သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏ (အပိုင်း နှစ်)

လူအချို့တို့သည် ပြုမူဆောင်ရွက်ကြသောအခါ ၎င်းတို့ကိုယ်တိုင်၏ ဆန္ဒနောက် လိုက်ကြ၏။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ကြပြီး ပြုပြင်ခြင်း ခံရပြီးသည့်နောက်တွင် ၎င်းတို့သည် ၎င်းတို့ မာနထောင်လွှားကြကြောင်းနှင့် ၎င်းတို့၌ သမ္မာတရား မရှိသောကြောင့်သာလျှင် ၎င်းတို့အမှား လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း စကားများဖြင့်သာ ဝန်ခံကြ၏။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ “အခြားမည်သူမျှ အရဲစွန့်ခေါင်းမထောင်ကြ၊ ငါသာ ဤသို့ပြု၏၊ ထိုသို့ဖြင့် အဆုံး၌ တစ်စုံတစ်ခု မှားယွင်းသည့်အခါ ငါ့အပေါ်သာ တာဝန်အားလုံးပုံချကြသည်။ ဤသည်မှာ ငါ မိုက်မဲရာမကျသလော။ နောက်တစ်ကြိမ်၌ ငါသည် ထိုကဲ့သို့ အရဲစွန့်ခေါင်းခံသည့် ဤကိစ္စမျိုး ငါမလုပ်တော့။ ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဟုပင် ညည်းညူနေကြသည်။ ဤသဘောထားကို မည်သို့သဘောရသနည်း။ ဤသည်မှာ နောင်တရသော သဘောထားလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်သဘောထား ဖြစ်သနည်း။ ၎င်းတို့သည် ဉာဏ်များလာပြီး လိမ်လည်လှည့်ဖြားလာကြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် “ထိုကိစ္စက ပျက်ကိန်းမဆိုက်သွားသည်မှာ ငါကံကောင်း၏။ တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်သွားပြီ ဆိုပါတော့။ ငါ့အနေဖြင့် အနာဂတ်တွင် ပို၍သတိထားမှ ရပေတော့မည်”ဟူ၍ တွေးသည်။ ၎င်းတို့သည် အမှုအရာကို ဂရုစိုက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ သေးသိမ်သော လှည့်ကွက်များနှင့် စဉ်းလဲသော အကြံအစည်များကို အသုံးပြုကြပြီး သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့သည် ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် နောင်တမရကြသေးသောကြောင့် ဖြစ်၏။ နောင်တရသောအခါ ပထမဆုံးအပြီးလုပ်ရမည့်အရာမှာ သင်ပြုခဲ့ပြီးသော အမှားကို သတိပြုမိရန်၊ သင်၏ အမှားရှိသောနေရာ၊ ပြဿနာ၏ အနှစ်သာရနှင့် သင်ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတို့ကို တွေ့ရန် ဖြစ်သည်။ ဤအရာများကို စဉ်းစားသုံးသပ်ပြီး သမ္မာတရားကို လက်ခံကာ ထို့နောက်တွင် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်သာလျှင် နောင်တရသည့် သဘောထားဖြစ်၏။ အကယ်၍ အခြားတစ်ဖက်၌ သင်သည် ကောက်ကျစ်သော နည်းလမ်းများကို အကုန်အစင် စဉ်းစားပါက သင်သည် ယခင်ကထက် ပို၍ စိတ်မချရဖြစ်လာကာ သင်၏နည်းနိဿယများသည်လည်း ပို၍ပါးနပ်လာကာ ပို၍ကွယ်ဝှက်လာသည့်အပြင် အမှုကိစ္စများကို ဖြေရှင်းရန် နည်းလမ်းများသည်လည်း သင်၌ပိုများလာသည်ဆိုပါက ပြဿနာသည် လိမ်လည်လှည့်ဖြားခြင်းသက်သက်ကဲ့သို့ သိပ်မရိုးရှင်းတော့ပေ။ သင်သည် လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်ပြီး သင်၌ သင်ထုတ်ပြော၍မရနိုင်သော လျှို့ဝှက်ချက်များ ရှိနေ၏။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်၏။ သင်သည် နောင်တမရသေးရုံသာမက ပို၍ စိတ်မချရဘဲ ပို၍ လှည့်စားတတ်လာသည်။ ဘုရားသခင်သည် သင့်ကို အလွန်အကျွံ စိတ်နှလုံးခိုင်မာပြီး ကောက်ကျစ်ဆိုးယုတ်သည်ဟု မြင်၏၊ မိမိမှားထားကြောင်းကို အပြင်ပန်းတွင် ဝန်ခံပြီး ပြုပြင်ပေးခြင်းကို လက်ခံသည့်တိုင် လက်တွေ့တွင် နောင်တရသည့် သဘောထား စိုးစဉ်းမျှပင် မရှိသောသူအဖြစ် မြင်၏။ အဘယ်ကြောင့် ငါသည် ဤအရာကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ် ဖြစ်ပျက်နေစဉ်တွင် သို့မဟုတ် ယင်းဖြစ်ရပ်ဖြစ်ပြီးနောက်တွင် သင်သည် သမ္မာတရားကို လုံးဝ မရှာဖွေသောကြောင့်၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင် သိရန် မကြိုးစားသောကြောင့်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်၏ သဘောထားသည် ပြဿနာကို ဖြေရှင်းရန် စာတန်၏ အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထား ဖြစ်သည်။ အမှန်တွင် သင်သည် ဆင်ဝှေ့ရန်ရှောင်လုပ်ပြီး အခြားသူများက ယင်း၏ အရိပ်အယောင်မမြင်ရန် မည်သည့်အရာမျှ လွတ်ထွက်ခွင့်မပေးဘဲ သပ်သပ်ရပ်ရပ် အပြီးသတ်နေခြင်း ဖြစ်သည်။ အဆုံးတွင် သင်သည် သင့်ကိုယ်သင် အတော်အတန် ချက်ချာပါးနပ်သည်ဟု ခံစားရ၏။ ဘုရားသခင်မြင်သည့်အရာမှာ ဤအရာများဖြစ်ပြီး၊ သင့်အနေဖြင့် မိမိအပေါ်သို့ ကျရောက်လာသည့် အမှုအရာရှေ့၌ ဧကန်အမှန် သုံးသပ်ဆင်ခြင်ကာ မိမိအပြစ်ကို ဝန်ချ၍ နောင်တရပြီးသည့်နောက် သမ္မာတရားကို လိုက်ရှာကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေပုံ မဟုတ်ချေ။ သင်၏သဘောထားသည် သမ္မာတရားကို ရှာဖွေသည့်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သဘောထား မဟုတ်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို နာခံသည့် သဘောထားလည်း မဟုတ်ဘဲ သင်၏ပြဿနာကို ဖြေရှင်းရန် စာတန်၏ နည်းနိဿယများနှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထားဖြစ်သည်။ သင်သည် အခြားသူများ သင့်အပေါ် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးပြီး ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို သင်ခုခံသည်၊ ထို့ပြင် သင့်အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားပေးထားသည့် အခြေအနေများကို သင်သည် ခုခံကာကွယ်ပြီး ထိပ်တိုက်ရင်ဆိုင်သည်။ ဤသည်မှာ သင်၏စိတ်နှလုံးသည် ယခင်ကထက် ပို၍ဖုံးပိတ်ထားပြီး ဘုရားသခင်ထံမှ ကင်းကွာကြောင်း ဆိုလိုပေသည်။ ထိုသို့ဖြင့် ထိုအရာမှ ကောင်းသည့် ရလဒ်တစ်ခုတလေ ရှိလာနိုင်သလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မွေ့လျော်ခံစားရင်း အလင်းထဲတွင် အသက်ရှင်နိုင်သေးသလော။ အသက်မရှင်နိုင်ပေ။ သမ္မာတရားကို သင် ရှောင်ရှားပြီး ဘုရားသခင်ကို ရှောင်ရှားပါက သေချာပေါက် အမှောင်ထဲကျကာ မြည်တမ်းပြီး အံသွားခဲကြိတ်ရလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေသည် လူတို့ထဲ၌ ပျံ့နှံ့နေသလော။ (ပျံ့နှံ့နေပါသည်။) အချို့သောလူတို့သည် “ဤအကြိမ်၌ ငါသည် ပြုပြင်ခြင်းကို ခံခဲ့ရ၏။ နောက်တစ်ကြိမ်တွင် ငါ့အနေဖြင့် ပို၍ အပိုင်ကြံပြီး သတိထားမှ ရတော့မည်။ အခွင့်အရေး မဆုံးရှုံးရရန်အလို့ငှာ ကိစ္စအားလုံးတွင် ငါ သတိထားရမည်။ အပိုင်မကြံသည့် လူတို့သည် ငတုံးများပင်ဖြစ်ကြ၏”ဟု ဆိုလျက် မိမိတို့ကိုယ်ကို မကြာခဏ ဆုံးမတတ်ကြသည်။ အကယ်၍ သင်သည် သင့်ကိုယ်သင် ထိုကဲ့သို့လမ်းညွှန်ပြီး ဆုံးမနေလျှင် ရလဒ်ကောင်းများ ရနိုင်ဦးမည်လော။ သမ္မာတရားကို ရနိုင်ပါမည်လော။ အကြောင်းအခြင်းအရာတစ်ခု သင့်အပေါ်သို့ ကျရောက်လာကာ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင် ရှာဖွေပြီး နားလည်နိုင်ကာ သမ္မာတရား၏ ထိုရှုထောင့်ကို သင်ရရှိနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိနိုင်သနည်း။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်များ၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသည်၊ သင့်အား ဤအရာကို အဘယ်ကြောင့် ဘုရားသခင်ပြုခဲ့ကြောင်း၊ သင့်ထံမှ ထိုသို့သောတောင်းဆိုမှုကို အဘယ်ကြောင့် သူပြုကြောင်း၊ သင့်ကို ထိုကဲ့သို့ဆုံးမရန်နှင့် ပဲ့ပြင်ရန် အခြေအနေများကို အဘယ်ကြောင့် သူစီစဉ်ညွှန်ကြားကြောင်း၊ သင့်ကို ပြုပြင်ရန် ဤအမှုအရာကို အဘယ်ကြောင့် သူအသုံးပြုကြောင်းနှင့် ဤအမှုအရာ၌ အဘယ်ကြောင့် သင်ပြိုလဲသွားပြီး ရှုံးနိမ့်သွားကာ ထုတ်ဖော်ခြင်းခံခဲ့ရကြောင်းတို့ကို သင်နားလည်သွားသည်။ ဤအရာများကို သင်နားလည်နိုင်ပါက သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်မည်ဖြစ်ပြီး အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်သည့်အပြင် ဤအချက်အလက်များကို သင်လက်မခံဘဲ မရမက အတိုက်အခံပြုပြီး မရမက ခုခံနေလျှင်၊ သင် အယောင်ဆောင်ဖို့ သင့်ကိုယ်ပိုင် နည်းနိဿယများကို မရမက အသုံးပြုနေလျှင်၊ အခြားသူများအားလုံးကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း အသွင်အပြင်အမှားနှင့် မရမက ရင်ဆိုင်နေလျှင် သင်သည် သမ္မာတရားကို ထာဝစဉ်ပင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင့်ထံတွင် ရိုးသားသည့် သဘောထားတစ်ခု၊ သမ္မာတရားကို လက်ခံကာ ကျိုးနွံနာခံသည့် သဘောထားတစ်ခုရှိကာ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်၏ စိတ်နှလုံးတွင် မည်မျှ နာကျင်မှုရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ သင် အရှက်ရသည်ဖြစ်စေ သမ္မာတရားကို သင် အမြဲ လက်ခံကာ ကျိုးနွံနာခံနိုင်ပြီး “ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် မှန်ကန်ပြီး ကျွန်ုပ် လက်ခံရပါမည်”ဟု ဆိုလျက် ဘုရားသခင်ထံ ဆုတောင်းနိုင်ဆဲဖြစ်လျှင် ဤသည်မှာ ကျိုးနွံနာခံမှုရှိသော သဘောထားတစ်ခု ဖြစ်သည်။ သို့ရာတွင် လက်ခံသည့် ဖြစ်စဉ်အတောအတွင်းတွင် သင်သည် မိမိကိုယ်ကို အဆက်မပြတ် ပြန်လည်သုံးသပ်ရမည်၊ သင်၏ လုပ်ရပ်များနှင့် အပြုအမူတွင် မည်သည့်နေရာ၌ အမှားများရှိကြောင်းနှင့် မည်သည့် သမ္မာတရား သွင်ပြင်လက္ခဏာများအား သင် ချိုးဖောက်မိပြီးဖြစ်ကြောင်းတို့ကို ပြန်လည်သုံးသပ်ရမည်။ သင်၏ ကိုယ်ပိုင် စစ်မှန်သော အခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို ရှင်းလင်းစွာ မြင်နိုင်ရန်အလို့ငှာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးရမည်။ ထို့နောက် သမ္မာတရားကို သင် ရှာဖွေလျှင် စည်းမျဉ်းများနှင့်အညီ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်။ ဤသို့ သင် လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံလျှင် မသိလိုက်မီတွင် တိုးတက်မှု ပြုလုပ်လိမ့်မည်ဖြစ်သည်။ သမ္မာတရားက သင့်အထဲတွင် အမြစ်တွယ်လိမ့်မည်။ ထိုသမ္မာတရားက ပွင့်လန်း၊ အသီးသီးပွင့်ကာ သင်၏ အသက်ဖြစ်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြခြင်းများနှင့်ဆိုင်သည့် ပြဿနာများအားလုံး တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်၏ သဘောထား၊ အမြင်များနှင့် အခြေအနေများသည် အပြုသဘောဆောင်ခြင်းဆီသို့ ပိုပိုပြီး ယိမ်းသွားလိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်နှင့် ခပ်တန်းတန်း ဖြစ်လိမ့်ဦးမည်လော။ သူနှင့် သင် ခပ်တန်းတန်း ဖြစ်ကောင်းဖြစ်နိုင်သေးသော်လည်း ထိုသို့ဖြစ်ခြင်းက လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်ဖြစ်ကာ ဘုရားသခင်အပေါ် သင် ထားရှိသည့် သံသယများ၊ မှန်းဆချက်များ၊ အထင်လွဲမှုများ၊ မကျေနပ်ချက်များ၊ ပုန်ကန်မှုနှင့် အတိုက်အခံ လုပ်ခြင်းတို့သည်လည်း လျော့နည်းသွားလိမ့်မည်။ ထိုအရာများ လျော့နည်းသွားချိန်တွင် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်ရှေ့မှောက်၌ သင့်ကိုယ်သင် ငြိမ်သက်စေရန်နှင့် သူ့ထံ ဆုတောင်းရန်၊ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာဖွေရန် သင့်အတွက် ပိုမိုလွယ်ကူလိမ့်မည်။ သင့်ထံ အမှုအရာများ ကျရောက်သည့်အခါ သင် မရိပ်စားမိနိုင်လျှင်၊ ထိုအစား လုံးလုံး စိတ်ရှုပ်ထွေးကာ သမ္မာတရားကို မရှာဖွေသေးလျှင် ပြဿနာရှိလိမ့်မည်။ သင့်အနေဖြင့် ကိစ္စရပ်များကို လူသားနည်းစနစ်များကို အသုံးပြုလျက် ကိုင်တွယ်ရန် သေချာနေပြီး လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် သင်၏ အတွေးအခေါ်များ၊ စိတ်မချရသည့် နည်းလမ်းများနှင့် လိမ္မာပါးနပ်သည့် နည်းစနစ်များအားလုံး ထွက်ပေါ်လာလိမ့်မည်။ ဤသည်မှာ လူတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် အမှုအရာများကို ပထမဆုံး တုံ့ပြန်သည့်ပုံစံ ဖြစ်သည်။ လူအချို့သည် အမှုအရာများ ဖြစ်ပျက်သည့်အခါ သမ္မာတရားအတွက် ကြိုးပမ်းခြင်းထဲသို့ မိမိတို့ စိတ်နှလုံးကို လုံးဝ မနှစ်ထားဘဲ ထိုအစား ထိုအရာများကို လူသားနည်းလမ်းများဖြင့် ကိုင်တွယ်ဖို့ အမြဲ စဉ်းစားကြသည်။ အကျိုးဆက်အနေဖြင့် အချိန်ကြာမြင့်စွာ ၎င်းတို့ ဟိုသည် စမ်းတဝါးဝါးဖြစ်ကြသည်၊ ၎င်းတို့၏ မျက်နှာများက ပင်ပန်းနွမ်းနယ်မှုဖြင့် လူမမာရုပ် ပေါက်လာသည်အထိ မိမိတို့ကိုယ်ကို ညှဉ်းဆဲကြသော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသေးချေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသည့်သူများ မည်မျှသနားဖွယ် ကောင်းသည့်ပုံစံဖြစ်သည်။ ယခုတွင် သင်၏တာဝန်ကို လိုလိုလားလား ထမ်းဆောင်ကောင်း ထမ်းဆောင်မည်ဖြစ်ကာ အမှုအရာများကို စွန့်လွှတ်ပြီး မိမိကိုယ်ကို လိုလိုလားလား အသုံးခံကောင်းခံနိုင်သော်လည်း ဘုရားသခင်နှင့်ပတ်သက်၍ သင့်တွင် နားလည်လွဲမှားမှုများ၊ ထင်မြင်ချက်များ၊ သံသယများ သို့မဟုတ် မကျေနပ်ချက်များ သို့တည်းမဟုတ် သူ့အပေါ် ဆန့်ကျင်ပုန်ကန်မှုနှင့် ခုခံတော်လှန်မှုတို့ပင် ရှိဆဲဖြစ်လျှင် သို့မဟုတ် သင်သည် သူ့အား ဆန့်ကျင်ရန်နှင့် သင့်အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်ရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းပညာများကို အသုံးပြုလျှင်၊ ဤအရာများကို သင်မဖြေရှင်းလျှင် သမ္မာတရားက သင်၏ ဖြစ်ခြင်းတစ်ခုလုံး၏ အရှင်သခင်ဖြစ်ရန် မဖြစ်နိုင်သလောက်ရှိပြီး သင့်အသက်တာက ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်။ လူတို့သည် မကြာခဏ ရုန်းကန်ကြပြီး ဤအပျက်သဘောဆောင်သော အခြေအနေများထဲတွင် ညှဉ်းဆဲခြင်းကို ခံကြရကာ သူတို့သည် နွံအိုင်ထဲသို့ နစ်မြုပ်ထားကြသည့်အလားဖြစ်ပြီး အမှန်နှင့် အမှားတို့နှင့်သက်ဆိုင်သော စိတ်ကူးဖြင့် အစဉ်နစ်မြုပ်လျက် ရှိကြသည်။ သမ္မာတရားကို သူတို့ အဘယ်သို့ ရှာဖွေတွေ့ရှိကာ နားလည်နိုင်ကြမည်နည်း။ လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေရန်အတွက် ဦးစွာ ကျိုးနွံနာခံရပေမည်။ ထို့နောက် အတွေ့အကြုံကာလတစ်ခု အပြီးတွင် သူတို့သည် ဉာဏ်အလင်းဖွင့်ပြမှုအချို့ကို ရရှိနိုင်မည်ဖြစ်ပြီး ထိုအခိုက်တွင် သမ္မာတရားကို နားလည်ရန် လွယ်ကူပေသည်။ အကယ်၍ လူတစ်ဦးက မှန်ကန်သည့်အရာနှင့် မှားယွင်းသောအရာကို ဖော်ထုတ်ရန် အမြဲကြိုးစားနေပြီး အမှန်နှင့် အမှားတွင် ပါဝင်ပတ်သက်မိပါက သူသည် သမ္မာတရားကို ရှာဖွေတွေ့ရှိစရာ သို့မဟုတ် နားလည်စရာ အကြောင်းမရှိပေ။ ထို့ပြင် အကယ်၍ လူတစ်ဦးက သမ္မာတရားကို မည်သည့်အခါမျှ နားမလည်နိုင်လျှင် ဤအရာက အဘယ်အကျိုးကို ဖြစ်စေမည်နည်း။ သမ္မာတရားကို နားမလည်ခြင်းက ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများနှင့် နားလည်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်။ လူတစ်ဦးသည် ဘုရားသခင်နှင့်ပတ်သက်၍ နားလည်မှုလွဲခြင်းများ ရှိသည့်အခါတွင် သူနှင့်ပတ်သက်၍ မကျေမနပ်ပြောရန် ဖြစ်နိုင်ဖွယ်ရှိသည်။ ဤမကျေမနပ်ပြောချက်များက ပေါက်ကွဲထွက်လာသောအခါ ၎င်းတို့က ဆန့်ကျင်ခြင်း ဖြစ်လာသည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းသည် ဘုရားကို အာခံခြင်းဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုဖြစ်သည်။ လူတစ်ဦးသည် များစွာသော ပြစ်မှားမှုများကို ကျူးလွန်လျှင် ထိုသူသည် အမျိုးမျိုးသော ဆိုးယုတ်ခြင်းများကို ကျူးလွန်ပြီးဖြစ်ကာ အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ရန် ထာဝရ မတတ်နိုင်ခြင်းမှ ဖြစ်ပေါ်သည့်အရာဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ကြိုးပမ်းအားထုတ်ခြင်းဟူသည်မှာ သင့်အား သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်စေရန်၊ နာခံမှုရှိရန်၊ စည်းမျဥ်းများအတိုင်း ပြုမူကျင့်ကြံရန်၊ ဘာသာတရားကိုင်းရှိုင်းပုံ ပေါက်ရန်၊ သို့မဟုတ် သူတော်စင်ကဲ့သို့သော အမူအကျင့်ပြုရန်သက်သက်သာ ရည်ရွယ်သည်မဟုတ်ပေ။ ယင်းမှာ ဤအရာများကို စွမ်းဆောင်ရရှိရန်သာ ရည်ရွယ်ခြင်း မဟုတ်ဘဲ အဓိကအားဖြင့် ဘုရားသခင်အပေါ် သင်ထားသိုထားသည့် အမျိုးမျိုးသော မမှန်ကန်သည့် အမြင်များကို ဖြေရှင်းရန် ရည်ရွယ်လေသည်။ သမ္မာတရားကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် ဖြစ်သည်။ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သောအခါ လူတို့သည် ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများ နောက်ထပ် ရှိတော့မည်မဟုတ်ပေ။ ဤအရာနှစ်ခုသည် ချိတ်ဆက်နေသည်။ တစ်ချိန်တည်းတွင်ပင် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းသည့်အခါတွင် ၎င်းတို့နှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ တဖြည်းဖြည်း တိုးတက်ပြီး ပို၍ပို၍ သာမန်ဖြစ်လာမည်။ ထို့ကြောင့်၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ပြေလည်သည်နှင့် ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏ ဒွိဟဖြစ်ခြင်းများ၊ မသင်္ကာမှုများ၊ စမ်းသပ်မှုများ၊ နားလည်လွဲမှားမှုများ၊ သံသယများနှင့် နာကျည်းချက်များသာမက ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းပါ အားလုံးသည်ပင်လျှင် တစ်စတစ်စ ပြေလည်သွားမည် ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သောအခါ မည်သည့် လက်ငင်းသရုပ်သကန် ဖြစ်ပျက်သနည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထား ပြောင်းလဲသွား၏။ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် အရာရာကို ၎င်းတို့ ရင်ဆိုင်နိုင်ကြပြီး ထို့နောက်တွင် သူနှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုးတက်လိမ့်မည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်လျှင် လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိကြသောကြောင့် ဘုရားသခင်ကို လှည့်ဖြားရန်မဆိုထားနှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်ကြမည် မဟုတ်။ ဤသို့ဖြင့် ဘုရားသခင်အကြောင်း ပိုနည်းသည်ထက်နည်းသည့် အယူအဆများနှင့် အထင်လွဲမှုများ ရှိကြလိမ့်မည်၊ သူနှင့် ၎င်းတို့၏ ဆက်ဆံရေးက ပိုပိုပြီး ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာကို ၎င်းတို့ မဖြေရှင်းလျှင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု လုံးဝ ရရှိနိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ သူ့အပေါ် ကျိုးနွံနာခံမှုရှိသော စိတ်နှလုံးတစ်ခု လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ဘာသာတရားမရှိသူများကဲ့သို့ပင် ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမြဲငြင်းပယ်ကာ အတိုက်အခံလုပ်လျက် အလွန် ပုန်ကန်တတ်လိမ့်မည်ဖြစ်ပြီး မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ၎င်းတို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ဤသို့ဖြစ်သောကြောင့် သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် အရေးပါပေသည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အယူအဆများ၊ အထင်လွဲမှုများနှင့် မကျေနပ်ချက်များကို သင် ဖြေရှင်းလိုဆဲဖြစ်သည်။ ဤအရာကို သင် စွမ်းဆောင်ရရှိနိုင်သလော။ မုချ မစွမ်းဆောင်နိုင်ပေ။ လူအချို့က “ကျွန်ုပ်သည် ရိုးရှင်းသော လူတစ်ဦးဖြစ်သည်၊ ကျွန်ုပ်တွင် အယူအဆများ၊ အထင်လွဲမှုများ၊ သို့မဟုတ် မကျေနပ်ချက်များကဲ့သို့သော အရာတစ်ခုမျှ မရှိပါ။ ဤအရာများနှင့်ပတ်သက်၍ ကျွန်ုပ် မစဉ်းစားပါ”ဟု ဆိုကြသည်။ ထိုအကြောင်းကို သင် မတွေးလျှင် မည်သည့် အယူအဆမျှ မရှိသည်ကို သင် အာမခံနိုင်သလော။ ထိုအကြောင်းကို မစဉ်းစားခြင်းအားဖြင့် ဖောက်ပြန်ပျက်စီးသော သင်၏ စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းကို သင် ရှောင်ရှားနိုင်သလော။ တစ်စုံတစ်ဦးက မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည်ဖြစ်စေ ထိုအရာကို ၎င်းတို့၏ သဘာဝက အမြဲ သတ်မှတ်ထားခြင်း ဖြစ်သည်။ လူအားလုံးသည် မိမိတို့၏ စာတန်ဆန်သော သဘာဝဖြင့် အသက်ရှင်ကြ၏။ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်ထားပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီးဖြစ်သည်။ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို အမြစ်ဖြတ်ရန် နည်းလမ်းမရှိ၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုခြင်းအားဖြင့်သာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာအားလုံးကို ၎င်းတို့ တဖြည်းဖြည်း ဖြေရှင်းနိုင်ကြပေသည်။

လူတစ်ဦး၏ ဘုရားသခင်နှင့် ဆက်ဆံရေး၌ တိုးတက်မှု ရှိခြင်းဖြစ်စေ၊ မရှိခြင်းဖြစ်စေ မည်သည့်နေရာတွင် ထင်ရှားသနည်း။ ထိုအရာသည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သင် ရင်ဆိုင်ရချိန် သင့်တွင်ရှိသည့် သဘောထားနှင့် အမြင်များတွင် ထင်ရှားပေသည်။ သင်၏ သဘောထားနှင့် အမြင်များသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်များ သို့မဟုတ် အသိပညာနှင့် သဘောတရားများမှလာပြီး သင်က ဤအရာများကို သင်၏ ဘဝ အတွေးအခေါ်နှင့် ဆောင်ပုဒ်အဖြစ် စွဲကိုင်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဟုတ်သလော။ သမ္မာတရားကို သင် ရရှိပြီးပြီလော။ (မရရှိသေးပါ။) သင်သည် သမ္မာတရားကို လိုက်စားသည့် တစ်စုံတစ်ဦး မဟုတ်ဟု သေချာပေါက် ပြော၍မရပေ။ သင့်အနေဖြင့် သမ္မာတရား လိုက်စားသည့် လမ်းပေါ်တွင် ရှိကောင်းရှိမည် ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် ထိုအရာက သင်သည် သမ္မာတရား စစ်မှန်မှုများထဲသို့ မဝင်ရောက်သေးကြောင်း ပြသပေသည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာကို ရင်ဆိုင်ရသည့်အခါ သင် ချက်ချင်း ဒေါသထွက်လျှင်၊ စားပွဲကို ထုပြီး လူတို့ကို အော်ဟစ်လျှင်၊ ထိုအရာကို လက်ခံရန် ငြင်းပြီး ကျိုးနွံနာခံခြင်းမရှိလျှင် ဤတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်သည့် လူတစ်ဦး ဖြစ်သလော။ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေနိုင်သနည်း။ ဤအရာက သမ္မာတရားသည် သင်၏ စိတ်နှလုံးကို မထိန်းချုပ်သေးကြောင်း ပြသသည်။ ထိုသို့သော အသေးအဖွဲ့လေးတစ်ခုနှင့်ပတ်သက်၍ပင် သင် တည်ငြိမ်အောင် မနေနိုင်ဘဲ ထိုသို့သော သေးငယ်သည့် ကိစ္စရပ်တစ်ခုက သင်၏ အကျည်းတန်သော အခြေအနေကို ဖော်ထုတ်လျှင် ဤအရာက သင်သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုရာတွင် မကျွမ်းကျင်ကြောင်းနှင့် သင် ဒေါသဖြစ်သည့်အခါ သမ္မာတရား ရှာဖွေခြင်းကို ဘေးဖယ်ထားကြောင်း သက်သေပြပေသည်။ ဤသည်မှာ မှန်ကန်ပါက အသက်ဝင်ရောက်မှုကို သင် အဘယ်သို့ ရှိနိုင်မည်နည်း။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်သော်လည်း မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အသက်ရှင်ရင်းနှင့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရှာဖွေခြင်းမရှိ သို့မဟုတ် အခြားသူများနှင့် မည်သို့ ဆက်ဆံပြီး ကိစ္စရပ်များအား ကိုင်တွယ်ရမည်ဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့၏ ရှုထောင့်အမြင်များကို မည်သည့်အခါတွင်မျှ ပြောင်းလဲခြင်းမရှိဘဲ ဘာသာတရားမရှိသူများကဲ့သို့ပင် ပြုမူကြလေသည်။ ၎င်းတို့သည် သိသာသည့် ဆိုးယုတ်သော လုပ်ရပ်များ မကျူးလွန်သေးသော်လည်း သို့မဟုတ် ကမ်းကုန်သည့် အမှားများကို မလုပ်မိသေးသကဲ့သို့ လူကောင်းများ ဖြစ်ပုံရကြသော်လည်း ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လင့်ကစား အသက်ဝင်ရောက်မှု မရှိကြသကဲ့သို့ သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြရသေးပေ။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ၎င်းတို့အတွက် ရရှိရန် ခက်ခဲမည်ကို စိုးရ၏။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်ပြီး မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့က “ကျွန်ုပ်၏ အယူအဆတွင် ထိုထိုသောအရာ...”၊ “ထိုထိုသောအရာများကို ကျွန်ုပ် စီစဉ်သည်...”ဆိုသည်နှင့် “ဤသို့ ထိုသို့ ငါ စဉ်းစားသည်...” ဟု အစဉ်သဖြင့် ပြောကြသည်၊ သို့မဟုတ် ၎င်းတို့က “ဤဆိုရိုးဟောင်းက ကောင်းစွာ ပြောထားသည်...” ဆိုသည်နှင့် “ထိုကျော်ကြားသည့်လူက ပြောသည့်အတိုင်း...”ဟူ၍ ပြောကြသည်။ ထိုအရာက ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်သည့် တစ်စုံတစ်ဦး၊ ၎င်းတို့ စိတ်နှလုံးတွင် သမ္မာတရား အနည်းငယ်မျှမရှိသည့် တစ်စုံတစ်ဦးဖြစ်ကြောင်း သက်သေပြသည်နှင့်အမျှ ဤကဲ့သို့ အမြဲ ပြောဆိုသည့်လူများတွင် ပြဿနာတစ်ခု ရှိလေသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်က “ဘုရားနှုတ်ကပတ်တော်က ပြောသည်ကို ကျွန်ုပ် သတိရသည်...”၊ “တစ်ချိန်တုန်းက ဘုရားသခင် ပြောခဲ့သည်...” သို့မဟုတ် “ဘုရားအိမ်တော်၏ တရားဒေသနာများထဲမှ တစ်ခုတွင် ဟောပြောထားသည်မှာ...”၊ “ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ထဲတွင် ဤသို့ပြောသည့် စာသားတစ်ကြောင်း ရှိသည်...”ဟု အမြဲပြောလျှင်၊ ပြဿနာများကို ဤကဲ့သို့ သင် အမြဲ စဉ်းစားပြီး ပြောဆိုလျှင် ထိုအရာက သင်သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုအချို့ ပိုင်ဆိုင်သောသူတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင် ပြောသည့်အရာကို ပထမဆုံး နားလည်အောင်လုပ်ရမည်၊ အရာရာကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ချိန်ဆကြည့်ကာ ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အခြေခံအုတ်မြစ်၊ အရင်းခံရာနှင့် စမှတ်အဖြစ် အသုံးပြုရမည်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်နေချိန်တွင် ၎င်းတို့ ရှိသင့်သည့် သဘောထားဖြစ်သည် မဟုတ်လော။ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အနိမ့်ဆုံးသောအရာ ဖြစ်သည်။ ယခုခေတ်တွင် လူတို့သည် နေ့စဉ် တရားဒေသနာများကို နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်လည်း အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့က “ကျွန်ုပ် မိခင်ပြောသည်...”၊ “ဆိုရိုးဟောင်းတစ်ခုရှိသည်...”၊ “ထိုထိုသော ကျော်ကြားသည့် လူတစ်ဦးက ပြောသည်...”၊ “စကားပုံတစ်ခုက ပြောသည်...”ဆိုသည်နှင့် “အများလက်ခံထားသည့် ဆိုရိုးက ပြောသည့်အတိုင်း...”ဟူ၍ ပြောဆိုကြဆဲဖြစ်သည်။ ၎င်းတို့ စားသောက်သည့် ဘုရားနှုတ်ကပတ်တော်များက မည်သည့်နေရာသို့ ရောက်သွားခဲ့သနည်း။ ၎င်းတို့က သမ္မာတရားကို မရရှိသေးကြောင်း၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုများထဲသို့ မဝင်ရောက်သေးကြောင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးများ မရှိကြသည့်အပြင် ဘာသာတရားမရှိသူများ၏ လေသံဖြင့် အမြဲ စကားပြောဆိုကြကြောင်းတို့ကို ဤလူများ၏ သဘောထားနှင့် တုံ့ပြန်မှုများမှ သင် မြင်နိုင်သည်။ ထိုသို့သောလူများသည် နုံအပြီး ဉာဏ်ထိုင်းသည့် မျက်နှာထားတစ်ခု ရှိကြသည်။ မည်သည့်အရာက ဤသို့ ဖြစ်စေသနည်း။ (သမ္မာတရားကို မလိုက်စားခြင်းက ဖြစ်စေပါသည်။) လူတို့သည် အပြင်ပန်းတွင် နုံအပြီး ဉာဏ်ထိုင်းပုံပေါ်နိုင်သော်လည်း အတွင်းတွင် ၎င်းတို့သည် မည်သည့်အရာနှင့် တူကြသနည်း။ ၎င်းတို့သည် အတွင်းတွင် ညှိုးခြောက်နေ၏။ တစ်နည်းအားဖြင့် ၎င်းတို့သည် သမ္မာတရား၏ ရေလောင်းပေးခြင်းနှင့် ဖြည့်တင်းပေးခြင်းကို မခံကြရသေးပေ။ ၎င်းတို့သည် ဆာလောင်နေဆဲဖြစ်ပြီး သမ္မာတရားကို မရရှိကြသေးပေ။ ထို့ကြောင့် မထုံတက်တေးနိုင်ပြီး မောပန်းနွမ်းနယ်သည့် ဘဝများကို ၎င်းတို့ အသက်ရှင်ကြသည်၊ တုံ့ပြန်ရန် နှေးကွေးကြပြီး တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ အထူးသဖြင့် အကူအညီမဲ့ကာ “ဘုရားသခင်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ”၊ “ကျွန်ုပ် မရှင်းမလင်းဖြစ်နေပါသည်” သို့မဟုတ် “ကျွန်ုပ်တွင် လမ်းကြောင်းမရှိပါ”ဟု မကြာခဏ ပြောဆိုကြလေသည်။ ဤစကားများက ၎င်းတို့၏ နှုတ်ခမ်းများထက်တွင် အမြဲရှိသည်။ ယင်းတို့သည် ကောင်းမွန်သည့် စကားများဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်ကြောင့် လူအချို့က ထိုစကားများထံမှ အမြဲ သင်ယူကြသနည်း။ ယင်းတို့သည် လူကြိုက်များသည့် ရေပန်းစားသော စကားများပင် ဖြစ်လာကြပြီး ဖြစ်သည်။ ဤစကားများသည် အဘယ်ကြောင့် ငါ့အဖို့ အလွန်အချိုးမပြေပုံရသနည်း။ ယင်းတို့သည် ကောင်းမွန်သည့် စကားများ မဟုတ်သကဲ့သို့ သင်ယူရန် မလိုအပ်ပေ။ လူကြိုက်များသည့်အရာများကို အာရုံမစိုက်နှင့်၊ ထိုအစား သမ္မာတရားနှင့် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသည့် ပြဿနာများ ဖြေရှင်းခြင်းကို အာရုံစိုက်လော့။ သင့်ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်၏ အမြင်များ၊ သဘောထား၊ ရည်ရွယ်ချက်နှင့် စမှတ်တို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ပြခြင်းရှိမရှိဆိုသည်ကို သင် ပြန်လည်သုံးသပ်ရမည်။ ဤအရာကို သင် ပြန်လည်သုံးသပ်ရမည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ထိုအရာကို ဖြေရှင်းရန် စာတန်ဆန်‌သော အတွေးအခေါ်များကို သင် မှီခိုပြီး လူသား နည်းစနစ်များကို သင် အသုံးပြုသလော သို့မဟုတ် သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ထိုအရာကို သင် ဖြေရှင်းသလော၊ သို့မဟုတ် အပေးအယူလုပ်သည့် အလယ်အလတ် ချဉ်းကပ်နည်းကို သင် ခံယူသလော။ သင်၏ ရွေးချယ်မှုများက သင့်အနေဖြင့် သမ္မာတရားကို ချစ်ပြီး လိုက်စားသည့် တစ်စုံတစ်ဦး ဟုတ်သလောဆိုသည်ကို အကောင်းဆုံး ထုတ်ဖော်ပြပေသည်။ သင်သည် စာတန်ဆန်သည့် အတွေးအခေါ်များနှင့် လူသားနည်းစနစ်များကို မှီခိုခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းရန် အမြဲ ရွေးချယ်လျှင် အကျိုးဆက်မှာ သမ္မာတရားသာမက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် လမ်းပြခြင်းတို့ကို သင် မရရှိနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများက သင့်အထဲတွင် ထွက်ပေါ်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သူက သင့်ကို ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။ သို့ရာတွင် အရာခပ်သိမ်း၌ သမ္မာတရားကို သင် ရှာဖွေနိုင်ပြီး ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များအတိုင်း ဖြေရှင်းနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု၊ အလင်းပြမှုနှင့် လမ်းပြမှုတို့ကို ရရှိနိုင်လိမ့်မည်။ သမ္မာတရားအပေါ် သင်၏ သိနားလည်မှုသည် ယခင်ထက် တိုး၍ ရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ပိုပိုပြီး သင် သိရှိလာလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်ကို သင် အမှန်တကယ် ကျိုးနွံနာခံကာ ချစ်နိုင်လိမ့်မည်။ အချိန်ကာလတစ်ခုကြာ ဤသို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံပြီးသည့်နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ယခင်ထက် ပိုမို သန့်စင်သွားလိမ့်မည်ဖြစ်ပြီး သင့်အနေဖြင့် နောက်ဆုံးတွင် ဘုရားသခင်နှင့် ပြီးပြည့်စုံသည့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိသည်အထိ ဘုရားသခင်ကို ပုန်ကန်သည့် ဖြစ်ရပ်များ လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်။ အပေးအယူလုပ်သည့် အလယ်အလတ် လမ်းစဉ်ကို သင် အမြဲ ရွေးချယ်လျှင် ပြဿနာများကို ကိုင်တွယ်ရန် စာတန်ဆန်သော အတွေးအခေါ်များကို သင် အမှန်တကယ် မှီခိုနေမိဦးမည်ဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်၊ သင်သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ရန် မှားယွင်းသည့် နည်းလမ်း၊ ဘာသာရေး နည်းလမ်းကို သင် ရွေးချယ်မိပြီးဖြစ်လျှင် သင်၏ လမ်းကြောင်းကို အမြန် ပြောင်းလဲရန်၊ ချောက်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ပြီး မှန်ကန်သည့် နည်းလမ်းကို ခံယူရန် လိုအပ်သည်။ ထို့နောက်တွင် ကယ်တင်ခြင်း ရရှိရန် သင့်အတွက် မျှော်လင့်ချက် ရှိကောင်းရှိနေဆဲဖြစ်နိုင်သည်။ သင့်အနေဖြင့် ဘုရားသခင်ကို မှန်ကန်သည့် ယုံကြည်ခြင်း နည်းလမ်းကို ရရှိလိုလျှင် ထိုအတွက် သင့်ဘာသာ ရှာဖွေပြီး ဟိုစမ်းစမ်း သည်စမ်းစမ်း လုပ်ရမည်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် တစ်စုံတစ်ဦးက ကာလတစ်ခုကြာ တွေ့ကြုံပြီးနောက်တွင် မှန်ကန်သည့် လမ်းကြောင်းကို ရှာတွေ့လိမ့်မည်။

သို့ဆိုလျှင် ငါတို့ယခုတင် မည်သည့်အရာကို မိတ်သဟာယပြုခဲ့ကြသနည်း။ (သမ္မာတရား လိုက်စားခြင်းက မည်သည့်အရာကို အဓိက ဖြေရှင်းကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မိတ်သဟာယပြုခဲ့ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် ရှိသည့် မှားယွင်းသော အမြင်အမျိုးမျိုးနှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ လူတို့၏ အမြင်များ၊ သဘောထားများနှင့် ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် လူတို့အနေဖြင့် စာတန်ဆန်သော အတွေးအခေါ်များနှင့် လူသားအယူအဆများအပြင် စိတ်ကူးများကို အသုံးပြုလျက် အမှုအရာများကို ချဉ်းကပ်ခြင်းရှိမရှိ၊ သို့မဟုတ် ယင်းတို့ကို သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် ဖြေရှင်းခြင်း ရှိမရှိဆိုသည်တို့နှင့် ပတ်သက်၍လည်း ကျွန်ုပ်တို့ မိတ်သဟာယပြုခဲ့ကြပါသည်။) ဤစကားများသည် သတိရရန် လွယ်ကူသော်လည်း အဓိကအချက်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆကြည့်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင် ရှာတွေ့နိုင်သလောဟူသည့်အရာ ဖြစ်သည်။ သင့်အနေဖြင့် စည်းမျဉ်းများကို ကျင့်သုံးနိုင်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် သမ္မာတရား စစ်မှန်မှုများ ရှိလိမ့်မည် ဖြစ်သည်။ သမ္မာတရားကို သိနားလည်ခြင်းက သမ္မာတရားကို သင် ရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ထိုအရာကို သင် အမှန်တကယ် နားလည်နိုင်သည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါတွင်သာ ဖြစ်သည်။ သင့်အနေဖြင့် သမ္မာတရားကို မကြာခဏ လက်တွေ့လုပ်ဆောင်ပြီး လုံးဝ စည်းမျဉ်းများနှင့်အညီ ထိုသို့ လက်တွေ့လုပ်ဆောင်လျှင် ဤသည်မှာ သမ္မာတရားကို ရရှိခြင်း ဖြစ်သည်။ စကားများနှင့် အယူဝါဒများအကြောင်းကို ပြောဆိုနိုင်ရုံမျှကို အစွမ်းအစကောင်းအဖြစ် ယူဆ၍မရနိုင်ပေ။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင် ရှာဖွေနိုင်မှသာ သဘောပေါက်နားလည်နိုင်စွမ်းကို သင် ရှိပေသည်။ အရေးအပါဆုံးသော အရာမှာ လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ သင်သည် ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးနှင့် ကောင်းသော ဆက်ဆံရေးရှိပြီး သူတို့၌ မည်သည့်အရာ မှားယွင်းနေကြောင်း ထောက်ပြရန် သင့်ကို တောင်းဆိုလျှင် သင် ယင်းကို အဘယ်သို့ ပြုသင့်သနည်း။ ဤသည်မှာ ကိစ္စရပ်အတွက် သင်အသုံးပြုသော ချဉ်းကပ်နည်းနှင့် ဆက်စပ်သည်။ သင်၏ ချဉ်းကပ်နည်းမှာ သမ္မာတရားစည်းမျဉ်းများကို အခြေခံသည့် ချဉ်းကပ်နည်းလော၊ သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို သင် အသုံးပြုသလော။ ၎င်းတို့၌ ပြဿနာရှိနေသည်ကို သင် ရှင်းလင်းစွာ တွေ့မြင်နိုင်သော်လည်း သင်၏ ဆက်ဆံရေးကို မထိခိုက်အောင် ရှောင်ဖို့ငှာ ထိုသူအား ပွင့်ပွင့်လင်းလင်း မပြောဘဲ “ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက ယခုတွင် သေးငယ်ပြီး သင်၏ ပြဿနာများကို လုံးစေ့ပတ်စေ့ နားမလည်ပါ။ နားလည်သောအခါ ကျွန်ုပ် သင့်ကို ပြောပါမည်” ဟု ပြောရင်း ဆင်ခြေများပင် ပေးလျှင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခု ပါဝင်သည်။ ဤသည်မှာ တစ်ပါးသူများကို အရူးလုပ်ရန် ကြိုးစားနေခြင်း မဟုတ်သလော။ သင်သည် ရှင်းရှင်းလင်းလင်း မြင်နိုင်သမျှ ပြောဆိုသင့်သည်။ ပြီးလျှင် တစ်စုံတစ်ခုသည် သင့်အဖို့ ထင်ရှားမြင်သာခြင်းမရှိပါက ယင်းကို ပြောလော့။ ဤသည်မှာ သင်၏စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောခြင်း ဖြစ်သည်။ သင်၌ အတွေးအချို့ရှိပြီး အချို့သောအရာများမှာ သင့်အဖို့ ထင်သာမြင်သာရှိသော်လည်း ၎င်းတို့ စိတ်ဆိုးအောင် လုပ်မိမည်ကို သင်စိုးရွံ့ကာ ၎င်းတို့၏ ခံစားချက်ကို ထိခိုက်မိမည်ကို ကြောက်သောကြောင့် မည်သည့်အရာကိုမျှ မပြောရန် ရွေးချယ်ပါက ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုဖြင့် အသက်ရှင်နေခြင်း ဖြစ်သည်။ တစ်စုံတစ်ဦး၌ ပြဿနာရှိကြောင်း၊ သို့မဟုတ် တစ်စုံတစ်ဦးသည် လမ်းလွဲသွားပြီးဖြစ်ကြောင်း သင်သိလျှင် ၎င်းတို့အား သင်သည် မေတ္တာဖြင့် မကူညီနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ထိုပြဿနာကို ၎င်း ဆင်ခြင်သုံးသပ်နိုင်ဖို့အလို့ငှာ ယင်းကို သင် ထောက်ပြရမည်။ သင် လျစ်လျူရှုလျှင် ဤသည်မှာ ၎င်းကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ ၎င်းတို့ကို သင် တစ်ကြိမ်ကူညီပြီး သမ္မာတရားကို ၎င်းတို့ လက်မခံကြောင်း၊ ၎င်းတို့က ဆင်ခြင်တုံတရားမဲ့ကြောင်း၊ ရက်စက်သည့် စိတ်သဘောထားတစ်ခု ရှိကာ အခြေခံအားဖြင့် သမ္မာတရားကို မချစ်ကြကြောင်း တွေ့ရှိလျှင် ၎င်းတို့၏ ပြဿနာများကို ၎င်းတို့ထံ ထောက်မပြခြင်းက သင် အမြော်အမြင်ရှိခြင်း ဖြစ်ပေမည်။ သို့သော် သမ္မာတရားကို လက်ခံနိုင်သည့် လူတစ်ဦးထံ ပြဿနာများကို သင် မထောက်ပြပြန်လျှင် သင့်ထံတွင် ချစ်ခြင်းမေတ္တာ မရှိပေ။ သင်၏ ညီအစ်ကို မောင်နှမများကို သင် ဤသို့ ဆက်ဆံပါက သင့်အနေဖြင့် လှည့်ဖြားသောနည်းလမ်းဖြင့် ပြုမူခြင်း၊ လူတို့ကို လိမ္မာပါးနပ်သည့် စကားများဖြင့် လှည့်စားခြင်းနှင့် အခြားလူတို့ကို အမြဲ လှောင်ရယ်လိုခြင်းသာ ဖြစ်သည်။ ဤကဲ့သို့ ပြုမူသည့် လူများသည် လူကောင်းများ မဟုတ်သကဲ့သို့ ဤအရာအတွင်း၌ ပါရှိသည့် စိတ်သဘောထားတစ်ခု ရှိသည်။ ထိုသို့သော လူများသည် စာတန်ဆန်သော အတွေးအခေါ်များဖြင့် လုံးဝ အသက်ရှင်နေကြသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ အသိစိတ်အတွင်းမှ စကားပြောဆိုခြင်း၊ သို့မဟုတ် ပြုမူနေခြင်း မဟုတ်ကြသကဲ့သို့ သမ္မာတရားစည်းမျဉ်းများအတိုင်းလည်း ပြုမူနေကြခြင်း မဟုတ်ပေ။ သို့ဆိုလျှင် သမ္မာတရား၏ စည်းမျဉ်းအရ ဤကိစ္စရပ်ကို သင် အဘယ်သို့ ချဉ်းကပ်သင့်သနည်း။ မည်သည့်လုပ်ဆောင်ချက်က သမ္မာတရားနှင့် ညီညွတ်သနည်း။ ဆက်စပ်သော အခြေခံသဘောတရားများ မည်မျှရှိသနည်း။ အနည်းဆုံးအနေဖြင့် ပထမဦးစွာ တစ်ပါးသူများကို ထိမိ၍ လဲကျစေခြင်း မပြုနှင့်။ သင်သည် တစ်ပါးသူတို့၏ အားနည်းချက်များနှင့် သူတို့အား မည်သည့်စကားပြောနည်းက သူတို့အား ထိမိ၍လဲကျစေခြင်း မရှိစေမည့်နည်းလမ်းကို ဦးစွာ စဉ်းစားရမည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် စဉ်းစားသုံးသပ်သင့်သည့်အရာပင် ဖြစ်သည်။ ထို့နောက် သူသည် ဘုရားကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လက်ခံသောသူ ဖြစ်သည်ကို သင်သိလျှင် ထိုသူသည် ပြဿနာတစ်ခုရှိသည်ကို သင် သတိပြုမိသောအခါ သင့်ဘက်မှစ၍ ထိုသူကို ကူညီသင့်သည်။ သင်က မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ ထိုသူကို လှောင်ရယ်လျှင် ယင်းသည် ထိုသူကို ထိခိုက်နာကျင်စေသည်။ ထိုသို့ပြုသောသူသည် အသိတရား သို့မဟုတ် အသိစိတ်၊ မရှိပေ။ သူတစ်ပါးတို့အတွက် ချစ်ခြင်းမရှိပေ။ အသိတရားနှင့် အသိစိတ် အနည်းငယ်ရှိသူတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို မလှောင်ရယ်နိုင်ပေ။ သူသည် ၎င်းတို့ပြဿနာကို ကူညီဖြေရှင်းရန်အတွက် မတူညီသောနည်းလမ်းများကို စဉ်းစားသင့်သည်။ သူသည် ထိုသူအား မည်သည့်အရာ ဖြစ်ပျက်သည်နှင့် ထိုသူ၏ အမှားက မည်သည့်နေရာတွင် ရှိသည်ကို နားလည်ခွင့်ပေးသင့်သည်။ ထိုသူက နောင်တရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူ၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။ ငါတို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထိုသူက ယခုတွင် နောင်တမရလျှင်ပင် သူအသိတရားရလာသော တစ်နေ့ကို အနှေးနှင့်အမြန် ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး ထိုသူက သင့်ကို စောဒကတက်မည် မဟုတ်၊ သို့မဟုတ် စွပ်စွဲမည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်၏ ညီအစ်ကိုမောင်နှမများကို သင်ဆက်ဆံသည့်ပုံစံသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းများအောက်တွင် မရှိရပေ။ သူတစ်ပါးတို့အပေါ်သို့ သင့်ကိုယ်သင် အကြွေးမတင်စေနှင့်။ သင်တတ်နိုင်သည့်အတိုင်းအတာအထိ သူတို့ကို ကူညီလော့။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ မိမိတို့၏ ညီအစ်ကိုမောင်နှမများကို ချစ်ခြင်းဖြင့်လည်းကောင်း၊ သမ္မာတရားစည်းမျဉ်းများနှင့် အညီလည်းကောင်း ဆက်ဆံနိုင်သောသူတို့သည် အကောင်းဆုံးလူအမျိုးအစားများ ဖြစ်သည်။ ၎င်းတို့သည် အကြင်နာတတ်ဆုံးသော သူများလည်း ဖြစ်သည်။ စစ်မှန်သော ညီအစ်ကိုမောင်နှမများသည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သောသူများ ဖြစ်သည်မှာ မှန်သည်။ လူတစ်ယောက်သည် မုန့်ကိုအဝစားရန်၊ သို့မဟုတ် ကောင်းချီးများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လက်မခံလျှင် သူသည် ညီအစ်ကိုမောင်နှမတစ်ယောက် မဟုတ်ပေ။ စစ်မှန်သော ညီအစ်ကိုမောင်နှမများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆက်ဆံရမည်။ ၎င်းတို့က ဘုရားသခင်ကို မည်သို့ယုံကြည်သည်ဖြစ်စေ၊ မည်သည့်လမ်းကြောင်းတွင် ရှိနေသည်ဖြစ်စေ မေတ္တာစိတ်ဖြင့် ၎င်းတို့ကို ကူညီသင့်သည်။ စွမ်းဆောင်ရရှိသင့်သည့် အနည်းဆုံးသော အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ ရှေးဦးစွာ ၎င်းတို့ကို လဲကျအောင်မပြုခြင်း ဖြစ်သည်။ ၎င်းတို့ကို အပျက်သဘောဆောင်ခွင့် မပေးခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့ကို ကူညီခြင်းဖြစ်သည်။ မှားယွင်းသောလမ်းမှ ပြန်လှည့်ရန် ပြုလုပ်ခြင်းဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့ကို သမ္မာတရားကို နားလည်ပြီး မှန်ကန်သောလမ်းကို ရွေးချယ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ဤအကျိုးသက်ရောက်မှု သုံးမျိုးကို ၎င်းတို့ကို မေတ္တာစိတ်ဖြင့် ကူညီခြင်းအားဖြင့်သာ ရရှိနိုင်သည်။ သင့်တွင် စစ်မှန်သော ချစ်ခြင်းမရှိလျှင် ဤအကျိုးသက်ရောက်မှုသုံးမျိုးကို မရရှိနိုင်ပေ။ အများဆုံးအနေဖြင့် တစ်ခု၊ နှစ်ခုသာရရှိနိုင်သည်။ ဤအကျိုးသက်ရောက်မှုသုံးမျိုးသည် သူတစ်ပါးတို့ကို ကူညီရန်အတွက် စည်းမျဉ်းသုံးခုလည်းဖြစ်သည်။ ဤစည်းမျဉ်းသုံးခုကို သင်သိပြီး ကိုင်တွယ်နိုင်သည်။ သို့သော် ၎င်းတို့ကို အမှန်တကယ် မည်သို့လက်တွေ့လုပ်ဆောင်ရသနည်း။ သူတစ်ပါးတို့၏ အခက်အခဲကို သင် အမှန်တကယ် နားလည်သလော။ ဤသည်မှာ နောက်ပြဿနာတစ်ခုပင် မဟုတ်လော။ သင်သည် “သူတို့အခက်အခဲ၏ အရင်းအမြစ်က အဘယ်နည်း။ ကျွန်ုပ် သူတို့ကို ကူညီနိုင်စွမ်းရှိသလော။ အကယ်၍ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး သူတို့၏ပြဿနာကို ကျွန်ုပ် မဖြေရှင်းနိုင်ဘဲ သတိလက်လွတ် စကားပြောမိလျှင် သူတို့ကို ကျွန်ုပ် လမ်းမှား ညွှန်ပြမိနိုင်သည်။ ထို့ထက်ပို၍ ဤလူ၏ သဘောပေါက်နားလည်နိုင်စွမ်းသည် အဘယ်သို့နည်း၊ ပြီးလျှင် သူတို့၏ အစွမ်းအစက အဘယ်နည်း။ သူတို့ ခေါင်းမာသလော။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသလော။ သူတို့ သမ္မာတရားကို လက်ခံနိုင်သလော။ သူတို့ သမ္မာတရားကို လေ့လာလိုက်စားသလော။ အကယ်၍ ကျွန်ုပ်သည် သူတို့ထက် ပို၍ စွမ်းဆောင်နိုင်သည်ကို သူတို့မြင်ပြီး သူတို့ကို ကျွန်ုပ် မိတ်သဟာယပြုလျှင် သူတို့ထဲ၌ မနာလိုမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း ပေါ်ပေါက်လာမည်လော” ဟုလည်း စဉ်းစားရမည်။ ဤမေးခွန်းများအားလုံးကို စဉ်းစားသုံးသပ်ရမည်။ ဤမေးခွန်းများကို သင်စဉ်းစားပြီး ရှင်းလင်းမှုရှိပြီးနောက်တွင် ထိုသူဆီသွား၍ မိတ်သဟာယပြုလော့။ ထိုသူ၏ ပြဿနာနှင့်သက်ဆိုင်သော ဘုရားနှုတ်ကပတ်တော်အချို့ကို ဖတ်လော့။ ဘုရားနှုတ်ကပတ်တော်ထဲမှ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို ရှာတွေ့နိုင်ရန် ၎င်းတို့ကို ထောက်ကူပေးလော့။ ထို့နောက်တွင် ပြဿနာက ပြေလည်သွားလိမ့်မည်။ ပြီးလျှင် ထိုသူသည် မိမိ၏ အခက်အခဲမှ လွတ်မြောက်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သလော။ ဤသည်မှာ ရိုးရှင်းသောကိစ္စမဟုတ်ပေ။ သမ္မာတရားကို နားမလည်လျှင် သင်မည်မျှ ပြောသည်ဖြစ်စေ အသုံးဝင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် သင်နားလည်လျှင် သင်သည် ထိုသူကို စာကြောင်းအနည်းငယ်ဖြင့် ဉာဏ်အလင်းပေးပြီး အကျိုးပြုနိုင်သည်။ လူတို့ကို ချစ်ခြင်းမေတ္တာဖြင့် ကူညီခြင်းအတွက် အဓိကအချက်မှာ ပြဿနာနှင့် ပတ်သက်၍ ဘုရားနှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်ကို မိတ်သဟာယပြုပေးရန်ဖြစ်ပြီး ဤနည်းစနစ်သည် အထိရောက်ဆုံးဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များကို သင် မိတ်သဟာယမပြုဘဲ လူသား စကားများကိုသာ အသုံးပြုဖို့ ကြိုးစားလျှင် စကားလုံးမည်မျှ သင် ပြောဆိုသည်ဖြစ်စေ မည်သည့် လက်တွေ့ကျသည့် ပြဿနာကိုမျှ သင် လုံးဝ ဖြေရှင်းလိမ့်မည်မဟုတ်။ လူအချို့သည် အခြားသူများကို တိုက်တွန်းရုံသာ တိုက်တွန်းနိုင်ပြီး အခြားလူများက မည်သည့် ပြဿနာများကို ရင်ဆိုင်ရသည်ဖြစ်စေ “ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များတွင် သမ္မာတရားကို ရှာဖွေလော့၊ ပြီးလျှင် ပြဿနာကို ဖြေရှင်းရန် လွယ်ကူသွားလိမ့်မည်” သို့မဟုတ် “ဘုရားသခင်ကို သင် ချစ်သင့်ပြီး ယင်းမှာ လုံလောက်ပါသည်။ ချစ်ခင်တတ်သည့် ဘုရားသခင်က သင်၏ ပြဿနာများအားလုံးကို ဖြေရှင်းပေးလိမ့်မည်ဖြစ်သည်နှင့်အမျှ သင်သည် လုံးဝ အပျက်သဘောဆောင်လိမ့်မည် မဟုတ်”ဟု ပြောကြလိမ့်မည်။ ထိုမျှလောက် မရိုးရှင်းပေ။ ဘုရားသခင်ကို ချစ်ခြင်းသည် သင် ပြောပြီးသည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်သလော။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ဘုရားသခင်ကို မည်သို့ ချစ်ကြသနည်း။ သူ၏ အမှုတော်ကို မသိလျှင် လူတို့က ဘုရားသခင်ကို မည်သို့ ချစ်နိုင်ကြသနည်း။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြပါက မည်သည့်အခါတွင်မျှ အပျက်သဘောဆောင်ကြလိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် ပြဿနာမျှ ရှိကြမည် မဟုတ်။ ဘုရားသခင်ကို ချစ်ခြင်းသည် ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်သကဲ့သို့ အယူဝါဒအနည်းငယ် ပြောဆိုခြင်း သို့မဟုတ် ဆောင်ပုဒ် အနည်းငယ် ဟစ်ကြွေးခြင်းအားဖြင့်သာ ထိုအရာ ပြီးမြောက်နိုင်သလော။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းက သာ၍ပင် မရိုးရှင်းသကဲ့သို့ တိုက်တွန်းအားပေးသည့် စကားအနည်းငယ် ပြောဆိုခြင်းက တစ်စုံတစ်ဦးကို ဘုရားသခင်အား ကျိုးနွံနာခံစေနိုင်သည်ဟူသကဲ့သို့ မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုခြင်းက လူတို့အား ထိုအချိန်တွင် အကျိုးအနည်းငယ် ရှိစေနိုင်လျှင်ပင် သမ္မာတရားကို တစ်ကြိမ် မိတ်သဟာယပြုခြင်းမျှဖြင့် ၎င်းတို့၏ ပုန်ကန်မှု ပြဿနာကို ဖြေရှင်းကာ ၎င်းတို့အား ဘုရားသခင်ကို ကျိုးနွံနာခံစေနိုင်သည့်အလား မဟုတ်သကဲ့သို့ သင့်အနေဖြင့် သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုသည့်အခါ လူတို့က ဘုရားသခင်ကို ချက်ချင်း ကျိုးနွံနာခံနိုင်မည့်အလားလည်း မဟုတ်ပေ။ လူတို့သည် ရလဒ်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကို တွေ့ကြုံရမည်။ အခြားသူများကို တိုက်တွန်းအားပေးရန် စကားများနှင့် အယူဝါဒများကို အမြဲ ပြောဆိုသောလူများသည် အပေါ့တန်ဆုံးဖြစ်ကြ၏။ ၎င်းတို့တွင် သမ္မာတရား စစ်မှန်မှုများ မရှိ၊ လူတို့ကို ကူညီရန် စကားများနှင့် အယူဝါဒများအကြောင်း ပြောဆိုခြင်းကို အမြဲ မှီခိုကြပြီး မည်သည့်ရလဒ်မျှ မရရှိကြပေ။ ဤသည်ကို ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းဟု ခေါ်ပြီး ယင်းမှာ လူတို့ကို ဆက်ဆံရန် ရိုးသားစစ်မှန်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ထိုအရာသည် အတုအယောင်ဖြစ်လွန်း၏၊ သနားကြင်နာခြင်း မဟုတ်။ ပေါင်းရုံးသုံးသပ်ရလျှင် ဤလူစားမျိုးသည် သူတော်ကောင်းအယောင်ဆောင်တစ်ဦး ဖြစ်သည်။ သင်သည် အခြားသူများအတွက် စာနာတတ်သည့် စိတ်နှလုံးတစ်ခု သို့မဟုတ် ချစ်ခြင်းမေတ္တာမရှိလျှင် လူတို့ကို အဘယ်သို့ ကူညီနိုင်မည်နည်း။ ပြဿနာကို အမှန်တကယ် ဖြေရှင်းရန် မလွယ်ကူပေ။ သမ္မာတရားကို သင် နားလည်ရမည်၊ ပြဿနာ၏ အနှစ်သာရကို သင် ရိပ်စားမိရမည်ဖြစ်ပြီး ထို့နောက်တွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အခြားသူများနှင့် ရှင်းလင်းစွာ မိတ်သဟာယပြုကာ အခြားသူများ နားလည်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို မိတ်သဟာယပြုနိုင်ရမည်ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရားကို နားလည်ကြလိမ့်မည်ဖြစ်ရုံမက ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခုလည်း ရှိကြလိမ့်မည်။ ထို့နောက်တွင်မှ ပြဿနာ ပြေလည်သွားသည်ဟု ယူဆ၍ ရနိုင်ပေသည်။ ဤအရာများကို သင် ဖြတ်သန်းရမည်။ သင်၏ လက်တွေ့ကျသည့်၊ ကိုယ်တွေ့ အတွေ့ကြုံမှတစ်ဆင့် သိနားလည်မှု ဖြစ်လာလိမ့်မည်။ သမ္မာတရားနှင့်ပတ်သက်၍ သင် မိတ်သဟာယပြုလေ၊ ထိုသမ္မာတရားက ပိုရှင်းလာလေ၊ သင်၏ စိတ်နှလုံးက တိုး၍ သေချာလာလေဖြစ်ကာ ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု ပိုရှိလေ ဖြစ်လိမ့်မည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်သည့်အခါ ထိုသမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဤသို့တွေ့ကြုံကြရမည်၊ ၎င်းတို့၏ ပြဿနာများကို တစ်ခုချင်း ဖြေရှင်းရမည်ဖြစ်ကာ ပြဿနာတစ်ခုကို ဖြေရှင်းသည့်အခါတိုင်းတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်မျိုးကို ၎င်းတို့ ဖြေရှင်းရမည်ဖြစ်သည်။ ပြဿနာများကို ၎င်းတို့ ဖြေရှင်းပြီးသည့်အခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများလည်း အနည်းနှင့်အများဆိုသလို ပြေလည်သွားပြီး ဖြစ်လိမ့်မည်။ ထိုသို့သော ပုံစံဖြင့် သာ၍များသော ပြဿနာများကို ၎င်းတို့ ဖြေရှင်းလေ၊ သာ၍ နည်းသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် စစ်မှန်မှုများ ၎င်းတို့ သာ၍ ပိုင်ဆိုင်လေ ဖြစ်လိမ့်မည်။ ဤသို့ဖြင့် သိပင်မသိလိုက်ဘဲ သမ္မာတရား စစ်မှန်မှုများထဲသို့ လူတို့ ဝင်ရောက်ကြလိမ့်မည်။ သာ၍ များသော ပြဿနာများကို လူတို့ ဖြေရှင်းပြီး သာ၍ များသော သမ္မာတရားများကို နားလည်လေ၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများ ၎င်းတို့ ပိုရှိလေ ဖြစ်လိမ့်မည်။ သာ၍များသော ပြဿနာများကို ၎င်းတို့ ဖြေရှင်းပြီး သာ၍များသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ၎င်းတို့ သန့်စင်စေလေ၊ သာ၍များသည့် သမ္မာတရား စစ်မှန်မှုများထဲသို့ ၎င်းတို့ ဝင်ရောက်လေ ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်ဖြစ်သည်။ သင်သည် ပြဿနာများကို စဉ်ဆက်မပြတ် ရှာဖွေတွေ့ရှိကာ ဖြေရှင်းသည်၊ ပြဿနာတစ်ခုကို သင် ဖြေရှင်းသည်နှင့်တစ်ပြိုင်နက် နောက်တစ်ခုကို သင် ရှာဖွေတွေ့ရှိပြီးနောက် ထိုအရာကို ဖြေရှင်းကာ အဆုံးတွင် ပြဿနာများစွာကို သင် ဖြေရှင်းလေသည်၊ သမ္မာတရားကို သင် နားလည်လာပြီး ပြဿနာတစ်ခု တစ်ဖန် ထွက်ပေါ်လျှင် ထိုပြဿနာကို သင့်ဘာသာ အလျင်အမြန် သင် ဖြေရှင်းနိုင်လိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှုတွင် သင် တဖြည်းဖြည်း ကြီးထွားတိုးတက်ပုံ ဖြစ်သည်။ သာ၍ နည်းသည်ထက် နည်းပါးသော ပြဿနာများနှင့် အခက်အခဲများဖြင့် သင်သည် သာ၍ နည်းပါးသည့် ဖောက်ပြန်ပျက်စီးခြင်းကို မုချ ထုတ်ဖော်လိမ့်မည်၊ ဘုရားသခင်ကို သာ၍ပင် ကျိုးနွံနာခံလိမ့်မည်ဖြစ်ကာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ပို၍ရှိလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် သတိမပြုလိုက်မိဘဲ သင်၏ အသက် စိတ်သဘောထား ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိလိမ့်မည်။ မည်သည့် ပုန်ကန်မှုမျှ သင် ရှိမည် မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ မည်သည့် ကိစ္စတွင်မဆို ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားတိုးတက်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ကယ်တင်ခြင်းကို လုံးဝ ရရှိပြိးဖြစ်လိမ့်မည်ဟု ဆိုလိုပေသည်။

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ အမှန်တကယ် ရိုးရှင်းသော်လည်း သင့်အနေဖြင့် လုံလောက်သည့် သဘောပေါက်နားလည်နိုင်စွမ်း မရှိလျှင် သို့မဟုတ် သင် စိတ်မပါသကဲ့သို့ အမြဲ ပေါ့တန်တန်နိုင်လျှင်၊ ဝတ်ကျေတမ်းကျေ ဖြစ်လျှင် သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်။ သို့ဆိုလျှင် လူတစ်ဦးသည် သမ္မာတရားကို မည်သို့ ရရှိနိုင်သနည်း။ မယုံကြည်ရသည့် လှည့်ကွက်များ သို့မဟုတ် အင်အားသုံးခြင်းမှတစ်ဆင့် ဖြစ်သလော။ မဟုတ်ပေ။ ထိုအရာမှာ သင့်အနေဖြင့် လက်တွေ့ဘဝကို ဖြတ်သန်းသည်နှင့်အမျှ ကိုယ်အတွေ့အကြုံကို စုဆောင်းခြင်း၊ ရှာဖွေခြင်းနှင့် စမ်းတဝါးဝါးလုပ်ခြင်းမှတစ်ဆင့် နည်းနည်းချင်း တဖြည်းဖြည်း ရရှိခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ခါတစ်ရံ သင့်ကို စကားအနည်းငယ် ပေးရုံမျှသာ ပေးလျက် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြသည့်နည်းလမ်းလည်းဖြစ်သည်။ ထိုစကားများကို ထိုအချိန်က သင် နားမလည်ခဲ့သော်လည်း သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် ရက်အနည်းငယ် ကြာပြီးနောက်တွင် နားလည်လာပြီးနောက် သင်၏ စိတ်နှလုံး လင်းလက်သွားပြီး သင်၌ လမ်းကြောင်းတစ်ခု ရှိလေသည်။ သင် အကျိုးရရှိသော်လည်း အခြားသူများက မရရှိကြသကဲ့သို့ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာတွင် သင် ကြီးထွားတိုးတက်၏။ ယင်းမှာ မျက်နှာသာအပေးခံရခြင်း ဖြစ်သည်။ သမ္မာတရား၏ အသေးစိတ်အချက်အလက်အချို့ကို ခံစားကာ တွေ့ကြုံရမည်ဖြစ်ပြီး သင်၏ အတွေ့အကြုံက သာ၍ နက်ရှိုင်းကာ အသေးစိတ်ကျလေ သင်၏ လမ်းကြောင်းကိုလည်း သာ၍ တိကျစွာ ခံစားရလေ ဖြစ်လိမ့်မည်။ သိပင်မသိလိုက်ဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတွင် ဤလမ်းကြောင်းကို သင် လိုက်လျှောက်လိမ့်မည်။ သင့်အနေဖြင့် သင်၏ သမ္မာတရား သိနားလည်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် အသိဉာဏ်ပွင့်လင်းခြင်းကို သာ၍ပင် ရရှိလိမ့်မည်ဖြစ်ပြီး သာ၍များသည့် သမ္မာတရား၏ အသေးစိတ်အချက်များနှင့် သာ၍များသည့် သမ္မာတရား စစ်မှန်မှုများကို နားလည်လိမ့်မည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းဖြစ်သည်။ ဤအရာကို သင် တွေ့ကြုံကာ လက်တွေ့လုပ်ဆောင်နိုင်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ခက်ခဲခြင်း မရှိသည်ကို သင် ခံစားရလိမ့်မည်ဖြစ်သော်လည်း ဤသို့ သင် လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် ထိုအရာမှာ စိတ်ကူးသက်သက်ဖြစ်ကာ ခက်ခဲသည်၊ တက္ကသိုလ်တက်ခြင်း သို့မဟုတ် အဆင့်မြင့် နည်းပညာတစ်ခုခုကို သုတေသနပြုခြင်းထက် ခက်ခဲသည်ဟု အမြဲ ခံစားရလိမ့်မည်။ သို့သော် အမှန်တွင် သင်၏ စိတ်နှလုံးကို အသုံးပြုခြင်းနှင့်သာ သက်ဆိုင်ပေသည်။ အတတ်ပညာဆိုင်ရာ အသိ သို့မဟုတ် သဘောတရားကို သင်ယူခြင်းသည် မှတ်ဉာဏ်၊ စိတ်ပိုင်းဆိုင်ရာ စိစစ်ခြင်းနှင့် သုတေသနတို့အပေါ် မူတည်သော်လည်း သမ္မာတရားကို ရရှိခြင်းကသာ သင်၏ စိတ်နှလုံးကို အသုံးပြုရန် တောင်းဆိုပေသည်။ ထိုအရာကို တွေ့ကြုံကာ မြည်းစမ်းရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုရမည်ဖြစ်ပြီး ထိုအရာကို မည်သို့ တွေ့ကြုံရမည်အကြောင်း စဉ်းစားရာတွင် အားထုတ်ရမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် မှန်ကန်သည့် လမ်းကြောင်းကို တဖြည်းဖြည်း ရှာတွေ့ကာ ရရှိလာလိမ့်မည်။ ထို့နောက် ရတနာတစ်ခုကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သမ္မာတရားကို ရရှိခြင်းအတွက် လျှို့ဝှက်ချက်မှာ အဘယ်နည်း။ ဦးစွာပထမ သင့်အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာများကို ကိုင်တွယ်ရန် စာတန်ဆန်သော အတွေး၊ ဆင်ခြင်တွေးခေါ်မှုစနစ်၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ သို့မဟုတ် နည်းပညာများကို မသုံးနှင့်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်လျှင် သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိနိုင်လိမ့်မည် မဟုတ်သည့်အတွက် ယင်းမှာ လမ်းဆုံး ဖြစ်ပေသည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်၏ ပထမဆုံး တုံ့ပြန်မှုက လူသားနည်းစနစ်များနှင့် နည်းပညာများကို အသုံးပြုလျက် ထိုအရာတို့ကို ကိုင်တွယ်ကာ ဖြေရှင်းရန်ဖြစ်ပြီး သင်၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားနှင့် ပုံရိပ်ကို အမြဲ ကာကွယ်လိုလျှင် ဤအရာက လမ်းဆုံးတစ်ခုသို့ ပို့ဆောင်လိမ့်မည်။ ပြဿနာတစ်ခုကို သင် ရင်ဆိုင်နေရချိန်တွင် သမ္မာတရားကို သင် ရှာဖွေနိုင်လျှင်၊ ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ကာ မည်သည့် သင်ခန်းစာများ သင်ယူသင့်ကြောင်းနှင့် ဘုရားသခင်၏ အစီအစဉ်များအတွင်းတွင် မည်သည့် သမ္မာတရားများ နားလည်သင့်ကြောင်းကို သိလျှင် ဤသည်မှာ မှန်ကန်ပေသည်။ ထို့ကြောင့် သမ္မာတရားကို မလိုက်စားသူများထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့သည် အမြဲ ထုံထိုင်းကြသည်၊ ခွတီးခွတဖြစ်ကြသည်၊ ချီတုံချတုံဖြစ်ကြသည်၊ အကူအညီမဲ့ကြပြီး လမ်းကြောင်းမရှိဘဲဖြစ်ကြသည်။ အမှန်တွင် ဘုရားသခင်က လူတို့ကို သမ္မာတရား ရရှိရန် အခွင့်အရေးများစွာပေးသော်လည်း သမ္မာတရားကို ၎င်းတို့ မချစ်ကြသောကြောင့် မှားယွင်းသည့် လမ်းကြောင်းကို ရွေးချယ်ကြပြီး ထိုသမ္မာတရားကို မရရှိနိုင်ကြပေ။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား အသက်ရှင်သောလူတို့သည် အဆင့်အတန်း၊ ပကာသန၊ အကျိုးအမြတ်နှင့် စိတ်ဆန္ဒတို့အတွက် အသက်ရှင်ကြသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အားလုံးသည် ဤကဲ့သို့ဖြစ်ကြသည်၊ သေးငယ်သည့် ကွာခြားချက်အချို့သာ ရှိလျက် တစ်ထပ်တည်း ဖြစ်လုနီးပါးဖြစ်သည်။ လူတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ မည်မျှရှိသည်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်လာသည့်နောက်တွင် သမ္မာတရားကို ချစ်သောသူအားလုံးသည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် တွေ့ကြုံခြင်းတို့မှတစ်ဆင့် မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်လာနိုင်ကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာသည် တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်ဖြစ်ကာ ၎င်းတို့က ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်မှု လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် လုံးဝ ကွဲပြားခြားနားကြသည်၊ ၎င်းတို့သည် ကွဲပြားသော လူနှစ်မျိုးနှစ်စားဖြစ်ကြပြီး ဤသည်မှာ သမ္မာတရား လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် အပြောင်းအလဲတစ်ခု ဖြစ်သည် မဟုတ်လော။ ဤလူများသည် ဘာသာတရားမရှိသည့် နတ်ဆိုးများမှသည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို ယုံကြည်သည့်နောက်တွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြသည့် စစ်မှန်သော လူများအဖြစ် ပြောင်းလဲသွားကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်မှု၏ အကျိုးတရားနှင့် အသီးအပွင့်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်လာသည့်နောက် သမ္မာတရားကို လုံးဝ မလိုက်စားကြသူများသည် နှစ်များစွာ ယုံကြည်သည့်နောက်တွင်ပင် မပြောင်းလဲသကဲ့သို့ ဘာသာတရားမရှိသူများနှင့် တူညီနေဆဲဖြစ်သည်။ ဤလူစားမျိုးသည် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဘုရားသခင်ကို အလားတူ ယုံကြည်ပြီး တာဝန်များကို ထမ်းဆောင်ကြသည့် လူများကြားတွင် ထိုသို့သော ကြီးမားသည့် ကွာခြားချက်တစ်ခု အဘယ်ကြောင့် ရှိသနည်း။ အရေးအကြီးဆုံး အချက်မှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားများ ကွဲပြားကြခြင်း ဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့၏ စိတ်နှလုံးများသည် ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုလေ ယခင်ထက်သာ၍ တောက်ပလေဖြစ်လိမ့်မည်ဖြစ်ကာ တရားဒေသနာများကို နားထောင်လေ နားလည်လေ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် တိုးတက်မှု အမြဲ ရှိကြလေသည်။ သို့ရာတွင် သမ္မာတရားကို မချစ်သောသူတို့မှာမူ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို မွေ့လျော်ခြင်းမရှိကြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ကြသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းမရ၊ စွန့်ပယ်မရနိုင်ပေ။ ၎င်းတို့အနေဖြင့် ကြိုးစားလျှင်ပင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖုံးကွယ်ထား၍ မရနိုင်သကဲ့သို့ အလိုရှိလျှင်ပင် ဖုံးဖိ၍မရနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘာသာတရားမရှိသူများဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သူများဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီး၍ စာတန်ဆန်သော စိတ်သဘောထားများ၏ အနှစ်သာရသည် အမှန်တကယ် တူညီပြီး အားလုံးက အဆင့်အတန်း၊ ပုံရိပ်၊ အကျိုးအမြတ်နှင့် လိုအင်ဆန္ဒတို့အတွက် အသက်ရှင်ကြလေသည်။ မည်သည့်အရာအတွက် လူတို့ ငြင်းခုံကြသနည်း။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ အချင်းချင်း အဘယ်ကြောင့် ရိုက်နှက်ထုထောင်းကြသနည်း။ အားလုံးက ဤအရာများအတွက်သာဖြစ်ပြီး နည်းစနစ်၊ နည်းပညာ သို့မဟုတ် ပုံစံက မည်သို့ဖြစ်စေ ရည်မှန်းချက်က အမှန်တွင် အတူတူပင်ဖြစ်၏။ စာတန်သည် အဘယ်ကြောင့် လေထုထဲ ပစ်ချခံရသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းသည် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ခဲ့သောကြောင့် ဖြစ်သည်။) ဤသည်မှာ စာတန်၏ စစ်မှန်သော စရိုက်ဖြစ်သည်။ ယခုခေတ်တွင် စာတန်၏ “မျိုးဗီဇများ”သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံ လက်ဆင့်ကမ်းပြီး ဖြစ်သည်၊ ၎င်းတို့ကို ဖောက်ပြန်ပျက်စီးနေစေသောကြောင့် လူတို့သည် စာတန်ကဲ့သို့သော အတန်းအစား ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့သည် စာတန်၏ သွင်ပြင်ကို ယူဆောင်ကြပြီးဖြစ်ကာ ၎င်းတို့ အသက်ရှင်နေထိုင်သည့် အရာသည် စာတန်နှင့် တထေရာတည်းဖြစ်သည်။ စာတန်၏ သဘာဝအနှစ်သာရအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် သတိပြုမိနိုင်ပြီးနောက် တစ်ခုချင်း ဖြေရှင်းနိုင်လျှင် သင် ကယ်တင်ခံရလိမ့်မည်ဖြစ်ကာ စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်နိုင်လိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းရန် ခက်ခဲသလော။ (သမ္မာတရားကို လိုက်စားသူတို့အတွက် မခက်ခဲသော်လည်း အချိန်အများစုတွင် ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေကြခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်းသာ ပြုမူဆောင်ရွက်ကြသည်။ ကျွန်ုပ်တို့ ပြုပြင်ခံရသည့်အခါ အတန်ကြာ အပျက်သဘောဆောင်လာကြပြီး ဝမ်းနည်းကြပြီးနောက် သမ္မာတရားအတိုင်း အင်တင်တင်ဖြင့် လက်တွေ့လုပ်ဆောင်ကြသည်။) သမ္မာတရားကို မချစ်သောသူများသည် ဤကဲ့သို့ဖြစ်ကြပြီး သမ္မာတရား အနည်းငယ်မျှကို လက်တွေ့လုပ်ဆောင်ရန်ပင် အခြားသူများ၏ တိုက်တွန်းခြင်း၊ ဆွဲဆောင်ခြင်းနှင့် တွန်းအားပေးခြင်းတို့ကို ခံရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အကြီးမားဆုံးသော အခက်အခဲမှာ အဘယ်နည်း။ ယခုတွင် အကြီးမားဆုံးသော အခက်အခဲမှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလာသည့် အဟန့်အတားများဖြစ်သည်ကို ရှင်းလင်းစွာ မြင်သည့် လူအချို့ ရှိပေသည်။ ထိုအရာမှာ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ပကာသနနှင့် ပုံရိပ်တို့ကို လူတို့၏ ချစ်ခြင်းကြောင့် ဖြစ်သည်။ လူတို့ကြားက စကားပြောဆိုမှုများ၊ အငြင်းပွားမှုများနှင့် အကြောင်းပြချက်များသည် မည်သူ သာလွန်သည်ကို တွေ့မြင်ရန် ပြိုင်ဆိုင်မှုများသာ ဖြစ်သည်။ အခြားသူကို သိမ်းသွင်းစည်းရုံနိုင်သူ မည်သူမဆိုသည် အဆုံးတွင် အခြေအနေကောင်းသွားကြသည်။ ထိုအရာများသည် မည်သူက ထိုးထွင်းအမြင်၊ အရည်အချင်း သို့မဟုတ် ဩဇာအာဏာရှိကြောင်းနှင့် မည်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြိုင်ဆိုင်မှုများသာ ဖြစ်သည်။ ဤအရာများအပေါ် ပြိုင်ဆိုင်ခြင်းက အဆုံးမရှိသကဲ့သို့ ဤအရာအားလုံးနောက်တွင် ဖုံးကွယ်ထားသည်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အသက်ရှင်သည့် စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤအရာကို ရိပ်စားမိလော့၊ ပြီးလျှင် ပြဿနာက အလွယ်တကူ ပြေလည်သွားလိမ့်မည်။ အနည်းဆုံးအနေဖြင့် ဖြေရှင်းရန်လွယ်သည့် ဤအပေါ်ယံအဆင့် အမှုအရာများကို ပထမဆုံး ဖြေရှင်းလော့။ ထို့နောက်တွင် သင်၏ အတွင်းကျကျ စိတ်နှလုံးတွင်ရှိသည့် ဘုရားသခင်နှင့် ပတ်သက်သော အထင်လွဲမှုများ၊ မှန်းဆချက်များ၊ သံသယများနှင့် မကျေနပ်ချက်များအပြင် ထိုနေရာတွင် ဖုံးကွယ်ထားသည့် ဆန့်ကျင်မှု၊ စမ်းသပ်ခြင်းနှင့် ပြိုင်ဆိုင်မှုများကို တဖြည်းဖြည်း ဖြေရှင်းလော့။ ဤအရာများ လုံးဝ ပြေလည်သွားသည်နှင့် သင်သည် ဘုရားသခင်၏ အမြင်တွင် စုံလင်သည့် လူတစ်ဦးဖြစ်သည့် ယောဘကဲ့သို့ ဖြစ်လာလိမ့်မည်။ ယောဘက စုံလင်သောလူတစ်ဦးဖြစ်သည်ဟု အဘယ်ကြောင့် ဘုရားသခင်က ပြောခဲ့သနည်း။ ဘုရားသခင်နှင့်ပတ်သက်လာသည့်အခါ သူ့ထံတွင် ဆန့်ကျင်မှု သို့မဟုတ် စမ်းသပ်ခြင်း မရှိခဲ့သည်ကို သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုမှတစ်ဆင့် ငါတို့ မြင်နိုင်သည်။ သူ၏ ဘဝနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သူ တွေ့ကြုံခဲ့သည့် ကာလအတောအတွင်းတွင်၊ သူ၏ ပုန်ကန်မှုနှင့် အတိုက်အခံ လုပ်ခြင်းကဲ့သို့သော အရာများအားလုံး ပြုပြင်ခြင်းခံရကာ ပြေလည်သွားခဲ့ပေသည်။ ဤအပျက်သဘောဆောင်သည့် အရာများ ပြေလည်သွားခဲ့သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ စမ်းသပ်မှုများကို ရင်ဆိုင်ခဲ့ရချိန်တွင် သူ၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးနှင့် လုံးဝ ကွဲပြားသွားခဲ့သည်။ သူ၏ စမ်းသပ်မှုများအတွင်း သူ ပြောခဲ့သည့် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟူသည့်အရာမှာ အယူဝါဒတစ်ခု ဖြစ်ပါသလော။ မုချ မဟုတ်ပေ။ ဤစကားများတွင် ဩဇာသက်ရောက်မှုရှိပြီး ယခင်က မည်သူမျှ မပြောခဲ့ဖူးပေ။ ထိုစကားများကို ယောဘက ပထမဆုံး ပြောခဲ့ခြင်းဖြစ်ကာ သူ၏ ကိုယ်ပိုင် အတွေ့အကြုံမှ လာပေသည်။

သင်သည် ပြောင်းလဲမှုများစွာ မရှိဘဲ အလွန်များသည့် ဖောက်ပြန်ပျက်စီးခြင်းကို နေ့စဉ်ပုံမှန် ထုတ်ဖော်ပြနေပြီး စာတန်ဆန်သော စိတ်သဘောထားအလယ် အမြဲ အသက်ရှင်နေမိသည်ကို မိမိကိုယ်ကို တွေ့ရသည့်အခါ မစိုးရိမ်သလော။ (စိုးရိမ်မိပြီး တစ်ခါတစ်ရံ အလွန်စိတ်ဆင်းရဲရပါသည်။) စိတ်ဆင်းရဲသကဲ့သို့ပင် စိုးရိမ်ခြင်းက ပုံမှန်ဖြစ်သည်။ သို့ရာတွင် သင် မည်မျှ စိုးရိမ်သည်ဖြစ်စေ၊ မည်မျှ စိတ်ဆင်းရဲသည်ဖြစ်စေ သင့်အနေဖြင့် စိတ်ငြိမ်အောင်ထားကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား မည်သို့ဖြေရှင်းရမည်ကို ရှာဖွေရန် လိုအပ်သည်။ ဤသည်မှာ မှန်ကန်သော စိတ်အခြေအနေ ဖြစ်သည်။ သင်သည် နှစ်များစွာ အလွန် စိတ်ဆင်းရဲပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားခြင်း မရှိသေးလျှင် ဤအရာက အဆင်ပြေမည်မဟုတ်သကဲ့သို့ ဤညှဉ်းဆဲခံရသည့် ခံစားချက်က အချည်းနှီးဖြစ်သည်။ သင်က “ငါ၏ ပြဿနာများထဲမှ မည်သည့်ပြဿနာ ပြေလည်သွားပြီနည်း။ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာကို ဖြေရှင်းပြီးပြီနည်း။ မည်သည့် ကိစ္စရပ်တွင် ဘုရားသခင်နှင့်ပတ်သက်၍ ငါ ညည်းညူခြင်း မရှိတော့သနည်း”ဟု တွေးဆရမည်။ မိမိကိုယ်ကို ဤအရာကို သင် အမြဲမေးရမည်။ သင်က “ဤအရာမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ် အမြဲ စောဒကတက်ကာ ညည်းညူလေ့ရှိပြီး ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများ ထားလေ့ရှိခဲ့သော်လည်း ယခုတွင် ထိုအရာတစ်ဖန် ဖြစ်ပျက်သည့်အခါ ကျွန်ုပ် စောဒကမတက်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုမျှ မထားရှိပါ”ဟု ပြောလျှင် ဤအရာက သင်၏အချိန်ကို သင် မဖြုန်းတီးခဲ့ကြောင်း ပြသပေသည်။ သမ္မာတရားကို သင် နားလည်ကာ ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်အပေါ် မတူကွဲပြားသည့် သဘောထားတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုနှင့် ကျိုးနွံနာခံသည့် စိတ်အခြေအနေတစ်ခု အလိုအလျောက် ရှိလိမ့်မည်။ ဤသည်မှာ သာမန် လေးစားလိုက်နာမှု သို့မဟုတ် အလှမ်းဝေးသောနေရာတစ်ခုမှ လေးစားမှုပြခြင်း သို့မဟုတ် တမ်းတခြင်း၊ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ် သို့မဟုတ် မှီခိုအားကိုးခြင်း မဟုတ်ပေ။ ဤအရာများသာ မဟုတ်၊ စစ်မှန်သည့် ကြောက်ရွံ့မှုဖြစ်သည်။ ယနေ့ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကြောင်း ပြောရန် စောလွန်းသေးသည်၊ အလှမ်းဝေးလွန်းသေး၏။ သို့ဆိုလျှင် မည်သည့်အရာကို ယခု သင် ပထမဆုံး လိုက်စားသင့်သနည်း။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်အပေါ် သံသယမထားရန် ဖြစ်သည်။ သံသယထားရှိခြင်းကို သင် မည်သို့ ရှောင်ကြဉ်နိုင်သနည်း။ ဦးစွာပထမ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို သင် သိရမည်။ ဒုတိယအနေဖြင့် သင်၏ အယူအဆများနှင့် မကိုက်ညီသည့် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် မပြောနှင့် သို့မဟုတ် သူနှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုမျှ မရှိနှင့်။ အထင်လွဲမှုတစ်ခုခု ရှိခြင်းကို သင် မည်သို့ ရှောင်ကြဉ်နိုင်သနည်း။ သမ္မာတရားကို သင် နားလည်ရန် လိုအပ်ပြီး ထို့နောက်တွင် ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အယူအဆများနှင့် အထင်လွဲမှုများကို တစ်ခုပြီးတစ်ခု တဖြည်းဖြည်း ကျော်လွှားကာ ဖြေရှင်းရန်လိုအပ်သည်။ သင် ရင်ဆိုင်ရသည့် စမ်းသပ်မှု သို့မဟုတ် အတိဒုက္ခ မည်မျှကြီးမားသည်ဖြစ်စေ သင် အတိုက်အခံ လုပ်မည့်အစား ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကာ သူက သင့်ကို မည်သို့ စစ်ဆေးသည်ဖြစ်စေ ကျိုးနွံနာခံနိုင်မည့်နေ့ရက် ရောက်လာလိမ့်မည်။ ထို့နောက်တွင် သင် အောင်မြင်ပြီးဖြစ်လိမ့်မည်။ ယခု မည်သည့် အဆင့်တွင် သင်တို့ ရှိသနည်း။ အမှုအရာများဖြစ်ပျက်သည့်အခါ သင်က “ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်လော။ သူသည် ထိုအရာကို လုပ်ဆောင်သည်မှာ မှန်ကန်ပါသလော” ဟု တွေးဆသည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင်ပင် “ဘုရားသခင် အဘယ်မှာနည်း။ ဘုရားသခင်ပင် ရှိပါ၏လော။ သူ့ကို ငါ အဘယ်ကြောင့် ခံစား၍ မရနိုင်သနည်း”ဟု တွေးသည်။ ထိုသို့သော အတွေးများနှင့် အခြေအနေများစွာရှိပြီး သင်သည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းပေါ် အစပြုခြင်းမှ အလှမ်းဝေးနေဆဲဖြစ်သည်နှင့်အမျှ ဤသည်မှာ အဆင်မပြေပေ။ လက်ရှိ သင်၏ ဝိညာဉ်ရင့်ကျက်မှုက သမ္မာတရား စစ်မှန်မှုများကို ပိုင်ဆိုင်ခြင်းအတွက် စံမမီဖြစ်နေလျက် အလွန်သေးငယ်ဆဲ ဖြစ်သည်နှင့်အမျှ သင်၏ လိုက်စားမှုတွင် သင် ကြိုးစားလုပ်ဆောင်ရမည်။ သင် အဆင်ပြေပြီး စစ်မှန်မှုအချို့ ပိုင်ဆိုင်သောကြောင့် ကောင်းကင်ဘုံသို့သွားကာ ကောင်းကင်တမန်တစ်ပါး ဖြစ်လာနိုင်သည်ဟု မတွေးလေနှင့်။ သင်၏ စစ်မှန်မှုအနည်းငယ်သည် အလွန်စံမမီဖြစ်နေဆဲဖြစ်သည်။ သင့်ကို အတောင်ပံများ တပ်ပေးလိုက်လျှင်ပင် ကောင်းကင်တမန် ဖြစ်ဦးမည် မဟုတ်။ သင့်ကိုယ်သင် အကောင်းမထင်လွန်းနှင့် သို့မဟုတ် အထင်မကြီးလွန်းနှင့်၊ သင့်အနေဖြင့် မိမိကိုယ်ကို သိသည့်အသိ အနည်းငယ် ရှိသင့်သည်။ ဘုရားသခင်ကို သင် သက်သေခံနိုင်သလော။ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင် သင့်တော်သလော။ ဤစံနှုန်းဖြင့် တိုင်းတာသည့်အခါ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အလှမ်းဝေးနေဆဲဖြစ်ပြီး နောက်ထပ် နှစ်ကာလ အတွေ့အကြုံအချို့ လိုအပ်ဆဲဖြစ်သည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၁၁ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။