သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏ (အပိုင်း တစ်)

လူတို့သည် ဘုရားသခင်ကို ကနဦး စတင်ယုံကြည်သည့်အချိန်တွင် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများစွာ ရှိကြသည်။ ဘုရားသခင်ကို နှစ်အတန်ကြာ သင်တို့ ယုံကြည်ပြီးသည့်အခါ၊ အလွန်များသည့် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီးသည့်အခါ ဤအယူအဆများနှင့် စိတ်ကူးမည်မျှသည် တကယ်ကို ပြေလည်သွားလေပြီနည်း။ နှစ်အတန်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက်တွင်ပင် ဘုရားသခင်၏ တရားစီရင်ခြင်း ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့နှင့်ပတ်သက်၍ လူအချို့သည် အယူအဆများ ရှိနေကြသေးစဉ်တွင် အခြားသူတို့မှာ ဘုရားနှုတ်ကပတ်တော်များ၏ ပြင်းထန်မှုကို မြင်သည့်အခါ အယူအဆများ ရှိနိုင်ကြလေသည်။ ဤအရာများကို သမ္မာတရား ရှာဖွေခြင်းအားဖြင့် ဖြေရှင်း၍ရနိုင်သလော။ သင်တို့သည် အရာရာတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး သင်တို့ ကြုံရသည့် မည်သည့် ပြဿနာကိုမဆို ဖြေရှင်းရန် ထိုသမ္မာတရားကို အသုံးပြုနိုင်လျှင် သင်တို့သည် သမ္မာတရား လိုက်စားသည့် သူဖြစ်ပေသည်။ ယခုတွင် သင်တို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သလော။ အယူအဆများဖြစ်ပေါ်စေသည့် အရာတစ်ခုခုကို သင်တို့ ကြုံရသည့်အခါ၊ သို့မဟုတ် သင်တို့ ပြစ်မှားသည့်အခါ ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို သင်တို့ မည်သို့ ရှာဖွေသနည်း။ ဤအရာမျိုးနှင့်ဆိုင်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို မည်သူ ပြောဆိုနိုင်သနည်း။ (ကျွန်ုပ် ခေါင်းဆောင်ဖြစ်ခဲ့ချိန်တွင် လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ၊ ကျွန်ုပ်ကို အကောင်းမြင်စေသည့် အလုပ်တာဝန်များကိုသာ လုပ်ဆောင်ခဲ့ပြီး ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအတွက် အမြဲ ကြိုးစားခဲ့သည်။ ဤအရာက အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ခဲ့ပြီး ပြုပြင်ခြင်းကို ရင်ဆိုင်ရချိန်တွင် မိမိကိုယ်ကို မှန်ကြောင်းရှင်းပြရန် ကြိုးစားနေခဲ့သေးပြီး မှန်ကန်သည့် သုံးသပ်မှုနှင့် အသိ သို့မဟုတ် နောင်တနှင့် ပြောင်းလဲမှု မရှိခဲ့ပါ။ နောက်ပိုင်းတွင် အသင်းတော်က ကျွန်ုပ်ကို လူစားလဲခဲ့သော်လည်း ကျွန်ုပ်၏ စိတ်နှလုံးက အာခံတတ်ကာ မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး အမြဲ ညည်းညူကာ အပျက်သဘောဆောင်ခြင်းကို ဖွင့်ထုတ်ခဲ့သည်။ သမ္မာတရားကို လုံးဝ လက်မခံခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းအတွက် ခေါင်းဆောင်များက ကျွန်ုပ်ကို ပြုပြင်ခဲ့သည်။ ယင်းမှာ သူ၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုဖြစ်ပြီး ကျွန်ုပ် နောင်တမရသေးလျှင် ဖယ်ထုတ်ပစ်ကာ ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်ကြောင်း ပြောပြခဲ့ကြသည်။ ထိုအချိန်တွင် သမ္မာတရားကို ကျွန်ုပ် နားမလည်ခဲ့သလို ဘုရားသခင်ကို ဆိုးရွားစွာ နားလည်မှုလွဲခဲ့သည်။ ဘုရားသခင်ကို မယုံကြည်ခဲ့ကြောင်း ကျွန်ုပ် လုံးဝ မပြောခဲ့သော်လည်း သူ့ကို ကျွန်ုပ် ပုန်ကန်ပြစ်မှားမိခဲ့ပြီးဖြစ်သဖြင့် သူက ကျွန်ုပ်ကို မုချ ကယ်တင်မည်မဟုတ်ဟု တွေးထင်ခဲ့သောကြောင့် ကျွန်ုပ် အလုပ်လုပ်ပေးခြင်းသာ လုပ်နေခဲ့သည်။ ထို့နောက်တွင် သမ္မာတရား လိုက်စားခြင်းကို ကျွန်ုပ် များစွာ အာရုံမစိုက်ခဲ့သကဲ့သို တစ်နေ့တွင် ဘုရားသခင်၏ မိတ်သဟာယကို ကျွန်ုပ် ကြားသည့်အခါမှသာ နောက်ဆုံးတွင် ကျွန်ုပ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။) သင် ပြောင်းလဲသွားသည့်နောက်တွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှန် ရှိခဲ့သလော။ အလားတူ အမှုအရာ တစ်ဖန်ဖြစ်ပျက်လျှင် သင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ (ယခုအချိန်တွင် ဤကဏ္ဍအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကျွန်ုပ်တွင် မရှိပါ။) အမှန်တွင် ဤပြဿနာအားလုံးကို သမ္မာတရားဖြင့် ဖြေရှင်းနိုင်ပေသည်။ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အထင်လွဲမှုများကို ဖြေရှင်းလိုလျှင် တစ်နည်းအားဖြင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ သတိပြုကာ ၎င်းတို့၏ ယခင်က အမှားများ၊ မှားယွင်းသည့် လမ်းကြောင်းများ၊ ပြစ်မှားမှုများနှင့် ပေါ့ဆမှုတို့ကို စိစစ်ပြီး နားလည်ရမည်။ ဤနည်းဖြင့် မိမိတို့ကိုယ်ပိုင် သဘာဝကို ၎င်းတို့ ရှင်းလင်းစွာ နားလည်ကာ သိမြင်နိုင်ကြလိမ့်မည်။ ထို့အပြင် လူတို့ အဘယ်ကြောင့် လမ်းလွဲပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အရာများစွာ လုပ်ဆောင်ကြသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ရပ်များ၏ သဘာဝကို ရှင်းလင်းစွာ မြင်ရမည်။ ထို့အပြင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိအကျနှင့် သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်၊ လူတို့က အဘယ်ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အမြဲ ဆောင်ရွက်နိုင်စွမ်းမရှိသကဲ့သို့ သူ၏ ရည်ရွယ်ချက်များကို အဘယ်ကြောင့် အမြဲ ဆန့်ကျင်ကာ ၎င်းတို့ နှစ်သက်သည့်အရာ လုပ်ဆောင်ကြသည်ဆိုသည်ကို ၎င်းတို့ နားလည်ရမည်။ ဤအရာများကို ဘုရားသခင်ရှေ့ ယူဆောင်ကာ ဆုတောင်းလော့၊ ယင်းတို့ကို ရှင်းလင်းစွာ နားလည်လော့၊ ပြီးလျှင် သင်၏ အခြေအနေကို သင် ပြောင်းလဲနိုင်သည်၊ သင်၏ တွေးခေါ်မှုအလေ့အထကို ပြောင်းလဲကာ ဘုရားသခင်အပေါ် သင်၏ အထင်လွဲမှုကို ဖြေရှင်းနိုင်သည်။ လူအချို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မသင့်လျော်သည့် ရည်ရွယ်ချက်များ အမြဲ ထားရှိကြသည်၊ ဆိုးယုတ်သည့် စိတ်ကူးများ အမြဲရှိကြပြီး ၎င်းတို့၏အတွင်းပိုင်း အခြေအနေ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို မဆန်းစစ်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များအတိုင်း ထိုအရာကို မသိမြင်နိုင်ကြချေ။ ဤလူများသည် နားဝေတိမ်တောင်ဖြစ်ကြ၏။ နားဝေတိမ်တောင် ဖြစ်သည့် သူတစ်ဦး၏ အသိသာဆုံး စရိုက်လက္ခဏာများထဲမှ တစ်ခုမှာ မကောင်းသည့်အရာတစ်ခုကို လုပ်ဆောင်မိသည့်နောက်တွင် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို ခံစားရပြီး ၎င်းတို့ ဇာတ်သိမ်းပြီဖြစ်ကာ ကယ်တင်မခံရနိုင်ဟု သတ်မှတ်လျက် ဆက်လက် အပျက်သဘောဆောင်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သည့် သူတစ်ဦး၏ သနားဖွယ်အကောင်းဆုံး အပြုအမူ မဟုတ်လော။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်အတိုင်း မိမိတို့ကိုယ်ကို ပြန်မသုံးသပ်နိုင်ကြသကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေနိုင်ကြချေ။ ဤသည်မှာ အလွန် နားဝေတိမ်တောင်ဖြစ်ခြင်း မဟုတ်လော။ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို ခံစားရခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ အပျက်သဘောဆောင်ခြင်းတွင် အမြဲ ရုန်းကန်ခြင်းက ပြဿနာများကို ဖြေရှင်းပေးနိုင်သလော။ လူတို့အနေဖြင့် အမှားတစ်ခု လုပ်မိလျှင် သို့မဟုတ် ပြဿနာတစ်ခုရှိလျှင် ထိုအရာကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေသင့်သည်ကို နားလည်သင့်ကြ၏။ ၎င်းတို့အနေဖြင့် မကောင်းမှုကို အဘယ်ကြောင့် ၎င်းတို့ ကျူးလွန်မိကြသည်၊ ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် စမှတ်က မည်သည့်အရာဖြစ်သည်၊ ထိုအရာကို အဘယ်ကြောင့် ၎င်းတို့ လုပ်ဆောင်လိုပြီး ၎င်းတို့၏ ရည်မှန်းချက်က မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် တစ်စုံတစ်ဦးက ၎င်းတို့အား ထိုအရာကို လုပ်ဆောင်ရန် အားပေး၊ စေ့ဆော်ခြင်း သို့မဟုတ် အထင်အမြင်မှားစေခြင်း ရှိမရှိ သို့မဟုတ် ထိုအရာကို တမင်သက်သက် ၎င်းတို့ လုပ်ဆောင်ခဲ့သည်လောဆိုသည်တို့ကို ဦးစွာ ပြန်လည်သုံးသပ်ကာ နားလည်ရန် လိုအပ်သည်။ ဤမေးခွန်းများကို ပြန်လည်သုံးသပ်ကာ ရှင်းလင်းစွာ နားလည်ရမည်ဖြစ်ပြီး ထို့နောက်တွင် မည်သည့်အမှားများ ၎င်းတို့ ပြုလုပ်မိကာ မိမိတို့ကိုယ်တိုင်က မည်သည့်အရာများ ဖြစ်သည်ဆိုသည်ကို ၎င်းတို့ သိနိုင်ကြလိမ့်မည်။ သင်၏ မကောင်းမှုပြုခြင်း၏ အနှစ်သာရကို သင် သတိမပြုမိနိုင်လျှင် သို့မဟုတ် ထိုအရာမှ သင်ခန်းစာတစ်ခု မသင်ယူနိုင်လျှင် ပြဿနာကို ဖြေရှင်းမရနိုင်ပေ။ များစွာသောလူတို့သည် မကောင်းသည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ ပြန်မသုံးသပ်ကြပေ။ ထို့ကြောင့် ထိုသို့သောလူများသည် အမှန်တကယ် တစ်ကြိမ်တစ်ခါမျှ နောင်တရနိုင်ကြသလော။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်တစ်ခုတလေ ရှိသလော။ လူသားမျိုးနွယ်သည် စာတန်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားမိသည်ဖြစ်စေ၊ မပြစ်မှားသည်ဖြစ်စေ ၎င်းတို့၏ သဘာဝအနှစ်သာရက အတူတူပင် ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ မိမိတို့ကိုယ်ကို သာ၍ သိရှိလာသင့်သည်၊ ဘုရားသခင်ကို မည်သည့်အတိုင်းအတာထိ ၎င်းတို့ ပုန်ကန်ကာ အတိုက်အခံ လုပ်မိသည်ဆိုသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ဆဲ ရှိမရှိဆိုသည်တို့ကို ရှင်းလင်းစွာ မြင်သင့်သည်။ ဤအရာကို ၎င်းတို့ ရှင်းလင်းစွာ မြင်လျှင် ၎င်းတို့ မည်မျှ အန္တရာယ်ရှိသည်ကို သိကြလိမ့်မည်။ အမှန်တွင် ၎င်းတို့၏ သဘာဝ အနှစ်သာရများအရ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် အန္တရာယ်ရှိပေသည်။ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် အားထုတ်မှုများစွာ လိုအပ်ပြီး မလွယ်ကူပေ။ လူအချို့သည် မကောင်းမှုကို ကျူးလွန်ကာ မိမိတို့၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်ပြပြီးဖြစ်စဉ်တွင် အချို့မှာ မကောင်းမှုကို မကျူးလွန်သေးသော်လည်း အခြားသူများထက် မလွဲမသွေ များစွာ ပိုကောင်းခြင်းမျိုး မဟုတ်ချေ။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့တွင် အခြေအနေ သို့မဟုတ် အခွင့်အရေး မရှိကြသေးခြင်းသာ ဖြစ်သည်။ သင့်ထံတွင် ဤပြစ်မှားမှုများ ရှိသည့်အတွက် ယခုတွင် မည်သည့် သဘောထားရှိသင့်သည်၊ ဘုရားသခင်၏ ရှေ့တွင် မည်သည့်အရာကို ဖြစ်ကြောင်းကုန်စင် ပြောပြသင့်သည်ဆိုသည်နှင့် ဘုရားသခင်က မည်သည့်အရာ မြင်လိုသည်ဆိုသည်တို့ကို သင်၏ စိတ်နှလုံးတွင် ရှင်းလင်းနေရမည်ဖြစ်သည်။ ဤအရာများကို ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းမှတစ်ဆင့် သင် ရှင်းလင်းရမည်။ ထို့နောက်တွင် အနာဂတ်၌ မည်သို့ လိုက်စားသင့်သည်ဆိုသည်ကို သင် သိရှိလိမ့်မည်ဖြစ်ကာ အတိတ်တွင် သင် ပြုလုပ်ခဲ့သည့် အမှားများ၏ လွှမ်းမိုးခြင်း သို့မဟုတ် ဘောင်ခတ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။ ရှေ့ဆက် လမ်းကြောင်းကို သင် လျှောက်ရမည်ဖြစ်ပြီး သင် ထမ်းဆောင်သင့်သည့်အတိုင်း သင်၏ တာဝန်ကို ထမ်းဆောင်ကာ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို မခံစားရတော့ပေ။ အပျက်သဘောဆောင်ခြင်းနှင့် အထင်လွဲခြင်းမှ သင် လုံးဝ ရုန်းထွက်လွတ်မြောက်ရမည်။ တစ်နည်းအားဖြင့် သင်၏ အတိတ်က ပြစ်မှားမှုများနှင့် အမှားများအတွက် ထေမိရန် ယခုတွင် သင်၏ တာဝန်ကို သင် ထမ်းဆောင်လျှင် အပျက်သဘောဆောင်ပြီး သိပ်မသင့်လျော်သော်လည်း ဤသည်မှာ အနည်းဆုံး သင်ထံတွင် ရှိသင့်သည့် စိတ်ဓာတ်ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် သင်သည် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမည်၊ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် သင်၏ တာဝန်နှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆများ သင်ရှိသည်ဖြစ်စေ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြလျှင် သို့မဟုတ် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီးဖြစ်လျှင် ဤအရာအားလုံးကို သင့်ကိုသင် ပြန်လည်သုံးသပ်ခြင်းနှင့် သမ္မာတရား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရမည်။ သင်၏ ကျရှုံးမှုများမှ သင်ယူကာ အပျက်သဘောဆောင်ခြင်း မှောင်ရိပ်မှ လုံးဝ ရုန်းထွက်ထွက်မြောက်လော့။ သမ္မာတရားကို သင် နားလည်ကာ လွတ်မြောက်သည်နှင့်တစ်ပြိုင်နက် မည်သည့် လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာ၏ ဘောင်ခတ်ခြင်းကို မခံရတော့သည်နှင့်တစ်ပြိုင်နက် ရှေ့ဆက်ရမည့် လမ်းကြောင်းကို လျှောက်ရန် ယုံကြည်စိတ်ချမှု ရှိလိမ့်မည်။ အကျိုးတရားအချို့နှင့် ဘဝတိုးတက်မှုအချို့ သင် ပြုလုပ်ပြီးကာ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိတော့သည့်နောက်တွင် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ထဲ သင် တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။

တစ်စုံတစ်ဦးသည် အတိတ်တွင် ပြစ်မှားကောင်း ပြစ်မှားမိပြီးဖြစ်နိုင်သည်၊ သို့မဟုတ် လမ်းလွဲပြီးဖြစ်နိုင်သည်၊ သို့သော် ၎င်းတို့သည် အမှန်တကယ်တွင် အလွန်တရာ စဉ်းလဲသော သို့မဟုတ် ဆိုးယုတ်သော လူအချို့ မဟုတ်ကြပေ။ ၎င်းတို့ အလွန် မာနထောင်လွှားကြခြင်းသာ ဖြစ်သည်။ အလွန်မာနထောင်လွှားကြသည်မှာ ၎င်းတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့လာကြသည်၊ အထိန်းအကွပ်မဲ့လာကြပြီး မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြသကဲ့သို့ ဘုရားသခင် ရွံရှာကာ စက်ဆုပ်သည့်အရာများနှင့် မိမိတို့ကိုယ်တိုင် မနှစ်မြို့စေသည့်အရာများကိုပင် လုပ်ဆောင်မိခဲ့ကြလေသည်။ သို့ရာတွင် ယခုထိတိုင် နောက်သို့လိုက်ပြီးသည့်နောက်တွင် ၎င်းတို့သည် တိုးတက်မှုအချို့ ပြုလုပ်ပြီးဖြစ်ရော့မည်။ နောက်ဆုံးတွင် ၎င်းတို့ ကျန်ရှိနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်သည် ဤအရာကို ၎င်းတို့၏လက်ရှိ အပြုအမူအပြင်၊ သူ့အပေါ်နှင့် ၎င်းတို့၏ တာဝန်အပေါ် ၎င်းတို့၏ လက်ရှိ သဘောထားအပေါ် အခြေခံ၍ သတ်မှတ်လိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ဦးက “အတိတ်တွင် ဆိုးရွားသည့် ပြစ်မှားမှုများကို ကျွန်ုပ် ကျူးလွန်မိပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် သမ္မာတရားကို ကျွန်ုပ် နားလည်လာခဲ့သည်။ ကျွန်ုပ်၏ ပြစ်မှားမှုများကို ကျွန်ုပ် အမှန်တကယ် နောင်တရသော်လည်း ယခု သမ္မာရားကို လက်တွေ့လုပ်ဆောင်လျှင်ပင် ထိုအရာများကို ကျွန်ုပ် ပြန်ရုပ်သိမ်း၍မရပါ။ ကျွန်ုပ် စွန်းထင်းသွားသကဲ့သို့ အမြဲ ခံစားရပြီး ဘုရားသခင်က ကျွန်ုပ်ကို အလိုရှိခြင်း ရှိမရှိ ကျွန်ုပ် စိတ်နှလုံးက မရှင်းလင်းပါ”ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ ဘုရားသခင်က မဟုတ်ဘဲ သင်က မိမိကိုယ်ကို ထင်မြင်ချက်ပေးခြင်းဖြစ်သည်။ သင်၏ ထင်မြင်ချက်သည် ဘုရားသခင်၏ ထင်မြင်ချက်ကို ကိုယ်စားမပြုသကဲ့သို့ သင်၏ သဘောထားက သူ၏ သဘောထားကိုလည်း ကိုယ်စားမပြုပေ။ ဘုရားသခင်၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် ဖောက်ပြန်ပျက်စီးသော လူသားတိုင်းနှင့် ကယ်တင်ခံရနိုင်သည့်သူများအပေါ် သူ၏ အခြေခံစည်းက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို သင် နားလည်ရမည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းသလော။ ဘုရားသခင် ကြည့်သည့်အရာမှာ သမ္မာတရားကို လိုက်စားရာတွင် လူတစ်ဦး၏ သဘောထား၊ စိတ်ပိုင်းဖြတ်ခြင်းနှင့် သန္နိဋ္ဌာန်တို့ဖြစ်သည်။ ယခင်က သင် မည်သူဖြစ်ခဲ့သည်၊ သင်၏ ပြစ်မှားမှုများက မည်သည့်အရာ ဖြစ်ခဲ့သည်၊ သို့မဟုတ် သင် မည်မျှ အသုံးခံခဲ့သည်၊ ပေးခဲ့သည်၊ သို့မဟုတ် ဆင်းရဲဒုက္ခခံခဲ့သည်ဆိုသည်ကို သူ အရေးမစိုက်ပေ။ ဤအရာများကို ဘုရားသခင် မကြည့်ပေ။ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်ပြီး ရှစ်ကြိမ်တိုင်တိုင် ထောင်ချခံရပြီး ဖြစ်သည်ဟု ပြောကောင်းပြောနိုင်ပြီး ဘုရားသခင်က “သင်နှင့်ပတ်သက်သည့် ဤအရာများကို ငါ မကြည့်ပါ။ ယခု သင် ပြုမူပုံ၊ သင့်အနေဖြင့် သမ္မာတရားကို လိုက်စားသည့် တစ်စုံတစ်ဦး ဟုတ်မဟုတ်၊ ထောင်ထဲရှိစဉ် သက်သေခံခြင်း ရှိမရှိ၊ မည်သည့်အရာများကို သင် ရရှိပြီးဖြစ်သည်၊ ဘုရားသခင်ကို သင် သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရား စစ်မှန်မှုများထဲသို့ သင် ဝင်ရောက်ပြီးခြင်းရှိမရှိဆိုသည်တို့ကိုသာ ငါ ကြည့်သည်”ဟု ပြော၏။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့် ရလဒ်ဖြစ်သည်။ လူအချို့က “ကျွန်ုပ် ပြစ်မှားကာ လမ်းလွဲပြီးဖြစ်သော်လည်း ယခု ဤအရာကို ကျွန်ုပ် သတိပြုမိကာ နက်ရှိုင်းသည့် ပြန်လည်သုံးသပ်မှုမှတစ်ဆင့် ကျွန်ုပ် နောင်တရရန် လိုလားလာကာ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်အောင် လုပ်နိုင်ရန်၊ သူ၏ မေတ္တာကို ပြန်ဆပ်နိုင်ပြီး ကျွန်ုပ်၏ အတိတ် အမှားများအတွက် ထေမိအောင် လုပ်နိုင်ရန် ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့၊ ဝတ်ကျေတမ်းကျေ မလုပ်ရန်နှင့် အကောင်းဆုံး လုပ်ဆောင်ဖို့ ကျွန်ုပ် ခိုင်မာစွာ သန္နိဋ္ဌာန် ချပါသည်။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်လိုပါသည်။ ကျွန်ုပ် အားထုတ်ကြိုးပမ်းရုံသာ ကြိုးပမ်းမည်မဟုတ်၊ သို့မဟုတ် အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်ရုံ လုပ်ဆောင်မည်မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ပြီး ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို ဂုဏ်ပြုရန် ကျွန်ုပ် ကြိုးစားပါမည်”ဟု ပြောကြသည်။ ဤသဘောထားနှင့် ပတ်သက်၍ ဘုရားသခင်သည် သင်၏ ပြစ်မှားမှုများကို ကြည်လိမ့်ဦးမည်လော။ ကြည့်မည်မဟုတ်။ ထို့ကြောင့် သင့်အနေဖြင့် အတိတ် ပြစ်မှားမှုများ၏ ဘောင်ခတ်ခြင်း မခံရတော့ရန်အလို့ငှာ သင်၏ စိတ်နှလုံးတွင် ဤအရာ သေချာရမည်။ လူအချို့သည် အတိတ်မှ ပြစ်မှားမှုများ၏ ဘောင်ခတ်ခြင်းကို အမြဲခံရကာ “ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် မည်သည့်အရာကိုမျှ အမှန်တကယ် မခွင့်လွှတ်နိုင်ပါ။ သူ၏ စိတ်နှလုံးသည် အချိန်ကြာမြင့်စွာကပင် ကျွန်ုပ်ကို ပစ်ပစ်ခါခါ ငြင်းပြီးဖြစ်ကာ ကျွန်ုပ်အတွက် သမ္မာတရား လိုက်စားရန်မှာ အချည်းနှီးဖြစ်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်အပေါ် သံသယရှိခြင်းနှင့် အထင်လွဲခြင်းဟု ခေါ်သည်။ အမှန်တွင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုတလေကိုမျှ သင် မလုပ်ဆောင်မီတွင်ပင် သင်သည် သူ့အပေါ် မရိုသေသည့်၊ ဆီလျော်မှုမရှိသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်သည့် သဘောထားတစ်ခု ရှိခဲ့ပြီး ဘုရားသခင်ကို ဘုရားသခင်အဖြစ် သင် သဘောမထားခဲ့ပေ။ လူတို့သည် မသိနားမလည်သည့် သို့မဟုတ် စိတ်လိုက်မာန်ပါပြုတတ်သည့် အခိုက်အတန့် တစ်ခုကြောင့် မိမိတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို ထုတ်ဖော်မိကြပြီး ၎င်းတို့ကို ဆုံးမပဲ့ပြင်ရန် သို့မဟုတ် တားဆီးရန် မည်သူမျှမရှိလျှင် ပြစ်မှားမှုများ ကျူးလွန်မိကြလေသည်။ ၎င်းတို့၏ ပြစ်မှားမှုများက အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေသည့်နောက်တွင် မည်သို့ နောင်တရရမည်ဆိုသည်ကို မသိကြသကဲ့သို့ နေမထိထိုင်မသာ ဖြစ်နေကြဆဲဖြစ်သည်။ ၎င်းတို့၏ အနာဂတ် အဆုံးသတ်နှင့် ခရီးပန်းတိုင်အကြောင်းကို ၎င်းတို့ စိုးရိမ်ကြပြီး “ငါ ဇာတ်သိမ်းပြီး ပျက်စီးသွားပြီဖြစ်သောကြောင့် ငါ့ကိုယ်ငါ မျှော်လင့်ချက်မဲ့သူအဖြစ်သာ သဘောထားလိုက်တော့မည်။ တစ်နေ့တွင် ဘုရားသခင်က ငါ့ကို အလိုမရှိသလို လုံးလုံးလျားလျား စက်ဆုပ်လျှင် အဆိုးရွားဆုံး ဖြစ်နိုင်သည့်အရာမှာ ငါ သေဆုံးခြင်းဖြစ်သည်။ ငါသည် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံသည်” ဟု တွေးလျက် ဤအရာများအားလုံးကို ၎င်းတို့ စိတ်နှလုံးများတွင် စွဲလမ်းနေကြလေသည်။ အပေါ်ယံတွင် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံသည့်အကြောင်းနှင့် သူ၏ အစီအစဉ်များနှင့် အချုပ်အခြာအာဏာတို့ကို ကျိုးနွံနာခံခြင်းအကြောင်း ၎င်းတို့ ပြောဆိုကြသော်လည်း ၎င်းတို့၏ တကယ့် အခြေအနေမှာ အဘယ်နည်း။ အတိုက်အခံလုပ်တတ်သည့်၊ စိတ်နှလုံးခိုင်မာသည့်၊ နောင်တရခြင်း မရှိသည့် အခြေအနေ ဖြစ်သည်။ နောင်တမရခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ “ဘုရားသခင်၏ ချီးမြှောက်ပြီး နှစ်သိမ့်သည့် နှုတ်ကပတ်တော်များသည် ငါ့အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြားလူများအတွက် ဖြစ်သည်။ ငါ့အတွက်မှာမူ ငါသည် ဇာတ်သိမ်းပြီ၊ မအောင်မြင်သူအဖြစ် သဘောထားခြင်း ခံရပြီ၊ အချည်းနှီးဖြစ်ပြီ၊ ဘုရားသခင်သည် အချိန်ကြာမြင့်စွာကပင် ငါ့အပေါ် လက်လျှော့ပြီးဖြစ်ကာ ငါ၏ အပြစ်ကို မည်သို့ ဝန်ချသည်ဖြစ်စေ၊ မည်သို့ ဆုတောင်းသည်ဖြစ်စေ၊ သို့မဟုတ် နောင်တဖြင့် မည်သို့ ငိုကြွေးသည်ဖြစ်စေ သူသည် ငါ့ကို နောက်ထပ် အခွင့်အရေး လုံးဝ ပေးလိမ့်မည် မဟုတ်”ဟု အမြဲတွေးလျက် ဘုရားသခင် ပြောသည့်အရာ တစ်ခုကိုမျှ ယုံကြည်ခြင်း သို့မဟုတ် လက်ခံခြင်းမရှိဘဲ မိမိတို့ကိုယ်ပိုင် စိတ်ကူးများကို ဆုပ်ကိုင်ထားသည်ဟု ဆိုလိုပေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို အကဲဖြတ်ကာ ကြိုတွက်သည့်အချိန်တွင် ဤသည်မှာ မည်သည့် သဘောထား ဖြစ်သနည်း။ ဝန်ခံခြင်းနှင့် နောင်တရခြင်း သဘောထားတစ်ခု ဖြစ်သလော။ မဟုတ်သည်မှာ သိသာပေသည်။ ဤသဘောထားမျိုးသည် စိတ်သဘောထားတစ်မျိုးကို ကိုယ်စားပြု၏၊ စိတ်နှလုံးခိုင်မာခြင်း၊ အလွန့်အလွန် စိတ်နှလုံးခိုင်မာခြင်း ဖြစ်၏။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မည်သူကိုမျှ နားထောင်ခြင်းမရှိဘဲ၊ အယူဝါဒတိုင်းကို နားလည်ကာ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ အထူးသဖြင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပုံရကြသည်။ အမှန်တွင် ၎င်းတို့၌ စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားတစ်ခု ရှိကြလေသည်။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် စိတ်နှလုံးခိုင်မာခြင်းသည် ကျိုးနွံနာခံမှုလော၊ သို့မဟုတ် ပုန်ကန်မှုလော။ ပုန်ကန်မှုဖြစ်သည်မှာ သိသာပေသည်။ သို့ရာတွင် ၎င်းတို့သည် “ဘုရားသခင်ကို ကျွန်ုပ် အလွန်တရာ ချစ်လေ့ရှိခဲ့သော်လည်း ကျွန်ုပ် ပြုမိသည့် သေးငယ်သော အမှားတစ်ခုကိုပင် သူက လက်မလွှတ်နိုင်သလို ယခုတွင် ကျွန်ုပ်၏ အဆုံးသတ်သည် ဆုံးရှုံးသွားပြီဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူတို့အပေါ် အဆုံးအဖြတ် စီရင်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ပေါလုဖြစ်ပါသည်”ဟူ၍ အလွန်မတရားခံရပြီး ဖြစ်သည်ဟု ခံစားကြလေသည်။ သင်သည် ပေါလုဖြစ်ကြောင်း ဘုရားသခင် ပြောခဲ့သလော။ ထိုသို့ ဘုရားသခင် မပြောခဲ့ပေ။ သင်သည် ပေါလုဖြစ်သည်ဟု သင် ပြောသည်။ ဤအပြောအဆိုသည် မည်သည့်နေရာမှ လာသနည်း။ သင်သည် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းခံရမည်၊ အပြစ်ဒဏ်ပေးခြင်းနှင့် ငရဲသို့ပို့ခြင်းခံရမည်ဟု သင် ပြောသည်။ ဤအဆုံးသတ်နှင့်ပတ်သက်၍ မည်သူ ဆုံးဖြတ်ခဲ့သနည်း။ ဘုရားသခင်က သူ၏ အမှုတော် ပြီးပြည့်စုံသည့်အခါ ငရဲသို့ သင် အပို့ခံရမည်ဖြစ်ကြောင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ သင် မဝင်ရောက်နိုင်ကြောင်း မည်သည့်အခါတွင်မျှ မပြောခဲ့သည်နှင့်အမျှ ထိုအဆုံးသတ်ကို သင့်ဘာသာ ဆုံးဖြတ်ခဲ့သည်မှာ သိသာပေသည်။ သူသည် သင့်ကို ပစ်ပစ်ခါခါငြင်းသည်ဟု ဘုရားသခင် မပြောသရွေ့ သင့်ထံတွင် သမ္မာတရား လိုက်စားရန် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ရှိပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို သင် ဤအတိုင်း ခံယူသင့်ပေသည်။ ဤသည်မှာ သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံယူခြင်းနှင့် စစ်မှန်သော နောင်တတရားနှင့်ဆိုင်သည့် သဘောထားဖြစ်သည်နှင့်အမျှ သင်သည် ဤသဘောထားမျိုး ရှိရမည်ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် အထင်လွဲမှုများကို အမြဲ ဖက်တွယ်သည်။ သင်သည် ဤအရာများနှင့် ပြည့်ကာ လွှမ်းမိုးခံရနှင့်ပြီးဖြစ်သကဲ့သို့ ဘုရားသခင်က သင့်ကို ကယ်တင်မည်မဟုတ်ဟုပင် ဆုံးဖြတ်ပြီးဖြစ်ကာ ထို့နောက်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တစ်လျှောက်တွင် ဝတ်ကျေတမ်းကျေ ဖြစ်သော စိတ်ဓာတ်၊ မိမိကိုယ်ကို မျှော်လင့်ချက်မဲ့သူအဖြစ် သဘောထားသည့် စိတ်ဓာတ်၊ အပျက်သဘောဆောင်ပြီး မတက်ကြွသည့် စိတ်ဓာတ်တစ်ခု၊ တစ်ရက်တာအတွက်သာ ရှင်သန်ခြင်း စိတ်ဓာတ်၊ ဖြစ်သလိုလုပ်သည့် စိတ်ဓာတ်တစ်ခု ထားရှိပြီးဖြစ်သည်။ သမ္မာတရားကို သင် ရရှိနိုင်သလော။ ဤစိတ်နေစိတ်ထားဖြင့် သမ္မာတရားကို သင် ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ သင် ကယ်တင်ခံရလိမ့်မည် မဟုတ်။ ထိုသို့သော လူတစ်ဦးသည် သနားဖွယ်ဖြစ်သည် မဟုတ်လော။ (သနားဖွယ်ဖြစ်ပါသည်။) မည်သည့်အရာက ၎င်းတို့ကို သနားဖွယ်ဖြစ်စေသနည်း။ မသိနားမလည်မှုကြောင့် ဖြစ်ပေသည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြဘဲ အမြဲ လေ့လာကာ မှန်းဆကြပြီး ၎င်းတို့၏ အခြေအနေနှင့်ပတ်သက်၍ မည်သည့်အရာ ပြောဆိုထားသည်၊ ဘုရားသခင်၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ သူ မည်သို့ စီရင်ဆုံးဖြတ်သည်ဆိုသည်နှင့် ၎င်းတို့၏ အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ဆိုသည်တို့ကို မြင်ရန် ဘုရားနှုတ်ကပတ်တော်များထဲသို့ပင် လေ့လာဖော်ထုတ်လိုကြပြီး ဤအရာအားဖြင့် ထိုကိစ္စ၏ ရလဒ်သည် မည်သည့်အရာဖြစ်မည်ကို ဆုံးဖြတ်ကြသည်။ ဤချဉ်းကပ်နည်းသည် သမ္မာတရားကို ရှာဖွေခြင်းဖြစ်သလော။ မုချ မဟုတ်ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းတွင် အသက်ရှင်ရင်း ဘုရားသခင်၏ ရှုတ်ချခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အာရုံကို စိုးမိုးလျက်ရှိကြသည်။ ယင်းမှာ နုနယ်ခြင်း၊ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်း ဖြစ်ပုံရသော်လည်း အမှန်တွင် အတိုက်အခံလုပ်ခြင်းတစ်မျိုး ဖြစ်သည်။ အတိုက်အခံလုပ်ခြင်း နောက်ကွယ်မှ စိတ်သဘောထားမှာ အဘယ်နည်း။ စိတ်နှလုံးခိုင်မာခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤစိတ်နှလုံးခိုင်မာခြင်းမျိုးသည် ပုန်ကန်ခြင်းတစ်မျိုး ဖြစ်ပြီး ဘုရားသခင် အရွံမုန်းဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို မကယ်တင်လိုလျှင် အဘယ်ကြောင့် အလွန်များသည့် သမ္မာတရားများကို သင့်အား သူ ပြောမည်နည်း၊ အလွန်များသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို သင့်အား အဘယ်ကြောင့် ပေးမည်နည်း၊ သို့မဟုတ် ထိုမျှ ရိုးသားစစ်မှန်သည့် စကားများဖြင့် သင့်ကို အဘယ်ကြောင့် တိုက်တွန်းမည်နည်း။ သို့တိုင် ဘုရားသခင်က သင့်ကို ကယ်တင်မည်မဟုတ်ဟု သင် ပြောဆဲဖြစ်သည်။ ဤအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့ နောင်တရဖို့ ဘုရားသခင်၏ စိတ်နှလုံးက အမြဲ မျှော်လင့်သော်လည်း မိမိတို့ကိုယ်ကို အခွင့်အရေးတစ်ခုပင် မပေးကြသည်မှာ လူများဖြစ်သည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ လူသား သဘာဝက အလွန်လှည့်ဖြားတတ်ခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင် သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြသကဲ့သို့ ဤသည်မှာ သူ့ကို ၎င်းတို့ ဆက်ဆံသည့် သဘောထား ဖြစ်သည်။ တစ်စုံတစ်ဦးက “ဘုရားသခင်သည် သစ္စာရှိပြီး သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်း၊ ရှုတ်ချခြင်း၊ ကျိန်ခြင်းအမင်္ဂလာများ၊ သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းတို့ ရှိသည်။ ဤစကားများအားလုံးက ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုကြောင်း ကျွန်ုပ် သိသော်လည်း၊ မည်သည့်အရာသည် ကျွန်ုပ်၏ အခြေအနေကို ရည်ရွယ်ကြောင်းကို ကျွန်ုပ် မသိပါ။ ဘုရားသခင်၏ ရှုတ်ချခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာစကားများက ကျွန်ုပ်အတွက် ရည်ရွယ်သော်လည်း သူ၏ ကောင်းချီးနှင့် အသိအမှတ်ပြုခြင်း စကားများက သမ္မာတရားကို လိုက်စားသူများအတွက် ရည်ရွယ်သည်ဟု ကျွန်ုပ် အမြဲ ခံစားရသည်။ မည်သို့ဆိုစေ၊ ကျွန်ုပ် ဇာတ်သိမ်းပြီဖြစ်သည်”ဟု ပြောကောင်းပြောပေမည်။ ၎င်းတို့သည် အစမှ အဆုံးထိ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသော ဤသဘောထားမျိုးရှိကြပြီး ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည်မဟုတ်ဟု ပြောဆိုရန် ဆင်ခြေတစ်ခုအဖြစ် ဤအရာကို အသုံးပြုကြလေသည်။ ၎င်းတို့က “ကိုယ်တော် ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်မှတော့ ကျွန်ုပ်သည်လည်း ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေသာ လုပ်ဖြစ်မည်။ ကျွန်ုပ်ကို မည်သည့်ဆုလာဘ်မျှ ကိုယ်တော်မပေးလျှင် အဘယ်ကြောင့် ကျွန်ုပ် အလုပ်ကြိုးစားသင့်သနည်း”ဟု စဉ်းစားကြလိမ့်မည်။ ၎င်းတို့၏ စိတ်ဓာတ် ပြောင်းလဲကာ မလျော်မကန် ဖြစ်လာကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြဘဲ ဘုရားသခင်ကို ဆန့်ကျင်ကာ ဖက်ပြိုင်ရန် မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အပျက်သဘောဆောင်သော အခြေအနေနှင့် လူသား စိတ်ကူးများ၊ မှန်းဆချက်နှင့် ဆင်ခြေများကို ယူဆောင်လာကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယပြုခြင်းကို စိတ်ဝင်စားခြင်းမရှိသကဲ့သို့ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို ဂရုမစိုက်ဘဲ အပျက်သဘောဆောင်ခြင်းတွင် အသက်ရှင်ကြသည်။ ထိုသမ္မာတရားအပေါ် ရှောင်လွှဲသော သဘောထားတစ်ခု ခံယူကြပြီး ယခုတွင်ပင် မနိုးထကြသေးဘဲ အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုတွင် အသက်ရှင်ကြဆဲဖြစ်သည်။ ဤလူစားမျိုးများသည် သနားဖွယ်အကောင်းဆုံး ဖြစ်သည်ဟု ဘုရားသခင်က ပြောဆို၏။ အစမှ အဆုံးထိ ဘုရားသခင်နှင့် ဖက်ပြိုင်သည်မှာ အမြဲပင် လူများဖြစ်သည်၊ သူနှင့်ပတ်သက်၍ မှန်းဆကာ အထင်လွဲပြီး ၎င်းတို့၏ လူသား အယူအဆများနှင့် စိတ်ကူးများမှတစ်ဆင့် မိမိတို့ကိုယ်ကို အပျက်သဘောဆောင်ခြင်းထဲရောက်အောင် ညှဉ်းဆဲသည်မှာ လူများပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ကင်းကွာလာကြသည့်တိုင် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိဘဲ သူ့ကို အသုံးချကာ သူနှင့် အပေးအယူလုပ်လိုကြဆဲဖြစ်သည်။ ဤသည်မှာ ကိုယ့်ဒုက္ခကိုယ်ရှာခြင်း မဟုတ်လော။ ထိုအရာမှာ ၎င်းတို့သည် “ကြီးမားသည့် စားပွဲတော်တွင် အစာငတ်ခံကြသည်”ဟု တေးသီချင်းစာသားများက ပြောသည့်အတိုင်းသာ ဖြစ်သည်။ ဤသည်မှာ သနားဖွယ်အကောင်းဆုံး ဖြစ်၏။ ဘုရားသခင်သည် လူ့အပေါ် အလျှံပယ် ပေးသနားသော်လည်း လူက ကွဲနေသည့် ပန်းကန်လုံးဖြင့် တောင်းစားနေဆဲဖြစ်သည်။ ဤသည်မှာ ဆင်းရဲဒုက္ခခံထိုက်သည့် သူတောင်းစားတစ်ဦး ဖြစ်သည် မဟုတ်လော။

အစဦးမှစ၍ သင်တို့တစ်ဦးစီသည် သမ္မာတရားကို လိုက်လျှောက်ရမည်ဟု သင်တို့ကို ငါ မကြာခဏ တိုက်တွန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ပြုရန် အခွင့်အရေးရှိနေသရွေ့ လက်မလျှော့လေနှင့်။ သမ္မာတရားကို လိုက်လျှောက်ခြင်းဟူသည် လူတစ်ဦးစီ၏ တာဝန်သိစိတ်၊ တာဝန်ဝတ္တရားနှင့် အလုပ်တာဝန်ဖြစ်ပြီး လူတစ်ဦးစီ လျှောက်သင့်သော လမ်းကြောင်းဖြစ်သည့်အပြင် ကယ်တင်ခြင်းခံရမည့်သူအားလုံး လျှောက်ရမည့်လမ်းကြောင်းလည်း ဖြစ်သည်။ သို့တစေ ဤအရာကို မည်သူမျှ အရေးမစိုက်ကြပေ၊ ယင်းကို အရေးပါသောကိစ္စအဖြစ် မည်သူမျှ မစဉ်းစားဘဲ အချည်းနှီးစကားသက်သက်အဖြစ် ယုံကြည်ကြပြီး လူတစ်ဦးစီက မိမိတို့အလိုရှိသည့် အရာကိုသာ စဉ်းစားနေကြသည်။ အစဦးမှစ၍ ယနေ့တိုင်အောင် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏လက်ကြားထဲ၌ ဆုပ်ကိုင်ထားပြီး ဖတ်သောသူများ၊ တရားဒေသနာများကို နားထောင်သောသူများ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်၌ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအပြင် သူ၏ လမ်းပြမှုကို လက်ခံခဲ့ပြီးဟန်တူသော သူများအားလုံး မြောက်မြားစွာ ရှိနေသော်လည်း အမှန်တွင် လူသားနှင့် ဘုရားသခင်ကြားမှ ဆက်ဆံရေးမှာ အခြေမခိုင်ဘဲ လူတို့အားလုံးက မိမိတို့၏ စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ နားလည်လွဲမှားမှုများနှင့် ထင်မြင်ချက်များဖြင့် အသက်ရှင်နေထိုင်ကြသည့်အပြင် နေ့စဉ် သံသယနှင့် အပျက်သဘောဆောင်ခြင်းထဲ၌ပင် အသက်ရှင်နေထိုင်ပြီး ဤအရာများပေါ် အခြေခံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမှုတော်နှင့် လမ်းပြမှုတို့ကို ချဉ်းကပ်ကြသည်။ သင်သည် ထိုသို့သော အခြေအနေများ၌ နေထိုင်ပါက အပျက်သဘောဆောင်ခြင်းကို သင် အဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ဆန့်ကျင်ပုန်ကန်ခြင်းကို သင် အဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ဘုရားသခင် သင့်ကို ပေးထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ကို သင် လုပ်ဆောင်သည့်နည်း ဖြစ်သော လှည့်ဖြားမှုနှင့် ကောက်ကျစ်ဆိုးယုတ်မှု သို့မဟုတ် ထင်မြင်ချက်၊ နားလည်လွဲမှားမှုနှင့်ဆိုင်သော ပုံသေအမြင်နှင့် သဘောထားတို့ကို သင် မည်သို့ စွန့်ပစ်နိုင်မည်နည်း။ ယင်းတို့ကို စွန့်ပစ်၍ မရနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ထို့အတွက်ကြောင့် သမ္မာတရားအား လိုက်လျှောက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအပြင် သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ခြင်း လမ်းကြောင်းကို သင် အစပြုလိုလျှင် ဘုရားသခင်ရှေ့မှောက်သို့ ချက်ချင်းလာပြီး သူ၏ ရည်ရွယ်ချက်များကို နားလည်ရန် ကြိုးစားရမည်ဖြစ်ပြီး သူ၏လိုအင်ဆန္ဒများကို နားလည်သဘောပေါက်ခြင်းမှာ အရေးကြီးဆုံးသောအရာပင် ဖြစ်သည်။ အယူအဆများ၊ စိတ်ကူးများဖြင့် အမြဲ အသက်ရှင်ရန်မှာ အလွန် လက်တွေ့မကျပေ။ သင်သည် ကိစ္စရပ်များအားလုံးတွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်နှင့် သန့်စင်ရန် လိုအပ်သည့် မည်သည့် စိတ်သဘောထားများ သင်၌ ရှိနေဆဲဖြစ်သည်၊ သင့်အား သမ္မာတရားကို လက်တွေ့မလုပ်ဆောင်အောင် မည်သည့်အရာများက တားဆီးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုများ သို့မဟုတ် အယူအဆများ သင်ရှိသည်ဆိုသည်နှင့် သူလုပ်ဆောင်သည့် မည်သည့်အရာများက သင်၏ အယူအဆများနှင့် ကိုက်ညီခြင်းမရှိဘဲ သင့်ကို သံသယထားကာ အထင်လွဲစေသည်ဆိုသည်တို့ကို သတိပြုရန် သင်ယူသင့်သည်။ သင့်ကိုယ်သင် ဤနည်းဖြင့် သုံးသပ်လျှင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရန် လိုအပ်သည့် မည်သည့်ပြဿနာများ သင်၌ ရှိနေဆဲဖြစ်သည်ကို သင် ရှာဖွေတွေ့ရှိနိုင်ပြီး ဤကဲ့သို့ သင် လက်တွေ့လုပ်ဆောင်လျှင် သင်၏ ဘဝ လျင်မြန်စွာ ကြီးထွားတိုးတက်လိမ့်မည်ဖြစ်သည်။ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ခြင်းမရှိဘဲ ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် အယူအဆများနှင့် အထင်လွဲမှုများ အမြဲ ထားရှိလျှင်၊ သင်၏ ကိုယ်ပိုင် စိတ်ကူးများကို အမြဲ မလျှော့တမ်းပြောလျှင်၊ ဘုရားသခင်က သင့်ကို စိတ်ပျက်စေသည် သို့မဟုတ် သင့်အဖို့ တရားမျှတခြင်းမရှိဟု အမြဲ တွေးပြီး သင်၏ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို အမြဲ ဖက်တွယ်ထားလျှင် ဘုရားသခင်အပေါ် သင်၏ အထင်လွဲမှုသည် သာ၍ နက်သည်ထက်သာ နက်လာလိမ့်မည်ဖြစ်ပြီး သူနှင့် သင်၏ ဆက်ဆံရေးသည် ပိုပိုပြီး ခပ်တန်းတန်းဖြစ်သွားလိမ့်မည် ဖြစ်သော်လည်း သူ့ကို သင့်စိတ်နှလုံး၏ ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့သည် ကြီးထွားသည်ထက် ကြီးထွားလိမ့်မည် ဖြစ်သည်။ သင်၏ အခြေအနေသည် ဤမျှဆိုးသွားလျှင် ထိုအရာက သင်၏ တာဝန်ကို သင် ထိရောက်စွာ ထမ်းဆောင်ပုံကို ပြင်းထန်စွာ ထိခိုက်နှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်သဖြင့် အန္တရာယ်များပေသည်။ သင်သည် သင်၏ တာဝန်နှင့် ဝတ္တရားကို ပေါ့ဆသည့်၊ ဝတ်ကျေတမ်းကျေဖြစ်သည့်၊ ဆီလျော်မှုမရှိ၊ ပုန်ကန်တတ်ပြီး အတိုက်အခံလုပ်သည့် သဘောထားဖြင့်သာ သဘောထားနိုင်ပြီး အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ ထိုအရာက သင့်အား သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို လှည့်ဖြားကာ အတိုက်အခံလုပ်လျက် ဝတ်ကျေတမ်းကျေ ဖြစ်စေလိမ့်မည်ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤရလဒ်၏ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ထိုအရာမှာ လူတို့က ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ စိတ်နှလုံးများတွင် အယူအဆများနှင့် အထင်လွဲမှုများ ရှိနေဆဲဖြစ်ကာ ဤလက်တွေ့ကျသည့် ပြဿနာများ ပြေလည်မသွားသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူများနှင့် ဘုရားသခင်ကြားတွင် သဘောထားကွာဟချက်တစ်ခု အမြဲ ရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာလိုကြလျှင် သူနှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုများ၊ အယူအဆများ၊ စိတ်ကူးများ၊ သံသယများ သို့မဟုတ် မှန်းဆချက်များ ၎င်းတို့တွင်ရှိသည်ကို ပထမဆုံး သုံးသပ်ရမည်။ ဤအရာများအားလုံးကို ဆန်းစစ်ရမည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ သို့မဟုတ် အထင်လွဲမှုများ အမှန်တကယ် ရှိခြင်းသည် ဘုရားသခင်အပေါ် လူတို့၏ သဘောထားအပြင် ၎င်းတို့၏ သဘာဝအနှစ်သာရတို့နှင့် သက်ဆိုင်သည်နှင့်အမျှ ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ဤအယူအဆများနှင့် အထင်လွဲမှုများကို ဖြေရှင်းရန် လူတို့က သမ္မာတရားကို မရှာဖွေလျှင် ဤအရာများက တကယ်ကို ပျောက်ချင်းမလှ ပျောက်သွားမည့်ပုံ မရပေ။ ယင်းတို့က သင်၏ တာဝန် ထမ်းဆောင်မှု သို့မဟုတ် သမ္မာတရား လိုက်စားခြင်းကို မထိခိုက်လျှင်ပင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သို့မဟုတ် အထူးအခြေအနေများအောက်တွင် သင်၏ စိတ်နှင့် သင်၏ တာဝန် ထမ်းဆောင်မှုကို နှောင့်ယှက်ရန် ထွက်ပေါ်လာလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင့်ထံတွင် အယူအဆများနှင့် အထင်လွဲမှုများရှိလျှင် ဘုရားသခင် ရှေ့မှောက်သို့လာကာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်၊ သမ္မာတရားကို ရှာဖွေကာ လူတို့တွင် ဤအယူအဆများနှင့် အထင်လွဲမှုများ အဘယ်ကြောင့် ထွက်ပေါ်ရသည်ဆိုသည့် ဖြစ်ကြောင်းရင်းမြစ်နှင့် အနှစ်သာရတို့ကို ရှင်းလင်းစွာ နားလည်ရမည်။ ထိုအခါတွင်မှ ထိုအရာများ ပျောက်ကွယ်သွားနိုင်သည်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်နိုင်ပြီး သင့်ဘဝသည် တဖြည်းဖြည်း ကြီးထွားတိုးတက်နိုင်ပေသည်။ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် အလွန်များသည့် အယူအဆများနှင့် အထင်လွဲမှုများ ရှိခြင်းက လူသားမျိုးနွယ်သည် သူ့ကို အတိုက်အခံလုပ်ကာ သူနှင့် သဟဇာတမဖြစ်နိုင်သည်ကို သက်သေပြပေသည်။ ဤအယူအဆများနှင့် အထင်လွဲမှုများကို အဆက်မပြတ် ဖြေရှင်းခြင်းအားဖြင့်သာ လူတို့နှင့် ဘုရားသခင်ကြားက သဘောထားကွာဟချက်သည် တဖြည်းဖြည်း နီးစပ်သွားနိုင်ပေသည်။ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ကာ သူ၌ သာ၍ကြီးမားသည့် ယုံကြည်ခြင်း ရှိကြလိမ့်မည်။ သာ၍ကြီးမားသည့် ယုံကြည်ခြင်းဖြင့် ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုသည် မသန့်စင်မှု များစွာလျော့နည်းသွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ သမ္မာတရား လိုက်စားမှုတွင် မသန့်စင်မှုများနှင့် အတားအဆီးများ များစွာ လျော့နည်းသွားလိမ့်မည်ဖြစ်သည်။

မည်သည့်လူများသည် ၎င်းတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် မသန့်စင်မှု လျော့နည်းပြီး မိမိတို့ကိုယ်ကျိုးအတွက် လျှို့ဝှက်ကြံစည်ခြင်း လျော့နည်းသနည်း။ (ဘုရားသခင်ကို အထင်မလွဲသည့် သာ၍ ရိုးရှင်းသော လူများဖြစ်သည်။) ဤသည်မှာ တစ်မျိုးတစ်စား ဖြစ်သော်လည်း သမ္မာတရားကို သာ၍ လိုက်စားသည့် ရိုးသားသောလူများ၊ သနားစာနာတတ်သောလူများလည်း ရှိသည်။ ဤလူများသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် မသန့်စင်မှု သာ၍ လျော့နည်းကြ၏။ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများ၊ စိတ်ကူးများ ရှိကြသူများ သို့မဟုတ် လွန်ကဲသည့် ဆန္ဒများရှိသည့်သူများ သို့မဟုတ် သူ့အပေါ် တောင်းဆိုချက်များရှိကြသည့်သူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် အလွန် မသန့်စင်မှု ရှိကြသည်။ ၎င်းတို့သည် သိက္ခာ၊ အဆင့်အတန်းနှင့် ဆုလာဘ်များ အလိုရှိကြပြီး ကြီးမားသည့် ဆုလာဘ်တစ်ခုခုက အလှမ်းဝေးနေဆဲဖြစ်ကာ ၎င်းတို့၏ မြင်ကွင်းတွင်မရှိလျှင် ၎င်းတို့က “ထိုအရာကို ငါ ချက်ချင်း မရနိုင်မှတော့ စောင့်ဆိုင်းကာ သည်းညည်းခံရုံသာ ရှိမည်။ သို့သော် ယခုတွင် ပထမဆုံး အကျိုးကျေးဇူး အနည်းငယ် သို့မဟုတ် အဆင့်အတန်းတစ်ခုခု အနည်းဆုံး ငါ ရသင့်သည်။ အသင်းတော်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ လူဒါဇင်ချီအတွက် တာဝန်ယူရန် ပထမဆုံး ငါ ကြိုးပမ်းမည်။ ကိုယ့်အနီးဝန်းကျင်တွင် လူများအမြဲ ဝန်းရံလျက်ရှိရန်မှာ အတော်လေး မက်မောဖွယ်ဖြစ်သည်”ဟု တွေးဆကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ဤမသန့်စင်မှု ဖြစ်ပေါ်လေသည်။ သင့်အနေဖြင့် ဘုရားအိမ်တော်အတွက် မည်သည့်တာဝန်မျှ မထမ်းဆောင်ရသေးချိန်တွင် သို့မဟုတ် လက်တွေ့ကျသည့် မည်သည့်အရာမျှ မလုပ်ဆောင်ရသေးချိန်တွင် သင် အရည်အချင်း ပြည့်မီခြင်းမရှိဟု ခံစားရလိမ့်မည်ဖြစ်ပြီး ဤအရာများ သင့်အထဲတွင် ထွက်ပေါ်မည်မဟုတ်ပေ။ သို့ရာတွင် တစ်စုံတစ်ရာကို သင် လုပ်ဆောင်နိုင်စွမ်းရှိပြီး လူအများစုထက် သင် အနည်းငယ် သာလွန်ကြောင်းနှင့် အယူဝါဒအချို့ကို သင် ဟောပြောနိုင်ကြောင်း ခံစားရသည့်အခါ ဤအရာများ ထွက်ပေါ်လာလိမ့်မည်။ ဥပမာအားဖြင့် ခေါင်းဆောင်တစ်ဦး အရွေးခံရသည့်အခါ သင်သည် ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာသာ ယုံကြည်ပြီးဖြစ်လျှင် သင်၏ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ကြောင်း၊ မည်သည့်တရားဒေသနာကိုမျှ သင် မဟောပြောနိုင်ကြောင်းနှင့် သင်သည် အရည်အချင်း မပြည့်မီကြောင်း ခံစားရမည်ဖြစ်သည်၊ ထို့ကြောင့် ရွေးကောက်ပွဲအတွင်းတွင် သင် နောက်ဆုတ်လိမ့်မည်ဖြစ်သည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ရှိပြီးသည့်နောက်တွင် ဝိညာဉ်ရေးရာ အယူဝါဒအနည်းငယ်ကို သင် ဟောပြောနိုင်လိမ့်မည် ဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရမည့်အချိန် တစ်ဖန် ကျရောက်လာသည့်အခါ ထိုရာထူးအတွက် သင် တက်ကြွစွာ အားထုတ်လိမ့်မည်ဖြစ်ပြီး “အို ဘုရားသခင်။ ကျွန်ုပ် ဝန်ထုပ်တစ်ခု ထမ်းပါသည်၊ အသင်းတော်ထဲတွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် ကျွန်ုပ် လိုလားနေပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များကို ထောက်ထားရန် လိုလားနေပါသည်။ သို့သော် ကျွန်ုပ် အရွေးခံရသည်ဖြစ်စေ၊ အရွေးမခံရသည်ဖြစ်စေ၊ ကိုယ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် ကျွန်ုပ် အမြဲ လိုလားနေပါသည်”ဟု ဆုတောင်းလိမ့်မည်။ ကျိုးနွံနာခံရန် လိုလားနေသည်ဟု သင် ပြောလိမ့်မည်ဖြစ်သော်လည်း သင်၏ စိတ်နှလုံးတွင် “သို့သော် ခေါင်းဆောင်တစ်ဦးအဖြစ် ကိုယ်တော် ကျွန်ုပ်ကို လုပ်ဆောင်ခွင့်ပေးလျှင် ကောင်းမည်ဖြစ်သည်”ဟု တွေးလိမ့်မည်။ သင်သည် ထိုသို့သော တောင်းဆိုချက်တစ်ခု ရှိလျှင် ဘုရားသခင်က ထိုအရာကို စိတ်ကျေနပ်လိမ့်မည်လော။ မုချ ကျေနပ်လိမ့်မည် မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သင်၏ ဤတောင်းဆိုချက်သည် သဘာဝကျသော တောင်းဆိုချက် မဟုတ်ဘဲ လွန်ကဲသော ဆန္ဒတစ်ခုသာဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဝန်ထုပ်အတွက် အလေးထားမှု ပြနိုင်ရန်အလို့ငှာ ခေါင်းဆောင်တစ်ဦး ဖြစ်လာချင်ကြောင်း ဤဆင်ခြေကို သင်၏ ကျိုးကြောင်းပြချက်အဖြစ် အသုံးပြုကာ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသည်ဟု ခံစားလျက် သင် ပြောလျှင်ပင် သင်၏ တောင်းဆိုချက်ကို ဘုရားသခင် မဖြည့်ဆည်းပေးသည့်အခါ မည်သည့်အရာကို သင် စဉ်းစားလိမ့်မည်နည်း။ မည်သည့် သရုပ်သကန်များကို သင် ပြသလိမ့်မည်နည်း။ (ဘုရားသခင်ကို ကျွန်ုပ် အထင်လွဲလိမ့်မည်ဖြစ်ပြီး သူ၏ဝန်ထုပ်အတွက် အလေးထားမှု ပြရန်သာ ကျွန်ုပ် အလိုရှိချိန်တွင် ကျွန်ုပ်ကို သူ အဘယ်ကြောင့် မဖြည့်ဆည်းပေးသည်ကို ကျွန်ုပ် တွေးနေမိမည်ဖြစ်သည်။ ကျွန်ုပ် အပျက်သဘောဆောင်လာလိမ့်မည်၊ အတိုက်အခံ လုပ်ကာ ညည်းညူမိလိမ့်မည်ဖြစ်သည်။) သင်သည် အပျက်သဘောဆောင် လာလိမ့်မည်ဖြစ်ကာ “သူတို့ ရွေးချယ်ကြသည့်လူသည် ငါ့လောက် အချိန်ကြာမြင့်စွာ ဘုရားသခင်ကို မယုံကြည်သေးပါ၊ ငါ့လောက် သူတို့ ပညာကောင်းကောင်းတတ်ခြင်း မရှိသလို သူတို့၏ အစွမ်းအစသည် ငါ့ထက် ပိုညံ့သည်။ တရားဒေသနာများကိုလည်း ငါ ဟောပြောနိုင်သည်။ ထို့ကြောင့် မည်သည့်ပုံစံဖြင့် ငါ့ထက် သူတို့ ပိုတော်ကြသနည်း”ဟု တွေးလိမ့်မည်။ သင်သည် တွေးပြီးရင်း တွေးဆလိမ့်မည် ဖြစ်သော်လည်း ထိုအရာကို သင် သဘောပေါက်နိုင်မည်မဟုတ်။ ထို့ကြောင့် အယူအဆများ သင့်အထဲတွင် ထွက်ပေါ်လိမ့်မည် ဖြစ်ကာ ဘုရားသခင်ကို မတရားသောသူအဖြစ် ဝေဖန်မိလိမ့်မည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်လော။ သင်သည် ကျိုးနွံနာခံနိုင်လိမ့်ဦးမည်လော။ ကျိုးနွံနာခံနိုင်လိမ့်မည် မဟုတ်။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်လိုသည့် ဤလိုအင်ဆန္ဒမရှိခဲ့လျှင်၊ သမ္မာတရားကို သင် လိုက်စားနိုင်လျှင်၊ မိမိကိုယ်ကို သိသည့် အသိပိုင်ဆိုင်နိုင်လျှင် သင်က “သာမန် နောက်လိုက်တစ်ဦး ဖြစ်ရုံမျှဖြင့် ကျွန်ုပ် အဆင်ပြေပါသည်။ သမ္မာတရား စစ်မှန်မှုကို ကျွန်ုပ် မပိုင်ဆိုင်ပါ၊ သာမန် လူ့သဘာဝ ရှိပြီး သိပ်အပြောမကောင်းပါ။ ကျွန်ုပ်သည် အတွေ့အကြုံအနည်းငယ် ရှိသော်လည်း ထိုအကြောင်းကို တကယ် မပြောတတ်ပါ။ ထိုအကြောင်းကို ကျွန်ုပ် ပိုမိုပြောဆိုချင်သော်လည်း ကျွန်ုပ်ကိုယ်ကျွန်ုပ် ရှင်းလင်းစွာ မရှင်းပြတတ်ပါ။ ကျွန်ုပ် ပိုမိုစကားပြောလျှင် လူတို့က ကျွန်ုပ်စကားနားထောင်ခြင်းကို ငြီးငွေ့ကြဖို့ အလားအလာ ရှိသည်။ ဤရာထူးအတွက် ကျွန်ုပ် အလွန်စံမမီပါ။ ခေါင်းဆောင်ဖြစ်ရန် မသင့်တော်သလို အခြားသူများထံမှ ဆက်လက်၍သာ သင်ယူသင့်သည်၊ ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်သင့်ပြီး အသိတရားရှိရှိ လက်တွေ့ကျသည့်သဘောထားဖြင့် သမ္မာတရားကို လိုက်စားသင့်ပါသည်။ ကျွန်ုပ်၌ ဝိညာဉ်ရင့်ကျက်မှုရှိကာ ခေါင်းဆောင်ရန် သင့်တော်သည့်တစ်နေ့တွင် ညီအစ်ကို မောင်နှမများ၏ ရွေးချယ်ခြင်းခံရလျှင် ကျွန်ုပ် ငြင်းမည်မဟုတ်ပါ”ဟု ပြောပေမည်။ ဤသည်မှာ မှန်ကန်သည့် စိတ်အခြေအနေဖြစ်သည်။ တစ်နေ့တွင် သင်၏ ညီအစ်ကို မောင်နှမများက သင့်ကို ခေါင်းဆောင်ဖြစ်ရန် သင့်တော်သည်ဟု မြင်ကာ ရွေးချယ်လျှင် ဤသည်မှာ ဘုရားသခင် ခွင့်ပြုသောကြောင့် မုချဖြစ်လိမ့်မည်ဖြစ်သောကြောင့် သင် ဦးဆောင်မည်လော၊ ဦးမဆောင်မည်လော။ (ကျွန်ုပ် ဦးဆောင်ပါမည်၊ ကျိုးနွံနာခံပါမည်။) သင် မည်သို့ ကျိုးနွံနာခံမည်နည်း။ သင်က “ထိုအရာကို ငါ လုပ်နိုင်သည်ယူဆသည်။ အခြားမည်သူမျှ ငါ့ထက် မတော်ပါ။ ထို့ကြောင့် ထိုအရာကို ငါ မုချ လုပ်နိုင်သည်။ ဤသည်မှာ ငါ့ကို ရွေးချယ်ကြရန် ငါ၏ ညီအစ်ကို မောင်နှမများကို ဘုရားသခင်က တို့ထိခြင်း ဖြစ်သည်။ ဤလူများထဲတွင် ငါ ဘုရားသခင်ကို ယုံကြည်သည်မှာ အချိန်အကြာဆုံးဖြစ်သည်၊ ငါသည် သင့်တော်သည့် အသက်အရွယ် ရှိသည်၊ လူ့အဖွဲ့အစည်းတွင် အတွေ့အကြုံအချို့ရှိပြီး ငါ့ထံတွင် အလုပ် စွမ်းဆောင်မှု ရှိသည်၊ ငါသည် အပြောကောင်းပြီး ပညာတတ်သည်။ တာဝန်မျိုးစုံကို ငါ ထမ်းဆောင်ပြီးဖြစ်သလို အတွေ့အကြုံအချို့ ရှိသည်။ ကဏ္ဍအားလုံးတွင် ငါ သင့်တော်သည်။ ငါ၏ ညီအစ်ကို မောင်နှမများက ငါ၏ ခေါင်းဆောင်မှုအောက်တွင် ရှိကြလျှင် အသင်းတော် အသက်တာသည် မုချ အောင်မြင်ထမြောက်ကာ ဆက်လက် တိုးတက်နေမည်ဖြစ်သည်”ဟု သင် တွေးသည်ဆိုပါစို့။ ထိုအခါ သင့်အထဲတွင် မာနထောင်လွှားမှု ထွက်ပေါ်လေသည်။ ဤတွင် အသိစိတ်တစ်ခုတလေ ရှိသလော။ နောက်ထပ် မည်သည့်အရာကို သင် လုပ်ဆောင်လိမ့်မည်နည်း။ သင်သည် မကောင်းမှုနှင့် မကောင်းသည့်အရာများကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင် ပြုပြင်ခြင်းခံရမည်ဖြစ်ကာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။ တစ်စုံတစ်ဦး၏ စိတ်အခြေအနေသည် အရေးကြီးသလော။ (အရေးကြီးပါသည်။) မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ သင်၏ စေ့ဆော်မှုများ၊ သင်၏ ဇာစ်မြစ်အကြောင်းရင်း၊ သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရည်မှန်းချက်များနှင့် သင်၏ အတွေးများအားလုံးကို သမ္မာတရားအတိုင်း သင် ပြန်လည်သုံးသပ်ကာ သိနားလည်လာရမည်ဖြစ်ပြီး ထိုအရာများက မှန်ခြင်း၊ မှားခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်ရမည်။ သင့်အနေဖြင့် မှားယွင်းသည့်လမ်းကြောင်းကို ဆင်းမသွားရန်အလို့ငှာ ဤအရာများအားလုံးက ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အခြေခံအုတ်မြစ်နှင့် အရင်းခံရာအဖြစ် ရှိရမည်ဖြစ်သည်။ မည်သည့်အရာကို သင် လုပ်ဆောင်လိုသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင် ရှေ့မှောက်တွင် မည်သည့်အရာကို သင် ရှာဖွေ၊ ဆုတောင်း သို့မဟုတ် တောင်းလျှောက်သည်ဖြစ်စေ၊ ထိုအရာသည် သဘာဝကျကာ အကျိုးသင့်အကြောင်းသင့် ဖြစ်ရမည်။ တင်ပြ၍ရပြီး လူတိုင်းက အသိအမှတ်ပြုနိုင်သည့် တစ်စုံတစ်ရာ ဖြစ်ရမည်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ထုတ်ပြ၍မရနိုင်သည့် အရာများကို ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းတွင် အကျိုးမရှိပေ။ ထိုအရာများအတွက် သင် မည်မျှဆုတောင်းသည်ဖြစ်စေ၊ အချည်းနှီးဖြစ်လိမ့်မည်။

လူတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အမြဲ မသန့်စင်မှု ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ နှစ်သက်မှုများနှင့်ပတ်သက်၍ အမြဲ မသန့်စင်မှု ရှိကြ၏။ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကို မသန့်စင်ရန် တမင်တကာ အခွင့်ပေးကြသလော။ မဟုတ်ပေ၊ ဤသည်မှာ တမင်မလုပ်သောအရာ ဖြစ်သည်။ လူတစ်ဦးတွင် ရှိသည့် မသန့်စင်မှု အရေအတွက်သည် ၎င်းတို့၏ စိတ်သဘောထားများနှင့် ၎င်းတို့၏ လိုက်စားမှုအပေါ် မူတည်သည်။ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားလျှင် ၎င်းအနေဖြင့် မိမိတာဝန်ကို ထမ်းဆောင်နေချိန်တွင် ရည်ရွယ်ချက်များ၊ တစ်ကိုယ်ကောင်းဆန်သည့် ရည်မှန်းချက်များ၊ စိတ်ဆန္ဒများနှင့် အပျက်သဘောဆောင်သော အခြေအနေများ လျော့နည်းကြလိမ့်မည်။ သမ္မာတရားကို ၎င်းတို့ မလိုက်စားပါက ပိုများသည့် မသန့်စင်မှုများ ရှိကြလိမ့်မည် ဖြစ်ပြီး ကျရှုံးမှု သို့မဟုတ် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည့်အခါ အပျက်သဘောဆောင်လာရန် အလားအလာ ရှိသည်၊ တစ်ခါတစ်ရံ စာတစ်ကြောင်းတည်းဖြင့်ပင် လမ်းလွဲသွားလိမ့်မည်။ “မာန၊ အဆင့်အတန်းနှင့် ချစ်ခင်မှုတို့ဖြင့် ညှဉ်းဆဲခံရသည်ဟု ခံစားရခြင်း”အကြောင်းကို သင်တို့ အမြဲပြောဆိုကြသည်။ သင်တို့သည် တစ်နေ့လုံး အရာရာဖြင့် ညှဉ်းဆဲခံရသည်ဟု ခံစားကြသည်။ ဤသည်မှာ ယုတ္တိမရှိပေ။ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝဖြင့် မကြာခဏ စိုးမိုးခံရကြသည်၊ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများ၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ကြပြီး လွန်ကဲသည့် လိုအင်ဆန္ဒမျိုးစုံ ရှိကြသော်လည်း ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြချေ။ မည်သည့် ဖောက်ပြန်ပျက်စီးခြင်းမျိုး ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ ၎င်းတို့သည် အမြဲ အပျက်သဘောဆောင်ကာ ညှဉ်းဆဲခံရကြသည်။ သင့်အနေဖြင့် ညှဉ်းဆဲခံရသည်ဟု ခံစားပါက ဒုက္ခရောက်ပေပြီ။ ညှဉ်းဆဲခံရသည့်ခံစားချက်ကို ထုတ်ဖော်ပြောသည့်အခါတိုင်းတွင် မည်သည့်အခါမျှ ကောင်းမွန်သည့်အရာတစ်ခု မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ “ညှဉ်းဆဲခံရသည်”ဟူသည့် စကားလုံးကိုယ်၌က မခိုင်လုံပေ။ လူတို့သည် အထူးအခြေအနေများအောက်တွင်သာ ညှဉ်းဆဲခံရသည်ဟု ခံစားကြရပြီး သမ္မာတရား လိုက်စားသောသူများက မကြာခဏ ပြသသည့် သရုပ်သကန်တစ်ခု မဟုတ်ပေ။ ညှဉ်းဆဲခံရသည်ဟု အမြဲခံစားခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်း၏၊ ထိုသို့သော လူတို့နှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိပေသည်။ ထိုအရာသည် အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း အခြေအနေတစ်ခု ဖြစ်သည်။ ထို့အပြင် “ညှဉ်းဆဲခံရသည်”ဟူသည့် စကားလုံးကို ဤသို့ အသုံးပြုရန်မှာ မမှန်ကန်သကဲ့သို့ မသင့်လျော်ပေ။ ညှဉ်းဆဲခံရသည်ဟု တစ်ချိန်လုံး ခံစားကြသည့်လူများသည် အဆုံးတွင် အဘယ်ကြောင့် ထိုအရာမှ ရလဒ်များ တစ်ကြိမ်တစ်ခါမျှ မရရှိကြသနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေဘဲ ထိုအစား ဘုရားသခင်ကို ဆန့်ကျင်ရင်း အမြဲ အပျက်သဘောဆောင်ကာ အတိုက်အခံ လုပ်တတ်သောကြောင့် ဖြစ်သည်။ ဤအရာ၏ ရလဒ်မှာ ၎င်းတို့အနေဖြင့် များစွာ ဆင်းရဲဒုက္ခခံစားရသော်လည်း မည်သည့်အရာမျှ လုံးဝ မရရှိကြခြင်း ဖြစ်သည်။ သမ္မာတရားကို ချစ်သောလူတို့သည် မည်သည့် အခက်အခဲများ၊ ပြဿနာများ ကြုံရသည်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို အမြဲ ကျိုးနွံနာခံကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမူများကို လက်ခံကြလိမ့်မည်၊ သမ္မာတရားကို ရှာဖွေရန် သူ၏ ရှေ့မှောက်သို့ လာကာ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်ကြလိမ့်မည်။ ညှဉ်းဆဲခံရသည်ဟု ခံစားရခြင်းသည် သင့်ကို မည်သည့်နေရာသို့မျှ မရောက်ရှိစေသဖြင့် ကောင်းမွန်သည့် အကြောင်းပြချက်မရှိဘဲ ထိုသို့မခံစားနှင့်။ ဥပမာအားဖြင့် ချစ်ခင်မှုဖြင့် ညှဉ်းဆဲခံရသည်ဟု သင် ခံစားရသော်လည်း သင့်ကိုယ်သင် ထိုအရာမှ တစ်ကြိမ်တစ်ခါမျှ လွတ်မြောက်စေနိုင်သလော။ သင်သည် အဆင့်အတန်း၏ ညှဉ်းဆဲခြင်းခံစားရသော်လည်း အဆင့်အတန်းကို စစ်မှန်သည့် ထိုးထွင်းသိမြင်မှု ရှိသလော။ သင်၏ အနာဂတ်နှင့် ကံကြမ္မာဖြင့် သင် ညှဉ်းဆဲခံရသည်ဟု ခံစားရသော်လည်း သင်၏ အနာဂတ်နှင့် ကံကြမ္မာ၏ အချုပ်အချယ်များမှ ရုန်းထွက်လွတ်မြောက်ဖို့ အားထုတ်နိုင်သလော။ ကောင်းချီးမင်္ဂလာအတွက် သင်၏ လိုအင်ဆန္ဒကို သင် လက်လွှတ်နိုင်သလော။ (လက်မလွှတ်နိုင်ပါ။) သို့ဆိုလျှင် ဤပြဿနာများကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ ယင်းတို့အားလုံးကို သမ္မာတရား လိုက်စားခြင်းအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းက လူတို့၏ ကျိုးကြောင်းမသင့်သည့် တောင်းဆိုချက်များနှင့် လွန်ကဲသော ဆန္ဒများအပြင် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများနှင့် သူနှင့်ပတ်သက်သည့် ၎င်းတို့၏ စိတ်ကူးများ၊ မှန်းဆချက်များ၊ သံသယများနှင့် အကန့်အသတ်များကို ဖြေရှင်းပေးနိုင်သည်။ ဤအခြေအနေများအားလုံး ပြေလည်သွားသည့်အချိန်တွင် လူတို့သည် ညှဉ်းဆဲခံရသည်ဟု ခံစားရလိမ့်ဦးမည်လော။ ညှဉ်းဆဲခံရသည်ဟု ခံစားရသည့် ဤအခြေအနေများအားလုံး တကယ်ကို ပြေလည်သွားမည် မဟုတ်လော။ ထိုအချိန်တွင် သင်၏ အတွေးများ၊ အမြင်များ၊ သဘောထားနှင့် အခြေအနေတို့ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် ကျိုးနွံနာခံကာ စောင့်ဆိုင်းနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို တွန်းလှန်တိုက်ခိုက်မည် မဟုတ်သကဲ့သို့ သူ့ကို ပုန်ကန်မည် မဟုတ်ပေ၊ သို့မဟုတ် ဝေဖန်မည်မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်၏ လက်တော် သင့်အပေါ် ကျရောက်သည့်အခါတွင် သို့မဟုတ် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို သူ စီစဉ်ညွှန်ကြားသည့်အခါတွင် အတိုက်အခံလုပ်ကာ ရှောင်လွဲမည့်အစား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကာ သူ၏ ရှေ့မှောက်တွင် ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး ထိုအရာကို ရှောင်ရှားဖို့ သာ၍ပင် ကြိုးစားမည် မဟုတ်ပေ။ သင်သည် ဤအပြုသဘောဆောင်သည့် အခြေအနေများ ပိုပိုပြီး ရှိလိမ့်မည်ဖြစ်ကာ ဤအရာက သမ္မာတရားကို သင် လိုက်စားနေကြောင်း သက်သေပြပေသည်။ သို့သော် ထိုအပျက်သဘောဆောင်သည့် အရာများသည် သင်၏ စိတ်ကို စဉ်ဆက်မပြတ် နေရာယူထားကာ သင်၏ နေ့စဉ်လုပ်ရပ်များ၊ အတွေးများနှင့် စိတ်ကူးများကို လွှမ်းမိုးပြီး သင်၏ အခြေအနေကို ထိခိုက်လျှင် ဤအရာက သင်သည် သမ္မာတရားကို လုံးဝ မလိုက်စားကြောင်း သက်သေပြပြီး နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။

လူများစွာတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့၏ ရည်ရွယ်ချက်များဖြင့် မသန့်စင်ဘဲ ဖြစ်နေကြသည်။ မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရရန် အစဉ် ကြိုးစားကြသည်။ ချီးမွမ်းခံရခြင်း၊ အားပေးခံရခြင်းကို အစဉ် နှစ်သက်ကြသည်။ တစ်စုံတစ်ခုကို ကောင်းစွာလုပ်လျှင် အကျိုးရလဒ်၊ သို့မဟုတ် ဆုလာဘ်အချို့ကို အစဉ် ရလိုကြသည်။ ဆုလာဘ်မရှိလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ စိတ်ဝင်စားမှု မရှိကြပေ။ ပြီးလျှင် ၎င်းတို့ကို အာရုံစိုက်မည့်သူ၊ သို့မဟုတ် အားပေးမည့်သူ မည်သူမျှမရှိလျှင် ၎င်းတို့သည် အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် ကလေးများကဲ့သို့ မတည်ငြိမ်ပေ။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ လူတို့သည် အဘယ်ကြောင့် မိမိတို့၏ တာဝန်များတွင် မိမိတို့၏ ရည်ရွယ်ချက်များဖြင့် အစဉ်သဖြင့် မသန့်စင်ဘဲ ရှိနေကြပြီး ယင်းတို့ကို မည်သည့်အခါတွင်မျှ ဘေးဖယ်မထားနိုင်ကြသနည်း။ ဤသည်မှာ အဓိကအားဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်မခံသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် ဤအရာများကို ဘေးဖယ်ထားရန် မစွမ်းဆောင်နိုင်ကြပေ။ ဤပြဿနာများကို လုံးဝ မဖြေရှင်းလျှင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ အလွယ်တကူ အပျက်သဘောဆောင်လာကြသည်။ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းတွင် ပို၍ စိတ်မဝင်စား ဖြစ်လာကြသည်။ အသိအမှတ်ပြုခံရခြင်း၊ သို့မဟုတ် ကောင်းချီးခံစားရခြင်းအကြောင်း ဘုရားသခင်ထံမှ နှုတ်ကပတ်တော်များကို မြင်လျက် ၎င်းတို့သည် အနည်းငယ် စိတ်ဓာတ်လှုံ့ဆော်ခြင်းခံရပြီး အနည်းငယ် စိတ်အားထက်သန်ကြသည်။ သို့သော် မည်သူကမျှ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယမဖွဲ့လျှင်၊ မည်သူကမျှ ၎င်းတို့ကို အားမပေးလျှင်၊ သို့မဟုတ် မချီးမွမ်းလျှင် ၎င်းတို့သည် ပို၍ စိတ်မဝင်စားဖြစ်လာကြသည်။ လူတို့သည် ၎င်းတို့ကို မကြာခဏ ချီးမြှောက်လျှင်၊ ချီးမွမ်းလျှင်၊ ချီးကျူးလျှင် ၎င်းတို့သည် အထူးတလည် ချီးကျူးလောက်စရာ ကောင်းသည်ဟု ခံစားကြရသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာပြီး ကောင်းချီးပေးနေသည်မှာ သေချာနေကြသည်။ ထိုသို့သောအချိန်များတွင် လူအုပ်ထဲတွင် ထင်ပေါ်လိုသော ၎င်းတို့၏အလိုဆန္ဒများသည် ဖြစ်မြောက်ပြီး ပြည့်ဝကြသည်။ ကောင်းချီးပေးခံလိုသော ၎င်းတို့၏ ရည်ရွယ်ချက်သည် ခဏတာ လျော့ပါးသွားပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် ပါရမီများကို အသုံးပြုခြင်းခံရသဖြင့် ၎င်းတို့ သိက္ခာရှိကြလေသည်။ ၎င်းတို့သည် ပျော်ရွှင်လွန်းသည်မှာ လမ်းတစ်လျှောက် ခုန်ပေါက်ပြေးလွှားကြသည်။ ၎င်းတို့၏ မျက်နှာသည် ပြုံးရွှင်လျက်ရှိသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၏ အကျိုးသက်ရောက်မှုဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ၎င်းတို့၏ ဆန္ဒများပြည့်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် အနည်းငယ်မျှပင် မိမိကိုယ်ကို သိမြင်မှုမရှိဘဲ လွန်ကျူးသော ဆန္ဒများရှိသည်။ ဒုက္ခ၊ သို့မဟုတ် အခက်အခဲအချို့ကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် ၎င်းတို့၏မာနနှင့် ပကာသနတို့ မပြည့်စုံသောအခါ၊ သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများသည် အနည်းငယ်မျှပင် အထိခိုက်ခံရသောအခါ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး လဲပြိုသွားကြသည်။ ယခင်က ၎င်းတို့သည် ဘီလူးကဲ့သို့ ရှည်လျားစွာ ရပ်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်းတွင် မြေမှုန့်တစ်ပုံတစ်ခေါင်းထဲ တစ်စတစ်စ ပြိုလဲပျက်စီးကြသည်။ ကွာခြားချက်က အလွန်ပင် ကြီးမားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများဖြစ်လျှင် အဘယ်သို့ အလွန်လျင်မြန်စွာ ပြိုလဲသွားကြသနည်း။ ရှင်းလင်းစွာပင် စိတ်အားထက်သန်မှု၊ ဆန္ဒနှင့် ရည်မှန်းချက်တို့ကို အခြေခံ၍ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောလူများသည် အလွန်အားနည်းသည်။ ဆုတ်ဆိုင်းမှု၊ သို့မဟုတ် အကျအရှုံးတစ်ခုခုကို ကြုံသောအခါတွင် လဲပြိုသွားကြသည်။ ၎င်းတို့၏ စိတ်ကူးများက မည်သည့်အရာမျှ ဖြစ်မလာ၊ ၎င်းတို့၏ဆန္ဒများ မပြည့်သည်ကို၊ ၎င်းတို့ မျှော်လင့်ချက်နှင့် ကောင်းချီးခံစားရခြင်း မရှိသည်ကို မြင်သည့်အခါ ချက်ချင်းလဲကျကြသည်။ ဤအခြင်းအရာက ၎င်းတို့သည် ထိုအချိန်က ၎င်းတို့တာဝန်များကို မည်မျှ စိတ်အားထက်သန်ခဲ့သည်ဖြစ်စေ ဤသည်မှာ သမ္မာတရားကို ၎င်းတို့နားလည်သောကြောင့်မဟုတ်ဆိုသည်ကို ပြသည်။ ၎င်းတို့သည် ကောင်းချီးခံရရန် မျှော်လင့်ချက်ဖြင့်၊ စိတ်အားထက်သန်မှုကြောင့် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။ လူတို့သည် မည်မျှ စိတ်အားထက်သန်ပါစေ၊ စကားများနှင့် အယူဝါဒများ မည်မျှကို ၎င်းတို့ ဟောကြားနိုင်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မစွမ်းဆောင်နိုင်လျှင်၊ စည်းမျဉ်းများနှင့်အညီ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်လျှင်၊ စိတ်အားထက်သန်မှုအပေါ်ကိုသာ အမှီပြုလျှင် ၎င်းတို့သည် ကြာရှည်ခံမည်မဟုတ်ပေ။ ဆင်းရဲဒုက္ခ၊ သို့မဟုတ် ကပ်ဘေးနှင့် ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်မဟုတ်ဘဲ လဲကျလိမ့်မည်။ လူအချို့သည် ကျရှုံးမှု သို့မဟုတ် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည့်အခါ အတိုင်းသား ပြိုလဲသွားကြသည်။ အခြားသူတို့မှာ ပြုပြင်ခြင်း ခံရသည့်အခါ ပြိုလဲကြစဉ်တွင် အခြားသူတို့မှာ ဆုံးမပဲ့ပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ပြိုလဲကြသည်။ သမ္မာတရားကို မပိုင်ဆိုင်သူများသည် ပထမဆုံး အခက်အခဲတွင်ပင် ဤသို့ အမြဲ လဲကျကြသည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားသူတစ်ဦး၏ သရုပ်သကန်များမှာ အဘယ်နည်း။ (မည်သည့် စစ်ဆေးမှုမျိုးကို သူတို့ ရင်ဆိုင်ရသည်ဖြစ်စေ သူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံစားရကောင်း ဖြစ်မည်ဖြစ်သော်လည်း၊ အပျက်သဘောဆောင်လာကြမည် မဟုတ်ပါ။ သမ္မာတရားကို သူတို့ ရှာဖွေကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံကြလိမ့်မည်ဖြစ်သည်။) အပျက်သဘော မဆောင်လာခြင်းသည် သရုပ်သကန်တစ်ခုဖြစ်သော်လည်း အဓိက သရုပ်သကန်ကို သင်တို့ မရိပ်စားမိကြသေးပေ။ ယင်းမှာ သမ္မာတရားကို လိုက်စားသည့်လူများသည် မည်သည့် အခက်အခဲများ၊ နာကျင်မှု သို့မဟုတ် အားနည်းချက်များ ၎င်းတို့ တွေ့ကြုံရသည်ဖြစ်စေ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းတွင် ဟန့်တားခံရမှု သို့မဟုတ် ထိခိုက်ခံရမှု မရှိခြင်း ဖြစ်သည်။ သမ္မာတရား မလိုက်စားသူတို့မှာ ၎င်းတို့ ဝမ်းသာပျော်ရွှင်သည့်အခါ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် စိတ်ထက်သန်ကြသည်။ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ ပင်ပန်းနွမ်းနယ်မှု မခံစားရသကဲ့သို့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်အားလုံးကို ဘေးဖယ်ထားနိုင်ကြပြီး မိမိတို့၏ တာဝန်များကို မစွန့်ပစ်ကြချေ။ သို့ရာတွင် ၎င်းတို့ ဝမ်းသာပျော်ရွှင်ခြင်း မရှိသည့်အခါတွင်မူ ကွဲပြားပေသည်။ အလုပ် အနည်းငယ်မျှ လုပ်ဆောင်သည့်အခါတွင်ပင် အလွန် မောပန်းကြပြီး အနည်းငယ် ဆင်းရဲဒုက္ခခံစားရလျှင် ညည်းညူကာ မိမိတို့ နေ့ရက်များကို အသက်ရှင်နေထိုင်ကာ ချမ်းသာကြွယ်ဝရန်နှင့် မိမိတို့အတွက် ထွက်ပေါက်တစ်ခုကို အမြဲ စဉ်းစားကြသည်။ သို့သော် သမ္မာတရားလိုက်စားသူတို့က “ငါ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ ငါ့တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီး ဘုရားသခင်၏ မေတ္တာကို ပြန်ဆပ်ရမည်။ ငါ့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအားဖြင့်သာ ငါသည် အသိတရားနှင့် အသိစိတ် ရှိမည်ဖြစ်ကာ လူသားဟု အခေါ်ခံထိုက်မည်”ဟု တွေးကြသည်။ မိမိတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်ခြင်းအား အာရုံစိုက်ခြင်းအပြင် ဘုရားနှုတ်ကပတ်တော်များကိုလည်း ၎င်းတို့ စားသောက်နိုင်ကြပြီး မည်သည့် ဒုက္ခပြဿနာများကို ရင်ဆိုင်ရသည်ဖြစ်စေ ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုနိုင်ကြကာ မိမိတို့၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေကြလေသည်။ ၎င်းတို့သည် ဤအရာများကို အကြိမ်ကြိမ် တွေးဆကြသည်။ “ဤအခြေအနေကို ငါ မည်သို့ ဖြေရှင်းနိုင်သနည်း။ ပြဿနာက မည်သည့်နေရာတွင် တည်ရှိသနည်း။ အဘယ်ကြောင့် ငါ အပျက်သဘောဆောင်သည်ဟု ခံစားရသနည်း။ အဘယ်ကြောင့် ပြုပြင်ခြင်းခံနေရသနည်း။ ဤအရာကို ငါ အဘယ်သို့ အမှားလုပ်မိခဲ့သနည်း။ ငါ၏ အမှားမှာ အဘယ်မှာနည်း။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုလော၊ ဤနယ်ပယ်တွင် ငါ မကျွမ်းကျင်ဘူးလော သို့မဟုတ် ငါ၏ ကိုယ်ပိုင် ရည်ရွယ်ချက်အချို့ကို ငါ ထားရှိမိသလော”ဟူ၍ ဖြစ်သည်။ ဤအရာများကို ရက်အနည်းငယ်ကြာ ဆန်းစစ်ပြီးနောက်တွင် ရလဒ်များကို ၎င်းတို့ ရရှိကြပြီး ၎င်းတို့က မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များ ထားရှိသောကြောင့်၊ အခြားသူများအား စိတ်အနှောင့်အယှက် ပေးမိမည်ကို ကြောက်ကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မစဉ်းစားခဲ့သောကြောင့် အသင်းတော်အလုပ် ထိခိုက်ခဲ့ကြောင်း သဘောပေါက်သွားကြသည်။ ဤကောက်ချက်ချမှုမျိုး ရှိလာသည့်နောက်တွင် မည်သည့်သဘောထားကို သင် ခံယူသင့်သနည်း။ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ သင့်အနေဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၏ ပြုပြင်ခြင်းကို လက်ခံရမည်၊ သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်၊ သင်၏ အခြေအနေကို သူ၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ကာ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် သိနားလည်မှုတစ်ခုကို စွမ်းဆောင်ရရှိရမည်ဖြစ်သည်။ ဤသို့ဖြင့် သင်သည် သမ္မာတရားကို ချစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံသူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကို သိလိမ့်မည်ဖြစ်သည်။ ဤကောက်ချက်ချမှုကို ရရှိခြင်းသည် လုံလောက်သလော။ သင့်အနေဖြင့် “ကျွန်ုပ် လုပ်ဆောင်ခဲ့သည့်အရာမှာ သမ္မာတရားနှင့်အညီ မဟုတ်ခဲ့ပါ၊ ကျွန်ုပ်၏ လုပ်ရပ်များကို ကျွန်ုပ်၏ စာတန်ဆန်သော စိတ်သဘောထားများက ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ် နောင်တရရန် လိုလားနေပြီး ဘုရားသခင်ကို တစ်ဖန် လုံးဝ ပုန်ကန်မည်မဟုတ်ပါ။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သမ္မာတရားကို အမြဲရှာဖွေကာ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်ပါမည်။ ကျွန်ုပ် မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်က ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ကာ အပြစ်ဒဏ်ပေးပါစေ”ဟု ဆိုလျက် ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချကာ နောင်တရရဦးမည်ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် နောင်တရသည့် စိတ်နှလုံးတစ်ခု ဖြစ်သည်။ သင်သည် ဤသို့ ဆုတောင်းကာ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်နိုင်လျှင်၊ ဤကဲ့သို့ သင် လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ဤသည်မှာ ကျိုးနွံနာခံမှုရှိသည့် စိတ်ဓာတ်တစ်ခု ဖြစ်သည်။ သင်သည် ဤသို့ တွေ့ကြုံလျှင် ဘုရားသခင်၏ အမှုတော်ကို တဖြည်းဖြည်း ကျိုးနွံနာခံလာလိမ့်မည်၊ သူ့အပေါ် စစ်မှန်သည့် သိနားလည်မှု ရှိလိမ့်မည်၊ သူ၏ စိတ်သဘောထားက အမှန်တကယ် ဖြောင့်မတ်ပြီး သန့်ရှင်းကြောင်း မြင်ကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ဖြစ်ပေါ်လိမ့်မည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် တာဝန်ယူတတ်ကာ သစ္စာစောင့်သိလိမ့်မည်ဖြစ်ပြီး ဤသို့ဖြင့် လက်တွေ့ကျသည့် အတွေ့အကြုံအချို့ရှိကာ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။