မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃) အပိုင်း နှစ်
လူအချို့က “လူသားတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပြီး ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသည့် မလျော်ကန်သော စိတ်ကူးများ သို့မဟုတ် လုပ်ဆောင်မှုများ ရှိသောအခါ ဘုရားသခင်သည် ၎င်းတို့ကို တားဆီးဖို့ ကြားဝင်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်” ဟု ထင်ကြသည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ မဟုတ်လော။ ဤသည်မှာ လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် အလုပ်လုပ်သည့်ပုံစံ ဟုတ်သလော။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြခြင်းဖြင့် လူတို့ကို ကယ်တင်သည်။ လူတစ်ဦး ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ၎င်းက သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိအပေါ် မူတည်၏။ ဤအရာအပြင် ဘုရားသခင်က ပို၍ပင် အရေးကြီးသည်ဟု သဘောထားသည့် အရာတစ်ခုရှိပြီး ယင်းမှာ လူတို့၏ အသိတရားနှင့် လူ့သဘာဝ ဖြစ်သည်။ အကယ်၍ သင်၏ လူ့သဘာဝထဲတွင် အသိတရားမရှိ၊ တည်ကြည်မှုမရှိ၊ ပြီးလျှင် ဆင်ခြင်တုံတရားမရှိ ဖြစ်ပါက၊ ဆိုလိုသည်မှာ သင့်အပေါ် တစ်စုံတစ်ရာ ကျရောက်သောအခါ သင်၏ အသိတရားနှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်းသည် ပုံမှန် မလည်ပတ်နိုင်၊ သင်၏ လုပ်ဆောင်ချက်များကို ချုပ်တည်းနိုင်ခြင်းနှင့် ထိန်းညှိနိုင်ခြင်း မရှိ၊ သင်၏ ရည်ရွယ်ချက်များနှင့် ရှုထောင့်အမြင်များကို အမှန်ပြင်နိုင်ခြင်း မရှိပါက ဘုရားသခင်သည် တကယ့်ကို ဘာမျှလုပ်မည်မဟုတ်ပေ။ ဘုရားသခင်အနေဖြင့် သင့်အား ပြောင်းလဲစေဖို့ရန် သူသည် ပထမဦးစွာ သင်၏ အသိတရားနှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို လည်ပတ်ခွင့်ပေးသည်။ သင်၏ အသိတရားသည် အပြစ်တင်ခြင်းကို ခံစားရသောအခါ သင်က “ကျွန်ုပ်ပြုလုပ်နေသည့် အရာသည် မှား၏။ ကျွန်ုပ်ကို ဘုရားသခင် မည်သို့ရှုမြင်မည်နည်း” ဟု တွေးဆမည်ဖြစ်ပြီး ဤအရာက သင့်အား ထို့ထက်ပို၍ ရှာဖွေပြီး ကိုယ်တိုင်ဖန်တီးယူသော၊ အပြုသဘောဆောင်သော ဝင်ရောက်မှုသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ သို့ရာတွင် လူတစ်ဦး၌ ဤကနဦးခြေလှမ်းပင် ကင်းမဲ့သည်၊ အသိတရားကို ပိုင်ဆိုင်မထားသည့်အပြင် အခြေခံအားဖြင့် ၎င်း၏ စိတ်နှလုံးထဲ၌ အပြစ်တင်ခြင်း မရှိပါက ဘုရားသခင်သည် တစ်စုံတစ်ရာကို ရင်ဆိုင်ရသောအခါ မည်သည့်အရာ ပြုလုပ်မည်နည်း။ ဘုရားသခင်က မည်သည့်အရာမျှ ပြုလုပ်မည်မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် မိန့်မြွက်သည့် ဤစကားများအားလုံး၊ လူတို့အား ဘုရားသခင် သွန်သင်သည့် တောင်းဆိုချက်များနှင့် သမ္မာတရားများအားလုံးကို အခြေခံသည့် အုတ်မြစ်မှာ အဘယ်နည်း။ ယင်းတို့မှာ လူတို့၌ အသိတရားနှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်း ရှိသည်ဟူသည့် အဆိုအပေါ် အခြေခံထားသည်။ စောစောပိုင်းက ဖော်ပြခဲ့သောလူအနေဖြင့် သူ၌ အသိတရားရှိခဲ့ပြီး ဆင်ခြင်တွေးခေါ်နိုင်စွမ်း အဆင့်တစ်ခုခုကို ပိုင်ဆိုင်ခဲ့လျှင် ထိုချောင်းဆိုးပျောက် ဆေးရည်ပုလင်းကို တွေ့ပြီးနောက် မည်သည့်အရေးယူဆောင်ရွက်မှုများ ပြုခဲ့ပြီးဖြစ်မည်နည်း။ သူသည် မည်သည့်အမူအကျင့်များကို ထုတ်ဖော်ပြပြီးဖြစ်မည်နည်း။ “ဤအရာကို ဘုရားသခင်အဖို့ ပေးထားခဲ့သောကြောင့် အတော်လေး ကောင်းမွန်ရမည်။ ဘုရားသခင်အား သောက်စေမည့်အစား ကျွန်ုပ်သည် အဘယ့်ကြောင့် မသောက်ဘဲနေရမည်နည်း” ဟူသည့်စိတ်ကူး ရှိသောအခါ သူ၌ အသိတရားရှိလျှင် မည်သည့်အရာ ပြုလုပ်ခဲ့ပြီး ဖြစ်မည်နည်း။ သူသည် ပုလင်းကိုဖွင့်ပြီး ပထမဆုံးတစ်ငုံစာကို သောက်ခဲ့မည်လော။ (သောက်ခဲ့မည်မဟုတ်ပါ။) “မသောက်ခဲ့” ဟူသည့် အရာမှာ မည်ကဲ့သို့ ဖြစ်ပေါ်လာရမည်နည်း။ (အသိတရားဟူသည့် ခံစားမှုရှိခြင်းမှ ဖြစ်ပေါ်လာမည်။) သူ့အသိတရား၏ ထိန်းချုပ်ခြင်းခံရလျှင် ယင်းက စိုးမိုးလာမည်ဖြစ်ပြီး ဤကိစ္စဖြစ်ပေါ်လာအောင် နောက်ထပ်ခြေလှမ်း ရှိလာခဲ့မည်မဟုတ်ပေ။ သူသည် ထိုပထမဆုံး တစ်ငုံစာကို သောက်ခဲ့မည် မဟုတ်ပေ။ ထိုကိစ္စ၏ရလဒ်သည် လုံးဝ ပြောင်းပြန်ဖြစ်သွားပြီး အဆုံးသတ်က လုံးလုံးလျားလျား ကွဲပြားမည်ဖြစ်သည်။ သို့ရာတွင် ဆန့်ကျင်ဘက်အနေဖြင့် သူသည် အသိတရား သို့မဟုတ် ဆင်ခြင်တွေးခေါ်နိုင်စွမ်း မရှိ၊ ယင်းတို့ လုံးဝကင်းမဲ့သောကြောင့် ရလဒ်အနေဖြင့် မည်သည့်အရာ ဖြစ်သွားခဲ့သနည်း။ ထိုကဲ့သို့သော စိတ်ကူးများ ပေါ်ပေါက်ပြီး သူ၏အသိတရားမှ ချုပ်တည်းမှုမရှိသောအခါ သူသည် ပုလင်းကို မရိုးမသား ဖွင့်ပြီး ပထမတစ်ငုံစာကို သောက်ခဲ့သည်။ ထို့နောက်တွင် သူသည် အပြစ်တင်မှု သို့မဟုတ် မိမိကိုယ်ကိုစွပ်စွဲမှုကို မခံစားရခဲ့သည်သာမက ယင်းကို အမှန်ပင် မွေ့လျော်ခဲ့သည်။ သူက “ကျွန်ုပ်အဘယ်မျှတော်ပြီး အခွင့်အရေးကို အမိအရယူသည်ကို ကြည့်လော့။ သင်တို့အားလုံးက လူနုံလူအများဖြစ်ကြသည်။ ဤအရာများကို သင်တို့ နားမလည်ပေ။ အတွေ့အကြုံက လူငယ်များကို အမြဲတမ်း တစ်ပန်းသာသည်။ သင်တို့မည်သူမျှ ဤစိတ်ကူးမရှိ၊ သင်တို့မည်သူမျှ ဤသို့လုပ်ဖို့ သတ္တိမရှိ၊ သို့သော် ငါ၌ရှိ၏။ ဖြစ်လာနိုင်သည့် အဆိုးဆုံးက မည်သည့်အရာနည်း။ ကျွန်ုပ်သည် ပထမဆုံးတစ်ငုံစာကို သောက်ခဲ့ပြီးပြီ။ မည်သူသိမည်နည်း” ဟူ၍ ထိုမျှနှင့်ပြီးသွားပြီဟု ထင်ခဲ့သည်။ အောင်မြင်စွာ ဖြေရှင်းခဲ့ပြီးပြီဟု သူက ထင်ပြီး စိတ်ထဲ၌ ကျေနပ်နေခဲ့သည်။ ဤသည်မှာ မိမိသည် မျက်နှာသာပေးခြင်း ခံနေရသည်၊ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်ဟုပင် သူက တွေးခဲ့သည်။ သူသည် ဤအမှားကို တစ်ကြိမ်ပြုလုပ်ပြီးသည်နှင့် ယင်းကို ဆက်ကာဆက်ကာ ပြုလုပ်ပြီး အတောမသတ်နိုင်အောင် ဖြစ်သွားလျက် တစ်ပုလင်းလုံးကို ကုန်သည်အထိ ဆက်သောက်နေခဲ့သည်။ ဤအချိန်တစ်လျှောက်လုံးတွင် သူ၏အသိတရားက မည်သည့် မိမိကိုယ်ကိုစွပ်စွဲမှု သို့မဟုတ် အပြစ်တင်မှုမျှ လုံးဝ မခံစားခဲ့ရပေ။ သူ၏ အသိတရားနှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်းက “ဤအရာသည် သင်နှင့်မဆိုင်ပေ။ ဘုရားသခင်က ယင်းကို မသောက်လျှင်ပင်၊ ယင်းကို ဘုရားသခင် လွှင့်ပစ်လျှင်ပင်၊ သို့မဟုတ် ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်ကို ကျွေးလိုက်လျှင်ပင် ဘုရားသခင်က ယင်းသည် သင့်အတွက်ဖြစ်သည်ဟု မပြောသရွေ့ သင်မသောက်သင့်ပေ။ ယင်းသည် သင့်အတွက် ခံစားစရာ မဟုတ်” ဟု သူ့ကို လုံးဝ မပြောခဲ့ပေ။ သူ၏အသိတရားက သူ့ကို ဤသို့ မပြောခဲ့သည်မှာ သူ၌ အသိတရားမရှိခဲ့သောကြောင့် ဖြစ်သည်။ အသိတရားမရှိသည့် လူတစ်ဦးသည် မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့ကို လူ့တိရစ္ဆာန်များဟု သတ်မှတ်သည်။ အသိတရားမရှိသည့် လူတို့က ဤအတိုင်း ပြုမူကြသည်။ ၎င်းတို့သည် အစမှနေ၍ ထိုသို့သော စိတ်ကူးများရှိကြပြီး ၎င်းတို့၏အသိတရားမှ အပြစ်တင်ခြင်းတစ်စက်မျှ မရှိဘဲ အဆုံးထိတိုင် ဤပုံစံအတိုင်း ဆက်သွားကြသည်။ ယခုတွင် ဤပုဂ္ဂိုလ်က ဤဖြစ်ရပ်ကို မေ့ပျောက်ခဲ့ပြီးသည်မှာ ကြာလောက်ပြီဖြစ်သည်။ သို့မဟုတ်ပါက သူ၏မှတ်ဉာဏ်ကောင်းလျှင် ယင်းကို သူ အမှတ်ရဦးမည်ဖြစ်ပြီး သူသည် ထိုအချိန်က မှန်သည့်အရာကို လုပ်ဆောင်ခဲ့သည်ဟု ထင်ကောင်းထင်မည်ဖြစ်သည်။ ဤအရာသည် မလုပ်အပ်သည့်အရာ ဖြစ်သည်ဟု မည်သည့်အခါမျှ သူ မစဉ်းစားသည့်အပြင် သူပြုလုပ်ခဲ့သည့်အရာ၏ ပြင်းထန်မှုနှင့် သဘာဝကို သဘောမပေါက်ချေ။ ယင်းကို သူ သတိမပြုမိနိုင်ချေ။ ထိုကဲ့သို့သော လူတို့နှင့်ပတ်သက်၍ ဘုရားသခင်၏ အမျိုးအစားသတ်မှတ်ခြင်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဘုရားသခင်သည် ထိုသို့သော လူတို့ကို ဤအဆုံးသတ်မျိုးပေးလျက် အမျိုးအစားသတ်မှတ်သောအခါ၊ ထုတ်ဖော်သောအခါနှင့် ဖယ်ရှားရှင်းလင်းသောအခါ သူသည် မည်သည့် စည်းမျဉ်းများနှင့် မည်သည့် အခြေခံအကြောင်းရင်းအပေါ် မူတည်၍ ၎င်းတို့ကို အမျိုးအစားသတ်မှတ်သနည်း။ (၎င်းတို့၏ သဘာဝအနှစ်သာရ အပေါ်အခြေခံ၍ သတ်မှတ်ပါသည်။) အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော လူတစ်ဦးသည် သမ္မာတရားကို လက်ခံဖို့နှင့် လက်တွေ့လုပ်ဆောင်ဖို့ အခြေအနေများကို ပိုင်ဆိုင်သလော။ ၎င်းတို့၌ ထိုသို့သော အနှစ်သာရမျိုး ရှိသလော။ (မရှိပါ။) မရှိပါဟု ငါတို့ အဘယ့်ကြောင့်ဆိုရသနည်း။ ၎င်းတို့သည် ဤကိစ္စအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်ကို စတင်ဖော်ပြသောအခါ ၎င်းတို့၏ အတွင်းစိတ်ထဲ၌ ၎င်းတို့၏ဘုရားသခင်သည် အဘယ်အရပ်၌ ရှိသနည်း။ ၎င်းတို့၏စိတ်နှလုံးထဲရှိသည့် ဘုရားသခင်မှာ အဘယ်သူနည်း။ သူသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိသလော။ ထိုသို့သောလူတစ်ဦး၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိဟု ငါတို့ ကျိန်းသေပြောနိုင်၏။ လူတစ်ဦး၏ စိတ်နှလုံးထဲ၌ ဘုရားသခင်မရှိခြင်း၏ သွယ်ဝိုက်ညွှန်းဆိုမှုမှာ အဘယ်နည်း။ (ထိုသူသည် မယုံကြည်သူတစ်ဦး ဖြစ်သည်ဟူ၍ပင်။) မှန်ပေ၏။ ထိုသူသည် ဘုရားသခင်အား စစ်မှန်သောယုံကြည်သူ မဟုတ်ပေ။ ထိုသူသည် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦး မဟုတ်။ မယုံကြည်သူတစ်ဦးသာ ဖြစ်၏။ သူသည် မယုံကြည်သူတစ်ဦး ဖြစ်မှန်း သူ၏မည်သည့် အပြုအမူများက ပြသနည်း။ သူသည် စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိဘဲ၊ အသိတရား၏ လွှမ်းမိုးမှုမရှိဘဲ သူ၏ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် နှစ်သက်မှုများအပေါ် အခြေခံ၍ ကိုယ်ပိုင်စိတ်ကူးပေါက်ရာအတိုင်း လုံးလုံးလျားလျား ပြုမူပြီး စကားပြောသည်။ သူသည် သမ္မာတရားကို နားမလည်သောအခါတွင် သူ၏ အသိတရားက နိုးကြားမလာပေ။ သူသည် တစ်ကိုယ်ရေ အကျိုးကျေးဇူးနှင့် အကျိုးအမြတ်တစ်ခုတည်းဖြင့် ကိုယ်ပိုင်နှစ်သက်မှုများသက်သက်ကို အခြေခံ၍ ပြုမူလုပ်ဆောင်သည်။ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် တစ်နေရာရာ ရှိသလော။ လုံးဝမရှိပေ။ အဘယ့်ကြောင့် ထိုသို့ငါပြောသနည်း။ အဘယ့်ကြောင့်ဆိုသော် သူ၏ လုပ်ဆောင်ချက်များနှင့် စကားလုံးများ၏ လှုံ့ဆော်မှု၊ အကြောင်းရင်း၊ ဦးတည်ချက်နှင့် သရုပ်သကန်များကိုပင် သူ၏ကိုယ်ကျိုးကို ဖြည့်ဆည်းပေးဖို့အတွက်ချည်း ရည်ရွယ်သောကြောင့် ဖြစ်သည်။ မိမိအတွက် အကျိုးရှိမည်ဟု သူယုံကြည်သည့် အရာအပေါ် အခြေခံ၍ ပြုမူလုပ်ဆောင်ပြီး စကားပြောသည်။ သူထည့်သွင်းစဉ်းစားသည့် အရာတိုင်းကို သူ၏ကိုယ်ကျိုးနှင့် ရည်မှန်းချက်များနှင့် လိုက်လျောညီထွေမှု ရှိစေသည့်အပြင် သူသည် မည်သည့်အပြစ်တင်မှုမျှ မခံစားရဘဲ၊ ချုပ်တည်းမှုကို မကျင့်သုံးဘဲ လုပ်ဆောင်သည်။ ဤအပြုအမူကို အကဲဖြတ်ရလျှင် သူသည် ဘုရားသခင်ကို မည်သည့်အရာကဲ့သို့ သဘောထားသနည်း။ (လေကဲ့သို့ သဘောထားသည်။) အတိအကျပင်၊ ယင်းက ကွက်တိဖြစ်၏။ အကယ်၍ ဘုရားသခင်က လူ၏စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည် ဟူ၍လည်းကောင်း၊ ဘုရားသခင်သည် လူတို့၏ အနီးအပါးတွင်ရှိကာ ၎င်းတို့ကို အစဉ်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည် ဟူ၍လည်းကောင်း သူသည် ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရပါက ၎င်း၏ လုပ်ဆောင်ချက်များ၌ ချုပ်တည်းမှုတစ်စုံတစ်ရာ ကင်းမဲ့မည်လော။ ၎င်းတို့သည် ထိုကဲ့သို့သော မဆင်မခြင်ရဲတင်းမှုကို ပြသမည်လော။ လုံးဝ ပြသမည်မဟုတ်ပေ။ ဤတွင် မေးခွန်းတစ်ခု ပေါ်ထွက်လာ၏။ ၎င်းတို့ယုံကြည်သော ဘုရားသည် အမှန်တကယ် တည်ရှိသလော။ (မတည်ရှိပါ။) ယင်းမှာ ပြဿနာ၏ အနှစ်သာရဖြစ်၏။ ၎င်းတို့ယုံကြည်သော ဘုရားမှာ မရှိပေ။ ၎င်းတို့၏ဘုရားသည် လေမျှသာ ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် မည်သည့်အရာနှင့်တူသည်ဟု ၎င်းတို့ နှုတ်အားဖြင့် အဘယ်သို့ကြွေးကြော်ပါစေ၊ ဘုရားထံ ၎င်းတို့ အဘယ်သို့ဆုတောင်းပါစေ၊ ၎င်းတို့ နှစ်ပေါင်းမည်မျှများစွာ ယုံကြည်ခဲ့ပြီ သို့မဟုတ် မည်သည့်အရာ ပြုလုပ်ခဲ့ပြီ သို့မဟုတ် အဘယ်မျှပေးဆပ်ခဲ့ပြီ ဖြစ်စေ ၎င်းတို့၏သဘာဝက ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူ၊ ဘုရားသခင်အပေါ် ၎င်းတို့၏သဘောထားနှင့် ဘုရားသခင်ဆက်စပ်သည့် အရာအားလုံးအပေါ် ၎င်းတို့၏သဘောထားအပေါ် မူတည်၍ အပြည့်အဝ ပေါ်ထွက်လာသည်။ ၎င်းတို့က ဘုရားသခင်ကို လေကဲ့သို့ ဆက်ဆံကြသည်၊ ဤသည်မှာ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ကို အဘယ့်ကြောင့် ပြစ်မှားစော်ကားခြင်းဟု မှတ်ယူသနည်း။ ၎င်းတို့က “ဘုရားသခင်သည် လူ့စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟု သူတို့ ဆိုသော်လည်း ဘုရားသခင် အဘယ်မှာရှိသနည်း။ ဤအရာကို ကျွန်ုပ် အဘယ့်ကြောင့် မခံစားခဲ့ဖူးသနည်း။ လှူဖွယ်ပစ္စည်းများ ခိုးယူခြင်းကို ဘုရားသခင် အပြစ်ဒဏ်ပေးမည်ဟု သူတို့ဆိုသော်လည်း လှူဖွယ်ပစ္စည်းများ ခိုးယူခြင်းအတွက် တစ်ဦးတစ်ယောက်မျှ ဒဏ်ခတ်ခြင်း ခံရသည်ကို ကျွန်ုပ်မတွေ့ခဲ့စဖူး” ဟု စဉ်းစားသည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ကြသည်။ ဤသည်မှာ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်သည် ရှိပင်မရှိပါ။ သူသည် အလုပ်တစ်ခုခုကို အဘယ်သို့များ လုပ်ဆောင်နေနိုင်မည်နည်း။ သူသည် လူတို့ကို အဘယ်သို့များ ကယ်တင်နေနိုင်မည်နည်း။ သူသည် လူတို့ကို မည်ကဲ့သို့ အပြစ်တင်ခဲ့ပြီး ဖြစ်သနည်း။ သူသည် မည်သူ့ကို အပြစ်ဒဏ်ပေးခဲ့ပြီး ဖြစ်သနည်း။ အပြစ်ဒဏ်ပေးခဲ့ကြောင်း ကျွန်ုပ် မည်သည့်အခါမျှ မတွေ့ဖူး၊ ထို့ကြောင့် ဘုရားသခင်အား ဆက်ကပ်သည့် မည်သည့်အရာကိုမဆို လွတ်လပ်စွာ အသုံးပြုနိုင်သည်။ အကယ်၍ ယနေ့ ထိုအရာကို ကျွန်ုပ် အမှတ်မထင် တွေ့မိသွားလျှင် ယင်းက ကျွန်ုပ်၏ဥစ္စာ ဖြစ်၏။ ယင်းကို ဘုရားသခင် ကျွန်ုပ်အား အခွင့်အရေးပေးသည့် နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ်ယူဆမည်။ ယင်းကို မည်သူက မြင်သည်ဖြစ်စေ၊ အမှတ်မထင် တွေ့မိသွားလျှင်ဖြစ်စေ ယင်းက သူတို့၏ဥစ္စာ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က မျက်နှာသာပေးထားသောသူ ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ မည်သို့သော ဆင်ခြင်တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ ဤသည်မှာ စာတန်၏၊ သူခိုးဓားပြများ၏ ဆင်ခြင်တွေးခေါ်မှု စနစ်မျိုးဖြစ်သည်။ ဤသည်မှာ လူတစ်ဦး၏ နတ်ဆိုးဆန်သော သဘာဝ ထွက်ပေါ်လာခြင်းဖြစ်၏။ ထိုသို့သောလူစားမျိုး၌ စစ်မှန်သော ယုံကြည်မှု ရှိသလော။ (မရှိပါ။) တရားဒေသနာ မြောက်မြားစွာ နားထောင်ပြီးနောက် ၎င်းတို့သည် နတ်ဆိုးဆန်သော စကားများ၏ ထိုမျှ ဒလဟော လေပန်းကြသည်။ ၎င်းတို့သည် သမ္မာတရား၌ အခြေခံအုတ်မြစ် တစ်ခုခုများ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ၎င်းတို့သည် ထိုတရားဒေသနာများ အားလုံးကို နားထောင်ခြင်းမှ မည်သည့်အရာ ရရှိခဲ့ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံကြသေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားကြပေ၊ ထို့ပြင် ဘုရားသခင်ကို ဘုရားအဖြစ် မဆက်ဆံကြပေ။ ထိုအကြောင်းအရာအတွက် ဤမျှသာဖြစ်၏။
လူအချို့ကမူ ဘုရားသခင်ရှိကြောင်း မိမိတို့၏ စိတ်နှလုံးထဲတွင် အမှန်ပင် ယုံကြည်ကြပြီး ဘုရားသခင်၏ လူဇာတိခံယူခြင်းနှင့်ပတ်သက်၍ နည်းနည်းလေးမျှ သံသယမရှိကြပေ။ သို့တစေ ၎င်းတို့သည် နှစ်အတန်ကြာ ဘုရားသခင်နောက်သို့ လိုက်ကြပြီးဖြစ်သော်လည်း အခက်အခဲအချို့ကို ခံစားပြီး အဖိုးအခအနည်းငယ် ပေးပြီးသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင်း၌ ဘုရားသခင်အား နားလည်ခြင်း စိုးစဉ်းမျှ မရှိကြချေ။ အမှန်တွင်မူ ၎င်းတို့ ယုံကြည်သောအရာမှာ မရေရာသော ဘုရား၊ စိတ်ကူးပုံဖော်ထားသော ဘုရားပင် ဖြစ်နေသေးသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လေမျှသာ ဖြစ်၏။ ဘုရားသခင်သည် ဤလူတို့ကို မည်ကဲ့သို့ ဆက်ဆံသနည်း။ သူသည် ထိုသူတို့ကို မသိကျိုးကျွန်သာ ပြု၏။ လူအချို့က “အကယ်၍ ထိုသူတို့ကို ဘုရားသခင် မသိကျိုးကျွန်ပြုလျှင် သူတို့သည် အဘယ့်ကြောင့် ဘုရားသခင်၏အိမ်တော်၌ ဆက်နေရသနည်း” ဟု မေးကြသည်။ ထိုသူတို့သည် အလုပ်လုပ်ပေးနေကြခြင်း ဖြစ်၏။ အလုပ်လုပ်ပေးခြင်းကို မည်ကဲ့သို့ ရုပ်လုံးဖော်ကြည့်သင့်သနည်း။ အလုပ်လုပ်ပေးနေသော သူတစ်ဦးသည် သမ္မာတရား၌ စိတ်ဝင်စားမှုမရှိ၊ သို့တည်းမဟုတ် ထိုအစား ၎င်းတို့သည် အလွန်ပင် အစွမ်းအစညံ့ဖျင်းလှသဖြင့် ယင်းကို လှမ်းမမီနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို အနှစ်သာရမဲ့ပြီး မသဲကွဲသောအရာအဖြစ် သဘောထားကြသော်လည်း ကောင်းချီးများကို ရရှိဖို့အလို့ငှာ အလဲအလှယ်သဘောဖြင့် ကြိုးပမ်းမှု အနည်းငယ်အား အားစိုက်ထုတ်ခြင်းအပေါ်၌သာ အမှီပြုနိုင်ကြသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် ဘုရားသခင်ကို တိုက်ရိုက် မခုခံ၊ ဘုရားသခင်ကို မကျိန်ဆဲ၊ သို့မဟုတ် ဘုရားသခင်ကို မဆန့်ကျင်သော်လည်း ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ငြင်းပယ်ပြီး ခုခံသော စာတန်၏အနှစ်သာရ အမျိုးအစားသာ ဖြစ်နေသေးသည်။ သမ္မာတရားကို မချစ်သော မည်သူမဆို ကောင်းသည်မဟုတ်၊ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ထိုကဲ့သို့သော လူတို့ကို မကယ်တင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဘုရားသခင်က ကယ်တင်ဖို့ ရည်ရွယ်မထားသော သူတို့အနေဖြင့် ၎င်းတို့ကို သူသည် အလေးအနက် ထားဦးမည်လော။ ဘုရားသခင်က ၎င်းတို့ကို “သင်သည် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားမလည်၊ သင်သည် ဂရုတစိုက် နားထောင်ဖို့ လိုသည်။ သင်သည် သမ္မာတရား၏ ထိုလက္ခဏာသွင်ပြင်ကို နားမလည်၊ သင်သည် ကြိုးပမ်းမှု ပိုမိုစိုက်ထုတ်ပြီး ထိုအရာကို တွေးဆဖို့လိုသည်” ဟု ပြောမည်လော။ ထိုမျှမက ဘုရားသခင်သည် ဤလူတို့က သမ္မာတရားကို နားမလည်သည့်အပြင် ဘုရားသခင်ကို ဘုရားကဲ့သို့ မဆက်ဆံကြပေ။ ဘုရားသခင်က ၎င်းတို့အား သူ၏တည်ရှိခြင်းကို သတိပြုမိစေဖို့၊ ဘုရားသခင်ရှိကြောင်း ၎င်းတို့သိဖို့ ၎င်းတို့အား ပို၍ပင် ဉာဏ်ပွင့်စေပြီး အလင်းပေးဖို့အတွက် အချို့သော ထူးဆန်းသောတန်ခိုးများနှင့် အံ့ဖွယ်အမှုများကို ပြသင့်သလော။ ဘုရားသခင်သည် ဤအတိုင်း ပြုမူလုပ်ဆောင်မည်လော။ (လုပ်ဆောင်မည် မဟုတ်ပါ။) ဘုရားသခင်၌ ဤအရာများပြုလုပ်ဖို့ရန် စည်းမျဉ်းများရှိ၏။ သူသည် မည်သူတစ်ဦးတစ်ယောက်အပေါ်မျှ ဤအတိုင်း ပြုမူလုပ်ဆောင်ခြင်း မရှိပေ။ သမ္မာတရားကို လက်ခံနိုင်သော သူတို့အတွက်မူ ဘုရားသခင်သည် အမြဲတမ်း အလုပ်လုပ်နေသည်။ သမ္မာတရားကို လက်မခံနိုင်သော သို့မဟုတ် ယင်းကို လှမ်းမမီနိုင်သော သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ (သူသည် ထိုသူတို့ကို မသိကျိုးကျွန်ပြု၏။) လူတို့၏ အယူအဆများအရ၊ အကယ်၍ ဘုရားသခင်သည် တစ်စုံတစ်ဦးကို မသိကျိုးကျွန်ပြုလျှင် ဤသူသည် သူတောင်းစားတစ်ဦးကဲ့သို့ လှည့်လည်သွားလာမည် ဖြစ်သည်။ ၎င်းတို့က သမ္မာတရားလိုက်စားနေသည်ကို မည်သူမျှ မတွေ့မြင်နိုင်သကဲ့သို့ ၎င်းတို့အပေါ် ဘုရားသခင်၏ အရေးယူမှုတစ်ခုခုကိုလည်း မည်သူမျှ မတွေ့မြင်နိုင်ပေ။ ၎င်းတို့သည် အလုပ်လုပ်ပေးနေရုံသာ ဖြစ်ပြီး သမ္မာတရားကို နားမလည်ကြပေ။ ထိုအကြောင်းအရာအတွက် ဤမျှပင် ဖြစ်သလော။ အမှန်မှာမူ ဤလူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ အနည်းငယ်ကိုလည်း ခံစားနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများထဲ၌ တွေ့ရှိရသောအခါ ၎င်းတို့ကို ဘုရားသခင် လုံခြုံစေမည်လည်း ဖြစ်သည်။ ၎င်းတို့ အသည်းအသန် ဖျားနာသောအခါ ဘုရားသခင် ၎င်းတို့ကို ကျန်းမာစေမည်လည်း ဖြစ်သည်။ သူသည် ၎င်းတို့ကို အထူးစွမ်းရည်အချို့ကိုပင် ပေးကောင်းပေးမည်၊ သို့မဟုတ် အထူးအခြေအနေအချို့တွင် ၎င်းတို့အပေါ် ဘုရားသခင် ထူးဆန်းသောတန်ခိုးအချို့ကို ပြုကောင်းပြုမည်၊ သို့မဟုတ် အထူးကိစ္စအချို့ကို ပြုလုပ်ကောင်း ပြုလုပ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဤလူတို့သည် အနှောင့်အယှက်များကို မဖြစ်စေဘဲ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံပြီး ကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်ပါက ဘုရားသခင်သည် ၎င်းတို့ကို ခွဲခြားဆက်ဆံခြင်း မရှိပေ။ ဤကိစ္စနှင့်စပ်လျဉ်း၍ လူတို့၏ အယူအဆများမှာ အဘယ်နည်း။ “ဘုရားသခင်က ဤလူတို့ကို ကယ်တင်မည်မဟုတ်၊ ထို့ကြောင့် ၎င်းတို့ကို သူ အလိုရှိသည့်အတိုင်းသာ အသုံးပြုမည်ဖြစ်ကာ ပြီးလျှင် ၎င်းတို့ကို စွန့်ပစ်လိုက်မည် ဖြစ်သည်” ဟူ၍ပင်။ ဤသည်မှာ ဘုရားသခင် ပြုမူလုပ်ဆောင်မည့်ပုံစံ ဟုတ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် မည်သူဖြစ်ကြောင်း မမေ့ကြနှင့်။ သူသည် ဖန်ဆင်းရှင်ဖြစ်၏။ လူသားမျိုးနွယ် အားလုံးကြားတွင် ယုံကြည်သူများဖြစ်စေ၊ ဘာသာတရားမရှိသူများဖြစ်စေ၊ မည်သည့် ဂိုဏ်းဂဏ သို့မဟုတ် လူမျိုးစုမှဖြစ်စေ၊ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့အားလုံးသည် သူ၏ ဖန်ဆင်းခံများ ဖြစ်ကြ၏။ ထို့ကြောင့် သခင်ယေရှုက “အကြောင်းမူကား၊ သင်တို့အဘသည်၊ ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏” ဟု မိန့်မြွက်ခဲ့ခြင်း ဖြစ်သည်။ ဤပြောဆိုချက်မှာ ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင် ပြုမူလုပ်ဆောင်သည့် ပုံစံအတွက် စည်းမျဉ်းတစ်ခု ဖြစ်၏။ ဘုရားသခင်သည် လူတစ်ဦးအား ထိုသူ၏ အနှစ်သာရအပေါ် မူတည်၍ နောက်ဆုံးတွင် မည်သည့်အဆုံးသတ်ကို ပေးအပ်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်သည် သူ့အား ထိုအဆုံးသတ်ကို မပေးခင် ကယ်တင်မည်ဖြစ်စေ၊ မကယ်တင်မည်ဖြစ်စေ၊ သူ၏အနှစ်သာရက မည်သည့်အရာဖြစ်စေ၊ ဘုရားသခင်၏ အိမ်တော်ထဲနှင့် ဘုရားသခင်၏အလုပ်အဖို့ အလုပ်တာဝန်အချို့ကို လုပ်ဆောင်ပြီး အချို့တစ်ဝက် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်နိုင်သရွေ့ ဘုရားသခင်၏ ကျေးဇူးတော်မှာမူ မပြောင်းမလဲ တည်ရှိနေ၏။ သူသည် ထိုသူတို့အား မည်သည့်ဘက်လိုက်မှုမျှ မရှိဘဲ သူ၏စည်းမျဉ်းများအတိုင်း ဆက်ဆံနေဦးမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ သူ၏ လုပ်ဆောင်ချက်များ၏ စည်းမျဉ်းနှင့် သူ၏ စိတ်နေသဘောထား ဖြစ်၏။ သို့ရာတွင် ဤလူတို့၏ အနှစ်သာရအရ ဘုရားသခင်အပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များနှင့် သဘောထားများမှာ ၎င်းတို့က သူ့ကို မရေရာဘဲ ဝိုးတဝါးဖြစ်နေသည်ဟု သဘောထားကြကာ သူသည် တည်ရှိလင့်ကစား မတည်ရှိသကဲ့သို့ အမြဲတမ်းဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်၏ တကယ့်တည်ရှိခြင်းကို သတိမပြုမိနိုင်သကဲ့သို့ ယင်းကိုလည်း မတွေ့ကြုံနိုင်ကြ၊ ထို့ပြင် နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော တည်ရှိခြင်းနှင့်ပတ်သက်၍ မသေချာကြသေးချေ။ ထို့ကြောင့် ၎င်းတို့နှင့် ပတ်သက်လာလျှင် ဘုရားသခင်သည် ၎င်းတို့အား ကျေးဇူးတော်အနည်းငယ်ကို ထောက်ပံ့ပေးခြင်း၊ ၎င်းတို့အား ဤဘဝတွင် ကောင်းချီးအချို့နှင့် အကာအကွယ်ပေးခြင်း၊ ဘုရားအိမ်တော်၏ နွေးထွေးမှုကို ခံစားရန်၊ ဘုရားသခင်၏ ကျေးဇူးတော်၊ သနားကရုဏာတော်နှင့် မေတ္တာကျေးဇူးတော်တို့ကို မွေ့လျော်ရန် အခွင့်ပေးခြင်းဟူသည့် သူလုပ်သင့်သမျှကိုသာ လုပ်ဆောင်နိုင်လေသည်။ ထိုမျှသာ ဖြစ်၏၊ ဤဘဝသက်တမ်းတစ်လျှောက်တွင် ၎င်းတို့ရရှိမည့် ကောင်းချီးအားလုံးမှာ ထိုမျှသာ ဖြစ်၏။ လူအချို့က “ဘုရားသခင်သည် လွန်စွာ သည်းခံနိုင်ပြီး ၎င်းတို့သည်လည်း ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ခံစားရသည့်အတွက် နောက်တစ်ဆင့်တက်ကာ ၎င်းတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းကိုလည်း ရရှိခွင့်ပေးလျှင် ပိုကောင်းမည်မဟုတ်လော” ဟု ဆိုကြသည်။ ယင်းသည် လူသား၏ အယူအဆဖြစ်ကာ ဘုရားသခင်က ထိုကဲ့သို့ မလုပ်ဆောင်ပေ။ သူက အဘယ့်ကြောင့် မလုပ်ဆောင်သနည်း။ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိသောသူ၏ စိတ်နှလုံးထဲသို့ ဘုရားသခင်ကို သင်ထည့်သွင်းနိုင်သလော။ မထည့်သွင်းနိုင်ပေ။ သင်သည် ထိုသူတို့အား သမ္မာတရားအဘယ်မျှ မိတ်သဟာယဖွဲ့သည် သို့မဟုတ် စကားလုံးမည်မျှကို သင်ပြောသည်ဖြစ်စေ အရာရောက်မည်မဟုတ်ပေ။ ယင်းက ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို ပြောင်းလဲပေးမည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ဤသို့သောလူစားမျိုးအတွက် ဘုရားသခင် လုပ်နိုင်သမျှမှာ ကျေးဇူးတော်၊ ကောင်းချီးများ၊ ဂရုစိုက်မှုနှင့် ကာကွယ်မှု အနည်းငယ်ကိုပေးရန် ဖြစ်သည်။ “၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရနိုင်သည့်အတွက် ဘုရားသခင်က ၎င်းတို့ကို ဉာဏ်ပွင့်စေပြီး အလင်းပေးပါက ဘုရားသခင်၏ တကယ့်တည်ရှိမှုကို ၎င်းတို့ သတိပြုမိမည် မဟုတ်လော” ဟု ဆိုသောသူအချို့ ရှိ၏။ ထိုကဲ့သို့သော လူတို့က သမ္မာတရားကို နားလည်နိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပါက ဤအရာက ၎င်းတို့ကို ကယ်တင်မခံရသောသူများအဖြစ် သတ်မှတ်လေသည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် အကျိုးမရှိသော သို့မဟုတ် အသုံးမဝင်သော အလုပ်၌ ပါဝင်စေမည် မဟုတ်ပေ။ လူအချို့က “ယင်းမှာ မမှန်ပေ။ တစ်ခါတစ်ရံ ၎င်းတို့လည်း ဆုံးမပဲ့ပြင်ခြင်းကို ကြုံတွေ့ရသည် သို့မဟုတ် ဘုရားသခင်ထံမှ ဉာဏ်ပွင့်စေခြင်း အနည်းငယ်ကို ရှိပြီး သူ့ထံမှ သမ္မာတရားအနည်းငယ်ကို ရရှိကြသည်” ဟု ပြောကြသည်။ ဤသည်မှာလည်း ဘုရားသခင်၏ အလုပ်နှင့် ဆက်စပ်လေသည်။ ဘုရားသခင်က ကယ်တင်လိုသော သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန်အတွက်၊ သူ၏ကယ်တင်ခံရသူတစ်ဦး ဖြစ်ရန်အတွက် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ လူတို့က ဤအရာကို နားလည်သင့်သည်။ ဤသည်ကိုလည်း ဘုရားသခင်သိ၏။ သူသည် လူတိုင်းကို ကယ်တင်သည်မဟုတ်ချေ။ ဘုရားသခင်သည် လူတို့ကို သူ့အား အသိအမှတ်ပြုစေရန် ထူးဆန်းသောတန်ခိုးများ၊ အံ့ဖွယ်အမှုများနှင့် စွမ်းအားကြီးမားမှုကို ပြသလျှင်ပင် ဤလူတို့သည် ထိုအခါ၌ ကယ်တင်ခြင်းကို ခံရနိုင်မည်လော။ ယင်းမှာ သူဖြစ်သည့်ပုံစံ မဟုတ်ပေ။ လူတို့ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၌ စံချိန်စံညွှန်းများ ရှိသည်။ လူတစ်ဦးသည် စစ်မှန်သော ယုံကြည်မှုကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး သမ္မာတရားကိုလည်း ချစ်ရမည်ဖြစ်သည်။ ထို့ကြောင့် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ ပါဝင်သည့် လူတို့အပေါ် ဘုရားသခင်၏ အလုပ်တွင်လည်း ယင်း၏ စံချိန်စံညွှန်းများ ရှိ၏။ လူအချို့က “ကျွန်ုပ်တို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို မကြာခဏ ကြုံတွေ့ရသည်။ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ရင်ဆိုင်ရခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ခံရမည့် လက္ခဏာဖြစ်သလော” ဟု ဆိုကြသည်။ ထိုအတိုင်း ဟုတ်သလော။ (မဟုတ်ပါ။) ထိုသို့မဟုတ်ဟု သင်တို့ အဘယ်သို့ သေချာသနည်း။ လူအချို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရဖို့အတွက် သတ်မှတ်ချက်များကို မပြည့်မီသည့်အတွက် ဘုရားသခင်သည် ထိုသူတို့အပေါ် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ပြဋ္ဌာန်းနေဦးမည်လော။ ဤအရာက ဘုရားသခင်သည် မည်သူ့အပေါ် သူ၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်သည်နှင့်ပတ်သက်၍ မေးခွန်းတစ်ခု ပေါ်လာသည်။ ယင်းသည် လူတို့၏ နားလည်မှုလွဲခြင်းများနှင့်လည်း သက်ဆိုင်၏။ ဘုရားသခင် မည်သူဖြစ်သည်၊ ဘုရားသခင် အဘယ်မှာနေသည်၊ သို့မဟုတ် ဘုရားသခင်သည် ရှိပင်ရှိသလော ဟူသည်ကိုပင် မသိသော လူတစ်ဦးသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ရရှိနိုင်မည်လော၊ ငါ့ကိုပြောလော့။ ဘုရားသခင်ကို လေသက်သက်အဖြစ် သဘောထားသော လူတစ်ဦးသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ရရှိနိုင်မည်လော။ သူ၏စိတ်နှလုံး၌ ဘုရားသခင် လုံးဝကင်းမဲ့သော လူတစ်ဦးသည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ရရှိနိုင်မည်လော။ လုံးဝ မရရှိနိုင်ပေ။ သို့ဆိုလျှင် ထိုကဲ့သို့သော လူတို့သည် တစ်ခါတစ်ရံ မည်သည့်အရာကို ကြုံတွေ့နိုင်သနည်း။ (ဆုံးမပဲ့ပြင်ခြင်း ဖြစ်ပါသည်။) မှန်သည်၊ ဆုံးမပဲ့ပြင်ခြင်း ဖြစ်၏။ ဘုရားသခင်ကို လေသက်သက်အဖြစ် သဘောထားသော၊ ဘုရားသခင်၏ တည်ရှိခြင်းကို အခြေခံအားဖြင့် အသိအမှတ်မပြုသော သို့မဟုတ် မယုံကြည်သော သူတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု သို့မဟုတ် သူ၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို လုံးဝ ရရှိမည်မဟုတ်ပေ။ ထိုကဲ့သို့သော အနှစ်သာရနှင့် ထိုကဲ့သို့သော အပြုအမူများရှိသည့် လူတို့သည် ဘုရားသခင်၏ ကယ်တင်ခံရသူများ မဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိနိုင်ကြသော်လည်း ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ခြင်းမဟုတ်ပေ။ ယင်းကို သမ္မာတရားအား အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားအား မုန်းသည့် ၎င်းတို့၏ သဘာဝအနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်လေသည်။ ၎င်းတို့၌ သမ္မာတရားအား ချစ်ခြင်းနှင့် လက်ခံခြင်းဟူသည့် မှန်ကန်သော သဘောထား ကင်းမဲ့သောကြောင့် ကယ်တင်ခံရရန်အတွက် သတ်မှတ်ချက်များကို မပြည့်မီခြင်းဖြစ်၏။ သို့ဖြစ်လျှင် ၎င်းတို့သည် ကောင်းချီးများကို မျှော်လင့်လျက် ဘုရားသခင်၏ မိသားစုကို ထိုးဖောက်ဝင်ရောက်လာသောအခါ ဘုရားသခင်က မည်ကဲ့သို့ ဆက်ဆံသနည်း။ ကောင်းချီးများ၊ ကျေးဇူးတော် အနည်းငယ်ကို ထောက်ပံ့ပေးခြင်းနှင့် ဂရုစိုက်မှုနှင့် ကာကွယ်ခြင်းကို ပေးအပ်ခြင်းတို့မှလွဲ၍ ဘုရားသခင်သည် ဖန်ဆင်းရှင်အဖြစ် သူ၏တာဝန်ကို ဖြည့်ဆည်းဖို့အတွက် မည်သည့်နည်းလမ်းကို အသုံးပြုသနည်း။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် နှိုးဆော်မှုများ၊ သတိပေးချက်များနှင့် တိုက်တွန်းချက်များကို ထုတ်ပြန်သည်။ ထို့နောက်တွင် သူသည် ၎င်းတို့ကို ပြုပြင်သည်၊ အပြစ်တင်သည်၊ ပြီးလျှင် ဆုံးမပဲ့ပြင်သည်။ ၎င်းတို့အပေါ် ဘုရားသခင်ပြုသည့် အလုပ်မှာ ဤတွင် ပြီးဆုံးကာ ဤအတိုင်းအတာထဲ၌သာ ရှိသည်။ လူတို့အပေါ် ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များ၏ သက်ရောက်မှုမှာ အဘယ်နည်း။ ယင်းက သူတို့ကို ကန့်သတ်ချက်များအတိုင်း တာဝန်သိသိ လိုက်နာစေရန်၊ ဘုရားသခင်၏အိမ်တော်၌ အလုပ်လုပ်ပေးနေစဉ် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပွားစေခြင်း သို့မဟုတ် မကောင်းမှုပြုလုပ်ခြင်း မရှိဘဲ သင့်တင့်လျောက်ပတ်စွာ ပြုမူရန် အခွင့်ပေးသည်။ ဘုရားသခင်ပြုလုပ်သည့် အရာက ထိုကဲ့သို့သော လူတို့အား ၎င်းတို့၏တာဝန်ကို သစ္စာစောင့်သိစွာ၊ ကောင်းမွန်စွာ ဖြည့်ဆည်းစေနိုင်သလော။ (မဖြည့်ဆည်းစေနိုင်ပါ။) အဘယ့်ကြောင့်နည်း။ ဘုရားနှုတ်ကပတ်တော်များ၏ နှိုးဆော်မှုများ၊ ပြုပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း အစရှိသည်များနှင့်အတူ ၎င်းတို့ရရှိသည့် ကျေးဇူးတော်၊ ကောင်းချီးများ၊ ဂရုစိုက်မှုနှင့် ကာကွယ်မှုတို့က ၎င်းတို့၏ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ဖြစ်စေနိုင်သလော။ (မဖြစ်စေနိုင်ပါ။) ယင်းတို့က ၎င်းတို့၏ စိတ်သဘောထား၌ အပြောင်းအလဲကို မဖြစ်စေနိုင်သဖြင့် ၎င်းတို့အပေါ် ဘုရားသခင်၏ အလုပ်က မည်သည့်အကျိုးသက်ရောက်မှုကို ရရှိသနည်း။ ယင်းက ၎င်းတို့၏ အမူအကျင့်၌ အတော်လေး ချုပ်တည်းစေသည်၊ သူတို့အား စည်းကမ်းများကို လိုက်နာရန် အကူအညီပေးသည်၊ ပြီးလျှင် အပြင်ပန်း၌ လူသားပုံသဏ္ဌာန် အနည်းငယ်ကို ရှိလာစေသည်။ ထိုမျှမက ယင်းက သူတို့ကို သိသိသာသာ နာခံတတ်လာစေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများအတွက်အလို့ငှာ ပြုပြင်ခံရခြင်းကို ဝန်လေးစွာဖြင့် လက်ခံကြမည် ဖြစ်သည့်အပြင် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်ကြမည်ဖြစ်ကာ ထိုမျှပင် ဖြစ်သည်။ ဤအရာအားလုံးကို ရရှိခြင်းက ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ဆိုလိုသလော။ ၎င်းတို့သည် ယင်းကို မပြည့်မီကြသေးချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ပြုလုပ်သည့် အရာသည် အခြေခံအားဖြင့် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ စည်းမျဉ်းများအပြင် တင်းကျပ်သော လမ်းညွှန်ချက်များအချို့အတိုင်းသာ ဖြစ်သည်။ ယင်းမှာ အမူအကျင့်ပိုင်း ပြောင်းလဲမှုသာ ဖြစ်ပြီး ထို့ထက် မပိုပေ။ သို့ဆိုလျှင် ဤလူတို့သည် ၎င်းတို့၏ အမူအကျင့်ပြောင်းလဲပြီး ဖြစ်သည့်အတွက် ၎င်းတို့အား စိတ်သဘောထားပါ ပြောင်းလဲဖို့ အခွင့်ပေးလျှင် ပိုကောင်းမည်ဟု တစ်စုံတစ်ဦးက ဆိုနိုင်သလော။ (၎င်းတို့သည် ထိုအရာကို မစွမ်းဆောင်နိုင်ကြပါ။) ၎င်းတို့က ထိုအရာကို မလုပ်ဆောင်နိုင်၊ ယင်းကို မရရှိနိုင်ကြ၊ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်၏။ သို့ဆိုလျှင် အဓိကအကျဆုံး အကြောင်းရင်းမှာ အဘယ်နည်း။ အခြေခံအားဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်ကြပေ။ သို့ဆိုလျှင် ထိုကဲ့သို့သော လူတို့အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ကြသလော။ ၎င်းတို့အချို့က နားလည်နိုင်ကာ၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကောင်း၏၊ သို့သော် ဝမ်းနည်းဖွယ် ကောင်းသည်မှာ ယင်းတို့ကို ကျွန်ုပ် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းသည် နှလုံးခွဲစိတ်ကုသသည်ကို ခံရခြင်းထက်ပင် ပို၍ စိတ်ဒုက္ခရောက်ရသည်” ဟု ဆိုကြသည်။ ၎င်းတို့၏ ကိုယ်ကျိုးကို အထိခိုက်ခံရသောအခါ၊ သို့မဟုတ် ၎င်းတို့၏ဆန္ဒကို ဆန့်ကျင်၍ ပြုမူလုပ်ဆောင်ရသောအခါ ၎င်းတို့သည် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားပြီး အဆုံးထိ မလိုက်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးလုံးလျားလျား ခြေကုန်လက်ပန်းကျစေလျှင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း ၎င်းတို့ မည်သည့်အခါမျှ အသိအမှတ်မပြု သို့မဟုတ် လက်မခံကြပေ။ ဤအရာကို သူတို့ မခံယူနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အဘယ့်ကြောင့် သမ္မာတရားဖြစ်ကြောင်း သူတို့ နားမလည်ကြပေ။ သာဓကအားဖြင့် ဘုရားသခင်က လူတို့ကို ရိုးသားရန် ပြောသည့်အခါ ၎င်းတို့က “ကောင်းပြီ၊ ကိုယ်တော်က ထိုသို့ပြောလျှင် ကျွန်ုပ် ရိုးသားသောလူတစ်ဦး ဖြစ်မည်။ သို့သော် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းကို သမ္မာတရားဟု အဘယ့်ကြောင့် ယူဆသနည်း” ဟု ဆိုကြသည်။ ယင်းကို ၎င်းတို့ မသိသည့်အပြင် လက်လည်းမခံနိုင်ကြချေ။ လူတို့သည် သူ့အား ကျိုးနွံနာခံသင့်သည်ဟု ဘုရားသခင်ဆိုသောအခါ ၎င်းတို့က “ဘုရားသခင်ကို ကျိုးနွံနာခံရာ၌ ငွေရစရာ ရှိသလော။ ဘုရားသခင်သည် သူ့ကို ကျိုးနွံနာခံခြင်းအတွက် ကောင်းချီးများပေးသလော။ ယင်းက လူတစ်ဦး၏ ပန်းတိုင်ကို ပြောင်းစေနိုင်သလော” ဟု မေးခွန်းထုတ်ကြသည်။ ဘုရားသခင်ပြောသည့် သို့မဟုတ် လုပ်သည့် မည်သည့်အရာကိုမဆို သမ္မာတရားဟု မထင်ကြချေ။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များနှင့် လူသားအတွက် တောင်းဆိုချက်များ၏ အရေးပါမှုက မည်သည့်အရာ ဖြစ်သည်ကို လုံးဝ မသိသည့်အပြင် မည်သည့်လုပ်ဆောင်ချက်များက မှန်ကန်ပြီး သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြချေ။ ဘုရားသခင်ထံမှ လာသည့် အရာအားလုံးဖြစ်သည့် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ တောင်းဆိုမှုများ၊ ၎င်းတို့၏အမြင်တွင် ဤအရာများအားလုံးကို ဘုရားသခင်၏ ပိုင်ဆိုင်သည့်အရာနှင့် ဖြစ်တည်မှုအဖြစ် ဆုံးဖြတ်၍မရပေ။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်မှန်း သူတို့မသိကြ။ ဖန်ဆင်းရှင်၏ ဖြစ်ခြင်းသည် မည်သည့်အရာ ဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်၏ဖြစ်ခြင်းသည် မည်သည့်အရာ ဖြစ်သည်ကို သူတို့ နားမလည်ကြပေ။ ဤသည်မှာ ခက်ခဲသည်မဟုတ်လော။ သို့သော် ဤသည်မှာ လူအချို့ ပြုမူသည့်ပုံစံအတိအကျ ဖြစ်၏။ အခြားသူများက “ထိုအရာသည် မမှန်နိုင်ပေ။ အကယ်၍ ၎င်းတို့၌ ဤအတွေးအမြင်များ ရှိလျှင် ဘုရားအိမ်တော်ထဲ၌ ၎င်းတို့၏ တာဝန်များကို အဘယ်သို့ လိုလိုလားလား ထမ်းဆောင်နိုင်ကြသေးသနည်း” ဟု ဆိုကြသည်။ ဤတွင် “လိုလိုလားလား” ဟူသည့် အသုံးအနှုန်းသည် မျက်တောင်အဖွင့်အပိတ်ဖြင့် ရှိသင့်သည်။ ဤအရာကို မည်ကဲ့သို့ ရှင်းပြသင့်သနည်း။ တစ်နည်းအားဖြင့် ၎င်းတို့ကို အခြေအနေများက မဖြစ်မနေ လုပ်စေသောကြောင့် သို့မဟုတ် ၎င်းတို့၏ ကောင်းချီးများလိုအပ်မှုကြောင့် ၎င်းတို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် လတ်တလောအချိန်တွင် ယင်းကို ဝန်လေးစွာဖြင့် လိုက်လျောနေရုံမှတစ်ပါး အခြား ရွေးစရာမရှိဟု ခံစားလျက် တာဝန်အချို့ကို ထမ်းဆောင်ပြီး ကြိုးပမ်းမှု အနည်းငယ်ကို အားထုတ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤသည်မှာ ၎င်းတို့ ပြုလုပ်သင့်သည့်အရာဟု ယုံကြည်သော်လည်း ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားသောကြောင့် ဘုရားသခင်၏ ကောင်းချီးများနှင့် လဲလှယ်ရန်အတွက် ကြိုးပမ်းမှုကို အားထုတ်ပြီး တာဝန်များကို ထမ်းဆောင်၍သာ နေနိုင်ကြသည်။ ဤပုံသေအတွေးအခေါ်နှင့်ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်မည်လော။ (လက်မခံနိုင်ပါ။) သမ္မာတရားဟူသည်မှာ မည်သည့်အရာ ဖြစ်သည်ကိုပင် နားမလည်ကြသောကြောင့် ယင်းကို သူတို့ မည်ကဲ့သို့ လက်ခံနိုင်သနည်း။
နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်သည့်အလုပ်မှာ ဤခေတ်ကို အဆုံးသတ်ရန်ဖြစ်သည်။ လူတစ်ဦး ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် သူ့အနေဖြင့် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိအပေါ် အထူးမူတည်၏။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုသော်လည်း သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန်ဟူသည်မှာ နှလုံးအစားထိုးရမလိုပင် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ စိတ်ဒုက္ခ ရောက်ရမည့်ပုံစံ ဖြစ်၏။ ဤသို့သောလူမျိုးက မည်သို့ပင်ဖြစ်စေ သမ္မာတရားကို ငြင်းပယ်ပြီး သဘောထားသည့်နည်းလမ်းကို ထောက်ဆလျှင် ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ခြင်းအတွက် အပြစ်တင်ရမည့်သူ မဟုတ်၊ ၎င်းတို့ကိုသာလျှင် သမ္မာတရားကို လက်မခံခြင်းအတွက် အပြစ်တင်၍ရသည်။ ၎င်းတို့၌ ဤကောင်းချီးမင်္ဂလာ မရှိပေ။ စာတန်၏ စွမ်းအားမှ လူတို့အား ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူတို့စိတ်ကူးသလောက် မရိုးစင်းပေ။ တစ်ဖက်တွင် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ရိုက်နှက်ခံရခြင်းနှင့် ပြုပြင်ခံရခြင်းကို လက်ခံရမည်။ ဤသည်မှာ အဆင့်တစ်ခုဖြစ်၏။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကိုလည်း လက်ခံရမည်။ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းမှာ အဆင့်တစ်ခုဖြစ်၏။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းမှာ နောက်တစ်ဆင့်ဖြစ်၏။ လူအချို့က မိမိတို့သည် ကျိုးနွံနာခံခြင်းကို ရရှိပြီးပြီဟုထင်လျက် ပြုပြင်ခံရခြင်းကို ဝန်လေးစွာဖြင့် လက်ခံနိုင်ကြပြီးနောက် နောက်ထပ်တိုးတက်မှု မပြုနိုင်သည့်အပြင် သမ္မာတရားကို နောက်ထပ် အားမထုတ်နိုင်တော့ပေ။ အခြားသူများက သမ္မာတရားကို အထူးသဖြင့် ချစ်မြတ်နိုးပြီး သမ္မာတရားကို ရရှိရန် မည်သည့်ဝေဒနာကိုမဆို ခံနိုင်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်၏ ရိုက်နှက်ခြင်းကို ခံနိုင်ရုံသာမက ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအား လက်ခံခြင်းအဆင့်ကိုလည်း ဝင်ရောက်နိုင်ကြသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအား လက်ခံခြင်းသည် ဘုရားသခင်၏ ချီးမြှောက်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဘုန်းတော်ထင်ရှားသော ကိစ္စတစ်ခုဖြစ်သည်ဟု မှတ်ယူကြသည်။ ဆင်းရဲဒုက္ခကို ၎င်းတို့ မကြောက်ပေ။ ဤလူတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံပြီးနောက် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကိုလည်း လက်ခံနိုင်ပြီး သမ္မာတရားကို လိုက်စားနိုင်ကြသေးသည်။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း အဘယ်မျှကြီးမားသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်နိုင်သေးသည့်အပြင် ဘုရားသခင်အား ကျေနပ်စေရန် မိမိတို့ကိုယ်ကို ဆက်ကပ်နိုင်ကြသည်။ ၎င်းတို့သည် အဘယ်မျှ ပြုပြင်ခံရသည်ဖြစ်စေ ယင်းကို အခက်အခဲဟု သဘောမထားကြပေ။ ထိုအစား ဤသည်မှာ ဘုရားသခင်ထံမှ ပို၍ပင်ကြီးမားသော ချစ်ခြင်းမေတ္တာဖြစ်သည်ဟု မှတ်ယူကြသည်။ ပို၍များသော စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို တွေ့ကြုံပြီးနောက် ၎င်းတို့သည် လုံးလုံးလျားလျား သန့်စင်ခြင်းနှင့် ပြည့်စုံခြင်းကို နောက်ဆုံးတွင် ရရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏အလုပ်အား အမြင့်ဆုံးအဆင့်အထိ တွေ့ကြုံဖို့အတွက် ဖြစ်၏။ ကိုင်း၊ ငါ့ကိုပြောလော့၊ ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းအဆင့်တစ်ခုကိုသာ တွေ့ကြုံသောသူတို့နှင့် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းသာမက စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းဟူသည့် အဆင့်နှစ်ခုကို တွေ့ကြုံသောသူတို့ကြားတွင် ခြားနားချက်ရှိသလော။ ခြားနားချက်ရှိသည်မှာ အသေအချာပင်။ အချို့သောလူတို့မှာမူ ဘုရားသခင်သည် ၎င်းတို့အား ရိုက်နှက်ရုံမျှပြီးနောက် ရပ်တန့်လိုက်ကာ ကျန်သည့်အပိုင်းကို ၎င်းတို့၏ကိုယ်ပိုင် ရွေးချယ်မှုနှင့် သိမြင်ခြင်းအတွက် ချန်ထားသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် လမ်းမှန်ကို မရွေးချယ်ပါက ဤအရာသည် မည်သည့်အရာကို လက္ခဏာပြသနည်း။ ဘုရားသခင်အနေဖြင့် ထိုကဲ့သို့သော လူတို့ကို ကယ်တင်ရန် မည်သို့မျှ မဖြစ်နိုင်ဟု ဆိုနိုင်သည်။ လူအချို့သည် အလုပ်အကိုင်နစ်နာခြင်း၊ တက်လမ်းနစ်နာခြင်း၊ အိမ်တစ်လုံးနစ်နာခြင်း၊ အိမ်ထောင်ဖက်နစ်နာခြင်း၊ ချစ်ခင်တွယ်တာမှုများ နစ်နာခြင်းအကြောင်းကို မကြာခဏ ပြောလျက် ၎င်းတို့အတွက် အရာရာသည် နစ်နာခြင်းကိစ္စဖြစ်ကာ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ (ယင်းမှာ သမ္မာတရားနှင့် တခြားစီဖြစ်သည်။) မှန်၏၊ ယင်းသည် သမ္မာတရားနှင့် တခြားစီဖြစ်ပြီး ဘုရားသခင်၏အလုပ်နှင့် တခြားစီဖြစ်၏။ ဤကိစ္စတွင် သင်လုပ်ဆောင်နေသောအရာမှာ ရည်ရွယ်ချက်ကင်းမဲ့စွာ နစ်နာခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား ဆုတောင်းခြင်း သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းနှင့်ဆိုင်၍ မည်သည့်လုပ်ငန်းစဉ်မျှ မရှိဘဲ အသည်းအသန် ကြိုးပမ်းနေပြီး အချိန်ကုန်လွန်စေရုံမျှသာ ဖြစ်သည်။ ယင်းမှာ စစ်ဆေးခြင်း၌ပါဝင်သည့် “ဆင်းရဲဒုက္ခ” မျိုး မဟုတ်၊ အကြောင်းမှာ ယင်းသည် ဘုရားသခင်၏အလုပ် မဟုတ်သည့်အပြင် သူနှင့်လည်း ဘာမျှမသက်ဆိုင်ပေ။ သင်သည် မိမိဘာသာ ဒုက္ခခံနေခြင်းဖြစ်ပြီး ဘုရားသခင်၏ စစ်ဆေးခြင်းအား ကြုံနေရခြင်း မဟုတ်ပေ။ သို့တစေ ယင်းကို သင့်အား ဘုရားသခင် စစ်ဆေးနေခြင်းဖြစ်သည်ဟု သင် ထင်မှတ်နေတုန်းပင်။ သင်သည် အကောင်းမြင်လွန်းအားကြီးပေသည်။ ယင်းမှာ ဖြစ်ချင်နေသော အရာမျှပင်။ သင်သည် ဘုရားသခင်၏ စစ်ဆေးခြင်းကိုခံရရန်ပင် အရည်အချင်းမပြည့်မီ။ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုအဆင့်ကိုပင် မကျော်ဖြတ်ရသေးဘဲ ဘုရားသခင် သင့်အား စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ခံစားစေဖို့ သင်မျှော်လင့်သလော။ ထိုအရာသည် ဖြစ်ပင်ဖြစ်နိုင်သလော။ ထိုအရာမှာ စိတ်ကူးယဉ်အိပ်မက် မဟုတ်လော။ သာမန်လူတို့သည် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ခံနိုင်သလော။ ယင်းသည် သာမန်လူတစ်ဦးက လက်ခံနိုင်သည့်အရာ ဟုတ်သလော။ ယင်းသည် သာမန်လူတစ်ဦးအပေါ် ဘုရားသခင် ပေးအပ်သည့်အရာ ဟုတ်သလော။ လုံးဝ မဟုတ်ချေ။ ဘုရားသခင်သည် လူတစ်ဦးကို ရိုက်နှက်ပြီးနောက် ထိုသူက သူ၏ မာနထောင်လွှားသော စိတ်သဘောထား၊ သူ၏ စိတ်နှလုံးခိုင်မာခြင်း၊ လိမ်လည်လှည့်ဖြားမှု၊ ကောက်ကျစ်ဆိုးယုတ်မှု သို့မဟုတ် အခြားစိတ်သဘောထား တစ်ခုခုကြောင့် အကြောင်းအရာတစ်ခု သို့မဟုတ် အကြောင်းအရာများစွာတွင် ဘုရားသခင်၏ တရားစီရင်ခံရကာ ဆုံးမပဲ့ပြင်ခံရပြီး ထင်ထင်ရှားရှား ရိုက်နှက်ဆုံးမခံရလျက် သူသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို အဘယ့်ကြောင့် ခံနေရကြောင်း နားလည်စေပြီး အကျိုးဆက်အားဖြင့် သူသည် ဘုရားသခင်နှင့် မိမိကိုယ်ကိုအပေါ် စစ်မှန်သော နားလည်မှု ရရှိလျှင်၊ သူ၏ စိတ်သဘောထားက စစ်မှန်သော ပြောင်းလဲမှုကို ကြုံရပြီးနောက် တဖြည်းဖြည်းချင်း သမ္မာတရားအပေါ် စစ်မှန်သော ကျိုးနွံနာခံမှု ရရှိသည်ဆိုလျှင် ဤဖြစ်စဉ်ကသာ လူတို့အား ဘုရားသခင် တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြစ်စဉ်ပင်ဖြစ်၏။ ဘုရားသခင်သည် ဤအလုပ်ကို မည်သည့်အခြေခံအကြောင်းရင်းအပေါ် ဆောင်ရွက်သနည်း။ သတ်မှတ်ချက်တစ်ခု ရှိ၏၊ ထိုကဲ့သို့သော အလုပ်ကိုရရှိသည့် လူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်၌ မိမိ၏တာဝန်ကို ပြည့်မီအောင် ထမ်းဆောင်နိုင်ရမည်။ ဤပြည့်မီခြင်း၌ ကျိုးနွံနာခံမှုနှင့် သစ္စာစောင့်သိမှုဟူသည့် အရာနှစ်ခုသာ လိုအပ်သည်။ ပထမအနေဖြင့် ထိုသူသည် အသိတရားနှင့် ဆင်ခြင်တုံတရားရှိဖို့ လိုအပ်သည်။ အသိတရားနှင့် အသိစိတ်ရှိသော လူတို့သာလျှင် သမ္မာတရားကို လက်ခံရန်အတွက် သတ်မှတ်ချက်များကို ပြည့်မီသည်။ အသိတရားနှင့် အသိစိတ်ရှိသည့် ထိုသို့သောလူတို့သည် ဘုရားသခင်၏ ရိုက်နှက်ခြင်းကို ရရှိသောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး ကျိုးနွံနာခံနိုင်ကြသည်။ ဤအရာပြီးမှသာ ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို ဆက်လုပ်သည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်အစီအစဉ် ဖြစ်၏။ သို့ရာတွင် ဘုရားသခင်၏ အိမ်တော်ထဲမှ လူတစ်ဦးသည် သူ၏တာဝန်ကို မည်သည့်အခါမျှ သစ္စာစောင့်သိစွာ မထမ်းဆောင်နိုင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို စိုးစဉ်းမျှ ကျိုးနွံနာခံမှု မပြနိုင်သည့်အပြင် သူ၏တာဝန်များကို ပြည့်မီအောင် ထမ်းဆောင်ရန် ပျက်ကွက်သည်ဆိုပါက သူသည် ဖော်ထုတ်ခြင်း သို့မဟုတ် ပြုပြင်ခြင်းကို ခံရလျက် အခက်အခဲများကို ရင်ဆိုင်ရသောအခါ သူ့အနေဖြင့် အများဆုံးကြုံတွေ့ရသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်၏။ သူသည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို မဆိုထားဘိ၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရဖွယ်မရှိပေ။ တစ်နည်းအားဖြင့် သူသည် အခြေခံအားဖြင့် လူတို့အား စုံလင်စေခြင်းဟူသည့် ဘုရားသခင်၏ အလုပ်ထဲတွင် မပါဝင်ပေ။
ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သော အကြောင်းအရာသည် လူတို့အား ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုလုပ်ပေးခြင်းဟူသည့် ဘုရားသခင်၏အလုပ်၊ ဘုရားအလုပ်၏ နည်းစနစ်များနှင့် ရည်မှန်းထားသော အရာများသာမက ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း အစရှိသော သူ၏အလုပ်ကို မည်သည့်လူတို့အပေါ် ဆောင်ရွက်သည် ဟူသည်တို့နှင့် သက်ဆိုင်၏။ ယင်းသည် ဘုရားသခင်၏ ဤအလုပ်ကိုခံရစဉ်၌ လူတို့၏ အသက်ဝင်ရောက်မှု အတိုင်းအတာ၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံဖို့ရန် လူတို့ အနည်းဆုံး ပိုင်ဆိုင်ထားရမည့် အနှစ်သာရနှင့် အခြေအနေမျိုးတို့နှင့်လည်း ပတ်သက်သည်။ သို့ဆိုလျှင် ဤတွင် လူတို့၏ အယူအဆများမှာ အဘယ်နည်း။ လူတို့က “လူတစ်ဦးသည် ဘုရားသခင်နောက်ကို လိုက်နေသရွေ့၊ ဘုရားအလုပ်၏ ဤအဆင့်ကို လက်ခံထားသရွေ့ သူသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ခံရဖို့ သေချာ၏။ ထို့နောက်တွင် ဘုရားသခင်ထံမှ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများလည်း မကြာခင် လာလိမ့်မည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် စမ်းသပ်မှုများ၊ စစ်ဆေးခြင်းများနှင့် ပြုပြင်ခြင်းများကို မကြာခဏ ရင်ဆိုင်ရကာ မိသားစု၊ ချစ်ခင်တွယ်တာမှုများ၊ အဆင့်အတန်းနှင့် တက်လမ်းတို့ ပိတ်ပင်ခံရခြင်း ဖြစ်သည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ချစ်ခင်တွယ်တာမှုများ၊ အဆင့်အတန်းနှင့် တက်လမ်းပိုင်းတွင် ဆက်၍ ထိခိုက်နစ်နာသည်” ဟု ထင်ကြသည်။ ဤပြောဆိုချက်များမှာ မှန်သလော။ (မမှန်ပါ။) လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်မှ စကားလုံးတစ်လုံးကို ဝိညာဉ်ရေးအသုံးအနှုန်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်သည့်အဖြစ်သို့ ပြောင်းလဲနိုင်ကြသည်မှာ အဘယ့်ကြောင့်နည်း။ အမှန်တွင် ၎င်းတို့ ထိခိုက်နစ်နာသည့် ပုံစံမှာ အပြင်းအထန် ကြိုးပမ်းရခြင်းသာလျှင် ဖြစ်၏၊ အချိန်ကုန်လွန်စေခြင်းသာလျှင် ဖြစ်၏။ ယင်း၌ အရေးပါမှု ဘာမျှမရှိချေ။ သို့သော် ယင်းကို ၎င်းတို့က စမ်းသပ်မှုများနှင့် စစ်ဆေးမှုများအဖြစ် သတ်မှတ်လျက် ဘုရားသခင်၏ စစ်ဆေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဤသည်မှာ ကြီးမားသော အမှားတစ်ခု ဖြစ်၏။ ယင်းမှာ ဘုရားသခင်အပေါ် လူတို့ အတင်းအကျပ် သတ်မှတ်သည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ ကိုယ်စားမပြုပေ။ ဤသည်မှာ ဘုရားသခင်အား အထင်လွဲမှားခြင်း မဟုတ်လော။ ယင်းသည် စင်စစ် အထင်လွဲမှားခြင်း ဖြစ်၏။ သို့ဖြစ်လျှင် ဤသို့သော အထင်လွဲမှားခြင်းက မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို နားမလည်၊ ၎င်းတို့၏ကိုယ်ပိုင် စိတ်ကူးများအပေါ် မူတည်၍ ထိုကဲ့သို့သော အထင်လွဲမှားမှုများ ရှိလာသောကြောင့် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အရှက်မရှိ ဝါဒဖြန့်ပြီး ယင်းတို့ကို နေရာတိုင်းတွင် ဖြန့်ဝေကာ ယင်းက နောက်ဆုံးတွင် “ထိခိုက်နစ်နာခြင်း” ဟူသည့် ပြောဆိုချက် အမျိုးမျိုးသို့ ဆိုက်ရောက်စေသည်။ ထို့ကြောင့် “လူတစ်ဦးသည် အစားထိုးခံရပြီးနောက်တွင် အပျက်သဘောဆောင်လာသည်။ သူသည် ‘အဆင့်အတန်း ထိခိုက်နစ်နာ’ နေသည်တကား” ဟု ဆိုသော လူအချို့ကို ငါ မကြာခဏ ကြားရသည်။ အဆင့်အတန်း ထိခိုက်နစ်နာခြင်းသည် စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို တွေ့ကြုံနေခြင်းမဟုတ်။ ယင်းသည် လူတစ်ဦးက အဆင့်အတန်း ပျောက်ဆုံးနေခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားမလိုအားမရဖြစ်ခြင်းကို ခံစားရခြင်းနှင့် ဆုံးရှုံးရစဉ်အတွင်း စိတ်ထဲမှနာကျင်မှုဖြင့် လုံးပန်းနေရခြင်းသာလျှင် ဖြစ်၏။ လူတို့က “ထိခိုက်နစ်နာခြင်း” ဟု ခေါ်သည့်အရာနှင့် ဘုရားသခင်က စစ်ဆေးခြင်းဟု ခေါ်သည့်အရာမှာ ခြားနား၏။ စစ်မှန်သောစစ်ဆေးခြင်းမှာ အမှန်တကယ် မည်သည့်အရာကို ညွှန်းဆိုသနည်း။ ပထမဦးဆုံး ဘုရားသခင်သည် လူတို့အား စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို မခံစေမီ ကြိုတင်ပြင်ဆင်သော အလုပ်များစွာအား ဆောင်ရွက်ရသည်ကို နားလည်ထားလော့။ တစ်ချက်မှာ သူသည် လူတို့ကို ရွေးကောက်၏။ သူသည် သင့်လျော်သော လူတို့ကို ရွေးချယ်၏။ စောစောပိုင်းတွင် မည်သည့်လူစားမျိုးကို ဘုရားသခင်၏ အမြင်တွင် သင့်လျော်သည်ဟု သတ်မှတ်ခံရကြောင်းနှင့် မည်သည့်သတ်မှတ်ချက်များကို ၎င်းတို့ ပြည့်မီရမည်ဖြစ်ကြောင်း ငါတို့ ဆွေးနွေးခဲ့သည်။ ပထမအနေဖြင့် ၎င်းတို့သည် မိမိတို့၏လူ့သဘာဝတွင် အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းဆုံး ရှိရမည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ပြည့်မီအောင် ထမ်းဆောင်ကာ ယင်းတို့ကို သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုဖြင့် ထမ်းဆောင်ရမည်။ ထို့နောက် ၎င်းတို့သည် ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်းနှင့် ရိုက်နှက်ခံရခြင်းဟူသည့် နှစ်ကာလများကို ဖြတ်သန်းရမည် ဖြစ်သည်။ သဘောတရားများမှာ သင့်အတွက် ခိုင်မာမှုသိပ်ရှိမည် မဟုတ်လောက်သည့်အတွက် သင်တို့သည် ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ခြင်းဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း ကောင်းစွာ ရှင်းလင်းကောင်းရှင်းလင်းမည် မဟုတ်ပေ။ ယင်းတို့သည် လူတို့အတွက် အတော်ပင် လက်ဆုပ်လက်ကိုင်ပြ၍ မရသည့်အပြင် စိတ်ကူးသက်သက်သဘော ဆန်မည်ဖြစ်သည်။ သို့သော် ပြုပြင်ခံရခြင်းနှင့် ပတ်သက်လာလျှင် ယင်းသည် လူတို့ကြားနိုင်၊ ခံစားနိုင်သည့် အရာတစ်ခုဖြစ်သည်။ သတ်သတ်မှတ်မှတ်ရှိသော ဘာသာစကားနှင့် တိကျပြတ်သားသော အသံနေအသံထား ပါဝင်သောကြောင့် လူတို့အနေဖြင့် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သိရသည်။ အကယ်၍ တစ်စုံတစ်ဦးသည် မှားယွင်းသော အရာတစ်ခုကို ပြုလုပ်လျှင်၊ စည်းမျဉ်းများကို ဆန့်ကျင်လျှင်၊ မဆင်မခြင် ပြုမူလျှင်၊ သို့မဟုတ် ဘုရားအိမ်တော်၏ သို့မဟုတ် အသင်းတော်အလုပ်၏ အကျိုးကို ထိခိုက်သည့် တစ်ဖက်သတ် ဆုံးဖြတ်ချက်များ ချမှတ်ပြီး သူသည် ပြုပြင်ခြင်းခံရလျှင် ဤသည်မှာ ပြုပြင်ခံရခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သို့ဆိုလျှင် ဆုံးမပဲ့ပြင်ခြင်းတို့ကော မည်သို့နည်း။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးသည် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ မကိုက်ညီဘဲ သစ္စာစောင့်သိမှု ကင်းမဲ့သည့်အပြင် သမ္မာတရားစည်းမျဉ်းများ သို့မဟုတ် အသင်းတော်၏ စည်းမျဉ်းများကို ဖောက်ဖျက်သည့် အရာများ ပြုလုပ်ပြီးနောက် အစားထိုးခံရသည်ဆိုလျှင် ယင်းက ရိုက်နှက်ခြင်း ဟုတ်သလော။ ယင်းသည် ရိုက်နှက်ဆုံးမခြင်း ပုံစံတစ်ခု အမှန်ပင် ဖြစ်သည်။ သူသည် အပေါ်ယံတွင် အသင်းတော်၏ ကိုင်တွယ်ခြင်း သို့မဟုတ် ခေါင်းဆောင်အချို့၏ အစားထိုးခြင်းကို ခံရသည့် ပုံပေါက်စေကာမူ ဘုရားသခင်၏ အမြင်တွင် ယင်းသည် ဘုရား၏လုပ်ဆောင်မှု ဖြစ်ပြီး ဘုရားအလုပ်၏ အစိတ်အပိုင်းပင် ဖြစ်သည်။ ယင်းသည် ရိုက်နှက်ခြင်း ပုံစံတစ်ခု ဖြစ်သည်။ ထို့ပြင် လူတို့သည် ကောင်းသောအခြေအနေ၌ ရှိသောအခါ များသောအားဖြင့် အလင်းနှင့် ပြည့်ဝပြီး အသစ်သော ထိုးထွင်းအမြင်များလည်း ရှိနိုင်သည်။ သို့ရာတွင် ၎င်းတို့၏အလုပ်သည် အခြေအနေ သို့မဟုတ် တိကျသော အကြောင်းရင်းအချို့ကြောင့် ပျက်စီးသွားပြီး ၎င်းတို့ ဖော်ထုတ်ခံရလျှင် ဤသည်မှာ ရိုက်နှက်ခြင်း ပုံစံတစ်ခုပင် မဟုတ်လော။ ဤသည်မှာလည်း ရိုက်နှက်ခြင်း ပုံစံတစ်ခု ဖြစ်သည်။ ဤအရာများကို တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအဖြစ် ယူဆသလော။ ဤအဆင့်တွင် ယင်းတို့ကို တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအဖြစ် မယူဆသေးသဖြင့် စစ်ဆေးခြင်းများနှင့် စမ်းသပ်မှုများအဖြစ် သတ်မှတ်၍မရသည်မှာ သေချာ၏။ ယင်းတို့သည် လူတစ်ဦး တာဝန်များအား ထမ်းဆောင်နေစဉ် ရရှိသည့် ရိုက်နှက်ခြင်းမျှသာ ဖြစ်သည်။ ရိုက်နှက်ခြင်း နှင့်ဆိုင်သည့် သရုပ်သကန်များတွင် တစ်ခါတစ်ရံ ဖျားနာမှုကို ကြုံတွေ့ခြင်း သို့မဟုတ် ထပ်ခါတလဲလဲ လွဲချော်သည့် အလုပ်တာဝန်များ၊ သို့မဟုတ် ၎င်းတို့ ယခင်ကျွမ်းကျင်ခဲ့သော ကိစ္စများ၌ လမ်းစပျောက်ခြင်းနှင့် မည်သည့်အရာလုပ်ရမည်ကို မသိခြင်းတို့ ပါဝင်သည်။ ဤအရာအားလုံးမှာ ရိုက်နှက်ခြင်းဖြစ်၏။ တစ်ခါတစ်ရံတွင် ရိုက်နှက်ခြင်းဟူသည် အနီးအနားရှိ လူတို့ထံမှ သဲလွန်စများမှတစ်ဆင့် သို့မဟုတ် လူတစ်ဦးကို အရှက်ရစေသည့် အဖြစ်အပျက်တစ်ခုခုက ထုတ်ဖော်သောအရာအားဖြင့် လာတတ်ပြီး မိမိကိုယ်ကို နက်ရှိုင်းစွာ ဆန်းစစ်ခြင်းနှင့် ဆင်ခြင်တွေးတောခြင်းထဲသို့ ဝင်ရောက်ခိုအောင်းစေသည်။ ဤသည်မှာလည်း ရိုက်နှက်ခြင်း ဖြစ်၏။ ဘုရားသခင်၏ ရိုက်နှက်ခြင်း ကို ရရှိခြင်းသည် ကောင်းသောအရာလော၊ ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) သဘောတရားအရ ဆိုလျှင် ကောင်းသောအရာ ဖြစ်၏။ ယင်းကို လူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ယင်းက အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် သင့်အတွက် တာဝန်ယူနေကြောင်း၊ ဘုရားသခင် သင့်ကို ချန်မထားကြောင်းနှင့် ဘုရားသခင်သည် သင့်အပေါ် အလုပ်လုပ်နေကာ စေ့ဆော်ခြင်းနှင့် လမ်းပြမှုကို ပေးနေကြောင်း အနည်းဆုံးအနေဖြင့် သက်သေပြသည့်အတွက် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင် သင့်အပေါ် အလုပ်လုပ်နေသည် ဟူသည့်အချက်က ဘုရားသခင်သည် သင့်အပေါ် လက်လျှော့ရန် ရည်ရွယ်ချက်မရှိသေးကြောင်း အတည်ပြုလေသည်။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်တစ်ခုမှာ ဘုရားသခင်သည် သင့်ကို ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း ဆက်လုပ်ကောင်းလုပ်မည်၊ သို့မဟုတ် သင်၏ စွမ်းဆောင်ချက် ကောင်းမွန်ပြီး သင်သည် လမ်းကြောင်းမှန်ပေါ် ရှိနေလျှင် သူသည် သင့်အား တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ခံစေမည် ဖြစ်သည်။ သို့သော် သည့်ထက်ပို၍ ရှည်ရှည်ဝေးဝေး မပြောကြဦးစို့။ ယခုတွင် ဘုရားသခင်သည် သင့်ကို ကြိမ်ဖန်များစွာ ရိုက်နှက်ခြင်း ပြီး ဆုံးမပဲ့ပြင်မည် ဖြစ်သည်။ ထို့နောက် သင်သည် သမ္မာတရားကို လိုက်စားသောကြောင့်၊ သင်၌ ကျိုးနွံနာခံမှုရှိသောကြောင့်၊ ပြီးလျှင် သင်သည် သင့်တော်သောသူ ဖြစ်သောကြောင့် ဘုရားသခင်သည် သင့်အား တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ခံစေမည်ဖြစ်သည်။ ဤသည်မှာ ကနဦးခြေလှမ်း ဖြစ်၏။ လူအများစုသည် ပြုပြင်ပေးရုံခံရခြင်းကို တွေ့ကြုံနှင့်ပြီး ဖြစ်သည်။ လူသစ်များကသာ ဤအရာကို မတွေ့ကြုံသေးပေ။ ကြိမ်ဖန်များစွာ လူတို့သည် ၎င်းတို့၏ အသိစိတ်ခံစားမှုများအပေါ် မူတည်၍ ပြုမူလုပ်ဆောင်လျက် စိတ်ထဲမှ အပြစ်တင်မှုကို ခံစားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့၏ နားထဲ သို့မဟုတ် စိတ်နှလုံးထဲတွင် “ငါသည် ဤအရာကို မပြုလုပ်သင့်၊ ဤသည်မှာ ပုန်ကန်လိုခြင်းဖြစ်သည်” ဟု စေ့ဆော်နေသည်ဟု ခံစားရသည်။ ဤသည်တို့မှာ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များက စေ့ဆော်နေခြင်း၊ တိုက်တွန်းအားပေးနေခြင်းနှင့် သတိပေးနေခြင်း ဖြစ်သည်။ လူတို့တွေ့ကြုံသည့် ပြုပြင်ခံရခြင်း ပုံစံအမျိုးမျိုးရှိ၏။ ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များမှ၊ ညီအစ်ကိုမောင်နှမများထံမှ၊ အထက်မှ၊ ပြီးလျှင် ဘုရားသခင်ထံမှ တိုက်ရိုက်ပင် လာနိုင်၏။ လူများစွာတို့သည် ဤသည်တို့ကို တွေ့ကြုံပြီးဖြစ်သော်လည်း ဘုရားသခင်၏ ရိုက်နှက်ခြင်း နှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံပြီးသောသူ ပို၍နည်း၏။ ဤတွင် ပို၍နည်းသူတို့ဟူသည် မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းက ပို၍များသော လူတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ရရှိခံယူဖို့ ဝေးနေသေးသည်ကို ညွှန်းဆိုသည်။ သို့ဆိုလျှင် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကော။ ယင်းတို့မှာ ဤအရာများမှ ပို၍ပင် အလှမ်းဝေးနေသည်။ ကွာဟမှုက ပို၍ပင် ကြီးမားလျက် ဝေးကွာမှုက ပို၍ပင် ကျယ်ပြန့်နေသည်။ ယခင်က လူတို့သည် “ငါ့ကို ဘုရားသခင် တရားစီရင်၍ ပြစ်တင်ဆုံးမပြီးဖြစ်ကာ ငါ၏ပါးစပ်တွင် မီးလောင်ဖုအနာကို ပေးခဲ့သည်” “ဘုရားသခင်သည် ငါ့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမလေပြီ။ ငါ အမှားတစ်ခု ကျူးလွန်ခဲ့သည်၊ စကားပြောမှားခဲ့ပြီး ရက်အတန်ကြာ ခေါင်းကိုက်ခဲ့သည်။ ယခုတွင် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့သည် မည်သည့်အရာ ဖြစ်သည်ကို နားလည်ပြီ” ဟု တွေးခဲ့ကြဖူးသည်။ ဤသည်တို့မှာ အထင်လွဲမှားမှုများ မဟုတ်လော။ ဘုရားသခင်အား ဤအထင်လွဲမှားမှုမျိုးက အဖြစ်အများဆုံး ဖြစ်သည်။ လူအများစုက ဘုရားသခင်ကို ဤပုံစံအတိုင်း အထင်လွဲမှားကြသည်။ ဤအထင်လွဲမှားမှုက အပျက်သဘောဆောင်သော သက်ရောက်မှုအချို့ကိုလည်း ဖန်တီးကာ စကားအမှားတစ်လုံး ပြောဆိုခြင်းက ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုကို ပေါ်ပေါက်စေမည်ဟု လူတို့ကို ခံစားစေသည်။ ဤသည်မှာ ဘုရားသခင်အား အထင်လွဲမှားခြင်းသက်သက် ဖြစ်ပြီး ဘုရားသခင်ပြုလုပ်သည့်အရာနှင့် လုံးဝ မကိုက်ညီချေ။ ဘုရားသခင်နှင့်ပတ်သက်၍ ထိုကဲ့သို့သော အထင်လွဲမှားမှုများဖြင့် လူတစ်ဦးသည် နောက်ဆုံးတွင် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီနိုင်မည်လော။ ၎င်းတို့ ပြည့်မီခြင်းမရှိမည်မှာ အသေအချာဖြစ်၏။
ယခုတွင် လူအများစုသည် ဘုရားသခင်၏ ရိုက်နှက်ခြင်း နှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံပြီးဖြစ်သည်၊ ပြုပြင်ခံရခြင်းကို တွေ့ကြုံပြီးဖြစ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စေ့ဆော်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းကို လက်ခံရရှိပြီးဖြစ်သည်။ သို့သော် ထိုမျှသာပင်။ ဤနေရာ၌ မေးခွန်းတစ်ခု ပေါ်လာ၏။ လူတို့သည် ဤအဆင့်ထိ တွေ့ကြုံပြီးနောက် အဘယ့်ကြောင့် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို မတွေ့ကြုံရသေးသနည်း။ ပြုပြင်ခံရခြင်း၊ ဘုရားနှုတ်ကပတ်တော်၏ စေ့ဆော်ခြင်း၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ခြင်းတို့ကို တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအဖြစ် အဘယ့်ကြောင့် မယူဆသနည်း။ လူတို့ တွေ့ကြုံပြီးသော ဘုရားနှုတ်ကပတ်တော်များ၏ စေ့ဆော်ခြင်း၊ ပြုပြင်ခံရခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းဟူသည့် ရှုထောင့်မှကြည့်လျှင် မည်သည့်ရလဒ်ကို ရရှိထားခြင်းဖြစ်သနည်း။ (၎င်းတို့သည် သူတို့၏အပြင်ပန်း အမူအကျင့်အပေါ် ကန့်သတ်ချက်များကို ရရှိထားခြင်းဖြစ်သည်။) ၎င်းတို့၏ အမူအကျင့်၌ အပြောင်းအလဲအချို့ ဖြစ်ပွားပြီးသော်လည်း ဤအရာက စိတ်သဘောထားပိုင်း ပြောင်းလဲမှုကို ညွှန်းဆိုသလော။ (မညွှန်းဆိုပါ။) ယင်းသည် စိတ်သဘောထားပိုင်း ပြောင်းလဲမှုကို ကိုယ်စားမပြုပေ။ လူအချို့က “ကျွန်ုပ်တို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီး တရားဒေသနာ မြောက်မြားစွာကို နာယူလာခဲ့ပြီး ဖြစ်သည်။ သို့တစေ ကျွန်ုပ်တို့၏ စိတ်သဘောထားများက မပြောင်းလဲသေး။ ကျွန်ုပ်တို့သည် မတရားသဖြင့် အပြုခံထားရသည် မဟုတ်လော။ ကျွန်ုပ်တို့သည် အမူအကျင့်ပိုင်း၌ ပြောင်းလဲမှုအနည်းငယ်သာ ရရှိထားသည်။ ဤသည်မှာ သနားစဖွယ် အလွန်ကောင်းသည် မဟုတ်လော။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သည့်အချိန်၌ စတင်ကယ်တင်မည်နည်း။ ကျွန်ုပ်တို့သည် မည်သည့်အချိန်၌ ကယ်တင်ခြင်းကို ရရှိမည်နည်း။” သို့ဖြစ်လျှင် ဘုရားအလုပ်၏ ဤလက္ခဏာရှုထောင့်အမျိုးမျိုးကို တွေ့ကြုံထားသူတို့အားဖြင့် မည်သည့်တိုးတက်မှုများနှင့် အပြောင်းအလဲများအား ဖန်တီးထားသည်ကို ဆွေးနွေးကြစို့။ ယခုလေးတင်၌ တစ်စုံတစ်ယောက်သည် အမူအကျင့်ဆိုင်ရာ ပြောင်းလဲမှုများအကြောင်းကို ပြောခဲ့သည်။ ဤသည်မှာ ယေဘုယျဆန်သော ပြောဆိုချက်တစ်ခု ဖြစ်၏။ ပို၍တိတိကျကျ ဆိုရလျှင် အသင်းတော်သို့ ပထမအကြိမ် ရောက်လာပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် လူတို့သည် ပြုပြင်ခြင်း မခံရသေးသည့်အပြင် ၎င်းတို့သည် ဆူးများကဲ့သို့ ဖြစ်ကာ အမှုအရာများတွင် ဆုံးဖြတ်ချက်ချလိုကြသည်။ ၎င်းတို့က “ကျွန်ုပ်တို့သည် ယခု ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ကျွန်ုပ်တွင် အသင်းတော်၌ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်တို့ရှိသောကြောင့် ကျွန်ုပ် သင့်တင့်လျောက်ပတ်သည်ဟု ထင်သကဲ့သို့ ပြုမူမည်။” ဟု မိမိတို့ဘာသာ တွေးကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို တစ်ချီ ခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ ပြီးလျှင် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး တရားဒေသနာများကို နားထောင်ကာ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းကို ကြားခဲ့ရပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ဤနည်းလမ်းဖြင့် မပြုမူဝံ့တော့ပေ။ အမှန်မှာမူ ၎င်းတို့သည် လုံးလုံးလျားလျား အလျှော့ပေးလာခြင်း မရှိသေးပေ။ ၎င်းတို့သည် အသိစိတ်နည်းနည်းလေးသာ ရရှိလိုက်ခြင်းဖြစ်ပြီး အယူဝါဒအချို့ကို နားလည်လာခြင်းသာ ဖြစ်သည်။ အခြားသူများက သမ္မာတရားနှင့် ကိုက်ညီသည့် အရာများကို ပြောသည့်အခါ ၎င်းတို့သည် အခြားသူတို့၏ မှန်ကန်သည့်အချက်များကို အသိအမှတ်ပြုနိုင်ပြီး ၎င်းတို့သည် ထိုအမှုအရာများကို ကောင်းစွာ နားမလည်နိုင်သော်လည်း ၎င်းတို့က ယင်းတို့ကို လက်ခံနိုင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ယခင်ကထက် များစွာ ပို၍ နာခံတတ်လာသည် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူက အပြောင်းအလဲအချို့ကို ကြုံတွေ့ပြီး ဖြစ်သည်ကို ထင်ရှားပြသည့် ဤအရာများကို လက်ခံနိုင်ပေသည်။ ဤပြောင်းလဲမှုများ မည်သို့ ဖြစ်လာသနည်း။ ယင်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်တွန်းခြင်းနှင့် လှုံ့ဆော်ခြင်းအပြင် နှစ်သိမ့်ခြင်းတို့ကြောင့် ဖြစ်ပေါ် လာခဲ့ပေသည်။ တစ်ခါတစ်ရံတွင် အမှုအရာတစ်ခုကို နည်းလမ်းအချို့ဖြင့် လုပ်ဆောင်ပြီး အခြား နည်းလမ်းဖြင့် လုပ်ဆောင်၍ မရကြောင်း ၎င်းတို့အား ပြောလျက် ထိုသို့သောလူများသည် ဆုံးမပဲ့ပြင်ခြင်းအချို့၊ ပြုပြင်ခံရခြင်းအချို့ကိုသာမက စည်းမျဉ်းများနှင့် ပတ်သက်၍ မိတ်သဟာယအချို့ကို လိုအပ်သည်။ “ကျွန်ုပ်သည် ယင်းကို လက်ခံရမည်။ သမ္မာတရားကို ထိုနေရာတွင် ချပြထားသည်။ ယင်းကို မည်သူက ဆန့်ကျင်ဝံ့မည်နည်း” ဟု ၎င်းတို့ တွေးကြသည်။ ဘုရားသခင်၏အိမ်တော်၌ ဘုရားသခင်သည် ကြီးမြတ်သည်၊ သမ္မာတရားသည် ကြီးမြတ်သည်၊ ပြီးလျှင် သမ္မာတရားသည် စိုးမိုးသည်။ ဤသဘောတရားဆိုင်ရာ အခြေခံအုတ်မြစ်အားဖြင့် လူအချို့ နိုးကြားလာပြီး ဘုရားသခင်၌ ယုံကြည်ခြင်းရှိခြင်းက မည်သည့်အရာဖြစ်သည်ကို နားလည်မှု ရရှိလာကြသည်။ နဂိုမူလက ရိုင်းစိုင်းပြီး အပျော်အပါး မက်သည့်သူ၊ လုံးလုံး အထိန်းအကွပ်မဲ့ပြီး စည်းမျဉ်းများ၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်၏အိမ်တော်၊ အသင်းတော်နှင့် တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများအား မသိနားမလည်သည့် တစ်စုံတစ်ဦးကို ကြည့်လော့။ မည်သည့်အရာမျှ မသိသည့်၊ ထိုသို့သော လူပုဂ္ဂိုလ်တစ်ဦးက “ကြီးစွာသော” ဆန္ဒများ၊ မျှော်လင့်ချက်များဖြင့် ပြည့်လျှံလျက် ဘုရားအိမ်တော်သို့ သဘောကောင်းခြင်းနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ရောက်လာပြီး ထိုနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် နှိုးဆော်ခြင်းနှင့် တိုက်တွန်းခြင်း၊ ရေလောင်းခြင်းနှင့် ကျွေးမွေးခြင်းနှင့်အတူ ပြုပြင်ခြင်းတို့ ခံရကာ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို အကြိမ်ကြိမ် ခံရသည့်အခါ ထိုလူပုဂ္ဂိုလ်၏ လူ့သဘာဝ၌ ဖြည်းဖြည်းချင်း ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လိမ့်မည်။ ယင်းတို့မှာ မည်သည့် ပြောင်းလဲမှုများနည်း။ ၎င်းတို့သည် လူ့ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို နားလည်လာကြပြီး အတိတ်တွင် လူသားပုံသဏ္ဌာန် အတော်ပင် ကင်းမဲ့ခဲ့ကြောင်းကို သိမြင်လာကြသည်။ ၎င်းတို့သည် ရိုင်းစိုင်းခဲ့ကြသည်၊ မာနထောင်လွှားခဲ့ကြသည်၊ ပြောင်ပြောင်တင်းတင်း ဖီဆန်ခဲ့ကြသည်၊ ပြီးလျှင် ဒေါသကြီးခဲ့ကြသည်။ ၎င်းတို့သည် တကယ့်လူသားတစ်ဦးနှင့်မတူဘဲ စကားပြောခဲ့ကြပြီး စည်းကမ်းများမရှိဘဲ ပြုမူလုပ်ဆောင်ခဲ့ကြကာ သမ္မာတရားကို ရှာဖွေရကောင်းမှန်း မသိခဲ့ကြချေ။ ၎င်းတို့က ဘုရားသခင်၌ ယုံကြည်မှုရှိခြင်းသည် ဘုရားသခင် တောင်းဆိုသမျှကို ပြုလုပ်ခြင်းနှင့် သူပြောသည့် နေရာတိုင်းသို့ သွားခြင်းဟူသည့် ရိုးစင်းသောကိစ္စ ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ရိုင်းပျကြမ်းတမ်းသော အားမာန်တစ်ခုကို ကိုင်စွဲခဲ့ကြစဉ် ဤသည်ကို သစ္စာစောင့်သိမှုနှင့် ဘုရားသခင်အား ချစ်ခြင်းဟု ထင်မှတ်ခဲ့ကြသည်။ ယခုတွင် ဤသူသည် ထိုအရာများအားလုံးကို ငြင်းဆိုပြီး ယင်းတို့သည် လူသားစိတ်ကူးများ၏ ရလဒ်များ၊ ကောင်းမွန်သော အမူအကျင့်သက်သက် ဖြစ်ကြောင်းနှင့် အချို့မှာ စာတန်ထံမှပင် ပေါ်ပေါက်ခဲ့ကြောင်း သိမြင်ကြသည်။ ဘုရားသခင်၏ ယုံကြည်သူများသည် သူ၏ နှုတ်ကပတ်တော်များကို အရေးစိုက်ပြီး သမ္မာတရားကို အရာခပ်သိမ်း၏ အထက်တွင် နေရာပေးသင့်ကာ အရာခပ်သိမ်းတွင် သမ္မာတရားကို အာဏာကိုင်စွဲခွင့်ပေးသင့်သည်။ အတိုချုပ်အားဖြင့် လူများအားလုံးသည် ဘုရားသခင်ပြောပြီးဖြစ်သည့် ဤစကားများက ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်မျှ အမြစ်တွယ်သည်ဖြစ်စေ၊ ဤစကားများက မည်သည့်ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီးဖြစ်စေ ဤစကားများသည် မှန်ကန်ကြောင်း၊ ယင်းတို့သည် သမ္မာတရားဖြစ်ကြောင်း၊ အပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှုဖြစ်ကြောင်းကို သဘောတရားအရ နားလည်ပြီးဖြစ်ကာ အသိအမှတ်ပြုနှင့်ပြီး ဖြစ်သည့်အပြင် ၎င်းတို့စိတ်နှလုံးများ၏နက်ရှိုင်းသော နေရာတွင် လက်ခံပြီးဖြစ်သည်။ ထို့နောက်တွင် လက်ဆုပ်လက်ကိုင်မပြနိုင်သော ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း အတိုင်းအတာ တစ်ခုအထိ ကြုံတွေ့ပြီးသည့်နောက် စစ်မှန်သော ယုံကြည်မှုနှင့်သက်ဆိုင်သည့် နားလည်မှုသည် ၎င်းတို့၏ အသိစိတ်ထဲ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အစဦး မရေမရာ စိတ်ကူးများမှ ဘုရားသခင်တစ်ပါး ရှိကြောင်းနှင့် သူသည် အတော်ပင် လက်တွေ့ကျကြောင်း ယခု ၎င်းတို့၌ ရှိသော ယုံကြည်မှုအထိ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများ၌ ဤခံစားချက်များ ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၊ အမှုအရာများကို ကြည့်သည့် နည်းလမ်းနှင့် ကိုယ်ကျင့်တရား စံနှုန်းများအပြင် ၎င်းတို့၏တွေးပုံခေါ်ပုံများသည် ဖြည်းဖြည်းချင်း စတင်ပြောင်းလဲလိမ့်မည်။ သာဓကအားဖြင့် ဘုရားသခင်က လူတို့ကို ရိုးသားရန် အလိုရှိသည်။ သင်သည် လိမ်ညာပြီး လှည့်စားနေနိုင်သေးသော်လည်း စိတ်ထဲတွင် လှည့်စားခြင်းသည် မှားယွင်းကြောင်းနှင့် ဘုရားသခင်အား လိမ်ညာခြင်းနှင့် လှည့်စားခြင်းသည် အပြစ်ဖြစ်ကြောင်း၊ ဆိုးညစ်သော စိတ်သဘောထား ဖြစ်ကြောင်း သင်သိသည်။ သို့သော် သင် ဘာမျှမတတ်နိုင်ချေ။ သာဓကအားဖြင့် သင်၌ လောလောဆယ် မာနထောင်လွှားသော စိတ်သဘောထားရှိနေဆဲ ဖြစ်သည် ဆိုကြပါစို့။ တစ်ခါတစ်ရံတွင် သင်သည် မိမိကိုယ်ကို မချုပ်တည်းနိုင်၊ ဤစိတ်သဘောထားကို မကြာခဏ ထုတ်ဖော်သည့်အပြင် ဘုရားသခင်ကို မကြာခဏ ပုန်ကန်လျက် အမြဲတစေ ဆုံးဖြတ်ချက်ချခွင့်ရှိကာ လွှမ်းမိုးခြယ်လှယ်ပြီး စိတ်ကြိုက် ပြုမူလုပ်ဆောင်လိုသည်။ သို့သော် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ကြောင်းကိုလည်း သင်သိသည်ဖြစ်၍ ယင်းနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းနိုင်သည်။ သိသာထင်ရှားသော ပြောင်းလဲမှု မရှိလင့်ကစား သင်၏အမူအကျင့်သည် တဖြည်းဖြည်း စတင်ပြောင်းလဲပြီးဖြစ်သည်။ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို မခံရဘဲနှင့်ပင်၊ သင်၏ စိတ်သဘောထား မပြောင်းလဲဘဲနှင့်ပင် သင့်အား လမ်းပြသည်သာမက သင်၏ အမူအကျင့်အား ပြောင်းလဲပေးကာ သင့်အား လူသားတစ်ဦးကဲ့သို့ ပို၍ပို၍ အသက်ရှင်စေလျက် သင်၏အသိတရားအား တဖြည်းဖြည်း နှိုးဆွပေးနေစဉ် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်စိတ်နှလုံးအတွင်းပိုင်းကို တဖြည်းဖြည်း လင်းလက်နေစေသည်။ အကယ်၍ သင်သည် သင်၏အသိတရားကို သစ္စာဖောက်သည့် အရာတစ်ခုကို ပြုလုပ်ပါက သင်သည် စိတ်နှလုံးထဲတွင် ကသိကအောက် ဖြစ်လိမ့်မည်။ ထိုကိစ္စအကြောင်း ထုတ်ပြောခြင်းက သင့်ကို တစ်ခုခု ခံစားစေသည်။ သင်သည် ယခင်ကလောက် မထုံထိုင်းတော့၊ သင်သည် နောင်တရပြီး မိမိကိုယ်ကို အမှားပြင်ဖို့ စိတ်ဆန္ဒရှိနေသည်။ သင်သည် ဤကိစ္စနှင့်စပ်လျဉ်း၍ သင်၏ စိတ်သဘောထားကို ချက်ချင်း မပြောင်းလဲနိုင်လျှင်ပင် ယင်းသည် သင်၏အခြေအနေနှင့် ပတ်သက်နေပါက သင်သည် ဤအခြေအနေရှိနေကြောင်း သတိပြုမိနိုင်သည်။ သင်၏အထဲ၌ သတိနိုးကြားမှုတစ်ခုရှိကာ ဤသတိနိုးကြားမှုက သင်၏ အမူအကျင့်ကို ပြောင်းလဲပေးနေသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုသည် အမူအကျင့်ပိုင်း ပြောင်းလဲမှုတစ်ခုတည်းသာ ဖြစ်၏။ ထိုအရာ ဖြစ်ပျက်နေပြီး ဆက်၍ ဖြစ်ပျက်နေသော်လည်း ယင်းသည် စိတ်သဘောထားပိုင်း ပြောင်းလဲမှုကို ကိုယ်စားမပြုပေ။ ယင်းသည် စိတ်သဘောထားပိုင်း ပြောင်းလဲမှု လုံးဝ မဟုတ်ချေ။ လူအချို့သည် ဤအရာကိုကြားပြီးနောက် “ထိုမျှလောက် သိသာထင်ရှားသော ပြောင်းလဲမှုဖြစ်လျက် ယင်းသည် စိတ်သဘောထားပိုင်း ပြောင်းလဲမှု မဟုတ်သေးသလော။ သို့ဆိုလျှင် စိတ်သဘောထားပိုင်း ပြောင်းလဲမှုမှာ အဘယ်နည်း။ မည်သည့်ပြောင်းလဲမှုများသည် စိတ်သဘောထား ပြောင်းလဲမှုနှင့် သက်ဆိုင်သနည်း” ဟု ဆိုလျက် စိတ်မသက်မသာ ဖြစ်ချင်ဖြစ်မည်။ ထိုကိစ္စကို ယခုလောလောဆယ် ဘေးဖယ်ထားကြစို့။ လူတို့ စွမ်းဆောင်ရရှိပြီးဖြစ်သည့် ပြောင်းလဲမှုများကို ဆက်လက်ဆွေးနွေးကြပါစို့။ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အကျိုးသက်ရောက်မှုများနှင့် ရလဒ်များဖြစ်ပြီး လူတို့အထဲ၌ သူပြုထားပြီးသော အရာများသာ ဖြစ်သည်။ လူတို့သည် သမ္မာတရားနှင့် မကိုက်ညီသည့် ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များကို ပြောင်းလဲဖို့ ကြိုးစားနေကြသည်။ အကြောင်းကိစ္စများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၌ သတိနိုးကြားမှု ရှိမည်ဖြစ်သည်။ ၎င်းတို့က ထိုကိစ္စကို သမ္မာတရားနှင့် နှိုင်းယှဉ်လျက် “ဤကိစ္စသည် သမ္မာတရားနှင့် မကိုက်ညီသော်လည်း ငါ၏ရှုထောင့်အမြင်ကို လက်မလွှတ်နိုင်သေး။ ထိုအတိုင်း ရှိနေသေးသည်” ဟု ဆိုကြသည်။ သင်သည် သတိပြုမိရုံသာ ရှိလာပြီး သင်၏အမြင်က ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီကြောင်းသာ သိနားလည်ထားခြင်း ဖြစ်သည်။ ဤအရာက သင်၏အမြင်သည် ပြောင်းလဲသွားပြီ သို့မဟုတ် လက်လွှတ်လိုက်ပြီဟု သက်သေပြနိုင်သလော။ သက်သေမပြနိုင်ပေ။ သင်၏အမြင် ပြောင်းလဲမသွားသေးသည့်အပြင် လက်မလွှတ်ရသေးဘဲ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပကတိအတိုင်း ရှိနေဆဲဖြစ်ကာ စတင်၍ ပြောင်းလဲခြင်း မရှိသေးကြောင်း သက်သေပြသည်။ ယင်းမှာ သင်၏ သတိတရား၊ သင်၏ အတွင်းစိတ်နှလုံးတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံထားပြီးသည့်အပြင် ယင်းတို့ကို သမ္မာတရားအဖြစ် သဘောထားပြီးရုံသာ ရှိသေးသည်။ သို့သော် ဤသည်မှာ သဘောတရားမျှသာ ဖြစ်ပြီး ခံစားချက်အရဖြစ်သော ဆန္ဒတစ်ခု ဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏အသက် ဖြစ်မလာသေးသည့်အပြင် သင်၏ စစ်မှန်မှု ဖြစ်မလာသေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ စစ်မှန်မှု ဖြစ်လာသောအခါ သင်သည် သင်၏အမြင်များကို လက်လွှတ်မည်ဖြစ်ပြီး သင်သည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ အားလုံးကိုသာမက သင့်အနီးအနားတွင် ဖြစ်ပျက်နေသော အရာအားလုံးကိုပါ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရှုထောင့်အမြင်ကို အသုံးပြုလျက် ဆက်ဆံမည်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။