ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ (အပိုင်း နှစ်)
ပြုမူနေထိုင်ခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ ပြုမူဆောင်ရွက်သင့်သည်။ သင့်အတွက် သင့်တော်သော နေရာကို ရှာဖွေသင့်သည်။ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ ဤသည်ကသာ ဆင်ခြင်တုံတရား ရှိသောသူဖြစ်သည်။ ဥပမာအားဖြင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုခုတွင် ကျွမ်းကျင်ပြီး အခြေခံသဘောတရားများကို နားလည်သဘောပေါက်သူများ ရှိကြသည်၊ ၎င်းတို့သည် တာဝန်ကို ယူဆောင်သင့်ပြီး ထိုနယ်ပယ်၌ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ စိတ်ကူးများနှင့် အသိအမြင်များကို ပေးနိုင်ပြီး အခြားလူများကို လှုံ့ဆော်ပေးပြီး ၎င်းတို့၏ တာဝန်များကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီပေးသည့်လူများရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် စိတ်ကူးများကို ထောက်ပံ့ပေး သင့်သည်။ သင့်အတွက် သင့်တော်သည့် နေရာကို သင် ရှာဖွေနိုင်ပြီး သင်၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်အောင် သင် အလုပ်လုပ်နိုင်ပါက သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင်၏ နေရာအတိုင်း ကျင့်ကြံပြုမူခြင်းဟု ဆိုလိုသည့်အရာဖြစ်သည်။ အစကနဦးတွင် သင်သည် စိတ်ကူးတချို့ကိုသာ ပေးကောင်းပေးနိုင်မည် ဖြစ်သော်လည်း အကယ်၍ သင်သည် အခြားတစ်ခုခုကို ပေးရန်ကြိုးစားပြီး ထိုသို့လုပ်ဆောင်ရန် သင်သည် အလွန်ကြိုးစား လုပ်ဆောင်သော်လည်း မလုပ်ဆောင်နိုင်သေးဘဲ ဇာတ်သိမ်းလျက်၊ ထို့နောက်တွင် အခြားသူများက ထိုအရာများကို ထောက်ပံ့ပေးသောအခါ၊ သင်သည် သက်သောင့်သက်သာမဖြစ်တော့ဘဲ နားထောင်ဖို့လည်း ဆန္ဒမရှိကာ သင်၏ စိတ်နှလုံးသည် နာကျင်ပြီး ဘောင်ခတ်ခြင်းခံရသည်၊ ပြီးလျှင် ဘုရားသခင်အကြောင်းကို စောဒကတက်ပြီး ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောပါက ဤအရာသည် ရည်မှန်းချက်ဖြစ်သည်။ လူတစ်ယောက်တွင် ရည်မှန်းချက် ဖြစ်ပေါ်စေသည်မှာ မည်သည့် စိတ်သဘောထားနည်း။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ရည်မှန်းချက် ဖြစ်ပေါ်စေသည်။ ဤအခြေအနေများသည် သင်တို့ထဲ၌ သေချာပေါက် အချိန်မရွေး ပေါ်ပေါက်လာနိုင်ပြီး ၎င်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို သင်တို့ မရှာဖွေဘဲ အသက်တာ ဝင်ရောက်မှု မရှိကာ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း ပြောင်းလဲ၍မရနိုင်ပါက သင်တို့၏ တာဝန်များကို သင်တို့ ထမ်းဆောင်ရာတွင် အသုံးပြုသည့် အရည်အချင်း အတိုင်းအတာနှင့် စင်ကြယ်ခြင်းတို့သည် နိမ့်ကျပေလိမ့်မည်။ ပြီးလျှင် ရလဒ်များကလည်း အလွန်ကောင်းမည် မဟုတ်ပေ။ ဤသည်မှာ သင့်တာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ထံမှ ဂုဏ်ကျက်သရေကို မရရှိဟု ဆိုလိုသည်။ ဘုရားသခင်သည် လူတိုင်းအား မတူညီသော စွမ်းပကားများနှင့် ဆုကျေးဇူးများပေးပြီးဖြစ်သည်။ လူအချို့က နယ်ပယ် နှစ်ခု သုံးခုတွင် စွမ်းပကားများ ရှိကြသည်၊ အချို့က နယ်ပယ် တစ်ခုတွင် စွမ်းပကားရှိပြီး အချို့က စွမ်းပကားလုံးဝ မရှိကြပေ။ သင်တို့သည် ဤအရေးကိစ္စများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါက၊ သင်သည် အသိတရားရှိလေသည်။ အသိတရားရှိသည့် လူတစ်ဦးသည် ၎င်းတို့၏ နေရာကို ရှာတွေ့နိုင်မည်။ ၎င်းတို့၏ နေရာအတိုင်း ပြုမူနေထိုင်နိုင်ပြီး ၎င်းတို့၏ တာဝန်များကိုလည်း ကောင်းစွာ ထမ်းဆောင်နိုင်သည်။ မိမိ၏ နေရာကို လုံးဝ ရှာမတွေ့နိုင်သောသူသည် အစဉ်သဖြင့် ရည်မှန်းချက် ရှိသောသူဖြစ်သည်။ သူသည် အစဉ်သဖြင့် ဂုဏ်အဆင့်အတန်းနှင့် အကျိုးအမြတ်နောက်သို့ လိုက်သည်။ ရှိသည့်အရာဖြင့် မည်သည့်အခါမျှ သူ မကျေနပ်ပေ။ အကျိုးအမြတ် ပိုရရှိရန်အတွက် ရနိုင်သမျှကို ယူရန် သူကြိုးစားသည်။ သူ၏ လွန်ကျူးသော ဆန္ဒများကို ဖြည့်ဆည်းရန် အစဉ် မျှော်လင့်သည်။ ဆုကျေးဇူးရှိပြီး မိမိ၏ ကောင်းမွန်သောအစွမ်းအစရှိလျှင် ဘုရားကျေးဇူးတော်ကို ပို၍ ခံစားသင့်သည်၊ လွန်ကျူးသော ဆန္ဒအချို့ရှိခြင်းက အမှားမဟုတ်ဟု သူထင်သည်။ ဤသို့သောလူစားမျိုးသည် ဆင်ခြင်တုံတရားရှိသလော။ လွန်ကျူးသော ဆန္ဒများအစဉ်ရှိခြင်းမှာ အရှက်မဲ့သည် မဟုတ်လော။ အရှက်မဲ့သည်ကို အသိတရားနှင့် ဆင်ခြင်တုံတရားရှိသောလူများက ခံစားနိုင်သည်။ သမ္မာတရားကို နားလည်သောသူများသည် ဤမိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန် သင်၏တာဝန်ကို သစ္စာစောင့်သိလျက် ကောင်းမွန်စွာ ထမ်းဆောင်ဖို့ မျှော်လင့်လျှင် ဤသည်မှာ လွန်ကျူးသော ဆန္ဒမဟုတ်ပေ။ ပုံမှန် လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသည်။ ဤအရာက ဘုရားသခင်ကို ပျော်ရွှင်စေသည်။ သင်၏တာဝန်ကို အမှန်ပင် ကောင်းစွာထမ်းဆောင်လိုလျှင် ရှေးဦးစွာ သင့်အတွက် သင့်တော်သော နေရာကို ရှာရမည်ဖြစ်ပြီး ထို့နောက်တွင် သင် လုပ်ဆောင်နိုင်သမျှကို သင်၏ စိတ်နှလုံး အကြွင်းမဲ့ရှိသမျှနှင့်၊ ဉာဏ်ရှိသမျှနှင့် အစွမ်းသတ္တိ ရှိသမျှနှင့် လုပ်ဆောင်ပြီး သင်တတ်နိုင်သမျှ လုပ်ဆောင်လော့။ ဤသည်မှာ အရည်အချင်းပြည့်မီပြီး ထိုကဲ့သို့သော တာဝန်ထမ်းဆောင်မှုတွင် စင်ကြယ်မှု အတိုင်းအတာတစ်ခု ရှိသည်။ ဤသည်မှာ စစ်မှန်သော ဖန်ဆင်းခံ တစ်ယောက် လုပ်သင့်သည့်အရာ ဖြစ်သည်။ ပထမဦးစွာ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်သည် အဘယ်ဖြစ်သည်ကို သင် နားလည်ရမည်။ ပုံမှန် ဖန်ဆင်းခံတစ်ယောက်သည် အာဂလူ တစ်ယောက် မဟုတ်ဘဲ ကမ္ဘာမြေပေါ်တွင် တည်ငြိမ်သောပုံစံဖြင့် အသက်ရှင် နေထိုင်သူတစ်ယောက် ဖြစ်သည်။ သူတို့သည် သာမန်ထက် လွန်ကဲခြင်း လုံးဝ မရှိသည့်အပြင် ထူးခြားခြင်း စိုးစဉ်းမျှမရှိဘဲ သာမန်လူတစ်ဦးနှင့် တူညီပေသည်။ အခြားသူများထက် အမြဲသာလွန်ဖို့၊ အခြားသူများထက် အဆင့်အတန်းရှိဖို့ သင် အစဉ်သဖြင့် ဆန္ဒရှိပါက သင်သည် စာတန်၏ မာနထောင်လွှားသော စိတ်သဘောထားဖြင့် စိုးမိုးခြင်းခံရပြီး ယင်းမှာ သင်၏ ရည်မှန်းချက်က ဖြစ်ပွားစေသော ထင်ယောင်ထင်မှားဖြစ်ခြင်းတစ်ခု ဖြစ်လေသည်။ အမှန်မှာမူ ဤအရာကို သင် မရရှိနိုင်ဘဲ၊ သင့်အတွက် ထိုသို့လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ချေ။ ဘုရားသခင်က သင့်အား ထိုသို့သော ပါရမီ သို့မဟုတ် ကျွမ်းကျင်မှုတို့ကို မပေးခဲ့သကဲ့သို့၊ ထိုသို့သော အနှစ်သာရတစ်ခုကိုလည်း သူက သင့်အား မပေးခဲ့ချေ။ သင်သည် အခြားသူများနှင့် လုံးလုံး ကွဲပြားခြားနားခြင်း မရှိဘဲ သာမန်လူသားမျိုးနွယ်ဝင် တစ်ဦးဖြစ်သည်ကို မမေ့နှင့်။ သင်၏ အသွင်အပြင်၊ မိသားစုနှင့် သင်မွေးဖွားရာ နောက်ကြောင်းရာဇဝင်တို့က ကွဲပြားကောင်း ကွဲပြားနိုင်ပြီး သင်၏ စွမ်းပကားများနှင့် ဆုကျေးဇူးများတွင် ကွဲပြားခြားနားမှု တစ်ခုခု ရှိကောင်း ရှိနေနိုင်ခြင်းသာ ဖြစ်လေသည်။ သို့ရာတွင် ဤအချက်ကို မမေ့လေနှင့်။ သင်သည် မည်မျှပင် ထူးခြားနေပါစေ၊ ဤသေးငယ်သော နည်းလမ်းများနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၌သာလျှင် အခြားသူများနှင့် တထေရာတည်းဖြစ်သည်၊ သင်၌ ရှိသင့်သည့် စိတ်နေစိတ်ထားနှင့် သင်၏တာဝန် ထမ်းဆောင်ခြင်းတွင် လိုက်နာရမည့် အခြေခံ သဘောတရားများ သည် အခြားသူများနှင့် ချွတ်စွပ်တူသည်။ ၎င်းတို့၏ ခွန်အားများနှင့် ဆုကျေးဇူးများတွင်မျှသာ လူများသည် ကွဲပြားကြလေသည်။ အသင်းတော်တွင် လူအချို့က ဂစ်တာတီးနိုင်သည်၊ အချို့က အားဟူကိုတီးနိုင်ပြီး အချို့မှာ ဒရမ်တီးနိုင်သည်။ အကယ်၍ သင်သည် ဤနယ်ပယ်များထဲမှ တစ်ခုခုကို စိတ်ဝင်စားပါက သင်ယူနိုင်သည်။ သတ်သတ်မှတ်မှတ်ရှိသော မည်သည့် ကျွမ်းကျင်မှု သို့မဟုတ် နည်းပညာကိုမဆို သင်ယူရသည်ကို နှစ်သက်ပြီး ကျွမ်းကျင်ပါက သင်ယူနိုင်သည်။ သင်သည် ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူပြီးသည်နှင့် လူတို့ကို နှစ်သက်စေရုံသာမက ဘုရားသခင်ကို နှစ်သက်စေမည့် နောက်ထပ်တာဝန်တစ်ခုကို ထမ်းဆောင်ရန် ယင်းကို သင်အသုံးပြုနိုင်သည်။ စွမ်းရည်များ ပိုမိုရရှိပြီး ဘုရားအိမ်တော်၏ အလုပ်၌ ပိုမိုပံ့ပိုးကူညီရခြင်းသည် မင်္ဂလာအရှိဆုံးအရာဖြစ်သည်။ လူတစ်ဦးသည် ငယ်ရွယ်ပြီး မှတ်ဉာဏ်ကောင်းနေချိန်တွင် အသစ်သောအရာများကို သင်ယူရာ၌ အမှားမရှိချေ။ ဤအရာ၌ အကျိုးကျေးဇူးသာ ရှိပြီး ထိခိုက်နစ်နာခြင်းမရှိပေ။ ယင်းသည် တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးကျေးဇူးရှိသည်။ မိမိ၏တာဝန်ကို ထမ်းဆောင်နေစဉ် အမျိုးမျိုးသော အသစ်အဆန်းများကို သင်ယူခြင်းအပေါ် အာရုံစူးစိုက်ခြင်းသည် လုံ့လဝီရိယရှိပြီး တာဝန်ရှိလေသည်။ ထိုသူတို့သည် အလုပ်၌ နှစ်မြှုပ်မထားသော သူများထက် များစွာသာလွန်သည်။ သို့သော်လည်း သင်သည် တစ်ခုခုကို အချိန်အတော်ကြာ လေ့လာနေပြီး နားမလည်သေးပါက သင်သည် ထိုနယ်ပယ်တွင် အစွမ်းအစမရှိကြောင်း ညွှန်ပြနေသည်။ ကောင်းစွာ ကခုန်နိုင်သော်လည်း သီချင်းဆိုလျှင် ကီးကြောင်သော သို့မဟုတ် တေးဂီတအရည်အသွေး ကင်းမဲ့သော လူအချို့ကဲ့သို့ပင် ယင်းသည် မွေးရာပါဖြစ်ပြီး ပြောင်းလဲ၍မရပါ။ ထိုအခြေအနေမျိုးကို မှန်ကန်သော စိတ်သဘောထားဖြင့် ဖြေရှင်းသင့်သည်။ သင်ကနိုင်လျှင် ကောင်းစွာကလော့။ သင်သည် ဘုရားသခင်ကို ချီးမွမ်းလိုသော နှလုံးသားရှိပါက သီချင်းဆိုသောအခါ ကီးမမှန်လင့်ကစား ဘုရားသခင် ဂရုမစိုက်ပေ။ သင်သည် စိတ်နှလုံးထဲ၌ ပျော်ရွှင်မှုရှိနေသရွေ့ လုံလောက်ပေပြီ။ သင်၏ တစ်ကိုယ်ရေ စွမ်းပကားက မည်သည့်နေရာတွင် တည်ရှိပါစေ ယင်းကို သင်အသုံးချနိုင်လျှင် ကောင်းပေသည်။ သင်ထမ်းဆောင်သင့်သည့် တာဝန်ကို တာဝန်သိသိဖြင့် ထမ်းဆောင်လော့၊ ပြီးလျှင် ယင်းမှာ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ ပြုမူနေထိုင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။
မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကို စုံလင်သည် ခံ့ညားသည်၊ မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အထူးသီးသန့်ဖြစ်သည်ဟု အမြဲတမ်း တွေးထင်ခြင်းဟူသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့်အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်းဖြစ်သည့် ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများ၏ အားသာချက်များကို မိမိထက်ပို၍ မကျော်စေခြင်း သို့မဟုတ် မသာလွန်စေခြင်း ဖြစ်သည့် ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ ပိုကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ။ ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က အခြားသူများသည် မိမိတို့ထက် ပိုကောင်းသည်ကို တွေ့ရှိလာသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်။ ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ အမှားပြုပြင်မှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ သင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ သင်၏ ဂုဏ်သတင်းကို ကာကွယ်စေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ပေါ်ပေါက်စေနိုင်ပြီး သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ပေါ်ပေါက်စေသည်။ သင်တို့သည် ဤအသေးစိတ် အချက်အလက်များ အားလုံးကို နည်းနည်းချင်း ပိုမိုနက်ရှိုင်းစွာ တူးဆွရှာဖွေနိုင်ကာ ထိုးဖောက်ကျော်လွှားမှုများရှိပြီး ယင်းတို့ကို နားလည်သဘောပေါက်မှုတစ်ခု ရရှိနိုင်စွမ်းရှိပါက၊ ပြီးလျှင် ဤအတွေးအခေါ်များကို ဖြည်းဖြည်းချင်း ပုန်ကန်နိုင်စွမ်းရှိပြီး ဤမှားယွင်းသော အယူအဆများ၊ အမြင်များအပြင် အပြုအမူများကိုပင် ဖြည်းဖြည်းချင်း ပုန်ကန်နိုင်စွမ်းရှိကာ ၎င်းတို့အားဖြင့် ဘောင်ခတ်ခြင်း မခံရပါက၊ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေနိုင်ပြီး အခြေခံ သဘောတရားများအတိုင်း ပြုမူကာ သင် ထမ်းဆောင်နိုင်ပြီး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ပါက အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ ဤအရာက သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်မှုကို ဖြစ်ပေါ်စေသည်။ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက သင်သည် လူသားပုံသဏ္ဌာန်တစ်ခု ရှိပုံပေါ်လိမ့်မည်ဖြစ်ပြီး လူများက “ဒီလူက သူ့ရာထူးအဆင့်အတန်းအတိုင်း သူ့ကိုယ်သူ ပြုမူနေထိုင်ပြီး သူက သူ့ရဲ့ တာဝန်ကို စဉ်းစားချင့်ချိန်တတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ထမ်းဆောင်နေတယ်။ သူက သူ့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ သဘာဝကျတာ၊ တဇောက်ကန်းဖြစ်တာ၊ ဒါမှမဟုတ် သူ့ရဲ့ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတို့ပေါ်မှာ မှီခိုခြင်း မရှိဘူး။ သူက ထိန်းထိန်းသိမ်းသိမ်း ပြုမူတယ်၊ သူ့မှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးတစ်ခု ရှိတယ်၊ သူက သမ္မာတရားကို ချစ်စိတ်ရှိပြီး၊ သူကိုယ်တိုင်ရဲ့ ဇာတိပကတိနဲ့ သူ့ရဲ့ နှစ်သက်လိုလားမှုတွေကို သူပုန်ကန်ထားပြီးပြီလို့ သူ့ရဲ့ အပြုအမူနဲ့ အမူအရာတွေက ဖွင့်ပြနေတယ်” ဟု ပြောလိမ့်မည်။ ထိုနည်းလမ်းအတိုင်း ပြုမူနေထိုင်ခြင်းသည် ချီးကျူးဖွယ်ကောင်းလိုက်လေတကား။ သင်၏ အားနည်းချက်များကို အခြားသူများက တင်ပြလာသည့် အခါသမယများတွင် သင်သည် သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို လက်ခံနိုင်စွမ်း ရှိရုံသာမက အကောင်းမြင်ကာ သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို ဣန္ဒြေဖြင့် ရင်ဆိုင်နိုင်လေသည်။ သင်၏ စိတ်အခြေအနေသည် အစွန်းရောက်မှုများ၊ တဇောက်ကန်းဖြစ်ခြင်းများ ကင်းဝေးလျက် အတော်အတန် ပုံမှန်ဖြစ်လေသည်။ ဤသည်မှာ လူသားပုံသဏ္ဌာန် တစ်ခုရှိခြင်း ဆိုသည့်အရာ မဟုတ်လော။ ထိုကဲ့သို့သော လူများသာလျှင် ဆင်ခြင်တုံတရားရှိလေသည်။
လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။ စာတန်ဆန်သော အစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် အမှောင်ထဲတွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ထိုသူတို့ကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မမှားနိုင်ကြောင်းပြောလျက် မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန့်သဘာဝ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့ကို မမြင်အောင် သူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သတိပြုမိရန် အခက်ခဲဆုံးဖြစ်သည်။ သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို သတိပြုမိခြင်းသည် လွယ်ကူသော်လည်း သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိခြင်းက မလွယ်ကူချေ။ မိမိတို့ကိုယ်ကို မသိကြသောလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများအကြောင်း မည်သည့်အခါမျှ မပြောကြပေ။ ၎င်းတို့သည် အဆင်ပြေနေသည်ဟု အစဉ် တွေးထင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ကိုယ်တိုင်သတိမပြုမိဘဲ စတင် ကြွားလုံးထုတ်ကြသည်။ “ကျွန်ုပ်၏ယုံကြည်ခြင်း နှစ်များတစ်လျှောက်လုံး များပြားလှသော ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး များပြားလှသော ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသည်။ ယင်းတို့အားလုံးကို ကျွန်ုပ် မည်သို့အောင်မြင်ကျော်လွှားခဲ့သည်ကို သင်တို့သိကြသလော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုလော။ မိမိတို့ကိုယ်ကို ပြသခြင်း၏ နောက်ကွယ်မှ အရင်းခံအကြောင်းသည် အဘယ်နည်း။ (လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့ ဖြစ်သည်။) လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ထိုသို့သောလူများ၏ စိတ်များထဲတွင် ဂုဏ်အဆင့်အတန်း ပေးအပ်ခံရဖို့ဖြစ်သည်။) အခြားလူတစ်ဦး၏ စိတ်ထဲတွင် သင့်ကို ဂုဏ်အဆင့်အတန်း ပေးအပ်သည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်။ ၎င်းတို့သည် သင့်အပေါ် အစဉ် ကြည်ညိုလေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ ၎င်းတို့က သင့်အား အလျှော့ပေးကြပြီး သင့်အား မြှောက်ပင့်ကာ နာခံကြသည်။ အရာရာတွင် ၎င်းတို့က သင့်အား ရှာဖွေပြီး သင့်အား ဆုံးဖြတ်ချက်များ ချခွင့်ပြုကြသည်။ ပြီးလျှင် ဤအရာမှ သင်သည် သာယာကြည်နူးစိတ်ကို ရရှိသည်။ သင်သည် ပို၍ ဩဇာကြီးမားပြီး အခြားလူတိုင်းထက် ပိုသာသည်ဟု ခံစားရသည်။ လူတိုင်းက ဤခံစားချက်ကို နှစ်သက်ကြသည်။ ဤသည်မှာ လူတစ်ဦး၏စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိခြင်း ခံစားချက်ဖြစ်သည်။ လူများက ဤအရာတွင် စိတ်အလိုလိုက်လိုကြသည်။ ဤသည်မှာ လူများက အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည့် အကြောင်းအရင်းဖြစ်ပြီး အားလုံးသည် အခြားလူများ၏ စိတ်နှလုံးထဲတွင် အဆင့်အတန်း ပေးအပ်ခံလိုကြသည်။ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံလိုကြသည်။ ၎င်းတို့သည် ယင်းမှ ထိုမျှပျော်ရွှင်မှုကို မရရှိနိုင်လျှင် အဆင့်အတန်းကို လိုက်စားကြမည် မဟုတ်ချေ။ ဥပမာအားဖြင့် သင်သည် လူတစ်ဦး၏ စိတ်ထဲတွင် အဆင့်အတန်း မရှိလျှင် ၎င်းတို့သည် သင့်ကို အဆင့်အတန်းတစ်ပြေးညီ ထိတွေ့ရင်ဆိုင်ကာ သင့်ကို တန်းတူကဲ့သို့ ဆက်ဆံကြမည်။ သူတို့သည် လိုအပ်သည့်အခါတွင် သင့်ကို ဆန့်ကျင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် ယဉ်ကျေးမှုရှိမည်မဟုတ်၊ သို့မဟုတ် လေးစားမည်မဟုတ်။ သင်သည် စကားပြော၍ မပြီးဆုံးသေးခင်၌ပင် ထွက်ခွာသွားကောင်း သွားနိုင်သည်။ သင် စိတ်ဆိုးမည်လော။ လူတို့က သင့်ကို ဤသို့ဆက်ဆံသောအခါ သင်မကြိုက်ပေ။ သူတို့ သင့်ကို မြှောက်ပင့်သောအခါ၊ သင့်ကို လေးစားပြီး သင့်ကို အချိန်တိုင်း ကိုးကွယ်သောအခါ သင်သဘောကျသည်။ သင်သည် အရာအားလုံး၏ အချက်အချာဖြစ်သောအခါ၊ အရာအားလုံးက သင့်ကို ဝန်းရံပြုသောအခါ၊ ထို့ပြင် လူတိုင်းက သင့်ကို နားထောင်သောအခါ၊ သင့်ကို လေးစားပြီး သင်၏ လမ်းညွှန်မှုကို ကျိုးနွံနာခံသောအခါ ယင်းကို သင်နှစ်သက်သည်။ ဤသည်မှာ ရှင်ဘုရင်အဖြစ် စိုးစံ၍ အာဏာရလိုသော ဆန္ဒမဟုတ်လော။ သင်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရယူခြင်းက တွန်းအားပေးခြင်းခံရပြီး ယင်းအတွက် အခြားသူများနှင့် ယှဉ်ပြီး လုယူကာ ပြိုင်ဆိုင်လေသည်။ သင်၏ပန်းတိုင်က ရာထူးနေရာတစ်ခုကို အရယူပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သင်၏စကားကို နားထောင်စေရန်၊ သင့်ကို ထောက်ခံစေရန်နှင့် ကြည်ညိုကိုးကွယ်စေရန် ဖြစ်သည်။ ထိုရာထူးကို သင်အရယူပြီးသည်နှင့် သင်သည် သြဇာအာဏာရရှိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များ၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုသာမက ထိုရာထူးနှင့် အတူပါလာသည့် အခြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားလူများက ၎င်းတို့ကို ပြည့်စုံသည်ဟု ထင်စေရန်အတွက် အစဉ်သဖြင့် မိမိတို့ကိုယ်ကို အယောင်ဆောင်နေကြသည်။ အခြားလူများရှေ့တွင် ကြွားဝါကြသည်။ ပုံပန်းသဏ္ဌာန်ဖမ်းပြီး ဟန်လုပ်ကြသည်။ မိမိတို့ကိုယ်ကို တန်ဆာဆင်ကြသည်။ ဤတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် ဂုဏ်အဆင့်အတန်းရရှိရန်ဖြစ်သည်။ ဤသို့ဖြင့် ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ခံစားရနိုင်ရန်ဖြစ်သည်။ သင်သည် ဤအရာကို မယုံကြည်ပါက ယင်းကို သေချာစွာ တွေးတောဆင်ခြင်လော့။ သင်သည် အဘယ့်ကြောင့် လူများအား သင့်ကို အစဉ် အထင်ကြီးစေချင်ရသနည်း။ သင်သည် လူတို့ကို သင့်အား ကိုးကွယ်ပြီး အထင်ကြီးလေးစားစေရန် ပြုလုပ်လိုသည်။ ထို့ကြောင့် သင်သည် နောက်ဆုံးတွင် အာဏာရယူပြီး ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနိုင်သည်။ သင်အရူးအမူးရှာဖွေသည့် ဂုဏ်အဆင့်အတန်းက သင့်အား အကျိုးအမြတ်များစွာကို ယူဆောင်လာပေးမည်ဖြစ်ပြီး ဤအကျိုးအမြတ်များမှာ အခြားလူများက အားကျပြီး စိတ်ဆန္ဒရှိသည့်အရာ အတိအကျပင်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းက ပေးသည့် အကျိုးကျေးဇူးများစွာကို လူတို့က မြည်းစမ်းရသောအခါ ၎င်းတို့ကို အဆိပ်သင့်စေပြီး ထိုစည်းစိမ်ကြွယ်ဝသော ဘဝတွင် မွေ့လျော်ကြသည်။ ဤအရာသာလျှင် အချည်းနှီးမဟုတ်သော ဘဝဖြစ်သည်ဟု လူတို့က ထင်ကြသည်။ ဖောက်ပြန်ပျက်စီးနေသော လူသားများသည် ဤအရာများအား ခံစားမွေ့လျော်ခြင်း၌ ပျော်ရွှင်ကြသည်။ ထို့ကြောင့် လူတစ်ဦးသည် တစ်စုံတစ်ခုသော ရာထူးတစ်ခုကို ရရှိ၍ ယင်းက ယူဆောင်လာသည့် အမျိုးမျိုးသော အကျိုးကျေးဇူးများကို စတင်ခံစားသည်နှင့် တစ်ပြိုင်နက် သူသည် ဤအပြစ်ရှိသော သာယာမှုများကို မဆုတ်မနစ်ဖြင့် မစွန့်လွှတ်နိုင်သည်အထိပင် လိုချင်တပ်မက်ကြ၏။ အနှစ်သာရအားဖြင့် ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် ရှင်ဘုရင်အဖြစ် အုပ်စိုးရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ချုပ်ကိုင်ရန်၊ အရာခပ်သိမ်းကို အုပ်စိုးရန်နှင့် မိမိတို့၏ ရာထူးအခွင့်ထူးများဖြင့် ဇိမ်ခံကာ အပြစ်ရှိသော သာယာမှုများ၌ သူတို့ပျော်မွေ့နိုင်သည့် လွတ်လပ်သောနိုင်ငံတော်ကို တည်ထောင်ရန်အတွက် အဆင့်အတန်းတစ်ခုခုနှင့်အတူ ပါလာသည့် အကျိုးကျေးဇူးများ၌ မွေ့လျော်ခံစားလိုသော စိတ်ဆန္ဒက တွန်းအားပေးခြင်း ဖြစ်သည်။ စာတန်သည် လူတို့ကို လှည့်စားရန်၊ လိမ်လည်လှည့်ဖြားရန်၊ အတုအယောင် ပုံဖမ်းသရုပ်ဆောင်ခြင်းများကို ပြလျက် ၎င်းတို့ကို အရူးလုပ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ ၎င်းကို နာခံပြီး ကိုးကွယ်အောင်ပြုလုပ်ရန် အဆုံးစွန်ပန်းတိုင်ဖြင့် လူတို့ကို လေးစားပြီး ကြောက်ရွံ့စေရန် ခြောက်လှန့်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကိုပင် စာတန် အသုံးပြုသည်။ ဤသည်မှာ စာတန်ကို ကျေနပ်စေသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူတို့ကို စည်းရုံးသိမ်းသွင်းရန် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရာတွင် စာတန်၏ ပန်းတိုင်လည်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် အခြားလူများကြားတွင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်ကြသောအခါ သင်တို့သည် မည်သည့်အရာအတွက် ယှဉ်ပြိုင်နေကြသနည်း။ အမှန်တကယ်ပင် ကျော်ကြားမှုအတွက် ဖြစ်သလော။ မဟုတ်ပေ။ စင်စစ်အားဖြင့် သင်သည် သင့်အား ကျော်ကြားမှုက ဆောင်ကြဉ်းပေးသည့် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ထိုအကျိုးကျေးဇူးများကို အမြဲခံစားချင်ပါက ၎င်းတို့အတွက် သင် ကြိုးပမ်းရမည် ဖြစ်သည်။ သို့သော် သင်သည် ထိုအကျိုးကျေးဇူးများကို တန်ဖိုးမထားဘဲ “လူတို့က ကျွန်ုပ်ကို မည်သို့ဆက်ဆံသည်မှာ အရေးမကြီးပေ။ ကျွန်ုပ်သည် သာမန်လူတစ်ယောက်ပင်။ ကျွန်ုပ်သည် ထိုသို့သော ကောင်းမွန်စွာ ဆက်ဆံခြင်းကို မခံထိုက်သကဲ့သို့ ကျွန်ုပ်သည် လူတစ်ဦးကို ကိုးကွယ်လိုစိတ်လည်း မရှိပေ။ ဘုရားသခင်သည် ကျွန်ုပ် အမှန်တကယ် ကိုးကွယ်ကြောက်ရွံ့သင့်သည့် တစ်ပါးတည်းသော ဘုရားဖြစ်သည်။ ကိုယ်တော်သာလျှင် ကျွန်ုပ်၏ဘုရားသခင်နှင့် ကျွန်ုပ်၏သခင် ဖြစ်တော်မူ၏။ တစ်စုံတစ်ယောက်သည် မည်မျှကောင်းသည်ဖြစ်စေ၊ သူ၏ အစွမ်းအစများ မည်မျှကြီးမားသည်ဖြစ်စေ၊ သူ၏ ပါရမီ မည်မျှကြီးမားသည်ဖြစ်စေ၊ သူ၏ပုံရိပ် မည်မျှ ကြီးကျယ်ခမ်းနားသည်ဖြစ်စေ၊ ပြီးပြည့်စုံသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရား မဟုတ်သောကြောင့် ကျွန်ုပ်၏ ကြည်ညိုလေးစားရာ မဟုတ်ပါ။ သူသည် ဖန်ဆင်းရှင်မဟုတ်၊ ၎င်းသည် ကယ်တင်ရှင်မဟုတ်၊ ထို့ပြင် လူသား၏ကံကြမ္မာအပေါ် စီစဉ်ညွှန်ကြားခြင်း သို့မဟုတ် အချုပ်အခြာအာဏာဖြင့် အုပ်စိုးခြင်းမပြုနိုင်ပေ။ ၎င်းသည် ကျွန်ုပ်၏ ကိုးကွယ်ရာမဟုတ်ပေ။ မည်သည့်လူသားကမျှ ကျွန်ုပ်၏ ကိုးကွယ်ခြင်းနှင့် မထိုက်တန်” ဟုဆိုလျှင် ဤသည်မှာ သမ္မာတရားအတိုင်း မဟုတ်သလော။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အခြားသူများကို မကိုးကွယ်ပါက ၎င်းတို့သည် သင့်ကို စတင်ကိုးကွယ်လာလျှင် ၎င်းတို့ကို မည်ကဲ့သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့အား ထိုသို့ပြုလုပ်ခြင်းမှ တားဆီးရန် နည်းလမ်းရှာရမည်ဖြစ်ပြီး ထိုကဲ့သို့သော စိတ်နေစိတ်ထားမှ လွတ်မြောက်အောင် ကူညီပေးရမည်။ သင်သည် သင်၏သရုပ်အမှန်ကို ပြသရန် နည်းလမ်းရှာရမည် ဖြစ်ပြီး သင်၏အကျည်းတန်မှုနှင့် စစ်မှန်သော သဘာဝဗီဇကို ၎င်းတို့ကို မြင်ခွင့်ပေးရမည်။ သော့ချက်မှာ သင်၏အစွမ်းအစများ မည်မျှကောင်းသည်ဖြစ်စေ၊ မည်မျှပညာများစွာ တတ်မြောက်သည်ဖြစ်စေ၊ သင်မည်မျှနှံ့စပ်သည်ဖြစ်စေ၊ ဉာဏ်ရည်ထက်မြက်သည်ဖြစ်စေ သင်သည် သာမန်လူတစ်ဦးမျှသာ ဖြစ်နေသေးကြောင်း လူတို့ကို နားလည်စေရန်ဖြစ်သည်။ သင်သည် မည်သူ့အတွက်မျှ ကြည်ညိုစရာ သို့မဟုတ် ကိုးကွယ်စရာ မဟုတ်ပေ။ ပထမဆုံးအနေဖြင့် သင်သည် သင့်ရာထူးနေရာတွင် ခိုင်မာစွာရပ်တည်ရမည်၊ ထို့ပြင် အမှားလုပ်မိပြီးနောက် သို့မဟုတ် သင့်ကိုယ်သင် အရှက်ရစေပြီးနောက် နောက်ဆုတ်မသွားရပေ။ အမှားလုပ်မိပြီးနောက် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေပြီးနောက် သင်သည် ယင်းကို အသိအမှတ်ပြုဖို့ ပျက်ကွက်သည်သာမက ဖုံးကွယ်ရန် သို့မဟုတ် အပေါ်ယံရွှေမှုန်ကြဲရန်အတွက်လည်း လှည့်စားမှုကို အသုံးပြုပါက သင်သည် သင့်အမှားကို ပိုဆိုးစေပြီး ကိုယ့်ကိုယ်ကိုယ် ပို၍ အကျည်းတန်ပုံပေါက်စေခြင်း ဖြစ်သည်။ သင်၏ရည်မှန်းချက်က ပို၍ပင် ပေါ်လွင်လာပေသည်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် ကျွမ်းကျင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သည်ဖြစ်စေ မိမိတို့ကိုယ်ကို အစဉ် ဟန်ဆောင်ကြသည်။ တစ်စုံတစ်ခုမှားယွင်းလျှင်၊ သို့မဟုတ် ၎င်းတို့သည် တစ်ခုခုကို မှားယွင်းစွာ လုပ်ဆောင်လျှင် အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချချင်သည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် အသိအမှတ်ပြုခံရခြင်းကို ၎င်းတို့ကိုယ်တိုင်အတွက် ရချင်သည်။ မကောင်းသောအရာများအတွက် အပြစ်ကို သူတစ်ပါးတို့ထံသို့ ရောက်စေချင်သည်။ လက်တွေ့ဘဝတွင် ဤသို့ဖြစ်သော ဟန်ဆောင်မှုများစွာမရှိသလော။ အလွန်ပင်များလွန်းသည်။ အမှားပြုလုပ်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်မှု၊ လှည့်စားမှုတို့ ပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း စက်ဆုပ်ရွံရှာသည်။ အမှန်တကယ်တွင် သင်က သင့်ကိုယ်သင် အယောင်ဆောင်သောအခါ လူတိုင်းက မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားလည်သည်။ သို့သော် သူတစ်ပါးတို့က မမြင်ဟု သင်က ထင်သည်။ သင်သည် သိက္ခာဆည်ပြီး သင်သည် လုံးဝ အမှားမလုပ်ခဲ့ဟု လူတိုင်းကို ထင်စေရန် အားထုတ်သည့်အနေဖြင့် ငြင်းခုံပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားသည်။ ဤသည်မှာ မမိုက်မဲသလော။ ဤအရာကို သူတစ်ပါးတို့က မည်သို့ ထင်သနည်း။ မည်သို့ ခံစားရသနည်း။ စိတ်ကုန်ပြီး စက်ဆုပ်ရွံရှာကြသည်။ သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိုဆွေးနွေးခွင့်ပြုပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး စိစစ်နိုင်လျှင် သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများမှတစ်ဆင့် သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့၊ သို့မဟုတ် မိမိကိုယ်ကို ရှင်းချက်ထုတ်ဖို့ မကြိုးစားပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည် မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိလာပြီး ရူးနှမ်းသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိစေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ တွေ့ကြုံရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့် အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် သရုပ်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ ကပြက်ကချော် ဖျော်ဖြေတင်ဆက်ခြင်း၏ အသွင်မျိုး ဖြစ်သည်။ ဤသည်မှာ မရူးနှမ်းသလော။ ယင်းမှာ အမှန်တကယ် ရူးနှမ်းပေသည်။ ရူးနှမ်းသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေသနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားပြီး ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ကြကာ၊ ၎င်းတို့သည် အမြဲပင် ဘဝင်မြင့်ကြသည်။ ဤသည်မှာ မာနကြီးခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းဖြစ်သည်။ အရူးများသည် ဝိညာဉ်ရေးရာနားလည်မှု မရှိသည်မဟုတ်လော။ သင်ရူးနှမ်းပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင် အလွယ်တကူနားမလည်နိုင်သော အရေးကိစ္စများ ဖြစ်လေသည်။ ဤသည်မှာ ထိုကိစ္စ၏ လက်တွေ့အရှိတရားပင် ဖြစ်၏။
ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အသွင်ပြောင်းလဲခြင်းသည် နေ့ချင်းညချင်း ဖြစ်မလာပေ။ လူတစ်ဦးသည် ကိစ္စရပ်တိုင်းတွင် မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်နေရမည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ဆန်းစစ်ရမည်၊ မိမိကိုယ်ကို နားလည်ရန် ကြိုးစားပြီး သမ္မာတရားအား လက်တွေ့ကျင့်သုံးသည့် လမ်းကြောင်းကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် နည်းလမ်းဖြစ်သည်။ နေ့စဉ်အသက်တာ၌ ၎င်းတို့ဘာသာ ထုတ်ဖော်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ပြီး ဖော်ထုတ်စစ်ဆေးရန်၊ သမ္မာတရားအပေါ် မိမိ၏နားလည်မှုကို အခြေခံ၍ စိစစ်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဖြည်းဖြည်းချင်း ဖြတ်ကျော်ရန် လိုအပ်သည်၊ သို့မှသာ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိ၏ လုပ်ဆောင်ချက်များ အားလုံးကို သမ္မာတရားနှင့် ညီညွတ်စေနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သော လိုက်စားမှု၊ လက်တွေ့လုပ်ဆောင်မှုနှင့် မိမိကိုယ်ကို သိနားလည်မှုတို့အားဖြင့် ဤဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းများသည် စတင်လျော့နည်းလာကာ နောက်ဆုံးတွင် သူ၏စိတ်သဘောထား ပြောင်းလဲလာမည်ဟု မျှော်လင့်ချက်ရှိသည်။ ဤသည်မှာ လမ်းကြောင်းပင်ဖြစ်သည်။ လူတစ်ဦး၏ စိတ်သဘောထားကို ပြုပြင်ပြောင်းလဲခြင်းသည် ၎င်းတို့၏ဘဝတွင် ကြီးထွားတိုးတက်မှုကိစ္စဖြစ်သည်။ သူသည် သမ္မာတရားကို နားလည်သဘောပေါက်ပြီး လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ အကယ်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အပြုအမူတိုင်းနှင့် စကားလုံးတိုင်းတွင် ယင်းဘာသာ ထုတ်ဖော်လာသည့်အထိ ဆက်လက်၍ ယင်းဘာသာ အစဉ်အမြဲ ထုတ်ဖော်နေပါက ယင်းမှာ သူ၏စိတ်သဘောထား မပြောင်းလဲသေးဟု ဆိုလိုခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆက်စပ်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အလေးအနက် စိစစ်ပြီး စစ်ဆေးဖော်ထုတ်သင့်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မူလဇာစ်မြစ်တို့ကို ဖော်ထုတ်ပြီး ဖြေရှင်းနိုင်ဖို့အတွက် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို အပြီးသတ် ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤလမ်းကြောင်းကို သင်တွေ့ရှိပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုဖြစ်လာရန် မျှော်လင့်ချက်ရှိပေသည်။ ဤအရာများသည် ပေါ့တန်သောကိစ္စရပ်များ မဟုတ်ပေ။ ယင်းတို့သည် လက်တွေ့ဘဝနှင့် ဆက်စပ်သည်။ သော့ချက်မှာ လူအယောက်တိုင်းသည် သမ္မာတရား စစ်မှန်မှုများရရှိအောင် စိတ်နှလုံးအကြွင်းမဲ့ ဝီရိယရှိရှိ အားထုတ်ကြိုးပမ်းနိုင်ခြင်း ရှိမရှိနှင့် သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ဟူသည့်အပေါ်၌ တည်မှီသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စတင်၍ ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ကျင့်ကြံပြုမူနိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော် ၎င်းတို့သည် မိမိတို့၏ နေရာနှင့်အညီ ကျင့်ကြံပြုမူနိုင်လေသည်။ မိမိတို့၏နေရာကို ရှာဖွေတွေ့ရှိခြင်း၊ ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့၏ အခန်းကဏ္ဍတွင် အခိုင်အမာရပ်တည်ခြင်းနှင့် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ပြီး ကျိုးနွံနာခံသူဖြစ်လာခြင်းအားဖြင့် ထိုသူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည်ဖြစ်သည်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။