မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁) အပိုင်း နှစ်
သင်တို့၏ တာဝန်များ ထမ်းဆောင်မှုအပေါ် သြဇာသက်ရောက်နိုင်သည့် အခြားမည်သည့် အယူအဆများ သင်တို့၏ စိတ်နှလုံးများထဲ၌ ရှိသနည်း။ သင်တို့၏ အသက်တာများထဲတွင် မည်သည့်အယူအဆများက သင်တို့အပေါ် မကြာခဏ သြဇာသက်ရောက်ပြီး အုပ်စိုးတတ်သနည်း။ သင့်အပေါ်တွင် သင့်အကြိုက်မဟုတ်သည့် အချို့သောအရာများ ဖြစ်ပျက်သောအခါ သင်၏ အယူအဆများက အလိုလို ပေါ်ထွက်လာပြီးနောက် သင်သည် ဘုရားသခင်အား ညည်းညူသည်၊ ဘုရားသခင်နှင့် ငြင်းခုံယှဉ်ပြိုင်ကာ ယင်းတို့က ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မြန်ဆန်သော ပုံစံပြောင်းလဲမှုတစ်ခုကို ဖြစ်ပွားစေသည်။ ဘုရားသခင်ကို သင် လွန်စွာ ချစ်သည်၊ သူ့အပေါ် သင် အလွန်သစ္စာစောင့်သိသည်ဟု ထင်မှတ်ခြင်းနှင့် သင်၏ တစ်ဘဝလုံးကို သူ့အား ဆက်ကပ်လိုခြင်းဟူသည့် အစက သင်ဖြစ်ခဲ့သည့် ပုံစံမှနေ၍ သင်သည် ရုတ်တရက် စိတ်နှလုံးပြောင်းလဲခြင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ရန်နှင့်ဘုရားသခင်ကို သစ္စာစောင့်သိရန် နောက်ထပ်အလိုမရှိတော့ခြင်းသို့ ပြောင်းလဲသွားပြီး ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို နောင်တရသည်၊ ဤလမ်းကြောင်းအား ရွေးချယ်ခဲ့ပြီးသည်ကို နောင်တရပြီးလျှင် ဘုရားသခင်၏ ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ပင် ညည်းညူသည်။ အခြားမည်သည့် အယူအဆများက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး၌ ရုတ်တရက် အပြောင်းအလဲတစ်ခုကို ဖြစ်စေနိုင်သနည်း။ (ဘုရားသခင်သည် ကျွန်ုပ်ကို စစ်ကြောရန်နှင့် ထုတ်ဖော်ရန်အတွက် အခြေအနေတစ်ခုကို စီစဉ်ဖွဲ့စည်းပြီး ကျွန်ုပ်သည် ကောင်းသောအဆုံးသတ် ရှိမည်မဟုတ်ဟု ခံစားရသောအခါ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်လာပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်သည်၊ မိမိ၏တာဝန်ကို အမြဲလုပ်ဆောင်ခဲ့ပြီး ဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် မကျောခိုင်းသရွေ့ ကျွန်ုပ်ကို သူ မပစ်ပယ်သင့်ဟု ကျွန်ုပ်ယူဆပါသည်။) ထိုအရာမှာ အယူအဆတစ်မျိုးဖြစ်၏။ သင်တို့၌ ထိုသို့သော အယူအဆမျိုး မကြာခဏ ရှိသလော။ ဘုရားသခင်၏ ပစ်ပယ်ခံရခြင်းနှင့် ပတ်သက်၍ သင်တို့၏ နားလည်ခြင်းမှာ အဘယ်နည်း။ သင့်ကို ဘုရားသခင် ပစ်ပယ်ထားသည်ဆိုပါက ထိုအရာက ဘုရားသခင် သင့်ကို အလိုမရှိသည့်အပြင် သင့်ကို ကယ်တင်မည် မဟုတ်ဟု ဆိုလိုသည်ဟူ၍ သင်တို့ ထင်သလော။ ဤသည်မှာ အယူအဆနောက်တစ်မျိုး ဖြစ်၏။ သို့ဆိုလျှင် ထိုသို့သော အယူအဆမျိုး မည်ကဲ့သို့ ဖြစ်ပေါ်သနည်း။ ယင်းသည် သင်၏ စိတ်ကူးစိတ်သန်းမှ လာသလော၊ သို့မဟုတ် ယင်း၌ အခြေခံအကြောင်းရင်း ရှိသလော။ ဘုရားသခင် သင့်ကို ကောင်းသောအဆုံးသတ် ပေးမည်မဟုတ်ဟု သင် မည်သို့သိသနည်း။ သင့်ကို ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့သလော။ ထိုကဲ့သို့သော ထင်မြင်ချက်များသည် သင်ဆုံးဖြတ်သတ်မှတ်သည့်အရာ လုံးလုံးလျားလျား ဖြစ်သည်။ ဤသည်မှာ အယူအဆတစ်ခု ဖြစ်ကြောင်း ယခု သင်သိသည်။ အဓိကမေးခွန်းမှာ ယင်းကို မည်သို့ဖြေရှင်းရမည်ဟူသည်ပင်။ အမှန်တွင် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍ အယူအဆများစွာ ရှိကြ၏။ အကယ်၍ သင်၌ အယူအဆရှိမှန်း သင် သဘောပေါက်နိုင်ပါက ယင်းသည် မှားယွင်းကြောင်း သင် သိသင့်သည်။ သို့ဆိုလျှင် ဤအယူအဆများကို မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ ဦးစွာ ဤအယူအဆများက အသိပညာမှ လာသလော၊ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များမှ လာသလော၊ အမှားက မည်သည့်နေရာ၌ရှိသည်၊ အန္တရာယ်က မည်သည့်နေရာ၌ရှိသည် ဟူသည်ကို သင် ရှင်းလင်းစွာ သိမြင်ဖို့လိုပြီး ဤအရာကို သင် ရှင်းလင်းစွာ သိမြင်လိုက်သည်နှင့် တစ်ပြိုင်နက် သင်သည် အယူအဆကို ပင်ကိုအားဖြင့် လက်လွှတ်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ ယင်းကို သင် လုံးလုံးလျားလျား ဖြေရှင်းသည်နှင့် မတူညီပေ။ သမ္မာတရားကို သင် ရှာဖွေရဦးမည်ဖြစ်သည်။ ဘုရားသခင်၏ တောင်းဆိုမှုများက မည်သည့်အရာဖြစ်သည်ကို မြင်တွေ့ရဦးမည် ဖြစ်ပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ထိုအယူအဆကို စိစစ်ရဦးမည် ဖြစ်သည်။ ထိုအယူအဆမှာ မှားယွင်းကြောင်း၊ ယင်းသည် အဓိပ္ပာယ်မဲ့သော အရာတစ်ခုဖြစ်ကြောင်း၊ ယင်းသည် သမ္မာတရားနှင့် လုံးဝ မကိုက်ညီကြောင်းကို သင် ရှင်းလင်းစွာ ထိုးထွင်းသိမြင်နိုင်သောအခါ ယင်းမှာ သင်သည် ထိုအယူအဆကို အခြေခံအားဖြင့် ဖြေရှင်းပြီးပြီဟု ဆိုလိုသည်။ သင်သည် သမ္မာတရားကို မရှာဖွေလျှင်၊ အယူအဆကို ဘုရားနှုတ်ကပတ်တော်များနှင့် မနှိုင်းယှဉ်လျှင် သင်သည် အယူအဆမှာ မည်သို့မှားယွင်းကြောင်း ရှင်းလင်းစွာ ထိုးထွင်းသိမြင်နိုင်မည် မဟုတ်သဖြင့် သင်သည် အယူအဆကို လုံးလုံးလျားလျား လက်လျှော့နိုင်မည် မဟုတ်ပေ။ ယင်းသည် အယူအဆတစ်ခု ဖြစ်ကြောင်း သင်သိလျှင်ပင် ယင်းကို လုံးလုံး လက်လွှတ်နိုင်ခြင်း ရှိချင်မှ ရှိပေမည်။ ထိုသို့သော အခြေအနေများတွင် သင်၏အယူအဆများက ဘုရားသခင်၏ တောင်းဆိုမှုများနှင့် ကွဲလွဲဆန့်ကျင်သောအခါနှင့် သင်၏အယူအဆများက မှားယွင်းနေကြောင်းကို သင်သတိပြုမိသည့်တိုင် သင်၏စိတ်နှလုံးက သင့်အယူအဆများကို ဖက်တွယ်ထားနေသေးကာ သင်၏ အယူအဆများက သမ္မာတရားနှင့် သဘောကွဲလွဲနေသည်ကို သင်သေချာပေါက်သိသည့်တိုင် သင်၏ စိတ်နှလုံးထဲတွင် သင်၏ အယူအဆများက ယုတ္တိတန်သည်ဟု ထင်နေသေးလျှင်ပင် သင်သည် သမ္မာတရားကို နားလည်သောသူတစ်ဦး ဖြစ်မည်မဟုတ်သည့်အပြင် သင်ကဲ့သို့သော လူတို့၌ အသက်ဝင်ရောက်မှု မရှိဘဲ ဝိညာဉ်ရင့်သန်မှု၌ လွန်စွာ ချို့တဲ့နေပေသည်။ သာဓကအားဖြင့် လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အဆုံးသတ်နှင့် ပန်းတိုင်အတွက်သာမက ၎င်းတို့၏တာဝန်ခန့်အပ်မှုအား ပြုပြင်ခြင်းနှင့် ၎င်းတို့၏တာဝန်မှ ဖြုတ်ချခံရခြင်းအတွက် အထူးသဖြင့် ဆတ်ဆတ်ထိ မခံကြပေ။ လူအချို့သည် ထိုကဲ့သို့သော အရာများနှင့် ပတ်သက်၍ မှားယွင်းသော ကောက်ချက်ကို မကြာခဏ ချကြကာ ၎င်းတို့၏ တာဝန်၌ ဖြုတ်ချခံရပြီး ၎င်းတို့၌ နောက်ထပ် အဆင့်အတန်း မရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်တော့ကြောင်း သို့မဟုတ် အလိုမရှိတော့ကြောင်း ပြောလျှင် ၎င်းတို့အတွက် ဇာတ်သိမ်းသွားပြီဟု ထင်ကြ၏။ ဤသည်မှာ ၎င်းတို့၏ ဆုံးဖြတ်သတ်မှတ်ချက် ဖြစ်၏။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ခြင်း၌ အကျိုးမရှိ၊ ကျွန်ုပ်ကို ဘုရားသခင် အလိုမရှိသည့်အပြင် ကျွန်ုပ်၏အဆုံးသတ်ကို သတ်မှတ်ထားပြီး ဖြစ်သောကြောင့် နောက်ထပ် အသက်ရှင်ရခြင်း၏ အကျိုးက မည်သည့်အရာနည်း” ဟု ထင်မှတ်ကြသည်။ ထိုကဲ့သို့သော ထင်မြင်ချက်များကို ကြားရသည်တွင် အခြားသူများက ၎င်းတို့ကို ယုတ္တိတန်ပြီး သိက္ခာရှိသည်ဟု ထင်ကြသည်။ သို့သော် ဤသည်မှာ အမှန်တွင် မည်သည့်စိတ်ကူးမျိုး ဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်အား ပုန်ကန်ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏လွှမ်းမိုးခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်း ခံရသနည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောကြောင့်၊ လူတို့ကို ဘုရားသခင် မည်ကဲ့သို့ ကယ်တင်သည်ကို ရှင်းလင်းစွာ မမြင်နိုင်သောကြောင့်အပြင် ၎င်းတို့၌ ဘုရားသခင်အား စစ်မှန်သော ယုံကြည်မှု မရှိသောကြောင့် ဖြစ်သည်။ လူတို့သည် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်းခံရသောအခါ ဘုရားသခင် သိသလော။ (သိပါသည်။) ဘုရားသခင် သိသည်ဆိုလျှင် ထိုကဲ့သို့သော လူတို့ကို သူ မည်သို့ ဆက်ဆံသနည်း။ လူတို့သည် အယူအဆတစ်မျိုးကို ထားရှိကာ “ဘုရားသခင်သည် လူသားအပေါ် သူ၏ ကြီးမားသည့် အဖိုးအခ များစွာကို အသုံးခံခဲ့ပြီ၊ သူသည် လူတိုင်းအပေါ်၌ များစွာသော အမှုကို ပြုခဲ့ပြီဖြစ်ပြီး များစွာသော ကြိုးစားအားထုတ်မှုကို စိုက်ထုတ်ခဲ့ပြီ။ ဘုရားသခင်အနေဖြင့် လူတစ်ဦးကို ရွေးချယ်ရန်နှင့် ကယ်တင်ရန် မလွယ်ကူချေ။ လူတစ်ဦးသည် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်းခံရပါက ဘုရားသခင် လွန်စွာ နာကျင်မည် ဖြစ်ပြီး ထိုသူ ပြန်ထရန် အားထုတ်နိုင်မည်ဟု နေ့စဉ်နေ့တိုင်း မျှော်လင့်နေမည် ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ အပေါ်ယံအဆင့်၌ ရှိသည့် အဓိပ္ပာယ်သက်ရောက်မှု ဖြစ်သော်လည်း အမှန်တွင် ယင်းသည် လူသား၏ အယူအဆတစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူတို့အပေါ် သဘောထားတစ်ခု ရှိ၏။ သင်သည် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်းခံရပြီး ရှေ့ဆက်တိုးရန် မကြိုးစားပါက သူသည် သင့်အား သင့်ဘာသာ ရွေးချယ်ခွင့်ပြုမည် ဖြစ်သည်။ သူသည် သင့်စိတ်ဆန္ဒကိုဆန့်ကျင်လျက် တစ်စုံတစ်ခုကို ပြုလုပ်ရန် သင့်အား အတင်းအကျပ်ခိုင်းမည် မဟုတ်ပေ။ အကယ်၍ သင်က “ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင် ခိုင်းသည့်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ကျွန်ုပ်တတ်နိုင်သမျှကို ပြုလုပ်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်ရန် အလိုရှိနေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် မိမိ၏ ဆုကျေးဇူးနှင့် ပါရမီအားလုံးကို အသုံးပြုမည် ဖြစ်ပြီး ကျွန်ုပ် မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်ပါက ကျိုးနွံနာခံဖို့နှင့် နာခံလိုက်လျှောက်ဖို့ သင်ယူမည်ဖြစ်သည်။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွန့်ပစ်မည်မဟုတ်” ဟု ဆိုလျှင် ဘုရားသခင်က “သင်သည် ဤပုံစံအတိုင်း အသက်ရှင်လိုစိတ်ရှိလျှင် ဆက်လက်၍ လိုက်လျှောက်လော့။ သို့သော် သင်သည် ဘုရားသခင် တောင်းဆိုသည့်အတိုင်း လုပ်ရမည်။ ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများနှင့် သူ၏စည်းမျဉ်းများမှာမူ မပြောင်းလဲ” ဟု ဆိုမည်ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့က လူတို့သည်သာ မိမိတို့ကိုယ်ကို စွန့်ပစ်နိုင်သည်၊ ဘုရားသခင်က တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ စွန့်ပစ်လိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်။ နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိနိုင်ပြီး ဘုရားသခင်ကို ရှုမြင်နိုင်သူ၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်သောသူနှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်သောသူ မည်သူမဆိုအတွက်၊ ဤသည်မှာ တစ်ကြိမ်တည်းဖြင့် ကျရှုံးပြီးနောက်၊ သို့မဟုတ် တစ်ကြိမ်တည်းဖြင့် ပြုပြင်ခံရပြီးနောက်၊ သို့မဟုတ် တစ်ကြိမ်တည်းဖြင့် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရပြီးနောက် စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရမီတွင် သူသည် အကြိမ်ရာပေါင်းများစွာ စစ်ဆေးခံခဲ့ရသည်။ အဆုံးတိုင်အောင် အလုပ်လုပ်ပေးပြီးနောက် ကျန်ရှိသောသူတို့ထဲတွင် အဆုံးထိ မရောက်မီ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ရှစ်ကြိမ်၊ သို့မဟုတ် ဆယ်ကြိမ်သာ တွေ့ကြုံပြီးသူတစ်ဦး ရှိလိမ့်မည် မဟုတ်ပေ။ လူတစ်ဦးသည် အကြိမ်ရေမည်မျှ စစ်ကြောခံရပြီး စစ်ဆေးခံရသည်ဖြစ်စေ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရှုမြင်နိုင်သောအခါ လူသားအပေါ် ဘုရားသခင်၏ သဘောထားကို နားလည်နိုင်မည်ဖြစ်သည်။
လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ဘုရားသခင်က လူတို့အား သူ၏နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချသည်ကို တွေ့ရသောအခါ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်လာကာ အတိုက်အခံလုပ်သည်ဟု ခံစားကြသည်။ ဥပမာ သင်သည် သမ္မာတရားကို လက်မခံသဖြင့် ဘုရားသခင်က သင့်ကိုနှစ်သက်ခြင်း သို့မဟုတ် သင့်ကိုလက်ခံခြင်း မရှိကြောင်း၊ သင်သည် ဒုစရိုက်အမှုပြုသူ၊ အန္တိခရစ်တစ်ဦး ဖြစ်ကြောင်း၊ သင့်အား ကြည့်ရုံမျှနှင့် စိတ်မချမ်းသာကြောင်း၊ ထို့အပြင် သူသည် သင့်ကို အလိုမရှိကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆိုသည်။ လူတို့က ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးလျှင် “ဤနှုတ်ကပတ်တော်များမှာ ကျွန်ုပ်ကို ရည်ရွယ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အလိုမရှိကြောင်း အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်ကာ ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်ထားပြီး ဖြစ်သည့်အတွက် ကျွန်ုပ်သည်လည်း ဘုရားသခင်ကို နောက်ထပ် ယုံကြည်တော့မည်မဟုတ်” ဟု စဉ်းစားကြသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သောအခါတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ဘုရားသခင် ဖော်ထုတ်ပြီး လူတို့ကို ရှုတ်ချသည့် အရာအချို့ကို မိန့်မြွက်သောကြောင့် အယူအဆများနှင့် အထင်လွဲမှုများ မကြာခဏ ဖြစ်ပေါ်သောသူများ ရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့ကို ဦးတည်သည်၊ ဘုရားသခင်သည် ၎င်းတို့ကို လက်လျှော့ပြီး ကယ်တင်မည်မဟုတ်ပေဟု စဉ်းစားလျက် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်။ ၎င်းတို့သည် မျက်ရည်ကျသည်အထိ အပျက်သဘောဆောင်လာပြီး ဘုရားသခင်နောက်သို့ မလိုက်ချင်တော့ပေ။ ဤသည်မှာ တကယ်ကို ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အနက်အဓိပ္ပာယ်ကို သင်နားမလည်သည့်အခါ ဘုရားသခင်အပေါ် ဆုံးဖြတ်သတ်မှတ်ဖို့ မကြိုးစားသင့်ပေ။ ဘုရားသခင် မည်သည့်လူစားမျိုးကို စွန့်ပစ်သည်ကိုဖြစ်စေ၊ မည်သည့်အခြေအနေတွင် လူများကို သူလက်လျှော့သည်ကိုဖြစ်စေ မည်သည့်အခြေအနေများတွင် လူများကို သူဘေးဖယ်သည်ကို သင်မသိပေ။ ဤအရာအားလုံးအတွက် စည်းမျဉ်းများနှင့် ဆက်စပ်အကြောင်းအရာများ ရှိသည်။ ဤအသေးစိတ် အကြောင်းအရာများကို သင် အပြည့်အဝ ထိုးထွင်းသိမြင်မှုမရှိလျှင် သင်သည် အလွန်စိတ်ခံစားလွယ်လေ့ရှိလိမ့်မည် ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော် တစ်ခွန်းအပေါ် အခြေခံကာ သင့်ကိုယ်သင် ဆုံးဖြတ်သတ်မှတ်လိမ့်မည်။ ဤသည်မှာ ပြဿနာမဖြစ်သလော။ ဘုရားသခင်က လူများကို တရားစီရင်သည့်အခါ သူရှုတ်ချသည့် ၎င်းတို့၏ အဓိကသွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ဘုရားသခင် တရားစီရင်ပြီး ဖော်ထုတ်သည့် အရာမှာ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရများဖြစ်သည်။ သူသည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများနှင့် စာတန်ဆန်သော သဘာဝများကို ရှုတ်ချသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်း သရုပ်သကန်များနှင့် အပြုအမူအမျိုးမျိုးကို သူရှုတ်ချသည်။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မှု မရှိခြင်းအတွက်၊ ဘုရားသခင်ကို အစဉ်သဖြင့် ဆန့်ကျင်ခြင်းအတွက်၊ ၎င်းတို့၏ ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ အစဉ်ရှိခြင်းအတွက် ၎င်းတို့ကို သူရှုတ်ချသည်။ သို့ရာတွင် ထိုသို့သော စီရင်ရှုတ်ချခြင်းက ဘုရားသခင်သည် စာတန်ဆန်သော စိတ်သဘောထားရှိသည့် လူများကို စွန့်ပစ်ပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဤအရာက သင့်အတွက် မရှင်းလင်းပါက သင်၌ နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ယင်းက သင့်အား အစဉ်သဖြင့် အရာရာကို သံသယဖြစ်ပြီး ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲလျက် စိတ်ရောဂါဖြစ်နေသည့် လူများကဲ့သို့ အနည်းငယ်ဖြစ်စေသည်။ ထိုသို့သော လူများသည် စစ်မှန်သော ယုံကြည်ခြင်း မရှိကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်နောက်သို့ တကယ့်အဆုံးတိုင် မည်သို့ လိုက်နိုင်မည်နည်း။ ဘုရားသခင်ထံမှ စီရင်ရှုတ်ချသည့် ဖော်ပြချက်တစ်ခုမျှ ကြားရာတွင် ဘုရားသခင်၏ စီရင်ရှုတ်ချခြင်းခံရသောကြောင့် လူများသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပြီးဖြစ်ကာ ကယ်တင်ခြင်း ခံရတော့မည် မဟုတ်ဟု သင်တွေးပြီး ထိုအကြောင်းကြောင့် သင်သည် အပျက်သဘောဆောင်လာကာ မျှော်လင့်ချက် ပျက်သုဉ်းလေတော့သည်။ ဤသည်မှာ ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲခြင်း ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင်သည် လူများကို မစွန့်ပစ်ရသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်မှုလွဲကာ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ကြပြီးဖြစ်သည်။ “မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။” (သုတ္တံကျမ်း ၁၀:၂၁) ဟူ၍ ဓမ္မဟောင်းကျမ်း၏ စကားများ၌ ပြည့်စုံသကဲ့သို့ လူများကိုယ့်ကိုယ်ကိုယ် လက်လျှော့သည့်အချိန်ထက် ပို၍ သေရေးရှင်ရေးဖြစ်ခြင်း မရှိပေ။ လူများ မျှော်လင့်ချက်ပျက်သုဉ်းသည့်အချိန်ထက် ပို၍ မိုက်မဲသည့် အပြုအမူ မရှိပေ။ တစ်ခါတစ်ရံတွင် လူများကို ဆုံးဖြတ်သတ်မှတ်ထားပုံရသည့် ဘုရားနှုတ်ကပတ်တော်များကို သင်ဖတ်သည်။ အမှန်မှာမူ ယင်းတို့သည် မည်သူ့ကိုမျှ ဆုံးဖြတ်သတ်မှတ်ထားခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ထင်မြင်ယူဆချက်တို့နှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဤသည်တို့မှာ သမ္မာတရားနှင့် စည်းမျဉ်းဆိုင်ရာ နှုတ်ကပတ်တော်များဖြစ်ပြီး မည်သူ့ကိုမျှ ဆုံးဖြတ်သတ်မှတ်ထားခြင်း မဟုတ်ချေ။ ဒေါသ၊ သို့မဟုတ် အမျက်ထွက်သောအချိန်အတွင်းတွင် ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်များသည်လည်း ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည့်အပြင် စည်းမျဉ်းများလည်း ဖြစ်သည်။ လူများသည် ဤအရာကို နားလည်ရမည်ဖြစ်သည်။ ဤအရာကိုမိန့်မြွက်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးရန်နှင့် စည်းမျဉ်းများကို နားလည်ခွင့်ပေးရန် ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ဦးကို ဆုံးဖြတ်သတ်မှတ်ရန် လုံးဝမဟုတ်ပေ။ ယင်းတို့သည် လူတို့၏ နောက်ဆုံး အပြစ်ဒဏ်ပေးခြင်း ဖြစ်ဖို့မဆိုထားဘိ၊ ဤသည်မှာ လူတို့၏ နောက်ဆုံးပန်းတိုင်၊ ဆုလာဘ်တို့နှင့် ဘာမျှမသက်ဆိုင်ပေ။ ဤသည်တို့မှာ လူတို့ကို တရားစီရင်ရန်နှင့် ပြုပြင်ရန် မိန့်မြွက်ထားသော နှုတ်ကပတ်တော်များမျှသာ ဖြစ်သည်။ ယင်းတို့သည် သူ၏ မျှော်မှန်းချက်နှင့်အညီ အသက်မရှင်သော လူတို့အပေါ် အမျက်ထွက်ခြင်းရလဒ် ဖြစ်ကာ လူတို့ကို နိုးထစေရန်၊ လှုံ့ဆော်ရန် မိန့်မြွက်ထားခြင်းဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးမှလာသော နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့တစေ လူအချို့က ဘုရားသခင်ထံမှ တရားစီရင်မှုနှင့်ယှဉ်သော ပြောဆိုချက် တစ်ခုမျှအတွက်ကြောင့် မှောက်မှားပြီး ဘုရားသခင်ကို ကျောခိုင်းသည်။ ဤကဲ့သို့သော လူတို့သည် မိမိတို့အတွက် မည်သည့်အရာ ကောင်းမွန်သည်ကို မသိကြ၊ ၎င်းတို့သည် အသိခေါက်ခက် အဝင်နက်ကာ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ လူအချို့သည် အခိုက်အတန့် အားနည်းပြီးနောက် ဘုရားသခင်ရှေ့မှောက်သို့လာ၍ “ဤအရာသည် မသင့်တော်။ ငါသည် ဘုရားသခင်နောက် ဆက်လိုက်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ရမည်။ ငါသည် ဘုရားသခင်နောက် မလိုက်ပါက သို့မဟုတ် မိမိ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ပါက ငါ၏အသက်တာမှာ သုံးမရဖြစ်လိမ့်မည်။ အဓိပ္ပာယ်ရှိသောဘဝကို နေထိုင်ရန်အလို့ငှာ ဘုရားသခင်နောက်သို့ ငါလိုက်ရမည်” ဟု စဉ်းစားလေသည်။ သို့ဆိုလျှင် ၎င်းတို့က ဘုရားသခင်နောက်သို့ မည်သို့လိုက်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံရမည်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောရုံသာ ပြောပြီး ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံမှု မရှိခြင်းသည် ဘုရားသခင်နောက်လိုက်ခြင်း မဟုတ်ပေ။ လူတစ်ဦး၏ တာဝန်ကို ယခင်က သစ္စာစောင့်သိစွာ ထမ်းဆောင်မှုမရှိခြင်း၊ အနည်းငယ်သော ပြုပြင်ခြင်းကို လက်ခံလိုစိတ် မရှိခြင်းမှာ ဘုရားသခင်၏ အမှုတော်ကို လက်ခံရာ၌ လူတစ်ဦးရှိသင့်သည့် သဘောထား ဖြစ်သလော။ ပြုပြင်ခံရခြင်းကို လက်မခံခြင်းနှင့် လူတစ်ဦး အနည်းငယ် ဒုက္ခရောက်သောအခါ အမြဲတမ်း ညည်းညူခြင်းသည် မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ လူတစ်ဦးသည် မိမိကိုယ်ကို ဆင်ခြင်ပြီး ဘုရားသခင်တောင်းဆိုသောအရာကို တွေ့မြင်သင့်ကာ ဘုရားသခင် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ရမည်။ ဘုရားသခင်က သင်သည် ကျေနပ်လောက်အောင် မကောင်းဟု ဆိုလျှင် သင်သည် ကျေနပ်လောက်အောင် မကောင်းသည့်အပြင် သင်သည် အမှုအရာများကို ဆုံးဖြတ်သတ်မှတ်ရန် သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ရန်အတွက် သင်၏ အယူအဆများနှင့် စိတ်ကူးများကို အသုံးမပြုသင့်ပေ။ သင်သည် ကျေနပ်လောက်အောင် မကောင်းကြောင်း ကျိုးနွံနာခံပြီး ဝန်ခံသင့်သည်။ သို့ဆိုလျှင် သင်၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမရှိသလော။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သောအခါ သူသည် ဘုရားသခင်ကို စွန့်ခွာနိုင်သေးသလော။ မစွန့်ခွာနိုင်တော့ပေ။ ဘုရားသခင်သည် သင့်ကို လက်လျှော့လိုက်ပြီဟု သင် ယူဆသည့်အချိန် များစွာရှိသော်လည်း အမှန်တွင်မူ ဘုရားသခင်သည် သင့်ကို လက်မလျှော့သေးချေ။ သူက သင့်အနေဖြင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ရန်အတွက် ဘေးတစ်ဖက်သို့ ဖယ်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သင်သည် မုန်းတီးစက်ဆုပ်ဖွယ် ဖြစ်သည်ဟု မြင်ကောင်း မြင်နိုင်မည်ဖြစ်ပြီး သင့်ကို အရေးစိုက်လိုခြင်း မရှိသော်လည်း သူသည် သင့်ကို အမှန်တကယ် မစွန့်ပစ်ရသေးချေ။ ဘုရားသခင်၏ အိမ်တော်ထဲတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ကြိုးပမ်းသောသူများ ရှိသော်လည်း ၎င်းတို့အထဲ၌ ပေါ်လွင်သည့် ၎င်းတို့၏ အနှစ်သာရနှင့် အမှုအရာအမျိုးမျိုးကြောင့် ၎င်းတို့သည် သမ္မာတရားကို မချစ်သည့်အပြင် သမ္မာတရားကို လုံးဝ လက်မခံကြောင်း ဘုရားသခင် တွေ့မြင်သည်ဖြစ်၍ ၎င်းတို့ကို ဘုရားသခင် အမှန်ပင် စွန့်ပစ်လေသည်။ ၎င်းတို့သည် အမှန်တကယ် ရွေးကောက်ခြင်း မခံရဘဲ အလုပ်လုပ်ပေးခြင်းကို အခိုက်အတန့် လုပ်ဆောင်ရုံသာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ အဆုံးစွန် ဆုံးမပဲ့ပြင်ခြင်း ခံရကာ၊ ရိုက်နှက်ခြင်း ခံရပြီး တရားစီရင်ခြင်း ခံရသည့်အပြင် ၎င်းတို့ကို ဆက်ဆံရာတွင် လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် နည်းလမ်းမျိုးစုံအား အသုံးပြုလျက် ရှုတ်ချပြီး ကျိန်ဆဲခံရသည့်သူ အချို့ပင်ရှိသည်။ လူအချို့က ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ကြဘဲ၊ ဘုရားသခင်သည် ၎င်းတို့ကို ရမယ်ရှာကာ ထိခိုက်စေခြင်း ဖြစ်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်ရှေ့တွင် ရှင်သန်ခြင်းသည် သိက္ခာမရှိဟု ၎င်းတို့က တွေးထင်သည်၊ ဘုရားသခင်ကို နောက်ထပ် နာကျင်စေဖို့ ဆန္ဒမရှိကြတော့ဘဲ အသင်းတော်မှ ထွက်ခွာကြသည်။ ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် ဆင်ခြင်တုံတရားရှိသည်ဟုပင် ၎င်းတို့က တွေးထင်ကြပြီး ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ကျောခိုင်းကြသည်။ သို့ရာတွင် အမှန်မှာ ဘုရားသခင်က ၎င်းတို့အား မစွန့်ပယ်ခဲ့ရသေးပေ။ ထိုသို့သောလူများသည် ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ စိုးစဉ်းမျှ မသိကြပေ။ ၎င်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို စွန့်လွှတ်သည်အထိပင် ဆောင်ရွက်လျက်၊ အတော်အတန် လွန်ကြူးစွာ ထိခိုက်လွယ်ကြသည်။ ၎င်းတို့၌ အသိစိတ် အမှန်တကယ် ရှိသလော။ ဘုရားသခင်က လူများကို ရှောင်ကြဉ်သည့် အချိန်များနှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ဖို့ အလို့ငှာ ၎င်းတို့အား အချိန်တစ်ခုကြာ လျစ်လျူရှု ထားသည့်အချိန်များလည်း ရှိသည်၊ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို မစွန့်ပယ်သေးပေ။ သူက ၎င်းတို့အား နောင်တရဖို့ အခွင့်အရေး ပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် မကောင်းမှုများစွာကို ကျူးလွန်သည့် ဆိုးယုတ်သောလူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကိုသာ အမှန်တကယ် စွန့်ပယ်ပေသည်။ လူအချို့က “ကျွန်ုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကင်းမဲ့ခြင်းကို ခံစားရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း မရှိဘဲ နေသည်မှာ ကြာမြင့်သော အချိန်ကတည်းက ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်အား စွန့်ပယ်ပြီး ဖြစ်သလော” ဟု ပြောကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဤတွင် စိတ်သဘောထား၏ ပြဿနာတစ်ခုလည်း ရှိသည်။ လူတို့သည် စိတ်ခံစားမှုလွန်ကဲကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အကြောင်းပြချက်နောက်ကို အစဉ်လိုက်ကြသည်။ အစဉ်အမြဲ ဇွတ်တရွတ်နိုင်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ဤသည်မှာ စိတ်သဘောထား၏ ပြဿနာတစ်ခုမဟုတ်သလော။ ဘုရားသခင်က သင့်အား စွန့်ပယ်ပြီးဖြစ်ကြောင်း၊ သူက သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ကြောင်း သင် ပြောသောကြောင့်၊ သူက သင်၏ အဆုံးသတ်ကို သတ်မှတ်ပြီးဖြစ်သလော။ ဘုရားသခင်သည် သင့်အား ဒေါသထွက်သောစကားလုံး အနည်းငယ်မျှသာပြောခဲ့သည်။ သူက သင့်ကို လက်လျှော့လိုက်ပြီ၊ သင့်ကို အလိုမရှိတော့ဟု သင်မည်သို့ ပြောနိုင်သနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစား၍မရနိုင်သည့် အခါများ ရှိသော်လည်း၊ ဘုရားသခင်သည် သင့်အား သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့် မရုပ်သိမ်းရသေးပေ၊ သို့မဟုတ် သင်၏အဆုံးသတ်ကို သူမဆုံးဖြတ်ရသေးပေ၊ သင်၏ ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းကို မဖြတ်တောက်ပေ။ သို့ဆိုလျှင် သင်သည် အဘယ်အကြောင်းကြောင့် အလွန်ဝမ်းနည်းနေသနည်း။ သင်သည် အခြေအနေဆိုးတစ်ခုတွင် ရှိနေသည်၊ သင်၏ကြံရွယ်ချက်များ၌ ပြဿနာတစ်ခုရှိနေသည်၊ သင်၏ အတွေးနှင့် အမြင်ရှုထောင့်တွင် ပြဿနာရှိနေသည်၊ သင်၏စိတ်အခြေအနေသည် မူမမှန်ပေ။ သို့တစေ ဤအရာများအား သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ပြုပြင်ဖို့ကြိုးစားရမည့်အစား ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲပြီး စောဒကတက်ပါက၊ ပြီးလျှင် တာဝန်ကို ဘုရားသခင်ပေါ်သို့ တွန်းပို့ကာ “ဘုရားသခင်သည် ကျွန်ုပ်အား အလိုမရှိသောကြောင့် သူ့အား ငါ မယုံကြည်တော့ပါ” ဟုပင် ပြောဆိုသည်။ သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့သည် မဟုတ်လော။ သင်သည် ကျိုးကြောင်းမဆီမလျော် ဖြစ်နေသည် မဟုတ်သလော။ ဤသို့သော လူစားမျိုးသည် စိတ်လှုပ်ရှား ထိခိုက်လွယ်လွန်းကာ မည်သည့်ဆင်ခြင်တုံတရားမျှ လုံးဝမရှိဘဲ လုံးလုံးပင် အသိခေါက်ခက် အဝင်နက်လေ၏။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြေရှိဖို့ အနည်းပါးဆုံး ဖြစ်ပြီး ကယ်တင်ခြင်းရရှိရန် အလွန်ခက်ခဲကြောင်း တွေ့ရမည်ဖြစ်သည်။
ဤစကားများကို အောက်မေ့လော့။ ပေတရုသည် အကြိမ်ပေါင်းရာချီ၍ စစ်ဆေးခံရခြင်းဖြင့် စုံလင်အောင်ပြုခြင်း ခံခဲ့ရသည်။ သင်တို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် အကြိမ်ပေါင်းရာချီ၍ စစ်ဆေးခံရခြင်းသည် ဘုရားသခင်နောက် လိုက်ရန်အတွက် ပြောမပြနိုင်လောက်အောင် အခက်အခဲများရှိသော အံ့မခန်းဖွယ်ရာ ဘဝတစ်ခုကို နေထိုင်ခြင်းဖြစ်ကာ အဆုံးတွင် ဇောက်ထိုးပြောင်းပြန် ကားစင်တင်သတ်ခြင်း ခံရခြင်းဖြစ်သည်။ ဤသည်မှာ ထိုသို့မဟုတ်။ ဤသည်မှာ လူ့အယူအဆသာလျှင် ဖြစ်၏။ ဤသည်မှာ လူ့အယူအဆဖြစ်သည်ဟု အဘယ့်ကြောင့် ငါဆိုသနည်း။ ယင်းမှာ လူတို့က ဘုရားသခင်၏ စမ်းသပ်မှုများမှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် စမ်းသပ်မှုတိုင်းကို ဘုရားသခင်၏ လက်တော်အားဖြင့် ကြိုတင်စီစဉ်ပြီး ပြုလုပ်ထားကြောင်း နားမလည်သောကြောင့် ဖြစ်သည်။ လူတို့က ဤ “အကြိမ်ပေါင်းရာချီ” ကို နားမလည်ကြ၊ သို့မဟုတ် ဘုရားသခင်က ပေတရုကို အဘယ့်ကြောင့် အကြိမ်ပေါင်း ရာချီ၍ စစ်ဆေးခဲ့ကြောင်း သို့မဟုတ် ဤ “အကြိမ်ပေါင်းရာချီ” က မည်သို့ရောက်ရှိခဲ့ကြောင်း သို့မဟုတ် အခြေခံအကြောင်းရင်းက မည်သည့်အရာဖြစ်ကြောင်းကို နားမလည်ကြ၊ လူတို့က ဤအရာများကို မသိကြဘဲ၊ ထိုအစား အမှုအရာများကို နားလည်ဖို့အတွက် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အမြဲတမ်း အားထားပြီးလျှင် ရလဒ်အနေဖြင့် ဘုရားသခင်ကို အထင်လွဲမှားကြသည်။ လူတို့သည် ၎င်းတို့ မတွေ့ကြုံဖူးသော ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို နားမလည်နိုင်ကြပေ။ လက်တွေ့ဘဝတွင် လူတိုင်းအပေါ် ဘုရားသခင် ပြုလုပ်သောအရာမှာ ၎င်းတို့ကို ကောင်းချီးပေးရန်၊ လမ်းပြရန်နှင့် အေးအေးဆေးဆေး စကားပြောရန် ဖြစ်ပါက စမ်းသပ်မှုများမှာ လူတို့အတွက် အနှစ်မဲ့သော စကားလုံးများသာ အစဉ်အမြဲ ဖြစ်မည်ဖြစ်ပြီး စကားတစ်ခွန်း၊ အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခု၊ အယူအဆသဘောတရား တစ်ခုထက် ပိုမည်မဟုတ်ပေ။ သို့သော်လည်း ဘုရားသခင်သည် သင့်အပေါ် ဤအမှုကို မကြာခဏ လုပ်ဆောင်တတ်၏။ ခဏနေလျှင် သင့်အား ဖျားနာစေလိုက်၊ ခဏနေလျှင် သင့်အား မနှစ်မြို့ဖွယ်ရာတစ်ခုကို ကြုံတွေ့စေကာ စိတ်ပျက်အားနည်းလာစေလိုက်၊ ခဏနေလျှင် သင့်အနေဖြင့် ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲသည်ဟု တွေ့ရှိကာ ပြုလုပ်ဖို့ သင့်တော်သည့် အရာကိုပင် မသိတော့အောင် ခက်ခဲသော အခြေအနေကို ကြုံတွေ့စေလိုက်နှင့် သင့်အတွက် ဤအရာများမှာ အဘယ်နည်း။ ဤမနှစ်မြို့ဖွယ်ရာများ အားလုံး၊ ဤဒုက္ခများ သို့မဟုတ် အခက်အခဲများ သို့မဟုတ် ဆင်းရဲဒုက္ခများအားလုံးအပြင် စာတန်၏ စုံစမ်းသွေးဆောင်မှုများနှင့်ပင် ပတ်သက်လာသည့်အခါ၌ သင်သည် ယင်းတို့ကို ဘုရားသခင်က သင့်အား ပေးအပ်သော ရာပေါင်းများစွာသော စမ်းသပ်မှုများထဲမှ စမ်းသပ်မှုတစ်ခုစီအဖြစ် အစဉ်အမြဲ သဘောထားနိုင်လျက် ယင်းတို့ကို လက်ခံနိုင်ပြီး ယင်းတို့ထဲ၌ သမ္မာတရားကို ရှာဖွေနိုင်ပါက သင်၏အခြေအနေသည် ပြောင်းလဲခြင်းကို ကြုံတွေ့မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ တိုးတက်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် စမ်းသပ်မှုများကို ကြုံတွေ့ရသောအခါ ယင်းတို့ကို ငြင်းပယ်ပါက၊ ယင်းတို့မှ ပုန်းရှောင်ရန် အစဉ်အမြဲ ကြိုးစားပါက၊ ယင်းတို့ကို အစဉ်အမြဲ အတိုက်အခံလုပ်ပြီး အစဉ်အမြဲ ဆန့်ကျင်ပါက ဤ “အကြိမ်ပေါင်းရာချီသော စမ်းသပ်မှုများ” မှာ သင့်အတွက် မည်သည့်အခါမျှ မပြည့်စုံလာမည့် အနှစ်မဲ့သော စကားလုံးများသာ အမြဲတမ်း ဖြစ်နေလိမ့်မည်။ ဥပမာ လူတစ်ဦးက သင့်အပေါ် မကောင်းသောသဘောထားတစ်ခု ရှိပြီး ဤအတွက် အကြောင်းရင်းကို မသိရဘဲ သင် စိတ်မချမ်းမသာ ဖြစ်ရသည်။ အကယ်၍ သင်သည် တဇောက်ကန်း လုပ်ခြင်းထဲ၌၊ ဇာတိပကတိထဲ၌ အသက်ရှင်ပါက သင်သည် ထိုသူအပေါ်၌လည်း မနှစ်မြို့ဖွယ်ဖြစ်ရန် သွားအတွက်သွား၊ မျက်စိအတွက်မျက်စိဟူသည့် အကြောင်းပြချက် ရှိလေသည်။ သို့သော် သင်သည် ဘုရားသခင်၏ရှေ့မှောက်၌ အသက်ရှင်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းနှင့် ကယ်တင်ခြင်းကို လက်ခံလိုပါက သင်သည် ကြုံတွေ့ရသော ဤအရာအားလုံးကို ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုအဖြစ် သဘောထားပြီး ယင်းကို လက်ခံသင့်သည်။ အကယ်စင်စစ် ဤသည်မှာ ဘုရားသခင် သင့်ကို စစ်ကြောသည့် မတူညီသော နည်းလမ်းများထဲမှ တစ်ခုပင်ဖြစ်၏။ ဤသို့မိတ်သဟာယပြုခြင်းအားဖြင့် သင်တို့သည် ယခုတွင် စိတ်နှလုံးထဲ၌ များစွာ ပို၍လွတ်မြောက်သွားပြီး များစွာ ပို၍စိတ်အေးသွားသလော။ အကယ်၍ သင်တို့သည် ဤနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ သင်တို့၏ အပြုအမူနှင့် ရှုထောင့်အမြင်များကို ဤနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်လျှင် ဤအရာသည် သင်တို့၏ နေ့စဉ်အသက်တာ၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီမံမှုများကို ကျိုးနွံနာခံခြင်းနှင့်ပတ်သက်၍ သင်တို့ကို ကြီးမားစွာ အထောက်အကူပြုလိမ့်မည်။
ဘုရားသခင်အား ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ လူတို့၏ အယူအဆများအကြောင်း ယနေ့ဆွေးနွေးချက်ထဲတွင် ပါရှိသော အဓိက သွင်ပြင်လက္ခဏာများမှာ အဘယ်နည်း။ တစ်ခုမှာ လူတို့၏ အပြင်ပန်းအပြုအမူနှင့်ဆိုင်သည့်၊ ဖာရိရှဲများကဲ့သို့ ဟန်ဆောင်ပြုမူသည့်၊ လွန်စွာ ယဉ်ယဉ်ကျေးကျေးနှင့် ရည်ရည်မွန်မွန် ပြုမူသည့် သွင်ပြင်လက္ခဏာဖြစ်သည်။ နောက်ထပ် သွင်ပြင်လက္ခဏာမှာ အစားအစာ၊ ဝတ်စားဆင်ယင်မှု၊ နေရာထိုင်ခင်းနှင့် ခရီးသွားလာမှုနှင့် ဆိုင်သည်။ နောက်တစ်ခုမှာ ဘုရားသခင်အား ယုံကြည်ခြင်းအားဖြင့် ကောင်းချီးခံစားရပြီး အကျိုးကျေးဇူးများ ပေးခြင်းခံရမည်ဟု ၎င်းတို့ထင်မှတ်သည့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူတို့၏ နားလည်မှုဟူသည့် သွင်ပြင်လက္ခဏာ ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ယောဘ၏ အတွေ့အကြုံမှာ အဘယ်နည်း။ ယောဘအပေါ် စမ်းသပ်မှုများ ကျရောက်သောအခါ ယင်းတို့သည် ဘုရားသခင်ထံမှ လာကြောင်း၊ သူသည် မည်သည့်အမှားကိုမျှ မပြုလုပ်ခဲ့ကြောင်းနှင့် ဤသည်မှာ ဘုရားသခင်ထံမှ အပြစ်ဒဏ်ပေးခြင်းမဟုတ်ကြောင်း၊ ထိုအစား ဤသည်မှာ သူ့ကို ဘုရားသခင်က စစ်ကြောနေခြင်းဖြစ်ပြီး စာတန်က စုံစမ်းသွေးဆောင်နေခြင်း ဖြစ်ကြောင်း သူက သေချာစွာ တွေ့ရှိနိုင်ခဲ့သည်။ ဤသည်မှာ ယင်းကို သူနားလည်ခဲ့ပုံ ဖြစ်၏။ ထို့ပြင် ယောဘ၏ မိတ်ဆွေများက ယင်းကို မည်သို့ နားလည်ခဲ့ကြသနည်း။ ယောဘသည် အမှားတစ်စုံတစ်ခုကို ပြုလုပ်ခဲ့ပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခဲ့သောကြောင့် သူ့အပေါ်သို့ ဤဘေးဒုက္ခ ကျရောက်ခဲ့ခြင်းဖြစ်ရမည်ဟု ထိုသူတို့က မှတ်ယူခဲ့သည်။ ထိုသူတို့က ဤပုံစံအတိုင်း တွေးထင်နိုင်ခဲ့ခြင်းက ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍ ထိုသူတို့က အယူအဆများ ထားရှိခဲ့ကြောင်း ပြသသည်။ ယောဘ၏ နားလည်ခြင်းက အဘယ့်ကြောင့် အခြားသူများနှင့် ကွဲပြားသနည်း။ ယင်းမှာ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ယောဘက ရှင်းလင်းစွာ တွေ့မြင်ခဲ့သောကြောင့် သူသည် ယင်းနှင့်ပတ်သက်၍ အယူအဆများကို မထားရှိခဲ့ပေ။ ဘုရားသခင်က ယောဘအပေါ် သူ၏အမှုကို ပြုနေစဉ်တွင် ယောဘသည် အတွေ့အကြုံပိုင်း၌ တိုးတက်ပြီး ဘုရားသခင်၏ အလုပ်ကို သိနားလည်လာကာ လူနှင့် ပတ်သက်သော ဤအယူအဆများနှင့် ထင်မြင်ချက်များကို ယောဘထဲတွင် နောက်ထပ်မတွေ့ရတော့ပေ။ သို့ဆိုလျှင် ဘုရားသခင်၏ လက်တော်သည် ယောဘအပေါ် ကျရောက်သောအခါ သူသည် အထင်လွဲမှားခဲ့သလော။ (မလွဲမှားခဲ့ပါ။) သူသည် အထင်မလွဲမှားခဲ့သဖြင့် မညည်းညူခဲ့ပေ။ သူသည် အထင်မလွဲမှားခဲ့သဖြင့် မပုန်ကန်ခဲ့ပေ။ သူသည် အထင်မလွဲမှားခဲ့သဖြင့် အမှန်တကယ် ကျိုးနွံနာခံနိုင်ခဲ့သည်။ ယင်းမှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) ယင်းက အဘယ့်ကြောင့် မှန်သနည်း။ အကယ်၍ လူတို့က ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို “အာမင်” ဟု ဆိုလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အပြုသဘောဆောင်သော အရာများ၏ လက်တွေ့ကျမှုအဖြစ်၊ မှန်ကန်သည့်အရာအဖြစ်၊ စံနှုန်းအဖြစ်၊ အမြင့်ဆုံးအဖြစ်သာမက ၎င်းတို့ လက်တွေ့ကျင့်သုံးသင့်သည့် စည်းမျဉ်းများအဖြစ် ခံယူလျှင် ၎င်းတို့သည် ကျိုးနွံနာခံမည်ဖြစ်ပြီး အထင်လွဲမှားမည် မဟုတ်ပေ။ လူတို့အနေဖြင့် ဘုရားသခင် မိန့်မြွက်သည့် နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင် လုပ်ဆောင်သည့် အမှုများနှင့်ပတ်သက်၍ အထင်လွဲမှားမှုများ ဖြစ်ပေါ်ရာတွင် ဖော်ပြချက်တစ်ခု အမြဲရှိလေသည်။ ယင်းမှာ မည်သည့်ဖော်ပြချက် ဖြစ်သနည်း။ (၎င်းတို့သည် ယင်းတို့ကို လက်မခံလိုကြပါ။) ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုများကို လက်ခံဖို့ ဤအလိုဆန္ဒမရှိခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာရှိသနည်း။ ယင်းမှာ ၎င်းတို့၌ မိမိတို့၏ကိုယ်ပိုင် ထင်မြင်ချက်များရှိကာ ဤထင်မြင်ချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကွဲလွဲဆန့်ကျင်နေသည့်အပြင် လူတို့က ဘုရားသခင်မိန့်မြွက်သည့် အရာများသည် မှန်ချင်မှ မှန်လိမ့်မည်ဟု စဉ်းစားလျက် ဘုရားသခင်နှင့်ပတ်သက်သော အထင်လွဲမှားခြင်းများနှင့် အယူအဆများ ထားရှိကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတို့က ယင်းတို့ကို လက်ခံသည်ဟု ထင်ရလျှင်ပင် ယင်းသည် ဟန်ဆောင်မှုပင် ဖြစ်နေသေးပြီး အမှန်တကယ် လက်ခံခြင်း မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များနှင့် လုံးဝအညီ စဉ်းစားပြီး မိမိ၏စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် နှုတ်ကပတ်တော်များကို လက်ခံသဘောတူရမည်ဖြစ်ကာ၊ သို့မှသာ သူသည် ဘုရားသခင်နှင့် လိုက်လျောညီထွေရှိနိုင်မည် ဖြစ်သည်။ အကယ်၍ သင်သည် စိတ်နှလုံးထဲတွင် ဤအရာများကို လက်မခံဘဲ ယင်းတို့ကို အထင်လွဲမှားပြီး ဆန့်ကျင်ခုခံလျှင် ဤအရာက သင့်အထဲတွင် တစ်စုံတစ်ရာရှိကြောင်း ပြသသည်။ အကယ်၍ သင်သည် သင့်အထဲတွင် ဤအရာကို စိစစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ပါက သင်၏ အယူအဆများမှာ ပြေလည်သွားနိုင်သည်။ သင်၌ လွဲချော်နေသော နားလည်မှု ရှိပါက၊ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိပါက၊ သို့မဟုတ် သင်၌ သဘောပေါက်နားလည်နိုင်စွမ်း မရှိပါက၊ သင်၏ အယူအဆများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်နိုင်စွမ်းပင် မရှိပါက၊ ယင်းတို့ကို သိနိုင်စွမ်းနှင့် စိတ်ဖြာလေ့လာနိုင်စွမ်း မရှိသည့်အပြင် သင့်အထဲတွင် အယူအဆများ ထွက်လာသောအခါ သတိမထားမိပါက သင်၏ အယူအဆများမှာ ဖြေရှင်း၍မရဘဲ ဖြစ်နေလိမ့်မည်။ လူအချို့သည် ၎င်းတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို ထားရှိကြောင်းကို တကယ့်ကို ကောင်းကောင်းကြီး သိစေကာမူ ဘာမျှမထားရှိပါဟု ပြောနေကြသေးကာ ပြောပြလိုက်လျှင် မျက်နှာပျက်ရပြီး အထင်သေးခံရမည်ကို ကြောက်လေသည်။ အကယ်၍ လူတစ်ယောက်က ၎င်းတို့ကို “အကယ်၍ သင်သည် ဘုရားသခင်ကို အထင်မလွဲမှားသေးလျှင် သူ့ကို အဘယ်သို့ ကျိုးနွံနာခံခြင်းမရှိဘဲ နေနိုင်သနည်း” ဟု မေးလျှင် ၎င်းတို့က “ကျွန်ုပ်သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါ” ဟု ပြန်ပြောသည်။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုး ဖြစ်သနည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိလျှင် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသည့်အပြင် သင်ပြဿနာတစ်ခု ရှိသောအခါ မိမိကိုယ်ကို မည်ကဲ့သို့ ဆင်ခြင်တွေးတောရမည်ကို မသိလျှင် ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အယူအဆများ သို့မဟုတ် သင်၏ အထင်လွဲမှားမှုများကို ဖြေရှင်းနိုင်မည် မဟုတ်ချေ။ သင်၏ အယူအဆများနှင့် မဆက်စပ်သည့် အရာများ ဖြစ်ပျက်သောအခါ သင်သည် အလွန်တည်ငြိမ်နေပြီး သင်၌ ပြဿနာတစ်ခုခုရှိသည်ကို မတွေ့မြင်နိုင်ပေ။ သို့ရာတွင် သင်၏ အယူအဆများနှင့် အကျုံးဝင်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်းများ သင့်ထံတွင် ပေါ်ထွက်လာသည်။ ဤအတိုက်အခံလုပ်ခြင်းက မည်ကဲ့သို့ ပေါ်လွင်ထင်ရှားသနည်း။ တစ်ခါတစ်ရံတွင် သင်သည် မကျေမချမ်း ဖြစ်ကောင်းဖြစ်မည်၊ ပြီးလျှင် အချိန်ကြာလာသည်နှင့်အမျှ ဤခံစားမှုက ပြေလည်မသွားလျှင် ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အထင်လွဲမှားမှုများက ပို၍ပင် အမြစ်တွယ်လာပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တိုးပွားလာသည့်အပြင် သင်၏ အယူအဆများကို စတင်၍ ရင်ဖွင့်ပြီး ဘုရားသခင်ကို ဝေဖန်ပြစ်တင်တော့မည် ဖြစ်သည်။ ဘုရားသခင်ကို ဝေဖန်ပြစ်တင်သည်နှင့်တစ်ပြိုင်နက် ယင်းသည် စဉ်းစားတွေးခေါ်မှု သို့မဟုတ် အပြုအမူနှင့်ဆိုင်သော ပြဿနာ မဟုတ်တော့ပေ။ ထိုအစား စာတန်ဆန်သော စိတ်သဘောထား ထုတ်ဖော်ခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက မသိနားမလည်မှုသက်သက်ကြောင့် သူ၏အပြုအမူ၌ အနည်းငယ်သော အတိုက်အခံလုပ်ခြင်းကို ပြသလျှင် သို့မဟုတ် ကျိုးနွံနာခံမှု မရှိလျှင် ဤသည်ကို ဘုရားသခင်က ပြစ်တင်ရှုတ်ချခြင်း မရှိပေ။ တစ်စုံတစ်ဦးသည် သူ၏ စိတ်သဘောထားမှနေ၍ ဘုရားသခင်နှင့် တိုက်ရိုက် အတိုက်အခံလုပ်ပြီး သူ့ကို တမင်သက်သက် အတိုက်အခံလုပ်ပါက ဤအရာသည် သူ့အတွက် ဒုက္ခပြဿနာကို ဖြစ်ပွားစေမည်ဖြစ်ကာ သူသည် ဘုရားသခင်ကို အာခံနေခြင်းပင် ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို တမင်သက်သက် အာခံသောအခါ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် လူတို့၌ အယူအဆများ ရှိသောအခါ ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းသင့်သည်။ ၎င်းတို့၏ အယူအဆများကို ဖြေရှင်းပြီးသောအခါမှသာ သူတို့ကိုယ်တိုင်နှင့် ဘုရားသခင်ကြားမှ အထင်လွဲမှားမှုများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထို့ပြင် သူတို့ကိုယ်တိုင်နှင့် ဘုရားသခင်ကြားမှ အထင်လွဲမှားမှုများ ပြေလည်သောအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်မည်။ လူအချို့က “ကျွန်ုပ်တွင် အယူအဆများမရှိ၊ မိမိကိုယ်တိုင်နှင့် ဘုရားသခင်ကြားမှ အထင်လွဲမှားမှုများမှာ ပြေလည်သွားပြီဖြစ်သည်။ အခြားမည်သည့်အရာကိုမျှ မစဉ်းစားပါ” ဟု ပြောကြသည်။ ဤသည်မှာ လုံလောက်သလော။ အယူအဆများကို ဖြေရှင်းခြင်း၏ ရည်ရွယ်ချက်မှာ အယူအဆများကို ဖြေရှင်းရန်သာမက ယင်းသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်အား ကျိုးနွံနာခံမှုကို ရရှိရန်နှင့် ဘုရားသခင်ကို ကျေနပ်စေရန်သာ ဖြစ်သည်။ လူအချို့က “ကျွန်ုပ်၌ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှားမှုများ မရှိသရွေ့ တော်ပေပြီ။ အရာရာ အဆင်ပြေပြီး ကျွန်ုပ်လုံခြုံမည်” ဟု ပြောကြသည်။ ဤသည်မှာ သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်သကဲ့သို့ ယင်းသည် စစ်မှန်သော ကျိုးနွံနာခံမှုလည်းမဟုတ်။ ပြဿနာကို မဖြေရှင်းရသေးပေ။ အကယ်၍ ပြဿနာကို အမှန်တကယ် ဖြေရှင်းခဲ့လျှင် လူတို့၌ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှားမှုများ မရှိမည်သာမက မိမိတို့ ကြုံတွေ့ရသော အမှုအရာများ၌ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ရည်ရွယ်ချက်များကိုလည်း သိရှိကြပေလိမ့်မည်။ ၎င်းတို့သည် သူတို့၏ကိုယ်ပိုင် အယူအဆများကို စိတ်ဖြာလေ့လာဆွေးနွေးနိုင်ခြင်း ရှိမည်သာမက အယူအဆများရှိသူတို့အား သမ္မာတရားကို မည်သို့ရှာဖွေရမည်ကို သင်ယူရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ရန်အတွက်လည်း ကူညီနိုင်မည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီမည်မဟုတ်လော။ အယူအဆများကို ဖြေရှင်းရာ၌ အဆုံးစွန်ပန်းတိုင်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန်နှင့် သမ္မာတရားလက်တွေ့ကျမှုသို့ ဝင်ရောက်ရန်ဖြစ်ပြီး ဤအရာမှာ အခရာဖြစ်၏။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှားမှုများကိုမျှ ထားရှိခဲ့ခြင်း မရှိဟုဆိုသည်၊ ထို့ကြောင့် သမ္မာတရားကို သင် နားလည်သလော။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက သင်၌ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ သို့မဟုတ် အထင်လွဲမှားမှုများ မရှိလျှင်ပင် သင်သည် ဘုရားသခင်အား ကျိုးနွံနာခံသူတစ်ဦး မဟုတ်သေးချေ။ အထင်လွဲမှားမှုများ မရှိခြင်းသည် သင်က သူ့ကို ကျိုးနွံနာခံနိုင်စွမ်း ရှိသည်ဟု ဆိုလိုရန်ဝေးစွ၊ ဘုရားသခင်ကို သင်နားလည်သည်ဟုပင် မဆိုလိုပေ။ လူတို့သည် အရာရာ အဆင်ပြေသောအခါ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ သို့မဟုတ် အထင်လွဲမှားမှုများ မရှိသော်လည်း ဤအရာက ၎င်းတို့၌ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ သို့မဟုတ် အထင်လွဲမှားမှုများ လုံးဝမရှိဟု မဆိုလိုပေ။ ၎င်းတို့၏ ကိုယ်ကျိုးနှင့်အကျုံးဝင်သည့် အရာတစ်ခုခု ဖြစ်ပျက်သောအခါ၌ ၎င်းတို့၏ အယူအဆများသည် ပင်ကိုအားဖြင့် ပေါ်ထွက်လာပြီး ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှားမှုများ ထားရှိကာ မကျေနပ်ချက်များကိုပင် ထုတ်ဖော်မည်ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးကို အလွန်တရာ အရေးကြီးသည်ဟု ယူဆသောအခါ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ တစ်စုံတစ်ဦး၏ ကိုယ်ကျိုးကို ထိခိုက်သည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ယင်းနောက်တွင် သူ၏ အယူအဆများနှင့် အထင်လွဲမှားမှုများက ပေါ်ထွက်လာပြီး သူက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး အာခံသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ စာတန်ဆန်သော သဘာဝနှင့် စာတန်ဆန်သော စိတ်သဘောထားရှိသည့် လူတို့၌ ဖြစ်တတ်သည့်ပုံဖြစ်၏။ ၎င်းတို့၏ ကိုယ်ကျိုးကိုထိခိုက်သည့် အရာတစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် ဘုရားသခင်အား နောက်ထပ် ကျိုးနွံနာခံနိုင်ခြင်း မရှိသည်သာမက ၎င်းတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများနှင့် သဘောကွဲလွဲသည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတွင်လည်း ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏ အယူအဆများနှင့် အထင်လွဲမှားမှုများမှာ ၎င်းတို့၏ အခြေအနေများနှင့်အတူ ပေါ်ထွက်လာတတ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ခြင်းနှင့် လက်ခံနိုင်ခြင်း မရှိပါက ၎င်းတို့၏ အယူအဆများမှာ မည်သည့်အခါမျှ ပြေလည်တော့မည် မဟုတ်ဘဲ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးမှာ မည်သည့်အခါမျှ ပုံမှန်သို့ ပြန်လည်ရောက်ရှိမည် မဟုတ်တော့ပေ။ အယူအဆများ ထားရှိပြီး ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေသောသူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်လာခဲ့သည်ဖြစ်စေ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည်မဟုတ်ချေ။
လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းသည် အနှစ်မဲ့သော စကားများသာ မဟုတ်ပေ။ သမ္မာတရားနှင့် သဘောကွဲလွဲသည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမှုအရာအမျိုးမျိုးဖြစ်သော ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ အသိပညာ၊ ဒဿနအမြင်များ၊ ရိုးရာယဉ်ကျေးမှု စသည်တို့ကို ဖြေရှင်းဖို့အလို့ငှာ ဤသမ္မာတရားများအားလုံးကို သူကဖော်ပြ၏။ ဤအရာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့် သူသည် အပြုသဘောဆောင်သော အရာများတွင် မည်သည့်အရာပါဝင်သည်၊ အပျက်သဘောဆောင်သော အရာများတွင် မည်သည့်အရာပါဝင်သည်၊ ဘုရားသခင်ထံမှ မည်သည့်အရာများ လာသည်၊ စာတန်ထံမှ မည်သည့်အရာများ လာသည်၊ သမ္မာတရားက မည်သည့်အရာဖြစ်ပြီး စာတန်၏ ဒဿနအမြင်များနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့က မည်သည့်အရာ ဖြစ်သည်တို့ကို လူသားအား နားလည်စေဖို့ အခွင့်ပေး၏။ လူတို့သည် ဤအရာများကို အရှိအတိုင်း မြင်နိုင်ကြသည့်အခါ ဘဝ၏ မှန်ကန်သော လမ်းကြောင်းကို လိုက်စားဖို့ ၎င်းတို့ အလိုအလျောက် ရွေးချယ်ကြလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသည်၊ ဘုရားသခင် စေခိုင်းသည့်အတိုင်း လုပ်ဆောင်နိုင်ကြပြီး အပျက်သဘောဆောင်သော အရာများကို သိမြင်နိုင်ကြလေသည်။ ဤသည်မှာ လူကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး ထိုနည်းတူပင် ယင်းသည် လူတို့ကို သူစုံလင်စေကာ ကယ်တင်သည့် စံနှုန်းလည်း ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် လူသား၏ အယူအဆများကို စိတ်ဖြာလေ့လာသော်လည်း ကျွန်ုပ်၌ အယူအဆများ မရှိပါ။ အယူအဆများရှိသည့် လူတို့သည် ထုံးစံအတိုင်း စဉ်းလဲသော မြေခွေးအိုများ ဖြစ်ကြသည်၊ သို့မဟုတ်ပါက ဓမ္မပညာရှင်များနှင့် ဖာရိရှဲများ ဖြစ်သည်။ ကျွန်ုပ်သည် ထိုသို့မဟုတ်ပါ” ဟု ပြောကြသည်။ ထိုသို့သော အရာမျိုးကို ပြောနိုင်သည့်အရာတွင် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြချေ။ သမ္မာတရားကို မည်ကဲ့သို့ မိတ်သဟာယပြုသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့မှာ ထိုသို့မဟုတ်ဟု တွေးရင်း ယင်းကို မိမိတို့ကိုယ်ကိုနှင့် နှိုင်းယှဉ်ချိန်ဆခြင်း မရှိကြချေ။ ဤသည်မှာ မသိနားမလည်မှုဖြစ်ပြီး ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြချေ။ သင်တို့သည် ဤနည်းဖြင့် တွေးနိုင်ခဲ့ကြသလော။ ယနေ့တွင် လူအများစုသည် ထိုသို့မတွေးကြပေ။ လူတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို စားသောက်ထားပြီး သမ္မာတရားအချို့ကို နားလည်နိုင်သောအခါ လူတိုင်းသည် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့်ဆိုင်သော အရာများကို ပိုင်ဆိုင်ကြောင်းနှင့် လူတိုင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်ကြောင်း ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။ ဤအရာများကို စိစစ်ရာ၌ ရှက်စရာ ဘာမျှမရှိချေ။ ထို့အပြင် ယင်းတို့ကို စိတ်ဖြာလေ့လာပြီးနောက် သူက ယင်းသည် အခြားသူများအား ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိရန် ကူညီလိမ့်မည်ဟု ယုံကြည်ကာ သူကိုယ်တိုင် တိုးတက်ကြီးထွားလာပြီး သမ္မာတရားကို ပို၍လျင်မြန်စွာ နားလည်နိုင်မည် ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပွင့်ပွင့်လင်းလင်း စိတ်ဖြာလေ့လာဆွေးနွေးနိုင်ကြသည်။ အယူအဆများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ ဤအယူအဆများကို ဘေးဖယ်ထားဖို့၊ လူသားနှင့် ဘုရားသခင်ကြားက နားလည်မှုလွဲခြင်းများကို ဖြေရှင်းဖို့ဖြစ်ပြီး၊ ထို့နောက်တွင် လူသားအား ဘုရားသခင် တောင်းဆိုသည့်အရာအပေါ် လူတို့အာရုံစိုက်အောင်၊ ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ မည်သို့ဝင်ရောက်ရမည်ကို လူတို့သိရှိအောင်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မည်သို့လုပ်ဆောင်ရမည်ကို လူတို့သိရှိအောင် ပြုပေးဖို့ ဖြစ်သည်။ ဤနည်းဖြင့် မကြာခဏ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် နောက်ဆုံးတွင် ရည်ရွယ်ထားသည့် အကျိုးတရားကို စွမ်းဆောင်ရရှိပေသည်။ တစ်ဖက်တွင် လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံလာနိုင်ကြလိမ့်မည်ဖြစ်ကာ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဆိုးညစ်သော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ၊ ပြီးလျှင် အသိပညာမှ ထွက်ပေါ်သော အရာများကဲ့သို့သော အပျက်သဘောဆောင်သည့်အရာများစွာကို ငြင်းပယ်ကာ ခုခံဖို့ ခံနိုင်ရည် ရှိကြလိမ့်မည်။ ဘာသာရေး ပညာရှင်တစ်ဦး၊ ဓမ္မပညာရှင်တစ်ဦး၊ သို့မဟုတ် ဘာသာရေး သင်းအုပ်ဆရာတစ်ဦး၊ သို့မဟုတ် အကြီးအကဲတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့နှင့် စကားပြောခြင်းအားဖြင့် ၎င်းတို့ကို သင်ရိပ်စားမိနိုင်ကာ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ မိစ္ဆာအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများ အမြောက်အမြားကို ချေပဖို့ သမ္မာတရားကို အသုံးပြုနိုင်လိမ့်မည်။ ဤအရာက သင်သည် အပျက်သဘောဆောင်သည့်အရာများကို ခွဲခြားနိုင်ကြောင်း၊ သမ္မာတရားအချို့ကို သင်နားလည်ထားပြီးဖြစ်ကြောင်း၊ ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုကို သင်ပိုင်ဆိုင်ထားပြီး၊ ထို့ကြောင့် ဤဘာသာရေး ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရသည့်အခါ ရှိန်ခြင်း မရှိကြောင်းကို ပြသပေသည်။ သင်သည် ဘာသာတရား၏ စကားလုံးများနှင့် အယူဝါဒများ၊ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို ရိပ်စားမိပြီး ဖြစ်သည့်အတွက် ၎င်းတို့ပြောဆိုကြသည့် အသိပညာ၊ သင်ယူလေ့လာမှုနှင့် ဒဿနအမြင်များသည်၊ ၎င်းတို့၏ အတွေးအမြင်စနစ်နှင့် သဘောတရားတို့သည်ပင် ခုခံကာကွယ်ခြင်းငှာ မစွမ်းသာသကဲ့သို့ ထိုအရာများက သင့်ကို အထင်အမြင်မမှားစေနိုင်တော့ပေ။ သို့သော် သင်သည် ထိုနေရာသို့ မရောက်သေး။ ဤဘာသာရေး လူလိမ်များနှင့် ဖာရိရှဲများ၊ သို့မဟုတ် ဂုဏ်ဒြပ်အနည်းငယ်ရှိသည့်သူ တစ်ဦးတလေနှင့် သင်ရင်ဆိုင်ရသည့်အခါ သင်သည် ရှိန်လေသည်။ ၎င်းတို့ပြောဆိုနေသည့်အရာသည် မှားယွင်းကြောင်း၊ ယင်း၌ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ ပါဝင်ကြောင်း၊ အသိပညာမှ ပေါက်ဖွားလာကြောင်းကို သင်သိသော်လည်း ယင်းကို မည်သို့ကိုင်တွယ်ရမည်ကို သင်မသိ၊ မည်သည့်နေရာမှစ၍ ယင်းကို စတင် စိတ်ဖြာလေ့လာဆွေးနွေးရမည်၊ သို့မဟုတ် ဤလူတို့ကို မည်သည့် စကားများဖြင့် ဖော်ထုတ်ရမည်ကို သင်မသိပေ။ ဤအရာက သင်သည် သမ္မာတရားအား နားမလည်သေးသည်ကို ပြသသည်မဟုတ်လော။ (ပြသပါသည်။) ထို့ကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး သမ္မာတရားကို သင်တို့ နားလည်ပြီးသည်နှင့် တစ်ပြိုင်နက် သင်တို့သည် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာနိုင်ကာ လူတို့နှင့်ပတ်သက်၍ မည်သို့ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်ကို သိမည်ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သွားသည့်အခါ အခြားလူတို့ကို သင် ရှင်းလင်းစွာ သိမြင်နိုင်လိမ့်မည် ဖြစ်သည်၊ သို့သော် သမ္မာတရားကို သင်နားမလည်ပါက ၎င်းတို့ကို မည်သည့်အခါတွင်မျှ ရှင်းလင်းစွာ သိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ လူများနှင့် အမှုအရာများကို ရိပ်စားမိဖို့၊ သမ္မာတရားကို သင်နားလည်ရမည်။ သင်၏ အခြေခံအုတ်မြစ်အဖြစ်၊ သင့်အသက်အဖြစ် သမ္မာတရား မရှိဘဲ၊ သင်သည် မည်သည့်အရာကိုမျှ နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။
လူတို့သည် အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို ဖြေရှင်းပြီးချိန်တွင် ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အသိပညာနှင့် အတွေ့အကြုံများ ရှိသွားကြပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့လည်း ၎င်းတို့ဝင်ရောက်ကြပြီး ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း ဖြစ်စဉ်တွင် လူတို့အထဲတွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများသည် တစ်ခုချင်း ဖြေရှင်းခံရပြီး ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ အနှစ်သာရနှင့် လူတို့အပေါ် ဘုရားသခင်ထားရှိသည့် သဘောထား အမျိုးမျိုးနှင့်ဆိုင်သည့် လူတို့၏ အသိပညာတွင် အပြောင်းအလဲတစ်ခု ရှိလေသည်။ ဤအပြောင်းအလဲသည် အဘယ်သို့ ဖြစ်ပေါ်သနည်း။ ယင်းသည် လူတို့က ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများနှင့် လူ၏ စိတ်ကူးထင်မြင်မှုများကို ဘေးဖယ်ထားသည့်အချိန်၊ အသိပညာ၊ ဒဿနအမြင်၊ ရိုးရာယဉ်ကျေးမှု၊ သို့မဟုတ် ကမ္ဘာလောကမှလာသော စိတ်ကူးများနှင့် ရှုထောင့်အမြင်များ အမျိုးမျိုးကို ဘေးဖယ်ထားပြီး ထိုအစား ဘုရားသခင်ထံမှ လာပြီး သမ္မာတရားနှင့် ဆက်စပ်သည့် အမျိုးမျိုးသော ရှုထောင့်အမြင်တို့ကို လက်ခံကြသည့်အခါတွင် ဖြစ်ပေါ်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်အဖြစ် လူတို့ လက်ခံကြသောအခါ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့လည်း ဝင်ရောက်ကြပြီး သမ္မာတရားကို အသုံးပြုရင်း ကိစ္စရပ်အမျိုးမျိုးကို သဘောထားကာ တွေးတောနိုင်ကြ၍ ပြဿနာများကို သမ္မာတရားအား အသုံးပြုရင်း ဖြေရှင်းနိုင်ကြလေသည်။ ဘုရားသခင်အပေါ် လူတို့၏ အမျိုးမျိုးသော အယူအဆများနှင့် အထင်အမြင်လွဲမှားမှုများကို ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက် လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးကို ချက်ချင်း တိုးတက်ကောင်းမွန်စေနိုင်သည့်အပြင် တစ်ချိန်တည်းတွင် မိမိတို့၏ အသက်ဝင်ရောက်မှုအတွက်လည်း လမ်းခင်းပေးရာရောက်ပေသည်။ လူတို့သည် ထိုကဲ့သို့သော အပြောင်းအလဲများကို ရရှိသောအခါ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးက ဘာဖြစ်သွားမည်နည်း။ ယင်းမှာ ဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်၏ ဆက်ဆံရေးမျိုး ဖြစ်သွားသည်။ ဤအဆင့်၌ရှိသော ဆက်ဆံရေးများတွင် အစွမ်းပြိုင်ခြင်းမရှိ၊ စမ်းသပ်မှု မရှိသည့်အပြင် ပုန်ကန်ခြင်း အနည်းငယ်သာ ရှိ၏။ လူတို့သည် ဘုရားသခင်အပေါ် များစွာပို၍ ကျိုးနွံနာခံတတ်လာသည်၊ နားလည်တတ်လာသည်၊ ကိုးကွယ်လာပြီး သစ္စာစောင့်သိလာသည့်အပြင် ရိုးသားလာပြီး ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့လာသည်။ ဤသည်မှာ လူတို့က ၎င်းတို့၏ အယူအဆများကို ဖြေရှင်းပြီးသောအခါ ၎င်းတို့၏ အသက်တာများတွင် ဖြစ်စေသော အပြောင်းအလဲပင် ဖြစ်၏။ အကယ်၍ ဤအပြောင်းအလဲမျိုးကို ရရှိနိုင်လျှင် သင်တို့သည် သင်တို့၏ အယူအဆများကို ဖြေရှင်းလိုစိတ်ရှိမည်လော။ (ရှိပါမည်။) သို့သော် လူတို့၏ အယူအဆများကို ဖြေရှင်းခြင်းသည် အလွန်စိတ်မချမ်းမြေ့စရာ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကို ငြင်းပယ်ရမည်၊ ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားရမည်၊ မှန်သည်ဟု ၎င်းတို့ယုံကြည်သည့် အရာများကို ဘေးဖယ်ထားရမည်၊ ၎င်းတို့ မဆုတ်မနစ် ရှာဖွေနေသည့် အရာများကို ဘေးဖယ်ထားရမည်၊ မှန်ကန်မည်ဟု ၎င်းတို့ယုံကြည်ထားကြပြီး ၎င်းတို့၏ အသက်တာတစ်လျှောက်လုံး ၎င်းတို့လိုက်စားလာပြီး တောင့်တထားကြသည့် အရာများကို ဘေးဖယ်ထားရမည်ဖြစ်သည်။ ဤသည်မှာ လူတို့သည် မိမိတို့ကိုယ်ကို ပုန်ကန်ရမည်၊ စာတန်၏ လောကထံမှ သင်ယူခဲ့ရသည့် အသိပညာ၊ အတွေးအခေါ်များကို၊ ၎င်းတို့၏ ဖြစ်တည်မှု နည်းလမ်းကိုပင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ယင်းတို့ကို အခြားအသက်ရှင်ခြင်းနည်းလမ်း၊ သမ္မာတရားဖြစ်သည့် အရာ၏ အခြေခံအုတ်မြစ်၊ အရင်းအမြစ်တို့နှင့် အစားထိုးရမည်ဟု ဆိုလိုပေသည်။ ထိုသို့ဖြင့်၊ လူတို့သည် ကြီးမားသည့် ဆင်းရဲဒုက္ခကို သည်းခံရမည်ဖြစ်သည်။ ထိုသို့သော ဆင်းရဲဒုက္ခမှာ ရုပ်ပိုင်းဆိုင်ရာ မကျန်းမာမှု၊ သို့မဟုတ် နေ့စဉ်ဘဝ၏ ဆင်းရဲဒုက္ခနှင့် အခက်အခဲများ မဖြစ်နိုင်သော်လည်း၊ ယင်းသည် မတူကွဲပြားသော အမှုအရာများနှင့် လူသားမျိုးနွယ်နှင့်ဆိုင်သည့် သင်၏စိတ်နှလုံးထဲရှိ အမြင်မျိုးစုံထဲက အပြောင်းအလဲတစ်ခုမှ လာကောင်းလာနိုင်သည်၊ သို့မဟုတ် ယင်းသည် ကမ္ဘာလောက၊ လူသားဘဝ၊ လူသားမျိုးနွယ်နှင့် ဘုရားသခင်နှင့်ပင် သက်ဆိုင်သည့် သင်၏အသိပညာနှင့် အမြင်တို့ကို ပြောင်းပြန်လှန်စေသော၊ ဘုရားသခင်နှင့်ပတ်သက်၍ သင်၌ရှိသည့် အသိပညာ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများထဲက အပြောင်းအလဲတစ်ခုမှပင်လျှင် လာကောင်းလာနိုင်ပေသည်။
ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူတို့၏ အယူအဆများအပေါ် ငါတို့ ယခုပင် မိတ်သဟာယပြုခဲ့ပြီး သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့်ဆိုင်သော အခြေခံသဘောထား တစ်ခုကို သင်တို့ရရှိနိုင်ဖို့အလို့ငှာ ဥပမာအချို့ကို ပေးခဲ့သည်။ ထို့နောက်တွင် သင်တို့သည် ထိုအရာကို ထပ်မံ၍ ချင့်ချိန်စဉ်းစားပြီး ထိုအရာအပေါ် အတူတကွ မိတ်သဟာယပြုနိုင်ကာ ကောက်ချက်များ ဆွဲနိုင်သည်၊ ပြီးလျှင် ယင်းတို့ကို တစ်ဆင့်ချင်း မဖြေရှင်းမီ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ပတ်သက်၍ အယူအဆအမျိုးမျိုးကို တဖြည်းဖြည်းချင်း ပြန်လည်သုံးသပ်နိုင်သည်၊ နားလည်နိုင်သည့်အပြင် စိစစ်နိုင်သည်။ အတိုချုပ်အားဖြင့် လူတို့၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သည့် များစွာသော စိတ်ကူးစိတ်သန်းများနှင့် အယူအဆများ ရှိသည်။ ဥပမာအနေဖြင့် လူတို့၏ အသက်တာများ၊ အိမ်ထောင်ရေး၊ မိသားစု သို့မဟုတ် အလုပ်အရဖြစ်စေ အခက်အခဲ တစ်ခုခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ထားရှိပြီးနောက် “ကျွန်ုပ်ကို ဘုရားသခင် အဘယ့်ကြောင့် ကာကွယ်မပေးဘဲ သို့မဟုတ် ကောင်းချီးမပေးဘဲ နေရသနည်း” ဟု ၎င်းတို့၏စိတ်ထဲ၌ အမြဲတမ်းတွေးနေကာ သူနှင့်ပတ်သက်၍ စောဒကတက်ပြီး သူ့ကို ဝေဖန်သုံးသပ်သည်။ ယင်းမှာ “ကောင်းကင်သည် မတရားပါ” ဟူ၍လည်းကောင်း၊ “ကောင်းကင်သည် မျက်စိကန်းသည်” ဟူ၍လည်းကောင်း ဘာသာတရားမရှိသူများက အမြဲတမ်း ပြောသည်နှင့်ပင် တူသည်။ သို့သော် ဤအရာများက မတော်တဆ ဖြစ်ပျက်သည် မဟုတ်ပေ။ ဘဝသည် သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ် ကောင်းသောအခါ လူတို့သည် ဘုရားသခင်အား ကျေးဇူးတင်စကား တစ်လုံးမျှ မပြောဖူးဘဲ ဘုရားသခင်ကိုပင် ငြင်းပယ်ကာ သူ၏ တည်ရှိမှုကို သံသယဝင်နိုင်သည်။ သို့သော် ဘေးဒုက္ခများက လာခေါ်သောအခါ ၎င်းတို့က ဘုရားသခင်ကို ယင်းအတွက် တာဝန်ခံခိုင်းကြပြီး ဘုရားသခင်ကို စတင်၍ ဝေဖန်သုံးသပ်ကာ ပြစ်မှားစော်ကားကြသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်နှင့်တစ်ပြိုင်နက် မည်သည့်အရာကိုမျှ နောက်ထပ် လေ့လာစရာမလို သို့မဟုတ် အလုပ်လုပ်ရန်မလို၊ အချိန်ကျရောက်သောအခါ ဘုရားသခင်သည် ၎င်းတို့အတွက် အရာရာကို ပြင်ဆင်ပေးလိမ့်မည်၊ ထို့ပြင် ၎င်းတို့ အခက်အခဲတစ်ခုခု ရှိသောအခါ ဘုရားသခင်ကို ဆုတောင်းနိုင်ပြီး ထိုကိစ္စကို သူ့အား အပ်နှံနိုင်ကာ ၎င်းတို့အတွက် ထိုအရာကို သူဖြေရှင်းပေးလိမ့်မည်ဟုပင် ထင်မှတ်ကြသည်။ ၎င်းတို့ နာမကျန်းဖြစ်လျှင် ဘုရားသခင် ပျောက်ကင်းစေမည်၊ ဘေးဒုက္ခ ကျရောက်သောအခါ ၎င်းတို့ကို ဘုရားသခင် ကာကွယ်ပေးမည်၊ ဘုရားသခင်၏နေ့ရက် ရောက်ရှိသောအခါ ၎င်းတို့အားလုံး ပုံသဏ္ဌာန် ပြောင်းလဲသွားမည်၊ ထို့ပြင် ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်လျှင် အရာရာ အဆင်ပြေသွားမည်ဟု ယုံကြည်ကြသည်။ ဤအရာများမှာ လူတို့၌ရှိသော စိတ်ကူးစိတ်သန်းများနှင့် အယူအဆများ ဖြစ်သည်။ လူတို့လေ့လာသင့်သော တာဝန်များနှင့်ဆက်စပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာအနေဖြင့် လူတို့သည် ၎င်းတို့၏တာဝန်အတွက် လိုအပ်နေသည့်အရာနှင့်အညီ ယင်းကို လေ့လာသင့်သည်။ ဤသည်ကို လူတစ်ဦး၏ တကယ့်အလုပ်တာဝန်အဖို့ လက်တွေ့ကျကျလုပ်ဆောင်ခြင်းနှင့် ရည်စူးဆက်ကပ်ခြင်းဟု ခေါ်ကာ သူသည် စိတ်ကူးယဉ်နေရုံ၊ သူ၏စိတ်ကူးစိတ်သန်းအပေါ် မှီခိုရုံသာ မပြုသင့်ပေ။ လူတို့ပြုလုပ်ရန် ဘုရားသခင်တောင်းဆိုသော အရာမှာ လူတို့ပြုလုပ်ရမည့်အရာ ဖြစ်သည်၊ လူတို့ထမ်းဆောင်သင့်သည့် တာဝန်များပင် ဖြစ်သည်။ ဤအရာကို လုံးဝ ပြောင်းလဲ၍မရဘဲ တာဝန်ကျေပွန်စွာ သဘောထားပြုမူရမည်။ ဤသည်မှာ သမ္မာတရားနှင့် အညီဖြစ်ပြီး လူတို့အနေဖြင့် ၎င်းတို့၏တာဝန်အပေါ် ရှိသင့်သည့် ရှုထောင့်ပင် ဖြစ်သည်။ ဤအရာသည် အယူအဆမဟုတ်ပေ။ ယင်းသည် သမ္မာတရားဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်၏။ ဘုရားသခင်ပြုလုပ်သော အရာများမှာ လူတို့၏ စိတ်ကူးစိတ်သန်းများနှင့် သဘောကွဲလွဲသည့်အချိန် များစွာရှိသည်။ အကယ်၍ လူတို့သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ဘေးဖယ်ထားနိုင်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဤအရာများကို ကျော်လွှားနိုင်မည်ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းမာပြီး သင်၏အယူအဆများကို မလျှော့တမ်း ဖက်တွယ်နေပါက ယင်းမှာ သမ္မာတရားကို သင်လက်မခံခြင်း၊ မှန်ကန်သောအရာများကို လက်မခံခြင်းနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို လက်မခံခြင်း သဘောသက်ရောက်လေသည်။ သင်သည် သမ္မာတရားကိုဖြစ်စေ၊ မှန်ကန်သော အရာများကိုဖြစ်စေ လက်မခံပါက သင့်ကို ဘုရားသခင်အား ဆန့်ကျင်နေသည်ဟု ဆို၍ရနိုင်သည် မဟုတ်လော။ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများသည် ဘုရားသခင်ထံမှ လာ၏။ အကယ်၍ သင်သည် ယင်းတို့ကို လက်မခံဘဲ ထိုအစား သင်၏ အယူအဆများကို ဖက်တွယ်ထားပါက သင်သည် သမ္မာတရားကို ဆန့်ကျင်သည်မှာ ရှင်းလင်းနေသည်။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူတို့၏ အယူအဆများအကြောင်း ငါတို့၏ မိတ်သဟာယပြုချက်ကို ဤတွင် အဆုံးသတ်မည်။ ကျန်ရှိသည့်အရာမှာ ယနေ့ ဤနေရာ၌ ငါတို့ မိတ်သဟာယ ပြုခဲ့ပြီးသည့် ဤစည်းမျဉ်းများနှင့် နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ယင်းကို မိမိတို့ကိုယ်ကိုနှင့် နှိုင်းယှဉ်ချိန်ဆရန်ပင် ဖြစ်၏။ ဘုရားသခင်အား လူတို့၏ ယုံကြည်ခြင်းနှင့်ဆိုင်သော လူတို့၏ အယူအဆများမှာ အယူအဆသုံးမျိုးအနက် လူသိအများဆုံးနှင့် အခြေခံအကျဆုံး ဖြစ်သည်။ ဤအယူအဆများနှင့် ဆက်နွှယ်သည့် သမ္မာတရားများမှာ အမှန်တကယ် ထိုမျှ ထူးခြားလေးနက်ခြင်း မရှိသောကြောင့် ဤအယူအဆများကို ဖြေရှင်းရန် လွယ်ကူသင့်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။