ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ (အပိုင်း တစ်)

ယနေ့တွင် ယောဘကို လူတိုင်းက အားကျရသည့် အကြောင်းရင်းမှာ သူ့ထံတွင် စစ်မှန်သည့် ယုံကြည်ခြင်း ရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် သူ့အတွေ့အကြုံ၏ အသေးစိတ်အချက်များနှင့် သူ အဘယ်ကြောင့် အမှန်တကယ် သက်သေခံနိုင်ခဲ့သည်ဆိုသည့်အကြောင်းတို့ကို သင်တို့ ယခင်က မိတ်သဟာယပြုပြီးကြပြီလော။ သူ၏ နေ့စဉ်အသက်တာသည် မည်ကဲ့သို့ ဖြစ်သနည်း။ သူ၏ ဘဝတွင် ဘုရားသခင်နှင့် သူ မည်သို့ ပတ်သက်ခဲ့သနည်း။ သူ၏ လုပ်ရပ်တိုင်းမှ၊ သမ္မာတရားကို သူ ရှာဖွေခဲ့ကြောင်း၊ ဘုရားသခင်ကို သူ ကျိုးနွံနာခံပြီး၊ ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံခဲ့ကြောင်း မည်သို့ မြင်ရသနည်း။ ဤအရာများသည် အသေးစိတ် အချက်အလက်များကို အကျဉ်းချုံး ပြောမထားသလော။ (ပြောထားပါသည်။) ဤအရာများသည် ယနေ့ လူတို့ ချို့တဲ့သောအရာတစ်ခုဖြစ်သည့် သမ္မာတရား လိုက်စားခြင်း အသေးစိတ်ကို အကျဉ်းချုံးပြောထား၏။ လူတို့က ယောဘ၏ ကျော်ကြားသော ပြောဆိုချက်ဖြစ်သည့် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဟူသည်ကိုသာ သိကြသည်။ ဤစကားရပ်ကို ၎င်းတို့အားလုံး ရွတ်ပြနိုင်သော်လည်း၊ ယောဘက ထိုအရာကို အဘယ်ကြောင့် ပြောနိုင်ရသည့်အကြောင်းရင်း အတိအကျကို မရှင်းမလင်း ဖြစ်ကြသည်။ ဤကျော်ကြားသော ပြောဆိုချက်သည် ယောဘအတွက် အလွယ်တကူ ဖြစ်လာခဲ့သည် မဟုတ်။ တစ်သက်စာ အတွေ့အကြုံတစ်ခု တွေ့ကြုံပြီးသည့်နောက်တွင်သာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ တစ်သက်စာ အတွေ့အကြုံတွင်၊ ဘုရားသခင်၏ လက်တော်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများအပြင် အမှုအရာများစွာတွင် ဘုရားသခင်၏ လုပ်ဆောင်မှုများကို သူ မြင်ခဲ့ပြီး၊ သူ၏ ချမ်းသာကြွယ်ဝမှုအားလုံးကို ဘုရားသခင် ပေးထားခဲ့ခြင်းဖြစ်သည်ကို မြင်ခဲ့သည်။ တစ်နေ့တွင်၊ ထိုအရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီး၊ ဘုရားသခင်က သိမ်းယူသွားခဲ့ခြင်းဖြစ်သည်ကို သူ သိခဲ့သည်။ ယောဘ ကောက်ချက်ချမိသည်မှာ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်၏ နာမတော်ကို ကောင်းချီးပေးရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဤကောက်ချက်ကို မည်သို့ ချခဲ့သနည်း။ ဤသို့ကောက်ချက်ချခြင်းက ဖြစ်စဉ်တစ်ခု မလိုအပ်သလော။ ဤအရာတွင် သမ္မာတရားကို လိုက်စားသည့်အခါတွင် ယနေ့ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်း ပါဝင်၏။ ယင်းသည် ဤရလဒ်ကို ရရှိပုံ၊ ဤအကျိုးတရားများကို ဖြစ်စေပုံ ဖြစ်သည်။ ဤအကျိုးတရားများကို ရက်ပိုင်းအတွင်း ရသည်မဟုတ်၊ သို့မဟုတ် နှစ်အနည်းငယ်အတွင်းပင် ရသည် မဟုတ်ပေ။ ထိုအရာက လူတို့ ဘဝများ၏ ကဏ္ဍတိုင်း၊ အသေးစိတ်အချက်တိုင်းကို ပြောထားသည်။

ဘုရားသခင်ကို ယောဘ၏ ယုံကြည်မှုသည် အမည်ခံမဟုတ်ခဲ့ပေ။ သူသည် စစ်မှန်သော ယုံကြည်သူတစ်ဦး၏ စံနမူနာ ကိုယ်စားပြု ဖြစ်ခဲ့သည်။ အရာခပ်သိမ်းတွင် သူသည် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ သူ၏ သားသမီးများ၏ ပျော်ပွဲရွှင်ပွဲများနှင့်ပတ်သက်၍ သူ စိတ်မသက်မသာဖြစ်သည့်အခါ၊ ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို ဘုရားသခင်ထံ အပ်နှံခဲ့သည်။ သူ၏ ခြံမွေးတိရစ္ဆာန်များကို မည်သို့ ပြုစုပျိုးထောင်ရမည်ဟူသည်နှင့်ပတ်သက်၍ သူ မကြာခဏ ဆုတောင်းခဲ့သည်မှာ သေချာသည်။ သူသည် အရာရာကို ဘုရားသခင်၏ လက်ထဲသို့ အပ်နှံခဲ့သည်။ သူသည် လူ၏ စိတ်သဘောဖြင့် သူ၏ ခြံမွေးတိရစ္ဆာန်များကို ပြုစုပျိုးထောင်ခြင်းအား အမြဲ စီစဉ်ကာ တွက်ချက်လျက်၊ သူ ကြံစည်ခဲ့သည့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် မိမိကိုယ်ပိုင် ဉာဏ်နှင့် စိတ်ကူးကိုသာ မှီခိုပြီး ဦးနှောက်ခြောက်ခံစဉ်းစားရင်း၊ ဘာသာမဲ့သူတစ်ဦးကဲ့သို့ ဖြစ်ခဲ့မည်ဆိုလျှင်၊ ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများစွာ သူ တွေ့ကြုံခဲ့လျှင်ပင်၊ ဘုရားသခင်၏ လက်တော်အပြင် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သူ တွေ့မြင်နိုင်ခဲ့မည်လော။ (တွေ့မြင်နိုင်ခဲ့မည် မဟုတ်ပါ။) သူသည် ဘုရားသခင်ထံ မကြာခဏ ဆုမတောင်းခဲ့လျှင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို သူ တွေ့ကြုံခံစားခဲ့မည် မဟုတ်။ သူသည် သာမန် ယုံကြည်သူတစ်ဦးကဲ့သို့ မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းခဲ့မည်ဖြစ်ပြီး၊ သူ့အထဲတွင် အတိုက်အခံလုပ်သည့် စိတ်သဘော ဖြစ်ပေါ်ကောင်းဖြစ်ပေါ်ခဲ့မည် ဖြစ်သည်။ “ဘုရားသခင် ရှိသည်ဟု လူတို့က အမြဲ ပြောကြသည်။ ဘုရားသခင်ကို ငါ ယုံကြည်သော်လည်း ဘုရားသခင်က ငါ၏ အစီအစဉ်များအတိုင်း ငါ့ကို ကောင်းချီးမပေးပါ။ ဘုရားသခင်ကို ငါ နေ့တိုင်း ကိုးကွယ်ပြီး ယဇ်များပူဇော်သည်။ ဘုရားသခင် အမှန်တကယ် ရှိလျှင်၊ ငါ့အတွက် သူ၏ ကောင်းချီးများသည် ငါ တောင်းနိုင်ခဲ့သမျှ သို့မဟုတ် စိတ်ကူးနိုင်ခဲ့သမျှထက် ပိုကြီးမားသင့်သည်။ ထိုရည်မှန်းချက်ကို ငါ မရရှိသေးသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ဘုရားသခင် အမှန်တကယ် ရှိမရှိ ပြောရန် ခက်သည်”ဟူ၍။ ဘုရားသခင်၏ တည်ရှိခြင်းဟူသည့် စကားလုံးဘေး၌ မေးခွန်းသင်္ကေတတစ်ခုကို သူ ရေးခဲ့မည်ဖြစ်သည်။ ယင်းမှာ အပျက်သဘော သက်ရောက်မှုတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူသည် ဘုရားသခင်၏ လက်တော် သို့မဟုတ် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မြင်နိုင်ခဲ့မည် မဟုတ်။ ထို့အပြင်၊ ဘုရားသခင်ကို သူ ညည်းညူမည်ဖြစ်ပြီး၊ ဘုရားသခင်အပေါ် အထင်လွဲမှုများ၊ ရွံမုန်းမှုနှင့် ပုန်ကန်မှုတို့ သူ ဖြစ်ပေါ်ခဲ့မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ကောင်းချီးများကို အမြဲ လိုက်စားလျက် မိမိတို့ သဘောအတိုင်းလုပ်ဆောင်လျှင်၊ အဆုံးတွင်၊ ယောဘကဲ့သို့ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ”ဟု ပြောနိုင်ကြလိမ့်မည်လော။ ၎င်းတို့ထဲတွင် ဤအတွေ့အကြုံဆိုင်ရာ အသိပညာမျိုး ဖြစ်ပေါ်လိမ့်မည်လော။ (ဖြစ်ပေါ်လိမ့်မည် မဟုတ်ပါ။) သေချာပေါက် ဖြစ်ပေါ်လိမ့်မည် မဟုတ်။ အဘယ်ကြောင့် မဖြစ်ပေါ်သနည်း။ ဤပြဿနာသည် မည်သည့်နေရာမှ လာသနည်း။ (သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်ထံမှ ရှာဖွေခြင်းလည်း မရှိကြပါ။ အမှုအရာများကို လူ့နည်းလမ်းများဖြင့် သူတို့ ဖြေရှင်းကြသည်။) လူတို့သည် ဘုရားသခင်ကို မှီခိုအားကိုးမည့်အစား အဘယ်ကြောင့် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များကို ရရှိရန် လူသားနည်းလမ်းများကို အသုံးပြုလျက် ဦးနှောက်ခြောက်ခံ စဉ်းစားကြသနည်း။ အစီအစဉ်များကို ၎င်းတို့ ပြုလုပ်ကြသည့်အခါ၊ ဘုရားသခင်၏ အလိုဆန္ဒများကို ၎င်းတို့ ရှာဖွေကြသလော။ ၎င်းတို့သည် “ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်မည်ကို ကျွန်ုပ် မသိပါ။ ဤအစီအစဉ်၊ ဤတွက်ချက်ခြင်းကို ကျွန်ုပ် အရင်လုပ်မည်။ သို့သော် ကျွန်ုပ်၏ အစီအစဉ်က ကျွန်ုပ်၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိမည်၊ မရရှိမည်ကို ကျွန်ုပ် မသိပါ။ ဤသည်မှာ အစီအစဉ်တစ်ခုသာ ဖြစ်သည်။ ကျွန်ုပ်၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်လျှင်၊ ထိုအရာသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ စွမ်းဆောင်မရရှိနိုင်လျှင်၊ ကျွန်ုပ်ကိုယ်တိုင်၏ ကြောင်းကျိုးမမြင်ခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်၏ အစီအစဉ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီခဲ့သောကြောင့် ဖြစ်သည်”ဟု ပြောဆိုလျက်၊ ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိကြသလော။ ဤသဘောထားမျိုး ၎င်းတို့တွင် ရှိကြသလော။ (မရှိကြပါ။) သို့ဆိုလျှင် ဤလုပ်ရပ်လမ်းကြောင်းများက အဘယ်သို့ ဖြစ်ပေါ်သနည်း။ ဤသည်တို့မှာ လူသား စိတ်ကူးများနှင့် အယူအဆများ၊ လူသား အလိုဆန္ဒများ၊ ဘုရားသခင်အပေါ် လူသား၏ အကျိုးသင့်အကြောင်းသင့်မဟုတ်သော တောင်းဆိုချက်များ ဖြစ်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထွက်ပေါ်၏။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ ထို့အပြင်၊ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိကြသလော။ (မရှိကြပါ။) ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု မရှိကြသည်ကို သင် မည်သို့ မြင်သနည်း။ (၎င်းတို့သည် မိမိတို့ ပြုလုပ်သည့် အစီအစဉ်များကို စွမ်းဆောင်ရရှိရန် အပြည့်အဝ လိုအပ်သည်ဟု ခံစားကြသည်။) ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ မာနထောင်လွှားမှုနှင့် ပုန်ကန်ခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးသည်ဟု ၎င်းတို့ ခံစားကြသော်လည်း၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများနှင့် တွက်ချက်မှုများကို ရရှိကြသည့်အခါ ဘုရားသခင်ကို ဘေးဖယ်ထားလိုက်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ဘေးဖယ်ထားသည့်အခါ ၎င်းတို့ ကျိုးနွံနာခံနေကြသလော။ ကျိုးနွံနာခံခြင်း မရှိကြသကဲ့သို့ ၎င်းတို့ စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ ဘုရားသခင်က အမှုအရာများကို မည်သို့ လုပ်ဆောင်လိုသည်ကို မဆိုထားနှင့်၊ အမှုအရာများအပေါ် ဘုရားသခင်က မည်သို့ အချုပ်အခြာအာဏာ စွဲကိုင်ပြီး စီစဉ်သည်ကို ၎င်းတို့ လုံးဝ မစဉ်းစားကြချေ။ ဤအရာမှ မည်သည့်အရာကို မြင်နိုင်သနည်း။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရှာဖွေကြ၊ ကျိုးနွံနာခံခြင်း မရှိကြသကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလည်း မရှိကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အစီအစဉ်များကို ဦးစွာ ပြုလုပ်ကြပြီးနောက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်းကို လုံးဝ မစဉ်းစားဘဲ လူသား နည်းလမ်းများ၊ စိတ်ကူးများနှင့် အယူအဆများပေါ် မှီခိုလျက်၊ မိမိတို့ အစီအစဉ်များအတိုင်း ပြုမူဆောင်ရွက်ကာ ကြိုးစားလုပ်ဆောင်ကြလေသည်။ ခြံမွေးတိရစ္ဆာန်များကို မွေးခြင်းနှင့်ပတ်သက်လာသည့်အခါ၊ လူတို့သည် မိမိတို့ စိတ်နှလုံးများတွင် “လူသည် မိမိ လုပ်သင့်သည့်အရာကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်သင့်ပြီး ကောင်းကင်ဘုံ၏ အလိုတော်ကို ကျိုးနွံနာခံသင့်သည်”ဟူသည့်အရာကို အနည်းဆုံး သိရန် လိုအပ်သည်။ ယင်းမှာ “ခြံမွေးတိရစ္ဆာန်များကို ကျွေးမွေးရန် ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ဖြည့်ဆည်းမည်။ ၎င်းတို့ကို အာဟာရချို့တဲ့စေခွင့်၊ သို့မဟုတ် အအေးဒဏ်ခံစားခွင့် သို့မဟုတ် ဆာလောင်ခွင့်၊ နာမကျန်းဖြစ်ခွင့်ပေးမည် မဟုတ်ပါ။ နောက်နှစ်တွင် ၎င်းတို့ရှိမည့် သားပေါက်အရေအတွက်မှာ ဘုရားလက်ထဲတွင်ရှိသည်။ ထိုအရာကို ကျွန်ုပ် မသိပါ။ ထိုအရာကို ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အစီအစဉ်များ ပြုလုပ်မည် မဟုတ်ပါ။ ဤကိစ္စများအားလုံးသည် ဘုရားသခင်၏ သဘောအတိုင်း ဖြစ်သည်”ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် လူသား အယူအဆများနှင့် စိတ်ကူးများကို မရမက မှီခိုအားကိုးလျှင်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိကြသလော။ (မရှိကြပါ။) ဤဆောင်ရွက်ပုံ နည်းလမ်းနှစ်ခုထဲမှ မည်သည့်အရာသည် လူ၏ အလိုဆန္ဒမှလာပြီး မည်သည့်အရာသည် ဘုရားသခင်ကို ကျိုးနွံနာခံသောလုပ်ရပ် ဖြစ်သနည်း။ (ပထမတစ်ခုသည် လူ၏ အလိုဆန္ဒမှလာပြီး မယုံကြည်သူတို့၏ ဆောင်ရွက်ပုံနည်းလမ်းဖြစ်သည်။ ဒုတိယ ဆောင်ရွက်ပုံနည်းလမ်းသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ရှာဖွေသူတို့ထံမှ လာပါသည်။) ၎င်းတို့ အားလုံးက ဘုရားသခင်ကို ယုံကြည်ကြပြီး၊ တူညီသည့်အရာကို အားလုံး လုပ်ဆောင်ကြသော်လည်း၊ ၎င်းတို့ လုပ်ရပ်များ၏ ရည်ရွယ်ချက်၊ အရင်းအမြစ်နှင့် ရည်မှန်းချက်တို့အပြင်၊ ၎င်းတို့၏ စည်းမျဉ်းများက ကွဲပြားလေသည်။ ထိုသို့ဖြင့်၊ လူတို့ ရှိကြသည့် လမ်းကြောင်းကို မြင်နိုင်ပေသည်။ ကွာခြားချက်တစ်ခု မရှိလေသလော။ မယုံကြည်သူတို့၏ အနှစ်သာရသည် ဘာသာမဲ့သူတို့၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့ လုပ်ရပ်များ၏ အရင်းအမြစ်နှင့် ရည်မှန်းချက်သည် အဘယ်နည်း။ ၎င်းတို့စိတ်များတွင် အကျိုးအမြတ်ကို ရှေ့တန်းတင်ထားသဖြင့်၊ ထိုအရာသည် ၎င်းတို့ ကိုယ်ပိုင် အကျိုးစီးပွားများအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်များတွင်၊ မိမိတို့ကိုယ်ပိုင် စိတ်သဘောကို သီးသန့် မှီခိုအားကိုးကြလေသည်။ မိမိတို့ကိုယ်ပိုင် စိတ်သဘောကို ၎င်းတို့ မှီခိုကြသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ၎င်းတို့သည် သေချာစဉ်းစားပြီးနောက် မိမိတို့ကိုယ်ပိုင် အစီအစဉ်များကို လုံးဝ ပြုလုပ်ကြသည်။ စိတ်လိုက်မာန်ပါ သို့မဟုတ် ကြောင်းကျိုးမမြင်စွာ ၎င်းတို့ ပြုမူဆောင်ရွက်ခြင်း မရှိကြပေ။ ထို့ထက်၊ ၎င်းတို့တွင် ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ ရှိကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ ထည့်မတွက်ကြပေ။ မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်အပေါ် လုံးလုံးလျားလျား ပြုမူဆောင်ရွက်သည်။ ၎င်းတို့အတွက် အခြားမည်သူကမျှ အစီအစဉ်များ မပြုလုပ်ပေးသကဲ့သို့ ဤသို့ပြုမူဆောင်ရွက်ရန် အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့ကို အတင်းအကျပ်မခိုင်းပေ။ ၎င်းတို့ကိုယ်တိုင်က မိမိတို့ကိုယ်ပိုင် အစီအစဉ်များအတိုင်း ပြုမူဆောင်ရွက်ရန် ဆုံးဖြတ်ကြသောကြောင့် မိမိတို့ကိုယ်ပိုင် စိတ်သဘောအပေါ် မှီခိုကြခြင်း ဖြစ်သည်။ ထို့နောက် မိမိတို့ကိုယ်ပိုင် အစီအစဉ်များအတိုင်း၊ အဖိုးအခမည်မျှပေးရသည်ဖြစ်စေ၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများကို ဖြည့်ဆည်းပြီး ထိုအစီအစဉ်များ၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ဦးနှောက်ခြောက်ခံစဉ်းစားကာ ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့ ပြုမူဆောင်ရွက်သည်နှင့်အမျှ၊ ဤမရေရာသော ထင်မြင်ချက်လည်း ရှိကြသည်။ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သောကြောင့် သူ ကျွန်ုပ်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရှက်ဖွယ်ဖြစ်သည် မဟုတ်လော။ မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ဘုရားသခင်က သင့်ကို ကောင်းချီးပေးလိမ့်မည်နည်း။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးလိမ့်မည်ကို သင် မည်သို့ သိသနည်း။ သင်၏ စိတ်ပိုင်းဖြတ်မှုများကြောင့် ဘုရားသခင်က အမှုအရာများကို ဖြစ်စေလိမ့်မည်လော။ ဤသည်မှာ ကျိုးကြောင်းမသင့်သော စိတ်ကူးတစ်ခု မဟုတ်လော။ ဘုရားသခင်က သင့်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်ကို သင် ယုံကြည်လျှင်၊ ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနှင့် ညီမျှသလော။ (မညီမျှပါ။) သို့သော် လူများစွာက ဤအရာကို ရောထွေးကြသည်။ ၎င်းတို့က “ဘုရားသခင်က ငါ့ကို ကောင်းချီးပေးလိမ့်မည်ဟု ငါ ယုံကြည်သည်။ ပြီးလျှင် သူက ငါ၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ငါ ယုံကြည်သည်”ဟု ပြောကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် ကျိုးနွံနာခံသော သဘောထားတစ်ခုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ အမှားတစ်ခု ဖြစ်သည် မဟုတ်လော။ အမှားတစ်ခု ဖြစ်ရုံသာမက၊ ဘုရားသခင်အပေါ် ပုန်ကန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးလိမ့်မည်ဟု ယုံကြည်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံသည်ဟု မဆိုလိုပေ။ ဤသည်တို့မှာ မတူကွဲပြားသော အရာနှစ်ခု ဖြစ်သည်။ ဤအရာကို ပြောဆိုခြင်းဖြင့်၊ သင်သည် သင်၏ မာနထောင်လွှားသော သဘာဝ၏ ထိန်းချုပ်ခြင်းကို လုံးဝ ခံနေရပြီး၊ ဤအရာကို ပြောဆိုခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီပေ။

ငါ ယခုတင် မိတ်သဟာယပြုခဲ့သည့် ဘုရားသခင်ကို ပုန်ကန်သည့် အပြုအမူ၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်သနည်း။ ဤကိစ္စရပ်၏ ရင်းမြစ်ကို စိတ်ဖြာလေ့လာဆွေးနွေးလော့။ ထိုအရာ၌ သမ္မာတရား လက်တွေ့လုပ်ဆောင်မှု တစ်ခုတလေ ရှိသလော။ ကျိုးနွံနာခံမှု တစ်ခုတလေ ရှိသလော။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်ခု ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိကြသလော။ (မရှိကြပါ။) သင်တို့အားလုံးက ငြင်းကြသောကြောင့် တိတိကျကျ ပြောရလျှင်၊ ဤအရာများက ပေါ်လွင်ထင်ရှားသည့် နည်းလမ်းများမှာ အဘယ်နည်း။ သင်သည် ဤအရာကို မိမိကိုယ်ကိုနှင့် ယှဉ်ကြည့်ရမည်ဖြစ်ပြီး၊ မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးရမည်ကို သိရမည်။ ထိုအရာကို မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးရမည်ကို သင် သိလျှင်၊ သင့်အတွင်းရှိ အခြေအနေအား မည်သို့ အကဲဖြတ်ရမည်ကို သင် သိလိမ့်မည်ဖြစ်ပြီး၊ သင် လက်တွေ့လုပ်ဆောင်သည့်အရာအားလုံးက စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်နှင့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိဟူသည်တို့ကို သင် သိလိမ့်မည် ဖြစ်သည်။ ပထမဆုံး၊ လူတို့သည် သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ မိမိတို့ အစီအစဉ်များကို ဦးစွာ ပြုလုပ်ကြလျှင်၊ ဤနေရာ၌ ကျိုးနွံနာခံမှုတစ်ခုတလေ ရှိသလော။ (မရှိပါ။) ကျိုးနွံနာခံခြင်းမရှိသည်ကို မြင်သည့်အခါ၊ ကျိုးနွံနာခံတတ်ရန်အလို့ငှာ အဘယ်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်၏ အလိုဆန္ဒများကို ဦးစွာပထမ ရှာဖွေသင့်သည်။) ကိစ္စရပ်များစွာတွင်၊ ဘုရားသခင်သည် သူ၏ အလိုဆန္ဒများကို သင့်အားရှင်းလင်းစွာ မပြပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ဟု အဘယ်သို့ သေချာနိုင်သနည်း။ (သေချာရန် ဘုရားသခင်ထံ ဆုတောင်းခြင်းအပေါ် ကျွန်ုပ်တို့ မှီခိုရပါမည်။) အကြိမ်အနည်းငယ် သင် ဆုတောင်းပြီး၊ ဘုရားသခင်၏ အလိုဆန္ဒများကို သင် နားမလည်သေးလျှင်၊ မည်သည့်အရာကို လုပ်ဆောင်သနည်း။ ကြောင်းကျိုးမမြင်စွာ မပြုမူနှင့်။ ပထမဆုံး၊ ဤနည်းဖြင့် ပြုမူဆောင်ရွက်ခြင်းက လိုအပ်ခြင်း ရှိမရှိ၊ ဤလုပ်ရပ်များက ဘုရားသခင်၏ အစီအစဉ်များနှင့် သက်ဆိုင်ခြင်း ရှိမရှိ၊ ဤသို့ ပြုမူဆောင်ရွက်ရန် အခြေအနေများက ပြည့်မီခြင်း ရှိမရှိဆိုသည်နှင့် သင်၏ အစီအစဉ်ကို သင် စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိဟူသည်တို့ကို ကြည့်လော့။ စွမ်းဆောင်မရရှိနိုင်ဘဲ ဤအစီအစဉ်ကို သင် ဆက်လက် စွဲမြဲနေလျှင်၊ ယင်းမှာ ကျိုးကြောင်းမသင့်သည့် ဆောင်ရွက်ပုံနည်းလမ်းတစ်ခုဖြစ်သည့်သဘော မဟုတ်လော။ သင်၏ အစီအစဉ်များနှင့် စိတ်ကူးများက လက်တွေ့ကျခြင်း ရှိမရှိက အလွန်အရေးပါသည်။ သင်၏ စိတ်နှလုံးတွင် သင်က၊ “ဤအစီအစဉ်ကို ငါ အရင်ဆုံး လုပ်မည်။ ပြီးလျှင် ဘုရားသခင်က ငါ့ကို ကောင်းချီးပေးလျှင် ဤအရာထက်ပင် ငါ အကျိုးရရှိကောင်း ရရှိလိမ့်မည်”ဟု သင် တွေးလေသည်။ သင်သည် ကံစမ်းသော စိတ်နေသဘောထားရှိပြီး၊ ထို့နောက်တွင် သင်၏ ကိုယ်ပိုင် အလိုဆန္ဒပေါ် မှီခိုကာ သင်ယုံကြည်သည့်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ရန် ကြိုးစားလေသည်။ သင်၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများက ကြီးမားပြီး၊ သင်သည် မာနထောင်လွှားကာ ရိုင်းလည်း ရိုင်းစိုင်းလေသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ပိုင်းဖြတ်မှုများသည် လမ်းလွဲမှုများ အမြဲရှိပြီး၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာများ မဟုတ်ပေ။ လူတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသည့်အခါ၊ ၎င်းတို့၏ အစီအစဉ်များနှင့် စိတ်ပိုင်းဖြတ်မှုများသည် မှန်ကန်နိုင်သလော။ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်သလော။ ဤသည်မှာ သေချာသောအရာတစ်ခု မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့ မဆုံးဖြတ်နိုင်သည့်၊ နားမလည်သည့် ကိစ္စရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ လူတို့၏ စိတ်ပိုင်းဖြတ်မှုများနှင့် အစီအစဉ်များသည် လူသား စိတ်ကူးများ၊ ၎င်းတို့၏ ထင်ကြေးများနှင့် ထင်မြင်ချက်များသာဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူတို့သည် အရာခပ်သိမ်းက ဘုရားလက်ထဲရှိကြောင်းနှင့် ယင်းတို့ကို သူက စီစဉ်ညွှန်ကြားပြီး စီစဉ်ကြောင်းကို မမြင်နိုင်ကြပေ။ ဘုရားသခင်၏ လက်တော်များက မည်သည့်အရာ လုပ်ဆောင်နေသည်၊ သူ၏ ရည်ရွယ်ချက်များ မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် လူတို့အပေါ် လတ်တလောတွင် မည်သည့် အမှုကို သူ လုပ်ဆောင်နေသည်ဟူသည်တို့ကို သင် သိမြင်ရမည်။ သင်၏ အစီအစဉ်များနှင့် ဆုံးဖြတ်ချက်များက ဘုရားသခင် လုပ်ဆောင်လိုသည့် အမှုကို ဆန့်ကျင်လျှင်၊ သို့မဟုတ် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် ဆန့်ကျင်ဘက်ဖြစ်လျှင် ရလဒ်က မည်သည့်အရာများ ဖြစ်လိမ့်မည်နည်း။ သင်၏ အစီအစဉ်များက ကျရှုံးရန် သေချာသည်။ လူတို့အနေဖြင့် မစီစဉ်သင့်ကြောင်းကို ဤကိစ္စရပ်များမှ သင် ရှင်းလင်းစွာ သိမြင်ရမည်ဖြစ်သည်။ စီစဉ်ခြင်းကိုယ်၌က အမှားတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် မှန်ကန်စွာ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် အမှုအရာများကို ဖြစ်လာသည့်အတိုင်း ခံယူရန် သင်ယူသင့်သည်။ ၎င်းတို့ နားမလည်သည့် အမှုအရာများနှင့်ပတ်သက်၍ ကြောင်းကျိုးမမြင်စွာ မပြုမူ သို့မဟုတ် မစီစဉ်သင့်ပေ။ သင် နားမလည်နိုင်သည့် ကိစ္စရပ်များစွာရှိပြီး အလယ်တွင် မည်သည့်ပြဿနာများ ပေါ်ပေါက်ကောင်းပေါ်ပေါက်မည်ကို သင် မသိပေ။ ဤသည်တို့မှာ လူတို့၏ အစီအစဉ်များတွင် မျှော်လင့်မထားသည့် အခြေအနေများ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ထို့ကြောင့် လူတို့၏ အစီအစဉ်များသည် အားလုံးက လူသား စိတ်ကူးများ၊ အနှစ်မဲ့သောအရာများနှင့် လက်တွေ့မကျသောအရာများသာ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိသင့်ကြပြီး၊ မိမိတို့ကိုယ်ပိုင် အစီအစဉ်တစ်ခုမျှ ၎င်းတို့ မပြုလုပ်သင့်ပေ။ နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်းမရှိဘဲ မိမိတို့၏ တာဝန်များနှင့် ဝတ္တရားများကိုလည်း ဖြည့်ဆည်းရမည်။ သင် စီစဉ်ပြီး သတ်မှတ်သည့် အရာများကို သင် ဖြစ်မြောက်အောင်လုပ်နိုင်ခြင်း ရှိမရှိမှာမူ၊ ယင်းသည် ဘုရားလက်ထဲတွင် ရှိ၏။ သင်က အနည်းငယ်သာ စီစဉ်သော်လည်း ဘုရားသခင်က များစွာ သင့်ကိုပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်က များစွာ စီစဉ်သော်လည်း အလွန်များစွာ မရရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့သော အလားတူ အတွေ့အကြုံများစွာကို သင် ဖြတ်သန်းပြီးနောက်တွင်၊ လူ၏ အလိုဆန္ဒ သို့မဟုတ် အစီအစဉ်များပေါ်အခြေခံ၍ မည်သည့်အရာမျှ မပြောင်းလဲသည်ကို သင် သဘောပေါက်လိမ့်မည်။ အားလုံးက ကိစ္စရပ်များပေါ် ဘုရားသခင် စီစဉ်ပြီး အချုပ်အခြာအာဏာ စွဲကိုင်ပုံအပေါ် မူတည်သည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည်။ ဤသို့ အတွေ့အကြုံကို စဉ်ဆက်မပြတ် စုဆောင်းခြင်းအားဖြင့်၊ ဘုရားသခင်က အရာအားလုံးအပေါ် အမှန်တကယ် အချုပ်အခြာအာဏာရှိသည်ကို လူတို့ တွေ့ရှိလာကြသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်က အရာအားလုံးပေါ် အချုပ်အခြာအာဏာရှိသည်ဟူသည့်အချက်ကို မှန်ကန်ကြောင်း သင် အတည်ပြုလျှင်၊ သမ္မာတရားကို သင် ရရှိပြီးဖြစ်လိမ့်မည်။ ယင်းမှာ အတွေ့အကြုံအားဖြင့် ရရှိခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ၊ သင်၏ အစီအစဉ်များသည် အတော်အတန် ကောင်းမွန်ကောင်း ကောင်းမွန်နိုင်သော်လည်း၊ မမျှော်လင့်သည့်အရာများက အချိန်မရွေး ဖြစ်ပျက်နိုင်သည်။ ဖြစ်ပျက်လာနိုင်သည့် တစ်မူထူးသော အရာများစွာကို သင် စိတ်မကူးကြည့်နိုင်ပေ။ ယင်းသည် ကဏ္ဍတိုင်းတွင် သင်၏ စိတ်ကူးများနှင့် အစီအစဉ်များကို ကျော်လွန်သည်။ အမှုကိစ္စများစွာက သင့်အား ပြင်ဆင်ထားခြင်းမရှိဘဲ ကြုံရသကဲ့သို့ ခံစားရစေပြီး သင်၏ အစီအစဉ်တွင် အမှားများက မည်သည့်နေရာတွင် ရှိသည်၊ ထိုအစီအစဉ်များက အောင်မြင်မည်လော၊ ကျရှုံးမည်လောဆိုသည်နှင့် လူတို့ လုပ်နိုင်သည့်အရာ၊ မလုပ်နိုင်သည့်အရာတို့ကို သင် မသိပေ။ လူသားတို့၏ အစီအစဉ်များနှင့် စိတ်ကူးများ၏ အကန့်အသတ် အတိုင်းအတာပြင်ပတွင်ရှိသည့် လူသားများ ကြိုတင်မခန့်မှန်းနိုင်သည့် အရာများစွာရှိသည်ကို မသိစိတ်တွင် သင်ခံစားမိသည်။ ထိုသို့သော အချိန်တွင်၊ မည်သည့် ကောက်ချက်ကို သင် ချမိသနည်း။ (ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူ၍ ဖြစ်ပါသည်။) အရာအားလုံးပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာထဲတွင်၊ အသေးစိတ်အချက်တစ်ခု ရှိသည်။ ဘုရားသခင်က တစ်စုံတစ်ရာကို သင့်အား မပေးလျှင်၊ သင် မည်မျှ အလုပ်များသည်ဖြစ်စေ၊ အားသွန်ခွန်စိုက်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ရုန်းကန်သည်ဖြစ်စေ၊ အသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးလျှင်၊ အားလုံးက အခက်အခဲတစ်ခုမျှမရှိဘဲ ချောမွေ့စွာ အဆင်ပြေပြီး၊ မည်သူကမျှ သင့်ကို မတားဆီးနိုင်ပေ။ ဤကိစ္စရပ်တွင်၊ ဘုရားသခင်က ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ ဘုရားသခင်က သင်၏ အစီအစဉ်များအားလုံးကို အလွန်ရှင်းလင်းစွာ သိမြင်နိုင်ကာ ဤကိစ္စရပ်က သူ၏ လက်ထဲတွင် လုံးလုံးလျားလျား ရှိကြောင်းတို့ကို သင် သဘောပေါက်လိမ့်မည်။ ဤအတွေ့အကြုံဖြင့်၊ သင်၏ စိတ်နှလုံးသည် မရည်ရွယ်ဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော မှန်ကန်သည့် ထိုးထွင်းအမြင်နှင့် အသိတို့ စတင်ရှိလာလိမ့်မည်။ မည်သည့် ထိုးထွင်းအမြင်နှင့် အသိတို့ ဖြစ်သနည်း။ ဘုရားသခင်သည် ထိုအရာကို သင့်အား ပေးနေသည့်သူဖြစ်သည်။ ထိုအရာကို ဘုရားသခင်က သိမ်းယူလိုလျှင်၊ ဘုရားသခင်ကို သင် မည်မျှ ကျိုးနွံနာခံသည်ဖြစ်စေ၊ ဘုရားသခင်ကို သင် မည်မျှ သိကျွမ်းသည်ဖြစ်စေ အရေးမကြီးပေ။ ထိုအရာကို သူ သိမ်းယူသင့်လျှင်၊ သိမ်းယူလိမ့်မည် ဖြစ်သည်။ အားလုံးက သူ၏ လက်ထဲတွင်ရှိသည်။ အားလုံးကို သူက စီမံထားခြင်းဖြစ်ပြီး အားလုံးကို သူ စီစဉ်ထားခြင်း ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင် ရွေးချယ်မှု မရှိသင့်ပေ။ ဤအချိန်တွင်၊ သင်၏ အစီအစဉ်များ၊ တွက်ချက်မှုများနှင့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တို့သည် သင်၏ စိတ်နှလုံးတွင် အဓိကနေရာကို ယူလိမ့်ဦးမည်လော။ ယူလိမ့်မည် မဟုတ်ပါ။ ဤလူသား အစီအစဉ်များနှင့် တွက်ချက်မှုများသည် သင်မသိလိုက်ဘဲ လျော့ပါးသွားလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့ကို သင် စွန့်လွှတ်လိမ့်မည်။ ဤအရာများသည် မည်သို့ အစားထိုးခံရသနည်း။ သင့်အတွက် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံခြင်းသည် သူ၏ အချုပ်အခြာအာဏာကို တွေ့မြင်ခြင်းနှင့် ညီမျှသည်။ သင့်ထံမှ ဤအရာများကို သူ အဘယ်ကြောင့် သိမ်းယူခဲ့သည်ကို ဘုရားသခင် မပြောသော်လည်း၊ မည်သို့ပင်ဖြစ်စေ သင်သည် မသိစိတ်တွင် နားလည်လိမ့်မည်။ ဘုရားသခင်သည် သင့်ကို ချမ်းသာကြွယ်ဝမှုများစွာဖြင့် ကောင်းချီးပေးလျက် ဥစ္စာပစ္စည်းတစ်မျိုးဖြင့် ကောင်းချီးပေးလျှင်၊ ထိုသို့ အဘယ်ကြောင့် သူ လုပ်ဆောင်သည်ကို သင့်အား သူ မပြောပြပေ။ သို့သော် သင်၏ စိတ်နှလုံးတွင် ခံစားချက်တစ်ခု ရှိပြီး၊ ဤသည်မှာ လူတစ်ဦးက ရယူနိုင်သည့်အရာတစ်ခု မဟုတ်ဘဲ ဘုရားသခင်ထံမှ ကောင်းချီးတစ်ခုဖြစ်သည်ကို သင် သိလေသည်။ တစ်နေ့တွင်၊ အချို့သော အရာများကို သိမ်းယူခြင်းခံရပြီး၊ ယင်းမှာ ဘုရားသခင်ထံမှ လာသည်ကို သင်၏ စိတ်နှလုံးတွင် သင် ရှင်းလင်းစွာ သိလိမ့်မည်။ ဤအရာအားလုံးကို သင် ရှင်းလင်းစွာ သိသည့်အခါ၊ သင် လျှောက်သည့် ခြေလှမ်းတိုင်း၊ သင် အသက်ရှင်သည့် နေ့ရက်တိုင်းနှင့် သင် ကျော်လွန်သည့် နှစ်ကာလတိုင်းတွင် ဘုရားသခင်က သင့်ကို လမ်းပြနေသည်ကို သင် ခံစားရလိမ့်မည် မဟုတ်လော။ ဘုရားသခင်က သင့်ကို လမ်းပြသည်နှင့်အမျှ၊ သင်သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလာပြီးဖြစ်ကြောင်း၊ နေ့စဉ် သူနှင့် သင် ဆက်ဆံရကြောင်း၊ နေ့တိုင်းတွင် သင်သည် အသစ်သော အသိပညာ ရှိပြီး၊ နှစ်တိုင်းတွင် သင်သည် ကြီးမားသော အကျိုးခံစားရခြင်းရှိကြောင်းကို သင်၏ မသိစိတ်တွင်ခံစားမိလိမ့်မည်။ မသိစိတ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် သင်၏ သိနားလည်မှုသည် ယခင်ထက် တိုး၍ နက်နဲလာလိမ့်မည်။ ဤအဆင့်တွင် သင် အတွေ့အကြုံရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် နေရာတစ်ခု ရှိသည် မဟုတ်လော။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် နေရာတစ်ခု ရှိလျှင်၊ သင့်ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသည်။ ထို့ကြောင့် အခြားအရာတစ်ခုတလေ သို့မဟုတ် အတွေးတစ်ခုတလေ သို့မဟုတ် သဘောတရားတစ်ခုတလေက သင့်ကို အထင်အမြင်မှားစေနိုင်မည်လော၊ သင့်ကို စိတ်ရှုပ်ထွေးစေနိုင်မည်လော သို့မဟုတ် သင့်ကို ဘုရားသခင်အား စွန့်ခွာစေနိုင်မည်လော။ မဖြစ်နိုင်ပေ။ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် အသိရှိလျှင်သာ၊ သင်၏ စိတ်နှလုံးတွင် သမ္မာတရားက သူ့ဘာသာ အမြစ်တွယ်ပြီးဖြစ်လျှင်သာ၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် အစဉ်ထာဝရ နေထိုင်နိုင်သည်။ သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် အမြစ်ချခြင်းမရှိလျှင်၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ ရှိနိုင်သလော။ သေချာပေါက် မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ကင်းကွာနိုင်ပြီး သူ့ကို အချိန်မရွေး သစ္စာဖောက်နိုင်သောကြောင့် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝများကို လမ်းညွှန်ရန် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများ၊ အယူအဆများ၊ အစီအစဉ်များ၊ တွက်ချက်မှုများနှင့် စိတ်ဆန္ဒများကို အမြဲ အသုံးပြုလျှင်၊ ဘုရားသခင်နှင့်ဆိုင်သည့် ဤအသိပညာကို ၎င်းတို့ ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ထို့ကြောင့်၊ ယောဘကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိရန်အလို့ငှာ၊ သင်၏ အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မှန်ကန်ရမည်။ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွင် လမ်းလွဲမှုတစ်ခုရှိလျှင်၊ သင်၏ ယုံကြည်ခြင်း သို့မဟုတ် အလိုဆန္ဒက မည်မျှ ကြီးမားသည်ဖြစ်စေ၊ အသုံးမဝင်ပေ။ သင်၏ ရည်မှန်းချက်များက မည်မျှ မြင့်မားကောင်းမြင့်မားနိုင်သည်ဖြစ်စေ၊ အသုံးမဝင်ပေ။ ဘဝ၏ အရေးကိစ္စများစွာတွင် လူတို့၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများက လမ်းလွဲမှုများရှိကြသည်။ အပြင်ပန်းတွင်၊ လူတို့သည် ၎င်းတို့တွင် မြင့်မားသည့် စိတ်ပိုင်းဖြတ်ချက်ရှိကြသည့်အလား၊ ၎င်းတို့၏ စိတ်နှလုံးက စိတ်အားထက်သန်မှုအပြည့်ရှိကြသည့်အလား၊ များစွာ ဆင်းရဲဒုက္ခခံနိုင်ကြပြီး ကြီးမားသည့် အဖိုးအခပေးဆပ်နိုင်ကြသည့်ပုံပေါ်ကြသည်။ သို့သော် စုဆောင်းထားသည့် အတွေ့အကြုံများစွာရှိပြီးနောက်တွင်၊ အဆုံး၌၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် အတွေ့အကြုံဆိုင်ရာ အသိပညာကို ၎င်းတို့ မရရှိကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများက လမ်းလွဲမှုများရှိပြီး၊ ၎င်းတို့၏ တစ်ဖက်သတ်အသိ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအပြင်၊ ၎င်းတို့၏ အစီအစဉ်များက ဦးဆောင်သောကြောင့် ဖြစ်သည်။ ဤအရာများက ဦးဆောင်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ ကွယ်ဝှက်လေသည်။ ဘုရားနှုတ်ကပတ်တော်များက၊ “ငါသည် သန့်ရှင်းသော နိုင်ငံထံသို့ ပေါ်ထွန်းပြီး ညစ်ညူးသောပြည်ထံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်သည်”ဟု ဆိုသည်။ “ညစ်ညူးသောပြည်”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာက လူတို့၏ အမျိုးမျိုးသော စိတ်ဆန္ဒများ၊ အစီအစဉ်များနှင့် စိတ်ပိုင်းဖြတ်မှုများကို ရည်ညွှန်းသည်။ မှန်သည်ဟု ၎င်းတို့ တွေးထင်သည့် ၎င်းတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကိုပင် ရည်ညွှန်းသည်။ ဤအရာများက သင့်အပေါ် ဘုရားသခင် အမှုမပြုအောင် တားဆီးပြီး၊ ယင်းတို့သည် သင့်ကို လုံးဝ ပိတ်ထားသည့် သင်၏ မျက်နှာရှေ့က နံရံတစ်ခုကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လုံးဝ မမြင်နိုင်၊ သို့မဟုတ် မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် မမြင်နိုင်၊ သို့မဟုတ် မတွေ့ကြုံနိုင်လျှင်၊ သူ၏ အချုပ်အခြာအာဏာကို သင် သိရှိလာနိုင်သလော။ (သိရှိမလာနိုင်ပါ။) ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် မည်သည့်အခါတွင်မျှ သိရှိမလာနိုင်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။