ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ (အပိုင်း တစ်)
ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သူ၏သတ်မှတ်ချက်များနှင့်အညီ ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်သည်။ ယုံကြည်သူများသည် သမ္မာတရားအတိုင်း ပြုမူနေထိုင်ရမည်။ လူတို့သည် သမ္မာတရားမရှိကြဘဲ စာတန်၏ အတွေးအခေါ်များနှင့်အညီ နေထိုင်ပါက အဆုံးတွင် ၎င်းတို့သည် အပြုသဘောဆောင်သောအဆုံးသတ် သို့မဟုတ် နိဂုံးကို ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် ထာဝရ၊ မပြောင်းလဲသော သမ္မာတရားဖြစ်သည်။ အကယ်၍ ယုံကြည်သူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် အသက်မရှင်ပါက သို့မဟုတ် သမ္မာတရားအတိုင်း ပြုမူနေထိုင်ခြင်း မရှိပါက ၎င်းတို့သည် ကမ္ဘာပေါ်ရှိ လူများထက်ပင် ပို၍ ကျိုးကြောင်းမမြင်ဖြစ်ကာ မျှော်လင့်ချက်မဲ့စွာ ကျိုးကြောင်းမမြင် ဖြစ်ကြသည်။ လောကီနယ်ပယ်တစ်ခုတွင် အောင်မြင်မှု အနည်းငယ်ရပြီး ကျော်ကြားလာသူ များစွာသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ဖြင့် စိတ်ကူးယဉ်ကြပြီး မိမိတို့ကိုယ်ကို စ၍ အထင်ကြီးလာကြသည်။ အမှန်တွင် သူတစ်ပါးကပေးသော လေးစားမှု၊ ချီးမွမ်းမှု၊ အတည်ပြုမှုနှင့် အသိအမှတ်ပြုမှုတို့သည် ယာယီဂုဏ်ပြုခြင်းများသာလျှင် ဖြစ်သည်။ ယင်းတို့သည် အသက်ကို ကိုယ်စားမပြုသကဲ့သို့ ယင်းက လူသည် မှန်ကန်သောလမ်းကြောင်းကို လျှောက်နေသည်ဟုလည်း မဆိုလိုပေ။ ၎င်းတို့သည် ယာယီဂုဏ်ပြုခြင်းနှင့် ဂုဏ်ကျက်သရေများသာလျှင် ဖြစ်သည်။ ဤဂုဏ်ကျက်သရေများကား အဘယ်နည်း။ ၎င်းတို့သည် အစစ်အမှန်ဖြစ်သလော သို့မဟုတ် အနှစ်မဲ့သလော။ (အနှစ်မဲ့သည်။) ယင်းတို့သည် ကြွေသောကြယ်များနှင့် တူကာ အလင်းတန်းထွန်းလင်းပြီး ပျောက်ကွယ်သွားကြသည်။ လူတို့သည် ထိုကဲ့သို့သော ဂုဏ်ကျက်သရေ၊ ဂုဏ်ပြုခြင်း၊ လက်ခုပ်သြဘာ၊ အောင်ပန်းနှင့် ချီးမွမ်းခြင်းများကို ရရှိပြီးနောက် သူတို့သည် လက်တွေ့ဘဝသို့ ပြန်သွားကာ အသက်ရှင်သင့်သည့်အတိုင်း နေထိုင်ကြရန်လိုသေးသည်။ အချို့သောလူများသည် ဤအရာကို မမြင်နိုင်ဘဲ လက်တွေ့မကျသော ဤအရာများနှင့်အတူ ထာဝရနေသွားဖို့ ဆန္ဒရှိကြသည်။ လူတို့သည် ဤပတ်ဝန်းကျင်မျိုးနှင့် အခြေအနေမျိုးတွင် နေသည့်အခါတွင် ရရှိသောခံစားရပုံကြောင့် ယင်းတို့ထဲတွင် အသက်ရှင်နေထိုင်လိုကြသည်။ ဤခံစားမှုကို ထာဝရပျော်မွေ့ချင်ကြသည်။ အကယ်၍ ယင်းကို မပျော်မွေ့နိုင်လျှင် မှားယွင်းသောလမ်းကြောင်းကို စတင်လျှောက်ကြတော့သည်။ အချို့က ကိုယ့်ကိုယ်ကိုယ် ထုံထိုင်းစေရန် အရက်သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းကဲ့သို့သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဤသည်မှာ စာတန်၏ကမ္ဘာတွင် နေထိုင်ကြသော လူသားများသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ချဉ်းကပ်ပုံဖြစ်သည်။ လူတစ်ဦးသည် ကျော်ကြားလာပြီး ဂုဏ်အသရေအနည်းငယ် ရလာသည်နှင့် ၎င်းတို့သည် ဦးတည်ချက်ပျောက်သွားတတ်ကြပြီး ၎င်းတို့ မည်သို့ပြုမူသင့်သည်၊ မည်သည့်အရာကို လုပ်သင့်သည်ကို မသိကြပေ။ သူတို့သည် စိတ်ကူးယဉ်ပြီး ပြန်မဆင်းနိုင်ကြတော့။ ယင်းသည် အန္တရာယ်ရှိ၏။ ထိုသို့သော အခြေအနေမျိုး၌ သင်တို့နေဖူးသလော သို့မဟုတ် ထိုအပြုအမူမျိုး ပြသဖူးသလော။ (ဤသို့လုပ်ဖူးပါ၏။) ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အလွန်ဂုဏ်မောက်ပြီး မာနထောင်လွှားလွန်းသည်၊ စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် ချီးမွမ်းခြင်းကို မခံနိုင်ကြသည့်အပြင် သမ္မာတရားကို မလိုက်စားကြပေ သို့မဟုတ် နားမလည်ကြပေ။ ၎င်းတို့သည် မိမိတို့ ရရှိထားသော သေးငယ်သော အောင်မြင်မှု သို့မဟုတ် ဂုဏ်အသရေကြောင့်ပင် ထူးခြားနေသည်ဟု တွေးထင်ကြသည်။ သူတို့သည် ကြီးမြတ်သောပုဂ္ဂိုလ် သို့မဟုတ် မဟာသူရဲကောင်း ဖြစ်လာပြီဟု ထင်မြင်ကြသည်။ ဤကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အသရေတို့အားလုံးကို တွေ့ကြုံရသည်တွင် မိမိကိုယ်ကို အထင်မကြီးမိလျှင် အပြစ်တစ်ခုဖြစ်မည်ဟု ထင်မှတ်ကြသည်။ သမ္မာတရားကို နားမလည်သောလူများသည် မည်သည့်အချိန် သို့မဟုတ် နေရာ၌မဆို မိမိတို့ကိုယ်ကို အထင်ကြီးနိုင်ဖွယ် ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း စတင် အထင်ကြီးသည့်အခါတွင် ၎င်းတို့အနေဖြင့် ပြန်လည်နှိမ့်ချရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ဆင်ခြင်တုံတရား အနည်းငယ်ရှိသည့် လူများသည် အကြောင်းပြချက် မရှိဘဲ မိမိတို့ကိုယ်ကို အထင်မကြီးကြချေ။ ၎င်းတို့ မည်သည့်အရာမျှ စွမ်းဆောင်မရရှိသေးသည့်အခါ၊ မည်သည့်အရာမျှ ပေးစရာမရှိသည့်အခါ၊ ပြီးလျှင် အုပ်စုထဲမှ မည်သူမျှ ၎င်းတို့အား အာရုံမစိုက်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးလိုခဲ့လျှင်ပင် အထင်မကြီးနိုင်ကြချေ။ ၎င်းတို့သည် အနည်းငယ် မာနထောင်လွှားပြီး အတ္တသဘောရှိနိုင်သည်၊ သို့မဟုတ် ၎င်းတို့၌ အတော်အတန် ပါရမီရှိသည်၊ အခြားသူများထက် တော်သည်ဟု ၎င်းတို့ ခံစားကောင်း ခံစားနိုင်သည်၊ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးနိုင်ဖွယ် မရှိကြချေ။ မည်သည့်အခြေအနေမျိုးတွင် လူများသည် မိမိတို့ကိုယ်ကို အထင်ကြီးကြသနည်း။ အခြားသူများက ၎င်းတို့အား အောင်မြင်မှုအချို့အတွက် ချီးမွမ်းသည့်အချိန်တွင် ဖြစ်သည်။ ၎င်းတို့သည် အခြားသူများထက်တော်သည်၊ အခြားသူများသည် သာမန်ဖြစ်ပြီး သာမညောင်ညဖြစ်သည်၊ ၎င်းတို့သာလျှင် ဂုဏ်အဆင့်အတန်းရှိသည့် သူတစ်ဦးဖြစ်ပြီး အခြားသူများနှင့် အလွှာအတန်းအစားချင်း သို့မဟုတ် အဆင့်ချင်းမတူ၊ ၎င်းတို့သည် ထိုသူတို့ထက် ပို၍မြင့်မားသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့အရှိအတိုင်းထက် သာ၍ မြင့်မားလာသည့်ပုံဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးရာတွင် လျော်ကန်သည်ဟု မိမိတို့ကိုယ်ကို ထင်ကြသည်။ ၎င်းတို့သည် ဤအရာကို မည်သို့ တွက်ဆကြသနည်း။ ၎င်းတို့ ယုံကြည်သည့်အရာမှာ “ငါ၌ ထူးခြားသော ခွန်အား၊ အစွမ်းအစနှင့် ဦးနှောက်ရှိသည်၊ ပြီးလျှင် ငါသည် သမ္မာတရားကို လိုက်စားဖို့ ဆန္ဒရှိနေသည်။ ငါသည် ယခု တစ်စုံတစ်ခုကို အထမြောက်အောင်မြင်ပြီးဖြစ်သည်။ ငါသည် လူသိများပြီး ငါ၏ဂုဏ်သတင်းနှင့် တန်ဖိုးတို့သည် အခြားသူများ၏ ဂုဏ်သတင်းနှင့် တန်ဖိုးတို့ထက် မြင့်မားသည်။ ထို့ကြောင့် ငါသည် လူအုပ်ထဲတွင် ထင်ပေါ်နေသည်မှာ သေချာပြီး လူတိုင်း အထင်ကြီးသည့်သူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ငါ့ကိုယ်ငါ အထင်ကြီးသည်မှာ မှန်ပေသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏စိတ်ထဲတွင် တွေးထင်သည့်အရာဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးသင့်သည်မှာ ပုံမှန်ဖြစ်သည့်အရာနှင့် သူဖြစ်နေကျအရာတစ်ခု ဖြစ်လာလေသည်။ ဤသည်မှာ မေးစရာမလိုဘဲ မှန်ကန်ပြီး ယုတ္တိတန်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို အထင်မကြီးပါက ၎င်းတို့အနေဖြင့် မိမိကိုယ်ကို လျှော့တွက်နေပြီး အခြားလူများ၏ အသိအမှတ်ပြုခြင်းနှင့် ကိုက်ညီအောင် နေထိုင်ခြင်းမရှိသည့်အလား ကမောက်ကမ ဖြစ်သည်ဟု ခံစားရသောကြောင့် မိမိတို့ကိုယ်ကို အထင်ကြီးသည်မှာ သဘာဝကျသည်ဟု ထင်ကြသည်။ မိမိကိုယ်ကို အလွန်အမင်း အထင်ကြီးခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ (သူတို့သည် အခြားသူများနှင့် ကောင်းစွာ အလုပ်မလုပ်တော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အမှုအရာများကို လုပ်ချင်လာမည်။) ဤသည်မှာ သူတို့အပြုအမူ၏ သွင်ပြင်လက္ခဏာတစ်ခုပင်ဖြစ်၏။ နောက်ထပ်ရှိသေးသလော။ (သူတို့သည် မတည်ငြိမ်တော့ဘဲ၊ သူတို့၏ လုပ်ငန်းနယ်ပယ်တွင် တိုးတက်မှုကို မရှာဖွေတော့ဘဲ သူတို့၏ ရှိပြီးသား အရည်အချင်းများနှင့် အသိပညာတို့အပေါ် အလွန်အမင်း အမှီပြုကြသည်။) (သူတို့မကြိုက်သည့် အခြေအနေများကို ကျိုးနွံနာခံဖို့ ငြင်းဆန်ကြသည်။) အဘယ့်ကြောင့် ကျိုးနွံနာခံဖို့ ငြင်းဆန်ကြသနည်း။ ယခင်က ကျိုးနွံနာခံနိုင်ခဲ့ကြသလော။ (သူတို့သည် ယခင်ကကဲ့သို့ မာနထောင်လွှားရန် အရင်းအနှီး မရှိတော့ဘဲ မိမိကိုယ်ကို ချုပ်တည်းပြီး ဖိနှိပ်နိုင်သောကြောင့် အတိုင်းအတာတစ်ခုအထိ ကျိုးနွံနာခံနိုင်ခဲ့သည်။ သို့သော် ယခုမူ ၎င်းတို့တွင် အရင်းအနှီးနှင့် အရည်အချင်းများရှိပြီး အခြားသူများနှင့် မတူဟု ခံစားလာကြသည်။ ထို့ကြောင့် သူတို့သည် မိမိတို့၏ကိုယ်ပိုင်စည်းကမ်းချက်များကို သတ်မှတ်ပြီး ကျိုးနွံနာခံဖို့ ငြင်းဆန်နိုင်သည်ဟု ထင်ကြသည်။) သူတို့သည် ယခင်က မိမိဖြစ်ခဲ့သည်နှင့်မတူ၊ အဆင့်အတန်းရှိသည်၊ နာမည်ကြီးသည့်အပြင် အခြားသူများကို လွယ်လွယ်နှင့် ကျိုးနွံနာခံရန် မသင့်ဟု ထင်ကြသည်။ အကယ်၍ ကျိုးနွံနာခံလျှင် သူတို့၏ အဆင့်အတန်းနှင့် လိုက်လျောညီထွေဖြစ်မည်မဟုတ်၊ သူတို့၏ ဂုဏ်သတင်းနှင့် လျော်ညီအောင်နေရမည် မဟုတ်တော့ချေ။ သူတို့သည် ငြင်းဆိုခွင့်နှင့် အခြားသူများကို နာခံဖို့ ငြင်းပိုင်ခွင့်ရှိသည်ဟု ခံစားကြရသည်။ အခြားမည်သည့်အမူအကျင့်များကို ၎င်းတို့ပြသသနည်း။ (သူတို့၏အရေးကိစ္စသည် ပြင်းထန်လာပါက ပေါလုကဲ့သို့ပင် “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ဟု ဆိုကြမည် ဖြစ်ကာ ဘုရားသခင်နှင့် စတင်ညှိနှိုင်းပြီး ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း မေ့လျော့သွားကြမည်။) သူတို့သည် မည်သူဖြစ်သည်ကို မေ့လျော့နေကြသည်။ လူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသည်မှာ ကောင်းသည်ဟု သင်တို့ထင်ကြသလော။ (မထင်ပါ။) မကောင်းပေ။ သို့ဆိုလျှင် လူတို့သည် အဘယ့်ကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကြသနည်း။ (သူတို့အတွင်း၌ရှိသော စာတန်ဆန်သော စိတ်သဘောထားကြောင့် ဖြစ်သည်။) စာတန်ဆန်သော စိတ်သဘောထားရှိခြင်းသည် မလွှဲမရှောင်သာ ဖြစ်ပြီး ဤအရာက ပြဿနာ၏အရင်းခံဖြစ်သည်မှာ သေချာသည်။ အခြား မည်သည့်အကြောင်းရင်းများရှိသနည်း။ လက်တွေ့ကျသော အကြောင်းရင်းများကို ပြောကြစို့။ (လူတို့သည် သူတို့၏အောင်မြင်မှုများကို လွန်စွာ အလေးပေးကြပြီး ယင်းတို့ကို အသက်တမျှ သဘောထားကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏အောင်မြင်မှုထဲ၌ အမြဲတမ်း ကြည်နူးပျော်ရွှင်နေကြပြီး သူတို့မလွတ်မြောက်နိုင်သော မိမိကိုယ်ကို အားရကျေနပ်မှုအခြေအနေသို့ ဦးတည်သွားသည်။) ဤသည်မှာ ပြဿနာ၏ အဓိကအချက်ဖြစ်သည်။ ၎င်းသည် လူတို့က မိမိတို့စိတ်နှလုံးထဲတွင် လိုက်စားပြီး လိုချင်တပ်မက်သည့်အရာနှင့် လည်းကောင်း၊ သူတို့ လိုက်လျှောက်ဖို့ ရွေးချယ်သည့်လမ်းကြောင်းနှင့် လည်းကောင်း သက်ဆိုင်သည်။ လူများစွာသည် အချို့သော လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်သည့် တာဝန်အချို့ကို ထမ်းဆောင်နိုင်သရွေ့ သူတို့တွင် ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု ယုံကြည်ကြသည်။ သူတို့၏အလုပ်သည် ပိုကျွမ်းကျင်ကာ ထူးခြားပြီး ပြောင်မြောက်လေလေ သူတို့သည် စစ်မှန်မှုကို ပိုင်ဆိုင်ကြောင်း၊ ဘုရားသခင်ကို ချစ်ကြောင်းနှင့် သူ့အား ကျိုးနွံနာခံကြောင်း သက်သေထူလေလေပင် ဖြစ်သည်။ ဤသည်ကို သူတို့၏အသက်ဟု မှတ်ယူကြသည်။ ထိုသို့ဖြစ်၍ သူတို့သည် ယင်းကို မြတ်နိုးပြီး သူတို့၏ ဘဝပန်းတိုင်အဖြစ် လိုက်လျှောက်ကြသော်လည်း သူတို့၏ ပန်းတိုင်နှင့် ဦးတည်ချက်မှာ သူတို့၏ လမ်းကြောင်းကဲ့သို့ပင် မှားယွင်းနေသည်။ ထို့အပြင် ယင်း၏အကြောင်းရင်း၌ အသက်၊ သမ္မာတရားကို လိုက်စားခြင်းနှင့် သမ္မာတရားစစ်မှန်မှုကို ရရှိခြင်းက အဘယ်အရာကို ဆိုလိုကြောင်းတို့နှင့်ပတ်သက်၍ လူတို့၏ နားလည်မှုက သွေဖည်မှုများ ရှိနေခြင်းကြောင့် ဖြစ်သည်။ လူတို့၏ နားလည်မှုတွင် သွေဖည်မှုများ ရှိနေသောအခါ သူတို့၏ အသိပညာနှင့် တစ်စုံတစ်ခုအပေါ် အဆုံးစွန်သော ခန့်မှန်းချက်တို့၌လည်း သွေဖည်မှုများ ရှိရမည်။ သင်၏ နားလည်မှုတွင် သွေဖည်မှုများ ရှိပါက သင်လိုက်စားသည့်အရာ၌လည်း သွေဖည်မှုများ ရှိရမည်ဖြစ်သည်။ ရလဒ်အနေဖြင့် သင်ရွေးချယ်သောလမ်းကြောင်းသည် ပြဿနာဖြစ်ရန် ဦးတည်နေပြီး သင်၏ ဘဝဦးတည်ချက်နှင့် ပန်းတိုင်များတွင်လည်း သွေဖည်မှုများ ရှိမည်ဖြစ်၏။
လူတစ်ဦးသည် သူ၏ တာဝန်၌ အချို့သောရလဒ်များ ရရှိနိုင်ခြင်းကြောင့် မိမိကိုယ်ကို အထင်ကြီးခြင်းသည် မကောင်းကြောင်း လူတိုင်းသိသည်။ သို့ဆိုလျှင် လူတို့က အဘယ့်ကြောင့် မိမိကိုယ်ကို အထင်ကြီးတတ်ကြသေးသနည်း။ တစ်ခုမှာ လူတို့၏ မာနထောင်လွှားမှုနှင့် ပေါ့ပျက်ပျက်နေခြင်းတို့ကြောင့်ဖြစ်သည်။ အခြားအကြောင်းပြချက်များ ရှိသေးသလော။ (ယင်းမှာ ဤရလဒ်များရရှိရန် သူတို့ကို ပို့ဆောင်ပေးသူမှာ ဘုရားသခင်ဖြစ်ကြောင်း လူတို့ သဘောမပေါက်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် ချီးကျူးမှုအလုံးစုံနှင့် ထိုက်တန်ပြီး အရင်းအနှီးကို ပိုင်ဆိုင်ထားသည်ဟု ထင်သောကြောင့် သူတို့ကိုယ်သူတို့ အထင်ကြီးကြခြင်းဖြစ်သည်။ အမှန်တွင် ဘုရားသခင်၏ အလုပ်မပါဘဲ လူတို့သည် ဘာမျှ မလုပ်နိုင်သော်လည်း ယင်းကို မမြင်နိုင်ကြချေ။) ဤပြောဆိုချက်သည် မှန်ကန်ပြီး ပြဿနာ၏ အချက်အချာလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကိုမသိ၊ သူတို့ကို အလင်းပေးမည့် သန့်ရှင်းသော ဝိညာဉ်တော်ကို မရရှိလျှင် သူတို့သည် မည်သည့်အရာကိုမဆို တတ်စွမ်းနိုင်သည်ဟု အမြဲတမ်း ထင်နေကြလိမ့်မည်။ ထို့ကြောင့် သူတို့၌ အရင်းအနှီးကို ပိုင်ဆိုင်ထားပါက မာနထောင်လွှားလာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာနိုင်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်တို့သည် ဘုရားသခင်၏ လမ်းညွှန်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံစားမိနိုင်ကြသလော။ (သတိပြုမိနိုင်ပါသည်။) အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ခံစားမိနိုင်သည့်တိုင် သင့်ကိုယ်သင် အထင်ကြီးနေသေးကာ စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု ယူဆပါက ဤနေရာတွင် ဘာဖြစ်နေသနည်း။ (ကျွန်ုပ်တို့ တာဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်ခြင်းသည် အသီးအပွင့်အချို့ ဖြစ်ထွန်းသည့်အခါ ဂုဏ်ပြုခြင်းတစ်ဝက်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး တစ်ဝက်က ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ဟု ထင်မြင်ကြမည်။ ထို့နောက်တွင် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းထက် သာ၍ အရေးကြီးသည့်အရာ မရှိဟုလည်းကောင်း၊ ထိုအရာမပါဘဲ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည်လည်း မဖြစ်နိုင်ဟုလည်းကောင်း တွေးထင်လျက် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အကန့်အသတ်မရှိသော အတိုင်းအတာတစ်ခုအထိ ပုံကြီးချဲ့ကြသည်။) သို့ဆိုလျှင် ဘုရားသခင်သည် သင့်ကို အဘယ့်ကြောင့် ဉာဏ်အလင်းပေးသနည်း။ ဘုရားသခင်သည် အခြားသူများကိုရော ဉာဏ်အလင်းပေး၍ ရနိုင်သလော။ (ရနိုင်ပါသည်။) ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဉာဏ်အလင်းပေးသည့်အခါ ယင်းက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ ပြီးလျှင် သင်၏အပိုင်းတွင် အနည်းငယ်သော ထိုပူးပေါင်းဆောင်ရွက်ခြင်းက အဘယ်နည်း။ ယင်းမှာ သင် နာမည်ကောင်းရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သလော။ သို့မဟုတ် ယင်းမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သလော။ (ယင်းသည် ကျွန်ုပ်တို့၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်ပါသည်။) ယင်းသည် သင်တို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင် သတိပြုမိသည့်အခါ သင်သည် မှန်ကန်သော စိတ်နေစိတ်ထားရှိပြီး ယင်းအတွက် နာမည်ကောင်းယူဖို့ ကြိုးစားလိမ့်မည် မဟုတ်ချေ။ အကယ်၍ သင်သည် “ဤသည်မှာ ကျွန်ုပ်၏ ကူညီထောက်ပံ့မှုဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည် ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ဖြစ်နိုင်ခဲ့မည်လော။ ဤလုပ်ငန်းသည် လူ၏ ပူးပေါင်းဆောင်ရွက်ခြင်းကို လိုအပ်သည်။ အောင်မြင်မှုအများစုသည် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်သည်” ဟု အစဉ်အမြဲ ထင်မှတ်ပါက၊ သင်မှားယွင်းပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမပေးခဲ့ပါက၊ မည်သူကမျှ သမ္မာတရား စည်းမျဉ်းများကို သင့်ထံ မိတ်သဟာယမပြုခဲ့ပါက သင် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် သိမည်မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကိုလည်း သင် သိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ပူးပေါင်းဆောင်ရွက်လိုလျှင်ပင် မည်သို့ပြုရမည်ကို သင် သိမည်မဟုတ်ပေ။ သင်၏ ဤ “ပူးပေါင်းဆောင်ရွက်ခြင်း” သည် အနှစ်မဲ့သော စကားများသာ မဟုတ်လော။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သင်သည် သင်၏ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း ပြုမူဆောင်ရွက်နေခြင်းသာ ဖြစ်ပေသည်။ ထိုအခြေအနေတွင် သင်ထမ်းဆောင်သည့် တာဝန်သည် စံနှုန်းမီသလော။ လုံးဝမမီပေ၊ ယင်းက လက်ရှိအရေးကိစ္စကို ရည်ညွှန်းပေသည်။ အရေးကိစ္စမှာ အဘယ်နည်း။ လူတစ်ယောက်က မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ သူသည် ရလဒ်များရရှိခြင်း၊ တာဝန်ကို စံနှုန်းနှင့် ကိုက်ညီစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းရှိမရှိသည် ဘုရားသခင်၏ လုပ်ရပ်များအပေါ်တွင် မူတည်သည်။ သင်သည် သင့်တာဝန်ဝတ္တရားများကို ထမ်းဆောင်လျှင်ပင် ဘုရားသခင်က အလုပ်မလုပ်လျှင်၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး လမ်းမပြလျှင် သင်၏ လမ်းကြောင်း၊ သင်၏ ဦးတည်ချက်၊ သို့မဟုတ် သင်၏ ပန်းတိုင်များကို သိမည်မဟုတ်ပေ။ အဆုံးတွင် မည်သည့်ရလဒ်ကို ရရှိသနည်း။ ထိုအချိန်တစ်လျှောက်လုံး ပင်ပန်းစွာလုပ်ဆောင်ပြီးနောက် သင်သည် သင်၏တာဝန်ကို လက်သင့်ခံနိုင်သော နည်းလမ်းဖြင့် ထမ်းဆောင်ပြီးဖြစ်မည် မဟုတ်သကဲ့သို့ သမ္မာတရားနှင့် အသက်ကိုလည်း ရရှိပြီးဖြစ်မည်မဟုတ်ပေ။ အားလုံးက အချည်းနှီးသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သင်၏တာဝန်က စံနှုန်းနှင့်ညီစွာ ထမ်းဆောင်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများကို ပြုပြင်တည်ဆောက်ပေးခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းအားလုံးသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ လူများသည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်စွမ်းသည့် အရာများ၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များအတွင်း ရှိသည့် အရာများကိုသာ လုပ်ဆောင်နိုင်သည်။ ထို့ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ။ ထို့နောက် အဆုံးတွင် သင့်တာဝန်များကို ထိရောက်သောပုံစံဖြင့် ထမ်းဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် ခေါင်းဆောင်မှုအပေါ်တွင် မူတည်သည်။ သို့မှသာ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး သင့်အား ဘုရားသခင် ပေးသောလမ်းကြောင်းနှင့် သူ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးမြောက်စေနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာဖြစ်ပြီး ယင်းကို လူတို့ မမြင်နိုင်ပါက သူတို့သည် မျက်ကန်းနေကြသည်။ ဘုရားသခင်၏အိမ်တော်သည် မည်သည့်အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ရလဒ်က ဘာဖြစ်သင့်သနည်း။ ယင်းတို့ထဲမှ တစ်ခုမှာ ဘုရားသခင်အား သက်သေခံပြီး ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်ဖြစ်သင့်ကာ အခြားတစ်ပိုင်းက ညီအစ်ကို မောင်နှမများအတွက် တည်ဆောက်ပေးရန်နှင့် အကျိုးပြုရန် ဖြစ်သင့်သည်။ ဘုရားအိမ်တော်၏အလုပ်သည် နယ်ပယ်နှစ်ခုစလုံးတွင် ရလဒ်များရရှိရန် ကြိုးပမ်းသင့်သည်။ ဘုရားအိမ်တော်၌ သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ ဘုရားသခင်၏ လမ်းညွှန်မှုမပါဘဲ ရလဒ်များ ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ ဘုရားသခင်၏ လမ်းညွှန်မှုမရှိလျှင် သင်လုပ်သောအရာသည် အခြေခံအားဖြင့် အသုံးမဝင်ဟု ဆိုနိုင်သည်။ နှစ်ကာလ ကြာလာသည်နှင့်အမျှ သင်တို့သည် မိမိတာဝန်များကို ဆက်လက်၍ ထမ်းဆောင်နေသည့်အခါ ဤတာဝန်များကို ပို၍ထမ်းဆောင်လေလေ၊ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပို၍နီးစပ်လေလေ၊ သူ၏ ရည်ရွယ်ချက်များကို ပို၍နားလည်ထားလေလေ၊ စည်းမျဉ်းများကို ပို၍သဘောပေါက်လေလေ ဖြစ်သည်။ ဤအရာအားလုံးကို မည်သို့ရရှိသနည်း။ (ဘုရားသခင်၏ လမ်းညွှန်မှုဖြင့်ရရှိသည်။) ဘုရားသခင်၏လမ်းညွှန်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမပါဘဲ လူတို့သည် အမှန်တကယ် “ပံ့ပိုးကူညီ” ပေးနိုင်သည့်အရာမှာ အဘယ်နည်း။ သူတို့၏ “ပံ့ပိုးကူညီမှု” ထဲမှ တစ်ခုမှာ လူ၏ စိတ်ကူးစိတ်သန်းများဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်း တာဝန်များကို ထမ်းဆောင်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်အား သက်သေခံနိုင်သည်ဟု ထင်မြင်ကြသည်။ သို့သော်လည်း ရလဒ်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့ ထုတ်လုပ်သည့်အရာသည် ဘုရားသခင်အား သက်သေခံခြင်းနှင့်ပတ်သက်၍ လိုချင်သော အကျိုးသက်ရောက်မှုကို မရရှိရုံသာမက ထိုအစား လူ၏ စိတ်ကူးစိတ်သန်းများနှင့် တီထွင်ဖန်တီးမှုတို့၏ ထုတ်ကုန်သက်သက်အဖြစ် စစ်မှန်မှုမရှိ၊ လက်တွေ့မကျ ဖြစ်လာတတ်ကာ နောက်ဆုံးတွင် ဘုရားသခင်ကို အသရေပျက်စေသည်။ နောက်တစ်ပိုင်းမှာ လူ့အယူအဆများ ဖြစ်သည်။ လူတို့သည် သူတို့၏ကိုယ်ပိုင်အယူအဆများကို အခြေခံ၍ ပြုမူလိုကြပြီး သူတို့၏ အယူအဆများက သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ကြလေသည်။ သူတို့သည် မိမိတို့၏ အယူအဆများအတိုင်း ပြုမူသောအခါတွင် အခြားသူများထံမှ အသိအမှတ်ပြုခြင်းကို ရရှိပြီး ဘုရားသခင်ကို ဘုန်းတော်ထင်ရှားအောင် လုပ်နေသည်ဟု ထင်မြင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများအပေါ် အခြေခံ၍ အမှုအရာများစွာကို လုပ်ဆောင်ကြကာ ဘုရားသခင်အားသက်သေခံခြင်းနှင့် ပတ်သက်၍ လိုချင်သော အကျိုးသက်ရောက်မှုကို မရရှိနိုင်သည်သာမက ထိုအစား ဤအယူအဆများကို သမ္မာတရားအဖြစ် လက်ခံစေရန် အခြားသူများကို အထင်အမြင်မှားစေကြသည်။ ဤအရာက ဘုရားသခင်အား ကျိုးနွံနာခံခြင်းမှ တားဆီးသည်သာမက ဘုရားသခင်အား နားလည်မှုလွဲမှားခြင်း၊ သံသယများ၊ ပြစ်တင်ရှုတ်ချခြင်းများနှင့် ပြစ်မှားစော်ကားခြင်းဆီသို့ ဦးတည်လေသည်။ ဤသည်တို့မှာ မိမိကိုယ်ပိုင် အယူအဆများအပေါ် အခြေခံ၍ ပြုမူခြင်းနှင့် ဤအယူအဆများအား ပြန့်ပွားစေခြင်း၏ အကျိုးဆက်များပင် ဖြစ်သည်။ လူတို့သည် သမ္မာတရားနားလည်မှု ကင်းမဲ့သောအခါ သူတို့၏ လုပ်ရပ်များကို လမ်းညွှန်ဖို့အတွက် စိတ်ကူးများနှင့် အယူအဆများကို အားကိုးကြသည်။ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအပြင် လူတို့ “ပံ့ပိုးကူညီ” သည့် အခြားသွင်ပြင်လက္ခဏာမှာ လူ၏အသိပညာဖြစ်သည်။ မတူညီသော နယ်ပယ်များတွင် အသိပညာ အမြောက်အမြားကို ရရှိပြီးနောက် သူတို့သည် ဘုရားသခင်၏တောင်းဆိုချက်များကို သုံးသပ်ရန်၊ သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို စိတ်ကူးရန်နှင့် ၎င်းတို့၏တာဝန်ကို မည်သို့ထမ်းဆောင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့အထမြောက်အောင် ဆောင်ရွက်ရမည်ကို ၎င်းတို့ဘာသာ ဆုံးဖြတ်ရန်အတွက် ဤအသိပညာကို အသုံးပြုကြသည်။ ထိုသို့သောလုပ်ရပ်များ၏ ရလဒ်မှာ အဘယ်နည်း။ လူ့အသိပညာသည် သမ္မာတရားနှင့် ကွဲလွဲပြီး ဆန့်ကျင်သောကြောင့် ထိုသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကွဲလွဲဆန့်ကျင်ကြသည်မှာ သေချာသည်။ လူ့အသိပညာကို အခြေခံ၍ လူတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ အသင်းတော်ထဲ၌ မည်သို့သော အခြေအနေမျိုးကို ဖန်တီးသနည်း။ လူတို့သည် အသိပညာကို စတင်၍ မြတ်နိုးကိုးကွယ်ပြီး မည်သူက ပို၍သိသည်၊ မည်သူက စာအုပ်ပိုများများဖတ်ထားသည်၊ သို့မဟုတ် မည်သူက ပိုမြင့်သော ပညာရေးဆိုင်ရာ အရည်အချင်းများကို ပိုင်ဆိုင်သည်ကို သိမြင်ရဖို့ တစ်ဦးနှင့်တစ်ဦးကို နှိုင်းယှဉ်ကြမည် ဖြစ်သည်။ ဤသည်တို့မှာ သူတို့ နှိုင်းယှဉ်လိုကြသော အရာမျိုးပင်ဖြစ်၏။ အသင်းတော်အတွင်း၌ ထိုအခြေအနေမျိုး ပေါ်ပေါက်လာသောအခါ ဤအရာက ဘုရားသခင်အား အစေခံရန်နှင့် သက်သေခံရန် လူ့အသိပညာကို လူတို့ အသုံးပြုခြင်းနှင့် သက်ဆိုင်သလော။ သက်ဆိုင်သည်မှာ အသေအချာပင်။ မိမိ၏တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်အား သက်သေခံရာ၌ အသိပညာကို အသုံးပြုခြင်း၏ အကျိုးဆက်များကား အဘယ်နည်း။ ဤအရာသည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းထက် လူ့အသိပညာကို ဦးစားပေးကာ လူတို့အား လူ့အသိပညာကိုလိုက်စားသည့် လမ်းကြောင်းသို့ လမ်းလွှဲပေးသည်။ ယင်းသည် မှားယွင်းနေပြီး လူတစ်ဦးအား မှန်ကန်သောလမ်းခရီးမှ လုံးဝသွေဖည်သွားစေသည်။ ဘုရားသခင်ကို သက်သေခံခြင်းနှင့် သူ့ကို အစေခံခြင်းတို့နှင့်ပတ်သက်လာသည့်အခါတွင် လူများသည် အမှုကိစ္စများကို လုပ်ဆောင်ရန် စိတ်ကူးများ၊ အယူအဆများ သို့မဟုတ် လူ့အသိပညာကို အသုံးပြုခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤနည်းလမ်းများထဲမှ တစ်ခုကမျှ ဘုရားသခင်ကို သိပြီး ကျိုးနွံနာခံစေရန် လူတို့အား ကူညီပေးခြင်းဖြစ်သည့် လိုချင်သောရလဒ်ကို မရရှိနိုင်ချေ။ ထိုအစား ၎င်းတို့သည် လူတို့ကို ဘုရားသခင်အား မှီခိုအားထားခြင်းမှ အလွယ်တကူ ဟန့်တားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အား သက်သေခံရန် စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ သို့မဟုတ် လူ့အသိပညာကို အသုံးပြုခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတစ်မျိုးပင် ဖြစ်ချေတော့သည်။ ဤအရာက ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့်အပြင် သူသည် ထိုသို့သောလုပ်ရပ်များကို အသိအမှတ်မပြုပေ။
လူ၏ စိတ်ကူးစိတ်သန်းများ၊ အယူအဆများနှင့် အသိပညာတို့သည် အတွေးနယ်ပယ်၏ အလုံးစုံသော လက္ခဏာများဖြစ်သည်။ လူသားတို့၏ လုပ်ရပ်များ အခြေခံသော အရာတစ်ခုမှာ လူတစ်ဦး၏ ကိုယ်ပိုင်အတွေးအမြင်များနှင့် ရှုထောင့်များဖြစ်ကာ နောက်တစ်ခုမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်၊ မိမိကိုယ်ကို မသိ၊ သမ္မာတရားကို လက်မခံ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်စွမ်းမရှိလျှင် ၎င်းတို့၏တာဝန် ထမ်းဆောင်ခြင်းကို မည်သည့်အရာအပေါ် အခြေခံကြသနည်း။ ၎င်းတို့သည် သူတို့၏ ဖောက်ပြန်သော စိတ်သဘောထား၏ အလုံးစုံသော သွင်ပြင်လက္ခဏာများ ဖြစ်သည့် သူတို့၏ မာနထောင်လွှားမှု၊ လှည့်စားမှု၊ ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်မှုနှင့် စိတ်နှလုံးခိုင်မာမှုတို့ကို အခြေခံ၍ ပြုမူနေကြသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ သူတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ (လူများသည် အခြားသူများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် အသင်းတော်၏ အလုပ်ကိုလည်း နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နိုင်သည်။) ဤအကျိုးဆက်များကို သိထားသင့်သည်။ လူတိုင်းသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ မိမိနှစ်သက်သလို ပြုလုပ်ကြသည်။ လူတစ်ဦးစီသည် မိမိ၏ကိုယ်ပိုင်အရေးကိုသာ ပြုလုပ်ကာ စည်းလုံးမှုကင်းမဲ့စွာ လုပ်ဆောင်ပြီးလျှင် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ကောင်းစွာ စီမံဆောင်ရွက်နိုင်ရမည့် အလုပ်တစ်ခုက ဖရိုဖရဲနှင့် စည်းမဲ့ကမ်းမဲ့ ဖြစ်လာသည်။ ဤအရာသည် ဘာသာတရားမရှိသူများကြားတွင် ပြုလုပ်သည့်အရာများနှင့် မည်သို့မျှ မထူးတော့ချေ။ လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ အရာရှိအသိုင်းအဝိုင်းတွင်ဖြစ်စေ စာတန်၏ စခန်းတွင် လွှမ်းမိုးနေသော အငွေ့အသက်မှာ အဘယ်နည်း။ မည်သည့်အလေ့အထများက လူကြိုက်များသနည်း။ သင်တို့သည် ဤအရာများအား နားလည်ခြင်း အနည်းငယ်ရှိသင့်သည်။ ၎င်းတို့၏ လုပ်ရပ်များအတွက် စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များမှာ အဘယ်နည်း။ အယောက်တိုင်းက ထင်ရာစိုင်းကြပြီး အယောက်တိုင်းက မိမိလုပ်ချင်ရာ လုပ်ကြသည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် ပြုမူကြပြီး မိမိနှစ်သက်သလို လုပ်ကြသည်။ သြဇာအာဏာရှိသူ မည်သူမဆို အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့် ရှိကြသည်။ သူတို့သည် အခြားသူများအား ခဏမျှပင် စဉ်းစားမပေးကြ။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းအတွက် ကြိုးပမ်းရင်းနှင့် မိမိတို့၏ကိုယ်ပိုင် ဦးစားပေးမှုအတိုင်း လုံးလုံးပြုမူရင်း မိမိတို့စိတ်ကြိုက်ပင် လုပ်ဆောင်ကြသည်။ သူတို့သည် အာဏာရရှိသည်နှင့်တစ်ပြိုင်နက် ဤအာဏာကို အခြားသူများအပေါ် အလျင်အမြန် အသုံးချကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို စော်ကားလျှင် ၎င်းတို့သည် သင့်အား စိတ်ဆင်းရဲအောင်လုပ်လိုပြီး ၎င်းတို့အား လက်ဆောင်ပေးရုံမှတစ်ပါး သင် ဘာမျှမတတ်နိုင်ပေ။ သူတို့သည် ကင်းမြီးကောက်ကဲ့သို့ ကြောက်စရာကောင်းလျက် ဥပဒေများ၊ အစိုးရစည်းမျဉ်းများကို ဖောက်ဖျက်ပြီး ရာဇဝတ်မှုများကိုပင် ကျူးလွန်လိုစိတ်ရှိကြသည်။ ဤအရာအားလုံးမှာ သူတို့ တတ်စွမ်းနိုင်သော အရာများဖြစ်၏။ ဤသည်မှာ စာတန်၏စခန်းတွင် မှောင်မိုက်ပြီး ဆိုးယုတ်သည့်ပုံဖြစ်သည်။ ယခုအခါ ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ရန်၊ လူတို့အား သမ္မာတရားကို လက်ခံဖို့၊ သမ္မာတရားကို နားလည်ပြီးလျှင် စာတန်၏ အနှောင်အဖွဲ့နှင့် အာဏာမှ လွတ်မြောက်ဖို့ အခွင့်ပေးရန် ကြွလာခဲ့ပြီးဖြစ်သည်။ အကယ်၍ သင်တို့သည် သမ္မာတရားကို လက်မခံ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေသေးသည် မဟုတ်လော။ ထိုကိစ္စတွင် သင်တို့၏ လက်ရှိအခြေအနေနှင့် နတ်ဆိုးများနှင့် စာတန်တို့၏ အခြေအနေက ဘာကွာခြားသနည်း။ သင်တို့သည် ဘာသာတရားမရှိသူများ ယှဉ်ပြိုင်ကြသည့်အတိုင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ သင်တို့သည် ဘာသာတရားမရှိသူများ တိုက်ခိုက်သကဲ့သို့ပင် တိုက်ခိုက်ကြမည် ဖြစ်သည်။ နံနက်မှ ညတိုင်အောင် သင်တို့သည် လျှို့ဝှက်ကြံစည်၊ လုပ်ကြံပြီး မနာလိုကာ ငြင်းခုံပွဲများ၌ ပါဝင်ကြမည် ဖြစ်သည်။ ဤပြဿနာ၏ အရင်းအမြစ်ကား အဘယ်နည်း။ ယင်းမှာ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကြီးစိုးမှုမှာ စာတန်၏ ကြီးစိုးမှုပင် ဖြစ်သည်။ ဖောက်ပြန်ဖျက်ဆီးခံရသော လူသားမျိုးနွယ်က ဆိုးယုတ်သော စိတ်သဘောထားအတွင်း၌ နေထိုင်ပြီး မည်သူမျှ မလွတ်ကင်းပေ။ ထို့ကြောင့် သင်သည် တန်ခိုးအာဏာနှင့် အကျိုးအမြတ်ရအောင် ကြိုးပမ်းမှုများထဲ ပါဝင်ဖို့အတွက် ကောင်းမြတ်လွန်းသည်၊ နှိမ့်ချလွန်းသည်၊ သို့မဟုတ် ရိုးသားလွန်းသည်ဟု မထင်မှတ်သင့်ချေ။ အကယ်၍ သမ္မာတရားကို နားမလည်၊ ဘုရားသခင်၏ ဦးဆောင်မှုကို မခံရပါက သင်သည် ခြွင်းချက်မဟုတ်သည်မှာ အသေအချာဖြစ်ပြီး သင်၏ ရိုးဖြောင့်မှု၊ သို့မဟုတ် ကြင်နာမှုကြောင့်ဖြစ်စေ၊ သင်၏ ငယ်ရွယ်မှုကြောင့်ဖြစ်စေ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်ခြင်းမှ ရှောင်ကြဉ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။ အမှန်တွင် သင့်ထံတွင် အခွင့်အလမ်းနှင့် အခြေအနေများ ခွင့်ပြုချက်ရှိသရွေ့ သင်သည်လည်း ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရှာဖွေမည်ဖြစ်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အမိအရယူခြင်းသည် စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝရှိသည့် လူသားတို့၏ အပြုအမူလက္ခဏာ ဖြစ်သည်။ မည်သူမျှ မကင်းလွတ်ချေ။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အသက်ရှင်ကြပြီး ၎င်းတို့သည် ဤအရာများအတွက် ကြိုးပမ်းရာတွင် မည်သည့်အဖိုးအခကိုမဆို ပေးကြမည်ဖြစ်သည်။ စာတန်၏အာဏာအောက်တွင် နေထိုင်သူအားလုံးသည်လည်း ထိုနည်းတူဖြစ်၏။ ထို့ကြောင့် သမ္မာတရားကို လက်မခံသော သို့မဟုတ် နားမလည်သောသူ၊ စည်းမျဉ်းများအတိုင်း မလုပ်ဆောင်နိုင်သောသူသည် စာတန်ဆန်သော စိတ်သဘောထားများ အလယ်တွင် အသက်ရှင်နေသူတစ်ဦး ဖြစ်သည်။ စာတန်ဆန်သော စိတ်သဘောထားသည် သင်၏အတွေးအမြင်များကို လွှမ်းမိုးထားပြီးသားဖြစ်ကာ သင်၏အမူအကျင့်ကို ထိန်းချုပ်ထားပြီးသားဖြစ်၏။ စာတန်သည် သင့်အား သူ၏ထိန်းချုပ်မှုနှင့် ချုပ်နှောင်မှုအောက်တွင် လုံးလုံးလျားလျား ရရှိထားပြီး အကယ်၍ သင်သည် သမ္မာတရားကို လက်မခံဘဲ စာတန်ကို မပုန်ကန်ပါက သင်သည် ရုန်းထွက်လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ယခုတွင် သင်သည် ဘုရားအိမ်တော်ထဲ၌ မိမိတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သောအခါ အတော်ပင် ကျိုးနွံနာခံတတ်သည်၊ အတော်ပင် ဒူပေနာပေခံနိုင်သော စိတ်နှလုံးရှိသည်၊ အတော်ပင် လေးနက်တည်ကြည်သည်၊ တာဝန်သိစိတ်တစ်ခုရှိသည်၊ သင့်ကိုယ်ပိုင် အဆင့်အတန်းအတွက် အလေးထားမှုကို ဘေးဖယ်ထားနိုင်သည်၊ ပြိုင်ဆိုင်မှုကို ယေဘုယျအားဖြင့် တွန်းလှန်နိုင်သည်၊ အခြားသူများကို လိုက်လျောပေးနိုင်စွမ်း ရှိသည်၊ အခြားသူများနှင့် လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက်နိုင်ပြီးလျှင် သင်နားမလည်သော အရာများကို တွေ့ကြုံသည့်အခါတွင် ရှာဖွေလျက် စောင့်မျှော်နိုင်ကြသည်။ ဤစိတ်သဘောထားနှင့် အပြုအမူကို သင်မည်သို့ရရှိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်၏ ပံ့ပိုးပေးမှု၊ လမ်းညွှန်မှု၊ ရေလောင်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင် မိန့်မြွက်ထားသော နှုတ်ကပတ်တော်များစွာ၏ ရလဒ်ဖြစ်သည်။ သို့မဟုတ်ပါက လူတစ်ယောက်တွင် အစွမ်းအစကောင်းများ ရှိလင့်ကစား သူသည် သမ္မာတရားကို မတွေ့ရှိနိုင်ချေ သို့မဟုတ် နားလည်းမလည်နိုင်ချေ။ အကယ်၍ ဘုရားသခင်သည် ဤသမ္မာတရားများကို ဖော်ပြရန် ကြွမလာခဲ့ပါက လူတို့သည် သမ္မာတရားကို မည်သည့်နေရာတွင် သွား၍ရှာတွေ့ကြမည်နည်း။ လူတို့သည် ကလေးဘဝကတည်းက ပညာရေးကိုရရှိပြီး နှစ်ပေါင်းများစွာ ကျောင်းတက်ခဲ့ကြသော်လည်း သမ္မာတရားကို သင်ယူခဲ့ကြသလော။ လုံးဝပင် မသင်ယူခဲ့ချေ။ လူတို့သည် ထင်ရှားကျော်ကြားသူများနှင့် ကြီးမြတ်သောပုဂ္ဂိုလ်များကို ကြည်ညိုပြီး ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို အမွှမ်းတင်သော်လည်း သမ္မာတရားကို သင်ယူခဲ့ကြသလော။ မသင်ယူခဲ့ကြပေ။ စာအုပ်ပေါင်းများစွာကို ဖတ်ပြီးသည့်တိုင် သမ္မာတရားကို မသင်ယူမိခဲ့ဖူးကြပေ။ အမှန်အားဖြင့် လောက၌ သမ္မာတရားဟူသည် လုံးဝမရှိပေ။ ဘုရားသခင် ကြွလာပြီး သမ္မာတရားနှင့် ထာဝရအသက်လမ်းခရီးကို ယူဆောင်လာကာ နှစ်ပေါင်းများစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုကြပြီးနောက်မှသာ လူတို့သည် သမ္မာတရားကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိကြသည်။ ထိုမှသာ သမ္မာတရား၏ တန်ဖိုးနှင့် အဖိုးထိုက်မှုကို သိနားလည်ကြသည်။ ဤအချိန်တွင် လူတို့သည် အတိတ်ကာလ၌ ၎င်းတို့၏ စကားလုံးများ၊ လုပ်ဆောင်ချက်များနှင့် ပြုမူနေထိုင်ခြင်းတို့သည် စိတ်ကူးစိတ်သန်းများ၊ အယူအဆများနှင့် လူ့အသိပညာတို့အပေါ် အခြေခံခဲ့ကြောင်း အသိအမှတ်ပြုလာကြသည်။ ဤအရာများမှလွဲ၍ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ တွန်းအားပေးခြင်းခံခဲ့ရသည်။ လူတို့ စိတ်နှလုံးကို ပြည့်နှက်စေသည့် အယူအဆများ၊ လူ့အသိပညာနှင့် စိတ်ကူးစိတ်သန်းများမှာ သမ္မာတရား မဟုတ်ချေ။ ထို့ကြောင့် လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သွင်ပြင်လက္ခဏာ အမျိုးမျိုးအတိုင်း အသက်ရှင်နေထိုင်တတ်ကြသည်။ သူတို့သည် ၎င်းတို့ ဆန္ဒရှိလျှင်ပင် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ခြင်း မရှိ၊ သို့မဟုတ် လိမ်ညာခြင်းမှ မရှောင်ကြဉ်နိုင်ဘဲ ၎င်းတို့အနေဖြင့် ကောင်းမှုအနည်းငယ် ပြုရန်ပင် ခက်ခဲသည်။ စာတန်၏ စိတ်သဘောထားနှင့်အညီ အသက်ရှင်သူများသည် စာတန်၏ပုံသဏ္ဌာန်ကို ပင်ကိုအားဖြင့် ထင်ရှားစေကြသည်။ သူတို့၏ စကားလုံးများ၊ လုပ်ရပ်များနှင့် အပြုအမူအားလုံးကို စာတန်၏ စိတ်သဘောထားက လွှမ်းမိုးထားပြီး ၎င်းတို့ထဲမှ တစ်ဦးကမျှ ယင်းမှနေ၍ မလွတ်မြောက်နိုင်ပေ။ အကယ်၍ သင်တို့သည် ဤအချက်ကို အသိအမှတ်ပြုနိုင်လျှင် သင်၏တာဝန်ကို ထမ်းဆောင်စဉ်တွင် သင်သည် ရလဒ်အချို့ကို ရရှိသည်ဖြစ်စေ၊ ပံ့ပိုးကူညီမှုအချို့ကို ပြုလုပ်သည်ဖြစ်စေ၊ အပြုအမူကောင်းပြသခြင်း သို့မဟုတ် အပြောင်းအလဲအချို့ကို တွေ့ကြုံခံစားရခြင်းဖြစ်စေ သင့်တွင် မည်သည့်တွေးခေါ်မှုပုံစံမျိုး ရှိသင့်သနည်း။ (ဘုရားသခင်ကို ကျေးဇူးတင်တတ်ခြင်းမျိုးပင်။) သင်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပေသည်။ ဘုန်းအသရေရှိသမျှကို ဘုရားသခင်ပိုင်၏။ ဤအရာကိုပြုသူသည် ဘုရားသခင်ဖြစ်၍ လူတို့၌ ဝါကြွားစရာအကြောင်းမရှိ။ လူတစ်ယောက်ချင်းစီ၌ မတူညီသော ပင်ကိုစွမ်းရည်များ ရှိကြသည်။ ဥပမာအားဖြင့် အချို့သောလူများသည် ဂီတ၏ စည်းချက်နှင့် တေးသွားကို အလိုအလျောက် ခံစားနားလည်ကြပြီး အချို့မှာ အကတွင် ထူးချွန်ကြသည်။ လူတို့ပိုင်ဆိုင်သည့် ပင်ကိုပါရမီများ ရှိစေကာမူ ယင်းတို့အားလုံးကို ဘုရားသခင် ပေးအပ်ထားခြင်းဖြစ်ပြီး လူများအတွက် ကြွားဝါစရာအကြောင်းမရှိပေ။ မိဘများကိုယ်တိုင်က ဤပါရမီများကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်မည် မဟုတ်သောကြောင့် ဤမွေးရာပါ ပါရမီများကို မိဘများထံမှ သေချာပေါက် မရရှိကြဘဲ အကယ်၍ သူတို့က ပိုင်ဆိုင်လျှင်ပင် မိမိတို့၏ ပါရမီများကို သားသမီးများကို မပေးနိုင်ချေ။ သားသမီးများက သဘာဝစွမ်းရည် ရှိမထားပါက မိဘများက သားသမီးများအား ပါရမီများကို သင်ပေး၍မရပေ။ ထို့ကြောင့် လူတို့ပိုင်ဆိုင်သော ပါရမီများနှင့် ဆုကျေးဇူးများသည် ၎င်းတို့၏ မိဘများနှင့် မသက်ဆိုင်ချေ။ ဤပါရမီများသည် သင်ယူမှုမှ ရရှိနိုင်သောအရာ လုံးဝ မဟုတ်ပေ။ လူတို့၏မွေးရာပါ ဆုကျေးဇူးများနှင့် စွမ်းရည်များကို ဘုရားသခင် အပ်နှင်းထားခြင်းဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်က ရှေးယခင်ကတည်းက ကြိုတင်သတ်မှတ်ထားခဲ့သည်။ ဘုရားသခင်က သင့်အား တုံးအအောင်ပြုပါက သင်၏တုံးအမှု၌ အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ သူက သင့်အား ထက်မြက်အောင်ပြုပါက သင်၏ထက်မြက်မှု၌ အဓိပ္ပာယ်ရှိ၏။ ဘုရားသခင်က သင့်အား မည်သည့်စွမ်းရည်များကိုမဆို ပေးပါစေ၊ သင်၏အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သင်၏ဉာဏ်ရည်ဉာဏ်ကဲက မည်မျှမြင့်မားပါစေ ယင်းတို့အားလုံးသည် ဘုရားသခင်အတွက် ရည်ရွယ်ချက် တစ်ခုရှိလေသည်။ ဤအရာများအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ သင်၏ ဘဝတွင် သင်ပါဝင်လုပ်ဆောင်ရသောနေရာနှင့် သင်ထမ်းဆောင်သောတာဝန်တို့ကို ရှေးယခင်ကတည်းက ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ အချို့သောလူတို့သည် ၎င်းတို့မပိုင်ဆိုင်သော အားသာချက်များကို အခြားလူများက ပိုင်ဆိုင်သည်ကိုမြင်ပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍ကြည့်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့သော် ၎င်းတို့၏ လုံ့လဝီရိယက စွမ်းဆောင်ရရှိနိုင်သည့်အရာတွင် အကန့်အသတ်ရှိသည်။ ၎င်းတို့သည် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများ ရှိသည့်လူတို့ကို မကျော်နိုင်ပေ။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ အသုံးမဝင်ပေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က ချမှတ်ပြီးဖြစ်သည်။ ယင်းကိုပြောင်းလဲရန် မည်သူကမျှ လုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သင်သည် မည်သည့်အရာ၌ တော်ပါစေ ယင်းသည် သင်အားထုတ်ကြိုးပမ်းသင့်သည့် နေရာဖြစ်သည်။ သင်နှင့် သင့်တော်သည့် မည်သည့်တာဝန်မဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုအပိုင်းအခြား၏ ပြင်ပနယ်ပယ်များကို အတင်းလုပ်ဆောင်ရန် မကြိုးစားနှင့်၊ အခြားသူများကို အားမကျနှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ အခြားလူများကို လူစားထိုးပြီး သင့်ကိုယ်သင် အများမြင်အောင် ပြသဖို့အတွက် အစဉ်ဆန္ဒရှိလျက် သင်သည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်နိုင်သည်၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ ပြည့်စုံသည်၊ သို့မဟုတ် တော်သည်ဟု မထင်နှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ကျွမ်းကျင်မှုလုံးဝမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက သင်သည် လက်တွေ့ကျကျ နားထောင်ကာ ကျိုးနွံနာခံသည့်သူသာ ဖြစ်လော့။ သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။ လူတိုင်းအား ကျော်လွန်ရန်၊ သူတစ်ပါးတို့ထက် အရာရာတိုင်းကို ပိုကောင်းအောင် လုပ်ဆောင်ရန်၊ အဘက်ဘက်တွင် ထင်ပေါ်ရန် အစဉ် မစဉ်းစားနှင့်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။) လူတို့သည် မာနထောင်လွှားသော စိတ်သဘောထားကို အစဉ်ပိုင်ဆိုင်ကြပြီး ၎င်းတို့သည် သမ္မာတရားအတွက် ကြိုးပမ်းပြီး ဘုရားသခင်ကို ကျေနပ်စေလိုလျှင်ပင် စံမမီကြပေ။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်ခြင်းခံရခြင်းသည် လူတို့ကို လမ်းလွဲနိုင်ဖွယ်အရှိဆုံး ဖြစ်စေသည်။ ဥပမာအနေဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များအစား မိမိတို့၏ ရည်ရွယ်ချက်ကောင်းများကို ဖော်ပြခြင်းအားဖြင့် အစဉ် ကြွားဝါလိုသည့်လူအချို့ရှိသည်။ ဘုရားသခင်သည် ထိုသို့သော ရည်ရွယ်ချက်ကောင်းများ ဖော်ပြခြင်းမျိုးကို အသိအမှတ်ပြုမည်လော။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရှိဖို့ဟူသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လိုက်နာရမည်။ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံရမည်ဖြစ်သည်။ ရည်ရွယ်ချက်ကောင်းများကို ဖော်ပြသည့်လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရမည့်အစား လှည့်ကွက်အသစ်များကို လုပ်ဖို့ အစဉ်ကြိုးစားနေပြီး မြင့်မြတ်သည့် လေသံပေါက်သော စကားလုံးများကို ပြောနေကြသည်။ ဤနည်းဖြင့် အလေးထားဖို့ သင့်ကို ဘုရားသခင်က မတောင်းဆိုပါ။ ဤသည်မှာ မိမိတို့ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်ဟု လူအချို့က ဆိုကြသည်။ ယှဉ်ပြိုင်ခြင်းသည် ယင်းကိုယ်၌က အပျက်သဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ယင်းသည် စာတန်၏ မာနထောင်လွှားသော စိတ်သဘောထား ထုတ်ဖော်ပြချက်၊ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင့်တွင် ထိုကဲ့သို့သော စိတ်သဘောထားတစ်ခု ရှိသောအခါ သင်သည် သူတစ်ပါးတို့ကို ဖိနှိပ်ရန် အစဉ်ကြိုးစားနေသည်၊ ၎င်းတို့ထက် သာရန် အစဉ်ကြိုးစားနေသည်၊ ဖြတ်စားလျှပ်စား အစဉ်လုပ်နေသည်၊ လူတို့ထံမှ ရယူရန် အစဉ်ကြိုးစားနေသည်။ သင်သည် အလွန်အမင်း မနာလိုဖြစ်သည်၊ မည်သူ့ကိုမျှ အလျှော့မပေး၊ ထို့ပြင် လူပုံအလယ်၌ မိမိကိုယ်ကို သိသာထင်ရှားစေရန် အစဉ်ကြိုးစားနေသည်။ ဤသည်မှာ ပြဿနာသဘောသက်ရောက်သည်။ ဤသည်မှာ စာတန်လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ သင်သည် ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ရှိသော ဖန်ဆင်းခံတစ်ယောက် အမှန်တကယ် ဖြစ်လိုလျှင် သင်၏ ကိုယ်ပိုင်အိပ်မက်များ နောက်သို့မလိုက်နှင့်။ သင်၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် သင့်ကိုယ်သင်ထက် ပို၍ သာလွန်ပြီး စွမ်းဆောင်နိုင်အောင် ကြိုးစားခြင်းသည် မကောင်းပေ။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် သင်ယူသင့်ကာ လူသားတစ်ဦးယူသင့်သည့် နေရာကို စွဲမြဲစွာနေသင့်သည်။ ဤသည်ကသာ ဆင်ခြင်တုံတရားရှိခြင်း၏ သရုပ်ဖော်ချက်တစ်ခုဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။