မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၂) အပိုင်း သုံး

ငါတို့ ယခုတင် ပြောခဲ့ပြီးသည့် “အဘယ်သူ့ကို မှီခိုအားထားရမည်နည်း” ဟူသည့် ဇာတ်လမ်း၏ နောက်ဆုံးအပိုင်းကို စိတ်ဖြာလေ့လာဆွေးနွေး၍ မပြီးသေး။ လူတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်လိုက်သည်နှင့် ဆုတောင်းရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်၊ ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ခံယူရန်၊ ဘုရားသခင်၏ လမ်းပြမှုကို ခံယူရန်နှင့် ဘုရားသခင်၏ နှုတ်တော်ထွက် စကားတိုင်းကို နားထောင်ရန် ဘုရားသခင်ရှေ့သို့ ရောက်လာလေသည်။ ဤကာလအတွင်း၌ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် လူတို့နားလည်ဖို့ လိုအပ်သည့်အရာတိုင်းကို ပြောပြရန် ရှင်းလင်းသော စကားလုံးများကို အသုံးပြုသည်။ ဘုရားသခင်က သင့်အား အယူဝါဒများနှင့် စကားများကို နားမလည်စေလိုသည်သာမက ဓမ္မပညာရပ်ကိုလည်း မလေ့လာစေလိုပေ။ ဘုရားသခင်သည် သင် လိမ္မာသော လူတစ်ဦး သို့မဟုတ် လူကောင်းတစ်ဦး သို့မဟုတ် တောင့်တခြင်းများနှင့် ရည်မှန်းချက်များရှိသည့် လူတစ်ဦးဖြစ်လာဖို့ သွန်သင်လေ့ကျင့်ပေးရန်အတွက် ဤစကားများကို အသုံးမပြု။ ဘုရားသခင်က ထိုကဲ့သို့သော လူတစ်ဦး ဖြစ်မလာစေချင်ပေ။ ဘုရားသခင်က သင့်အား လူတို့သည် မည်သည့်နေရာမှ လာကြောင်း၊ မည်သို့ အသက်ရှင်သင့်ကြောင်းနှင့် မည်သို့သောလမ်းမျိုးကို လိုက်သင့်ကြောင်း နားလည်စေဖို့အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုလိုသည်။ သို့ရာတွင် ဤနှုတ်ကပတ်တော်များကို ကြားနာပြီးနောက် လူတို့သည် ယင်းတို့နှင့်ပတ်သက်၍ ဘာမျှမစဉ်းစားဘဲ မိမိတို့၏ ကိုယ်ပိုင်အမြင်များ၊ မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲဖြစ်ကာ ကျင့်ကြံပြုမူခြင်းဆိုင်ရာ ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်းများကိုပင် မြဲမြံစွာ ဆုပ်ကိုင်ထားကြသည်။ ဥပမာအနေဖြင့် လူအချို့က “ကျွန်ုပ်သည် လူကောင်းတစ်ဦး ဖြစ်ချင်လျက်နှင့် မွေးဖွားခဲ့ပြီး ကျွန်ုပ် လူကောင်းတစ်ဦးဖြစ်လာဖို့ အလှမ်းဝေးလွန်းသည်ဟု မထင်ပေ။ မကောင်းသောအရာ တစ်ခုကိုမျှ ကျွန်ုပ်မလုပ်။ လူတို့ကို ဒုက္ခမပေး၊ သို့မဟုတ် မလိမ်ညာ၊ သို့မဟုတ် သူတို့ကို အခွင့်အရေးမယူသည့်အပြင် ဘုရားသခင်ကို စတင်ယုံကြည်ကတည်းက သာ၍ပင် ‌ကောင်းသောလူတစ်ဦး ဖြစ်လာခဲ့သည်။ ကျွန်ုပ်သည် အမှန်တရားကို အမြဲပြောသည်။ သူတစ်ပါးကို စစ်မှန်ရိုးသားသော ဟန်ပန်ဖြင့် ဆက်ဆံသည်။ ပြီးလျှင် ကျွန်ုပ်၏ တာဝန်ထမ်းဆောင်ရာတွင် ဘုရားသခင်နှင့် အသင်းတော်၏ အစီအမံများကို လိုက်နာသည်။ ယင်းက မလုံလောက်သလော” ဟု ဆိုတတ်ကြသည်။ လူများစွာတို့၌ ဤစဉ်းစားဉာဏ်မျိုး ရှိသလော။ ယုံကြည်သူများသည် ဤစဉ်းစားနည်းအပေါ် အမှီပြုခြင်းဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။ လူတို့နားလည်ဖို့ ဘုရားသခင်တောင်းဆိုသော သမ္မာတရားများစွာ ရှိကာ လေ့လာဖို့ သင်ခန်းစာများစွာ ရှိသည်။ အထူးသဖြင့် ရူပါရုံများနှင့်စပ်လျဉ်းသည့် သမ္မာတရားများမှာ ဘုရားသခင်ကို ယုံကြည်သူတို့ ပိုင်ဆိုင်ရမည့် သမ္မာတရားများနှင့် အခြေခံအုတ်မြစ်ကို ချမှတ်သော အရာများဖြစ်သည်။ ၎င်းတို့သည် ဤသမ္မာတရားများကိုပင် နားမလည်ပါက ကယ်တင်ခြင်း ရရှိနိုင်မည်လော။ အကယ်၍ ၎င်းတို့သည် စိတ်ကူးများကိုသာ အမှီပြုပြီး မိမိတို့ကိုယ်ကို အားရကျေနပ်ကာ သမ္မာတရားကို မလိုက်စားပါက ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု သို့မဟုတ် သူ၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ခံယူဖို့ အရည်အချင်း ပြည့်မီနေသေးသလော။ ၎င်းတို့သည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ရရှိပြီး သူ၏ စုံလင်အောင် ပြုလုပ်ခြင်းကို ခံရနိုင်မည်လော။ (မခံရနိုင်ပါ။) မခံရနိုင်သည်မှာ အသေအချာပင်။ သမ္မာတရားကို မလိုက်စားသည့် အသင်းတော်ထဲရှိ လူအရေအတွက်သည် တစ်ဝက်ထက်မက ဖြစ်နိုင်သည်၊ သို့မဟုတ် ထို့ထက်ပင် ပိုများနိုင်သည်။ ဤအခြေအနေကို သင်တို့ ဆင်ခြင်သုံးသပ်သောအခါ “ဘုရားသခင်သည် မြောက်မြားစွာ မိန့်မြွက်ခဲ့ပြီးဖြစ်သော်လည်း လူတို့ နားမလည်သေးသဖြင့် ဘုရားသခင်သည် ပညာမဲ့ပြီး မိုက်သော ဤလူတို့ကို အဘယ့်ကြောင့် ဉာဏ်အလင်းမပေးသနည်း။ ဘုရားသခင်သည် အဘယ့်ကြောင့် တစ်စုံတစ်ရာ ပို၍မပြော၊ အလုပ်အနည်းငယ် ပို၍မလုပ်သည့်အပြင် ထိုသူတို့အထဲ၌ အားထုတ်ကြိုးပမ်းမှု ပို၍မပြုရသနည်း။ ဤပညာမဲ့သော လူတို့သည် နောက်ထပ် ပညာမမဲ့သည့်အပြင် မိုက်သော လူတို့သည် နောက်ထပ် မမိုက်ရလေအောင် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ့်ကြောင့် ထိုသူတို့ကို စေ့ဆော်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း မပြုသနည်း။ ဘုရားသခင်သည် အဘယ့်ကြောင့် ဤအရာကို မပြုလုပ်သနည်း” ဟူသကဲ့သို့ သင်တို့ တွေးထင်မည်လော။ ဤသည်မှာ မှား၏။ ဘုရားသခင်သည် အလုံအလောက် မိန့်မြွက်ပြီးပြီ မဟုတ်လော။ လူများစွာတို့က ဘုရားသခင်ပြောသည်မှာ များလွန်းလှသည်၊ သူသည် အသေးစိတ်ကျလွန်းအောင် စကားပြောသည်၊ ထို့ပြင် သူသည် အပ်ကြောင်းထပ်လွန်းသည်ဟု ဆိုကြသည်။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ့်ကြောင့် ဤပုံစံဖြင့် စကားပြောရသည်ကို တစ်စုံတစ်ဦး သိသလော။ ယင်းမှာ လူတို့သည် စိတ်နှလုံးခိုင်မာပြီး ပုန်ကန်တတ်လွန်းသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မခံယူသည့်အပြင် သမ္မာတရားထဲ၌ အားထုတ်ကြိုးပမ်းမှု မရှိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို အတင်းအကျပ်လုပ်မည် မဟုတ်ချေ။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံပါက ၎င်းတို့ကို ဘုရားသခင် မည်သို့ဆက်ဆံမည်နည်း။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ အတင်းအကျပ် လုံးဝမလုပ်၊ ဤသည်မှာ သူ အလုပ်လုပ်သည့်ပုံစံ ဖြစ်၏။ ဘုရားသခင်သည် လူတို့အနေဖြင့် အားလုံးကို မဖတ်နိုင်အောင်ပင် မြောက်မြားစွာသော နှုတ်ကပတ်တော်များကို မိန့်မြွက်ထားပြီဖြစ်သောကြောင့် လူတို့ကို အဘယ်သို့ အတင်းအကျပ်ပြုနိုင်မည်နည်း။ လူတို့က ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များကို အဘယ့်ကြောင့် နားမလည်ကြသနည်း။ တစ်ဘဝစာ နာကျင်မှုကို တွေ့ကြုံခဲ့သည့် ဇာတ်လမ်းထဲမှ ဇာတ်ကောင်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သူ၏ တရားဒေသနာများကို နာယူခဲ့သည့်အပြင် အသင်းတော်ထဲ၌ သူမကိုယ်သူမ အသုံးပင်ခံကာ သူမ၏ တာဝန်ကို အချိန်ပြည့်ပင် ထမ်းဆောင်ခဲ့သည်။ သို့သော် အဆုံးတွင် အတိအကျမည်သူ့ကို သူမ မှီခိုအားထားနိုင်ကြောင်း၊ သို့မဟုတ် သူမ၏ဆန္ဒ မည်ကဲ့သို့ ဖြစ်ပေါ်လာပြီး ယင်းသည် ပြည့်စုံလာနိုင်မည်၊ ပြည့်စုံမလာနိုင်မည်ကို နားမလည်ခဲ့။ ထိုကိစ္စတွင် ပြဿနာတစ်ခု ရှိကိုရှိရမည်။ အမှန်အားဖြင့် ဘုရားသခင်၏ ရှုထောင့်အမြင်မှနေ၍ ဤသည်မှာ အလွန်ရိုးစင်းသော ပြဿနာဖြစ်သည်။ သင်သည် ဦးတည်ချက်ကို ပြောင်းလဲပြီး သင့်အား ဘုရားသခင်ပေးထားသော ဦးတည်ချက်နှင့် သင့်အား ဘုရားသခင်ပြောထားသော လမ်းကြောင်းဆီသို့ ရွေ့လျားဖို့သာ လိုသည့်အပြင် မည်သည့်သံသယမျှဖြစ်စေ၊ ဒွိဟမျှဖြစ်စေ မရှိဘဲ တည်ကြည်ခိုင်မာသော ပုံစံဖြင့် ယုံကြည်ဖို့၊ ခံယူဖို့၊ ကျိုးနွံနာခံဖို့နှင့် လက်တွေ့လုပ်ဆောင်ဖို့သာ လိုသည်။ သို့သော် ယင်းကို လူတို့ မလုပ်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် မျှော်လင့်ချက်များအပြင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဖုံးကွယ်ထားသော ထင်ယောင်ထင်မှားဖြစ်ခြင်းများကို မြဲမြံစွာ ဆုပ်ကိုင်ထားကြသည်။ ၎င်းတို့သည် ဤအရာများကို ဖမ်းဆုပ်ထားရမည့် နောက်ဆုံးသော ကောက်ရိုးမျှင်အဖြစ်၊ သို့မဟုတ် ထို့ထက်ပို၍ပင် ဆိုးဝါးစွာ ၎င်းတို့၏ အသက်တည်ရှိမှုအတွက် မှီခိုအားထားရသည့် အခြေခံအုတ်မြစ်အဖြစ်ပင် သဘောထားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ၎င်းတို့အား ဘုရားသခင်ပေးထားသည့် ဦးတည်ချက်တို့ကို ဘေးဖယ်ထားပြီး ယင်းတို့ကို လျစ်လျူရှုထားကြသည်။ သို့ဆိုလျှင် ဤအရာကို ဘုရားသခင် မည်ကဲ့သို့ ကိုင်တွယ်မည်နည်း။ အကယ်၍ သင်သည် သင့်အားပေးထားသည့် ကောင်းသောအရာများကို အသိအမှတ် မပြုသည့်အပြင် လက်မခံပါက ယင်းတို့ကို ဘုရားသခင် ပြန်ယူမည်ဖြစ်သည်။ ဤအရာများကို ပြန်ယူလိုက်သည်နှင့် လူတစ်ဦးသည် မည်သည့်အရာကို ရရှိပြီးဖြစ်သနည်း။ မည်သည့်အရာမျှ မရရှိပေ။ ထို့အတွက်ကြောင့် ဤဇာတ်ကောင်သည် သူမ၏ စိတ်နှလုံးအတွင်းထဲ၌ “ဘုရားသခင်သည် ငါမှီခိုအားထားနိုင်သောသူ အမှန်တကယ် ဟုတ်သလော။ ငါသည် မည်သူ့ကို အမှန်တကယ် မှီခိုအားထားနိုင်သနည်း။ ငါသည် အသက်ဆက်ရှင်ဖို့၊ ကောင်းချီးများ ရရှိဖို့နှင့် ငါ၏အနာဂတ်ပန်းတိုင်ကို ရရှိဖို့ မည်သူ့ကို မှီခိုအားထားနိုင်မည်နည်း” ဟူသည့် မေးခွန်းအတွက် အဖြေများကို မသိတော့ချေ။ သူမသည် ဤမေးခွန်းများနှင့်ပတ်သက်၍ ပို၍ပို၍ ရှုပ်ထွေးလာပြီးဖြစ်သည်။ အဆုံးတွင် သူမ၏စိတ်နှလုံးထဲ၌ ကျန်ရှိသည့် ဝမ်းနည်းခြင်းက မည်သည့်အရာနည်း။ သူမ၌ မှီခိုအားထားရမည့်သူ တစ်ဦးမျှမရှိ၊ ယုံကြည်ရမည့်သူ တစ်ဦးမျှမရှိခြင်း ဖြစ်သည်။ သူမ၏ဘဝသည် အလွန်ပင် ဝမ်းနည်းစရာကောင်းပြီး စိတ်မချမ်းမြေ့စရာ ကောင်းလိုက်လေခြင်းပါတကား။ သူမသည် ဤဘဝတွင် လူတို့အတွက် ဖန်ဆင်းရှင်၏ အစီအမံများ၏ အဓိပ္ပာယ်က မည်သည့်အရာ ဖြစ်သည်နှင့်ပတ်သက်၍ ရှုပ်ထွေးနေခဲ့သည်၊ သူမ မသိခဲ့ပေ။ သူမသည် ဤပုံစံအတိုင်း ဘဝကို ဖြတ်သန်းခဲ့ပြီးနောက် အသက်အိုမင်းသည့် အရွယ်ရောက်ခဲ့ကာ ယင်းတို့အားလုံးကို နားမလည်နိုင်သေး၊ သို့မဟုတ် တိကျမှန်ကန်သော ကောက်ချက်မဆွဲနိုင်သေး၊ သို့မဟုတ် ဘဝတွင် တိကျမှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ကို မရရှိသေး။ သူမသည် ဤအရာတစ်ခုမျှ မရရှိနိုင်သောအခါ ဘုရားသခင်က ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ ပြုလုပ်ခဲ့သနည်း။ သူသည် ဤလူ၏ အသက်တာ နိဂုံးချုပ်ပြီဟု ကောက်ချက်ချခဲ့သည်။ ဘုရားသခင်သည် လုပ်၍ရနိုင်သမျှကို လုပ်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် ဝန်းကျင်အခြေအနေများကို စီစဉ်ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ သူမကို ဉာဏ်အလင်းပေး၍ လမ်းပြခဲ့ပြီးဖြစ်ကာ သူမ အနာကျင်ရဆုံးအချိန် သို့မဟုတ် မျှော်လင့်ချက်ပျက်သုဉ်းနေသော အခြေအနေများကို ရင်ဆိုင်ရသောအခါ ဆက်လက်ရှင်သန်ဖို့အတွက် လှုံ့ဆော်မှုကိုပင် ပေးခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် အဆုံးစွန်မေတ္တာနှင့် အားပေးမှုဖြင့် သူမကို ဤအဆင့်ရောက်သည်အထိ ‌ထောက်မပေးခဲ့ပြီးဖြစ်သည်။ ပြီးလျှင် မည်သည့်ရည်ရွယ်ချက်အတွက် ဖြစ်သနည်း။ သူမအား ပြန်လှည့်လာစေဖို့ ဖြစ်သည်။ လူတစ်ဦး ပြန်လှည့်လာခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင် မှီခိုအားထားနိုင်မည့် မည်သူမျှမရှိကြောင်း၊ သင်သည် မည်သူ့ကိုမျှ မှီခိုရမည်မဟုတ်ကြောင်း၊ သင်သည် ပျော်ရွှင်သောဘဝကို မိမိဘာသာ ဖန်တီးဖို့ ကြိုးစားရမည် မဟုတ်ကြောင်း၊ မည်သည့်ဆန္ဒကိုမျှ ဖြစ်ပေါ်စေရမည် မဟုတ်ကြောင်း၊ ဖန်ဆင်းရှင်မှတစ်ပါး သင်ကိုယ်တိုင်ပင် သင်၏ကံကြမ္မာကို မည်သူမျှ စီစဉ်ညွှန်ကြားနိုင်ခြင်း သို့မဟုတ် အခွင့်အာဏာ စွဲကိုင်နိုင်ခြင်းမရှိကြောင်း နားလည်ရန်ဖြစ်၏။ သင်ပြုလုပ်သင့်သည့် ရွေးချယ်မှုမှာ အဘယ်နည်း။ မည်သည့် မကျေမနပ်စကား သို့မဟုတ် မဖြစ်မနေ တောင်းဆိုချက်မျှ မရှိဘဲ ဖန်ဆင်းရှင်ရှေ့မှောက်သို့ လာလော့။ သူပြောသည့်အရာကို နားထောင်လျက် သူ၏လမ်းကို လိုက်လျှောက်လော့။ နာကျင်မှုဖြစ်စေ၊ ဖျားနာမှုဖြစ်စေ ဤသည်မှာ လူ့ဘဝတွင် တွေ့ကြုံရမည့် အစိတ်အပိုင်းချည်းသာ ဖြစ်၏။ လူတစ်ဦး၏ အသက်တာနိဂုံးချုပ်ပြီဟု ကောက်ချက်ချမည့်ဆဲဆဲ ဖြစ်ပြီး ဤအရာအားလုံးကို ၎င်းက နားမလည်သောအခါ ဘုရားသခင်သည် အခြားမည်သည့်အရာကို လုပ်ဆောင်သနည်း။ သူသည် မည်သည့်အရာကိုမျှ နောက်ထပ် မလုပ်ဘဲရှိကာ ယင်းမှာ ဘုရားသခင်သည် ၎င်းတို့အပေါ် လက်လျှော့လိုက်ပြီဖြစ်ကြောင်း လက္ခဏာလည်းဖြစ်သည်။ ဘုရားသခင် အဘယ့်ကြောင့် မည်သည့်အရာမျှ မလုပ်ဆောင်တော့သနည်း။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် သူ၏ကိုယ်ပိုင် အယူအဆများဖြင့် အမြဲ အသက်ရှင်ကာ သူ၏ကိုယ်ပိုင်ဆန္ဒများနှင့် မဆုတ်မနစ် ကြိုးပမ်းမှုဖြင့် အသက်ရှင်ခဲ့ပြီး ဖြစ်သည့်အပြင် သူသည် ဘုရားသခင် စီစဉ်ညွှန်ကြားထားသည့် အရာတိုင်းကို စိတ်နှလုံးခိုင်မာသော၊ ခေါင်းမာသော၊ ထို့ပြင် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော၊ နိုင်လိုစိတ်ပြင်းထန်သော စိတ်ထားဖြင့် သဘောထားခဲ့ပြီးဖြစ်သည်။ ထို့အတွက်ကြောင့် လူတစ်ဦး၏ ဘဝအဆုံးသတ်ခါနီးနှင့် ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသည့် ဤဝန်းကျင်များ သို့မဟုတ် ဖြစ်စဉ်များကြားတွင် တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်ခဲ့ပြီးသော်လည်း ဖန်ဆင်းရှင်နှင့် ပတ်သက်၍ ၎င်းတို့၏ အသိပညာက လုံးဝ မပြောင်းလဲသည့်အပြင် လူ့ဘဝ၏ ကံကြမ္မာအား နားလည်ခြင်း ဘာမျှမရှိသောအခါ ၎င်းတို့၏ အသက်တာက မည်သည့်သဘောသက်ရောက်သည်မှာ ရှင်းနေပြီဖြစ်ကာ ဖန်ဆင်းရှင်သည် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ပြုလုပ်ခြင်း နောက်ထပ်ရှိမည် မဟုတ်တော့ချေ။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့်ပုံစံ ဖြစ်၏။

ဘုရားသခင်အလုပ်လုပ်သည့် ပုံစံ၏ ရလဒ်အဖြစ် လူတို့အထဲ၌ မည်သည့်အယူအဆများနှင့် စိတ်ကူးများ ပေါ်ပေါက်လာသနည်း။ လူအချို့သည် ဘုရားသခင်က အခြားသူများအား ဖယ်ရှားရှင်းလင်းသည်ကို တွေ့ရသောအခါ ၎င်းတို့အထဲ၌ အယူအဆများ ပေါ်ပေါက်လာပြီး “ဤသူသည် သူ၏အသက်တာတွင် နာကျင်မှုမြောက်မြားစွာ တွေ့ကြုံခဲ့ပြီး ဖြစ်၍ ဖန်ဆင်းရှင်သည် သူ့အပေါ် ကရုဏာမထားသလော” ဟု ပြောကြသည်။ ကရုဏာထားခြင်းသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ (ကျေးဇူးတော်ကို ပေးအပ်ခြင်းဖြစ်ပါသည်။) ကျေးဇူးတော်ပေးအပ်ခြင်းက ထိုသူ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်သလော။ ယင်းက သူ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သလော။ ယင်းက သူ၏အမြင်များကို ပြောင်းလဲပေးနိုင်သလော။ (ပြောင်းလဲမပေးနိုင်ပါ။) ထို့အတွက်ကြောင့် ဖန်ဆင်းရှင်က လူတစ်ဦးအပေါ် ကောင်းချီးများ၊ ကျေးဇူးတော်များနှင့် ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများကို အဘယ်မျှ နှင်းအပ်စေကာမူ ဤအရာများက ထိုသူအား ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ဖို့၊ သို့မဟုတ် အသက်တာတွင် လမ်းကြောင်းမှန်ကို လျှောက်ဖို့၊ ထို့ပြင် နောက်ဆုံးတွင် လူတို့အား ဘုရားသခင် ညွှန်ပြပေးသည့်လမ်းကြောင်းကို လျှောက်လှမ်းဖို့နှင့် အသက်တာတွင် လူတို့တွေ့ကြုံသော အရာများအားလုံးသည် မည်သည့်အရာများ ဖြစ်သည်ကို နားလည်ဖို့ မတိုက်တွန်း သို့မဟုတ် မကူညီပါက ၎င်းတို့အပေါ် ဘုရားသခင် ပြုလုပ်ခဲ့ပြီးသော အလုပ်အားလုံးသည် အချည်းနှီးဖြစ်ပြီးလျှင် ထိုသူက ဘုရားသခင်အား ယုံကြည်ခဲ့သည့်အသက်တာ ကာလအပိုင်းအခြားနှင့် ပတ်သက်၍ နိဂုံးချုပ်ပြီဟု သိသာထင်ရှားစွာ ကောက်ချက်ချမည်ဖြစ်သည်။ လူတို့အထဲ၌ မည်သည့်အယူအဆများ ပေါ်ပေါက်လာလေ့ရှိသနည်း။ “ဘုရားသခင်သည် သည်းခံစိတ်ရှည်ပြီး သူ၏ချစ်ခြင်းမေတ္တာသည် အင်အားကြီးမားကာ ကျယ်ပြော၏။ သူသည် ထိုသို့သောလူမျိုးကို အဘယ့်ကြောင့် မချစ်နိုင်ရသနည်း” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့‌ပေါ်လွင်သနည်း။ ဘုရားသခင်သည် ထိုသူ့ကို အမှန်တကယ် ချစ်သလော၊ သို့မဟုတ် မချစ်သလော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုသူ၏ အထဲ၌ မည်သည့်ရလဒ်များကို ထုတ်လုပ်ပြီးဖြစ်သနည်း။ ရလဒ်များ မရှိပါက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်ကဲ့သို့ ပေါ်လွင်သနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် မည်ကဲ့သို့ ထင်ရှားသနည်း။ ဘုရားသခင်သည် သူ၏အလုပ်ကို မည်သို့ လုပ်ဆောင်သနည်း။ အမှန်တွင်မူ ဘုရားသခင်က တစ်စုံတစ်ရာကို မပြုလုပ်မီ သူသည် ထိုသူ့ကို ရွေးချယ်နှင့်ပြီး၊ ထိုသူ့အပေါ် အလုပ်လုပ်နှင့်ပြီး ဖြစ်သည့်အပြင် ထိုသူ၏တစ်ဘဝလုံးကို သူ၏ နည်းလမ်းအတိုင်း ကြိုတင်ပြဋ္ဌာန်းခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းအတွက် ကြံစည်ပြီးသား ဖြစ်လေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ ဤအရာအားလုံး၏ နောက်ကွယ်၌ ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီးသားပင်။ ထိုသူသည် သူ့အသက်တာ၏ ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းနေစဉ် ဘုရားသခင်က သူ့အား သနားကရုဏာနှင့် ဂရုစိုက်မှု ပြသည်၊ သူ့အား ကွယ်ကာသည်၊ သူ့အား လှုံ့ဆော်မှုပေးသည်၊ ထို့ပြင် ဝန်းကျင်အချို့ကို စီစဉ်ဖွဲ့စည်းပေးသည်။ ဤဘဝတွင် သူ၏ အထူးတာဝန်ကို အပြီးသတ်ရာ၌ အစဉ်အမြဲ ကွယ်ကာပေးလေသည်။ ဤဖြစ်စဉ်အတွင်း သူသည် အဘယ်မျှ ဇွဲရှိသည်၊ ခေါင်းမာသည်၊ မာနထောင်လွှားသည်၊ သို့မဟုတ် စိတ်နှလုံးခိုင်မာသည်ဖြစ်စေ ဘုရားသခင်က သူ့အား ဖန်ဆင်းရှင်၏ ချစ်ခြင်းမေတ္တာ၊ သဘောထားကြီးခြင်းနှင့်အတူ ဘုရား၏ တာဝန်ဝတ္တရားအားဖြင့် ဘုရား၏ နည်းလမ်းအတိုင်း သူ၏အသက်တာကို ချောမွေ့စွာ ကျော်ဖြတ်ဖို့အတွက် စဉ်ဆက်မပြတ် ကူညီပေးသည်။ သူ၏အသက်တာတွင် အန္တရာယ်များနှင့် စုံစမ်းသွေးဆောင်မှုများ အဘယ်မျှ ကြုံတွေ့ပါစေ၊ သို့မဟုတ် အကြိမ်မည်မျှပင် မျှော်လင့်ချက်ကုန်ပြီး မိမိကိုယ်ကို သေကြောင်းကြံချင်သည်ဖြစ်စေ ဘုရားသခင်က သူ၏နည်းလမ်းအတိုင်း ဤဘဝတစ်လျှောက်တွင် သူ့အား လမ်းပြလေသည်။ ဘုရားသခင်၏ လမ်းပြမှုမပါလျှင် သူသည် ဖြားယောင်းသိမ်းသွင်းမှု၊ စုံစမ်းသွေးဆောင်မှု၊ သို့မဟုတ် အန္တရာယ်အမျိုးမျိုးက ပတ်ချာဝိုင်းမည် ဖြစ်သောကြောင့် သူ၏အသက်တာသည် ချောမွေ့စွာ ဖြတ်သန်းရမည် မဟုတ်သည်မှာ အသေအချာပင်။ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာလျှင် ဖြစ်၏။ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့သော နာကျင်မှု၊ ဆင်းရဲဒုက္ခများနှင့် ၎င်းတို့၏ စိတ်ခံစားမှုများနှင့် ဆန့်ကျင်သည့် ထိုသို့သော အရာများ ကင်းဝေးသင့်သည်ဟု တွေးထင်ကြသည်။ အမှန်တွင် ဘုရားသခင်သည် လူတို့အပေါ် သနားကရုဏာ၊ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို ချစ်တတ်သော၊ သည်းခံတတ်သော ပုံစံဖြင့် အစဉ်အမြတ် ပေးအပ်နေသည်။ အဆုံးတွင် လူတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး အသက်ကို ရရှိဖို့အလို့ငှာ သူသည် သမ္မာတရားကိုလည်း ကြီးမားသော စိတ်ရှည်မှုနှင့် ချစ်ခြင်းမေတ္တာဖြင့် ‌ဖော်ပြသည်။ သူသည် ရလဒ်များရရှိဖို့အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလျက် လူတို့သည် လူ့ဘဝကို နားလည်ပြီး အဓိပ္ပာယ်ရှိစွာ မည်သို့အသက်ရှင်ရမည်ကို သိဖို့အလို့ငှာ ၎င်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြလေသည်။ သူ၏အလုပ်ကို ဤပုံစံအတိုင်း လုပ်ဆောင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပေါ့တန်သောအတိုင်းအတာဖြင့် ဆိုရလျှင် သူ၏ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် အသက်တာ၌ ၎င်းတို့အပေါ် ကျရောက်သည့် နာကျင်မှုအားလုံးကိုသာမက ၎င်းတို့ကိုယ်တိုင် ဖြစ်ပွားစေသည့် နာကျင်မှုအားလုံးကို ဖယ်ရှားနိုင်ဖို့အတွက် ဖြစ်သည်။ ပို၍လေးနက်သော အတိုင်းအတာဖြင့်မူ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့ကို ပျော်ရွှင်စွာ နေထိုင်စေရန်၊ အသက်တာကို သာမန်လူများအဖြစ်၊ လူသားစစ်စစ်အဖြစ် ဘဝကို အသက်ရှင်နေထိုင်ရန်နှင့် ဖန်ဆင်းရှင်၏ လမ်းပြမှုအောက်တွင် အသက်ရှင်ရန်အတွက် ဖြစ်သည်။ သို့ရာတွင် လူတိုင်း၌ လွတ်လပ်မှုရှိ၏။ ဘုရားသခင်သည် လူတို့အတွက် လွပ်လပ်စွာ ရွေးချယ်ခွင့်နှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို ဖန်ဆင်းပေးခဲ့သည်။ ထို့နောက်တွင် လူတို့သည် ဤကမ္ဘာလောကနှင့် ဤလူ့အဖွဲ့အစည်းမှ အသိပညာ၊ ရိုးရာယဉ်ကျေးမှု၊ လူမှုခေတ်ရေစီးကြောင်း၊ မိသားစုပညာရေး အစရှိသည့် အရာများစွာကို ခံယူရရှိခဲ့သည်။ ဘုရားသခင်သည် စာတန်ထံမှလာသည့် ဤအရာများကို အမြဲပင် ရွံရှာစက်ဆုပ်ကာ လူတို့သည် ဤအရာများ၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် ကောင်းယောင်ဆောင်ခြင်းကို သိပြီး ယင်းတို့၏ သမ္မာတရားနှင့် လိုက်‌လျောညီထွေမှု အတိကင်းမဲ့ခြင်းတို့ကို သိမြင်ဖို့အလို့ငှာ ယင်းတို့ကို ဖော်ထုတ်လေသည်။ သို့ရာတွင် ဘုရားသခင်သည် လူတို့ကို မည်သည့်အခါမျှ ဤစာတန်ဆန်သော အရာများမှ သီးသန့်ခွဲခြားမထားချေ၊ သို့မဟုတ် ဝေးဝေးမထားချေ။ ထိုအစား သူသည် လူတို့အား ယင်းတို့ကို တွေ့ကြုံခွင့်နှင့် ယင်းတို့ကို အရှိအတိုင်း ပိုင်းခြားသိမြင်ခွင့်ပေးကာ ဤတွင် ဘဝ၏ မှန်ကန်သော အတွေ့အကြုံများနှင့် မှန်ကန်သော နားလည်မှုကို ရရှိခွင့်ပေးသည်။ ဖြစ်စဉ်တစ်ခုလုံး ပြီးဆုံး၍ ဘုရားသခင်က သူလုပ်ဆောင်သင့်သည့် အရာအားလုံးကို လုပ်ဆောင်ပြီးသောအခါ လူတို့သည် ၎င်းတို့ရရှိနိုင်သမျှကို ရရှိလေသည်။ သို့ဆိုလျှင် ဤနောက်ဆုံးအဆင့်တွင် လူတို့အထဲ၌ မည်သည့်အယူအဆများ ပေါ်ပေါက်လာသနည်း။ ယင်းက ဘုရားသခင်သည် တစ်စုံတစ်ယောက်ကို စွန့်ပစ်ပြီးဖြစ်ကာ ထိုသူ၏ စိတ်ခံစားမှုများကို အရေးမစိုက်ဟု လူတို့အား ခံစားစေသည်။ ထိုအဆင့်တွင် ဘုရားသခင်၌ ထိုသူထားရှိနိုင်ခဲ့သည့် နွေးထွေးသော မျှော်လင့်ချက်အနည်းငယ်မှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီဟု လူတို့ခံစားရပြီး ဤသည်မှာ အနည်းငယ် ရက်စက်သည်ဟု ခံစားရသည်။ လူတို့က ဤရက်စက်မှုအသိကို ခံစားရသောအခါ ၎င်းတို့၏ အယူအဆများလည်း ထွက်ပေါ်လာသည်။ သင်သည် လူကောင်းတစ်ဦး ဖြစ်လိုပြီး ထိုသူကို ကယ်တင်ခံရဖို့ ကူညီလိုသည်။ ဤသည်မှာ အကျိုးရှိသလော။ ထိုသူသည် သမ္မာတရားလိုက်စားခြင်း လုံးဝမရှိဘဲ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီး ဘာမျှ မရရှိသေးပေ။ သင်သည် ထိုသူ့ကို သနားလိုပြီး ကူညီလိုသော်လည်း သူ့အား သမ္မာတရားကို သင် ဖြည့်စွမ်းပေးနိုင်သလော။ သင်သည် ထိုသူ့အပေါ် အသက်ကို ပေးအပ်နိုင်သလော။ ယင်းကို သင် တကယ့်ကို မပြုလုပ်နိုင်သဖြင့် သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အဘယ့်ကြောင့် အယူအဆများ ရှိရသနည်း။ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်မှာ လူတိုင်းအတွက် တရားမျှတပြီး ယုတ္တိတန်၏။ အကယ်၍ သူသည် သမ္မာတရားကို ကိုယ်တိုင်ကိုယ်ကျ မခံယူသည့်အပြင် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံခြင်းမရှိပါက ဘုရားသခင်က သူ့ကို မကယ်တင်ဟု အဘယ်သို့ သင် မကျေမနပ် ပြောနိုင်သနည်း။ ဤနေရာတွင် လူတို့၏ အယူအဆ အတော်အတန် ရှိသည်မှာ မုချပင်။ လူတို့က “ဘုရားသခင်သည် များစွာ လုပ်ဆောင်ပြီးဖြစ်သည့်အတွက် သူသည် ဤနောက်ဆုံးအဆင့်ကို အဘယ့်ကြောင့် အပြည့်အဝ မပြီးမြောက်သနည်း။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်လိုသောအရာ ဖြစ်ဟန်မတူသည်သာမက ယင်းကို ဘုရားသခင် မလုပ်ဆောင်သင့်ပေ။ ဘုရားသခင်က ထိုမျှကြီးမားသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သည့်အတွက် သူ့အား ယုံကြည်သူတို့ အားလုံးကို ကယ်တင်ခံရသောအခွင့် ပေးသင့်သည်။ ထိုသို့သော အောင်မြင်မှုတစ်ခုသည်သာ ဘုရားအလုပ်၏ ပြည့်စုံသောရလဒ် ဖြစ်မည်ဖြစ်သည်။ ဘုရားသခင်က ဤသူကို အဘယ့်ကြောင့် ဖယ်ရှားရှင်းလင်းခဲ့သနည်း။ ဤအရာသည် လူတို့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် ဆန့်ကျင်ပြီး လူတို့က ယင်းကို အထင်မြင်လွဲမှားနိုင်ချေ ရှိသည်တကား။ ဘုရားသခင်သည် အဘယ့်ကြောင့် အမှုအရာများကို ဤသို့ လုပ်ဆောင်ရမည်နည်း။ ယင်းသည် လူတို့၏ စိတ်ခံစားမှုများကို အနည်းငယ် မငဲ့ကွက်ခြင်း မဟုတ်လော” ဟူသကဲ့သို့ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သော အယူအဆ မြောက်မြားစွာကို သိုထားကြသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား ရှိသည့်ပုံစံပင် ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားပင် ဖြစ်၏။ ယင်းကိုသာ တွေ့ကြုံလော့။ သို့ဆိုလျှင် တစ်နေ့နေ့ သင်တို့ နားလည်လိမ့်မည်။

ငါတို့ပြောလိုက်သည့်အရာသည် ဘုရားသခင်၏အလုပ်နှင့် ပတ်သက်၍ လူတို့၏ အချို့သော အယူအဆများ၊ စိတ်ကူးများနှင့် ဆက်စပ်လေသည်။ ယင်းတို့ထဲမှ အချို့မှာ လူတို့၏ စိတ်ကူးများဖြစ်ပြီး အချို့မှာ ဘုရားသခင်အပေါ် လူတို့၏ တောင်းဆိုမှုများဖြစ်သည်။ ဆိုလိုသည်မှာ လူတို့က ဘုရားသခင်သည် ဤအရာကို ပြုလုပ်သင့်သည်၊ ထိုအရာကို ပြုလုပ်သင့်သည်ဟု စဉ်းစားကြခြင်း ဖြစ်သည်။ ဘုရားသခင်၏အလုပ်က သင်၏ အယူအဆများနှင့် မကိုက်ညီဘဲ သင်၏ တောင်းဆိုချက်များ သို့မဟုတ် စိတ်ကူးများနှင့် ဆန့်ကျင်သောအခါ သင်သည် စိတ်မချမ်းမသာဖြစ်ပြီး ဝမ်းနည်းမည်ဖြစ်ကာ “ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားမဟုတ်၊ ကျွန်ုပ်၏ဘုရားသည် ကိုယ်တော်ကဲ့သို့ ဖြစ်မည်မဟုတ်” ဟု တွေးမည်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သင်၏ဘုရား မဟုတ်ပါက အဘယ်သူသည် သင်၏ဘုရားဖြစ်သနည်း။ ဤအရာများ မပြေလည်သောအခါတွင် လူတို့သည် ယေဘုယျအားဖြင့် ဤအခြေအနေများနှင့် အယူအဆများထဲ၌ နေထိုင်ကြပြီး ၎င်းတို့၏စိတ်ထဲ၌ ဘုရားသခင်၏ အလုပ်ကို တိုင်းတာရန်၊ ၎င်းတို့သည် အမှုအရာများကို မှန်ကန်စွာ ပြုလုပ်နေကြသည်ကိုဖြစ်စေ၊ မှားယွင်းစွာ ပြုလုပ်နေကြသည်ကိုဖြစ်စေ အကဲဖြတ်ရန်နှင့် ၎င်းတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်း၏ မှန်ကန်မှုကို အကဲဖြတ်ရန်အတွက် ဤအယူအဆများနှင့် တောင်းဆိုမှုများကို ယေဘုယျအားဖြင့် ခံယူကြသည်။ ဤအရာက ပြဿနာဆီသို့ ခေါ်ဆောင်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ တောင်းဆိုမှုများနှင့် မသက်ဆိုင်သည့် လမ်းကြောင်းတစ်ခုနောက်သို့ လိုက်နေသောကြောင့် သင်သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ပုံပေါ်ပြီး သူ၏ တရားဒေသနာများနှင့် သူ၏ နှုတ်ကပတ်တော်များကို နားထောင်ပုံပေါ်လျှင်ပင် နောက်ဆုံးရလဒ်မှာ ကယ်တင်ခြင်းကို ရရှိရန်အတွက် ဖြစ်မည်လော။ ဖြစ်မည်မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို ရရှိရန်အတွက်မူ ဘုရားသခင်၏ အလုပ်ကို လက်ခံယူခြင်းနှင့် အသင်းတော်အသက်တာထဲသို့ ဝင်ရောက်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ထဲ၌ရှိသော လူတစ်ဦးနှင့် ဘုရားသခင် ကယ်တင်ပြီး စုံလင်အောင်ပြုမည့်လူတစ်ဦးဖြစ်ဖို့ သေချာသည်၊ ထို့ပြင် ဤသည်မှာ သင်သည် ကယ်တင်ခြင်းခံရပြီးသား ဖြစ်သည်၊ သို့မဟုတ် သင် ကယ်တင်ခံရမည်မှာ သေချာသည် ဟူ၍မဟုတ်‌ချေ။ ဤသည်မှာ မမှန်ကန်ပေ။ ဤသည်မှာ လူ့အယူအဆများနှင့် စိတ်ကူးများသာ ဖြစ်ပြီး လူ့တွေးခေါ်မြော်မြင်မှုနှင့် အကဲဖြတ်ချက် ဖြစ်သည်။

သင်တို့ အတိုချုပ်ကြလော့။ သင်တို့အား ငါ ယခုတင် ပြောပြခဲ့သော ဤဇာတ်လမ်းထဲ၌ ပါဝင်သည့် လူ့အယူအဆများမှာ အဘယ်နည်း။ ယင်းတို့ကို အတိုချုပ်ပြီးသည်နှင့် ဖတ်ပြလော့။ (ဘုရားသခင်၊ အယူအဆလေးမျိုးကို ကျွန်ုပ်တို့ အတိုချုပ်ပြီးဖြစ်သည်။ ပထမဦးစွာ လူတို့က သူတို့၌ မျှတပြီး အလွန်အကျွံမဟုတ်သည့် ဆန္ဒတစ်ခုနှင့် လိုက်စားမှုများရှိပါက ယင်းတို့ကို ဘုရားသခင် ဖြည့်ဆည်းပေးသင့်သည်ဟု ခံစားကြရသည်။ ဒုတိယအနေဖြင့် လူတို့က ဘုရားသခင်သည် ၎င်းတို့အပေါ် ထိုမျှကြီးမားသော အဖိုးအခကိုပေးခဲ့ပြီး ဖြစ်လင့်ကစား ၎င်းတို့ နားမလည်သေးပါက ၎င်းတို့အား ဘဝတွင် အခက်အခဲမြောက်မြားစွာ ခံစားစေပြီး မိမိတို့ဘာသာ စမ်းတဝါးဝါးလျှောက်ကာ အမှုအရာများကို ကိုယ်တိုင်ကြုံတွေ့လျက် မိမိတို့ကိုယ်ကို ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံစားစေမည့်အစား ဘုရားသခင်သည် ၎င်းတို့အား ချက်ချင်းပင် အသိဉာဏ်ပွင့်လင်းစေဖို့ သဘာဝလွန်အလုပ်တစ်ခုခုကို လုပ်ဆောင်ပြီး ၎င်းတို့အား အသက်တာ၌ မှန်ကန်သောလမ်းကြောင်းကို သိခွင့်ပေးသင့်သည်ဟု ခံစားကြသည်။ တတိယအနေဖြင့် လူတို့၌ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားနှင့် ပတ်သက်၍ အယူအဆများ ရှိကြသည်။ အကယ်၍ ဘုရားသခင်သည် ၎င်းတို့အပေါ် အလုပ်လုပ်ရင်း ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ပြီးဖြစ်ပါက နောက်ဆုံးတွင် အဆုံးသတ်ရလဒ် ရှိရမည်ဖြစ်ကာ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကိုခံရမည် ဟူ၍ဖြစ်သည်။ စတုတ္ထအနေဖြင့် ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်းနောက်ကွယ်တွင် မိမိ၏ ကံစမ်းခြင်း စိတ်နေစိတ်ထားနှင့်ဆိုင်သည့် တစ်စုံတစ်ရာရှိသည်။) နောက်ထပ်တစ်ခုခု ရှိသလော။ ငါ့အား မည်သူပြောနိုင်သနည်း။ (‌နောက်ထပ်အယူအဆတစ်ခုမှာ ဘုရားသခင်သည် ဤနှစ်ကာလများ တစ်လျှောက်လုံး အလုပ်လုပ်လာနေပြီး ထိုမျှကြီးမားသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သောကြောင့် သူသည် နောက်ထပ်လူအချို့ကို ရရှိသင့်သည့်အပြင် လူအနည်းငယ်ကိုသာ သူရရှိလျှင် ယင်းမှာ ဘုရားသခင်၏အလုပ် မဟုတ်တော့ ဟူ၍ဖြစ်သည်။) ယင်းမှာ အယူအဆငါးမျိုးပင်။ နောက်ထပ် ရှိသေးသလော။ (ကျွန်ုပ် တစ်မျိုးစဉ်းစားမိသည်မှာ လူတို့၌ အဖမ်းခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း တို့ကဲ့သို့သော အထူးအတွေ့အကြုံအချို့ ရှိသောအခါနှင့် ဖြစ်စဉ်အတွင်း ဘုရားသခင်နှင့် စစ်မှန်သော အပြန်အလှန်ဆက်ဆံမှုအချို့နှင့် စစ်မှန်သော သက်သေခံချက်ရှိသောအခါ ၎င်းတို့သည် ယင်းကို အရင်းအနှီးတစ်မျိုးအဖြစ် မှတ်ယူကြပြီး ၎င်းတို့၌ ထိုသို့သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရှိသောကြောင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ခြင်းဖြစ်သဖြင့် ၎င်းတို့၏ အသက်ရှင်သန်မှု အခွင့်အရေးက ပို၍မြင့်မားသည်ဟု ထင်မှတ်ကြသည်။) (ထို့ပြင် လူတို့က ၎င်းတို့၏အလုပ် ပို၍ကြီးမားပြီး ၎င်းတို့ပေးဆပ်သော အဖိုးအခ ပို၍များလေ၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ပို၍ရရှိမည်ဖြစ်ပြီး ကယ်တင်ခံရဖို့ ပို၍ဖြစ်နိုင်ချေ ရှိလေဟုလည်း ထင်မှတ်ကြသည်။) တစ်နည်းအားဖြင့် လူတို့က ဘုရားသခင်၏ အသိအမှတ်ပြုခြင်းအား ၎င်းတို့ရရှိဖို့ အခွင့်အရေးသည် ၎င်းတို့ အဖိုးအခမည်မျှပေးသည့်အပေါ် မူတည်သည်၊ ထို့ပြင် ယင်းတို့နှစ်ခုသည် ဆန့်ကျင်ဘက်ဖြစ်ခြင်းဖြစ်စေ၊ ဆက်စပ်မှုမရှိခြင်းဖြစ်စေ ရှိရမည့်အစား တိုက်ရိုက်နှီးနွှယ်မှု ရှိရမည်ဖြစ်ပြီး ၎င်းတို့သည် ချိတ်ဆက်မှုရှိရမည် ဟူ၍ဖြစ်သည်။ ဤသည်မှာ အယူအဆတစ်ခု ဖြစ်၏။ ယင်းမှာ ခုနစ်မျိုးဖြစ်လေသည်။ အခြားနောက်ထပ်ရော။ (နောက်ထပ် လက္ခဏာသွင်ပြင်တစ်ခု ရှိသည်မှာ လူတို့က ဘုရားသခင်သည် ၎င်းတို့အား သမ္မာတရားကို နားလည်စေလိုပါက သူသည် ၎င်းတို့အား နားလည်စေဖို့ အလို့ငှာ အသိဉာဏ်ပွင့်လင်းစေနိုင်သည်၊ ဘုရားသခင်သည် လူတို့ကို ချစ်သောကြောင့် လူတို့ကို မစစ်ကြောသင့်၊ မရုပ်သိမ်းသင့်၊ သို့မဟုတ် ဒုက္ခခံစားရအောင် မလုပ်သင့်သည့်အပြင် ၎င်းတို့အား ဒုက္ခခံစားစေသည်မှာ ချစ်ခြင်းမေတ္တာ မဟုတ် ဟူ၍ဖြစ်သည်။) ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သည့် အယူအဆတစ်ခု ဖြစ်၏။ အခြားအယူအဆများ ရှိသေးသလော။ (လူတို့က ဘုရားသခင်သည် လူတိုင်းကို ရယူလျှင် ပိုကောင်းမည်ဟု ထင်ကြသည်။ စာတန်သည် အရှက်ကွဲမည်ဖြစ်ပြီး ဘုရားသခင်သည်လည်း လူသားမျိုးနွယ်ကို ရရှိပြီးဖြစ်မည်။ သို့သော် အမှန်တွင် ဤသည်မှာ လူတို့စဉ်းစားသည့် တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းဖြစ်ကာ ယင်းမှာ ၎င်းတို့၏ ကိုယ်ကျိုးအတွက် ဖြစ်၏။) ၎င်းတို့၌ ဘုရားသခင့်အလုပ်၏ ရလဒ်များနှင့်ပတ်သက်၍ အကောင်းဆုံးသော စိတ်ကူးရှိကြသည်။ ဤသည်မှာ အယူအဆတစ်ခု ဖြစ်၏။ လူတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ထိုရည်ရွယ်ချက်အပြင် ၎င်းတို့က ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံး၌ အစနှင့်အဆုံး ရှိသင့်သည်၊ အဆုံးသတ်က ပြည့်စုံရမည်ဖြစ်ပြီး ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ကိုက်ညီလျက် ၎င်းတို့၏ စိတ်ကူးများနှင့် ထပ်တူဖြစ်ကာ ၎င်တို့၏ လှပသောအရာများအား တောင့်တခြင်းနှင့် ထပ်တူဖြစ်ရမည် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် ဘုရားသခင်၏အလုပ် ပြီးစီးသောအခါ အဖြစ်မှန်များမှာ လူတို့၏ စိတ်ကူးများနှင့် ထပ်တူ မဖြစ်တတ်ဘဲ ဤအရာအားလုံး၏ အဆုံးသတ်က လူတို့စိတ်ကူးသကဲ့သို့ ပြည့်စုံချင်မှ ပြည့်စုံပေမည်။ ဘုရားသခင်၏အလုပ် ပြီးစီးသောအခါ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော ယောဘကဲ့သို့သော နည်းပါးသော ယုံကြည်သူများရှိခဲ့သည့် ပညတ်တော်ခေတ်ကအတိုင်း လူများစွာ မကျန်ရှိမည်ကို လူတို့မတွေ့မြင်လိုသည်မှာ အမှန်ပင်ဖြစ်၏။ လူတို့က ဘုရားသခင်သည် အနန္တတန်ခိုးရှိသောကြောင့် ဘုရားသခင့်အလုပ်၏ ရလဒ်များသည် ဤကဲ့သို့ မဖြစ်သင့်ဟု ခံစားကြပြီး ဤသည်မှာ ၎င်းတို့က ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုသည့်ပုံစံ ဖြစ်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့် ပတ်သက်သည့် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုယ်၌က အယူအဆတစ်ခု၊ လူတို့စိတ်ကူးသည့် စင်းလုံးချောအယူဝါဒနှင့်ဆိုင်သည့် ခံယူချက်တစ်ခု ဖြစ်ကာ ဘုရားသခင် လုပ်ဆောင်လိုသည့်အရာနှင့်လည်းကောင်း၊ ဘုရားသခင်က သူ၏ အလုပ်အား လုပ်ဆောင်သည့် စည်းမျဉ်းများနှင့်လည်းကောင်း မသက်ဆိုင်ချေ။ အခြားမည်သည့်အယူအဆများ ရှိသေးသနည်း။ (လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းကိုသာမက ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ မည်ကဲ့သို့ ဖယ်ရှားနိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်ကြောင်း ဆင်ခြင်စဉ်းစားခြင်း မရှိကြချေ။ ထိုအစား ၎င်းတို့က ဘုရားသခင်သည် အနန္တတန်ခိုးရှိသည့်အပြင် ဘုရားသခင်က လူတို့အား ပြောင်းလဲအောင်လုပ်မည်ဟု ဆိုလျှင် ၎င်းတို့ပြောင်းလဲမည်ဟု ထင်မှတ်ကြသည်။) ဘုရားသခင်သည် လူတို့အား မည်သို့ပြောင်းလဲရမည်ကို ပြောပြသော်လည်း လူတို့သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့ကိုယ်ကို မပြောင်းလဲဘဲ ပြဿနာကိုပင် အမြဲတစေ ရှောင်ရှားလိုကြပြီး ၎င်းတို့အား ဘုရားသခင်က ပြောင်းလဲပေးသည်ကို အလိုရှိကြသည်။ ဤသည်မှာ အနှစ်မဲ့သော စိတ်ကူးတစ်မျိုးနှင့် အယူအဆတစ်မျိုး ဖြစ်သည်။ အခြားနောက်ထပ်တစ်ခုခု ရှိသလော။ (ဒုက္ခဆင်းရဲများစွာ ခံစားပြီး ၎င်းတို့၏ဘဝတွင် အဆီးအတားများစွာ ကြုံတွေ့ခဲ့ပြီးသည့် လူတစ်ဦး၌ နောက်ဆုံးတွင် ကောင်းသောအဆုံးသတ်တစ်ခု ရှိသင့်သည်၊ ထို့ပြင် ဘုရားသခင်က ၎င်းတို့အား လက်မလျှော့သင့်ဟု လူတို့ထင်ကြသည်။ နောက်ဆုံးတွင် ဤသူကို ဘုရားသခင်က မရယူဘဲ သူက ထိုသူတို့အား လက်လျှော့ချင်သောအခါ လူတို့သည် ဘုရားသခင် လုပ်ဆောင်ခဲ့ပြီးသည့် ဤအရာများအားလုံးကို ကြည့်လျက် “သူတော်ကောင်း” တစ်ဦး၏ ရှုထောင့်အမြင်ကို ခံယူကြမည်ဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များက ၎င်းတို့၏ ခံစားချက်များအား စာနာထောက်ထားမှု ကင်းမဲ့လွန်းကာ ရက်စက်လွန်းသည်ဟု ခံစားကြမည်ဖြစ်သည်။) ဤတွင် ပြဿနာက အဘယ်နည်း။ သင်တို့က ဤအရာသည် အယူအဆများနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်ကြောင်း ထုတ်မပြောဘဲ အကြောင်းအရာအချို့နှင့် သင်တို့၏ အသိအမြင်ဆိုင်ရာ နားလည်မှုအချို့ကိုသာ ဖော်ပြကြသည်။ ဤတွင် လူတို့၏ အဓိကအယူအဆမှာ အဘယ်နည်း။ ဘုရားသခင်သည် လူတစ်ဦးကို သူသည် အဘယ်မျှ သနားစဖွယ်‌ကောင်းသည်နှင့် သူ အဘယ်မျှ ဒုက္ခခံစားခဲ့ပြီးသည်ကို အခြေခံ၍ ကယ်တင်သည်ဟု လူတို့ထင်ကြသည်။ ဤသူသည် ဆင်းရဲဒုက္ခမြောက်မြားစွာ ခံစားခဲ့ပြီးဖြစ်ကာ သူ၏ဘဝက အလွန်သနားစဖွယ်ကောင်းသောကြောင့် ဘုရားသခင်သည် နောက်ဆုံးတွင် ထိုသူ၏ အဆုံးသတ်ကို ဆုံးဖြတ်သောအခါ သူ၏ သနားကရုဏာပြည့်ဝသော စိတ်နှလုံးနှင့် သူ၏ သဘောထားကြီးခြင်း၊ သည်းခံစိတ်၊ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းတို့ကို ပြသင့်သည်ဟု လူတို့ထင်ကြသည်။ ထိုသူသည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ထို့ပြင် သူသည် ဘုရားသခင်ကို မည်ရွေ့မည်မျှ ကျိုးနွံနာခံသည်ဖြစ်စေ၊ ဘုရားသခင်သည် ထိုအရာများကို ထည့်တွက်စဉ်းစားခြင်း မပြုသင့်ဘဲ ထိုသူသည် အဘယ်မျှ သနားစဖွယ်ကောင်းသည်ကိုသာ ထည့်တွက်စဉ်းစားသင့်ကာ သူသည် နာကျင်မှုအမြောက်အမြား ခံစားခဲ့ပြီးကြောင်း၊ သူသည် သူ၏ စိတ်ကူးမျှော်မှန်းချက်အား ကျားကုတ်ကျားခဲ ဖက်တွယ်ထားကြောင်း ထည့်တွက်စဉ်းစားလျက် ထိုသူကို ကယ်တင်ခံရခွင့်ပြုခြင်းဖြင့် ခြွင်းချက်ထားသင့်သည်ဟု လူတို့ထင်ကြသည်။ ဤသည်မှာ လူတို့၏ အယူအဆတစ်ခုပင် ဖြစ်၏။ လူတို့၌ “ပြုသင့်သည်” ဟူသည့် အသုံးအနှုန်းများစွာ ရှိပြီး ဘုရားသခင်က မည်သည့်အရာ ပြုသင့်သည်ကို အဆုံးအဖြတ်ပေးရန်နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အဓိပ္ပာယ်ဖွင့်ဆိုရန်အတွက် “ပြုသင့်သည်” ဟူသည့် ဤအသုံးအနှုန်းများအားလုံးကို အသုံးပြုကြသည်။ အဖြစ်မှန်များက ဘုရားသခင်သည် အမှုအရာများကို ဤပုံစံအတိုင်း ပြုလုပ်မထားကြောင်း ထုတ်ဖော်သောအခါတွင် လူတို့နှင့် ဘုရားသခင်ကြား သဘောထားကွဲလွဲမှု ပေါ်ပေါက်လာပြီး လူတို့အထဲ၌ ဘုရားသခင်နှင့် ပတ်သက်သည့် အထင်အမြင်လွဲမှားမှု ပေါ်ပေါက်လာလေသည်။ သို့ဆိုလျှင် ယင်းက အထင်အမြင်လွဲမှားမှုမျှသာ ဟုတ်သလော။ ဤအရာမှနေ၍ လူတို့၏ ပုန်ကန်လိုခြင်းလည်း ထွက်ပေါ်လာလေသည်။ ဤသည်တို့မှာ လူတို့အပေါ် အယူအဆများက ယူဆောင်လာသည့် ဒုက္ခဆိုးကျိုးများနှင့် အကျိုးဆက်များ ဖြစ်ကြ၏။

ငါတို့ဆွေးနွေးနေသည့် အဓိကအချက်မှာ အယူအဆများ ဖြစ်သည်။ ငါတို့ ယခုတင်ပြောခဲ့သည့် ဇာတ်လမ်းမှနေ၍ ဇာတ်ကောင်သည် ဘုရားသခင် စီစဉ်ညွှန်ကြားထားခဲ့သည့် အရာရာကို အကဲဖြတ်ရန်အတွက် အယူအဆများစွာကို အသုံးပြုခဲ့ကြောင်း၊ ဇာတ်ကောင်၌ ဖြစ်ပျက်ခဲ့သည့် အရာတိုင်းနှင့် သူမအား ဘုရားသခင်ဆက်ဆံခဲ့သည့် ပုံစံ၏ ရလဒ်အနေဖြင့် လူတို့သည် ဘုရားသခင်အပေါ် ထင်မြင်ချက်များနှင့် တောင်းဆိုမှုများစွာ ရှိလာကာ ယင်းတို့အားလုံးမှာ အယူအဆများပင် ဖြစ်ကြောင်းကို လူတို့က မြင်နိုင်သည်။ လူတို့၌ အခြား မည်သည့်အယူအဆများ ရှိသနည်း၊ ငါ့အား ပြောလော့။ (ဘုရားသခင်သည် ထိုမျှကြီးမားသော အလုပ်ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည့်အတွက် သူသည် ပိုများသော လူတို့ကို ရယူသင့်သည်ဟု လူတို့ထင်ကြသည်။ သို့သော် လူအနည်းငယ်ကိုသာ ရယူနိုင်လျှင် ယင်းမှာ သူရယူမည့်သူအားလုံးပင် ဖြစ်သည်ဟု ဘုရားသခင်ဆိုသောကြောင့် ဘုရားသခင်သည် ထိုလူများစွာကို ရယူဖို့မနှစ်သက်ဟု လူတို့ခံစားရသဖြင့် ဆက်၍ မလိုက်စားကြတော့ပေ။) အယူအဆများသည် လူတို့၏ လိုက်စားမှုအပေါ် အကျိုးသက်ရောက်လေသည်။ ဤတွင် အမှားပြင်ဆင်ချက် ပြုလုပ်ရမည်။ ဘုရားသခင်က ထိုလူများစွာ ရယူဖို့ မနှစ်သက်သည်မဟုတ်၊ ယင်းကို သူနှစ်သက်၏။ ဤနေရာ၌ မေးခွန်းတစ်ခု ရှိသည်။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ကို နောက်ဆုံးတွင် အဆုံးအဖြတ်ပေးသောအခါ သူသည် ၎င်းတို့အပေါ် နောက်ထပ် အလုပ်လုပ်တော့မည်မဟုတ်ဘဲ၊ ထိုအစား ၎င်းတို့ကို လက်လျှော့မည်ဟု မည်သည့်အရာအပေါ် အခြေခံ၍ ဘုရားသခင် ဆိုသနည်း။ ဤနေရာတွင် ဘုရားသခင်၌ စံချိန်စံညွှန်းတစ်ခု ရှိကာ ယင်းမှာ စည်းမျဉ်းတစ်ခုဖြစ်သကဲ့သို့ ပဓာနကျသောအချက်တစ်ခုလည်း ဖြစ်၏။ အကယ်၍ သင့်ထံတွင် ဤစံချိန်စံညွှန်း၊ စည်းမျဉ်း၊ သို့မဟုတ် ပဓာနအချက်နှင့် ပတ်သက်၍ အယူအဆများရှိလျှင်၊ သို့မဟုတ် ယင်းကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်လျှင် ဘုရားသခင်အပေါ် အချို့သော အတိုက်ခံလုပ်ခြင်းများဖြစ်စေ၊ စိတ်ကူးများဖြစ်စေ သင့်အထဲ၌ ပေါ်လာမည် ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် သူမအပေါ်၌ အားထုတ်ကြိုးပမ်းမှု များစွာ ပြုခဲ့သော်လည်း သူမသည် မပြောင်းလဲသည့်အပြင် သူမ၏ဆန္ဒကို လက်မလွှတ်ဘဲ ပို၍ပင် မြဲမြံစွာ ဆုပ်ကိုင်ထားကာ ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်မလာခဲ့သောကြောင့် သူမအပေါ် ဘုရားသခင်လက်လျှော့ခဲ့ခြင်း ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ သူမအ‌ပေါ် ဘုရားသခင် လက်လျှော့ခဲ့ခြင်း၏ အဓိက အကြောင်းရင်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဓိက အကြောင်းရင်းမှာ အဘယ်နည်း။ ဤဇာတ်လမ်း၏ အဆုံးတွင် ဇာတ်ကောင်အမျိုးသမီး အိုမင်းလာသောအခါ သူမ၏ ရုပ်သွင်ပြောင်းလဲသွားကာ နှစ်ကာလများ ကုန်လွန်သွားသည်နှင့်အမျှ သူမသည်လည်း အသက်ကြီးရင့်လာပြီး ခေတ်ပြောင်းသွားသည့်တိုင် မ‌ပြောင်းမလဲ ကျန်ရှိနေသည့်အရာမှာ သူမ၏ဆန္ဒဖြစ်သည့်အပြင် သူမ၏ မှုန်ဝါးလုလုဖြစ်သော ဤထင်ယောင်ထင်မှားဖြစ်ခြင်းများပင် ဖြစ်၏။ သို့ဆိုလျှင် မည်သည့်အရာက သူမအား ထိုသို့သောဆန္ဒကို ဆက်လက် ဆုပ်ကိုင်ထားစေခဲ့သနည်း။ (စိတ်နှလုံးခိုင်မာသော၊ ပုန်ကန်သော စိတ်သဘောထား ဖြစ်ပါသည်။) မှန်ပေ၏။ သူမသည် သမ္မာတရားကို မချစ်၊ သမ္မာတရားကို မလိုက်စား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မခံယူသည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိ ဟူသည့်အချက်တို့က ထိုသို့သောရလဒ်ကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ မာနထောင်လွှားခြင်း၊ စိတ်နှလုံးမာကျောခြင်းနှင့် အလျှော့မပေးခြင်းဟူသည့် သူမ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သူမအား ကိုယ်ပိုင်ဆန္ဒနှင့် ရည်သန်မျှော်မှန်းချက်များအပေါ် ဆက်လက်ဆုပ်ကိုင်ထားစေပြီး သူမ၏ ရည်သန်မျှော်မှန်းချက်များကို လက်လွှတ်လိုက်ခြင်းမှ ဟန့်တားထားသည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ ယင်းမှာ သူမ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်စေခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်သည် လူတစ်ဦး လမ်းဆုံးရောက်သော်လည်း ၎င်း၏ စိတ်သဘောထားက စိတ်နှလုံးခိုင်မာနေဆဲ၊ မာနထောင်လွှားနေဆဲ၊ အလျှော့မပေးဆဲရှိသည်ကို မြင်တွေ့သည့်အခါတိုင်း ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင် အလုပ်လုပ်စဉ်တွင် ဤသူ့ကို အပြင်ပန်းမှကြည့်လျှင် ဘုရားသခင်နောက်ကို လိုက်လျှောက်နေပြီး သူ၏တာဝန်ကို ထမ်းဆောင်နေသည်ဟု ထင်ရသော်လည်း သူပြုလုပ်သမျှတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း မရှိသည့်အပြင် အနှစ်သာရအားဖြင့် သူ၌ အသက်ဝင်ရောက်မှု လုံးဝမရှိ‌ပေ။ သို့ဆိုလျှင် ဤသို့သောလူတို့သည် ဘုရားသခင်၏အလုပ်ကို အမှန်တကယ် ခံယူခြင်းနှင့် ကျိုးနွံနာခံခြင်း ရှိပါသလော။ (မရှိပါ။) မှန်ပေ၏။ ဤအရာက ၎င်းတို့၌ ဘုရားသခင်၏ စွန့်ပစ်ခံရခြင်း အကျိုးဆက်ကို ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် ဘဝတစ်လျှောက်လုံး၏ လမ်းကြောင်းကို ဖြတ်သန်းခဲ့ရကာ ၎င်းတို့သည် အသက်ရှင်စဉ်အတွင်း ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာပြီး ဤအရာအားလုံးကို စီစဉ်ညွှန်ကြားခဲ့သူမှာ ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ လူတို့၏ ကံတရားကို စီမံသူမှာ ဖန်ဆင်းရှင်ဖြစ်ကြောင်း သဘောပေါက်နားလည်ခဲ့သော်လည်း ဘုရားသခင်၏ နောက်သို့ လိုက်လျှောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနာခဲ့သည့်ကာလအတွင်း ၎င်းတို့၏ စိတ်နှလုံးခိုင်မာသော၊ မာနထောင်လွှားသော၊ အလျှော့မပေးသော စိတ်သဘောထားက တကယ့်အဆုံးထိပင် လုံးဝ မပြောင်းလဲခဲ့သောကြောင့် ဤရလဒ်က ပကတိရှင်းနေပေသည်။ ဤသည်မှာ လူတစ်ဦးအား လက်လျှော့ရန်အတွက် ဘုရားသခင်၏ စည်းမျဉ်းဟူသည့် ဘုရားသခင်၏ အပြီးသတ် စံချိန်စံညွှန်းပင် ဖြစ်၏။ ဘုရားသခင်၏ ဤစည်းမျဉ်း၊ ဤစံချိန်စံညွှန်းနှင့် ပတ်သက်၍ လူတို့၌ မည်သည့်အမြင်များ ရှိပါစေ၊ သို့မဟုတ် မည်သည့်အကဲဖြတ်ချက်များ ပြုလုပ်ပါစေ သူသည် လူတို့၏ သြဇာလွှမ်းမိုးခြင်းကို ခံမည် မဟုတ်သည့်အပြင် သူလုပ်ဆောင်ရမည့်အရာ ဟူသမျှကို လုပ်ဆောင်မည် ဖြစ်သည်။ အကယ်၍ သင်သည် ဤလူနှင့် ထိတွေ့မှုမရှိသည့်အပြင် ဤလူ၏ အတွင်းကျဆုံး အနှစ်သာရက မည်သည့်အရာဖြစ်သည်နှင့် သူ၏ စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို နားမလည်ဘဲ သူ၏ အပြင်ပန်းသဏ္ဌာန်ကိုသာ ထည့်သွင်းစဉ်းစားပါက သင်သည် ဘုရားလုပ်ဆောင်ချက်များ၏ စည်းမျဉ်းနှင့် အကြောင်းရင်းကို မည်သည့်အခါမျှ နားလည်မည် မဟုတ်သည့်အပြင် သင်သည် ဤလူနှင့်ပတ်သက်၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် သူ၏ အဆုံးအဖြတ်တို့အပေါ် အကဲဖြတ်ချက်များ ပြုလုပ်မည်ဖြစ်သည်။ သင်တို့ကို ငါမေးပါရစေ။ ဘဝတွင် နာကျင်မှုမျိုးစုံကို တွေ့ကြုံခဲ့ရသည့်၊ တစ်ဘဝစာလုံး နာကျင်မှုတွေ့ကြုံခဲ့ရသည့် ထိုသို့သော သနားစဖွယ် လူတစ်ဦးအပေါ် ဤအရေးယူမှုမျိုးကို ဘုရားသခင် အဘယ့်ကြောင့် စီရင်ရမည်နည်း။ ဘုရားသခင်သည် သူ့အပေါ် အဘယ့်ကြောင့် လက်လျှော့ရမည်နည်း။ ဤရလဒ်မှာ မည်သူမျှ မတွေ့မြင်လိုသော အရာတစ်ခုဖြစ်သော်လည်း ယင်းမှာ အကယ်စင်စစ် အမှန်တရားဖြစ်ပြီး အမှန်တကယ် တည်ရှိနေသည်။ သူ့အား ဘုရားသခင် ဤသို့ဆက်ဆံရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ သူ၏လိုက်စားမှု၊ သူ၏ စိတ်သဘောထားနှင့် သူလျှောက်သည့် လမ်းကြောင်းအားဖြင့် ထောက်ဆ၍ အကယ်၍ ဘုရားသခင်သည် ထိုသို့သောလူတစ်ဦးအပေါ် နောက်ထပ်ဆယ်နှစ် အလုပ်လုပ်ခဲ့လျှင်လည်း ထိုသူသည် ပြောင်းလဲမည်လော။ (ပြောင်းလဲမည်မဟုတ်ပါ။) ကိုယ်တော်သည် သူ့အပေါ် နောက်ထပ်အနှစ် ၅၀ အလုပ်လုပ်ပြီး သူ့အား အနည်းငယ် ပို၍ကြာကြာ အသက်ရှင်ခွင့်ပေးခဲ့လျှင် သူပြောင်းလဲမည်လော။ (ပြောင်းလဲမည်မဟုတ်ပါ။) သူသည် အဘယ့်ကြောင့် မပြောင်းလဲရမည်နည်း။ (သူသည် သမ္မာတရားလိုက်စားသူတစ်ဦး မဟုတ်သောကြောင့် ဘုရားသခင်အား နှစ်ပေါင်းမည်မျှပို၍ ယုံကြည်ပါစေ ပြောင်းလဲမည်မဟုတ်ကြောင်း သူ၏ သဘာဝအနှစ်သာရက အဆုံးအဖြတ်ပေးပါသည်။) ထိုအကြောင်းကို မည်သူသည် ပို၍တိကျသောပုံစံဖြင့် ပြောနိုင်သနည်း။ (သူလျှောက်နေသည့် လမ်းကြောင်းသည် မှား၏။ ယင်းသည် သမ္မာတရားလိုက်စားသည့် လမ်းကြောင်းမဟုတ်ပါ။ ဤအရာက သူသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပါစေ အကျိုးမရှိဟု ဆိုလိုသည်။ အကယ်၍ သူသည် ဘုရားသခင်ကို နောက်ထပ် ၁၀ နှစ်၊ သို့မဟုတ် အနှစ် ၂၀ ယုံကြည်လျှင်ပင် သူလျှောက်သည့်လမ်းကြောင်းနှင့် သူ၏အသက်တာ ဦးတည်ချက်က ပြောင်းလဲမည်မဟုတ်ပါ။) ယင်းမှာ ဖြစ်နေသည့်ပုံစံ အတိအကျပင်။ သူ့အထဲ၌ အယူအဆများနှင့် စိတ်ကူးများ ရှိသည်။ သူသည် သမ္မာတရားကို မလိုက်စား၊ သို့မဟုတ် သမ္မာတရားနားလည်မှုကို မလိုက်စား၊ သို့မဟုတ် သမ္မာတရားသို့ ဝင်ရောက်မှုကို မလိုက်စားပေ။ သူလိုက်စားသမျှမှာ စဉ်ဆက်မပြတ် လိုက်လျှောက်ခြင်း ဟန်ပန်ဖြစ်သော်လည်း အနှစ်သာရက လုံးလုံးလျားလျား မပြောင်းလဲဘဲ ကျန်ရှိနေသည်။ သူသည် သမ္မာတရားလိုက်စားခြင်း မရှိဘဲ ဘုရားသခင်ကို ၁၀ နှစ်ဖြစ်စေ၊ အနှစ် ၂၀ဖြစ်စေ၊ အနှစ် ၃၀ဖြစ်စေ၊ အနှစ် ၅၀ဖြစ်စေ ယုံကြည်လာကာ သမ္မာတရားကို မလိုက်စားသေးသည့်အပြင် နောက်ဆုံးတွင် သူထုတ်ဖော်ပြီး အသက်ရှင်နေထိုင်သည့်အရာက လုံးဝ မပြောင်းလဲပေ။ ဤသည်ကို သူ၏ သဘာဝအနှစ်သာရက အဆုံးအဖြတ်ပေးပြီး သူ၌ရှိသည့် စိတ်သဘောထားမျိုးပင် ဖြစ်သည်။ ယင်းသည် မည်သည့်အခါမျှ မပြောင်းခဲ့သည့်အပြင် သူ၏ ဘုရားသခင်နှင့်ဆိုင်သည့် အယူအဆများနှင့် စိတ်ကူးများက မည်သည့်အခါမျှ ပြောင်းလဲမသွားခဲ့ချေ။ သို့ဆိုလျှင် ထိုကဲ့သို့သော လူတစ်ဦးအား ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘုရားသခင်၌ စည်းမျဉ်းများ ရှိသလော။ လွန်စွာရှိ၏။ လူတို့သည် ၎င်းတို့ မည်ပုံမည်မျှ သည်းခံနိုင်ပြီး ကြီးမြတ်သည်ဟု တွေးထင်လျက် အမြဲတမ်း လူကောင်းဖြစ်ယောင်ဆောင်ကြသည်။ သို့သော် သင်၏ သည်းခံနိုင်ခြင်းက ဘုရားသခင်၏ သည်းခံနိုင်ခြင်းကဲ့သို့ ကြီးမားသလော။ သင်၏ ချစ်ခြင်းမေတ္တာက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကဲ့သို့ ကြီးမားသလော။ (မကြီးမားပါ။) သို့ဆိုလျှင် ဘုရားသခင်၏ သည်းခံနိုင်ခြင်းက အဘယ်နည်း။ ဘုရားသခင်သည် သည်းခံနိုင်ပြီး ချစ်တတ်သည်ဟု သင် အဘယ်သို့ ပြောနိုင်သနည်း။ ဘုရားသခင်သည် လူတို့အား သူ၏ရှေ့မှောက်သို့ ခေါ်ဆောင်လာရန်၊ ၎င်းတို့အား သူ၏ နှုတ်ကပတ်တော်များကို နာယူစေပြီး သူ၏ နှုတ်ကပတ်တော်များကို နားလည်စေရန်နှင့် ၎င်းတို့အား သူသတ်မှတ်သည့် နည်းလမ်းအတိုင်း အသက်တာကို ဖြတ်သန်းစေပြီး လက်တွေ့လုပ်ဆောင်စေရန်အတွက် ၎င်းတို့အား အကျိုးပြုသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလေသည်။ သို့သော် ထိုလူက မခံယူဘဲ အဆုံးထိတိုင်အောင် သူ၏ကိုယ်ပိုင်အမြင်များကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုသူ၏အသက်တာ အတွေ့အကြုံအတောအတွင်း ထိုသူ့ကို လက်လျှော့သလော။ (လက်မလျှော့ပါ။) ဘုရားသခင်သည် လက်မလျှော့ပေ။ ထိုသူ၏အသက်တာ အဆင့်တိုင်းတွင် ထိုသူအတွက် သူလုပ်ဆောင်သမျှနှင့် ထိုသူအား တွေ့ကြုံဖို့သတ်မှတ်သည့် အရာတိုင်း၌ ဘုရားသခင်သည် အဆုံးထိတိုင်အောင် သူ၏တာဝန်ဝတ္တရားကို အလေးအနက်ထားသည်။ အဆုံးထိတိုင်အောင် တာဝန်ယူရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ထိုသူဆန္ဒရှိနေသည့် စစ်မှန်သော ပျော်ရွှင်မှုကို ခံစားနိုင်ဖို့အလို့ငှာ ရလဒ်ကောင်းတစ်ခုကို မြင်တွေ့နိုင်ရန်၊ ထိုလူအတွက် ကျေနပ်ဖွယ်ရာနှင့် စိတ်တိုင်းကျနိုင်စရာဖြစ်သည့် ရလဒ်တစ်ခုကို မြင်တွေ့နိုင်ရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သည်းခံနိုင်ခြင်း ဖြစ်၏။ သို့သော် အဆုံး၌ ဘုရားသခင်မြင်တွေ့ရသည့် ရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်သည် အဆုံး၌ သူမြင်တွေ့လိုသည့် ရလဒ်ကို မြင်တွေ့ရသလော။ (မမြင်တွေ့ရပါ။) ယင်းကို မမြင်တွေ့ရ၊ မြင်တွေ့စရာ မျှော်လင့်ချက်လည်း နဂိုတည်းက မရှိချေ။ ဘုရားသခင်သည် မျှော်လင့်ချက်ကို မတွေ့ရသောအခါ ယင်းမှာ မည်သည့်သဘောဆောင်သနည်း။ ယင်းမှာ ဘုရားသခင်သည် ဤသူ၏အထဲ၌ နောက်ထပ် မည်သည့်မျှော်လင့်ချက်မျှ မရှိတော့သည်ကို ဆိုလိုသည်။ လူသားမျိုးနွယ်၏ စကားအနေဖြင့် သူသည် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ အကယ်၍ မျှော်လင့်ချက်ရေးရေးမျှ ရှိလျှင် ဘုရားသခင် လက်လျှော့မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံနိုင်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဘုရားသခင်သည် အနှစ်မဲ့သော စကားများကို ပြောဆိုနေခြင်းထက် လူတို့အပေါ် သူ၏ သည်းခံနိုင်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို လက်တွေ့ကျကျ အသုံးပြုသည်။ အဆုံးတွင် ဤသူ၏အထဲ၌ ဘုရားသခင် မြင်တွေ့သည့်အရာမှာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေး၊ သူ၏ အလျှော့မပေးခြင်းက ရှိမြဲရှိနေသေးကာ သူ၏ စိတ်နှလုံးအရင်းခံ၌ သူ၏ဆန္ဒက ကျန်ရှိနေသေးသည်ကို ဖြစ်သည်။ ထိုသူသည် ကောင်းချီးခံစားလိုသော်လည်း ဘုရားသခင်ရှေ့သို့ ရောက်လာသောအခါ ထိုသူသည် မည်သည့်အရာကိုမျှ လက်မလွှတ်ခဲ့ပေ။ ထိုအစား သူသည် ဤမဖြစ်စလောက်ဆန္ဒကို သူ့ဘဝတစ်ခုလုံး ထိန်းသိမ်းထားကာ ယင်းကို သူ့ဘဝတစ်ခုလုံး ဖက်တွယ်နေပြီး ဘဝတစ်ခုလုံး မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ အပြင်ပန်းတွင် သူသည် မိမိကိုယ်ကို ဘုရားသခင်ထံ ပေးအပ်ပြီး သူ၏အသက်တာနှင့် ဆွေမျိုးများအားလုံးကို ဘုရားသခင့်ထံ အပ်နှံထားသည်။ သို့သော် လက်တွေ့အရှိတရားက အဘယ်နည်း။ သူသည် မိမိကိုယ်တိုင် စီမံလိုသည်၊ သူ၏ပတ်ဝန်းကျင်ရှိ လူတို့အတွက် စီမံလိုသည်၊ သူ၏ ဆွေမျိုးသားချင်းများကို စီမံလိုသည်၊ မိမိကိုယ်ကို စီမံလိုသည့်အပြင် ထိုသူတို့ကို တစ်ဦးအပေါ်တစ်ဦး မှီခိုအားထားစေလိုသည်။ သူသည် ဤအရာအားလုံးကို ဘုရားသခင်ထံ အမှန်တကယ် အပ်နှံခြင်း လုံးဝမရှိပေ။ သင်သည် မည်သည့်နည်းလမ်းဖြင့် ကြည့်သည်ဖြစ်စေ၊ ဤသူလျှောက်သည့်လမ်းကြောင်းက ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်လျှောက်သည့်လမ်းကြောင်း မဟုတ်သကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို သတိရှိရှိ ဖြည့်ဆည်းပေးသည့် လမ်းကြောင်းလည်း မဟုတ်ပေ။ သူသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်လျှောက်သည့်လမ်းကြောင်းကို လုံးဝမလိုက်ပေ။ သူသည် အသက်တာ၌ များစွာ ဒုက္ခခံစားရပြီး ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော အရာများစွာကို တွေ့ကြုံခဲ့ပြီးဖြစ်သော်လည်း ထိုအရာများက သူရေးဆွဲထားခဲ့သည့် ဘဝ၏ လှပပြီး ပျော်ရွှင်ဖွယ်ကောင်းသော စိတ်ကူးပန်းချီကားကို ဖျက်ပစ်အောင် မပြုလုပ်ခဲ့သေးသည်သာမက သူ့အား မည်သည့်နည်းဖြင့်မျှ ဆင်ခြင်သုံးသပ်အောင် မပြုလုပ်ခဲ့သေးချေ။ ဤသည်မှာ မည်သို့သောလူမျိုး ဖြစ်သနည်း။ ဤကဲ့သို့သော လူတို့သည် စိတ်နှလုံးခိုင်မာလွန်းလှ၏။ အကယ်၍ လူတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းနောက်သို့ မလိုက်ပါက ဤသည်မှာ နောက်ဆုံးရလဒ်ပင် ဖြစ်သည်။ အဆုံးတွင် ဘုရားသခင် ပြုလုပ်သည့်အရာမှာ သူတတ်စွမ်းနိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပြီးနိုင်သမျှပင် ဖြစ်တော့သည်။ ယင်းက လူတို့၏ စိတ်ကူးများကို သာလွန်သွားပြီဖြစ်ကာ ၎င်းတို့ရောက်နိုင်သည်ထက် ကျော်လွန်ပြီးဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို များစွာ ပေးပြီးဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်း၊ ၎င်းတို့၏ စိတ်သဘောထားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ထားအရ ၎င်းတို့သည် ဤအရာများနှင့် မတန်သည့်အပြင် ဤကောင်းချီးများနှင့် မတန်ပေ။ သို့သော် ဘုရားသခင် လက်လျှော့သလော။ ဘုရားသခင်သည် လက်မလျှော့မီ အလုပ်များစွာ လုပ်ဆောင်သည်။ ဘုရားသခင်က သူ၏ ချစ်ခြင်းမေတ္တာ၊ သူ၏ သနားကရုဏာ၊ သူ၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ၎င်းတို့အပေါ် ရက်ရက်ရောရော ပေးအပ်သည်။ သို့သော် ၎င်းတို့သည် ဘုရားသခင်ထံမှ ဤအရာများကို ရရှိပြီးနောက် အပြန်အလှန်အားဖြင့် ၎င်းတို့၏စိတ်ထားမှာ အဘယ်နည်း။ ၎င်းတို့သည် သူ့ကိုရှောင်ပြီး သူ့ထံမှ ကင်းကွာနေကြဆဲဖြစ်ကာ အတွင်းစိတ်တွင် သူ့ကို မကြာခဏ သံသယထားသည်၊ သူ့ကို သတိထားရှောင်သည်၊ သူ့အပေါ် အတိုက်အခံလုပ်သည်၊ သူနှင့် ကွဲလွဲဆန့်ကျင်ပြီး လက်လျှော့ကြသည်။ ထိုသူသည် ပျော်စရာဘဝတစ်ခုကို ဖန်တီးဖို့ရန် အဘယ့်ကြောင့် အခြားသူများကို အမြဲတစေ မှီခိုအားထားလိုသနည်း။ သူသည် ဘုရားသခင်ကို အမှန်တကယ်မယုံကြည်နိုင်ပေ။ ဘုရားသခင်က လူတို့ကို မှန်ကန်သောလမ်းကြောင်းပေါ် ဦးဆောင်လမ်းပြသွားနိုင်ပြီး ၎င်းတို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ကြောင်း သူမယုံကြည်ပေ။ သူက မိမိ၏ ကိုယ်ပိုင်လမ်းကြောင်းမှာ မှန်ကန်သည်ဟု အမြဲတမ်း ထင်မြင်သည်။ ဘုရားသခင်က သူ့ကို ကူညီနိုင်ခဲ့ပြီး သူရွေးချယ်ထားသည့် လမ်းကြောင်းအရနှင့် သူ၏ သတ်မှတ်ချက်များအရ မိမိ၏ ရည်မှန်ချက်ပန်းတိုင်ကို ပြည့်စုံစေဖို့ ဦးဆောင်လမ်းပြသွားနိုင်ခဲ့လျှင် သူသည် ခံယူပြီး ကျိုးနွံနာခံခဲ့ပြီးသားဖြစ်မည်။ သို့ရာတွင် ဘုရားသခင်သည် လူတို့အား သူ့ထံ ပြန်လှည့်လာစေရန် သမ္မာတရားကို ဖော်ပြသည်။ ဤသို့ဖြင့် ၎င်းတို့သည် သမ္မာတရားကို ခံယူပြီး အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်နိုင်ရန်ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ ၎င်းတို့၏ အယူအဆများနှင့် သဘောကွဲလွဲနေသည်။ ထို့အတွက်ကြောင့် ၎င်းတို့သည် မိမိတို့သဘောအတိုင်း လုပ်ပြီး ကိုယ့်ဘဝနှင့်ကိုယ် အသက်ရှင်နေထိုင်လိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့် အခြားသူများကို မှီခိုအားထားဖို့သာ လိုသည်၊ ထို့ပြင် ဘုရားသခင်အပေါ် မှီခိုအားထားခြင်းဖြင့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို မရရှိနိုင်ဟု ထင်ကြသည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ဘဲ မိမိတို့၏ကိုယ်ပိုင် အယူအဆများကိုသာ ဆုပ်ကိုင်ထားသောကြောင့် ဘုရားသခင်ထံမှ ပို၍ပို၍ လမ်းလွဲကြသည်။ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း တွေ့မြင်သောသူ၊ လူတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်၏ ကယ်တင်ခြင်းလိုအပ်ကြောင်း တွေ့မြင်သောသူနှင့် ဘုရားသခင်လုပ်ဆောင်သည့် အရာခပ်သိမ်းသာလျှင် သမ္မာတရားဖြစ်ကြောင်း၊ ယင်းမှာ လူသားမျိုးနွယ်အား စာတန်၏စွမ်းအားမှ ကယ်တင်ရန်နှင့် လူသားမျိုးနွယ်အား လှပသော ပန်းတိုင်ဆီသို့ ပို့ဆောင်ပေးရန်အတွက်သာ ဖြစ်ကြောင်း တွေ့မြင်သော ထိုကဲ့သို့သောလူတို့သာလျှင် ဘုရားသခင်ကို မော့ကြည့်နိုင်သည်၊ သူ့အပေါ် မှီခိုအားထားနိုင်သည်၊ သူ့နောက်သို့ အဆုံးထိလိုက်နိုင်သည်၊ ပြီးလျှင် သူ့ကို မည်သည့်အခါမျှ ချန်ရစ်မထားဘဲ နေနိုင်လေသည်။

ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သည့်အရာမှာ လူတစ်ဦးအပေါ် ဘုရားသခင်၏စိတ်ထား ဖြစ်ပြီး လူတို့ကြားနှင့် လူတို့အပေါ် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းအမျိုးမျိုးလည်း ဖြစ်သည်။ ဤအရာများနှင့် ပတ်သက်၍ လူတို့သည် အယူအဆများ ဖြစ်ပေါ်လာသောအခါ မကြာခဏ ဆန်းစစ်သင့်သည်၊ ဆင်ခြင်သုံးသပ်သင့်သည်၊ နားလည်သင့်သည်၊ ထို့နောက် မိမိတို့ကိုယ်ကို နောက်ပြန်လှည့်သင့်သည်။ မိမိကိုယ်ကို နောက်ပြန်လှည့်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အကယ်၍ လူတို့က ဤအရာများသည် အယူအဆများနှင့် စိတ်ကူးများဖြစ်ကြောင်း သဘောပေါက်ပြီး ဘုရားသခင်သည် အမှုအရာများကို အမှန်တကယ် မည်သို့လုပ်ဆောင်ကြောင်း သဘောပေါက်ပါက ၎င်းတို့၌ ဘုရားသခင်နှင့်ပတ်သက်၍ ပို၍ပင် မှားယွင်းပြီး လွဲချော်သော အယူအဆများ ဖြစ်ပေါ်နိုင်သေးသလော။ လူတို့သည် ပုန်ကန်တတ်ပြီး နိုးကြားထကြွသော အတွေးများရှိသဖြင့် ယင်းက ဖြစ်ပေါ်နိုင်သေးသည်။ ထို့ကြောင့် ၎င်းတို့၌ ဘုရားသခင်နှင့်ပတ်သက်၍ ခြားနားသော အယူအဆမျိုးစုံ ဖြစ်ပေါ်နိုင်သေးသည်။ အယူအဆတစ်ခုက နောက်အယူအဆတစ်ခုကို ဖြစ်ပေါ်စေကာ၊ အပြန်အလှန်အနေဖြင့် အခြား အယူအဆများကို ဖြစ်ပေါ်စေသည့်အပြင် အယူအဆမျိုးစုံက အဆက်မပြတ် ပေါ်ထွက်လာလေသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်လာသည့် တစ်ချိန်တည်းတွင် လူတို့သည် သူ့ကို ထပ်တလဲလဲ အထင်လွဲမှားနေကြသည်သာမက ဆင်ခြင်သုံးသပ်ပြီးနောက် သမ္မာတရားကို အဆက်မပြတ် နားလည်လာကာ ဤဖြစ်စဉ်တွင် ၎င်းတို့သည် ဘုရားသခင်ကို ဖြည်းဖြည်းချင်း သိလာရသည်။ လူတို့အနေဖြင့် ဘုရားသခင်အား သိကျွမ်းမှုကို မရရှိနိုင်ရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့က အယူအဆများသည် အဘယ်အရာဖြစ်ကြောင်း မသိသည့်အပြင် မိမိတို့အထဲမှ အယူအဆများကို သတိမပြုမိသည်သာမက မိမိတို့၏ အယူအဆများကို ဆင်ခြင်သုံးသပ်မှုမပြု၊ သို့မဟုတ် ယင်းတို့ကို မည်သည့်အခါမျှ လက်မလွှတ်ကြပေ။ ၎င်းတို့သည် ယင်းတို့ကို ဆုပ်ကိုင်ထားဖို့သာ အာရုံစိုက်ကြကာ ဘုရားသခင် မည်သို့အလုပ်လုပ်ကြောင်း၊ သို့မဟုတ် ဘုရားအလုပ်၏ အနှစ်သာရမှာ မည်သည့်အရာဖြစ်ကြောင်း သိအောင်လုပ်ဖို့ သို့မဟုတ် နားလည်ဖို့ မည်သည့်အခါမျှ အားထုတ်ကြိုးပမ်းမှု မပြုချေ။ ဤနည်းအားဖြင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူတို့၏ ကယ်တင်ခြင်းကိုလည်း ထိခိုက်သည့် နောက်ထပ်အခြားအရာတစ်ခုက ဘုရားနှင့် လူတို့ကြားတွင် ဝင်ရောက်လာသည်။ ထို့အတွက်ကြောင့် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကိုင်တွယ်ဖြေရှင်းနေစဉ် လူ့အယူအဆများမှာ မည်သည့်အရာများ ဖြစ်သည်ဟူသည့်အပေါ် ပို၍အနုစိတ်ပြီး ပို၍စေ့စပ်ပြည့်စုံသော သိနားလည်မှုကို ရရှိဖို့လိုသည်။ လူ့အယူအဆများကို သိနားလည်ခြင်းနှင့် ဖြေရှင်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းတို့ကို လက်လွှတ်လိုက်ဖို့ ဟုတ်သလော။ ယင်းမှာ လူတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရန်၊ ဘုရားသခင်က လူတို့ကို ဝင်ရောက်စေလိုသည်မှာ အတိအကျ မည်သည့်အရာဖြစ်ကြောင်း နားလည်နိုင်ရန်နှင့် ဘုရားသခင်သည် အမှုအရာများကို မည်သို့ လုပ်ဆောင်ကြောင်း နားလည်နိုင်ရန်အတွက် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သင်စိတ်ကူးသည့် နည်းလမ်းအတိုင်း အမှုအရာများကို ပြုလုပ်ပါက သင့်အပေါ် ဘုရားသခင်၏ အလုပ်မှာ ထိရောက်နိုင်မည်လော။ မထိရောက်ပေ။ ဥပမာ သင့်အား ဘုရားသခင် မည်သည့်အခါမျှ ဉာဏ်အလင်းမပေးသည့် အရာအချို့ရှိ၏။ ထိုအစား သူသည် ယင်းတို့အား မည်သို့လုပ်ဆောင်ရမည်ကို တိကျပွင့်လင်းသော အသုံးအနှုန်းဖြင့် သတ်မှတ်ပြဋ္ဌာန်းကာ သင့်အနေဖြင့် ယင်းတို့ကို သွား၍လုပ်ဆောင်ဖို့သာ လိုသည်။ သို့သော် ဘုရားသခင် သင့်အား တို့ထိပြီး ဉာဏ်အလင်းပေးဖို့ကို သင် အမြဲတမ်း စောင့်ဆိုင်းပြီး ရလဒ်အနေဖြင့် ဤစောင့်ဆိုင်းရခြင်းက အလုပ်ကို နှောင့်နှေးစေကာ သင်သည် တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းဘဲ ဖြုတ်ချခံရခြင်းဖြင့် အဆုံးသတ်ရသည်။ ဤသည်ကို မည်သည့်အရာက ဖြစ်ပွားစေသနည်း။ (အယူအဆများဖြစ်သည်။) ယခု ထိုအရာကိုကြည့်လျှင် လူတို့၏ အယူအဆများက ၎င်းတို့၏ ဝင်ရောက်မှုကို ထိခိုက်သလော။ (ထိခိုက်ပါသည်။) မည်သည့်အတိုင်းအတာအထိ ထိခိုက်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့က သမ္မာတရားအပေါ် လူတို့၏ သိနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ၎င်းတို့၏ဝင်ရောက်မှုကို ထိခိုက်သည်။ အဆိုးဆုံးအနေဖြင့် ယင်းတို့က လူတို့၏ တိကျမှန်ကန်သော ရွေးချယ်မှုများကို ထိခိုက်ပြီး ၎င်းတို့အား မှားယွင်းသောလမ်းကြောင်းသို့ အလွယ်တကူ ခေါ်ဆောင်သွားသည်။ လူတို့သည် အယူအဆများ ရှိသောအခါ ဘုရားသခင်ကို အထင်လွဲမှားနိုင်ခြေ အရှိဆုံးဖြစ်သည်။ ဥပမာအနေဖြင့် လူတို့သည် မိမိတို့ကိုယ်ကို ပိုကောင်းမွန်သော သိနားလည်မှု ရရှိပြီး အမှန်တကယ် နောင်တရဖို့အလို့ငှာ ဘုရားသခင်သည် အပြုသဘောဆောင်သော ရလဒ်များကို စွမ်းဆောင်ရရှိရန်အတွက် ၎င်းတို့ကို လုံးလုံးလျားလျား ပြုပြင်သည်၊ တရားစီရင်သည်၊ ပြီးလျှင် ပြစ်တင်ဆုံးမလေသည်။ သို့ရာတွင် လူတို့က ဘုရားသခင်သည် ၎င်းတို့ကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်နေသည်၊ ထို့ပြင် ၎င်းတို့ကို တမင်သက်သက် ထုတ်ဖော်ရန်နှင့် ဖယ်ရှားရှင်းလင်းရန် အလိုရှိသည်ဟု ထင်ကြသည်။ ဘုရားသခင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့က သူ့ကို အဆိုးဆုံး ထင်မြင်ကြကာ ဘုရားသခင်၌ ၎င်းတို့အတွက် ချစ်ခြင်းမေတ္တာမရှိဟု ယုံကြည်ကြသည်ဖြစ်၍ သမ္မာတရား လက်တွေ့လုပ်ဆောင်သူတို့ကိုပင် လူနုံလူအများအဖြစ် သဘောထားကြသည်။ ဘုရားသခင်သည် လူတို့အား မှန်ကန်သောလမ်းကြောင်းကို ပြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် အလင်းထဲ၌ အသက်ရှင်ရန် အခွင့်ပေးသော်လည်း ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များနှင့် စာတန်ဆန်သော ယုတ္တိဗေဒအတိုင်း အမှောင်ထဲ၌သာ အသက်ရှင်ရန် ရွေးချယ်ကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့လျှောက်နေသည့် လမ်းကြောင်းမှာ ကယ်တင်ခြင်းလမ်းကြောင်း မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို ဆန့်ကျင်၍ ဇွတ်သွားနေပါက ဘုရားသခင်၏ အလုပ်မှ ပို၍ပို၍ ဝေးရာသို့ လမ်းလွဲနေသည်မဟုတ်လော။ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းမှ ပို၍ပို၍ ဝေးရာသို့ လမ်းလွဲနေသည်နှင့်အမျှ သင်သည် လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ သမ္မာကျမ်းစာတွင် “မိုက်သောသူတို့က ဉာဏ်မရှိသောကြောင့် သေကြလိမ့် မည်။ (သုတ္တံကျမ်း ၁၀:၂၁)” ဟူသည့် ဆိုရိုးတစ်ခု ရှိလေသည်။ သေခြင်းတရားသည် ဆိုးရွားသလော။ နောက်ဆုံးသောကာလ၏ အခြေအနေအရ သေခြင်းတရားသည် မဆိုးရွားသော်လည်း ပျက်စီးခြင်းမှာမူ ဆိုးရွား၏။ သေဆုံးခြင်းသည် ပျက်စီးခြင်းကို မဆိုလိုသော်လည်း ပျက်စီးခြင်းသည် မည်သည့်အဆုံးသတ်မျှ မရှိတော့ဘဲ ထာဝရသေဆုံးခြင်းပင် ဖြစ်သည်။ အတိတ်တွင် လူတို့သည် မိုက်မဲခြင်းကြောင့် သေနိုင်သည်ဟု ဆိုခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင် မိုက်မဲခြင်းသည် ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ အဘယ်သူသည် မိုက်မဲသော အရာများမလုပ်ဘဲ နေသနည်း။ သေခြင်းဟူသည် သေချာပေါက် ပျက်စီးခြင်းမဟုတ်သောကြောင့် ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် လူတို့ ပျက်စီးကြသနည်း။ လူတို့သည် မိမိတို့၏ အလျှော့မပေးမှုနှင့် ခေါင်းမာမှုကြောင့် ပျက်စီးကြခြင်းသည် အဆုံးသတ်မရှိသောကြောင့် ယင်းသည် မိုက်မဲခြင်းကြောင့် သေရခြင်းထက် များစွာပို၍ ဆိုးရွားသည်။ ခေါင်းမာခြင်းနှင့် ဇွတ်တရွတ်နိုင်ခြင်းက လူတို့ကို ပျက်စီးခြင်းသို့ ခေါ်ဆောင်သွားနိုင်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ ဤအရာသည် လူတို့လျှောက်သည့် လမ်းကြောင်းကိစ္စနှင့် ဆက်စပ်လေသည်။ မည်ကဲ့သို့သော စိတ်သဘောထားသည် အလျှော့မပေးခြင်း ဖြစ်သနည်း။ စိတ်နှလုံးခိုင်မာခြင်းဖြစ်၏။ စိတ်နှလုံးခိုင်မာသော စိတ်သဘောထားရှိခြင်းသည် အလွန်ဒုက္ခပေး၏။ တစ်ခါတစ်ရံတွင် လူတို့သည် နားမလည်ဘဲ အမှုအရာများကို ဤအတိုင်းသာ ပြုလုပ်ချင်ကြသည်။ သို့ရာတွင် တစ်ခါတစ်ရံတွင် ၎င်းတို့သည် နားလည်သော်လည်း ဘုရားသခင်၏ သတ်မှတ်ချက်များကို မလိုက်နာဘဲ အမှုအရာများကို ဤအတိုင်း ပြုလုပ်ချင်ကြသေးသည်။ ထိုမျှမက ဇွတ်တရွတ်နိုင်ခြင်းသည် စိတ်သဘောထားတစ်မျိုးလည်း ဖြစ်သည်။ ဆိုလိုသည်မှာ အသိခေါက်ခက် အဝင်နက်ခြင်းကို ဆိုလိုပြီး မာနထောင်လွှားမှုနှင့် ဆိုးယုတ်ရက်စက်မှုတို့ ပါဝင်သည်။ အကယ်၍ ဤစိတ်သဘောထားနှစ်ခု မပြောင်းလဲပါက ယင်းတို့သည် နောက်ဆုံးတွင် လူတစ်ဦးကို ပျက်စီးစေနိုင်သည်။ ဤသည်မှာ ရိုးရှင်းသောကိစ္စ ဟုတ်သလော။ သင်တို့သည် ယင်းကို မိမိကိုယ်တိုင်နှင့် နှိုင်းယှဉ်ချိန်ဆနိုင်သလော။ မာနထောင်လွှားပြီး ဆိုးယုတ်ရက်စက်သော စိတ်သဘောထားများက လူတို့အား မည်သည့်အရာ ပြုလုပ်စေနိုင်သည်ကို သင်တို့နားလည်သင့်သည်။ မည်သူပင်ဖြစ်စေ လူတို့ပြုလုပ်သော အရာတိုင်းကို ဖန်ဆင်းရှင်နှင့် ဘုရားသခင်၏ရှေ့မှောက်၌ ပြုလုပ်ရကာ ဘုရားသခင်သည် သူ၏ဖြောင့်မတ်သော စိတ်သဘောထားအတိုင်း လူတို့အပေါ် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်သည်။ သို့ဆိုလျှင် မာနထောင်လွှားပြီး ဆိုးယုတ်ရက်စက်သော စိတ်သဘောထားရှိသည့် လူတို့အနေဖြင့် ၎င်းတို့ပြုလုပ်သော အရာများ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ဤအရာတို့သည် နဂိုအတိုင်းပြန်မဖြစ်နိုင်သော အကျိုးဆက်များဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုနိုင်သနည်း။ သင်တို့အားလုံး ထိုအရာကို နားလည်သင့်သည် မဟုတ်လော။ သို့ဆိုလျှင် ကောင်းပြီ။ ဤဇာတ်လမ်း၌ပါဝင်သည့် အယူအဆများနှင့် ပတ်သက်၍ နောက်ထပ် ငါတို့ပြောတော့မည် မဟုတ်ပေ။

ဘုရားသခင်၏ အလုပ်အပေါ် လူတို့၏ အယူအဆများနှင့် ပတ်သက်၍ ငါတို့မပြောရသေးသည့် အခြားအရာတစ်ခုခုရှိမရှိ သင်တို့ စဉ်းစားနိုင်သလော။ ယနေ့ သင်တို့ကြားခဲ့ပြီးသည့် အယူအဆများမှာ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ လူတို့၌ရှိသည့် အယူအဆများသာ ဟုတ်သလော။ အကယ်၍ ငါတို့သည် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း၊ ပြုပြင်ခြင်းသာမက လူတို့အား ထုတ်ဖော်ခြင်းနှင့် စုံလင်စေခြင်းတို့အကြောင်း ပြောပါက ယင်းသည် မည်သည့်အကြောင်းအရာနှင့် ဆက်စပ်သနည်း။ ဘုရားသခင်သည် မည်သို့သောလူစားမျိုးကို ပြုပြင်သနည်း၊ တရားစီရင်သနည်း၊ ထို့ပြင် ပြစ်တင်ဆုံးမသနည်း။ မည်သို့သောလူစားမျိုးက စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို ရင်ဆိုင်ရသနည်း။ ဤအလုပ်များကို လုပ်ဆောင်ပြီး လူတို့အပေါ် အလုပ်လုပ်ဖို့ ဤနည်းလမ်းများကို အသုံးပြုရာတွင် ဘုရားသခင်၌ စည်းမျဉ်းတစ်ခုနှင့် အတိုင်းအတာတစ်ခုရှိကာ ယင်းတို့သည် လူတို့၏ ဝိညာဉ်ရင့်သန်မှု၊ ၎င်းတို့၏ လိုက်စားမှု၊ ၎င်းတို့၏ လူ့သဘာဝနှင့် သမ္မာတရားအား ၎င်းတို့နားလည်သည့် အတိုင်းအတာပေါ် မူတည်၏။ ဤအကြောင်းကို ငါသည် ယနေ့ အသေးစိတ်ပြောပြမည် မဟုတ်ပေ။ အချုပ်ဆိုသော် ဘုရားသခင်သည် လူတို့ကို ပြုပြင်ပြီး ဆုံးမပဲ့ပြင်သည်၊ ၎င်းတို့အား တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့်အပြင် ၎င်းတို့အား စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို ခံစားစေသည်။ ဘုရားသခင်သည် လူတို့အပေါ် ဤအချို့သော အဆင့်အတိုင်း အလုပ်လုပ်သည်။ လူတို့အပေါ် ဘုရားသခင်၏ အလုပ်စည်းမျဉ်းနှင့် မည်သည့်အဆင့်အတွက် အလုပ်လုပ်သည်ဆိုသည်မှာ လူတစ်ဦး၏ ဝိညာဉ်ရင့်သန်မှုအပေါ် အခြေခံသည်။ “ဝိညာဉ်ရင့်သန်မှု” ဟူသည့် ဤအသုံးအနှုန်းသည် သင်တို့အားလုံးအတွက် အတော်ပင် အနှစ်မဲ့ဟန်တူနိုင်သည်။ ယင်းသည် လူတစ်ဦးက သမ္မာတရားကို နားလည်သည့်အတိုင်းအတာ၊ ထိုသူနှင့် ဘုရားသခင်တို့ကြားမှ ဆက်ဆံရေးသည် ပုံမှန်ဟုတ်မဟုတ်ဟူသည့်အပေါ် အခြေခံ၍လည်းကောင်း၊ ထိုသူသည် ဘုရားသခင်အား မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံသည် ဟူသည့်အပေါ် အခြေခံ၍လည်းကောင်း အဓိကအားဖြင့် တိုင်းတာသည်။ အကယ်၍ ငါတို့သည် ဤအရာအပေါ် အခြေခံ၍ ခြားနားချက်သတ်မှတ်ပါက လူအများစုသည် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို ယခု ရင်ဆိုင်ပြီးပြီလော။ လူအချို့အတွက် ဤအဆင့်များရောက်ဖို့ စောကောင်းစောနေနိုင်သေးမည်၊ ၎င်းတို့သည် ယင်းတို့ကို တွေ့မြင်နိုင်လျက် မရရှိနိုင်သော်လည်း အခြားလူတို့အတွက်မှာမူ ယင်းတို့ကို မြင်တွေ့ရခြင်းက အနည်းငယ် ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ အတိုချုပ်အားဖြင့် ဤနည်းလမ်းများသည် လူတို့အား ကယ်တင်ရန်နှင့် စုံလင်အောင်ပြု‌ပေးရန် ဘုရားသခင် လုပ်ဆောင်သည့် အဆင့်များဖြစ်ကာ ဘုရားသခင်သည် လူတစ်ဦး၏ အမျိုးမျိုးသော လက္ခဏာသွင်ပြင်အားလုံးနှင့် ပတ်သက်၍ တိကျမှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် မူတည်ပြီး ဤအဆင့်အချို့ကို ချမှတ်ထားသည်။ လူတို့အပေါ် ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အလုပ်မဆို စိတ်ကူးပေါက်သလို ပြုလုပ်ခြင်း မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့်၊ မူနှင့်ကိုက်ညီသည့် ပုံစံအတိုင်း လုပ်ဆောင်သည်။ သူသည် သင်၏ လိုက်စားမှုနှင့် လူ့သဘာဝကိုသာမက သင်၏ ထိုးထွင်းသိမြင်မှုနှင့် သင်၏ နေ့စဉ်အသက်တာထဲမှ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများစသည့် အရာမျိုးစုံအား သင်ကိုင်တွယ်ဖြေရှင်းသည့် စိတ်ထားတို့ကို ကြည့်ရှုသည်။ ဤအရာများကို အခြေခံ၍ သူသည် လူတို့အပေါ် မည်သို့အလုပ်လုပ်မည်နှင့် ၎င်းတို့အား မည်သို့လမ်းပြမည်ကို ချမှတ်သည်။ ဘုရားသခင်သည် လူတစ်ဦးကို လေ့လာစောင့်ကြည့်ရမည့် အချိန်ကာလတစ်ခု လိုအပ်သည်။ သူသည် အမှုအရာတစ်ခုနှစ်ခုအပေါ် အခြေခံ၍ အလျင်စလိုဆုံးဖြတ်ချက် မချပေ။ ဘုရားသခင်သည် မည်သူ့အပေါ်၌မဆို သူလုပ်ဆောင်သည့် အရာတစ်ခုစီတိုင်း၌ မည်သည့်အခါမျှ ထိုသို့ ကမူးရှူးထိုးမလုပ်ပေ။ လူအချို့က “ယောဘအား ဘုရားသခင် စစ်ကြောသည့် ထိုနည်းလမ်းကို ကျွန်ုပ်ကြောက်သည်။ ထိုအရာ ကျွန်ုပ်အပေါ်၌များ အမှန်တကယ် ဖြစ်ပျက်ခဲ့လျှင် ကျွန်ုပ်သည် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ထိုကဲ့သို့ပင် ကျွန်ုပ်ထံမှ အရာရာကို အမှန်တကယ် ရုပ်သိမ်းလိုက်ပါက မည်သို့ရှိမည်နည်း။ ကျွန်ုပ် ဘာလုပ်ရမည်နည်း” ဟု ဆိုကြသည်။ မစိုးရိမ်နှင့်။ ဘုရားသခင်သည် သင့်အပေါ် မည်သည့်အခါမျှ ထိုသို့ စိတ်ကူးပေါက်သလို အလုပ်လုပ်မည် မဟုတ်၊ သင် ကြောက်စရာမလိုပေ။ အဘယ့်ကြောင့် သင် ကြောက်စရာ မလိုသနည်း။ သင်သည် မကြောက်မီ ဦးစွာ မိမိကိုယ်ကို အဖြစ်မှန်တစ်ခုဖြင့် ယုံကြည်လက်ခံလာအောင်လုပ်ပြီး သင်၏ ဝိညာဉ်ရင့်သန်မှုကို ထည့်သွင်းစဉ်းစားရမည်။ သင်၌ ယောဘ၏ယုံကြည်ခြင်း၊ ယောဘ၏ ကျိုးနွံနာခံမှုနှင့် ယောဘ၏ ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့ ရှိသလော။ သင်၌ ယောဘ၏ သစ္စာစောင့်သိမှု အတိုင်းအတာနှင့် ဘုရားသခင်၏လမ်းခရီးနောက် လိုက်ရာ၌ အကြွင်းမဲ့ခြင်း ရှိသလော။ ဤအရာများကို တိုင်းတာလော့။ ထို့ပြင် သင်၌ ယင်းတို့တစ်ခုမျှ မရှိပါက ဘုရားသခင်သည် သင့်အား စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ခံစားစေမည်မဟုတ်ကြောင်း သင်သည် စိတ်ချနေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သင်၏ ဝိညာဉ်ရင့်သန်မှုက မှန်းချက်နှင့်မကိုက်ဘဲ များစွာ လိုသေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့နှင့်ပတ်သက်၍ လူတို့၌ အချို့သော အယူအဆများနှင့် စိတ်ကူးများသာမက သံသယ၊ ထိတ်လန့်ခြင်း၊ သို့မဟုတ် ရှောင်လွှဲခြင်းနှင့် သတိထားချင့်ချိန်မှုတို့လည်း ရှိသည်။ လူတို့သည် ဤအရာများနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင် မည်ကဲ့သို့ အလုပ်လုပ်သည်နှင့် ပတ်သက်၍လည်းကောင်း လုံးစေ့ပတ်စေ့ သိနားလည်မှု ရရှိထားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏အလုပ်အပေါ် ၎င်းတို့၏ အယူအဆများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမည် ဖြစ်ကာ ၎င်းတို့သည် သမ္မာတရားလိုက်စားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ အားထုတ်ကြိုးပမ်းခြင်းကို အာရုံစိုက်မည် ဖြစ်သည်။ သူ၏ ဤနှုတ်ကပတ်တော်များအား မိန့်မြွက်ရခြင်းအကြောင်းမှာ သူ၏ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ ဘုရားသခင်နောက် လိုက်ရာ၌ သင်သည် ဘုရားသခင်က မည်သို့အလုပ်လုပ်ပြီး လူတို့အား ကယ်တင်သည်ကို နားလည်ရမည်ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားအား လိုက်စားသောသူတစ်ဦး အမှန်တကယ်ဖြစ်လျှင် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အမှုအရာများကို သွား၍ လုပ်ဆောင်‌လော့။ ဘုရားသခင်အား အမြင်မစောင်းနှင့်။ ထို့ပြင် ဘုရားသခင်၏စိတ်တော်အား နားလည်သဘောပေါက်ဖို့ သင်၏သေးနုပ်သော စိတ်ကို အသုံးမပြုနှင့်။ ဘုရားအလုပ်၏ စည်းမျဉ်းများမှာ အတိအကျ မည်သည့်အရာများ ဖြစ်သည်၊ လူတို့အား ဘုရားသခင်ဆက်ဆံသည့် စည်းမျဉ်းများမှာ မည်သည့်အရာများ ဖြစ်သည်၊ ဘုရားသခင်သည် လူတစ်ဦးအပေါ် မည်သည့်အတိုင်းအတာအထိ အလုပ်လုပ်သည်နှင့် ဘုရားသခင်၏ တိုင်းတာမှုစံချိန်စံညွှန်းက မည်သည့်အရာဖြစ်သည်ကို သင် နားလည်ရမည်။ ဤအရာများကို သင် နားလည်သည့်အခါ နောက်ထပ် ဘာလုပ်သင့်သနည်း။ ဘုရားသခင် မြင်တွေ့လိုသောအရာမှာ သင်သည် သမ္မာတရားလိုက်စားမှုကို လက်လျှော့ရန် မဟုတ်သကဲ့သို့ မိမိကိုယ်ကို မျှော်လင့်ချက်ပျက်သုဉ်းနေသည့် လူတစ်ဦး၏စိတ်ထားကို မြင်တွေ့လိုသည် မဟုတ်ပေ။ သင်သည် မှန်ကန်သော ဤအဖြစ်မှန်အားလုံးကို သဘောပေါက်သောအခါ သမ္မာတရားကို ပို၍ တည်ကြည်ခိုင်မာသော၊ ရဲရင့်သော၊ ယုံကြည်စိတ်ချသော ပုံစံဖြင့် သွား၍ လိုက်စားနိုင်ကာ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ကြောင်း ရှင်းလင်းစွာ အသိအမှတ်ပြုသည်ကို ဘုရားသခင် မြင်တွေ့လိုသည်။ သင်သည် လမ်းဆုံးသို့ ရောက်လာသောအခါ သင့်အတွက် ဘုရားသခင်ချမှတ်ထားသည့် စံချိန်စံညွှန်းကို သင်ရောက်ရှိပြီး သင်သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ် ရှိနေသရွေ့ ဘုရားသခင်သည် သင့်အပေါ် လက်လျှော့မည်မဟုတ်ပေ။ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်းနှင့် ပြုပြင်ခြင်းတို့အပေါ် လူတို့၏ အယူအဆများနှင့် ပတ်သက်၍ ယခုလောလောဆယ်တော့ ထိုမျှသာဖြစ်သည်။ အသေးစိတ် လက္ခဏာသွင်ပြင် အမြောက်အမြား ရှိနေသေးကာ ဤတိုတောင်းသော ဟောပြောချက်ဖြင့် ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ များလွန်းလှသည်။ လူတို့သည် နေ့စဉ်အသက်တာ၌ ဤအယူအဆများကို မည်သို့ သိသာထင်ရှားစေပြီး ထုတ်ဖော်သည်နှင့် ပတ်သက်၍ ဥပမာအချို့ပေးဖို့ လိုမည်ဖြစ်ကာ သင်တို့သည် လူတို့၏ အယူအဆများကို ဤလက်တွေ့ဘဝ ဥပမာများအားဖြင့် နားလည်နိုင်ဖို့ သို့မဟုတ် အဓိပ္ပာယ်ကောက်နိုင်ဖို့အတွက်၊ ထို့ပြင် ဤအရာများသည် လက်တွေ့အရှိတရားနှင့် ကွဲလွဲပြီး ဘုရားသခင်၏ စည်းမျဉ်းများ၊ စံချိန်စံညွှန်းများနှင့် ဆန့်ကျင်သည့် အယူအဆများဖြစ်ကြောင်း သဘောပေါက်နိုင်ဖို့အတွက် ဇာတ်လမ်းတိုအချို့ကို ပြောပြပြီး ရိုးရှင်းသော ဇာတ်ကောင်များနှင့် ဇာတ်ကွက်များအနည်းငယ်ကို ထည့်သွင်းဖို့ လိုမည်ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့ပင် မပြုသောကြောင့် သင်သည် အဘယ့်ကြောင့် ကျိုးကြောင်းမမြင်ဘဲ စဉ်းစားပြီး ထင်ကြေးပေးနေရသနည်း။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများဖြင့် အဆက်မပြတ် အသက်ရှင်ပါက သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သမ္မာတရားလိုက်စားမှု လမ်းကြောင်းနောက်သို့ လုံးဝဥဿုံ လိုက်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များမှ အမြဲတမ်း ဝေးကွားနေမည်ဖြစ်သည်။ ဤအတိုင်းဆက်သွားနေပါက သင်သည် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းရှိမည် မဟုတ်သည့်အပြင် ဘောင်ခတ်ခြင်းများကို အမြဲတမ်း ခံရဖွယ်ရှိမည်ဖြစ်သည်။ မည်သည့်နေရာ သွားသည်ဖြစ်စေ နေရာတိုင်းတွင် အဟန့်အတားကြုံရမည် ဖြစ်ကာ မည်သည့်အရာလုပ်ရမည်နှင့် ပတ်သက်၍ သင့်အား လမ်းပျောက်စေမည် ဖြစ်သည့်အပြင် မည်သည့်အရာမျှ စိုးစဉ်းပင် ချောမွေ့မည်မဟုတ်ပေ။ ရလဒ်အနေဖြင့် အဆုံးတွင် သင်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံရရှိဖို့ပင် အခွင့်ရှိမည် မဟုတ်ပေ။ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလိုက်ပါတကား။

ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်လာလျှင် ယခင်က သင်တို့အပေါ် မည်သူမျှ အလေးအနက်မထားဖူးပေ။ ယခုအချိန်သည် အလွန်အရေးပါသော အဆင့်ဖြစ်သောကြောင့် အလေးအနက်ထားရမည့် အချိန်ဖြစ်၏။ အချိန်သည် ကုန်လွန်နေသဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းကို ဆော့ကစားရမည့်အရာအဖြစ် သဘောမထားနှင့်။ ဘုရားသခင်သည် လူတို့အား စုံလင်အောင်ပြုလုပ်ရန်နှင့် လူတို့အား ကယ်တင်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကာ ဤအလုပ်ကို လုံးစေ့ပတ်စေ့ အပြီးသတ်လိုသည်။ သူသည် ယင်းကို မည်ကဲ့သို့ လုံးစေ့ပတ်စေ့ လုပ်မည်နည်း။ လူတို့သည် ယင်းကို ရှင်းလင်းစွာ သဘောပေါက်ပြီး လမ်းမလွဲနိုင်ဖို့အတွက် ၎င်းတို့အား သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံးကို ပြောပြခြင်းအားဖြင့် ဖြစ်သည်။ ဘုရားသခင်က သင် လမ်းလွဲသောအခါ သင့်ကို ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ အကယ်၍ သင်သည် သင့်ကိုယ်ပိုင်လမ်းကြောင်းပေါ်တွင် မကြာခဏ လမ်းလွဲပါက ဘုရားသခင်သည် လမ်းကြောင်းမှန်ပေါ်သို့ သင်ပြန်လှည့်လာသည်အထိ သင့်ကို ဆက်လက်၍ ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ အဆုံးတွင် အကယ်၍ ဘုရားသခင်က သူတတ်နိုင်သမျှကို လုပ်ဆောင်ထားပြီး သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီခဲ့သေးပါက အခြားမည်သူ့ကို အပြစ်တင်ဖို့ ရှိသနည်း။ သင့်ကိုယ်သင်သာ အပြစ်တင်နိုင်သည်။ ထိုအချိန်တွင် လူတို့ပြုလုပ်စရာ ရှိသမျှမှာ ရင်ဘတ်စည်တီးပြီး သည်းထန်စွာ ငိုကြွေးဖို့သာ ဖြစ်၏။ လူတို့၏ သမ္မာတရားနားလည်မှုနှင့် ပတ်သက်လာလျှင် အရေးကြီးဆုံးအရာမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရယူရမည် ဖြစ်ကာ လက်ခံရယူပြီးနောက်တွင် သမ္မာတရားကို ရှာဖွေပြီး ၎င်းတို့၏ နေ့စဉ်အသက်တာနှင့် ဆက်စပ်နိုင်ရမည်ဖြစ်သည်။ ဤသို့အားဖြင့်သာ လူတို့သည် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော သိနားလည်မှုကို ဖြည်းဖြည်းချင်း ရရှိနိုင်လေသည်။ သင်သည် တရားဒေသနာများကို နာယူပြီး ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်သောအခါ နားလည်သည်ဟု သင်ထင်မှတ်၏၊ ဤသည်မှာ သမ္မာတရားအား အမှန်တကယ် နားလည်ခြင်းမဟုတ်ပေ။ ယင်းမှာ အယူဝါဒအား သိနားလည်ခြင်းတစ်ခုသာ ဖြစ်သည်။ တရားဒေသနာ၏ စာသားအတိုင်း အဓိပ္ပာယ်ကို သင်နားလည်သည်နှင့် မိမိကိုယ်ကို သိလာနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့အလို့ငှာ ယင်းကို လက်တွေ့ဘဝရှိ သင့်ကိုယ်ပိုင် အခြေအနေ၊ သင့်ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ဆက်စပ်ရမည်။ ထိုနည်းလမ်းဖြင့်သာ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လေသည်။ ဤနည်းအတိုင်း လက်တွေ့မလုပ်ဆောင်လျှင် သမ္မာတရားသည် သင်နှင့် ဘာမျှမဆိုင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်နှင့် ဘာမျှမဆိုင်၊ ထို့ကြောင့် ဘုရားသခင်သည် သင်နှင့် ဘာမျှမဆိုင်ပေ။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် မည်သည့်အရာမျှ ရရှိမည်မဟုတ်ပေ။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။