မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည် (အပိုင်း နှစ်)
သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရာတွင် မိမိကိုယ်ကိုသိသည့် အသိသည် အလွန့်အလွန် အရေးကြီး၏။ မိမိကိုယ်ကိုသိသည့် အသိဆိုသည်မှာ ငါတို့အတွေးများနှင့် အမြင်များတွင် မည်သည့်အရာများက သမ္မာတရားနှင့် အခြေခံအားဖြင့် သဟဇာတမဖြစ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်ပြီး ဘုရားသခင်အား ရန်လိုကြောင်း သိရှိခြင်းကို ဆိုလိုသည်။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ လိမ်ညာခြင်း၊ လိမ်ညာလှည့်ဖြားတတ်ခြင်းတို့ကဲ့သို့ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိနားလည်မှု ရရှိရန် လွယ်ကူသည်။ သင်သည် သမ္မာတရားကို အကြိမ်အနည်းငယ် မိတ်သဟာယပြုရုံမျှပြုခြင်းအားဖြင့် သို့မဟုတ် မကြာခဏ မိတ်သဟာယပြုခြင်းမှတစ်ဆင့် သို့မဟုတ် သင်၏ ညီအစ်ကို မောင်နှမများအား သင်၏ အခြေအနေကို သင့်ထံ ထောက်ပြစေခြင်းအားဖြင့် ယင်းတို့ကို အနည်းငယ် သိရှိလာနိုင်ပေသည်။ ထို့အပြင် မာနထောင်လွှားခြင်းနှင့် လိမ်ညာလှည့်ဖြားတတ်ခြင်းသည် အတိုင်းအတာအရသာ ကွဲပြားလျက် လူတိုင်းတွင် ရှိနေသည်။ ထို့ကြောင့် ထိုအရာများကို သိရှိရန် အတော်အတန် လွယ်ကူပေသည်။ သို့ရာတွင် မိမိ၏ အတွေးများနှင့် အမြင်များက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်ရန်မှာမူ ခက်ခဲပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိခြင်းလောက် မလွယ်ပေ။ လူတစ်ဦး၏ အပြုအမူ သို့မဟုတ် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများက အနည်းငယ် ပြောင်းလဲသည့်အခါ ထိုလူက သူပြောင်းလဲသွားသည့်အလား ခံစားသော်လည်း အမှန်တွင် ဤသည်မှာ အပြုအမူဆိုင်ရာ ပြောင်းလဲခြင်းမျှသာဖြစ်ပြီး အမှုအရာများအပေါ် ထိုသူ၏အမြင် အမှန်တကယ် ပြောင်းလဲသွားပြီဟု မဆိုလိုပေ။ လူတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် အယူအဆများစွာနှင့် စိတ်ကူးထင်မြင်မှုများစွာ ရှိနေဆဲ၊ ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အတွေးများ၊ အမြင်များ၊ အဆိပ်များ ရှိနေဆဲ၊ ဘုရားသခင်ကို ရန်လိုသည့်အရာများစွာ ရှိနေဆဲ ဖြစ်သည်။ ဤအရာများသည် လူတို့အတွင်းတွင် ကွယ်ဝှက်နေပြီး ယင်းတို့ကို ယခုတိုင် မဖော်ထုတ်ရသေးချေ။ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခြင်းများ၏ ဇာစ်မြစ်ဖြစ်ပြီး လူ၏ သဘာဝ အနှစ်သာရအတွင်းမှ လာပေသည်။ ထို့ကြောင့်၊ သင်၏ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာကို ဘုရားသခင်က လုပ်ဆောင်သည့်အခါ၊ သင်သည် သူ့ကို ခုခံကာ ဆန့်ကျင်လိမ့်မည်။ ဘုရားသခင်က ထိုသို့ အဘယ်ကြောင့် ဆောင်ရွက်ခဲ့သည်ကို သင် နားလည်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် သမ္မာတရားရှိသည်ကို သင် သိရှိပြီး ကျိုးနွံနာခံရန် သင် ဆန္ဒရှိသော်လည်း၊ ထိုသို့ မလုပ်ဆောင်နိုင်သည်ကို သင့်ကိုယ်သင် တွေ့ရလိမ့်မည်။ အဘယ်ကြောင့် သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ သင်၏ ခုံခံခြင်းနှင့် ဆန့်ကျင်ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် လူသား၏ အတွေးများနှင့် အမြင်များထဲတွင် ဘုရားသခင်ကို ရန်လိုပြီး ဘုရားသခင် ဆောင်ရွက်သည့် အခြေခံသဘောတရားများနှင့် သူ၏ အနှစ်သာရကို ရန်လိုသည့် အရာများစွာ ရှိသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူသားအတွက် အသိရရှိရန် ခက်ခဲပေသည်။ ဤစကားများကို ငါမိတ်သဟာယပြုထားပြီဖြစ်သည့်အတွက် သင်တို့အနေဖြင့် ထိုးထွင်းအမြင်နှင့် သိနားလည်မှုတချို့ ရရှိနိုင်သင့်ပေသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်တို့တွင် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ ရှိပြီး “ဤအရာသည် ဘုရားသခင်၏ လုပ်ဆောင်ချက် မဖြစ်နိုင်။ ဘုရားသခင်သာ ဖြစ်နေပါက ဤကဲ့သို့ လုပ်ဆောင်မည်မဟုတ် သို့တည်းမဟုတ် ထိုသို့ ပြောဆိုမည်မဟုတ်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး လူတို့လက်ခံရန် လွယ်ကူသည်” ဟု သင်တို့တွေးထင်သည်ဆိုပါစို့။ သို့သော် ထို့နောက်တွင် သင်တို့စဉ်းစားသည်မှာ “ဤတွေးခေါ်မှုပုံစံသည် မှားယွင်းသည်။ လူတို့နားမလည်နိုင်သည့် နေရာတိုင်းတွင် ရှာဖွေရမည့် သမ္မာတရားရှိသည်ဟု ယခင်က ဘုရားသခင် ပြောပြီးဖြစ်သည်။ ဒုက္ခပေးနေသည့်အရာ၊ ဘုရားအမှုတော်ကို ငါဘောင်ခတ်အောင် ငါ့ကို ဦးတည်ပေးနေသည့်အရာမှာ ငါ့စိတ်နှလုံးထဲရှိ အယူအဆများနှင့် စိတ်ကူးများဖြစ်သည့်အတွက် ငါ့ကိုယ်ငါ သုံးသပ်သင့်သည်။ ဘုရားကို ငါအထင်မလွဲသင့်” ဟု ဖြစ်သည်ဆိုပါစို့။ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ရန် မှန်ကန်သည့် နည်းလမ်းဖြစ်သည်။ ဘုရားသခင်၏ အမှုတော် သို့မဟုတ် နှုတ်ကပတ်တော်များက သင်၏ အယူအဆများနှင့် မကိုက်ညီသည်ကို သင်မြင်သည့်အခါတိုင်းသည် သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်အချိန်၊ ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို အမြန်ရှာဖွေသင့်သည့်အချိန်၊ ထိုနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် တိုင်းတာပြီးနောက် ထိုနှုတ်ကပတ်တော်များနှင့်အညီ ပြုမူဆောင်ရွက်သင့်သည့် အချိန်ဖြစ်သည်။ ဤသည်မှာ ရှေ့ဆက်ရမည့် လမ်းတစ်ခုဖြစ်သည် မဟုတ်လော။
မိမိ၏ မိဘများအား မည်သို့ဆက်ဆံရမည်ဆိုသည်နှင့် ပတ်သက်၍ ငါတို့ ယခုတင် မိတ်သဟာယပြုပြီးသွားပြီ ဖြစ်သည်။ သင်တို့ထဲမှ လူအများအပြားသည် သင်တို့၏ မိဘများက သင်တို့ကိုယ်စား သူတို့ဘဝတစ်လျှောက်လုံးတွင် များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရကာ သင်တို့အပေါ် ကြီးမားသည့် ချစ်ခြင်းနှင့် ဂရုစိုက်ခြင်းတို့ကို ပြသထားသည့်အတွက် သူတို့အပေါ် များစွာ အကြွေးတင်သည်ဟု ခံစားကြသည်။ တစ်နေ့တွင် သူတို့ နာမကျန်းဖြစ်လျှင် သင်၏ ဩတ္တပ္ပစိတ်က နှောင့်ယှက်ခံရပြီး သင်သည်လည်း အပြစ်တာဝန်မကင်းဟု ခံစားရသည်။ သင့်အနေဖြင့် သင်၏ မိဘများအပေါ် သားသမီးဝတ် ဖြည့်ဆည်းကာ သူတို့ကို နှစ်သိမ့်ပေးပြီး အိုမင်းသည့်အရွယ်တွင် သူတို့ပျော်ရွှင်ချမ်းမြေ့ရအောင် သေချာလုပ်ပေးရန် သူတို့နှင့်အတူ သင်နေထိုင်သင့်သည်ဟု သင်ရုတ်တရက် စဉ်းစားမိသည်။ ဤသည်မှာ သူတို့၏ သားသမီးတစ်ဦးအနေဖြင့် သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင်စဉ်းစားသည်။ ဤဝတ္တရားကို သင်ဖြည့်ဆည်းနေစဉ် သင့်ထံမှ တစ်စုံတစ်ရာကို ဘုရားသခင် တောင်းဆိုလျှင် သို့မဟုတ် သင့်အား မမျှော်လင့်သည့် စမ်းသပ်မှုတစ်ခု သူပေးလျှင် သူ၏ ရည်ရွယ်ချက်မှာ ထိုသို့ သင်မလုပ်ဆောင်သင့်ဘဲ ဘုရားသခင်အား ယုံကြည်ခြင်း၊ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်းတို့ကို စည်းမျဉ်းအဖြစ် မှတ်ယူသင့်သည်ဟူ၍ပင် ဖြစ်ပေသည်။ ဘုရားသခင်က သင့်အား သင်၏ မိဘများအပေါ် သားသမီးဝတ် မကျေပွန်ရန် သို့မဟုတ် သူတို့ကို ထိုသို့မဆက်ဆံရန် တိုက်ရိုက် စေခိုင်းပါက သင်မည်သို့ခံစားရမည်နည်း။ သင်သည် ဤကိစ္စရပ်ကို ရိုးရာအယူအဆများ၏ အမြင်များမှတစ်ဆင့် စဉ်းစားမည်ဖြစ်ပြီး ဘုရားသခင်က သင်၏ ခံစားချက်များကို မစဉ်းစားဘဲ ထိုအရာကို လုပ်ဆောင်ကြောင်းနှင့် ထိုအရာက သင်၏ သားသမီးဝတ်ကို မဖြည့်ဆည်းပေးကြောင်း တွေးလျက် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမိမည် ဖြစ်သည်။ သင်သည် သားသမီးဝတ်အပြည့်၊ လူ့သဘာဝအပြည့်၊ အသိစိတ်အပြည့်ဖြင့် ပြုမူဆောင်ရွက်နေသည်ဟု ယုံကြည်သော်လည်း ဘုရားသခင်က သင့်ကို သင်၏ အသိစိတ်နှင့်အညီ သို့မဟုတ် သားသမီးဝတ်နှင့်အညီ ပြုမူဆောင်ရွက်ခွင့်မပေးပေ။ ထို့နောက်တွင် သင်က ဘုရားသခင်ကို အတိုက်အခံလုပ်၊ ပုန်ကန်ပြီး ဆန့်ကျင်လိမ့်မည်ဖြစ်ကာ သမ္မာတရားကို လက်ခံလိမ့်မည် မဟုတ်ပေ။ လူ၏ ပုန်ကန်တတ်သော သဘာဝဆိုင်ရာ ရင်းမြစ်နှင့် အနှစ်သာရတို့သည် မိသားစုနှင့် လူ့အဖွဲ့အစည်းအပြင် ရိုးရာယဉ်ကျေးမှုမှ လူတို့ရရှိသည့် ပညာရေးဖြင့် ဖွဲ့စည်းထားသည့် လူတို့၏ အတွေးများနှင့် အမြင်များမှ အဓိကအားဖြင့် လာသည်ကို လူတို့သဘောပေါက်စေရန် ဤအရာအားလုံးကို ငါပြောနေခြင်း ဖြစ်သည်။ ဤအရာများက မိသားစု အစဉ်အလာမှတစ်ဆင့် သို့မဟုတ် လူ့အဖွဲ့အစည်းနှင့် ပညာရေးတို့၏ လွှမ်းမိုးမှုမှတစ်ဆင့် လူတို့၏ စိတ်နှလုံး၌ နည်းနည်းချင်း နက်ရှိုင်းစွာ အမြစ်တွယ်လာပြီးသည့်နောက်တွင် လူတို့သည် ထိုအရာများဖြင့် စတင် အသက်ရှင်ကြလေသည်။ ဤရိုးရာယဉ်ကျေးမှုသည် မှန်ကန်ကာ အပြစ်ကင်းပြီး ဝေဖန်၍မရကြောင်းနှင့် ရိုးရာယဉ်ကျေးမှု၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်ခြင်းအားဖြင့်သာ ၎င်းတို့က စစ်မှန်သည့် လူများဖြစ်နိုင်ကြောင်း မရည်ရွယ်ဘဲ စတင်ယုံကြည်မိကြပေမည်။ ၎င်းတို့အနေဖြင့် ထိုသို့မပြုမူမဆောင်ရွက်ပါက ၎င်းတို့သည် အသိစိတ်မဲ့ကြောင်း၊ လူ့သဘာဝနှင့် ဆန့်ကျင်ကာ လူ့သဘာဝတစ်ခုမျှ မရှိကြောင်း ခံစားကြရမည်ဖြစ်ပြီး ထိုအဖြစ်ကို လက်ခံနိုင်ကြမည် မဟုတ်ပေ။ ဤလူသား အတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် အလွန်ကွာဝေးသည် မဟုတ်လော။ လူသား အတွေးများနှင့် အမြင်များရှိ အရာများနှင့် လူတို့လိုက်စားသည့် ရည်မှန်းချက်များအားလုံးသည် လောကဆီသို့၊ စာတန်ဆီသို့ ဦးတည်နေပေသည်။ လူအား သမ္မာတရားကို လိုက်စားခိုင်းသည့် ဘုရားသခင်၏ သတ်မှတ်ချက်ကမူ ဘုရားသခင်ဆီသို့၊ အလင်းဆီသို့ ဦးတည်ထားသည်။ ဤသည်တို့မှာ မတူကွဲပြားသော ဦးတည်ချက်နှစ်ခု၊ မတူကွဲပြားသော ရည်မှန်းချက်နှစ်ခု ဖြစ်သည်။ လူ့အပေါ် ဘုရားသခင်၏ ရည်မှန်းချက်နှင့် သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်လော့။ ထိုသို့ပြုလျှင် သင်၏ လူ့သဘာဝသည် သာ၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် လူသားပုံသဏ္ဌာန် သာ၍ ရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သာ၍ နီးစပ်လာလိမ့်မည် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ အတွေးများနှင့် အမြင်များအတိုင်း သင်ပြုမူဆောင်ရွက်လျှင်မူ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို သင်ပိုပိုပြီး ဆုံးရှုံးရလိမ့်မည်။ သင်သည် သာ၍ပင် မစစ်မှန်တော့ဘဲ အတုအယောင်ဖြစ်လာလိမ့်မည်။ လောက၏ ခေတ်ရေစီးကြောင်းများကို သာ၍ပင် လိုက်လျှောက်ကာ ဆိုးယုတ်မှု အင်အားစုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။ ထို့နောက်တွင် သင်သည် စာတန်၏ တန်ခိုးအောက်၊ အမှောင်ထုထဲတွင် လုံးဝ အသက်ရှင်နေလိမ့်မည်။ သင်သည် သမ္မာတရားကို လုံးလုံးလျားလျား ချိုးဖောက်ကာ ဘုရားသခင်ကို သစ္စာဖောက်မိပြီး ဖြစ်လိမ့်မည်။
ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိမ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က “ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် “ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ” ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် လိုလားသော်လည်း ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရန်လည်း အလိုရှိလျက် ယခုတွင် လှေနံနှစ်ဖက်နင်းနေမိပေသည်။ သို့ရာတွင် ဘုရားသခင်၏ ရှေ့မှောက်၌ ငါတို့သည် တာဝန်နှင့် ဝတ္တရားတစ်ခု၊ ဘဝပေးတာဝန်တစ်ခုသာ ရှိ၏။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ သင်ဖြည့်ဆည်းပြီးပြီလော။ အဘယ်ကြောင့် တစ်ဖန် သင်လမ်းလွဲသွားပြန်သနည်း။ သင်၏ စိတ်နှလုံးတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဝေဖန်မောင်းမဲစိတ်တို့ အမှန်တကယ် မရှိလေသလော။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားက အခြေခံအုတ်မြစ်ချထားခြင်း မရှိသေးသကဲ့သို့ ထိုစိတ်နှလုံးကို အုပ်စိုးခြင်းလည်း မရှိသေးသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် သင်သည် လမ်းလွဲသွားနိုင်သည်။ ယခုတွင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သော်လည်း တကယ်တမ်း၌မူ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများကို အလွန်စံမမီဖြစ်နေဆဲ ဖြစ်သည်။ ဤအချက်ကို သင်ရှင်းလင်းစွာ ယခု မြင်နိုင်သလော။ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ဟု ဘုရားသခင်က ဆိုသည့်အချိန်တွင် မည်သည့်အရာကို သူဆိုလိုသနည်း။ ယင်းမှာ လူတိုင်းကို ဤအရာ သဘောပေါက်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်များနှင့် ဝိညာဉ်များအားလုံးဘုရားသခင်ထံမှ လာပြီး၊ သူက ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့် သဘာဝမှ သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သားသမီးများက ကျွန်ုပ်တို့ထံမှ မွေးဖွားကြသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည်သာ မိဘများထံမှ မွေးဖွားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်လက်ထဲတွင် လုံးဝ ရှိပေသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။ သင်သည် မည်မျှပြီးပြည့်စုံသည့် ဇနီးမယားနှင့် မိခင်တစ်ဦးဖြစ်ပါစေ၊ သင်၏ လူမှုကိုယ်ကျင့်တရား စံနှုန်းက မည်မျှမြင့်မားသည်ဖြစ်စေ၊ အခြားသူများထံမှ အသိအမှတ်ပြုခြင်း မည်မျှကို သင်ရရှိသည်ဖြစ်စေ ထိုအရာမှာ ဘုရားသခင်ကို ကျိုးနွံနာခံနေခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုပင် မဆိုလိုပေ။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ လက်ခံရန် ငြင်းပယ်လျှင် ဤအရာက သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိ၊ လူ့သဘာဝမရှိသကဲ့သို့ သင့်စိတ်နှလုံးတွင် ဘုရားသခင်မရှိသည့် တစ်စုံတစ်ဦးဖြစ်ကြောင်းကိုသာ သက်သေပြပေသည်။ ဤလူစားမျိုးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အလွန် ဝေးကွာသည် မဟုတ်လော။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများအတိုင်း အမြဲ အသက်ရှင်လျက်၊ လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းနောက် အမြဲလိုက်သော်လည်း သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိဘဲလျက် ဤကဲ့သို့ ဖြစ်ကြလေသည်။ ဤလူများသည် ချွတ်ခြုံကျနေပြီး သနားဖွယ်ဖြစ်ကြသည် မဟုတ်လော။ မိုက်မဲပြီး မသိနားမလည်ဖြစ်ကြသည် မဟုတ်လော။ ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ခြင်း၊ ကောင်းမြတ်သည့်၊ အလွန်နှစ်သက်ခြင်းခံရသည့် အမျိုးသမီးတစ်ဦး ဖြစ်ခြင်းက ကြွားဝါကာ ဂုဏ်ယူထိုက်သလော။
မိမိတို့စိတ်နှလုံး၌ လူတို့စွဲကိုင်ထားကြသည့် အရာအားလုံးသည် အမှန်တွင် သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားသခင်ကို ရန်လိုပေသည်။ ထိုအထဲတွင် အပြုသဘောဆောင်၊ ကောင်းမြတ်သည်ဟု ငါတို့ယုံကြည်သည့် အရာများနှင့် မှန်ကန်သည်ဟု ယေဘုယျအားဖြင့် မှတ်ယူထားသည့် အရာများ ပါဝင်ပေသည်။ ဤအရာများကို သမ္မာတရားအဖြစ်၊ လူသား လိုအပ်ချက်များနှင့် လူတို့ဝင်ရောက်သင့်သည့် အရာများအဖြစ်ပင် ငါတို့မြင်ကြသည်။ သို့ရာတွင် ဘုရားသခင်အတွက်မူကား ထိုအရာများသည် စက်ဆုပ်ဖွယ်ကောင်းသော အရာများ ဖြစ်သည်။ မှန်ကန်သည်ဟု လူက မြင်သည့် အမြင်များဖြစ်စေ၊ အပြုသဘောဆောင်သည်ဟု လူက ယုံကြည်သည့် အရာများဖြစ်စေ ဘုရားသခင် ပြောဆိုသည့် သမ္မာတရားများနှင့် မည်မျှအလှမ်းဝေးသနည်း။ ဧကန်အမှန် အလှမ်းဝေး၏။ အကွာအဝေးက အတိုင်းမသိဖြစ်သည်။ ထို့ကြောင့် ငါတို့သည် မိမိတို့ကိုယ်ကို သိရှိရမည်။ ငါတို့ခံယူရရှိထားသည့် ပညာရေးမှသည် ငါတို့၏ လိုက်စားမှုများနှင့် နှစ်ခြိုက်မှုများအထိ၊ ငါတို့၏ အတွေးများနှင့် အမြင်များမှသည် ငါတို့ရွေးချယ်ပြီး လျှောက်လှမ်းသည့် လမ်းကြောင်းများအထိ အရာအားလုံးကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ကာ စိစစ်ထိုက်ပေသည်။ ထိုအရာများထဲမှ တချို့ကို မိမိ၏ မိသားစုမှ အမွေခံထားခြင်း ဖြစ်သည်။ တချို့မှာ မိမိ၏ ကျောင်းပညာမှ လာသည်။ တချို့မှာ လူမှုပတ်ဝန်းကျင်များ၏ လွှမ်းမိုးမှုနှင့် ပြုစုပျိုးထောင်ပေးမှုမှ လာသည်။ တချို့မှာ စာအုပ်များမှ သင်ယူထားခြင်းဖြစ်ပြီး တချို့မှာ ငါတို့၏ စိတ်ကူးထင်မြင်မှုများနှင့် အယူအဆများမှ လာလေသည်။ ဤအရာများသည် ငါတို့၏ စိတ်ကို စိုးမိုးကာ ငါတို့လုပ်ရပ်များ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များကို အုပ်စိုးသည့်အတွက် ကြောက်လန့်ဖွယ်အကောင်းဆုံးသော အရာများ ဖြစ်သည်။ ယင်းတို့သည် ငါတို့၏ စကားများနှင့် လုပ်ရပ်များကိုလည်း ချည်နှောင်ကာ ထိန်းချုပ်လေသည်။ ဤအရာများကို ကျွန်ုပ်တို့ ဖော်ထုတ်ကာ ငြင်းပယ်ခြင်း မရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ ကျွန်ုပ်တို့ အပြည့်အဝ လက်ခံလိမ့်မည် မဟုတ်သကဲ့သို့၊ သူ၏ သတ်မှတ်ချက်များကို မည်သည့်အခါမျှ ပြည့်ပြည့်ဝဝ လက်ခံပြီး လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်အမြင်များ၊ မှန်သည်ဟု သင်ယုံကြည်သည့် အရာများကို သင် ထားရှိသရွေ့၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ ပြည့်ပြည့်ဝဝ လက်ခံလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မူရင်းပုံစံဖြင့် ၎င်းတို့ကို သင် လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ သင်သည် ဧကန်မုချပင် ဘုရားနှုတ်ကပတ်တော်များကို သင်၏ စိတ်နှလုံးထဲ၌ စီမံပြုပြင်မည်ဖြစ်ပြီး ထိုနှုတ်ကပတ်တော်များကို သင်၏ အယူအဆများနှင့် ကိုက်ညီအောင် လုပ်ထားပြီးနောက်တွင်သာ လက်တွေ့လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ သင်ပြုမူဆောင်ရွက်မည့်ပုံဖြစ်သည်။ ဤသည်မှာ သင်၏ နည်းစနစ်များအတိုင်း အမှုအရာများကို လုပ်ဆောင်စေခြင်းအားဖြင့် အခြားသူများကို သင် “ကူညီ”မည့်ပုံစံ ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေပုံရလိမ့်မည် ဖြစ်သော်လည်း သင်လက်တွေ့လုပ်ဆောင်သည့်အရာမှာ လူသားက စွန်းထင်းရောနှောထားရာများ ဖြစ်လိမ့်မည်။ ဤအရာကို သင်သိလိမ့်မည် မဟုတ်ဘဲ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နှင့်ပြီးဖြစ်ကြောင်း၊ သမ္မာတရားကို သင်ရရှိနှင့်ပြီးဖြစ်ကြောင်း တွေးထင်မိပေလိမ့်မည်။ ယင်းမှာ မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း မဟုတ်လော။ ထိုသို့သော အခြေအနေတစ်ခုသည် ကြောက်မက်ဖွယ် အမှုအရာတစ်ခု ဖြစ်သည် မဟုတ်လော။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ စေ့စပ်ခြင်းမရှိလျှင် သွေဖည်မှုများ ဖြစ်ပွားလိမ့်မည်။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် မိမိ၏ စိတ်ကူးထင်မြင်မှုများပေါ် အမြဲ မှီခိုနေလျှင် ထိုသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ရုံမက ဘုရားသခင်ကို ကျိုးနွံနာခံမှု ရှိရန်လည်း မစွမ်းဆောင်နိုင်ပေ။ အကြင်သူသည် သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်ရန် ရည်ရွယ်ပါက သူ့ထံ၌ မည်သည့်အယူအဆများနှင့် စိတ်ကူးများ တည်ရှိသည်ဆိုသည့်အပြင် သူ့အမြင်များထဲမှ မည်သည့်အရာများသည် သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိသည်ဆိုသည်ကိုလည်း သုံးသပ်ရမည်ဖြစ်သည်။ ဤအရာများကို စိစစ်နေချိန်တွင် ယင်းတို့ကို အကုန်အစင် ရှင်းပြရန် သို့မဟုတ် ရှင်းလင်းသွားစေရန် စကားတစ်ခွန်း သို့မဟုတ် နှစ်ခွန်းမျှနှင့် လုံလောက်လိမ့်မည် မဟုတ်။ ပင်ကိုအားဖြင့်၊ ဘဝတွင် ဤကဲ့သို့သော အခြားကိစ္စရပ်များစွာ ရှိပေသည်။ အတိတ်တွင် စုဆောင်းထားခဲ့သည့် စာတန် အဆိပ်တစ်ရာထက် သာ၍များသကဲ့သို့ ဖြစ်သည်။ သင်သည် စကားများနှင့် စကားရပ်များကို နားလည်ကောင်း နားလည်ပြီးဖြစ်မည်ဖြစ်သော်လည်း၊ ယင်းတို့နှင့်ယှဉ်၍ သင်သည် မိမိကိုယ်ကို မည်သို့ တိုင်းတာပြီးဖြစ်သနည်း။ ထိုအရာများကို သင် သုံးသပ်ဆင်ခြင်ပြီးပြီလော။ သင်သည်လည်း ဤအဆိပ်များကို မျှဝေခံစားရသည် မဟုတ်လော။ ယင်းတို့က သင် တွေးသည့်ပုံကိုလည်း ထင်ဟပ်သည် မဟုတ်လော။ အမှုအရာများကို သင် လုပ်ဆောင်နေချိန်တွင်၊ ဤအဆိပ်များအပေါ်အခြေခံ၍ သင်သည်လည်း ပြုမူဆောင်ရွက်သည် မဟုတ်လော။ သင့်အနေဖြင့် သင်၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံထဲသို့ နက်နက်ရှိုင်းရှိုင်း တူဖော်ရှာဖွေရမည်ဖြစ်ပြီး ယင်းကို ထိုစကားများဖြင့် ယှဉ်၍ တိုင်းတာရမည်။ သင်သည် စာတန်၏ အဆိပ်များကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမန်ကာလျှံကာမျှ ဝေ့ကြည့်လျက် ဖတ်ရုံမျှဖတ်ပါက သို့မဟုတ် ဤအရာများသည် ဧကန်အမှန် အဆိပ်များဖြစ်ကြောင်း၊ လူတို့ကို ဧကန်အမှန် ဖောက်ပြန်ပျက်စီးစေကာ ထိခိုက်နစ်နာစေကြောင်း ဝန်ခံလျက် ထိုအရာများအကြောင်းကို တွေးရုံမျှတွေးပြီးနောက် ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် နည်းလမ်းရှိလိမ့်မည် မဟုတ်။ လူများစွာတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားနှင့် မချိတ်ဆက်နိုင်ကြ။ ၎င်းတို့သည် နှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ပြီး စာသားကို သာမန်ကာလျှံကာ ဝေ့ကြည့်ကြသည်။ ထိုစာသား၏ တိုက်ရိုက်အဓိပ္ပာယ်ကို ၎င်းတို့နားလည်သရွေ့ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့နားလည်သွားပြီ သို့မဟုတ် သမ္မာတရားကို ၎င်းတို့နားလည်သွားပြီဟုပင် ယုံကြည်ကြသည်။ သို့သော် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ လုံးဝ မသုံးသပ်ကြသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ထုတ်ဖော်ပြနေကြောင်း သိကြသည့်အခါတွင်လည်း ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ဘုရားနှုတ်ကပတ်တော်များက ဖော်ထုတ်သည့် အခြေအနေအားလုံးသည် စစ်မှန်ကြောင်းနှင့် ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းများ ဖြစ်ကြောင်းကို ဝန်ခံရုံမျှဖြင့် ကျေနပ်နေကြပြီး ရပ်လိုက်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ဤသို့ ဖတ်ရှုသော တစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိနိုင်သလော။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်သလော။ လုံးဝ မစွန့်ပယ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သော လူအများစုသည် ဤပုံစံဖြင့် ယုံကြည်ကြသည်ဖြစ်ရာ အကျိုးဆက်အနေဖြင့် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် ယုံကြည်လာပြီးသည့်နောက်တွင် ၎င်းတို့၏ စိတ်သဘောထား၌ မည်သည့်အပြောင်းအလဲကိုမျှ မမြင်ကြပေ။ ဤအရာ၏ ရင်းမြစ် အကြောင်းတရားမှာ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များတွင် အားမထုတ်ကြသည့်အပြင် သမ္မာတရားကို လက်မခံနိုင်ဘဲ မိမိတို့ စိတ်နှလုံးတွင် ထိုသမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းရုံမျှသာ ရှိပြီး ကြီးမားသည့် မကောင်းမှု ကျူးလွန်ခြင်းကို ရှောင်ကြဉ်ရုံမျှ ရှောင်ကြဉ်ကြကာ ထိုသို့ဖြင့် သမ္မာတရားကို ၎င်းတို့လက်တွေ့လုပ်ဆောင်နေကြသည်ဟု တွေးထင်ကြလေသည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် သွေဖည်မှုတစ်ခု ရှိသည်မဟုတ်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ထိုမျှလောက် ရိုးရှင်းသလော။ လူတို့သည် သက်ရှိများဖြစ်ကြပြီး အားလုံးတွင် အတွေးများ ရှိကြသည်။ အထူးသဖြင့် လူအားလုံးတွင် ၎င်းတို့စိတ်နှလုံး နက်ရှိုင်းရာ၌ အမြစ်တွယ်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး ဆိုးယုတ်သော မိမိတို့သဘာဝ၏ စိုးမိုးမှုမှ ထွက်ပေါ်လာသည့် အမျိုးမျိုးသော အတွေးများနှင့် အမြင်များ ပိုင်ဆိုင်ကြသည်။ ဤအတွေးများနှင့် အမြင်များအားလုံးသည် ဆိုးယုတ်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းများ ဖြစ်သည်။ လူတို့သည် ဤအရာများကို ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားပေါ် အခြေပြု၍ စိစစ်ကာ မသိရှိနိုင်ကြပါက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိရန် နည်းလမ်းမရှိသကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကလည်း သန့်စင်စေခြင်းကို မခံရနိုင်ပေ။ သမ္မာတရားကို လက်မခံသောသူတို့သည် အဘယ်ကြောင့် အလွန် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ ဆိုဆုံးမရခက်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော အမှုအရာများနှင့် ပတ်သက်၍ ၎င်းတို့အားလုံးတွင် မတူကွဲပြားသော အတွေးများနှင့် အမြင်များ ရှိကြပြီး ၎င်းတို့အားလုံးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြမည့် စိတ်ကူးနှင့် သဘောတရားတချို့ ရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ခံစားကြ၍ အခြားသူများကို အထင်သေးကြပြီး မာနထောင်လွှားလျက် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ ဆိုဆုံးမရခက်ကြလေသည်။ အခြားသူများက သမ္မာတရားအကြောင်း ၎င်းတို့ထံ မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့သည် လက်ခံရန် လိုလားနေကြခြင်း မရှိ။ မိမိတို့အတွင်းရှိ အတွေးများနှင့် အမြင်များအတိုင်း ဆက်လက်အသက်ရှင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများက ၎င်းတို့၏ဘဝ ဖြစ်လာနှင့်ပြီး ဖြစ်သောကြောင့်ပင်။ အမှန်မှာ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် ထိုအရာကို သင်လုပ်ဆောင်ပုံနှင့် သင်လုပ်ဆောင်သည့် ဦးတည်ချက်ကို စေညွှန်သည့် အတွေး သို့မဟုတ် အမြင်တစ်ခု သင့်စိတ်ထဲတွင်ရှိ၏။ ဤအရာကို သင်သတိမပြုမိပါက သင့်ကိုယ်သင် မကြာခဏ သုံးသပ်သင့်သည်။ ထို့နောက်တွင် သင့်အတွင်းရှိ မည်သည့်အတွေးများနှင့် အမြင်များက သင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအား ထိန်းချုပ်နေသည်ကို သင်သိလိမ့်မည်။ သင့်အနေဖြင့် သင်၏ အတွေးများနှင့် အမြင်များကို ယခု ဆန်းစစ်မည်ဆိုပါက ထိုအတွေးအမြင်များထဲတွင် ဘုရားသခင်ကို ရန်လိုသည့်အရာ မည်သည့်အရာမျှ မရှိကြောင်း၊ သင်သည် ရိုးသားပြီး သစ္စာစောင့်သိကြောင်း၊ သင်၏ တာဝန်ကို လိုလိုလားလား သင်ထမ်းဆောင်ကြောင်း၊ အမှုအရာများကို သင်စွန့်လွှတ်ကာ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံနိုင်ကြောင်း ခံစားရမည်ကိုမူ ပြောနေရန်ပင် မလိုချေ။ သင်သည် ဤကဏ္ဍများအားလုံးတွင် အဆင်ပြေနေသည်ဟု ခံစားရပေမည်။ သို့ရာတွင် ဘုရားသခင်က သင်နှင့်ပတ်သက်၍ အမှန်တကယ် အလေးအနက်ထားလာသည့်အခါ၊ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ၊ သင်လုပ်ဆောင်ရန် လိုလားနေခြင်းမရှိသည့် တစ်စုံတစ်ရာကို သင့်အား သူလုပ်ဆောင်စေသည့်အခါ ထိုအရာကို သင်မည်သို့ချဉ်းကပ်မည်နည်း။ ယင်းမှာ ဖွင့်ထားသည့် ရေလွှဲပေါက်မှ စီးဆင်းသည့် ရေများကဲ့သို့ပင် သင်၏ အတွေးများ၊ အမြင်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖော်ထုတ်ခံရမည့် အချိန်ဖြစ်သည်။ ထိုအရာကို သင်မည်မျှပင် ထိန်းချုပ်လိုသော်လည်း မထိန်းချုပ်နိုင်။ ဤအရာက သင့်အား သမ္မာတရားကို လက်တွေ့မလုပ်ဆောင်အောင်နှင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း မရှိအောင် တားဆီးလိမ့်မည်။ သင်က၊ “ကျွန်ုပ်သည် အဘယ်ကြောင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်သနည်း။ ဘုရားသခင်ကိုကျွန်ုပ် မခုံခံချင်ပါ၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ် ခုခံမိသနည်း။ ဘုရားသခင်အပေါ် ကျွန်ုပ် ဝေဖန်မှု မချမှတ်ချင်သကဲ့သို့ သူ၏ လုပ်ရပ်များနှင့်ပတ်သက်၍ အယူအဆများ ကျွန်ုပ် မရှိချင်ပါ၊ သို့ဆိုလျှင် သူ့ကို ကျွန်ုပ် အဘယ်ကြောင်း ဝေဖန်နေသနည်း။ အဘယ်ကြောင့် ဤအယူအဆများ ကျွန်ုပ်တွင် ရှိသေးသနည်း” ဟု ပြောလိမ့်မည်။ ဤအချိန်တွင် သင်သည် မိမိကိုယ်ကို သုံးသပ်ကာ သိရှိသင့်ပြီး သင့်အထဲတွင် ဘုရားသခင်ကို ခုခံသည့်အရာ သို့မဟုတ် သူ လက်တလော လုပ်ဆောင်နေသည့် အလုပ်ကို ရန်လိုကာ ဆန့်ကျင်သည့်အရာ မည်သည့်အရာရှိသည်ကို ဆန်းစစ်သင့်ပေသည်။ ဤအရာများကို သင်အဖြေရှာနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားအတိုင်း ဖြေရှင်းနိုင်ပါက အသက်တာ တိုးတက်မှု ရှိလိမ့်မည်ဖြစ်ကာ သမ္မာတရားကို နားလည်သည့် တစ်စုံတစ်ဦး ဖြစ်လိမ့်မည်။
တရုတ်နိုင်ငံသည် ဘုရားမဲ့ နိုင်ငံရေးပါတီတစ်ခု၏ အုပ်ချုပ်ခြင်းခံရကာ တရုတ်လူမျိုးများသည် “အရာခပ်သိမ်းက သဘာဝမှလာသည်” ဆိုသည်နှင့် “လူသားများသည် မျောက်ဝံများမှ ဆင်းသက်လာကြသည်” ဟူသကဲ့သို့သော လူကြိုက်များသည့် ဆိုရိုးများနှင့်အတူ ဘုရားမဲ့ဝါဒနှင့် ဆင့်ကဲဖြစ်စဉ်တို့ဖြင့် ပညာသင်ပေးခြင်းခံရကြသည်။ ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်နောက်တွင် လူသားများအပါအဝင် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းထားခဲ့ခြင်းဖြစ်ကြောင်း သင်သိပြီး လူတိုင်းက ဘုရာနှုတ်ကပတ်တော် မှန်ကန်ကြောင်း မိမိတို့၏ စိတ်နှလုံးတွင် ခံစားနိုင်ကြသည်။ သဘာဝတရားအားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းဖြစ်ကာ ဘုရားသခင် မဖန်ဆင်းခဲ့ပါက မည်သည့်အရာမျှ ဖြစ်တည်လာမည်မဟုတ်ပေ။ လူသားသမိုင်း တစ်လျှောက်လုံးတွင် မျောက်ဝံတစ်ကောင်က လူတစ်ဦးဖြစ်လာသည်ကို မည်သူမျှ မမြင်ဖူးသည့်အတွက် မျောက်ဝံများမှ လူသားများ ဆင်းသက်လာခြင်းဟူသည်မှာ အထူးသဖြင့် မခိုင်လုံပေ။ သက်သေအထောက်အထား မရှိသည်ဖြစ်၍ ဤအရာအားလုံးသည် စာတန်၏ အလိမ်အညာများနှင့် လှည့်ဖြားမှုဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် စာတန်၏ နတ်ဆိုးဆန်သော စကားများ၊ အယူလွဲများ၊ အတွေးမှားများကို ငြင်းပယ်ကြပြီး သမ္မာကျမ်းစာနှင့် ဘုရားနှုတ်ကပတ်တော်များကို သံသယအရိပ်အယောင် မရှိဘဲ ယုံကြည်ကြသည်။ သို့ရာတွင် သမ္မာတရားကို မချစ်သောသူတို့အတွက်မူကား ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု အပြည့်အဝ လက်ခံရန် မဖြစ်နိုင်ပေ။ တချို့က “လူကို ဘုရားသခင် ဖန်ဆင်းခဲ့သော်လည်း အဘယ်သို့ ဖန်ဆင်းခဲ့သနည်း။ အဘယ်ကြောင့် ငါမမြင်ဖူးရသနည်း။ ငါမမြင်ဖူးသည့်အရာကို ငါမယုံကြည်” ဟု တွေးကောင်းတွေးမည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုသည် မိမိတို့ ပကတိမျက်လုံးများဖြင့် မြင်နိုင်သည့်အရာအပေါ် အခြေပြုသည်။ ဤသည်မှာ ယုံကြည်ခြင်းရှိခြင်း မဟုတ်။ လူသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်ကာ ဘုရားသခင်က လူ၏ ကံကြမ္မာအပေါ် အမြဲ အချုပ်အခြာအာဏာကိုင်စွဲလျက် လူကို ယခုထိတိုင် တစ်လှမ်းချင်း ပို့ဆောင်ပေးလာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်၏။ လူတွင် လူပြန်ဝင်စားခြင်းနှင့် ဘဝကူးပြောင်းခြင်း ရှိကြောင်း၊ ထို့ပြင် လူသား အသက်နှင့် ဝိညာဉ်ကို ဘုရားသခင်က ပေးထားခြင်းဖြစ်ကာ ထိုအသက်နှင့် ဝိညာဉ်သည် သူ့ထံမှလာကြောင်း ပြောဆိုလျက် ဤနက်နဲမှုအားလုံးကို ဘုရားသခင်က နောက်ဆုံးသော ကာလတွင် သိရှိစေပြီဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်၏။ သို့ရာတွင် သင်သည် ဤဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံသောကြောင့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို မြင်သည့်အခါတိုင်း၌ ယင်းတို့ကို သင်၏ ကိုယ်ပိုင်အတွေးများနှင့် အမြင်များဖြင့် သင်တိုင်းတာပေသည်။ “လူသည် မျောက်ဝံများမှ ဖြစ်မလာဘဲ ဘုရားသခင်ထံမှ လာသည့်အတွက် လူသည် ဘုရားသခင်ထံမှ မည်သို့လာခဲ့ပါသနည်း။ ဘုရားက လူကို မည်သို့ အသက်ပေးပါသနည်း” ဟူ၍ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားမလည်ပါက လူကို ထွက်လေတစ်ချက်တည်းဖြင့် သို့မဟုတ် နှုတ်ကပတ်တော်တစ်ခွန်းတည်းဖြင့် ဖန်ဆင်းရန် ဘုရားသခင်၌ အစွမ်းတန်ခိုး သို့မဟုတ် ဉာဏ်ပညာ သို့မဟုတ် ဩဇာအာဏာ ရှိသည်ဆိုသည်မှာ မဖြစ်နိုင်ဟု တွေးထင်မိလိမ့်မည်။ ဤသည်မှာ အမှန်တရားဖြစ်ကြောင်း သို့မဟုတ် သမ္မာတရားဖြစ်ကြောင်း သင်မယုံကြည်ပေ။ သင့်ထံတွင် သံသယများရှိသည့်အခါ သင်မယုံကြည်ပါဟုဆိုလျက် ဤဘုရားနှုတ်ကပတ်တော်များကို သင်အတိုက်အခံလုပ်သော်လည်း အမှန်တွင် သင်၏ စိတ်နှလုံးသည် အတိုက်အခံလုပ်သည့် အခြေအနေတစ်ခုတွင် ရှိနေပြီး ဆန့်ကျင်သည့် သဘောထားတစ်ခုတွင် ရှိနေပေသည်။ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ သင်နားထောင်ရန် လိုလားနေခြင်းမရှိဘဲ သင်၏ စိတ်နှလုံးတွင် ရန်လိုစိတ်ကို ခံစားရပြီး ဘုရားနှုတ်ကပတ်တော်များကို အာမင်မထူးနိုင်ပေ။ အမှန်တွင် အချက်အလက်များကို ကြည့်သည့်အခါ လူကို ဘုရားသခင်က မည်သို့ဖန်ဆင်းခဲ့သည် သို့တည်းမဟုတ် မည်သည့်အချိန်တွင် ဖန်ဆင်းခဲ့သည် သို့မဟုတ် ထိုအရာကို မည်သူမြင်ခဲ့သည် သို့မဟုတ် ထိုအရာကို တစ်ဦးတလေက သက်သေခံနိုင်ခြင်း ရှိမရှိဆိုသည်ကို ငါတို့ စုံစမ်းစစ်ဆေးရန် မလိုအပ်ပေ။ လူတို့အတွက် ဤအရာကို လေ့လာရန် မလိုအပ်ပေ။ လူတို့သည် သမ္မာတရားကို စစ်မှန်စွာ နားလည်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သိရှိသည့်အခါ မိမိတို့ကိုယ်တိုင် သက်သေခံနိုင်ကြလိမ့်မည်။ ယခုတွင် ၎င်းတို့ အာရုံစိုက်သင့်သည့် အဓိကကိစ္စမှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို သိရှိရန် ဖြစ်သည်။ အစမှအဆုံးထိ ဘုရားသခင်သည် လူကို စီမံခြင်း၊ လူကို ကယ်တင်ခြင်းနှင့်ဆိုင်သော သူ၏ အမှုတော်ကို လူသားမျိုးနွယ်ကြားတွင် ဆောင်ရွက်နေပြီးဖြစ်သည်။ အစမှအဆုံးထိ ဘုရားတစ်ပါးတည်းသာ အမှုပြုနေသည်၊ စကားပြောနေသည်၊ လူသားမျိုးနွယ်ကို သွန်သင်ကာ လမ်းပြနေသည်။ ဤဘုရားသခင် တည်ရှိပေသည်။ ဘုရားသခင်သည် ယခုတွင် နှုတ်ကပတ်တော်များစွာ ပြောဆိုထားပြီဖြစ်သည်။ သူ့ကို ငါတို့ မျက်နှာချင်းဆိုင် မြင်နှင့်ကြပြီးဖြစ်သည်။ သူစကားပြောသည်ကို ကြားကြပြီးဖြစ်သည်။ သူ၏ အမှုတော်ကို တွေ့ကြုံပြီးဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များအား ငါတို့၏ အသက်ဖြစ်လာရန် ငါတို့အထဲသို့ လက်ခံကြလျက် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ကြပြီး ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ငါတို့ကို စဉ်ဆက်မပြတ် လမ်းပြနေပြီး ပြောင်းလဲပေးနေသည်။ ဤဘုရားသခင် ဧကန်အမှန် တည်ရှိပေသည်။ ထို့ကြောင့် ဘုရားသခင် ပြောသည့်အတိုင်း လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟူသော အချက်နှင့် အစအဦးတွင် အာဒံနှင့် ဧဝကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဟူသော အချက်ကို ငါတို့ယုံကြည်သင့်သည်။ သင်သည် ဤဘုရားသခင် တည်ရှိသည်ဟု ယုံကြည်ပြီး ယခု သူ့ရှေ့မှောက်သို့ သင်တိုးဝင်လာပြီဖြစ်သည့်အတွက် ယေဟောဝါ ဆောင်ရွက်ခဲ့သော အမှုသည် ဤဘုရားသခင်၏ အမှုဖြစ်သည်ဟု သင်အတည်ပြုရန် လိုအပ်သေးသလော။ ထိုအရာကို မည်သူမျှ အတည်မပြုနိုင်သကဲ့သို့ မျက်မြင်တွေ့ထားခြင်းလည်း မရှိပါက သင်မယုံကြည်ဘဲ နေလိမ့်မည်လော။ သို့မဟုတ် ကျေးဇူးတော်ခေတ်မှ အမှုတော်နှင့်စပ်လျဉ်း၍ ယေရှုကို သင်လုံးဝ မတွေ့ဖူးသောကြောင့် သူသည် လူ့ဇာတိခံ ဘုရားဖြစ်ကြောင်းကို သင်မယုံကြည်သလော။ လက်ရှိ ဘုရားသခင် စကားပြောသည်ကိုဖြစ်စေ၊ အမှုပြုသည်ကိုဖြစ်စေ၊ လူ့ဇာတိခံယူသည်ကိုဖြစ်စေ သင်ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့လျှင် မယုံကြည်ဘဲနေမည်လော။ ဤအရာများကို သင်မမြင်ခဲ့ပါက သို့မဟုတ် ဤအရာများကို အတည်ပြုရန် မျက်မြင်တွေ့ထားသူများ မရှိခဲ့ပါက ထိုအရာအားလုံးကို သင်မယုံကြည်ဘဲနေမည်လော။ ဤသည်မှာ လူတို့အတွင်းတွင် ရှိသည့် ကတ်သီးကတ်သတ် မှားယွင်းသော အမြင်များကြောင့် ဖြစ်သည်။ ထိုအရာမှာ လူများစွာက ပြုလုပ်မိသည့် အမှားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အရာရာကို ကိုယ်တိုင်ကိုယ်ကျ မဖြစ်မနေ မြင်တွေ့လိုပြီး မမြင်ရပါက မယုံကြည်ကြချေ။ ဤသည်မှာ မှားယွင်းပေသည်။ လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် သိရှိလျှင်၊ အချက်အလက်များကို မြင်တွေ့ထားခြင်းပင် မရှိဘဲ ဘုရား၏ နှုတ်ကပတ်တော်ကို ယုံကြည်နိုင်ပြီး ဘုရား၏ နှုတ်ကပတ်တော်ကို အတည်ပြုထောက်ခံနိုင်လျှင် ထိုအခါတွင်မှ သူသည် သမ္မာတရားကို သိနားလည်ပြီး စစ်မှန်သည့် ယုံကြည်ခြင်းရှိသော လူစားမျိုးဖြစ်ပေသည်။ ယခုတွင် ဤဘုရားနှုတ်ကပတ်တော်များကို ငါတို့မြင်ရပြီးဖြစ်ကာ သူ၏ အသံတော်ကို ကြားရပြီးဖြစ်သဖြင့် ထိုအဖြစ်က ငါတို့ကို စစ်မှန်သည့် ယုံကြည်ခြင်းပေးရန် လုံလောက်ပြီး ထို့အတွက်ကြောင့် ငါတို့ကို သူ့နောက်လိုက်စေရန်အပြင် ဘုရားသခင်ထံမှ လာသည့် နှုတ်ကပတ်တော်တိုင်းနှင့် အမှုတိုင်းကို ယုံကြည်စေရန်လည်း လုံလောက်ပေသည်။ ငါတို့အနေဖြင့် အမှုအရာများကို ဆက်စိစစ်ရန် သို့မဟုတ် ဆက်ရှာဖွေလေ့လာရန် မလိုအပ်ပေ။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိစိတ်မျိုး ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင် မျက်မြင်တွေ့မည့်လူ မည်သူမျှ မရှိခဲ့သော်လည်း ယခုတွင်မူ ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ သူ၏ အမှုတော်ကို လက်တွေ့ကျကျ ဆောင်ရွက်ရန်၊ အသင်းတော်များကြား လျှောက်လှမ်းကာ လူသားမျိုးနွယ်ကြား အမှုပြုရန် လူ့ဇာတိခံလာပြီ ဖြစ်သည်။ များစွာသော လူတို့သည် ဤအရာကို မမြင်ရလေပြီလော။ ထိုအရာကို မြင်နိုင်စွမ်း လူတိုင်း၌ မရှိသော်လည်း သင်ယုံကြည်သည်။ အဘယ်ကြောင့် သင်ယုံကြည်သနည်း။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းအပြင် ဤသည်မှာ စစ်မှန်သော လမ်းခရီးနှင့် ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း သင်ခံစားရသောကြောင့်သာ ယုံကြည်သည် မဟုတ်လော။ သင့်အနေဖြင့် ဤသို့ ပြောနိုင်သေးသလော။ “ဘုရားသခင်၏ ဤအမှုတော်အဆင့်တွင် ဘုရားစကားပြောသည်ကို ကျွန်ုပ်ကြားခဲ့ပြီး ဘုရား၏ နှုတ်ကပတ်တော်များကိုလည်း မြင်ခဲ့သည်။ ဤနှုတ်ကပတ်တော်များ ဘုရားသခင်ထံမှ လာသည်မှာ မှန်သည်။ သို့ရာတွင် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း အမှုနှင့် စပ်လျဉ်း၍မူ သူ၏ သံမှိုရာများကို ကျွန်ုပ်မထိတွေ့ခဲ့သောကြောင့် သူကားစင်တင်ခံခဲ့ရသည်ဟူသည့် အချက်ကို ကျွန်ုပ်မယုံကြည်ပါ။ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါ ဘုရားသခင် ပြုခဲ့သည့် အမှုကို ကျွန်ုပ်မျက်မြင်တွေ့ခဲ့ခြင်း မရှိသကဲ့သို့ ပညတ်တရားများကို သူကြေညာခဲ့ချိန်တွင်လည်း ကျွန်ုပ်မကြားသိခဲ့ရပါ။ မောရှေကသာ ထိုအရာများကို ကြားခဲ့ပြီး မောရှေကျမ်း ငါးကျမ်းကို ရေးသားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကျမ်းများအား သူမည်သို့ရေးသားခဲ့သည်ကို ကျွန်ုပ်မသိပါ” ဟု ပြောနိုင်သေးသလော။ ဤအရာများကို ပြောသောလူများသည် ပုံမှန်စိတ်အခြေအနေတစ်ခုတွင် ရှိနေကြသလော။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ မဟုတ်ပေ။ ဤသည်မှာ ဣသရေလလူမျိုးများက “ယေဟောဝါသည် အမှန်ပင် မောရှေအားဖြင့်သာ စကားပြောခဲ့သလော။ ကျွန်ုပ်တို့အားဖြင့်လည်း စကားမပြောခဲ့သလော” (တောလည်ရာကျမ်း ၁၂:၂) ဟု ပြောခဲ့သည့် အချိန်ကဲ့သို့သာ ဖြစ်သည်။ ၎င်းတို့ဆိုလိုသည့်အရာမှာ “မောရှေကို ကျွန်ုပ်တို့ နားထောင်မည်မဟုတ်။ ယေဟောဝါ ဘုရားသခင်ထံမှ ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ ကြားရမှဖြစ်မည်” ဟူ၍ ဖြစ်သည်။ မိမိတို့မျက်လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့သောကြောင့် ယေရှုက ကားစင်တင်သတ်ခံခဲ့ရကြောင်း သို့မဟုတ် သေရာမှ ထမြောက်ကြောင်းကို ၎င်းတို့မယုံကြည်ဟု ကျေးဇူးတော်ခေတ်အတွင်းတွင် လူတို့ပြောခဲ့သည့်အချိန်ကကဲ့သို့ ဖြစ်သည်။ ယေရှု၏ သံမှိုစွဲရာများကို ထိတွေ့ရန် မရမကတောင်းဆိုခဲ့သည့် သောမဟု အမည်ရသော တပည့်တော်တစ်ပါး ရှိခဲ့သည်။ သူ့ကို ယေရှုက အဘယ်အရာ ပြောခဲ့သနည်း။ (“သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉)) “ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” ဤအရာက မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ မည်သည့်အရာကိုမျှ ၎င်းတို့ အမှန်တကယ် မမြင်ခဲ့ကြလေသလော။ အမှန်တွင် ယေရှုပြောခဲ့ပြီးသည့် အရာအားလုံးနှင့် သူပြုခဲ့သည့် အမှုအားလုံးက ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနှင့်ပြီးဖြစ်သောကြောင့် လူတို့က ယုံကြည်ခဲ့သင့်ပေသည်။ ယေရှုက နောက်ထပ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ ပြုရန် သို့မဟုတ် နောက်ထပ် စကားများ ပြောဆိုရန် မလိုအပ်သကဲ့သို့ လူတို့က ယုံကြည်ရန် သူ၏ သံမှိုရာများကို ထိကြည့်ဖို့လည်း မလိုအပ်ခဲ့ကြပေ။ စစ်မှန်သည့် ယုံကြည်ခြင်းသည် မြင်ခြင်းအပေါ်သာ မမှီခိုဘဲ ထို့ထက် ဝိညာဉ်ရေးရာ အတည်ပြုချက်နှင့်အတူ ယုံကြည်မှုကို တကယ့်အဆုံးတိုင် စွဲကိုင်ထားခြင်းဖြစ်ကာ မည်သည့်သံသယမျှ မရှိပေ။ သောမသည် မြင်ခြင်းအပေါ် အမှီပြုသည့် မယုံကြည်သူတစ်ဦး ဖြစ်သည်။ သောမကဲ့သို့ မဖြစ်ကြနှင့်။
သောမကဲ့သို့သော လူတစ်စု အသင်းတော်တွင် ဧကန်အမှန် ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို စဉ်ဆက်မပြတ် သံသယရှိနေကြပြီး ၎င်းတို့အနေဖြင့် နောက်ဆုံးတွင် ယုံကြည်ရန်အတွက် ကမ္ဘာမြေကို ဘုရားသခင်စွန့်ခွာ၍ တတိယကောင်းကင်သို့ ပြန်သွားဖို့နှင့် ဘုရားသခင်၏ တကယ့်ပုဂ္ဂိုလ်ကို မြင်ရဖို့ စောင့်ဆိုင်းနေကြသည်။ သူ၏ လူ့ဇာတိခံယူခြင်းအတောအတွင်း သူပြောဆိုထားသည့် နှုတ်ကပတ်တော်များကြောင့် သူ့ကို ၎င်းတို့မယုံကြည်ကြပေ။ ဤလူစားမျိုးက ယုံကြည်သည့်အချိန်တွင် အရာရာ နောက်ကျလွန်းသွားလိမ့်မည်ဖြစ်ပြီး ယင်းမှာ ဘုရားသခင်၏ ရှုတ်ချခြင်းကို ၎င်းတို့ခံရမည့် အချိန်ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏” ဟူ၍ဖြစ်သည်။ ဤစကားများက သောမသည် သခင်ယေရှု၏ ရှုတ်ချခြင်းကို ခံရနှင့်ပြီးဖြစ်ကြောင်းနှင့် သူသည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ဆိုလိုပေသည်။ သခင့်ကိုရော သခင်ပြောထားသမျှကိုပါ သင်အမှန်တကယ် ယုံကြည်ပါက ကောင်းချီးခံစားရလိမ့်မည်။ သင်သည် အချိန်ကြာမြင့်စွာ ဘုရားသခင်နောက် လိုက်ပြီးသော်လည်း ရှင်ပြန်ထမြာက်ဖို့ သူ၏ တတ်စွမ်းနိုင်ခြင်းကို မယုံကြည်ပါက သို့မဟုတ် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်း မယုံကြည်ပါက သင့်ထံတွင် စစ်မှန်သည့် ယုံကြည်ခြင်းမရှိသကဲ့သို့ ကောင်းချီးများကို သင်ရရှိနိုင်လိမ့်မည်လည်း မဟုတ်ပေ။ ယုံကြည်ခြင်းမှတစ်ဆင့်သာ ကောင်းချီးများကို ရရှိနိုင်၍ သင်မယုံကြည်ပါက ရရှိလိမ့်မည် မဟုတ်။ ဘုရားသခင်က သင့်ထံ ပေါ်ထွန်းလာမှသာ၊ သင့်အား သူ့ကို မြင်ခွင့်ပေးမှသာ၊ သင်လက်ခံယုံကြည်အောင် သူကိုယ်တိုင်လုပ်ပေးမှသာ သင်ယုံကြည်နိုင်စွမ်း ရှိသလော။ သင့်ထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းလာရန် ဘုရားသခင်ကို စေခိုင်းဖို့ လူသားတစ်ဦးဖြစ်သည့် သင်သည် မည်သို့အရည်အချင်းပြည့်မီသနည်း။ သင်ကိုယ်တိုင်ကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးထံ သူ့ကို ကိုယ်တိုင်ကိုယ်ကျ စကားပြောခိုင်းရန် သင်မည်သို့ အရည်အချင်းပြည့်မီသနည်း။ ထို့အပြင် သင်မယုံကြည်မီ သင့်ထံ အရာရာကို ရှင်းလင်းစွာ ရှင်းပြဖို့ သူ့ကို တောင်းဆိုရန် မည်သည့်အရာက သင့်ကို အရည်အချင်း ပြည့်မီစေသနည်း။ သင်သည် အသိစိတ်ကို ပိုင်ဆိုင်ပါက ဘုရားသခင် မိန့်မြွက်ထားသည့် ဤနှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ပြီးသည့်နောက်တွင် ယုံကြည်လိမ့်မည်။ သင်အမှန်တကယ် ယုံကြည်ပါက သူမည်သည့်အရာ လုပ်ဆောင်သည် သို့မဟုတ် မည်သည့်အရာ ပြောဆိုသည်မှာ အရေးမကြီးပေ။ ထို့ထက် ဤနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို မြင်သည့်အခါ ထိုအရာများကို ဘုရားသခင် ပြောထားခဲ့ကြောင်းနှင့် ဤအရာများကို သူလုပ်ဆောင်ခဲ့ကြောင်း သင်တစ်ရာရာခိုင်နှုန်း လက်ခံယုံကြည်လိမ့်မည်ဖြစ်ပြီး သူ့နောက်ကို အဆုံးထိလိုက်ရန် အသင့်ဖြစ်လျက်သား ရှိနေလိမ့်မည် ဖြစ်သည်။ ဤအရာကို သင်သံသယရှိရန် မလိုအပ်ပေ။ သံသယအပြည့်ရှိသော လူများသည် အလွန် လှည့်ဖြားတတ်ကြသည်။ ဘုရားသခင်ကို ၎င်းတို့ တကယ် မယုံကြည်နိုင်ကြပေ။ ထိုနက်နဲမှုများကို နားလည်ရန် ၎င်းတို့ အမြဲ ကြိုးစားနေကြပြီး ယင်းတို့ကို လုံးလုံးလျားလျား သဘောပေါက်သည့်နောက်တွင်သာ ယုံကြည်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ကြိုတင်သတ်မှတ်ချက်မှာ ဤမေးခွန်းများအတွက် ရှင်းလင်းသည့် အဖြေများရှိရန် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင် မည်သို့ ကြွလာခဲ့သနည်း။ သူမည်သည့်အချိန်တွင် ရောက်ရှိလာသနည်း။ သူမထွက်ခွာမီတွင် အချိန်မည်မျှကြာ နေထိုင်မည်နည်း။ သူထွက်ခွာသွားသည့်နောက် မည်သည့်နေရာသို့ သွားလိမ့်မည်နည်း။ သူ၏ ထွက်ခွာခြင်းဖြစ်စဉ်မှာ အဘယ်နည်း။ လူ့ဇာတိခံ ဘုရားသခင်က မည်သို့အမှုပြုပြီး မည်သို့ထွက်ခွာသနည်း။...အချို့သော နက်နဲမှုများကို ၎င်းတို့နားလည်လိုကြသည်။ ၎င်းတို့သည် သမ္မာတရား ရှာဖွေရန်မဟုတ်ဘဲ ထိုအရာများကို စုံစမ်းစစ်ဆေးရန် ဤနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ ဤနက်နဲမှုများကို ၎င်းတို့နားမလည်နိုင်ပါက ဘုရားသခင်ကို ၎င်းတို့ယုံကြည်နိုင်လိမ့်မည်မဟုတ်ဟု စဉ်းစားကြသည်။ ၎င်းတို့၏ ယုံကြည်မှုက ပိတ်ဆို့ခံထားရသည့်အလား ဖြစ်သည်။ ဤလူများသည် ဤအမြင်ရှုထောင့်ကို ထားရှိသည်မှာ ဒုက္ခပေးတတ်၏။ နက်နဲမှုများကို ရှာဖွေလေ့လာရန် ၎င်းတို့ဆန္ဒရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို အာရုံစိုက်ရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုရန် ၎င်းတို့ဒုက္ခမခံတော့ပေ။ ထိုသို့သော လူများသည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြသလော။ မိမိကိုယ်ကို သိသောအသိကို ရဖို့ ၎င်းတို့အတွက် မလွယ်ကူပေ။ ဤသည်မှာ လူတစ်မျိုးမျိုးကို ရှုတ်ချရန် မဟုတ်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို မယုံကြည်ပါက ထိုသူထံတွင် စစ်မှန်သည့် ယုံကြည်ခြင်း မရှိပေ။ သူသည် အချို့သော နှုတ်ကပတ်တော်များ သို့မဟုတ် နက်နဲမှုများ သို့မဟုတ် အရေးမပါသည့် အရာများ သို့မဟုတ် လူတို့ သတိမပြုမိသည့် အရာများနှင့်ပတ်သက်၍ ချစ်တီးခေါင်း သန်းရှာလုပ်ဖို့သာ အာရုံစိုက်ကြလိမ့်မည်။ သို့ရာတွင် ဘုရားသခင်က ၎င်းတို့ကို တစ်နေ့ ဉာဏ်အလင်းပေး၍ သို့မဟုတ် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက သမ္မာတရားအပေါ် ပုံမှန် မိတ်သဟာယပြုပေးခြင်းအားဖြင့် ၎င်းတို့ကို ကူညီပေး၍ ၎င်းတို့ပြောင်းလဲသွားနိုင်ခြေလည်း ရှိပေသည်။ ဤအရာဖြစ်ပျက်သည့်နေ့တွင် ၎င်းတို့၏ ယခင်အမြင်များသည် အလွန်အဓိပ္ပာယ်မဲ့ကြောင်း၊ ၎င်းတို့ အလွန်မာနထောင်လွှားခဲ့ကာ မိမိတို့ကိုယ်ကို အလွန်အထင်ကြီးလွန်းခဲ့ကြကြောင်း ၎င်းတို့ ခံစားကြရလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အရှက်ရကြလိမ့်မည်။ စစ်မှန်သည့် ယုံကြည်ခြင်းရှိသောသူများသည် ဘုရားသခင် ပြောဆိုသည့် မည်သည့်အရာကိုမဆို သံသယတစ်ခုမျှမရှိဘဲ ယုံကြည်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့တွင် အတွေ့အကြုံတချို့ရှိ၍ ဘုရားနှုတ်ကပတ်တော်များအားလုံး ပြည့်စုံကာ ပြီးမြောက်သည်ကို မြင်သည့်အခါ ၎င်းတို့၏ ယုံကြည်ခြင်းက သာ၍ပင် အားကောင်းသွားလိမ့်မည်။ ဤလူစားမျိုးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့်၊ သမ္မာတရားကို ယုံကြည်ကာ လက်ခံသည့်၊ ယုံကြည်ခြင်း အမှန်တကယ် ရှိသည့် လူစားမျိုး ဖြစ်သည်။
၂၀၀၈ ခုနှစ်၊ နွေဦးရာသီ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။