ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း

ဘုရားသခင်၏ အမှုသည် ဆက်လက် တိုးတက်လျက်ရှိရာ ယင်းအမှု၏ ရည်ရွယ်ချက်မှာ မပြောင်းလဲဘဲ တည်ရှိနေသော်လည်း အမှုများကို ဆောင်ရွက်သည့် နည်းလမ်းများမှာမူ ဘုရားသခင်အား လိုက်နာသူများကဲ့သို့ပင် အစဉ်မပြတ် ပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်၏ အမှုများပြား လာသည်နှင့် အမျှ လူသားတို့သည် ဘုရားသခင်ကို နှံ့စပ်စွာ ပိုမို သိမြင်လာကြရပြီး ၎င်းတို့၏ စိတ်သဘောထားသည်လည်း ဘုရားသခင်၏ အမှုနှင့် လျော်ညီစွာ ပြောင်းလဲလာကြသည်။ သို့ရာတွင် ဘုရားသခင်၏ အမှုမှာ ထာဝစဉ် ပြောင်းလဲနေတတ်သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိသူများနှင့် သမ္မာတရားကိုမသိသူ စိတ်ပျက်ဖွယ် လူသားတို့သည် ဘုရားသခင်အား ဆန့်ကျင်သူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါမျှ ဟောင်းနွမ်း မသွားဘဲ အမြဲတမ်းအသစ် အသစ်များသာ ဖြစ်နေသောကြောင့် လူသားတို့၏ ထင်မြင်ချက်များနှင့် မည်သည့်အခါမျှ ကိုက်ညီခြင်းမရှိပါ။ ဘုရားသခင်သည် အမှုဟောင်းများကို မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်ခြင်း မပြုသည့်အပြင် တစ်ခါမျှ မလုပ်ဆောင် ဖူးသေးသည့် အမှုများကိုလည်း တဟုန်ထိုး လုပ်ဆောင်သည်။ ဘုရားသခင်သည် သူ၏အမှုကို ထပ်ခါတလဲ ပြန်လုပ်ဆောင်ခြင်း မရှိသည့်အတွက် ယနေ့လက်ရှိကို လူသားတို့က သူ၏ အတိတ်က အမှုကို အခြေခံလျက် အစဉ်သဖြင့် ဝေဖန်အကဲဖြတ်လေ့ရှိကြရာ အမှုအတွက် ခေတ်ကာလသစ်တစ်ခု၏ အဆင့်တစ်ဆင့်စီတိုင်းကို ဆောင်ရွက်နိုင်ရန် ဘုရားသခင်အတွက် အလွန့်အလွန်ပင် ခက်ခဲလာသည်။ လူသားတို့က မြောက်များလှစွာသော အတားအဆီးများကို ဖြစ်ပေါ်စေလျက်ရှိသည်။ လူသားတို့၏ စဉ်းစား တွေးခေါ်မှုများသည် အလွန်ပင် အမြင် ကျဉ်းမြောင်းလှသည်။ ဘုရားသခင်၏ အမှုကို လူတစ်ဦး တစ်ယောက်ကမျှ မသိနားမလည်ဘဲနှင့် ထိုသူအားလုံးက ထိုအမှုကို အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဘုရားသခင်နှင့် ဝေးသည့်နေရာတွင် လူသားတို့သည် အသက်တာ၊ သမ္မာတရားနှင့် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာများကို ဆုံးရှုံးကြရသည်။ သို့တည်းတိုင် ထိုလူသားတို့မှာ အသက်တာနှင့် သမ္မာတရားကို လည်းကောင်း၊ လူသားမျိုးနွယ်အပေါ် ပေးသနားသည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာထက် ကြီးမြတ်သည့် အရာမရှိဆိုသည်ကို လည်းကောင်း လက်ခံခြင်း မရှိကြပေ။ လူသားအားလုံးသည် ဘုရားသခင်ကို ရယူလိုသော်လည်း ဘုရားသခင်၏ အမှုအတွင်း အပြောင်းအလဲများ ရှိလျှင်မူ သည်းခံနိုင်ခြင်းမရှိချေ။ ဘုရားသခင်၏ အမှုသစ်ကို လက်ခံခြင်း မရှိသူများက ဘုရားသခင်၏ အမှုသည် အပြောင်းအလဲ ကင်းမဲ့၍ ထာဝရ တည်မြဲနေသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်ထံမှ ထာဝရ ကယ်တင်ခြင်းကို ရရှိရန် လိုအပ်သမျှသော အရာအားလုံးမှာ ပညတ်တော်ကို ထိန်းသိမ်းလျက် ၎င်းတို့၏ အပြစ်များကို နောင်တရပြီး ဝန်ခံနေသရွေ့၊ ဘုရားသခင်၏ စိတ်နှလုံးကို ထာဝရ ကျေနပ်နှစ်သိမ့်မှု ပေးနိုင်လိမ့်မည်ဟု ၎င်းတို့ ယုံကြည်ချက်ထားရှိသည်။ ဘုရားသခင်သည် လူသားတို့အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုဆွဲနှက် ခံခဲ့သော၊ ပညတ်တော် ဥပဒေအောက်ရှိ တစ်ပါးတည်းသော ဘုရားသခင် ကိုယ်တော်သာဖြစ်နိုင်သည်၊ ဘုရားသခင်သည် သမ္မာကျမ်းစာကို မကျော်လွန်နိုင်၊ မကျော်လွန်သင့် အစရှိသဖြင့်လည်း ၎င်းတို့က ထင်မြင်ချက်ထားရှိသည်။ အဆိုပါ ထင်မြင်ချက်များကပင် ၎င်းတို့အား ဥပဒေသ ဟောင်းများသို့ ခိုင်မြဲစွာ ချုပ်နှောင်ထားစေလျက် တင်းကျပ်သော စည်းမျဉ်းများဖြင့် ချုပ်ချယ် ကန့်သတ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ မည်ကဲ့သို့သော အမှုသစ်မဆို ဗျာဒိတ်များအရ သက်သေခိုင်လုံစွာ ပြနိုင်ရမည်ဖြစ်ကာ အဆိုပါအမှု၏ အဆင့်တစ်ခုစီတိုင်းတွင် သူ့အား စစ်မှန်သော နှလုံးသားဖြင့် နောက်တော်သို့လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များပြသရမည်၊ သို့မဟုတ်ပါက ထိုအမှုမှာ ဘုရားသခင်၏ အမှုမဟုတ်နိုင်ဟု ယုံကြည်ကြ၏။ လူသားတို့အတွက် ဘုရားသခင်ကို သိရှိ နားလည်လာရန်မှာပင် လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။ လူသားတို့၏ စိတ်ပျက်ဖွယ် စိတ်နှလုံးနှင့် ဘဝင်မြင့်၍ မိမိသာအရေးပါသည်ဟု ထင်တတ်ကြသော ပုန်ကန်တတ်သည့် သဘာဝပါ ထည့်ပေါင်းလိုက်ပါလျှင် ဘုရားသခင်၏ အမှုသစ်ကို လက်ခံရန် လူသားတို့အတွက် လုံးဝပို၍ပင် ခက်ခဲပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မရှိသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မရှိပေ။ ထိုမျှမကပဲ မထီမဲ့မြင် သဘောထားလျက်ပင် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းညွှန်ချက်ကို စောင့်မျှော်နေကြသည်။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့် မဟုတ်ပါလား။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။

ထိုအချိန်တွင် ယေရှုက ယေဟောဝါ၏ အမှုမှာ ကျေးဇူးတော်ခေတ်ထဲ၌ နောက်ကျကျန်ခဲ့သည်ဟု ပြောခဲ့သည်၊ ယနေ့အချိန်တွင် ယေရှု၏အမှုသည် နောက်ကျကျန်ခဲ့သည်ဟု ငါပြောသကဲ့သို့ပင်ဖြစ်၏။ အကယ်၍ ပညတ်တရား ခေတ်သာရှိခဲ့ပြီး ကျေးဇူးတော် ခေတ်မရှိခဲ့ပါလျှင် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ ကွပ်မျက်ခံရနိုင်မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ် အားလုံးကိုလည်း ရွေးနုတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ၊ အကယ်၍ ပညတ်တရား ခေတ်ကာလတစ်ခုတည်းသာ ရှိခဲ့ပါလျှင် လူသားမျိုးနွယ်သည် ယနေ့တိုင်အောင် တိုးတက် ဖွံ့ဖြိုးမှု ရှိနိုင်ပါမည်လား။ သမိုင်းကြောင်းက ရှေ့သို့ တိုးတက်လျက် ရှိသည်၊ သမိုင်းသည်ပင် ဘုရားသခင့်အမှု၏ သဘာဝ နိယာမတရားပင် မဟုတ်ပေလော။ ဤသည်က စကြဝဠာ တစ်ခုလုံးအတွင်းရှိ လူသားတို့အတွက် သူ့စီမံချက်၏ ပုံဖော်ချက်ပင် မဟုတ်ပေလော။ သမိုင်းကြောင်းက ရှေ့သို့ တိုးတက်လာခဲ့ သည်၊ ထိုကဲ့သို့ပင် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ အလိုတော်သည်လည်း စဉ်ဆက်မပြတ်ပင် ပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်အတွက် အမှု၏ အဆင့်တစ်ခုကို နှစ်ပေါင်း ခြောက်ထောင်ခန့်ကြာမြင့်စွာ ထိန်းသိမ်းရန်မှာ လက်တွေ့ကျနိုင်မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်မှာ ထာဝစဉ်အသစ် ဖြစ်နေပြီး မည်သည့်အခါမျှ အိုဟောင်းသွားခြင်း မရှိသည်ကို လူသားအားလုံး သိရှိသောကြောင့်ပင် ဖြစ်သည်။ လက်ဝါးကပ်တိုင်တွင် အသက်စွန့်ခြင်းကဲ့သို့ အလားတူ အမှုမျိုးအတွက် လက်ဝါးကပ်တိုင် ပေါ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ထက်ပို၍ သံမှိုဆွဲနှက်ခံရရန် အမှန်တကယ် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။ ယင်းက ယုတ္တိမတန်သော လူသားတစ်ဦး၏ အတွေးအမြင်သာ ဖြစ်ပေသည်။ ဘုရားသခင်သည် တူညီသောအမှုကို တည်တံ့စေမည်မဟုတ်၊ ငါနေ့စဉ် သင်တို့အား ပြောသော နှုတ်ကပတ်တော်အသစ်များနှင့် အလုပ်အသစ်များ ကဲ့သို့ပင် သူ၏အမှုမှာ အစဉ်သဖြင့် ပြောင်းလဲနေပြီး ထာဝစဉ်သစ်လွင်နေ၏။ ယင်းက ငါလုပ်ဆောင်သော အမှုတာဝန်ဖြစ်သည်၊ ထိုအရာများ၏ သော့ချက်မှာ “အသစ်” နှင့် “အံသြဖွယ်ရာ” တို့၌ တည်ရှိသည်။ “ထာဝရဘုရားသည် ပြောင်းလဲခြင်းကင်းမဲ့ပြီး ဘုရားသခင်သည် ဘုရားသခင်သာ အစဉ်သဖြင့် ဖြစ်နေလိမ့်မည်”၊ ဤစကားပုံသည် အလွန်ပင် မှန်ကန်ပေသည်။ ဘုရားသခင်၏ အနှစ်သာရသည် ပြောင်းလဲခြင်းမရှိ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် မည်သည့်အခါမျှ စာတန် မဖြစ်လာနိုင်ပါ၊ သို့ရာတွင် ယင်းတို့က ဘုရားသခင်၏ အမှုမှာ သူ၏ အနှစ်သာရကဲ့သို့ တည်မြဲလျက် ပြောင်းလဲခြင်းမရှိဟု သက်သေပြခြင်း မဟုတ်ပေ။ ဘုရားသခင်က ထိုအရာများဖြစ်သည်ဟု သင်ကြေငြာခဲ့သည်၊ သို့ရာတွင် ဘုရားသခင်က ထာဝရ သစ်လွင်နေပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည်ကို သင်မည်သို့ ရှင်းပြနိုင်မည်နည်း။ ဘုရားသခင်၏ အမှုမှာ အစဉ်မပြတ် ပျံ့နှံ့နေပြီး အမြဲတမ်း ပြောင်းလဲနေသဖြင့် ဘုရားသခင်၏ အလိုတော်ကို လူသားတို့အား သိရှိအောင် စဉ်ဆက်မပြတ် သိသာထင်ရှားစေ၏။ ဘုရားသခင်၏ အမှုကို လူသားတို့ တွေ့ကြုံလာကြသည်နှင့်အမျှ ၎င်းတို့၏ စိတ်သဘောထားသည် အစဉ်သဖြင့် ပြောင်းလဲလျက်ရှိကာ ၎င်းတို့၏ အသိပညာသည်လည်း အဆက်မပြတ် ပြောင်းလဲလာကြသည်။ သို့ဖြစ်လျှင် ဤပြောင်းလဲမှုသည် မည်သည့်နေရာက စတင်ပေါ်ထွန်းလာသနည်း။ အစဉ်အမြဲ ပြောင်းလဲလျက်ရှိသည့် ဘုရားသခင်၏ အမှုထံမှ မဟုတ်ပေလော။ အကယ်၍ လူသား၏ စိတ်သဘောထားသည် ပြောင်းလဲနိုင်ပါက ငါ၏အမှုနှင့် ငါ၏ နှုတ်ကပတ်တော်များကိုလည်း အစဉ်မပြတ် ပြောင်းလဲစေရန် အဘယ်ကြောင့် ခွင့်မပြုနိုင်ရသနည်း။ လူသားတို့၏ ကန့်သတ်ချက်များကို ငါ့အပေါ် အုပ်စိုးသက်ရောက် ခံရစေမည်လား။ ထိုသို့နှင့်ပင် စဉ်းလဲဉာဏ်နှင့် ဆင်ခြေလိမ်ခြင်းကို သင်အလွယ်တကူပဲ အားကိုးတော့မည် မဟုတ်ပါလား။

ယေရှု ရှင်ပြန်ထမြောက်ခဲ့ပြီးနောက် သူ၏တပည့်တော်များရှေ့တွင် ကိုယ်ထင်ပြ၍ “ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့” ဟု မိန့်ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များ မည်သို့ ရှင်းပြရမည်ကို သင်သိပါလား။ သူ၏ တန်ခိုးများဖြင့် သင်ယခု ပြည့်စုံနေပြီလား။ တန်ခိုးဟု အမည်ရသည့် အရာအကြောင်းကို သင်နားလည် သဘောပေါက်ပြီလား။ နောက်ဆုံးသော ကာလ၌ သမ္မာတရား၏ ဝိညာဉ်တော်အား လူသားကို အပ်နှင်းလိမ့်မည်ဟု ယေရှုက ကြေငြာခဲ့သည်။ ယခုအချိန်သည် နောက်ဆုံးသော ကာလဖြစ်၏၊ သင်သည် သမ္မာတရား၏ ဝိညာဉ်တော်ကို ပိုင်ဆိုင်ပြီလား။ သမ္မာတရား၏ ဝိညာဉ်တော်မှာ အဘယ်တွင် ရှိသနည်း။ ဓမ္မဟောင်းကျမ်းထဲရှိ ကြီးမြတ်သော ဟေရှာယ အနာဂ္ဂတ္တိကျမ်းထဲတွင် ယေရှုဟုအမည်ရသည့် ကလေးတစ်ယောက်သည် ဓမ္မသစ်ကျမ်း၏ ခေတ်ကာလတွင် မွေးဖွားလိမ့်မည်ဟု မည်သည့်အခါမျှ မဖော်ပြခဲ့ပါ၊ ဧမာနွေလအမည်ရှိ သားယောက်ျား တစ်ဦး မွေးဖွားလိမ့်မည်ဟုသာ ပါရှိသည်။ ဟေရှာယသည် အဘယ်ကြောင့် ယေရှုအမည်ကို မဖော်ပြခဲ့သနည်း။ ဓမ္မဟောင်းကျမ်းရှိ မည်သည့်နေရာတွင်မျှ ထိုအမည်ကိုမတွေ့ရပါ၊ သို့ဖြစ်ပါလျှင် အဘယ်ကြောင့် သင်သည် ယေရှုအပေါ် ယုံကြည်ကိုးကွယ် နေသေးသနည်း။ ယေရှုကို ယုံကြည် သက်ဝင်မလာမီ သူ့ကို သင်၏ မျက်လုံးများဖြင့် ကိုယ်တိုင် သေချာမတွေ့ခဲ့သည်မှာ သေချာသည်မဟုတ်လား။ ဒါမှမဟုတ် ဗျာဒိတ်တော်ကို ရရှိပြီးသည့်အခါမှ သင်စတင် ယုံကြည်ခဲ့ပါသလား။ ဘုရားသခင်သည် ထိုကဲ့သို့သော ကျေးဇူးတော်အား သင့်ကိုတကယ်ပင် ပြသပါသလား။ ထိုမျှကြီးမြတ်လှသော ကောင်းချီးမင်္ဂလာကို သင့်အား ပေးအပ်ပါသလား။ အဘယ်သော အကြောင်းတရားများကို အခြေခံလျက် ယေရှုကို သင်ယုံကြည်ပါသနည်း။ ထိုသို့ဆိုလျှင် ယနေ့ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ကို သင်အဘယ်ကြောင့် မယုံကြည်ပါသနည်း။ ဘုရားသခင်မှ သင့်ထံသို့ပေးသည့် ဗျာဒိတ်ကင်းမဲ့ခြင်းက ဘုရားသခင် လူ့ဇာတိမခံယူသေးကြောင်း သက်သေဖြစ်သည်ဟု သင်အဘယ်ကြောင့် ပြောဆိုရသနည်း။ ဘုရားသခင်က သူ၏အမှုကို စတင်မဆောင်ရွက်မီ လူသားတို့အား ကြိုတင် ပြောဆိုထားရ ဦးမည်လော။ လူသားတို့၏ ခွင့်ပြုချက်အား အရင်ဆုံး ရယူရမည်လော။ ဟေရှာယမှ မွေးကင်းစ ယောင်္ကျားလေး တစ်ယောက် နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟုသာ ကြွေးကြော်ခဲ့ပြီး မာရိက ယေရှုကို မွေးဖွားလိမ့်မည်ဟု မည်သည့်အခါမျှ ဗျာဒိတ်မပေးခဲ့ပါ။ ထိုသို့ဆိုလျှင် မာရိမွေးဖွားခဲ့သည့် ယေရှုကို သင်အဘယ်ကြောင့် ယုံကြည်ပါသနည်း။ သင်၏ယုံကြည်ချက်က တကယ်တမ်းတွင် မသေချာ မရေရာမှုနှင့် ရှုပ်ထွေးမှုများထဲမှ တစ်ခုမဟုတ်ပါလော။ ဘုရားသခင်၏ အမည်သည် ပြောင်းလဲခြင်းမရှိဟု အချို့ကပြောသည်၊ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်မှာ ယေရှုမည်သို့ဖြစ်လာခဲ့ပါသနည်း။ မေရှိယ ကြွလာခြင်းကို ကြိုတင် ဗျာဒိတ်ပေးခဲ့သော်လည်း ယေရှုဟူသော အမည်ရှိ အမျိုးသားတစ်ယောက်သည် အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ အဆိုပါအမှုကို နှစ်ပေါင်းများစွာခန့်ကပင် ဆောင်ရွက်ခဲ့သည် မဟုတ်ပေလော။ ယနေ့ဘုရားသခင်က အမှုသစ်တစ်ခုကို မဆောင်ရွက်နိုင်သလော။ ယမန်နေ့က အမှုကို ပြောင်းလဲခြင်း ပြုနိုင်သကဲ့သို့ ယေဟောဝါ၏ အမှုကို ယေရှု၏အမှုအဖြစ် ဆက်လုပ်နိုင်ပါသည်။ ထို့အပြင် ယေရှု၏ အမှုကိုလည်း နောက်ထပ်အမှု တစ်ခုဖြင့် မဆက်ခံနိုင်ပေလော။ ယေဟောဝါ၏ နာမကို ယေရှုအဖြစ်သို့ ပြောင်းလဲ နိုင်ခဲ့ပါလျှင် ယေရှု၏ နာမကိုလည်း မပြောင်းလဲနိုင်ပေလော။ ယင်းက ထူးဆန်းမှုမရှိပေ၊ လူအများကသာ ၎င်းတို့၏ ရိုးရှင်းသော စိတ်သဘောထားကြောင့် ထိုသို့က ထင်နေခြင်းဖြစ်၏။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်မည်။ သူ၏အမှုနှင့် နာမတို့ မည်သို့ပင် ပြောင်းလဲနေစေကာမူ၊ သူ၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့မှာ ထာဝရမပြောင်းလဲဘဲ တည်ရှိနေမည်ဖြစ်၏။ ဘုရားသခင်ကို ယေရှု၏ နာမဖြင့်သာ ခေါ်တွင်နိုင်သည်ဟု သင်ယုံကြည်နေပါက သင်သည် အနည်းငယ်မျှသာ သိရှိခြင်း ဖြစ်သည်။ ယေရှုမှာ ဘုရားသခင်၏ အစဉ်အမြဲဖြစ်သော အမည်ဖြစ်သည်၊ ဘုရားသခင်သည် ယေရှုဟူသော အမည်ဖြင့်သာ အမြဲတမ်းနာမတွင်၍ ယင်းက မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ် စသည်တို့အားဖြင့် သင်အခိုင်အမာ ပြောဆိုဝံ့ပါသလား။ ပညတ်တော်ခေတ်နှင့် နောက်ဆုံးသောကာလကို နိဂုံးကမတ် ချုပ်ပေးမည့်သူမှာ ယေရှု၏ နာမဖြစ်သည်ဟု သင်သေချာစွာဖြင့် အခိုင်အမာ ပြောဆိုဝံ့ပါသလား။ ယေရှု၏ ကျေးဇူးတော်က ခေတ်ကာလကို အဆုံးသတ်ပေးနိုင်သည်ဟု အဘယ်သူ ဆိုနိုင်သနည်း။ အဆိုပါ သမ္မာတရားတို့ကို သင်အခုမှ ရှင်းလင်းစွာ မသိနိုင်ခဲ့လျှင် သင်သည် ဧဝံဂေလိတရားကို ဟောနိုင်မည် မဟုတ်သည့်အပြင် သင်ကိုယ်တိုင်ပင် ဆက်လက် ရပ်တည်နိုင်မည် မဟုတ်ပေ။ နေ့ရက်အချိန် ကျသည့်အခါ အဆိုပါ ဘာသာတရား ကိုင်းရှိုင်းသောလူများ၏ အခက်အခဲအားလုံးကို သင်ဖြေရှင်းပေး၍ ၎င်းတို့၏ အထင်မှား အမြင်မှားများကို မဟုတ်မမှန်ကြောင်း ပြောဆိုပါ၊ ယင်းက သင်သည် အမှု၏ ဤအဆင့်ကို သံသယ စိုးစဉ်းမျှမရှိပဲ သေချာစွာ သိရှိနားလည်သည်ဟူ၍ သက်သေပြမည်ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းတို့၏ အထင်မှား အမြင်မှားများကို မဟုတ်မမှန်ကြောင်း ချေပပြောဆိုနိုင်ခြင်း မရှိပါက ထိုသူများက သင့်အား အမှုဆင်ပြီး အသရေဖျက်ကြလိမ့်မည်။ ယင်းမှာ ရှက်ဖွယ် မကောင်းပေလော။

ထိုအချိန်က ယုဒအမျိုးသား အားလုံးသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုပြီး ဟေရှာယ၏ သားယောက်ျားတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟူသော ဗျာဒိတ်အကြောင်းကို သိခဲ့ကြသည်။ ဤအသိဉာဏ် ရှိနေပါလျက်နှင့်ပင် သူတို့သည် အဘယ်ကြောင့် ယေရှုကို ညှဉ်းပန်း နှိပ်စက်ခဲ့ကြသနည်း။ ယင်းက သူတို့၏ ပုန်ကန်တတ်သော သဘောသဘာဝနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုအား လျစ်လျူရှုခြင်းကြောင့်ပင် မဟုတ်ပေလော။ ထိုအချိန်က ဖာရိရှဲများသည် ယေရှု၏ အမှုမှာ ၎င်းတို့ သိရှိထားသည့် သားယောက်ျားတစ်ဦး ဗျာဒိတ်နှင့် မတူညီဟု ယုံကြည်ခဲ့ကြသည်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုက သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသဖြင့် ယနေ့ခေတ် လူသားများသည် ဘုရားသခင်ကို ငြင်းပယ်ကြသည်။ ၎င်းတို့ ဘုရားသခင်အား ပုန်ကန်ခြင်း၏ အခြေ အမြစ်မှာလည်း ထိုအတိုင်းပင် မဟုတ်ပေလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားလုံးကို မေးခွန်း ပြန်မထုတ်ဘဲ သင်လက်ခံနိုင်ပါမည်လား။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဧကန်ဖြစ်ခဲ့ပါလျှင် ထိုအရာသည် မှန်ကန်သော လမ်းကြောင်းပင်ဖြစ်သည်။ မည်သည်တို့ကို ရွေးချယ်၍ ကောက်ယူ လက်ခံမည်ဟု စဉ်းစားနေမည့်အစား ထိုအရာကို ဒွိဟစိုးစဉ်းမျှမရှိဘဲ သင်လက်ခံသင့်သည်။ ဘုရားသခင်ထံမှ အသိပညာနှင့် သတိမူခြင်း အလေ့အကျင့် အချို့ကို ရရှိခဲ့ပါလျှင် ယင်းက အမှန်တကယ်ပင် မမျှော်မှန်းထားသည့် လုပ်ရပ်တစ်ခု မဟုတ်ပေလော။ သင်လုပ်သင့်သည့်အရာက သမ္မာကျမ်းစာမှ နောက်ထပ်မည်သည့် သက်သေအထောက်အထား တောင်းဆိုမှုမျှ မလိုအပ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်နေသရွေ့ လက်ခံရန်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်အား စုံစမ်းစစ်ဆေးရန် မဟုတ်ဘဲ သူ၏ နောက်သို့လိုက်ရန် ဘုရားသခင်အား ယုံကြည်သောကြောင့်ဖြစ်သည်။ ငါသည် သင်၏ ဘုရားသခင်ဖြစ်သည်ကို သက်သေပြရန် ငါ့အတွက် နောက်ထပ် သက်သေ အထောက်အထားကို သင်မရှာဖွေသင့်ပေ။ ထိုအစား ငါသည် သင့်အတွက် အကျိုးအမြတ်ဖြစ်သည်ဟု သင်သတိပြုသင့်သည်၊ ယင်းက အဓိကသော့ချက်ပင်။ သမ္မာကျမ်းစာအတွင်း ထိုထက်ပို၍ ငြင်းဆိုမရနိုင်သော သက်သေ အထောက်အထားကို သင်တွေ့ရှိခဲ့လျှင်ပင် ငါ့ရှေ့သို့ သင့်ကို အပြည့်အဝ မဆောင်ကျဉ်းနိုင်ပေ။ သင်သည်သာ သမ္မာကျမ်းစာ၏ နယ်နိမိတ်များအတွင်း နေထိုင်သူဖြစ်ကာ၊ သင်သည် ငါ့ရှေ့မှောက်၌ နေထိုင်သည်မဟုတ်၊ သမ္မာကျမ်းစာသည် ငါ့ကိုသင်သိရှိအောင် မကူညီနိုင်သည့်အပြင် ငါ့အပေါ် သင်၏ ချစ်မြတ်နိုးမှုကို ပိုမိုလေးနက်စေခြင်းငှာ မပြုနိုင်ပါ။ သမ္မာကျမ်းစာက သားယောက်ျားတစ်ဦး မွေးဖွားလိမ့်မည်ဟု ဗျာဒိတ်ပေးခဲ့သော်လည်း ထိုဗျာဒိတ်မှာ တကယ်ဖြစ်လာမည်ဟု တစ်ဦးတစ်ယောက်မှ သိမြင်နိုင်စွမ်းမရှိပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုကို လူသားတို့ မသိရှိခဲ့ဘဲ ယင်းက ဖာရိရှဲများကို ယေရှုနှင့် ဆန့်ကျင်စေသည့်အရာဖြစ်သည်။ ငါ၏အမှုသည် လူသားတို့ အကျိုးစီးပွားများအတွက် ဖြစ်သည်ကို အချို့သူများက သိရှိကြသည်၊ သို့သော်လည်း ယေရှုနှင့် ငါသည် အပြန်အလှန် သဟဇာတဖြစ်သော လုံးဝကွဲပြားသည့် သူနှစ်ဦးဖြစ်သည်ဟု ၎င်းတို့က ဆက်လက်ယုံကြည်ကြသည်။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များအား မည်သို့ လေ့ကျင့်ရမည်၊ မည်သို့ အတူတကွ စုရုံးရမည်၊ မည်သို့ ဆုတောင်းရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်ဖြင့် တရားဟောပြောချက် အတွဲများဖြင့်သာ မြွက်ကြားခဲ့သည်။ သူထမ်းဆောင်ခဲ့သည့် အမှုမှာ ကျေးဇူးတော် ခေတ်မှ အမှုဖြစ်ပြီး၊ သူ၏ တပည့်တော်များနှင့် နောက်လိုက်များကိုသာ မည်သို့ ပြုကျင့်သင့်သည်ကို အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်အတွက် အမှုကိုသာ ဆောင်ရွက်ခဲ့ပြီး နောက်ဆုံးသော ကာလအတွက် တစ်ခုမှ မဆောင်ရွက်ခဲ့ပါ။ ပညတ်တရားခေတ်တွင် ဓမ္မဟောင်းကျမ်း ဥပဒေသကို ယေဟောဝါ ချမှတ်ခဲ့စဉ်က ကျေးဇူးတော်ခေတ်၏ အမှုကို သူအဘယ်ကြောင့် မဆောင်ရွက်ခဲ့ပါသနည်း။ ကျေးဇူးတော် ခေတ်၏အမှုကို သူအဘယ်ကြောင့် ကြိုတင်ရှင်းလင်းအောင် မဆောင်ရွက်ခဲ့ပါသနည်း။ ယင်းက လူသားတို့၏ လက်ခံမှုသို့ အကျိုးပြုစေမည် မဟုတ်ပေလော။ သားယောက်ျားလေးတစ်ဦး နွားစာခွက်ထဲတွင် မွေးဖွား၍ တန်ခိုးကြီးထွား လာလိမ့်မည်ဟုသာ သူက ဗျာဒိတ်ပေးခဲ့ပြီး ကျေးဇူးတော်ခေတ်၏ အမှုကို ကြိုတင် ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ခေတ်ကာလ တစ်ခုစီတိုင်းအတွက် ဘုရားသခင်၏ အမှုတို့တွင် ရှင်းလင်းပြတ်သားသော နယ်မြေကန့်သတ်ချက်များရှိသည်၊ သူသည် လက်ရှိ ခေတ်ကာလ၏ အမှုကိုသာ ဆောင်ရွက်ပြီး နောက်အဆင့်တစ်ခု၏ အမှုကို မည်သည့်အခါမျှ ကြိုတင်လုပ်ဆောင်ခြင်း မရှိပါ။ ထိုနည်းအားဖြင့်သာ ခေတ်ကာလ တစ်ခုစီအတွက် သူ၏ ကိုယ်စားပြု အမှုကို ရှေ့သို့ ဆောင်ယူနိုင်မည် ဖြစ်သည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများကိုသာ ပြောဆိုခဲ့သည်၊ မည်ကဲ့သို့ စိတ်ရှည်ရှည် ထားရမည်၊ မည်ကဲ့သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ကားတိုင်ကို မည်ကဲ့သို့ ထမ်းရမည်နှင့် ဒုက္ခများကို မည်ကဲ့သို့ ကြံ့ကြံ့ခံရမည်ကို ပြောပြခဲ့သည်၊ သို့သော် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးရန် မည်သို့ ရှာဖွေရမည်ကိုဖြစ်စေ၊ နောက်ဆုံးသော ကာလသို့ လူသားတို့ မည်သို့ ဝင်ရောက်ရမည်ကိုဖြစ်စေ မည်သည့်အခါမျှ မြွက်ဟပြောဆိုခြင်း မရှိခဲ့ပါ။ ထိုသို့အားဖြင့် သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအတွက် အမှုကို ရှာဖွေရန်မှာ အတွေးမှားခြင်း၏ လုပ်ရပ်တစ်ခု ဖြစ်မသွားပေလော။ သမ္မာကျမ်းစာကို သင့်လက်ထဲတွင် ကိုင်ဆောင်ထားရုံမျှနှင့် သင်အဘယ်အရာကို ထိုးထွင်းသိမြင်နိုင်မည်နည်း။ သမ္မာကျမ်းစာကို အနက်ဖွင့်သူဖြစ်စေ၊ တရားဟောဆရာပင်ဖြစ်စေ ယနေ့၏ အမှုကို မည်သူ ကြိုတင်သိရှိနိုင်မည်နည်း။

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။” သန့်ရှင်းသောဝိညာဉ်တော်၏ ထိုနှုတ်ကပတ်တော်များကို သင်တို့ကြားဖူးပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်တို့အပေါ်သို့ သက်ရောက်လာပါပြီ။ သင်တို့ကြားရပါသလား။ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်၏ အမှုကို ဘုရားသခင် ဆောင်ရွက်သည်၊ အဆိုပါ နှုတ်ကပတ်များက သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်များဖြစ်သည်၊ အဘယ်ကြောင့်ဆိုရလျှင် ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိလည်း ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ယခင်က မြွက်ဟ ပြောဆိုခဲ့သည့်အတိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များမှာ ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များမှာ ကောင်းကင်ဘုံမှ လူသားတို့၏နားသို့ ကြွဆင်းလာသင့်သည်ဟု ယုံကြည်နေကြသည့် စိတ်ပျက်ဖွယ်လူသား အများအပြားရှိပါသည်။ ဤသို့ တွေးထင်သောသူ မှန်သမျှမှာ ဘုရားသခင်၏ အမှုကို သိကျွမ်းခြင်း မရှိကြပေ။ အမှန်တကယ်ဆိုရသော် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်သော ဖွင့်ဆိုချက်များမှာ လူ့ဇာတိ ခံယူထားသော ဘုရားသခင်၏ မိန့်ခြင်းပင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားတို့အား တိုက်ရိုက်မိန့်ဆိုခြင်း မပြုနိုင်ပါ၊ ထို့အတူ ပညတ်တော်ခေတ်တွင်ပင် ယေဟောဝါသည်လည်း လူအများကို တိုက်ရိုက် မိန့်ဆိုခြင်းမရှိခဲ့ပါ။ ဤယနေ့ခေတ်တွင်လည်း ဘုရားသခင်သည် ထိုသို့လုပ်နိုင်ချေ ပို၍ပင် နည်းပါးမည် မဟုတ်ပေလော။ ဘုရားသခင်အတွက် သူ၏အမှုကို လုပ်ဆောင်ဖို့ ဖွင့်ဆိုချက်များ ပြောဆိုရန်မှာ သူသည် လူ့ဇာတိ ခံယူလာရပေမည်၊ သို့မဟုတ်ပါက သူ၏အမှုက သူ၏ရည်မှန်းချက်ကို ပြီးမြောက်စေမည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိဖြစ်လာသည်ကို ငြင်းပယ်သူများမှာ ဝိညာဉ်တော်ကို ဖြစ်စေ ဘုရားသခင် ဆောင်ရွက်သည့် နိယာမများကိုဖြစ်စေ မသိရှိသူများ ဖြစ်သည်။ ယခုအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ်ကာလဟု ယုံကြည်သော်လည်း သူ၏ အမှုသစ်ကို လက်မခံသေးသည့် သူများမှာ မသေချာ မရေရာသော ယုံကြည်မှုဖြင့် ရှင်သန်နေကြသူများ ဖြစ်သည်။ လူသားတို့၏ ထိုအမူအကျင့်က သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မည်သည့်အခါမျှ လက်သင့်ခံမည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုကိုဖြစ်စေ၊ နှုတ်ကပတ်တော်များကိုဖြစ်စေ လက်မခံသေးဘဲ သန့်ရှင်းသော ဝိညာဉ်တော်အား တိုက်ရိုက် မိန့်ဆိုစေလို၍ သူ၏အမှုကို ဆောင်ရွက်ရန်အတွက်သာ အလိုရှိသူများသည် ခေတ်ကာလသစ်ကို မည်သည့်အခါမျှ ခြေလှမ်းနိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်ထံမှ ပြီးပြည့်စုံသော ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာ၌ “ယင်းက” ဟုရေးသားထားသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။