ဟာကွက်အချို့ ရှိလျှင်ပင် ထိုဟာကွက်တို့ကို ဖုံးဖိရန် ငါ တစ်ဖန် အလိမ်အညာ ပြော၍ရသည်။ လူအများစုက ငါ့ကို မရိပ်စားမိနိုင်ပါ။ အလိမ်အညာများ ပြောဆိုခြင်းသည် ကျွမ်းကျင်မှုလိုအပ်သည်”ဟု တွေးလျက် မိမိတို့ကိုယ်ကို ဟုတ်လှပြီဟု ဘဝင်ခိုက်ကာ စိတ်ကျေနပ်ကြလေသည်။ လူအချို့က “အလိမ်အညာများ ပြောဆိုခြင်းသည် ကြိုးစားအလုပ်လုပ်ရသည်။ အလိမ်အညာတစ်ခု ပြောပြီးနောက်တွင် ထိုအလိမ်အညာကို ဖုံးဖိရန် နောက်ထပ် အလိမ်အညာများစွာ ပြောရသည်။ အတွေးနှင့် အားထုတ်မှု များစွာ လိုအပ်သည်”ဟု ဆိုကြသည်။ သို့ရာတွင် ဤဆရာတစ်ဆူ လိမ်ညာသူက ထိုသို့ မခံစားရပေ။ ဤဖြစ်ရပ်တွင် ၎င်းတို့၏ အလိမ်အညာများက ဖော်ထုတ်မခံရပေ။ အခြားသူများကို လှည့်ဖြားရန် အလိမ်အညာတစ်ခုကို အောင်မြင်စွာ ၎င်းတို့ ပြောဆိုပြီးနောက်တွင် အဖော်ထုတ်ခံမည်ကို ၎င်းတို့ စိုးရွံ့သည့်အခါ ယခင် အလိမ်အညာကို ဖုံးဖိရန် တစ်ဖန် လိမ်ညာကြပြန်သည်။ ၎င်းတို့သည် ဂုဏ်ယူကြပြီး ၎င်းတို့ စိတ်နှလုံးတွင် အပြစ်ရှိသည့် စိတ်၊ သို့မဟုတ် မိမိကိုယ်ကို အပြစ်တင်မှု မရှိပေ။ ၎င်းတို့၏ အသိစိတ်သည် ထိခိုက်ခြင်းမရှိ။ ယင်းမှာ အဘယ်သို့ ဖြစ်နိုင်ရသနည်း။ လိမ်ညာခြင်းက ၎င်းတို့အတွက် မည်မျှအန္တရာယ်ရှိသည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့က ယခင်အလိမ်အညာများကို ဖုံးဖိရန် အလိမ်အညာများကို အသုံးပြုခြင်းသည် ၎င်းတို့၏ ပုံရိပ်ကို တိုးတက်ခွင့်ပေးပြီး အကျိုးကျေးဇူးများ ရရှိခွင့်ပေးသည်ဟု ယုံကြည်ကြသည်။ အခက်အခဲနှင့် ပင်ပန်းနွမ်းလျမှုရှိလင့်ကစား ထိုက်တန်သည်ဟု တွေးကြသည်။ ယင်းသည် သမ္မာတရားကို သိနားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ အရေးပါသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် အပြစ်ရှိသည့်စိတ် မခံစားရဘဲ အဘယ်ကြောင့် မကြာခဏ လိမ်ညာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့ စိတ်နှလုံးတွင် သမ္မာတရားအတွက် ခုံမင်မြတ်နိုးခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဝင့်ဝါမှု၊ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ တန်ဖိုးထားကြသည်။ အခြားသူများနှင့် မိတ်သဟာယတွင် မိမိတို့ စိတ်နှလုံးကို မည်သည့်အခါတွင်မျှ မဖွင့်ဟကြချေ။ ထိုအစား မိမိတို့၏ အလိမ်အညာများကို ဖုံးဖိရန် အယောင်ဆောင်သည့် သွင်ပြင်နှင့် တုပထားသောအသွင်ကို အသုံးပြုကြသည်။ ယင်းမှာ လူတို့နှင့် ၎င်းတို့ ဆက်ဆံပြီး ပါဝင်ပတ်သက်ကြပုံ ဖြစ်သည်။ အလိမ်အညာမည်မျှကို ၎င်းတို့ ပြောသည်ဖြစ်စေ၊ အလိမ်အညာမည်မျှကို ဖုံးဖိကြသည်ဖြစ်စေ၊ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည့် ရည်ရွယ်ချက်များကို ၎င်းတို့ မည်မျှ ကွယ်ဝှက်ထားကြသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်ရှိသည့်စိတ်၊ သို့မဟုတ် မသက်မသာဖြစ်ခြင်းကို မခံစားကြရပေ။ ယေဘုယျအားဖြင့် ပြောရလျှင် အသိစိတ်အချို့နှင့် လူ့သဘာဝအချို့ရှိသော လူတို့သည် အလိမ်အညာတစ်ခု ပြောပြီးနောက်တွင် စိတ်မသက်မသာ ဖြစ်ခြင်းကို ခံစားရမည်ဖြစ်ပြီး ထိုအရာကို စိတ်လျှော့လိုက်ရန် ခက်ခဲကြပေမည်။ အရှက်ရသည့် ခံစားချက်တစ်ခု ၎င်းတို့ ရှိကြမည်။ သို့ရာတွင် ဤလူသည် ဤသို့ မတွေးပေ။ အလိမ်အညာတစ်ခု ပြောပြီးနောက်တွင် ၎င်းက “ယနေ့တွင် နောက်ထပ် အလိမ်အညာတစ်ခုပြောပြီး ထိုလူအကို ငါ လှည့်စားခဲ့သည်။ ငါ အလွန် စိုးရိမ်ခဲ့သော်လည်း ၎င်းက ဘာကြောင့်မှန်းမသိ သတိပင်မထားမိကြပါ”ဟု ဆိုလျက် မိမိကိုယ်ကို ကျေနပ်နေလေသည်။ စဉ်ဆက်မပြတ် လိမ်ညာပြီး အလိမ်အညာများကို ဖုံးဖိရသည့် ဤဘဝကို ၎င်းတို့ မငြီးငွေ့ကြသလော။ ဤသည်မှာ မည်သည့် သဘာဝမျိုးဖြစ်သနည်း။ ယင်းမှာ နတ်ဆိုး၏ သဘာဝ ဖြစ်သည်။ နတ်ဆိုးများသည် နေ့တိုင်း လိမ်ညာကြ၏။ ၎င်းတို့သည် မသက်မသာဖြစ်သည့် ခံစားချက်၊ သို့မဟုတ် စိတ်ဆင်းရဲမှု တစ်ခုမျှမရှိဘဲ အလိမ်အညာများနှင့် ဘဝတစ်ခုကို အသက်ရှင်ကြ၏။ ၎င်းတို့အနေဖြင့် မသက်မသာဖြစ်ခြင်း၊ သို့မဟုတ် စိတ်ဆင်းရဲမှုကို ခံစားရပါက ၎င်းတို့ ပြောင်းလဲကြမည်ဖြစ်သော်လည်း လိမ်ညာခြင်းသည် ၎င်းတို့၏ သဘာဝဖြစ်သောကြောင့် စိတ်ဆင်းရဲမှုကို ၎င်းတို့ မခံစားရကြပေ။ ယင်းသည် ၎င်းတို့၏ သဘာဝတွင် ရှိ၏။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလိုအလျောက် ဖော်ပြသည့်အခါ ၎င်းတို့သည် ချုပ်တည်းမှု မပြသကဲ့သို့ မိမိကိုယ်ကို သုံးသပ်မှုတစ်ခုတလေမျှ မလုပ်ဆောင်ကြချေ။ အလိမ်အညာ မည်မျှ ၎င်းတို့ ပြောဆိုသည်ဖြစ်စေ၊ သို့မဟုတ် လှည့်ဖြားမှု မည်မျှ ကျူးလွန်သည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်ရှိသည့်စိတ် မခံစားရသကဲ့သို့ လိပ်ပြာမသန့် မဖြစ်ကြချေ။ ဘုရားသခင်က လူတို့စိတ်နှလုံး၏ အတွင်းကျကျ နေရာများကို စိစစ်ကြောင်း ၎င်းတို့ မသိကြချေ။ ၎င်းတို့ ယူထားသည့် တာဝန်ကိုလည်းကောင်း၊ အလိမ်အညာများ ပြောကာ လိမ်လည်လှည့်ဖြားစွာ ပြုမူပြီးနောက် ၎င်းတို့ ရရှိမည့် အပြစ်ဒဏ်ကိုလည်းကောင်း သဘောပေါက်ရန် ၎င်းတို့ ပျက်ကွက်ကြ၏။ ၎င်းတို့၏ အကြီးမားဆုံးသော အကြောက်တရားမှာ တစ်စုံတစ်ဦးက ၎င်းတို့၏ လှည့်ဖြားတတ်သည့် အကြံများကို ဖော်လိမ့်မည်ကိုဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အကြံများကို ဖုံးဖိရန် သာ၍ပင်များသည့် အလိမ်အညာများကို အားကိုးအားထား ပြုကြပြီး တစ်ချိန်တည်းတွင် မိမိတို့၏ အလိမ်အညာများနှင့် မိမိတို့ အဘယ်သူဖြစ်ကြောင်း အမှန်တရားကို ဖုံးကွယ်ရန် နည်းလမ်းအချို့၊ နည်းစနစ်အချို့ကို ရှာတွေ့ရန် ကြိုးစားရင်း မိမိတို့ကိုယ်ကို ခြေကုန်လက်ပန်းကျစေကြသည်။ ထိုသို့သောလူတစ်ဦးသည် ဖြစ်စဉ်တစ်ခုလုံးအတွင်းတွင် နောင်တလုံးဝ ရလေပြီလော။ အပြစ်တင်မှု၊ သို့မဟုတ် ဝမ်းနည်းမှု တစ်ခုတလေ ၎င်းတို့ ရှိကြသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲရန် စိတ်ဆန္ဒတစ်ခုတလေ ရှိကြသလော။ မရှိကြပါ။ အလိမ်အညာများ ပြောရန်၊ သို့မဟုတ် အလိမ်အညာများကို ဖုံးဖိရန်မှာ အပြစ်တစ်ခုမဟုတ်ကြောင်း၊ လူအများစုက ဤသို့ အသက်ရှင်ကြကြောင်း ၎င်းတို့ တွေးထင်ကြပြီး ပြောင်းလဲရန် ရည်ရွယ်ချက်မရှိကြချေ။ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းအတွက်မူ ၎င်းတို့က “ငါသည် စိတ်နှလုံးထဲမှ စကားပြောကာ အမှန်တရားကို ပြောရင်း ရိုးသားသော လူတစ်ဦး အဘယ်ကြောင့် ဖြစ်သင့်သနည်း၊ ယင်းကို ငါ မလုပ်။ ယင်းမှာ မိုက်မဲသူတို့အတွက်ဖြစ်ပြီး ငါသည် ထိုမျှ မမိုက်ပါ။ ငါသည် လိမ်ညာပြီး အဖော်ခံရမည်စိုးလျှင် ထိုအရာကို ဖုံးဖိရန် အခြား အကြောင်းပြချက်များနှင့် ဆင်ခြေများကိုသာ ရှာလိုက်မည်။ ငါသည် ရိုးသားစွာ စကားပြောနိုင်သည့် လူစားမျိုး မဟုတ်ပါ။ ထိုသို့ပြောပါက ငါသည် ငအတစ်ယောက် လုံးလုံး ဖြစ်မည်”ဟု မိမိတို့ စိတ်နှလုံးတွင် တွေးထင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံ၊ အသိအမှတ် မပြုကြချေ။ သမ္မာတရားကို အသိအမှတ်မပြုသော လူတို့သည် သမ္မာတရားကို မချစ်နိုင်ကြချေ။ ထိုသို့သော လူတစ်ဦး၏ အခြေအနေသည် အစမှသည် အဆုံးထိ မည်သည့်အရာ ဖြစ်သနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲရန် လိုလားခြင်းမရှိကြချေ။) အမှုအရာများကို ပြောင်းလဲရန် ၎င်းတို့၏ မလိုလားမှုသည် ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်မှ ထင်ရှားမြင်သာသော်လည်း ၎င်းတို့၏ စစ်မှန်သော အခြေအနေမှာ အဘယ်နည်း။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ကို အခြေခံအားဖြင့် ၎င်းတို့ ငြင်းပယ်ကြသည်။ သမ္မာတရား၏ တည်ရှိခြင်း၊ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် လူ၏ အဆုံးသတ်နှင့် အကြင်သူ၏ လုပ်ဆောင်ချက်များအတွက် အပြစ်ဒဏ်တစ်ခုစီအား ဘုရားသခင် ဆုံးဖြတ်ကြောင်းကိုလည်း ၎င်းတို့ ငြင်းပယ်ကြလေသည်။ ဤသည်မှာ မမြော်မြင်တတ်ခြင်း၊ မိုက်မဲခြင်းနှင့် ခေါင်းမာခြင်း ဖြစ်သည်။ ထိုသို့သော အတွေးသည် ၎င်းတို့၏ ခေါင်းမာသည့် အခြေအနေ၊ လုပ်ရပ်များနှင့် အပြုအမူများကို ဖြစ်စေသည်။ ဤအရာများသည် အကြင်သူ၏ သဘာဝ အနှစ်သာရမှ ထွက်ပေါ်လေသည်။ ယင်းမှာ ၎င်းတို့သည် အမှန်ပင် လှည့်ဖြားတတ်သော လူစားမျိုး ဖြစ်ပြီး ၎င်းတို့ မပြောင်းလဲနိုင်ကြပေ။ ထိုသို့သော လူများက သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြပြီး ထိုသမ္မာတရားအား နားမလည်နိုင်ကြသည့်အခါ လူအချို့က မယုံကြည်နိုင်လောက်အောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဖြစ် အမှန်တွင် ဤသို့သော လူများသည် ပုံမှန် လူ့သဘာဝကင်းမဲ့ပြီး ၎င်းတို့၏ အသိစိတ်သည် အလုပ်လုပ်ခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ် ကင်းမဲ့ကြ၏။ သမ္မာတရားနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ကြားသည်နှင့် ပုံမှန် လူ့သဘာဝနှင့် အသိစိတ်ရှိသည့် လူတစ်ဦးသည် အနည်းဆုံး မိမိကိုယ်ကို သုံးသပ်ကာ အမှန်ပင် နောင်တရမည်ဖြစ်သော်လည်း ဤလူသည် မှန်သော လမ်းခရီးကို ကြားပြီးနောက်တွင် မည်သည့် တုံ့ပြန်မှုမျှ မပြချေ။ ၎င်းသည် နှစ်ကာလများတစ်လျှောက် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပြောင်းလဲမှု အနည်းငယ်မျှမရှိဘဲ စာတန်၏ အတွေးအခေါ်အတိုင်း မလျှော့တမ်း အသက်ရှင်နေဆဲ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ် ကင်းမဲ့သည်။ ထိုသို့သော လူတစ်ဦးအတွက် ကယ်တင်ခံရရန် ခက်ခဲ၏။

ဤလူနှစ်မျိုးနှစ်စားထဲမှ မည်သည့်လူစားမျိုးကို ဘုရားသခင် ကယ်တင်သည်ဟု သင်တို့ ထင်သနည်း။ (ပထမအမျိုးအစားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ လိမ်ညာသော်လည်း သမ္မာတရားကို လက်ခံနိုင်ပြီး ရိုးသားသောကြောင့် ဖြစ်သည်။) လူတို့က ဤအရာကို မြင်ပြီး “ဘုရားသခင် ကယ်တင်သည့် လူတို့သည် မည်သို့များ အမြဲ လိမ်ညာကာ မှားယွင်းသည့်အရာကို လုပ်ဆောင်နိုင်နေဆဲ ဖြစ်သနည်း။ သူတို့သည် ဖောက်ပြန်ပျက်စီးသော လူများ ဖြစ်နေကြဆဲ မဟုတ်ပါလား။ သူတို့သည် ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် “ခြောက်ပြစ်ကင်းသဲလဲစင်” ဟူသော စကားလုံးကို ဤနေရာတွင် သုံးကြ၏။ ယင်းနှင့် ပတ်သက်၍ မည်သည့်အရာကို သင် တွေးထင်ပါသနည်း။ ဤသည်တို့မှာ ဘဝ၏ ပုံမှန်ကြီးထွားမှု ဖြစ်စဉ်ကို နားမလည်သည့် လူတစ်ဦး၏ စကားများ ဖြစ်သည်။ ဘုရားသခင်သည် အပြစ်အနာအဆာ မရှိသည့်လူများ၊ သို့မဟုတ် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်သောသူများကို မဟုတ်ဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများကို ကယ်တင်သည်။ လူအချို့သည် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကို ထုတ်ဖော်သည့်အခါ “ငါသည် ဘုရားသခင်ကို တစ်ဖန် အတိုက်အခံလုပ်မိပြီ။ ဘုရားသခင်ကို နှစ်များစွာ ငါယုံကြည်ပြီးဖြစ်ကာ မပြောင်းမလဲရှိနေဆဲဖြစ်သည်။ ဘုရားသခင်သည် မုချ ငါ့ကို မည်သို့မျှ အလိုမရှိတော့ပါ”ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့သည် မျှော်လင့်ချက်မဲ့မှုကို ကျိတ်မှိတ်လက်ခံကာ သမ္မာတရားကို လိုက်စားရန် မလိုမလား ဖြစ်လာကြသည်။ ဤသဘောထားကို သင် မည်သို့ တွေးထင်သနည်း။ ၎င်းတို့ကိုယ်တိုင်သည် သမ္မာတရားအပေါ် လက်လျှော့ထားကြပြီး ဘုရားသခင်သည် ၎င်းတို့ကို အလိုမရှိတော့ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် အထင်လွဲခြင်းတစ်ခု မဟုတ်လော။ ထိုသို့သော အပျက်သဘောဆောင်ခြင်းသည် စာတန်၏ အသုံးချခြင်းခံရရန် အလွယ်ကူဆုံးသော နည်းလမ်း ဖြစ်သည်။ စာတန်က “အသင် ငမိုက်သား။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိုသော်လည်း သင်သည် ဤကဲ့သို့ ဆင်းရဲဒုက္ခ ခံစားနေဆဲပါတကား။ ထို့ကြောင့် လက်သာလျှော့လိုက်ပါ။ သင်လက်လျှော့ပါက ဘုရားသခင် သင့်ကို ဖယ်ရှားရှင်းလင်းလိမ့်မည်၊ ယင်းမှာ သင့်ကို ငါ့ထံ လက်လွှဲပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ငါသည် သင့်ကို သေသည်အထိ ညှဉ်းဆဲမည်”ဟု ဆိုလျက် ၎င်းတို့ကို လှောင်ပြောင်၏။ စာတန် အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များက မတွေ့ဝံ့စရာဖြစ်လိမ့်မည်။ ထို့ကြောင့် လူတစ်ဦးသည် မည်သည့် အခက်အခဲများ၊ သို့မဟုတ် အပျက်သဘောကို ရင်ဆိုင်ရသည်ဖြစ်စေ ၎င်းတို့ လက်လျှော့၍ မဖြစ်ပေ။ ဖြေရှင်းချက်များအတွက် သမ္မာတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး မလှုပ်မယှက် မစောင့်ဆိုင်းရ။ ဘဝ၏ ကြီးထွားမှု ဖြစ်စဉ်နှင့် လူသား ကယ်တင်ခြင်း လမ်းကြောင်းအတွင်းတွင် လူတို့သည် တစ်ခါတစ်ရံ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ကောင်း လျှောက်နိုင်သည်၊ သွေဖည်နိုင်သည်၊ သို့မဟုတ် ဘဝတွင် မရင့်ကျက်သည့် အခြေအနေနှင့် အပြုအမူများကို ထုတ်ဖော်ပြကောင်းပြနိုင်သည်။ ၎င်းတို့တွင် အားနည်းပြီး အပျက်သဘောဆောင်သည့် အချိန်များ၊ မှားယွင်းသည့်အရာများကို ပြောဆိုမိသည့်၊ မှောက်မှားမိသည့် အချိန်များ၊ သို့မဟုတ် ကျရှုံးမှုကို တွေ့ကြုံရသည့် အချိန်များ ရှိကောင်းရှိနိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အမြင်တွင် ပုံမှန်ဖြစ်၏။ သူသည် ထိုအရာကြောင့် ၎င်းတို့အား ဗွေမယူပေ။ လူအချို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးမှု အလွန် နက်ရှိုင်းပြီး ဘုရားသခင်ကို မည်သည့်အခါတွင်မျှ စိတ်မကျေနပ်စေနိုင်ဟု တွေးထင်ကြသောကြောင့် ဝမ်းနည်းပူဆွေးကာ မိမိတို့ကိုယ်ကို စက်ဆုပ်ရွံ့ရှာကြသည်။ ဤကဲ့သို့ နောင်တရသော စိတ်နှလုံးရှိသူများသည် ဘုရားသခင် ကယ်တင်သည့်သူများ အတိအကျဖြစ်လေသည်။ တစ်ဖက်တွင်မူ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ မလိုအပ်ဟု ယုံကြည်သူများ၊ ၎င်းတို့သည် လူကောင်းများဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်အရာမျှ မမှားယွင်းဟု တွေးထင်သူများသည် ဘုရားသခင် ကယ်တင်နေကျဖြစ်သည့် သူများမဟုတ်ပေ။ ငါ သင်တို့ကို ပြောပြနေသည့်အရာ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အဘယ်နည်း။ နားလည်သည့်သူမည်သူမဆို ထုတ်ပြောကြလော့။ (သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းများကို ကောင်းမွန်စွာ ကိုင်တွယ်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်လော့။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ သင်သည် ဘုရားသခင်ကို တစ်စိုက်မတ်မတ် အထင်လွဲပါက မျှော်လင့်ချက်မဲ့ခြင်းကို အလွယ်တကူ လက်ခံမိလိမ့်မည်။) သင်သည် ယုံကြည်ချက်ရှိရမည်ဖြစ်ပြီး “ယခုအချိန်တွင် ကျွန်ုပ် အားနည်းပြီး မှောက်မှားကာ ကျရှုံးသော်ငြားလည်း ငါကြီးထွားလိမ့်မည်ဖြစ်ပြီး တစ်နေ့တွင် သမ္မာတရားကို နားလည်လိမ့်မည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေလိမ့်မည် ဖြစ်ပြီး ကယ်တင်ခြင်းကို ရရှိလိမ့်မည်”ဟု ပြောရမည်။ သင်သည် ဤဆုံးဖြတ်ချက် ရှိရမည်။ မည်သည့် ဆုတ်ဆိုင်းမှုများ၊ အခက်အခဲများ၊ ကျရှုံးမှုများ၊ သို့မဟုတ် ချွတ်ချော်မှုများကို သင်ကြုံရသည်ဖြစ်စေ အပျက်သဘောမဆောင်ရ။ မည်သည့်လူစားမျိုးကို ဘုရားသခင် ကယ်တင်ကြောင်း သင်သိရမည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန် အရည်အချင်းမပြည့်မီသေးကြောင်း ခံစားရပါက၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အခြေအနေများတွင်ဖြစ်စေ၊ မနှစ်သက်သည့် အခြေအနေများတွင်ဖြစ်စေ သင် ရှိနေသည့် ဖြစ်ရပ်များရှိပါက၊ သို့မဟုတ် ညံ့ဖျင်းစွာ သင် ပြုမူသကဲ့သို့ ဘုရားသခင်က သင့်ကို လက်မခံသည့်အချိန်များဖြစ်စေ၊ သင့်ကို ပစ်ပစ်ခါခါငြင်းသည့် အချိန်များဖြစ်စေ ရှိပါက ကိစ္စမရှိပါ။ ယခုတွင် သင် သိပြီဖြစ်ပြီး ယင်းမှာ အလွန်နောက်မကျချေ။ သင်နောင်တရသရွေ့ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးလိမ့်မည်။

ဘုရားသခင်ကို ယုံကြည်သည့်အခါ မည်သည့်အရာ အရေးကြီးဆုံး ဖြစ်သနည်း။ (သမ္မာတရားကို သိနားလည်ခြင်းနှင့် အသက် ဝင်ရောက်မှု ရှိခြင်း ဖြစ်သည်။) မှန်၏၊ အသက် ဝင်ရောက်ခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်သည်။ ဦးစားပေးဖြစ်၏။ သင် မည်သည့်တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ သင် မည်မျှ အသက်အရွယ် အိုမင်းသည်ဖြစ်စေ၊ ဘုရားသခင်ကို အချိန်မည်မျှကြာ သင်ယုံကြည်ခဲ့သည်ဖြစ်စေ၊ ပြီးလျှင် သမ္မာတရား မည်မျှကို သင်နားလည်သည်ဖြစ်စေ၊ အသက် ဝင်ရောက်ခြင်းသည် ဦးစားပေးဖြစ်၏။ “လူအချို့သည် ဘုရားသခင်ကို အနှစ်နှစ်ဆယ်ကြာ ယုံကြည်ပြီးဖြစ်သော်လည်း ငါသည် ငါးနှစ်ကြာသာ ယုံကြည်ပြီးလေပြီ။ ငါသည် သူတို့နောက်တွင် အတော်ဝေးဝေးကျန်လေပြီ။ ကယ်တင်ခံရဖို့ ငါ့အတွက် မျှော်လင့်ချက် ရှိပါသေးသလား။ ငါသည် အတော်ဝေးဝေး နောက်ကျကျန်နေပြီလား”ဟု မတွေးနှင့်။ နှစ်အနည်းငယ် နောက်ကျပြီးမှ ယုံကြည်ခြင်းသည် ပြဿနာကြီးတစ်ခု မဟုတ်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်ပါက ဘုရားသခင်ကို စောစော ယုံကြည်ခဲ့သူများကို သင်အမီလိုက်နိုင်ဆဲ ဖြစ်သည်။ ကျမ်းစာက “နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၉:၃၀) ဟု ပြောသည် မဟုတ်လော။ လူတစ်ဦးသည် သမ္မာတရား မလိုက်စားခြင်းအတွက် အကြောင်းပြချက်များကို အမြဲရှာပါက ၎င်းတို့ တစ်ဘဝလုံး ယုံကြည်လျှင်ပင် အချည်းနှီးဖြစ်လိမ့်မည်ဖြစ်ပြီး မည်သည့်အရာမျှ ရရှိကြလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်ကို အနှစ်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်ကြာ ယုံကြည်ခဲ့ကြသော်လည်း ၎င်းတို့၏ တာဝန်များကို စံနှုန်းပြည့်မီအောင် မထမ်းဆောင်ခဲ့ကြသကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ကြရသည့် လူများစွာရှိသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အမြဲ လိုက်စားပြီး၊ အယောင်ဆောင်များနှင့် အန္တိခရစ်များဖြစ်လာကြကာ ဖယ်ရှားရှင်းလင်းခံရသည့် လူများစွာရှိ၏။ သမ္မာတရားကို လက်ခံရန် ခေါင်းမာစွာ ငြင်းပယ်ပြီး အားလုံးဖယ်ရှားရှင်းလင်းခံရသည့် မယုံကြည်သူများစွာရှိ၏။ ဤသည်မှာ အမှန်တရားတစ်ခုလော။ (ဟုတ်ပါသည်။) ထို့အပြင် သုံးနှစ်မှ ငါးနှစ်ထိသာ ယုံကြည်ပြီးနောက် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောဆိုနိုင်သည့် သူအချို့ရှိ၏။ ၎င်းတို့၏ သက်သေခံချက်များနှင့် ယုံကြည်ခြင်းတို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးသူများထက် အလွန်သာလွန်လေသည်။ ဤလူများသည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိကြပြီး ဖြစ်သည်။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီး သမ္မာတရားကို လုံးဝ မလိုက်စားသကဲ့သို့ ဖယ်ရှားရှင်းလင်းခံရပြီးဖြစ်သည့် လူများစွာရှိ၏။ ဤအရာက အချက်တစ်ချက်ကို လူတို့အဖို့ ရှင်းသွားစေသည်။ ဘုရားသခင်သည် လူတိုင်းအဖို့ ဖြောင့်မတ်ကာ တရားမျှတခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယခင်က သင် မည်သို့ဖြစ်ခဲ့သည်၊ သို့မဟုတ် သင်၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုကို မကြည့်ပေ။ သူသည် သမ္မာတရားကို သင် လိုက်စားခြင်း ရှိမရှိနှင့် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို သင် လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်သည်။ သင်သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ အထင်လွဲ၍မဖြစ်သကဲ့သို့ “ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်သူတို့သည် အဘယ်ကြောင့် လိမ်ညာကာ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်နိုင်သေးသနည်း။ မလိမ်ညာသောသူတို့ကို ဘုရားသခင် ကယ်တင်သင့်သည်”ဟု မပြောရပေ။ ဤသည်မှာ အတွေးမှားတစ်ခု မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် မလိမ်ညာသောသူ တစ်ဦးတလေ ရှိသလော။ မလိမ်ညာသည့် လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်သေးသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ဘုရားသခင် ကယ်တင်သောသူများ ဖြစ်၏။ ဤအချက်ကိုပင် ရှင်းလင်းစွာ သင် နားမလည်နိုင်ပါက သင်သည် မသိနားမလည်ဖြစ်ကာ မိုက်မဲလေသည်။ ဘုရားသခင်က “ဤမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ၊ ဖြောင့်မတ်သူများ ဤလောကထဲတွင်မရှိ”ဟူ ဆိုခဲ့သည့်အတိုင်းသာ ဖြစ်သည်။ ဘုရားသခင်သည် ဤဖောက်ပြန်သည့် လူသားများကို ကယ်တင်ရန် ကမ္ဘာမြေပေါ် လူ့ဇာတိခံခဲ့သည်မှာ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသောကြောင့် အတိအကျဖြစ်ပေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ကောင်းကင်တမန်များကို ကယ်တင်ခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောဆိုသနည်း။ ယင်းမှာ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံတွင်ရှိကြပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရကြရလေသောကြောင့် ဖြစ်သည်။ ဘုရားသခင်က “ငါ ကယ်တင်သည့် လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်၊ စာတန်၏ လက်မှ ပြန်လည်ရယူခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပိုင်ဆိုင်သည့် လူသားမျိုးနွယ်၊ ငါ့ကို ဆန့်ကျင်သည့်၊ ငါ့ကို အတိုက်အခံလုပ်ပြီး ပုန်ကန်သည့် လူသားမျိုးနွယ် ဖြစ်၏”ဟု အစကတည်းမှ အမြဲ ပြောဆိုပြီးဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် လူတို့သည် ဤအမှန်တရားကို မရင်ဆိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အထင်လွဲကြသည် မဟုတ်လော။ ဘုရားသခင်ကို အထင်လွဲခြင်းသည် သူ့ကို အတိုက်အခံလုပ်ရန် အလွယ်ကူဆုံး လမ်းကြောင်းဖြစ်ပြီး ချက်ချင်း ဖြေရှင်းရမည်။ ဤပြဿနာကို ဖြေရှင်းရန် ပျက်ကွက်ခြင်းသည် သင့်အပေါ်ကို ဘုရားသခင်၏ ဘေးဖယ်ထားခြင်းခံရသည့် အကျိုးဆက် အလွယ်တကူ ဖြစ်ပေါ်နိုင်သည်နှင့်အမျှ အလွန်အန္တရာယ်များပေသည်။ လူတို့၏ အထင်လွဲမှုများသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် အမြစ်တွယ်၏။ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အမြဲ ဖက်တွယ်ပါက သမ္မာတရားကို လက်ခံရန် ငြင်းပယ်ဖို့ ဖြစ်နိုင်ဖွယ်အများဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို အထင်လွဲသည့်အခါ ဖြေရှင်းချက်အတွက် သမ္မာတရားကို မရှာဖွေပါက အကျိုးဆက်များကို သင်တို့ သိပေသည်။ ဘုရားသခင်က သင့်ကို မှောက်မှားခွင့်ပေးသည်၊ ကျရှုံးခွင့်ပေးပြီး အမှားများ ပြုလုပ်ခွင့်ပေးသည်။ သမ္မာတရားကို နားလည်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သူ၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်ရန်၊ သူ၏ ရည်ရွယ်ချက်များနှင့်အညီ အရာရာကို လုပ်ဆောင်ရန်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး လူတို့ ပိုင်ဆိုင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စစ်မှန်မှုကို စွမ်းဆောင်ရရှိရန် ဘုရားသခင်သည် သင့်အား အခွင့်အရေးများနှင့် အချိန်ကာလကို ပေးလိမ့်မည်။ သို့ရာတွင် ဘုရားသခင် အစက်ဆုပ်ဆုံးသော လူမှာ မည်သူနည်း။ မိမိတို့ စိတ်နှလုံးတွင် သမ္မာတရားကို သိလင့်ကစား လက်တွေ့လုပ်ဆောင်ဖို့ ဝေးစွ ထိုသမ္မာတရားကို လက်ခံရန် ငြင်းပယ်သည့်သူ ဖြစ်သည်။ ထိုအစား ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်နေကြဆဲဖြစ်သည့်တိုင် အခြားသူများကို အထင်အမြင်မှားစေပြီး ဘုရားအိမ်တော်တွင် ရာထူးတစ်ခု ရရှိရန်လည်း ကြိုးစားနေစဉ်တွင် မိမိတို့ကိုယ်ကို အတော် ကောင်းမြတ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံတတ်သည်ဟု ယူဆကြလေသည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အစက်ဆုပ်ဆုံးဖြစ်သည်၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်သည်။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသော်လည်း ဤလုပ်ရပ်များသည် မတူကွဲပြားသည့် သဘာဝတစ်ခုနှင့် သက်ဆိုင်ပေသည်။ ယင်းသည် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်း၏ ပုံမှန် ထုတ်ဖော်ပြခြင်းတစ်ခု မဟုတ်ပေ။ ထို့ထက် သင်သည် သတိရှိစွာနှင့် ခေါင်းမာစွာ အဆုံးထိ ဘုရားသခင်ကို အတိုက်အခံလုပ်လေသည်။ ဘုရားသခင် တည်ရှိကြောင်း သင် သိသည်၊ ဘုရားသခင်ကို သင်ယုံကြည်သည့်တိုင် သူ့ကို အတိုက်အခံလုပ်ရန် တမင်သက်သက် သင် ရွေးချယ်၏။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် အထင်လွဲခြင်း ပြဿနာတစ်ခု ရှိခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အဆုံးထိ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်လေသည်။ ဘုရားသခင်သည် ဤကဲ့သို့သော တစ်စုံတစ်ဦးကို ကယ်တင်နိုင်သလော။ ဘုရားသခင်သည် သင့်ကို မကယ်တင်ပေ။ သင်သည် ဘုရားသခင်၏ ရန်သူဖြစ်၏၊ ထို့ကြောင့် သင်သည် နတ်ဆိုးဖြစ်သည်။ နတ်ဆိုးများကို ဘုရားသခင် ကယ်တင်နိုင်သေးသလော။

ယနေ့ ငါ၏ မိတ်သဟာယနှင့် ပတ်သက်၍ သင်တို့ မည်သို့ ခံစားရသနည်း။ သင်တို့ နားလည်ကြသလော။ (ဟုတ်ကဲ့၊ နားလည်ပါသည်။) တစ်စုံတစ်ရာကို သင် နားလည်ပါက တစ်စုံတစ်ရာ သင် ရရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားထဲသို့ ဝင်ရောက်မှုအချို့ကို သင် ရရှိလိမ့်မည်။ သမ္မာတရားထဲသို့ သင်ဝင်ရောက်ပါက သင့်အသက်တာ ကြီးထွားလိမ့်မည် ဖြစ်သော်လည်း သမ္မာတရားထဲသို့ မဝင်ရောက်ပါက သင်၏ အသက်တာ ကြီးထွားလိမ့်မည် မဟုတ်။ ယင်းမှာ ရေလောင်းပေးရန်၊ မြေဩဇာကျွေးရန်နှင့် နေရောင်ထိတွေ့စေရန် လိုအပ်သည့် အစို့အညှောင့်ထွက်သော မျိုးစေ့တစ်စေ့ကဲ့သို့ ဖြစ်သည်။ သေချာစွာ ပြုစုပျိုးထောင်ခြင်း မရှိပါက ကြီးထွားမည် မဟုတ်သကဲ့သို့ နောက်ဆုံးတွင် ခြောက်သွေ့ညှိုးနွမ်းကာ သေဆုံးသွားလိမ့်မည်။ ဤအရာကို ငါ ပြောသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို နှုတ်ဖြင့် ဝန်ခံခြင်းနှင့် သင်၏ စိတ်နှလုံးတွင် ယုံကြည်ခြင်းမျှသည် ဘုရားသခင်ကို သိရှိရန်နှင့် သူ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီရန် မလုံလောက်ဟူ၍ ဖြစ်သည်။ ယင်းမှာ မသေချာပေ။ ယင်းသည် အခြေခံအဆင့်တစ်ခုသာ ဖြစ်သည်။ သင်သည် ကယ်တင်ခြင်း မရရှိသေး၊ မပြောင်းလဲသေးသကဲ့သို့ သွားရမည့် ခရီးဝေးနေဆဲ ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို လုံးဝ ကယ်တင်ရန် သမ္မာတရားများ ကြေညာသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ် စတင်ချိန်တွင် တကယ့် အစကတည်းမှ ဘုရားသခင်၏ ကယ်တင်ခံရမည့် အခွင့်အရေး ရှိနှင့်ပြီးသား ဖြစ်သည်။ ဤသည်မှာ ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ ဤအရာကို လက်လျှော့၍ မရပေ။ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ကို ဘုရားသခင် ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းသည် အလွန့်အလွန် ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်သည် မျိုးဆက်ထောင်ချီ အသက်ရှင်ပြီးဖြစ်သော်လည်း ယခင်က မည်သူမျှ ဤအခွင့်အရေးကို မရလေပြီ။ ကယ်တင်ခံရခြင်းသည် ကြီးမားသော ကိစ္စတစ်ခု ဖြစ်၏။ ဤအခွင့်အရေးကို သင်လွဲချော်၍ မရပေ။ သင်တို့၏ မျိုးဆက်သည် လူ့ဇာတိခံ ဘုရားသခင်ကို ကြုံကြရလေပြီ။ ဤသည်မှာ ကောင်းချီးတစ်ခု ဖြစ်သည်။ ဤကောင်းချီးသည် လောကီကမ္ဘာအဖို့ မမြင်နိုင်သော်လည်း သင်တို့သည် မြင်ကြပြီးဖြစ်ကာ မွေ့လျော်ကြပြီးဖြစ်သကဲ့သို့ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်၏။ လူအချို့သည် အမြင်များနှင့်ပတ်သက်၍ မရှင်းမလင်း ဖြစ်နေနိုင်သေး၏။ ၎င်းတို့သည် အယူဝါဒအချို့ကိုသာ သိနားလည်ကြသော်လည်း စစ်မှန်သည့် ယုံကြည်ခြင်း မရှိကြချေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရွတ်ခြင်းက ၎င်းတို့ စိတ်နှလုံးများကို ဉာဏ်အလင်းပွင့်စေသည်ဟုသာ ခံစားကြသောကြောင့် ယင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု ယုံကြည်ကာ ၎င်းတို့၏ စိတ်နှလုံးများက ခွန်အားရှိကြလေသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ ပျက်စီးခြင်း လမ်းကြောင်းဖြစ်စေ၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ဘာသာရေးသမားများ၏လမ်းကြောင်း ဖြစ်စေ မလျှောက်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ဘုရားသခင်နောက်သို့သာ လိုက်ရန်၊ သမ္မာတရားကို လိုက်စားရန်၊ ဖြူစင်မှုကို ရယူရန်၊ ကယ်တင်ခြင်းကို ရရှိပြီး ဘုရားသခင်နောက်လိုက်ခြင်း လမ်းကြောင်းကိုသာ လျှောက်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ထိုသို့သော စိတ်ဆုံးဖြတ်ချက်ရှိခြင်းသည် လူတို့အတွက် ကောင်းမွန်ပြီး မျှော်လင့်ချက်ရှိသည်ဟု ဆိုလိုပေသည်။ ဘုရားသခင်နောက်လိုက်ခြင်းသည် ဘုရားသခင်၏ ကွယ်ကာမှုနှင့်အတူ လာ၏။ အနည်းဆုံးအနေဖြင့် ယခုအချိန်၊ ဤဘဝတွင် ၎င်းတို့ ပျော်ရွှင်ကြလိမ့်မည်။ ၎င်းတို့သည် စာတန်၊ လူမှုအဖွဲ့အစည်း၊ သို့မဟုတ် လူသားမျိုးနွယ်၏ ထိခိုက်နစ်နာစေခြင်း ခံရတော့မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် လုံးလုံးနှင့် စစ်မှန်စွာ အသက်ရှင်ကြလိမ့်မည်။ ဤသည်မှာ ဤတစ်သက်တာတွင် ခံစားရနိုင်သည့် ဂုဏ်ယူဖွယ် ကိစ္စတစ်ခ့်ဖြစ်ပြီး ပျော်ရွှင်မှုတစ်ခု ဖြစ်သည်။ ယခုတွင် နောင်ဘဝနှင့်ပတ်သက်၍ အဘယ်သို့ ရှိသနည်း။ ဘုရားသခင်သည် ကတိတစ်ခု ပြုထားပြီး ဖြစ်သည်။ သင့်အား ကယ်တင်ခြင်း ပေးအပ်ခြင်းနှင့် သမ္မာတရားနှင့် အသက်ဖြင့် ထောက်ပံ့ပေးခြင်းအပြင် ဤဘဝတွင် အဆတစ်ရာ ပေးရန်နှင့် နောင်ဘဝတွင် ထာဝရအသက် ပေးရန်လည်း သင့်ကို သူ ကတိပေးသည်။ ထို့ကြောင့် ဤကိစ္စရပ်ကို လျှော့မတွက်နှင့်။ သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းကို ရရှိရန် သင် ပေးသည့် အဖိုးအခနှင့် သင် သည်းညည်းခံသည့် ဆင်းရဲဒုက္ခတို့သည် ခဏတာ ဖြစ်၏။ အနာဂတ်တွင် သမ္မာတရားကို လူတို့ သိနားလည်ပြီး ပိုင်ဆိုင်ကြသည့်အခါ ၎င်းတို့ မွေ့လျော်ခံစားသည့် ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ကောင်းချီးများသည် ပြောမပြနိုင်လောက်အောင် ဖြစ်နိုင်ပေသည်။ ဆိုလိုသည်မှာ သမ္မာတရားကို သင် နားလည်ပြီး ရရှိသည့်အခါတွင်သာ ဘုရားသခင်၏ ကတိတော်ကို ရရှိရန် အရည်အချင်း ပြည့်မီလိမ့်မည်။ ဘုရားသခင်သည် သင့်ကို သမ္မာတရားနှင့် အသက်၏ အထောက်အပံ့အားလုံးကို အခမဲ့ ပေးနေသည်။ ဘုရားသခင်က သင့်ကို ကယ်တင်နိုင်သည်မှာ မှန်သော်လည်း နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို သင် ရရှိခြင်း ရှိမရှိမှာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းအား သင်ရွေးချယ်ခြင်းရှိမရှိအပေါ် မူတည်ပေသည်။ ဤရွေးချယ်မှုကို ပြုလုပ်ရန်မှာ သင်၏ လက်တွင်ရှိသလော။ (ရှိပါသည်။) တစ်နည်းအားဖြင့် အသက်နှင့် သမ္မာတရားကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ ကတိတော်ကို ရရှိရန် သင် အရည်အချင်း ပြည့်မီခြင်းရှိမရှိနှင့် ကောင်းချီးမင်္ဂလာ၊ “ဤဘဝတွင် အဆတစ်ရာနှင့် နောင်ဘဝတွင် ထာဝရအသက်” နှင့်ဆိုင်သည့် ဤကောင်းချီးပေးခြင်းကို သင် ရရှိနိုင်ခြင်း ရှိမရှိသည် သင်၏ လက်တွင်ရှိသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အခြားမည်သူမျှက သင့်ကို လွှမ်းမိုး၍မရနိုင်၊ သင့်ကို ကူညီ၍မရနိုင်၊ သို့မဟုတ် သင့်ကို ဘောင်ခတ်၍မရနိုင်ပေ။ သင့်ထံတွင် ဤလုပ်ပိုင်ခွင့်ရှိ၏။ ဘုရားသခင်က သင့်ကို ပေးအပ်နှင့်ပြီး ဖြစ်သည်။ ယင်းသည် နောက်ဆုံးတွင် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်လှမ်းရန် သင် ရွေးချယ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ ဤသည်မှာ အရေးအပါဆုံးသော ကိစ္စရပ်ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။