သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

သင်တို့အကြား ငါသည် များစွာလုပ်ကိုင်ခဲ့ပြီးဖြစ်၍ ပြောဆိုမှုအချို့လည်း လုပ်ခဲ့ပြီးပြီ မှန်၏။ သို့သော် နောက်ဆုံးသောနေ့များတွင် ငါ၏စကားများ၊ ငါ၏အလုပ်တို့ဖြင့် ငါ့အမှု၏ ရည်ရွယ်ချက်ကို လုံးဝဖြည့်ဆည်းခဲ့ပြီးခြင်း မရှိဟု ငါမထင်ဘဲမနေနိုင်။ အကြောင်းမူကား နောက်ဆုံးသော ကာလတွင် ငါ၏အမှုသည် လူတစ်ဦး သို့မဟုတ် လူအချို့အတွက် မဟုတ်ဘဲ ငါ၏အရင်းခံ စိတ်သဘောထားကို ပြသရန်အတွက် ဖြစ်သည်။ သို့ရာတွင် အချိန်ရှားပါးခြင်း သို့မဟုတ် မနေမနား အလုပ်လုပ်ရခြင်းတို့ ပါဝင်နိုင်သည့် များပြားလှသော အကြောင်းရင်းများကြောင့် ငါ၏စိတ်နေ သဘောထားသည် လူသားကို ငါ့အားနားလည်စေရန် အနည်းငယ်မျှ အထောက်အကူ မပြုခဲ့။ သို့ဖြစ်၍ ငါရှိနေသည့်အတွက် ငါ့ကိုတွေ့သူခပ်သိမ်းသည် ၎င်းတို့၏ရင်ဘတ်ကိုထု၍ မရပ်မနားငိုစေရန် ငါ၏အမှု လုပ်ငန်းသစ်များတွင် စာမျက်နှာသစ် ဖွင့်လှစ်ရေးအတွက် ငါသည် ငါ၏အစီအစဉ်သစ်၊ ငါ၏နောက်ဆုံး အမှုထဲ ရှေ့သို့ခြေလှမ်းသည်။ ဤသည်မှာ ငါသည် လူသား၏အဆုံးကို လောကသို့ ယူဆောင်လာ၍ ဤနေရာမှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ကြောင်း၊ အရာခပ်သိမ်းပွားသည့် ကမ္ဘာမြေပေါ်သို့လာခဲ့ကြောင်း ငါ့ကိုသိသူခပ်သိမ်းနှင့် မသိသူများ ကြာရှည်စွာကြည့်နိုင်ရန် ငါသည် လူသားရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အဖုံးအကွယ်မရှိ ထုတ်ဖော်ပြသည်။ ဤသည်မှာ ငါ၏အစီအစဉ်၊ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်က စ၍ ငါ၏တစ်ခုတည်းသော “ဝန်ခံချက်” ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားအနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီး၊ တစ်ဖန်ပြန်၍ ချဉ်းကပ် လာသည်ဖြစ်၍ သင်တို့သည် ငါ၏လှုပ်ရှားမှုအားလုံးကိုသာ အာရုံစိုက်ရန် ငါလိုလားသည်။

ငါလုပ်ဆောင်ရမည့်အမှုကို ကောင်းကင်ဘုံများနှင့်အတူ ငါစတင်ဆောင်ရွက်သည်။ သို့ဖြစ်၍ ရွေ့လျားသွားလာနေသော လူများအကြား မည်သူတစ်ဦးမျှ ငါ၏လှုပ်ရှားမှုများ သို့မဟုတ် ငါ၏စကားများကို မည်သည့်အခါမျှ သတိမမူစေဘဲ ငါသည် လမ်းဖောက်၍သွားပြီး ကောင်းကင်နှင့် မြေကြီးအကြား လှုပ်ရှားသွားလာ၏။ ထို့ကြောင့် ငါ၏အစီအစဉ်သည် ချောမွေ့စွာ တိုးတက်နေဆဲ ဖြစ်သည်။ သင်တို့၏အာရုံအားလုံးသည် ထုံနေလွန်းသဖြင့် ငါ့အမှု၏အဆင့်များကို အနည်းငယ်မျှပင် မသိပေ။ သို့သော် ငါ၏ရည်ရွယ်ချက်ကို သင်တို့သိလာမည့်နေ့ အသေအချာပင် ရောက်လာမည် ဖြစ်သည်။ ယနေ့ ငါသည် သင်တို့နှင့်အတူနေ၍ သင်တို့နှင့်အတူ ဒုက္ခခံ၏။ လူသားမျိုးနွယ် ငါ့အပေါ်ထားသည့် သဘောထားကို ငါနားလည်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဒီထက်ပို၍ ငါရှင်းပြလိုသည့်ဆန္ဒမရှိပါ။ သင်တို့ကို အရှက်ရစေခြင်းငှာ နာကျင်ဖွယ်ကောင်းသည့် အကြောင်းအရာအကြောင်း ဥပမာများကို သာ၍ပင်မပေးလိုပါ။ ငါတို့ ပြန်ဆုံသည့်နေ့တွင် ငါတို့၏စာရင်းများကို တွက်နိုင်ရန် သင်တို့လုပ်ခဲ့သမျှအရာခပ်သိမ်းကို သင်တို့၏နှလုံးသားများတွင် ထားရန်သာ ငါအလိုရှိ၏။ ငါသည် တရားသဖြင့်၊ မျှတစွာနှင့် ဂုဏ်သိက္ခာရှိစွာ အစဉ်ပြုမူခဲ့သဖြင့် သင်တို့အကြားရှိ မည်သူ့ကိုမျှ မှားယွင်းစွာ ငါမစွပ်စွဲလို။ သင်တို့သည် ပွင့်လင်း၍ သဘောထားကြီးနိုင်ကာ၊ ကောင်းကင်နှင့် မြေကြီးအပြင် သင်၏အသိတရားကို ဆန့်ကျင်သည့်မည်သည့်အရာမျှ ငါ မပြုစေလိုသည်မှာလည်း မှန်ပါသည်။ ဤသည်မှာ သင်တို့ထံမှ ငါတောင်းဆိုသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ လူအများအပြားသည် ဆိုးရွားလွန်းသော အမှားများကို ကျူးလွန်မိခဲ့၍ ဂနာမငြိမ်ဖြစ်ပြီး သက်သောင့် သက်သာ မရှိပေ။ ထို့အပြင် အများအပြားသည် ကောင်းမှုတစ်ခုမျှ မပြုခဲ့ဖူးသဖြင့် မိမိကိုယ်ကိုယ် ရှက်ကြ၏။ သို့သော် မိမိတို့၏အပြစ်များကြောင့် သိက္ခာကျသည်ဟု ခံစားဖို့ ဝေလာဝေး၊ ဆိုးရာမှ ပိုဆိုးသွားပြီး အပြည့်အဝ ထုတ်ဖော်မပြရသေးသည့် မိမိတို့၏ အကျည်းတန် ရုပ်အင်္ဂါရပ်များကို ဖုံးထားသည့် မျက်နှာဖုံးကို လုံးဝချွတ်ကာ ငါ၏စိတ်သဘောကို စမ်းလိုသူများလည်း အများအပြား ရှိပေသည်။ ငါသည် မည်သူ၏ လုပ်ဆောင်ချက်များကိုမျှ ဂရုမစိုက်ပါ၊ သတိလည်းမပြုပါ။ ထိုသို့ ပြုမည့်အစား ငါသည် သတင်းအချက်အလက် စုစည်းခြင်းဖြစ်စေ၊ မြေကြီးပေါ် အနှံ့လျှောက် သွားခြင်းဖြစ်စေ၊ ငါစိတ်ဝင်စားရာကို လုပ်သည် ဖြစ်စေ၊ ငါလုပ်သင့်သည့်အလုပ်ကို လုပ်သည်။ အဓိကကျသည့် အချိန်များတွင် ငါသည် မူလက ကြံရွယ်ထားသည့်အတိုင်း ငါ၏အမှုကို လူသားများအကြား ရှေ့ဆက် ဆောင်ရွက်မည်။ တစ်စက္ကန့်မျှ နောက်ကျလွန်းခြင်း၊ စောလွန်းခြင်း မရှိပါ။ သက်သောင့်သက်သာရှိစွာနှင့် ထိရောက်စွာပါ ဆောင်ရွက်မည်။ သို့ရာတွင် ငါ့အမှု၏ အဆင့်တိုင်းတွင် အချို့လူများကို ဘေးသို့ဖယ်ရှားသည်။ ထိုသူတို့၏ မြှောက်ပင့်ခြင်းများနှင့် ဟန်ဆောင်၍ နာခံခြင်းများကို ငါစက်ဆုပ်၍ ဖြစ်သည်။ ငါစက်ဆုပ်ရွံရှာသူများကို တမင်ရည်ရွယ်၍ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ စွန့်ပစ်မည်မှာ သေချာသည်။ အချုပ် ပြောရလျှင် ငါစက်ဆုပ်ရွံရှာသူ ခပ်သိမ်းကို ငါနှင့်ဝေးရာတွင် ရှိနေစေချင်သည်။ ငါ၏အိမ်တော်တွင် ကျန်ရှိနေသည့် ကောက်ကျစ် စဉ်းလဲသူများကို ငါချမ်းသာပေးမည် မဟုတ်သည်မှာ ပြောစရာမလိုပါ။ လူသား အပြစ်ဒဏ်ခံရမည့် နေ့သည် နီးကပ်ပြီဖြစ်၍ ငါသည် စက်ဆုပ်ဖွယ်သော ဝိညာဉ်များကို စွန့်ပစ်ရန် အလျင်မလိုပါ။ ငါ့တွင် ကိုယ်ပိုင် အစီအစဉ်ရှိ၍ ဖြစ်သည်။

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ချိန်ဟု ငါဆုံးဖြတ်ပြီး ဤသည်မှာ လူသားအပေါ် ငါစတင်လုပ်ကိုင်သည့် အဆင့် မဟုတ်။ ငါ၏မှတ်တမ်းစာအုပ်ထဲတွင် လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များအပြင် ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းများ၊ အရင်းခံ လက္ခဏာများနှင့် သူတို့၏နောက်ဆုံး လုပ်ဆောင်ချက်ကို တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် မည်သို့သောလူသားမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့ သည် ငါ ချမှတ်ပေးသည်အတိုင်း မိမိတို့ကဲ့သို့သော သူများနှင့် နေရမည်။ ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာ တို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူ တို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ် ပေးခံရသူ အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းအတွက်နှင့် ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးခံရခြင်းဖြစ်၏။ ငါ၏အစီအစဉ် စတင်ချိန်မှစ၍ ငါသည် အပြောင်းအလဲ တစ်ခုမျှမလုပ်ခဲ့ပါ။ လူသားနှင့်ပတ်သက်လျှင် ငါ၏ နှုတ်ကပတ်တော်ကို ငါဦးတည်ချက်ထားသူဦးရေ နည်းပါးလာပုံရသကဲ့သို့ ငါအမှန်တကယ် သဘောကျ လက်ခံသူ ဦးရေသည်လည်း နည်းပါးလာပုံရနေ၍သာ ဖြစ်သည်။ သို့ရာတွင် ငါ၏အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ဟု ငါဆိုသည်။ အကယ်ဆိုရလျှင် လူတစ်ဦးစီသည် ငါ့ကို မျက်နှာလို မျက်နှာရလုပ်ရာမှ ငါ့အပေါ် အေးတိအေးစက်ဖြစ်၍ သို့မဟုတ် ငါ့ကိုစွန့်ပစ်ရန် ဖြစ်နိုင်သည်အထိ လူသား၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာသာလျှင် အမြဲပြောင်းလဲ၊ အမြဲလျော့နည်း လာနေခြင်း ဖြစ်သည်။ ငါသည် ရွံရှာ၍ စက်ဆုပ်စိတ်ပေါ်ကာ၊ အဆုံးတွင် အပြစ်ဒဏ်ပေးသည်အထိ မဖြစ်မချင်း သင်တို့အပေါ် ငါ၏ သဘောထားမှာ ပူခြင်း၊ အေးခြင်းမရှိ။ သို့ရာတွင် သင်တို့ကို အပြစ်ပေးသော နေ့တွင် ငါသည် သင်တို့ကို တွေ့ဦးမည် ဖြစ်သော်လည်း သင်တို့သည် ငါ့ကို မြင်နိုင်တော့မည် မဟုတ်ချေ။ သင်တို့အကြား ငါနေရသည့်ဘဝမှာ ငြီးငွေ့ဖွယ်ကောင်း၍ ပျင်းစရာကောင်းလာပြီ ဖြစ်သဖြင့် သင်တို့၏ ဖျက်လို ဖျက်ဆီး စကားများကို ရှောင်ရှားရန်နှင့် မခံမရပ်နိုင်လောက်အောင် ယုတ်ညံ့သည့် အပြုအမူမှ ရှင်းရာသို့သွားရန်နှင့် သင်သည် ငါ့ကို ဆက်၍လှည့်စားနိုင်ခြင်း မရှိတော့ဘဲ ဝတ်ကျေတမ်းကျေ ဆက်ဆံ၍မရတော့ရန် ငါသည် အခြားနေစရာ ပတ်ဝန်းကျင်များကို ရွေးခဲ့သည်မှာ ပြောစရာပင် မလိုပါ။ အမှန်တရားနှင့် မကိုက်ညီသည့်အရာများ လုပ်ဆောင်ခြင်းကို ရှောင်ရှားရန် သင်တို့ထံမှ ငါထွက်ခွာမသွားမီ သင်တို့ကို ငါတိုက်တွန်းရပါဦးမည်။ အကယ်စင်စစ် လူခပ်သိမ်းအား ပျော်ရွှင်စေမည့်အရာ၊ လူခပ်သိမ်းအတွက် အကျိုးရှိမည့် အရာနှင့် သင်၏ခရီးလမ်းဆုံးအတွက် အကျိုးရှိမည့်အရာကို သင်လုပ်သင့် သည်။ သို့မဟုတ်ပါက ဘေးဒုက္ခအလယ်တွင် ခံစားရမည့်သူမှာ အခြားမည်သူမျှ မဟုတ်ဘဲ သင်သာလျှင်ဖြစ်မည်။

ငါ့ကိုချစ်၍ မိမိကိုယ်ကို ငြင်းပယ်သောသူတို့အပေါ် ငါ၏သနားကြင်နာမှုကို ထုတ်ဖော်ပြ၏။ ကောက်ကျစ်စဉ်းလဲ သူတို့အပေါ် ကျရောက်သည့်အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်နေသဘောထား၏ သက်သေအတိအကျဖြစ်ပြီး၊ သာ၍ပင် ငါ့အမျက်ဒေါသ၏ သက်သေခံချက်ဖြစ်သည်။ ဘေးဒုက္ခကျရောက်သည့်အခါ ငါ့ကိုဆန့်ကျင်သူအားလုံးအပေါ် ငတ်မွတ် ခေါင်းပါးမှု နှင့် ကပ်ဆိုးကျရောက်၍ ထိုသူတို့ ငိုကြွေးကြလိမ့်မည်။ ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သော်လည်း ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်သူများသည် မိမိတို့၏အပြစ်များ အတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည်မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာတစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ကျရောက်၍ စဉ်ဆက်မပြတ် ထိတ်လန့်ကြောက်ရွံ့ခြင်း၌ အသက်ရှင်လာရလိမ့်မည်။ ထို့အပြင် ငါ့တစ်ဦးတည်းအပေါ်၌သာလျှင် သာ၍ပင် သစ္စာစောင့်သိမှုကို ပြသလာခဲ့သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏ခွန်အားကို ချီးမွမ်းကြလိမ့်မည်။ ထိုသူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်း၌ အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသားတို့၏ ကောင်းမွန်သောလုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ဆိုးယုတ်သောလုပ်ဆောင်ချက်များကို စက်ဆုပ် သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင် ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်လာနေ ခဲ့သည်။ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းမရှိသောသူတို့ကို ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်းမရှိခဲ့ပေ။ မြင်တွေ့ရလျှင် ငါ့အား သဘောတွေ့စေမည့်၊ ထိုသူတို့အပေါ် အပြစ် ဒဏ်ခတ်ဖို့အခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးတွင် စက်ဆုပ်ရွံရှာမှုနှင့်အတူ ငါသည်သူတို့ကို ချည်နှောင်ထား၏။ နောက်ဆုံးတွင် ငါ၏နေ့ရက်သည် ယနေ့ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက်စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန် အတွက်သာမဟုတ်ဘဲ လူသား၏ခရီးဆုံးပန်းတိုင်ကို စီမံရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ငါပြုခဲ့သည့်အရာတိုင်း အတွက် အားလုံးထံမှ အသိအမှတ်ပြုမှု ရရှိရန်အလို့ငှာဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် ငါ၏ စိတ်နေသဘောထားကို ဖော်ထုတ်ပြသခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက်မဟုတ်၊ သဘာဝကြောင့်မူကား သာ၍ပင်မဟုတ်ပေ။ အမှန်မှာမူ ဖန်ဆင်းရာထဲရှိ သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါပင်ဖြစ်သည်။ ငါမတည်ရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့ရောက်ပြီး ဘေးဒုက္ခများ၏အန္တရာယ်ကို ကြုံတွေ့ ရမည်သာဖြစ်သည်။ မည်သည့်လူသားမျှ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းသည့်ကမ္ဘာမြေကို နောက်ထပ်မြင်တွေ့ရ လိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အေးစက်သည့် ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကိုသာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာဖြစ်သည်သာမက ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး တည်ရှိနေရေးအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း ငါမရှိလျှင် လူသားမျိုးနွယ်သည် ကပ်ဘေးဒဏ်ခံရပြီး မကောင်းဆိုးဝါးဝိညာဉ် အမျိုးမျိုးတို့၏ နင်းချေခြင်းခံရလိမ့်မည်။ မည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး ငါ၏တစ်ခုတည်းသော မျှော်လင့်ခြင်းမှာ လူသားသည် ငါ့ကို ကောင်းမှုများအချို့ဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ဖြစ်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူများမှာ အလွန်နည်းပါးသော်လည်း ငါသည် ဤလူသားကမ္ဘာတွင် ငါ၏ခရီးကို အဆုံးသတ်ဦးမည်ဖြစ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်မည်။ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားတို့အကြား ငါ၏အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်း၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက်မဟုတ်ဘဲ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့၏ ခရီးဆုံး ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ် လိမ့်မည်။ သို့မဟုတ်ပါက သင်တို့တစ်ဦးမျှ သင်တို့ အပေါ်ကျရောက်သည့် ဘေးအန္တရာယ်ကို ရှောင်နိုင်လိမ့်မည် မဟုတ်။ ဤဘေးအန္တရာယ်သည် ငါ့ထံမှစတင်၍ ငါမှစီစဉ်ညွှန်ကြားခြင်းပင်ဖြစ်သည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ကြောင်း မပြသနိုင်လျှင် သင်တို့သည် ဘေးအန္တရာယ်ခံစားရခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်မဟုတ်ပေ။ ဆင်းရဲဒုက္ခအကြားတွင် သင်တို့၏ ပြုမူလုပ်ဆောင်ချက်များကို လုံးလုံးလျားလျားသင့်လျော်သည်ဟု မယူဆခဲ့ပေ။ အကြောင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့သည် ဗလာသက်သက် ဖြစ်၍ သင်တို့သည် တွန့်ဆုတ်တတ်သူများ သို့မဟုတ် ခက်ထန်သောသူများအဖြစ်သာ မိမိကိုယ်ကို ပြသကြ သောကြောင့်ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ကောင်း၏၊ မကောင်း၏ကိုသာ ငါစီရင်မည်။ သင်တို့တစ်ဦးစီ ပြုမူပုံနှင့် မိမိကိုယ်ကို ထုတ်ဖော်ပြသပုံသာ ငါ၏အမှုထားစရာကိစ္စ ဖြစ်မြဲဖြစ်နေပြီး ၎င်းတို့အပေါ်အခြေခံ၍ သင်တို့၏အဆုံးသတ်ကို ငါဆုံးဖြတ်မည်။ သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှုမရှိခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာမှုပေးတော့မည်မဟုတ်၊ ငါ၏ သနားကြင်နာမှုသည် ယခုအထိသာ အကျုံးဝင်ကြောင်းကို ငါရှင်းလင်းစေမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ သူတို့မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် သာ၍ပင် ငါပတ်သက်ဆက်နွှယ်လိုခြင်းမရှိ။ သူသည် မည်သူဖြစ်စေ ဤသည်မှာ ငါ၏စိတ်နေသဘောထားပင် ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည်မဟုတ်၊ ထို့ပြင် ငါ့အပေါ်သစ္စာရှိလာသောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရတည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။