သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည် (အပိုင်း တစ်)
လူတစ်ဦးသည် အသက်ဝင်ရောက်မှုသို့ ပထမခြေလှမ်းကို လှမ်းသောအခါတွင် မည်သည့်နေရာမှ စတင်သင့်သနည်း။ လူတစ်ဦးသည် အသက်ဝင်ရောက်မှုကို ရရှိရန်အတွက် မည်သည့်အရာရှိရန် လိုအပ်သနည်း။ လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုများအတွင်းသို့ ဝင်ရောက်ရန် လိုက်စားသင့်ပြီး ရရှိသင့်သော အရေးအပါဆုံးနှင့် အရေးအကြီးဆုံးအရာများမှာ အဘယ်နည်း။ ဤမေးခွန်းများကို သင်တို့ စဉ်းစားကြည့်ခဲ့ဖူးသလော။ အသက်ဝင်ရောက်မှုဆိုသည်မှာ အဘယ်နည်း။ အသက်ဝင်ရောက်မှုဆိုသည်မှာ လူတစ်ယောက်၏ နေ့စဉ် အသက်တာ၊ သူ၏အပြုအမူများ၊ သူ၏ဘဝဦးတည်ရာနှင့် သူ၏လိုက်စားခြင်း ရည်မှန်းချက်ပန်းတိုင်တို့က ပြောင်းလဲသွားခြင်း ဖြစ်သည်။ အတိတ်တွင် မိုက်မဲပြီး မသိနားမလည် ဖြစ်ခဲ့သော်လည်း၊ ဇာတိပကတိ၏ အတွေးအခေါ်များ၊ အယူအဆများနှင့် စိတ်ကူးအထင်များအတိုင်း အမြဲ ပြုမူခဲ့သော်လည်း ယခုတွင်မူ လူတစ်ဦးသည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းများ၊ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့မှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သူပြုမူသင့်ကြောင်းကို နားလည်လာနိုင်သည်။ ထို့အပြင် ဤလူသည် မိမိ၏ပြုမူနေထိုင်သည့် အမြင်ရှုထောင့်များနှင့် ပုံစံတို့နှင့်စပ်လျဉ်း၍၊ အသက်တာ၌ မိမိ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်များနှင့်စပ်လျဉ်း၍ နေ့စဉ် အသက်တာတွင် ဘုရားနှုတ်ကပတ်တော်များ၏ ရလဒ်အနေဖြင့် ပုံသဏ္ဌာန် ပြောင်းလဲမှုကို ကြုံတွေ့ရပြီး ဖြစ်သည်။ ဤသည်မှာ အသက်ဝင်ရောက်မှုဖြစ်၏။ အသက်ဝင်ရောက်မှု၏ အခြေခံမှာ အဘယ်အရာဖြစ်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ပါသည်။) မှန်သည်။ အသက်ဝင်ရောက်မှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ခွဲခြားထား၍ မရနိုင်ပေ။ ယင်းကို သမ္မာတရားနှင့် ခွဲခြားထား၍ မရနိုင်ပေ။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်တိုင်းသည် သမ္မာတရားဖြစ်သည်။ အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိပြီးသည့် လူများတွင် မည်သည့်အရာက ပေါ်လွင်ထင်ရှားသနည်း။ (၎င်းတို့သည် အသက်ရှင်နေထိုင်ရန်အတွက် ဘုရားနှုတ်ကပတ်တော်များကို အမှီပြုနိုင်သည်။) မှန်သည်။ ၎င်းတို့သည် အသက်ရှင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကိုးစားနိုင်ကြသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ စကားများ၊ ပြဿနာများနှင့် ပတ်သက်သည့် အတွေးအခေါ်များ၊ ၎င်းတို့၏ အမြင်များ၊ ရပ်တည်ချက်များနှင့် ရှုထောင့်များ အားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ်သာ မှီခိုထားလေသည်။ ဤသည်တို့မှာ အသက်ဝင်ရောက်မှုရယူပြီးခြင်း၏ သရုပ်သကန်များဖြစ်သည်။ ထို့ကြောင့် အသက်ဝင်ရောက်မှုသည် အဓိကအားဖြင့် မည်သည့်အရာနှင့် ချိတ်ဆက်နေသနည်း။ (ဘုရားနှုတ်ကပတ်တော်နှင့် ချိတ်ဆက်နေပါသည်။) ယင်းသည် ဘုရားနှုတ်ကပတ်တော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ချိတ်ဆက်နေ၏။ ဤသို့ဆိုလျှင် ယခု၌ အသက်ဝင်ရောက်မှုရှိသူတစ်ဦးကို သမ္မာတရား လိုက်စားသူအဖြစ်၊ သမ္မာတရားအား အမှန်တကယ် လိုက်စားသူကို အသက်ဝင်ရောက်မှုရှိသူအဖြစ် အဓိပ္ပာယ်သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) အမှုအရာများကို ဤနည်းဖြင့် အဓိပ္ပာယ်သတ်မှတ်ခြင်း၏ ပန်းတိုင်မှာ အဘယ်နည်း။ ငါတို့၏ မိတ်သဟာယတွင် မည်သည့်ဦးတည်ချက်ကို ထားသင့်သနည်း။ (သမ္မာတရားအား လိုက်စားခြင်းကို ဦးတည်ချက်ထားသင့်သည်။) သမ္မာတရားအား လိုက်စားခြင်းသည် ယနေ့ ငါမိတ်သဟာယဖွဲ့လိုသည့် အဓိကအကြောင်းအရာ ဖြစ်သည်။ လက်ရှိအချိန်တွင် သင်တို့သည် အသက်ဝင်ရောက်မှုနှင့် သမ္မာတရားလိုက်စားခြင်းတို့ကြား ဆက်စပ်မှုကို လွန်စွာရှင်းလင်းခြင်း မရှိပေ။ ယင်းသည် သင်တို့အတွက် အလွန်ထင်ရှားမြင်သာခြင်းမရှိ။ ငါသည် အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများကို အစဉ် မိတ်သဟာယဖွဲ့နေပြီး ပေါလု၏ လမ်းကြောင်းကို စိစစ်နေသည်။ ဤအရာများအားလုံးကို အခြေခံသည့် အဓိကအကြောင်းအရာမှာ အဘယ်နည်း။ သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်။ ပေါလုလိုက်လျှောက်ခဲ့သည့် လမ်းကြောင်းကို ငါစိစစ်သည်ဖြစ်စေ၊ ပေတရုလိုက်လျှောက်ခဲ့သည့် စုံလင်ခြင်းလမ်းကြောင်း အကြောင်းကို ပြောသည်ဖြစ်စေ၊ မည်သည့်အရာကို ငါပြောသည်ဖြစ်စေ အဆုံးတွင် မည်သည့်လမ်းကြောင်းမျိုးကို လူတိုင်းအား လိုက်လျှောက်စေခြင်းသည် ငါ၏ ပန်းတိုင်ဖြစ်သနည်း။ (သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းဖြစ်သည်။) လူတို့သည် သမ္မာတရားကို လိုက်စားနိုင်သောအခါ၊ သမ္မာတရားစစ်မှန်မှုများအတွင်းသို့ ဝင်ရောက်နိုင်သောအခါ၊ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သောအခါ၊ ဘုရားနှုတ်ကပတ်တော်၏ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်သောအခါ လူတို့ လိုက်စားသော ပန်းတိုင်များ၊ လူတို့လိုက်လျှောက်သော လမ်းကြောင်းများသည် မရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) ဘုရားသခင်ကို လူတို့ ယုံကြည်ချိန်တွင် ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲရန် ကြိုးစားပြီး ကယ်တင်ခြင်းအား လိုက်စားသောအခါ၌ သမ္မာတရားအား လိုက်စားခြင်းသည် လူတို့အတွက် ရှောင်ရန် မဖြစ်နိုင်သော အကြောင်းအရာတစ်ခုဖြစ်သည်။ သမ္မာတရားအား လိုက်စားသူတို့သာ စစ်မှန်သောယုံကြည်သူများဖြစ်ပြီး ကယ်တင်ခြင်းကို ရယူနိုင်သည်။ လူအချို့သည် စိတ်ထက်သန်မှုရှိပြီး ဘုရားအတွက် အသုံးခံလိုစိတ်ရှိကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို မလွဲမသွေ လိုက်စားသောသူများမဟုတ်ကြပေ။ လူတိုင်းက သမ္မာတရားကို လိုက်စားလိုစိတ် ရှိသော်လည်း လူအချို့က အစွမ်းအစနည်းသည်။ သဘောပေါက်နားလည်နိုင်စွမ်း ချို့တဲ့ပြီး သမ္မာတရားကို သဘောမပေါက်နိုင်ကြပေ။ လူအချို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိ။ တရားဒေသနာများကို မည်သို့နားထောင်သည်ဖြစ်စေ လုံးဝနားမလည်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သည့်အခါတွင်လည်း နားမလည်ကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် အကြောင်းအရာများကို လွဲချော်နေသော နည်းဖြင့် သဘောပေါက်နားလည်ကြပြီး စည်းမျဉ်းစည်းကမ်းများကို အသုံးချဖို့ ကြိုးစားသည်။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူများဖြစ်ကြသည်။ အသင်းတော်တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသူများရှိပြီး ဝိညာဉ်ရေးရာနားလည်သဘောပေါက်မှု မရှိသူများရှိသည်။ သဘောပေါက်နားလည်နိုင်စွမ်း ချို့တဲ့သော အစွမ်းအစ နည်းသောသူများရှိပြီး ဘုရားနှုတ်ကပတ်တော်အပေါ် ရှင်းလင်းစွာ သဘောပေါက်နားလည်ခြင်းရှိသည့် အစွမ်းအစကောင်းသူများရှိသည်။ သမ္မာတရား လိုက်စားသူများရှိပြီး မလိုက်စားသူများလည်းရှိသည်။ ဤမတူညီသော လူအမျိုးအစားများတွင် မတူညီသော အခြေအနေများနှင့် သရုပ်သကန်များရှိသည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ရမည်။
ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်လူများဖြစ်သော ပထမလူအမျိုးအစားအကြောင်းကို ဆွေးနွေးခြင်းအားဖြင့် စတင်ကြစို့။ ဥပမာအနေဖြင့် ငါတို့သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုကို မိတ်သဟာယပြုသည်။ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာနှင့် လူတို့၏ အခြေအနေများ၊ သဘောထားများ၊ ရည်ရွယ်ချက်များနှင့် သရုပ်သကန်များ အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ပြောခဲ့သည့်အရာကို နားမလည်သော၊ မိတ်သဟာယပြုခဲ့သည့်အရာအပေါ် နားမလည်သော၊ ဤအရာကို မိမိတို့ဖြင့် နှိုင်းယှဉ်ချိန်ဆ မကြည့်နိုင်သော၊ မိတ်သဟာယပြုခဲ့သည့် သမ္မာတရားက မိမိတို့၏ အပြုအမူနှင့်လည်းကောင်း၊ သရုပ်သကန်များနှင့်လည်းကောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်လည်းကောင်း၊ မိမိတို့၏ သဘာဝအနှစ်သာရနှင့်လည်းကောင်း မည်သည့်ဆက်စပ်မှုရှိသည်ကို မသိသောသူအချို့ ရှိသည်။ ဤအရာသည် ၎င်းတို့အသက်တာတွင် ၎င်းတို့လိုက်စားသောအရာများနှင့် မည်သို့သက်ဆိုင်သည်ကိုဖြစ်စေ၊ ဤတရားဒေသနာအား အဘယ်ကြောင့်ဟောပြောရသည်ကိုဖြစ်စေ မသိကြပေ။ ယင်းမှ ၎င်းတို့နားလည်သမျှမှာ အယူဝါဒဖြစ်ပြီး ယင်းတွင်ရှိသော စည်းမျဉ်းစည်းကမ်းများကို အပိုဆောင်းပြီး ကောက်ချက်ချကြသည်။ တစ်စုံတစ်ယောက်က ၎င်းတို့ နားလည်သည့်အရာကို မေးသောအခါတွင် ၎င်းတို့က “ယနေ့တွင် အကြောင်းအရာများစွာကို မိတ်သဟာယဖွဲ့ခဲ့သော်လည်း အဓိကအချက်က တူညီသည်။ တစ်စုံတစ်ခုဖြစ်လျှင် ပို၍ဆုတောင်းဟု ဖြစ်သည်” ဟု ပြောသည်။ အခြားလူများက “ကျွန်ုပ်နားလည်သည်။ ဘုရားသခင်က လူတို့အားလူကောင်းဖြစ်စေရန်၊ မကောင်းသောအရာများကို မပြုလုပ်ရန်၊ ကောင်းမှုများစွာကို ပြုလုပ်ရန် လုပ်ဆောင်သည်။ ဘုရားသခင်က ဤအရာကို နှစ်သက်သည်” ဟု ဆိုကြသည်။ “လူတို့သည် ဘုရားအတွက် မိမိကိုယ်ကို အသုံးခံရမည်၊ မိမိကိုယ်ကို များစွာပေးဆပ်ရမည်ဟု ဘုရားသခင်က လူတို့ကို ပြောနေသည်” ဟု ဆိုသော အခြားလူများလည်းရှိသည်။ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ နားလည်ပြီးဖြစ်သလော။ (နားမလည်သေးပါ။) ဤလူတို့အားလုံးက ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့နားလည်သည်ဟု ထင်ကြသည်။ သို့သော် ၎င်းတို့သည် အမှန်တကယ်တွင် အမှောင်ထဲ၌ စမ်းတဝါးဝါးဖြစ်နေကြပြီး ဘုရားနှုတ်ကပတ်တော်ထဲမှ ဝါကျတစ်ကြောင်းအပေါ်ကိုသာ တွယ်ကပ်နေသည်။ ၎င်းတို့၏ နားလည်မှုသည် အလွန် တစ်ဖက်သတ်ဆန်လွန်းသည်။ ဘုရားသခင်က ရည်ရွယ်သည့်အရာကို ၎င်းတို့ လုံးဝ နားမလည်ကြပေ။ ဘုရားနှုတ်ကပတ်တော်ကို နားမလည်သော လူတို့အနေဖြင့် ဘုရားသခင်က မည်မျှပြောသည်ဖြစ်စေ ၎င်းတို့မြင်သမျှမှာ စည်းမျဉ်းစည်းကမ်းများ၊ အယူဝါဒ၊ သီအိုရီတစ်မျိုး၊ အမြင်ရှုထောင့်တစ်မျိုး၊ သို့မဟုတ် အဆိုတစ်မျိုးသာ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့သည် မည်သို့လက်တွေ့လုပ်ဆောင်သနည်း။ ဥပမာအနေဖြင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းအကြောင်း သမ္မာတရားကို ငါတို့ပြောသောအခါ ၎င်းတို့က နားထောင်ပြီးနောက်တွင် “ဘုရားသခင်က ငါ့အား လုပ်ဆောင်ရန် ပြောသည့်အရာမှန်သမျှကို ငါလုပ်မည်။ ဤသည်မှာ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ့အပေါ် ကျိုးနွံနာခံသည့် အဓိပ္ပာယ်ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသယောင်ပြုထားခြင်းမဟုတ်လော။ ၎င်းတို့နားလည်သည်မှာ ယင်းတို့သာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ဘက်တွင် မည်သို့ရပ်ပြီး အသင်းတော်အလုပ်အား ကာကွယ်ရမည်ကို နားလည်ဖို့ရန် မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်အား မည်သည့်နည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားအပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ရှာဖွေပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား မည်သို့ရရှိရမည်ကိုလည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို မည်သို့ လိုက်လျှောက်ရမည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်နှင့် အညီ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း နားမလည်ကြပေ။ တစ်စုံတစ်ခုက ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအတွက် သော့ချက်ဖြစ်သော သမ္မာတရားများနှင့် သက်ဆိုင်လေလေ၊ ၎င်းတို့က ယင်းကို သဘောပေါက်နိုင်စွမ်းမရှိလေဖြစ်သည်။ မည်သို့လုပ်ရမည်ဆိုသည်ကို ၎င်းတို့သိသမျှမှာ စည်းမျဉ်းစည်းကမ်းများအား ပုံသေစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိခြင်းကို ဆိုလိုသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူတို့သည် စည်းမျဉ်းစည်းကမ်းများအား ပုံသေစောင့်ထိန်းခြင်းနှင့် ငြီးငွေ့ဖွယ်ဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင်စဉ်းစားပုံထဲတွင် ပိတ်မိနေခြင်းအပြင် အသိခေါက်ခက် အဝင်နက်ကြလေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသော လူတို့၏ အဓိကဖော်ပြချက်မှာ အဘယ်နည်း။ (ယင်းသည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းဖြစ်သည်။) မကြာခဏပင် ၎င်းတို့သည် ဝါကျတစ်ကြောင်း၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုကို ယူပြီး ပုံသေစောင့်ထိန်းဖို့ စည်းမျဉ်းစည်းကမ်းတစ်ခု၊ သို့မဟုတ် နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ကြသည်။ သို့ဆိုလျှင် ဤလူများသည် သမ္မာတရားကို တစ်ပုံစံတည်း သဘောထားသလော။ (သဘောထားသည်။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသူများသည် သင်ယနေ့ မိတ်သဟာယပြုခဲ့သည့် သမ္မာတရား၏ သရုပ်သကန်များထဲမှ ရှုထောင့်တစ်ခုကို မှတ်မိကြသည်။ ထိုစကားများနှင့် အပြုအမူများကို လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းစည်းကမ်းများအဖြစ် ၎င်းတို့က သတ်မှတ်လိုက်ကြပြီး ဤစည်းမျဉ်းစည်းကမ်းများကို အလွတ်ရအောင် အသေအချာ အားထုတ်ကြလေသည်။ ထို့နောက် နောက်တစ်ကြိမ်တွင် ကွဲပြားခြားနားသည့် အခြေအနေတစ်ခုကို ကြုံတွေ့ရသည့်အခါ မည်သူကမျှ မိတ်သဟာယမပြုလျှင် ၎င်းတို့သည် ယခင် နည်းစနစ်များနှင့် စည်းမျဉ်းစည်းကမ်းများကို လက်လွတ်စပယ် ကျင့်သုံးကြလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသည့်လူများ၏ ခိုင်လုံသည့် သရုပ်သကန် တစ်ခုဖြစ်သည်။ ထိုသို့သော လူများသည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနေစဉ် မည်သို့ခံစားရသနည်း။ (ပင်ပန်းပါသည်။) ၎င်းတို့မပင်ပန်းပေ။ ၎င်းတို့ပင်ပန်းလျှင် ရပ်လိုက်ကြမည်ပင်။ ၎င်းတို့က မိမိတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ခံစားကြရသည်။ စည်းမျဉ်းစည်းကမ်းတစ်စုံကို ပုံသေစောင့်ထိန်းနေသည်ဟု ၎င်းတို့မခံစားရသကဲ့သို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိဟုလည်း ၎င်းတို့ မခံစားကြရပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သေးဟုသော်လည်းကောင်း၊ သမ္မာတရား အခြေခံသဘောတရားများက မည်သည့်အရာ ဖြစ်သည်ကို နားလည်ခြင်း မရှိဟုသော်လည်းကောင်း သာ၍ မခံစားရပေ။ ထိုအစား ၎င်းတို့က သမ္မာတရား၏ လက်တွေ့ကျသည့်ဘက်အပြင် သမ္မာတရား၏ ထိုသွင်ပြင်လက္ခဏာနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများကိုပါ နားလည်ပြီးဖြစ်သည်ဟု ထင်မြင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့နားလည်ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြုမူပါက ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း တွေးထင်ကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများ စဉ်းစားသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤစဉ်းစားပုံသည် ဘုရားသခင်က သတ်မှတ်သော စံနှုန်းများနှင့် ညီသလော။ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အမှန်တကယ်ပင် သမ္မာတရားအား လိုက်စားခြင်း၏ သရုပ်သကန် ဟုတ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သမ္မာတရားကို ၎င်းတို့ မရှာဖွေကြဘဲ အကြောင်းအရာကို ချင့်ချိန်စဉ်းစားရန် အားမထုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများအား ၎င်းတို့ အစဉ် လုပ်ဆောင်သည့်ပုံစံကိုသာ ခေါင်းမာစွာ ဖက်တွယ်ထားကြသည်။) ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူအမျိုးအစားများ လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ ၎င်းတို့သည် နည်းလမ်းဟောင်းများကို ခေါင်းမာစွာ ဖက်တွယ်ထားသည်။ ပျင်းရိသည်။ အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို မရှာဖွေဘဲ အမှုအရာများအကြောင်းကို မစဉ်းစားပေ၊ သို့မဟုတ် မစူးစမ်းပေ။ ပြီးလျှင် ၎င်းတို့က စူးစမ်းလျှင်ပင် မည်သည့်အရာကို ဆိုလိုသည်ကို ၎င်းတို့ နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) အဘယ်ကြောင့် နားမလည်သနည်း။ (ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသောကြောင့် ဖြစ်သည်။) မှန်သည်။ အခြေခံအချက်မှာ ဤသို့သောလူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိခြင်းဖြစ်ပြီး သမ္မာတရားကို လုံးဝ နားလည်မည်မဟုတ်ပေ။
အမှန်တကယ်တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို လိုက်စားလိုစိတ်ရှိသည်။ သို့သော် မှားသောနည်းလမ်းဖြင့် လုပ်ဆောင်ကြသည်။ အတိအကျဆိုရလျှင် ၎င်းတို့သည် အဓိကအားဖြင့် စည်းမျဉ်းစည်းကမ်းများအား ပုံသေစောင့်ထိန်းခြင်း၊ ဘောင်ထဲတွင် စဉ်းစားပြုမူခြင်း၊ အယူဝါဒကို လိုက်နာခြင်း၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်ရာတွင် အခြားလူများ၏ နည်းလမ်းများကို အသုံးပြုခြင်း၊ ၎င်းတို့၏ စကားများကို အတုခိုးခြင်းတို့ကို အားကိုးကြသည်။ ဤသို့ဆိုလျှင် ဤလူအမျိုးအစား၏ အနှစ်သာရမှာ အဘယ်နည်း။ စည်းမျဉ်းစည်းကမ်းများအား ပုံသေစောင့်ထိန်းခြင်းကို သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် အဘယ်ကြောင့် မှတ်ယူကြသနည်း။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်ဟု ထင်ကြသနည်း။ အဘယ်ကြောင့် ဤပြဿနာ ဖြစ်ပေါ်သနည်း။ ဤတွင် အကြောင်းရင်းတစ်ခုရှိသည်။ သင်တို့ မြင်နိုင်သလော။ (၎င်းတို့သည် ၎င်းတို့၏ အမြင်များ၊ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများကို သမ္မာတရားအဖြစ် မှတ်ယူကြသည်။ ဘုရားနှုတ်ကပတ်တော်ကို နားမလည်ပေ။ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် သဘောမပေါက်ကြပေ။) ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့က မှန်သည်ဟုထင်သောအရာများကို သမ္မာတရားအဖြစ် ကျင့်သုံးကြသည်။) ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသောလူများ၏ ပုံစံဖြစ်သည်။ သို့သော် ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်မဟုတ်။ ဤသို့သောလူတို့ကို ဤပုံစံပြစေသည်မှာ မည်သည့်အရာဖြစ်သနည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိဘဲ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းလိုသူတို့သည် တရားဒေသနာများကို အလွန်အလေးအနက် နားထောင်သည်။ အထူးသဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သည့်အခါတွင် ဖြစ်သည်။ ဥပမာအနေဖြင့် ၎င်းတို့၏ တာဝန်များကို မည်သို့ ထမ်းဆောင်ရမည်ဆိုသည်နှင့် ၎င်းတို့လုပ်ဆောင်သင့်သည့် အရာများကို မည်သို့ကောင်းစွာ လုပ်ဆောင်သင့်သည်တို့ ဖြစ်သည်။ ၎င်းတို့သည် အာရုံစိုက်သည်။ သို့သော် အဓိကပြဿနာမှာ ၎င်းတို့သည် ၎င်းတို့၏ အခြေအနေနှင့် တရားဒေသနာတွင် ၎င်းတို့ကြားသည့်အရာကြား၌ နှိုင်းယှဉ်မှုများ မပြုလုပ်နိုင်ပေ။ ဥပမာအနေဖြင့် လူတို့၏ ပုန်ကန်မှုအကြောင်းပြောလျှင် ၎င်းတို့က နားထောင်ပြီးနောက် “ပုန်ကန်ခြင်း ဟူသလော။ ငါကတော့ ပုန်ကန်မည်မဟုတ်။ လူတို့ကို ပုန်ကန်ခွင့်မပြုလျှင် နောင်တွင် ဤသို့သော အခြေအနေကို ငါကြုံရလျှင် ထမပြောသင့်ပေ။ သည်းခံ၍သာ နေသင့်ပြီး လူတို့၏လေသံနှင့် မျက်နှာအမူအရာတို့ကို အကဲခတ်သင့်သည်။ ငါ့အနီးတွင် ရှိသောလူများ ပြောသည့်အရာနှင့် ၎င်းတို့ လုပ်ဆောင်သည့်ပုံစံကို ငါကြည့်ပြီး ထိုအတိုင်းလိုက်လုပ်မည်။ ဤသို့ဆိုလျှင် ငါသည် ပုန်ကန်လိမ့်မည်မဟုတ်။ မှန်သလော” ဟူ၍ စဉ်းစားသည်။ တရားဒေသနာတစ်ခုကို ၎င်းတို့ နားထောင်ပြီးနောက်တွင် ၎င်းတို့ ချမှတ်သည့် ကောက်ချက်က ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်ပုံစံနှင့် လက်တွေ့လုပ်ဆောင်မှုနည်းလမ်းတစ်ခုသာ ဖြစ်သည်။ တရားဒေသနာတွင် ဖော်ထုတ်ခဲ့သော အခြေအနေများအားလုံးအပေါ် တုံ့ပြန်မှုမရှိဘဲ ၎င်းတို့ဘာသာ နှိုင်းယှဉ်မှုများ မပြုလုပ်နိုင်ပေ။ ၎င်းတို့၏ စိတ်များသည် နားဝေတိမ်တောင်ဖြစ်ကြ၏။ “နားဝေတိမ်တောင်ဖြစ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ တရားဒေသနာက အမှန်တကယ်တွင် မည်သည့်အရာအကြောင်း ပြောဆိုနေသည်ကို ၎င်းတို့ မသိပေ။ စိတ်ထဲတွင် ၎င်းတို့က “မည်သည့်အရာကို မိတ်သဟာယ ပြုနေသနည်း။ ပို၍ ရိုးရှင်းသော ဝေါဟာရများကို အဘယ်ကြောင့် မသုံးသနည်း။ ယနေ့တွင် ဤကိစ္စကို မိတ်သဟာယပြုပြီး မနက်ဖြန်တွင် အခြားကိစ္စတစ်ခုခုဖြစ်မည်” ဟု တွေးကြသည်။ ၎င်းတို့၏ အမြင်ရှုထောင့်၌ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းက လွယ်ကူသည်။ မိမိကို လုပ်ဆောင်ရန် ပြောသည့်အတိုင်းသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ တရားဒေသနာတွင် ဖော်ထုတ်ပြသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံးနှင့်ပတ်သက်လျှင် ၎င်းတို့သည် ယင်းတို့နှင့် မိမိတို့ကိုယ်ကို မနှိုင်းယှဉ်ကြည့်နိုင်ပေ။ အသက်ဝင်ရောက်မှုဖြစ်စဉ်အတွင်းတွင် အခြေအနေတစ်မျိုးစီ၌ လူတို့က မည်သည့်အတွေးများ၊ အယူအဆများ၊ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအား ထုတ်ဖော်ပြသည်ဆိုသည်နှင့်ပတ်သက်သောအခါတွင် ၎င်းတို့က ဇဝေဇဝါဖြစ်ပြီး အဖြေမရှိပေ။ ၎င်းတို့သည် အသေးစိတ်အချက်အလက်များအတွင်း ခွဲခြားသိမြင်နိုင်ခြင်းမရှိသကဲ့သို့ မိမိတို့နှင့် နှိုင်းယှဉ်ချက်များ မပြုလုပ်နိုင်ပေ။ မိမိတို့နှင့် နှိုင်းယှဉ်ချက်များ မပြုလုပ်နိုင်သည့်သူများသည် သမ္မာတရားကို နားထောင်ပြီးသောအခါတွင် မည်သို့ ခံစားရသနည်း။ (ယင်းသည် အခြားလူများအကြောင်းပြောနေခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်နှင့် သက်ဆိုင်ခြင်းမရှိဟု ထင်ကြသည်။) မှန်သည်။ ဤသည်မှာ အဓိက လက္ခဏာတစ်ခုဖြစ်သည်။ ၎င်းတို့သည် မိမိတို့နှင့် နှိုင်းယှဉ်ချက်များ မပြုလုပ်နိုင်ပေ။ ၎င်းတို့က လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများအား ဖော်ထုတ်သောစကားများကို မြင်သောအခါ ဤသည်မှာ အခြားလူများအကြောင်း ပြောနေခြင်းသာဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ လူတို့တွင်ရှိသော သာမန်ပြဿနာများ၊ သို့မဟုတ် အဖြစ်များသော ပြဿနာများကို ဖော်ထုတ်သောအခါတွင် ၎င်းတို့က ဝန်ခံနိုင်သော်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် လူတို့၏ အနှစ်သာရများနှင့် သက်ဆိုင်သောအခါ ၎င်းတို့က တိကျပြတ်သားစွာ လက်မခံပေ။ မည်သည့်အခြေအနေတွင်မဆို ၎င်းတို့ ဝန်ခံမည်မဟုတ်။ ဤသည်မှာ ဝန်ခံခြင်းအားဖြင့် ၎င်းတို့သည် ရှုတ်ချခံရမည့်သဘော ဖြစ်သကဲ့သို့ ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများအားလုံး၌ ရှိလေ့ရှိသော ပြဿနာဖြစ်သည်။ ၎င်းတို့သည် လူတို့တွင်ရှိသော အခြေအနေနှင့် သရုပ်သကန်တိုင်းအား ဘုရားသခင်က ဖော်ထုတ်ခြင်းကိုလည်းကောင်း၊ ၎င်းတို့၏ သဘာဝအနှစ်သာရက သူ့ဘာသာ ထုတ်ဖော်ပြသည့် နည်းလမ်းတိုင်းကိုလည်းကောင်း ရင်ဆိုင်ရသောအခါတွင် ယင်းတို့ရှိ မည်သည့်အရာကိုမျှ လက်မခံသကဲ့သို့ ယင်းတို့ဖြင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆမကြည့်၊ သို့မဟုတ် ဆင်ခြင်သုံးသပ်မကြည့်ပေ။ ထိုအစား ၎င်းတို့သည် ဤစကားများနှင့် ပြဿနာများကို မကြာခဏ ယူပြီး အခြားလူများအပေါ် လွှဲချကာ ၎င်းတို့ကိုယ်တိုင်နှင့် သက်ဆိုင်ခြင်းမရှိဟု ထင်ကြသည်။ ဤသို့သောလူတို့သည် သမ္မာတရားကို လက်မခံရုံသာမက ၎င်းတို့၌ သာမန်အတွေးဖြစ်စဉ်များလည်းမရှိပေ။ ၎င်းတို့၏ စကားများသည် တိမ်းရှောင်မှုရှိပြီး ဝေ့ဝိုက်သည်။ ၎င်းတို့ဖြေသည့် မေးခွန်းသည် သင်မေးသည့် မေးခွန်းမဟုတ်ပေ။ ဥပမာအနေဖြင့် ၎င်းတို့စားပြီးပြီလောဟု သင်မေးလျှင် ၎င်းတို့က ရေကို မလိုချင်ပါဟု ပြောသည်။ ၎င်းတို့ အိပ်ချင်နေသလောဟု သင်က မေးလျှင် ၎င်းတို့က ရေဆာခြင်းမရှိဟု ပြောသည်။ ၎င်းတို့သည် ဤနားဝေတိမ်တောင်ဖြစ်သော အခြေအနေမျိုးနှင့် ရောထွေးနေသော စိတ်အခြေအနေအတွင်းတွင် ရှိနေသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများက မိမိတို့ကိုယ်ကို ပြသည့်ပုံစံဖြစ်သည်။ အသင်းတော်တိုင်းတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူများရှိကြသည်။ ၎င်းတို့အချင်းချင်းတွင် တူညီသော ပြဿနာများ ရှိကြသော်လည်း မသိမသာ ခြားနားမှုများလည်းရှိသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုလုံးဝ ကင်းမဲ့သောလူတို့ရှိကြသလော။ (ရှိပါသည်။) ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည်မှာ သုံးနှစ်မပြည့်သေးသော လူတို့သည် ဘုရားသခင်အားယုံကြည်ခြင်း၊ အသက်ဝင်ရောက်မှု၊ သမ္မာတရားအား လိုက်စားခြင်း၊ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းနှင့် စုံလင်အောင်ပြုခြင်းအား လိုက်စားခြင်းတို့ကဲ့သို့သော အမှုကိစ္စများအပေါ်တွင် အလွန် ဇဝေဇဝါဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရန်အတွက် စိတ်ထက်သန်မှုအပေါ်ကိုသာ အမှီပြုပြီး ဘုရားအတွက် ဟိုဟိုဒီဒီလုပ်ဆောင်ကြကာ အားစိုက်ထုတ်ခြင်းနှင့် အလုပ်လုပ်ပေးသည့် အခြေအနေတွင် ရှိကြသည်။ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အမှုကိစ္စများကို နားမလည်ကြပေ။ ပြီးလျှင် အသက်ဝင်ရောက်မှုနှင့် သမ္မာတရားလိုက်စားခြင်းနှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ လုံးဝမရှိပေ။ ၎င်းတို့သည် အပြင်ပန်းတွင် မြင်နိုင်သောအရာများကိုသာ လုပ်ဆောင်လိုပြီး ထိုအရာကို လုပ်ဆောင်ရန် စိတ်ထက်သန်မှုကို အမှီပြုကြသည်။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝ ကင်းမဲ့သည့် လူများဖြစ်ကြသည်။ ဤအခြေအနေတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုလုံးဝ ကင်းမဲ့သည့် သူတစ်ယောက်ကို သမ္မာတရားအား မလိုက်စားသော သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) ၎င်းတို့သည် ဘုရားသခင်အား အတော်အတန် ကြာမြင့်သောအချိန်အထိ မယုံကြည်ရသေးသောကြောင့် သတ်မှတ်၍ မရနိုင်သေးပေ။ ၎င်းတို့သည် စိတ်ထက်သန်သော အခြေအနေတွင် ရှိနေဆဲ ဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်များ၊ ကယ်တင်ခြင်းဆီသို့ လူတို့၏ လမ်းကြောင်း၊ သို့မဟုတ် လူအမျိုးအစားတစ်ခုချင်းစီက လိုက်လျှောက်သော မတူညီသော လမ်းကြောင်းများတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ နားမလည်ပေ။ ထို့ကြောင့် ၎င်းတို့၏ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းသည် ခွင့်လွှတ်၍ ရနိုင်သည်။ ဤသည်မှာ ပုံမှန်ဖြစ်သောအရာတစ်ခု ဖြစ်သည်။ သို့ရာတွင် အသက်ဝင်ရောက်မှုက မည်သည့်အရာဖြစ်သည်ကို နားလည်ပြီးဖြစ်သောသူများ၊ အသက်ဝင်ရောက်မှုနှင့်လည်းကောင်း၊ စိတ်သဘောထားများ ပြောင်းလဲမှုနှင့်လည်းကောင်း သက်ဆိုင်သော သမ္မာတရားအားလုံးနှင့် စတင်သိကျွမ်းပြီးသားဖြစ်သောသူများနှင့်ပတ်သက်လျှင် ၎င်းတို့အထဲ၌ ဝိညာဉ်ရေးရာနားလည်သဘောပေါက်မှု လုံးဝ ကင်းမဲ့သောသူ တစ်ဦးတလေရှိသလော။ (ရှိပါသည်။) ရှိပါသေးသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝ ကင်းမဲ့သူတစ်ဦးက သူ၏ စိတ်နှလုံး၌ သမ္မာတရားအား လိုက်စားလိုစိတ်ရှိလျှင်ပင် ယင်းကို မရရှိနိုင်ပေ။ ထို့ကြောင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝ ကင်းမဲ့သူတို့သည် သမ္မာတရားအား လိုက်စားသူများ လုံးဝမဖြစ်နိုင်ဟုလည်းကောင်း၊ ၎င်းတို့၏ သရုပ်သကန်များသည် သမ္မာတရားအားလိုက်စားသူတစ်ဦး၏ သရုပ်သကန်များဖြစ်မည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ဟုလည်းကောင်း အသေအချာပင် ဆိုနိုင်သည်။
ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသောသူများနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူများက မိမိတို့ကိုယ်ကို ပေါ်လွင်စေသည့် မတူညီသည့်ပုံစံများမှာ အဘယ်နည်း။ ဝိညာဉ်ရေးရာ နားလည်မှု မရှိသောသူများသည် အခြေခံအားဖြင့် ဘုရားသခင် မိတ်သဟာယဖွဲ့သည့် သမ္မာတရားများနှင့် ဘုရားနှုတ်ကပတ်တော်များ၏ အခြေအနေ၊ ဆက်စပ်အကြောင်းအရာ၊ ညွှန်ပြချက်များကိုပါ မသိနားမလည်ဘဲ ဉာဏ်မဲ့ကြလေ၏။ ပြီးလျှင် ၎င်းတို့သည် ယင်းတို့ဖြင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်မကြည့်နိုင်ပေ။ ဝိညာဉ်ရေးရာ နားလည်မှုရှိသူများသည် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ ဥပမာအနေဖြင့် လူတို့၏ ပုန်ကန်မှုကိုလည်းကောင်း၊ ပုန်ကန်မှုအတွင်းတွင် စိတ်နှလုံးခိုင်မာမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ ခေါင်းမာသော မိုက်မဲမှုတို့အပြင် ဘုရားသခင်နှင့်ပတ်သက်ပြီး နားလည်မှုလွဲခြင်းများ၊ ဘုရားသခင်အပေါ် ခုခံခြင်း၊ ဆန့်ကျင်ခြင်းတို့ကိုလည်းကောင်း ငါ မိတ်သဟာယဖွဲ့လျှင်၊ ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အခြေအနေများ အကြောင်းကို ငါပြောသောအခါ ဥပမာတစ်ခုကို ငါပေးသည်ဖြစ်စေ၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုကို ပြောသည်ဖြစ်စေ၊ သင့်စိတ်နှလုံးတွင် တည်ရှိသော အခြေအနေတစ်ခုကို ထောက်ပြပြောဆိုသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ သင်က သင်ကြားသည့်အရာကို အမှန်တကယ် နားလည်လျှင် သင်သည် ဝိညာဉ်ရေးရာ နားလည်မှု ရှိသောသူတစ်ယောက်ဖြစ်သည်။ သင် ကြားသည့်အရာကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူတစ်ယောက်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောလူတို့က ဘုရားနှုတ်ကပတ်တော်ကို ကြားသောအခါ ၎င်းတို့သည် ရှင်းလင်းစွာ သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး သမ္မာတရားကိုပင် နားလည်နိုင်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့က အမီလိုက်နိုင်သည်။ ပြီးလျှင် ၎င်းတို့၏ အခြေအနေနှင့် ဘုရားနှုတ်ကပတ်တော်ကြား နှိုင်းယှဉ်ချိန်ဆကြည့်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ရှာနိုင်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိခြင်း၏ သရုပ်သကန်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသောသူများက ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးသည် လင်းလက်တောက်ပပြီး ယင်းထံမှ တစ်စုံတစ်ခုကို ၎င်းတို့ ရရှိသည်။ ၎င်းတို့၏ ဝိညာဉ်သည် အထူးပင် လွတ်လပ်သည်။ ပြီးလျှင် ၎င်းတို့ လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုရှိသည်ဟု ၎င်းတို့ ခံစားရသည်။ ထို့ကြောင့် တရားဒေသနာတစ်ပုဒ်ကို ၎င်းတို့ နားထောင်သည့်အချိန်တိုင်းတွင် ယင်းထံမှ တစ်စုံတစ်ခုကို ၎င်းတို့ ရရှိသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ ဖတ်တိုင်းတွင် အသိအမြင်ကြွယ်ဝလာသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုက သူ့ဘာသာ ပြသသည့် ပုံစံဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို မိတ်သဟာယပြုသည်ဖြစ်စေ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူများက ယင်းကိုကြားပြီးနောက်တွင် ပုံရိပ်များက ၎င်းတို့စိတ်တွင် ပေါ်လာလိမ့်မည်။ ပြီးလျှင် လူတို့၏ အခြေအနေများကို ဘုရားသခင် ဖော်ထုတ်သောအခါ ၎င်းတို့က နှိုင်းယှဉ်ချက်များ ချမှတ်နိုင်သည်။ သူသည် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းအကြောင်း ပြောသောအခါ ၎င်းတို့က ၎င်းတို့၏ အခြေအနေအပေါ် အသုံးချပြီး “ငါ၏ ဤတောင်းဆိုချက်နှင့် ငါ့တွင်ရှိသော ဤစိတ်ကူးထင်မြင်မှုများသည် အမှန်တကယ်တွင် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများဖြစ်သည်” ဟု သဘောပေါက်သည်။ ၎င်းတို့က ဆက်စပ်ကြည့်ပြီးဖြစ်သည်။ ဘုရားသခင်သည် သူ့အပေါ် ခုခံမှုနှင့် ဆန့်ကျင်မှုအကြောင်းပြောသောအခါ ၎င်းတို့တွင် ဤတူညီသော စိတ်ခံစားချက်များ ရှိလျှင်၊ တူညီသော အခြေအနေများ၌ အသက်ရှင်လျှင်၊ စိတ်အတွင်း၌ ဤစိတ်သဘောထားများနှင့် အနှစ်သာရရှိလျှင် ၎င်းတို့သည် ယင်းတို့ကြားတွင် နှိုင်းယှဉ်ချက်များ ချမှတ်နိုင်သည်။ နှိုင်းယှဉ်ချက်များ ချမှတ်နိုင်ရန်အတွက် မည်သည့်အရာမျိုးကို ၎င်းတို့ အသုံးပြုနိုင်သနည်း။ အတွေးများ၊ စိတ်ကူးများ၊ သို့မဟုတ် ၎င်းတို့ ပြသသော လုပ်ရပ်များ၊ အပြုအမူများဖြစ်သည်။ ဤအရာများအားလုံးကို နှိုင်းယှဉ်ချက်များ ချမှတ်နိုင်ရန်အတွက် အသုံးပြုနိုင်သည်။ လူတို့က ဘုရားသခင် ပြောနေသည့်အရာကို နားလည်နိုင်သောအခါ၊ သူပြောသည့်အရာ အတိအကျကို နားလည်သည့်အခါ၊ ပြီးလျှင် ၎င်းတို့၏ မည်သည့်အပြုအမူ၊ ထုတ်ဖော်မှုများ၊ သရုပ်သကန်များ၊ အခြေအနေများနှင့် အနှစ်သာရများက ဘုရားသခင် ဖော်ထုတ်ခဲ့ပြီး တရားဒေသနာများတွင် ပြောထားသည့် အခြေအနေများနှင့် ကိုက်ညီခြင်းရှိကြောင်း သိသောအခါ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ပေါ်လွင်စေခဲ့ပြီး ဖြစ်သည်။ သင်တို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိကို ပြောနိုင်သလော။ (တစ်ခါတစ်ရံတွင် ကျွန်ုပ်၌ ရှိပြီး တစ်ခါတစ်ရံတွင် မရှိပါ။) ဤအရာကို ကုသနိုင်သည်။ သို့သော် သင့်တွင် လုံးဝ တစ်ခုမျှမရှိပါက ဒုက္ခရောက်မည့် သဘောဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က မည်သည့်အရာ အကြောင်းပြောနေသည်ကို အချိန်အများစု၌ သင်သိလျှင်လည်းကောင်း၊ သင့်ကိုယ်သင်ဖြင့် မည်သည့်နှိုင်းယှဉ်မှုမျှပင် မချမှတ်နိုင်သော်လည်း သင့်၌ ဤအခြေအနေမျိုးရှိသည်ကို သိလျှင်လည်းကောင်း၊ သို့မဟုတ် ယင်းတို့ကို အခြားလူများ၌ သတိပြုမိပြီး ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာကိုဖြစ်စေ၊ မည်သို့ ဝင်ရောက်သင့်သည်ကိုဖြစ်စေ သိလျှင်လည်းကောင်း ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်ဟု အကျုံးဝင်နေပြီ ဖြစ်သည်။ သို့ရာတွင် ဤသို့သောသူမျိုးသည် တရားဒေသနာတစ်ပုဒ်ကို ကြားသောအခါတိုင်းတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ပေါ်လွင်စေနိုင်သလော။ မပေါ်လွင်စေနိုင်ပါ။ တစ်ခါတစ်ရံတွင် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိပြီး တစ်ခါတစ်ရံ၌ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အသက်ဝင်ရောက်မှုက သမ္မာတရားရှုထောင့်များစွာနှင့် သက်ဆိုင်မှုရှိ၍ဖြစ်သည်။ သင်နားလည်ပြီး ဝင်ရောက်ပြီးဖြစ်သည့် သမ္မာတရားအချို့ ရှိပြီး သင်နားမလည်ဘဲ မဝင်ရောက်ရသေးသည့် အခြားသောအရာများ ရှိသည်။ သင်လုံးဝ မကြုံတွေ့ရသေးသည့်၊ ကြားပင် မကြားဖူးသေးသည့် သမ္မာတရားအချို့ရှိသည်။ ယခုတွင် သင်ကြားဖူးပြီး ဖြစ်သော်လည်း သင်သဘောပေါက်နားလည်နိုင်ခြင်းရှိမရှိကို ပြောဖို့ခက်သည်။ ပြီးလျှင် သင့်၌ ယင်းနှင့်ပတ်သက်ပြီး အယူအဆများ၊ သို့မဟုတ် နားလည်မှုလွဲခြင်းများပင် ရှိနိုင်သည်။ သို့ရာတွင် ဤသည်မှာ ပုံမှန်ဖြစ်သည်။ သင်နားလည်သော သမ္မာတရား သွင်ပြင်လက္ခဏာအချို့ ရှိလျှင် ယင်းတို့မှာ သင်ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော သွင်ပြင်လက္ခဏာများ ဖြစ်သည်။ သင်နားမလည်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာအချို့ရှိလျှင် ယင်းတို့မှာ သင်ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသည့် သွင်ပြင်လက္ခဏာများ ဖြစ်သည်။ သင်လုံးဝ မကြားဖူးသည့်၊ သင့်အတွက် အလွန်ပင် အသစ်အဆန်း ဖြစ်နေသေးသည့်၊ သို့မဟုတ် သင့်၌ အယူအဆများပင် ရှိသည့် သမ္မာတရား သွင်ပြင်လက္ခဏာအချို့ရှိလျှင် ယင်းတို့မှာ သင့်၌ ပို၍ပင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကင်းမဲ့သည့် သွင်ပြင်လက္ခဏာများ ဖြစ်သည်။ သင်သည် ထိုသွင်ပြင်လက္ခဏာများ၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုအား မရယူမီတွင် သမ္မာတရားကို သင်နားလည်သည်အထိ အတွေ့အကြုံကာလတစ်ခုကို ဖြတ်သန်းရမည်။ ဥပမာအနေဖြင့် လူအချို့တွင် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများရှိသည်။ သို့သော် ၎င်းတို့က “ငါသည် ဘုရားသခင်ကို နားလည်မှုမလွဲခဲ့ပါ။ ဘုရားသခင်ကို ငါမည်သည့်အခါမျှ နားလည်မှုမလွဲခဲ့ပါ။ ဘုရားသခင်ကို ငါ အလွန်ပင် ချစ်ပါသည်။ ထို့ကြောင့် ငါသည် သူ့အပေါ် အဘယ်သို့ နားလည်မှုလွဲနိုင်မည်နည်း” ဟု တွေးဆဲ ဖြစ်သည်။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောသူတို့ ပြောသော စကားများဖြစ်သည်။ သင်က “လူတို့သည် ဘုရားသခင်အား မကြာခဏ နားလည်မှုလွဲသော်လည်း ယင်းကို ၎င်းတို့ မထိန်းချုပ်နိုင်ပါ။ နားလည်မှုလွဲခြင်းများက အချိန်မရွေး၊ နေရာမရွေး ထွက်ပေါ်လာသည်။ သို့ရာတွင် ယခုအချိန်၌မူ သိရသလောက်တွင် ဘုရားသခင်ကို ကျွန်ုပ် နားလည်မှုလွဲသော၊ သို့မဟုတ် သူနှင့် ကွဲလွဲဆန့်ကျင်သော မည်သည့်သွင်ပြင်လက္ခဏာများကိုမျှ သတိမမူမိပါ။ ကျွန်ုပ်သည် အမှုအရာများကို အသေးစိတ်ဆန်းစစ်ရန်၊ အတွေ့အကြုံများရှိရန် လိုအပ်ပြီး ကျွန်ုပ်အပေါ် ဤအရာများကို ထုတ်ဖော်ရန်အတွက် အခြေအနေများကို စီစဉ်ညွှန်ကြားပေးဖို့ ဘုရားသခင်ထံ ဆုတောင်းပြီး တောင်းလျှောက်ဖို့ လိုသည်” ဟု ပြောလျှင် ဤသည်မှာ အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ သင့်စိတ်တွင် ထားရှိသင့်သည့် ဆန္ဒဖြစ်သည်။ သင်သည် တိုးတက်ရန်အတွက် ဆက်လက်၍ ကြိုးပမ်းနေရမည်။ တစ်စုံတစ်ယောက်က “ကျွန်ုပ်သည် ဘုရားသခင်အပေါ် မည်သည့်အခါမျှ နားလည်မှုမလွဲခဲ့ပါ။ ဤသည်မှာ အခြားလူများအကြောင်း ပြောဆိုနေခြင်း ဖြစ်သည်” ဟု ဆိုလျှင် ထိုသူက အလွန်အဓိပ္ပာယ်မရှိသည့် အရာတစ်ခုကို ပြောဆိုနိုင်သည့် အချက်က သူ့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည်ကို ပြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်လူများက အဓိကအားဖြင့် မည်သည့်စိတ်သဘောထားများကို ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားပြီး ခေါင်းမာသော မိုက်မဲမှုဖြစ်သည်။ ခေါင်းမာသော မိုက်မဲမှုဆိုသည်မှာ အဘယ်နည်း။ သင်က မိုက်မဲခြင်း၊ ခေါင်းမာခြင်းနှစ်မျိုးလုံး ရှိသည်ဟူသည့် သဘောဖြစ်သည်။ ခိုင်လုံသော ဝေါဟာရဖြင့်ဆိုလျှင် ယင်းက ယင်းဘာသာ မည်သို့ ပေါ်လွင်စေသနည်း။ (၎င်းတို့သည် အခြားသောလူတိုင်းက မြင်နိုင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သတိမမူနိုင်ဘဲ ၎င်းတို့၌ ဤစိတ်သဘောထားများမရှိဟု ထင်မြင်ကြသည်။ ၎င်းတို့သည် အထူးပင် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းလည်းရှိပြီး ၎င်းတို့က မှန်သည့်ဘက်တွင် လုံးဝရှိသည်ဟု ထင်ကြသည်။) ၎င်းတို့က ဤဖောက်ပြန်ပျက်စီးခြင်း သွင်ပြင်လက္ခဏာ မရှိဟု ၎င်းတို့ ထင်ရုံသာမက ၎င်းတို့က ကောင်းစွာ ပြုမူလုပ်ဆောင်နေကြသည်ဟုလည်း ထင်ကြသည်။ ၎င်းတို့သည် စိတ်အတွင်းထဲတွင် ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားက ထိန်းချုပ်သည်ကို ခံရပြီး ဤသို့သောအရာတစ်ခုကို ၎င်းတို့ မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ဟု ထင်ကြသည်။ အခြားလူများက မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့ကိုယ်တိုင်က သဘောမပေါက်သရွေ့၊ မမြင်သရွေ့၊ သို့မဟုတ် တစ်စုံတစ်ခုကို မတွေ့ကြုံသရွေ့ ဆင်ခြင်သုံးသပ်ပြီး နားလည်ရန်၊ သို့မဟုတ် လက်ခံရန် မလိုအပ်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ ခေါင်းမာသော မိုက်မဲမှုဖြစ်သည်။ ခေါင်းမာသော မိုက်မဲမှုကို ဖော်ပြရန် အခြားနည်းလမ်းမှာ အဘယ်နည်း။ ဤသည်မှာ သင်က အသိခေါက်ခက် အဝင်နက်သောအခါတွင် ဖြစ်သည်။ အခြားသော ဝေါဟာရတစ်ခုခုရှိသလော။ (တုံးအခြင်းဖြစ်သည်။) ဟုတ်သည်။ ခေါင်းမာသော မိုက်မဲမှုသည် တုံးအခြင်းနှင့် လွန်စွာ ဆက်စပ်နေသည်။ ၎င်းတို့သည် မိုက်မဲခြင်း၊ ခေါင်းမာခြင်း နှစ်မျိုးလုံးရှိသည်။ ဥပမာအနေဖြင့် အခြားလူများက “သင် ဂရုစိုက်သင့်သည်။ ရေအေးကို အစဉ်အမြဲသောက်ခြင်းက အစာချေမှုကို နှေးစေပြီး ဗိုက်နာစေနိုင်သည်” ဟု ဆိုသည်။ ၎င်းတို့က “ကျွန်ုပ်၏ ခန္ဓာကိုယ်သည် ကျန်းမာရေးအလွန်ကောင်းသည်။ ကျွန်ုပ်၌ မည်သည့်အရာမျှ ချွတ်ယွင်းနေခြင်းမရှိ။ သင်က အလဟဿစိတ်ပူနေခြင်း ဖြစ်သည်” ဟု ပြန်ပြောသည်။ ဤသည်မှာ ခေါင်းမာသော မိုက်မဲမှုမဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အလွန်ခေါင်းမာပြီး တစ်စုံတစ်ခုကို မတွေ့ကြုံရသေးသောကြောင့် မိုက်မဲသည့်အသွင်ရှိသည်။ သို့တိုင်အောင် ၎င်းတို့သည် အလွန်ပင် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသည်။ ၎င်းတို့သည် ခေါင်းမာပြီး မိုက်မဲသည်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် အတွေ့အကြုံ မရှိသည့်တိုင် အတွေ့အကြုံရှိသူတစ်ဦးက ပြောသည့်အရာကို ဆန့်ကျင်ရဲသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤစကားများ၏ တိကျမှန်ကန်မှုကို မှန်မမှန် စစ်ဆေးခြင်း မရှိပေ၊ သို့မဟုတ် ယင်းတို့ထံမှ သင်ခန်းစာမယူပေ။ ထိုအစား ၎င်းတို့သည် အလွန်မှန်သည်ဟု ထင်ပြီး အခြားလူများပြောသည့်အရာကို လက်မခံပေ။ ဤသည်မှာ ခေါင်းမာပြီး မိုက်မဲသည့်အပြင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းဖြစ်သည်။ ပေတရုသည် သူ၏အသက်ဝင်ရောက်မှုတွင် အခြားလူများ၏ ကျရှုံးမှုများမှ သင်ယူနိုင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ဆိုသနည်း။ (ဘုရားသခင်က ပေတရုကို “ကုန်လွန်ပြီးသည့် အချိန်ကာလများမှ ကောင်းမြတ်သည့်အရာများကို စိတ်တွင်စွဲမှတ်ရင်း၊ မကောင်းသည့်အရာများကို ငြင်းပယ်” ဟု ပြောသည်။ (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ)) ခေါင်းမာပြီး မိုက်မဲသောသူတို့သည် ၎င်းတို့မျက်လုံးရှေ့တည့်တည့်တွင် ဖြစ်ပျက်သောအရာများကိုပင် လက်မခံနိုင်ဘဲ ယင်းထံမှ မသင်ယူကြပေ။ လူတို့က ဤအရာကို တုံးအခြင်းအဖြစ် မြင်ကြသည်။ သို့သော် ယင်းသည် အမှန်တကယ်တွင် ၎င်းတို့၏ စိတ်သဘောထား၌ရှိသော ပြဿနာတစ်ခုဖြစ်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကြောင့် ဖြစ်ခြင်း ဖြစ်သည်။
ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသူများက မိမိတို့ကိုယ်ကို မည်သို့ပေါ်လွင်စေသည်ဆိုသည်နှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူများက မိမိတို့ကိုယ်ကို မည်သို့ပေါ်လွင်စေသည်ဆိုသည်နှင့်ပတ်သက်သော အကြောင်းအရာကို ပြန်ပြောကြစို့။ ယခုပင် ငါပြောခဲ့သည့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူများက မိမိတို့ကိုယ်ကို ပေါ်လွင်စေသည့် အဓိကနည်းလမ်းမှာ အဘယ်နည်း။ ငါ့ကို ပြောလော့။ (ဘုရားနှုတ်ကပတ်တော်များက မည်သည့်လူသားအခြေအနေများအား ဖော်ထုတ်နေသည်ကို ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူများက နားလည်နိုင်ပြီး ၎င်းတို့နေ့စဉ်အသက်တာတွင်ရှိသော ၎င်းတို့၏ ကိုယ်ပိုင်အတွေးများ၊ အယူအဆများနှင့် လုပ်ရပ်များဖြင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ဘုရားသခင်ပြောနေသည့်အရာကို ၎င်းတို့ နားလည်နိုင်သည်။) အဓိကအချက်ထဲမှ အများစုကို သင်ပြောဆိုသွားသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူများက ဘုရားသခင်၏ ဖော်ထုတ်နိုင်သော နှုတ်ကပတ်တော်များကို ဖတ်သောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကိုဖြင့် နှိုင်းယှဉ်ချိန်ဆကြည့်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက မည်သည့်သမ္မာတရားများအကြောင်း ပြောနေသည်ကိုလည်းကောင်း၊ လူတို့သည် မည်သည့်အရာအတွင်းသို့ ဝင်ရောက်သင့်သည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များက မည်သည့်လူသားစိတ်သဘောထားများကို ဖော်ထုတ်နေသည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များက မည်သည့်လူသားအခြေအနေများနှင့် သရုပ်သကန်များအား ဖော်ထုတ်နေသည်ကိုလည်းကောင်း သိနိုင်ကြသည်။ ၎င်းတို့သည် ဤအရာများအားလုံးဖြင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်နိုင်ကြပြီး ယင်းတို့ကို သတိပြုမိကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုက ယင်းဘာသာ ပေါ်လွင်သည့် ပုံစံဖြစ်သည်။ အစောပိုင်းက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူများသည် မိမိတို့ကိုယ်ကို မည်သို့ပေါ်လွင်စေသည်ကို ငါမိတ်သဟာယပြုနေသောအခါတွင် ငါတို့ မေးခွန်းတစ်ခု ထုတ်ခဲ့သည်။ ၎င်းတို့သည် အမှုအရာအားလုံး၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဆိုသည့် မေးခွန်းဖြစ်သည်။ ၎င်းတို့ နားလည်သဘောပေါက်မှု ရှိကြသလော။ (မရှိပါ။ အချို့အမှုအရာများတွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ဖော်ပြသည့် အခြေအနေများဖြင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ပြသည်။ ၎င်းတို့ မတွေ့ကြုံရသေးသည့် အမှုအရာများတွင်မူ ၎င်းတို့သည် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆမကြည့်နိုင်ကြပါ။ ထို့ကြောင့် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိပါ။) ၎င်းတို့သည် တစ်စုံတစ်ခုကို မတွေ့ကြုံရသေးသကဲ့သို့ မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆမကြည့်နိုင်လျှင် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိပေ။ ဤသို့ဆိုလျှင် ၎င်းတို့ တွေ့ကြုံပြီးဖြစ်သည့်အရာများ ရှိသော်လည်း ယင်းတို့တွင်ပါဝင်သော သမ္မာတရားများကို နားမလည်သောကြောင့် ၎င်းတို့က ယင်းတို့ကို လက်မခံလျှင်၊ သို့မဟုတ် ယင်းတို့အား သမ္မာတရားအဖြစ် အသိအမှတ်မပြုလျှင် ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) ဤသည်မှာလည်း ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိခြင်း မဟုတ်။ အကယ်၍များ ၎င်းတို့ကြားသည့်အရာများသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ နားမလည်လျှင် ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) သင်တို့ထဲမှ တစ်ဦးတလေက ဤပုံစံများဖြင့် မိမိတို့ကိုယ်ကို ပေါ်လွင်စေသလော။ ဥပမာအနေဖြင့် ကျိုးနွံနာခံခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများနှင့် ပတ်သက်ပြီး လူအချို့က “ကျွန်ုပ်တို့သည် ဤကိစ္စတွင် ကျိုးနွံနာခံရမည်။ လူတို့သည် ကြွားဝါပြောစရာ တစ်ခုမျှ မရှိ။ ကျိုးနွံနာခံရန်မှာ သူတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်” ဟု ဆိုကြသည်။ ဤအရာကို ကြားပြီးနောက်တွင် သင်က “ဤသည်မှာ မည်သည့်သမ္မာတရားမျိုးနည်း။ ဤအမှုကိစ္စတွင်လည်း ကျိုးနွံနာခံရမည်လော။ ကျွန်ုပ်မြင်ရသလောက်မှာ ဤနေရာတွင် ကျိုးနွံနာခံဖို့မလိုပါ” ဟု သင့်ဘာသာ တွေးသည်။ သင်သည် ဤအမှုကိစ္စတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မကင်းမဲ့သလော။ (ကင်းမဲ့ပါသည်။) အမှန်တကယ်တွင် ဤသည်မှာ သင့်အတွေ့အကြုံများက မည်မျှလေးနက်သည်၊ သို့မဟုတ် ပေါ့တန်သည်ဆိုသည်နှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းသည် သင့်၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိနှင့်သာ သက်ဆိုင်သည်။ ငါဥပမာတစ်ခုပေးမည်။ ယောဘသည် စမ်းသပ်ခံရသောအခါ ဘာပြောခဲ့သနည်း။ (“ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ၁:၂၁)) လူတို့သည် ဤအရာအား သူပြောသည်ကို ကြားပြီးနောက်တွင် ယင်းတွင်ရှိသော သမ္မာတရားကို ၎င်းတို့ နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ဤသို့ဆိုလျှင် လူတို့က ဤအမှုကိစ္စနှင့်ပတ်သက်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသလော။ (မရှိပါ။) ၎င်းတို့၌ နားလည်သဘောပေါက်မှု မရှိပေ။ ဘုရားသခင်က ပေးခြင်း၊ ပြန်နုတ်သိမ်းခြင်းဖြစ်သည့် အမှုအရာနှစ်ခုကို လူတိုင်း တွေ့ကြုံနိုင်စွမ်း ရှိသည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ယင်းတို့ကို တွေ့ကြုံပြီးဖြစ်သည်။ သို့သော် ယင်းတွင်ရှိသော သမ္မာတရားကို သင်နားမလည်ပေ။ ထို့ကြောင့် ဤအမှုကိစ္စများနှင့်ပတ်သက်ပြီး သင့်၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသလော။ (မရှိပါ။) သင့်၌ နားလည်သဘောပေါက်မှု မရှိပေ။ ယောဘပြောခဲ့သည့် စကားများတွင် မည်သည့်သမ္မာတရားပါဝင်သနည်း။ (ဘုရားသခင်သည် အချုပ်အခြာအာဏာရှင် ဖြစ်ပြီး အရာခပ်သိမ်းကို အုပ်စိုးသည်ဆိုသည့်အရာ ဖြစ်သည်။) ဤသည်မှာ ဘုရားသခင်သည် အမှုကိစ္စများ၊ အကြောင်းအရာများအားလုံးကို အချုပ်အခြာအာဏာပိုင်သကဲ့သို့ ပေးရန်၊ သို့မဟုတ် နုတ်သိမ်းရန်ဆုံးဖြတ်ချက်သည် သူ့၌ တည်ရှိသည်ဟူ၍ ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် မည်သည့်အရာကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ကျိုးနွံနာခံခြင်း ဖြစ်ပါသည်။) ယင်းမှာ မှန်ကန်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်သည်။ လက်ခံသင့်သည်။ ချီးမွမ်းသင့်သည်။ လူတို့သည် ဤစကားများနှင့် ဤစကားများအတွင်းတွင်ရှိသော သမ္မာတရားကို နားလည်သောအခါ ၎င်းတို့၌ ဤအမှုကိစ္စနှင့်ပတ်သက်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်။ လူတို့သည် ဤစကားများအတွင်းတွင်ပါဝင်သော သမ္မာတရားကို နားမလည်လျှင် ၎င်းတို့သည် ဤအမှုကိစ္စနှင့်ပတ်သက်၍ ဝိညာဉ်ရေးရာနားလည်မှုမရှိပေ။ ဤအချိန်တွင် သင်တို့သည် ယောဘ၏ စကားများနှင့်ပတ်သက်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသလော။ (မရှိပါ။) သင်နားလည်သည့်အရာက အယူဝါဒဖြစ်လျှင် သင်က “ယောဘသည် ကောင်းသောအတွေ့အကြုံရှိခဲ့သည်။ ယောဘသည် ဖြောင့်မတ်သောသူ ဖြစ်သည်ဟု ဘုရားသခင်က ပြောခဲ့သည်။ ထို့ကြောင့် သူလုပ်ဆောင်သမျှတိုင်းက အသေအချာပင် သမ္မာတရားနှင့်ညီပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ရမည်” ဟု ဆိုသည်။ အယူဝါဒကို သင်နားလည်သည်။ ထို့ကြောင့် ဤအယူဝါဒသည် မည်သည့်အချိန်၌ သင်၏ သမ္မာတရားစစ်မှန်မှုဖြစ်မည်နည်း။ (အရာဝတ္ထုများကို ကျွန်ုပ်ထံမှ နုတ်ယူသည့် အခြေအနေများကို ဘုရားသခင်က အမှန်တကယ် စီစဉ်ညွှန်ကြားသောအခါတွင် ကျွန်ုပ်သည် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနိုင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး စောဒကမတက်ဘဲ နေနိုင်သဖြင့် ဤသမ္မာတရားရှုထောင့်ကို လက်တွေ့လုပ်ဆောင်နိုင်လေသည်။) သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် သင့်လက်တွေ့လုပ်ဆောင်မှုသည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းနှင့် အခြားလူများအား အတုခိုးခြင်းဖြစ်သလော၊ သို့မဟုတ် သင့်စိတ်နှလုံးအတွင်းထဲ၌ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် နားလည်ခြင်း ဖြစ်သလော။ ဤတွင် ကွာခြားချက်တစ်ခု ရှိသည်မဟုတ်လော။ မည်သည့်တစ်ခုက သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်နေသနည်း။ ယခုတွင် ယောဘက ပြသခဲ့သော စံနမူနာကို မြင်ပြီးနောက် ယောဘပြောဆိုခဲ့သော အရာများကိုပြောဆိုနိုင်သောသူ များစွာရှိကြသည်။ သို့သော် ဤအရာများကို ၎င်းတို့ ပြောဆိုသောအခါ ၎င်းတို့သည် ယောဘကို အတုခိုးနေခြင်းသက်သက်လော၊ သို့မဟုတ် ၎င်းတို့၏ စကားများက ဆယ်စုနှစ်အနည်းငယ် တွေ့ကြုံပြီးနောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် သမ္မာတရားနှင့် အမှန်တရားကို သဘောပေါက်ပြီးနောက် ပြောဆိုသည့် ယောဘ၏ စကားများကဲ့သို့ ဖြစ်သလော။ ဤအရာများအထဲမှ မည်သည့်အရာက သမ္မာတရားလက်တွေ့ကျမှုဖြစ်သနည်း။ (အတွေ့အကြုံမှလာသည့်အရာက စစ်မှန်မှုဖြစ်သည်။) အတွေ့အကြုံမှတစ်ဆင့် သင်ခံစားပြီး နားလည်သည့်အရာများကသာ သမ္မာတရားစစ်မှန်မှု ဖြစ်သည်။ အခြားလူများပြောသည့်အရာများအား အတုခိုးခြင်းသည် စစ်မှန်မှုမဟုတ်။ ယောဘပြောဆိုခဲ့သည့်စကားများတွင် စစ်မှန်မှု သွင်ပြင်လက္ခဏာတစ်ခုရှိသည်။ သို့သော် သူ၏စကားများကို အတုခိုးသော လူများက ထိုစကားများကိုပင် ပြောဆိုသည့်အခါ၌ ထိုစကားများသည် ဝိညာဉ်ရေးရှိသောလူများအဖြစ် မိမိတို့ကိုယ်ကို ဟန်ဆောင်ပြီး အယောင်ဆောင်ရန် ၎င်းတို့ အသုံးပြုသည့် ဆောင်ပုဒ်တစ်ခု ဖြစ်လာသည်။ ဤလူတို့သည် ဘာသာရေးလူလိမ်များဖြစ်သည်။ အသင်းတော်တွင် ခေါင်းဆောင်များဖြစ်လာရန် ရွေးချယ်ခံရသောလူအချို့နှင့် တာဝန်နှင့် အဆင့်အတန်းရှိသောလူအချို့က ယောဘပြောဆိုခဲ့သည့် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူသည့် ထိုစကားများနှင့်ပတ်သက်ပြီး ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ မိတ်သဟာယဖွဲ့ကြသည်။ နားထောင်နေသောလူများက မည်သို့ခံစားရသနည်း။ ၎င်းတို့ ခံစားရသည်မှာ “ဤစကားများသည် ဘုရားသခင်ထံမှ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် ဘုရားသခင်၏ လမ်းပြမှုမှတစ်ဆင့် ယူဆောင်လာခြင်းဖြစ်သည်။ ဤစကားများသည် အလွန့်အလွန် လက်တွေ့ကျသည်” ဟူ၍ ဖြစ်သည်။ တစ်နှစ်မကြာသည့် အချိန်ပြီးနောက်တွင် ထိုခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်နိုင်သည့်အတွက်၊ ဘုရားသခင်ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေသည့်အတွက်၊ အသင်းတော်အလုပ်၏ တိုးတက်မှုကို နှောင့်နှေးစေသည့်အတွက် တာဝန်ပြောင်းခံရပြီး ထို့နောက်တွင် ၎င်းတို့သည် အပျက်သဘောဆောင်ကာ စောဒကတက်လာကြသည်။ ဤသို့သောလူတို့သည် ယောဘကဲ့သို့ တစ်ပုံစံတည်းသောစကားမျိုးကို ပြောဆိုခဲ့သော်လည်း ယောဘတွေ့ကြုံခဲ့သောအရာများကို မတွေ့ကြုံခဲ့ရပေ။ ပြီးလျှင် ဤစကားများအပေါ် အလေးအနက်နားလည်မှု၊ အတွေ့အကြုံ၊ သို့မဟုတ် သဘောပေါက်နားလည်မှုမရှိပေ။ ထို့ကြောင့် ၎င်းတို့စကားပြောသောအခါ ၎င်းတို့သည် အတုခိုးနေခြင်းလော၊ သို့မဟုတ် ရိုးသားစစ်မှန်မှုဖြင့် စကားပြောနေခြင်းလော။ (အတုခိုးနေခြင်း ဖြစ်သည်။) ၎င်းတို့ စိတ်အတွင်းထဲတွင် တွေးသည့်အရာနှင့်ပတ်သက်လာသောအခါ ၎င်းတို့ စကားပြောသောအခါတွင် ၎င်းတို့၏ စကားများ၌ ၎င်းတို့၏ တစ်ကိုယ်ရေ ခံစားချက်များပါဝင်ပြီး ရိုးသားစစ်မှန်ကြသည်။ ၎င်းတို့တွင် ဆန္ဒတစ်ခုရှိသည်။ ယင်းမှာ ဘုရားသခင်က ၎င်းတို့အား အရာဝတ္ထုများပေးသောအခါ ၎င်းတို့အနေဖြင့် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သော ကောင်းချီးများနှင့် ဆုကျေးဇူးများအတွက် ဘုရားသခင်ကို အစဉ် ချီးမွမ်းနိုင်ပြီး ကျေးဇူးတင်နိုင်ရန်၊ ဘုရားသခင်က ၎င်းတို့ထံမှ အရာဝတ္ထုများကို နုတ်ယူသောအခါ၌ ၎င်းတို့အနေဖြင့် လုံးဝ စောဒကတက်မည်မဟုတ်ဘဲ ယောဘကဲ့သို့ ဘုရားသခင်ကို ချီးမွမ်းနိုင်မည်ဖြစ်ရန်၊ ဘုရားသခင်၏ လမ်းပြမှုနှင့် အချုပ်အခြာအာဏာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရန်တို့ ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ ဆန္ဒတစ်ခုသာဖြစ်သည်။ ၎င်းတို့ တွေ့ကြုံပြီးသည့်အရာတစ်ခု မဟုတ်သေးပေ။ ၎င်းတို့၏ နေရာနှင့် ရာထူးတို့မရှိတော့သောအခါ ၎င်းတို့သည် သာမန်ယုံကြည်သူသာ ဖြစ်သည်။ ၎င်းတို့သည် ပြောသည့်အတိုင်း လုပ်ဆောင်သလော။ (မလုပ်ဆောင်ပါ။) ၎င်းတို့သည် ပြောသည့်အတိုင်း လုံးဝ မလုပ်ဆောင်ဟု ငါမဆိုနိုင်ပေ။ ယင်းမှာ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရားအား လိုက်စားသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အပြုအမူကို အကဲဖြတ်ရန်အတွက် ဤစကားများကို အသုံးပြုသည်။ ၎င်းတို့၏ အတွေ့အကြုံအတွက် လမ်းပြအနေဖြင့် အသုံးပြုသည်။ ပြီးလျှင် မိမိတို့ကိုယ်တိုင်ဖြင့် နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်နိုင်ပြီး ယင်းတို့တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ရှာတွေ့နိုင်သည်။ ၎င်းတို့သည် အလွန် စိတ်မချမ်းမသာဖြစ်ခြင်း၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့တာဝန်ကို ပုံမှန် ထမ်းဆောင်နိုင်သည်။ နှိုင်းယှဉ်ကြည့်လျှင် သမ္မာတရားအား မလိုက်စားသူတို့နှင့် သမ္မာတရားလိုက်စားမည့်အစား ဆောင်ပုဒ်များအား ရွတ်ဆိုသောသူတို့သည် ဒုက္ခရောက်ရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြားနည်းဖြင့် ပြသကြသည်။ ဤလူစားမျိုးက မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသည့် သင်တို့မြင်တွေ့ဖူးသော အသိသာဆုံးနည်းများမှာ အဘယ်နည်း။ (တာဝန်ပြောင်းခံရပြီးနောက်တွင် ခေါင်းဆောင်အချို့သည် မိမိတို့ကိုယ်ကို သိဖို့ မကြိုးစားသကဲ့သို့ ကျိုးနွံနာခံခြင်း မရှိကြပါ။ ၎င်းတို့ တာဝန်ပြောင်းခံရခြင်းသည် မျှတမှုမရှိဟု ထင်ကြပြီး အပျက်သဘောဆောင်ကာ စောဒကတက်ကြသည်။ ရွေးကောက်ပွဲရှိသည့် နောက်တစ်ချိန်တွင် ၎င်းတို့က အာဏာကို ပြန်လည်ရယူရန် ရုန်းကန်ကြသည်။ အဆုံး၌ အန္တိခရစ်ဖြစ်ကာ နှင်ထုတ်ခြင်းခံရသည်။) ဤသည်မှာ အဆိုးရွားဆုံးအမှုဖြစ်သည်။ အခြားမည်သည့် သရုပ်သကန်များရှိသနည်း။ (လူအချို့သည် တာဝန်ပြောင်းခံရပြီးနောက်တွင် လောကီအလုပ်ကိုသာလုပ်ကြပြီး တာဝန်တစ်ခုကို မထမ်းဆောင်ကြပါ။) ဤသည်မှာ မည်သည့်လူစားမျိုးနည်း။ ၎င်းတို့သည် ယခင်က အဘယ်ကြောင့် ကြွားဝါပြောဆိုပြီး ဆောင်ပုဒ်များကို ရွတ်ဆိုသနည်း။ ၎င်းတို့သည် အခြားလူများကြားရန်အတွက် အကြောင်းအရာများကို ရွတ်ဆိုကြပြီး မိမိတို့ကိုယ်ကို အမွှမ်းတင်ရန်၊ လူတို့အား သိမ်းသွင်းစည်းရုံးရန်၊ လူတို့အား ၎င်းတို့ကို ကြည်ညိုအောင်လုပ်ရန်အတွက် ဤဆောင်ပုဒ်များ၊ အယူဝါဒများနှင့် နားဝင်ချိုသာသော စကားများကို အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ ပန်းတိုင်ဖြစ်သည်။ အခြားမည်သည့် သရုပ်သကန်များရှိသနည်း။ (၎င်းတို့ တာဝန်ပြောင်းမခံရမီတွင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အပြင်ပန်းတွင် ကြိုးစား၍ လိုက်စားသည့်ပုံစံရှိပြီး “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏” ဟု ဆိုကြသည်။ သို့သော် ၎င်းတို့ တာဝန်ပြောင်းခံရပြီးနောက်တွင် ၎င်းတို့သည် အပျက်သဘောဆောင်ကာ နာလံမထူနိုင်ကြပါ။ ပြီးလျှင် ဘုရားအိမ်တော်က ၎င်းတို့အပေါ် အကြွေးတင်နေသည့်အလား ယခင်က ၎င်းတို့ မိမိကိုယ်ကို အသုံးခံပြီး ပေးဆပ်ခဲ့သည်တို့အားလုံးမှာ အချည်းနှီးဖြစ်သည်ဟု ထင်မြင်လျက် လူတို့ကိုပင် ဒေါသတကြီးရမ်းကာ စိတ်ဆိုးကြသည်။) ဤအရာများကိုပြောဆိုပြီး ဤသို့ လုပ်ဆောင်သောသူတို့သည် ဆိုးရွားသော ပြဿနာရှိသည်။ ပထမဦးစွာ အကြင်သူသည် ဤအရာများကို ပြောဆိုသည့် ၎င်းတို့၏ သဘာဝကို ပိုင်းခြားသိမြင်ရမည်။ သမ္မာတရားကို ၎င်းတို့ မလိုက်စားကြပေ။ ယောဘ၏ စကားများကို ၎င်းတို့ အတုခိုးသည်။ ၎င်းတို့ခေါင်းတွင် ဝတ်ဆင်ရန်အတွက် လှပသော သရဖူကို လုပ်ကြံဖန်တီးသည်။ ပြီးလျှင် ကြွားဝါပြီး လူတို့ကို အထင်အမြင်မှားစေရန်အတွက် မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာပြည့်ဝသောလူများအဖြစ် ဟန်ဆောင်ကြသည်။ ဤသည်မှာ သမ္မာတရားကို ဆော့ကစားသည့်၊ ဘုရားကို ပြစ်မှားစော်ကားသည့် သရုပ်သကန် မဟုတ်လော။ ငါ့ကို ပြောလော့။ မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း ဆုံးရှုံးသောအခါ မည်သည့်လူစားမျိုးက အထူးတလည် ကြီးမားသော တုံ့ပြန်မှုရှိသနည်း၊ အလွန်အမင်း ဆုတ်ယုတ်ကာ အပျက်သဘောဆောင်ခြင်းအဖြစ်သို့ ရောက်သနည်း၊ မိမိတို့တာဝန်အား ထမ်းဆောင်ခြင်းကို ရပ်တန့်သနည်း၊ မျှော်လင့်ချက်မရှိသူအဖြစ် မိမိတို့ကိုယ်ကို သတ်မှတ်ခြင်းအားဖြင့် ဆိုးသောအခြေအနေကို ပို၍ဆိုးအောင် လုပ်ဆောင်ကာ ယုံကြည်ခြင်းကိုပင် ရပ်တန့်သနည်း။ (ညံ့ဖျင်းသော လူ့သဘာဝရှိသူများနှင့် ဆိုးယုတ်သောလူများဖြစ်ပါသည်။) မှန်သည်။ ညံ့ဖျင်းသောလူ့သဘာဝရှိသူများနှင့် ဆိုးယုတ်သောလူများသည် အသေအချာပင် သမ္မာတရားအား လိုက်စားသူမဟုတ်ကြပေ။ သို့သော် လူ့သဘာဝကောင်းရှိသောသူတို့က သမ္မာတရားအား မလိုက်စားလျှင် ၎င်းတို့ကလည်း မိမိတို့ကိုယ်ကို ဤသို့ ပြသမည်လော။ အသေအချာပင် ပြသမည်ဖြစ်သည်။ ဆိုးယုတ်သောလူများက ဤသို့ မိမိတို့ကိုယ်ကို ပေါ်လွင်စေခြင်းအပြင် လူတို့လိုက်စားသည့်အရာနှင့် ၎င်းတို့လျှောက်သည့်လမ်းကြောင်းဖြင့် တိုက်ရိုက်ဆက်စပ်နေသည့် အခြားအခြေအနေတစ်ခုရှိသည်။ အပြင်ပန်းတွင် သမ္မာတရားကို မချစ်သောသူတို့က လူ့သဘာဝအချို့ရှိသည့်ပုံစံရှိလျှင်ပင် ယင်းထံမှ မည်သည့်ကောင်းကျိုးမျှ ထွက်ပေါ်လိမ့်မည်မဟုတ်။ ပြီးလျှင် ၎င်းတို့အားလုံး၌ ဆိုးယုတ်သော အနှစ်သာရများရှိသည်။ သမ္မာတရားအား ချိုးဖောက်နိုင်စွမ်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်စွမ်းရှိသည်။ ပြီးလျှင် ၎င်းတို့၌ အဆင့်အတန်းရှိလျှင် မကောင်းမှုကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ အခြားသော အဆိုးရွားဆုံးသော ပြဿနာတစ်ခုရှိသည်။ ယင်းမှာ ဤသို့သောလူတို့သည် အဆင့်အတန်းအား လိုက်စားခြင်းတွင် အထူးပင် စိတ်အားတက်ကြွသည်။ ၎င်းတို့အား အဆင့်အတန်းရှိခွင့်မပေးလျှင်၊ သို့မဟုတ် ခေါင်းဆောင်ဖြစ်ခွင့်မပေးလျှင် ၎င်းတို့၏ အသက်ကို နုတ်ယူခြင်းခံရသကဲ့သို့ ဖြစ်သည်။ ၎င်းတို့ လက်ခံနိုင်သလော။ ၎င်းတို့သည် အဆင့်အတန်းရှိသောအခါတွင် မည်မျှ ဒုက္ခခံရပါစေ၊ မမှန်မကန် ဆက်ဆံမှုကို မည်မျှတောင့်ခံရပါစေ ၎င်းတို့က လိုလားလျက်ရှိသည်။ သို့ရာတွင် ၎င်းတို့က လိုလားရုံဖြင့် သို့မဟုတ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရုံဖြင့် သမ္မာတရားအား လိုက်စားသူများဖြစ်သည်ဟု မဆိုနိုင်ပေ။ ဤသည်မှာ မှားယွင်းလိမ့်မည်။ ၎င်းတို့ လိုက်စားသည့်အရာမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းဖြစ်သည်။ ၎င်းတို့ လိုက်စားသည့်အရာမှာ အဆင့်အတန်း၏ အကျိုးအမြတ်များဖြစ်သည်။ ဤသည်မှာ ပေါလုနှင့် မည်သည့်ပုံစံဖြင့် တူသနည်း။ (သူသည် သရဖူကို လိုက်စားခဲ့သည်။) မှန်သည်။ သရဖူကို သူလိုက်စားခဲ့ပြီး ယင်းမှာ ဓမ္မသရဖူဖြစ်သည်။ ဤသည်မှာ ပေါလုကဲ့သို့သောလူများ လိုက်စားသည့်အရာဖြစ်သည်။ ၎င်းတို့သည် သရဖူအားလိုက်စားခြင်းကို သင့်လျော်သောလိုက်စားမှုအဖြစ်၊ သမ္မာတရားအား လိုက်စားမှုအဖြစ် မှတ်ယူကြသည်။ ဤအရာပြီးနောက်တွင် သင်တို့သည် ဤသို့သောလူအမျိုးအစားတို့နှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှုတစ်ခုခု ရှိမည်လော။ (ရှိပါမည်။) လူတစ်ဦးသည် တာဝန်ပြောင်းခံရပြီး သူ၏ အဆင့်အတန်းဆုံးရှုံးပြီးနောက်တွင် လူတို့အပေါ် ဒေါသတကြီးရမ်းကာ စိတ်ဆိုးသည်၊ သူမြင်တွေ့သည့် ညီအစ်ကိုမောင်နှမများကို အရေးမစိုက်၊ သို့မဟုတ် စကားမပြော၊ ဧဝံဂေလိ ဖြန့်ဝေရန် ခိုင်းစေသောအခါ ထိုသူက “ကျွန်ုပ်သည် ဧဝံဂေလိ ဖြန့်ဝေမည်မဟုတ်။ သင့်အတွက် အစေခံမည်မဟုတ်။ ကျွန်ုပ်ကို လိုအပ်သောအခါ သင် ကျွန်ုပ်ကို သတိရသည်။ သို့သော် မလိုအပ်သောအခါတွင် ကျွန်ုပ်အား ဘေးသို့ ကန်ထုတ်ကာ တာဝန်ပြောင်းပစ်လိုက်သည်။ ကျွန်ုပ်သည် ထိုမျှ နုံအခြင်းမရှိ” ဟု ပြောသည် ဆိုပါစို့။ ဤစကားများသည် မည်သည့်စကားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ပိုင်းခြားသိမြင်ရန် လွယ်ကူသလော။ ၎င်းတို့သည် အဘယ်သို့များ ယုံကြည်သူဖြစ်ရသနည်း။ ၎င်းတို့သည် မည်သည့် စစ်မှန်သော ယုံကြည်သူအမျိုးအစားမျှ မဟုတ်၊ သို့မဟုတ် မည်သည့်လူကောင်းမျိုးမျှ မဟုတ်။ တာဝန်ပြောင်းခံရပြီးနောက်တွင် မည်သည့်လူအမျိုးအစားက အကြီးမားဆုံး တုံ့ပြန်မှုရှိသနည်း။ (ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားသောသူတို့ ဖြစ်သည်။) ဤလူအမျိုးအစားသည် ညံ့ဖျင်းသော လူ့သဘာဝရှိသည်၊ သို့မဟုတ် သမ္မာတရား၊ သို့မဟုတ် အသက်ဝင်ရောက်မှုကို မလိုက်စားဟု ယခုပင် သင်တို့ပြောခဲ့ကြသည်။ ယင်းသည် ဤပြဿနာ၏ အနှစ်သာရနှင့် ဆက်နွှယ်သလော။ (မဆက်နွှယ်ပါ။) သင်တို့ပြောသည့်အရာက အဓိပ္ပာယ်တစ်ခုခုရှိသည့် ပုံစံရှိသည်။ သို့သော် ယင်းက ဤပြဿနာ၏ အနှစ်သာရနှင့် ဆက်စပ်မှုမရှိ။ ဤပြဿနာ၏ အနှစ်သာရမဟုတ်။ လူအချို့က တာဝန်ပြောင်းခံရပြီးနောက်တွင် စောဒကတက်ပြီး မိမိတို့ကိုယ်ကို အလေးမထားရသည့် အကြောင်းရင်းမှာ ၎င်းတို့တွင် ညံ့ဖျင်းသော လူ့သဘာဝရှိသောကြောင့်ဖြစ်သည်ဟု ယခုပင် သင်တို့ပြောခဲ့ကြသည်။ ဤသည်မှာ အယူဝါဒဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူအချို့မှာ အတော်အတန်ကောင်းမွန်သော လူ့သဘာဝရှိပြီး မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ ပေးဆပ်ကာ အသုံးခံသောကြောင့်ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို မလိုက်စားသကဲ့သို့ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အစဉ်လိုက်စားခြင်းသာဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အဆုံး၌ တာဝန်ပြောင်းခံရသောအခါ ကြီးစွာသော တုံ့ပြန်မှုရှိကြသည်။ ဤသည်မှာ ၎င်းတို့က မိမိတို့ကိုယ်ကို ပေါ်လွင်စေသည့်ပုံစံများမှာ ညံ့ဖျင်းသည့် လူ့သဘာဝ၏ ပြဿနာများသက်သက်မဟုတ်ဘဲ ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ပြဿနာများဖြစ်သည်၊ ၎င်းတို့၏ စိတ်သဘောထားသည် အလွန်ဆိုးရွားစွာ ပျက်စီးနေသည်ကို ပြသည်။ လူအချို့က ယင်းကို စကားတစ်ခွန်းဖြင့် အနှစ်ချုပ်ကာ “ဤလူသည် သမ္မာတရားကို မလိုက်စားပါ။ ဤသည်မှာ အကြောင်းရင်းဖြစ်သည်” ဟု ဆိုကြသည်။ ဤအဆိုသည် ကျယ်ပြန့်လွန်းသည်။ သမ္မာတရားအား မလိုက်စားခြင်းက ယင်းဘာသာ ပေါ်လွင်စေနိုင်သည့် နည်းလမ်းများစွာရှိသည်။ စောဒကတက်ခြင်း၊ မိမိတာဝန်ကို သစ္စာစောင့်သိစွာ မထမ်းဆောင်ခြင်း စသည်တို့အားလုံးက နမူနာများဖြစ်သည်။ “သမ္မာတရားအား မလိုက်စားကြ” ဟူသည့် စကားတစ်ခွန်းဖြင့် ပြဿနာတိုင်းကို ရှင်းပြ၍မရနိုင်ပေ။ ဤသည်မှာ ကျယ်ပြန့်လွန်းပြီး ခိုင်လုံခြင်းမရှိ။ ဤသည်မှာ အယူဝါဒကို အခြေခံသော ရှင်းပြချက်တစ်ခုဖြစ်သည်။
ယခုတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းက ယင်းဘာသာ ပေါ်လွင်သည့်ပုံစံကို ငါ မိတ်သဟာယဖွဲ့မည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူများသည် သမ္မာတရားအပေါ်၌ မည်သည့်သဘောထားရှိသနည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အခြေအနေ၊ သရုပ်သကန်များနှင့် ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးမှုကို မည်သို့ ချဉ်းကပ်သနည်း။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူ၏ သရုပ်သကန်များကို ပိုင်ဆိုင်နိုင်စွမ်းရှိသလော။ (မရှိပါ။) ဤတွင် အကြီးဆုံးသော ပြဿနာသည် အဘယ်နည်း။ (၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်က မည်သည့်လူသားအခြေအနေများ၊ သို့မဟုတ် သရုပ်သကန်များအား ဖော်ထုတ်နေသည်ကို နားမလည်ကြသကဲ့သို့ ဤအရာများကို မိမိတို့ကိုယ်ကိုဖြင့် နှိုင်းယှဉ်ချိန်ဆချက်များ ထုတ်ရန် အသုံးမပြုနိုင်ပါ။) အဓိကအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုဖြင့် နှိုင်းယှဉ်ချိန်ဆချက်များ မချမှတ်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆချက်များ မချမှတ်နိုင်လျှင် သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု ဆိုနိုင်သလော။ (မဆိုနိုင်ပါ။) သင်သည် အကြောင်းအရာတစ်ခုကို ပြောဆိုနေသော်လည်း ၎င်းတို့က ယင်းနှင့် လုံးဝဆန့်ကျင်သည့်အရာတစ်ခုကို အစဉ်ပြောဆိုနေသည်။ ၎င်းတို့သည် အစဉ်သင်နှင့် ကွဲလွဲကာ သင်နှင့် ငြင်းခုံဆွေးနွေးသည်။ သင်နှင့် ၎င်းတို့ ငြင်းခုံဆွေးနွေးနေသည့် ပြဿနာတွင် တူညီသော အာရုံစိုက်မှုမရှိ။ တူညီသော ကိစ္စမဟုတ်။ သို့သော် ၎င်းတို့က အလွန်ပင် မှန်ကန်သည်ဟု ထင်မြင်ဆဲဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသောသူများက မိမိတို့ကိုယ်ကို ပေါ်လွင်စေသည့် ပုံစံဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသူများသည် သမ္မာတရားကို နားမလည်နိုင်ကြ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်စွမ်းရှိသလော။ (မရှိပါ။) ဤသည်မှာ ဒုက္ခပေးတတ်သည်။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားနိုင်စွမ်းမရှိလျှင် အသက်ဝင်ရောက်မှုရှိနိုင်သလော။ (မရှိနိုင်ပါ။) သမ္မာတရားအား မလိုက်စားသူတို့သည် အသက်ဝင်ရောက်မှုရှိဖို့ ဖြစ်နိုင်ချေမရှိပါ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်အပေါ် နှစ်အတန်ကြာ ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို လုံးဝ နားမလည်လျှင် သူသည် သမ္မာတရားအား လိုက်စားသူတစ်ဦး ဟုတ်သလော။ အသေအချာပင် မဟုတ်ပေ။ လူအချို့က “ဤသည်မှာ အစဉ်သဖြင့် မမှန်ကန်ပေ။ လူအချို့က သမ္မာတရားကို နားမလည်သော်လည်း အလွန်စိတ်ထက်သန်ပြင်းပြပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အရာရာတိုင်းကို စွန့်လွှတ်ကြသည်။ ၎င်းတို့သည် အဘယ်သို့ သမ္မာတရားကို မလိုက်စားသောသူ ဖြစ်နိုင်မည်နည်း” ဟု ဆိုသည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတစ်ဦးက သမ္မာတရားကို လိုက်စားခြင်းရှိမရှိ အကဲဖြတ်ရာတွင် သူသည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် အရာရာတိုင်းအား စွန့်ပစ်ခြင်းရှိမရှိကိုသာ ကြည့်၍မရနိုင်ပေ။ ကြည့်ရမည့် အဓိကအချက်မှာ သူ၏ စိတ်နှလုံးကမည်သည့်အရာကို အလေးထားသည်ဆိုသည့်အရာဖြစ်သည်။ သူ၏ စိတ်နှလုံးက အလေးထားသည့်အရာမှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သမ္မာတရားအတွင်းသို့ ဝင်ရောက်ခြင်း၊ သမ္မာတရားကို ရရှိခြင်းဖြစ်ပြီး သူသည် အသက်ဝင်ရောက်မှု၌ ထိရောက်မှုရှိလျှင် သူသည် သမ္မာတရားအား လိုက်စားသူတစ်ဦးဖြစ်သည်။ သူသည် သရဖူနှင့် ဆုလာဘ်ရရှိရန်အတွက် မိမိကိုယ်ကို စွန့်လွှတ်ပြီး အသုံးခံပြီး နှစ်များစွာကြာ မိမိကိုယ်ကို စွန့်လွှတ်ပြီး အသုံးခံပြီးဖြစ်ကာ များစွာ ဒုက္ခခံသော်လည်း သမ္မာတရားကို နားမလည်နိုင်သေးလျှင်၊ သို့မဟုတ် စစ်မှန်မှုအတွင်းသို့ မဝင်ရောက်နိုင်သေးသကဲ့သို့ ဘုရားသခင်ကို နားမလည်နိုင်သေးလျှင် သူ၏ စွန့်ပစ်ခြင်းနှင့် အသုံးခံခြင်းသည် အမှန်တကယ်၌ သမ္မာတရားအား လိုက်စားခြင်း ဖြစ်သလော။ သူသည် သမ္မာတရားအား လိုက်စားသူမဟုတ်သည်မှာ သိသာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စွန့်လွှတ်ခြင်းနှင့် အသုံးခံခြင်းမှာ သူတို့တွင် သမ္မာတရားအားနားလည်သည့်၊ သို့မဟုတ် သမ္မာတရားစစ်မှန်မှုများအတွင်းသို့ ဝင်ရောက်သည့် ရလဒ်မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် စွန့်လွှတ်ပြီး အသုံးခံသည်ဆိုသည့်အချက်က သမ္မာတရားကို လိုက်စားသည်ဟု မဆိုလိုပေ။ ဤသို့သောလူများသည် ပေါလုကဲ့သို့ ဖြစ်သည်။ ပေါလုသည် သခင့်အတွက် တရားဟောလျက်၊ အလုပ်လုပ်လျက် သူ၏ဘဝတစ်ဝက်ကို ကုန်ဆုံးခဲ့သော်လည်း သမ္မာတရားကို မရရှိခဲ့သကဲ့သို့ သခင့်ကိုလည်း မရခဲ့ပေ။ ထို့ကြောင့် ပေါလုသည် သမ္မာတရားအားလိုက်စားခဲ့သူဟု သင်ဆိုနိုင်သလော။ လူတစ်ဦးက သမ္မာတရားအား လိုက်စားခြင်းရှိမရှိနှင့်ပတ်သက်လျှင် သူလိုက်စားနေသော ပန်းတိုင်၊ သူ၏ ရည်ရွယ်ချက်သည် သမ္မာတရားအား ရရှိခြင်းကို အလေးထားခြင်းရှိမရှိကြည့်ဖို့မှာ အရေးပါသည်။ သူသည် သမ္မာတရားအတွင်းသို့ အားစိုက်ထုတ်ခြင်းအပေါ် အမှန်တကယ် အလေးထားလျှင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ လက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်ခြင်းကဲ့သို့သော အရာများ၌ ထိရောက်နေလျှင် ထိုအခါမှသာ ထိုသူသည် သမ္မာတရားအား လိုက်စားသူဖြစ်သည်။ သမ္မာတရားအား အမှန်တကယ် လိုက်စားသူတိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သူတို့သာ အသက်ဝင်ရောက်မှုရှိသူများ ဖြစ်သည်။ လူတစ်ယောက်က မိမိသည် သမ္မာတရားအား လိုက်စားသူဖြစ်သည်ဟုဆိုသော်လည်း သမ္မာတရားအား လက်တွေ့မလုပ်ဆောင်လျှင် ဤလူ၌ အသက်ဝင်ရောက်မှုရှိသည်ဟု သင်တို့ ဆိုမည်လော။ အသေအချာပင် မရှိပေ။ သမ္မာတရားအား လက်တွေ့မလုပ်ဆောင်သူတစ်ဦးသည် အဘယ်သို့ အသက်ဝင်ရောက်မှုရှိနိုင်မည်နည်း။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူသည် သမ္မာတရားအား လိုက်စားသူဖြစ်ပြီး အသက်ဝင်ရောက်မှုရှိသည်ဟု သူက ထင်မြင်လျှင် သင်သည် ထိုသူအား “သင်၏ အသက်ဝင်ရောက်မှု၏ သက်သေမှာ အဘယ်နည်း” ဟု မေးသင့်သည်။ သူ၏စကားဖြင့်သာ ယုံကြည်ခြင်းသည် မလုံလောက်ပေ။ သက်သေမရှိလျှင် သူပြောသည့်အရာသည် ခိုင်လုံမှုမရှိ။ သင်က သမ္မာတရားအား လိုက်စားသူတစ်ဦးဖြစ်သည်ဟု သင်ဆိုလျှင် သမ္မာတရားမည်မျှကို သင်နားလည်သနည်း။ သမ္မာတရားမည်မျှကို သင်လက်တွေ့လုပ်ဆောင်ပြီးသနည်း။ သမ္မာတရားစစ်မှန်မှုများ၏ မည်သည့်သွင်ပြင်လက္ခဏာများသို့ သင်ဝင်ရောက်ပြီးသနည်း။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း သင်ပြောဆိုနိုင်သလော။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းကို သင်မပြောဆိုနိုင်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူဖြစ်သည်ဟု ပြောခြင်းအားဖြင့် လူတို့ကို လှည့်စားကာ အထင်အမြင်မှားစေနေခြင်းဖြစ်သည်။ ပေါလုက သမ္မာတရားကို လိုက်စားသူမဟုတ်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ပေါလု ရေးခဲ့သည့်စာများမှာ အသက်အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုမျှ မပါဝင်သောကြောင့် ဖြစ်သည်။ သူသည် ချစ်ခြင်း၊ သို့မဟုတ် သခင်ယေရှုအပေါ် ကျိုးနွံနာခံခြင်းအကြောင်း ပြောဖို့မဆိုထားနှင့်၊ ဘုရားသခင်အပေါ် အမှန်တကယ် နားလည်ခြင်းအကြောင်းကိုပင် မပြောနိုင်ခဲ့ပေ။ သူ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ်ပင် နားလည်ခြင်းမရှိခဲ့ပေ။ သူသည် အဆိုးဆုံးသော အပြစ်သားဖြစ်သည်ဟုသာ ပြောခဲ့သည်။ သူသည် သခင်ယေရှုကို အတိုက်အခံလုပ်ခြင်းအတွက် အပြစ်ပေးခံရသည့်အချက်ကို အခြေခံပြီး ဤအရာကို ပြောခဲ့ခြင်းဖြစ်သည်။ သူသည် အဆိုးဆုံးသော အပြစ်သားဟု ဆိုခြင်းအားဖြင့် သူသည် သခင်ယေရှုကို အရူးအမူးအတိုက်အခံလုပ်ခြင်းအားဖြင့် အပြစ်ကျူးလွန်ခဲ့သည်ဆိုသည့်အချက်ကို ဝန်ခံနေခြင်းသာဖြစ်သည်။ ဤသည်မှာ သူသည် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် နားလည်ခဲ့သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဤအတွက်ကြောင့် သမ္မာတရားအား လိုက်စားခြင်း၌ မည်သည့်အရာ ပါဝင်သည်၊ မည်သည့်လူစားမျိုးက အသက်ဝင်ရောက်မှု ရှိသည်ဆိုသည်နှင့်ပတ်သက်သောအခါတွင် ၎င်းတို့ကိုယ်တိုင်က ပြောသည့်အရာထက် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိအပေါ် အခြေခံ၍ ဆုံးဖြတ်သင့်သည်ဟု ငါဆိုခြင်းဖြစ်သည်။ ယခု ငါပြောနေသည့်အရာကို သင်တို့ နားလည်သလော။ အဘယ်ကြောင့် အလွန်အသေးစိတ်ကျစွာ ငါတို့ မိတ်သဟာယဖွဲ့နေသနည်း။ ဤသည်မှာ လိုအပ်သလော။ (လိုအပ်ပါသည်။) အဘယ်ကြောင့် လိုအပ်သနည်း။ ငါသည် သင်တို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များကို စိစစ်ရန်၊ သင်တို့က မှန်သည်ဟု တလွဲထင်မြင်သောအရာများကို ပြုပြင်ရန်၊ သင်တို့အား ထွက်ပေါက်တစ်ခု ရှာတွေ့ဖို့၊ သင်တို့က မှန်သည်ဟု တလွဲထင်မြင်သောအရာများကို လက်လွှတ်ပြီး ထို့နောက်တွင် သမ္မာတရားအား အမှန်တကယ်လိုက်စားခြင်းလမ်းကြောင်းကို ဝင်ရောက်ဖို့ ကူညီပေးရန်အတွက် ဤသို့ မိတ်သဟာယဖွဲ့နေခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် အမှန်တကယ်ပင် အသက်ဝင်ရောက်မှုရှိလိမ့်မည်။ သမ္မာတရားအား အမှန်တကယ် လိုက်စားခြင်းကို ရရှိနိုင်စွမ်းရှိလိမ့်မည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူများသည် အသက်ဝင်ရောက်မှု၊ သို့မဟုတ် စိတ်သဘောထားပြောင်းလဲမှု ကိစ္စရပ်များကို နားမလည်ကြပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သွင်ပြင်လက္ခဏာများစွာကို ပြောင်းလဲပြီးဖြစ်ကာ အသက်ဝင်ရောက်မှု ရရှိပြီးဖြစ်သည်ဟု ထင်ကြသည်။ ဥပမာအနေဖြင့် ၎င်းတို့သည် မကောင်းသော အလေ့အကျင့်အချို့ကို ပြောင်းလဲပြီးဖြစ်သည်။ အလွန်အကျွံမစားပေ။ အလွန်အကျွံမအိပ်ပေ။ မပျင်းရိပေ။ ယခင်ကထက်ပို၍ အလုပ်ကြိုးစားသည်။ ထို့ကြောင့် ဤသည်မှာ ၎င်းတို့၌ အသက်ဝင်ရောက်မှုရှိသည့်သဘောဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ လူတို့ကို အစဉ်ဆူပူခဲ့လေ့ရှိသော်လည်း ယခုတွင် ဆူပူခြင်းမရှိတော့ပုံကို တွေးမိသည့်သူများရှိသည်။ ၎င်းတို့သည် လူတို့အပေါ် ကောင်းမွန်သောအရာများနှင့် အပြုသဘောဆောင်သောအရာများကို ပြောဆိုနိုင်ကြပြီး တစ်ခါတစ်ရံတွင် လူတို့ကို ကူညီနိုင်သည်။ ဤအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ပြောင်းလဲမှုကို ဖြတ်သန်းပြီးဖြစ်သည်ဟု ထင်ကြသည်။ လူအချို့က ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ရုပ်ပိုင်းဆိုင်ရာ သာယာမှုတို့အား လိုက်စားခြင်းကို စွန့်လွှတ်နိုင်သောကြောင့် ၎င်းတို့သည် အသက်ဝင်ရောက်မှုရှိသည်ဟု ထင်ကြသည်။ ဤသည်မှာ လူအားလုံးတွင် ဖြစ်လေ့ရှိသည့် ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည် မိမိတို့နားလည်သည့်အရာကိုလည်းကောင်း၊ မိမိတို့၏ အယူအဆများအရ မှန်ပြီး ကောင်းမွန်သည်ဟု မိမိတို့ထင်သည့်အရာကိုလည်းကောင်း လက်တွေ့လုပ်ဆောင်ပြီး ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်းကြောင့် ၎င်းတို့သည် မကောင်းသောအလေ့အကျင့်များစွာနှင့် ဇာတိပကတိ၏ ပြဿနာဖြစ်စေသော လက္ခဏာများကို ကိုင်တွယ်ပြီးဖြစ်သည်၊ သို့မဟုတ် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံနှင့်ပတ်သက်သော စည်းစနစ်ကို ပြောင်းလဲပြီး ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ အကျိုးအမြတ်များစွာကို စွန့်ပစ်ပြီး ဖြစ်သည်။ ၎င်းတို့၏ မိသားစုနှင့် အလုပ်ကို စွန့်ပစ်ပြီး ဖြစ်သည်။ ၎င်းတို့၏ အိမ်ထောင်နှင့် လောကီကို စွန့်လွှတ်ပြီး ဖြစ်သည်။ ၎င်းတို့က ပြောင်းလဲပြီးဖြစ်ကာ ကယ်တင်ခြင်းခံရပြီးဖြစ်သည်ဟု ထင်ကြပြီး “ကျွန်ုပ်သည် ဘုရားသခင်ကို မယုံကြည်ခဲ့လျှင် ဤအရာအားလုံးကို လက်လွှတ်နိုင်မည်လော။ ဤကဲ့သို့သော ကြီးမားသည့် ပြောင်းလဲမှုရှိနိုင်မည်လော” ဟု ဆိုသည်။ ဤသည်မှာ ယုံကြည်သူများပြုလုပ်သော အကြီးဆုံးသော နားလည်မှုလွဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့အားလုံးတွင် ဤနားလည်မှုလွဲခြင်း ရှိသည်။ ဤသည်မှာ နားလည်မှုလွဲခြင်းဟု ငါအဘယ်ကြောင့်ဆိုသနည်း။ ဤနေရာတွင် ဆိုးရွားသော ပြဿနာတစ်ခုရှိသည်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အဓိကအားဖြင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏ ရည်ရွယ်ချက်ကို နားမလည်သောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်က ၎င်းတို့အပေါ် အတိအကျမည်သည့်အရာ တောင်းဆိုသည်ကို နားမလည်ခြင်း ဖြစ်သည်။ ဤအစား ၎င်းတို့သည် လူသားအယူအဆများနှင့် စိတ်ကူးများအတိုင်း တွေးပြီး ၎င်းတို့၏ မိသားစု၊ အလုပ်၊ ခံစားချက်များ၊ လောကီ၊ ဇာတိပကတိ၏ အနှောင်အဖွဲ့များ၊ ပြီးလျှင် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုပင် လက်လွှတ်နိုင်ခြင်းက ၎င်းတို့၌ အသက်ဝင်ရောက်မှု ရှိသည့်သဘောဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်ကို လူတို့ ယုံကြည်သောအခါ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်ရမည်။ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ၎င်းတို့၏ ပြဿနာကို ပြုပြင်ပြီး ၎င်းတို့ ကျူးလွန်သည့် အပြစ်များ၏ အရင်းအမြစ်ကို ဖြေရှင်းရမည်။ လူတို့သည် ဤအရာကို လုပ်ဆောင်ရန်အတွက် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီး ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်းမရရှိနိုင်မီတွင် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရမည်ဖြစ်သည်။ ဤသည်မှာ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာဖြစ်ပြီး လူတို့ကို ကယ်တင်ခြင်းအတွက် သူလုပ်ဆောင်သောအမှုလည်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်အကြောင်းကို လုံးဝ မသိပေ။ ဤအမှုတော်မှတစ်ဆင့် ဘုရားသခင် ဖြစ်မြောက်လိုသည့် ပန်းတိုင်နှင့် သက်ရောက်မှုကို ၎င်းတို့ မမြင်ပေ။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို လူသားအယူအဆများ၊ စိတ်ကူးထင်မြင်မှုများဖြင့် အစားထိုးပြီး လူတို့၏ လိုက်စားမှုများနှင့် ၎င်းတို့ ဖြစ်မြောက်အောင် လုပ်နိုင်စွမ်းရှိသည့်အရာတို့ကို ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူတို့အပေါ် ဘုရားသခင်တောင်းဆိုသည့်အရာအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ဘုရားသခင်ကို လူတို့ ယုံကြည်သောအခါတွင် ၎င်းတို့၌ရှိသော နားလည်မှုလွဲခြင်း ဖြစ်သည်။ ၎င်းတို့က ဖြစ်မြောက်အောင် လုပ်နိုင်စွမ်းရှိသည့် ဤအရာများသည် ၎င်းတို့၌ စိတ်ထက်သန်ပြင်းပြမှုရှိသည်ကိုသာ ထင်ရှားစေသည်။ ပြီးလျှင် အမှုအရာများကို ၎င်းတို့ စွန့်ပစ်သောအခါ ၎င်းတို့သည် အမှန်တကယ်တွင် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။ ယင်းသည် ဆုလာဘ်နှင့် သရဖူတစ်ခုဖြင့် လဲလှယ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ၎င်းတို့က ဤသို့သော အပေးအယူတို့သည် ထိုက်တန်ပြီး ၎င်းတို့အတွက် အကျိုးအမြတ်ရှိသည်ဟု ထင်ကြသည်။ ဤသည်မှာ အရာရာတိုင်းကို ၎င်းတို့ စွန့်ပစ်သည့်အကြောင်းရင်း ဖြစ်သည်။ အရာဝတ္ထုများကို စွန့်ပစ်ခြင်းသည် ၎င်းတို့၌ သမ္မာတရားစစ်မှန်မှုများရှိသည်ဟု မဆိုလိုသကဲ့သို့ ၎င်းတို့သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်သည်ဟု မဆိုလိုပေ။ ၎င်းတို့က စွန့်လွှတ်ပြီး အသုံးခံစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် နားလည်သလော။ (နားမလည်ပါ။) သမ္မာတရားကို ၎င်းတို့ နားမလည်လျှင် ၎င်းတို့၏ စွန့်ပစ်ခြင်းနှင့် အသုံးခံခြင်းသည် အစွန်းအထင်း ရှိသလော။ အသေချာဆုံးပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့ အသုံးခံပြီး ဒုက္ခခံခြင်းအားဖြင့် အတိအကျ မည်သည့်အရာကို ၎င်းတို့ လိုက်စားနေသနည်း။ ဤသို့သောလူတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်၏ တောင်းဆိုချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ ၎င်းတို့သည် ယင်းတို့ဖြင့် သက်ဆိုင်ခြင်းလုံးဝမရှိဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့ စိတ်နှလုံးတွင် ၎င်းတို့ထင်မြင်သမျှက မှန်သည်။ ၎င်းတို့ ထင်မြင်သမျှက ကောင်းသည်။ ၎င်းတို့ ထင်မြင်သမျှက အသက်ဝင်ရောက်မှုဖြစ်သည်။ ၎င်းတို့ထင်မြင်သမျှက ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ဘုရားသခင်က အောက်မေ့ဂုဏ်ပြုပြီးဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် ဤအရာများကို ရောင်းဝယ်ရန် တိုကင်ပြားများအဖြစ်၊ အရင်းအနှီးအဖြစ် မှတ်ယူကြသည်။ ဤသည်တို့မှာ သမ္မာတရားအား လိုက်စားခြင်း သရုပ်သကန်များ ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သမ္မာတရားအား မလိုက်စားသူတို့ ပြုလုပ်သော နားလည်မှုလွဲခြင်း ဖြစ်သည်။ ဤသည်မှာ အသက်ဝင်ရောက်မှုကို နားလည်မှုလွဲသောလူများက အမှုအရာများကို အနက်အဓိပ္ပာယ်ကောက်သည့် ပုံစံများထဲမှ တစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဤအရာများသည် သမ္မာတရားအား လိုက်စားခြင်း သရုပ်သကန်များမဟုတ်၊ ၎င်းတို့၌ အသက်ဝင်ရောက်မှုမရှိဆိုသည်ကို မည်သို့ အကဲဖြတ်ပြီး သက်သေပြသနည်း။ ၎င်းတို့ပြောသည့် ဤအရာများသည် မှားယွင်းသည်ဆိုသည်ကို အတည်ပြုရန် မည်သည့်အချက်အလက်များကို အသုံးပြုနိုင်သနည်း။ (၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများမရှိဘဲ လုပ်ဆောင်ကြသည်။) ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့စိတ်ကူးထင်မြင်သည့်အရာအပေါ်တွင် အခြေခံ၍ လုပ်ဆောင်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများနှင့် ဆင်တူသည်။ ၎င်းတို့သည် အမှုအရာများကို စွန့်ပစ်နိုင်ပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်သည်။ သို့သော် ၎င်းတို့၏ လုပ်ရပ်များတွင် စည်းမျဉ်းနှင့်မညီပေ။ အဘယ်ကြောင့် စည်းမျဉ်းနှင့် မညီကြသနည်း။ သမ္မာတရားကို ၎င်းတို့ မလိုက်စားသောကြောင့် ဖြစ်သည်။ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့်ရှုထောင့်များသည် ၎င်းတို့စတင်ခဲ့သည့် အယူအဆများ၊ စိတ်ကူးများပင် ဖြစ်နေဆဲ ဖြစ်သည်။ ဤသို့သောလူများတွင် အကြီးဆုံးသော ပြဿနာတစ်ခုရှိသည်။ ၎င်းတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များကို ကျိုးနွံနာခံသလော။ ဘုရားသခင်က ဤပတ်ဝန်းကျင်များကို အဘယ်ကြောင့် စီစဉ်ညွှန်ကြားခဲ့သည်ကို ၎င်းတို့ နားလည်သလော။ (နားမလည်ပါ။) ဤသည်မှာ ၎င်းတို့၌ စစ်မှန်သော အသက်ဝင်ရောက်မှုမရှိသည်ကို သက်သေပြရန် လုံလောက်သလော။ (လုံလောက်ပါသည်။) ၎င်းတို့သည် ၎င်းတို့၏ မကောင်းသောအလေ့အကျင့်များနှင့် ပြဿနာဖြစ်စေသော လက္ခဏာများ၌ ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး စွန့်လွှတ်မှုများစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ အဆုံးတွင် ၎င်းတို့သည် စမ်းသပ်ခြင်းခံရသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ နားမလည်ရုံသာမက စောဒကတက်နိုင်စွမ်းရှိဆဲဖြစ်ပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့တွင် အသက်ဝင်ရောက်မှုမရှိခြင်း ဖြစ်သည်။ အသက်ဝင်ရောက်မှုမရှိသူများတွင် သမ္မာတရား စစ်မှန်မှုများမရှိပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) အမှုအရာများ ဖြစ်ပျက်သောအခါတွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့် သဘာဝအလျောက် နှစ်သက်မှုများအပေါ်သို့ လုံးလုံးလျားလျား အမှီပြုသည်။ သင်သည် ၎င်းတို့နှင့် အမှန်တကယ် အလေးအနက်လုပ်ဆောင်ပြီး ၎င်းတို့အား ကျိုးနွံနာခံရန် တောင်းဆိုသောအခါတွင် ၎င်းတို့သည် လုံးဝ ကျိုးနွံနာခံခြင်း မရှိပေ။ ၎င်းတို့သည် လူသားအကြောင်းပြချက်များ၊ ဆင်ခြေများနှင့် စိတ်ကူးများအပေါ်တွင်သာ အမှီပြုပြီး မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် နည်းလမ်းမျိုးစုံကို ရှာဖွေသည်။ ပြီးလျှင် ဘုရားသခင်အပေါ် မကျိုးနွံမနာခံခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို ငြင်းပယ်ခြင်းဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို ဖြစ်မြောက်အောင်လုပ်ဆောင်သည်။ အလွန်ပင် အစွန်းရောက်ပြီး ၎င်းတို့သည် မကျိုးနွံမနာခံနိုင်ရုံသာမကဘဲ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများက မှန်ကန်သည်ဟုလည်းကောင်း၊ ၎င်းတို့ထင်မြင်သည့် နည်းလမ်းများနှင့် လမ်းကြောင်းများက မှန်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ လုပ်ရပ်များ၊ စီစဉ်ညွှန်ကြားမှုများက မှန်ကန်ခြင်း ရှိချင်မှရှိမည် ဟုလည်းကောင်း သက်သေပြရန် ကြိုးစားပြီး နည်းလမ်းပေါင်းစုံကို ရှာကြံတွေးတောဆဲဖြစ်သော လူအချို့ပင် ရှိသည်။ ဤသည်မှာ ၎င်းတို့တွင် အသက်ဝင်ရောက်မှုမရှိသည်ကို ထုတ်ဖော်ပြသည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းနှင့် ၎င်းတို့က မိမိတို့ကိုယ်ကိုပေးဆပ်သော၊ သို့မဟုတ် မိမိတို့ကိုယ်ကိုနှင့်ပတ်သက်ပြီး ပြောင်းလဲသောအရာအားလုံးသည် အသက်ဝင်ရောက်မှု မဟုတ်။ ယင်းတို့သည် ဆိုးယုတ်သည့်အလေ့အကျင့်များ မတည်ရှိတော့ခြင်းသာ ဖြစ်သည်။ တစ်ကိုယ်ရေ အလေ့အကျင့်များ၊ စည်းစနစ်များနှင့် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံတို့သည် အနည်းငယ်ပြောင်းလဲပြီး လူအချို့၏ စိတ်သည် ပြောင်းလဲပြီးခြင်းပင် ဖြစ်နိုင်သည်။ ၎င်းတို့သည် ပို၍ သိမ်မွေ့စွာ ပြောဆိုပြီး ပို၍ ယဉ်ကျေးမှုရှိသော ပုံစံဖြင့် ပြောဆိုသည်။ ပြီးလျှင် ၎င်းတို့၏ အပြင်ပန်းအပြုအမူသည် ပို၍စံမီနိုင်သည်။ သို့သော် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သောအခါ ၎င်းတို့၌ သမ္မာတရားစစ်မှန်မှုမရှိ။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားအတိုင်း အမှုအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ အားလုံးမှာ ၎င်းတို့ကိုယ်တိုင်၏ တစ်ကိုယ်ရေ စိတ်ကူးများနှင့် ဆန္ဒများသာ ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် နားလည်မှုမရှိပေ။ ဝိညာဉ်ရေးရာ သဘောတရားအနည်းငယ်အား မည်သို့ပြောရမည်ကိုသာသိပြီး လူသားအယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် ခံစားချက်များအတွင်း၌ ပိတ်မိနေသည်။ သင်တို့ မည်သို့ထင်သနည်း။ ဤလူများသည် သနားစဖွယ်ဖြစ်သလော။ (ဖြစ်ပါသည်။) ပြီးလျှင် ဤသို့သောသူများစွာရှိသလော။ (ရှိပါသည်။) များစွာရှိသည်ဟု သင်တို့ အဘယ်သို့ သိသနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။) ဤသည်မှာ သင်၏ ရင်ကိုထိသည်မဟုတ်လော။ ဤသို့ဆိုလျှင် ဤကိစ္စ၌ သင်တို့၏ အတွေ့အကြုံများကို ပြောလော့။ (အတွေ့အကြုံတစ်ခုကို ကျွန်ုပ် ဝေမျှပါမည်။ ညီအစ်ကိုတစ်ယောက်သည် အခြားညီအစ်ကိုမောင်နှမများစွာရှေ့၌ ကျွန်ုပ်၏ အားနည်းချက်များကို ထောက်ပြခဲ့သည်။ ထိုအချိန်က ကျွန်ုပ်သည် အရှက်ရခဲ့သည်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံပြီး မှန်ကန်ကြောင်း ပြရန် ကြိုးစားသည်။ ညီအစ်ကို၏ မှတ်ချက်များကို ကျွန်ုပ် လက်မခံခဲ့ပါ။) သင်သည် သင့်ဂုဏ်သိက္ခာ၏ ဘောင်ခတ်ခြင်းကို ခံခဲ့ရသည်။ လူတို့သည် အဘယ်ကြောင့် ဂုဏ်သိက္ခာ၏ ဘောင်ခတ်ခြင်းကို အစဉ်ခံရသနည်း။ အဘယ်ကြောင့်ဆိုသော် သိက္ခာရှိသောလူတို့အားလုံးသည် အထိမခံနိုင်ဖြစ်သောကြောင့်လော။ (မဟုတ်ပါ။) အမှန်တကယ်တွင် လူတို့သည် အခြားလူများ၏ အမြင်တွင် ပြည့်စုံမှုရှိသော ပုံရိပ်ကို ထိန်းသိမ်းလိုသောကြောင့် ဤသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းကို ဂရုစိုက်သည်။ အားနည်းချက်မရှိသော၊ အထူးပင် ပြည့်စုံသောပုံစံဖြင့် မိမိတို့ကိုယ်ကို တင်ပြလိုကြသည်။ လူတို့၏ စိတ်တွင် ပြည့်စုံမှုရှိသော အမြင်တစ်ခုကို ကျန်ရစ်စေလိုပြီး ၎င်းတို့သည် အမှန်တကယ်တွင် မည်သို့ရှိသည်ဆိုသည့် အမှန်တရားကို လူတို့အား မြင်ခွင့်မပြုလိုပေ။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်ဖြစ်သည်။ ဤပြဿနာသည် ယခုတွင် ပြေလည်သလော။ (မပြေလည်သေးပါ။ ကျွန်ုပ်သည် ယင်းကို မကြာခဏ ထုတ်ဖော်ဆဲဖြစ်သည်။) လူတစ်ဦးသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သူ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား သိမြင်နိုင်လျှင် ယင်းသည် ပြောင်းလဲရန် လွယ်ကူလိမ့်မည်။ သူသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမရှိလျှင်၊ သူ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မသိမြင်နိုင်လျှင်၊ သူ့ပြဿနာအပေါ် အာရုံခံစားမှုမရှိ၍ သတိပြုမိခြင်းမရှိလျှင် ပြောင်းလဲရန် ခက်ခဲလိမ့်မည်။ သူသည် သတိပြုမိခြင်း ရှိပြီးဖြစ်လျှင်၊ သူ၏ မာနထောင်လွှားသော စိတ်သဘောထားက ပြင်းထန်သည်ဟုလည်းကောင်း၊ သူ၏ လိုက်စားမှုများက လမ်းကြောင်း မတည့်ဟုလည်းကောင်း၊ သူသည် သမ္မာတရားအား လိုက်စားခြင်းမှ အလှမ်းဝေးနေဆဲဖြစ်သည်ဟုလည်းကောင်း ခံစားရသော်လည်း ပြုပြင်ခြင်းခံရသောအခါ၌ သူသည် ရက်အနည်းငယ်ကြာ အပျက်သဘောဆောင်လျှင်၊ အခြေအနေတိုင်း၌ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် နည်းလမ်းများကို အစဉ် ရှာဖွေလျှင် ဤသို့သောသူတစ်ဦးသည် ပြောင်းလဲနိုင်မည်လော။ ထိုသူအနေဖြင့် ပြောင်းလဲရန် ခက်ခဲသည်။ ဤသို့ဆိုလျှင် ဤပြဿနာကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သမ္မာတရားကို လက်ခံပြီး မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမျှဖြင့် ၎င်းတို့၌ ပြဿနာကို ပြုပြင်ရန် မျှော်လင့်ချက်ရှိသေးသည်။ သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်လျှင် ၎င်းတို့၌ ပြဿနာကို ပြုပြင်ရန် နည်းလမ်းမရှိပေ။ အဓိကသော့ချက်မှာ လူတို့သည် စိတ်ခိုင်မာမှုရှိပြီး သမ္မာတရားအား လိုက်စားလိုစိတ်ရှိရမည်။ ၎င်းတို့၌ သမ္မာတရားကို အလွန်အမင်းဆာငတ်သော စိတ်နှလုံးရှိသောအခါ ၎င်းတို့သည် သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို ပုန်ကန်ရန် ခွန်အားရှိလိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို နှံ့စပ်စွာ ပြုပြင်နိုင်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပြုပြင်ခြင်းခံရပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ထို့နောက်တွင် အသက်ဝင်ရောက်မှုရှိလိမ့်မည်။
ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသော၊ သမ္မာတရားနှင့် အသက်ဝင်ရောက်မှုကို အစဉ်အနက်အဓိပ္ပာယ်ကောက် လွဲမှားသော ထိုလူများက သမ္မာတရားအား လိုက်စားခြင်းသည် လွယ်ကူသည်ဟုလည်းကောင်း၊ ယင်းမှာ မကောင်းသောအလေ့အကျင့်ကိုဖြစ်စေ၊ ပြဿနာဖြစ်စေသော လက္ခဏာအနည်းငယ်ကိုဖြစ်စေ ပြောင်းလဲခြင်းမျှသာဖြစ်သည်၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ကျိုးကို အကျိုးပြုသောအရာများကို ရံဖန်ရံခါ စွန့်လွှတ်ခြင်း ဖြစ်သည်ဟုလည်းကောင်း၊ မကောင်းမှုကို မလုပ်ဆောင်သရွေ့ အဆုံးထိ ၎င်းတို့ယုံကြည်ခြင်းကို ထိန်းသိမ်းသရွေ့ အသက်ကို ၎င်းတို့ ရရှိပြီးဖြစ်သည်ဟုလည်းကောင်း၊ ဤအရာများကို ဘုရားသခင်၏ ဆုလာဘ်များ၊ ကောင်းချီးများဖြင့် လဲလှယ်နိုင်သည်ဟုလည်းကောင်း ထင်ကြသည်။ ဤလူများကဲ့သို့သော အမြင်များအပေါ်တွင် ဘုရားအပေါ် မိမိတို့၏ ယုံကြည်မှုကို အခြေခံသောသူများသည် သမ္မာတရားကို လိုက်စားသူများဟုတ်သလော။ (မဟုတ်ပါ။) သမ္မာတရားအား မလိုက်စားသူတို့သည် အသက်ဝင်ရောက်မှုကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) အသက်ဝင်ရောက်မှုဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို လုံးဝ မရှင်းလင်းသည့်သူများစွာရှိသည်။ ၎င်းတို့က အတန်ငယ် အားထုတ်ခြင်း၊ တာဝန်အချို့ကို ထမ်းဆောင်ခြင်း၊ မကောင်းသောအလေ့အကျင့်နှင့် ပြဿနာဖြစ်စေသော လက္ခဏာအချို့ကို ပြောင်းလဲခြင်း၊ ပြောသည့်အတိုင်း လုပ်ဆောင်ခြင်း၊ အနည်းငယ် ကျိုးနွံနာခံခြင်းတို့သက်သက်ဖြင့် အသက်ဝင်ရောက်မှု ရှိသည်ဟု ထင်ကြသည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုကို အလွန့်အလွန် ရိုးရှင်းသောပုံစံဖြင့် မြင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤပုံစံဖြင့် ယုံကြည်ခြင်းအားဖြင့် ၎င်းတို့၏ အသက်စိတ်သဘောထားကို ပြောင်းလဲမည်လော။ (ပြောင်းလဲမည်မဟုတ်ပါ။ ၎င်းတို့သည် အပြင်ပန်းတွင်သာ မိမိတို့ကိုယ်ကို ပြောင်းလဲခြင်းဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရက မပြောင်းလဲပါ။) သင်တို့သည် ယခုတွင် အနည်းငယ်ပြောင်းလဲပြီး ဖြစ်သည်။ သို့သော် သင်တို့၏ အပြင်ပန်းအပြုအမူတွင် ပြောင်းလဲမှုများရှိသလော၊ သို့မဟုတ် သင်တို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုအချို့ရှိသလော။ အသက်ဝင်ရောက်မှုနှင့်ပတ်သက်ပြီး သင်တို့၏ မမှန်ကန်သော အမြင်များမှ ထွက်ပေါက်တစ်ခုကို ရှာတွေ့ပြီး အသက်ဝင်ရောက်မှုကို စတင်ရရှိပြီး ဖြစ်သလော။ သင်တို့ ကိုယ်တိုင်၏ မည်သည့်အပိုင်းများက ပြောင်းလဲပြီးဖြစ်ကာ မည်သည့်အပိုင်းများက မပြောင်းလဲသေးဆိုသည်ကို သင်တို့ အကဲဖြတ်နိုင်သလော။ သင်သည် ထမ်းဆောင်ရန် တာဝန်တစ်ခုပေးအပ်ခြင်းခံရပြီး နဂိုမူလက ကျိုးနွံနာခံနိုင်စွမ်းမရှိခဲ့လျှင် ယခု၌ မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံနိုင်သနည်း။ ဥပမာ သင်သည် ညီအစ်ကိုတစ်ယောက်ဖြစ်ပြီး နေ့စဉ် အခြားသော ညီအစ်ကိုမောင်နှမများအတွက် ထမင်းဟင်း ချက်ပြုတ်ပေးပြီး ပန်းကန်ဆေးပေးရန် ခိုင်းစေခြင်းခံရလျှင် သင် ကျိုးနွံနာခံမည်လော။ (ကျိုးနွံနာခံမည်ဟု ထင်ပါသည်။) သင်သည် အချိန်ခဏတာ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော် ဤတာဝန်ကို ရေရှည်ထမ်းဆောင်ရန် ခိုင်းစေခြင်းခံရလျှင် သင်ကျိုးနွံနာခံနိုင်မည်လော။ (ကျွန်ုပ်သည် ရံဖန်ရံခါ ကျိုးနွံနာခံနိုင်သော်လည်း အချိန်ကြာသည်နှင့်အမျှ ကျိုးနွံနာခံနိုင်မှု မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။) ဤသည်မှာ သင်သည် ကျိုးနွံနာခံခြင်းမရှိဟူသည့် သဘောဖြစ်သည်။ လူတို့အား ကျိုးနွံနာခံခြင်း မရှိစေသည်မှာ မည်သည့်အရာနည်း။ (ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့၏ စိတ်နှလုံးတွင် ရိုးရာအယူအဆများ ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့က ယောက်ျားများသည် အိမ်ပြင်ပတွင် အလုပ်လုပ်သင့်ပြီး မိန်းမများက အိမ်တွင်းအလုပ်ကို ကိုင်တွယ်သင့်သည်ဟုလည်းကောင်း၊ ချက်ပြုတ်ခြင်းသည် မိန်းမ၏ အလုပ်ဖြစ်ပြီး ယောက်ျားက ချက်ပြုတ်ခြင်းဖြင့် သိက္ခာကျသည်ဟု ထင်ကြသည်။ ဤအတွက်ကြောင့် ကျိုးနွံနာခံရန် မလွယ်ကူခြင်းဖြစ်သည်။) မှန်သည်။ အလုပ်ခွဲဝေခြင်းနှင့်ပတ်သက်လျှင် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုရှိသည်။ ယောက်ျားများက “ငါတို့ ယောက်ျားများသည် အပြင်တွင် ဝင်ငွေရှာသင့်သည်။ ချက်ပြုတ်ခြင်းနှင့် လျှော်ဖွပ်ခြင်းကဲ့သို့သောအရာများကို မိန်းမများက လုပ်ဆောင်သင့်သည်။ ငါတို့အားလုပ်ဆောင်ရန် မခိုင်းစေသင့်” ဟု တွေးသည်။ သို့သော် ယခုတွင် ဤသည်တို့မှာ အထူးအခြေအနေများဖြစ်ပြီး သင့်အား ယင်းကိုလုပ်ဆောင်ရန် ခိုင်းစေခြင်းခံရသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သနည်း။ သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိမီတွင် မည်သည့်ပြဿနာများကို ကျော်လွှားရမည်နည်း။ ဤသည်မှာ ပြဿနာ၏ အခရာဖြစ်သည်။ သင်သည် သင်၏ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုကို ကျော်လွှားရမည်။ ယောက်ျားများက လုပ်ဆောင်ရမည့် အလုပ်မရှိသကဲ့သို့ မိန်းမများက လုပ်ဆောင်ရမည့် အလုပ်မရှိပေ။ အလုပ်ကို ဤသို့ မခွဲနှင့်။ လူတို့ထမ်းဆောင်သည့်တာဝန်ကို ၎င်းတို့၏လိင်အရ အဆုံးအဖြတ်မပေးသင့်ပေ။ သင်ကိုယ်တိုင်၏အိမ်နှင့် နေ့စဉ်အသက်တာတွင် အလုပ်ကို ဤသို့ ခွဲနိုင်သည်။ သို့သော် ယခုအခါတွင် ယင်းသည် သင့်တာဝန်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် သင်သည် ယင်းကို မည်သို့ အဓိပ္ပာယ်ကောက်သင့်သနည်း။ သင်သည် ဤတာဝန်ကို ဘုရားသခင်ဆီမှ ရယူပြီး လက်ခံသင့်သည်။ ပြီးလျှင် သင့်စိတ်အတွင်းတွင်ရှိသော မမှန်ကန်သည့် အမြင်များကို ပြောင်းလဲသင့်သည်။ သင်က “ကျွန်ုပ်သည် ယောက်ျားဖြစ်သည်မှာ မှန်သော်လည်း ကျွန်ုပ်သည် အသင်းသားတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ အမြင်တွင် ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ အသင်းတော်က ကျွန်ုပ်အား လုပ်ဆောင်ရန် တာဝန်ချပေးသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်ဆောင်မည်။ အမှုအရာများကို လိင်အရ ခွဲခြားခြင်းမရှိ” ဟု ဆိုသင့်သည်။ ရှေးဦးစွာ သင်၏ မမှန်ကန်သော အမြင်များကို လက်လွှတ်သင့်သည်။ ထို့နောက် သင့်တာဝန်ကို လက်ခံသင့်သည်။ သင့်တာဝန်အား လက်ခံခြင်းသည် မှန်ကန်သော ကျိုးနွံနာခံခြင်း ဟုတ်သလော။ (မဟုတ်ပါ။) နောက်လာမည့် နေ့ရက်များတွင် တစ်စုံတစ်ယောက်က သင်၏အစားအစာသည် ငံလွန်းသည်၊ သို့မဟုတ် အနံ့အရသာနှင့် မပြည့်စုံကြောင်း ဆိုလျှင်ဖြစ်စေ၊ သင်က တစ်စုံတစ်ခုကို ကောင်းစွာမချက်ပြုတ်ခဲ့သဖြင့် ၎င်းတို့က မစားလိုဟု ဆိုလျှင်ဖြစ်စေ၊ သင့်အား တစ်စုံတစ်ခုကို အသစ်ချက်ပြုတ်ပေးရန် ပြောလျှင်ဖြစ်စေ သင်က လက်ခံနိုင်မည်လော။ ဤအခြေအနေတွင် သင်သည် ကသိကအောက်ဖြစ်လိမ့်မည်။ ပြီးလျှင် သင်က “ငါသည် မိမိကိုယ်ကို လေးစားသော ယောက်ျားတစ်ယောက်ဖြစ်သည်။ ဤညီအစ်ကိုမောင်နှမများအားလုံးအတွက် အစားအစာများ ချက်ပြုတ်ပေးရန် ငါသည် မိမိကိုယ်ကို နိမ့်ကျစေပြီးဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့က ဤပြဿနာများအားလုံးကို ထောက်ပြဆဲဖြစ်သည်။ ငါ့တွင် မည်သည့်ဂုဏ်သိက္ခာမျှ မကျန်တော့ပါ” ဟု တွေးလိမ့်မည်။ ဤအခြေအနေတွင် သင်သည် ကျိုးနွံနာခံလိုခြင်း မရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အခက်အခဲတစ်ခုဖြစ်သည်။ သင် ကျိုးနွံနာခံနိုင်ခြင်း မရှိသည့် အချိန်တိုင်းတွင် ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက သူ့ဘာသာ ထုတ်ဖော်ပြီး ပြဿနာ ဖြစ်စေခြင်းအားဖြင့်လည်းကောင်း၊ သင့်အား သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်စေရန်နှင့် ဘုရားသခင်အပေါ် မကျိုးနွံမနာခံနိုင်စေရန် လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း ဖြစ်ခြင်းဖြစ်သည်။ ဤအဆင့်တွင် သင်၏ စိတ်နှလုံးသည် ဒွိဟဖြစ်လိမ့်မည်။ သင့်အတွေးများသည် သင့်အား ထိန်းချုပ်နေပြီး သင်က သိက္ခာကျပြီးဖြစ်သည်တွေးရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြီးလျှင် သင်သည် စိတ်အတွင်းတွင် စိတ်မချမ်းမသာဖြစ်သည်။ ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (သမ္မာတရားအား ရှာဖွေခြင်းဖြစ်သည်။) သမ္မာတရားအား မည်သို့ရှာဖွေသနည်း။ သင်ဆုတောင်းရမည်။ “ဘုရားသခင်၊ အခြားလူများက ကျွန်ုပ်အား မည်သည့်အရာကို ခိုင်းစေပါစေ ယင်းကို ကျွန်ုပ်၏တာဝန်အဖြစ် မှတ်ယူမည်။ အပြင်ပန်းတွင် မည်သူ့အတွက် ကျွန်ုပ်က အစေခံနေသည်ဖြစ်စေ၊ အမှုအရာများကို လုပ်ဆောင်ပေးနေသည်ဖြစ်စေ ယင်းတို့အားလုံးကို ဘုရားသခင်ဆီမှနေ၍ ကျွန်ုပ် လက်ခံမည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျိုးနွံနာခံသင့်သည်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို မလိုအပ်ပေ။ ဘုရားအိမ်တော်တွင် တာဝန်များသည် အဆင့်မြင့်၊ အဆင့်နိမ့်၊ မြင့်သော အဆင့်အတန်း၊ နိမ့်သောအဆင့်အတန်း၊ ယောက်ျားများအတွက် တာဝန်များ၊ မိန်းမများအတွက် တာဝန်များ၊ အသက်ကြီးသူများအတွက် တာဝန်များ၊ ငယ်သူများအတွက် တာဝန်များဟူ၍ ခွဲခြားမထားပေ။ ကောင်းစွာလုပ်ဆောင်သော တာဝန်များနှင့် ကောင်းစွာလုပ်ဆောင်ခြင်းမရှိသော တာဝန်များ၊ သစ္စာစောင့်သိစွာ လုပ်ဆောင်သော တာဝန်များနှင့် သစ္စာမစောင့်သိစွာ လုပ်ဆောင်သော တာဝန်များသာရှိသည်” ဟူ၍ ဖြစ်သည်။ သင်၏ ဂုဏ်၊ အဆင့်အတန်း၊ နေရာနှင့် သိက္ခာတို့ကို သင်လက်လွှတ်ပြီးနောက်တွင် သင့်ကိုယ်သင် အပြည့်အဝ လက်လွှတ်ပြီးဖြစ်သလော။ (မဟုတ်ပါ။) သင့်တွင် တုံ့ပြန်မှုတစ်ခု ရှိဆဲဖြစ်မည်။ တစ်ခါတစ်ရံတွင် လူတို့သည် သင့်အား မလေးမစားဆက်ဆံမည်။ သင်က နုံအသည်ဟု ထင်မည်။ သင့်အား နိမ့်ကျသူအဖြစ် ဆက်ဆံပြီး “ချက်ပြုတ်ခြင်းကို ထိုမျှ ပျော်ရွှင်သူသည် မည်သည့်အရာတွင်မျှ ဖြစ်ဖြစ်မြောက်မြောက်မရှိ။ ငါသည် ထိုအရာကို လုံးဝ လုပ်ဆောင်မည်မဟုတ်” ဟု ပြောလိမ့်မည်။ ၎င်းတို့သည် သင့်အား မှားယွင်းသော ဦးတည်ချက်သို့ ခေါ်ဆောင်လိမ့်မည်။ သင့်အတွင်းသို့ မမှန်ကန်သော စိတ်ကူးများနှင့် အယူအဆများ သွတ်သွင်းလိမ့်မည်။ ပြီးလျှင် သင်၏ လက်တွေ့လုပ်ဆောင်မှုအပေါ် လွှမ်းမိုးလိမ့်မည်။ ၎င်းတို့က အသက်ဝင်ရောက်မှုအပေါ် သင်အလေးထားခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ သင့်တာဝန်အပေါ် သစ္စာစောင့်သိခြင်းကဲ့သို့သော အပြုသဘောဆောင်သော အရာများကို အရှက်ရသည့် ပုံစံအဖြစ် မြင်သည်။ ထို့ကြောင့် ၎င်းတို့က သင့်အား နိမ့်ကျသူအဖြစ် ဆက်ဆံပြီး ဝေဖန်အကဲဖြတ်သည်။ သင်က ယင်းကို မခံနိုင်လျှင် အပျက်သဘောအတွင်းသို့ ရုတ်ခြည်းကျရောက်ပြီး ဤတာဝန်သည် သင့်အား အခြားလူတို့ရှေ့တွင် အစဉ်သိက္ခာကျစေသည်၊ လူတို့အား သင့်ကို နိမ့်ကျသူအဖြစ် အစဉ်ဆက်ဆံပြီး အစဉ်အမိန့်ပေးခိုင်းစေရန် ပြုလုပ်သည်ဟု ထင်လိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် နောက်တစ်ဖန် ကျိုးနွံနာခံမည်မဟုတ်၊ မှန်သလော။ မည်သူကမျှ သင့်အားနိမ့်ကျသူအဖြစ် မဆက်ဆံသောအခါ၊ သို့မဟုတ် ဝေဖန်အကဲဖြတ်ခြင်း မရှိသောအခါ သင်သည် ကျိုးနွံနာခံနိုင်ပြီဖြစ်သည်၊ အသက်ဝင်ရောက်မှု ရှိပြီးဖြစ်သည်၊ သမ္မာတရားစစ်မှန်မှုတစ်ခုရှိကာ ဝိညာဉ်ရင့်ကျက်မှုအချို့ ရှိပြီးဖြစ်သည်ဟု ထင်သည်။ ဤစဉ်းစားပုံမှာ မှန်ကန်သလော။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က သင့်အား ဝေဖန်အကဲဖြတ်ပြီး သင်၏ ဝိညာဉ်ရင့်ကျက်မှုက စိန်ခေါ်ခြင်းခံရသောအခါတွင် သင်သည် အပျက်သဘောဆောင်လာပြီး “ဤအရာမပြီးဆုံးမီတွင် ငါသည် မည်မျှဆက်လက်၍ ချက်ပြုတ်ဖို့လိုသနည်း။ ဤလူသည် ငါ့အား အစဉ်အထင်သေးသည်။ ငါ့အား သူတို့အထင်သေးသည်မှာ မမှန်ဘဲ ယင်းကို ငါလက်မခံနိုင်ပါ” ဟူ၍ အဘယ်ကြောင့် တွေးသနည်း။ ပြဿနာက နောက်တစ်ဖန် ဖြစ်ပေါ်လာသည်။ သင်က ယင်းကို လက်မခံနိုင်သောအခါ သင်သည် တစ်ချိန်တည်းတွင် စောဒကတက်ပြီး “ခေါင်းဆောင်က ကျွန်ုပ်အပေါ် ဤတာဝန်မျိုးကို အဘယ်သို့ ချပေးနိုင်ရသနည်း။ အခြားတစ်ယောက်ကို ရွေးရမည့်အစား အဘယ်ကြောင့် ကျွန်ုပ်ကို သီးသန့်ရွေးရသနည်း။ ကျွန်ုပ်သည် အနိုင်ကျင့်ရန် လွယ်ကူသည့်ပုံစံရှိသလော။ လူတို့က ကျွန်ုပ်ကို အနိုင်ကျင့်သည်။ ခေါင်းဆောင်က ကျွန်ုပ်ကို မျက်နှာသာမပေး။ ဘုရားသခင်က ကျွန်ုပ်ကို မကာကွယ်” ဟု ဆိုသလော။ သင်၏ ပုန်ကန်တတ်သော စိတ်သဘောထားက နောက်တစ်ဖန် ခေါင်းထောင်လာပြီ ဖြစ်သည်။ ဤတွင် ပြဿနာက အဘယ်နည်း။ သင်၏ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းခြင်း ဖြစ်နိုင်သလော။ ဤသေးငယ်သော စိတ်ထိခိုက်မှုကိုပင် သင် တောင့်မခံနိုင်ဘဲ ဤအတွက်ကြောင့် သင်က အပျက်သဘောဆောင်ကာ စောဒကတက်သည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှုများရှိခြင်းကို ဆိုလိုသလော။ သင့်တွင် မည်သည့်သမ္မာတရားစစ်မှန်မှုမျှ မရှိပေ။ ဤပြဿနာကို ဖြေရှင်းရန် အလွန်ရိုးရှင်းသော နည်းလမ်းရှိသည်။ သင့်စိတ်နှလုံး၌ သင်က “ငါ့ကို မည်သူက အထင်သေးသည်ဖြစ်စေ၊ အထင်အမြင်သေးစွာဖြင့် ကြည့်သည်ဖြစ်စေ ငါ့တာဝန်ကို ထမ်းဆောင်သင့်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ စွန့်ပစ်၍မရ။ ငါသည် အခြားလူများအတွက် လုပ်ဆောင်နေခြင်း မဟုတ်သကဲ့သို့ အခြားလူများက ငါ့အပေါ် တစ်ခုခုထင်မြင်စေရန်အတွက် လုပ်ဆောင်နေခြင်းလည်း မဟုတ်ပါ။ အခြားသူများက ငါ့အပေါ် အထင်ကြီးခြင်းက အဘယ်အကျိုးရှိသနည်း။ ဘုရားသခင် ကျေနပ်စေရန်အတွက် ငါ၏တာဝန်ကို ဖြည့်ဆည်းရမည်” ဟု တွေးရမည်။ ဤသည်မှာ သင့်စိတ်နှလုံးတွင် သင်တွေးသင့်သည့်အရာ ဖြစ်သည်။ ယခုတွင် သင်ချက်ပြုတ်သောအခါ မိမိကိုယ်ကို ယုံကြည်သည်ဟု မခံစားရသလော။ ဤသို့ဆိုလျှင် ပြဿနာ ပြေလည်သလော။ အမှန်တကယ်တွင် ယင်းမှာ အပြည့်အဝ ပြေလည်ခြင်းမရှိ။ အဆုံးတွင် သင်သည် အစဉ် ဒွိဟဖြစ်နေသည့် အခြေအနေတွင်ရှိပြီး အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းထဲသို့ စဉ်ဆက်မပြတ် ကျရောက်ကာ ထို့နောက်တွင် သင်သည် ရုန်းထွက်ဖို့ အားထုတ်လျက်ရှိသည်။ သင်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးအောင် ပြုပြင်မွမ်းမံခြင်းခံရသည်။ သင်သည် အခြေအနေတိုင်းကို ဆန်းစစ်ပြီးဖြစ်ကာ ဤသို့ အလွန်ပင်ပန်းသည့်ပုံစံဖြင့် အစဉ်နေထိုင်လိုစိတ်မရှိပေ။ ဤအခက်အခဲများက သင့်အား အစဉ်ဖိစီးနေခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း၊ သို့မဟုတ် ဘောင်ခတ်ခြင်းကို သင်အလိုမရှိ။ သင်သည် သင့်တာဝန်ကို လွယ်ကူစွာ၊ ရိုးရှင်းစွာ ထမ်းဆောင်လိုသည်။ ဤသို့ဆိုလျှင် ဤအရာကို သင်အဘယ်သို့ ဖြစ်မြောက်အောင် လုပ်ဆောင်သနည်း။ သမ္မာတရားကို စဉ်ဆက်မပြတ် ရှာဖွေရမည်။ သင်၏ ခံယူချက်ကို စဉ်ဆက်မပြတ် ဆွဲကိုင်ထားရမည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် အစဉ်သဖြင့် မှန်ကန်သော လုပ်ဆောင်မှုဖြစ်သည်။ သင်က “မည်သူကမျှ ငါ့ကို အဖျက်အမှောင့်မလုပ်နိုင်။ ဤသည်မှာ ငါ့တာဝန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ငါ့ကို ပေးသည့် တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ဤသည်မှာ ငါ၏တာဝန်နှင့် ငါ၏ ဝတ္တရားဖြစ်သည်။ မည်သူက ငါ့ကို လှောင်ပြောင်သည်ဖြစ်စေ၊ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်သည်ဖြစ်စေ၊ သို့မဟုတ် သွေးဆောင်ဖြားယောင်းသည်ဖြစ်စေ အကြောင်းမထူးပေ။ ငါ့တာဝန်ကို ထမ်းဆောင်နိုင်သည်မှာ ငါ၏ ဂုဏ်ဖြစ်သည်။ ငါက ကိုင်တွယ်နိုင်လျှင် ဘုရားဘုန်းတော်ထင်ရှားစေမည်။ ငါ မကိုင်တွယ်နိုင်လျှင် ငါသည် မိမိကိုယ်ကို အရှက်ရစေပြီဖြစ်သည်။ ငါ့အား လှောင်ပြောင်ပြီး ဤတာဝန်ကို အထင်သေးသည့် မည်သူမဆိုသည် သမ္မာတရားကို လိုက်စားသူမဟုတ်” ဟု ပြောသည်။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်သည်။ ယောဘသည် စမ်းသပ်ခြင်းခံရသောအခါ စာတန်က သူ့ကို အဖျက်အမှောင့်လုပ်ပြီး စုံစမ်းသွေးဆောင်သည်။ သို့သော် ယောဘက သံသယရှိသလော။ (မရှိပါ။) အဘယ်ကြောင့်ဆိုသော် သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ လမ်းခရီးက သူ၏ စိတ်နှလုံး၌ ရှိသောကြောင့် ဖြစ်သည်။ အခြေအနေများ၊ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသောအခါ သင်က သမ္မာတရားကို ထိန်းသိမ်းပြီး ဘုရားသခင်က သင့်ကိုပေးသည့် တာဝန်ပေးစေခိုင်းချက်ကို ထိန်းသိမ်းနိုင်ခြင်းရှိမရှိဆိုသည်မှာ သမ္မာတရားကို သင်သိသော၊ သဘောပေါက်နားလည်သော၊ လက်ခံသော အတိုင်းအတာပေါ်တွင် မူတည်သည်။ လူအချို့မှာ သမ္မာတရားကို အစဉ်သံသယဝင်ပြီး ယင်းနှင့်ပတ်သက်၍ သေချာသည့်နေရာတစ်ခုသို့ မရောက်ရှိနိုင်ပေ၊ သို့မဟုတ် ၎င်းတို့တာဝန်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို ၎င်းတို့ မည်သို့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ ယင်းမှာ မှန်ကန်သော လုပ်ဆောင်နည်း ဟုတ်မဟုတ်ကိုလည်းကောင်း မည်သည့်အခါမျှ မသေချာပေ။ ၎င်းတို့သည် မှန်သောအရာများကို မည်သည့်အခါမျှ စွဲစွဲမြဲမြဲ မလုပ်နိုင်ပေ။ ၎င်းတို့သည် အချို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ အဖျက်အမှောင့်လုပ်ခြင်းကို အစဉ်ခံရသည်။ ပြီးလျှင် လူဆိုးများ၊ ဆိုးယုတ်သောလူများ၊ မကောင်းဆိုးဝါးများ၊ သို့မဟုတ် စာတန်များက ၎င်းတို့ထံသို့ ခိုးကြောင်ခိုးဝှက် လျှောက်သွားကာ ၎င်းတို့ကို စုံစမ်းသွေးဆောင်သည့်၊ သို့မဟုတ် အဖျက်အမှောင့်လုပ်သည့်အရာများကို ပြောသောအခါတွင် ၎င်းတို့သည် အားနည်းလာပြီး အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရသည်။ ဤသည်မှာ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုသေးငယ်သည်ဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုသည် ပြုပြင်ရန် လွယ်ကူသလော။ သဘောတရားအရ လွယ်ကူသည်။ သင်ရောက်ရှိနေသောလမ်းသည် ဘုရားသခင်က ခေါ်ဆောင်သောလမ်းဖြစ်ကြောင်း သင်သေချာနိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ သင့်တာဝန်ကို သင်ထမ်းဆောင်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသင့်သည်။ ဤသည်မှာ အရေးပါသည်။ ကြောက်ရမည့် တစ်ခုတည်းသောအရာမှာ သင့်စိတ်နှလုံး၌ သင့်တာဝန်အပေါ် တစ်ဖက်သတ်အမြင်ရှိခြင်း၊ သင့်တာဝန်က သင့်အား သိက္ခာကျစေပြီး မည်သည့်အရာမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိအောင်ဖြစ်စေသည်ဟု ထင်မြင်ခြင်းဖြစ်သည်။ သင့်တွင် တစ်ဖက်သတ်အမြင်များရှိသည့်အပြင် အခြားလူများက သင့်ကို အဖျက်အမှောင့်လုပ်သောအခါ ယင်းသည် ပို၍ပင် ဒုက္ခပေးတတ်သည်။ သင့်စိတ်နှလုံးက အားလုံးရောထွေးနေသောအခါ၌ သင့်တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ ယောဘက စမ်းသပ်ခြင်းခံရသောအခါ သူ့အနီးတွင် သူ့ကို အဖျက်အမှောင့် လုပ်သောသူများစွာရှိသည်။ သူ၏မိန်းမက ပြောသည့်အရာမှာ အဘယ်နည်း။ (“ဘုရားသခင်ကို စွန့်ပယ်၍ သေလော့” (ယောဘ ၂:၉)ဟူ၍ ဖြစ်ပါသည်။) ဤသည်မှာ သူမက “မယုံကြည်နှင့်။ သင်ယုံကြည်သည့်အရာက အမှန်တကယ် ဘုရားသခင်ဖြစ်လျှင် အဘယ်ကြောင့် ဤအရာများက သင့်အပေါ် ဖြစ်ပျက်သနည်း” ဟု ဆိုလိုခြင်း ဖြစ်သည်။ ယောဘက မည်သည့်အရာကို ဆိုသနည်း။ (“မိန်းမမိုက် ပြောတတ်သကဲ့သို့ သင်သည် ပြော၏။” (ယောဘ ၂:၁၀) ဟု ဆိုပါသည်။) ယောဘက သူ၏ မိန်းမကို ရှုတ်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က စစ်မှန်သော ဘုရားဖြစ်သည်ကိုလည်းကောင်း၊ ဤအရာကို ဘုရားသခင် လုပ်ဆောင်သည်ကိုလည်းကောင်း၊ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်လက်တော်၏ လုပ်ဆောင်မှု ဖြစ်သည်ကိုလည်းကောင်း ယောဘက သေချာသိပြီးဖြစ်သောကြောင့် ဖြစ်သည်။ ယောဘက အလွန်သေချာခဲ့သည်။ ဤသို့ဆိုလျှင် ယနေ့ခေတ်လူတို့က သမ္မာတရားကို နားလည်သည်နှင့် ၎င်းတို့သည် အဘယ်ကြောင့် မှန်သောလမ်းခရီးကို စွဲစွဲမြဲမြဲလိုက်ပြီး ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့၏ စိတ်နှလုံးများသည် လွန်စွာ စွန်းထင်းနေသောကြောင့် ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားမလည်ရုံသာမက ၎င်းတို့သည် သမ္မာတရားအား ချစ်သောသူ၊ သို့မဟုတ် သမ္မာတရားအား ရှာဖွေသောသူများမဟုတ်ကြပေ။ ထို့ကြောင့် လူတို့သည် စကားများနှင့် အယူဝါဒများ မည်မျှကို ပြောဆိုနိုင်သည်ဖြစ်စေ၊ ကျယ်လောင်မြည်ဟည်းသော ဆောင်ပုဒ်မည်မျှကို ၎င်းတို့ ကရားရေလွှတ်ပြောဆိုနိုင်သည်ဖြစ်စေ အဆုံးတွင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ အသင်းတော်ရှိ တစ်စုံတစ်ယောက်က အနည်းငယ်ကွဲပြားသောအရာတစ်ခုကို ပြောသည်နှင့် တစ်ပြိုင်နက်၊ သို့မဟုတ် အဖျက်အမှောင့် လုပ်သောအရာများကိုဖြစ်စေ၊ အထင်အမြင်မှားစေသော အရာများကိုဖြစ်စေ၊ ရှုတ်ချပြီး အရှက်ရစေသော အရာများကိုဖြစ်စေ တစ်စုံတစ်ယောက်က ပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လှောင်ပြောင်ခြင်းနှင့် အရှက်ခွဲခြင်းခံရသည်ဟု ထင်မြင်ပြီး လုံးဝပင် ယူကျုံးမရဖြစ်ကြရသည်။ လူတို့သည် ဤပုံစံဖြင့် မိမိတို့ကိုယ်ကို ထင်ရှားစေလျှင်၊ စိတ်အတွင်း၌ စဉ်ဆက်မပြတ် ဒွိဟဖြစ်နေလျှင်၊ ၎င်းတို့အမြင်များကို စဉ်ဆက်မပြတ် ချိန်ညှိနေသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် လက်ခံကာ သမ္မာတရားကို နားလည်ရန် ဆက်လက်လုပ်ဆောင်နေလျှင်၊ မတူညီသော သမ္မာတရားရှုထောင့်များသို့ တဖြည်းဖြည်းချင်း ဝင်ရောက်နေလျှင်၊ သမ္မာတရားအားလုံးဆီသို့ ဝင်ရောက်နေလျှင်၊ အဆုံး၌ မည်သည့်လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးမဆို၏ အဖျက်အမှောင့်လုပ်ခံရခြင်း၊ ထိခိုက်ခံရခြင်း၊ သို့မဟုတ် ထိန်းချုပ်ခံရခြင်းတို့ကို ရှောင်ကြဉ်နိုင်လျှင်၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့် သမ္မာတရားစည်းမျဉ်းများက မှန်ကန်သည်ဟု ခိုင်မာစွာ ယုံကြည်လျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲပြီး ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။