မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၂) အပိုင်း တစ်
အယူအဆများဆိုင်ရာ အရေးကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့်အခေါက်က အချက်သုံးချက်အကြောင်း ငါတို့ မိတ်သဟာယပြုခဲ့သည်။ ပထမအချက်မှာ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သည့် အယူအဆများဖြစ်သည်။ ဒုတိယမှာ လူဇာတိခံယူခြင်းနှင့်ဆိုင်သည့် အယူအဆများဖြစ်ပြီး တတိယမှာ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် အယူအဆများ ဖြစ်သည်။ ပထမအချက်နှစ်ခုကို ငါတို့ ဆွေးနွေး၍ ပြီးပြီဖြစ်ကာ တတိယအချက်နှင့်စပ်လျဉ်း၍ အတော်အတန် အခြေခံကျသော အယူအဆသဘောဆိုင်ရာ အကြောင်းအရာအချို့ကို ပြောဆိုခဲ့ကြသည်။ ယင်းနောက်တွင် ဤအချက်နှင့် ဆက်နွှယ်သည့် အယူအဆများ၊ သို့မဟုတ် ဤအယူအဆများနှင့် ဆက်နွှယ်သည့် အကြောင်းအရာနှင့်ပတ်သက်၍ အခြားမည်သည့် အကြောင်းအရာသည် ဤအယူအဆများနှင့် ပတ်သက်ပြီး ဤသမ္မာတရားနှင့် ဆက်စပ်ကြောင်း သင်တို့သည် ဂရုတစိုက် ဆင်ခြင်စဉ်းစားခဲ့ကြသလော။ မည်သည့်သမ္မာတရားကမျှ ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်လောက် မရိုးစင်းပေ။ ယင်းတို့အားလုံးတွင် သူ့ကိုယ်၌၏ တကယ့်အဓိပ္ပာယ် ပါရှိကြပြီး ယင်းတို့အားလုံးသည် လူတို့၏ အသက်ဝင်ရောက်မှုသာမက ၎င်းတို့၏ နေ့စဉ်အသက်တာများနှင့် ဘုရားသခင်အား ယုံကြည်မှုဟူသည့် လက္ခဏာသွင်ပြင်များအားလုံးနှင့် ပတ်သက်လေသည်။ သို့ဆိုလျှင် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်နှင့် စပ်လျဉ်း၍ သင်တို့သည် သင်တို့၏ နေ့စဉ်အသက်တာမှနေ၍ အကြောင်းအရာတစ်ခုခုကို သဘောပေါက်မိပြီလော။ သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်နှင့်ဆိုင်သည့် မိတ်သဟာယပြုချက်များကို နားထောင်နေသောအခါ သင်တို့သည် ယင်းမှ တစ်စုံတစ်ခုကို တိုက်ရိုက်သဘောဖြင့်သာ နားလည်နိုင်ပြီး သိသာပေါ်လွင်သော အယူအဆများအား ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ရှိနိုင်သည်။ ယင်းနောက်တွင် ထပ်မံ၍ ဆင်ခြင်စဉ်းစားခြင်း၊ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းအပြင် သင်၏ အတွေ့အကြုံကို အခြေခံ၍ သင်၏ ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယပြုခြင်းတို့အားဖြင့် အနည်းငယ် ပို၍နက်နဲပြီး ပို၍လက်တွေ့ကျသော သိနားလည်မှုကို ရရှိနိုင်လောက်သည်။ ဤသမ္မာတရားသုံးချက်ကို တိုက်ရိုက်သဘောဖြင့် ကြည့်လျှင် မည်သည့်အရာသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဘုရားသခင်၏ စိတ်သဘောထားအား ၎င်းတို့၏ သိနားလည်မှု၊ ၎င်းတို့၏ လက်တွေ့ဝင်ရောက်မှုတို့နှင့် အပတ်သက်ဆုံးဖြစ်သနည်း။ မည်သည့်သမ္မာတရားသည် အခြေအမြစ် အရှိဆုံးနှင့် အလေးနက်ဆုံး ဖြစ်သနည်း။ (တတိယမြောက် သမ္မာတရားဖြစ်သည်။) တတိယမြောက် သမ္မာတရားမှာ အနည်းငယ် ပို၍ အခြေအမြစ်ရှိပေသည်။ ပထမသမ္မာတရားမှာ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သည့် အယူအဆများ ဖြစ်ကာ ဤအယူအဆများသည် အတော်အတန် သိသာပေါ်လွင်ပြီး အပေါ်ယံဖြစ်သော အရာများဖြစ်သည်။ ဒုတိယမှာ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် အယူအဆများဖြစ်ကာ ယင်း၌ လူတို့ မြင်တွေ့နားလည်နိုင်သည့်၊ ၎င်းတို့ ထိတွေ့ပြီး အသက်တာ၌ ဆင်ခြင်တွေးတောနိုင်သည့် အကြောင်းအရာ အနည်းငယ်ပါဝင်သည်။ တတိယမှာ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် အယူအဆများ ဖြစ်ကာ၊ ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်လေသည်။ ဤနောက်ဆုံးသမ္မာတရားသည် အနည်းငယ် ပို၍ လေးနက်၏။ သို့ဆိုလျှင် မည်သည့်အရာများသည် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် အယူအဆများ အတိအကျ ဖြစ်သနည်း။ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်၍ လူတို့၌ မည်သည့်အယူအဆများ ရှိသနည်း။ ၎င်းတို့သည် ဤအယူအဆများကို မည်ကဲ့သို့ နားလည်ပြီး ကိုင်တွယ်သင့်သနည်း။ ထို့ပြင် ယင်းတို့ကို ၎င်းတို့ မည်သို့ ဖြေရှင်းသင့်သနည်း။ ဤသည်မှာ ယနေ့မိတ်သဟာယပြုချက်၏ အကြောင်းအရာဖြစ်သည်။
ဘုရားသခင်၏အလုပ်နှင့်ဆိုင်သည့် လူတို့၏ အယူအဆများသည် ၎င်းတို့၏ တွေးခေါ်မြော်မြင်မှုနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းအား ကျင့်သုံးခြင်းမှနေ၍ ဘုရားသခင်အပေါ် ၎င်းတို့ တောင်းဆိုချက်များ ပြုလုပ်ခြင်းဆီသို့ အရှိန်မြင့်လာလျက် ဘုရားသခင်အပေါ် လွန်ကဲသော လိုအင်ဆန္ဒများရှိကာ သူ့ကို အတိုက်အခံလုပ်ပြီး သူ၏အလုပ်နှင့်ပတ်သက်၍ အချို့သော အကဲဖြတ်ချက်များ သို့မဟုတ် ဝေဖန်ချက်များကို ပြုလုပ်သောအခါ ဤအယူအဆများသည် ရှုထောင့်အမြင်တစ်ခုသက်သက်ဖြစ်စေ၊ ယုံကြည်မှုတစ်ခုသက်သက်ဖြစ်စေ မဟုတ်တော့ဘဲ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်း ပတ်သက်လေသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်လာသည်နှင့် တစ်ပြိုင်နက် ဤသည်မှာ လူတို့အား ဘုရားသခင်ကို ခုခံစေရန်၊ ဝေဖန်သုံးသပ်စေရန်နှင့် သူ့အား သစ္စာဖောက်စေရန်ပင် လုံလောက်သည်။ သို့ဖြစ်၍ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏ အယူအဆများသည် စိတ်ကူးများနှင့် ထင်ကြေးပေးခြင်းတို့ထက် မပိုလျှင် ယင်းက ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ စင်စစ်အားဖြင့် ယင်းတို့သည် ဘုရားသခင်၏အလုပ်အပေါ် ရှုထောင့်အမြင်နှင့် သဘောထားအဖြစ် မြင့်တက်လာပါက၊ ဘုရားသခင်အပေါ် မလျော်ကန်သော တောင်းဆိုချက်များ သို့မဟုတ် ဘုရားသခင်အား ဝေဖန်သုံးသပ်မှုနှင့် ပြစ်တင်ရှုတ်ချမှုအဖြစ် ပြောင်းလဲလာပါက၊ သို့တည်းမဟုတ် ရည်ရွယ်ချက်များ၊ လိုအင်ဆန္ဒများ သို့မဟုတ် ပြင်းပြသော ရည်မှန်းချက်များဖြင့် ပြည့်နှက်လာပါက ဤသည်တို့သည် သာမန်အယူအဆများ မဟုတ်တော့ပေ။ ယင်းတို့သည် သာမန်အယူအဆများ မဟုတ်တော့ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ အဘယ့်ကြောင့်ဆိုသော် ဤအယူအဆများနှင့် အတွေးများသည် သင်၏ အသက်ဝင်ရောက်မှု၊ ဘုရားသခင်၏အလုပ်အပေါ် သင်၏ သိနားလည်မှု၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအား သင် လက်ခံနိုင်ခြင်းနှင့် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိအပြင် သူ့အား သင်၏ အချုပ်အခြာအာဏာပိုင်နှင့် ဖန်ဆင်းရှင်အဖြစ် သင် အသိအမှတ်ပြုနိုင်ခြင်း ရှိမရှိတို့နှင့် ဆက်စပ်ကာ ဤအရာအားလုံးတွင် ဘုရားသခင်အပေါ် သင်၏ရှုထောင့်နှင့် သဘောထားတို့အပေါ် တိုက်ရိုက်ဆက်စပ်မှု ရှိလေသည်။ ယင်းကို ဤပုံစံအတိုင်းကြည့်လျှင် လူတို့အနေဖြင့် ဤအယူအဆများရှိခြင်းသည် ကြီးလေးသော ပြဿနာတစ်ခုဟုတ်သလော။ (ဟုတ်ပါသည်။) ဤအယူအဆများကို စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အယူအဆသဘောတရားဆိုင်ရာ ရှုထောင့်အမြင်မှဆိုလျှင် ယင်းတို့သည် အနည်းငယ် ယေဘုယျသဘော ဆန်ကောင်းဆန်မည်ဖြစ်သည်၊ သို့မဟုတ် သင်တို့၏ နေ့စဉ်အသက်တာများမှနေ၍ အနည်းငယ် ကွာခြားကောင်း ကွာခြားမည်ဖြစ်သည်။ သို့ဖြစ်၍ လူတို့၏ အယူအဆများကို စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်ကဲ့သို့ အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည်ကိုလည်းကောင်း၊ ဘုရားသခင့်အလုပ်၏ တကယ့် အနေအထားများမှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း လူတို့အား မြင်တွေ့ခွင့်ပေးရန်အလို့ငှာ နေ့စဉ်အသက်တာ၌ သို့မဟုတ် လူသားမျိုးနွယ်ကြား၌၊ သို့တည်းမဟုတ် ၎င်းတို့၏ ကံတရားနှင့်ပတ်သက်၍၊ သို့တည်းမဟုတ် အသက်တာအပေါ်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုအပေါ် ၎င်းတို့၏ အမျိုးမျိုးသော အမြင်များ၊ သဘောထားများနှင့်ပတ်သက်၍ ငါတို့ တွေ့မြင်နိုင်သည့် ၎င်းတို့၏ အသက်ရှင်မှုအခြေအနေနှင့်ဆိုင်သော အမျိုးအစားအမျိုးမျိုးအကြောင်း အနည်းငယ် ပို၍ပြောကြစို့။ ဤသည်မှာ မိတ်သဟာယပြုဖို့ မလွယ်ကူလှသော အကြောင်းအရာတစ်ခု ဖြစ်သည်။ မိတ်သဟာယပြုချက်သည် အယူအဆသဘောတရား ဆန်လွန်းလျှင် လူတို့က ယင်းသည် အနှစ်သာရမဲ့သည်ဟု ခံစားကြမည်ဖြစ်သည်။ စင်စစ်အားဖြင့် ယင်းသည် အသေးအဖွဲကိစ္စများနှင့် ပတ်သက်လွန်းလျှင် သို့မဟုတ် လူတို့၏ တကယ့်ဘဝများနှင့် နီးစပ်လွန်းလျှင် ၎င်းတို့က ယင်းသည် အလွန်ပေါ့တန်သည်ဟု ထင်ကြမည်ဖြစ်ကာ ဤပြဿနာမျိုးတို့ ရှိမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အတော်အတန် လွယ်ကူရိုးစင်းပြီး နားလည်ရလွယ်ကူသော နည်းဖြစ်သည့် ဇာတ်လမ်းတစ်ခုကို ပြောခြင်းဖြင့်ပင် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုကြစို့။ ထိုဇာတ်လမ်း၏ ဇာတ်ကွက်နှင့် ဇာတ်ကောင်များသာမက ထိုဇာတ်လမ်းကိုယ်၌တွင် ထင်ဟပ်သည့် အသက်ရှင်မှုနှင့်ဆိုင်သည့် အတွေးအခေါ်နှင့် လူတို့မြင်တွေ့သည့် ဖြစ်စဉ်တို့အားဖြင့်လည်း လူတို့သည် ဘုရားသခင်က သူ၏အလုပ်ကို လုပ်ဆောင်သည့် နည်းလမ်းများနှင့် နည်းစနစ်များအချို့ကိုသာမက ဘုရားသခင်၏ အလုပ်၊ အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုတို့နှင့် စပ်လျဉ်း၍ လက်တွေ့ဘဝထဲတွင် လူတို့၌ရှိသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များ၊ သို့မဟုတ် လူတို့ဖက်တွယ်ထားသည့် မမှန်ကန်သော အရာအချို့ကိုလည်း နားလည်နိုင်ကြမည်ဖြစ်သည်။ ဤပုံစံအတိုင်း မိတ်သဟာယပြုသောအခါ လူတို့အနေဖြင့် နားလည်ဖို့ အနည်းငယ် ပို၍လွယ်ကူသည်။
ဇာတ်လမ်းက ဤသို့ဖြစ်၏။ တစ်ခါက ထိုမျှ မချမ်းသာသော မိသားစုတစ်စု၌ မွေးဖွားလာသည့် မိန်းမငယ်လေးတစ်ယောက် ရှိခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက ဆန္ဒတစ်ခုရှိခဲ့သည်။ သူမသည် ဘဝတွင် ချမ်းသာဖို့ သို့မဟုတ် ကြွယ်ဝဖို့ မတောင်းဆိုခဲ့။ သူမ လိုချင်သည်မှာ မှီခိုအားထားစရာ လူတစ်ဦးမျှသာ ဖြစ်သည်။ ဤဆန္ဒသည် လွန်ကဲလွန်းသလော။ ယင်းသည် အလွန်အကျွံတောင်းဆိုခြင်း ဖြစ်သလော။ (မဖြစ်ပါ။) သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ သူမ လူလားမမြောက်မီ သူမ၏ဖခင် ကွယ်လွန်သွားခဲ့သဖြင့် အကျိုးဆက်အနေဖြင့် သူမသည် ဘဝတွင် မှီခိုအားထားစရာ တစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။ ဤဘဝတွင် သူမ မှီခိုအားထားနိုင်မည့် အဓိကလူ၊ သူမ အားကိုးရနိုင်မည်ဟု သူမ၏နုနယ်သောစိတ်ထဲတွင် တွေးထင်ခဲ့သည့် တစ်ဦးတည်းသောလူကို ဆုံးရှုံးခဲ့ရသည်။ သူမ၏ နုနယ်သောစိတ်သည် ကြီးမားသော မချိတင်ကဲဝေဒနာဖြင့် ဖိစီးခဲ့ပြီ မဟုတ်လော။ ဤသို့သောအရာမျိုး ဖြစ်ပျက်ခဲ့သည့်အတွက် ယင်းက သူမအား ကြီးမားသော မချိတင်ကဲဝေဒနာကို ဖြစ်စေခဲ့ရပေမည်။ သူမ၏ စိတ်နှလုံးထဲ၌ စိတ်ဒဏ်ရာရှိခဲ့သလော။ စိတ်ဒဏ်ရာ တကယ့်ကို ရှိခဲ့ပေသည်။ ထိုစိတ်ဒဏ်ရာမျိုးက မည်ကဲ့သို့ ဖြစ်လာခဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် သူမ၏ နုနယ်သောစိတ်ထဲတွင် “ငါသည် အမှီအခိုကင်းပြီး နေနိုင်သည်။ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်သည်။ ငါသည် မိဘများကို မှီခိုအားထားစရာ မလိုတော့” ဟု ဆိုလျက် အဆင်သင့်ဖြစ်ခဲ့ခြင်း မရှိသေးချေ။ လူတို့ဆိုသည့်အတိုင်း သူသည် အတောင်စုံဖို့ လိုသေးသည်။ သူမ၏ ရိုးစင်းသောအတွေးများထဲတွင် သူမ၏ အနာဂတ်နှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်ရမည် သို့မဟုတ် သူမ၏ မိဘများမပါဘဲ မည်သို့ရှင်သန်ရမည်ကို စဉ်းစားဖို့ အရွယ်မရောက်သေးပေ။ ထိုသို့သောအရာများကို သတိမမူမိသေးမီ ဤအခြေအနေတွင် သူမ၏ဖခင် ဆုံးပါးသွားခဲ့ခြင်းဖြစ်ကာ ယင်းမှာ ဘဝတွင် သူမ၏ အမှီသဟဲပြုစရာ လမ်းစ မရှိတော့သည့်အပြင် အချိန်ကာလများသည် ယခင်ကထက် ပို၍ပင် ကြမ်းတမ်းလာတော့မည့် လက္ခဏာဖြစ်လေသည်။ ထို့နောက်တွင် သူမ၏ နေ့ရက်ကာလများက မည်သို့ရှိခဲ့ရမည်ကို သင် စိတ်ကူးကြည့်နိုင်သည်။ သူမ၏မိခင်နှင့် မောင်ငယ်လေးတို့နှင့်အတူ အလျဉ်မီရုံမျှဖြင့် ခက်ခဲကြမ်းတမ်းသော ဘဝကို နေထိုင်ခဲ့ရသည်။ သို့သော် သူမ မည်သို့ပင် မချိတင်ကဲခံစားရစေကာမူ ဘဝကို ရှေ့ဆက်ရဦးမည် ဖြစ်သောကြောင့် သူမ၏မိခင်နှင့် မောင်လေးကို အဖော်ပြုလျက် စမ်းတဝါးဝါးဖြင့်ပင် ဆက်လျှောက်ခဲ့လေသည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူမသည် အရွယ်ရောက်လာခဲ့ပြီး သူမ၏မိခင်နှင့် မောင်လေးတို့၏ စားဝတ်နေရေးစရိတ်အတွက် ထောက်ပံ့ပေးနိုင်ရန် အမှီအခိုမရှိဘဲ ငွေအနည်းငယ် ရှာနိုင်ခဲ့သည်။ သို့သော်လည်း သူတို့သည် ဘဝတွင် နည်းနည်းမျှ မချမ်းသာခဲ့ပေ။ ဤကာလတစ်လျှောက်လုံးတွင် သူမ၏ အတွင်းကျကျ စိတ်ဆန္ဒမှာ မပြောင်းလဲခဲ့ပေ။ သူမသည် မှီခိုအားထားစရာ လူတစ်ဦး လိုအပ်ခဲ့သည်။ သို့သော် ယင်းမှာ မည်သို့သော လူစားမျိုးနည်း။ သူမ မှီခိုအားထားလိုသူသည် မည်သို့သောလူမျိုး အတိအကျ ဖြစ်သနည်း။ ယင်းတို့ကို ငါ့အား သင်တို့ သရုပ်ဖော်ပြကြလော့။ “မှီခိုအားထားစရာ လူတစ်ဦး” ဟူသည်မှာ အရိုးရှင်းဆုံး ဝေါဟာရဖြင့် မည်သို့သောလူကို ဆိုလိုသနည်း။ ယင်းမှာ သူမအနေဖြင့် အပြင်ထွက်ပြီး မိမိဘာသာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ငွေရှာရန် သို့မဟုတ် မည်သည့်နာကျင်မှုမျှ ခံစားရန် မလိုဘဲ သူမအား အသက်ရှင်ဖို့ ငွေကြေးကိုသာမက အစားအသောက်နှင့် အဝတ်အထည်ကိုပါ ပေးနိုင်မည့်သူ လူတစ်ဦးကို ဆိုလိုသည်။ အနည်းဆုံးအနေဖြင့် အမှုအရာများ လွဲချော်သွားသည့်အခါတိုင်း သူမအမှီပြုနိုင်သော လူတစ်ဦး၊ လူတို့ဆိုသည့်အတိုင်း သူမအတွက် ကျောထောက်နောက်ခံအဖြစ် ရှိပေးမည့် လူတစ်ဦး၊ ယင်းမှာ သူမ မှီခိုအားထားဖို့ မျှော်လင့်ခဲ့သည့် လူစားမျိုးပင် ဖြစ်သည်။ ထိုသူ့အနေဖြင့် သူမအား ဘဝတွင် မကူညီနိုင် သို့မဟုတ် ငွေကြေးဖြင့် မထောက်ပံ့နိုင်လျှင်ပင် အနည်းဆုံး တစ်စုံတစ်ရာ လွဲချော်သည့်အခါတိုင်း သို့မဟုတ် မချိတင်ကဲ ခံစားရသည့်အခါတိုင်း သူမကို နှစ်သိမ့်အားပေးမည့်သူ၊ ခက်ခဲကြမ်းတမ်းသော အချိန်များတွင် သူမကို ကူညီနိုင်ပြီး ဘေးဒုက္ခကို ခါးစည်းခံပြီး ကျော်ဖြတ်ဖို့ ကူညီနိုင်မည့် လူတစ်ဦးရှိမည်။ ဤသည်မှာ သူမ ဆန္ဒပြုခဲ့သည့်အရာ ဖြစ်၏။ ဤတောင်းဆိုခြင်းသည် အလွန်အကျွံ ဖြစ်သွားသလော။ ဤဆန္ဒသည် လက်တွေ့မကျနိုင်အောင် ဖြစ်ခဲ့သလော။ ထိုတောင်းဆိုခြင်းသည် အလွန်အကျွံ မဟုတ်သည့်အပြင် လက်တွေ့မကျနိုင်သော ဆန္ဒတစ်ခု မဟုတ်ပေ။ လူများစွာတို့ကလည်း ဤကဲ့သို့ ရိုးစင်းသောအရာ တစ်ခုခုကို ဆန္ဒပြုကြသည်မဟုတ်လော။ လူအနည်းငယ်တို့ကသာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုမှလွဲ၍ တစ်စုံတစ်ဦးအပေါ် မှီခိုအားထားစရာ မလိုဘဲ မွေးဖွားလာခဲ့သည်ဟု ပြောနိုင်ကြသည်။ ဤကမ္ဘာပေါ်နှင့် လူ့အသိုင်းအဝိုင်းတစ်ခုထဲတွင် နေထိုင်ကြသော လူအများစုသည် မိတ်ဆွေတစ်ဦး သို့မဟုတ် မှီခိုအားထားစရာ တစ်စုံတစ်ယောက်ရှိဖို့ မျှော်လင့်ကြပြီး ဤမိန်းကလေးသည်လည်း ခြွင်းချက်မဟုတ်ချေ။
တစ်ခဏအတွင်း၌ သူမသည် အိမ်ထောင်ပြုနိုင်သော အရွယ်သို့ ရောက်လာခဲ့ပြီး မှီခိုအားထားနိုင်မည့် တစ်စုံတစ်ယောက်၊ အားကိုးရလောက်သော တစ်စုံတစ်ယောက်ကို ရှာတွေ့ရန် သူမ ဆန္ဒပြုနေသေးသည်။ ထိုပုဂ္ဂိုလ်သည် ထွေထွေထူးထူး ကြွယ်ဝချမ်းသာဖို့၊ သူမကို ဖဲမွေ့ယာရွှေကော်ဇောပေါ် တင်ထားဖို့ မလိုအပ်သည့်အပြင် ထိုသူသည် အလွန်စကားပြောကောင်းသူတစ်ဦး ဖြစ်ဖို့ မလိုအပ်ပေ။ သူမ ဒုက္ခအရောက်ဆုံး ဖြစ်သည့် အချိန်တိုင်း သို့မဟုတ် အခက်အခဲ သို့မဟုတ် နာမကျန်းခြင်းကို အကြီးအကျယ် ကြုံတွေ့ရသည့် အချိန်တိုင်း သူမကို နှစ်သိမ့်စကား အနည်းငယ်မျှသာ ပေးဖို့အတွက်ပင်ဖြစ်စေ သူမကိုအားပေးရန် အဆင်သင့်ဖြစ်ဖို့သာ လိုသည်။ ဤသည်မှာ လွယ်လင့်တကူ ပြည့်စုံလာနိုင်မည့် ဆန္ဒတစ်ခုလော။ မသေချာပေ။ လူတို့၏ ဆန္ဒများသည် ၎င်းတို့အား ဘုရားသခင်ပေးဖို့ သို့မဟုတ် ၎င်းတို့၌ ပြီးမြောက်ဖို့ စီစဉ်ခဲ့သည့်အရာ ဟုတ်မဟုတ်ကိုဖြစ်စေ၊ နောက်ဆုံးတွင် ၎င်းတို့၏ဆန္ဒများသည် ၎င်းတို့၏ ကံတရား၌ ကြိုတင်ပြဋ္ဌာန်းထားခြင်း ရှိမရှိကိုဖြစ်စေ မည်သူမျှမသိချေ။ ထို့အတွက်ကြောင့် ဤမိန်းကလေး၏ ဆန္ဒသည် ပြည့်စုံလာမည်၊ မလာမည်ကို မည်သူမျှမသိ၊ သူမကိုယ်တိုင်လည်း မသိခဲ့ချေ။ သို့သော်လည်း သူမသည် ဘဝ၏ နောက်တစ်ဆင့်သို့ ရှေ့ဆက်သည့်အခါတွင် ဤဆန္ဒကို ဆက်လက်၍ ဆုပ်ကိုင်နေဆဲပင်။ ထိုအချိန်တွင် သူမသည် အလွန် စိုးရိမ်ကြောင့်ကြပြီး စိတ်မအေးဖြစ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုနေ့ရက်က ရောက်ရှိလာခဲ့ပေပြီ။ လက်ထပ်ဖို့ သူမစဉ်းစားနေသော လူသည် အမှန်ပင် သူမဘဝတစ်လျှောက်လုံး မှီခိုအားထားနိုင်သူတစ်ဦး ဖြစ်မည်မဖြစ်မည်ကို မသိခဲ့သော်လည်း “ဤလူသည် ငါအားကိုးနိုင်မည့် လူတစ်ဦး ဖြစ်သင့်သည်။ ငါ့ဘဝ၏ ကုန်လွန်သော အနှစ်နှစ်ဆယ်ကျော်မျှသည် ခက်ခဲလှပေသည်။ အားကိုး၍ မရသောသူတစ်ဦးနှင့် ပေါင်းဖက်ရလျှင် ငါ့ဘဝတစ်လျှောက်လုံး ပို၍ပင် ခက်ခဲမည်။ အခြားမည်သူ့ကို ငါ မှီခိုအားထားနိုင်တော့မည်နည်း” ဟု သူမ၏စိတ်နှလုံးထဲ၌ ရိုးသားစွာဖြင့် မျှော်လင့်နေသေးသည်။ သူမ နာကျင်စွာ ခံစားခဲ့ရသော်လည်း ဘာမျှ မတတ်နိုင်ခဲ့သဖြင့် ဆက်၍သာ မျှော်လင့်နေခဲ့သည်။ လူတို့သည် ဤဘဝ၌ အဘယ့်ကြောင့် ရှင်သန်နေရပြီး ဘဝကို မည်သို့ဖြတ်သန်းသင့်ကြောင်း မသိသောအခါ အသက်ဆက်ရှင်ရဖို့အတွက် ဤသို့သောဆန္ဒနှင့် မသိရသော မျှော်လင့်ချက်မျိုးဖြင့် စမ်းတဝါးဝါး ဆက်လျှောက်ရသည်။ ဤအခိုက်အတန့် ရောက်လာသောအခါ သူမသည် အနာဂတ်က မည်သို့ရှိမည်ကို မသိခဲ့ချေ။ အနာဂတ်သည် မသိရသောအရာဖြစ်၏။ သူမသည် ရှေ့ဆက်၍သာ သွားရသည်။ သို့ရာတွင် အကြောင်းတရားများစွာသည် မကြာခဏပင် လူတို့၏ ဆန္ဒများနှင့် ဆန့်ကျင်လျက် ဖြစ်ပျက်တတ်သည်။ ယခုလောလောဆယ်တွင် ဘုရားသခင်သည် လူတို့၏ ကံကြမ္မာအား အဘယ့်ကြောင့် ဤပုံစံအတိုင်း စီမံသည်ကို ထင်မြင်ချက်မပေးကြစို့ရဲ့။ ယင်းသည် ဘုရားသခင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော အစီအမံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် မသိနားမလည်မှုက ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် တောင်းဆိုမှုများကို ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ထားပြီးသည့် ကံကြမ္မာနှင့် လုံးလုံးဆန့်ကျင်စေခဲ့သောကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဤသို့ဖြင့် ၎င်းတို့၏ ဆန္ဒများသည် မကြာခဏ ပြည့်စုံမလာနိုင်သည့်အပြင် အမှုအရာများသည် မကြာခဏဆိုသကဲ့သို့ ၎င်းတို့ မျှော်လင့်ထားခဲ့သည့်အတိုင်း ဖြစ်မလာတတ်ချေ။ ဤအရာအားလုံးကို လောလောဆယ် မဆွေးနွေးကြစို့ရဲ့။ အလျင်ဦးစွာ ဇာတ်လမ်းကိုသာ ဆက်ပြောကြစို့။
ထိုမိန်းကလေး အိမ်ထောင်ပြုပြီးနောက် သူမ၏ဆန္ဒကို ဆက်လက်စွဲကိုင်ထားရင်း ဘဝ၏ နောက်တစ်ဆင့်သို့ ဝင်ရောက်ခဲ့သည်။ ဘဝ၏ ဤအဆင့်တွင် သူမကို မည်သည့်အရာက စောင့်ကြိုနေခဲ့သနည်း။ သူမ မသိခဲ့သော်လည်း မသိရသောအရာကို ကြောက်ရွံ့နေရုံမျှဖြင့် ယင်းကို ရှောင်လွှဲ၍ မရပေ။ သူမသည် အားတင်းပြီး ရှေ့ဆက်ခဲ့ရသည့်အပြင် နေ့ရက်စဉ်တိုင်း၌ အသက်ရှင်နေရသေးသည်။ သူမဘဝ၏ အဓိကကျသော ဤအချိုးအကွေ့တွင် သူမအတွက် ဘုရားသခင် စီစဉ်ထားခဲ့ပြီးသော ကံကြမ္မာက နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကာ ယင်းမှာ သူမတောင့်တနေခဲ့သော အရာနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ သူမတောင့်တနေခဲ့သည့် ရိုးရှင်းသော အိပ်ရာ၊ စာရေးစားပွဲလေးတစ်လုံး၊ ရိုးရှင်းသော၊ သန့်ရှင်းသော အခန်းတစ်ခန်း၊ ခင်ပွန်းသည်နှင့် သားသမီးများဖြင့် ရိုးစင်းသော မိသားစုဘဝဟူသည့် သူမလိုချင်ခဲ့သော ဤရိုးရှင်းသောဘဝက မည်သည့်အခါမျှ ဖြစ်မလာခဲ့ပေ။ သူမအိမ်ထောင်ကျပြီးနောက် သူမ၏ အမျိုးသားသည် အလုပ်ကြောင့် အိမ်မှဝေးကွာလျက် တစ်နှစ်ပတ်လုံး နေရသဖြင့် ခွဲခွာ၍ နေထိုင်ခဲ့ရသည်။ ထိုကဲ့သို့သော ဘဝတစ်ခုက အမျိုးသမီးတစ်ဦးအတွက် မည်သည့်အလားအလာ ရှိသနည်း။ ယင်းမှာ အနိုင်ကျင့်ခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းဟူသည့် အလားအလာပင်။ ထိုသို့သော အသက်ရှင်မှုဝန်းကျင်မျိုးကို ရင်ဆိုင်ရခြင်းက သူမ၏ဘဝနှင့် ကံကြမ္မာအတွက် နောက်ထပ်ထိုးနှက်ချက် ဖြစ်၏။ ဤသည်မှာ သူမအနေဖြင့် မည်သည့်အခါမျှ မမျှော်မှန်းခဲ့ဖူးသော အရာတစ်ခု ဖြစ်သည့်အပြင် မည်သည့်အခါမျှ မမြင်တွေ့လိုခဲ့သော သို့မဟုတ် ရင်မဆိုင်လိုခဲ့သော အရာတစ်ခုလည်း ဖြစ်သည်။ သို့သော် ယခုတွင်မူ အဖြစ်မှန်တို့က သူမ၏ ဆန္ဒများ၊ စိတ်ကူးများနှင့် လုံးလုံးလျားလျား ကွဲလွဲနေသည်။ သူမ မမြင်တွေ့လိုခဲ့သည့် သို့မဟုတ် မတွေ့ကြုံလိုခဲ့သည့် အရာက သူမအပေါ် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။ သူမ၏ အမျိုးသားသည် တစ်နှစ်ပတ်လုံးလုံး အလုပ်ဖြင့် အဝေးရောက်နေခဲ့သည်။ သူမသည် ဘဝတွင်ရော ငွေရေးကြေးရေးတွင်ပါ အမှီအခိုမရှိဘဲ ဖြစ်ခဲ့ရသည်။ ငွေတောင်းခံလွှာများ ပေးချေဖို့ရန်အတွက် အပြင်ထွက်ပြီး သူမကိုယ်တိုင် ငွေရှာရသည်။ ဘဝတွင် သူမကိုကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဘဲ အရာရာအတွက် မိမိကိုယ်ကိုသာ အားကိုးခဲ့ရသည်။ ထိုသို့သော အသက်ရှင်မှုဝန်းကျင်မျိုးတွင် ဤအမျိုးသမီးသည် သူမ မှီခိုအားထားနိုင်မည့် လူတစ်ဦးနှင့် ပေါင်းဖက်ခဲ့ရသလော၊ သို့မဟုတ် လုံးဝ မပေါင်းဖက်ခဲ့ရဘူးလော။ (လုံးဝ မပေါင်းဖက်ခဲ့ရပါ။) အိမ်ထောင်ပြုပြီးနောက်တွင် သူမ၏ဆန္ဒ ပြည့်ဝခဲ့သလော၊ သို့မဟုတ် လွင့်စဉ်သွားခဲ့သလော။ (လွင့်စဉ်သွားခဲ့သည်။) သူမဘဝ၏ အရေးကြီးသော ဒုတိယအဆင့်တွင် သူမ၏မျှော်လင့်ချက်က နောက်တစ်ကြိမ် လွင့်စဉ်သွားခဲ့ပြီး မှီခိုအားထားရမည့်သူ တစ်ဦးမျှ မရှိခဲ့သည်မှာ အသိသာကြီးပင်။ ဘဝတွင် သူမ မှီခိုအားထားနိုင်မည်ဟု စိတ်ကူးထားခဲ့သူသည် သူမ၏နံဘေးတွင် မရှိသည့်အပြင် လုံးဝ မှီခိုအားထား၍ မရခဲ့ပေ။ သူမ၏ ခွန်အားမဏ္ဍိုင်၊ သူမ၏ ကျောက်ဆောင်နှင့် မှီခိုအားထားရမည့်သူဟု သူမ မှတ်ယူခဲ့သော ပုဂ္ဂိုလ်မှာ လုံးဝမှီခိုအားထား၍ မရခဲ့ပေ။ အရာရာကို သူမကိုယ်တိုင် လုပ်ဆောင်ရကာ အရာရာကို မိမိဘာသာ ကိုင်တွယ်ဖြေရှင်းပြီး ရင်ဆိုင်ရသည်။ သူမ၏ အခက်ခဲဆုံးအချိန်များတွင် သူမ၏ ဒုက္ခပြဿနာများကို ဖွင့်ပြောစရာ တစ်ယောက်မျှမရှိဘဲ အိပ်ရာထဲ၌သာ ပုန်းအောင်းပြီး အိပ်ရာဖုံးအောက်၌ ငိုကြွေးရသည်။ သူမ၏ ဂုဏ်သိက္ခာ၊ ယှဉ်ပြိုင်လိုစိတ်နှင့် မိမိကိုယ်ကို တန်ဖိုးထားခြင်းတို့ကြောင့် သူမသည် မကြာခဏ အထင်ကြီးလောက်စရာ အပြင်ပန်းကို ပြသပြီး စိတ်ဓာတ်ကြံ့ခိုင်သော အမျိုးသမီးတစ်ဦးအဖြစ် ထင်မြင်ရသော်လည်း အတွင်းစိတ်ထဲ၌မူ သူမသည် အမှန်တွင် အလွန်နုနယ်လှ၏။ အားပေးမှုလိုအပ်ပြီး မှီခိုအားထားရမည့်သူ တစ်ဦးကို တောင့်တနေသော်လည်း ဤဆန္ဒက ပြည့်စုံမလာခဲ့သေးချေ။
နောက်ထပ်နှစ်အနည်းငယ် ကုန်လွန်ပြီးနောက် သူမသည် ကလေးငယ်များတန်းလန်းဖြင့် ဟိုပြောင်းသည်ရွှေ့ ဖြစ်နေကာ အိမ်များငှားနေရပြီး နေစရာ အတည်တကျမရှိသည့် ဘဝဖြင့် အသက်ရှင်နေရသည်။ ဤသို့အားဖြင့် ဘဝအတွက် သူမ၏ အခြေခံအကျဆုံးသော လိုအပ်ချက်တစ်ခုက နှစ်ကာလများ ကုန်လွန်သည်နှင့်အမျှ တစ်စတစ်စဖြင့် တဖြည်းဖြည်းချင်း ပျက်စီးသွားခဲ့သည်။ သူမလိုချင်ခဲ့သမျှမှာ အိပ်ရာတစ်ခု၊ စာရေးစားပွဲလေးတစ်လုံး၊ ချက်ပြုတ်ရန် မီးဖိုတစ်လုံးနှင့် စားပွဲပတ်လည်တွင် သူမ၏မိသားစုများနှင့် ဝိုင်းဝန်းစားသောက်နိုင်ရန်၊ ကြက်အနည်းငယ်မွေးရန်နှင့် ရိုးရှင်းသော ဘဝတစ်ခုကို နေထိုင်ရန်အတွက် အိမ်ခန်းကလေးတစ်ခန်းသာ ဖြစ်သည်။ သူမသည် ချမ်းသာဖို့ သို့မဟုတ် ကြွယ်ဝဖို့ မမျှော်လင့်ခဲ့ချေ။ ဘဝသည် ရိုးရှင်းပြီး ငြိမ်းချမ်းကာ မိသားစုများ အတူတကွရှိနေသရွေ့ လုံလောက်ပြီ။ သို့ရာတွင် ယခု သူမတတ်နိုင်သမျှမှာ ကလေးများ တသီတတန်းကြီးဖြင့် လက်လှုပ်မှ ပါးစပ်လှုပ်ရမည့်ဘဝဖြင့် အသက်ရှင်ရခြင်း ဖြစ်၏။ သူမ၌ မှီခိုအားထားစရာ မည်သူမျှ မရှိသည်သာမက ပို၍ပင် ဆိုးသည်မှာ သူမသည်သာ သားသမီးများ မှီခိုအားထားနေရသောသူ ဖြစ်လာရလေသည်။ ဤသေမျိုးတို့၏ ကမ္ဘာတွင် အသက်ရှင်နေခြင်းက အလွန် စိတ်ဆင်းရဲရသည့်အတွက်ကြောင့်၊ ဤကဲ့သို့ အသက်ရှင်ခြင်းက ပင်ပန်းပြီး နာကျင်လွန်းလှသောကြောင့် သူမအနေဖြင့် လူ့အသိုင်းအဝိုင်းမှ ကင်းကွာပြီး ဤဒုက္ခဆင်းရဲမှ ဝေးကွာလျက်၊ မည်သူ့ကိုမျှ မှီခိုအားထားရခြင်း မရှိသည့်အပြင် မိမိအပေါ် မှီခိုအားထားမည့်သူ တစ်ဦးမျှမရှိသည့် ဗုဒ္ဓဘာသာ သီလရှင်တစ်ဦး ဖြစ်လာခြင်း၊ သို့မဟုတ် မိမိ၏ စိတ္တသီလများကို ပျိုးထောင်ဖို့ နေရာတစ်နေရာ ရှာဖွေခြင်းအားဖြင့် ဤစိတ်ဆင်းရဲမှုကို ဖြေရှင်းဖို့အတွက် လမ်းတစ်လမ်း ရှာတွေ့ကောင်း ရှာတွေ့နိုင်မည်ဟုလည်း စဉ်းစားမိသည်။ သို့ဆိုလျှင် သူမကို စိတ်ဓာတ်ခွန်အားဖြစ်စေပြီး အသက်ဆက်ရှင်စေသည့် တစ်ခုတည်းသော အရာမှာ အဘယ်နည်း။ (သူမ၏ သားသမီးများဖြစ်သည်။) မှန်ပေသည်။ အကယ်၍ သူမ၌ သားသမီးများ မရှိခဲ့လျှင် အသက်ရှင်ရသည့် နေ့ရက်တိုင်းက ပို၍ပင် နာကျင်ရမည် ဖြစ်ပါသော်လည်း သားသမီးများ ရှိလာသည့်အခါတွင် သူမသည် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရပြီး သူတို့ မှီခိုအားထားရသောသူ ဖြစ်လာခဲ့သည်။ သူမ၏သားသမီးများက “မေမေ” ဟု ခေါ်သောအခါ သူမပခုံးထက်က ဝန်ထုပ်သည် လေးလံလွန်းလှသည်၊ သူမ၏ တာဝန်ဝတ္တရားများကို ဤအတိုင်း လျစ်လျူရှု၍ မထားနိုင်သည့်အပြင် အခြားသူများအပေါ် မှီခိုအားထား၍ မဖြစ်နိုင်ဘဲ မိမိကသာ အခြားသူများ၏ မှီခိုအားထားရသောသူ ဖြစ်နိုင်သည်ဟု ခံစားမိသည်။ ဤသည်ကလည်း ဘဝတွင် ပျော်ရွှင်မှုအရင်းအမြစ်တစ်ခု၊ ဘဝအပေါ် သဘောထားတစ်ခုနှင့် အသက်ရှင်သန်ဖို့ လှုံ့ဆော်မှုတစ်ခုအဖြစ် သဘောထားနိုင်သည်ဟု သူမစဉ်းစားမိသည်။ သူမသည် ဤပုံစံအတိုင်း သားသမီးများအဖို့အလို့ငှာ နောက်ထပ် ဆယ်နှစ်ကျော်မျှ ကြံ့ကြံ့ခံခဲ့သည်။ နေ့ရက်များကို ရှည်ကြာသည်ဟု ထင်ရသလော။ (ထင်ရပါသည်။) အဘယ့်ကြောင့် ရှည်ကြာသည်ဟု ထင်ရသနည်း။ (သူမသည် ခက်ခဲကြမ်းတမ်းသော ဘဝကို နေထိုင်ရသောကြောင့် နေ့ရက်များက ရှည်ကြာသည်ဟု ထင်ရခြင်းဖြစ်သည်။) သင်သည် အတွေ့အကြုံအားဖြင့် သိနားလည်ကာ ထိုအရာများသည် ထိုသို့ကြုံတွေ့ကာ ခံစားခဲ့ပြီးသော လူတစ်ဦး၏ စကားလုံးများဖြစ်သည်ဟု ထင်ရလေသည်။ နေ့ရက်ကာလများက ခက်ခဲပြီး ဒုက္ခကြီးလှသောကြောင့် ယင်းတို့က အလွန်တရာ ရှည်ကြာသည်ဟု ထင်ရခြင်းဖြစ်သည်။ တွေ့ကြုံခဲ့သည့်အရာတိုင်းက သူမ၏ နက်ရှိုင်းသော စိတ်နှလုံးထဲ၌ ညှဉ်းပန်းနှိပ်စက်ခြင်းမျိုးကဲ့သို့ ဖြစ်သောကြောင့် နေ့ရက်များကို ရေတွက်လျက် အသက်ရှင်နေရသည့်အပြင် ဤသို့သောဘဝမျိုးကို ဖြတ်သန်းဖို့ မလွယ်ကူချေ။ သားသမီးများ အရွယ်ရောက်လာပြီးနောက်တွင်ပင် သူမ၏ဆန္ဒက ပြောင်းလဲမသွားခဲ့သေးချေ။ သူမ၏ နက်ရှိုင်းသော စိတ်နှလုံးထဲတွင် “သားသမီးများ ကြီးပြင်းလာကြပြီဖြစ်၍ သူတို့ကို စောင့်ရှောက်ခြင်းသည် ထိုမျှအားထုတ်ကြိုးပမ်းမှု မဟုတ်တော့ပေ။ အကယ်၍ ငါ၏ခင်ပွန်းသည် ငါတို့နှင့်ရှိနေနိုင်ပြီး မိသားစု ပြန်လည်ဆုံးစည်းမည်ဆိုလျှင် ငါတို့၏ဘဝက ပို၍ပင် ကောင်းမည်” ဟူသည့် ဤဆန္ဒက ရှိနေသေးသည်။ သူမ၏ နှစ်သက်ပျော်ရွှင်ဖွယ် စိတ်ကူးက ပြန်ပေါ်လာခဲ့ကာ ဘာသာတရားမရှိသူများ ပြောသည့်အတိုင်းပင် ယင်းက မျှော်လင့်ချက်ကို ပြန်လည်အသက်သွင်းပေးခဲ့သည်။ ညအိပ်မပျော်သည့်အခါတိုင်း “ယခုတွင် သားသမီးများ အရွယ်ရောက်လာကြပြီ။ သူတို့ ကောလိပ်တက်နိုင်ပြီး နောက်ဆုံးတွင် အလုပ်ကောင်းကောင်းရကာ ငွေရှာနိုင်လျှင် ဘဝက ပိုလွယ်ကူမည် ဖြစ်သည့်အပြင် အစားအသောက်၊ အဝတ်အထည်နှင့် နေရေးထိုင်ရေး အခြေအနေက ယခုထက် ပို၍ကောင်းမည်ဖြစ်သည်။ ထို့ပြင် ငါ၏ခင်ပွန်းသည် ပြန်ရောက်လာလျှင် ဘဝက ပို၍ပင် ကောင်းမည်ဖြစ်ပြီး ငါ့အနေဖြင့် မှီခိုအားထားရမည့် သူတစ်ယောက် ရပေမည်။ ယခင် ငါမှီခိုအားထားခဲ့သည့် လူနှစ်ဦးက ငါ့အပေါ် တာဝန်မကျေခဲ့သော်လည်း ယခု ငါမှီခိုအားထားရမည့်လူက ပိုများလာသည်။ ကောင်းကင်သည် ငါ့အပေါ် အတော် ကောင်းနေပြီတကား။ ပိုကောင်းသောနေ့ရက်များ စောင့်ကြိုနေပုံရသည်” ဟူသည့် အတွေးမျိုးကို တွေးတောမိတတ်သည်။ ပိုကောင်းသော နေ့ရက်များက စောင့်ကြိုနေသည်ဟု သူမ ယုံကြည်ခဲ့သည်။ ဤသည်မှာ ကောင်းသောအရာလော၊ မကောင်းသောအရာလော။ မည်သူမျှမသိချေ။ ဘဝတွင် လူတစ်ဦး၏ ကံတရားက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာက စောင့်ဆိုင်းနေသည်ကို မည်သူမျှမသိချေ။ လူတို့အားလုံးသည် ဘဝတွင် ဤကဲ့သို့ စမ်းတဝါးဝါးလျှောက်ကာ ၎င်းတို့၏ လှပသောဆန္ဒများကို ဖက်တွယ်ထားကြသည်။
ဆယ်နှစ်လွန်သွားသော် သူမ၏အမျိုးသားသည် အခြားအလုပ်တစ်ခုသို့ ပြောင်းပြီး နောက်ဆုံးတွင် မိသားစု ပြန်လည်ဆုံစည်းကြကာ ယင်းမှာ ကောင်းသောအရာတစ်ခု ဖြစ်၏။ သို့ဆိုလျှင် နောက်ဆုံးတွင် သူမ၏ ခင်ပွန်းသည် သူမ မှီခိုအားထားနိုင်သည့် လူတစ်ဦး ဖြစ်လာနိုင်ခဲ့သလော။ သူသည် သူမ၏ဘဝထဲက စိတ်ဆင်းရဲမှုအချို့ကို ဝေမျှခံစားနိုင်ခဲ့သလော။ သူတို့သည် မည်သည့်အခါမျှ အတူမနေခဲ့ဖူးရုံသာမက နက်ရှိုင်းသော အတိုင်းအတာဖြင့် ပေါင်းသင်းဆက်ဆံခြင်းလည်း မရှိခဲ့ဖူးသောကြောင့် သူမသည် သူမ၏ခင်ပွန်းသည်ကို ကောင်းစွာသိကျွမ်းခြင်း လုံးဝမရှိခဲ့ပေ။ ထိုနောက်ပိုင်း နေ့ရက်များတွင် သူမနှင့် သူမ၏ခင်ပွန်းတို့ စတင်၍ အတူတကွ သဟဇာတဖြစ်အောင် နေထိုင်ကြကာ တစ်ဦးနှင့်တစ်ဦး ပိုမိုနက်နဲသော နားလည်မှု ရရှိခဲ့ကြသည်။ သို့တိုင် သူမ၏ဆန္ဒက ပြောင်းလဲမသွားပါချေ။ မည်သို့ပင်ဖြစ်စေ ဤလူသည် သူမ မှီခိုအားထားရသောသူ၊ သူမကို နှစ်သိမ့်ပေးပြီး သူမ၏နာကျင်မှုကို ဖြေဖျောက်ပေးသောသူ ဖြစ်လာနိုင်သည်ဟု မျှော်လင့်ခဲ့သည်။ သို့သော်လည်း အမှုအရာများက သူမရည်ရွယ်ထားခဲ့သည့်အတိုင်း ဖြစ်မလာခဲ့ပေ။ သူမနှင့် နက်ရှိုင်းသော အတိုင်းအတာဖြင့် မည်သည့်အခါမျှ ပေါင်းသင်းဆက်ဆံခြင်း မရှိခဲ့ဖူးသည့် ဤခင်ပွန်းသည်၊ သူမ လုံးဝနားမလည်ခဲ့သော ဤလူသည် သူမ မှီခိုအားထားရသောသူတစ်ဦး တကယ့်ကို ဖြစ်မလာနိုင်ခဲ့ပေ။ အကြောင်းရင်းမှာ သူတို့နှစ်ဦး၏ အသက်ရှင်သန်ရေးစွမ်းရည်များ၊ ပင်ကိုစရိုက်၊ ဘဝအပေါ် အမြင်သဘောထားများ၊ စံနှုန်းများနှင့် သူတို့၏ သားသမီးများ၊ မိသားစုနှင့် ဆွေမျိုးသားချင်းများအပေါ် သဘောထားများမှာ လုံးလုံးလျားလျား မတူညီကြပေ။ သူတို့လင်မယားသည် မကြာခဏ ရန်ဖြစ်ကြပြီး အခြားအသေးအဖွဲ ကိစ္စများနှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး ထပ်ကာထပ်ကာ ငြင်းခုံကြသည်။ ဤအမျိုးသမီးသည် နက်ရှိုင်းစွာ မျှော်လင့်ခဲ့ရသည်ဖြစ်၍ သူမ၏ခင်ပွန်းသည် သူမ၏ ကြင်နာမှု၊ သူမ၏ သည်းခံစိတ်နှင့် သူမ၏ အခက်အခဲများကို နားလည်လာပြီးနောက် သူမအားဖြင့် စိတ်ထဲတွင် လှုပ်ရှားထိခိုက်မှု ရှိလာပြီး သူမနှင့် ပြန်ချိတ်ဆက်ကောင်း ချိတ်ဆက်လာဖို့ရန်အတွက် ဆက်လက်၍ ဒုက္ခဆင်းရဲ ခံနိုင်ခဲ့သော်လည်း သူမ၏ဆန္ဒက ပြည့်ဝမလာခဲ့သေးချေ။ သူမအနေဖြင့် စိတ်ထဲတွင် သူမ၏အမျိုးသားမှာ သူမ မှီခိုအားထားနိုင်သော တစ်ဦးတစ်ယောက် ဟုတ်ခဲ့သလော။ သူသည် သူမအတွက် မှီခိုအားထားရမည့်သူ ဖြစ်လာနိုင်ခဲ့သလော။ (ဖြစ်မလာနိုင်ခဲ့ပါ။) သူမသည် အခက်အခဲများကို ရင်ဆိုင်ရသောအခါတိုင်း သူမ၏အမျိုးသားသည် သူမအား နှစ်သိမ့်ပြီး သူမ၏ နာကျင်မှုကို သက်သာစေဖို့ ပျက်ကွက်သည်သာမက သူမ၏နာကျင်မှုကို ပိုတိုးစေကာ စိတ်ပျက်ခြင်းနှင့် ခိုကိုးရာမဲ့ခြင်းကို ပို၍ပင် ခံစားစေသည်။ ဤကဲ့သို့အချိန်တွင် သူမ၏ အနက်ရှိုင်းဆုံး ခံစားချက်များနှင့် ဘဝအပေါ် နားလည်မှုမှာ အဘယ်နည်း။ ယင်းတို့မှာ သူမကို “ဘုရားသခင် တကယ်ရှိသလော။ ငါ့ဘဝက အဘယ့်ကြောင့် အလွန်ခက်ခဲရသနည်း။ ငါလိုသည်မှာ မှီခိုအားထားရမည့် တစ်စုံတစ်ယောက်သာ ဖြစ်ပြီး ယင်းကို တောင်းဆိုခြင်းသည် လွန်လွန်းသလော။ ငါ၌ ဤဆန္ဒကလေးတစ်ခုသာ ရှိသည်။ ငါအသက်ရှင်နေထိုင်လာခဲ့သည့် နှစ်ကာလများတစ်လျှောက်တွင် အဘယ့်ကြောင့် ယင်းက ပြည့်ဝမလာခဲ့သေးသနည်း။ ငါ၏တောင်းဆိုချက်များက မလွန်ကဲသည့်အပြင် ငါ၌ ပြင်းပြသော ရည်မှန်းချက်များ မရှိပါပေ။ အမှုအရာများ လွဲချော်သောအခါတိုင်း အမှီသဟဲပြုရမည့်သူ တစ်ယောက်ကိုသာ လိုချင်၍ဖြစ်သည်။ ထိုမျှသာပင်။ အဘယ့်ကြောင့် ထိုမျှသေးငယ်သော ဆန္ဒတစ်ခုပင် မပြည့်စုံနိုင်သနည်း” ဟု မေးခွန်းထုတ်စေသည့် စိတ်ပျက်ခြင်းနှင့် စိတ်ဆင်းရဲခြင်းတို့ ဖြစ်၏။ ဤအခြေအနေသည် နှစ်အတန်ကြာသည်အထိ ဆက်သွားခဲ့၏။ ဤမိသားစု၏ ဘဝက သဟဇာတ သိပ်မကျခဲ့ပေ။ မကြာခဏ ငြင်းခုံမှုများ ရှိသည်။ သားသမီးများက ဝမ်းနည်းနေပြီး မပျော်ရွှင်သကဲ့သို့ ၎င်းတို့၏ မိဘများလည်း ထိုနည်းတူဖြစ်ကြသည်။ မိသားစုထဲတွင် ငြိမ်းချမ်းမှု သို့မဟုတ် ပျော်ရွှင်မှု မရှိဘဲ တစ်ဦးချင်းစီက ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ထိတ်လန့်ခြင်းကိုသာမက ၎င်းတို့၏ စိတ်နှလုံးထဲတွင် စိတ်ဆင်းရဲခြင်းနှင့် ဘဝင်မကျခြင်းကိုလည်း ခံစားကြရသည်။
နှစ်အနည်းငယ်ကြာပြီးနောက်တွင် အမှုအရာများက နောက်ဆုံး၌ ပြောင်းလဲသွားပြီး သခင်ယေရှု၏ ဧဝံဂေလိတရားက သူမထံ ရောက်လာခဲ့သည်။ သူမ၏ဆန္ဒက နောက်ဆုံးတွင် ပြည့်ဝလာမည်ဟု ခံစားမိခဲ့သည်။ “ငါသည် ငါ၏ဖခင်၊ ငါ၏ခင်ပွန်းသည်၊ သို့မဟုတ် ငါ့အနီးအနားရှိ မည်သူ့အပေါ်၌မှ မှီခိုအားထားစရာ မလို” ဟု သူမ တွေးမိသည်။ “ငါသည် သခင်ယေရှုအပေါ် မှီခိုအားထားသရွေ့ ငြိမ်းချမ်းနိုင်ပြီး အမှန်တကယ် မှီခိုအားထားရမည့်သူတစ်ဦး ရှိကာ စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ရှာတွေ့နိုင်မည်ဖြစ်သည်။ ထိုအခါ ဘဝသည် ဒုက္ခသုက္ခ လျော့နည်းလာမည်” သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံပြီးနောက် ဤအမျိုးသမီးသည် များစွာပို၍ ပျော်ရွှင်လာပြီး သူမ၏ ဘဝက များစွာပို၍ တည်ငြိမ်လာခဲ့သည်။ သူမအပေါ် ခင်ပွန်းသည်၏ သဘောထားက မပြောင်းလဲသေးဘဲ ယခင်ကဲ့သို့ ရက်စက်နေသေးကာ သူမကို လျစ်လျူရှုပြီး စာနာထောက်ထားမှု၊ ဂရုစိုက်မှု သို့မဟုတ် အလေးထားမှု၊ သို့မဟုတ် စိတ်ရှည်မှု၊ ကျေးဇူးတရား သို့မဟုတ် သည်းခံမှု မပြသော်လည်း သူမ၏စိတ်နှလုံးထဲ၌ သခင်ယေရှု၏ ကယ်တင်ခြင်း ရရှိခဲ့သောကြောင့် ဤအရာအားလုံးအပေါ် သူမ၏ သဘောထားကမူ ပြောင်းလဲသွားခဲ့သည်။ သူမသည် ခင်ပွန်းသည်နှင့် နောက်ထပ် ငြင်းခုံခြင်းမရှိတော့ပေ သို့မဟုတ် အကျိုးသင့်အကြောင်းသင့် ပြောဖို့လည်း မကြိုးစားတော့ချေ။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ဤအရာများအားလုံးနှင့်ပတ်သက်၍ ငြင်းခုံခြင်းမှ မည်သည့်အရာမျှ မရရှိသည်ကို နားလည်လာခဲ့သောကြောင့် ဖြစ်သည်။ အမှုအရာများက ဖရိုဖရဲဖြစ်တိုင်း သူမသည် သခင်ယေရှုနှင့် စကားပြောပြီး သူမ၏ စိတ်နှလုံးက များစွာပို၍ ပွင့်လင်းလာခဲ့သည်။ ဤကဲ့သို့ဖြင့် သူမ၏ မိသားစုဘဝသည် အတော်ပင် တည်ငြိမ်လာဟန်တူ၏။ သို့သော် သာယာသော အချိန်များက သက်ဆိုးမရှည်ဘဲ သူမ၏ဘဝက နောက်တစ်ဆစ်ချိုးသို့ ရောက်ရှိခဲ့သည်။ သူမသည် သခင်ယေရှုကို စတင်ယုံကြည်သောအခါ ဧဝံဂေလိတရားကို စိတ်အားထက်သန်စွာဖြင့် တရားဟောကာ အသင်းတော်၏အသက်တာကို လက်ခံကျင့်သုံးပြီး သူမ၏ ညီအစ်ကိုမောင်နှမများကို ထောက်ပံ့ပေးခဲ့သည်။ သို့ရာတွင် သူမ၏ ခင်ပွန်းသည်က ထောက်ခံအားပေးခြင်း မရှိခဲ့ပေ။ သူသည် သူမကို စတင်၍ ညှဉ်းပန်းနှိပ်စက်ပြီး “သင် ကျွန်ုပ်နှင့် ပေါင်းသင်းလိုသေးသလော။ အကယ်၍ အမှန်တကယ် မပေါင်းသင်းလိုလျှင် လမ်းခွဲကြစို့” ဟူသောအရာများကို ပြောလျက် သူမကို မကြာခဏ အပြစ်ဆိုသည်။ သူမ၌ အခြားနည်းလမ်းမရှိဘဲ သခင့်ကိုသာ ဆုတောင်းပြီး ယင်းကို သည်းညည်းခံသည်။ ဤသို့သော နေ့ရက်များသည် ခက်ခဲပြီး စိတ်ဆင်းရဲရသော်လည်း သူမ၏စိတ်နှလုံးထဲမှ ဒဏ်ရာမှာ ယခင်ကထက် များစွာ ပို၍လျော့နည်းကာ ဆုတောင်းခြင်းမှ နှစ်သိမ့်မှုတစ်ခုခုကိုလည်း ရယူနိုင်ခဲ့သည်။ သူမ စိတ်သောကရောက်တိုင်း သခင့်ကို ဆုတောင်းတတ်သည်။ ထိုသို့ဖြင့် သူမ၏ စိတ်နှလုံးသည် မှီခိုအားထားဖို့ တစ်ဦးတစ်ယောက် ရှိခဲ့ပြီး အခိုက်အတန့် စိတ်ချမ်းသာမှုကို ရရှိခဲ့သည့်အပြင် သူမ၏ဘဝသည် များစွာ ပိုကောင်းသည်ဟု ခံစားမိသည်။
တဖြည်းဖြည်းဖြင့် သားသမီးများ အရွယ်ရောက်လာခဲ့ကြသည်။ သားသမီးများသည် ငယ်စဉ်ကတည်းက သူမနှင့်အတူ နေထိုင်ခဲ့ကြပြီး သူမအပေါ် ၎င်းတို့၏ ခင်တွယ်မှုက အတော်လေး ပိုအားကောင်းသောကြောင့် ဤအမျိုးသမီးက “ယခုတွင် ငါ၏ သားသမီးများ အရွယ်ရောက်လာကြပြီ။ ငါ၏ခင်ပွန်းသည်အပေါ် မှီခိုအားထားစရာ မလိုတော့။ ငါ၏သားသမီးများကို မှီခိုအားထားနိုင်သည်” ဟု ခံစားခဲ့ရသည်။ ကြည့်ရသည်မှာ သူမသည် သခင်ယေရှုအပေါ် မှီခိုအားထားလာမိပြီဖြစ်ပြီး သူမ၏ စိတ်နှလုံး၊ သူမ၏ မိသားစု၊ သူမ၏ အနာဂတ်နှင့် အလားအလာကိုပင် ကိုယ်တော်၏ လက်တော်ထဲ၌ အပ်နှံထားပြီးဖြစ်ပုံရသည်။ သို့သော် အမှန်တွင် စိတ်ထဲ၌ သူမသည် မိမိမြင်တွေ့ရသော လူတို့နှင့် သူမနှင့် ဆက်ဆံရေးရှိသော လူတို့အပေါ် ဤဆန္ဒကို ဖက်တွယ်ထားနေဆဲ ဖြစ်ပြီး ဤဆန္ဒသည် တစ်နေ့နေ့တွင် ပြည့်ဝလာမည်ဟု မျှော်လင့်ခဲ့သည်။ လူတို့သည် သခင်ယေရှု မည်သည့်နေရာ၌ရှိသည်ကို မတွေ့မြင်နိုင်သဖြင့် သခင်ယေရှုသည် သူတို့နံဘေးနှင့် သူတို့၏ စိတ်နှလုံးထဲတွင်ရှိသည်ဟု ဆိုကြသော်လည်း သူမက ဘုရားသခင်ကို ထိတွေ့နိုင်ခြင်း သို့မဟုတ် မြင်နိုင်ခြင်းမရှိဟု စဉ်းစားမိသောကြောင့် ဤအရာက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။ သူမသည် အရေးပါသော အဖြစ်အပျက်များနှင့် ကြီးမားသော အရေးကိစ္စများကို ကျော်ဖြတ်နိုင်အောင် ကူညီပေးဖို့ သခင်ယေရှုအပေါ် မှီခိုအားထားရုံဖြင့် လုံလောက်မည်ဟု ထင်ခဲ့မိသော်လည်း လက်တွေ့ဘဝတွင် သူမ၏ သားသမီးများအပေါ် မှီခိုအားထားနေရဦးမည် ဖြစ်သည်။ ဤကာလတစ်လျှောက်တွင် သူမ၏ဆန္ဒသည် မပြောင်းလဲခဲ့သေးသည့်အပြင် ယင်းကို လက်မလွှတ်ခဲ့သေးချေ။ ယခုတွင် သူမသည် သခင်ယေရှုကို ယုံကြည်ပြီဖြစ်သော်လည်း အဘယ့်ကြောင့် ဤဆန္ဒက ပြောင်းလဲမသွားခဲ့သေးသနည်း။ ဤအတွက် အကြောင်းရင်းမျိုးစုံ ရှိ၏။ တစ်ခုမှာ သူမသည် သမ္မာတရားကို နားမလည်သည့်အပြင် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် ပတ်သက်၍ များစွာ မသိခဲ့ချေ၊ သို့မဟုတ် နားမလည်ခဲ့ချေ။ ဤသည်မှာ အကယ်ဖြစ်သော အကြောင်းရင်းဖြစ်၏။ စိတ်၌ထင်ရသော အကြောင်းရင်းမှာ သူမသည် သူရဲဘောကြောင်သူ ဖြစ်၏။ သူမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း စိတ်ဆင်းရဲမှု မြောက်မြားစွာကို တွေ့ကြုံပြီးနောက် သူမတွင် ဘုရားသခင်အား ယုံကြည်ခြင်း၏ အဓိပ္ပာယ်၊ သို့မဟုတ် လူတို့၏ ကံကြမ္မာ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဖန်ဆင်းရှင်အလုပ်လုပ်သည့် နည်းလမ်းနှင့်ပတ်သက်၍ ရှင်းလင်းသော ထိုးထွင်းအမြင် မရှိခဲ့သေးချေ။ ဤအရာများနှင့်ပတ်သက်၍ သူမ၌ ရှင်းလင်းသော ထိုးထွင်းအမြင် မရှိကြောင်း မည်သည့်အရာများက ပြသသနည်း။ ပထမဦးစွာ သူမသည် ကိုယ်ပိုင်ပျော်ရွှင်မှုနှင့် ပိုကောင်းသော ဘဝတစ်ခုရဖို့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော တောင့်တမှုတို့ကို အခြားသူများ၏ ခေါင်းပေါ်တွင် အမြဲတမ်းပုံချခဲ့ကာ အခြားသူများ၏ အကူအညီ သို့မဟုတ် ထောက်ပံ့ဖြည့်ဆည်းပေးခြင်းများကြောင့် သူမ၏ဆန္ဒက တကယ် ဖြစ်ပေါ်လာနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ဤသည်မှာ ဘဝနှင့် ကံတရားအပေါ် လွဲမှားသော အမြင်တစ်ခုဟုတ်သလော။ (ဟုတ်ပါသည်။) ဤအမြင်သည် လွဲမှား၏။ မိဘတစ်ဦးအနေဖြင့် သင်၏ သားသမီးများသည် သင့်အပေါ် တာဝန်ကျေပြီး သူတို့ ကြီးပြင်းလာသောအခါ သင့်အား ကူညီထောက်ပံ့နိုင်မည်ဟု မျှော်လင့်ခြင်းအားဖြင့် သင်၏ မျှော်လင့်ချက်များကို သူတို့အပေါ် ပုံချခြင်းသည် အမှားတစ်ခုလော။ ယင်းက မမှားသည့်အပြင် ဤတောင်းဆိုချက်မှာလည်း အလွန်အကျွံ မဟုတ်ပေ။ သို့ဆိုလျှင် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သူမသည် သားသမီးများအပေါ် မှီခိုအားထားခြင်းအားဖြင့် ကောင်းမွန်သော ဘဝကို အသက်ရှင်နေထိုင်ရန်၊ သားသမီးများအပေါ် မှီခိုအားထားရင်း ကျန်ရှိသော သူမ၏တစ်ဘဝလုံးကို ကုန်လွန်စေရန်နှင့် သူမ၏ သားသမီးများထံမှ အရာများကို ပျော်မွေ့ခံစားရန် အစဉ်သဖြင့် သူမ အားကိုးနေသည်။ ဤသို့ပြုရာ၌ သူမ၏ လွဲမှားသောအမြင်မှာ အဘယ်နည်း။ သူမသည် အဘယ့်ကြောင့် ဤစိတ်ကူးရှိခဲ့သနည်း။ သူမစွဲကိုင်ခဲ့သည့် ဤအမြင်၏ အကြောင်းရင်း၌ မည်သည့်အရာရှိသနည်း။ လူတို့သည် ဘဝပုံစံတစ်မျိုးမျိုးနှင့် အသက်ရှင်မှု အဆင့်အတန်းတစ်ခုခုကို အမြဲတမ်း အလွန်အကျွံ မျှော်လင့်တတ်ကြသည်။ ဆိုလိုသည်မှာ လူတို့အနေဖြင့် ဘုရားသခင်သည် ၎င်းတို့၏ဘဝများကို မည်ကဲ့သို့ ကြိုတင်ပြဋ္ဌာန်းထားသည် သို့မဟုတ် မိမိတို့၏ ကံကြမ္မာသည် မည်သည့်အရာဖြစ်သည်ကို သိမလာမီကပင် မိမိတို့ ပျော်ရွှင်ရပြီး ဘဝတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းရှိကာ ချမ်းသာကြွယ်ဝသည့်အပြင် မိမိတို့ကို ကူညီရန်နှင့် မိမိတို့ မှီခိုအားထားရမည့် လူတို့ ရှိနေရမည်ဟူသည့် မိမိတို့၏ အသက်ရှင်မှု အဆင့်အတန်းသည် မည်သည့်အရာဖြစ်ရမည်ကို စီစဉ်ရေးဆွဲထားကြပြီးသား ဖြစ်သည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်း၊ မိမိတို့၏ ဘဝပန်းတိုင်များ၊ ဘဝ၌ မိမိတို့၏ နောက်ဆုံးပန်းတိုင်နှင့် အခြားအရာတိုင်းကို စီစဉ်ရေးဆွဲထားကြပြီး ဖြစ်သည်။ ဤအရာအားလုံးထဲ၌ ဘုရားသခင်အား ယုံကြည်ခြင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) မရှိချေ။ ဤအမျိုးသမီးသည် ဘဝနှင့်ပတ်သက်၍ အမြင်တစ်ခု အမြဲရှိခဲ့သည်မှာ အကယ်၍ ကျွန်ုပ်သည် မည်သူမည်ဝါကို မှီခိုအားထားလျှင် ကျွန်ုပ်၏ဘဝသည် ပို၍ ငြိမ်းချမ်းလာမည်၊ ပို၍ ပျော်ရွှင်လာပြီး ပို၍ ကုံလုံကြွယ်ဝလာမည်၊ ကျွန်ုပ်သည် မည်သူမည်ဝါကို မှီခိုအားထားလျှင် ကျွန်ုပ်၏ဘဝသည် ပို၍ တည်ငြိမ်လာမည်၊ ပို၍ လုံခြုံလာမည်၊ ပြီးလျှင် ပို၍ ရွှင်ပျလာမည် ဟူ၍ဖြစ်၏။ ဤရှုထောင့်အမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) နှစ်ပေါင်းများစွာကြာပြီးနောက် သူမသည် သခင်ယေရှုကို ယုံကြည်ခြင်းဟူသည့် အဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သော်လည်း လူ့ဘဝသည် မည်ကဲ့သို့ဖြစ်သည်ကို ရှင်းလင်းစွာ မသိမြင်ခဲ့သေးချေ။ သူမ၌ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အစီအစဉ်များ ရှိနေသေးကာ သူမ၏ အနာဂတ်လမ်းကြောင်းကို တွက်ချက်နေပြီး သူမ၏ အနာဂတ်ဘဝကို စီစဉ်နေခဲ့သည်။ ယင်းကို ယခုပြန်ကြည့်လျှင် ဘဝအပေါ် ဤသဘောထားနှင့် ဤစီစဉ်မှုမျိုးက မှန်ကန်သလော၊ မှားယွင်းသလော။ (မှားယွင်းပါသည်။) အဘယ့်ကြောင့်နည်း။ (အဘယ့်ကြောင့်ဆိုသော် သူမသည် လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာထက် ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများကို လိုက်စားနေခဲ့သည်။) သူမ လိုက်စားနေခဲ့သည့်အရာသည် ဘုရားသခင်၏ ကြိုတင်စီမံပြဋ္ဌာန်းခြင်းနှင့် ဘာမျှမဆိုင်ပေ။ ဘုရားသခင် ပြုလုပ်မည့်အရာကို မသိမီကပင် သူမသည် မှီခိုအားထားရမည့် လူတစ်ဦးကို ရှာတွေ့ဖို့ ဦးစွာ ဆုံးဖြတ်ခဲ့သည်။ ဤအဆင့်တွင် ဤလူကို မှီခိုအားထားပြီး နောက်တစ်ဆင့်တွင် ထိုလူကို မှီခိုအားထားမည် ဖြစ်သည်။ ဤသို့အားဖြင့် သူမသည် ဘုရားသခင်အပေါ် မှီခိုအားထားမှု ပျောက်ဆုံးခဲ့ပြီး ဘုရားသခင်အပေါ် မှီခိုအားထားခြင်းထက် လူတို့အပေါ်၌သာလျှင် မှီခိုအားထားလာခဲ့သည်။ သူမ၌ ဤဆန္ဒနှင့် ဤအစီအစဉ်များ အစဉ်အမြဲ ရှိခဲ့သည်ကို ထောက်ဆလျှင် သူမ၏စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် တစ်နည်းအားဖြင့် သူမ၏ ရုန်းကန်မှုများအားလုံးမှ လာသည့် စိတ်ဆင်းရဲမှု၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ယင်းမှာ သူမ၏ဆန္ဒကြောင့် ဖြစ်လာရသည်။) လုံးဝ မှန်ပေ၏။ သို့ဆိုလျှင် သူမ၏ဆန္ဒမှာ မည်သို့ဖြစ်ပေါ်လာသနည်း။ (ဘုရားသခင်၏ အချုပ်အခြာအာဏာ၌ သို့မဟုတ် သူ၏ ကြိုတင်စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များ၌ သူမ မယုံကြည်ခြင်းကြောင့် ဖြစ်ပါသည်။) မှန်ပေ၏။ သူမသည် လူတို့၏ ကံတရားများက မည်သို့ဖြစ်ပေါ်လာသည်ကို နားမလည်ခဲ့သည်သာမက ဘုရားသခင်၏ အချုပ်အခြာအာဏာသည် မည်ကဲ့သို့ အလုပ်လုပ်ကြောင်းကိုလည်း နားမလည်ခဲ့ပေ။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်၏။
ဇာတ်လမ်းကို ဆက်ကြစို့။ ဤအမျိုးသမီး၏ သားသမီးများ ကြီးပြင်းလာသောအခါ အချို့က အလုပ်ရပြီး အခြားသူများက အခြေချကာ အိမ်ထောင်ကျသည့်အပြင် ၎င်းတို့သည် မိဘနှစ်ပါးနှင့် ခွဲထွက်ပြီး အမှီအခိုကင်းမဲ့သော ဘဝဖြင့် နေထိုင်ကာ ၎င်းတို့၏မိဘများနှင့် မကြာခဏ ဆုံတွေ့ခြင်း မရှိနိုင်တော့ပေ။ သို့ဆိုလျှင် ဤအမျိုးသမီး ရင်ဆိုင်ရသည့် နောက်ထပ်ပြဿနာမှာ အဘယ်နည်း။ သားသမီးများအပေါ် မှီခိုအားထားဖို့ သူမ၏ဆန္ဒမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲမည့်ပုံပေါက်ပြန်လေသည်။ ယင်းမှာ နောက်ထပ် နာကျင်ဖွယ် အဖြစ်ဆိုး၊ သူမ၏ ဘဝအတွေ့အကြုံထဲမှ နောက်ထပ် ထိုးနှက်ချက် ဖြစ်ခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် သူမ၏ သားသမီးများသည် သူမ၏ဘေးတွင် မနေနိုင်သည့်အပြင် သူမကို အဖော်မပြုနိုင်၊ သို့မဟုတ် သူမထံ မကြာခဏ လည်ပတ်ခြင်းနှင့် သူမကို ဂရုစိုက်ခြင်း မရှိနိုင်ကြပေ။ ထို့ကြောင့် သူမအပေါ် သားသမီးဝတ်ကျေပွန်ဖို့အတွက် သူမ၏ဘေးတွင် ရှိကာ သူမအား ပြုစုစောင့်ရှောက်နိုင်မည်ဟူသည့် သူမ၏ မျှော်လင့်ချက်နှင့်၊ အမှုအရာများနှင့်ပတ်သက်၍ အပူအပင်ကင်းကင်း နေနိုင်ဖို့နှင့် ပို၍ သက်သောင့်သက်သာရှိပြီး ပို၍ပျော်ရွှင်သော ဘဝကို နေထိုင်နိုင်ဖို့အတွက် သားသမီးများအပေါ် မှီခိုအားထားဖို့ သူမ၏ဆန္ဒ၊ ဤအရာအားလုံးသည် သူမထံမှနေ၍ ပိုပိုဝေးရာသို့ လွတ်ထွက်သွားနေသည်။ ထိုသို့ဖြင့် သူမ၏ သားသမီးများအတွက် ပူပန်မှု၊ စိုးရိမ်မှုနှင့် တမ်းတခြင်းတို့မှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ဤသည်မှာ နောက်ထပ်နာကျင်မှုမျိုး မဟုတ်လော။ သူမသည် ပို၍ အသက်ကြီးရင့်လာပြီး နှစ်ကာလများ တဖြည်းဖြည်း ဖိစီးလာသည်နှင့်အမျှ သူမ၏ သားသမီးများအား တမ်းတခြင်းက ပို၍ပို၍ နက်ရှိုင်းလာသကဲ့သို့ သူမ၏ နာကျင်မှုသည်လည်း ပို၍ပို၍ နက်ရှိုင်းလာခဲ့သည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီး ဘဝ၏ အဆင့်တစ်ခုစီတိုင်းတွင် ဤအမျိုးသမီး မှီခိုအားထားခဲ့သည့် လူတို့သည် မတူညီခဲ့သော်လည်း အချိန်ကျလာသောအခါတွင် ထိုသူတို့အားလုံးက သူမကို စွန့်ခွာခဲ့ကြကာ သူမ၏ ဆန္ဒများ သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်ခြင်းများကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ပြီး သူမ၏ စိတ်ခံစားချက်ကို အလွန်အမင်း ညှဉ်းဆဲနှိပ်စက်ကာ အတွင်းစိတ်ထဲတွင် မချိတင်ကဲ ခံစားစေခဲ့သည်။ ဤအရာက သူမအား မည်သည့်အရာကို ယူဆောင်ပေးခဲ့သနည်း။ ယင်းက သူမအား ဘဝနှင့်ပတ်သက်၍ ဆင်ခြင်စဉ်းစားစေခဲ့သလော။ သို့မဟုတ် ဖန်ဆင်းရှင်က လူတို့၏ ကံကြမ္မာအား မည်သို့စီမံသည်ကို ဆင်ခြင်စဉ်းစားစေခဲ့သလော။ အကယ်၍ လူတစ်ဦးသည် တရားဒေသနာအချို့ကို နားထောင်ပြီး သမ္မာတရားအချို့ကို နားလည်သွားပြီးနောက် လူတို့၏ သာမန်တွေးခေါ်ခြင်းကို ထည့်သွင်းစဉ်းစားရလျှင် သူသည် ဖန်ဆင်းရှင်၊ ဘဝနှင့် လူတို့၏ ကံကြမ္မာတို့နှင့် ပတ်သက်၍ အရာအချို့ကို သိနားလည်သင့်သည်။ သို့ရာတွင် အကြောင်းရင်းအမျိုးမျိုးနှင့် ဤဇာတ်လမ်းထဲ၌ ဇာတ်ကောင်ဖြစ်သော သူမကိုယ်တိုင်၏ ပြဿနာကြောင့် သူမသည် ဤအချိန်အထိတိုင်အောင် သူမဘဝ၏ အဆင့်တစ်ခုစီတိုင်းတွင် မည်သည့်အရာကို တွေ့ကြုံကာ ရင်ဆိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သို့မဟုတ် သူမ၏ ပြဿနာက မည်သည့်အရာဖြစ်ကြောင်း သဘောပေါက်နားလည်နိုင်ခြင်း မရှိသေးသည့်အပြင် ဘာမျှမသိနိုင်သေးချေ။ ထို့ပြင် သူမ၏ စိတ်နှလုံးအတွင်းထဲ၌ မှီခိုအားထားစရာ တစ်စုံတစ်ဦးကို တမ်းတနေဆဲ ဖြစ်လေသည်။ သို့ဆိုလျှင် သူမသည် အတိအကျ မည်သူ့ကို မှီခိုအားထားသင့်သနည်း။ ဘုရားသခင်သည် လူတို့ မှီခိုအားထားရသောသူ ဖြစ်သည်မှာ မှန်သော်လည်း ဘုရားသခင်သည် လူတို့မှီခိုအားထားဖို့သာလျှင် မဟုတ်၊ ဤသည်မှာ သူ၏ ဖြစ်ခြင်းအားလုံး မဟုတ်ပေ။ လူတို့အနေဖြင့် ဖန်ဆင်းရှင်နှင့် မည်သို့အဆင်ပြေရမည်၊ ဘုရားသခင်ကို သိပြီးလျှင် သူ့အား မည်သို့ ကျိုးနွံနာခံရမည်ကိုသိဖို့ ပိုအရေးကြီးသည်။ ယင်းမှာ မှီခိုအားထားခြင်းနှင့် မှီခိုအားထားခံရခြင်းဟူသည့် ဆက်ဆံရေးသက်သက် မဟုတ်ပေ။
ဤအမျိုးသမီးသည် သားသမီးများအပေါ် သူမ၏ မှီခိုအားထားမှု ပျောက်ဆုံးပြီးနောက် အသက်ကြီးသော အရွယ်သို့ ရောက်ရှိသောအချိန်တွင် ဖမ်းဆုပ်ဖို့ ကောက်ရိုးတစ်မျှင် ဖြစ်လာခဲ့သည့် လင်ယောက်ျားအပေါ် သူမ၏ မျှော်လင့်ချက်များကို လွှဲပြောင်းခဲ့သည်။ သူမသည် အခြေခံလိုအပ်ချက်များအတွက် သူ့အပေါ် မှီခိုအားထားကာ ဆက်လက်အသက်ရှင်ခဲ့ရသည်။ သူမအတွက် အကျိုးကျေးဇူးတစ်ခုခု ရယူနိုင်ဖို့အတွက် သူမ၏ ခင်ပွန်းသည်ကို နောက်ထပ်နှစ်အနည်းငယ်မျှ အသက်ရှင်စေရန် နည်းလမ်းများကို ရှာဖွေခဲ့ရသည်။ သူသည် သူမ မှီခိုအားထားရသော သူတစ်ဦးပင်ဖြစ်၏။ ဤမျှရှည်ကြာအောင် အသက်ရှင်ပြီးနောက် ဤအဘွားအိုသည် တစ်ခေါင်းလုံး ဆံဖြူများ ပြည့်နှက်ကာ ပါးရေနားရေများတွန့်သော မျက်နှာနှင့် သူမ၏ သွားများအားလုံးနီးပါး ကျွတ်ကျနေပြီဖြစ်သည်။ သူမ၏ ရုပ်သွင်သည် ပြောင်းလဲသွားပြီဖြစ်သော်လည်း မပြောင်းမလဲ ရှိနေသည့်အရာမှာ သူမဘဝ၏ အဆင့်တစ်ခုစီတိုင်းတွင် အဆီးအတားတစ်ခုကို ရင်ဆိုင်ခဲ့ရကာ ထိုအဆီးအတားတစ်ခုကို ကြိမ်ဖန်များစွာ ရင်ဆိုင်ရလင့်ကစား သူမတွင် ခိုင်မြဲသော ဆန္ဒတစ်ခုတည်း ရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှာ မှီခိုအားထားစရာ တစ်ဦးတစ်ယောက်ရှိခြင်းပင် ဖြစ်၏။ မပြောင်းလဲခဲ့သော အခြားအရာတစ်ခုမှာ လူတို့အတွက် ဘုရားသခင်၏ ကတိတော်များနှင့် ပတ်သက်သည့် သူမ၏ ယုံမှားလွန်ခြင်းသာမက မိမိကိုယ်မိမိ၊ လူသားမျိုးနွယ်အပြင် သူမ၏ ကံကြမ္မာနှင့် အလားအလာတို့နှင့် ပတ်သက်သည့် ထင်ယောင်ထင်မှားဖြစ်ခြင်း အချို့လည်း ဖြစ်၏။ စိတ်နှလုံးထဲတွင် ဤယုံမှားလွန်ခြင်းများသည် ပို၍ပို၍ မှုန်ဝါးပြီး ဝေးကွာလာနေကာ သူမ၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်ရေးရေးမျှကို ဆုပ်ကိုင်ကောင်း ဆုပ်ကိုင်ထားနိုင်သေးသည်။ “ငါ၏ ကျန်ရှိနေသေးသည့် နှစ်များတွင် အကယ်၍ ငါမှီခိုအားထားရနိုင်သည့် တစ်ဦးတစ်ယောက်နှင့် ပျော်ရွှင်စွာ နေထိုင်နိုင်လျှင် သို့မဟုတ် ဘုရားသခင်၏အလုပ် အဆုံးသတ်ပြီး သူ ဘုန်းတော်ထင်ရှားသည့် နေ့ရက်ကို မြင်တွေ့ရနိုင်လျှင် ဤဘဝသည် အချည်းနှီး ဖြစ်လာလိမ့်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ယင်းမှာ ဤအမျိုးသမီး၏ ဘဝပင်ဖြစ်၏။ ထို့ပြင် ယင်းသည် ဇာတ်လမ်း၏ အဆုံးသတ်ပင်ဖြစ်၏။ ဤဇာတ်လမ်း၏ ခေါင်းစဉ်သည် ဘာဖြစ်သင့်သနည်း။ (“အဘယ်သူ့ကို မှီခိုအားထားရမည်နည်း” ဖြစ်သင့်ပါသည်။) ယင်းမှာ အတော်ပင် ကောင်းမွန်ပြီး အတွေးကိုစေ့ဆော်ပေးသော ခေါင်းစဉ်တစ်ခု ဖြစ်ပေ၏။
ငါတို့မိတ်သဟာယပြုချက်၏ ခေါင်းစဉ်သို့ ပြန်သွားရလျှင် ဤဇာတ်လမ်းသည် ဘုရားသခင်၏အလုပ်နှင့် ပတ်သက်၍ လူတို့၏ အယူအဆများနှင့် မည်သို့သက်ဆိုင်နေသနည်း။ မည်သည့်အပိုင်းသည် ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် ဆက်စပ်သနည်း။ မည်သည့်အယူအဆများသည် ယင်းနှင့် ဆက်စပ်သနည်း။ သင်တို့၏ ထင်မြင်ချက်များကို ဝေမျှလော့။ (ဘုရားသခင်သည် ၎င်းတို့၏ မျှော်လင့်ချက်များနှင့် အကြံအစည်များအတိုင်း အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်သင့်သည်ဟု လူတို့ ခံစားကြသည်။ ဤသည်မှာ လူတို့ရှိသည့် အယူအဆမျိုးဖြစ်ပါသည်။) လူတို့၏ အယူအဆများတွင် ၎င်းတို့၏ ဆန္ဒများက ကောင်းမွန်ကာ အပြုသဘောဆောင်သရွေ့ ဖန်ဆင်းရှင်က ယင်းတို့ကို ဖြည့်ဆည်းသင့်ပြီး ၎င်းတို့သည် လှပသော ဘဝတစ်ခုအတွက် ကြိုးပမ်းခွင့် ပိတ်ပင်ခြင်း မခံရသင့်ဟု လူတို့က ယုံကြည်ကြသည်။ ဤသည်မှာ အယူအဆတစ်ခု ဖြစ်သည်။ ဖန်ဆင်းရှင်၏ ဖြည့်ဆည်းပေးမှုသည် လူသား၏ ဆန္ဒများ၊ သူ၏ မျှော်လင့်ချက်များ၊ သူ၏ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) သို့ဆိုလျှင် မည်သည့်နည်းလမ်းဖြင့် ဖန်ဆင်းရှင်က ဆောင်ရွက်သနည်း။ သင် မည်သူဖြစ်သည်၊ မည်သည့်အရာကို သင် စီစဉ်ပြီးဖြစ်သည်ဖြစ်စေ၊ သင်၏ စိတ်ကူးစိတ်သန်းများက မည်မျှ စုံလင်ပြီး ဂုဏ်ယူဖွယ်ရာဖြစ်သည်၊ သို့မဟုတ် သင်၏ အသက်တာ၏ လက်တွေ့အရှိတရားနှင့် မည်သည့်အတိုင်းအတာအထိ ကိုက်ညီသည် ဆိုသည်တို့ကို ပဓာနမထားဘဲ ဘုရားသခင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ မကြည့်သကဲ့သို့ ယင်းတို့ကိုလည်း အာရုံစိုက်ခြင်း မရှိချေ။ ထို့ထက်၊ အမှုအရာများသည် ဘုရားသခင်၏ စီမံထားသည့် နည်းစနစ်များနှင့် နိယာမများအတိုင်း ပြီးမြောက်၍ စီစဉ်ညွှန်ကြားခံရပြီး စီစဉ်ခံရလေသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ လူအချို့က “ကျွန်ုပ်၏ အသက်တာတွင် ကျွန်ုပ်တွေ့ကြုံပြီးဖြစ်သည့် မရေမတွက်နိုင်သော အခက်အခဲများနောက်တွင် ကျွန်ုပ်သည် ကောင်းမွန်သော ဘဝတစ်ခုကို ရပိုင်ခွင့်ရှိသည် မဟုတ်လော။ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ကျွန်ုပ်လာချိန်တွင် ကျွန်ုပ်သည် လှပသော ဘဝတစ်ခုနှင့် လှပသော ခရီးပန်းတိုင်အတွက် တောင်းဆိုပြီး စောင့်မျှော်ရန် သတ်မှတ်ချက် ပြည့်မီမည် မဟုတ်လော” ဟု တွေးထင်ကြလေသည်။ ဤသည်မှာ လူသား၏ အယူအဆတစ်ခု မဟုတ်လော။ ထိုသို့သော အယူအဆများနှင့် လူသား ပေါက်ဖွားစေသည့် အတွေးအခေါ်များသည် ဘုရားသခင်အဖို့ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် အကျိုးသင့်အကြောင်းသင့် မဟုတ်သော တောင်းဆိုချက်များ ဖြစ်သည်။ ထိုသို့သော အကျိုးသင့်အကြောင်းသင့် မဟုတ်သည့် တောင်းဆိုချက်များ မည်သို့ ဖြစ်လာသနည်း။ (လူတို့သည် ဘုရားသခင်၏ ဩဇာအာဏာကို မသိကြပေ။) ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းတစ်ခု ဖြစ်သည်။ စိတ်ခံစားချက်အရဖြစ်သော အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၌ ပုန်ကန်တတ်သော စိတ်သဘောထားတစ်ခု ရှိပြီး သမ္မာတရားကို ရှာဖွေဖို့ဖြစ်စေ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ သို့မဟုတ် အစီအမံများကို ကျိုးနွံနာခံဖို့ဖြစ်စေ စိတ်ဆန္ဒမရှိကြခြင်း ဖြစ်သည်။ လူအများစုတို့အတွက် ဖန်ဆင်းရှင် စီစဉ်ပေးသည့် အသက်တာသည် အခက်အခဲနှင့်ဆိုင်သည့် အသက်တာတစ်ခုလော၊ သို့မဟုတ် ယင်းသည် ပျော်ရွှင်စရာဖြစ်ပြီး အပူအပင်ကင်းသလော။ (အခက်အခဲနှင့်ဆိုင်သည့် အသက်တာတစ်ခု ဖြစ်ပါသည်။) လူအများစုသည် အလွန်များလှသော အခက်အခဲများနှင့် အလွန်များလှသော နာကျင်မှုဝေဒနာဖြင့် ခက်ခဲသော ဘဝများကို အသက်ရှင်ကြသည်။ လူတို့၏ ဘဝတစ်ခုလုံးတွင် ၎င်းတို့အတွက် ဆင်းရဲဒုက္ခများ စီစဉ်ပေးရာ၌ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း၊ ဤအရာ၏ အရေးပါမှုမှာ အဘယ်နည်း။ တစ်နည်းအားဖြင့် ထိုသို့သော အစီအစဉ်များသည် လူတို့အား ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ အစီအစဉ်များနှင့် ဩဇာအာဏာတို့ကို တွေ့ကြုံကာ သိရှိခွင့်ပေးဖို့ ရည်ရွယ်ပေသည်။ နောက်တစ်နည်းအားဖြင့် သူ၏ အဓိက ရည်ရွယ်ချက်မှာ လူတို့အား ဘဝက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို တွေ့ကြုံခွင့်ပေးဖို့နှင့်၊ ထိုသို့ဖြင့် လူသား၏ ကံကြမ္မာကို ဘုရားသခင်၏ လက်တွင် ထိန်းချုပ်ထားပြီး မည်သည့်လူကမျှ မဆုံးဖြတ်သကဲ့သို့ လူတို့၏ နှလုံးသွင်းအရဖြစ်သော အလိုဆန္ဒထဲက အပြောင်းအလဲများနောက်တွင် မပြောင်းလဲသည်ကို သဘောပေါက်ခွင့်ပေးဖို့ ဖြစ်သည်။ ဖန်ဆင်းရှင်က မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူတို့အတွက် မည်သည့် ဘဝမျိုး သို့မဟုတ် မည်သည့် ကံကြမ္မာမျိုးကို သူ စီစဉ်ထားသည်ဖြစ်စေ၊ သူသည် ၎င်းတို့အား ဘဝအပေါ်နှင့် လူသား၏ ကံကြမ္မာက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ဆိုသည့်အပေါ် သုံးသပ်ဆင်ခြင်စေပြီး၊ ဤအရာအားလုံးအပေါ် ၎င်းတို့ သုံးသပ်ဆင်ခြင်သည်နှင့်အမျှ၊ သူသည် ၎င်းတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ လာစေလေသည်။ ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြပြီး ဤအရာအားလုံး မည်သည့်အရာဖြစ်သည်ကို လူတို့အား ပြောပြချိန်တွင် သူသည် လူတို့ကို သူ၏ရှေ့မှောက်သို့ လာစေသည်၊ ဘုရားသခင် ပြောသည့်အရာကို လက်ခံစေသည်၊ ဘုရားသခင် ပြောသည့်အရာကို တွေ့ကြုံစေသည်၊ ဘုရားသခင် ပြောသည့် အရာအားလုံးနှင့် လူတို့က ၎င်းတို့၏ တကယ့်အသက်တာများတွင် ကြုံတွေ့ကြသည့် အရာအားလုံးတို့ကြား ဆက်နွှယ်မှုက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို နားလည်စေသည်။ သူသည် လူတို့အား ဤသမ္မာတရားများ၏ လက်တွေ့ကျမှု၊ တိကျမှုနှင့် စစ်မှန်မှုတို့ကို မှန်ကန်ကြောင်း အတည်ပြုစေသည်၊ ယင်းနောက်တွင် ၎င်းတို့သည် ထိုသမ္မာတရားများကို ရရှိပြီး လူသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ထိန်းချုပ်ခြင်းခံရကာ လူ၏ ကံကြမ္မာကို ဘုရားသခင်က အုပ်စိုး၍ စီစဉ်သည်ကို အသိအမှတ်ပြုလေသည်။ ဤအရာအားလုံးကို လူများက နားလည်ပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ၎င်းတို့၏ ဘဝအတွက် လက်တွေ့မကျသည့် မည်သည့် အစီအစဉ်မျှ ရှိတော့မည်မဟုတ်၊ ပြီးလျှင် ဖန်ဆင်းရှင်၏ စိတ်ဆန္ဒများကိုဖြစ်စေ၊ ဖန်ဆင်းရှင် စီမံထားပြီး စီစဉ်ထားသည့်အရာကိုဖြစ်စေ ဆန့်ကျင်ဖို့ ၎င်းတို့၌ အစီအစဉ် ရှိလိမ့်မည် မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် ၎င်းတို့၏ဘဝကို မည်သို့ အသက်ရှင်သင့်ပြီး ၎င်းတို့ လျှောက်သင့်သည့် လမ်းခရီးနှင့်ဆိုင်သည့် တိုး၍ တိကျမှန်ကန်သော ချင့်ချိန်ဆုံးဖြတ်ခြင်းနှင့် သိနားလည်ခြင်း သို့မဟုတ် သဘောပေါက်နားလည်ခြင်းနှင့် အစီအစဉ်တစ်ခု ရှိလိမ့်မည်။ ဤသည်မှာ လူတို့၏ဘဝများထဲတွင် ဖန်ဆင်းရှင်စီစဉ်သည့် များစွာသော အခက်အခဲများ၏ ရည်ရွယ်ချက်နှင့် အရေးပါမှုပင် ဖြစ်သည်။
ဇာတ်လမ်းကို ပြန်သွားရလျှင် ဇာတ်ကောင်သည် အခက်အခဲများစွာကို တွေ့ကြုံခဲ့ပြီးနောက် သူမသည် ဤဘဝတွင် အခက်အခဲများနှင့် နာကျင်မှုကို အဘယ့်ကြောင့် ခံစားခဲ့ရသည်၊ ဖန်ဆင်းရှင်သည် အမှုအရာများကို အဘယ့်ကြောင့် ဤအတိုင်း စီစဉ်ညွှန်ကြားပြီး စီမံရသည်နှင့်ပတ်သက်၍ သူမ၏ သိနားလည်မှုမှာ အဘယ်နည်း။ ယင်းကို ဇာတ်လမ်းမှနေ၍ သင်တို့ မြင်နိုင်သလော။ ဤအရာများနှင့် ပတ်သက်၍ သူမသည် သိနားလည်မှု ရရှိခဲ့သလော။ (မရရှိခဲ့ပါ။) အဘယ့်ကြောင့် မရရှိခဲ့သနည်း။ (အဘယ့်ကြောင့်ဆိုသော် သူမဘဝ၏ အဆင့်တိုင်းနှင့် သူမဘဝ၏ အချိုးအကွေ့တိုင်းတွင် သူမ၏ ဆန္ဒများ ထပ်ကာထပ်ကာ ပျက်စီးသွားသောအခါ သူမ၏ ရာသက်ပန် စိတ်ကူးအိပ်မက်က အဘယ့်ကြောင့် လုံးဝပြည့်ဝမလာနိုင်သည်နှင့် ပတ်သက်၍ ဆင်ခြင်စဉ်းစားခြင်း သို့မဟုတ် ကောက်ချက်ချခြင်း မရှိခဲ့ချေ။ အကယ်၍ သူမသည် သမ္မာတရားကို ဆင်ခြင်စဉ်းစားခြင်းနှင့် ရှာဖွေခြင်း ရှိနိုင်ခဲ့ပါက သူမ ပြောင်းလဲခဲ့ပြီးဖြစ်မည်။ သို့သော်လည်း သူမသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို နားမလည်ခဲ့သည့်အပြင် သူမ၏ စိတ်ကူးအိပ်မက်ကိုသာ မဆုတ်မနစ် ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထားနိုင်ခဲ့ကာ သူမ၏ ကံကြမ္မာသည် တစ်နေ့တွင် ရုတ်တရက် ပြောင်းလဲလာမည်ဟု မျှော်လင့်ခဲ့သည်။ ယင်းမှာ ဖြစ်နိုင်ချေ မရှိပါ။ ဤဖြစ်စဉ်အတွင်း သူမသည် အစဉ်အမြဲ ခုခံနေပြီး ရုန်းကန်နေခဲ့သောကြောင့် သူမ၏ မချိမဆန့်ဝေဒနာက ကြီးမားခဲ့ခြင်း ဖြစ်သည်။) ယင်းမှာ ထိုသို့ပင်ဖြစ်၏။ သူမသည် လမ်းမှားကို ရွေးချယ်ခဲ့သော်လည်း ယင်းကို မသိခဲ့ချေသောကြောင့် ဖြစ်သည်။ ယင်းကို လမ်းမှန်အဖြစ်၊ သူမ၏ သဘာဝကျသော လိုက်စားမှုနှင့် သဘာဝကျသော ဆန္ဒအဖြစ် မှတ်ယူခဲ့ပြီးနောက် ထိုဦးတည်ချက်အတိုင်း လွန်စွာ အလုပ်လုပ်ပြီး ကြိုးစားကာ ရုန်းကန်ခဲ့လေသည်။ သူမ၏ဆန္ဒသည် လက်တွေ့ကျမကျ မည်သည့်အခါမျှ သံသယမဝင်ခဲ့သည်သာမက ယင်း၏ မှန်ကန်မှုကိုလည်း သံသယမဖြစ်ခဲ့ပေ။ ထိုအစား မည်သည့်အခါမျှ ပြောင်းလဲခြင်း သို့မဟုတ် ပြန်လှည့်လာခြင်းမရှိဘဲ ဤဦးတည်ချက်ကို မလျှော့တမ်း လိုက်စားခဲ့သည်။ သို့ဆိုလျှင် ဘဝတွင် များပြားလှသော အခက်အခဲများကို သူမအား ပေးရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤအရာအားလုံးကို ဘုရားသခင် ပြုလုပ်ခဲ့သည်မှာ မတော်တဆ မဟုတ်ပေ။ လူတစ်ဦးဦး၏ ဘဝထဲတွင် ဘုရားသခင်သည် ထိုသူ့အတွက် ခြွင်းချက်ဖြစ်သော အတွေ့အကြုံအချို့နှင့် နာကျင်ရသော အတွေ့အကြုံအချို့ကို စီစဉ်လေသည်။ အမှန်တွင်မူ ဖန်ဆင်းရှင်သည် ဤကဲ့သို့ သင့်အား ဆက်မသွားရန်နှင့် ဤလမ်းကြောင်းက မည်သည့်နေရာကိုမျှ ခေါ်ဆောင်မသွားကြောင်း၊ ထို့ပြင် ယင်းက သင်လျှောက်သင့်သည့် လမ်းကြောင်းမဟုတ်ကြောင်း ပြောဖို့ ဤနည်းလမ်းနှင့် ဤဖြစ်ရပ်များကို အသုံးပြုနေခြင်း ဖြစ်သည်။ လက်ဆုပ်လက်ကိုင် မပြနိုင်သည့်တိုင် ဤအရာထဲတွင် မည်သည့်အရာကို သင် မြင်သနည်း။ ဤသည်မှာ လူတို့အတွက် ဘုရားသခင်က လမ်းကြောင်းရွေးပေးခြင်း ဖြစ်ပြီး ယင်းသည် လူတို့အား ဘုရားသခင်၏ စကားပြောသောနည်းလမ်း၊ လူတို့အား သူကယ်တင်သည့်နည်းလမ်းနှင့် လူတို့၏ မှားယွင်းသော အယူအဆများနှင့် အလျှော့မပေးသော နည်းလမ်းများမှ ၎င်းတို့အား ထွက်လာစေခြင်းလည်း ဖြစ်သည်။ ဤသည်မှာ သင်ရွေးချယ်သည့် လမ်းကြောင်းသည် နွံအိုင်တစ်အိုင်၊ မီးနှင့်ပြည့်သော တွင်းတစ်တွင်း၊ ပြန်လမ်းမရှိသော လမ်းတစ်လမ်းဖြစ်ကာ၊ ယင်းကို မလျှောက်ရ၊ အကယ်၍ သင်သည် ဤလမ်းအတိုင်း ဆက်သွားလျှင် သင် ဆက်လက်၍ ဒုက္ခခံရမည်ဟု သင့်အား ဘုရားသခင် ပြောပြနေသည့် နည်းလမ်းလည်း ဖြစ်သည်။ ဤသည်မှာ ဘဝတွင် မှန်ကန်သောလမ်းကြောင်း မဟုတ်၊ ယင်းမှာ သင်လျှောက်သင့်သည့် လမ်းကြောင်း မဟုတ်သည့်အပြင် သင့်အတွက် ဘုရားသခင် ကြိုတင်စီမံထားသည့် လမ်းကြောင်း မဟုတ်ပေ။ အကယ်၍ သင်သည် လူတော်တစ်ဦးဖြစ်ပါက အခက်အခဲကို တွေ့ကြုံပြီးနောက်တွင် “ငါသည် ထိုကဲ့သို့သော အခက်အခဲကို အဘယ့်ကြောင့် တွေ့ကြုံခဲ့ရသနည်း။ ငါသည် အဆီးအတားတစ်ခုကို အဘယ့်ကြောင့် ရင်ဆိုင်ခဲ့ရသနည်း။ ဤလမ်းကြောင်းက ငါ့အတွက် မသင့်တော်သလော။ သို့ဆိုလျှင် ဘဝတွင် မည်သည့်လမ်းကြောင်းကို ငါလျှောက်ပြီး မည်သည့်ဉီးတည်ချက်ကို ငါလိုက်သင့်သနည်း” ဟု သင် ဆင်ခြင်စဉ်းစားမည် ဖြစ်သည်။ သင် ဆင်ခြင်စဉ်းစားနေစဉ် ဘုရားသခင်က သင့်အား လှုံ့ဆော်အားပေးမှုနှင့် လမ်းညွှန်မှု တစ်ခုခုကို ပေးမည်၊ သို့မဟုတ် နောက်ထပ်ခြေလှမ်းကို သင် လျှောက်သင့်သည့် မှန်ကန်သောဦးတည်ချက်ကို ညွှန်ပြမည်ဖြစ်သည်။ သင့်အနေဖြင့် လက်တွေ့ဘဝတွင် သင့်အတွက် သူစီစဉ်ထားပြီးဖြစ်သည့် ရှေ့တည့်တည့်မှ လမ်းကြောင်းကို ပို၍ လက်တွေ့ကျကျနှင့် မှန်ကန်တိကျစွာ အမိအရ လျှောက်လှမ်းနိုင်ဖို့အတွက် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ လမ်းပြနေပေသည်။ ငါ ယခုတင် ပြောပြသွားသည့် ဇာတ်လမ်းထဲမှ ဇာတ်ကောင်သည် ဤသို့ပြုလုပ်ခဲ့သလော။ (မလုပ်ပါ၊ သူမသည် မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်း မရှိခဲ့ပါ။) သူမ၌ မည်ကဲ့သို့သော စိတ်သဘောထားမျိုး ရှိခဲ့သနည်း။ (စိတ်နှလုံးခိုင်မာခြင်း ဖြစ်သည်။) ဤစိတ်နှလုံးမာကျောခြင်းသည် အလွန်ဒုက္ခပေး၏။ ကလေးတစ်ယောက် ဖြစ်ခဲ့ချိန်မှစ၍ ဆံဖြူအဘွားအိုတစ်ဦး ဖြစ်သည်အထိ မှီခိုအားထားစရာ တစ်ဦးတစ်ယောက်ရှိရန်ဟူသည့် သူမ၏ဆန္ဒမှာ မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ ဘုရားသခင်၏ ဧဝံဂေလိတရားကို ကြားရပြီး ဖန်ဆင်းရှင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို မည်ကဲ့သို့ ဖန်ဆင်းခဲ့ကြောင်း ထိုးထွင်းအမြင်များ မရရှိခဲ့သေးခင်က ဖြစ်စေ၊ သူမထံ ဘုရားသခင်၏ ဧဝံဂေလိတရား ရောက်ရှိပြီး ဤအရာအားလုံး၏ သမ္မာတရားကို ဘုရားသခင် ပြောပြသည့်အချိန်ကဖြစ်စေ သူမ၏ဆန္ဒသည် အစမှအဆုံးထိ မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ ဤသည်မှာ ကြေကွဲဝမ်းနည်းစရာ အကောင်းဆုံးအပိုင်း ဖြစ်၏။ လူတို့၌ စိတ်ကူးများနှင့် ထင်မြင်ချက်များရှိသည်။ လူတို့အတွက် ဤအရာအားလုံး ဖန်ဆင်းခြင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သူတို့အတွက် ဘုရားသခင်စီစဉ်သည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ဝန်းကျင်များကို လူတို့အနေဖြင့် သတိမူမိပြီး သဘောပေါက်နားလည်ရန် ဖြစ်သည်။ ဆင်ခြင်တုံတရားနှင့် အသိတရား ပိုင်ဆိုင်သည့် လူတစ်ဦးအဖြစ် ဘုရားသခင် စီစဉ်ညွှန်ကြားထားသည့် ဤအရာများအားလုံးကို မိမိ၏ စိတ်နှလုံးဖြင့် သဘောပေါက်သောအခါ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို အနည်းနှင့်အများဆိုသလို နက်နဲမှုအတိုင်းအတာများ အမျိုးမျိုးအထိ နားလည်လိမ့်မည်။ ဤသည်မှာ အထူးသဖြင့် လက်တွေ့ကျပြီး စစ်မှန်သော ဘုရားသခင်အလုပ်လုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် လူတို့သည် အလွန် မာနထောင်လွှားပြီး စိတ်နှလုံးခိုင်မာသည့်အပြင် သမ္မာတရားကို အလွယ်တကူ လက်မခံနိုင်သောကြောင့် ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန် ခက်ခဲသည်။ လူတို့၏ စိတ်နှလုံးခိုင်မာခြင်းသည် မည်ကဲ့သို့ ပေါ်လွင်သနည်း။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အမှုအရာများကို ဖက်တွယ်ထားနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ “ငါသည် ငါ၏ဘဝကို စီမံလိုသည်။ ငါ၌ အတွေးအခေါ်များရှိသည်။ ငါ၌ ဦးနှောက်ရှိသည်။ ငါသည် ပညာတတ်သည်။ ထို့ပြင် ငါသည် ငါ့ဘဝကို ထိန်းချုပ်နိုင်သည်။ ငါသည် ငါ့ဘဝထဲမှ အရာရာတိုင်း၏ အကြောင်းရင်းကို မြင်နိုင်ပြီး ဤအရာအားလုံးကို ငါ လုံးဝ စီစဉ်ညွှန်ကြားနိုင်သည်။ ထို့ကြောင့် ငါသည် ငါ၏ကိုယ်ပိုင်ပျော်ရွှင်မှု၊ ငါ၏ကိုယ်ပိုင်အနာဂတ်နှင့် ငါ၏ကိုယ်ပိုင် တက်လမ်းများကို စီမံနိုင်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အဆီးအတားတစ်ခုကို ရင်ဆိုင်ရသောအခါ “ငါသည် ဤတစ်ကြိမ်တွင် ကျရှုံးသည်။ နောက်တစ်ကြိမ် ငါ ထပ်ကြိုးစားမည်” ဟု ဆိုကြသည်။ ၎င်းတို့က ဤသည်မှာ လူတို့နေထိုင်ရမည့် ပုံစံဖြစ်သည်၊ ထို့ပြင် လူတစ်ဦး၌ နိုင်လိုစိတ်ပြင်းပြသော စိတ်ဓာတ်မရှိပါက သူသည် ဘဝတွင် အလွန်အမင်း အသုံးမကျဘဲ ပျော့ညံ့မည်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့ မဆုတ်မနစ်ကြိုးပမ်းမှု၏ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းအတွက် အကြောင်းပြချက်သည် အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် အားနည်းသောသူထက် အားကောင်းသောသူ လုံးဝဖြစ်ရမည်၊ အခြားသူများ၏ အထင်သေးခြင်းကို ခံရဖို့မဆိုနှင့်၊ ဘဝ၏ ထိုးနှက်ခြင်းကိုပင် မခံရ၊ ထို့ပြင် လူတို့သည် အမှီအခို ကင်းမဲ့သင့်သည်၊ နိုင်လိုစိတ်ပြင်းပြသင့်ကာ၊ စိတ်ဓာတ်ကြံ့ခိုင်မှု လက္ခဏာရှိသင့်ပြီးလျှင် အခြားသူများ၏ အထင်ကြီးလေးစားခြင်း ခံရသင့်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်၏။ ဤစိတ်သဘောထားများ၊ ဤအတွေးအခေါ်များနှင့် ဤစိတ်ကူးများက ၎င်းတို့၏ အပြုအမူကို စိုးမိုးခြယ်လှယ်သောကြောင့် ၎င်းတို့အနေဖြင့် မိမိတို့အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အခက်အခဲများ၊ အကျပ်အတည်းများ၊ သို့မဟုတ် စိတ်ဆင်းရဲခြင်းတို့ကို ရင်ဆိုင်ရသည့်အခါတိုင်း ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် စိတ်ကူးများဖြင့် မလျှော့တမ်းလုပ်ဆောင်ခြင်း၊ ပြန်လှည့်မလာခြင်း၊ ၎င်းတို့က ကောင်းသည်၊ မှန်သည်၊ မိမိတို့အတွက် အကျိုးရှိသည်ဟု ထင်သည့်အရာမှန်သမျှဖြင့် အဆုံးတိုင်အောင် လုံးဝမလျှော့တမ်း လုပ်ဆောင်ခြင်းအပြင် နိုင်လိုစိတ်ပြင်းပြသော လူတစ်ဦးဖြစ်ခြင်းဟူသည့် ယခင်ကနှင့် မခြားနားသော နည်းလမ်းကိုသာ ရွေးချယ်ကြသည်။ ၎င်းတို့အား ဉာဏ်မဲ့ပြီး လက်တွေ့မကျသော အကဲဖြတ်ချက်များစွာကို ပြုလုပ်စေပြီး လက်တွေ့မကျသော ထိုမျှ နားလည်မှုနှင့် အသိအမှတ်ပြုခြင်းတို့ကို ထွက်ပေါ်စေသည်မှာ ဤစိတ်နှလုံးခိုင်မာသော စိတ်သဘောထား ကွက်တိပင်ဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။