သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည် (အပိုင်း တစ်)
သင်တို့ထဲမှ အများစုသည် ဘုရားသခင်ကို အနည်းနှင့်အများ ဆယ်နှစ်ကျော် ယုံကြည်ပြီးဖြစ်သောကြောင့် ယခုတွင် သင်တို့၏ အသက်အတွေ့အကြုံ၌ မည်သည့်အဆင့်တွင် ရောက်ရှိကြပြီနည်း။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ယခု မည်သည့် အဆင့်တွင် ရှိသနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စဉ်ဆက်မပြတ် ထုတ်ဖော်ပြနေသည်ကို ကျွန်ုပ်ကိုယ်ကျွန်ုပ် မြင်ရသည့်အခါ၊ ကျွန်ုပ်သည် ဘုရားသခင်၏လူတို့ထဲမှ တစ်ဦးမဟုတ်ဘဲ၊ အစေခံသူတစ်ဦးသာ ဖြစ်ရမည်ဟု စိတ်ဆုံးဖြတ်ထားသည်။ ထို့နောက်တွင် ကျွန်ုပ် အပျက်သဘောဆောင်လာပြီး၊ ကယ်တင်ခြင်းရရှိရန် ကျွန်ုပ် မသင့်တော်ဟု စိုးရိမ်လာခဲ့ပါသည်။) မိမိက အစေခံသူတစ်ဦးဖြစ်ကြောင်း ဆုံးဖြတ်ခြင်းနှင့်ပတ်သက်၍ ကြောက်ရွံ့လာခြင်းသည် သင်၏ ဝိညာဉ်ရင့်ကျက်မှုက ကလေးဆန်ပြီး မရင့်ကျက်သည့် လက္ခဏာတစ်ခု ဖြစ်သည်။ ဝိညာဉ်ရင့်ကျက်မှု ကလေးဆန်ခြင်းက ပြဿနာများကို ချိန်ဆပြီး စဉ်းစားရန် အကဲဖြတ်နိုင်စွမ်းမဲ့ခြင်း၊ ပုံမှန်အစွမ်းအစမဲ့ခြင်း၊ လူလားမြောက်သူတစ်ဦး၏ အတွေးလုပ်ငန်းစဉ်များ ကင်းမဲ့ခြင်းနှင့် မိမိ၏ အနာဂတ် အလားအလာများနှင့် ကံကြမ္မာ၏ ဘောင်ခတ်ခြင်းကို အမြဲခံရခြင်းအား ဆိုလိုပေသည်။ အခြား တစ်ဦးတလေက စကားအနည်းငယ် ပြောချင်သေးသလော။ (ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ရာတွင်၊ ကျွန်ုပ်၏ လမ်းကြောင်းမှ သွေဖည်သည့်အခါ၊ ဘုရားသခင်က ကျွန်ုပ်ကို ထုတ်ဖော်ပြကာ ဖယ်ရှားရှင်းလင်းမည်လောဟူသည်ကို စဉ်းစားလျက် ကျွန်ုပ် အမြဲ စိုးရိမ်ရပါသည်။) ဖယ်ရှားရှင်းလင်းခံရမည်ကို သင်တို့ အဘယ်ကြောင့် စိုးရွံ့ကြသနည်း။ “ဖယ်ရှားရှင်းလင်းခံရခြင်း”ဟု သင်တို့ သဘောထားသည့် ဤအရာသည် နောက်ဆုံး စိစစ်ရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ (မကောင်းသည့် အဆုံးသတ်သို့ ရောက်လာခြင်းဖြစ်သည်။) “ဖယ်ရှားရှင်းလင်းခံရခြင်း”ကို သင်၏ တာဝန်အား လုပ်ဆောင်ခွင့်မပေးခြင်း သို့မဟုတ် ကယ်တင်ခြင်းနှင့်သက်ဆိုင်၍ သင် ရှိနိုင်သည့် မည်သည့်အခွင့်အရေးမဆို ဆုံးရှုံးခြင်းကို ဆိုလိုခြင်းအဖြစ် သင် မှတ်ယူသည့်အခါ၊ ဖြစ်မည်ဟု သင် သတ်မှတ်ထားသည့် ဤအရာသည် ဘုရားသခင်က သင့်ကို မြင်သည့်ပုံစံနှင့်လည်းကောင်း၊ သင့်ကို သူ ဆက်ဆံသည့်ပုံစံနှင့်လည်းကောင်း အတူတူပင် ဖြစ်သလော။ ဝိညာဥ်ရင့်ကျက်မှု ကလေးဆန်သောသူများသည် ထုံးစံအတိုင်း အရာရာကို ဘုရားနှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားအတိုင်းထက် လူသား အယူအဆများနှင့် စိတ်ကူးများအရ ချဉ်းကပ်ကြလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ဘဝတွင် အရွယ်ရောက်ပြီး၊ ရင့်ကျက်သောသူတို့သည် အရာရာကို ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားနှင့်အညီ ချဉ်းကပ်ကြလိမ့်မည်ဖြစ်သည်။ ကိစ္စတစ်ခုကို ဤသို့ ဆန်းစစ်ခြင်းသည် များစွာ သာ၍ တိကျမှန်ကန်သည်။ မိမိတာဝန်ကို လုပ်ဆောင်နေချိန်တွင်၊ သွေဖည်မှုများနှင့် အခက်အခဲများထဲ ကျရောက်ရန်မှာ ဖြစ်လေ့ဖြစ်ထရှိသောအရာဖြစ်သည်။ ပထမဆုံး အမှားတွင် အကြင်သူသည် ဖယ်ရှားရှင်းလင်းခံရမည်ဆိုလျှင်၊ မည်သူကမျှ မိမိတို့တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ မိမိတာဝန်ကို လုပ်ဆောင်ခြင်း၏ ဆိုလိုရင်းတစ်ခုလုံးမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဘုရားသခင်၏ တရားစီရင်ခြင်းအား တွေ့ကြုံခြင်းမှတစ်ဆင့် သန့်စင်ခြင်းခံရနိုင်ရန်၊ မိမိတာဝန်ကို လုပ်ဆောင်ရာတွင် သမ္မာတရားကို နားလည်ပြီး၊ စစ်မှန်မှုထဲသို့ ဝင်ရောက်လာနိုင်ရန်နှင့် မိမိတာဝန်ကို လုပ်ဆောင်ရာတွင် စာတန်၏ စွမ်းအားမှ ချိုးဖျက်လွတ်မြောက်ကာ ကယ်တင်ခြင်း ရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့အား မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင်၊ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေကာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပြဿနာများကို ဖြေရှင်းရမည့်နည်းအား သင်ယူရန် တောင်းဆိုရသည့် အကြောင်းရင်းဖြစ်သည်။ ဤသည်မှာ ဘဝ အတွေ့အကြုံတွင် လိုအပ်သော တိုးတက်မှုတစ်ခု ဖြစ်သည်။ သာမန် အခြေအနေများအောက်တွင်၊ မည်သူတစ်ဦးတစ်ယောက်ကမျှ အရာရာတွင် မကျွမ်းကျင်သကဲ့သို့ မည်သူတစ်ဦးကမျှ အားလုံးခြုံငုံသည့် ကျွမ်းကျင်မှုများမရှိသောကြောင့်၊ မိမိတာဝန်ကို လုပ်ဆောင်ရာတွင် အမှားရှောင်ရှားရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ တမင်ရည်ရွယ်သည့် အနှောင့်အယှက်ဖြစ်စေသော လုပ်ရပ်တစ်ခု မဟုတ်သရွေ့၊ ပုံမှန် မျှော်မှန်းထားသည့် အကန့်အသတ်ဘောင်များအတွင်းတွင် ရှိသည်။ သို့ရာတွင် ထိုအရာသည် လူသား လှည့်ကွက်မှတစ်ဆင့် ဖြစ်လာလျှင်၊ တမင်ရည်ရွယ်သော မကောင်းမှုတစ်ခုက ဖြစ်စေသည့် ကောင်းကျိုးမပြုသည့် အကျိုးဆက်တစ်ခုဖြစ်လျှင်၊ သက်ဆိုင်သည့် လူ၏ လူ့သဘာဝနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှားယွင်းပြီး၊ ထိုအရာမှာ တမင်ရည်ရွယ်သည့် နှောင့်ယှက်မှုနှင့် ဖျက်ဆီးခြင်း အခြေအနေတစ်ခု ဖြစ်ပေမည်။ ထိုအခါ ဆိုးယုတ်သည့်လူသည် လုံးဝ ပေါ်လွင်သွားပေမည်။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် အမြင်တွင် လူတို့အပေါ် မှန်ကန်သည့် အတိုင်းအတာနှင့် အကဲဖြတ်ချက်ကို လုပ်ဆောင်သည်။ ဆိုလိုသည်မှာ လူတစ်ဦးကို အသုံးပြုရာတွင်၊ ထိုသူကို တစ်စုံတစ်ရာ လုပ်ဆောင်စေရာတွင်၊ ဘုရားသခင်၌ ဤလူအနေဖြင့် ပြည့်မီရန် သူတောင်းဆိုသည့် စံနှုန်းများ ရှိမည်မှာ သေချာသည်။ ဘုရားသခင်သည် သင့်ကို မဟာလူသားဖြစ်ရန်၊ အရာရာတတ်စွမ်းနိုင်သူဖြစ်ရန် အလိုမရှိပေ။ ထို့ထက်၊ သူသည် သာမန်လူများ တတ်စွမ်းနိုင်မှုအတွင်းတွင် ရှိသောအရာပေါ်အခြေခံ၍ သင့်အပေါ် သူ တောင်းဆိုမှုများ ပြုလုပ်ပြီး သင့်ကို ဆက်ဆံပေးသည်။ သင် ပြင်ဆင်ထားသည့် အသိပညာ၊ သင်၏ အစွမ်းအစ၊ သင် အသက်ရှင်သည့် အခြေအနေများနှင့် သင်၏ လက်ရှိ အသက်အရွယ်၊ အတွေ့အကြုံကို ထောက်ရှု၍ သင်၏ တတ်စွမ်းနိုင်မှုအတွင်း တည်ရှိသည့် အရာအပါအဝင်၊ သင် ရရှိပြီးဖြစ်သည့် ထိုးထွင်းအမြင်များအားလုံးအရ၊ ဘုရားသခင်က သင်၏ ဆန်းစစ်မှုအတွက် အတိကျအမှန်ကန်ဆုံးနှင့် အသင့်တော်ဆုံး စံနှုန်းကို ချမှတ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ဆန်းစစ်မှုစံနှုန်းမှာ အဘယ်နည်း။ အမှုအရာများကို သင်လုပ်ဆောင်သည့်ပုံစံရှိ ကြံရွယ်ချက်၊ စည်းမျဉ်းများနှင့် ရည်မှန်းချက်များကို ဆန်းစစ်ရန်၊ ယင်းတို့က သမ္မာတရားနှင့် ကိုက်ညီခြင်းရှိသလောဟူသည်ကို ကြည့်ရန်ဖြစ်သည်။ သင်လုပ်ဆောင်သည့်အရာက အခြားလူများက သင့်အတွက် သတ်မှတ်သည့် စံနှုန်းများနှင့် ကိုက်ညီကောင်းကိုက်ညီနိုင်ပြီး၊ ဤအတွက် ပြီးပြည့်စုံသည့် ရမှတ်တစ်ခုကို သင် ရသင့်ပေသည်။ သို့သော် ဘုရားသခင်က သင့်ကို မည်သို့ သုံးသပ်သနည်း။ ဘုရားသခင် သင့်ကို အကဲဖြတ်သည့် စံနှုန်းမှာ သင့်အနေဖြင့် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနှင့် ကိုယ်စွမ်းရှိသမျှ သင် ပေးနိုင်စွမ်းရှိမရှိ၊ သင်၏ အရာအားလုံးကို သင် ပေးနိုင်သည့် အဆင့်သို့ ရောက်နိုင်ခြင်းရှိမရှိ၊ သင်၏ သစ္စာစောင့်သိမှုကို ပေးနိုင်ခြင်းရှိမရှိဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဆန်းစစ်ခြင်း စံနှုန်းဖြစ်သည်။ သင်၏ အရာအားလုံးကို သင် ပေးအပ်ပူဇော်နှင့်ပြီးဖြစ်လျှင်၊ ဘုရားသခင်က သင့်ကို စံနှုန်းပြည့်မီပြီးသားအဖြစ် မြင်လိမ့်မည်။ လူတို့အပေါ် ဘုရားသခင် ပြုလုပ်သည့် တောင်းဆိုချက်များအားလုံးသည် ပြည့်မီရန် ၎င်းတို့၏ တတ်စွမ်းနိုင်မှုအတွင်းတွင်ရှိပြီး၊ ၎င်းတို့ လက်လှမ်းမမီသည့်နေရာတွင် မရှိပေ။
တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်ကို ထုတ်ဖော်ပြဖို့၊ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့ အရေးကိစ္စအချို့ကို အသုံးပြုသည်။ သို့ဆိုလျှင် ဤသည်မှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏အဆုံးသတ်သည် ရောက်လာပြီး ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။ ယင်းမှာ ကလေးတစ်ယောက်သည် မနာခံဘဲ အမှားပြုထားသည့်အခါကဲ့သို့ ဖြစ်သည်။ သူ၏မိဘများသည် သူ့ကို ပြစ်တင်ပြောဆိုပြီး အပြစ်ဒဏ်ပေးနိုင်သော်လည်း သို့သော် သူသည် သူ့မိဘများ၏ ရည်ရွယ်ချက်ကို သဘောမပေါက်နိုင်လျှင်၊ သို့မဟုတ် သူ၏မိဘများက အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်နေသည်ကို နားမလည်နိုင်လျှင်၊ သူသည် ၎င်းတို့၏ ရည်ရွယ်ချက်ကို နားလည်မှုလွဲလိမ့်မည်။ ဥပမာ မိဘများက ကလေးကို “အိမ်ကနေ တစ်ယောက်ထဲ မထွက်နဲ့။ အပြင်ကို ကိုယ့်ဘာသာ မသွားနဲ့” ဟု ပြောကောင်းပြောနိုင်သော်လည်း ကလေးသည် ဤအရာကို တစ်ဖက်နားမှ ဝင်၍ တစ်ဖက်နားတွင် ထွက်သွားပြီး မည်သို့ပင်ဖြစ်စေ တစ်ယောက်တည်း ခိုးထွက်သွားသည်။ မိဘများက သိသွားသည်နှင့် ကလေးကို ဆူပြီး အပြစ်ဒဏ်အနေဖြင့် သူ၏ အပြုအမူကို သုံးသပ်ဆင်ခြင်ရန် အခန်းထောင့်တွင် ရပ်ခိုင်းသည်။ သူ့မိဘများ၏ ရည်ရွယ်ချက်များကို နားမလည်ဘဲ ကလေးက သံသယများရှိလာသည်။ “ငါ့မိဘတွေက ငါ့ကို မလိုချင်တော့ဘူးလား။ ငါက တကယ် သူတို့ရဲ့ ကလေးဟုတ်ရဲ့လား။ ငါက သူတို့၏ ကလေး အမှန်တကယ် မဟုတ်လျှင်၊ ငါ့ကို မွေးစားထားတာလား” ဟူ၍ ဖြစ်သည်။ ဤအရာများက သူ တွေးတောသော အရာများဖြစ်သည်။ မိဘများ၏ တကယ့် ရည်ရွယ်ချက်များက အဘယ်နည်း။ မိဘများက ယင်းမှာ လုပ်ဆောင်ရန် အလွန်အန္တရာယ်များသည်ဟု ဆိုပြီး ၎င်းတို့ကလေးကို မလုပ်ဆောင်ရန် ပြောသည်။ သို့သော် ကလေးက နားမထောင်ဘဲ တစ်ဖက်နားမှဝင်၍ တစ်ဖက်နားမှ ထွက်သွားသည်။ ထို့ကြောင့် မိဘများက ၎င်းတို့၏ ကလေးကို သင့်လျော်စွာ ပညာပေးပြီး သူ၏ အမှားများမှ သင်ယူစေရန်အတွက် အပြစ်ဒဏ်ပေးသည့် ပုံစံတစ်ခုခုကို အသုံးပြုဖို့ လိုသည်။ ဤသို့လုပ်ဆောင်ရာတွင် မိဘများက ရရှိလိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ ကလေးကို သူ၏ အမှားများမှ သင်ယူစေရန်အတွက်သာ ဖြစ်သလော။ ဤကဲ့သို့ သင်ယူခြင်းမျိုးသည် ၎င်းတို့အဆုံးစွန် ရရှိလိုသော အရာမဟုတ်ပေ။ ဤအရာကို လုပ်ဆောင်ရာတွင် မိဘများ၏ ရည်မှန်းချက်မှာ ကလေးအား ပြောထားသည့်အတိုင်း လုပ်ဆောင်စေရန်၊ မိမိတို့၏ အကြံနှင့်အညီ ပြုမူစေရန်နှင့် ၎င်းတို့ကို စိုးရိမ်စေဖို့ မနာခံသည့်အရာ မည်သည့်အရာကိုမျှ မလုပ်ဆောင်စေရန် ဖြစ်သည်။ ဤအရာက လိုချင်သည့် အကျိုးတရားဖြစ်ပေမည်။ ကလေးက သူ၏ မိဘများစကားကို နားထောင်လျှင်၊ ထိုအရာက သူသည် သိနားလည်မှုတွင် ရင့်ကျက်သည်ကို ပြသပြီး၊ ထို့နောက်တွင် သူ၏ မိဘများက စိတ်အေးသွားလိမ့်မည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် သူနှင့်ပတ်သက်၍ စိတ်ကျေနပ်ကြလိမ့်မည် မဟုတ်လော။ သူ့ကို ထိုသို့ ၎င်းတို့ အပြစ်ပေးရန် လိုအပ်လိမ့်ဦးမည်လော။ လိုအပ်မည် မဟုတ်တော့ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းက ထိုသို့ပင်ဖြစ်သည်။ လူတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုပြီး သူ၏ စိတ်နှလုံးကို နားလည်ရန် သင်ယူရမည်။ ဘုရားသခင်ကို ၎င်းတို့ အထင်မလွဲရပေ။ အမှန်တွင်၊ အခြေအနေများစွာ၌၊ လူတို့၏ ပူပန်မှုများသည် ၎င်းတို့ကိုယ်ပိုင် ကိုယ်ကျိုးစီးပွားမှ လာပေသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ၎င်းတို့တွင် ရလဒ်မရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းတို့က၊ “ဘုရားသခင်သည် ကျွန်ုပ်ကို ထုတ်ဖော်ပြလျှင်၊ ဖယ်ရှားရှင်းလင်းပြီး ငြင်းပယ်လျှင်၊ အဘယ်သို့ဖြစ်မည်နည်း”ဟု အမြဲ တွေးနေကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ အဓိပ္ပာယ်ကောက်လွဲခြင်းဖြစ်သည်။ ဤသည်တို့မှာ သင်၏ တစ်ဖက်သတ် မှန်းဆချက်များဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သင် အဖြေရှာရမည်။ သူက လူတို့ကို ထုတ်ဖော်ပြသည့်အခါ၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းအတွက် မဟုတ်။ လူတို့သည် ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရတို့ကို ဖော်ထုတ်ရန်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေပြီး၊ စစ်မှန်သည့် နောင်တရလာနိုင်စွမ်းရှိစေရန်အလို့ငှာ ထုတ်ဖော်ပြခံရခြင်းဖြစ်သည်။ ဤအကြောင်းရင်းကြောင့် လူတို့ကို ထုတ်ဖော်ပြခြင်းသည် ၎င်းတို့၏ အသက်တာများ ကြီးထွားစေရန်ဖြစ်သည်။ သိနားလည်မှုစစ်စစ် မရှိဘဲနှင့်၊ လူတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲကာ အပျက်သဘောဆောင်ပြီး အားနည်းလာတတ်သည်။ ၎င်းတို့သည် စိတ်ပျက်လက်ပျက်ပင် ဖြစ်သွားနိုင်သည်။ အမှန်တွင်၊ ဘုရားသခင်၏ ထုတ်ဖော်ပြခံရခြင်းသည် သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွှဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ထိုအရာမှာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင့်အား သိရှိအောင် ကူညီရန်နှင့် သင့်ကို နောင်တရစေရန် ဖြစ်သည်။ မကြာခဏ၊ လူတို့သည် ပုန်ကန်တတ်ကြသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ သမ္မာတရားတွင်ရှိသည့် ဖြေရှင်းချက်ကို ရှာရန် မကြိုးစားကြသောကြောင့် ဘုရားသခင်က ဆုံးမပဲ့ပြင်ခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။ ထို့ကြောင့်၊ တစ်ခါတစ်ရံ၊ သူသည် လူတို့၏ အကျည်းတန်ခြင်းနှင့် သနားဖွယ်ဖြစ်ခြင်းတို့ကို ဖော်ထုတ်လျက်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေလျက်၊ လူတို့ကို ထုတ်ဖော်ပြသည်။ ယင်းက ၎င်းတို့၏အသက်တာကို ကြီးထွားရန် ကူညီပေးသည်။ လူတို့ကို ထုတ်ဖော်ပြခြင်းတွင် မတူကွဲပြားသည့် သွယ်ဝိုက်ညွှန်းဆိုချက်နှစ်ခု ရှိ၏။ ဆိုးယုတ်သောလူတို့အတွက်၊ ထုတ်ဖော်ပြခံရခြင်းသည် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရသည်ဟု ဆိုလိုသည်။ သမ္မာတရားကို လက်ခံနိုင်သူတို့အတွက်၊ ထိုအရာမှာ အသိပေးချက်နှင့် သတိပေးချက်တစ်ခု ဖြစ်သည်။ ၎င်းတို့ကိုယ်၎င်းတို့ သုံးသပ်ရန်၊ မိမိတို့၏ စစ်မှန်သည့် အခြေအနေကို မြင်စေရန်၊ ထိန်းကျောင်းရခက်ပြီး မဆင်မခြင်ပြုမူခြင်းကို ရပ်တန့်စေရန် ယင်းကို ပြုလုပ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဆက်လုပ်ဆောင်ခြင်းက အန္တရာယ်ရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့ကို ဤသို့ထုတ်ဖော်ပြခြင်းသည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့အနေဖြင့် နားဝေတိမ်တောင်ဖြစ်ကာ အမှုမဲ့အမှတ်မဲ့ဖြစ်လာခြင်းမရှိစေရန်၊ အမှုအရာများကို အလေးအနက် သဘောထားရန် ပျက်ကွက်ခြင်းမဖြစ်စေရန်၊ ရလဒ်အနည်းငယ်ဖြင့်သာ ကျေနပ်လာကာ လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ မိမိတို့တာဝန်ကို ထမ်းဆောင်ပြီးဖြစ်သည်ဟု တွေးထင်ပြီး အမှန်တွင်မူ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် အကဲဖြတ်သည့်အခါ ၎င်းတို့ အလွန်စံမမီဖြစ်ကာ ထိုသို့ဖြစ်သည့်တိုင်၊ မိမိတို့ဘာသာ ကျေနပ်အားရကြဆဲဖြစ်၍ အဆင်ပြေနေသည်ဟု မိမိတို့ကိုယ်ကို ယုံကြည်ခြင်း မဖြစ်စေရန် ၎င်းတို့ကို အသိပေးခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေများတွင်၊ ဘုရားသခင်သည် လူတို့ကို ဆုံးမပဲ့ပြင်လိမ့်မည်၊ သတိပေးကာ အသိပေးလိမ့်မည်။ တစ်ခါတစ်ရံ၊ ၎င်းတို့၏ အကျည်းတန်ခြင်းကို ဘုရားသခင်က ထုတ်ဖော်ပြသည်။ ယင်းမှာ အသိပေးချက်တစ်ခုအဖြစ် သိသိသာသာ အသုံးချရန်ဖြစ်သည်။ ထိုသို့သော အချိန်များတွင်၊ သင့်ကိုယ်သင် သုံးသပ်သင့်၏။ သင်၏တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းသည် မလုံလောက်ပေ။ သင့်အတွင်းတွင် ပုန်ကန်မှုရှိ၏။ အပျက်သဘောဆောင်သော အရိပ်လက္ခဏာများစွာ ရှိ၏။ သင် လုပ်ဆောင်သည့် အရာရာတိုင်းသည် ဝတ်ကျေတမ်းကျေဖြစ်ပြီး၊ သင် နောင်တမရသေးလျှင်၊ တရားသဖြင့်ဆိုရလျှင် သင် အပြစ်ပေးခံရသင့်ပေသည်။ မကြာခဏ၊ ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည့်အခါ၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ပြသည့်အခါ၊ ဤသည်မှာ သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွှဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ဤကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင် ဖယ်ရှားရှင်းလင်းခံရလျှင်ပင်၊ ထိုအရာကို သင် လက်ခံကာ ကျိုးနွံနာခံသင့်ပြီး၊ အမြန် သုံးသပ်ကာ နောင်တရသင့်သည်။ ပေါင်းရုံးသုံးသပ်ရလျှင်၊ သင့်ကို ထုတ်ဖော်ပြခြင်းနောက်ကွယ်တွင် မည်သည့်အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ သင်သည် ကျိုးနွံနာခံရန် သင်ယူရမည်။ သင်သည် မတုန်မလှုပ်သည့် အတိုက်အခံလုပ်ခြင်းကို ပြပြီး သင်၏ အပြစ်အနာအဆာများကို ပြုပြင်မည့်အစား၊ မကောင်းသောအဖြစ်မှ ပိုဆိုးသည့်အဖြစ်သို့ ဆက်သွားလျှင်၊ သင် မုချ အပြစ်ပေးခံရလိမ့်မည်။ ထို့ကြောင့်၊ ထုတ်ဖော်ပြခံရခြင်းနှင့်ဆိုင်သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ အကြင်သူသည် ကျိုးနွံနာခံခြင်းကို ပြသရမည်။ အကြင်သူ၏ စိတ်နှလုံးသည် အကြောက်တရားဖြင့် ပြည့်လာရမည်ဖြစ်ပြီး အကြင်သူသည် နောင်တရနိုင်စွမ်းရှိလာရမည်ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကာ ဤသို့ လက်တွေ့လုပ်ခြင်းအားဖြင့်သာ မိမိကိုယ်ကို ကယ်တင်နိုင်ပြီး ဘုရားသခင်၏ တရားစီရင်ခြင်းကို ရှောင်ရှားနိုင်သည်။ ထိုအခါ ဆင်ခြင်တုံတရားရှိသော လူတို့သည် မိမိတို့ကိုယ်ပိုင် အမှားများကို သတိပြုမိကာ အမှန်ပြင်နိုင်သင့်ပေသည်။ အနည်းဆုံးအနေဖြင့် မိမိတို့တာဝန်ကို ဖြည့်ဆည်းရန် မိမိတို့၏ အသိစိတ်ကို မှီခိုအားကိုးသည့် အဆင့်ကို ရယူသင့်ပေသည်။ ထို့အပြင်၊ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူက စည်းကမ်းရှိသည့် အဆင့်သာမက၊ ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ရှိသမျှ၊ ၎င်းတို့၏ ဉာဏ်စွမ်းရှိသမျှနှင့် ကိုယ်စွမ်းရှိသမျှ ပေးအပ်သည့်အဆင့်ကိုလည်း ရယူလျက်၊ သမ္မာတရားဆီသို့လည်း အရောက်လှမ်းရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်သာ လက်ခံနိုင်ဖွယ်ရှိသည့် မိမိတို့တာဝန်ကို ဖြည့်ဆည်းခြင်းနည်းလမ်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည်သာ ၎င်းတို့အား ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် လူများဖြစ်စေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းအတွက် မည်သည့်အရာကို စံနှုန်းအဖြစ် သဘောထားသင့်သနည်း။ အကြင်သူသည် မိမိ၏ တာဝန်များကို သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံရမည်၊ ယင်း၏ အဓိက ကဏ္ဍမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများပေါ်တွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင်လည်းကောင်း အလေးထားရန်၊ စိတ်ထဲတွင် ခြုံငုံစဉ်းစားထားရန်နှင့် အခြားကဏ္ဍတစ်ခုကို မမြင်နိုင်တော့သည့် အန္တရာယ်ရှိလျက်ဖြင့် ကဏ္ဍတစ်ခုခုကို အာရုံစိုက်မှု မပြုလုပ်ရန်ဖြစ်သည်။ ယင်း၏ အသေးစားကဏ္ဍမှာ မိမိ၏ ကိုယ်ပိုင်အလုပ်ကို မှန်ကန်စွာ ပြီးစီးစေရန်နှင့် ဝတ်ကျေတမ်းကျေပုံစံဖြင့် ဖြစ်သလိုပြုလုပ်ခြင်းမရှိဘဲ၊ ဘုရားသခင်ကို အရှက်ရစေခြင်းမရှိဘဲ၊ မိမိအပေါ် တောင်းဆိုထားသည့်အရာအတိုင်း လိုချင်သည့် အကျိုးတရားကို စွမ်းဆောင်ရရှိရန်ဖြစ်သည်။ လူတို့သည် ဤစည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်လျှင်၊ မိမိတို့၏ စိုးရိမ်မှုများနှင့် နားလည်မှုလွဲခြင်းများကို လက်လွှတ်ကြလိမ့်မည် မဟုတ်လော။ သင်၏ စိုးရိမ်မှုများနှင့် နားလည်မှုလွဲခြင်းများကို သင်ဘေးဖယ်ထားပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ အပျက်သဘောဆောင်သော မည်သည့် ထင်မြင်ချက်မျှ မရှိတော့သည်နှင့်တစ်ပြိုင်နက်၊ အပျက်သဘောဆောင်သည့် လက္ခဏာရပ်များက သင့်အတွင်းတွင် စိုးမိုးသော နေရာတစ်ခုကိုယူထားခြင်းသည် တဖြည်းဖြည်းချင်း ရပ်တန့်သွားလိမ့်မည်ဖြစ်ပြီး၊ ဤကိစ္စမျိုးတို့ကို မှန်ကန်သည့် ပုံစံဖြင့် သင် ချဉ်းကပ်လိမ့်မည်။ ထို့ကြောင့်၊ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်ရည်ရွယ်ချက်များကို နားလည်ရန် ကြိုးပမ်းဖို့ အရေးကြီးပေသည်။
လူအချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သောအခါ အပျက်သဘောဆောင်သည့်၊ မတက်ကြွသည့်၊ သို့မဟုတ် အတိုက်အခံဖြစ်သည့်၊ နားလည်မှုလွဲသည့် အခြေအနေတွင် မကြာခဏရှိကြသည်။ ၎င်းတို့သည် ထုတ်ဖော်ပြခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်ကို အမြဲတစေ ကြောက်ရွံ့ကြပြီး ၎င်းတို့၏ အနာဂတ်၊ ကံကြမ္မာတို့၏ ကန့်သတ်ခြင်းကို အမြဲတစေ ခံရသည်။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုတစ်ခုကို ဖော်ပြခြင်းမဟုတ်လော။ (ဟုတ်သည်။) လူအချို့က ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းစွာမထမ်းဆောင်မည်ကို စိုးရိမ်သည်ဟု အစဉ်ပြောကြသည်။ အသေးစိတ်အချက်များကို မစစ်ဆေးဘဲ တစ်ဦးတစ်ယောက်က ၎င်းတို့ အတော်လေးသစ္စာရှိသည်ဟုပင် သဘောထားနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် မည်သည့်အရာကို ၎င်းတို့ စိုးရိမ်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းစွာမထမ်းဆောင်လျှင် ဖယ်ရှားရှင်းလင်းခံရပြီး ကောင်းမွန်သည့် ခရီးပန်းတိုင်မရှိမည်ကို စိုးရိမ်ကြသည်။ လူအချို့က ၎င်းတို့သည် အစေခံသူများဖြစ်လာမည်ကို ကြောက်ရွံ့ကြသည်ဟု ဆိုသည်။ ယင်းကို အခြားလူတို့က ကြားသောအခါ အစေခံသူများမဖြစ်လိုကြရာတွင် ဤလူများသည် ဘုရားသခင်၏လူများထဲမှ တစ်ဦးအဖြစ် ၎င်းတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်လိုသည့် သဘောဖြစ်သည်ဟု မှတ်ယူကြပြီး၊ စိတ်ပြတ်သားမှုရှိသည့် လူများနှင့် အထင်မှားကြသည်။ အမှန်တကယ်တွင် အစေခံသူများဖြစ်လာမည်ကိုကြောက်သော ဤလူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ငါ အစေခံသူဖြစ်လာရင် နောက်ဆုံးမှာ ပျက်စီးဦးမှာပဲ။ ကောင်းမွန်တဲ့ ခရီးပန်းတိုင်ရှိမှာမဟုတ်ဘူး။ ကောင်းကင်နိုင်ငံတော်မှာ ဝေစုရမှာမဟုတ်ဘူး” ဟု စဉ်းစားနေကြသည်။ ဤသည်မှာ ၎င်းတို့ စကားများ၏ သွယ်ဝိုက်ညွှန်းဆိုမှုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ရလဒ်နှင့် ခရီးပန်းတိုင်နှင့်ပတ်သက်၍ စိုးရိမ်ကြသည်။ ၎င်းတို့သည် အစေခံသူများဖြစ်သည်ဟု ဘုရားသခင်က ဆိုလျှင် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အတော်အတန် အားလျှော့၍ လုပ်ဆောင်ကြသည်။ ဘုရားသခင်က ၎င်းတို့သည် သူ၏လူများဖြစ်သည်ဟုဆိုပြီး ဘုရားသခင်၏ လက်ခံခြင်းကို ခံရလျှင် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာ၌ အနည်းငယ်ပို၍ အားစိုက်ထုတ်ကြသည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ပြဿနာမှာ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ သမ္မာတရားစည်းမျဉ်းအတိုင်း မလုပ်ဆောင်ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အလားအလာများနှင့် ကံကြမ္မာကို အစဉ် ထည့်စဉ်းစားကြသည်။ “အစေခံသူ” ဆိုသည့် ရာထူးအားဖြင့် အစဉ် ကန့်သတ်ခြင်းခံရသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ မလုပ်နိုင်သကဲ့သို့၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်လိုကြသော်လည်း၊ ထိုသို့လုပ်ဆောင်ရန် ခွန်အားမဲ့ကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်ကြပြီး၊ ၎င်းတို့က ဘုရားသခင်၏ လူများဖြစ်သလော၊ အစေခံသူများဖြစ်သလောဟူသည်ကို သေချာအောင်လေ့လာစိစစ်ရန် ကြိုးစားလျက် ဘုရားနှုတ်ကပတ်တော်များနောက်ကွယ်ရှိ အဓိပ္ပာယ်ကို ရှာဖွေကြလေသည်။ ၎င်းတို့က ဘုရားသခင်၏ လူများဖြစ်လျှင်၊ မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ကြိုးပမ်းကြလိမ့်မည်။ ၎င်းတို့ အစေခံသူများဖြစ်လျှင်၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် အပျက်သဘောဆောင်သည့် လက္ခဏာရပ်များ ဖြစ်ပေါ်လျက် ဝတ်ကျေတမ်းကျေဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ “အစေခံသူ”ဟူသည့် ဂုဏ်ပုဒ်၏ ဘောင်ခတ်ခြင်းခံရကြလိမ့်မည်ဖြစ်ကာ မိမိတို့ကိုယ်ကို လွတ်မြောက်စေနိုင်မည်မဟုတ်ပေ။ တစ်ခါတစ်ရံ၊ ပြင်းထန်စွာ ပြုပြင်ခံရပြီးနောက်တွင်၊ ၎င်းတို့က၊ “ငါ့အတွက် မျှော်လင့်ချက်မရှိပါ။ ဤသည်မှာ ငါဖြစ်သည့်ပုံစံသာဖြစ်သည်။ ငါ လုပ်နိုင်သည့်အရာကိုသာ ငါ လုပ်မည်”ဟု မိမိတို့ဘာသာ ပြောဆိုကြသည်။ ပြီးလျှင် မတက်မကြွ၊ အပျက်သဘောဆောင်ပြီး အကျင့်ပျက်သည့် အတွေးများနှင့်အတူ၊ ထိုအရာကို ၎င်းတို့ အတိုက်အခံလုပ်ပြီး၊ မိမိတို့တာဝန်များကို တွန့်ဆုတ်စွာ သွား၍ထမ်းဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဖြစ်နိုင်သလော။ စုဝေးပွဲအချိန်အတွင်းပြုလုပ်သည့် မိတ်သဟာယသည် အစဉ်သဖြင့် သမ္မာတရားကိုချစ်သည့် ဘုရားသခင်အကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်း၊ ဘဝကို အသက်ရှင်ရန် ဘုရားနှုတ်ကပတ်တော်ကို မှီခိုခြင်းအကြောင်းနှင့် ဘုရားသခင်ကို သစ္စာစောင့်သိမှု ပြသခြင်းတို့အကြောင်းတို့ဖြစ်သည်။ သို့သော် ထိုသို့သောသူသည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သူသည် သူ၏ ကိုယ်ပိုင် အနာဂတ် အလားအလာများနှင့် ကံကြမ္မာတို့ကိုသာ အလေးထားသည်။ ကောင်းချီးများအပေါ် သူ့လောဘ၏ ဘောင်ခတ်ခြင်းကို အမြဲတစေခံရသည်။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမျှ လက်ခံနိုင်စွမ်းမရှိပေ။ ဤသို့ဖြင့်၊ သူသည် အတိုက်အခံလုပ်ပြီး၊ ဆန့်ကျင်တတ်သည်၊ အပျက်သဘောဆောင်ပြီး မကျေနပ်ချက်အပြည့်ရှိသည်။ သူ၏စိတ်နှလုံးတွင် ဘုရားသခင်အကြောင်း အယူအဆများ အမြဲ ထားရှိနေသည်၊ ဘုရားသခင်ကိုဆန့်ကျင်၍ အတားအဆီးများပြုလုပ်ကာ ဘုရားသခင်ကို ခပ်တန်းတန်းဆက်ဆံလေသည်။ ဘုရားက သူ့ကို ရိပ်စားမိမည်ကိုလည်းကောင်း၊ သူ့ကို ထိန်းချုပ်ပြီး သူ၏ အကျိုးစီးပွားကို ဆန့်ကျင်ဆောင်ရွက်မည်ကိုလည်းကောင်း စိုးရိမ်သဖြင့် ဘုရားကို သူ အမြဲ သတိထားသည်၊ ကြောက်လန့်နေသည်။ ဆက်လက်၍၊ သူသည် အစဉ်စိတ်ပါခြင်းမရှိဘဲ တွန့်တိုပြီး လူတို့က အရှေ့မှနေ၍ သူ့ကို တရွတ်တိုက်ဆွဲခေါ်ရသည်။ ပြီးလျှင် လူတို့သည် အနောက်မှနေ၍ သူ့ကို အရှေ့သို့ တွန်းရသည်။ ရွှံ့နွံထဲသို့ သူကျရောက်ပြီး ခြေလှမ်းတိုင်းက ဆင်းရဲဒုက္ခအလွန်များသကဲ့သို့ ဖြစ်သည်။ ပြီးလျှင် အသက်ရှင်ရသည်မှာ အလွန်ပင် ဒုက္ခများသည်။ အမှုအရာများက အဘယ်သို့ ဤသို့ ဖြစ်သွားရသနည်း။ လူသား၏ စိတ်နှလုံးက အလွန် လှည့်ဖြားတတ်သောကြောင့် ဤကဲ့သို့ ဖြစ်လာခြင်းဖြစ်သည်။ ထိုစိတ်နှလုံးက လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင် လုပ်ဆောင်သည့် အမှုကို အမြဲ အထင်လွဲသည်။ ဘုရားသခင်က ၎င်းတို့ကို မည်သည့်ဆက်ဆံမှုကို ပေးသည်ဖြစ်စေ၊ လူတို့က၊ “ဤသည်မှာ ဘုရားသခင်က ငါ့ကို အလိုမရှိတော့သည့် သဘောဖြစ်သလော။ အဆုံးတွင် ဘုရားသခင်က ငါ့ကို ကယ်တင်မည်လော၊ မကယ်တင်မည်လော။ ငါကဲ့သို့သော သူတစ်ဦးအတွက်၊ ငါ၏ လိုက်စားမှုကို ဆက်လုပ်ဆောင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ နိုင်ငံတော်ထဲသို့ ငါ ရောက်နိုင်သလော”ဟု တွေးလျက်၊ အမြဲ သံသယရှိကြလိမ့်မည်။ လူတို့သည် ဤကဲ့သို့သော အပျက်သဘောဆောင်ပြီး ဆန့်ကျင်ကွဲလွဲသည့် အတွေးများကို စဉ်ဆက်မပြတ် ထားရှိကြသည့်အခါ၊ ဤအရာက ၎င်းတို့၏ တာဝန်ဖြည့်ဆည်းနိုင်စွမ်းကို ထိခိုက်လိမ့်မည် မဟုတ်လော။ ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်းကိုလည်း ဤအရာက ထိခိုက်လိမ့်မည် မဟုတ်လော။ ဤအပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို မရှင်းထုတ်ပစ်လျှင်၊ ၎င်းတို့သည် မည်သည့်အချိန်တွင် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် ဝင်ရောက်နိုင်လိမ့်မည်နည်း။ ယင်းမှာ ပြောရခက်ပေသည်။ ထို့ကြောင့် သမ္မာတရားကို လက်ခံရန် ငြင်းဆန်သော လူတို့သည် ကိုင်တွယ်ရန် အခက်ဆုံးဖြစ်ပြီး အဆုံးတွင်၊ ၎င်းတို့နှင့်ပတ်သက်၍ လုပ်ဆောင်နိုင်သည့်တစ်ခုတည်းသော အရာမှာ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းဖြစ်သည်။
ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင်၊ အချို့သော ဆန့်ကျင်ကွဲလွဲသည့် အရိပ်လက္ခဏာများက ၎င်းတို့ စိတ်နှလုံးများတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာပြီးဖြစ်သည်။ ဥပမာအနေဖြင့်၊ ဂုဏ်၊ ဝင့်ဝါမှု၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် စသည်တို့ကဲ့သို့သော အရာများဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ သမ္မာတရားကို လက်ခံရန် ဆန္ဒရှိလျှင်၊ ထိုအရာမှာ ဤဆန့်ကျင်ကွဲလွဲသည့် အရိပ်လက္ခဏာများကို မရပ်မနား ရင်ဆိုင်ခြင်းနှင့် ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံနှင့် ရုန်းကန်ကြိုးစားမှုမျိုးစုံဖြင့် လုံးထွေးသတ်ပုတ်ခြင်းကို ဆိုလိုပေသည်။ သမ္မာတရားက အသက်ဖြစ်မလာမချင်း၊ လူတို့အတွင်းတွင် အောင်ပွဲဆင်ခြင်း မရှိမချင်း၊ ဤတိုက်ပွဲက အဆုံးသတ်လာလိမ့်မည် မဟုတ်ပေ။ ဤအချိန်ကာလအတောအတွင်းတွင်၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းမှတစ်ဆင့် သမ္မာတရားကို လူတို့ နားလည်လာကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်မှု ရရှိပြီးသည့်အခါ၊ သမ္မာတရားကို စတင်လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ကြလိမ့်မည်ဖြစ်သည်။ သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာသည့်အချိန်တွင်၊ ၎င်းတို့အတွက် ဤအပျက်သဘောဆောင်ပြီး ဆန့်ကျင်ကွဲလွဲသည့် အရိပ်လက္ခဏာများကို ရှင်းထုတ်ရန် သမ္မာတရားကို အသုံးပြုဖို့ ဖြစ်လာနိုင်လိမ့်မည်။ ဝင့်ဝါမှုနှင့် တစ်ကိုယ်ရေ သိက္ခာ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ လူသားတောင့်တမှုများ၊ မသန့်စင်သည့် လူသား ကြံရွယ်ချက်များ၊ ဘုရားသခင်အပေါ် လူတို့၏ အထင်လွဲမှု၊ ၎င်းတို့၏ ရွေးချယ်မှုများနှင့် နှစ်ခြိုက်မှုများ၊ ၎င်းတို့၏ မိမိတို့ကိုယ်ကို မှန်သည်ဟု မှတ်ယူမှု၊ မာနထောင်လွှားမှု၊ လှည့်ဖြားခြင်းနှင့် သင်ရှိသည့်အရာတို့ဖြစ်သည့် ဤပြဿနာများအားလုံးသည် လူတို့က သမ္မာတရားကို နားလည်လာသည့်နောက်တွင် ဖြေရှင်းချက်တစ်ခုကို တဖြည်းဖြည်း ရှာတွေ့လာလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာသည့် ဖြစ်စဉ်သည် အမှန်တွင် သမ္မာတရားကို လက်ခံခြင်းဖြစ်စဉ်၊ ဇာတိပကတိကို အောင်မြင်ရန် သမ္မာတရားကို အသုံးပြုခြင်းဖြစ်စဉ်နှင့် ဤပြဿနာများကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်ကို မရပ်မနား စားသောက်ခြင်း၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရား၊ သင် သိရှိလာပြီးဖြစ်သည့် ဘုရားနှုတ်ကပတ်တော်နှင့် သင် သဘောပေါက်လာပြီးဖြစ်သည့် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုခြင်း ဖြစ်စဉ်သာဖြစ်သည်။ အသက်ဝင်ရောက်မှုရှိရန်မှာ ဤအတွေ့အကြုံများကို ကြုံရရန်ဖြစ်ပြီး၊ ထိုသို့ လုပ်ဆောင်ရာတွင် လူတို့သည် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မည်။ ဤဖောက်ပြန်ပျက်စီးသော အရိပ်လက္ခဏာများသည် လူတိုင်းတွင် ပါရှိပြီး၊ အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် အသက်မရှင်သည့် လူတစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားအားလုံးသည် ဤအရာများအတွက် အသက်ရှင်ကြ၏။ ယင်းတို့ကို လူတစ်ဦးစီက ကိုင်တွယ်ပြီး ယင်းတို့အတွက် လိုအင်ဆန္ဒ ဖော်ပြသည့် နည်းလမ်းသာ ခြားနားကောင်းခြားနားနိုင်သည်။ သို့ရာတွင် ၎င်းတို့ ထုတ်ဖော်ပြသည့်အရာသည် အနှစ်သာရအနေဖြင့် အတူတူပင် ဖြစ်သည်။ လူအချို့က ကျယ်ကျယ်လောင်လောင် ပြောဆိုကြသည်၊ အခြားသူတို့မှာ ထိုသို့ မပြောကြ။ အချို့က မိမိတို့ကိုယ်ကို သိသာထင်ရှားသည့် နည်းလမ်းဖြင့် ထုတ်ဖော်ပြကြစဉ်တွင်၊ အခြားသူတို့မှာ လူတို့က ၎င်းတို့ကို မရိပ်စားမိစေဖို့အလို့ငှာ အမှုအရာများကို ဖုံးဖိရန်နှင့် ပွင့်လင်းမြင်သာမှုမရှိအောင် တားဆီးရန် နည်းလမ်းမျိုးစုံ သုံးလျက်၊ ကွယ်ဝှက်ရန် ကြိုးပမ်းကြသည်။ အခြားသူတို့အား သင့်ကို ရိပ်စားမိရန် အခွင့်မပေးခြင်းနှင့် အမှုအရာများကို ဖုံးဖိခြင်းကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင် ရှာမတွေ့အောင် သင် တားဆီးလိမ့်မည်ဟု သင် တွေးထင်သလော။ ဤအရာကို သင် လုပ်ဆောင်လျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ရှိတော့မည်မဟုတ်ဟု သင် တွေးထင်သလော။ လူတစ်ဦးစီတိုင်း၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရက အတူတူပင်ဖြစ်သည်။ လူတစ်ဦးနှင့် အခြားတစ်ဦးတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ သမ္မာတရားကို ချဉ်းကပ်သည့် သဘောထားက လူတစ်ဦးနှင့် တစ်ဦး ကွာခြားနေနိုင်သည်။ လူအချို့သည် သမ္မာတရားကို နားထောင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ လက်ခံနိုင်ကြသည်။ ၎င်းတို့သည် ပါးစပ်တွင်ခါးသော်လည်း ရောဂါပျောက်ကင်းခြင်းအတွက် ကောင်းမွန်သည့် ဆေးကို မျိုချသည့်အလား၊ ရောဂါကို ကုသရန်နှင့် အတွင်းမှ ၎င်းတို့ကို ဖိစီးနှိပ်စက်သည့် ပြဿနာများကို ဖြေရှင်းရန် အသုံးပြုလျက်၊ သမ္မာတရားကို ခံယူကြသည်။ အရေးကိစ္စများကို စီမံရာတွင်၊ ပြုမူနေထိုင်ရာတွင်၊ မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင်၊ အခြားသူများနှင့် ဆက်ဆံခြင်းနှင့် ဘဝတွင် မိမိတို့၏ ရည်မှန်းချက်နှင့် အလေးထားမှုတို့ကို သတ်မှတ်ရာတွင်၊ မိမိတို့ နားလည်လာသည့်အရာကို နည်းနည်းချင်း လက်တွေ့လုပ်ဆောင်လျက် ဘုရားနှုတ်ကပတ်တော်မှ အဖြေများကို ၎င်းတို့ ရှာကြပြီး၊ ဘဝတွင် ကြုံရသည့် ပြဿနာများကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုကြသည်။ ဥပမာအနေဖြင့်၊ ဘုရားသခင်က၊ “သင်တို့အားလုံး ရိုးသားသောလူများဖြစ်ရန် ကြိုးပမ်းရမည်”ဟု ပြောသည့်အခါ၊ ထိုသို့သော လူတစ်ဦးက၊ “ငါသည် ရိုးသားသော လူတစ်ဦး အဘယ်သို့ ဖြစ်လာသနည်း”ဟု တွေးဆလိမ့်မည်။ လူတို့ ရိုးသားလာကြရန် ဘုရားသခင် တောင်းဆိုသည်။ ရိုးသားသည့် စကားများကို ပြောရမည်၊ မိမိတို့၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုရန် မိမိတို့၏ စိတ်နှလုံးများကို ဖွင့်ဟပြီး ဘုရားသခင်၏ စိစစ်မှုကို လက်ခံရမည်။ ဤသည်မှာ ပါဝင်သည့် စည်းမျဉ်းများဖြစ်ပြီး ထိုသို့သော လူတစ်ဦးသည် ထိုအရာများကို ကြားသည်နှင့် လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ပင်ကိုအားဖြင့်၊ သူ၏ လက်တွေ့လုပ်ဆောင်မှု ကာလအတောအတွင်းတွင် သူ မည်မျှ ကြိုးစားကြည့်သည်ဖြစ်စေ မှန်ကန်သည့် စည်းမျဉ်းများကို ရှာမတွေ့နိုင်ဘဲ၊ ဘယ်ဖက် သို့မဟုတ် ညာဖက်သို့ လမ်းလွဲသည့်အချိန်များ ရှိလိမ့်မည်ဖြစ်ပြီး၊ သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် အနည်းငယ်သော လွဲချော်မှုများရှိသည့် အချိန်များ ရှိလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ရိုးသားသောလူတစ်ဦး ဖြစ်လာခြင်းနှင့်ဆိုင်သည့် ဤစံနှုန်းကို ပြည့်မီရန် မရပ်မနားကြိုးပမ်းရာတွင်၊ သူသည် နှစ်အနည်းငယ်အတွင်းတွင် လိုချင်သည့် အကျိုးတရားနှင့် နီးသည်ထက် နီးလာလိမ့်မည်ဖြစ်သည်။ သူ အသက်ရှင်လေ၊ လူသားပိုဖြစ်လာလေဖြစ်ကာ ဘုရားသခင်၏ မျက်မှောက်တော်တွင်ရှိသည်ဟု သူ့ကိုယ်သူ ပိုခံစားလေဖြစ်ပြီး အသက်တာတွင် သူ၏ တိုးတက်မှု ပိုကောင်းလေဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရသည့်လူများဖြစ်သည်။ ထိုသို့သော လူများသည် ပထမအမျိုးအစားနှင့်ဆိုင်သော လူများဖြစ်သည်။
ယခုတွင် ပထမအမျိုးအစားနှင့်ဆိုင်သည့် လူများအကြောင်း ဆွေးနွေးမှု ငါတို့ ပြီးစီးပြီဖြစ်သဖြင့်၊ ဒုတိယအမျိုးအစားကို ဆက်၍ဆွေးနွေးပြောဆိုကြစို့။ နှစ်မျိုးနှစ်စားလုံးက တရားဒေသနာများကို နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုကြသော်လည်း၊ ပထမလူအမျိုးအစားသည် သမ္မာတရားကို သဘောပေါက်နိုင်ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည့်အခါ၊ မိမိကိုယ်ကို သုံးသပ်နိုင်ကာ “ကျွန်ုပ် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူမိသည်။ ကျွန်ုပ်သည် အမှုအရာများကို လုပ်ဆောင်ရာတွင် ကြွားဝါရန် နှစ်သက်ပြီး ကျွန်ုပ်ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် တောင့်တမှုများ အမြဲထားရှိသည်။ အဆင့်အတန်းတွင် မွေ့လျော်ခံစားကာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် သူတစ်ပါးကိုနင်းတက်ရာမှ ပျော်ရွှင်မှုကို ရယူသည်”ဟု ဆိုလျက် မိမိကိုယ်ကို ဖွင့်ဟနိုင်လေသည်။ ထိုသို့ ပြောဆိုလျက်၊ ၎င်းတို့သည် မိမိကိုယ်ကို သိနိုင်စွမ်းရှိကာ သမ္မာတရားဆီသို့ အရောက်လှမ်းနိုင်စွမ်း ရှိလာကြသည်။ သို့သော် ဒုတိယလူအမျိုးအစားအတွက်မူ ကွဲပြားခြားနား၏။ ထိုသို့သောလူတစ်ဦးက သူသည် မိမိကိုယ်ကိုအတွင်း၌ ဖောက်ပြန်ပျက်စီးသည်ဟု ဝန်ခံကောင်းဝန်ခံနိုင်ပြီး၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ သူ အမှားလုပ်မိပြီဖြစ်ကြောင်းပင် ဝန်ခံကောင်းဝန်ခံနိုင်သော်လည်း တကယ်ကို ပြောင်းလဲခြင်း ရှိလိမ့်မည် မဟုတ်ပေ။ တရားဒေသနာများကို သူ မည်မျှနားထောင်သည်ဖြစ်စေ၊ စကားများနှင့် အယူဝါဒ မည်မျှကို သူ သဘောပေါက်သည်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်သာ သူ ငြင်းပယ်ပြီး၊ လုပ်သင့်သည်ဟု သူ ခံစားသည့်အတိုင်း ဆက်လက်လုပ်ဆောင်လေသည်။ ထိုသို့သော လူတစ်ဦးသည်လည်းပဲ မိတ်သဟာယတွင် ဖွင့်ဟနိုင်ပြီး ပြုပြင်ခြင်းအပြင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကိုပါ လက်ခံနိုင်သည်။ သို့သော် သူသည် လက်ခံပြီးသည့်နောက်တွင်၊ ယင်းကိုအယူဝါဒအဖြစ် သဘောထားသည်။ ထိုအရာကို သူ သဘောပေါက်သည်နှင့် အားလုံး အပြီးသတ်ပြီဖြစ်ပြီး၊ ထို့နောက်တွင် မပြောင်းမလဲ ရှိနေလျက် သူ၏ နည်းလမ်းဟောင်းများဆီသို့ ပြန်သွားလေသည်။ သမ္မာတရားကို ခံယူပြီး အယူဝါဒဖြစ်သည့်အလား သဘောထားခြင်းအားဖြင့် ထိုသို့သော လူတစ်ဦးအတွက် အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ အသေချာဆုံးမှာ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို စည်းမျဉ်းစည်းကမ်းများ ပုံသေစောင့်ထိန်းခြင်းအဖြစ် အထင်မှားမိလိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်အတိုင်း သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မိမိ၏ တာဝန်ကို လုပ်ဆောင်ခြင်းမရှိဘဲ၊ ထို့ထက် လောကီ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်နှင့် မိမိကိုယ်ကိုအတွက် သူ အကျဉ်းချုပ်ထားသည့် ထိုသို့သော နည်းလမ်းများနှင့် နည်းဟန်များအတိုင်း ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းလေသည်။ ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် လည်းကောင်း၊ စာတန်၏ အတွေးအခေါ်ကို အတွေးမှားအဖြစ်လည်းကောင်း ပါးစပ်ပြောမျှသာ အသိအမှတ်ပြုကောင်းပြုနိုင်သော်လည်း၊ လက်တွေ့ဘဝတွင် စာတန်ဆန်သော အတွေးမှားကို လက်တွေ့လုပ်ဆောင်ဆဲဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာတွင် စိတ်၏ ငြိမ်သက်ခြင်းကိုပင် ခံစားရလေသည်။ ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုသော်လည်း လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်သည့်သူတစ်ဦးသည် ဘုရားသခင်ကို လှည့်ဖြားသည့်သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ်လည်းကောင်း၊ စာတန်၏ အတွေးအခေါ်ကို အတွေးမှားအဖြစ်လည်းကောင်း သူ အသိအမှတ်ပြုကောင်းပြုနိုင်သော်လည်း၊ စာတန်၏ အတွေးအခေါ်သည်လည်း အသုံးဝင်လာနိုင်သည်ဟု သူ ခံစားကာ၊ ထို့ကြောင့် နှစ်ခုကြား အလယ်မျဉ်းတွင် လျှောက်ရန် ရွေးချယ်လျက်၊ အပေးအယူလုပ်သည့် နည်းစနစ်တစ်ခုကို ခံယူကာ ဤအရာကို သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူလေသည်။ ဘုရားသခင်၏ ဖက်တွင်ဖြစ်စေ၊ စာတန်၏ ဖက်တွင်ဖြစ်စေ မရပ်ခြင်းဖြင့်၊ မည်သည့်ဖက်ကိုမျှ ပုန်ကန်ပြစ်မှားခြင်းမရှိဘဲ၊ သူက၊ “ငါသည် မိမိတာဝန်ကို လုပ်ဆောင်သူတစ်ဦးဖြစ်ပြီး သမ္မာတရားကို လိုက်စားသူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လက်ခံမှုကို ငါ မုချ အရရှိနိုင်ဆုံးလိမ့်မည်”ဟု တွေးလျက်၊ မိမိကိုယ်ကို အလွန်တရာ ပါးနပ်သည်ဟုပင် မြင်လေသည်။ သင်တို့ ငါ့ကို ပြောလော့။ ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) သူသည် ဘုရားနှုတ်ကပတ်တော်ကို အလေးအနက် နားထောင်သည်၊ အလေးအနက် မှတ်ချက်ရေးပြီး အလွတ်ကျက်မှတ်ကာ အချိန်ယူစဉ်းစားလျက်ဖြင့်ပင် အချိန်ကုန်ဆုံးသော်လည်း၊ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်၍ မည်သည့်အရာကို သူ အမှန်တကယ် လုပ်ဆောင်သနည်း။ ဘုရားနှုတ်ကပတ်တော်ကို နားထောင်ရာတွင် သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (သူသည် မိမိကိုယ်ကို ကြွားဝါရန်အတွက် အခြားသူများကို စိတ်ဖြာရှင်းလင်းပြရန် ထိုနှုတ်ကပတ်တော်ကို ခံယူသည်။) ယင်းမှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ နောက်ထပ်တစ်ခုတလေ ရှိသေးသလော။ (ထိုနှုတ်ကပတ်တော်ကို ပုံသေစောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းအဖြစ် သူ သဘောထားသည်။) တစ်ခါတစ်ရံ သူသည် ထိုနှုတ်ကပတ်တော်ကို ပုံသေစောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများအဖြစ် သဘောထားသည်။ သို့သော် အခြားမည်သည့်အရာ ရှိသေးသနည်း။ ဤနေရာတွင် အခြေအနေများစွာ ရှိ၏။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်ကို ပုံသေစောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်စေကြပြီး ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်နောက်လိုက်ကာ ထိုမျှသာ ဖြစ်သည်။ ဥပမာအနေဖြင့်၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည့်အကြောင်း လူတိုင်းက မိတ်သဟာယပြုချိန်တွင်၊ သူက ၎င်းတို့နှင့်အတူ မိတ်သဟာယပြုသည်။ ပြီးလျှင် အခြားတစ်စုံတစ်ဦးက၊ “ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် သင်၏ လက်တွေ့ အတွေ့အကြုံမှာ အဘယ်နည်း”ဟု ပြောသည့်အခါ၊ သူက၊ “အာ၊ ငါ၏ မှတ်စုစာအုပ်ကို တစ်ချက် ကြည့်ပါရစေ”ဟု ပြောလိမ့်မည်။ သူ့ထံတွင် အတွေ့အကြုံတစ်ခုတလေ လုံးဝ ရှိခဲ့လျှင်၊ ထိုအတွေ့အကြုံကို သူ ထုတ်ပြောလာလိမ့်မည်သာ မဟုတ်လော။ ထိုအရာက အမှန်တကယ် သူ၏ ကိုယ်ပိုင် အတွေ့အကြုံဖြစ်လျှင်၊ စာကို သူ ဖတ်ရှုရန် အဘယ်ကြောင့် လိုအပ်မည်နည်း။ ဤအရာက သူသည် မည်သို့မျှ စစ်မှန်မှု မရှိသောသူအဖြစ် လုံးဝ ဖော်ထုတ်ပေသည်။ ထို့နောက် တရားဒေသနာများကို နားထောင်ခြင်း ပြီးစီးသည့်အခါ၊ ယင်းတို့ကို မိမိတို့ နားလည်ပြီးဖြစ်ကြောင်း ယုံကြည်ကြသူများနှင့် အယူဝါဒနှင့်ဆိုင်သည့် စာကြောင်းအနည်းငယ်ကို ကိုးကားနိုင်လျှင်၊ သမ္မာတရားကို ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟု တွေးထင်ကြသည့် လူအချို့ ရှိသည်။ ဤသည်မှာ မှားယွင်းသည့် တွေးခေါ်မှုနည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတစ်ဦးက၊ “သမ္မာတရားကို ကျွန်ုပ် နားလည်သဘောပေါက်နိုင်သည်၊ ကျွန်ုပ်တွင် ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်။ ဘုရားနှုတ်ကပတ်တော်၏ သွင်ပြင်လက္ခဏာတိုင်းနှင့် တရားဒေသနာနှင့်ပတ်သက်၍ ကျွန်ုပ် ကြားရပြီးသည့်အရာ၏ သွင်ပြင်လက္ခဏာတိုင်းကို ကျွန်ုပ် နားလည်နိုင်ပြီး၊ ဤသည်မှာ သမ္မာတရား လက်တွေ့ကျမှုကို ကျွန်ုပ် ပိုင်ဆိုင်သည့် သဘောဖြစ်သည်”ဟု ပြောလေသည်။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း၊ ထိုအရာသည် လူတစ်ဦး၏ အသက်ကို ဖန်တီးသောအရာဖြစ်ကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်သာမက၊ လူတစ်ဦးအတွင်းတွင် ဖြစ်ပေါ်သည့် ပြဿနာနှင့် အခက်အခဲတိုင်းကို ဖြေရှင်းခြင်းအတွက်လည်း အသုံးပြုသင့်သည်ဆိုသည့်အချက်ကို သတိမပြုကြပေ။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသောကြောင့်၊ ဘုရားသခင်ကို သူ ဆန့်ကျင်တွန်းလှန်သည့်အခါတိုင်းတွင်၊ သူ၏ အပြုအမူအတွက် ဖြစ်နိုင်ခြေရှိသော အခြေအနေတစ်ခုကို ဖန်တီးဖို့ သူ အမြဲ ကြိုးစားလေသည်။ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်ကြောင်း မသိဘဲလျက်၊ မိမိကိုယ်တိုင်၏ ဤပုန်ကန်မှု ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို ရှာဖွေဖို့ ၎င်းအတွက် မဖြစ်နိုင်ဖြစ်လာသည်။ ထိုသို့သော အခြေအနေတွင်၊ ဤလူစားမျိုးများသည် မိမိတို့၏ အခက်အခဲများအတွက် ဖြေရှင်းချက်တစ်ခုကို မည်သို့ ရှာတွေ့ကြသနည်း၊ သင်တို့ သိကြသလော။ ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရား စည်းမျဉ်းအဖြစ် သဘောမထားသော လူတစ်ဦးအတွက်၊ ဘုရားနှုတ်ကပတ်တော်ကို သူ နားထောင်ပြီးသွားသည်နှင့်၊ အောက်ပါအတိုင်း တွေးဆလိမ့်မည်ဖြစ်သည်။ “ငါသည် အမှန်တကယ် ပုန်ကန်တတ်သလော။ ဤသည်မှာ အခြေအနေများအောက်တွင် အလွန်ပင် ခွင့်လွှတ်နိုင်လောက်သောအရာ ဖြစ်သည်။ မည်သူမဆိုက ထိုနည်းတူ စဉ်းစားကြပေမည်။ ဤသည်မှာ တွေးခေါ်စဉ်းစားမှု နည်းလမ်းတစ်ခုသာဖြစ်ပြီး ပုန်ကန်မှုအဖြစ် မယူဆပါ။ နောက်တစ်ကြိမ်တွင် ဤသို့ ငါ မစဉ်းစားလျှင် အဆင်ပြေလိမ့်မည်။ ငါ သဘောကောင်းပြီး ကျိုးနွံနာခံတတ်ပါမည်”ဟူ၍ ဖြစ်သည်။ ထို့နောက် သူက “ငါ ကျိုးနွံနာခံနိုင်လျှင်၊ ဤအရာက ငါသည် ဘုရားသခင်ကို ချစ်သည့်သူတစ်ဦး၊ ဘုရားသခင် နှစ်သက်သည့်သူတစ်ဦး ဖြစ်သေးသည့်သဘော ဖြစ်သည်”ဟု ဆက်လက် အချိန်ယူစဉ်းစားလေသည်။ ထို့ကြောင့် ဤသို့ဖြင့် သူသည် မိမိကိုယ်ကို သက်ညှာလိုက်သည်။ သူသည် အဘယ်ကြောင့် ဘုရားသခင်ကို ပုန်ကန်နိုင်စွမ်းရှိသည်ဆိုသည်ကို သို့မဟုတ် သူ၏ ပုန်ကန်မှုရင်းမြစ်ကို သူ စိစစ်ခြင်း မရှိပေ။ ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ သူသည် မိမိကိုယ်ကို သိရှိရန် နောက်ထပ် မကြိုးစားတော့သကဲ့သို့ သူသည် ပုန်ကန်မှုမည်မျှ ထားရှိသည်ဖြစ်စေ၊ မိမိကိုယ်ကို သုံးသပ်ခြင်း မရှိပေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသည့်သူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အသက်အဖြစ် မှတ်ယူခြင်းမရှိသောကြောင့်၊ မည်သည့်အရာကို သူ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် ပုန်ကန်မှုကို သူ ထုတ်ဖော်ပြသည်ဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ရန် သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်မှုတစ်ခု ရှာရန်နှင့် သင်ခန်းစာယူရန် ကြိုးပမ်းခြင်း မရှိပေ။ ဤသည်မှာ သူသည် သမ္မာတရားကို မချစ်ကြောင်းနှင့် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်း အတည်ပြုရန် လုံလောက်ပေသည်။ ပြဿနာတစ်ခုနှင့် ထိပ်တိုက်တွေ့ရသည့်အခါ၊ သူသည် မိမိကိုယ်ကို လုံးဝ ဆန်းစစ်ခြင်းမရှိ၊ သမ္မာတရားဆီသို့ မည်သည့်အခါမျှ လက်လှမ်းခြင်းမရှိ၊ သမ္မာတရားနှင့် ဆက်နွှယ်မှုတစ်ခု ရှာဖွေရန် လုံးဝ ကြိုးစားခြင်း မရှိပေ။ သူသည် ဘာသာတရားမရှိသူတစ်ဦးနှင့် အတူတူပင် ဖြစ်သည် မဟုတ်လော။ နှစ်ပေါင်းမည်မျှ ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည်ဖြစ်စေ၊ သူသည် အသက်ဝင်ရောက်မှု အနည်းငယ်မျှ မရှိသေးသကဲ့သို့ သူ လုပ်ဆောင်သမျှမှာ အနည်းငယ်သော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်၍ ပုံသေစောင့်ထိန်းခြင်းနှင့် မကောင်းသော လုပ်ဆောင်ချက်များကိုလုပ်ဆောင်ခြင်း ပို၍နည်းပါးစေရန်ကြိုးစားခြင်း ဖြစ်သည်။ ဤအရာကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် အဘယ်သို့ ခေါ်ဆိုနိုင်မည်နည်း။ ဤသို့ ဘုရားသခင်ကိုယုံကြည်သည့်ပုံစံမျိုးသည် ဘုရားသခင်၏ လက်ခံမှုကို အဘယ်သို့ ရရှိနိုင်မည်နည်း။ များစွာသောလူတို့သည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ထက်မနည်း ဘုရားသခင်ကို ယုံကြည်မှုအား ထုတ်ဖော်ပြောဆိုကြကာ စကားများနှင့် အယူဝါဒများ တစ်ပြုံလုံးကို ကိုးကားပြောဆိုနိုင်ကြသည်။ ထိုသူတို့ပြောသည့်အရာကို ကြားသည့်အခါ၊ ယခုတင် စတင် ယုံကြည်ခဲ့သည့်သူတစ်ဦးက အလွန်တရာ အထင်ကြီးမည်ဖြစ်သော်လည်း၊ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု တစ်စက်မျှ မရှိကြသကဲ့သို့ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုမျှ ၎င်းတို့ မဝေမျှနိုင်ကြပေ။ ဤသည်မှာ အဘယ်သို့ ဖြစ်လာသနည်း။ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်စက်မျှ မရှိခြင်းသည် ပြဿနာတစ်ခု ဖြစ်လာသည်။ ထိုအရာမှာ အသက်ဝင်ရောက်မှု တစ်စက်မျှ မရှိခြင်းကို ဆိုလိုသည်။ အခြားသူတို့က ၎င်းနှင့်အတူ သမ္မာတရားအကြောင်း မိတ်သဟာယပြုသည့်အခါ၊ ထိုသို့သောလူတစ်ဦးက၊ “ထားလိုက်ပါ။ အရာရာကို ကျွန်ုပ် နားလည်ပြီး၊ အယူဝါဒအားလုံးကို ကျွန်ုပ် သဘောပေါက်သည်”ဟု ပြောလိမ့်မည်။ ဤအရာကို ပြောဆိုခြင်းအတွက် သူ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ပြီးလျှင်ဤသို့ သူပြောခြင်းတွင် မည်သည့်အရာမှားယွင်းသနည်း။ တရားဒေသနာများကို သူ နားထောင်ပြီး၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါ၊ အယူဝါဒကိုသာ သူ သဘောပေါက်နိုင်ပြီး သမ္မာတရားကို သဘောမပေါက်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အယူဝါဒအကြောင်း မည်သို့ ပြောဆိုရမည်ကို သူ သိရှိသော်လည်း၊ ဘုရားနှုတ်ကပတ်တော်ကို မည်သို့ တွေ့ကြုံရမည်ကို သူ မသိပေ။ အကျိုးဆက်အနေဖြင့်၊ သူသည် နှစ်ပေါင်းမည်မျှ ယုံကြည်သူဖြစ်ခဲ့သည်ဖြစ်စေ၊ ပြဿနာတစ်ခုကိုမျှ မဖြေရှင်းနိုင်ပေ။ ဤသည်မှာ အဘယ်သို့ ဖြစ်လာသနည်း။ (သမ္မာတရားကို သူ လက်မခံပါ။) ထိုသို့ဖြစ်ပေသည်။ သမ္မာတရားကို သူ လက်မခံသောကြောင့် ဖြစ်သည်။ မိမိလူနာတို့နှင့်ပတ်သက်၍ ဆေးညွှန်းများ ရေးကာ ခွဲစိတ်မှုများ ဆောင်ရွက်လျက်၊ မိမိလူနာ၏ ရောဂါကို ပုံမှန် ကုသပေးနေသည့် ဆရာဝန်တစ်ဦးကဲ့သို့ပင်ဖြစ်သည်။ သူသည် ဆေးပညာနှင့်ဆိုင်သော ကျင့်သုံးမှုနောက်ကွယ်ရှိ အယူဝါဒတစ်ခုစီတိုင်းကို နားလည်ကောင်းနားလည်နိုင်သော်လည်း၊ မိမိကိုယ်တိုင် ကင်ဆာရှိကြောင်း ရောဂါစစ်တမ်းထွက်လာသည့်အခါ၊ သူက၊ “ငါ၏ ရောဂါကို မည်သူမျှ ကုသနိုင်လိမ့်မည် မဟုတ်ပါ”ဟု ပြောလိမ့်မည်။ တစ်စုံတစ်ဦးက သူ့ထံ၊ “သင့်အနေဖြင့် ဓာတုကုထုံး ခံယူရမည်၊ ခွဲစိတ်မှုတစ်ခု ခံယူရမည်”ဟု ပြောသည့်အခါ၊ သူက၊ “ဤအရာကို သင် ကျွန်ုပ်ကို ပြောပြရန် မလိုပါ၊ ထိုအကြောင်းအားလုံးကို ကျွန်ုပ် သိသည်”ဟု ပြန်ပြောလိမ့်မည်။ သို့ရာတွင်၊ ထိုအကြောင်းအားလုံးကို သိလျက်၊ သူကိုယ်တိုင်၏ ရောဂါကို ကုသရန် မည်သည့် ခြေလှမ်းမျှမလှမ်းလျှင်၊ ထိုရောဂါမှ သူ သက်သာနိုင်မည်လော။ ဆရာဝန်တစ်ဦးဖြစ်ခြင်းက သူ့ကို မည်သည့် ကောင်းကျိုးမျှ ဖြစ်စေမည်မဟုတ်ပေ။ အယူဝါဒ၏ သွင်ပြင်လက္ခဏာတိုင်းကို နားလည်သော်လည်း၊ ထိုအရာကို လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်သည့်သူတစ်ဦးသည် ဒုတိယလူစားမျိုး ဖြစ်သည်။ အပြင်ပန်း သွင်ပြင်များအားလုံးတွင်၊ ဤလူစားမျိုးသည် ပြုပြင်ခံရခြင်းကို လက်ခံပုံရသည်၊ တရားဒေသနာများကို ပုံမှန်နားထောင်ပြီး စုဝေးပွဲများတွင် ပုံမှန်ပါဝင်ပုံရပြီး၊ အလုပ်လုပ်ခြင်း၊ တာဝန်လုပ်ဆောင်ခြင်း၊ အခက်အခဲများကို ခါးစည်းခံခြင်းနှင့် မိမိကိုယ်ကို အသုံးခံခြင်းတို့နှင့်ပတ်သက်၍ စိတ်ထက်သန်ပုံရလေသည်။ သို့သော် ထိုသို့သောလူတစ်ဦး စံမမီသည့် အချက်တစ်ခု ရှိပြီး ထိုအရာမှာ အဆိုးရွားဆုံးသော သဘာဝ၏ ကျရှုံးမှုတစ်ခု ဖြစ်သည်။ သူသည် တရားဒေသနာများမှ သူ ကြားသည့်အရာ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် သမ္မာတရားအဖြစ် လုံးဝ သဘောထားခြင်း မရှိပေ။ ဤသည်မှာ သူသည် သမ္မာတရားကို လက်မခံဟု ဆိုလိုပေသည်။ သမ္မာတရားကို လက်မခံသည့် လူတစ်ဦးနှင့်ပတ်သက်၍ ပဓာနကျသော ပြဿနာမှာ အဘယ်နည်း။ (သူသည် သမ္မာတရားကို မချစ်ပါ။) သမ္မာတရားကို မချစ်သောသူတစ်ဦးအတွက်၊ ဘုရားသခင်အပေါ် သူ၏ ရှုထောင့်အမြင်၊ သဘောထားမှာ အဘယ်နည်း။ ထိုသို့သော လူတစ်ဦးသည် အဘယ်ကြောင့် သမ္မာတရားကို မချစ်သနည်း။ အဓိကအကြောင်းရင်းမှာ သူသည် သမ္မာတရားကို သမ္မာတရားအဖြစ် မမှတ်ယူခြင်း ဖြစ်သည်။ သူ၏ ရှုထောင့်အမြင်မှ မြင်ရသည်မှာ၊ သမ္မာတရားသည် ကောင်းမွန်သည့် အယူဝါဒသာ ဖြစ်သည်။ ဤလူစားမျိုးက စာတန်၏ အယူလွဲမှုများနှင့် အတွေးမှားများကို ယင်းတို့၏ အထူးထူး အပြားပြားဖြစ်သော ပုံစံမျိုးစုံ၌ မည်သို့ပိုင်းခြားသိမြင်ရမည်ကို သိသလော။ မသိသည်မှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် စာတန်၏ အယူလွဲမှုများနှင့် အတွေးမှားများအားလုံးသည် လူသားများအတွက် ကောင်းမွန်သည့် အယူဝါဒအဖြစ် ထွက်ပေါ်တတ်သောကြောင့် ဖြစ်သည်။ ဆိုးယုတ်သော လူတစ်ဦးပင်လျှင်၊ မကောင်းသည့် လုပ်ဆောင်ချက်များ ကျူးလွန်ရာတွင် အခြားသူတို့က သူ့ကို ထောက်ခံရန်၊ လက်ခံရန်နှင့် မှန်ကန်သည့်အနေဖြင့် မြင်ကြရန်အလို့ငှာ ၎င်းတို့ကို အထင်အမြင် လွဲမှားစေဖို့ ကြားကောင်းသည့် အကြောင်းပြချက်များကို ရှာဖွေလေသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးက သမ္မာတရားကို ကောင်းမွန်သည့် အယူဝါဒအဖြစ် ရှုမြင်လျှင်၊ ယင်းမှာ အလွန် အဓိပ္ပာယ်မရှိခြင်းသာ ဖြစ်လိမ့်မည်။ ဤလူစားမျိုးက သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည်သာမက၊ အခြားသူတို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းခံရရန်နှင့် စာတန်၏ တန်ဆာပလာအဖြစ် အသုံးတော်ခံမိရန်လည်း သူ့အတွက် လွယ်ကူပေသည်။ ဤအရာကြောင့် ငါက၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သူ မည်သူဖြစ်စေ သူသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသည့် လူတစ်ဦးဖြစ်သည်ဟု ဆိုရခြင်း ဖြစ်သည်။ သူက သမ္မာတရားကို သိနားလည်ခြင်းက အယူဝါဒကို သိနားလည်ခြင်းကို ဆိုလိုကြောင်းနှင့် တစ်ဦးတစ်ယောက်က အယူဝါဒများကို မည်သို့ပြောဆိုရမည်ကို သိသရွေ့၊ သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုကြောင်း တွေးထင်လေသည်။ ဤလူစားမျိုးသည် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိမည်မဟုတ်သကဲ့သို့ စည်းမျဉ်းများက ဆိုလိုသည့်အရာကို သဘောပေါက်နိုင်လိမ့်မည် မဟုတ်သည်မှာ အသေချာဆုံးဖြစ်သည်။ ၎င်းလုပ်ဆောင်နိုင်သမျှမှာ အယူဝါဒအပေါ် သူ၏ ကိုယ်ပိုင် သိနားလည်မှုအတိုင်း စည်းမျဉ်းစည်းကမ်းများ လိုက်နာစောင့်ထိန်းခြင်းကို လုပ်ဆောင်ရန် ကြိုးစားကြည့်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး အယူဝါဒအတော်များများကို နားလည်လာပြီးသည့်နောက်တွင်၊ နောက်ထပ် စည်းမျဉ်းစည်းကမ်း အနည်းငယ်ကို သူ ပုံသေစောင့်ထိန်းလိမ့်မည်ဖြစ်ပြီး၊ နောက်ထပ် ကောင်းမွန်သည့် လုပ်ဆောင်ချက် အနည်းငယ်ကို လုပ်ဆောင်လိမ့်မည် သို့မဟုတ် ညည်းညူခြင်းမရှိဘဲ အခက်အခဲများစွာကို သည်းညည်းခံလျက် အနစ်နာခံမှု အနည်းငယ်ကို ပြုကောင်းပြုနိုင်သည်။ ဤအရာများကို ဘုရားနှုတ်ကပတ်တော်အား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် သူ ယူဆလေသည်။ အမှန်တွင်၊ တစ်ဦးတစ်ယောက်သည် အပြင်ပန်းတွင် စည်းမျဉ်းစည်းကမ်းများကို မည်မျှ ပုံသေစောင့်ထိန်းပုံပေါ်သည်ဖြစ်စေ၊ တစ်ဦးတစ်ယောက်က မည်မျှ ဆင်းရဲဒုက္ခခံပြီး၊ ညည်းညူခြင်းမရှိဘဲ အဖိုးအခ မည်မျှ ပေးသည်ဖြစ်စေ၊ ဤအရာတစ်ခုမျှသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မဆိုထားနှင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟုပင် မဆိုလိုပေ။
အရာအားလုံးကို ခြုံငုံကြည့်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ သင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဟုတ်မဟုတ်ဟူသည်ကို မည်သို့ တိုင်းတာသနည်း။ အရာအားလုံးကို ခြုံငုံကြည့်လျှင် သင်သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး လက်ခံသူ ဖြစ်သလော။ ဤအရာကို ဘုရားသခင်က မည်သို့ ကြည့်သနည်း။ ဘုရားသခင်က အောက်ပါအတိုင်း ကြည့်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို ထုတ်ဖော်ပြောဆိုပြီး၊ တရားဒေသနာများကို နားထောင်နေစဉ်တွင်၊ သင်သည် သင်၏ မမှန်ကန်သော အတွင်းပိုင်း အခြေအနေ၊ ဘုရားသခင်အပေါ် သင်၏ ပုန်ကန်မှုနှင့် မတူကွဲပြားသော သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပုံစံအားလုံးကိုယူကာ ယင်းတို့ကို သမ္မာတရားနှင့် အစားထိုးပြီးပြီလော။ သင် ပြောင်းလဲပြီးပြီလော။ သင်သည် သင်၏ အပြင်ပန်း အပြုအမူနှင့် လုပ်ရပ်များတွင်သာ ပြောင်းလဲပြီလော သို့မဟုတ် သင်၏ အသက်စိတ်သဘောထားက ပြောင်းလဲမှုတစ်ခုကို ကြုံရပြီးပြီလော။ ဘုရားသခင်သည် ဤသုံးသပ်ချက်များကို အခြေခံ၍ သင့်ကို အကဲဖြတ်၏။ နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ကာ ဘုရားနှုတ်ကပတ်တော်ကို နှစ်ပေါင်းများစွာ စားသောက်ပြီးနောက်တွင်၊ သင့်အတွင်းရှိ ပြောင်းလဲမှုသည် အပေါ်ယံဆန်သလော သို့မဟုတ် ယင်းတို့သည် အခြေခံကျသော သဘာဝနှင့် သက်ဆိုင်သလော။ သင်၏ စိတ်သဘောထားတွင် သင် ပြောင်းလဲပြီးပြီလော။ ဘုရားသခင်အပေါ် သင်၏ ပုန်ကန်မှုသည် လျော့နည်းသွားပြီလော။ ပြဿနာတစ်ခုနှင့် ထိပ်တိုက်တွေ့ပြီး၊ သင်၏ ပုန်ကန်မှု ထုတ်ဖော်ပြခံရသည့်အခါ၊ သင်သည် မိမိကိုယ်ကို သုံးသပ်ဆင်ခြင်နိုင်စွမ်း ရှိသလော။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံမှု ပြသနိုင်စွမ်းရှိသလော။ ဘုရားသခင် သင့်ကို ပေးအပ်ထားသည့် သင်၏ တာဝန်နှင့် စေခိုင်းချက်တို့အပေါ် သင်၏ သဘောထားသည် ပြောင်းလဲမှုတစ်ခုတလေ ကြုံရပြီးပြီလော။ သင်၏ သစ္စာစောင့်သိမှု ကြီးထွားပြီးပြီလော။ သင့်အတွင်းတွင် မသန့်စင်မှုများ ရှိသေးသလော။ လူတစ်ဦးချင်းအနေဖြင့် သင် ထားရှိသည့် ကြံရွယ်ချက်များ၊ ရည်မှန်းချက်များ၊ တောင့်တမှုများနှင့် အစီအစဉ်များတို့ဖြစ်သည့် ဤအရာများသည် တရားဒေသနာများကို သင် နားထောင်နေခဲ့သည့် ကာလအတောအတွင်း၌ သန့်စင်ခြင်းခံရပြီးပြီလော။ ဤအရာအားလုံးသည် ဆန်းစစ်ချက် စံနှုန်းများဖြစ်သည်။ အထက်ပါအရာများအပြင်၊ ဘုရားသခင်အကြောင်း သင်၏ အယူအဆများနှင့် နားလည်မှုလွဲခြင်းများထဲမှ မည်မျှသည် ဖယ်ရှားခြင်းခံရပြီးပြီနည်း။ ယခင်ကဖြစ်သည့် ထိုမရေရာသော အယူအဆများ၊ စိတ်ကူးများနှင့် ကောက်ချက်များကို သင် ဆက်လက်စွဲကိုင်ထားဆဲဖြစ်သလော။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများအပေါ် မကျေနပ်ချက်များ၊ အတိုက်အခံလုပ်ခြင်း သို့မဟုတ် အပျက်သဘောဆောင်သော ခံစားမှုများ သင် ထားရှိဆဲဖြစ်သလော။ ဤအပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို အမှန်တကယ် မဖြေရှင်းရသေးလျှင်၊ စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုမျှ သင် မကြုံရသေးလျှင်၊ ဤအရာက အချက်တစ်ခုကို အတည်ပြုသည်။ ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူတစ်ယောက် မဟုတ်ခြင်း ဖြစ်သည်။ ထိုနည်းတူစွာ၊ မျိုးစေ့တစ်စေ့သည် မြေကြီးပေါ်သို့ အကြဲခံရသည့်နောက် ရေလောင်းကာ မြေဩဇာကျွေးခံရပြီးသည့်တိုင် ရက်များစွာလွန်ပြီးနောက် အညှောက်မပေါက်နိုင်သည့်အခါ၊ ဤအရာက ထိုမျိုးစေ့တွင် အသက်မရှိသည်ကို သက်သေပြပေသည်။ ဥပမာအနေဖြင့်၊ ယခင်က အမြဲ အနိုင်ကျင့်ခံရသောကြောင့်၊ ဝိုင်းပယ်ခံရပြီး၊ မထီမဲ့မြင်ပြုခြင်းခံခဲ့ရသောကြောင့် ဘုရားသခင်ကို ယုံကြည်ကြပြီး၊ အနာဂတ်တွင် ခေါင်းမော့နေနိုင်ရန်အလို့ငှာ ဘုရားသခင်ကို ယခု ယုံကြည်ကြသည့် လူအချို့ရှိသည်။ ယုံကြည်မှုကို အချိန်တစ်ခုကြာ ထုတ်ဖော်ပြောဆိုပြီးသည့်နောက်၊ ထိုသို့သော လူတစ်ဦးသည် သူ၏ တာဝန်ကို လုပ်ဆာင်ပြီး မိမိကိုယ်ကို အသုံးခံနေစဉ်တွင် ဤကြံရွယ်ချက်ကို ဆက်လက်ထားရှိပြီး၊ နောက်ဆုံးတွင် အသင်းတော်၌ ခေါင်းဆောင်တစ်ဦးဖြစ်လာပြီးနောက် မိမိခေါင်းကို မော့ထားနိုင်ပြီဟု သူခံစားသည်အထိ မိမိကိုယ်ကို အသုံးခံခြင်းတွင် ပိုပိုပြီး အားအင်စိုက်ထုတ်လေသည်။ အတွင်းစိတ်တွင် သူ၏ ကြံရွယ်ချက်သည် ပြေလည်မသွားသေးဘဲ၊ သူက၊ “ငါသည် သာ၍ ကြီးမားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဆိုလျှင်၊ ငါသည် သာ၍ပင် ခေါင်းမော့နေနိုင်ခွင့်ရမည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းက လုပ်ဆောင်ရမည့် နည်းလမ်းဖြစ်သည်”ဟု တွေးဆလေသည်။ ဘုရားအိမ်တော်သို့ သူ လာရခြင်းမှာ ခေါင်းမော့နေနိုင်ဖို့ရန်အလို့ငှာ အဆင့်အတန်း ရရှိဖို့အတွက်သာဖြစ်ပြီး၊ ဤကြံရွယ်ချက်က တစ်လျှောက်လုံး ပြေလည်မသွားဘဲရှိနေသည်။ သူသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးဖြစ်သည်၊ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်ကို နှစ်ပေါင်းများစွာ စားသောက်ပြီးဖြစ်သည့်တိုင် ဤပြဿနာတစ်ခုကို ဖြေရှင်းရန် ပျက်ကွက်ခဲ့လေသည်။ ဘုရားသခင်ကို ဤသို့ သူယုံကြည်ခြင်းသည် သူ၏ သင့်တင့်လျောက်ပတ်သည့် အလုပ်တာဝန်များကို လျစ်လျူရှုခြင်း မဟုတ်လော။ တစ်ဦးတစ်ယောက်က သမ္မာတရားရရှိခြင်း၊ အသက်ရရှိခြင်းအတွက် တရားဒေသနာများကို နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုသော်လည်း၊ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမျှ ရရှိခြင်းမရှိဘဲ သို့မဟုတ် အသက်ကို ရရှိခြင်းမရှိဘဲ ယုံကြည်မှုကို နှစ်ပေါင်းများစွာ ထုတ်ဖော်ပြောဆိုခဲ့ပေသည်။ ဤသည်မှာ ချင့်ချိန်စဉ်းစားထိုက်သည့် ပြဿနာတစ်ခု ဖြစ်သည်။ လူအချို့သည် သမ္မာတရားအား မည်သို့ မိတ်သဟာယပြုရမည် သို့မဟုတ် ဘုရားသခင်ကို မည်သို့ သက်သေခံရမည်ကို မသိကောင်းမသိနိုင်သော်လည်း၊ ထိုသို့ဖြစ်လင့်ကစား စစ်မှန်သည့် အတွေ့အကြုံအချို့ ရှိကြသည်။ ပြုပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် မိမိကိုယ်ကို သုံးသပ်နိုင်စွမ်းရှိကြပြီး၊ ထို့အပြင် သမ္မာတရားကို လက်ခံနိုင်ကြသည်။ ထို့နောက်တွင် မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲရန် အပြောင်းအလဲများကို စစ်မှန်စွာ ပြုလုပ်နိုင်ကြလေသည်။ ဤအရာက ဤလူများတွင် စစ်မှန်သည့် ယုံကြည်ခြင်းရှိသည်ကို သက်သေပြသည်။ ၎င်းတို့အပေါ် ဆင်းရဲဒုက္ခနှင့် ကံအကြောင်းမလှသည့်ဖြစ်ရပ် မည်မျှ ဆိုက်သည်ဖြစ်စေ၊ ခေါင်းမရှောင်ဘဲ ၎င်းတို့၏ ဘုရားသခင်ကို ချစ်သည့် စိတ်နှလုံးက သာ၍ စစ်မှန်လာလေသည်။ အရေးကိစ္စများကို စီမံရာတွင်၊ ၎င်းတို့သည် ယခုတွင် စည်းမျဉ်း၏ လမ်းညွှန်ခြင်းခံရသည်။ ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးမှုက အတော်များများ လျော့နည်းသွားပြီး၊ မိမိတို့တာဝန်ကို လုပ်ဆောင်နေချိန်တွင် သာ၍ အားကောင်းသည့် တာဝန်သိစိတ်တစ်ခု ရှိကြသည်။ ဤလူစားမျိုးနှင့်ပတ်သက်၍ သူသည် သမ္မာတရားကို နားလည်ခြင်းမရှိဟု သင် ပြောနိုင်သလော။ သူ၌ရှိသည့် အပြောင်းအလဲများနှင့်ဆိုင်သော ရှုထောင့်အမြင်မှ ကြည့်လျှင်၊ ဤလူသည် သမ္မာတရား၏ လက်တွေ့ကျမှုကို သေချာစွာ အသက်ရှင်နေထိုင်နေပေသည်။ ထိုသို့ လုပ်ဆောင်ရာတွင်သာ သူသည် ဘုရားနှုတ်ကပတ်တော်ကို သူ၏ စိတ်နှလုံးအူတိုင်ထဲသို့ ခံယူပြီးဖြစ်ပေသည်။ သူသည် စကားပြောစွမ်းရည် မရှိကောင်းမရှိနိုင်သော်လည်း၊ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သူ သိရှိသည့်အပြင် အရေးကိစ္စများကို ကိုင်တွယ်ရာတွင် စည်းမျဉ်းများ၏ လမ်းညွှန်ခြင်းကိုခံရပြီး ခိုင်မာသည့် ရည်မှန်းချက်များကို ပြည့်မြောက်စေရန် အစွမ်းကုန် လုပ်ဆောင်ကာ ညည်းညူသည့်စကားတစ်ခွန်းမျှမရှိဘဲ အခက်အခဲမျိုးစုံကို သည်းညည်းခံလေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်သည် သူ၏အတွင်းတွင် အမှုပြုပြီး ယင်း၏ အကျိုးတရားကို စွမ်းဆောင်ရရှိကာ သူ၏ အသက်စတင်ဖြစ်လာ နေသည့် သက်သေဖြစ်သည်။
ယခုတင် လူနှစ်မျိုးနှစ်စားအကြောင်း ငါတို့ ပြောဆိုနေခဲ့ကြသည်။ ပထမလူစားမျိုး၏ အပြုအမူမှာ ရိုးရှင်းသည်။ ဘုရားနှုတ်ကပတ်တော်ကို ကြားသည့်အခါ၊ သူသည် လက်တွေ့လုပ်ဆောင်နိုင်၏။ ဒုတိယအမျိုးအစားမှာ ဘုရားနှုတ်ကပတ်တော်ကို အတော်များများ နားထောင်ပြီးနောက်တွင်၊ လက်တွေ့လုပ်ဆောင်ရန် လုံးလုံးလျားလျား ပျက်ကွက်ခြင်းမရှိပေ။ သူ၏ ကိုယ်ပိုင် စိတ်ထဲတွင် ထိုနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နေခြင်းအဖြစ် မိမိကိုယ်ကို စိတ်ကူးမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ မိသားစုနှင့် အလုပ်အကိုင်တို့ကို စွန့်လွှတ်ပြီးဖြစ်ကာ သူ၏ အရာအားလုံးကို သူ ပေးလှူပူဇော်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ အိမ်ထောင်မပြုသည့် လမ်းကြောင်းကို ရွေးချယ်လျက်၊ ကြွယ်ဝချမ်းသာမှု လိုက်စားခြင်းကို ငြင်းပယ်ကာ အရာရာကို ပေးလှူပူဇော်လျက် မိမိတို့၏ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်သော်လည်း ၎င်းတို့၏ အတွင်းပိုင်း အခြေအနေ လုံးဝ မပြောင်းလဲသည့် သူအချို့ပင် ရှိကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ မကျေနပ်ချက်များ၊ အထင်လွဲမှုများ၊ အယူအဆများနှင့် စိတ်ကူးများအပြင်၊ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထား၊ အာဏာရှင်ဆန်ပြီး ထင်တိုင်းကြဲသော အပြုအမူတို့ဖြစ်သော ဤအရာအားလုံးက အစဉ်အမြဲ မပြောင်းမလဲရှိနေပြီး၊ ဘာသာတရားမရှိသူတစ်ဦးနှင့် ကွဲပြားခြားနားမှု အနည်းငယ်ရှိလျက် စာတန်၏ အတွေးအခေါ်ဖြင့် ဆက်လက် အသက်ရှင်နေကြသည်။ ဤလူစားမျိုးသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ပါးစပ်ပြောမျှသာ လုပ်ဆောင်ကြပြီး၊ ကြီးမားသည့် မကောင်းမှုနှင့်ဆိုင်သော လုပ်ရပ်များကို မကျူးလွန်သည့်အဖြစ်တွင် မယုံကြည်သူများထက် အနည်းငယ်မျှသာ ပိုကောင်းလေသည်။ အပြင်ပန်းတွင်၊ ထိုသို့သော လူတစ်ဦးသည် ကောင်းမွန်သည့်ပုံပေါ်သည်။ သို့တိုင် သမ္မာတရားကို သူ မလိုက်စားသကဲ့သို့၊ တရားဒေသနာများကို မည်မျှ နားထောင်သည်ဖြစ်စေ၊ မိမိ၏ အသက်စိတ်သဘောထားတွင် မည်သည့်အပြောင်းအလဲမျှ မပြုလုပ်ပေ။ ဤလူစားမျိုးက ဘုရားနှုတ်ကပတ်တော်ကို မည်သို့နားလည်ထားသနည်း။ ထိုနှုတ်ကပတ်တော်ကို ကောင်းမွန်သည့် အယူဝါဒအဖြစ် သူ သဘောထားလေသည်။ သူသည် ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် မှတ်ယူသော်လည်း၊ သမ္မာတရားအဖြစ် သူ မှတ်ယူသည့်အရာမှာ အမှန်တွင် အယူဝါဒဖြစ်သည်။ အယူဝါဒဆိုင်ရာ သဘာဝနှင့်ဆိုင်သော အရာတစ်ခု၊ အလွန်ဆိုးရွားခြင်းမရှိသည့် အရာတစ်ခု ဖြစ်သည်။ စည်းမျဉ်းစည်းကမ်း အနည်းငယ်ကို သူ ပုံသေစောင့်ထိန်းနိုင်သော်လည်း၊ သူ၏ အသက်စိတ်သဘောထားက အနည်းငယ်မျှ မပြောင်းလဲပေ။ ဤသည်တို့မှာ ဒုတိယ လူစားမျိုးများ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။